← Chapters

အခန်း (၈၄၁-၈၄၂)

Vol. 83 Ch. 841-842

အခန်း (၈၄၁-၈၄၂)

Vol. 83 Ch. 841-842

အခန်း (၈၄၁) မင်လန်ကို သတ်လိုက်

"အဲဒီလူဟာ ဓားပြတွေနဲ့ ပူးပေါင်းနေတာ ဖြစ်ရမယ်။ သူက မင်းကို အသုံးချချင်လို့ မင်းနဲ့ မင်းရဲ့အဖွားကို ခွဲပစ်ချင်တာ။ အဲဒါကြောင့်မို့လည်း မင်းအဖွားကို အသေခိုင်းလိုက်တာပေါ့။ မင်းက အဲဒီလိုလူမျိုးကို တကယ်ပဲ လေးစားနေသေးတာလား" ဝူလျာသည် အပြစ်အားလုံးကို လုံချန်းအပေါ် ပုံချရင်း ရှုလျန်ကို ပြောလိုက်သည်။

ဤအရာအားလုံးမှာ ရှုလျန်ကို လုံချန်းအား ပြန်လည်တိုက်ခိုက်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းသာ ဖြစ်၏။

"သူက ငါ့အဖွားကို သေအောင် လုပ်ခဲ့တာ... သူ... သူက သေအောင် လုပ်ခဲ့တာ" ရှုလျန်သည် သက်ပြင်းချရင်း မေးလိုက်မိသည်။

သူ၏ မျက်ဝန်းအိမ်မှ မျက်ရည်များမှာ အဆက်မပြတ် စီးကျနေဆဲ ဖြစ်၏။ လုံချန်းနှင့်အတူ ကုန်ဆုံးခဲ့သော အချိန်များမှာ သူ၏ မျက်စိရှေ့တွင် ပြန်လည် မြင်ယောင်လာသဖြင့် သူ အလွန်ပင် နာကျင်နေရသည်။ ထိုအရာ အားလုံးက အတုအယောင်များသည်လော။ သူ့ကို လှည့်စားဖို့ လုပ်ခဲ့သည့် အကွက်များသည်လော။ အကယ်၍ ထိုသို့သာ ဖြစ်နေခဲ့လျှင် သူ မည်သို့ ရှေ့ဆက်ရမည်နည်း။ သူ လုံချန်းကို ပြန်တိုက်ဖို့ အသင့်ဖြစ်နေပြီလော။ သို့မဟုတ် မည်သည်မျှ မလုပ်ဘဲ နေမည်လော။

ရှုလျန်၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ပေါက်နေတော့သည်။

"သူက အဖွားကို သေအောင် လုပ်ခဲ့တာ။ ငါ သူ့ကို သတ်မယ်။ အဲဒီလူကို ငါကိုယ်တိုင် သတ်ပစ်မယ်" ရှုလျန်က သူ၏ ရင်ထဲတွင် ဒေါသမီးများ ဟုန်းဟုန်းတောက်လောင်လျက် ရေရွတ်လိုက်၏။

"အင်း... ကောင်းတယ်။ ကိုယ့်ဆီကနေ အရာအားလုံးကို လုယူသွားတဲ့သူတွေကို ပြန်တိုက်ခိုက်တာက ကောင်းတဲ့အလုပ်ပဲ" ဝူလျာက ဆိုလိုက်သည်။

သူသည် ထူးဆန်းသော ကိစ္စရပ်များကို လုပ်ဆောင်ရသည်အား အမြဲတမ်း နှစ်သက်သူ ဖြစ်၏။ လုံချန်း၏ မိသားစု အတိုက်ခိုက်ခံရခြင်းမှာလည်း သူ၏ လက်ချက်ပင် ဖြစ်သည်။ လုံချန်းသည် အဓိက ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်တပည့်များနှင့် အကြီးအကဲများကို သတ်ခဲ့ကြောင်း ထိုဂိုဏ်းအကြီးအကဲများထံ သတင်းပေးခဲ့သူမှာ သူပင် ဖြစ်သည်။

သူသည် လုံချန်း စိတ်ပျက်အားငယ်နေသည်အား ကြည့်ပြီး လုံချန်း၏ အစွမ်းကုန် အင်အားကို မြင်တွေ့ချင်နေခြင်း ဖြစ်၏။ ယခုအခါတွင်လည်း သူ၌ အခြားသော အခွင့်အရေးတစ်ခု ထပ်မံ ရရှိလာပြန်ပြီ ဖြစ်သည်။ ထိုအနှောင့်အယှက်၏ အကြောင်းရင်းအား ရှာဖွေရန် သူ့ကို ဤနေရာသို့ စေလွှတ်လိုက်သောသူအား ကူညီပေးသည့် အကြောင်းပြချက်ဖြင့် ယခုတစ်ကြိမ်တွင်လည်း သူ ထိုသို့သော ကိစ္စမျိုးကို ထပ်မံ လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။

"သူက မင်းရဲ့ အဖိုးတန်ဆုံးလူကို မင်းဆီကနေ လုယူသွားခဲ့တာ။ မင်းလည်း အဲဒီအတိုင်း ပြန်လုပ်ရင်ရော ဘယ်လိုလဲ" သူက ရှုလျန်ကို မေးလိုက်၏။

"သူ့ရဲ့ အဖိုးတန်ဆုံးလူကို လုယူရမယ် ဟုတ်လား" ရှုလျန်က ရေရွတ်လိုက်စဉ် မင်လန်၏ မျက်နှာမှာ သူ၏ မျက်စိရှေ့တွင် ဝဲခနဲ ပေါ်လာသည်။ သူမမှာ လုံချန်း၏ ဇနီးဖြစ်ပြီး တည်းခိုခန်းတွင် ကျန်ရစ်ခဲ့သူ ဖြစ်၏။

လုံချန်းက သူ၏ ကျန်ရှိသော မိသားစုဝင်များကို မည်သည့်နေရာတွင် ထားသည်အား သူ မသိချေ။ တစ်ကြိမ်လျှင် အမျိုးသမီး တစ်ဦးသာ အပြင်သို့ ထွက်လေ့ရှိရာ ယခုအချိန်မှာ မင်လန်၏ အလှည့် ဖြစ်ပေသည်။

မင်လန်သည် လုံချန်းအတွက် အလွန်တန်ဖိုးရှိသောသူ ဖြစ်မည်ကို သူ သေချာပေါက် သိနေသည်။

"ဟုတ်တယ်။ သူ့ဆီက အဖိုးတန်ဆုံးလူကို လုယူလိုက်။ သူ မင်းအပေါ် လုပ်ခဲ့သလိုမျိုးပေါ့။ မင်း ခံစားခဲ့ရတဲ့ နာကျင်မှုမျိုးကို သူလည်း ခံစားရအောင် လုပ်ပေးလိုက်ရင် ဘယ်လိုလဲ။ ဒါမှ သူ ဘာဖြစ်ခဲ့တယ်ဆိုတာ နားလည်သွားမှာပေါ့။ သူ ဂရုစိုက်ရတဲ့သူကို သတ်ပစ်လိုက်။ မင်းရဲ့ လက်နဲ့တင် သတ်ပစ်လိုက်စမ်း။ မင်းအဖွားအတွက် ကလဲ့စားချေလိုက်စမ်း" ဝူလျာသည် သူ ခိုင်းစေလိုသည့်အတိုင်း ဖြစ်လာစေရန် ရှုလျန်၏ အနားသို့ တိုးကပ်ရင်း အဆက်မပြတ် ရေရွတ်နေတော့သည်။

သူ၏ မျက်နှာတွင် စိုးရိမ်ပူပန်နေသည့် ဟန်ပန်ရှိသော်လည်း သူ၏ ရင်ထဲတွင်မူ ဤမျှ ကောင်းမွန်သော အခွင့်အရေး ရရှိထားသည့်အတွက် အကျယ်ကြီး ရယ်မောချင်နေမိသည်။

"မင်းအဖွားရဲ့ ဝိညာဉ်ကို အေးချမ်းစေချင်တယ် မဟုတ်လား။ သူ့ကို ကောင်းကင်ဘုံမှာ ပျော်ရွှင်စေချင်တယ် မဟုတ်လား။ ဒါမှမဟုတ် မင်းအဖွားကို ထာဝရ ဒုက္ခရောက်နေစေချင်တာလား" သူက ရှုလျန်ကို မေးလိုက်ပြန်၏။

"ငါ့အဖွားကို ဒုက္ခမရောက်စေချင်ဘူး" ရှုလျန်က ပြတ်သားစွာ အော်ဟစ်လိုက်သည်။

"ဒါဆို သူ့ကို အေးချမ်းစေချင်တယ်ပေါ့" ဝူလျာက ထပ်မံ မေးလိုက်၏။ "သူမကို သေအောင်လုပ်ခဲ့တဲ့လူက သူ့ရဲ့ ချစ်ရသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေနေတာကို သိရင် မင်းအဖွား ဘယ်လိုလုပ် အေးချမ်းနိုင်မှာလဲ။ သူ ဘယ်လို ပျော်နိုင်မှာလဲ။ မင်း သူ့ကို ကူညီနိုင်ပါတယ်။ လုပ်လိုက်စမ်း၊ သူ မင်းဆီကနေ လုယူသွားတဲ့အရာကို သူ့ဆီကနေ ပြန်လုယူလိုက်စမ်း။ သူ ဂရုစိုက်ရတဲ့သူကို ဆုံးရှုံးရတဲ့ နာကျင်မှုကို သူကိုယ်တိုင် ခံစားရပါစေ"

"ငါ... ငါက အဲဒီလောက် မသန်မာဘူး။ ဘယ်သူ့ကိုမှ ငါ မနိုင်ဘူး။ ငါက ကျင့်ကြံခြင်းကို စတင်ရုံပဲ ရှိသေးတာ" ရှုလျန်က ပြန်ဖြေလိုက်၏။

'ဟင်... သူက သူ့ရဲ့ အစွမ်းအစအကြောင်းကို တကယ်ပဲ ဘာမှ မသိတာလား' ဝူလျာက ရှုလျန်ကို ဝေခွဲမရစွာ ကြည့်ရင်း တွေးလိုက်မိသည်။

"မင်းရဲ့ စစ်မှန်တဲ့ အင်အားအကြောင်းကို မင်း မသိသေးလို့ပါ။ ငါ မင်းကို ကူညီပါ့မယ်" သူက ရှုလျန်၏ အနားသို့ တိုးကပ်သွားပြီး ရှုလျန်၏ နဖူးပေါ်သို့ သူ၏ လက်ချောင်းကို တင်လိုက်၏။

"မလှုပ်နဲ့" သူက ရှုလျန်ကို အမိန့်ပေးလိုက်သည်။

'ဒီအချိန်ကို သုံးပြီး သူ့ရဲ့ မှတ်ဉာဏ်တွေကို ငါ ဝင်ကြည့်ရမယ်။ ဒီကလေးရဲ့ နောက်ကြောင်းက ဘာလဲဆိုတာ ကြည့်ရသေးတာပေါ့။ သူ ဘယ်က လာတာလဲ၊ သူ ဘာမှမသိဘဲနဲ့ သူ့ရဲ့ စွမ်းအားတွေကို ဘယ်လို သုံးနိုင်ရတာလဲ' သူက တွေးရင်း မျက်လုံးများကို မှိတ်လိုက်၏။

ထူးဆန်းသော အရှိန်အဝါတစ်ခုမှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူနှင့် ရှုလျန်ကို ဝန်းရံသွားတော့သည်။

သူသည် သူ၏ စိတ်ဝိညာဉ်ကို ရှုလျန်၏ ဦးခေါင်းအတွင်းသို့ ပို့လွှတ်ကာ မှတ်ဉာဏ်များအား ဖတ်ရှုရန် ကြိုးစားလိုက်၏။

"ဒါ... ဒါက ဘာကြီးလဲ"

သူ၏ စိတ်ဝိညာဉ် ရှုလျန်၏ ဦးခေါင်းထဲသို့ ရောက်သွားသည်နှင့်တပြိုင်နက် သူ မှင်တက်သွားရတော့သည်။

သူ၏ ရှေ့တွင် ကြီးမားလှသော ရွှေရောင် တံခါးကြီးတစ်ချပ် ရှိနေ၏။ ထိုတံခါးကြီးမှာ သော့ခတ်ထားပုံလည်း မရချေ။

"သူက သာမန်လူတစ်ယောက် မဟုတ်ဘူးပဲ။ အင်မော်တယ် အဆင့် ကျင့်ကြံသူတွေတောင် ဒီလိုမျိုး မဟုတ်ဘူး။ သူက ကောင်းကင်ဘုံက လာတာလား" ဝူလျာက ထိုတံခါးကြီးကို ကြည့်ရင်း ရေရွတ်လိုက်မိသည်။

သူသည် ထိုတံခါးကြီးကို ဖွင့်ရန် လက်ကို ဆန့်ထုတ်လိုက်သော်လည်း သူ၏ လက်ချောင်းများ တံခါးနှင့် ထိမိရုံရှိသေး တံခါးအတွင်းမှ နဂါးတစ်ကောင်နှင့် ဖီးနစ်ငှက်တစ်ကောင် ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။

နဂါးက ဟိန်းဟောက်လိုက်ပြီး ဖီးနစ်ကလည်း အော်မြည်လိုက်သည်။

ထိုအသံနှစ်သံမှာ နာကျင်စရာ ကောင်းရုံသာမက ဝူလျာအနေဖြင့် ထိုနေရာတွင် တစ်စက္ကန့်မျှ ဆက်နေမည်ဆိုလျှင် သူ၏ စိတ်ဝိညာဉ်မှာ အပိုင်းပိုင်းအပြတ်ပြတ် ဆုတ်ဖြဲခံရတော့မည်ဟု ခံစားလိုက်ရသည်။ သူသည် ရှုလျန်၏ ဦးခေါင်းအတွင်းမှ ချက်ချင်း ပြန်လည်ထွက်ခွာလာပြီး သူ၏ လက်ကို ပြန်ရုတ်လိုက်တော့၏။

သူသည် ရှုလျန်နှင့် ဝေးရာသို့ အပြေးအလွှား ဆုတ်ခွာလိုက်သည်။

သူ၏ စိတ်ဝိညာဉ်ကို ပြန်ရုတ်သိမ်းလိုက်သော်လည်း သူ၏ ဝိညာဉ်မှာ တုန်ယင်နေဆဲပင် ဖြစ်၏။

'အဲဒါ ဘာကြီးလဲ။ ဘယ်လိုမျိုး ကန့်သတ်ချက်ကြီးလဲ။ သူက တကယ်ပဲ ကောင်းကင်ဘုံက လာတာလား။ သူ့ရဲ့ မှတ်ဉာဏ်တွေပေါ်မှာ ငါတောင် ကျော်ဖြတ်လို့ မရတဲ့ ကန့်သတ်ချက်မျိုး ဘာလို့ ရှိနေရတာလဲ။ သူ့ရဲ့ မှတ်ဉာဏ်တွေဆီကို သွားတဲ့နေရာမှာ စောင့်ကြပ်နေတဲ့ နဂါးနတ်ဘုရားနဲ့ ဖီးနစ်နတ်ဘုရားတို့ရဲ့ အနှစ်သာရတွေလား။ အဝင်ဝမှာတင် ဒီလောက်ဆိုရင် အတွင်းထဲက ကန့်သတ်ချက်က ဘယ်လောက်တောင် အင်အားကြီးမလဲ။ သူ့ရဲ့ မှတ်ဉာဏ်တွေက ဘာတွေကို ဖုံးကွယ်ထားတာလဲ' သူက တွေးရင်း သူ၏ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။

"ဘာဖြစ်တာလဲ" ရှုလျန်က ထိုကောင်လေး ကြောက်လန့်နေသည်ကို မြင်သောအခါ မေးလိုက်၏။

သူ့ကို ကူညီပေးမည်ဆိုပြီး ယခုချိန်တွင်မှ အဘယ်ကြောင့် ကြောက်နေသနည်း။

"အာ... ဘာမှ မဟုတ်ပါဘူး။ စိတ်မပူပါနဲ့" ဝူလျာက မိမိကိုယ်ကို ပြန်လည် ထိန်းချုပ်ရင်း ရေရွတ်လိုက်သည်။ သူသည် ခေါင်းကို ခါယမ်းလိုက်၏။

"ငါ ဘာမှ ပိုပြီး သန်မာလာသလို မခံစားရဘူး" ရှုလျန်က ထောက်ပြလိုက်သည်။

"စိတ်မပူပါနဲ့။ မင်း ချက်ချင်းကြီး သန်မာလာဖို့ မလိုပါဘူး။ ငါကိုယ်တိုင် မင်းကို ကူညီပါ့မယ်။ မင်း ကလဲ့စားချေနိုင်အောင် ငါ ကူညီမယ်။ မင်းရဲ့ ချစ်ရသူကို မင်းရဲ့လက်နဲ့တင် သတ်နိုင်အောင် ငါ လုပ်ပေးမယ်။ မင်း အသင့်ဖြစ်ပြီလား" ဝူလျာက မေးလိုက်သည်။

"ငါ အသင့်ဖြစ်ပြီ" ရှုလျန်က ခေါင်းညိတ်ရင်း ပြောလိုက်၏။

"အကောင်းဆုံးပဲ"

ဝူလျာသည် တည်းခိုခန်းသို့ ပြန်လည် ဆက်သွယ်ပေးသော တံခါးပေါက်ကို ထပ်မံ ဖွင့်လိုက်ပြန်သည်။

"သွားကြစို့" သူက ရှုလျန်ကို ဝင်ရန် လက်ဟန်ပြလိုက်၏။

ရှုလျန် တံခါးပေါက်အတွင်းသို့ ဝင်သွားပြီးနောက် ဝူလျာကလည်း နောက်မှ လိုက်သွားတော့သည်။

တံခါးပေါက် ပျောက်ကွယ်သွား၏။

သူတို့သည် တံခါးပေါက်၏ အခြားတစ်ဖက်ဖြစ်သော ရှုလျန် အစက ထိုင်နေခဲ့သည့် အခန်းအတွင်းသို့ ရောက်ရှိသွားလေတော့သည်။

အခန်း (၈၄၂) အမှောင်ပညာရပ်

"မင်း ငါ့ဓားအတွက် စိတ်ပူနေစရာ မလိုပါဘူး။ ဒါက သူတော်စင် သတ်ဖြတ်သူရဲ့ဓား ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဘာအရေးလဲ။ မင်း သိထားရမှာက ဒီဓားဟာ မင်းကို သတ်မယ့်ဓားဆိုတာပဲ" လုံချန်းက နောက်ဆုံးကျန်ရစ်သူ ကောင်းကင်ဘုံ အဆင့် စစ်သည်တော် မင်းလုကို ပြောလိုက်သည်။

"မင်းက တော်တော်လေး မောက်မာတာပဲ။ တခြားသူတွေကို မင်း သတ်နိုင်ခဲ့ပေမဲ့ ငါကတော့ သူတို့လို မဟုတ်ဘူး။ မင်းရဲ့ အရိုးတောင် မကျန်ရလေအောင် ငါ မင်းကို မီးမြိုက်ပစ်မယ်" မင်းလုက ဟိန်းဟောက်လိုက်ရင်း သူ၏လက်ကို ကောင်းကင်သို့ မြှောက်လိုက်၏။

သူ၏ ဦးခေါင်းအထက်တွင် မီးလျှံတိမ်တိုက်တစ်စိုင် ပေါ်ပေါက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

"ဒါ... ဒါက မီးမိုးရွာခြင်းပဲ။ အကြီးအကဲမင်းလုရဲ့ အစွမ်းထက်ဆုံး ပညာရပ်ပေါ့။ အဲဒီကောင်လည်း ဒီပညာရပ်နဲ့ဆိုရင်တော့ အတော်လေး ရုန်းကန်ရလိမ့်မယ် ထင်တယ်" ကောင်းကင် အဆင့် စစ်သည်တော်တစ်ဦးက ဆို၏။

မင်းသမီးကျူးကတော့ မည်သည့် မှတ်ချက်မှ မပေးဘဲ ကြည့်နေခဲ့သည်။ သူမသည် အပြင်ပန်းတွင် ထုတ်မပြသော်လည်း သူမ၏ အသက်ကို ကယ်တင်ခဲ့သည့်အတွက် ဤတိုက်ပွဲတွင် လုံချန်းကိုသာ အားပေးနေမိသည်။ ထို့ပြင် လုံချန်းသည် အဆင့်မြင့်နိုင်ငံတစ်ခုခုမှ လာသူဖြစ်နိုင်သဖြင့် သူသာ သေဆုံးသွားခဲ့လျှင် သူမ၏နိုင်ငံအတွက် အလွန်အန္တရာယ်များလိမ့်မည်ဟုလည်း သူမ တွေးနေမိ၏။

"မီးတိမ်တိုက် ဟုတ်လား" လုံချန်းက ထိုတိမ်တိုက်ကို အကဲခတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

သူသည် ထိုတိမ်တိုက်ကို ဂရုမစိုက်ဘဲ သူ၏ ဓားကွက်ကို စတင်ပြင်ဆင်လိုက်၏။ သူက ဘုရင်ဓားကို ထုတ်သုံးရခြင်းမှာ အချိန်ဓားဖြင့် အသုံးမပြုနိုင်သော ချီစွမ်းအင် ဆိုင်ရာ ပညာရပ်များအား အသုံးပြုလိုသောကြောင့် ဖြစ်သည်။

"မင်းရဲ့ ပညာရပ်ကို အဆုံးသတ်ဖို့ အချိန်ရလိမ့်မယ်လို့ ထင်နေတာလား"

လုံချန်းက ဓားကွက်ပြင်နေသည်ကို မြင်သည်နှင့် မင်းလုက သရော်ပြုံး ပြုံးလိုက်၏။

မီးလျှံတိမ်တိုက်အတွင်းမှ မီးလုံးပေါင်း ဆယ်ဂဏန်းခန့် ထွက်ပေါ်လာပြီး လုံချန်းထံသို့ တရစပ် ပျံသန်းသွားတော့သည်။

"ဒီလိုမျိုး ဖြစ်မယ်ဆိုတာ ငါ သိပြီးသားပါ။ ရန်သူကို အလိုအလျောက် တိုက်ခိုက်နိုင်တဲ့ တိမ်တိုက်ပေါ့။ ဒါပေမဲ့ မင်း ငါ့ကို တကယ်ပဲ အထင်သေးနေတာပဲ" လုံချန်းက ခေါင်းခါရင်း အော်ဟစ်လိုက်သည်။

"မင်းတင်မကဘူး၊ မင်းရဲ့ အဖေတောင် ငါ့ကို မတားနိုင်ဘူး" ထိုသို့ ဆိုကာ သူသည် ပျောက်ကွယ်သွားတော့၏။

သူသည် မင်းလု၏ အရှေ့ဘက်တွင် ပြန်လည်ပေါ်လာပြီး သူ၏ ဓားကွက်ကို ဆက်လက် လှုပ်ရှားလိုက်သည်။ မီးလုံးများက သူ့ထံ ထပ်မံ ရောက်ရှိလာသော်လည်း သူက တစ်ဖန် ပျောက်ကွယ်သွားပြန်၏။

လုံချန်းသည် တစ်နေရာမှ တစ်နေရာသို့ အဆက်မပြတ် ကူးပြောင်းနေပြီး ထိုသို့ ကူးပြောင်းတိုင်းတွင်လည်း သူ၏ ဓားကွက်များကို မရပ်မနား ဆက်လက် ထုတ်လွှတ်နေသည်။ သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးမှာ အဆက်မပြတ် ပြောင်းလဲနေသော်လည်း သူကမူ တစ်နေရာတည်းတွင်ပင် မိမိအလိုရှိရာအား လုပ်ဆောင်နေသည့်အလား ထင်မှတ်ရပေသည်။

"ဒီပညာရပ်က တကယ့်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ" မင်းလုက သူ၏ နဖူးမှ သွေးကြောများ ထောင်တက်လာသည်အထိ ဆဲဆိုလိုက်၏။ သူသည် နေရာအနှံ့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်ရန် သူ၏ စွမ်းအင်များကို ပိုမို အသုံးပြုလိုက်သည်။ မီးလုံးများသည် မင်းသမီး ရပ်နေသည့် နေရာမှလွဲ၍ ကျန်သည့် အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားတော့သည်။ သူမကို ဒဏ်ရာရမည်ကို သူ မလိုလားသောကြောင့် ဖြစ်၏။

ကံမကောင်းစွာဖြင့် လုံချန်း နောက်ထပ် ပေါ်လာသည့် နေရာမှာလည်း ထိုမင်းသမီး ရပ်နေသည့် ဘက်သို့ပင် ဖြစ်နေတော့သည်။

လုံချန်းသည် မင်းသမီးရှိရာ ဘက်တွင် ပေါ်လာပြီး အသင့်ပြင်ထားသည့်အတိုင်း လှုပ်ရှားလိုက်၏။

"အမှောင်ဓား၊ ပထမပုံစံ၊ ချေမှုန်းခြင်း" လုံချန်းက ဟိန်းဟောက်လိုက်ရင်း သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။

မှောင်မည်းနေသော အလင်းတန်းတစ်တန်းသည် သူ၏ဓားမှ ထွက်ပေါ်လာပြီး မင်းလုထံသို့ ဦးတည်သွားတော့၏။

ထိုအလင်းတန်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဟင်းလင်းပြင်ကြီးမှာ မတည်မငြိမ် ဖြစ်သွားပြီး အံ့သြစရာကောင်းသည်မှာ ထိုတိုက်ခိုက်မှုကြီးကိုယ်တိုင်ကပင် တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းနိုင်ပုံရနေခြင်းပင် ဖြစ်သည်။

မင်းလုသည် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ ဤကဲ့သို့သော ပညာရပ်မျိုး ရှိသည်ကိုပင် သူ မကြားဖူးချေ။ ထိုတိုက်ခိုက်မှုကြီး၏ ကူးပြောင်းမှုမှာ အလွန်ပင် ခန့်မှန်းရခက်လှသဖြင့် မည်သည့်ဘက်သို့ ရှောင်ရမည်ကို သူ မသိတော့ချေ။ တစ်ခါတစ်ရံတွင် ဘယ်ဘက်သို့ ရောက်သွားပြီး တစ်ခါတစ်ရံတွင် ညာဘက်သို့ ရောက်လာ၏။ တစ်ခုတည်းသော သေချာသည့်အရာမှာ ထိုတိုက်ခိုက်မှုကြီးသည် သူ၏ထံသို့ တဖြည်းဖြည်း နီးကပ်လာနေခြင်းပင်။

သူသည် တစ်ဖက်ဖက်သို့သာ ရှောင်နိုင်တော့မည်ဟု ဆုံးဖြတ်လိုက်ပြီး ဘယ်ဘက်သို့ ခုန်ရှောင်လိုက်လျှင် ဘေးကင်းလိမ့်မည်ဟု ယူဆလိုက်သည်။ သို့သော် သူ မှားသွား၏။ သူ၏ မှားယွင်းသော ခန့်မှန်းချက်အတွက် သူ၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားကာ အသက်ဖြင့် ပေးဆပ်လိုက်ရလေတော့သည်။

ထိုသူသည် ဘယ်ဘက်သို့ ရှောင်လိုက်လျှင်ပင် ရလဒ်မှာ အတူတူပင် ဖြစ်မည်ကို မသိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုတိုက်ခိုက်မှု၏ ပစ်မှတ် ဖြစ်နေသောကြောင့်ပင်။

"မဆိုးဘူး။ နင် ဖန်တီးထားတဲ့ ဒီပညာရပ်က တကယ့်ကို အစွမ်းထက်တာပဲ" လုံချန်း၏အနားတွင် ပေါ်လာသော ရွှင်းက ချီးမွမ်းလိုက်သည်။

ဤအမှောင်ဓားပညာရပ်မှာ လုံချန်းက သူတော်စင်ဓား ပုံသဏ္ဌာန်ခုနစ်မျိုးကို သူ၏ နားလည်သဘောပေါက်မှုဖြင့် ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအထဲတွင် သူ၏ ဟင်းလင်းပြင်နိယာမမှ ရှောင်ကွင်းခြင်း အတတ်ပညာများအား ထည့်သွင်းထားသလို၊ အမှောင်နိယာမ၏ ဂုဏ်သတ္တိများကိုလည်း အသုံးပြုထား၏။

ဤအရာမှာ သူတော်စင်ဓား၏ သတ္တမမြောက်ပုံသဏ္ဌာန်ကို အပြည့်အဝ နားလည်သွားသည့် အချိန်မှစ၍ သူ ကြိုးစားအားထုတ်လာခဲ့သည့် အရာ ဖြစ်သည်။ ထိုပုံသဏ္ဌာန်များကို အပြည့်အဝ တတ်မြောက်သွားပြီးနောက် သူ၏ ပညာရပ်များကို ပေါင်းစပ်ပြီး သူ့အတွက် အကောင်းဆုံးဖြစ်မည့် ပညာရပ်တစ်ခုအား ဖန်တီးရန် စိတ်ကူးရရှိခဲ့ခြင်း ဖြစ်ပေသည်။

ဤပညာရပ်ကို ပြီးပြည့်စုံအောင် လေ့ကျင့်ရန် လပေါင်းများစွာ အချိန်ယူခဲ့ရပြီး နောက်ထပ် ပိုမိုကောင်းမွန်သော ပညာရပ်များကို ဖန်တီးရန် အစီအစဉ်ရှိသဖြင့် ၎င်းကို အမှောင်ဓား၏ ပထမပုံစံဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

သူသည် မတူညီသော ထူးခြားချက်များရှိသည့် ပညာရပ်တစ်ခုလုံးကို ဖန်တီးလိုခြင်း ဖြစ်၏။ ယခု ပထမပုံသဏ္ဌာန်မှာ ဟင်းလင်းပြင်နှင့် အမှောင်ထုကို အသုံးပြုထားခြင်းဖြစ်ပြီး၊ သူသည် နောက်ထပ် ပုံရိပ်ယောင်များကို ပေါင်းစပ်ရန်လည်း ကြိုးစားနေသည်။ ထိုပညာရပ်ကို ဒုတိယပုံသဏ္ဌာန်ဟု အမည်ပေးရန် သူ စဉ်းစားထားသော်လည်း ကံမကောင်းစွာဖြင့် ထိုပညာရပ်မှာ ထက်ဝက်မျှပင် မပြီးဆုံးသေးချေ။

"ဟုတ်တယ်။ ဒါကို စစ်မှန်တဲ့ ရန်သူတစ်ယောက်နဲ့ ပထမဆုံးအကြိမ် စမ်းသုံးကြည့်တာပဲ။ မဆိုးဘူးလို့ ပြောလို့ရတယ်။ ငါ ထင်ထားတဲ့အတိုင်းပဲ။ ဒါပေမဲ့ ပိုကောင်းအောင် လုပ်ဖို့တော့ လိုသေးတာပေါ့။ ဒီပညာရပ်မှာပါတဲ့ အမှောင်ဓာတ်က ပေါက်ကွဲထွက်တဲ့ ဖျက်ဆီးအားကို ပေးရမှာ ဖြစ်ပေမဲ့ အခုထိတော့ အဲဒီလောက် အင်အားမကြီးသေးဘူး။ ဒါ အသင့်ဖြစ်သွားတဲ့အခါမှာတော့ ဒီထက် အများကြီး ပိုပြီး အစွမ်းထက်လာလိမ့်မယ်" လုံချန်းက သူ၏ဓားကို ကြည့်ရင်း ရေရွတ်လိုက်သည်။

"အင်း... အဲဒါလည်း မှန်ပါတယ်" ရွှင်းက ခေါင်းညိတ်လျက် ဆို၏။

လုံချန်းသည် နောက်ဘက်တွင် ရပ်နေကြသော သူများကို လှည့်ကြည့်လိုက်သည်။

"ကဲ... မင်းသမီး။ မင်းရဲ့ မောင်နဲ့ မင်းရဲ့ ကောင်းကင်ဘုံအဆင့် စစ်သည်တော်တွေကို ငါ သတ်လိုက်ပြီ။ အခု ဘာဆက်လုပ်ချင်လဲ။ မင်းမှာ ရှိတဲ့ တပ်နဲ့ ငါ့ကို ဆန့်ကျင်မလား။ ဒါမှမဟုတ် အကူအညီတွေ ထပ်ခေါ်ဦးမလား။ မင်း ဘာလုပ်လုပ် ငါ့အတွက်တော့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ မင်းရဲ့ နိုင်ငံအတွက်တော့ အာမမခံနိုင်ဘူးနော်။ အရာအားလုံးက မင်းရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်" လုံချန်းက မင်းသမီးကို ပြောလိုက်၏။

"ကျွန်မတို့ မတိုက်ခိုက်ချင်တော့ပါဘူး။ ကျွန်မရဲ့ မောင်က ရှင့်ကို ရန်စခဲ့တာပါ။ အဲဒီအတွက် ကျွန်မ အပြည့်အဝ တာဝန်ယူပါတယ်။ ကျွန်မတို့ နိုင်ငံကတော့ ဒီကိစ္စနဲ့ ဘာမှမဆိုင်ပါဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီး တခြားလူတွေကို ထပ်ပြီး ဒဏ်ရာရအောင် မလုပ်ပါနဲ့တော့။ ရှင့်ကို နာကျင်အောင် လုပ်ဖို့ ကြိုးစားခဲ့သူတိုင်းကို ရှင် သတ်ခဲ့ပြီးပြီပဲ။ ကျန်နေတဲ့သူတွေ အားလုံးက အပြစ်မရှိသူတွေပါ" မင်းသမီးက ပြန်ဖြေသည်။

"အော်... ဒါဆို ငါက မင်းကို ယုံကြည်ပြီး အလွတ်ပေးလိုက်ရမှာလား" လုံချန်းက မေးလိုက်၏။

"မဟုတ်ပါဘူး။ ရှင် ကျွန်မတို့ကို အလွယ်တကူ မယုံနိုင်ဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါကြောင့် ကျွန်မမှာ အကြံတစ်ခု ရှိပါတယ်။ ကျွန်မတို့ကို ဒီမှာပဲ ခဏ ပိတ်ထားခဲ့ပြီး ရှင် ထွက်သွားရင်ရော ဘယ်လိုလဲ။ ကျွန်မတို့ ပြန်မလာလို့ ခမည်းတော် စိတ်ပူဖို့ဆိုတာ နာရီတော်တော် ကြာပါဦးမယ်။ အစောင့်တွေ ကျွန်မတို့ကို ရှာတွေ့တဲ့ အချိန်မှာ ရှင်လည်း အဝေးကြီးကို ရောက်နေလောက်ပါပြီ။ ဒါက ရှင့်အတွက် ကောင်းမွန်တဲ့ အစီအစဉ် မဟုတ်ဘူးလား" မင်းသမီးကျူးက အကြံပြုလိုက်သည်။

"မဆိုးတဲ့ အကြံပဲ။ အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့" လုံချန်းက သဘောတူကာ ခေါင်းညိတ်လိုက်တော့သည်။

ထို့နောက် သူသည် လူတိုင်းကို ရှဲ့မျိုးနွယ်စု၏ အကျဉ်းထောင်မျှော်စင် အတွင်းသို့ ခေါ်ဆောင်သွားလေတော့သည်။

All Chapters