← Chapters

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

အခန်း (၂၈၅) - ပညာအမွေလက်ဆင့်ကမ်းမည့် တပည့်တစ်ဦးရရှိခြင်း

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင်မှ လော့ချန်က စတင်၍ စကားဆိုလာသည်။

"ချွီလင်ကျွင်း.... မင်းကို ငါဘာလို့ ဒီမှာ တစ်ညလုံး ဒူးထောက်ခိုင်းထားတယ်ဆိုတာ မင်းသိလား"

"ဟူး...."

လူငယ်လေးမှာ ပခုံးပေါ်မှ လေးလံသောဝန်ထုပ်ဝန်ပိုးကြီး ကျဆင်းသွားသည့်အလား သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ ချလိုက်သည်။ သူ၏ တင်းမာနေသော ကိုယ်ဟန်မှာ လျော့ရဲသွားပြီး ကလေးကလား အပြုံးမျိုးဖြင့် လော့ချန်ကို မော့ကြည့်လိုက်သည်။

"ဟီးဟီး.... အဖွဲ့ချုပ်ခေါင်းဆောင် ခိုင်းတာမှန်သမျှဟာ ကျွန်တော့်အတွက် ကောင်းဖို့ပဲဆိုတာ ကျွန်တော် သိတာပေါ့ဗျာ"

"အဟမ်း...."

လော့ချန်မှာ ထိုစကားကြောင့် ဆွံ့အသွားရသည်။ မူလက သူသည် လေးနက်သော စကားများဖြင့် စတင်ပြီးမှ အဓိကအချက်ကို ပြောရန် ရည်ရွယ်ထားသော်လည်း ယခုတော့ ထိုကလေး၏ စကားကြောင့် လေထုမှာ ပျက်စီးသွားရလေပြီ။

လော့ချန်က စိတ်မရှည်သလို လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပစ္စည်းသုံးမျိုးမှာ လေထဲတွင် လွင့်မျောလာပြီး ချွီလင်ကျွင်း၏ ရှေ့မှောက်သို့ ညင်သာစွာ ကျဆင်းလာသည်။

လူငယ်လေး၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားပြီး သူ၏ရှေ့ရှိ ရတနာများကို ကြည့်ရင်း စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ချေ။

"ကဲ.... ဒီနေ့ကစပြီး.... မင်းက ငါ့ရဲ့ တပည့်ပဲ"

ချွီလင်ကျွင်းမှာ တွန့်ဆုတ်မနေဘဲ ကြမ်းပြင်ပေါ်သို့ ဝပ်စင်းကာ နဖူးနှင့် ကြမ်းပြင် သုံးကြိမ်တိုင်တိုင် ထိအောင် ဦးချလိုက်သည်။ ၎င်းမှာ ဆရာနှင့် တပည့်ကြား တရားဝင် ကတိကဝတ်ပြုခြင်းပင် ဖြစ်သည်။

"တပည့် လင်ကျွင်းက ဆရာ့ကို ဂါရဝပြုပါတယ်ခင်ဗျာ"

သူ ရိုသေလေးစားစွာဖြင့် ဆိုလိုက်သည်။ ၎င်းမှာ ဆရာနှင့် တပည့်ကြားမှ မပြောဘဲ သိကြသော ကတိကဝတ်၊ တရားဝင် ခံယူသော ထုံးတမ်းစဉ်လာပင် ဖြစ်သည်။

လော့ချန်၏ လက်ထဲမှ ကျောက်စိမ်းပြားလေး တစ်ခုမှာ လွင့်ပျံထွက်လာသည်။ သူသည် ရှေ့တွင်ရှိသော လူငယ်လေးကို ငဲ့ကြည့်ရင်း သူ၏ အကြည့်မှာ လေးနက်တည်ကြည်သွားတော့သည်။

"အင်း.... ငါ့ရဲ့ တပည့်ဖြစ်လာရင် လိုက်နာရမယ့် စည်းကမ်းတွေ အများကြီး မရှိပါဘူး"

လော့ချန်က တည်ငြိမ်သော လေသံဖြင့် ဆိုသည်။

"ပထမအချက်က ဆရာ့အပေါ် ဘယ်တော့မှ မပုန်ကန်ရဘူး၊ မလိမ်ညာရဘူး၊ ဒုတိယအချက်က မတော်မတရားတဲ့ အလုပ်တွေကို မလုပ်ရဘူး၊ ဘာပဲလုပ်လုပ် ကိုယ့်ကျင့်တရားနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်"

"တတိယအချက်ကတော့...."

သူ ခေတ္တမျှ ရပ်လိုက်ပြီးမှ လက်ကာပြလိုက်သည်။

"ထားလိုက်ပါတော့၊ မင်း နားလည်မှာပါ၊ ဒါတွေကို အကုန် မှတ်မိရဲ့လား"

ချွီလင်ကျွင်းမှာ ရင်ထဲမှ လှိုက်တက်လာသော ခံစားချက်ကို မျိုသိပ်ရင်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

"မှတ်မိပါတယ် ဆရာ"

"ဒါဆိုရင် ဒီကျောက်စိမ်းပြားပေါ်မှာ သစ္စာဆိုလိုက်"

ချွီလင်ကျွင်းမှာ မဆိုင်းမတွပင် လက်ကိုမြှောက်ကာ ရိုးသားစွာ သစ္စာဆိုလိုက်သည်။ သူ သစ္စာဆိုလိုက်သည်နှင့် ကျောက်စိမ်းပြားလေးမှာ ဝိညာဉ်အလင်းတန်းလေးများဖြင့် တုန်ခါလာတော့သည်။ သူ သစ္စာဆိုပြီးသည်နှင့် ကျောက်စိမ်းပြားမှာ နှစ်ခြမ်းကွဲသွားသည်။ တစ်ခြမ်းမှာ လော့ချန်၏ လက်ထဲသို့ ပျံဝင်လာပြီး ကျန်တစ်ခြမ်းမှာ ချွီလင်ကျွင်း၏ ရှေ့သို့ ကျဆင်းသွားသည်။

"ဒီနေ့ကစပြီး ငါတို့ဟာ ဆရာနဲ့ တပည့် ဖြစ်သွားပြီ" ဟု လော့ချန်က ကြေညာလိုက်သည်။

"မင်းဟာ တန်ချန်ဇီရဲ့ တပည့်ဖြစ်တယ်လို့ တခြားသူတွေကို ပြောနိုင်ပြီ"

သူသည် ကျောက်စိမ်းပြားတစ်ခြမ်းကို သိမ်းဆည်းလိုက်သည်။ ၎င်းမှာ စိတ်ဝိညာဉ်တည်ငြိမ်ခြင်း ပဋိညာဉ်၏ သိမ်မွေ့သော အသုံးချမှုတစ်ခုပင် ဖြစ်သည်။ ဝမ်ယွမ်အတွက်မူ ကျင့်ကြံရာတွင် အတွင်းစိတ်နှလုံးကို ကာကွယ်ရန်နှင့် ပြင်ပမြှူဆွယ်မှုများကို ဟန့်တားရန် ဖြစ်သော်လည်း၊ ဤဆရာ တပည့်သစ္စာမှာမူ ပိုမို လက်တွေ့ကျပြီး ချည်နှောင်မှု ရှိလှသည်။

ဤကျောက်စိမ်းပြား၏ အစွမ်းကြောင့် ချွီလင်ကျွင်း၏ ကျင့်ကြံမှုအဆင့်မှာ လော့ချန်ထက် နိမ့်ကျနေသရွေ့ သူသည် ဆရာ့ကို ဆန့်ကျင်နိုင်မည် မဟုတ်ပေ။ အကယ်၍ သစ္စာဖောက်ခဲ့ပါက သူ၏ ကျင့်ကြံမှုများမှာ လုံးဝ ပျက်စီးသွားသည်အထိ ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ခံရပေလိမ့်မည်။

သို့သော် ဤသစ္စာမှာ ထိန်းချုပ်ရန် သက်သက်မဟုတ်ပေ။ အကျိုးကျေးဇူးများလည်း ရှိသည်။ လော့ချန်အနေဖြင့် ကျောက်စိမ်းပြားတစ်ခြမ်းကို ကိုင်ဆောင်ထားသရွေ့ မည်မျှပင် ဝေးကွာပါစေ သူ၏ တပည့် အန္တရာယ်ကြုံတွေ့ရပါက ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။

ခြုံငုံပြောရလျှင် ၎င်းမှာ အစဉ်အလာမဟုတ်သော နည်းလမ်းတစ်ခုပင်ဖြစ်သည်။ ပုံမှန်အားဖြင့် ဂိုဏ်းကြီးများသည် ဝိညာဉ်မီးအိမ်များ သို့မဟုတ် အသက်မျိုးစေ့များကို အသုံးပြု၍ ထိုကဲ့သို့သော ဆက်နွှယ်မှုများကို ပြုလုပ်လေ့ရှိသည်။ သို့သော် လော့ချန်၌ ထိုသို့သော နည်းလမ်းများ မရှိသေးသဖြင့် ဝိညာဉ်သစ္စာနှင့် ကျောက်စိမ်းပြားကိုသာ အသုံးပြုလိုက်ခြင်း ဖြစ်သည်။

နောင်တစ်ချိန် ချွီလင်ကျွင်း အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိသွားပါက ဤသစ္စာ၏ ချည်နှောင်မှုမှာ လျော့ပါးသွားပေလိမ့်မည်။ သို့သော် ၎င်းမှာ ဝေးကွာလှသော အနာဂတ်ကိစ္စသာ ဖြစ်သည်။

တန်ချန်ဇီ၏ တပည့်ဟူသော စကားသံမှာ ခန်းမအတွင်း ဟိန်းထွက်သွားပြီးနောက် လော့ချန် ထုတ်ပေးထားသော ပစ္စည်းသုံးမျိုးမှာ ချွီလင်ကျွင်း၏ရှေ့သို့ ကျဆင်းလာသည်။

"ပထမတစ်ခုက.... စိမ်းမြရတနာဓား" ဟု လော့ချန်က ဆိုသည်။

"ဒါက ငါ အစောပိုင်းကာလတွေမှာ အမြဲသုံးခဲ့တဲ့ အဆင့်လတ် မှော်လက်နက်တစ်ခုပဲ၊ ဓားမြှောင် ခုနစ်စင်းပါပြီး အဆင့်မြင့် မှော်လက်နက်တစ်ခုရဲ့ စွမ်းအားနဲ့ ညီမျှတယ်"

ချွီလင်ကျွင်း၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားသည်။ သူသည် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက် ချီသန့်စင်အဆင့် ၃ သို့ ရောက်ရှိကာ အဆင့် ၄ သို့ တက်လှမ်းရန် နီးကပ်နေပြီဖြစ်ရာ ဤမှော်လက်နက်မှာ အချိန်ကိုက်ပင် ဖြစ်သည်။

"နောက်တစ်ခုက ငါ့ရဲ့ ဆေးဖော်စပ်ခြင်း အတွေ့အကြုံတွေကို မှတ်တမ်းတင်ထားတဲ့ ကျမ်းစာနဲ့ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုပဲ"

"လက်ဆောင်တွေအတွက် ကျေးဇူးအများကြီး တင်ပါတယ် ဆရာ"

ချွီလင်ကျွင်းက ရိုသေစွာ ဦးညွှတ်ရင်း ပစ္စည်းသုံးမျိုးကို ကျေးဇူးတင်စွာဖြင့် သိမ်းဆည်းလိုက်သည်။

လော့ချန်သည် လူငယ်လေး၏ အပြုအမူကို ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဤလူငယ်လေးကို ယခင်ကတည်းက ချစ်ခင်ခဲ့သဖြင့် ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ တာဟဲစျေးမြို့တော်မှ ထွက်ခွာပြီး ကျောက်စိမ်းအိုးဓားဂိုဏ်းသို့ သွားရတော့မည်ဟု ထင်ခဲ့သော မရေရာသည့် နေ့ရက်များတွင်ပင် သူသည် ကျိုးယွမ်လီကို ဤကလေးအား စောင့်ရှောက်ရန် မှာကြားခဲ့ဖူးသည်။ ယခု ချွီလင်ကျွင်း၏ စစ်မှန်သော ပါရမီမှာ ပေါ်လွင်လာပြီဖြစ်ရာ သူ၏ အမွေအနှစ်ကို လက်ဆင့်ကမ်းရန် အချိန်အခါကောင်းပင် ဖြစ်သည်။

"ကျင့်ကြံတဲ့နေရာမှာ အပျင်းမကြီးနဲ့"

လော့ချန်က မှာကြားသည်။

"မင်းရဲ့ အသက်က အဲဒီအပေါ်မှာ မူတည်နေတာ၊ အသက်ရှည်ရှည် မနေရရင် ကျန်တာတွေက ဘာအဓိပ္ပာယ်မှ မရှိဘူး"

ချွီလင်ကျွင်းက တွန့်ဆုတ်စွာနှင့် မေးလိုက်သည်။

"ဒါပေမဲ့ ဆရာ.... ကျွန်တော့်ရဲ့ ဝိညာဉ်အမြစ် ၄ ခု ပါရမီနဲ့ တကယ်ပဲ မဟာတာအိုလမ်းစဉ်ကို လျှောက်လှမ်းနိုင်ပါ့မလား"

လော့ချန်က ပြုံးလိုက်သည်။

"ဟားဟား.... မင်း မသိဘူးလား၊ မင်းရဲ့ ဆရာက ဝိညာဉ်အမြစ် ၅ ခု ရှိတာလေ"

"ကျွန်တော်က ဆရာနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ ဆရာ"

ချွီလင်ကျွင်းက အလေးအနက် ပြန်ပြောလိုက်သည်။

"မဟုတ်ဘူး.... ကိုယ့်ကိုယ်ကိုယ် အထင်မသေးစမ်းပါနဲ့"

လော့ချန်က ခေါင်းယမ်းရင်း ပြောလိုက်သည်။

"ကောင်းကင်ဘုံဟာ လူတိုင်းအတွက် မျှော်လင့်ချက် အလင်းတန်းလေး တစ်ခုတော့ အမြဲ ချန်ထားပေးတတ်ပါတယ်၊ ငါတို့ဟာ ဆေးဖော်စပ်ခြင်းကနေတစ်ဆင့် လမ်းစဉ်ကို လျှောက်လှမ်းကြတာ၊ တကယ်လို့ မင်းသာ ဒီပညာကို ကျွမ်းကျင်မယ်ဆိုရင် ကျင့်ကြံခြင်း အရင်းအမြစ်တွေအတွက် ဘယ်တော့မှ ပူစရာ မလိုတော့ဘူး.... ကြားလား"

ချွီလင်ကျွင်းမှာ အစပိုင်းတွင် ဇဝေဇဝါ ဖြစ်သွားသော်လည်း တန်ချန်ဇီ၏ ထိုးထွင်းသိမြင်မှုဟု အမည်ပေးထားသော ဆေးဖော်နည်းကျမ်းကို မြင်လိုက်ရသည့်အခါမှ စတင်နားလည်သွားသည်။ သူ၏ အကြည့်မှာ ဘေးနားရှိ ခရမ်းရောင်ဆေးအိုးထံသို့ ရောက်သွားသည်။

နောက်ဆုံးတွင် သူ ခေါင်းကို ခိုင်မာစွာ ညိတ်လိုက်သည်။

"တပည့် နားလည်ပါပြီ"

လော့ချန်က ကျေနပ်စွာဖြင့် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဆေးဖော်ခန်းမဆောင်၏ တံခါးများ ပွင့်သွားပြီး စီမာဟွေ့နန်နှင့် မုရုံချင်းလျန်တို့ ဝင်လာကြသည်။

"ဒေါ်လေး.... ချွီလင်ကျွင်းကို မှတ်တမ်းထဲမှာ ထည့်လိုက်ပါ၊ ဒီနေ့ကစပြီး သူက ကျွန်တော့်ရဲ့ တပည့်ပဲ” ဟု လော့ချန် ညွှန်ကြားလိုက်သည်။

မုရုံချင်းလျန်က စကားတစ်ခွန်းမျှ မဆိုဘဲ ခေါင်းညိတ်ပြလိုက်သည်။

"ဟွေ့နန်.... ချွီလင်ကျွင်းရဲ့ ခံစားခွင့်တွေကို ချီသန့်စင်အဆင့် နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးရဲ့ အဆင့်အထိ မြှင့်ပေးလိုက်ပါ၊ လစဉ် အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံး တစ်လုံးနဲ့ အနှစ်သာရမွေးမြူရေး တစ်ပုလင်း ရရှိရမယ်၊ တခြားဆေးလုံးတွေကိုတော့ အများကြီး မပေးနဲ့ဦး၊ အဲ့ဒါက သူ့ရဲ့ ကျင့်ကြံမှုကို အဟန့်အတား ဖြစ်စေနိုင်တယ်"

စီမာဟွေ့နန်က ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ သူမသည် ချွီလင်ကျွင်းကို အားကျသော အကြည့်များဖြင့် ကြည့်လိုက်မိသည်။ သူမတို့မောင်နှမတစ်သိုက် အဖွဲ့သို့ စတင်ဝင်ရောက်စဉ်က မည်သူမျှ ဤကဲ့သို့သော ကံထူးမှုမျိုး မရရှိခဲ့ကြချေ။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ တပည့်ရင်းအဖြစ် လက်ခံခံရခြင်းမှာ ချွီလင်ကျွင်းကို အခြားသူများထက် အဆင့်အတန်း မြင့်မားသွားစေသည်။ လော့ထျန်းအဖွဲ့အတွင်း၌ပင် သူ၏ အဆင့်အတန်းမှာ ထူးခြားသွားပြီ ဖြစ်သည်။ သူသည် လော့ချန်၏ တစ်ဦးတည်းသော တပည့်ဟူသော ဘွဲ့ထူးကို ပိုင်ဆိုင်သွားပြီ ဖြစ်လေသည်။

မှာကြားစရာများ မှာကြားပြီးနောက် လော့ချန် မတ်တပ်ထရပ်လိုက်သည်။

"ကိုင်း.... ပြောစရာရှိတာပြောပြီးပြီဆိုတော့ ငါ ခဏလောက် တံခါးပိတ် ကျင့်ကြံတော့မယ်"

"ဟွေ့နန်.... ငါ မရှိတုန်း အဖွဲ့ချုပ်ရဲ့ အာဏာအားလုံးကို မင်းကိုလွှဲလိုက်ပြီ၊ တကယ်လို့ အန္တရာယ်တစ်ခုခု ကြုံလာရင် ခေါင်းဆောင်ဝမ်ယွမ်ကို သွားရှာလိုက်ပါ"

သူသည် ထွက်ခွာရန် လှည့်လိုက်သော်လည်း သူ၏ စကားသံမှာ ခန်းမအတွင်း၌ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

"ဂိုဏ်းကြီးတွေကို ရောင်းပေးနေတဲ့ ကျောက်စိမ်းအမြုတေဆေးလုံး အားလုံးကို လောလောဆယ် ရပ်ထားလိုက်၊ မီလီက မှော်အာဟာရဆေးလုံးတွေကို တာဝန်ယူလိမ့်မယ်၊ ပြီးတော့ ချွီလင်ကျွင်း ဆေးဖော်စပ်ချင်တယ်ဆိုရင် ဆေးဖော်ဆောင်ရော ဆေးဝါးဆောင်ကပါ သူ့ကို ဝိုင်းဝန်းကူညီပေးလိုက်ကြပါ"

သူ၏ နောက်ဆုံးစကားများမှာ ခန်းမကြီးအတွင်း၌ ပဲ့တင်ထပ်နေဆဲဖြစ်သော်လည်း သူ၏ လူရိပ်မှာမူ အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားလေပြီ။

နောက်ဆုံး ချွီဟန်ချန်း တစ်ဦးတည်းသာလျှင် ကျန်ရစ်ခဲ့ပြီး သူ၏ အိုမင်းလှသော ခန္ဓာကိုယ်မှာ ဝမ်းသာလွန်း၍ တုန်ယင်နေကာ မျက်ရည်များမှာ ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။ သူ၏ ရှိုက်သံများမှာ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရသော စိတ်သက်သာရာရမှုများနှင့်အတူ တိတ်ဆိတ်သော ခန်းမအတွင်း၌ ဂုဏ်ယူစွာ ထွက်ပေါ်နေတော့သည်။

....

သုံးရက်အကြာတွင် တာဟဲဈေးမြို့တော်၏ မြို့တွင်းပိုင်း၌ ဖြစ်သည်။ မဟုတ်သေးပေ။ ယခုအခါ တာဟဲစျေးမြို့တော်အား တစ္ဆေမြို့ပျက်ဟုသာ ခေါ်ရပေတော့မည်။

ထို မြို့ပျက်အတွင်းပိုင်း မြူထူများ ဖုံးလွှမ်းနေသော လမ်းမပေါ်တွင် လူတစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။ ထိုသူသည် တစ္ဆေသရဲများမမြင်နိုင်အောင် ကိုယ်ယောင်ဖျောက်နိုင်သည့် ငရဲမှော်ဝတ်ရုံကိုဝတ်ဆင်ထားပြီး သူ၏ ခြေလှမ်းများမှာ တည်ငြိမ်နေသော်လည်း လက်ထဲမှ ငရဲမီးရောင်မှုန်ဖျဖျ တောက်နေသည့် မီးအိမ်လေးမှာမူ မှောင်မိုက်မှုအတွင်း၌ မှိန်ပြပြ တုန်ခါနေသည်။

ပထမတစ်ချက်ကြည့်ရုံဖြင့် သူ့ကို သတိမထားမိနိုင်သော်လည်း သူကိုင်ထားသော စိမ်းလဲ့လဲ့ မီးအိမ်နှင့် သူ၏ တည်ငြိမ်လှသော အရှိန်အဝါကို မြင်လိုက်ရသူတိုင်း အံ့သြသွားကြမည်မှာ အသေအချာပင်ဖြစ်သည်။

ထိုသူမှာ အခြားမဟုတ်။ လော့ထျန်းအဖွဲ့၏ အဖွဲ့ချုပ်ခေါင်းဆောင် တန်ချန်ဇီ ဖြစ်ပေသည်။

သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ သိပ်မကြာသေးပေ။ ကျင့်ကြံမှုကို ခိုင်မာအောင် လုပ်ရန်အတွက် တံခါးပိတ် ကျင့်ကြံရမည့်အစား တစ်နယ်လုံးတွင် အန္တရာယ်အရှိဆုံး နေရာတစ်ခုဖြစ်သော တာဟဲတစ္ဆေမြို့ပျက်အတွင်းသို့ အဘယ်အကြောင်းကြောင့် လာရောက်ခဲ့ရလေသနည်း။

အန္တရာယ်အရှိဆုံး ဟုဆိုရသည့် အကြောင်းရှိသည်။ အကြောင်းမူ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ တစ္ဆေမြို့ပျက်မှာ ပိုမို၍ အန္တရာယ်များလာခဲ့သည်။ အစပိုင်းတွင် တစ္ဆေစစ်သူကြီး တစ်ဦးတည်းသာ ရှိခဲ့သော်လည်း ယခုအခါ ကိုးဦးအထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။ တစ္ဆေစစ်သူကြီးများသည် ဒုတိယအဆင့် မိစ္ဆာသားရဲများ သို့မဟုတ် လူသား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် အင်အားတူညီကြသည်။

အတိုချုပ်ပြောရမည်ဆိုပါက သူတို့သည် ဒုတိယအဆင့် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။

သူတို့၏ စိတ်အာရုံမှာ မကြည်လင်သော်လည်း တစ္ဆေချောက်နက်၏ သဘာဝအရ အသာစီးရမှုကြောင့် တန်းတူအဆင့်ရှိသော သာမန်လူသား ကျင့်ကြံသူများထက် များစွာသာလွန်သော စွမ်းအားများကို ထုတ်ဖော်နိုင်ကြသည်။

ထို့ကြောင့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မည်သည့် ဂိုဏ်းကြီးမှ တစ္ဆေမြို့ပျက်အတွင်းသို့ ထပ်မံ မဝင်ရဲကြတော့ချေ။ သူတို့သည် ထိုနေရာအား မရှိတော့သလိုမျိုးသာ မျက်ကွယ်ပြုထားကြတော့သည်။ ၎င်းမှာ ပြဿနာကို ရင်မဆိုင်ဘဲ မြေကြီးထဲ ခေါင်းဝှက်ထားသော ငှက်ကုလားအုတ်များကဲ့သို့ပင်။

ထိုကဲ့သို့ လူတိုင်းသည် တစ္ဆေမြို့ပျက်၏ ခြောက်ချားဖွယ်တည်ရှိနေမှုကို စိုးရိမ်နေကြသော်လည်း အခြားတစ်ဖက်တွင်မူ တာဟဲနယ်မြေတစ်ဝိုက်ရှိ ဝိညာဥ်စွမ်းအားကြွယ်ဝနေမှုများအပေါ် သာယာကာ စွန့်ခွာရန်လည်း ဝန်လေးနေကြပြန်သည်။

လော့ချန်သည် သူတို့၏ စိတ်ကိုနားလည်သည်။ အထူးသဖြင့် အခြားသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးနှင့် အတွေ့အကြုံများ ဖလှယ်ပြီးနောက်တွင် သူသည် တစ္ဆေမြို့ပျက်အတွင်း၌ ကိန်းအောင်းနေသော အန္တရာယ်များကို ပိုမို ရှင်းလင်းစွာ သိရှိလာခဲ့သည်။

ထိုသုံးဦးထဲတွင် ဝမ်ဟိုင်ချောင်၏ တာကျန်းဂိုဏ်းမှာ တစ္ဆေမြို့ပျက်အတွင်းသို့ အကြိမ်အများဆုံး ဝင်ရောက်ခဲ့သည်။ သို့သော် အတွင်းပိုင်းကျကျ ရောက်ခဲ့သူမှာ လီရီရှန်း ဖြစ်သည်။ သူမ၏ ယင်ကျင့်စဉ်ကြောင့် ယင်စွမ်းအင်များကို ကိုင်တွယ်ရာတွင် ထူးခြားသော အသာစီးရမှု ရှိနေသည်။ သူမသည် တစ်ကြိမ်တွင် မြို့ထဲသို့ တစ်ဦးတည်း ဝင်ရောက်ခဲ့ပြီး အဖိုးတန်သော အရာများစွာကို ယူဆောင်လာနိုင်ခဲ့သော်လည်း တစ္ဆေစစ်သူကြီး နှစ်ဦး၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက်ပိုင်း မည်သည့်အခါမျှ ထပ်မံ မဝင်ရဲတော့ချေ။

သို့ဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် လော့ချန်သည် အဘယ်ကြောင့် အကျိုးသင့်အကြောင်းသင့် မဆင်ခြင်ဘဲ ဤနေရာသို့ လာခဲ့ရသနည်းဟု မေးစရာရှိလေသည်။

အဖြေမှာ လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်သည်။ သူသည် စိတ်ကူးပေါက်သဖြင့် နတ်မျက်စိ မှော်အတတ်ဖြင့် တစ္ဆေမြို့ပျက်ကို ကြည့်လိုက်မိချိန်တွင် ထိုအရာကို မြင်တွေ့ခဲ့ရသည်။

အကြည့်တစ်ချက်တည်းနှင့်ပင် သူသည် ထူထပ်လှသော မြူခိုးများအကြား၌ နက်ရှိုင်းစွာ မြုပ်နှံနေသည့် အလွန်အားကောင်းလှသော ဝိညာဉ်စွမ်းအင် အရှိန်အဝါတစ်ခုကို မြင်တွေ့လိုက်ရခြင်းပင်။ ထိုအရှိန်အဝါမှာ တစ္ဆေချီများအကြားတွင် ထီးထီးကြီး ပေါ်ထွက်နေသည်။

‘ဒါဟာ ဒုတိယအဆင့် ဝိညာဉ်ကြောရဲ့ စွမ်းအင်ပဲ၊ သေချာတယ်’

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၈၆) - တစ္ဆေမြို့ပျက်အတွင်းမှ လျှို့ဝှက်ခြေရာ

ခြောက်ခြားဖွယ်ရာ ကောင်းလှသော တစ္ဆေမြို့ပျက်ကြီး၏ လမ်းမထက်ဝယ် လော့ချန်သည် တည်ငြိမ်စွာ လျှောက်လှမ်းနေရင်း အတိတ်ဟောင်းတို့ကို ပြန်လည် အောက်မေ့နေမိရာ သူ၏ရင်ထဲတွင် ခံစားချက်လှိုင်းအချို့လှုတ်ခတ်သွားရသည်။

သူ ဤအရပ်သို့ မလာ၍ မဖြစ်ပေ။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက် အကောင်းဆုံး ကျင့်ကြံရာနေရာမှာ ဒုတိယအဆင့် ဝိညာဉ်ကြောရှိသည့် နေရာပင် ဖြစ်သည်။ ထိုကဲ့သို့သော နေရာမျိုးမှာ တာဟဲဈေးမြို့တော် ပတ်ဝန်းကျင်၌ပင် အလွန်ရှားပါးလှသည်။

ပုံမှန်အားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် ပထမအဆင့် ဝိညာဉ်ကြောသာရှိသော နေရာတွင် ကြာရှည်စွာ အခြေမချတတ်ကြချေ။ ထိုသို့ နေထိုင်ကြသူများမှာလည်း မျိုးနွယ်စု သို့မဟုတ် ဂိုဏ်း၏ အရေးကြီးသော တာဝန်များကြောင့်သာ ဖြစ်သည်။ မီရှုဟွာ၊ နန်ကုန်းကျင်းနှင့် လီရီရှန်းတို့ကဲ့သို့ မျိုးနွယ်စုအနှောင်အဖွဲ့ ရှိသူများသည် သူတို့၏ မျိုးနွယ်စုနှင့် အရင်းအမြစ်များကို မစွန့်လွှတ်နိုင်သဖြင့်သာ ဤနေရာ၌ ဆက်လက်နေထိုင်နေကြခြင်း ဖြစ်သည်။

စစ်မှန်သော ဒုတိယအဆင့် ဝိညာဉ်ကြောကို အသုံးမပြုနိုင်လျှင်ပင် ထိုသူများသည် သူတို့၏ ကျင့်ကြံခြင်းကို အထောက်အကူပြုစေရန် အထူးနည်းလမ်းများကို အသုံးပြုကြလေသည်။ မီရှုဟွာသည် ချီစုဆုံအစီအရင်ကို အသုံးပြု၍ သူ၏ ကျင့်ကြံရာနေရာကို ဒုတိယအဆင့် ဝိညာဉ်ကြော အသွင်ပြောင်း ကျင့်ကြံလေ့ရှိသည်။ တွမ်ချန်ခွန်းသည်လည်း ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်းကို အသုံးချကာ ဒုတိယအဆင့် ဝိညာဉ်ကြောအဖြစ် ပြောင်းလဲကျင့်ကြံခဲ့ဖူးသည်။

သို့သော် ထိုသို့သော နည်းလမ်းများမှာ ပေးဆပ်ရသည့် အဖိုးအခ အလွန်ကြီးမားလှပေသည်။ လိုအပ်သော အရင်းအမြစ်များမှာ မူးမေ့လဲလောက်အောင် များပြားလွန်းလှသဖြင့် ကျင့်ကြံသူ အများစုမှာ ဆေးလုံးများကိုသာ အဓိကအားကိုး၍ အဆင့်တက်ရန် ကြိုးပမ်းကြရခြင်း ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ခါစ လော့ချန်သည်လည်း ထိုပြဿနာနှင့်ပင် ရင်ဆိုင်နေရသည်။ သူ အခြေခံတည်ဆောက်စဉ်က ရေခဲမီးလျှံ ဝိညာဉ်စမ်းရေကို အကန့်အသတ်အထိ အကြိမ်ကြိမ် အသုံးပြုခဲ့ရသဖြင့် သူ စုဆောင်းထားသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများမှာ ကုန်သလောက်ပင် ရှိနေပြီ ဖြစ်သည်။

လော့ထျန်းအဖွဲ့တွင် အရင်းအမြစ် အသင့်အတင့် ကျန်ရှိနေသေးသော်လည်း ၎င်းတို့မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများသာ ဖြစ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများ လည်ပတ်ရန် အတွက်သာ မနည်းလုံလောက်ရုံရှိသည်။ ဤအခြေအနေအရ လော့ချန်အနေဖြင့် ဒုတိယအဆင့် ဝိညာဉ်ကြောတစ်ခုကို ရေရှည်ပိုင်ဆိုင်နိုင်ရန် မည်သည့်နည်းလမ်းမျှ မရှိပေ။ ကျင့်ကြံရန်အတွက် သင့်တော်သော ဒုတိယအဆင့် ဆေးလုံးများလည်း သူ့ထံ၌ လတ်တလော မရှိသေးချေ။ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည့် နတ်ဒေဝါပျားရည်မှာလည်း ထိုသို့ ဝိညာဥ်ကြောတစ်ခု ဖန်တီးနိုင်ရန်အထိ လက်လှမ်းမမီသေးပေ။ ၎င်း၏ အဓိကပါဝင်ပစ္စည်းများမှာ ရှားပါးလွန်းလှသလို ဖော်စပ်ရန်လည်း အလွန်ခက်ခဲလှသည်။ ထို့ပြင် ကုန်ကျစရိတ် မှာလည်း အလွန်ကြီးမားလွန်းသဖြင့် ၎င်းကို ပုံမှန်အားကိုးရမည့် အရင်းအမြစ်အဖြစ် သတ်မှတ်၍ မရနိုင်ပေ။

မိစ္ဆာသားရဲကိုစတေးကာ နတ်ဒေဝါပျားရည်ကို ဖော်စပ်ရန်တော့ ဖြစ်နိုင်ပေသည်။ သို့သော် လတ်တလော သူ့တွင် သားရဲဟူ၍ ရှောင်ဟုန်သာရှိသည်။ သို့ရာတွင် ရှောင်ဟုန်အား သံယောဇဥ်တွယ်မိနေသည့်အပြင် ရှောင်ဟုန်မှ သူ့အားသခင်အဖြစ် သတ်မှတ်ရန် လုပ်ခဲ့ရာတွင်ပင် အလွန်ပင်ပန်းခဲ့ရသည်။ ဆေးဖော်စပ်ရန်သက်သက် သတ်ပစ်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စပင်။ ထို့ကြောင့် လော့ချန်သည် အခြားလမ်းမရှိတော့ဘဲ တာဟဲတစ္ဆေမြို့ပျက်ကြီးကိုသာ မျှော်လင့်ချက် ထားလိုက်ရတော့သည်။

"ဟုတ်ပြီ.... ငါ ထင်တာမမှားဘူးဆိုရင်.... ဖီးနစ်ကျတောင်ပဲ၊ ငါ အာရုံခံမိတဲ့ ဒုတိယအဆင့် ဝိညာဉ်ကြောဟာ ဖီးနစ်ကျတောင်ရဲ့ အလယ်ဗဟိုချက်နားမှာပဲ ဖြစ်ရမယ်"

လော့ချန် တိုးတိုးလေး ရေရွတ်လိုက်သည်။

သူသည် စီမာရှန့် တစ်ချိန်က ပြောခဲ့ဖူးသော စကားများကို သတိရသွားသည်။ စီမာရှန့် စကားအရ ဝိညာဉ်သန္ဓေတည်အဆင့်ရှိသော ဂိုဏ်းကြီးများတွင် ချီစွမ်းအင်ကို ကျစ်လျစ်စွာ စုစည်းကာ ဝိညာဉ်ကြော၏ အဆင့်ကို မြှင့်တင်နိုင်သော လျှို့ဝှက်ဆန်းကြယ်နည်းလမ်းများ ရှိသည်ဟု ဆိုသည်။

ထျန်းလန် နတ်ဘုရားမြို့တော်ကိုလည်း ထိုသို့ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ တာဟဲဈေးမြို့တော်တွင်လည်း ထိုကဲ့သို့သော အလားအလာ ရှိနေသည်။ ဤနယ်မြေ၏ အောက်ခြေတွင် ကြီးမားလှသော ဝိညာဉ်ကြောကြီး ကိန်းအောင်းနေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။

ဤမျှ နက်ရှိုင်းပြီး ကျယ်ပြန့်သော ပထမအဆင့် ဝိညာဉ်ကြော ရှိနေသဖြင့်လည်း ဤနေရာမှာ တစ်ချိန်က နတ်ဘုရားမြို့တော် တည်ထောင်ရန်အတွက် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

"ဟာ.... အခုမှသတိရတယ်.... ရွှေအမြုတေအဆင့်ရှိတဲ့ ဖန်ရင်ရှုံဆို တာဟဲမှာ တစ်နှစ်နီးပါး လာနေနေတာပဲ၊ သူ ဘာကျင့်ကြံမှုမှ မလုပ်ဘဲတော့ နေမှာမဟုတ်ဘူး.... သူ့လို လူမျိုးအတွက် သင့်တော်တဲ့ ကျင့်ကြံနေရာဆိုလို့ တတိယအဆင့် ဝိညာဉ်ကြောပဲ ရှိတယ်.... ဖြစ်နိုင်တာက သူ ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ လျှို့ဝှက်နည်းကို သုံးပြီး ဖီးနစ်ကျတောင်ရဲ့ ဝိညာဉ်ကြောအဆင့်ကို ယာယီမြှင့်ထားတာ ဖြစ်နိုင်တယ်.... သေချာပေါက် ငါ အာရုံခံမိတာက အဲဒီဝိညာဥ်ကြောရဲ့ စွမ်းအားစီးကြောင်း ဖြစ်လောက်တယ်”

လော့ချန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ စိတ်ပိုင်းဖြတ်လိုက်ပြီး ဖီးနစ်ကျတောင်ဆီသို့ အပြေးတက်လှမ်းလိုက်သည်။ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ သိသိသာသာ ပြောင်းလဲသွားပြီး သာမန်လူသားတစ်ဦးနှင့် မတူတော့ချေ။ ၎င်းမှာ အထွတ်အထိပ်သို့ ရောက်ရှိထားသော ချီဖုံးကွယ်မှော်အတတ်၏ ဆန်းကြယ်လှသော စွမ်းပကားပင်။

လော့ချန်သည် ဤအတတ်ကို လွန်ခဲ့သော အချိန်ကတည်းက ကျွမ်းကျင်ပိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အထွတ်အထိပ်အဆင့်တွင် ချီဖုံးကွယ်မှော်အတတ်သည် အခြားသူများ သို့မဟုတ် သတ္တဝါများ၏ အရှိန်အဝါကို တုပနိုင်သည်။ သူသည် တစ်ကြိမ်တွင် မိစ္ဆာဝံပုလွေတစ်ကောင်၏ အရှိန်အဝါကို အတုယူကာ ဒုတိယအဆင့်သားရဲကိုပင် လှည့်စားခဲ့ဖူးလေသည်။

ယခု တစ္ဆေမြို့ပျက်ကြီးအတွင်းသို့ ဝင်ရောက်လာချိန်တွင် သူ၌ ကိုယ်ယောင်ဖျောက်ရန် နည်းလမ်းများ ရှိနေသည်။ ငရဲမှော်ဝတ်ရုံနှင့် မြစိမ်းပိုးစုန်းကြူး မီးအိမ် တို့မှာ တစ္ဆေများကို တိုက်ခိုက်နှိမ်နင်းရာတွင် အသာစီးရရန် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့အပြင် သူ၏ကျင့်ကြံမှုနှင့် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လှသော မှော်အတတ်များကြောင့်လည်း သူ့တွင် ယုံကြည်ချက်ရှိနေသည်။

တစ္ဆေတစ်ကောင်သည် သူ့ဘေးမှ ဝေဝေဝါးဝါး အရိပ်တစ်ခုအဖြစ် ဖြတ်သန်းသွားချိန်တွင် လော့ချန် လုံးဝ စိတ်ချသွားတော့သည်။ သာမန်တစ္ဆေများသည် သူ့အား လုံးဝ သတိမထားမိကြချေ။ သူတို့သည် လော့ချန်အား သူတို့နှင့် အမျိုးအနွယ်တူ တစ်ဦးအဖြစ်သာ မှတ်ယူနေကြသည်။ အမှန်စင်စစ် သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အခြေခံတည်ဆောက်သူတစ်ဦး၏ ဖိအားကြောင့် ဤအဆင့်နိမ့် တစ္ဆေများမှာ သူ့အား တစ္ဆေစစ်သူကြီးတစ်ဦးဟုပင် ထင်မှတ်နေကြခြင်း ဖြစ်သည်။

လော့ချန်သည် တစ်ချိန်က ကြက်ပျံမကျ ရောင်းသူ ဝယ်သူများဖြင့် စည်ကားခဲ့သော တောင်ဘက် တစ်ကိုယ်တော်ကျင့်ကြံသူများကျက်စားရာ ဈေးဟောင်း၏ ပျက်စီးယိုယွင်းမှုများကို ဖြတ်ကျော်လာခဲ့သည်။ ယခုအခါ ထိုနေရာမှာ သုသာန်တစပြင်ကဲ့သို့ ပျက်စီးခြင်းအတိ ဖြစ်နေလေပြီ။ ဆိုင်းဘုတ်များမှာ အပိုင်းပိုင်းပြတ်ကာ မြေခနေပြီး လမ်းမကျယ်ကြီးများပေါ်တွင် အရိုးစုများ ပြန့်ကျဲနေကာ တိတ်ဆိတ်ခြောက်ကပ်နေတော့သည်။

သူသည် ခြေလှမ်းကို အရှိန် လျှော့လိုက်ပြီး သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်မိသည်။ ထိုကပ်ဘေးကြီးသည် လူများစွာ၏ ကံကြမ္မာကို တစ်ညချင်း ပြောင်းလဲပစ်ခဲ့ကြောင်း သိသာလှသည်။

ရုတ်တရက် လော့ချန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

သူ၏နတ်မျက်စိများမှ တစ်ဆင့် မြူထူများကြားတွင် ယိုယွင်းပျက်စီးနေသော အဆောက်အအုံတစ်ခုကို သူ မြင်လိုက်ရသည်။ ထိုအထဲတွင် လူတစ်ဦးသည် ဘေးနား၌ အလံများကို စိုက်ထူထားကာ ဒူးတုပ်ထိုင်နေပြီး သူ၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တွန့်လိမ်ရှုံ့တွနေသည်။

“ဟမ်.... သူပါလား”

လော့ချန်သည် ဤလူနှင့် ပြန်လည်တွေ့ဆုံရလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးပေ၊ အထူးသဖြင့် ဤကဲ့သို့သော နေရာမျိုးတွင်ဖြစသည်။ ထိုလူမှာ တာကျန်းဂိုဏ်းမှ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည့် လီတာ ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် ထိုသူမှာ သတိထားမိလောက်စရာ မရှိသော်လည်း အတိတ်က အဖြစ်အပျက်တစ်ခုကြောင့် လော့ချန် သူ့ကို မှတ်မိနေခြင်း ဖြစ်သည်။

လော့ချန်၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည့် အဓိကအချက်မှာ လီတာသည် တစ်ချိန်က ကောင်းထင်ယွမ် နှင့်အတူ အရှင်ကူယွဲ့၏ ဂူဗိမာန်ကို သွားရောက် စူးစမ်းခဲ့ဖူးခြင်းပင်။

ထိုခရီးစဉ်မှ သူတို့သည် အဖိုးတန်ပစ္စည်းအများအပြားကို ရရှိခဲ့ကြသည်။ ကောင်းထင်ယွမ်သည် စိတ်ဝိညာဉ်သန့်စင်ခြင်း အမှန်တရားကျမ်း၏ အပိုင်းအစတစ်ခုကိုပင် ရရှိခဲ့သည်။ ထိုကျမ်းသည် အပြည့်မပါသော်လည်း သူ၏ ချီစွမ်းအားသိုလှောင်ရာ ဒန်ထျန်း ပျက်စီးသွားပြီးနောက်တွင် အခြေခံတည်ဆောက်ရန်အတွက် လမ်းစသစ်တစ်ခု ဖြစ်လာခဲ့သည်။

"ဟ ဒီကောင်ကွာ၊ လီရီရှန်းတောင် တစ္ဆေမြို့ပျက်ကြီးထဲကို မဝင်ရဲတဲ့အချိန်မှာ သူက တစ်ယောက်တည်း ဝင်လာရဲတယ်ပေါ့"

လော့ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"သူက ထူးတာလား၊ ရူးတာလား တစ်ခုခုပဲ”

လော့ချန်သည် သူ့အား စပ်စုလိုသော ဆန္ဒမရှိပေ။ သူ၏ရည်ရွယ်ချက်မှာ ဖီးနစ်ကျတောင်ရှိ ဝိညာဉ်ကြောမြေသို့ ရောက်ရှိရန်နှင့် ကျင့်ကြံမှုကို ခိုင်မာအောင် လုပ်ရန်သာ ဖြစ်သည်။ ယခုအချိန်တွင် မလိုအပ်သော ရှုပ်ရှုပ်ရှက်ရှက် ကိစ္စများဖန်တီးခြင်းမှာ ပညာရှိရာ မရောက်ပေ။ သို့သော် သူ လှည့်ထွက်သွားတော့မည့်ဆဲဆဲတွင် အရာတစ်ခုက သူ၏အာရုံကို လျှပ်ခနဲ ဖမ်းစားလိုက်သည်။

“ဟင်.... အဲ့ဒီ မှော်လက်နက်က...."

သူ့ကိုယ်သူပင် မသိလိုက်ဘဲ လော့ချန် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်မိသည်။ ခြေသံများသည် ပျက်စီးနေသော အဆောက်အအုံ အပြင်ဘက်ရှိ တိတ်ဆိတ်နေသော လမ်းမပေါ်တွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံကြောင့် လီတာ အာရုံစိုက်မိသွားသည်။ လီတာ၏ မျက်လုံးများ ပွင့်လာပြီး သူ၏မျက်နှာမှာ တင်းမာမှုနှင့် ဒေါသတို့ကြောင့် ကြောက်မက်ဖွယ် တွန့်လိမ်သွားတော့သည်။

"တောက်.... ဘယ်သူလဲ ထွက်သွားစမ်း"

သူ အော်ဟစ်လိုက်ရင်း ငွေရောင်အပ် သုံးစင်းကို တွန့်ဆုတ်မနေဘဲ ပစ်လွှတ်လိုက်သည်။ သို့သော် ထိုအပ်သုံးစင်းမှာ လမ်းတဝက်တွင် လေထုထဲ၌ ထူးဆန်းစွာ တန့်ခနဲ ရပ်တန့်သွားတော့သည်။

လီတာတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားသည်။

"ဟာ.... ဒါ ဘယ်လို ဖြစ်တာလဲဟ"

သူ ထရပ်လိုက်ရန် ကြိုးစားသော်လည်း ပြင်းထန်လှသော ဖိအားတစ်ခုက သူ့ကို လေးလံစွာ ဖိနှိပ်ထားသဖြင့် နေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ တစ်လက်မမျှပင် လှုပ်ရှား၍ မရတော့ချေ။

လော့ချန်သည် သူ၏လက်ကို တစ်ချက်ခါလိုက်ရုံဖြင့် ငွေရောင်အပ် သုံးစင်းမှာ သူ၏လက်ထဲသို့ လွင့်ဝင်လာသည်။ နောက်ထပ် လက်ဝှေ့ယမ်းမှုတစ်ခုက ထိုအပ်များထဲတွင် ထည့်သွင်းထားသော ဝိညာဉ်တံဆိပ်များကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။

လီတာသည် ကြောက်လန့်တကြားနှင့် တိတ်ဆိတ်စွာ ကြည့်နေမိသည်။ ထိုမှော်အတတ်၊ ထိုပေါ့ပေါ့ပါးပါး လက်လှုပ်ရှားမှုမှာ အခြေခံတည်ဆောက်ခြင်း ဂုဏ်ပြုပွဲတွင် ဝမ်ဟိုင်ချောင်၏ ပြင်းထန်သော တိုက်ခိုက်မှုကို လော့ချန် ပယ်ဖျက်ခဲ့သော နည်းပင် ဖြစ်သည်။ ယခုအခါ သူသည် ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူသာ ဖြစ်သဖြင့် ဤတိုက်ခိုက်မှုကို ခုခံနိုင်စွမ်း အလျှင်းမရှိပေ။

"ပြောစမ်းပါ.... အဲ့ဒါက ဘယ်လို မှော်လက်နက်မျိုးလဲ"

လော့ချန်က စိတ်ဝင်တစား မေးလိုက်သည်။

လီတာ၏ အသံမှာ တုန်ယင်နေပြီး "ဟို.... ဟိုလေ တစ္ဆေမယ်တော်အပ် ပါ၊ ပထမအဆင့် ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုပါဗျာ" ဟု ပြန်ဖြေလိုက်သည်။

“တစ္ဆေမယ်တော်အပ်.... ဟုတ်လား”

လော့ချန် မျက်ခုံးပင့်လိုက်သည်။ ထိုအပ်သုံးစင်းမှာ ထင်သလောက် မရိုးရှင်းကြောင်း သူ သိမ်မွေ့စွာ အာရုံခံမိသည်။

"ဒါတွေကလည်း မင်း ကူယွဲ့ရဲ့ ဂူက ရလာတာပဲလား"

"ဟုတ်.... ဟုတ်ကဲ့ဗျ...."

လီတာ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး သူ၏ မျက်နှာထက်ဝယ် မှောင်မိုက်သော ယင်စွမ်းအင်များ ဖြတ်သန်းသွားကာ အံကို တင်းတင်းကြိတ်ထားသည်။

"အကြီးအကဲ တန်ချန်ဇီ.... ကျွန်တော် အကြီးအကဲကို နှောင့်ယှက်စော်ကားမိတာမျိုး မရှိဘူးလို့ ထင်ပါတယ်၊ ကျွန်တော့်ကို လွှတ်ပေးလို့ မရဘူးလားခင်ဗျာ"

လော့ချန် ခပ်အေးအေး ရယ်မောလိုက်သည်။

"ဟားဟား မင်း တကယ်ပဲ အဲ့ဒီလို ထင်တာလား၊ ခုနက မင်း ငါ့ကို နှုတ်ဆက်လိုက်တဲ့ ပုံစံက တော်တော်လေး ရိုင်းစိုင်းတယ်လို့ မင်း မခံစားမိဘူးလား"

သူ ပြောသည်မှာ မမှားပေ။ အခြေခံတည်ဆောက်သူ တစ်ဦးကို တိုက်ခိုက်ဝံ့သော ချီသန့်စင်အဆင့် ကျင့်ကြံသူမှာ အလွန်ရှားလှသည်။ ရှိပါကလည်း သူ၏ရှေ့တွင် ရှိနေသော လီတာမှာ ထိုလူနည်းစုမှ တစ်ဦးဖြစ်ပေလိမ့်မည်။ ထိုသို့မထီမဲ့မြင် ထပ်လုပ်မည်ဟု ကြံရွယ်နေသေးပါက ကျင့်ကြံခြင်းလောကတွင် ရယ်စရာကောင်းသော ဟာသတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။

လီတာ၏ မျက်နှာမှာ ချက်ချင်းပင် စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူဖျော့သွားတော့သည်။ သူ မဝံ့မရဲဖြင့် "ကျွန်တော့်ဘက်က တောင်းပန်တဲ့အနေနဲ့.... ဒီ တစ္ဆေမယ်တော်အပ်တွေကို လက်ဆောင်အဖြစ် ပေးပါရစေ" ဟု ကမ်းလှမ်းလိုက်သည်။

ကျင့်ကြံခြင်းလောက၏ ဝါစဉ်ဓလေ့စည်းကမ်းများကို လော့ချန်အနေဖြင့် ကျင့်သားရရန် ခက်ခဲနေဆဲ ဖြစ်သည်။ ထို့နောက် သူ သိမ်မွေ့စွာ ပြုံးလိုက်ပြီး လီတာ၏ ရှေ့တွင် ရှိနေသော အလံကို ကြည့်လိုက်သည်။

"ဒါနဲ့တော့ ဘယ်ရမလဲ၊ မင်းလက်ထဲက ဘာလဲ၊ အဲ့ဒီမှော်လက်နက်ကို ငါ့ကို ရောင်းလိုက်၊ ပြီးတော့ ဒီမြို့ထဲကနေ ချက်ချင်း ထွက်သွားလိုက်.... အဲ့ဒါဆိုရင်တော့ လက်ခံပေးမယ်လေ"

"ဟာ.... ဒီဟာကို ပေးလိုက်လို့တော့ မဖြစ်ဘူး"

လီတာ မဆင်မခြင်ပင် အော်ဟစ် ငြင်းဆန်လိုက်မိသည်။ ထိုစကား ထွက်သွားပြီးမှ သူ မှားသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

လော့ချန် တစ်ခုခု မတုံ့ပြန်မီမှာပင် လီတာ စတင် လှုပ်ရှားလိုက်သည်။ သူ တစ္ဆေအလံကို ဝှေ့ယမ်းလိုက်ရာ အလံအတွင်းမှ ဒေါသထွက်နေသော တစ္ဆေဝိညာဉ် ဆယ်ကောင် ထွက်ပေါ်လာပြီး လော့ချန်ထံသို့ အော်ဟစ်ကာ ပြေးဝင်လာကြသည်။ တစ်ချိန်တည်းမှာပင် လီတာသည် အလံ၏ မှောင်ရိပ်အတွင်း၌ ကိုယ်ယောင်ဖျောက်ကာ အဆောက်အဦး၏ ခေါင်မိုးပေါ်သို့ ခုန်တက်၍ ထွက်ပြေးရန် ကြိုးစားတော့သည်။

လော့ချန်မှာ မလှုပ်မယှက် ရပ်နေရင်း ထိုမြင်ကွင်းကို ကြည့်နေသည်။ ဒေါသထွက်နေသော တစ္ဆေများ ပြေးဝင်လာသောအခါ သူသည် သူ၏ ဝတ်ရုံလက်ကို အသာအယာ ခါယမ်းလိုက်သည်။ စစ်မှန်သော ဝိညာဉ်စွမ်းအင် လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ခဏချင်းမှာပင် တစ္ဆေများအားလုံးမှာ မုန်တိုင်းထဲမှ ဖယောင်းတိုင်မီးများကဲ့သို့ ပျောက်ကွယ်သွားတော့သည်။

လီတာသည် ခန္ဓာကိုယ်ရော ဝိညာဉ်ပါ တုန်ယင်သွားတော့သည်။

“အလို.... ဒါ.... ဒါ ဘယ်လို မှော်အတတ်မျိုးလဲ၊ ငါ့မှော်အတတ်တွေရော မှော်လက်နက်တွေရော မတိုးဘူး၊ ဒေါသကြီးနေတဲ့ တစ္ဆေဝိညာဉ် တွေတောင် သူ့ရှေ့မှာ ဘာမှ မတတ်နိုင်တော့ဘူးလား”

သို့သော် လက်လျှော့ရန်မှာမူ လုံးဝ မဖြစ်နိုင်ချေ။ ထိုမှော်လက်နက်၊ ထိုတစ္ဆေမယ်တော်အပ်များသည် သူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ ၎င်းကို လွယ်လွယ်နှင့် စွန့်လွှတ်နိုင်မည် မဟုတ်ပေ။

‘ပြေးရမယ်.... ငါ ပြေးမှဖြစ်မယ်’ ဟု လီတာ တွေးလိုက်သည်။

“ဒီတစ္ဆေမြို့ပျက်ကြီးထဲမှာတော့ သူ ငါ့ကို ဗြောင်ကျကျ လိုက်ဝံ့မှာ မဟုတ်လောက်ပါဘူး”

လီတာသည် သူ အသက်ရှင်လျက် လွတ်မြောက်နိုင်တော့မည်ဟု ထင်လိုက်သော အခိုက်အတန့်မှာပင် မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားသည်။

အောက်ဘက်မြေပြင်မှ မြွေဆိုးများကဲ့သို့သော စိမ်းလဲ့လဲ့ နွယ်ပင် ရာပေါင်းများစွာမှာ မြေကြီးကို ဖောက်ပွင့်ထွက်လာပြီး သူ့ထံသို့ လျင်မြန်လှသော အရှိန်ဖြင့် ရစ်ပတ်လာတော့သည်။ ၎င်းတို့သည် အရပ်မျက်နှာအနှံ့မှ ထူးခြားသော အဟုန်ဖြင့် တိုးဝင်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် စိမ်းလဲ့လဲ့ နွယ်ပင်လှောင်အိမ်အတွင်း၌ ပိတ်မိသွားတော့သည်။

လီတာ အနောက်သို့ လှည့်ကြည့်လိုက်ရာ လော့ချန်သည် အောက်ဘက်တွင် တည်ငြိမ်စွာ ရပ်နေရင်း လက်ဟန်တစ်ခု ပြုလုပ်သည်ကို မြင်လိုက်ရသည်။

"အား.... မလုပ်ပါနဲ့" ဟု သူ အပူတပြင်း အော်ဟစ်လိုက်သည်။

သူ၏ စူးရှသော အော်ဟစ်သံမှာ နွယ်ပင်များအကြား၌ ပျောက်ကွယ်သွားတော့သည်။ နွယ်ပင်များ၏ ကြားမှနေ၍ သွေးစက်အချို့ ထွက်ပေါ်လာပြီး သူ၏ အဆုံးသတ်ကို ဖော်ပြနေတော့သည်။

“ဟင်း.... ဟင်း.... အထွတ်အထိပ်အဆင့် နွယ်ရှင်နှောင်ကြိုး မှော်အတတ်က.... တော်တော်လေးတော့ အသုံးဝင်သားပဲ”

လော့ချန် ကျေနပ်စွာ တွေးလိုက်မိသည်။

ခဏအကြာတွင် ထူထဲသော နွယ်ပင်တစ်ပင်မှာ သူ့ထံသို့ တွားသွားလာပြီး အဝတ်ဖြင့် တင်းတင်းပတ်ထားသော အထုပ်ကြီးတစ်ခုကို ဆွဲယူလာသည်။ လော့ချန် လက်လှမ်းကာ တွန့်ဆုတ်မနေဘဲ ယူလိုက်သည်။ သူ၏ လှုပ်ရှားမှုသည် တစ္ဆေစစ်သည်အဆင့်ရှိသော ဝိညာဉ်များစွာကို ဆွဲဆောင်မိပေလိမ့်မည်။ မြန်မြန် ထွက်ခွာသွားသည်မှာ အကောင်းဆုံးပင် ဖြစ်သည်။

လော့ချန် ထင်သည့်အတိုင်းပင် သူထွက်သွားပြီး မကြာမီအချိန်မှာပင် တစ္ဆေဝိညာဉ်ပေါင်းများစွာ စုဝေးရောက်ရှိလာတော့သည်။ သူတို့သည် ထိုနေရာတွင် စုရုံးနေကြသော်လည်း မည်သည့်အရိပ်အယောင်ကိုမျှ မတွေ့သဖြင့် ဝေဝေဝါးဝါး ဖြစ်နေကြသည်။ ထွားကျိုင်းလှသော တစ္ဆေစစ်သူကြီး တစ်ဦး ရောက်ရှိလာပြီးမှသာ ထိုအစုအဝေးမှာ တဖြည်းဖြည်း လူစုကွဲသွားတော့သည်။

All Chapters