အခန်း (၂၈၃-၂၈၄)
Vol. 29 Ch. 283-284
အခန်း (၂၈၃) - လော့ချန်၏ ကျင့်စဥ်အတွေ့အကြုံဝေမျှခြင်းနှင့် အာဃာတဟောင်းများကို သင်ပုန်းချေခြင်း
ဝမ်ဟိုင်ချောင်၏ ချီးမွမ်းစကားကို ကြားသော်လည်း လော့ချန်၏ မျက်နှာမှာ မည်သည့်အမူအရာမျှ ပြောင်းလဲခြင်း မရှိပေ။
"ဒါက အသေးအဖွဲ လှည့်ကွက်လေးပါဗျာ၊ ပြောပလောက်စရာ မရှိပါဘူး" ဟု တည်ငြိမ်သော အသံဖြင့် ပြန်ပြောလိုက်သည်။
"ကြွပါ မိတ်ဆွေကြီး၊ နေရာမှာ ထိုင်ပါဦး"
ဝမ်ဟိုင်ချောင်သည် အနည်းငယ်မျှ ရှက်ရွံ့ခြင်း မရှိဘဲ ထိုဖိတ်ခေါ်မှုကို လက်ခံလိုက်သည်။ ယခင်က တင်းမာမှုများမှာ ဘယ်သောအခါကမျှ မရှိခဲ့သလိုပင်။ သူသည် ဝတ်ရုံစကို ဝှေ့ယမ်းကာ သူ့အတွက် သတ်မှတ်ထားသော နေရာတွင် ဝင်ထိုင်လိုက်သည်။ သူ၏ အနောက်တွင်မူ မင်လုံယွီနှင့် လီတာတို့က စားပွဲရှည်တွင် စကားတစ်ခွန်းမျှ မဆိုဘဲ နေရာယူလိုက်ကြသည်။
သို့သော် မထိုင်မီ မင်လုံယွီသည် လော့ချန်အား အံ့သြတုန်လှုပ်သော မျက်လုံးများဖြင့် မကြည့်ဘဲ မနေနိုင်ခဲ့ချေ။
‘ဩော်…. အရင် လခြမ်းတောင်ကြား တိုက်ပွဲတုန်းက သူက ချီသန့်စင်အဆင့် ၈ ပဲ ရှိသေးတာ၊ အခုတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေပြီပေါ့၊ သူ အဆင့်တက်တာ ကြွားလုံးထုတ်နေတာလို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ သူ့ရဲ့ စွမ်းအားကတော့ တကယ့်ကို အစစ်အမှန်ပါပဲလား.... သူ အဆင့်တက်တာလဲ မြန်လွန်းတယ်၊ တကယ် မယုံနိုင်စရာပဲ’
သူတစ်ဦးတည်း ထိုသို့တွေးနေခြင်း မဟုတ်ပေ။ နန်ကုန်းချင်နှင့် လီအောက်ကဲ့သို့သော လူငယ်များမှာလည်း အလားတူပင် တုန်လှုပ်နေကြသည်။ တစ်စုံတစ်ဦး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းသွားသည်ဟု ကြားရခြင်းနှင့် ၎င်းကို ကိုယ်တိုင်မြင်တွေ့ရခြင်းမှာ လုံးဝကွာခြားလှသည်။ အထူးသဖြင့် လော့ချန်က ပြင်းထန်လှသော မှော်အတတ်တစ်ခုကို လက်တစ်ချက်ခါယမ်းရုံဖြင့် ဖယ်ရှားလိုက်သည်ကို မြင်တွေ့ရခြင်းမှာ အံ့ဖွယ်ပင်။
အကယ်၍ သူတို့သာဆိုလျှင် ထိုတိုက်ခိုက်မှုကို ခုခံနိုင်ကြမည် မဟုတ်ပေ။ လော့ချန်ကမူ နေရာမှ တစ်ဖဝါးမှမရွေ့ဘဲ ထိုတိုက်ခိုက်မှုကို ပျက်ပြယ်စေခဲ့ခြင်းမှာ ပို၍ပင် အံ့အားသင့်ဖွယ် ကောင်းလှသည်။ ဟွမ်ယွီနန်းဆောင်အတွင်းရှိ လောထျန်းအဖွဲ့ဝင်များမှာလည်း သူတို့ အဖွဲ့ချုပ်ခေါင်းဆောင်၏ အစွမ်းကို မြင်တွေ့ပြီးနောက် ကျောချမ်းသွားကြတော့သည်။
‘ဒါက အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ အစွမ်းပေါ့.... သူက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ခုမှ ရောက်ကာစပဲ ရှိသေးတာလေ’
အခြားသူများ၏ အံ့ဩမှုနှင့်မတူဘဲ နန်ကုန်းကျင်းနှင့် လီရီရှန်းတို့၏ မျက်လုံးများတွင်မူ လေးနက်မှုများ ရှိနေသည်။ လော့ချန်၏ လက်တစ်ချက်ခါယမ်းလိုက်ခြင်းမှာ ရိုးရှင်းလှသည်ဟု ထင်ရသော်လည်း ၎င်းတွင် နက်ရှိုင်းသော လျှို့ဝှက်ချက်များ ပါဝင်နေသည်မှာ သိသာလှသည်။ ၎င်းမှာ မည်သည့်အတတ်ပညာမျိုးပါလိမ့်ဟု တွေးနေမိကြသည်။
အမှန်စင်စစ် ဝမ်ဟိုင်ချောင်၏ စမ်းသပ်မှုမှာ မထင်မှတ်ထားသော အရာမဟုတ်ပေ။ အခြေခံတည်ဆောက်ခြင်း သို့မဟုတ် ဝိညာဉ်သန္ဓေတည်အဆင့် ဂုဏ်ပြုပွဲများတွင် တစ်စုံတစ်ဦးက ယဉ်ကျေးမှုအရ စမ်းသပ်မှုများ ပြုလုပ်လေ့ရှိသည်။ ၎င်းမှာ အိမ်ရှင်ကို အရှက်ခွဲရန် မဟုတ်ဘဲ အချင်းချင်း အဆင့်အတန်းတူညီကြောင်း သတ်မှတ်ရန် ဖြစ်သည်။
နန်ကုန်းကျင်းမှာ လော့ချန်နှင့် မဟာမိတ်ဖြစ်နေသဖြင့် သူ့ဘက်မှ စမ်းသပ်ရန် မသင့်တော်ပေ။ လီရီရှန်းမှာလည်း လော့ချန်အား နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်းကို လျှို့ဝှက်ရောင်းချထားသူဖြစ်ရာ ထိုသို့သော နေ့ထူးနေ့မြတ်တွင် သူမက စိန်ခေါ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ထိုတာဝန်မှာ သဘာဝကျကျပင် ဝမ်ဟိုင်ချောင်ထံ ကျရောက်သွားခြင်း ဖြစ်သည်။
ပထမအချက်မှာ သူနှင့် လော့ချန်ကြားတွင် အာဃာတဟောင်းများ ရှိခဲ့ဖူးသည်။ ၎င်းမှာ ခိုင်လုံသော အကြောင်းပြချက် ဖြစ်သည်။ ဒုတိယအချက်မှာ အကယ်၍ လော့ချန်က ထိုတိုက်ခိုက်မှုကို ပြုံးပြုံးလေးနှင့် ခုခံလိုက်ပါက အာဃာတဟောင်းများကို မေ့ပျောက်ကာ ပြန်လည်သင့်မြတ်သွားကြမည် ဖြစ်သည်။ လော့ချန် အနည်းငယ် နောက်ဆုတ်သွားပါကလည်း သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်သွားသော်လည်း သူတို့ကဲ့သို့ ဝါရင့်သူများကို ရိုသေမှုပြရဦးမည်ဟု ပြသရာရောက်ပေလိမ့်မည်။
သို့သော် သူတို့အားလုံး အံ့ဩသွားရသည်မှာ လော့ချန်သည် တောင်ကြီးတစ်လုံးကဲ့သို့ မတုန်မလှုပ် ရှိနေပြီး ထိုတိုက်ခိုက်မှုကို ချက်ချင်းပင် ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ၎င်းက သူသည် သူတို့နှင့် အဆင့်အတန်းတူရုံသာမက သူတို့ အလေးထားဆက်ဆံရမည့်သူ ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။ ဤပြသမှုမှာ ကျင့်ကြံမှုအဆင့်ကိုသာမက သူ၏ ထိန်းချုပ်နိုင်စွမ်း၊ ယုံကြည်ချက်နှင့် အနက်ရှိုင်းဆုံးသော အခြေခံကိုပါ ဖော်ပြလိုက်ခြင်း ဖြစ်သည်။
လော့ချန်သည် လူတိုင်း၏ စိတ်ထဲမှ အတွေးများကို သူတို့၏ မျက်နှာတွင် ရေးထားသကဲ့သို့ မြင်နေရသည်။ သို့သော် သူ၏ မျက်နှာထားမှာမူ ဘာကိုမှ ခန့်မှန်း၍ မရနိုင်ပေ။ သူသည် အနားတွင်ရှိသော စီမာဟွေ့နန်ကို ခေါင်းညိတ်ပြလိုက်သည်။ သူမက လက်ခုပ်တီးလိုက်သည်နှင့် မကြာမီမှာပင် အပြင်ဘက်မှ ထူးခြားကောင်းမွန်သော စားသောက်ဖွယ်ရာများ ရောက်ရှိလာတော့သည်။
ခွက်ချင်းတိုက်သံများနှင့် သက်ဝင်လှုပ်ရှားသော စကားပြောသံများမှာ နန်းဆောင်အတွင်း ပြည့်နှက်သွားပြီး ယခင်က တင်းမာမှုများအစား နွေးထွေးသော ဂုဏ်ပြုမှုများဖြင့် အစားထိုးလိုက်လေပြီ။
စားသောက်ပွဲ ထက်ဝက်ခန့် ရောက်ရှိလာချိန်တွင် လော့ချန်သည် အခြားသော အခြေခံတည်ဆောက်သူ သုံးဦးနှင့်အတူ အခြေခံတည်ဆောက်ခြင်းအဆင့်ဆိုင်ရာ အတွေ့အကြုံများကို စတင်ဆွေးနွေးလေတော့သည်။
“ကျွန်တော်တို့ ကျင့်ကြံသူတွေဟာ....” လော့ချန်က တည်ငြိမ်သော်လည်း ပြတ်သားသော လေသံဖြင့် စတင်ပြောကြားလိုက်သည်။
“ချီစွမ်းအားကို အခြေခံအဖြစ် သန့်စင်ပြီး ဝိညာဉ်ကို အထောက်အပံ့အဖြစ် လေ့ကျင့်ကြရပါတယ်၊ ဒါကြောင့် ချီစွမ်းအားရဲ့ အတားအဆီးဟာ အဆင့်တက်ဖို့အတွက် အကြီးမားဆုံး အခက်အခဲလို့ လူတွေ မြင်ကြတာပေါ့….”
“ဒီအတားအဆီးနဲ့ ရင်ဆိုင်ရတဲ့အခါ လူအများစုက ထူးခြားတဲ့ ဆေးလုံးတွေနဲ့ အခြားအစွမ်းတွေကို အသုံးချပြီး အတင်းအကြပ် ဖြတ်ကျော်ဖို့ ကြိုးစားကြတယ်၊ ဒါနဲ့ပတ်သက်လို့ ပြောစရာ အများကြီးမရှိပါဘူး၊ ဘာလို့လဲဆိုတော့ ဒါက အရင်းအမြစ်တွေအပေါ်မှာပဲ မူတည်နေလို့ပါ….”
“ကျွန်တော် ပြောချင်တာကတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းချိန်မှာ စိတ်ဝိညာဉ်ရဲ့ အရေးပါပုံအကြောင်းပဲ ဖြစ်ပါတယ်၊ ဧရာမ ချီစွမ်းအားတွေကို တည်ငြိမ်စွာ ထိန်းချုပ်ပြီး ဒန်ထျန်းကို ဖွင့်လှစ်တာပဲဖြစ်ဖြစ်၊ အခြေခံကို ပြန်လည်တည်ဆောက်တာပဲဖြစ်ဖြစ်၊ ပေါက်ကွဲထွက်လာတော့မယ့် စွမ်းအားတွေကို ထိန်းချုပ်ပြီး ဝိညာဉ်အရည်အဖြစ် ပြောင်းလဲတာပဲဖြစ်ဖြစ်.... ခင်ဗျားတို့ရဲ့ စိတ်ဝိညာဉ်ဟာ အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်၊ တကယ်လို့ ခင်ဗျားတို့ရဲ့ စိတ်ဝိညာဉ်က အားနည်းနေမယ်ဆိုရင် ကံကောင်းလို့ အဆင့်တက်သွားရင်တောင်မှ....”
လော့ချန် တည်ငြိမ်စွာနှင့် ယုံကြည်ချက်အပြည့်ဖြင့် ဆက်လက်ပြောကြားနေစဉ် ခန်းမအတွင်းရှိ လူများမှာ မှင်သက်သွားကြတော့သည်။ ခန်းမအတွင်းရှိ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ အားလုံးမှာ သူတို့လုပ်နေသည့် အလုပ်များကို ရပ်လိုက်ကြသည်။ လူတိုင်း၏ အကြည့်မှာ လော့ချန်ထံသို့ ရောက်ရှိနေပြီး အသက်ရှူသံပင် မကြားရတော့ချေ။ လူတိုင်းက လော့ချန်၏ စကားတစ်လုံးချင်းစီကို အလေးအနက်ထား၍ နားထောင်နေကြသည်။
နက်ရှိုင်းသော အချက်အလက်တစ်ခုကို လော့ချန် ပြောလိုက်တိုင်း သူတို့သည် စိတ်ထဲမှ အဖန်ဖန် ရေရွတ်ကာ မှတ်သားထားကြသည်။ ကျန်းဝမ်နှင့် အဘွားယွမ်တို့ကဲ့သို့ အဆင့်တက်ရန် လမ်းစ ပိတ်နေသူများပင်လျှင် ရိုသေစွာ နားထောင်နေကြသည်။ သူတို့ကိုယ်တိုင်အတွက် အသုံးမဝင်နိုင်တော့သော်လည်း နောင်လာနောက်သားများကို ပြန်လည် လက်ဆင့်ကမ်းနိုင်ရန်အတွက် ဖြစ်သည်။
နားထောင်သူများထဲတွင် နန်ကုန်းချင်၊ လီအောက်၊ မင်လုံယွီနှင့် လီတာတို့ လေးဦးမှာ အထူးပင် အာရုံစိုက်နေကြသည်။ သူတို့၏ အကြီးအကဲများက သူတို့အား ဤပွဲသို့ ခေါ်လာရခြင်းမှာ ယခုကဲ့သို့ အခြေခံတည်ဆောက်သူအသစ်တစ်ဦး၏ တရားဟောကြားမှုကို နားထောင်စေလို၍ ဖြစ်သည်။ ၎င်းမှာ လာရကျိုးနပ်လှပေသည်။
ဤအစဉ်အလာမှာ အထူးအဆန်းမဟုတ်ပေ။ အဆင့်တက်သည့် ဂုဏ်ပြုပွဲတိုင်းတွင် အဆင့်တက်သူက မိမိ၏ အတွေ့အကြုံများကို မျှဝေလေ့ရှိပြီး ၎င်းမှာ အခြားသူများအတွက် လက်ဆောင်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ဧည့်သည်တော်များမှာလည်း ထိုအကျိုးကျေးဇူးကို ရယူရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။
လော့ချန်၏ ပြောကြားမှုမှာ တစ်နာရီခန့် ကြာမြင့်ခဲ့သည်။ လူတိုင်းမှာ နတ်ဝင်စားသကဲ့သို့ နားထောင်နေကြပြီး စကားတစ်လုံးမှ လွတ်မသွားအောင် ဂရုစိုက်နေကြသည်။ သူ ပြောကြားပြီးသွားသောအခါ နန်းဆောင်အတွင်း၌ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် နူးညံ့သိမ်မွေ့သော လက်ခုပ်တီးသံ ထွက်ပေါ်လာသည်။
လီရီရှန်း၏ မျက်လုံးများမှာ တောက်ပနေပြီး သူမ ချီးကျူးစကား ဆိုလိုက်သည်။
"မိတ်ဆွေမှာ အခြေခံတည်ဆောက်ခြင်းအပေါ် ဒီလောက်အထိ နက်ရှိုင်းတဲ့ နားလည်မှု ရှိလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး၊ ကျွန်မ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပေမဲ့ မိတ်ဆွေ အခုပြောသွားတဲ့ သိမ်မွေ့တဲ့ အချက်အလက်အချို့ကို မစဉ်းစားမိခဲ့ဘူး၊ တကယ်ကို ဉာဏ်အလင်း ရသွားစေတဲ့ စကားတွေပါပဲ"
"မိတ်ဆွေလီ.... ကျွန်တော့်ကို အမွှန်းတင်လွန်းနေပါပြီ" ဟု လော့ချန်က ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
"မိတ်ဆွေလီရဲ့ ဗဟုသုတတွေနဲ့ ယှဉ်ရင် ကျွန်တော်ပြောတာတွေက သာမန်အမြင်လေးတွေပါပဲ"
‘ယဉ်ကျေးတဲ့ ချီးကျူးစကားလေးတွေက ဘယ်သူ့ကိုမှ မထိခိုက်စေပါဘူး၊ လူတွေက မြှောက်ပင့်တာကို ကြိုက်ကြတာပဲလေ’
သူ စိတ်ထဲမှ တွေးလိုက်သည်။
သို့သော် ဝမ်ဟိုင်ချောင်၏ နောက်ထပ်စကားများက လော့ချန်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။ ဝမ်ဟိုင်ချောင်သည် မှင်သက်နေသော မျက်လုံးများဖြင့် ထိုင်နေရင်း ဆိုသည်။
"ဩော်.... အဲ့ဒါကြောင့်ကိုး၊ ကျုပ် လွန်ခဲ့တဲ့နှစ်တွေက အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံးကို ဝယ်ပြီး အတင်းအကြပ် အဆင့်တက်ခဲ့တာ၊ အဲဒီတုန်းက တော်တော်လေး ဒုက္ခရောက်ခဲ့သလို ရှုပ်ရှုပ်ထွေးထွေးနဲ့ပဲ ကံကောင်းလို့ အောင်မြင်ခဲ့တာပေါ့၊ အောင်မြင်သွားပေမဲ့လည်း ကျုပ်ရဲ့ ဝိညာဉ်အင်အားက တော်တော်လေး ထိခိုက်သွားခဲ့တယ်၊ တကယ်လို့ အဲဒီတုန်းက မိတ်ဆွေလော့ရဲ့ ဒီစကားတွေကို နားထောင်ခဲ့ရမယ်ဆိုရင် ကျုပ် အခုလောက် ထိခိုက်မှာ မဟုတ်ဘူး”
လော့ချန် မျက်တောင်ခတ်လိုက်မိပြီး ခဏတာ ဆွံ့အသွားသည်။ ဝမ်ဟိုင်ချောင်ထံမှ ဤမျှလောက်အထိ ရိုးသားသော စကားမျိုး ထွက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
မလှမ်းမကမ်းတွင် နန်ကုန်းကျင်းက နန်ကုန်းချင်းကို တီးတိုး မေးလိုက်သည်။
“ချင်လေး.... အားလုံး မှတ်မိရဲ့လား”
နန်ကုန်းချင်းက ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။ သူ၏ နှုတ်ခမ်းများမှာလည်း ဆုံးဖြတ်ချက် ခိုင်မာမှုကြောင့် တင်းစေ့နေသည်။ ထိုဟောကြားမှုမှာ သူ၏ ဖခင် သင်ကြားပေးခဲ့သည်ထက်ပင် ပိုမို ရှင်းလင်းပြီး တိကျလှပေသည်။ သူ၏ စိတ်ထဲတွင် ယုံကြည်ချက်တစ်ခု ဖြစ်ပေါ်လာသည်။
‘တကယ်လို့ အခုသာ တစ်ယောက်ယောက်က ငါ့ကို အခြေခံတည်ဆေးလုံး ပေးမယ်ဆိုရင် ငါ အဆင့်တက်ဖို့ ဝံ့ဝံ့စားစား ကြိုးစားကြည့်လိုက်မှာပါ’
သူတို့၏ မျက်နှာအမူအရာများကို ကြည့်ရင်း မိမိ၏ စကားများမှာ မည်မျှ အလေးအနက်ရှိကြောင်း လော့ချန် သဘောပေါက်သွားသည်။ သူသည် ရည်ရွယ်ချက်မရှိဘဲ တန်ဖိုးရှိသော အမှန်တရားများကို ဖော်ထုတ်လိုက်မိခြင်း ဖြစ်သည်။
လော့ချန်ကဲ့သို့ အခြေတည်ဆေးလုံးနှင့် ဆေးပစ္စည်း ငါးစုံစာလုံးကို အသုံးပြုပြီး အဆင့်တက်ရန် ကြိုးစားသူမှာ ကျင့်ကြံခြင်းလောကတွင် အလွန်ရှားပါးလှသည်။ အထူးသဖြင့် သူ၏ ပြင်းထန်လှသော စိတ်ဝိညာဉ်စွမ်းအားကြောင့် သူသည် ကြိုးစားမှုတိုင်းတွင် ဖြစ်ပေါ်လာသော သိမ်မွေ့လှသော အပြောင်းအလဲများကို အသေးစိတ် လေ့လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ထိုးထွင်းသိမြင်မှုမှာ သာမန်ကျင့်ကြံသူတစ်ဦးအတွက် ရရှိရန် မဖြစ်နိုင်ပေ။ ဝမ်ဟိုင်ချောင်၊ လီရီရှန်း သို့မဟုတ် နန်ကုန်းကျင်းကဲ့သို့သော ဝါရင့်သူများပင်လျှင် သူတို့ အဆင့်တက်စဉ်က ကံတရားအပေါ်တွင် အများကြီး မူတည်ခဲ့ကြသဖြင့် လော့ချန်ကဲ့သို့ အသေးစိတ် မပြောနိုင်ကြခြင်း ဖြစ်သည်။
ဤသည်ကို သိလိုက်ရသောအခါ လော့ချန် ခပ်တိုးတိုး ရယ်မောလိုက်မိသည်။ သူသည် ရည်ရွယ်ချက်မရှိဘဲ သူတို့အား တန်ဖိုးရှိသော လက်ဆောင်တစ်ခု ပေးလိုက်မိပြီ ဖြစ်သည်။
‘ရှိပါစေတော့’
သူသည် အောက်တွင် ထိုင်နေကြသော ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူများကို ကြည့်ရင်း တွေးလိုက်သည်။
‘သူတို့ထဲက ဘယ်နှစ်ယောက်က ဒီနေ့စကားတွေကြောင့် အကျိုးရှိသွားမလဲ၊ ဘယ်နှစ်ယောက်က အောင်မြင်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပဲ’
လော့ချန်၏ တရားဟောကြားမှု ပြီးဆုံးပြီးနောက် အခမ်းအနားကို ဆက်လက်လုပ်ဆောင်ကြသည်။ ယခုအခါ အခြားသော အခြေခံတည်ဆောက်သူ သုံးဦးက သူတို့၏ အတွေ့အကြုံများကို ပြန်လည်မျှဝေရန် အလှည့်ရောက်လာပြီ ဖြစ်သည်။
“ကျွန်မ အရင်စပါရစေ” ဟု လီရီရှန်းက ယဉ်ကျေးသော အပြုံးဖြင့် ပြောလိုက်သည်။ သူမသည် ပရိသတ်ကို တည်ငြိမ်စွာ မျက်နှာမူလိုက်သည်။ သူမသည် လူအများ ထင်ထားကြသကဲ့သို့ အေးစက်ခက်ထန်သည့် ပုံရိပ်မျိုး လုံးဝမရှိချေ။
“မိတ်ဆွေ နည်းနည်းပဲ ပြောလိမ့်မယ်လို့ ကျွန်မ ထင်ထားခဲ့တာ” ဟု သူမ မျက်လုံးများ တောက်ပရင်း ပြောလိုက်သည်။
“ဒါပေမဲ့ မိတ်ဆွေက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကို ထုတ်ပြလိုက်တာပဲ၊ အခု ကျွန်မက ဘာမှမပြောဘဲ နေမယ်ဆိုရင်တော့ ရိုင်းရာကျပါလိမ့်မယ်”
သူမ လော့ချန်ကို ကြည့်ကာ ပြုံးလိုက်သည်။ သူမ၏ အသံမှာ တိုးသော်လည်း ရှင်းလင်းလှသည်။
"ကျွန်မကတော့ အသက် ၈ နှစ်မှာ စတင်ကျင့်ကြံခဲ့တယ်၊ ၁၂ နှစ်မှာ ချီသန့်စင်အဆင့် ရောက်ခဲ့တယ်၊ ချီသန့်စင်အထွတ်အထိပ်ကို ရောက်ဖို့ နှစ်ပေါင်း ၃၀ လောက် အချိန်ယူခဲ့ရပြီး၊ အခုတော့ အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ကျင့်ကြံလာတာ နှစ်ပေါင်း ၈၀ ကျော်ပါပြီ....”
“တိုက်ခိုက်ရေး စွမ်းရည်မှာတော့ ကျွန်မက သာမညအဆင့်ပါပဲ.... ဒါပေမဲ့ ကျွန်မမှာ ယင်ဓာတ် မှောင်ရိပ်စမ်းအားနဲ့ နွယ်မြက်သစ်ပင် လမ်းစဉ်တွေအပေါ် ထိုးထွင်းသိမြင်မှုတွေ ရှိပါတယ်၊ ကျွန်မရဲ့ အမြင်အရတော့ နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်း ကနေ ရရှိတဲ့ ချီစွမ်းအားတွေဟာ သိပ်သည်းပြီး ခိုင်ခံ့မှုရှိတာကြောင့် နာမည်ကြီးပါတယ်.... အဲဒါကြောင့်လဲ ကျင့်ကြံတဲ့အခါမှာ...."
လီရီရှန်းက စတင် ဟောကြားလိုက်သည်နှင့် လူတိုင်းမှာ အစွမ်းကုန် အာရုံစိုက်လိုက်ကြသည်။ သို့သော် သူမ၏ စကားများမှာ မြူခိုးများကဲ့သို့ ဝေဝါးနေသဖြင့် အများစုမှာ အဓိပ္ပာယ်ကို ကောင်းကောင်း နားမလည်ကြချေ။
လော့ချန် တစ်ဦးတည်းသာလျှင် မျက်လုံးများ ဝင်းလက်လျက် နားထောင်နေပြီး စကားလုံးတိုင်းမှာ သူ၏ စိတ်ကို လှုပ်ရှားစေသည်။ သူမ ပြောသမျှ အရာအားလုံးမှာ သူသိလိုသည်များနှင့် ထပ်တူကျနေသဖြင့် စိတ်ထဲတွင် ကျေးဇူးတင်နေမိသည်။
‘အင်း.... လီရီရှန်း.... လီရီရှန်း.... တကယ့်ကို ထူးခြားတဲ့ အမျိုးသမီးပါလား’
သူမသည် နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်းကို လော့ချန် ကျင့်ကြံနေကြောင်း သိပြီး ယခုအခါ သူမ၏ နှစ်ပေါင်းများစွာစာ အတွေ့အကြုံများကို ရက်ရက်ရောရော မျှဝေပေးနေခြင်း ဖြစ်သည်။ သူမ အချို့အချက်များကို ချန်ထားခဲ့လျှင်တောင်မှ သူမပြောသမျှမှာ သူ့အတွက် အလွန်ပင် အကျိုးရှိလှသည်။ ယခင်က ရှေ့ဆက်ရမည့် လမ်းစဉ်အတွက် ဝေဝါးနေခဲ့သော်လည်း ယခုအခါ လော့ချန်သည် ပိုမိုရှင်းလင်းသော လမ်းကြောင်းတစ်ခုကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
‘ဒါကြောင့်ကိုး.... အခြေခံတည်ဆောက်ခြင်းဆိုတာ ချီသန့်စင်အဆင့်နဲ့ လုံးဝကွာခြားတဲ့ အဆင့်တစ်ခုပဲ’
လီရီရှန်း ပြောကြားပြီးသွားသောအခါ လော့ချန်က သူမအား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
"ဒီလို သေသေချာချာဝေမျှပေးလို့ ကျေးဇူးတင်ပါတယ် မိတ်ဆွေလီ"
ထိုအခါ လီရီရှန်းက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ထိုကျေးဇူးတင်စကားကို လက်ခံလိုက်သည်။
ထို့နောက်တွင် နန်ကုန်းကျင်းနှင့် ဝမ်ဟိုင်ချောင်တို့ကလည်း သူတို့၏ အတွေ့အကြုံများကို အလှည့်ကျ မျှဝေကြသည်။ တစ်ဦးက နှင်းခဲဓာတ်ကျင့်စဉ်ကို ကျင့်ကြံပြီး၊ နောက်တစ်ဦးက ရေဓာတ်ကျင့်စဉ်ကို အားပြုသည်။ သူတို့၏ လမ်းစဉ်မှာ လော့ချန်နှင့် မတူသော်လည်း သူတို့၏ ထိုးထွင်းသိမြင်မှုများမှာ လော့ချန်အတွက် အခြားတစ်ဖက်မှ အထောက်အကူ ဖြစ်စေသည်။
ထိုသို့ဖြင့် အခြေခံတည်ဆောက်ခြင်း ဂုဏ်ပြုအခမ်းအနားမှာ နေဝင်ချိန်အထိ ဆက်လက်ကျင်းပခဲ့သည်။ ထိုအချိန်တွင် အပြင်ဘက်ရှိ လောထျန်းအဖွဲ့ဝင်များ၏ ပွဲတော်မှာလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။
ဟွမ်ယွီနန်းဆောင်၏ တံခါးများကို ဖြည်းညှင်းစွာ ပိတ်လိုက်ကြသည်။ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ အားလုံးမှာ အလိုက်သိစွာ ထွက်ခွာသွားကြပြီး နန်းဆောင်အတွင်း၌ အခြေခံတည်ဆောက်သူ လေးဦးသာ ကျန်ရှိတော့ကာ အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးကြလေတော့သည်။
အပြင်ဘက်တွင် စီမာဟွေ့နန်က ကျန်ရှိနေသော ဧည့်သည်များကို ဧည့်ခံနေသည်။ သူမ မမျှော်လင့်ထားသည်မှာ နန်ကုန်းချင်သည် သူမကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် ချင်လျန်ချန်းတို့ ဇနီးမောင်နှံထံသို့ တန်းတန်းမတ်မတ် လျှောက်သွားခြင်း ဖြစ်သည်။
"ဟမ်"
ချင်လျန်ချန်းက မျက်မှောင်ကြုတ်လိုက်ပြီး ချဉ်းကပ်လာသော လူရိပ်ကို စိုက်ကြည့်လိုက်သည်။ သူ၏ သတိကြီးစွာ ထားနေသော အမူအရာကို မြင်သောအခါ နန်ကုန်းချင်က လျော့ရဲရဲ ပြုံးလိုက်သည်။
"ပြီးခဲ့တာတွေ သင်ပုန်းချေလိုက်ကြအောင်ပါ မိတ်ဆွေချင်၊ အဲ့ဒီတုန်းက ကျုပ်တို့ဟာ ကိုယ်တာဝန်ရှိတဲ့အတိုင်း လုပ်သင့်လုပ်ထိုက်တာ လုပ်ခဲ့ကြရုံပါ.... ကျုပ်ဘက်က လွန်တာတွေရှိရင်လဲ တောင်းပန်ပါတယ်ဗျာ...."
ဟိုယခင် လခြမ်းတောင်ကြား ဝိုင်းရံပိတ်ဆို့မှုအတွင်း၌ ချင်လျန်ချန်း၏ စစ်ကူများကို ခြုံခိုတိုက်ခိုက်ရန် မျိုးနွယ်စု ကျင့်ကြံသူများကို ဦးဆောင်ခဲ့သူမှာ နန်ကုန်းချင်ပင် ဖြစ်သည်။ အဆုံးတွင်မူ ချင်လျန်ချန်းသည် ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ရရှိသော တိုက်ကွက် အပြင်းစားတစ်ခုကို ထုတ်သုံးခဲ့သဖြင့် နှစ်ဖက်စလုံးတွင် အသေအပျောက် များပြားခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့် နှစ်ဖက်စလုံးမှာ မခံမရပ်နိုင် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရသည်။ တာဟဲဈေးမြို့တော်တွင် ခြေကုပ်ယူရန် ကြိုးစားနေသော နန်ကုန်း မျိုးနွယ်စုသည် ချင်လျန်ချန်းကို အရှင်ရရ အသေရရ ဖမ်းဆီးရန်အတွက် ဆုငွေပင် ထုတ်ခဲ့ဖူးသည်။
သို့သော် လော့ထျန်းအဖွဲ့ကို တည်ထောင်ပြီးနောက် မြောင်ဝမ်၏ မျက်နှာကြောင့် နန်ကုန်းမျိုးနွယ်စုသည် ထိုဆုငွေကို တိတ်တဆိတ် ပြန်လည် ရုပ်သိမ်းခဲ့သည်။ သူတို့ဘက်မှ အရင်ဆုံး ဖမ်းစီးမိန့်ကို ပြန်လည် ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ ထိုအဖြစ်အပျက်များ ဖြစ်ပျက်ပြီး အချိန်အတော်ကြာမှ နန်ကုန်းချင်၏ တောင်းပန် စကားကို ကြားလိုက်ရသဖြင့် ချင်လျန်ချန်းမှာ ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်နေတော့သည်။
ချင်လျန်ချန်းသည် ထိပ်တိုက်မကျေပွဲကို မျှော်လင့်ထားခဲ့သော်လည်း ဤသို့ နှိမ်ချတောင်းပန်မှုကိုမူ မမျှော်လင့်ထားခဲ့ချေ။ သူသည် ထိုကဲ့သို့သော လူမှုရေး ကိစ္စရပ် များတွင် မကျွမ်းကျင်သော်လည်း လောကဝတ်ကို ကောင်းစွာ နားလည်သော မုရုံချင်းလျန်ကမူ လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းလိုက်သည်။
သူမ နူးညံ့စွာ ပြုံးလိုက်ပြီး ဆိုသည်။
"အမှန်ပါပဲ မိတ်ဆွေ နန်ကုန်းချင်ရယ်၊ အခုပြောသလိုပါပဲ၊ တိုက်ပွဲတိုင်းမှာ ကိုယ်စီကိုယ်ငှ တာဝန်အရပဲ တိုက်ကြခိုက်ကြရတာပါ၊ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူးလေ.... ပြီးတော့ အဲ့ဒီတုန်းက မိတ်ဆွေတို့ဘက်က အနိုင်ရပြီးရောဆိုပြီး မတိုက်ခိုက်ခဲ့တာလဲ ကျွန်မတို့အသိပါပဲ၊ ကျွန်မ ခင်ပွန်းနဲ့ စီးချင်းထိုး တစ်ဦးချင်း တရားမျှတတဲ့ စိန်ခေါ်မှုကိုပဲ ရွေးချယ်ခဲ့တာလေ"
ထိုတိုက်ပွဲ၏ အသေးစိတ်ကို ပြင်ပလူများ မသိကြပေ။ သို့သော် သူတို့နှစ်ဦးမှာမူ ကောင်းကောင်းသိကြသည်။ ထိုစဉ်က နန်ကုန်းချင်သည် လူကြီးလူကောင်းဆန်ခဲ့သည်။ သူသည် ချင်လျန်ချန်းကို အုပ်စုလိုက် ဝိုင်းမတိုက်ဘဲ တစ်ဦးချင်း ယှဉ်ပြိုင်ရန်သာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ လူငယ်သဘာဝ မာန်တက်ခြင်းကြောင့်လား သို့မဟုတ် မိမိ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုခြင်းကြောင့်လား ဆိုသည်မှာ ပြောရခက်သော်လည်း သူသည် သာမန်တစ်ကိုယ်တော်ကျင့်ကြံသူများထက် အဆင့်အတန်းမြင့်ကာ ဂုဏ်သိက္ခာရှိသူ ဖြစ်ကြောင်းတော့ ထင်ရှားလှသည်။
သူမ ဤမျှ ပါးနပ်စွာ ပြောဆိုလိုက်သဖြင့် နန်ကုန်းချင်မှာ နေသာထိုင်သာ ရှိသွားကာ တင်းမာမှုများ ပြေလျော့သွားတော့သည်။
"ဒါပေမဲ့လဲဗျာ၊ ကျုပ်တို့ဘက်ကြောင့် မိတ်ဆွေ ချင်လျန်ချန်းရဲ့ လက်တစ်ဖက် ဆုံးရှုံးခဲ့ရတာပါ၊ အခု ကျုပ်တို့ မျိုးနွယ်စုနဲ့ လော့ထျန်းက မဟာမိတ်တွေ ဖြစ်နေပြီ ဆိုတော့ ဒီလို အာဃာတတွေကို ဆက်ပြီး ထားရှိဖို့ မသင့်တော်တော့ဘူးလေ.... ဒါနဲ့ အရင်ရက်တုန်းက ကံကောင်းထောက်မပြီး သတ္တဒွါရ ပဒုမ္မာကြာစွယ် တစ်ခုကို ရလိုက်တယ်ဗျ"
သတ္တဒွါရ ပဒုမ္မာကြာစွယ် ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ချင်လျန်ချန်း၏ မျက်နှာမှာ သိသိသာသာ တုန်လှုပ်သွားသည်။ မုရုံချင်းလျန်ပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားသွားတော့သည်။
"ကြာစွယ်ပိုင်းလေး တစ်ခုပဲ ဖြစ်လို့ ခန္ဓာကိုယ်တစ်ခုလုံးကိုတော့ ပြန်ပြီး မတည်ဆောက်နိုင်ပါဘူး၊ ဒါပေမဲ့ ဆုံးရှုံးသွားတဲ့ လက်တစ်ဖက်ကို ပြန်ရဖို့အတွက်တော့ လုံလောက်ပါတယ်.... သူ့ရဲ့ အာဟာရစွမ်းအင်တွေက သွေးကြောတွေကို အပြည့်အဝ ပြန်ကောင်းစေမှာ ဖြစ်လို့ တာအိုလမ်းစဉ်ကို ကျင့်ကြံတဲ့အခါ အဟန့်အတားတွေကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်"
ထိုစကားကို ပြောပြီးနောက် သူ၏ လက်ကောက်ဝတ်ကို လှည့်လိုက်ရာ လက်ဝါးခန့် အရွယ်ရှိသော ကြာစွယ်အပိုင်းတစ်ခု ပေါ်လာသည်။ ထိုကြာစွယ်တွင် အပေါက် ခုနစ်ပေါက် ပါရှိပြီး မျက်နှာပြင်မှာ ကျောက်စိမ်းကဲ့သို့ ဖြူစင်လှသည်။ အပေါက် ခုနစ်ပေါက်အတွင်း၌ ချီစွမ်းအားမျှင်လေးများမှာ ကြာမျှင်များအလား အဆုံးမရှိ စီးဆင်းနေကြသည်။
"ဒါကို ကျွန်တော် မိတ်ဆွေချင်ကို ပေးချင်ပါတယ်၊ အတိတ်က ရန်ငြိုးတွေကို မေ့လိုက်ကြပြီး နောင်အနာဂတ်မှာ အတူတူလက်တွဲကြတာပေါ့ဗျာ...."
နန်ကုန်းချင်၏ ရိုးသားသော အကြည့်ကို ရင်ဆိုင်လိုက်ရချိန်တွင် ချင်လျန်ချန်းမှာ တွန့်ဆုတ်နေမိသည်။
"အို.... သိပ်တန်ဖိုးရှိတဲ့လက်ဆောင်ပါပဲရှင်.... ကျေးဇူးအများကြီးတင်ပါတယ် မိတ်ဆွေရယ်...."
သူ မတုံ့ပြန်ရသေးခင်မှာပင် မုရုံချင်းလျန်သည် နန်ကုန်းချင်း၏ လက်ထဲမှ ကြာစွယ်ကို အမြန် လှမ်းယူလိုက်သည်။ ချင်လျန်ချန်းကို လှည့်ကြည့်လိုက်သော သူမ၏ အကြည့်များထဲတွင် စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်နှင့် တောင်းဆိုမှုများ ပြည့်နှက်နေသည်။
"ယောက်ျားရယ်.... အတိတ်က အရာတွေ သင်ပုန်းချေလိုက်ပါတော့နော်”
သူမကို ထိုသို့ မြင်လိုက်ရသောအခါ ချင်လျန်ချန်းက သက်ပြင်းချလိုက်ပြီး သူမ၏ရှေ့သို့ လှမ်းတက်လိုက်သည်။ သူသည် နန်ကုန်းချင်ကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"ဟို.... အဲ့ဒီတုန်းက ကျုပ်ဘက်ကလဲ အရမ်းမှားသွားခဲ့ပါတယ်၊ အခု မိတ်ဆွေဘက်ကစပြီး ပြေပြေလည်လည် ပြောလာတော့လဲ ကျုပ်ဘက်က အတိုင်းထက်အလွန်ပေါ့ဗျာ.... တစ်နေ့တော့ ကျုပ် နန်ကုန်း မျိုးနွယ်စုဆီ လာလည်ပြီး ကျုပ်ကြောင့် ကြွေလွင့်ခဲ့ရတဲ့ မျိုးနွယ်စုဝင်တွေအတွက် အမွှေးတိုင် ထွန်းညှိပြီး တောင်းပန်ပါ့မယ်ဗျာ”
၎င်းမှာ အာဃာတများကို တရားဝင် သင်ပုန်းချေလိုက်ခြင်းပင် ဖြစ်သည်။
နန်ကုန်းချင် စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။ ဤသည်မှာ သူ ဤပွဲသို့ မလာခင်ကပင် သူ၏အဖေ မှာကြားလိုက်သော တာဝန်တစ်ခု ဖြစ်သည်။ ချင်လျန်ချန်းတို့ ဇနီးမောင်နှံမှာ လော့ချန်နှင့် အလွန်ရင်းနှီးကြောင်း သူတို့အားလုံး သိကြသည်။
လက်ရှိတွင် နန်ကုန်း မျိုးနွယ်စုမှာ လော့ထျန်းအဖွဲ့နှင့် မဟာမိတ် ဖွဲ့ထားပြီ ဖြစ်ရာ ချင်လျန်ချန်းနှင့် ရှိနေသော အာဃာတဟောင်းမှာ ဆူးတစ်ချောင်းအလား ဖြစ်နေသည်။ ၎င်းမှာ လက်ရှိတွင် ပြဿနာ မဟုတ်သော်လည်း မဖြေရှင်းဘဲ မျိုသိပ်ထားပါက နောင်တစ်ချိန်တွင် ဆူးညှောင့်သဖွယ် အခဲမကြေမှုများမှတစ်ဆင့် ပွတ်တိုက်မှုများ ဖြစ်လာနိုင်သည်။ ယခုကဲ့သို့ တတိယအဆင့် ဝိညာဉ်ကုသထုံးလက်ဆောင်ဖြင့် ဖြေရှင်းနိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် နှစ်ဦးနှစ်ဖက်အတွက် ကောင်းမွန်သော ရလဒ်ဖြစ်သည်ဟု ဆိုရပေမည်။
အမှန်အတိုင်းဆိုပါက ချင်လျန်ချန်းက သေဆုံးသူများအတွက် အမွှေးတိုင် ထွန်းညှိပေးမည် ဆိုသည်မှာ နန်ကုန်း မျိုးနွယ်စုကို ဦးညွှတ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ နန်ကုန်းတို့တွင် ဆုံးရှုံသွားသော ဂုဏ်သိက္ခာ ရရှိသွားမည်ဖြစ်ပြီး အတိတ်မှ ရန်ငြိုးများမှာလည်း ပြီးဆုံးသွားမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ချင်လျန်ချန်းသည် သတ္တဒွါရ ပဒုမ္မာကြာစွယ်ကို ရရှိခဲ့သဖြင့် သူ၏ သွေးကြောများကို ပြန်လည် တည်ဆောက်နိုင်တော့မည်ဖြစ်ရာ သူ့အတွက်လည်း အကျိုးကျေးဇူးကို ရရှိလိုက်ခြင်းပင် ဖြစ်သည်။ ဤသို့အားဖြင့် နှစ်ဖက်စလုံးသည် သူတို့ လိုချင်သောအရာကို အသီးသီး ရရှိသွားကြလေသည်။
အာလာပသလ္လာပ ထပ်မံ ပြောဆိုပြီးနောက် နန်ကုန်းချင်သည် ဧည့်ခန်းမဆောင်သို့ ပြန်လာခဲ့သည်။ သူ ဝင်လာစဉ် လီအောက်ကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ် ပြလိုက်သည်။ သူတို့နှစ်ဦးမှာ အဆုံးအဖြတ်စင်မြင့်ပေါ်တွင် ငါးကြိမ်ထက်မနည်း ယှဉ်ပြိုင်ခဲ့ဖူးသော ပြိုင်ဘက်ဟောင်းများ ဖြစ်ကြသည်။ သူက သုံးကြိမ်နိုင်ပြီး လီအောက်က နှစ်ကြိမ် နိုင်ခဲ့ဖူးသည်။
ဝင်လာပြီးနောက် နန်ကုန်းချင်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။ တာကျန်းဂိုဏ်းမှ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ နှစ်ဦးမှာ ထိုနေရာ၌ ရှိနေကြသည်။ တစ်ဦးမှာ တီးတိုး ရေရွတ်နေပြီး၊ အခြားတစ်ဦးမှာမူ ဂနာမငြိမ်ဘဲ လမ်းလျှောက်နေသည်။
‘ဒါကြောင့် စိတ်ဝိညာဉ်စွမ်းအားမှာ ဒီလို ထူးခြားတဲ့ အသုံးဝင်မှုတွေ ရှိတာကိုး.... ငါသာ ဒါကိုသုံးပြီး တစ္ဆေတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင်....’
အတွေးတစနှင့်အတူ နန်ကုန်းချင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူမှာ လီတာ ဖြစ်သည်။ သူ၏ ကိုယ်တွင် တစ္ဆေစွမ်းအားများ ဖုံးလွှမ်းနေပြီး ဖြောင့်မတ်သော ကျင့်ကြံသူတစ်ဦး၏ အသွင်မျိုး လုံးဝမရှိချေ။ သူ၏ တီးတိုးရေရွတ်သံများမှာလည်း ထူးဆန်းလှသည်။ မင်လုံယွီမှာလည်း ငြိမ်ငြိမ်မထိုင်နိုင်ဘဲ သူ၏ မျက်နှာထားမှာလည်း မုန်တိုင်းထန်နေသည့် ကောင်းကင်ကဲ့သို့ ခဏခဏ ပြောင်းလဲနေသည်။ သူ ဘာတွေးနေသည်ကို မည်သူမျှ မသိနိုင်ချေ။
‘တကယ့် ထူးဆန်းတဲ့ လူတွေပဲ’ ဟု နန်ကုန်းချင် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ထို့နောက်တွင် သူသည် ထိုသူများကို ဂရုမစိုက်တော့ဘဲ ထောင့်တစ်နေရာတွင် တစ်ဦးတည်း ဝင်ထိုင်လိုက်သည်။ လက်ဖက်ရည်ကို သောက်ရင်း သူ၏ စိတ်ထဲတွင် လော့ချန်၏ တရားဟောကြားမှုကို ပြန်လည် စဉ်းစားနေမိတော့သည်။
“အော်.... အခြေခံ တည်ဆောက်ခြင်း.... အခြေခံ တည်ဆောက်ခြင်း...."
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၈၄) - နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်း
တိတ်ဆိတ်ငြိမ်သက်လှသော ညဉ့်ဦးယံအချိန်ဝယ် လော့ချန်သည် သက်ငယ်မိုးအိမ်လေးအတွင်း၌ တစ်ဦးတည်း ဆိတ်ငြိမ်စွာ ထိုင်နေ၏။ သူ၏လက်ထဲတွင်မူ လီရီရှန်းမှ အခြေခံတည်ဆောက်ခြင်းဂုဏ်ပြုလက်ဆောင်အဖြစ် ပေးအပ်ခဲ့သော အသစ်စက်စက် ဝါးစာလိပ် ကျမ်းစာကို ဖြန့်ခင်းထားသည်။
၎င်းမှာ နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်းပင် ဖြစ်သည်။ ကျမ်းစာလိပ်ကို ကြည့်ရုံဖြင့် အလွန်တရာ အနုစိတ်စွာ ကူးယူထားကြောင်း သိသာလှပြီး စာလိပ်ပြုလုပ်ထားသော ဝါးပြားများမှာပင် ရှားပါးလှသည့် ဒုတိယအဆင့် ခရမ်းရောင်ဝိညာဉ်ဝါးများ ဖြစ်ကြရာ မဖွင့်ကြည့်ရသေးခင်မှာပင် သင်းပျံ့မွှေးကြိုင်လှသော ဆေးရနံ့တစ်ခုက လေထုထဲ၌ ပျံ့လွင့်နေတော့သည်။
ဤကျင့်စဉ်ကို ရရှိရန်အတွက် လော့ချန်မှာ အဖိုးအခ မနည်းပေးခဲ့ရလေသည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ပေးခဲ့ရရုံ သာမက လီမျိုးနွယ်စုကို လော့ထျန်းအဖွဲ့၊ နန်ကုန်းမျိုးနွယ်စုနှင့် တာကျန်းဂိုဏ်းတို့၏ တရားဝင်မဟာမိတ်အဖွဲ့ထဲသို့ ထည့်သွင်းပေးမည်ဟုပါ သဘောတူခဲ့ရသည်။ လီမျိုးနွယ်စုသည် ဆေးဖော်စပ်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုပါဟု ကတိကဝတ်ပြုထားသော်လည်း ဤမဟာမိတ်အဖွဲ့ဝင် ဖြစ်လာခြင်းကပင် သူတို့အတွက် ခိုင်မာသော တရားဝင်မှုနှင့် အကာအကွယ်ကို ရရှိစေရာ ဤမတည်ငြိမ်သော ကျင့်ကြံခြင်းလောကတွင် လျှော့တွက်၍မရသော အခွင့်အရေးပင် ဖြစ်သည်။
၎င်းမှာ အခြေအမြစ်မရှိသော စိုးရိမ်ပူပန်မှု မဟုတ်ပေ။ လော့ချန် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းပြီးနောက် တစ်ချိန်က အားအနည်းဆုံးဖြစ်ခဲ့သော လောထျန်းအဖွဲ့သည် ရုတ်တရက်ပင် တာဟဲဈေးမြို့တော်တွင် အင်အားအကောင်းဆုံး ဒေသခံအဖွဲ့အစည်း ဖြစ်လာခဲ့သည်ကို လူတိုင်း မြင်တွေ့နိုင်ကြသည်။ အခြေခံတည်ဆောက်သူများကိုပင် စိန်ခေါ်နိုင်စွမ်းရှိသည့် ဝမ်ယွမ်၊ အစွမ်းထက်လက်နက်အဖြစ် အသုံးချနိုင်သော ဒုတိယအဆင့် မျောက်ဝံနှင့် တိုက်ပွဲအတွေ့အကြုံရှိသော ချီသန့်စင်အဆင့်ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော ဤအဖွဲ့၏ စည်းလုံးညီညွတ်မှုနှင့် အင်အားမှာ ယခင် ဖိုရှန်းဂိုဏ်းထက်ပင် သာလွန်လှပေသည်။
အကယ်၍ လော့ချန်သာ လီမျိုးနွယ်စုအပေါ် စိတ်ကွက်သွားပါက အခြားသော မဟာမိတ်အဖွဲ့ဝင်များမှာလည်း ကိုယ်ကျိုးစီးပွားအတွက် သူ့ဘက်မှဝင်၍ ပူးပေါင်းပေးကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။ ထိုသို့ဆိုလျှင် ယခင်က ဖိုရှန်းဂိုဏ်း ကြုံတွေ့ခဲ့ရသော အဖြစ်ဆိုးမျိုး သမိုင်းတစ်ပတ် ပြန်မလည်နိုင်ဟု မည်သူပြောနိုင်မည်နည်း။
"ဒီအမျိုးသမီးက ရှေ့ရေးကို အတော် မြင်တတ်တာပဲ...." ဟု လော့ချန် တိုးတိုးလေး ရေရွတ်ရင်း နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်းကို ဖြန့်၍ ဖတ်ရှုလိုက်သည်။
သူသည် ကျမ်းစာကို အစအဆုံး အသေးစိတ်ဖတ်ရှုပြီးနောက်၊ ၎င်းမှာ မှန်ကန်ပြီး အပြစ်အနာအဆာမရှိသော ကျင့်စဉ်ဖြစ်ကြောင်း စနစ်ကို အသုံးပြု၍ စစ်ဆေးလိုက်သည်။ စနစ်ထံမှ အတည်ပြုချက်ရရှိပြီးနောက်မှသာ ဤကျင့်စဉ်တွင် မည်သည့်လှည့်ကွက်မှ ပါဝင်ခြင်းမရှိကြောင်း သူ စိတ်ချသွားတော့သည်။
သူ စနစ်ကို ပြန်ပိတ်လိုက်သည်။
လော့ချန်သည် ဤကျင့်စဉ်ကို စတင်ရန်အတွက် စနစ်ကို အသုံးမပြုရန် ဆုံးဖြတ်ထားသည်။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ဒုတိယအဆင့် ကျင့်စဉ်များကို လေ့လာနိုင်သည့် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း သူ၏ အောင်မြင်မှုမှတ်မှာ နတ်ဒေဝါပျားရည်ကို ရယူပြီး ဖော်စပ်ပြီးနောက် ၃ မှတ်သာ ကျန်ရှိတော့သဖြင့် ကျင့်စဉ်တစ်ခုကို စတင်ရန်အတွက် မလုံလောက်ချေ။
သို့သော် သူ စိုးရိမ်ခြင်းမရှိပေ။ သူ၏ နွေဦးကျင့်စဉ်မှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိထားပြီးဖြစ်သဖြင့် နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်းသို့ ကူးပြောင်းရန်မှာ အလွန်ပင် လွယ်ကူလှသည်။ အခြေခံကောင်းများ ရှိပြီးသားဖြစ်ရာ အမှတ်များကို အလဟဿ ဖြုန်းတီးရန် မလိုအပ်တော့ချေ။ သူသည် စိတ်ဝင်တစားနှင့် ဆေးဘုရင်ကျမ်းကို ဖတ်ရှုလေ့လာနေလိုက်သည်။
[ နွယ်မြက်သစ်ပင်သည် နူးညံ့သိမ်မွေ့သော်လည်း၊ သိုးကို အရေခွံခွာ၍ နွားကို ခွဲစိတ်နိုင်သည့် စွမ်းအားရှိ၏။ မီးကို ဆုပ်ကိုင်၍ အရှိန်အဝါကို ပိုက်ထွေးကာ၊ ဖီးနစ်ငှက်ကို ခွစီးလျက် မျောက်ဝံကို မောင်းနှင်နိုင်၏။ ]
[ စိုစွတ်၍ ဟာလာဟင်းလင်းဖြစ်သော မြေပြင်တွင် မြင်းစီးရခြင်းမှာပင် စိုးရိမ်ပူပန်မှုကို ဖြစ်စေသော်လည်း၊ နွယ်ပင်တို့ဖြင့် ရစ်ပတ်ထားသော သံချပ်ကာဝတ်စုံမှာမူ နွေဦးနှင့် ဆောင်းဦး ကာလနှစ်ခုလုံးအတွက် သင့်လျော်ပေ၏။ ]
....
တစ်ညတာ ကုန်ဆုံးသွားခဲ့သည်။ လော့ချန်သည် တံခါးပိတ်ကျင့်ကြံရာမှ ဖြည်းညှင်းစွာ နိုးထလာသည်။ သူ အခြေအနေပြကြေးမုံပြင်ကို ကြည့်လိုက်ရာ ကျင့်စဉ်ကဏ္ဍတွင် အထွတ်အထိပ်အဆင့် ရှိခဲ့သော နွေဦးကျင့်စဉ်မှာ ပျောက်ကွယ်သွားပြီး ၎င်း၏နေရာတွင် အောက်ပါအတိုင်း ပေါ်လာသည်ကို တွေ့ရသည်။
[ကျင့်စဉ်များ]
နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်း - အခြေခံအဆင့် (၂/၁၀၀)
နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း - ပြီးပြည့်စုံအဆင့် (၃၅၁/၅၀၀)
ဝိညာဉ်သားရဲတစ်သောင်းကျင့်စဥ် - အခြေခံအဆင့် (၁၀/၁၀၀)
"အိမ်း.... ထင်တဲ့အတိုင်းပဲ၊ ငါ့ရဲ့ ဆုံးဖြတ်ချက် မမှားဘူး၊ တကယ်လို့ ငါသာ ငရဲစမ်းရေ မီးလျှံနက်ကျင့်စဉ်ကို ပြောင်းခဲ့ရင် အခြေခံရဖို့တင် အနည်းဆုံး လအနည်းငယ် ကြာလိမ့်မယ်၊ ဆက်ပြီး ကျင့်ကြံဖို့ကလည်း ပိုပြီး ခက်ခဲလိမ့်မယ်၊ အခုတော့ နွေဦးကျင့်စဉ်ရဲ့ အဆင့်မြင့်ဗားရှင်းဖြစ်တဲ့ ဒီကျင့်စဉ်ကို ကူးပြောင်းလိုက်တာက ပိုပြီး မြန်ဆန်ရုံတင်မကဘဲ အကျိုးသက်ရောက်မှုကလည်း ပိုပြီး ထူးကဲတာပဲ"
လော့ချန်သည် သူ၏ခန္ဓာကိုယ်အတွင်း၌ အထွတ်အထိပ်ရောက်ခဲ့သော နွေဦးကျင့်စဉ်၏ ကြွင်းကျန်သော အာနိသင်များကို ခံစားနေရဆဲ ဖြစ်သည်။ သူ၏ ချီစွမ်းအားများမှာ အလိုအလျောက် ပြန်လည်ပြည့်ဖြိုးနေပြီး၊ ချီစွမ်းအားများမှာလည်း ပိုမိုသိပ်သည်းလာကာ သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း သိမ်မွေ့သော တိုးတက်မှုများ ရှိနေသည်။ ဤရလဒ်မှာတင် အလွန်ကောင်းမွန်လှပေပြီ။
ပို၍ အရေးကြီးသည်မှာ သူသည် နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်းနှင့် အလွန်လျင်မြန်စွာ ရင်းနှီးလာခြင်း ဖြစ်သည်။ တိုးတက်မှုနှုန်းမှာ ယခင်က သူ ကျင့်ကြံခဲ့သော မည်သည့်ကျင့်စဉ်ထက်မဆို သာလွန်နေသည်။
တစ်ညတည်းမှာပင် သူ၏ကျွမ်းကျင်မှုမှာ အမှတ် ၂ သို့ ရောက်ရှိသွားသည်။ ၎င်းမှာ ယခင်က နွေဦးကျင့်စဉ်ကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံခဲ့ခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်ကြောင်း ထင်ရှားလှသည်။
“သိပ်မကြာခင်မှာပဲ ငါ ဒီကျင့်စဉ်မှာ အဆင့်တစ်ခုကို ရောက်လာတော့မှာပဲ” ဟု လော့ချန် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
သို့သော် သူသည် နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်း၏ အာနိသင်အပြည့်အဝကိုမူ မသိရှိနိုင်သေးပေ။ ကျင့်စဉ်မှာ သူ့အတွက်စိမ်းနေသေးသလို သူ၏ခန္ဓာကိုယ်အတွင်း၌လည်း သန့်စင်ရန် ကျန်ရှိနေသေးသော ဆေးစွမ်းအင် အမြောက်အမြား ရှိနေသဖြင့် ကျင့်စဉ်၏ သက်ရောက်မှုကို ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်သေးခြင်း ဖြစ်သည်။ အချိန်အတန်ကြာ တံခါးပိတ်ကျင့်ကြံပြီးမှသာ တိကျသော ကောက်ချက်ကို ချနိုင်ပေလိမ့်မည်။
သို့သော်လည်း ထိုသို့ မပြုလုပ်မီ သူ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စတစ်ခု ရှိနေသေးသည်။ လော့ချန်၏ မျက်လုံးများမှာ သိမ်မွေ့စွာ ဝင်းလက်သွားသည်။ သူသည် တည်ငြိမ်စွာ ထရပ်လိုက်ပြီး သက်ငယ်မိုးအိမ်လေး၏ တံခါးကို ပိတ်လိုက်သည်။ ထို့နောက် ဖြူလွလွ တိမ်တိုက်ငယ်တစ်ခုကို စီးနင်းလျက် တောင်ထိပ်မှ သက်ဆင်းလာခဲ့တော့သည်။
....
ဆေးဖော်ဆောင်သည် တစ်ချိန်က တွမ်မျိုးနွယ်စု၏ လက်နက်တိုက်မျှော်စင် ဖြစ်သော်လည်း ယခုအခါ စီမာဟွေ့နန်၏ ညွှန်ကြားမှုဖြင့် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။ ၎င်းမှာ ဆေးဖော်စပ်ရန်အတွက်သာ မဟုတ်ဘဲ လော့ချန် ဆေးဖော်စပ်ပြီးချိန်တွင် အနားယူနိုင်သော တိတ်ဆိတ်သည့် နေရာတစ်ခုလည်း ဖြစ်လာခဲ့သည်။
သို့သော် ယမန်နေ့ အခြေခံတည်ဆောက်ခြင်း ဂုဏ်ပြုအခမ်းအနား ပြီးဆုံးကတည်းက ထိုခန်းမဆောင်၏ ကြေးညိုရောင် တံခါးမကြီးမှာ တင်းတင်းကြပ်ကြပ် ပိတ်ထားဆဲ ဖြစ်သည်။
အပြင်ဘက်တွင်မူ ချွီဟန်ချန်းသည် စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ သူ၏ မျက်နှာတွင် အသက်အရွယ်အရ အရေးအကြောင်းများ ပိုမိုထင်ဟပ်နေပြီး မျက်မှောင်ကြုတ်ထားပုံမှာ သူ မည်မျှ စိုးရိမ်နေကြောင်း ဖော်ပြနေသည်။
ဝင်ပေါက်တွင်မူ မီလီသည် ဖြူဖျော့သော မျက်နှာလေးဖြင့် ရပ်နေကာ သူမ၏ အမူအရာမှာလည်း တင်းမာနေသည်။ သူမ တိုးတိုးလေး ပြောလိုက်သည်။
“ဦးလေးချွီ.... မစိုးရိမ်ပါနဲ့”
ချွီဟန်ချန်းက လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်သည်။
“ငါ ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေနိုင်မှာလဲ၊ လင်ကျွင်းက တစ်ညလုံး အဲဒီထဲမှာ ဒူးထောက်နေတာ၊ အဖွဲ့ချုပ်ခေါင်းဆောင်က သူ့ကို ဘယ်လို အပြစ်ပေးမလဲဆိုတာ ဘယ်သူသိမှာလဲ”
ချွီလင်ကျွင်းသည် လော့ချန်၏ ခွင့်ပြုချက်မပါဘဲ ကိုယ့်သဘောနှင့်ကိုယ် ဆေးဖော်စပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ကြီးလေးသော ပြစ်မှုပင် ဖြစ်၏။ လောထျန်းအဖွဲ့တွင် လော့ချန်၏ အာဏာမှာ အကြွင်းမဲ့ ဖြစ်သည်။ ဆေးဖော်ခန်းမဆောင်ကို သူကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မည်သူမျှ သူ၏ စည်းမျဉ်းများကို မချိုးဖောက်ဝံ့ကြချေ။ ချွီလင်ကျွင်း၏ လုပ်ရပ်မှာ စည်းကမ်းဖောက်ဖျက်ခြင်းပင် ဖြစ်သည်။
မီလီက သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ရင်း ဆိုသည်။
"ဟိုလေ.... အပြစ်ပေးဖို့ မဟုတ်ဘူးထင်တယ်နော်...."
ချွီဟန်ချန်းက သူမကို အံ့ဩတကြီး ကြည့်လိုက်မိသည်။ သူ ထိုသို့ မတွေးမိခဲ့ချေ။ သူ ပြန်မပြောနိုင်ခင်မှာပင် လေညင်းတစ်ချက် တိုက်ခတ်သွားတော့သည်။ လော့ချန်သည် စီမာဟွေ့နန်၊ မုရုံချင်းလျန်တို့နှင့်အတူ ရောက်ရှိလာသည်။ သူ၏မျက်နှာမှာ တည်ငြိမ်နေပြီး ဘာကိုမှ ခန့်မှန်း၍ မရနိုင်ချေ။
"ဟို.... ဟိုလေ အဖွဲ့ချုပ်ခေါင်းဆောင်...."
ချွီဟန်ချန်းက စကားစလိုက်သော်လည်း လော့ချန်က အကြည့်တစ်ချက်ဖြင့် တားဆီးလိုက်သည်။
"မင်းတို့ နှစ်ယောက် ဒီမှာပဲ စောင့်နေကြ"
ထိုသို့ ပြောပြီးနောက် လော့ချန်သည် ဆေးဖော်ဆောင်အတွင်းသို့ လျှောက်သွားလိုက်သည်။ ကြီးမားလှသော ကြေးညိုရောင်တံခါးမကြီးမှာ အသံမြည်လျက် ပွင့်သွားပြီး နူးညံ့သော အလင်းတန်းများ ခန်းမထဲသို့ ဝင်ရောက်သွားသည်။ ထိုအလင်းတန်းများအောက်တွင် လူငယ်လေးတစ်ဦးသည် ကျောပြင်ကို မတ်မတ်ထားကာ တိတ်ဆိတ်စွာ ဒူးထောက်နေသည်။
လော့ချန် ခန်းမထဲသို့ ဝင်သွားပြီးနောက် တံခါးကြီးမှာ ပြန်ပိတ်သွားတော့သည်။
"အစ်မဟွေ့နန်၊ အဖွဲ့ချုပ်ခေါင်းဆောင်က လင်ကျွင်းကို အပြစ်ပေးမှာ မဟုတ်လောက်ပါဘူးနော်"
ချွီဟန်ချန်းက မနေနိုင်ဘဲ နောက်ဆုံးတွင် မေးလိုက်မိသည်။
စီမာဟွေ့နန်က သိမ်မွေ့စွာ ပြုံးလိုက်ပြီး "စိတ်အေးအေးထားပါ၊ ဒါဟာ ကောင်းတဲ့ကိစ္စပါ" ဟု ပြောလိုက်သည်။
အဘိုးကြီး မျက်နှာမှ သံသယများကို မြင်သောအခါ သူမက ရယ်မောရင်း ထပ်ပြောလိုက်သည်။
"ခိခိ.... မပူပါနဲ့ရှင်၊ လင်ကျွင်းရဲ့ ဆေးဖော်စပ်နိုင်စွမ်းနဲ့ဆိုရင် ဘယ်သူကများ ဒီလို အလားအလာရှိတဲ့ ပျိုးပင်လေးကို အပြစ်ပေးရက်မှာလဲ"
ချွီလင်ကျွင်းသည် ဆေးဖော်စပ်ခြင်းတွင် အမှန်ပင် ထူးချွန်လေသလော။ အခြားသူများ မသိနိုင်သော်လည်း လော့ချန်၏ အမြင်တွင်မူ အဖြေမှာ ထင်ရှားလှပေသည်။
သူ၏ရှေ့တွင် ဒူးထောက်နေသော လူငယ်လေးကို ကြည့်ရင်း လော့ချန်သည် အတိတ်ကို ပြန်လည်မြင်ယောင်လာသည်။ တစ်ချိန်က ထန်ချွမ်၏ ရင်ခွင်ထဲတွင် ငိုယိုနေခဲ့သော ကလေးငယ်လေးကို သူ သတိရသွားသည်။ ပထမဆုံး ဆေးဖော်စပ်ခြင်း စစ်ဆေးမှု ပြုလုပ်စဉ်က မျက်နှာလေး နီမြန်းကာ စကားထစ်နေခဲ့သော ကလေးငယ်လေးကိုလည်း သူ သတိရနေဆဲ ဖြစ်သည်။ ယခုမူ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုကလေးငယ်လေးမှာ ရည်မွန်ချောမောသော လူပျိုပေါက်လေးတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
သူ၏ ရုပ်ရည်မှာ ချွီဟန်ချန်းနှင့် ဆင်တူပြီး အထူးသဖြင့် မျက်ခုံးနှင့် နှာတံမှာ ပိုတူလှသည်။ သို့သော် သူ၏ မျက်လုံးများကမူ မတူညီသော ပုံပြင်တစ်ပုဒ်ကို ပြောပြနေသကဲ့သို့ ရှိသည်။ ထိုမျက်လုံးများမှာ သိချင်စိတ်များဖြင့် တောက်ပနေပြီး ခိုင်မာသော ဇွဲလုံ့လ ရှိပုံရရာ လော့ချန် သူ့ကိုယ်သူ ပြန်မြင်နေရသည့်အလားပင်။
မှန်ပေသည်။ ဤလူငယ်လေးမှာ သူနှင့် အတော်လေး ဆင်တူလှသည်။
သူတို့နှစ်ဦးစလုံးမှာ အားနည်းသော ဝိညာဉ်အမြစ်များဖြင့် မွေးဖွားလာခဲ့ကြသော်လည်း ဆေးဖော်စပ်ခြင်းအပေါ်တွင် ပြင်းထန်ပြီး မလှုပ်မယှက်သော ဝါသနာ ပါရှိကြသည်။ ကွာခြားချက်မှာ လော့ချန်၌ စနစ် ရှိနေသော်လည်း ချွီလင်ကျွင်းမှာမူ မည်သူမျှ ပေးအပ်၍ မရသော စစ်မှန်သည့် သဘာဝပါရမီ ရှိနေခြင်းပင် ဖြစ်သည်။ လေ့ကျင့်ပေးခြင်း မခံရသေးဘဲနှင့်ပင် အကြိမ်တစ်ရာမပြည့်မီမှာတင် ပထမအဆင့် အဆင့်နိမ့် ဆေးလုံးကို ဖော်စပ်နိုင်ခြင်းမှာ အံ့မခန်းလှပေ။ ထိုကဲ့သို့သော ပါရမီမျိုးရှိသူကို မည်သည့် ဂိုဏ်းငယ်များကမဆို အလုအယက် လက်ခံကြမည်မှာ အသေအချာပင်။
သို့သော် ထိုနောက်ပိုင်းတွင် မည်သို့ ဆက်ဖြစ်မည်နည်း ဆိုသည်မှာ ပြောရန် ခက်လှသည်။ လော့ချန်ကဲ့သို့ ပါးနပ်ပြီး အကွက်ပေါင်း သောင်းခြောက်ထောင် ရွှေ့နိုင်သော အစွမ်းထက်သူပင်လျှင် မီရှုဟွာနှင့် မြောင်ဝမ်တို့၏ ဖိနှိပ်မှုကို ခံခဲ့ရသည် မဟုတ်ပါလော။ ဤမျှ နုနယ်သော ပခုံးလေးနှင့် ချွီလင်ကျွင်းသည် ထာဝရရှင်သန်ခြင်း လမ်းစဉ်ပေါ်တွင် မည်မျှအထိ ဝေးဝေးသွားနိုင်မည်နည်း။
တစ်ခန်းလုံး တိတ်ဆိတ်မှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။