အခန်း (၈၃၃-၈၃၄)
Vol. 83 Ch. 833-834
အခန်း (၈၃၃) ဒေါသအဟုန်
လုံချန်းသည် အဆင့်မြင့်နိုင်ငံ တစ်နိုင်ငံမှ လျှို့ဝှက်ဆန်းကြယ်သော မင်းသားတစ်ပါး ဖြစ်နိုင်သည်ဟူသော အချက်ကို ကြားလိုက်ရသောအခါ ကျူးကောင်၏ မျက်နှာတွင် ချွေးစေးများ ပျံလာတော့သည်။ ခဏတာမျှ သူ၏ စိတ်အာရုံတို့မှာ ဗလာကျင်းသွားရ၏။
သူ မယုံကြည်နိုင်ပေ။ မဟုတ်ပေ... အသက် ၂၀ အရွယ် ကောင်လေးတစ်ယောက်သည် ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ ဖြစ်နိုင်သည်ဟူသော အချက်ကို သူ လက်မခံလိုခြင်းသာ ဖြစ်သည်။ အဆင့်မြင့်နိုင်ငံများမှ မင်းသားများပင် ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဤကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သလောက်ပင် ရှိပေသည်။ လုံချန်းသည် ဤမျှအထိ ငယ်ရွယ်နေရန် အကြောင်းမရှိဟု သူ တွေးနေမိ၏။ သူသည် အမှန်တရားကို ရင်မဆိုင်ရဲဘဲ ငြင်းဆန်နေခြင်းသာ ဖြစ်သည်။
ဒေါသအဟုန်တို့ တလိပ်လိပ် တက်လာသောအခါတွင်မူ မိမိ၏ နောက်ကျောတွင် ရှိနေသူမှာ အသက်ကြီးသော်လည်း ရုပ်ရည်နုပျိုအောင် ပြုပြင်ထားသော မိစ္ဆာအိုကြီးတစ်ယောက်သာ ဖြစ်ရမည်ဟု သူ အခိုင်အမာ ယုံကြည်သွားတော့သည်။
"မင်းက မင်းသားတစ်ပါး ဖြစ်နေဖို့ မဖြစ်နိုင်ဘူး။ မင်းရဲ့ အဆင့်အတန်း အစစ်အမှန်ကို ငါ ပြရသေးတာပေါ့"
ကျူးကောင်သည် မည်သည်ကိုမျှ ဂရုမစိုက်တော့ဘဲ မင်းသမီး၏ လက်ကို လွှတ်လိုက်ပြီး နောက်သို့ လှည့်ကာ ရှေ့တည့်တည့်သို့ လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်လေတော့သည်။
"ဘာ... ဘာလဲ"
သူ မည်သို့ ဖြစ်သွားသည်ကို နားမလည်နိုင်တော့ပေ။ သူ၏ နောက်ကျောတွင် မည်သူမျှ ရှိမနေချေ။ လုံချန်း မည်သည့် နေရာသို့ ရောက်သွားသနည်း။ အသံမှာ သူ၏ နောက်ကျောဘက်မှ လာခဲ့ခြင်း မဟုတ်လော။ လုံချန်းသည် သူ၏ နောက်ကျောတွင် ရှိနေကြောင်း အစောင့်များကလည်း အတည်ပြုခဲ့ကြသည် မဟုတ်လော။ မည်သို့သော ပညာရပ်ဖြင့် သူ ပျောက်ကွယ်သွားရသနည်း။
ကျူးကောင်၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ပေါက်လာပြီး ဦးနှောက်တစ်ခုလုံးပင် ကိုက်ခဲလာရသည်။
သူသည် ဒေါသတကြီးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း လုံချန်းကို ရှာမတွေ့ခဲ့ပါချေ။
"သူ ဘယ်မှာလဲ" မင်းသားက သူ၏ အစောင့်များကို ထပ်မံမေးမြန်းလိုက်သော်လည်း သူတို့၏ အဖြေအား စောင့်နေစရာ မလိုတော့ပေ။
သူတို့အားလုံးက သူ့ကို ကြည့်နေကြသည်ကို မြင်သောအခါ သူ၏ ရင်ထဲတွင် အေးစက်သော ခံစားချက်ကြီးတစ်ခု စိမ့်ဝင်လာသည်။ မဟုတ်ပေ... သူတို့သည် သူ့ကို ကြည့်နေကြခြင်း မဟုတ်ဘဲ သူ၏ ခေါင်းပေါ်ကိုသာ ကြည့်နေကြခြင်း ဖြစ်သည်။ ကျူးကောင်သည် ထိုအကြည့်များ၏ အဓိပ္ပာယ်ကို ချက်ချင်းပင် သဘောပေါက်လိုက်၏။
အပေါ်တွင်လော။ သူတို့၏ အကြည့်များအရ လုံချန်းသည် သူ၏ အထက်တွင် ရှိနေသည်မှာ သေချာသွားပြီ ဖြစ်သည်။
သူ၏ ရင်ဘတ်ထဲမှ နှလုံးသည် တဒိန်းဒိန်း ခုန်လာပြီး ခေါင်းကို အမြန် မော့ကြည့်လိုက်၏။
သူ၏ မျက်လုံးထဲသို့ ပထမဆုံး တိုးဝင်လာသည့်အရာမှာ သူ၏ ထံသို့ တည့်တည့် ဦးတည်လာသော တောက်ပသည့် အလင်းတန်းတစ်တန်းပင် ဖြစ်သည်။ သူ၏ ဦးနှောက်ထဲသို့ စီးဝင်လာသော ပတ်ဝန်းကျင် အခြေအနေများကို သုံးသပ်ရန် စက္ကန့်ပိုင်းမျှပင် အချိန်မရလိုက်မီမှာပင် ထိုအလင်းတန်းမှာ သူ၏ ထံသို့ ရောက်ရှိလာတော့သည်။
"အား..."
နာကျင်လွန်းသဖြင့် အသည်းခိုက်အောင် အော်ဟစ်လိုက်သံမှာ ကြားရသူတိုင်း၏ ကျောချမ်းသွားရလောက်အောင်ပင် စူးရှလှသည်။
ခန္ဓာကိုယ်မှ ပြတ်တောက်သွားသော လက်တစ်ဖက်သည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းသွား၏။ ကျူးကောင်မှာ လက်ပြတ်သွားသော နာကျင်မှုကြောင့် အော်ဟစ်ငိုယိုနေတော့သည်။
"ဟူး... ငါကတော့ စာနာပေးဖို့ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ မရဘူးပဲ။ ငါ့ရဲ့ ဒေါသက ငါ့ကို လွှမ်းမိုးသွားပုံရတယ်"လုံချန်းက ကျူးကောင်ကို အေးအေးဆေးဆေး ပြောလိုက်သည်။
လုံချန်း၏ စကားကို ကြားသောအခါ ရွှင်းသည် သူ၏ အနားတွင် ကိုယ်ထင်ပြလာ၏။ သူမသည် လုံချန်း၏ ဘေးတွင် ဝဲပျံနေရင်း သူ့ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဒေါသက လွှမ်းမိုးသွားတယ် ဟုတ်လား။ နင်က နှလုံးသားမိစ္ဆာရဲ့ ဒေါသထွက်တတ်တဲ့ အစိတ်အပိုင်းကို ဖယ်ထုတ်ပစ်ခဲ့ပြီးပြီ မဟုတ်လား" သူမက မေးလိုက်၏။
လုံချန်းသည် သူ၏ ဘယ်ဘက်ကို လှည့်ကြည့်လိုက်သောအခါ ရွှင်းကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာတွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာပြီး ပြန်ဖြေလိုက်၏။ "ဟက်... ငါ့ရဲ့ အချစ်ကလေး ရွှင်းရာ၊ လူတစ်ယောက်က ဒေါသထွက်ဖို့အတွက် နှလုံးသားမိစ္ဆာ ရှိနေဖို့ မလိုပါဘူး။ အဲဒါက ငါ ဒေါသထွက်ချင်တဲ့ အချိန်မှာ ထွက်လို့ရတယ်လို့ အဓိပ္ပာယ်ရတာပဲ။ နှလုံးသားမိစ္ဆာက အလိုရှိတဲ့ အချိန်မှ မဟုတ်ဘူး။ အခု ငါ ဒေါသထွက်နေတာ"
"ဪ... အဲဒီလိုလား။ ဖြစ်စဉ်ထဲမှာ တစ်ခုခု မှားယွင်းသွားတာလားလို့ ငါ ထင်နေတာ" ရွှင်းက ခေါင်းညိတ်ရင်း ပြန်ပြောသည်။
လုံချန်း၏ နှုတ်ခမ်းဖျားတွင် သိနားလည်သော အပြုံးတစ်ခု ပေါ်လာပြီး ညင်သာစွာ ပြန်ဖြေလိုက်၏။ "မစိုးရိမ်ပါနဲ့။ ဘာမှားစရာ ရှိလို့လဲ။ နင့်အတွက် ငါ့ဆီမှာ တစ်ခုခု မှားယွင်းသွားဖို့ဆိုတာ အချိန်မတန်သေးပါဘူး၊ ဟုတ်တယ်မလား။ ငါ့အတွက် ဘာမှ မဖြစ်နိုင်ပါဘူး"
လုံချန်း၏ အဖြေကို ကြားလိုက်ရသောအခါ ရွှင်း၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။ သူမသည် လုံချန်း၏ ရှေ့တွင် ကိုယ်တုံးလုံး ရပ်နေရသကဲ့သို့လည်းကောင်း သူက သူမ၏ အနက်ရှိုင်းဆုံးသော လျှို့ဝှက်ချက်များကို မြင်နေရသကဲ့သို့လည်းကောင်း ရုတ်တရက် အဘယ်ကြောင့် ထူးဆန်းသော ခံစားချက်ကြီး ပေါ်လာရသနည်း။ အဘယ်ကြောင့်များ သူက တစ်ခုခုကို သိနေသလို ပြောနေရသနည်း။ သူ အရာအားလုံးကို သိနေသည်လော။
'မဟုတ်ဘူး၊ သူ မသိနိုင်ပါဘူး။ ငါ သူ့ရှေ့မှာ ဘာမှ အမှားအယွင်း မလုပ်ခဲ့ပါဘူး။ သူ သိနိုင်စရာ အကြောင်း မရှိဘူး' ထိုသို့ တွေးကာ သူမကိုယ်သူမ ပြန်လည် ထိန်းချုပ်လိုက်ရ၏။
"န... နင် ဘာတွေ ပြောနေတာလဲ။ နင့်အတွက် အချိန်မတန်သေးဘူးဆိုတာ ဘာကို ဆိုလိုတာလဲ" ရွှင်းက လုံချန်းကို မေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး" လုံချန်းက ခေါင်းခါရင်း ညင်သာစွာ ပြန်ဖြေသည်။ "နင် ငါနဲ့အတူ ရှိနေသရွေ့ ငါ့အတွက် ဘာမှ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပါ။ နင် ငါ့ကို ကာကွယ်ပေးနေသရွေ့ ငါ သေရမယ့် အချိန် မရောက်သေးပါဘူး။ အဲဒါကို ပြောတာပါ"
"ဘာလို့လဲ၊ နင် တခြား တစ်ခုခုကို တွေးနေလို့လား။ ဘာကများ နင့်ရဲ့ မျက်နှာကို ဖြူလျော်သွားစေတာလဲ" လုံချန်းက စိုးရိမ်သော အမူအရာဖြင့် ရွှင်းကို မေးလိုက်၏။
လုံချန်းက စိုးရိမ်နေသည့်ပုံ ပေါက်သော်လည်း ရွှင်းကမူ သူ၏ မျက်နှာတွင် အပြုံးစလေးတစ်ခုကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ အထင်မှားခြင်း ဖြစ်မည်ဟု သူမ တွေးလိုက်မိသည်။
"ဘာမှ မဟုတ်ပါဘူး။ နင့်ရဲ့ တိုက်ပွဲကိုပဲ အာရုံစိုက်ပါ" ရွှင်းက ပြတ်ပြတ်သားသား ပြောလိုက်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။
'ငါ့ရဲ့ တိုက်ပွဲကို ငါ အာရုံစိုက်မှာပါ။ ဒါပေမဲ့ အဲဒါက နင့်အပေါ်ကို အာရုံမစိုက်တော့ဘူးလို့ မဆိုလိုဘူး၊ ငါ့ရဲ့ အချစ်ကလေး ရွှင်း။ ငါ ကတိပေးပါတယ်၊ ငါ့ကို ဘယ်သူပဲ ဆန့်ကျင်နေပါစေ ငါ လဲကျမှာ မဟုတ်ဘူး။ ငါနဲ့ အနီးကပ်ဆုံးလူက ငါ့ကို ဆန့်ကျင်နေရင်တောင်မှပေါ့' လုံချန်းက ပြုံးရင်း တွေးလိုက်မိ၏။
သူသည် ရွှင်းအနေနှင့် သူ၏ အတွေးများကို မဖတ်နိုင်စေရန်အတွက် အစကတည်းက သူ၏ အတွေးအာရုံများကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် သူသည် ရွှင်းကို မသိစေဘဲ မည်သည့်အရာကိုမဆို လွတ်လပ်စွာ တွေးတောနိုင်ခဲ့သည်။ သူသည် စကားမပြောဘဲ သူမနှင့် စကားပြောလိုသည့် အချိန်မှသာ သူ၏ အတွေးများကို နားထောင်ခွင့် ပြုခြင်း ဖြစ်သည်။
"ကဲ... လာကြလေ။ မင်းတို့ ငါ့ကို ချက်ချင်း တိုက်ခိုက်ကြလိမ့်မယ်လို့ ငါ ထင်နေတာ။ မင်းတို့က အတော်လေး နှေးတာပဲ" လုံချန်းက နာကျင်မှုကြောင့် အော်ဟစ်နေသော ကျူးကောင်ကို ကြည့်ကာ မှင်တက်နေကြသည့် စစ်သည်တော်များအား လှောင်ပြောင်လိုက်သည်။
"မင်း ခွေးကောင်၊ ငါတို့ရဲ့ မင်းသားကို တိုက်ခိုက်ရဲတယ်ပေါ့။ မင်း သေရမယ်" ကောင်းကင်ဘုံအဆင့် စစ်သည်တော်များသည် နောက်ဆုံးတွင် သတိပြန်ဝင်လာကြပြီး လုံချန်းထံသို့ ပျံသန်းဝင်ရောက်လာကြတော့သည်။
"အဲဒါမှပေါ့။ ပြီးခဲ့တဲ့ အခေါက်ထက် ငါ ဘယ်လောက် ပိုသန်မာလာသလဲဆိုတာ ကြည့်ရသေးတာပေါ့။ လုပ်ကြံသတ်ဖြတ်သူ အဖြစ်နဲ့ လုပ်ရတာ ပျော်စရာကောင်းပေမဲ့ အခုလို စိတ်ရှိလက်ရှိ တိုက်ခိုက်ရတာလောက်တော့ မပျော်ရဘူး" လုံချန်းက ရယ်မောရင်း ဓားနှစ်လက်လုံးကို ကိုင်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။
ဝိညာဉ်ဓားမှာမူ ရှဲ့ မျိုးနွယ်စု အကြီးအကဲနှင့် ကျီရှန်တို့၏ ပတ်လည်တွင် ဝဲပျံနေဆဲဖြစ်ပြီး သူတို့ကို မမျှော်လင့်ဘဲ တိုက်ခိုက်လာမည့် အန္တရာယ်များမှ ကာကွယ်ပေးထားလေသည်။
ကျီရှန်သည် လုံချန်းကို မတိုက်ခိုက်စေချင်သော်လည်း လုံချန်း၏ စကားအား ကြားပြီးနောက်တွင်မူ သူ့ကို ယုံကြည်ရန် ဆုံးဖြတ်လိုက်ပြီး တိုက်ပွဲအား လုံချန်းထံသို့ လွှဲအပ်လိုက်ကာ သူ၏ ရှေ့မှ လူအပေါ်တွင်သာ အာရုံစိုက်လိုက်တော့သည်။
"မောင်လေး... သူတို့ကို တားပါဦး။ ငါတို့မှာ အခွင့်အရေး ရှိပါသေးတယ်။ တကယ်လို့ တိုက်ပွဲသာ ဖြစ်ပြီး လုံချန်း တစ်ခုခု ဖြစ်သွားရင် ငါတို့ နိုင်ငံတစ်နိုင်ငံလုံး ဒုက္ခရောက်လိမ့်မယ်။ အဆင့်မြင့်နိုင်ငံက ငါတို့အားလုံးကို သတ်ပစ်လိမ့်မယ်။ ငါတို့ လူတွေကို တားပေးပါ" မင်းသမီးက တိုက်ပွဲကို တားဆီးရန် ကျူးကောင်ကို အသည်းအသန် အသနားခံသော်လည်း သူက နားမထောင်ခဲ့ပေ။
ထိုအစား သူသည် ပို၍ပင် ဒေါသထွက်လာခဲ့၏။
သူသည် သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် သူ၏ အစ်မကို စိုက်ကြည့်လိုက်သည်။
သူသည် ကျန်ရှိသော လက်တစ်ဖက်ကို မြှောက်ကာ သူ၏ အစ်မကို အားကုန် ပါးရိုက်လိုက်ရာ မင်းသမီးမှာ အဝေးသို့ လွင့်စင်သွားတော့သည်။ မင်းသမီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဦးခေါင်းမှ သွေးများ စီးကျလာလေတော့သည်။
အခန်း (၈၃၄) နောင်တ
"ဒီမိန်းမယုတ်၊ ငါ့လက်တစ်ဖက် ပြတ်သွားတာတောင် နင်က သူ့ဘက်က ရပ်တည်နေသေးတယ်ပေါ့လေ။ ကိုယ့်မောင်ကို အားမပေးဘဲ အဲဒီကောင်ဘက်က ပါနေတယ်ပေါ့။ နေဦး... သူ့ကိုအရင်သတ်ပြီးမှ သူစိမ်းတစ်ယောက်အတွက်နဲ့ မိသားစုကို သစ္စာဖောက်တဲ့ နင့်ကို ဘယ်လိုအပြစ်ပေးရမလဲဆိုတာ ငါပြမယ်" ကျူးကောင်သည် ရူးသွပ်နေသော သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်တော့သည်။
ပြင်းထန်လှသော နာကျင်မှုက သူ့ကို ဒေါသထွက်စေသော်လည်း လူစိမ်းတစ်ယောက်၏ လက်ချက်ဖြင့် အရှုံးပေးနေရခြင်းက သူ့အား ပို၍ပင် ပေါက်ကွဲစေခဲ့သည်။ သူသည် ဤနိုင်ငံ၏ မင်းသားတစ်ပါး မဟုတ်လော။ စည်းစိမ်ဥစ္စာ အပြည့်အစုံဖြင့် ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။ သူ၏ ခမည်းတော်ပင်လျှင် သူ့ကို တစ်ခါမျှ ရိုက်နှက်ခဲ့ခြင်း မရှိပေ။ နိုင်ငံတော်အတွင်းရှိ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ အားလုံးက သူ့ကို ရိုရိုသေသေ ဆက်ဆံခဲ့ကြသော်လည်း ယနေ့တွင်မူ ထိုသို့သော ကျင့်ကြံသူတစ်ဦး၏ ရိုက်နှက်ခြင်းအား သူ ခံလိုက်ရလေပြီ။ ထိုမျှမကသေး ခွေးလိမ္မာတစ်ကောင်ကဲ့သို့ ဒူးထောက်တောင်းပန်ရမည့်အစား ထိုသူက သူ၏လက်မောင်းကိုပင် ဖြတ်ပစ်ရဲခဲ့သည်။ ဤသည်ကို သူ မည်သို့မျှ သည်းမခံနိုင်တော့ပေ။
စိတ်ပျက်အားမလိုအားမရ ဖြစ်နေသည့်ကြားမှ သူသည် မိမိ၏အစ်မကိုပင် ရိုက်နှက်လိုက်ပြီးနောက် လုံချန်းဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
"မင်း... ခွေးကောင်၊ ဒီနေ့တော့ မင်း သေရတော့မယ်" သူ ဟိန်းဟောက်လိုက်သည်။ စကားဆုံးသည်နှင့်တပြိုင်နက် လုံချန်း၏ ရုပ်သွင်မှာ ပျောက်ကွယ်သွားသည်ကို သူ မြင်လိုက်ရ၏။
"ဒီ စိတ်ပျက်စရာကောင်းတဲ့ ပညာရပ်က လာပြန်ပြီ။ အဲဒီကောင်စုတ်ကို ရှာပြီး သတ်ပစ်ကြစမ်း" သူက သူ၏လူများကို အမိန့်ပေးလိုက်သော်လည်း ထိုအချိန်မှာပင် သူ၏လည်ပင်းကို နောက်ကျောဘက်မှ ဆုပ်ကိုင်ခြင်း ခံလိုက်ရလေသည်။
"ဘ... ဘာ..."
သူ၏ စကားပင် မဆုံးလိုက်ပေ။ သူသည် လေထဲသို့ မြှောက်တင်ခြင်း ခံလိုက်ရပြီး မြေပြင်ပေါ်သို့ အရှိန်ဖြင့် ဆောင့်ချခြင်း ခံလိုက်ရတော့သည်။
"ငါ့ကို သတ်မယ် ဟုတ်လား။ လက်တွေ့မကျတဲ့ အဲဒီအိပ်မက်ကို မင်းအသက်ရှင်လျက် မြင်ခွင့်ရပါဦးမလား" လုံချန်းက မင်းသားကို ထပ်မံမြှောက်တင်ရင်း မေးလိုက်သည်။
"မင်း... မိန်းမယုတ်သား..." ကျူးကောင်က ဒေါသတကြီး ဆဲဆိုသော်လည်း မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် ထပ်မံ ဆောင့်ချခြင်း ခံလိုက်ရပြန်၏။
"မင်းကို ငါတို့ သတ်မယ်" မိမိတို့၏ မင်းသားဖြစ်သူ ယခုကဲ့သို့ နှိပ်စက်ညှဉ်းပန်းခံနေရသည်ကို မြင်သောအခါ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများက မိုးကြိုးပစ်သကဲ့သို့ အော်ဟစ်လိုက်ကြသည်။
"ဪ... ဟုတ်လား" လုံချန်းက ကျင့်ကြံသူများကို လှမ်းကြည့်ရင်း ရေရွတ်လိုက်၏။ "မင်းတို့ မင်းသားကို ပြောခဲ့တဲ့ စကားအတိုင်းပဲ ငါ ထပ်ပြောမယ်။ မင်းတို့ ငါ့ကို သတ်နိုင်မယ်လို့ ယုံကြည်နေရင်တောင်မှ ငါ သူ့ကို မသတ်ခင် မင်းတို့ ငါ့ကို အရင်သတ်နိုင်မယ်လို့ ထင်လား။ အဲဒီလို ထင်ရင်တော့ တိုက်ခိုက်လိုက်ကြလေ။ မထင်ရင်တော့ နောက်မှာပဲ ငြိမ်ငြိမ်နေကြစမ်း။ မင်းတို့ ရှေ့တိုးလာတာဟာ သူ့ကို သေတွင်းထဲ ပိုမြန်မြန် ပို့ပေးတာနဲ့ အတူတူပဲ" လုံချန်းသည် ကျူးကောင်၏ လည်ပင်းကို တင်းတင်းဆုပ်ထားရင်း သတိပေးလိုက်သည်။
လုံချန်း၏ ခြိမ်းခြောက်မှုကို ကြားလိုက်ရသောအခါ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ အားလုံး ချက်ချင်း ရပ်တန့်သွားကြတော့သည်။
"မင်းသားကို လွှတ်ပေးလိုက်စမ်း။ မင်းကို ငါတို့ မသတ်ဘူးလို့ ကတိပေးတယ်။ မင်းကြီးဆီပဲ ခေါ်သွားမယ်။ မင်းရဲ့ အပြစ်တွေအတွက် တောင်းပန်လို့ ရပါတယ်။ မင်းက ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာကြောင့် မင်းသားကျူးကောင်ကို ထပ်ပြီး ဒဏ်ရာရအောင် မလုပ်ရင် မင်းကြီးက ခွင့်လွှတ်ပေးကောင်း ပေးလိမ့်မယ်။ ဒါပေမဲ့ မင်းသားကိုသာ တစ်ခုခု လုပ်လိုက်မယ်ဆိုရင်တော့ မင်းရဲ့ ဝိညာဉ်တောင် ကျန်မှာမဟုတ်ဘူး။ မင်းကို ရက်ရက်စက်စက် သတ်ပစ်လိမ့်မယ်"
"ဟုတ်တယ်။ အရှင်မင်းသားကို လွှတ်ပေးလိုက်"
"မင်းသားကို အခုချက်ချင်းလွှတ်။ မဟုတ်ရင် မင်း သေရမယ်"
ကျင့်ကြံသူများက တစ်ယောက်တစ်ပေါက် လုံချန်းကို သတိပေးနေကြသည်။
"မင်းတို့ ကောင်တွေ။ သူ့ကို အသက်ရှင်ခွင့်ပေးဖို့ ဆုံးဖြတ်ရအောင် မင်းတို့က ဘယ်သူတွေမို့လို့လဲ။ သူ့ကို မဖမ်းဆီးရဘူး။ ငါ သေရရင်တောင်မှ သူ့ကို အခုချက်ချင်း အသေပဲ မြင်ချင်တယ်" မင်းသားသည် သူ၏ အသိစိတ်တို့ ပျောက်ဆုံးနေသည့်အလား ဒေါသတကြီး အော်ဟစ်နေတော့သည်။
"အရှင်မင်းသား... သူ့ကို အရှင့်ရဲ့ ခြေထောက်ကို လျှာနဲ့လျက်ခိုင်းပြီး အပြစ်ပေးရင် ဘယ်လိုလဲ။ အဲဒါဟာ သူ့အတွက် ပြစ်ဒဏ်ပဲပေါ့။ အရှင့်ရဲ့ လက်ကတော့ နန်းတော်ကို ပြန်ရောက်ရင် ဆေးကုလို့ ရပါတယ်" ကောင်းကင်ဘုံအဆင့် စစ်သည်တော်တစ်ဦးက ကျူးကောင်ကို စိတ်အေးစေရန် ကြိုးစားရင်း ပြောလိုက်၏။ "ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ။ အရှင့်ကို ဘာအန္တရာယ်မှ မဖြစ်စေချင်လို့ပါ"
"ကောင်းပြီလေ" ကျူးကောင်က ဒေါသထွက်နေဆဲ ဖြစ်သော်လည်း သဘောတူလိုက်သည်။ "မင်း ခွေးကောင်... မင်းသားကို ဒူးထောက်ပြီး ခွေးတစ်ကောင်လို ငါ့ခြေထောက်ကို လျှာနဲ့လျက်မယ်ဆိုရင်တော့ မင်းကို မသတ်ဘဲ ဖမ်းရုံပဲ ဖမ်းမယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ မင်း သေရမယ်။ မင်းတစ်ယောက်တည်း တင်မကဘူး။ မင်းရဲ့ မိသားစုတစ်ခုလုံးကိုပါ အသတ်ခံရစေရမယ်"
လုံချန်းအတွက် အသက်ရှင်လမ်း ချန်ပေးမည်ဟု မင်းသားက သဘောတူလိုက်သည်ကို ကြားသောအခါ ကျင့်ကြံသူများက ပြုံးလိုက်ကြသည်။ လုံချန်းကို အဆုံးစွန်အထိ တွန်းမပို့သရွေ့ မိမိတို့ အလိုရှိရာအား လုံချန်း လုပ်လာအောင် ဆွဲဆောင်နိုင်လိမ့်မည်ဟု သူတို့ ယုံကြည်နေကြခြင်း ဖြစ်သည်။
"ဟုတ်တယ်၊ ဒါဟာ မင်းအတွက် အခွင့်အရေးကောင်းပဲ။ မိစ္ဆာအိုကြီး... ကောင်းကင်ဘုံက မင်းအတွက် အသက်ရှင်လမ်း ဖွင့်ပေးလိုက်ပြီပဲ။ မြန်မြန်လုပ်၊ မင်းသားကို လွှတ်ပေးပြီး သူ့ခြေထောက်ကို လျှာနဲ့လျက်စမ်း။ ဒါဆိုရင် မင်း အသက်ရှင်လိမ့်မယ်။ အခုချက်ချင်း လုပ်တော့"
"ဟုတ်တယ်၊ မင်းသား ပြောတာ မှန်တယ်။ ဒါဟာ မင်းအတွက် နောက်ဆုံး အခွင့်အရေးပဲ။ မလုပ်ဘူးဆိုရင်တော့ မင်း အသတ်ခံရမယ်။ မင်းရဲ့ မိသားစုတစ်ခုလုံးကိုလည်း ငါတို့ ရှာပြီး သတ်ပစ်ဦးမှာ"
ကျင့်ကြံသူများသည် လုံချန်းကို မာန်ပါပါဖြင့် အမိန့်ပေးနေကြတော့သည်။
လုံချန်းသည် ကောင်းကင်ပေါ်မှ စစ်သည်တော်များကို လှမ်းကြည့်ရင်း လှောင်ပြုံး ပြုံးလိုက်၏။ "မင်းတို့ကို အသက်ရှင်ခွင့်ပေးဖို့ ငါ စဉ်းစားနေသေးတာ။ အခုတော့ ငါ့အတွက် ဆုံးဖြတ်ချက်ချရတာ ပိုလွယ်သွားအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" သူက ဆိုလိုက်သည်။
သူသည် ကျူးကောင်၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်အား အင်အားသုံးကာ ချက်ချင်းပင် ချိုးဖျက်ပစ်လိုက်တော့သည်။
ကျူးကောင်၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ ထိုနေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။ မိမိ၏ သေဆုံးခြင်းမှာ ဤမျှ ရုတ်တရက် ဆန်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ လွန်ခဲ့သော စက္ကန့်ပိုင်းကပင် လုံချန်းက သူ၏ခြေထောက်ကို လျက်ပြီးနောက် သူ့ကို မည်သို့ အပြစ်ပေးရမည်အား စိတ်ကူးယဉ်နေခဲ့သူမှာ ယခုတော့ အသက်မဲ့သော အလောင်းတစ်လောင်း ဖြစ်သွားခဲ့လေပြီ။
ကွင်းပြင်တစ်ခုလုံးတွင် လုံချန်းနှင့် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများအကြား တိုက်ပွဲအငွေ့အသက်များ ဖုံးလွှမ်းနေသည်။
နောက်ဘက်တွင်မူ ကျီရှန်သည် သူ၏ ရှေ့မှ လူအပေါ်တွင်သာ အာရုံစိုက်နေဆဲ ဖြစ်၏။
"မင်း... မင်း ငါ့ဆီက အရာအားလုံးကို လုယူသွားခဲ့တယ်။ ပြောစမ်း... ဘာဖြစ်လို့ သူ့ကို သတ်ခဲ့တာလဲ"
"ဟက်... ငါ့ကို သတ်လိုက်စမ်းပါ။ မင်းလို ကောင်စုတ်ဆီမှာ ငါ အသနားခံမှာ မဟုတ်ဘူး။ ငါ့တူမလေးကို ငါ့လက်နဲ့ကိုယ်တိုင် သတ်ခဲ့ရတာဟာ မင်းကြောင့်ပဲ။ အားလုံး မင်းကြောင့်၊ မင်းသာ သူ့ကို မင်းနဲ့အတူ ထွက်ပြေးဖို့ အတင်းအကျပ် မလုပ်ခဲ့ရင် မျိုးနွယ်စုကို ဆန့်ကျင်တဲ့အတွက် သူမအပေါ် ငါ ဒေါသထွက်မှာ မဟုတ်ဘူး။ ငါ့ဒေါသကြောင့် သူ့ကို သတ်မိမှာလည်း မဟုတ်ဘူး။ အားလုံး မင်းကြောင့်ပဲ" ထိုသူက မြေပြင်ပေါ်တွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းရင်း ပြန်ဖြေလိုက်သည်။
သူ၏ နှုတ်ခမ်းများမှ သွေးများ စီးကျနေသလို ရင်ဘတ်အလယ်ရှိ အပေါက်ကြီးမှလည်း သွေးများ စိမ့်ထွက်နေ၏။ သူသည် အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့သည်ကို သိသဖြင့် ကျီရှန့်အား ဒေါသထွက်အောင် ပြောရန် ဝန်မလေးတော့ပေ။
ကျီရှန်သည် ဓားကို ဆွဲထုတ်လိုက်ရင်း မျက်ရည်တစ်ပေါက်က ပါးပြင်ပေါ်သို့ စီးကျလာသည်။
သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ထိုသူ၏ အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်၏။
"သူ့ကို သတ်ခဲ့တဲ့အတွက် မင်း တစ်ခါလေးတောင် နောင်တမရဘူးလား" သူက တိုးတိုးလေး မေးလိုက်သည်။
ထိုသူသည် ကျီရှန့်ကို စိုက်ကြည့်လိုက်ပြီးနောက် ရူးသွပ်သူတစ်ဦးကဲ့သို့ ရယ်မောလိုက်တော့သည်။ "နောင်တ ဟုတ်လား။ ဟားဟားဟား... မင်း နောက်နေတာလား။ အဲဒီမိန်းမယုတ်က မင်းလို အမှိုက်တစ်ယောက်အတွက်နဲ့ ငါတို့မျိုးနွယ်စုကို စွန့်ခွာရဲခဲ့တာလေ။ သူ သေသင့်တယ်။ ငါ နောင်တရတဲ့ အရာတစ်ခုမှ မရှိဘူး။ ဪ... နေဦး၊ နောင်တရတာ တစ်ခုတော့ ရှိသားပဲ။ အဲဒါကတော့ သူနဲ့အတူ မင်းကိုပါ တစ်ခါတည်း သတ်မပစ်ခဲ့မိတာပဲ"
"မင်းက သူ့ရဲ့ ဘဝရော ငါ့ရဲ့ ဘဝကိုပါ ဖျက်ဆီးခဲ့တာ။ မင်းရဲ့ ဝိညာဉ်ဟာ သေပြီးတဲ့နောက်မှာတောင် ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ဘူး။ တကယ်လို့ ကျိန်စာဆိုတာ တကယ်ရှိခဲ့ရင် မင်းကို သေလွန်ပြီးတဲ့နောက်မှာတောင် ဒုက္ခရောက်ပါစေလို့ ငါ ကျိန်စာတိုက်တယ်" ကျီရှန်က ဤသို့ဆိုကာ ရူးသွပ်စွာ ရယ်မောနေဆဲ ဖြစ်သော ထိုသူ၏ လည်ပင်းကို ဓားဖြင့် အားကုန် ပိုင်းချလိုက်လေတော့သည်။