အခန်း (၂၈၉-၂၉၀)
Vol. 29 Ch. 289-290
အခန်း (၂၈၉) - သုံးနှစ်တာ အဓိဋ္ဌာန်နှင့် မယုံနိုင်စွမ်းသော တိုးတက်မှု
အချိန်ဟူသည်ကား ပင်လယ်သမုဒ္ဒရာအတွင်း ရိုက်ခတ်နေသည့် လှိုင်းလုံးများကဲ့သို့ပင် အလွန်လွယ်ကူစွာ မှေးမှိန်ပျောက်ကွယ်သွားတတ်သည့် သဘောရှိလေသည်။ ထိုလှိုင်းလုံးများသည် ရိုက်ခတ်စဥ် ခဏတာ ရရှိလိုက်သည့် ကောင်းကင်ထက်မှ နေရောင်ခြည်၏ နွေးထွေးမှုကို ကြာရှည်ထိန်းသိမ်းထားရန် ခက်ခဲလှပေသည်။
သာမန်လူသားများအတွက်မူ အချိန်ကုန်ဆုံးသွားခြင်းကို သတိပင် မထားမိတတ်ကြချေ။ ရေတွက်၍မရသော နေ့ရက်များ ကုန်လွန်ပြီးနောက် ဆံပင်များဖြူကာ မျက်နှာတွင် အရေးအကြောင်းများ ထင်ကျန်ရစ်မှသာ အတိတ်ကို ပြန်လှည့်ကြည့်ရင်း "ဩော်.... နှစ်တွေအများကြီး ကုန်သွားပြီပဲ...." ဟု တိုးတိုးလေး ရေရွတ်ရင်း သံဝေဂရတတ်ကြသည်သာ။
သို့သော် မဟာတာအို လမ်းစဉ်ပေါ်သို့ အမှန်တကယ် လျှောက်လှမ်းရန် ခြေချထားသူများအတွက်မူ အချိန်သည် ထိုသို့မဟုတ်ပေ။ တိတ်ဆိတ်ငြိမ်သက်စွာ တိုက်စားနေသော အချိန်ဟူသည့် အရာသည် အထက်မြက်ဆုံးသော ဓားတစ်စင်းထက်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
ထို့ကြောင့် လော့ချန်သည် ကျင့်ကြံရေးဂူ၌ တံခါးပိတ်ကျင့်ကြံနေရာမှ ပြီးဆုံးကာ ထွက်လာချိန်တွင် အချိန်ခဏလေးဟုသာ ခံစားလိုက်ရသည်။ ထို ခဏတာအဆုံးတွင် လောကကြီးသည် သူ၏ရှေ့သို့ ပြန်လည်ရောက်ရှိလာတော့သည်။ သို့ရာတွင် ထိုမျက်စိတစ်မှိတ်အတွင်းမှာပင် သုံးနှစ်ဟူသော အချိန်ကာလသည် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သူ သတိမထားမိသေးပေ။
"အမလေး.... ဒီလောက်တောင် အချိန်ကုန်သွားတာလား"
လော့ချန်သည် မယုံကြည်နိုင်ဟန်ဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။ သူသည် အတိတ်နှင့် ပစ္စုပ္ပန်ကြားတွင် ခဏတာ မှင်သက်ကာ ရပ်နေမိသည်။ ထို့နောက် အသက်ကို မှန်မှန်ရှူသွင်းလိုက်ပြီး စိတ်ကို ပြန်လည်စုစည်းကာ သူ၏ ကျင့်ကြံခြင်း အခြေအနေကို အာရုံပြန်စိုက်လိုက်သည်။
နောက်ဆုံးတွင် သူ၏ အခြေခံတည်ဆောက်ခြင်းအဆင့်မှာ လုံးဝဥဿုံ တည်ငြိမ်သွားခဲ့လေပြီ။ သူသည် ကြာရှည်စွာ ပိတ်ထားခဲ့သော အခြေအနေပြကြေးမုံပြင်ကို ဖွင့်ကြည့်လိုက်သည်။ စာလုံးများမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ သူ၏ရှေ့တွင် ဖြည်းညှင်းစွာ ပွင့်အံကျလာတော့သည်။
[အခြေအနေပြကြေးမုံပြင်]
အမည် - လော့ချန်
သက်တမ်း - ၃၅ / ၁၆၀
ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)
အဆင့် - အခြေခံတည်ဆောက်ခြင်းအဆင့် ၂ (၁/၁၀၀)
အောင်မြင်မှုအမှတ် - ၇
[ကျင့်စဉ်များ]
နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်း - ပြီးပြည့်စုံအဆင့် (၃၇၅/၅၀၀)
နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ် - ပြီးပြည့်စုံအဆင့် (၄၀၀/၅၀၀)
ဝိညာဉ်သားရဲတစ်သောင်းကျင့်စဥ် - အခြေခံအဆင့် (၁၀/၁၀၀)
[မှော်အတတ်များ]
ဒုတိယအဆင့်
မြေပြိုခြင်း - အခြေခံ (၇၅/၁၀၀)
ဖန်သားနတ်ဘုံအကာအရံ - အခြေခံ (၁၀/၁၀၀)
ပထမအဆင့်
ကုသခြင်းမှော်အတတ် - ပါရမီရှင်အဆင့် (၇၀၀/၁၀၀၀)
မြေစိုင်တောင် မှော်အတတ် - ပြီးပြည့်စုံအဆင့် (၄၀၀/၅၀၀)
လှိုင်းလုံးမှော်အတတ် - ပြီးပြည့်စုံအဆင့် (၄၀၀/၅၀၀)
အသံလုံအတားအဆီး မှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၁၂/၅၀၀)
စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ် - ကျွမ်းကျင်အဆင့် (၂၅၁/၃၀၀)
အထွတ်အထိပ်အဆင့် မှော်အတတ်များ (အသေးစိတ်ကြည့်ရန် နှိပ်ပါ)
[ဆေးဖော်စပ်ခြင်း]
ကျောက်စိမ်းကွဲခြင်း - အထွတ်အထိပ်အဆင့်
သစ္စာနှလုံးသား - ပါရမီရှင်အဆင့် (၅၁၃/၁၀၀၀)
ရေတံခွန်စိမ့်စမ်း - တတ်မြောက်အဆင့် (၁၂၅/၂၀၀)
တိမ်တိုက်အသွင်ပြောင်းခြင်း - တတ်မြောက်အဆင့် (၁၁၂/၂၀၀)
[ကိုယ်ခံပညာ]
တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း - အထွတ်အထိပ်အဆင့်
ကောင်းကင်နတ်သမီးပန်းကြဲခြင်း - ပါရမီရှင်အဆင့် (၃၆၀/၅၀၀)
[အတတ်ပညာများ]
ဒုတိယအဆင့် ဆေးဖော်ဆရာ
သွေးအဆီအနှစ်ဆေးလုံး - တတ်မြောက်အဆင့် (၁၅၀/၂၀၀)
ချီလမ်းကြောင်းဆေးလုံး - အခြေခံအဆင့် (၈၀/၁၀၀)
နတ်ဒေဝါပျားရည် - အခြေခံအဆင့် (၃/၁၀၀)
အထွတ်အထိပ်အဆင့် ဆေးလုံးများ (အသေးစိတ်ကြည့်ရန် နှိပ်ပါ)
လော့ချန် ပထမဆုံး သတိပြုမိသည်မှာ သိသိသာသာ တိုးတက်လာသော သူ၏ သက်တမ်းပင် ဖြစ်သည်။ ထိုအပြောင်းအလဲကို မြင်လိုက်ရသည်နှင့် လော့ချန်၏ ရင်ထဲ၌ ကိန်းအောင်းနေသော စိုးရိမ်ပူပန်မှုများမှာ ချက်ချင်းပင် ယူပစ်သလို ပျောက်ကွယ်သွားတော့သည်။
"ငါ ထင်တဲ့အတိုင်းပဲ" သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ငါ့မှာ မွေးရာပါ ပါရမီနည်းနေတာတောင် တာအိုလမ်းစဥ်ကို အခြေခံအုတ်မြစ်ခိုင်သွားတာနဲ့ အကန့်အသတ်တွေက သိပ်မရှိတော့ဘူး၊ ပိုကျင့်ကြံလေ ပိုသက်တမ်းတိုးလေ ဖြစ်လာပြီ၊ ကောင်းတယ်၊ အရမ်းကောင်းတယ်.... ဟားဟား”
လော့ချန်၏ နှုတ်ခမ်းဖျားတွင် ပီတိကြောင့် ပြုံးဖြီးသွားသည်။ သို့သော်လည်း သူ့စကားကို အခြား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ကြားသွားပါက သူ့ကို ဝိုင်း၍ ဆဲဆိုကြပေလိမ့်မည်။ အကြောင်းမူ တိုတောင်းလှသော သုံးနှစ်အတွင်းမှာပင် သူများ မနာလိုချင်စရာကောင်းလောက်အောင် ကျင့်ကြံဆင့် နောက်တစ်လှမ်းသို့ တက်လှမ်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။ အခြားသူများအတွက် မဖြစ်နိုင်လောက်သော ဤမျှမြန်ဆန်လှသော တိုးတက်မှုနှုန်းမှာ အရိုင်းဆန်ဆန်ပါရမီဟုပင် ခေါ်ရပေလိမ့်မည်။
သို့သော် လော့ချန်သည် သူ့ကိုယ်သူ ကောင်းစွာ သိသည်။ ဤအရှိန်အဝါမျိုးမှာ အခြေခံတည်ဆောက်ခြင်းအဆင့်တက်စဉ်က သူ၏ စိတ်ဝိညာဉ်ပင်လယ် ဒန်ထျန်းအတွင်းတွင် ကျန်ရှိနေသော ဆေးစွမ်းအင်များစွာကို အပြည့်အဝ သန့်စင်လိုက်ခြင်းကြောင့် ဖြစ်ကြောင်း သူ နားလည်သည်။ ထို့ပြင် ဤမျှ မြန်ဆန်ရခြင်းမှာ သူကျင့်ကြံရာ နေရာသည် ကြွယ်ဝလှသည့် ဝိညာဉ်ကြောဖြစ်နေခြင်းကြောင့်လည်း ပါသည်။ ထိုကျင့်ကြံရာ နေရာသည် ရွှေအမြုတေအဆင့်ရှိသော ဖန်ရင်ရှုံ တစ်ယောက် သူကိုယ်တိုင်ကျင့်ကြံရန် ပြင်ဆင်ထားသည့် အကောင်းစားနေရာ တစ်ခုဖြစ်နေသည် မဟုတ်ပါလော။
အကောင်းဆုံး အခြေအနေရှိခဲ့စဉ်က ဤနေရာသည် တတိယအဆင့် ဝိညာဉ်ကြောတစ်ခု ဖြစ်ခဲ့သည်မှာ သံသယရှိစရာ မလိုပေ။ သို့သော် တိုက်ပွဲကြီးပြီးဆုံးသွားပြီးနောက် ဖီးနစ်ကျတောင်ပေါ်ရှိ အစီအရင်များအားလုံး ပျက်စီးသွားခဲ့သဖြင့် ယာယီတည်ရှိနေသော ထိုတတိယအဆင့် ဝိညာဉ်ကြောသည်လည်း တဖြည်းဖြည်း အရည်အသွေးကျဆင်းလာခဲ့ရသည်။
လော့ချန် ရောက်ရှိလာချိန်တွင်ပင် ၎င်းသည် တတိယအဆင့်မှ ဒုတိယအဆင့်သို့ ကျဆင်းနေပြီ ဖြစ်သော်လည်း သာမန် ဒုတိယအဆင့် ဝိညာဉ်ကြောများထက်တော့ များစွာ သာလွန်နေဆဲ ဖြစ်သည်။ သုံးနှစ်တာ အဆက်မပြတ် စုပ်ယူကျင့်ကြံခဲ့ပြီးနောက် ဝိညာဉ်ကြော၏ အရည်အသွေးသည်လည်း ဆက်လက် ကျဆင်းလာခဲ့သည်။
ယခုဆိုလျှင် ဒုတိယအဆင့် အရည်အသွေးကိုပင် မနည်း ထိန်းထားနိုင်သည့် အခြေအနေမျိုးသာ ကျန်တော့သည်။
‘ဒီလို ကျင့်ကြံဖို့ ကောင်းတဲ့နေရာမျိုးကို နောက်တစ်ခါ ရှာဖို့ဆိုတာ မလွယ်တော့ဘူး’ လော့ချန် ခေါင်းယမ်းရင်း တွေးလိုက်သည်။ သူ လောဘမကြီးပေ။
သူ၏ အကြည့်မှာ အခြေအနေပြကြေးမုံပြင်၏ အခြား မှတ်တမ်းများဆီသို့ ရောက်သွားသည်။ သူ၏ အဓိကကျင့်စဉ်ဖြစ်သော နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်းသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဒါက ဒုတိယအဆင့် ကျင့်စဉ်ပဲ၊ ကျွမ်းကျင်မှု အနည်းငယ် တိုးဖို့တောင် ကျင့်စဉ်စက်ဝန်းတွေ အများကြီး လည်ပတ်ရတယ်"
"ပါရမီရှင်အဆင့်အထိ တက်ဖို့ဆိုရင်တော့ နောက်ပိုင်းမှာ ပိုပြီးတော့ နှေးလာမှာပဲ၊ ဒါပေမဲ့ ဒါက သဘာဝပါပဲ.... အဆင့်ပဲဖြစ်ဖြစ်၊ ကျင့်စဉ်ပဲဖြစ်ဖြစ် ရှေ့ကို ပိုရောက်လေလေ၊ တက်လှမ်းဖို့ ပိုနှေးလေလေပဲ"
သို့သော် လော့ချန် အမှန်တကယ် စိတ်ပူနေသည်မှာ သူ၏ လက်ရှိ ကျင့်ကြံမှုနှုန်းပင် ဖြစ်သည်။
သူ၏ ဒန်ထျန်းအတွင်းရှိ စုဆောင်းထားသော ဆေးစွမ်းအင်များကို အပြည့်အဝ သန့်စင်ပြီးနောက် လော့ချန်သည် သူ၏ ကျင့်ကြံခြင်း တိုးတက်နှုန်းကို တမင်တကာ တိုင်းတာကြည့်ခဲ့သည်။ အစပိုင်းတွင် သူ၏ ကျင့်စဉ် ကျွမ်းကျင်မှုမှာ တိုးတက်နေသဖြင့် ကိန်းဂဏန်းများမှာ မတည်ငြိမ်ခဲ့ပေ။ သို့သော် အချိန်ကြာလာပြီး နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်းမှာ အထွတ်အထိပ်အဆင့်သို့ ရောက်သွားသည့်အခါတွင်မှ တိုင်းတာချက်များမှာ တည်ငြိမ်သွားခဲ့သည်။ နောက်ဆုံးတွင် သူသည် ပိုမို တိကျသော ကိန်းဂဏန်းတစ်ခုကို ရရှိခဲ့သည်။
"အင်း.... ခက်တာက ငါက ဆေးလုံးတွေလည်း ရပ်လိုက်ပြီဆိုတော့ ဒီလိုမျိုး ဒုတိယအဆင့် ဝိညာဉ်ကြော ရှိတဲ့နေရာမှာပဲ ဆက်ကျင့်ကြံနေမယ်ဆို...."
လော့ချန် တည်ငြိမ်သော မျက်လုံးများဖြင့် တွက်ချက်လိုက်သည်။
"အခြေခံတည်ဆောက်ခြင်းရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ဆို အနည်းဆုံး နှစ်ပေါင်း နှစ်ထောင် ကြာလိမ့်မယ်ထင်တယ်"
ထို ကြောက်ခမန်းလိလိ ကိန်းဂဏန်းကို သူ တည်ငြိမ်လွန်းလှသော လေသံဖြင့် ပြောလိုက်ခြင်းပင် ဖြစ်သည်။ ထိုသို့ အံ့မခန်း ကြီးမားလှသော ကိန်းဂဏန်းက လော့ချန်အား နောက်ထပ် တုန်လှုပ်မှုကြီး မဖြစ်ပေါ်စေနိုင်တော့ပေ။ ပထမဆုံး တိုင်းတာကြည့်ခဲ့စဉ်ကတည်းက သူ တုန်လှုပ်သင့်သလောက် တုန်လှုပ်ပြီးသား ဖြစ်နေခဲ့၍ ယခုအခါတွင်တော့ ထိုအမှန်တရားကို တည်ငြိမ်စွာ လက်ခံနိုင်နေပြီ ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ဤကိန်းဂဏန်းမှာ အလွန်အကျွံတော့ မဟုတ်ပေ။ သူသည် ဒဏ္ဍာရီလာ ကောင်းကင်ဝိညာဉ်အမြစ် ရှိသူများကို စံနှုန်းအဖြစ် ထား၍ နှိုင်းယှဉ်ခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း လောက၏ မှတ်တမ်းများအရ ထိုသို့သော ဝိညာဉ်အမြစ် ပိုင်ဆိုင်သူများသည် မည်သည့်ဆေးလုံး၏ အကူအညီမှ မပါဘဲ ဆယ်နှစ်အတွင်း အခြေခံတည်ဆောက်ခြင်း၊ နှစ်တစ်ရာအတွင်း ရွှေအမြုတေ၊ နှစ်နှစ်ရာအတွင်း ဝိညာဉ်သန္ဓေတည် နှင့် နှစ်ငါးရာအတွင်း နတ်ဘုရားအသွင်ပြောင်း အဆင့်အထိ ရောက်ရှိနိုင်ကြသည်။ ၎င်းမှာ ကြောက်စရာကောင်းသော အရှိန်အဟုန်ဖြစ်ပြီး ဂိုဏ်းကြီးများက ထိုသို့သော တပည့်မျိုးကို ရရှိရန် ဘာမဆို လုပ်ကြခြင်းမှာ အကြောင်းရှိပေသည်။
ထိုအဆင့်ကို အမြင့်ဆုံး အကန့်အသတ်အဖြစ် ထားရှိလိုက်သည့်အခါ အခြားသော ဝိညာဉ်အမြစ် အမျိုးအစားများ၏ ကျင့်ကြံခြင်းနှုန်းကို တိုင်းတာရန် ပိုမို လွယ်ကူသွားသည်။ လော့ချန်သည် အခြားသူများ မည်သို့ တိုင်းတာသည်ကို မသိသော်လည်း သူကမူ ကိုယ်ပိုင် တိုင်းတာမှုစနစ် တစ်ခုကို ဖန်တီးထားသည်။
အကယ်၍ ဝိညာဉ်အမြုတေ ငါးမျိုး ရှိသူကို စံနှုန်းအဖြစ် ထားရှိပြီး ကျင့်ကြံခြင်းနှုန်းကို ၁ ဟု သတ်မှတ်လျှင်၊ လေးမျိုးရှိသူမှာ ၂ ၊ သုံးမျိုးရှိသူမှာ ၄ နှင့် နှစ်မျိုးရှိသူမှာ ၈ ဟု သတ်မှတ်နိုင်သည်။ ကောင်းကင်ဝိညာဉ်အမြစ် ရှိသူမှာမူ ၂၀ အထိ ရှိပေလိမ့်မည်။
ဤစနစ်မှာ မှန်သလား၊ မှားသလားဆိုသည်ကို မည်သူမျှ မပြောနိုင်သော်လည်း လော့ချန် ချီသန့်စင်အဆင့်တွင် ရှိစဉ်ကမူ ဤတိုင်းတာချက်မှာ အတော်လေး တိကျခဲ့သည်။ သို့သော် အခြေခံတည်ဆောက်ခြင်း အဆင့်တွင်ပါ မှန်ကန်ပါ့မလားဆိုသည်မှာ ဆက်လက် စမ်းသပ်ရဦးမည် ဖြစ်သည်။
နှစ်ပေါင်း နှစ်ထောင် ဆိုသော ကိန်းဂဏန်းမှာ ထိတ်လန့်စရာ ကောင်းသော်လည်း လော့ချန်မှာ မျှော်လင့်ချက် မပျက်ပေ။ အကြောင်းမှာ ရှင်းသည်။
ဤတိုင်းတာချက်များအားလုံးမှာ မည်သည့် ပြင်ပအရင်းအမြစ်မှ မသုံးဘဲ၊ ဆေးလုံး တစ်လုံးမျှ မသောက်ဘဲ၊ အစီအရင်နှင့် လျှို့ဝှက်နည်းစနစ်များ မသုံးဘဲ ကျင့်ကြံခြင်းကိုသာ အခြေခံထားသောကြောင့် ဖြစ်သည်။ သို့သော် ကျင့်ကြံခြင်း လောကတွင် ထိုအရာများကို မသုံးစွဲဘဲ မနေကြချေ။ လော့ချန်ကိုယ်တိုင်လည်း ချီသန့်စင်အဆင့်တွင်ပင် ထိုအချက်ကို သက်သေပြခဲ့ပြီးသား ဖြစ်သည်။
"နှစ်ပေါင်း နှစ်ထောင်ဆိုတာက ဒီတိုင်းတွက်ကြည့်ရုံသက်သက်ပါပဲ" ဟု သူ တိုးတိုးလေး ဆိုလိုက်သည်။
"ငါသာ ဆေးလုံးတွေကို ဆက်ပြီး သောက်နိုင်မယ်ဆိုရင် အဲ့ဒီအချိန်ကာလက သိသိသာသာကို တိုတောင်းသွားမှာပဲ.... ခက်တာက ဆေးလုံးတွေဆက်သောက်ရင် ဆေးယဥ်ပြီး အဆိပ်အတောက်ဖြစ်မှာလဲစိုးနေရတယ်...."
လော့ချန် စဉ်းစားလိုက်သည်။ သူ မည်သည့်ဆေးလုံး သောက်ရမည်ကို သိပြီးသား ဖြစ်သည်။ အခြေခံတည်ဆောက်သူများအတွက် ဒုတိယအဆင့် ဆေးလုံးများစွာ ရှိသည်။ သူကိုယ်တိုင်လည်း သွေးမိစ္ဆာဆေးလုံး၊ ကျောက်စိမ်းနှင်းစက်ဆေးလုံးနှင့် အလွန် ဈေးကြီးလှသော နတ်ဒေဝါပျားရည်ဆေးညွှန်း သုံးခုလုံးကို တတ်မြောက်ထားပြီးသား ဖြစ်သည်။
မှန်ပေသည်။ လော့ချန်ကို ဒုက္ခပေးနေသည်မှာ ဆေးလုံးများကို အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆေးအဆိပ်ဘေးထွက်ဆိုးကျိုးများပင် ဖြစ်သည်။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်တက်စဉ်က ကြုံတွေ့ခဲ့ရသော ကြောက်မက်ဖွယ် အိပ်မက်ဆိုးကို ပြန်လည် မရင်ဆိုင်ချင်တော့ပေ။
ချီသန့်စင်အဆင့်တွင် သောက်သုံးခဲ့ရသော ဆေးလုံးပမာဏကို အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် နှိုင်းယှဉ်လျှင် သမုဒ္ဒရာကြီးထဲက ရေတစ်စက်စာမျှသာ ဖြစ်သည်။ ထိုမျှ များပြားလှသော ဆေးလုံးပမာဏက ဖြစ်ပေါ်စေမည့် ဆေးအဆိပ် အတားအဆီးသည် မတွေးဝံ့စရာ အန္တရာယ်ကြီးမားလှပေမည်။ အကယ်၍ ထိုအခြေအနေ ထပ်မံပေါ်ပေါက်လာခဲ့လျှင် လော့ချန်သည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်မည်ဟု လုံးဝ ယုံကြည်ချက် မရှိချေ။
အမြုတေဖွဲ့စည်းရန် လိုအပ်သော ဆေးပစ္စည်း ငါးစုံ မဆိုထားနှင့်၊ အစုံငါးဆယ် ရှိစေကာမူ လုံလောက်မည် မဟုတ်ပေ။
“ငါ ဆေးအဆိပ်တွေကို ချေဖျက်နိုင်မယ့် နည်းလမ်းတစ်ခုကို မဖြစ်မနေ ရှာရမယ်....”
ဆေးသောက်ခြင်း၏ ဘေးထွက်ဆိုးကျိုးများကို ဖြေရှင်းနိုင်မှသာ လော့ချန်သည် ပြင်ပအရင်းအမြစ်များကို အသုံးချ၍ ကျင့်ကြံမှုကို အရှိန်မြှင့်နိုင်မည် ဖြစ်သည်။ မဟုတ်လျှင် သေခြင်းတရားက သူ့ထံ မရောက်မီ ရွှေအမြုတေအဆင့်သို့ ရောက်နိုင်ဖို့ မဆိုထားနှင့် အိပ်မက်ပင် မမက်သင့်ပေ။
ထိုသို့ဖြင့် ဆေးအဆိပ်များကို ဖယ်ရှားနိုင်မည့် နည်းလမ်းကို ရှာဖွေခြင်းမှာ သူ၏ အရေးတကြီးဆုံး တာဝန် ဖြစ်လာခဲ့သည်။ ကံကောင်းသည်မှာ ၎င်းသည် မဖြစ်နိုင်သော စိန်ခေါ်မှုတစ်ခုတော့ မဟုတ်ပေ။ ကျယ်ပြန့်လှသော ကျင့်ကြံခြင်းလောကကြီးတွင် ဆေးအဆိပ်များကို ကိုင်တွယ်ရန် ကုသခြင်းအတတ်၊ ဆေးဖော်စပ်ခြင်းပညာနှင့် မှော်အတတ်များ အပါအဝင် မရေမတွက်နိုင်သော နည်းလမ်းများ ရှိနေပေသည်။
ကျင့်ကြံခြင်းလမ်းစဉ်တွင် ကြုံတွေ့ရသော အခက်အခဲများကြောင့်ပင် မသေမျိုးလမ်းစဉ် တစ်ရာ ဟူသော အယူအဆ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ အခက်အခဲ ပေါ်လာလျှင် ကျင့်ကြံသူများက ဖြေရှင်းနည်း ရှာကြသည်။ နည်းလမ်းတစ်ခု အလုပ်မဖြစ်လျှင် နောက်ထပ် နည်းလမ်းတစ်ခု ဖန်တီးကြသည်။ ဤသို့ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်း စုဆောင်းလာရာမှ နောက်ဆုံးတွင် မသေမျိုးလမ်းစဉ် တစ်ရာ ဟူ၍ ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။
ယခုအခါ လော့ချန်၏ ကျင့်ကြံမှုအဆင့်မှာ တည်ငြိမ်နေပြီ ဖြစ်သလို သူ့လက်အောက်တွင်လည်း အဖွဲ့သားအင်အားစုတစ်ခု ရှိနေပြီ ဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင်လည်း ထင်ရှားသော ဆေးဖော်ဆရာတစ်ဦး ဖြစ်နေလေပြီ။ ထို့ကြောင့် အခြားသူများနှင့် နှိုင်းယှဉ်လျှင် သူ၌ အားသာချက် များစွာ ရှိနေသည်။
ဤအခြေအနေများအောက်တွင် သင့်တော်သော ဆေးအဆိပ် ချေဖျက်နည်းကို ရှာဖွေရန်မှာ မကျော်ဖြတ်နိုင်သော စိန်ခေါ်မှုတစ်ခုတော့ မဟုတ်ပေ။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၉၀) - အသက်ရှင်စဉ် သူရဲကောင်းနှင့် ဘဝတပါးမှ တစ္ဆေဒဏ္ဍာရီတပုဒ်
ထိုသို့ဖြင့် လော့ချန် ခေါင်းထဲတွင် အတွေးမျိုးစုံ လွှမ်းမိုးနေလျက် ရှိလေသည်။ ထိုမှတစ်ဆင့် သူ၏ အကြည့်မှာ မှတ်တမ်းအောက်ပိုင်းရှိ မှော်အတတ်များ ကဏ္ဍဆီသို့ ကျရောက်သွားသည်။ သူ၏ အခြေအနေပြမှတ်တမ်းမှာ ယခုအခါ ပြန်လည်စနစ်တကျ ဖြစ်နေပြီဖြစ်သည်။
အကြောင်းမှာ လွန်ခဲ့သော သုံးနှစ်အတွင်း သူသည် ဒုတိယအဆင့် မှော်အတတ်ဖြစ်သော မြေပြိုခြင်းကို အခြေခံအဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ပထမအဆင့်နှင့် ဒုတိယအဆင့် မှော်အတတ်များကို ခွဲခြားသိမြင်နိုင်ရန် ရှုပ်ထွေးနေသော မှတ်တမ်းကို ပြန်လည်ပြင်ဆင်ရန်မှလွဲ၍ သူ၌ အခြားရွေးချယ်စရာမရှိခဲ့ပေ။
မြေပြိုခြင်း မှော်အတတ် အခြေခံအဆင့်သို့ ရောက်ရှိလာခြင်းမှာ သဘာဝကျလှသည်။ အကြောင်းမှာ လော့ချန်သည် ၎င်းအတွက် လိုအပ်သော အခြေခံ သတ်မှတ်ချက်များကို ဟိုးကတည်းက ပြည့်မှီခဲ့ပြီးသား ဖြစ်ပေသည်။ လက်ရှိအခြေအနေအရ မြေပြိုခြင်းမှော်အတတ်သည် သူ၏ မီးလုံးမှော်အတတ်ကို အပြည့်အဝ အဆင့်မြှင့်တင်ထားသော အထွတ်အထိပ်အဆင့် နေမီးလျှံမှော်အတတ်ထက် အနည်းငယ် အားနည်းနေသေးသည်။ ဤသည်မှာလည်း မျှော်လင့်ထားပြီးသားပင်ဖြစ်သည်။
သို့သော် လော့ချန် စိတ်မပျက်ပေ။ သူ မြေပြိုခြင်းအတတ်အပေါ် တန်ဖိုးထားသည်မှာ လက်ရှိစွမ်းအားကြောင့် မဟုတ်ဘဲ ၎င်း၏ အလားအလာကြောင့် ဖြစ်သည်။ ဤအတတ်မှာ ဒုတိယအဆင့် မှော်အတတ်များထဲတွင် ဖျက်အားအကောင်းဆုံးဟု ကျော်ကြားလှပြီး သူသည် ထိုမှော်အတတ်ကို ဆက်လက်လေ့ကျင့်ရန် အပြည့်အဝ ဆုံးဖြတ်ထားသည်။ တစ်နေ့တွင် ထိုဒဏ္ဍာရီလာ ဒုတိယအဆင့် မှော်အတတ်၏ စစ်မှန်သော အသွင်အပြင်ကို သူ ကိုယ်တိုင် မြင်တွေ့ချင်မိသည်။
သူ့ကို ပို၍ စိတ်ဝင်စားစေသည်မှာမူ မကြာသေးမီက ရရှိထားသော ပုံစံချင်း မတူသည့် အခြား ဒုတိယအဆင့် မှော်အတတ်တစ်ခု ဖြစ်သည်။ ၎င်းမှာ သူ၏ အခြေခံတည်ဆောက်ခြင်း ဂုဏ်ပြုပွဲတွင် ဝမ်ဟိုင်ချောင် ပေးအပ်ခဲ့သော ဂုဏ်ပြုလက်ဆောင်ပင် ဖြစ်သည်။ ၎င်းမှာ အလွန်ပင် တန်ဖိုးကြီးလှပေသည်။
"ဖန်သားနတ်ဘုံအကာအရံ .... ရေဓာတ် အကာအကွယ် မှော်အတတ်တွေထဲမှာ ထိပ်တန်းအဆင့်ရှိတဲ့ ဒုတိယအဆင့် မှော်အတတ်ပဲ"
"အခြေခံအဆင့်မှာတင် တစ်ကိုယ်လုံးကို ကာကွယ်ပေးနိုင်ပြီး အကာအကွယ်စွမ်းအားက ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုနဲ့ ညီမျှတယ်"
"ကျွမ်းကျင်အဆင့် ရောက်သွားရင်တော့ စိတ်ကြိုက် အဖွင့်အပိတ် လုပ်နိုင်လာပြီး အကာအကွယ်စွမ်းအားက ထိပ်တန်းအဆင့် မှော်လက်နက်တွေထက် မနိမ့်တော့ဘူး၊ တကယ်လို့ ပါရမီရှင်အဆင့်အထိ မြှင့်နိုင်ရင်တော့ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံကာကွယ်နိုင်ပြီး စွမ်းပကားက တောင်စောင့်အစီအရင် တစ်ခုလုံးနဲ့ ရင်ပေါင်တန်းနိုင်လိမ့်မယ်"
ဤမှော်အတတ်၏ ဖော်ပြချက်ကို ကြားရုံနှင့်ပင် ၎င်း၏ ထူးခြားလှသော တန်ဖိုးမှာ ထင်ရှားလှသည်။ ၎င်းသည် အဆင့်တူများထဲတွင် အင်အားအကောင်းဆုံးသော အကာအကွယ်အတတ်များထဲမှ တစ်ခု ဖြစ်ပေသည်။ သို့သော် ဤလက်ဆောင်နောက်ကွယ်တွင် လျှို့ဝှက်သော ရည်ရွယ်ချက်များလည်း ပါဝင်နေသည်။
ဤမှော်အတတ်မှာ သင်ယူရန် အလွန်ခက်ခဲလှသည်။ ၎င်းကို စတင်လေ့ကျင့်နိုင်ရန်အတွက်ပင် ရေဓာတ် မှော်အတတ်များတွင် ခိုင်မာသော အခြေခံ ရှိထားရန် လိုအပ်သည်။ ထို့အပြင် ဤအတတ်သည် ချီစွမ်းအား အမြောက်အမြားကို စုပ်ယူသုံးစွဲသည်။ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံနိုင်မည့် အကာအကွယ်တစ်ခုအတွက် လိုအပ်မည့် ချီစွမ်းအားမှာ မည်မျှ ကြီးမားမည်ကို တွေးကြည့်ရုံနှင့်ပင် သိနိုင်သည်။ အကယ်၍ သာမန်ကျင့်ကြံသူတစ်ဦးသာ ဤအတတ်ကို ရရှိခဲ့လျှင် ဆယ်ယောက်မှာ ကိုးယောက်က ဘေးဖယ်ထားပြီး မေ့ပစ်လိုက်ကြမည်သာ ဖြစ်သည်။
ဖန်သားနတ်ဘုံအကာအရံနှင့် နှိုင်းယှဉ်လျှင် ပို၍ လက်တွေ့ကျသော ဒုတိယအဆင့် အကာအကွယ်အတတ်များကို သင်ယူခြင်းက ပို၍ ကောင်းပေလိမ့်မည်။ မြေဓာတ်ခံဖြစ်သော သံမဏိခံတပ် ဖြစ်စေ၊ သစ်သားဓာတ်ခံဖြစ်သော နဂါးရစ်တိုင် ဖြစ်စေ နှစ်မျိုးလုံးမှာ ခိုင်မာပြီး ယုံကြည်စိတ်ချရသော မှော်အတတ်များ ဖြစ်ကြသည်။ အကာအကွယ်ပိုင်းတွင် အညံ့ဆုံးဟု သတ်မှတ်ခံထားရသော မီးဓာတ်မှော်အတတ်များထဲတွင်ပင် ခုနစ်ထပ်ကောင်းကင်မီးဝိုင်းဟုခေါ်သော အလွန်ကောင်းမွန်သည့် အကာအကွယ်အတတ် ရှိနေသည်။
အတိတ်က လော့ချန် မီးလုံးမှော်အတတ်ကို အဆင့်မြှင့်စဉ်က ထိုမီးဝိုင်းအတွက် ရရှိခဲ့သော စိတ်ကူးစိတ်သန်းမှာ ဤ ခုနစ်ထပ်ကောင်းကင်မီးဝိုင်း၏ အရိပ်အယောင်အချို့ ပါဝင်နေခဲ့သည်။
ထို့အပြင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများစုမှာ တကယ့်တိုက်ပွဲများတွင် မှော်အတတ်များကို သိပ်မသုံးကြတော့ဘဲ မှော်လက်နက်များကိုသာ အဓိက အားထားကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် ကျင့်ကြံရန် ခက်ခဲလှသော မှော်အတတ်တစ်ခုကို လက်ဆောင်ပေးခြင်းမှာ ဝမ်ဟိုင်ချောင်အတွက် အဓိပ္ပာယ်မရှိသလို ဖြစ်နေသည်။
"ဖူမျိုးနွယ်စု တိုက်ပွဲနဲ့ ရှောင်ဟွမ်းတောင် တိုက်ပွဲတွေပြီးကတည်းက ငါ့ရဲ့ မှော်အတတ် ကျွမ်းကျင်မှု သတင်း ပျံ့နေပြီးသားပဲ"
"သူက ငါ့ရဲ့ အကြိုက်ကို လိုက်ပြီး ပေးတာလား.... ဒါမှမဟုတ် ကျင့်ကြံရခက်တဲ့ အရာတစ်ခုကို ပေးပြီး ငါ့ရဲ့ ကျင့်ကြံခြင်းနှုန်းကို တမင် နှောင့်နှေးအောင် လုပ်တာလား"
ထိုသို့တွေးမိသောအခါ လော့ချန်သည် ခပ်ယဲ့ယဲ့ ရယ်မောရင်း ခေါင်းယမ်းလိုက်မိသည်။ ထိုအကြောင်းကို သူ အချိန်ကုန်ခံ စဉ်းစားမနေချင်တော့ပေ။ အရေးကြီးသည်မှာ သူ၏ စနစ်နှင့်ဆိုလျှင် မည်သည့်မှော်အတတ်မှ မတတ်မြောက်နိုင်စရာ မရှိခြင်းပင် ဖြစ်သည်။ အချိန်သာ ရမည်ဆိုလျှင် သူ တစ်နေ့ ကျွမ်းကျင်အောင် လုပ်နိုင်မည်သာ။
"ဟား.... ဟား.... ဝမ်ဟိုင်ချောင်ရေ ကျုပ်ကို ခင်ဗျား ဒါပေးတာ မျောက်ကို အုန်းသီးပေးလိုက်သလိုပါပဲ၊ ပြန်ရဖို့တော့ မမျှော်လင့်နဲ့တော့...."
လော့ချန် အခြေအနေပြကြေးမုံပြင်ကို ပိတ်လိုက်သည်။ သုံးနှစ်တာ ပင်ပန်းကြီးစွာ ကျင့်ကြံခြင်း ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ထွက်ခွာရန် အချိန်တန်လေပြီ။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တည်ငြိမ်နေပြီဖြစ်သလို အခြေခံတည်ဆောက်ခြင်းအဆင့် တိုက်ခိုက်ရေး နည်းစနစ်များကိုလည်း ဤသုံးနှစ်အတွင်း အသေအချာ လေ့ကျင့်ထားပြီး ဖြစ်သည်။
နောက်တစ်ဆင့်မှာ နောင်တွင် ကျင့်ကြံရန်အတွက် လိုအပ်မည့် အရင်းအမြစ်များကို ရှာဖွေရန် ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန်အတွက် သူ၏ စုဆောင်းထားသမျှကို အကုန်သုံးခဲ့ရသည်။ အကယ်၍ ဝိညာဉ်ကျောက်တုံးများ အမြန်မရှာနိုင်ပါက ချမ်းသာသူများသာ တက်နိုင်သည့် လေလံပွဲမျိုးတွေကို တက်ရောက်နိုင်ရန်ပင် ယုံကြည်ချက် ရှိမည်မဟုတ်ပေ။ ထို့အပြင် ဤသုံးနှစ်အတွင်း လော့ထျန်းအဖွဲ့တွင် သူ ဖြေရှင်းရမည့် ကိစ္စရပ်များစွာ ပုံနေပေလိမ့်မည်။
မိမိကိုယ်ကို သန့်စင်ခြင်းအတတ်ဖြင့် သန့်စင်လိုက်ပြီးနောက် လော့ချန်သည် ဤကျင့်ကြံရေးဂူကို နှမြောတသစွာ ကြည့်လိုက်မိသည်။ သုံးနှစ်တိတိဆိုသည့် ဤကာလမှာ သူ ဤလောကသို့ ရောက်လာပြီးကတည်းက အခြိုးခြံဆုံး နေထိုင်ခဲ့ရသည့် ကာလဖြစ်နိုင်သည်။ သို့သော်လည်း သူ ဤနေရာကို လွမ်းဆွတ်မိနေပြန်သည်။
ကံမကောင်းစွာဖြင့် ဖန်ရင်ရှုံ၏ လျှို့ဝှက်ထိန်းသိမ်းအစီအရင် မရှိတော့သဖြင့် ဤဒုတိယအဆင့် ဝိညာဉ်ကြောမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်နေပြီ ဖြစ်သည်။ သူ၏ သုံးနှစ်တာ ကျင့်ကြံခြင်းကလည်း ၎င်း၏ ပျက်စီးခြင်းကို ပို၍ မြန်ဆန်စေခဲ့သည်။ နောက်ထပ် လအနည်းငယ်အတွင်းမှာပင် ၎င်းမှာ ဖီးနစ်ကျတောင်အောက်ရှိ ကြီးမားလှသော ပထမအဆင့် ဝိညာဉ်ကြော၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြန်လည် ပြောင်းလဲသွားပေလိမ့်မည်။
"ဟိုက်.... သေစမ်း၊ ခုမှတွေးမိတယ်.... ပထမအဆင့် ဝိညာဉ်ကြော...."
လော့ချန်၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပလာသည်။
"ဒီလောက် ကျယ်ပြောတဲ့ ပထမအဆင့် ဝိညာဉ်ကြောကြီးရဲ့ အောက်မှာ ဝိညာဉ်ကျောက်ရိုင်းတုံးတွေ အများကြီး ရှိနေနိုင်တာ မဟုတ်ဘူးလား"
ဝိညာဉ်ကြော ရှိသည့် နေရာတိုင်းတွင် စုစည်းနေသော စွမ်းအင်များကြောင့် ကျောက်ရိုင်းတုံးများ ဖြစ်ပေါ်လာလေ့ရှိသည်။ ကျင့်ကြံသူများ တန်ဖိုးထားကြသော ဤသဘာဝဖြစ်ပေါ်မှုများသည် ပတ်ဝန်းကျင်ရှိ ချီစွမ်းအားများနှင့် ဆက်နွှယ်မှု ရှိကြသည်။
၎င်းတို့သည် သံလိုက်များကဲ့သို့ပင် ကောင်းကင်နှင့် မြေကြီးကြားရှိ လွင့်မျောနေသော ဝိညာဉ်စွမ်းအင်များကို ဆွဲယူပေးကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့ ဖြစ်ပေါ်ရာ နေရာမှာ အချိန်ကြာလာသည်နှင့်အမျှ ဝိညာဉ်စွမ်းအင်များ ပိုမို ကြွယ်ဝလာလေ့ရှိသည်။ အချိန်လုံလောက်စွာ ရလျှင် ပထမအဆင့် ဝိညာဉ်ကြောသည် ဒုတိယ၊ တတိယ သို့မဟုတ် စတုတ္ထအဆင့် ဝိညာဉ်ကြောအထိပင် တိုးတက်လာနိုင်သည်။
ဤတန်ဖိုးကြီးမားလှသော အချက်ကြောင့် ကျင့်ကြံသူများသည် ဤဝိညာဉ်ကြောများကို အစွမ်းကုန် ကာကွယ်ကြသည်။ ၎င်းတို့ကို တူးဖော်ခြင်းမှာ ရေတိုအကျိုးအမြတ်အတွက် ရေရှည်ဖွံ့ဖြိုးမှုကို ဖျက်ဆီးခြင်းဖြစ်သဖြင့် အမှားယွင်းဆုံး လုပ်ရပ်အဖြစ် သတ်မှတ်ကြသည်။ ဝိညာဉ်ကျောက်ရိုင်းတုံးကို ထုတ်ယူလိုက်သည်နှင့် ၎င်း၏ ချီစွမ်းအား ဆွဲယူနိုင်စွမ်းမှာ ထူးဆန်းစွာ ပျောက်ကွယ်သွားတတ်သည်။ မူလနေရာသို့ ပြန်ထားလျှင်ပင် ဆက်နွှယ်မှု ပြတ်တောက်သွားပြီး ဝိညာဉ်ကြောမှာ ဆက်လက် မရှင်သန်နိုင်တော့ပေ။
ကျင့်ကြံခြင်းလောက၏ ဘုံသုံးငွေကြေးဖြစ်သော ဝိညာဉ်ကျောက်တုံးများမှာ ဝိညာဉ်ကျောက်ရိုင်းတုံးများမှ ထုတ်လုပ်ထားခြင်း ဖြစ်သည်မှာ ငြင်းမရပေ။ သို့ဆိုလျှင် ထိုဝိညာဉ်ကျောက်တုံးများကား မည်သည့်နေရာမှ ရောက်လာသနည်း။ မည်သည့် ဆင်ခြင်တုံတရားရှိသူက မိမိ၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးမည်နည်း။
ကျင့်ကြံခြင်းလောက၏ ဒဏ္ဍာရီများအရ ဝိညာဉ်ကျောက်တုံးများကို တိုက်ကြီးငါးတိုက်တွင် ပြန့်နှံ့နေသော မြင့်မြတ်ရာမြေ ငါးခုမှ အဓိက ထုတ်လုပ်ခြင်း ဖြစ်သည်။ ထို့အပြင် ထိုနယ်မြေများရှိ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းများကိုလည်း ဝိညာဉ်ကျောက်တုံးများ ဖန်တီးနိုင်သည့် နည်းစနစ်များ ပေးအပ်ထားသည်။ ဆိုလိုသည်မှာ ဝိညာဉ်ကျောက်တုံး အများစုမှာ မြင့်မြတ်ရာမြေများနှင့် ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးများမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထိုမြင့်မြတ်ရာမြေများတွင် ဝိညာဉ်ကြောကို မထိခိုက်စေဘဲ ကျောက်ရိုင်းတုံးများကို အတိုင်းအတာတစ်ခုအထိ ထုတ်ယူနိုင်သည့် အံ့ဖွယ်နည်းစနစ်များ ရှိမည်ဟု ကျင့်ကြံသူများက ယူဆကြသည်။
လော့ချန်ကိုယ်တိုင်လည်း ဝိညာဉ်ကျောက်ရိုင်းတုံးတစ်ခုကို မြင်ဖူးခဲ့သည်။ ၎င်းမှာ လခြမ်းတောင်ကြားရှိ မြေအောက်ရှိ ဝိညာဉ်ကြောဂူအတွင်း ဖြစ်သည်။ ထိုစဉ်က သူ ၎င်းကို မထုတ်ယူခဲ့ပေ။ အင်အားမလုံလောက်၍ မဟုတ်ဘဲ ထိုဝိညာဉ်ကြောလေး၏ မျှခြေကို မဖျက်ဆီးချင်သောကြောင့် ဖြစ်သည်။ ထိုလုပ်ရပ်ကြောင့်ပင် ထိုမြေမှာ သူ၏ လက်ရှိကျင့်ကြံမှုအတွက် များစွာ အထောက်အကူ ဖြစ်ခဲ့သည် မဟုတ်ပါလော။
အကယ်၍ ထိုစဉ်က သူ တူးယူခဲ့လျှင် အများဆုံးရလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းခန့်သာ တန်ဖိုးရှိပေလိမ့်မည်။ ၎င်း၏ စစ်မှန်သော တန်ဖိုးမှာ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ဆွဲယူပေးနေခြင်းသာ ဖြစ်သည်။ ထို့အပြင် ထိုစဉ်က မတူးယူဖြစ်ခဲ့သည့် အခြား အကြောင်းအရင်း နှစ်ချက်လည်း ရှိသေးသည်။
ပထမအချက်မှာ သူသည် ဝိညာဉ်ကျောက်တုံးများကို ငွေကြေးအဖြစ် အသုံးဝင်အောင် မည်သို့ ပြုပြင်ရမည်ကို မသိခြင်း ဖြစ်သည်။ ၎င်းကို တိုက်ရိုက် သုံးစွဲလျှင်ပင် စနစ်တကျ ဖော်စပ်ထားသော ဆေးလုံးများလောက် ထိရောက်မှု မရှိနိုင်ပေ။
ဒုတိယအချက်မှာ သူ ထိုစဉ်က အားနည်းလွန်းနေခြင်း ဖြစ်သည်။ ကြီးမားလှသော ကျောက်ရိုင်းတုံးကြီးကို အထူးနည်းစနစ်မပါဘဲ အလွယ်တကူ ခွဲမရနိုင်ပေ။ အကယ်၍ တစ်တုံးလုံး သယ်ထုတ်လာပါက မလိုလားအပ်သော အာရုံစိုက်မှုများကို ခံရပေလိမ့်မည်။
သို့သော် ယခုအခါတွင် ဒုတိယပြဿနာကို သူ ဖြေရှင်းနိုင်ပြီ ဖြစ်သည်။
"အခုတော့ ငါ့မှာ အင်အားရော နည်းစနစ်ရော ရှိပြီ"
"ငွေကြေးအဖြစ် သုံးနိုင်တဲ့ ဝိညာဉ်ကျောက်တုံးတွေကို မဖန်တီးနိုင်သေးရင်တောင်မှ၊ ကျောက်ရိုင်းတုံး အပိုင်းအစတွေကို ဝိညာဉ်အာရုံ ကန့်သတ်ချက်တွေ သုံးပြီး ချိတ်ပိတ်ထားလို့ ရတာပဲ"
လော့ချန်သည် စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ ဖီးနစ်ကျတောင်အောက်တွင် ဝိညာဉ်ကျောက်ရိုင်းတုံး အမြောက်အမြား ရှိနေမည်မှာ သေချာသည်။ အလယ်အလတ်အဆင့် ကျောက်ရိုင်းတုံးများ သို့မဟုတ် အဆင့်မြင့် အပိုင်းအစ အနည်းငယ်တောင် ရှိနေနိုင်သည်။ ဤအရာများသည် မိမိကိုယ်တိုင် သုံးသည်ဖြစ်စေ၊ လဲလှယ်သည်ဖြစ်စေ ဝယ်ယူလိုသူ အမြဲ ရှိနေမည်သာ။ အကယ်၍ သူသာ အချို့ကို ထုတ်ယူနိုင်လျှင် သူ ကြုံတွေ့နေရသော ငွေကြေးအခက်အခဲမှာ ချက်ချင်း ပြေလည်သွားပေလိမ့်မည်။
“ဘာမှ ပြောနေစရာ မလိုတော့ဘူး.... လုပ်လိုက်ရအောင်”
လော့ချန် သူ၏ ဓားအမြုတေကို ချက်ချင်း ခေါ်ယူလိုက်သည်။ ၎င်းမှာ ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အောက်ဘက်သို့ စတင် တူးဆွတော့သည်။ အမှန်အတိုင်း ပြောရလျှင် သူသည် သတ္တုတူးဖော်ခြင်းတွင် အတွေ့အကြုံ အတော်လေး ရှိသူ ဖြစ်သည်။
သူ၏ အတိတ်ဘဝ အစောပိုင်းကာလများတွင် သတ္တုတွင်း၌ အလုပ်လုပ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် ချီလမ်းကြောင်းဆေးလုံးကို ပထမဆုံး သောက်သုံးစဉ်က ဆယ်နှစ်တာမျှသော အိပ်မက်ကို မက်ခဲ့ဖူးသည်။ ထိုအဆုံးမရှိသော မှတ်ဉာဏ်ထဲတွင် သူသည် ဆယ်နှစ်တိတိ သတ္တုတူးခဲ့ဖူးသည်။ ထို့ကြောင့် အနည်းဆုံးတော့ သူသည် ကျွမ်းကျင်သော သတ္တုတွင်းလုပ်သား တစ်ဦး ဖြစ်ပေသည်။
ဓားအမြုတေကို ရှားပါးပစ္စည်းများဖြင့် သွန်းလုပ်ထားသဖြင့် ၎င်း၏ အဓိက ထူးခြားချက်မှာ အနှိုင်းမဲ့သော ထက်မြက်မှုပင် ဖြစ်သည်။ လော့ချန်၏ ထိန်းချုပ်မှုအောက်တွင် ၎င်းသည် ခဏချင်းမှာပင် ပို၍ ပို၍ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားသည်။
"ဒီဘက်ပဲ.... သေချာတယ်"
"ငါ ခံစားရတယ်၊ မယုံနိုင်လောက်အောင် ကြီးမားတဲ့ ဝိညာဉ်စွမ်းအင်တွေ အောက်မှာ ရှိနေပြီ"
လော့ချန်တစ်ယောက် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ဤဂူသည် တောင်၏ အသည်းနှလုံးနှင့် နီးကပ်နေပြီဖြစ်ကာ ဝိညာဉ်ကြော၏ ဗဟိုချက်မ အထက်မှာပင် ရှိနေခြင်း ဖြစ်သည်။ သူသည် အခြေခံတည်ဆောက်ခြင်း နည်းစနစ်များနှင့် ဓားအမြုတေ၏ အကူအညီဖြင့် အလွန်မြန်ဆန်သော အရှိန်ဖြင့် လိုဏ်ခေါင်းဖောက်လာခဲ့သည်။
မကြာမီမှာပင် အနှိုင်းမဲ့ သန့်စင်လှသော ချီစွမ်းအား လှိုင်းတစ်ခုမှာ သူ့ထံသို့ တိုးဝင်လာသည်။ အသက်တစ်ချက် ရှူလိုက်ရုံဖြင့် လော့ချန်သည် သူ၏ ဝိညာဉ်မှာ လန်းဆန်းနိုးကြားသွားသလို ခံစားလိုက်ရသည်။
"အလိုလေး.... ဒါ.... ဒါ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေလား"
သူ မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
သို့သော် ထိုတဒင်္ဂ၊ တကယ့်တစ်ခဏလေးအတွင်းမှာပင် သူ့မျက်နှာမှာ ချက်ချင်း သွေးဆုတ်ကာ ဖြူဖျော့သွားသည်။
ဝမ်းသာပျော်မြူးနေသော သူသည် အရုပ်ကြိုးပျက်လဲကျမတတ် ဖြစ်သွားသည်။ လော့ချန်သည် တစ်မုဟုတ်ချင်း စကားတစ်လုံးမျှပင် ထွက်မလာဘဲ အနောက်သို့ အမြန်ဆုတ်ခွာလိုက်သည်။ ထိုဆုတ်ခွာသောအရှိန်သည် သူ၏ တစ်သက်တာတွင် အမြန်ဆုံးသော အရှိန်မျိုးပင်ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓားအမြုတေကို အကာအကွယ်အဖြစ် ပတ်ထားလျက် အစွမ်းကုန် ထွက်ပြေးတော့သည်။
သတ္တုတွင်းဟောက်ပက်ကြီးအတွင်းမှ အက်ကွဲကြောင်းများအောက်တွင် ကြီးမားပြီး ခိုင်မာလှသော အရိပ်မည်းကြီးတစ်ခုသည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ထိုကြီးမားလှသော မျက်လုံးများအတွင်းတွင် ဝမ်းနည်းမှု၊ နောင်တ၊ တွေဝေမှုများနှင့် ထာဝရ ဘယ်တော့မှ မှေးမှိန်သွားမည်မဟုတ်သော ဒေါသတရားများ ရစ်ဝဲနေကြသည်။
"အို.... အသင်ဝိညာဉ်အပေါင်းတို့.... ကြည့်ကြစမ်းလော့"
“နေရောင်အောက် အသက်ရှင်စဉ်မှာ.... ငါဟာ သူရဲကောင်း”
“အမှောင်ဘုံဘဝတပါးမှာတော့ နာနာဘာဝတို့ရဲ့ အရှင်သခင်”
“နာနာဘာဝ.... တစ္ဆေသရဲကောင်တွေ ငါ့ခြေဖျားမှာ ဖုန်မှုန့်လို ဝပ်ဆင်းကြစမ်း"
"အလိုလေး. မရဏဘုံက အရိပ်အယောင်တို့ရေ၊ ငါ တကယ်ပဲ သေဆုံးသွားခဲ့ပြီလား...."
“ဖန်.... ရန်.... ရှုံ.... ဆို.... တဲ့.... ငါ.... က.... လေ"
....
"တောက်.... လခွမ်း ဂြိုဟ်ဆိုးဝင်ပြီဟေ့၊ သူ သေသွားပြီ မဟုတ်ဘူးလား.... ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ.... မဟုတ်ဘူး၊ ဒါ အသက်ရှင်နေတာ မဟုတ်ဘူး၊ ဒါဟာ အနိဋ္ဌာရုံကြီးပဲ.... သူ.... သူက တစ္ဆေဘုရင် တစ်ပါးအဖြစ် ပြောင်းလဲသွားတာပဲ"
ထိုအရိပ်မည်းကြီးဆီမှ သံချေးတက်နေသည့် သံပြားနှစ်ခု ပွတ်တိုက်သံကဲ့သို့ စူးရှအေးစက်လှသော ခြောက်ချားဖွယ် အသံနက်ကြီး ထွက်ပေါ်လာချိန်တွင် လော့ချန်၏ စိတ်အာရုံတို့မှာ လုံးဝ ဗလာဖြစ်သွားရသည်။ သူ သိသည်မှာ အခုချက်ချင်း လုပ်ရမည့် အရာတစ်ခုသာ ရှိသည်။
လော့ချန် ဘာမှမသိတော့ပေ။ ရပ်တွေးနေရန်လည်း အချိန်မရှိတော့ချေ။ သူသိသည်မှာ တစ်ခုတည်းသာ။
"ပြေး"
တစ္ဆေဘုရင်တစ်ပါး၏ အစွမ်းမှာ ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးနှင့် ရင်ပေါင်တန်းနိုင်သည်။ ၎င်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မည်သူမျှ ယှဉ်နိုင်သောအရာ မဟုတ်ပေ။ ထိုပုဂ္ဂိုလ်၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် သူ၏ အသက် ပျောက်ကွယ်သွားနိုင်ပါသည်။
လော့ချန်သည် ဤနေရာတွင် အသေမခံလိုသဖြင့် ဘဝတွင်တစ်ခါမှ မပြေးဖူးသူတစ်ယောက်ပမာ တစ်ခါမျှ မထုတ်ဖူးသော စွမ်းအားများကို အစွမ်းကုန်ထုတ်သုံးကာ ထွက်ပြေးတော့သည်။
အထွတ်အထိပ်အဆင့်ရှိ လေဟုန်စီးအတတ်၏ သန့်စင်သော ချီစွမ်းအားများက သူ့အား လွှမ်းခြုံထားပြီး ရွှေရောင်ဓားအလင်းနှင့် တစ်သားတည်းဖြစ်ကာ အတားအဆီးအားလုံးကို ဖြတ်ကျော်လျက် တွန့်ဆုတ်မနေဘဲ ထွက်ပြေးလာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ စတင်ပြေးလိုက်သည်နှင့် တပြိုင်နက် ဖီးနစ်ကျတောင်ကြီး တစ်ခုလုံးမှာ ကမ္ဘာပျက်တော့မည့်အလား စတင် လှုပ်ခါလာတော့သည်။
ကြီးမားလှသော ဖိအားတစ်ခုမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်နှံ့သွားတော့သည်။ တစ္ဆေမြို့တော်အတွင်းရှိ တစ္ဆေစစ်သူကြီးများမှအစ စိတ်လွတ်နေသော ဝိညာဉ်များအထိ သတ္တဝါအားလုံးမှာ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေကြပြီး မြေပေါ်တွင် ပြပ်ဝပ်နေကြတော့သည်။
ဤတစ္ဆေချောက်နက်ကြီးမှာ တစ္ဆေဘုရင် သုံးပါး၏ ကျဆုံးမှုကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ ကြောက်မက်ဖွယ်ရာ အရှိန်အဝါမှာ ဘယ်သောအခါမှ မှေးမှိန်မသွားခဲ့ပေ။ သို့သော်လည်း ဤနှစ်များအတွင်း မည်သည့်အရာမှ ပေါ်ထွက်မလာခဲ့ချေ။ ယခု အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ တစ္ဆေဘုရင်အသစ်တစ်ပါး မွေးဖွားလာခြင်းပင် ဖြစ်တော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤတိတ်ဆိတ်နေသော တစ္ဆေချောက်နက်ကြီးသည် ရုန်းရင်းဆန်ခတ် ဖြစ်သွားလေတော့သည်။