← Chapters

အခန်း (၈၃၇-၈၃၈)

Vol. 83 Ch. 837-838

အခန်း (၈၃၇-၈၃၈)

Vol. 83 Ch. 837-838

အခန်း (၈၃၇) ခေါ်ဆောင်ခြင်းခံရသော ရှုလျန်

စွမ်းအင်လှိုင်းလေး တစ်လှိုင်းသည် ထိုလူငယ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ထိုစွမ်းအင်လှိုင်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် အချိန်မှာ ရပ်တန့်သွား၏။

မကြာမီမှာပင် တစ်ရွာလုံးသည် ထိုစွမ်းအင်အောက်သို့ ရောက်ရှိသွားသည်။ ရွာသူရွာသား အားလုံးအတွက် အချိန်မှာ ရပ်တန့်သွားပုံရပေသည်။

လမ်းလျှောက်နေသူများသည် ခြေတစ်ဖက်ကို လေထဲတွင် မြှောက်လျက်သားအတိုင်း ငြိမ်သက်သွားကြ၏။ ရေသောက်နေသူများမှာလည်း ထိုအနေအထားအတိုင်းပင် အချိန်ထဲ၌ ပိတ်မိသွားကြတော့သည်။

တစ်ရွာလုံး၏ အချိန်ကို ရပ်တန့်လိုက်ပြီးနောက် ထိုကောင်လေးသည် လက်ဖျစ် တစ်ချက် တီးလိုက်၏။

ရွာ၏ အထက်ရှိ ကောင်းကင်ယံကြီးမှာ နီရဲလာတော့သည်။ ကောင်းကင်မှ နီမြန်းသော မြူနှင်းများ ကျဆင်းလာပြီး တစ်ရွာလုံးကို ဖုံးလွှမ်းသွား၏။

စက္ကန့်အနည်းငယ် ကြာသောအခါ ထိုမြူနှင်းများသည် ရွာ၏ နေရာအနှံ့မှ ပျောက်ကွယ်သွားသော်လည်း အချို့သော နေရာများတွင်မူ လူသားပုံသဏ္ဌာန်များအဖြစ် စတင် ပြောင်းလဲလာသည်။ မြူနှင်းများသည် ရွာကို တိုက်ခိုက်ခဲ့သော ဓားပြများ၏ ပုံသဏ္ဌာန်အား ဖန်တီးလိုက်၏။ ထိုအထဲတွင် လုံချန်း၊ မုဆိုးကြယ် နှင့် ရှုလျန်တို့၏ ပုံရိပ်များပင် ပါဝင်သည်။

အတိတ်က ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်များကို မြူနှင်းဖြင့် ဖန်တီးထားသော ထိုသတ္တဝါများက ပြန်လည် သရုပ်ဖော်နေကြခြင်း ဖြစ်သည်။

လုံချန်းက ဓားပြများအား သတ်ဖြတ်နေသည်ကို ထိုကောင်လေး မြင်လိုက်ရ၏။ ဓားပြတစ်ဦးက ရှုလျန်၏ အဖွားအား သတ်ဖြတ်လိုက်သည်ကိုလည်း သူ တွေ့လိုက်ရသည်။

ယခုအချိန်အထိ ဖြစ်ပျက်သမျှမှာ ပုံမှန်ပင် ဖြစ်သည်ဟု သူ ယူဆသော်လည်း ကိစ္စရပ်များ ရှေ့ဆက်လာသည်နှင့်အမျှ သူ၏ မျက်မှောင်မှာ ပို၍ပင် ကြုတ်လာတော့သည်။ ရှုလျန်နှင့် လုံချန်းတို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကို ကြည့်ရင်း သူ အတော်လေး စိတ်ဝင်စားသွား၏။

သူ့အတွက် အထူးခြားဆုံးအရာမှာ လုံချန်းကိုပင် အနိုင်ယူနိုင်ခဲ့သော ရှုလျန်၏ စွမ်းအားပင် ဖြစ်သည်။

သရုပ်ဖော်မှုများ ပြီးဆုံးသွားပြီး ရှုလျန် သတိလစ်သွားသော အခန်းအပြီးတွင် မြူနှင်းများမှာ ပျောက်ကွယ်သွားတော့၏။

"စိတ်ဝင်စားစရာပဲ။ တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီကလေးက သာမန်လူ မဟုတ်ဘူး။ သူပြသခဲ့တဲ့ စွမ်းအားဟာ လူသားတစ်ယောက် ပိုင်ဆိုင်ရမယ့် စွမ်းအားထက် အများကြီး ပိုနေတယ်။ ရှေးဟောင်းမိစ္ဆာကြီး တစ်ယောက်ယောက်များ လွတ်မြောက်လာတာလား။ သူဟာ ဒီစွမ်းအားတွေအကြောင်းကို ကြိုတင်သိနေပုံ မရဘူး။ အဲဒီစွမ်းအားတွေကို သုံးနေတဲ့ အချိန်မှာတောင် သူဟာ သတိကောင်းကောင်း ရှိမနေဘူး။ ဒီကလေးက တကယ်တော့ ဘယ်သူလဲ။ ဒီကို ဘယ်လို ရောက်လာတာလဲ" ကောင်လေးက မျက်မှောင်ကြုတ်လျက် ရေရွတ်နေမိသည်။

"သူ့အကြောင်းကို ငါတို့ ဘာလို့ မသိရတာလဲ။ ကံကြမ္မာကတောင် သူ့ကို မမြင်နိုင်ခဲ့သလိုပဲ။ သူက ဘယ်ကမှန်းမသိ ပေါ်လာပြီး ကံကြမ္မာရဲ့ ဇာတ်ညွှန်းကို ဖျက်ဆီးလိုက်တာပဲ။ သူ့ကို ငါ ရှာရမယ်။ သူ့ရဲ့ မှတ်ဉာဏ်တွေကနေ တစ်ဆင့် သူဟာ ဘယ်သူလဲဆိုတာ သိအောင် လုပ်ရမယ်" သူက သရော်ပြုံး ပြုံးလျက် ဆိုလိုက်၏။

သူသည် ခြေထောက်ဖြင့် မြေပြင်ကို တစ်ချက် ပုတ်လိုက်သည်။

သူ၏ ရှေ့တွင် ဟင်းလင်းပြင် တံခါးပေါက် တစ်ပေါက် ပွင့်လာ၏။ သူသည် တံခါးပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး အတွင်းသို့ ဝင်လိုက်တော့သည်။

သူ ဝင်သွားသည်နှင့် တပြိုင်နက် တံခါးပေါက်မှာ ပိတ်သွားပြီး ပျောက်ကွယ်သွား၏။

နီရဲနေသော ကောင်းကင်ကြီးမှာလည်း မူလအရောင်သို့ ပြန်လည် ပြောင်းလဲသွားသည်။ မြူနှင်းများ အားလုံး ပျောက်ကွယ်သွားပြီး အချိန်မှာလည်း ပုံမှန်အတိုင်း ပြန်လည် စီးဆင်းလာတော့၏။

ထိုရွာငယ်လေးမှာ မူလအတိုင်း ပြန်ဖြစ်သွားလေပြီ။

ကမ္ဘာ၏ အခြားတစ်ဖက်တွင်လည်း အလားတူ တံခါးပေါက် တစ်ပေါက် ပွင့်လာသည်။ အချိန်ကို ရပ်တန့်ခဲ့သော ထိုကောင်လေးသည် တံခါးပေါက်ထဲမှ လှမ်းထွက်လာ၏။

သူ ရောက်ရှိနေသည့် နေရာမှာ အခန်းတစ်ခန်းအတွင်း ဖြစ်ပုံရသည်။

သူ၏ ရှေ့တွင် ကုတင်တစ်လုံး ရှိပြီး အသက် ၁၀ နှစ် ၁၁ နှစ်ခန့် အရွယ်ရှိ ကောင်လေးတစ်ယောက် ထိုင်နေ၏။ ထိုကလေးမှာ ကျင့်ကြံခြင်း ပြုလုပ်နေပုံ ရသည်။

ကုတင်ပေါ်တွင် ကျင့်ကြံနေသော ရှုလျန်ကို ကြည့်ကာ လျှို့ဝှက်ဆန်းကြယ်သော ကောင်လေးသည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

'ဒါဆို ဒီကလေးပေါ့။ ဒီအတိုင်း ထိုင်နေတာကို ကြည့်ရင်တော့ ဘာထူးခြားတဲ့ ခံစားချက်မှ မရပါလား။ ဒီကလေးမှာ ဒီလောက်အထိ အင်အားရှိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ သူ ဘယ်က ရောက်လာသလဲဆိုတာ သိရအောင် သူ့ရဲ့ မှတ်ဉာဏ်တွေကို ကြည့်ရသေးတာပေါ့'

သူသည် ကျင့်ကြံခြင်းတွင် အာရုံနစ်ဝင်နေသဖြင့် မည်သည်ကိုမျှ သတိမထားမိသော ရှုလျန်ထံသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်၏။

သူ၏ ခန္ဓာကိုယ်မှ ထူးဆန်းသော စွမ်းအင်များ ထပ်မံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ အဝေးကြီးသို့ မရောက်ချေ။ တစ်မြို့လုံး၏ အချိန်ကို ရပ်တန့်မည့်အစား ထိုတည်းခိုခန်းအတွင်းရှိ အချိန်ကိုသာ ရပ်တန့်လိုက်ခြင်း ဖြစ်သည်။

ထိုကောင်လေးသည် ရှုလျန်၏ နဖူးဆီသို့ လက်ကို ဂရုတစိုက် ဆန့်ထုတ်လိုက်ပြီး သူ၏ လက်ချောင်းများဖြင့် ထိလိုက်၏။

သူ ရှုလျန်ကို မထိတထိ ဖြစ်သွားချိန်မှာပင် ရှုလျန်က မျက်လုံးများအား ဖွင့်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်တော့သည်။

"မင်းက ဘယ်သူလဲ။ ငါ့ကို ဘာလို့ လာထိတာလဲ" ရှုလျန်က တိုးတိုးလေး မေးလိုက်၏။

"ဟင်... မင်း လှုပ်ရှားနိုင်တာလား။ မင်းအပေါ်မှာ သက်ရောက်မှု မရှိဘူးလား" ကောင်လေးက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"ဘာတွေ ပြောနေတာလဲ။ မင်းက ဘယ်သူလဲ" ရှုလျန်က ထပ်မံ မေးမြန်းလိုက်၏။

ရှုလျန်၏ မှတ်ဉာဏ်များကို တိတ်တဆိတ် ဖတ်ရှုမည့် အစီအစဉ် ပျက်ပြားသွားသောအခါ ထိုကောင်လေးသည် သူ၏ အစီအစဉ်အား ပြောင်းလဲလိုက်သည်။ လောလောဆယ်တွင် ရှုလျန်နှင့် ရင်းနှီးအောင် လုပ်ရန် သူ ဆုံးဖြတ်လိုက်၏။

"ဪ... ငါက မင်းရဲ့ စေတနာရှင် တစ်ယောက်ပါ။ မင်းရဲ့ အဖွား သေဆုံးသွားတာကို ငါ သိလိုက်ရလို့ မင်းကို နှစ်သိမ့်ပေးဖို့ လာခဲ့တာ။ အဲဒီလို ဖြစ်သွားတာကို မြင်လိုက်ရတဲ့ အချိန်မှာ မင်း တော်တော်လေး စိတ်ထိခိုက်သွားမှာပဲ" သူက ရှုလျန်ကို ပြောလိုက်သည်။

ရှုလျန်သည် သူ၏ အဖွား သေဆုံးသွားစဉ်က နာကျင်စွာ အော်ဟစ်ခဲ့သည်ကို သူ မြင်တွေ့ခဲ့ရသဖြင့် ရှုလျန်သည် ထိုအကြောင်းအား သိထားသည်ဟု သူ ယူဆလိုက်ခြင်း ဖြစ်၏။ ရှုလျန်သည် ထိုဖြစ်ရပ်များ အားလုံးအား မမှတ်မိတော့ဘဲ လုံချန်း၏ လိမ်ညာမှုများကိုသာ ယုံကြည်နေသည်အား သူ သတိမပြုမိချေ။

"ဘာ... ဘာပြောတယ်။ ငါ့အဖွား သေပြီ ဟုတ်လား။ ဒီလို မကောင်းတဲ့ စကားမျိုး ပြောရဲတယ်ပေါ့" ရှုလျန်က ထိုစကားကို မယုံကြည်နိုင်သဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။

"ဟင်... မင်း တကယ်ပဲ မသိတာလား။ အဲဒီတုန်းက မင်း အဲဒီမှာ ရှိနေတာပဲ။ မင်း ဘယ်လိုလုပ် မသိဘဲ နေမလဲ။ မင်း သတိမလစ်ခင် မိနစ်ပိုင်းအလိုမှာတင် ဖြစ်သွားတာလေ။ မင်းရဲ့ မျက်စိနဲ့တပ်အပ် မြင်ခဲ့တာကို ငါ သေချာပေါက် သိပါတယ်" ကောင်လေးက ညင်သာစွာ မေးလိုက်၏။ ထိုကလေးမှာ အထင်အမြင် လွဲမှားနေသည်ကို သူ ရိပ်မိလိုက်ပြီ ဖြစ်သည်။

လုံချန်းက ထိုကလေးကို လိမ်ညာထားခဲ့သည်မှာ သေချာသလောက် ရှိနေ၏။ ထိုသည်က သူ့အတွက် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။

အကယ်၍ သူက ရှုလျန်ကို လုံချန်းနှင့် ခွဲထုတ်လိုက်နိုင်မည်ဆိုလျှင် ကိစ္စအားလုံးသည် မူလလမ်းကြောင်းပေါ်သို့ ပြန်ရောက်သွားမည် ဖြစ်သည်။ သူ၏ ယူဆချက်အရ ရှုလျန်နှင့် လုံချန်းတို့ တွေ့ဆုံခဲ့ခြင်းကသာ အရာအားလုံးကို ကမောက်ကမ ဖြစ်စေခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ဦးသည် ဆုံတွေ့ရန် ကံပါလာသူများ မဟုတ်ခဲ့ကြပေ။ သို့မဟုတ် ရင်းနှီးရန် ကံမပါခဲ့ကြခြင်းလည်း ဖြစ်နိုင်၏။ မည်သို့ပင်ဖြစ်စေ အဖြေကတော့ ထိုကလေးကို လုံချန်းနှင့် ခွဲထုတ်ရန် လိုအပ်သည်ဟူသောအချက် ဖြစ်သည်။

"မင်း... မင်း ဘာတွေ ပြောနေတာလဲ။ အဲဒါက အိပ်မက်ပဲ၊ အဲဒါ တကယ် ဖြစ်ခဲ့စရာ အကြောင်းမရှိဘူး။ အစ်ကိုကြီးချန်း ပြောတာကတော့..."

ရှုလျန်သည် လုံးဝ မယုံကြည်နိုင်ဘဲ မှင်တက်လျက် ရေရွတ်နေမိသော်လည်း တစ်ဖက်ကလည်း စဉ်းစားစရာ ဖြစ်နေသည်။ ထိုကဲ့သို့ ဖြစ်ခဲ့သည်ကို သူ မြင်ယောင်နေမိ၏။ သတိရလာပြီး လုံချန်းကို တွေ့ရချိန်တွင် ထိုအရာမှာ အိပ်မက်တစ်ခုသာ ဖြစ်သည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။ လုံချန်း၏ ရှင်းပြချက်ကလည်း ထိုအရာမှာ အိပ်မက်တစ်ခုသာ ဖြစ်ကြောင်း သူ ယုံကြည်သွားစေခဲ့သည်။ သို့ဆိုလျှင် သူ၏ ရှေ့မှ ကောင်လေးက ထိုအကြောင်းကို မည်သို့ သိနေရသနည်း။ သူ မည်သို့ သိနိုင်မည်နည်း။

"အဲဒါ ရှင်းနေတာပဲ။ သူ မင်းကို လိမ်လိုက်တာ။ မင်း ငါ့ကို မယုံဘူးလား။ လာ... ငါ မင်းကို ရွာကို ပြန်ခေါ်သွားမယ်။ မင်း ငါ့ကို မယုံရင် မင်းကိုယ်တိုင် သွားကြည့်လို့ ရတယ်" ကောင်လေးက ညင်သာစွာ ဆိုလိုက်သည်။

သူ၏ နောက်ကျောတွင် သူတို့၏ ဇာတိရွာဆီသို့ ဆက်သွယ်ပေးမည့် တံခါးပေါက် တစ်ပေါက် ပွင့်လာ၏။

"လာ... ငါ့နောက်ကို လိုက်ခဲ့။ ဒါဟာ မင်းကို မင်းတို့ အိမ်ဆီကို ပို့ပေးလိမ့်မယ်။ မင်းကိုယ်တိုင် သွားကြည့်လိုက်" လူငယ်လေးက တံခါးပေါက်ဆီသို့ လက်ဟန်ပြရင်း ပြောလိုက်သည်။

ရှုလျန်သည် တုန်ယင်နေသော ခြေလှမ်းများဖြင့် ကုတင်ပေါ်မှ ဆင်းလိုက်၏။ သူသည် တံခါးပေါက်ဆီသို့ လျှောက်သွားစဉ် သူ၏ မျက်နှာမှာ ဖြူလျော်နေပြီ ဖြစ်သည်။ သူသည် ထိုကောင်လေးနှင့်အတူ တံခါးပေါက်အတွင်းသို့ ဝင်သွားတော့၏။

တံခါးပေါက်မှာ ပျောက်ကွယ်သွားသည်။ တည်းခိုခန်း အတွင်းရှိ အချိန်မှာလည်း ပုံမှန်အတိုင်း ပြန်လည် စီးဆင်းသွားလေတော့သည်။

အခန်း (၈၃၈) ကြားဝင်စွက်ဖက်ခြင်း

လုံချန်းသည် ရေခဲနိယာမအပေါ် နားလည်သဘောပေါက်မှု အမြင့်ဆုံးနှင့် အန္တရာယ်အရှိဆုံး ဖြစ်သော ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ကျန်ရှိသော နှစ်ဦးမှာမူ ကျန်းကျန်းမာမာနှင့် ရှိနေဆဲပင် ဖြစ်၏။

"ဒီကောင်လေးက အတော်လေး လက်ပေါက်ကပ်တာပဲ။ သူက ပျောက်သွားလိုက်၊ ကြိုက်တဲ့နေရာက ပြန်ပေါ်လာလိုက် လုပ်နိုင်တယ်။ အဲဒါက အတော်လေး အန္တရာယ်ရှိတဲ့ စွမ်းရည်ပဲ။ တကယ်လို့ ငါတို့နှစ်ယောက်လုံးက သူ့ကို ဝိုင်းတိုက်မယ်ဆိုရင် သူက အဲဒီစွမ်းရည်ကို သုံးပြီး ငါတို့ကို တစ်ယောက်ချင်း အပြတ်ရှင်းသွားလိမ့်မယ်။ ငါတို့မှာ ရှိတဲ့ တစ်ခုတည်းသော ရွေးချယ်စရာက တစ်ယောက်က သူ့ကို တိုက်ခိုက်ပြီး ကျန်တဲ့တစ်ယောက်က အဲဒီကောင် နောက်ကျောကနေ ပေါ်မလာနိုင်အောင် ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးဖို့ပဲ။ မင်း ဘယ်လိုထင်လဲ ကူဟန်" မီးနိယာမ ကျင့်ကြံသူက သူ၏ အဖော်ကို ပြောလိုက်သည်။

"ငါက ဓားသမားလေ။ အနီးကပ်တိုက်ခိုက်တာက ငါ့အတွက် ပိုအဆင်ပြေတယ်။ မင်းကတော့ မင်းရဲ့ မီးလျှံတွေနဲ့ ငါ့နောက်ကျောကို စောင့်ကြည့်ပေးပေါ့ မင်းလု" ဓားနိယာမ ကျင့်ကြံသူ ကူဟန်က အဖြေကိုပင် မစောင့်ဘဲ လုံချန်းထံသို့ အရှိန်ဖြင့် ပျံသန်းသွားတော့သည်။

"ဟက်... ဒီလူကတော့ ဘာကိုမှ သေသေချာချာ မတိုင်ပင်ဘူး။ ဘာပဲဖြစ်ဖြစ်လေ... ငါလည်း ဒီအစီအစဉ်အတိုင်းပဲ စဉ်းစားထားတာ။ အဝေးကနေ ပံ့ပိုးပေးရတာက ငါ့အတွက် ပိုအဆင်ပြေပါတယ်" မင်းလုက ပြုံးလျက် ရေရွတ်လိုက်၏။ သူသည် အချိန်ဆွဲမနေဘဲ ရန်သူကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။

မီးလျှံလုံးပေါင်း ဆယ်ဂဏန်းခန့်သည် သူ၏အနားတွင် ပေါ်ပေါက်လာပြီး သူသည် ဗဟိုချက်ဖြစ်ကာ ထိုမီးလုံးများမှာ ဂြိုဟ်များကဲ့သို့ သူ့ကို ဝန်းရံလှည့်ပတ်နေကြ၏။ သို့သော် သူသည် လုံချန်းကို ချက်ချင်း တိုက်ခိုက်ခြင်း မရှိသေးချေ။

ကူဟန်သည် လျင်မြန်သော အရှိန်ကို အသုံးပြု၍ လုံချန်း၏ အနားသို့ ရောက်ရှိလာပြီး ဓားဖြင့် အားကုန် ပိုင်းချလိုက်သည်။

ဓားအရှိန်အဝါများ ဖုံးလွှမ်းနေသော ထိုဓားကြီးသည် လုံချန်းထံသို့ ပြင်းထန်စွာ ကျဆင်းလာတော့၏။

လုံချန်းသည် မိမိ၏ အချိန်ဓားကို အသုံးပြု၍ ကူဟန်၏ တိုက်ခိုက်မှုအား ခုခံလိုက်သည်။

"ဟားဟား... မင်းရဲ့ အဲဒီ အမှိုက်ဓားက ငါ့ဓားကို တားနိုင်မယ် ထင်နေတာလား။ ငါ့ဓားက ကောင်းကင်ဘုံအဆင့် လက်နက်ကွ။ တစ်နိုင်ငံလုံးမှာ မင်းကြီးကလွဲရင် ဒီလိုလက်နက်မျိုး ပိုင်ဆိုင်ထားတာ ငါတစ်ယောက်ပဲ ရှိတယ်" လုံချန်းက သံချေးတက်နေသော ဓားတစ်လက်ဖြင့် ခုခံရန် ကြိုးစားနေသည်ကို မြင်သောအခါ ကူဟန်က လှောင်ပြောင် ရယ်မောလိုက်တော့သည်။

ဓားနှစ်လက် ထိတွေ့သွားသောအခါတွင်မူ ထိုသူ၏ မျက်နှာပေါ်မှ လှောင်ပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွား၏။ သူ၏ဓားမှာ လေးလံလှသော တောင်ကြီးတစ်လုံးကို သွားတိုက်မိသကဲ့သို့ သူ ခံစားလိုက်ရသည်။ လက်နက်နှစ်လက် ထိတွေ့လိုက်သည်နှင့် သူ၏လက်များမှာ တုန်ယင်သွားပြီး ဘီလူးကြီးတစ်ကောင်က ဘေးသို့ လွှင့်ပစ်လိုက်သည့်အလား သူသည် နောက်သို့ လွင့်စင်သွားတော့သည်။

အချိန်ဓား၏ အဓိက ထူးခြားချက်မှာ ၎င်း၏ အင်အားသည် အလွန်အမင်း ကြီးမားလှခြင်း ဖြစ်သည်။ ၎င်းသည် အင်အားအကြီးဆုံး လက်နက်တစ်ခုကဲ့သို့ပင်။ ၎င်းသည် ကျင့်ကြံခြင်း စွမ်းအင် ကို အသုံးမပြုနိုင်သလို စွမ်းအင်နှင့် ဆက်စပ်သော တိုက်ခိုက်မှုများကို မလုပ်ဆောင်နိုင်သော်လည်း အခြားသော နည်းလမ်းတစ်ခုဖြင့် ပိုမို အစွမ်းထက်လှ၏။ ၎င်းကိုယ်တိုင်ကပင် အင်အား၏ အရင်းအမြစ်တစ်ခု ဖြစ်ပေသည်။

ဓားကို အသုံးပြုရင်း လုံချန်းသည် ဤဓားမှာ အလွန်ပင် အစွမ်းထက်လှသည်ဟု ခံစားနေမိ၏။ သူ၏ အယူအဆအရဆိုလျှင် ကလေးတစ်ယောက်က ဤဓားဖြင့် မြေပြင်ကို ပိုင်းလိုက်လျှင်ပင် ထိုမြေပြင်တွင် တွင်းကြီးတစ်တွင်း ဖြစ်သွားနိုင်ပေသည်။ ဤသည်မှာ ထိုဓား၏ အစွမ်းပင် ဖြစ်၏။

ယခုတစ်ကြိမ်တွင်လည်း ထိုသို့ပင် ဖြစ်ခဲ့သည်။ ဓားနိယာမ၏ အရှိန်အဝါများ ဝန်းရံထားသော ကောင်းကင်ဘုံ အဆင့် လက်နက်၏ တိုက်ခိုက်မှုပင်လျှင် ဤဓားကို မဖျက်ဆီးနိုင်ခဲ့ပါချေ။ ထို့ပြင် ဓား၏ အင်အားကြောင့်ပင် ထိုသူမှာ နောက်သို့ လွင့်ထွက်သွားရလေသည်။

"ဘယ်ကို သွားမလို့လဲ" လုံချန်းက မေးလိုက်ရင်း နောက်သို့ လွင့်ထွက်သွားသော ကူဟန်ထံသို့ ပျံသန်းလိုက်တော့သည်။

"ငါ့ကို မေ့နေတာလား"

ကူဟန် ဒုက္ခရောက်နေသည်ကို မြင်သောအခါ မင်းလုသည် မိမိ၏ တာဝန်ဖြစ်သော အဝေးမှ ပံ့ပိုးကူညီမှုကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏။

သူ့ကို ဝန်းရံလှည့်ပတ်နေသော မီးလျှံလုံး ဆယ်ဂဏန်းခန့်မှာ လုံချန်းထံသို့ တရစပ် ပျံသန်းသွားတော့သည်။

"စိတ်ရှုပ်စရာကောင်းတဲ့ ကောင်ပဲ" လုံချန်းက ရေရွတ်လိုက်ရင်း မီးလုံးများ မိမိကို မထိမှီမှာပင် ပျောက်ကွယ်သွားတော့သည်။

"ဟူး... အခုတော့ အလှည့်က ပြောင်းသွားပြီပေါ့ ဟုတ်လား" မင်းလုက နောက်သို့ လှည့်ကြည့်ရင်း ရေရွတ်လိုက်၏။ လုံချန်းသည် သူ၏နောက်ကျောမှ ပေါ်လာမည်ဖြစ်ရာ ယခုအခါတွင် သူက အဓိက ရင်ဆိုင်ရမည့်သူ ဖြစ်လာပြီး ကူဟန်က အဝေးမှ ကူညီပေးရမည့် အလှည့် ရောက်သွားပြီဟု သူ ထင်လိုက်သည်။

သူ၏ နောက်ကျောဘက်မှ အန္တရာယ် အငွေ့အသက်ကို သူ ခံစားလိုက်ရသဖြင့် လုံချန်း တိုက်ခိုက်နေသည်မှာ သေချာသွားပြီ ဖြစ်၏။ မိမိကိုယ်ကို ကာကွယ်ရန် သူ၏နောက်ကျောတွင် မီးတံတိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ သူသည် နောက်သို့ လှည့်ကြည့်လိုက်သော်လည်း အဝေးမှ ကူဟန်၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် မှင်တက်သွားရတော့သည်။

မိမိ အမှားလုပ်မိသွားပြီ ဖြစ်ကြောင်း မင်းလု သိလိုက်ရ၏။ သူ့ကို တိုက်ခိုက်နေသူမှာ လုံချန်း မဟုတ်ချေ။ ထိုအရာမှာ လုံချန်းက သူ့ကို ပစ်မှတ်ထားနေသည်ဟု အထင်မှားစေရန် အသုံးပြုခဲ့သော ဝိညာဉ်ဓားသာ ဖြစ်သည်။

တကယ့် လုံချန်းမှာမူ မင်းလု အာရုံလွဲနေစဉ်အတွင်း ကူဟန်၏ ရင်ဘတ်ထဲသို့ ဓားဖြင့် ထိုးသွင်းလိုက်ပြီ ဖြစ်၏။ ကူဟန်၏ ရင်ဘတ်မှ ဓားကို ပြန်ဆွဲထုတ်လိုက်ရင်း လုံချန်းက အောက်သို့ အားကုန် ကန်ချလိုက်တော့သည်။

သူ၏ ကန်ချက်မှာ ကူဟန်၏ ရင်ဘတ်တည့်တည့်သို့ ကျရောက်သွားပြီး အောက်သို့ အရှိန်ဖြင့် လွင့်စင်သွားစေသည်။

ကူဟန် မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် တပြိုင်နက် မြေပြင်တွင် တွင်းကြီးတစ်တွင်း ဖြစ်သွားပြီး သူသည် ထိုတွင်းထဲတွင် မလှုပ်မယှက် လဲလျောင်းနေတော့၏။

လုံချန်းသည် ကူဟန်၏ အလောင်းအနားသို့ ဆင်းသက်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် အသက်ဓာတ် အလင်းရောင်များ ရှိနေသေးသော်လည်း အခြေအနေမှာမူ မကောင်းလှချေ။ သူသည် သွေးများ အဆက်မပြတ် အော့အန်နေပြီး ခန္ဓာကိုယ်မှာလည်း လှုပ်ရှားရန် ငြင်းဆန်နေတော့သည်။

မင်းလုမှာမူ မိမိကို မနားတမ်း တိုက်ခိုက်နေသော ဝိညာဉ်ဓားနှင့် တိုက်ပွဲဝင်နေရသဖြင့် အာရုံများနေဆဲ ဖြစ်သည်။

"ဒီလူက ဘယ်သူလဲ။ သူ့ရဲ့ဓားက ကောင်းကင်ဘုံအဆင့် အကြီးအကဲ တစ်ယောက်ကို မပျက်မစီးဘဲ အချိန်အတော်ကြာအောင် တိုက်ခိုက်နိုင်သလို သူကိုယ်တိုင်ကလည်း နောက်ထပ် အကြီးအကဲ တစ်ယောက်ကို သတ်နိုင်တယ် ဟုတ်လား။ သူက တကယ်ပဲ လူသား ဟုတ်ရဲ့လား။ ငါတို့နိုင်ငံမှာ ရှိတဲ့ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတွေ အားလုံးထက် သူက ဘယ်လိုလုပ် ပိုပြီး အင်အားကြီးနေရတာလဲ"

တိုက်ပွဲအစတွင် လှောင်ပြောင် ရယ်မောနေခဲ့ကြသော တော်ဝင်တပ်မတော်မှ စစ်သည်တော်များမှာ ယခုအခါတွင်မူ ကြောက်လန့်နေကြပြီ ဖြစ်သည်။ မိမိတို့၏ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူများပင် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို မြင်သောအခါ သူတို့မှာ တုန်လှုပ်နေကြ၏။ ထိုသူတို့ကိုပင် သတ်နိုင်သောသူသည် မိမိတို့ကိုရော အသက်ချမ်းသာပေးပါမည်လော။

သူတို့သည် မိမိတို့၏ အသက်အတွက် စိုးရိမ်လာကြသည်။ သူတို့သည် တဖြည်းဖြည်း နောက်သို့ ဆုတ်ခွာရန် ကြိုးစားနေစဉ်မှာပင် သူတို့၏ နောက်ကျောတွင် ရပ်နေသော လူတစ်ယောက်ကို မြင်လိုက်ရ၏။

"ငါကတော့ သူ့ကို ကောင်းကင်ဘုံအဆင့် စစ်သည်တော်တွေနဲ့ တိုက်တဲ့နေရာမှာ မကူညီနိုင်ဘူး။ ဒါပေမဲ့ မင်းတို့လို အဆင့်နိမ့်တဲ့သူတွေကိုတော့ အလွတ်မပေးနိုင်ဘူး" ကျီရှန်က တော်ဝင်ကျင့်ကြံသူများ၏ ရှေ့တွင် ရဲဝံ့စွာ ရပ်တန့်ရင်း ဆိုလိုက်သည်။

"မင်း... ကောင်စုတ်။ မင်းကလည်း ဟိုလူလိုပဲ အရေးပါတဲ့လူလို့ ထင်နေတာလား။ မင်းကို ငါ သတ်မယ်" တော်ဝင်ကျင့်ကြံသူ တစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။

သူသည် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သော်လည်း အခြားသော ကျင့်ကြံသူတစ်ဦးက သူ့ကို တားဆီးလိုက်၏။

"နေဦး... မတိုက်နဲ့ဦး။ သူက ဟိုလူရဲ့ သူငယ်ချင်းလေ။ တကယ်လို့ ငါတို့က သူ့ကို မှားပြီး ဒဏ်ရာရအောင် လုပ်မိရင် အဲဒီမိစ္ဆာကြီးက ငါတို့ကို သေချာပေါက် လိုက်သတ်လိမ့်မယ်။ ငါတို့ အဲဒီလို မလုပ်နိုင်ဘူး"

"ဒါဆို မင်းက ဘာလုပ်စေချင်တာလဲ။ ဒီမှာ ဆက်နေရင်လည်း ငါတို့ သေမှာပဲ။ ဟိုမိစ္ဆာကြီး အလုပ်ရှုပ်နေတုန်း ထွက်ပြေးဖို့ ကြိုးစားတာက အကောင်းဆုံးပဲ။ ပြီးတော့ ကောင်းကင်ဘုံ အဆင့် အကြီးအကဲတွေက သူ့ကို အလုပ်ရှုပ်အောင် လုပ်ထားနိုင်တုန်းလေ။ ငါတို့ ဒီလူကို သတ်လိုက်ရင်တောင် သူ ငါတို့ကို တိုက်ခိုက်ဖို့ အချိန်ရမှာ မဟုတ်ဘူး။ ငါတို့ မြန်မြန်လုပ်ဖို့ပဲ လိုတာ"

"ဟူး... ကောင်းပြီလေ"

ခဏတာ ဆွေးနွေးပြီးနောက် သူတို့သည် ကျီရှန့်ကို အမြန်သတ်ရန် သဘောတူလိုက်ကြတော့သည်။

မြေကမ္ဘာအဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းခန့်မှာ ကျီရှန်ထံသို့ ပြေးဝင်လာကြ၏။

ကောင်းကင် အဆင့် ကျင့်ကြံသူများမှာမူ လေထဲတွင် လမ်းလျှောက်နိုင်သူများ ဖြစ်ကြသဖြင့် ကျီရှန်အနေဖြင့် သူတို့ကို မတားဆီးနိုင်ဟု ယူဆကာ တိုက်ပွဲတွင် ပါဝင်ခြင်း မရှိကြပါချေ။

All Chapters