← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

101

စာရင်းကိုင်သည် ကိုက်ခဲနေသော သူ၏ခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။

“အာ... နာတယ် မေမေ၊ ဖြည်းဖြည်းလုပ်ပါ၊ သားရဲ့ဦးရေပြားကို ဆွဲနေတာပဲ၊ ဆံပင်အသစ်ဆိုရင်တောင် အဲဒီလိုမျိုး အတင်းမဆွဲသင့်ဘူးလေ၊ ကျွတ်သွားရင်ဘယ်လိုလုပ်မလဲ၊ တွေ့တယ်မလား၊ ဆံပင်စိုက်ထားတာမဟုတ်ဘူးဆိုတာ မေမေ သိနိုင်တယ်မဟုတ်လား”

အဒေါ်ကူးက ခေါင်းခါကာ ပြန်ပြောလိုက်သည်။

“မေမေတော့ မသိဘူး”

စာရင်းကိုင်က ရှင်းပြလိုက်၏။

“ဘယ်လိုလုပ် မသိရမှာလဲ၊ သဘာဝအတိုင်းပေါက်လာတာကို မေမေ မမြင်ဘူးလား၊ သားရဲ့ ဆံပင်အမြစ်တွေကိုကြည့်လေ”

အဒေါ်ကူးက ပြန်ပြောသည်။

“ဆံပင်စိုက်တာက ဘယ်လိုပုံစံရှိလဲဆိုတာ မေမေမှမသိတာ၊ ပြီးတော့ ငါတို့မိသားစုထဲမှာ သားတစ်ယောက်တည်းခေါင်းပြောင်တာလေ”

စာရင်းကိုင်က သူ၏ ‘ဒဏ်ရာရသွားသော’ ရင်ဘတ်ကို ဖိထားဟန်ဆောင်ရင်း ပြန်ပြောလိုက်သည်။

“အဲဒါက နာကျင်စရာပဲမေမေရယ်၊ သားပြန်ရောက်ရောက်ချင်းပဲ မတိုက်ခိုက်ပါနဲ့လား”

အဒေါ်ကူးသည် စာရင်းကိုင်ကို ဝိုင်းပတ်ကြည့်ရှုကာ အံ့ဩတကြီး တောက်ခေါက်လိုက်ပြီးနောက် ပြောလိုက်၏။

“ကဲပါ၊ မေမေနဲ့ စကားများမနေနဲ့တော့၊ သား အပြင်မှာ ဘာတွေလုပ်နေခဲ့တာလဲ၊ ဘလိုင်းဒိတ်တွေ သွားတွေ့ရင် ပိုနုပျိုအောင် ဝတ်စားသွားဖို့ မေမေပြောခဲ့ပေမယ့်၊ အခု သားက အရမ်းပြောင်းလဲသွားတော့ မေမေတောင် မှတ်မမိတော့ဘူး၊ ပြီးတော့ သားရဲ့ဆံပင်တွေက ဘယ်လိုလုပ်ပြန်ပေါက်လာတာလဲ”

“သား ဆံပင်တွေကျွတ်နေတာ နှစ်အတော်ကြာပြီလို့ မေမေမှတ်မိနေတယ်၊ ဆေးရုံကြီး ဆေးရုံငယ်အများကြီးကို သွားပြခဲ့ပြီး တိုင်းရင်းဆေးကော အနောက်တိုင်းဆေးကော အကုန်စမ်းခဲ့ဖူးတာပဲ၊ ဆေးတွေအများကြီးသောက်ခဲ့လို့ ခန္ဓာကိုယ်ကို ထိခိုက်စေရုံသာမက ဘာအကျိုးသက်ရောက်မှုမှလည်း မရှိခဲ့ဘူး၊ နောက်ဆုံးတော့ ဆံပင်စိုက်တာကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူးလို့ သားက မျက်နှာငယ်လေးနဲ့ မေမေ့ကိုပြောခဲ့တာ မှတ်မိနေသေးတယ်”

စာရင်းကိုင်က သူ၏ဆံပင်ကို ကုတ်ဖဲ့ရင်း အတော်လေး ဇဝေဇဝါဖြစ်နေသည့်လေသံဖြင့် ပြန်ဖြေလိုက်၏။

“တကယ်တော့ ဘာဖြစ်သွားလဲဆိုတာ သားလည်းမသိဘူး၊ မကြာသေးခင်ကမှ ဆံပင်တွေပြန်ပေါက်လာတာ၊ သားက ကောင်းကောင်းစားတယ်၊ ကောင်းကောင်းအိပ်တယ်၊ ညဘက်တွေလည်း မအိပ်ဘဲမနေတော့ဘူး၊ ပြီးတော့ ဖိအားတွေလည်းနည်းသွားလို့ ဆံပင်တွေ သဘာဝအတိုင်း ပြန်ပေါက်လာတာနေမှာပေါ့”

စာရင်းကိုင်၏ဆံပင်ကျွတ်ခြင်းမှာ အလုပ်စလုပ်သည့် ပထမနှစ်အနည်းငယ်အတွင်းက နေ့စဉ် ညဉ့်နက်သည်အထိ အလုပ်လုပ်ခဲ့ရချိန်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ပိုက်ဆံရှာရန်အတွက် သူ၏ အသက်ကိုပင် စတေးရလုနီးပါး အလုပ်လုပ်ခဲ့ရပြီး အလွန်အမင်း ကြီးမားသော ဖိအားများအောက်တွင် ရှိနေခဲ့သည်။ ခေါင်းမပြောင်ခဲ့လျှင်သာ ထူးဆန်းနေပေလိမ့်မည်။

သို့သော် အဒေါ်ကူးသည် ဤရှင်းပြချက်အပေါ် အနည်းငယ် သံသယရှိနေသည်။

“လွန်ခဲ့တဲ့ တစ်လကျော်လောက်က မေမေ သားနဲ့ ဗီဒီယိုကောလ် ပြောတုန်းက သားရဲ့ ဦးရေပြားက ပြောင်ရှင်းနေတုန်းပဲလေ၊ ပြီးတော့ အဲဒီ ကုမ္ပဏီကြီးကနေ သား ထွက်လိုက်တာ ကြာပြီမဟုတ်လား၊ သားရဲ့ လက်ရှိလုပ်ငန်းခွင်က ဘယ်လောက်တောင် သက်သောင့်သက်သာရှိတယ်၊ လုပ်ဖော်ကိုင်ဖက်တွေကလည်း အရမ်းဖော်ရွေတယ်၊ ပြီးတော့ နေ့တိုင်း အပြင်မှာစားနေရသလိုမျိုး အစားအသောက်တွေကလည်း အရမ်းကောင်းတယ်လို့ သား အမြဲတမ်းပြောနေတာပဲ၊ သား အဲဒီမှာအလုပ်လုပ်နေတာ တစ်နှစ်လောက်ရှိနေပြီ၊ ဆံပင်တွေပြန်ပေါက်လာတာ မေမေ တစ်ခါမှမမြင်မိပါဘူး”

စာရင်းကိုင်က ရှင်းပြလိုက်သည်။

“မေမေ၊ အဲဒါက တိုင်းရင်းဆေးသောက်ရသလိုပဲလေ၊ ဖြည်းဖြည်းချင်း ချိန်ညှိသွားတာမျိုးပေါ့၊ သားရဲ့ ခန္ဓာကိုယ်အခြေအနေက တဖြည်းဖြည်းကောင်းလာပြီး ဆံပင်တွေ သဘာဝအတိုင်း ပြန်ပေါက်လာတာပ ဖြစ်ရမယ်”

“အခု တခြားထူးခြားတာတစ်ခုခု ရှိသေးလားဆိုရင်၊ သားရဲ့ ဆံပင်တွေက လျှော်ပြီးရင် နှစ်ရက်သုံးရက်လောက်အထိ ခြောက်သွေ့နေပြီး အဆီမပြန်ဘူး၊ အဲဒါကြောင့် သားက နေ့တိုင်း ခေါင်းလျှော်စရာမလိုတော့ဘူးလေ၊ ပြီးတော့ သားတို့အဆောင်က ဆံပင်အခြောက်ခံစက်က ဘယ်အမှတ်တံဆိပ်လဲတော့ မသိဘူး၊ သုံးရတာ တကယ်ကို သက်သောင့်သက်သာရှိတယ်၊ မေမေ စမ်းသုံးကြည့်လို့ရအောင် သား ဝယ်လာခဲ့မလို့ပဲ၊ ဒါပေမဲ့ သူဌေးမလေးက အဲဒါက အထူးသီးသန့်အော်ဒါမှာထားတာဖြစ်ပြီး အပိုမရှိဘူးလို့ ပြောတယ်”

အဒေါ်ကူးသည် ဆံပင်အခြောက်ခံစက် အကြောင်းကို အလိုအလျောက်ပင် လျစ်လျူရှုထားလိုက်သည်။ ဆံပင်အခြောက်ခံစက် တစ်လုံးက ဆံပင်တွေကို ပြန်ပေါက်စေနိုင်တယ်လို့ ဘယ်သူကမှ တွေးမိမည် မဟုတ်ချေ။

ကြည့်ရသည်မှာ သားဖြစ်သူ၏ကျန်းမာရေးအခြေအနေ တကယ်ကို တိုးတက်လာပြီး ဆံပင်များ ပြန်ပေါက်လာခြင်းသာ ဖြစ်ပေမည်။ သူတို့ မိသားစုတွင် ခေါင်းပြောင်သည့်မျိုးဗီဇ မရှိသဖြင့် ဆံပင်များ ပြန်လည်ပေါက်လာခြင်းမှာ ပုံမှန်ကိစ္စတစ်ခုဖြစ်သင့်သည်။

မည်သို့ပင်ဆိုစေကာမူ သားဖြစ်သူမှာ ပိုမိုနုပျိုလာခြင်းက ကောင်းသောကိစ္စပင်။ စာရင်းကိုင်၏ နေအိမ်မှာ ပထမထပ်တွင်ရှိပြီး သီးခြား ခြံဝင်းငယ်လေးတစ်ခု ရှိသည်။

ဤသည်မှာ ထိုအချိန်က ဖခင်ဖြစ်သူ၏ အလုပ်ခွင်မှ ချထားပေးသော အိမ်ဖြစ်သည်။

သူတို့ မိသားစုသုံးဦးသည် ထိုနေရာတွင် နေထိုင်လာခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော်လေပြီ။

အဒေါ်ကူးသည် နောက်ပိုင်းတွင် သားဖြစ်သူ၏ မင်္ဂလာအိမ်အဖြစ် ရည်ရွယ်ကာ မြို့ထဲတွင် တိုက်ခန်းတစ်ခန်း ဝယ်ယူခဲ့သော်လည်း၊ အပြင်အဆင်များမှာ ယခုအခါ ခေတ်မမီတော့သလို သားဖြစ်သူမှာလည်း ချစ်သူမရှိသေးသဖြင့် အဆိုပါတိုက်ခန်းကို အငှားချထားလိုက်သည်။

သက်တမ်းရင့် ရပ်ကွက်ဟောင်းလေးတစ်ခု ဖစ်သဖြင့် အိမ်နီးချင်းများ အားလုံးမှာ ဦးလေးကူး၏ အလုပ်ခွင်မှ လူများသာ ဖြစ်ကြပြီး အားလုံးက တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြသည်။ အဒေါ်ကူးပြန်လာသည်ကို မြင်သောအခါ အိမ်တံခါးဝတွင် ဟင်းသီးဟင်းရွက်များရွေးနေသော အိမ်နီးချင်း အဘွားဝမ်က ပြုံးကာ နှုတ်ဆက်လိုက်၏။

“ရှောင်ကျန်း … မင်း တူလေးကို အလည်ခေါ်လာတာလား၊ မပြောနဲ့ဦး... မင်း တူလေးက မင်းရဲ့ ရှောင်ရိနဲ့ နည်းနည်းတူတယ်နော်၊ သူက နည်းနည်းလေး ပိုငယ်သွားတာပဲရှိတယ်၊ သူ တက္ကသိုလ်ပြီးပြီလား”

ထိုစကားကို ကြားသောအခါ အဒေါ်ကူးက ရယ်မောကာ ပြန်ဖြေလိုက်သည်။

“အို... အဒေါ်ဝမ်ရယ်၊ သေချာကြည့်ပါဦး၊ ဒါက ကျွန်မသား ရှောင်ရိလေ”

စာရင်းကိုင်ကလည်း ယဉ်ကျေးသည့်အပြုံးမျိုးဖြင့် ပြုံးပြကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

“အဘွားဝမ်၊ မတွေ့ရတာကြာပြီနော်”

အဘွားဝမ်က သူမ၏မျက်လုံးများကို ပွတ်သပ်ကာ ဘေးတွင်ချထားသော စာဖတ်မျက်မှန်ကို တပ်လိုက်ပြီးနောက် စိုက်ကြည့်ရင်း ရေရွတ်လိုက်၏။

“ဟင်၊ မဟုတ်သေးပါဘူး၊ ရှောင်ရိ ပြီးခဲ့တဲ့တစ်ခေါက်ပြန်လာတုန်းက ငါ့အိမ်ကို လာလည်သေးတယ်လေ၊ ငါ သေချာမှတ်မိတယ်၊ သူက ဒီထက်အများကြီး ပိုရင့်ကျက်တဲ့ပုံပေါက်ပါတယ်”

အဘွားဝမ်သည် စကားကို တော်တော်လေး သွယ်ဝိုက်၍ပြောလိုက်ခြင်း ဖြစ်သည်။

အိမ်နီးချင်း၏ သား ရှောင်ရိကို နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်က၊ သူတို့လင်မယား နှစ်ယောက်လုံးက သူ့အသက်အရွယ်လေးနှင့် ခေါင်းပြောင်နေပြီဖြစ်ကြောင်း ညည်းတွားခဲ့ကြသည်ကို တိုက်ရိုက်မပြောရက်ခဲ့ချေ။

အဝေးမှကြည့်လျှင် သူက ဦးလေးကူးနှင့် မျိုးဆက်တူအရွယ်လောက် ရှိနေပြီး၊ လူတွေက ညီအစ်ကိုတွေလို့တောင် ထင်သွားနိုင်သည်မဟုတ်လော။

သို့သော် ယနေ့ အဒေါ်ကူး၏နောက်မှ လိုက်ပါလာသောလူငယ်လေးမှာ သူမ၏မြေးမလေးနှင့် မျိုးဆက်တူ အရွယ်ဖြစ်နေကြောင်း ရှင်းလင်းစွာ မြင်တွေ့နေရရာ၊ သူမ အမြင်မှားစရာအကြောင်း လုံးဝမရှိချေ။

အိမ်သို့ ပြန်ရောက်ပြီးနောက် အဒေါ်ကူးသည် အလုပ်သွားနေသောဦးလေးကူးထံ ဖုန်းဆက်ကာ ယနေ့ကြုံတွေ့ခဲ့ရသော ရယ်စရာကိစ္စကို မပြောပြဘဲ မနေနိုင်တော့ချေ။

“အို... လောင်ကူး၊ ဒီနေ့ ငါတို့သားပြန်လာတာ ငါတောင် မမှတ်မိဘူးဖြစ်သွားတယ်၊ ကိုရီးယားမှာ ပလတ်စတစ်ဆာဂျရီ သွားလုပ်လာတာများလားလို့တောင် ထင်လိုက်သေးတယ်၊ သူ ငါနဲ့အတူပြန်လာတော့ အိမ်နီးချင်းအဒေါ်ဝမ်ကတောင် သူ့ကို ရှောင်ရိရဲ့ ဝမ်းကွဲညီလေးလို့ ထင်ပြီး တက္ကသိုလ် ပြီးပြီလားလို့ သွားမေးသေးတယ်၊ အို... ဟားဟားဟားဟားဟား”

စာရင်းကိုင်သည် ကလေးကြီးတစ်ယောက်လို ပြုမူနေသော သူ၏မိခင်ကိုကြည့်ရင်း မနေနိုင်ဘဲ ပြုံးလိုက်မိသော်လည်း၊ သိပ်မကြာမီမှာပင် ဆက်မပြုံးနိုင်တော့ချေ။

စာရင်းကိုင်က မယုံကြည်နိုင်စွာဖြင့် အော်ပြောလိုက်သည်။

“ဘာ၊ သားအတွက် ဘလိုင်းဒိတ်သွားလုပ်ဖို့ လေးယောက်တောင်ရှာထားပေးတယ် ဟုတ်လား၊ အဲဒါက လာမယ့်နှစ်ရက်အတွင်း ကောင်မလေး လေးယောက်နဲ့ ထမင်းအတူတူသွားစားရမယ်လို့ ဆိုလိုတာလား”

အဒေါ်ကူးမှာ အစပိုင်းတွင် အနည်းငယ်အပြစ်ရှိသလို ခံစားရသော်လည်း၊ သားဖြစ်သူ၏သဘောထားကို မြင်သောအခါ ပြန်လည်တင်းမာသွားပြီး ပြန်ပြောလိုက်၏။

“အို... သားက ဘာလို့ ဒီလောက်တောင် ပြဿနာရှာနေရတာလဲ၊ ဘလိုင်းဒိတ်သုံးခုပဲ ရှိတာပါ၊ ဘာများ ကြီးကျယ်နေလို့လဲ၊ မေမေ အချိန်တွေကို သေချာခွဲပေးထားတယ်၊ သူတို့ အချင်းချင်း လုံးဝမဆုံစေရဘူးလို့ မေမေ အာမခံတယ်”

“သားကို မေမေ ပြောပြမယ်၊ တချို့ နေရာတွေမှာဆိုရင် ဘလိုင်းဒိတ်လုပ်ဖို့တောင် တန်းစီနေရတာ သိလား၊ ကောင်မလေးတစ်ယောက်က တစ်ရက်ကို လူဆယ်ယောက်လောက်တောင်တွေ့တာ၊ လူငယ်လေးတွေက ကောင်မလေးအိမ်ရှေ့မှာ တန်းစီပြီး စောင့်နေရတာနော်၊ သူတို့တောင်မရှက်ကြတာ သားက ဘာလို့ရှက်နေရမှာလဲ”

စာရင်းကိုင်က မျက်နှာရှုံ့မဲ့ကာ ပြန်ပြောလိုက်သည်။

“မေမေက သားကို ဘာလို့ထင်နေတာလဲ၊ ကုန်ထုတ်လုပ်ရေးအဖွဲ့က မြည်းတွေတောင် ဒီလောက်အလုပ်မလုပ်ရပါဘူး”

အဒေါ်ကူးက သားဖြစ်သူကို မျက်လုံးလှန်ပြကာ ဆက်ပြောလာ၏။

“ဘာတွေလျှောက်ပြောနေတာလဲ၊ မနက်ဖြန် နေ့လယ်စာကို XX ကုန်တိုက်က ဟောင်ကောင်စတိုင် စားသောက်ဆိုင်မှာ စီစဉ်ထားတယ်၊ အဲဒီအချိန်ကျရင် မေမေလိုက်မသွားဘူး၊ အောင်သွယ်တော်ရယ်၊ သားရယ်၊ ပြီးတော့ ကောင်မလေးရယ်ပဲတွေ့ရမှာ၊ ပြီးတော့ မနက်ဖြန်ညနေကျရင် ဒုတိယကောင်မလေးရဲ့ ကုမ္ပဏီအနီးအနားမှာ စီစဉ်ထားတယ်၊ သူအလုပ်ဆင်းတာနဲ့ ညစာစားဖို့ကွက်တိပဲလေ...”

စာရင်းကိုင်သည် မျက်နှာကျက်ကိုသာ ငေးကြည့်နေလိုက်သည်။

‘ပင်ပန်းလိုက်တာ၊ အရမ်းကို ပင်ပန်းတာပဲ'

မိခင်ဖြစ်သူ ပြောတာကို နားထောင်နေရုံနဲ့တင် သူ့မှာ အရမ်းကိုမောပန်းနွမ်းနယ်နေချေပြီ။ သူသာ

သူသာ အိမ်ကို ရောက်မနေသေးလျှင် အိမ်ပြန်လာဖြစ်မှာတောင် မဟုတ်ချေ။

သက်သောင့်သက်သာ နေထိုင်လိုသော သူ၏ရည်မှန်းချက်က ဤအခြေအနေများကြောင့် များစွာ ထိခိုက်နေရသည်။

ထိုနေ့ညနေပိုင်းတွင် ဦးလေးကူး အလုပ်မှပြန်ရောက်လာပြီး သားဖြစ်သူ၏ လက်ရှိအသွင်အပြင်ကို မြင်တွေ့လိုက်ရသောအခါ သူလည်း အလွန်အံ့အားသင့်သွားရသည်။ သားဖြစ်သူ၏ဆံပင်များ ပြန်ပေါက်လာပြီး အများကြီးပိုနုပျိုသွားကြောင်း အဒေါ်ကူးက နေ့လယ်ပိုင်းကတည်းက ပြောပြထားခဲ့သော်လည်း၊ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရချိန်တွင်မူ အလွန်အံ့ဩသွားဆဲပင်။

အဒေါ်ကူးက ပြုံးကာပြောလိုက်သည်။

“အွန်လိုင်းမှာ ဘယ်လိုပြောကြလဲ၊ ရုပ်ရည်သွင်ပြင်ကနေစတင်တယ်လို့ ပြောတယ်မဟုတ်လား၊ အခုက ရုပ်ရည်ကို တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းဖြစ်နေပြီလေ၊ ငါတို့သားက ရုပ်ဆိုးတာမှမဟုတ်တာ၊ နည်းနည်းလောက် ပြင်ဆင်လိုက်ရင် တော်တော်လေးချောသွားတာပဲ မဟုတ်လား၊ လေးယောက်တောင် ရှိတာဆိုတော့ အနည်းဆုံး တစ်ယောက်တော့အဆင်ပြေမှာပါ၊ လောင်ကူး၊ ဘယ်သူသိမလဲ၊ နောက်နှစ်ဆို ငါတို့တောင် မြေးလေးချီနေရနိုင်တယ်၊ အို... တွေးကြည့်ရုံနဲ့တင်ပျော်စရာကြီး”

102

နှစ်ရက်ဆက်တိုက် စာရင်းကိုင်သည် ဘလိုင်းဒိတ် သွားလုပ်နေရသည်။ ဤတစ်ကြိမ်တွင်တော့ မည်သည့်အမျိုးသမီးကမျှ သူ့ကို မြင်မြင်ချင်း ငြင်းပယ်ခဲ့ခြင်း မရှိချေ။

သို့သော် သူ အနည်းငယ် စိတ်မသက်မသာဖြစ်နေပြီး၊ တစ်ခုခု ထူးဆန်းနေသည်ဟု အမြဲတမ်းခံစားနေရသည်။

သူ့ခေါင်းကိုသူ ရိုက်လိုက်မိသည်။ သူက မိန်းကလေး သုံးယောက်နှင့် တစ်ပြိုင်နက်တည်း စကားပြောနေရရာ ပလေးဘွိုင်းတစ်ယောက်လို ခံစားနေရ၏။ စာရင်းကိုင်က ခေါင်းခါလိုက်သည်။

အစကတည်းက ဘလိုင်းဒိတ်လုပ်ရန် ရည်ရွယ်ချက် မရှိခဲ့သလို၊ တွေ့ဆုံပြီးနောက်တွင်လည်း မည်သူကမျှ သူ့ရင်ကို အထူးတလည် လှုပ်ခတ်သွားစေခြင်းမရှိခဲ့ချေ။

‘ဒီမိန်းကလေးတွေကို အချိန်မဆွဲတာပဲ ကောင်းပါတယ်' သူက အားလုံးကို ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။

နောက်ပိုင်းတွင် အဒေါ်ကူး ဤကိစ္စကို သိသွားသောအခါ စာရင်းကိုင်အား အကြီးအကျယ် ဆူပူကြိမ်းမောင်းတော့သည်။ လာမည့်နှစ်တွင် မြေးလေး ချီရမည်ဟူသော သူမ၏ မျှောလင့်ချက်များ သဲထဲရေသွန် ဖြစ်သွားခဲ့ရပြီမဟုတ်လော။

နောက်ပိုင်းတွင် စာရင်းကိုင် ယာတောအိမ်သို့ ပြန်ရောက်လာသောအခါ၊ ဆုဟွေဟွေနှင့် သူ့ကြားတွင် တူညီမှု များစွာရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

သူတို့နှစ်ဦးလုံးမှာ အိမ်ပြန်ရောက်ပြီးနောက် ဆွေမျိုးများနှင့် သူငယ်ချင်းများ၏ ဖိအားပေးမှုကြောင့် ဘလိုင်းဒိတ်များ လုပ်ခဲ့ရသူများ ဖြစ်ကြသည်။

သူတို့၏ စိတ်ပျက်မကျေနပ်မှုများကို အပြန်အလှန် ရင်ဖွင့်ပြောဆိုခဲ့ကြရာမှ အများကြီး ပိုမိုရင်းနှီးသွားခဲ့ကြ၏။ အချိန်ကြာလာသည်နှင့်အမျှ တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်တွယ်လာကြပြီး ချစ်သူများ ဖြစ်သွားကြတော့သည်။

စာရင်းကိုင်နှင့် တစ်နှစ်တာမျှ လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ခဲ့ပြီး သာမန်လုပ်ငန်းခွင်ဆက်ဆံရေးမျှသာ ရှိခဲ့သော်လည်း၊ တစ်နှစ်အကြာတွင် မမျှော်လင့်ဘဲ သံယောဇဉ်မီးပွားလေးများ လွင့်စင်လာကာ ချစ်သူများဖြစ်သွားကြလိမ့်မည်ဟု ဆုဟွေဟွေ လုံးဝထင်မှတ်မထားခဲ့ချေ။

ဆုဟွေဟွေသည် လက်ရှိတွင် သူမ၏ဖုန်းမှ စာတိုလေးတစ်စောင်ကို ကြည့်ကာ အတော်လေး လွန်ဆွဲနေမိသည်။

အကယ်၍ လွန်ခဲ့သောတစ်နှစ်ကသာ ဤစာကို လက်ခံရရှိခဲ့လျှင်၊ ဗြောက်အိုးဖောက်ကာ အောင်ပွဲခံချင်လောက်အောင် အလွန်အမင်း ဝမ်းသာပျော်ရွှင်နေပေမည်။

သို့သော် ယခုအခါတွင်မူ...

ဖြစ်ပုံမှာ သူမသည် ရေးဖြေစာမေးပွဲကို အောင်မြင်ခဲ့ပြီး၊ အမှတ်ကောင်းကောင်းဖြင့် အဆင့်နှစ်ပင် ချိတ်ခဲ့ခြင်း ဖြစ်သည်။

လူတွေ့စစ်ဆေးမှုတွင် အမှားအယွင်းမရှိသရွေ့၊ တည်ငြိမ်သော အစိုးရဝန်ထမ်းအလုပ်တစ်ခုအတွက် ခြေတစ်ဖက်က ခိုင်မာစွာဝင်ရောက်နေချေပြီ။

သို့သော် လူတွေ့စစ်ဆေးမှုသို့ သွားသင့်၊ မသွားသင့် သူမ တွေးတောနေမိသည်။ အစိုးရဝန်ထမ်း အလုပ်များက တည်ငြိမ်သည်ဟု လူတိုင်းက ပြောကြသော်လည်း၊ သူတို့ဒေသရှိ အစိုးရဝန်ထမ်းများ၏ လစာမှာ ယေဘုယျအားဖြင့် မများပြားလှချေ။

အနီးအနားတွင် ဤကဲ့သို့သော ရာထူးနေရာတစ်ခုကို အောင်မြင်စွာရရှိခဲ့သော အတန်းဖော်တစ်ဦးရှိရာ၊ သူမက စုံစမ်းကြည့်လိုက်သောအခါ ‘အာမခံငါးမျိုးနှင့် ရန်ပုံငွေတစ်ခု’ နှုတ်ပြီးနောက် လစာမှာ တစ်လလျှင် ယွမ် ၃၀၀၀ ဖြစ်ကြောင်း သိလိုက်ရသည်။

အခြားထောက်ပံ့ကြေးများကိုပါ ထည့်ပေါင်းလိုက်ပါက တစ်လလျှင် ယွမ် ၃၅၀၀ ခန့်သာရှိသည်။

တစ်နှစ်တာကြိုးစားပမ်းစား အလုပ်လုပ်ပြီးနောက် ဆုဟွေဟွေသည် ဧည့်ခန်းမ မန်နေဂျာအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပြီး ဖြစ်ကာ၊ လစာမှာ တစ်လလျှင် ယွမ် ၇၅၀၀ ရှိလာ၏။ ထို့အပြင် ယာတောအိမ်၏ စွမ်းဆောင်ရည် အလွန်ကောင်းမွန်မှုကြောင့် နှစ်စဉ်လစာတိုးမြှင့်မှုများလည်း ရှိနေသေးသည်။

အစိုးရဝန်ထမ်း အလုပ်တစ်ခုက ဖိအားနည်းပြီး ခံစားခွင့်များ ကောင်းမွန်နိုင်သော်လည်း၊ ဆုဟွေဟွေ အနေဖြင့် ငယ်ရွယ်စဉ်အချိန်တွင် ကြိုးစားပမ်းစား အလုပ်မလုပ်ဘဲ အသက်ကြီးလာသည့်အချိန်အထိ စောင့်နေရမှာလားဟု ခံစားမိသည်။

သူမ၏လက်ရှိဘဝကို သူမ အတော်လေးကျေနပ်နေပြီး၊ ဤနေရာရှိ ခံစားခွင့်များက အစိုးရဝန်ထမ်းအလုပ်ရထားသော အတန်းဖော်များထက် ပိုဆိုးနေသည်ဟု မခံစားမိချေ။

ထို့အပြင် သူမသည် လက်ရှိတွင် ချစ်သူအသစ်ဖြစ်သော စာရင်းကိုင်နှင့် ဟန်းနီးမွန်းကာလလေးတွင် ရောက်ရှိနေပြီး သူတို့၏သံယောဇဉ်များကလည်း ခိုင်မာလာနေသည်။ အကယ်၍ သူမ တောင်ပေါ်မှထွက်ခွာသွားပါက သူတို့ တွေ့ဆုံနိုင်မည့်အခွင့်အရေးများ နည်းပါးသွားပေမည်။

သို့သော် ဤအရာများက အဓိကအကြောင်းရင်းများ မဟုတ်ချေ။ သူမ ထားရစ်ခဲ့ရန် အခက်ခဲဆုံးအရာမှာ ဤနေရာရှိ အစားအသောက်များပင်။

စားဖိုမှူးများ၏ လက်ရာလေးတစ်ခုတည်းနဲ့တင် သူမ လုံးဝထွက်မသွားချင်တော့ချေ။

မာစတာကျန်း (ကျန်းဖျင်) ပင်လျှင် တော်တော်လေးကောင်းမွန်ပြီး သာမန်စားသောက်ဆိုင်ငယ်လေးများထက် အများကြီးပိုကောင်းသည်ဟု ဆုဟွေဟွေ ထင်ထားခဲ့ပြီးဖြစ်သည်။

သို့သော် နောက်မှရောက်လာသော စားဖိုမှူးကူ (ကူတာ့ကန်း) ၏ လက်ရာကိုမူ အံ့မခန်းဟုသာ ဖော်ပြနိုင်တော့၏။

စားဖိုမှူးကူ၏ ပထမဆုံးနေ့တွင် သူက အစိမ်းကြော်ပန်းကန်ကြီး တစ်ပန်းကန်ကို ရိုးရှင်းစွာပဲ ကြော်ပေးခဲ့သည်ဟု ဆိုနိုင်သည်။

ဤအရာက သူမ တစ်သက်နှင့် တစ်ကိုယ် စားဖူးသမျှထဲမှာ အကောင်းဆုံးဟင်းသီးဟင်းရွက်ကြော်ပဲ ဟု ဆုဟွေဟွေ ကျိန်ဆိုရဲပေ၏။

သို့သော် သူမက အရသာခံပြီး ဒုတိယတစ်လုတ် ထပ်ယူရန် ပြင်လိုက်ချိန်တွင်တော့ ထိုဟင်းပန်းကန်မှာ ပြောင်သလင်းခါနေပြီဖြစ်သည်။

အထဲက ဟင်းရည်တွေကိုတောင် ထမင်းပန်းကန်တွေထဲ လောင်းထည့်သွားကြပြီး၊ ပန်းကန်ကို စားပွဲပေါ် ပြန်ချထားချိန်တွင် ရေနှင့် ဆေးထားသလိုမျိုး ပြောင်စင်နေတော့သည်။

ထိုနေ့ညက ဆုဟွေဟွေမှာ ထိုအစိမ်းကြော်တစ်လုတ်ကို စဉ်းစားနေဆဲဖြစ်သောကြောင့်၊ အိပ်မက်ယောင်ပြီး ဟင်းရွက်စားချင်တယ် ဟုတောင် အော်ပြောခဲ့မိသေး၏။

နောက်ပိုင်းတွင် သူမ၏အခန်းဖော် ယန်ယွဲ့ယန်က သူမကို အချိန်အတော်ကြာ နောက်ပြောင်နေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် စားသောက်ဆိုင်ဝန်ထမ်းများ ဖြစ်ကြသဖြင့် မီးဖိုချောင်မှ စားဖိုမှူးများက ဝန်ထမ်းများအတွက် ထမင်းဟင်းများကို အလှည့်ကျချက်ပြုတ်ပေးကြသည်။ စားဖိုမှူးကူ၏ အလှည့်ရောက်တိုင်း ဆုဟွေဟွေမှာ အထူးတလည် စိတ်လှုပ်ရှားနေတတ်၏။

သူမသည် အားလုံးကြားထဲတွင် လုယက်စားသောက်ရသော တိုက်ပွဲအတွင်း သူမ၏စွမ်းရည်များကိုလည်း သွေးထားခဲ့ပြီး ‘သိုင်းပညာရပ်အားလုံးမှာ အမြန်နှုန်းကအဓိကပဲ’ ဆိုသည့် အတတ်ပညာကို ကျွမ်းကျင်လာခဲ့သည်။

‘တခြားအရာတွေက အရေးမကြီးရင်နေပါစေ၊ အစားအသောက် မပါဘဲနဲ့တော့ အသက်ရှင်လို့ မရဘူးလေ'

ဤစံနှုန်းမြင့် အစားအသောက်များကို မြည်းစမ်းဖူးပြီးနောက်၊ အိမ်ပြန်သွားသည့်အခါ သူမ၏မိခင် ချက်ကျွေးသော ဟင်းများကိုပင် စားရန်ခက်ခဲသွားလေ၏။

မိခင်၏ဟင်းချက်လက်ရာမှာ တိတိကျကျ ပြောရလျှင် မဆိုးလှသော်လည်း၊ ‘သမုဒ္ဒရာကို မြင်ဖူးသွားသည့်အခါ၊ သာမန်စမ်းချောင်းလေး တစ်ခုကို အထင်ကြီးဖို့ ခက်သွားချေပြီ။’

ဆုဟွေဟွေသည် ဤကိစ္စကို သူမ၏မိသားစုအား ပြောပြသင့် မပြောပြသင့် လွန်ဆွဲနေဆဲပင်။

အကယ်၍ မိဘများကို ပြောပြလိုက်ပါက၊ အစိုးရဝန်ထမ်းလုပ်ရန် သူမကို သေချာပေါက်ဖျောင်းဖျကြမည်ကို သူမသိသည်။

‘အဲ့တာက အဆင်ပြေမှာပါ’

သို့သော် သူမ၏ရင်တွင်းမှစကားသံက သူမ အဲဒီလို တကယ်မတွေးဘူးဟု ပြောနေ၏။ ဝေခွဲမရဖြစ်ကာ အင်တာနက်ပေါ်တွင် ပို့စ်တင်ပြီး ကွန်ရက်အသုံးပြုသူများထံမှ အကြံဉာဏ်တောင်းခံလိုက်သည်။

အစပိုင်းတွင် လူတိုင်းက သူမကို သွားလုပ်ရန် တညီတညွတ်တည်း ပြောကြ၏။ ‘အချစ်ရေးကို ကျော်ချင်ကျော်လိုက်၊ ဒါပေမဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကိုတော့ ဘယ်တော့မှမစွန့်လွှတ်လိုက်နဲ့’ နှင့် ‘အချစ်ကန်းနေတဲ့ အရူး တစ်ယောက် မဖြစ်စေနဲ့၊ ကိုယ့်အလုပ်အကိုင်ကို အာရုံစိုက်ဖို့က အရေးအကြီးဆုံးပဲ’ စသည်ဖြင့် ပြောဆိုထားကြသည်။

‘ရာထူးရပြီးတာနဲ့ ပထမဆုံးဆွဲထုတ်ရမယ့်ဓားက ချစ်သူကိုဖြတ်ပစ်ဖို့ပဲ’ ဆိုသည်များနှင့် သူမ၏ အသက်မွေးဝမ်းကျောင်းအတွက် အချစ်ကို စွန့်လွှတ်ရန် ဖျောင်းဖျသော အခြားအကြောင်းပြချက်များစွာ ပါဝင်သည်။

အောက်ဘက်တွင် ဆုဟွေဟွေက မနေနိုင်ဘဲ ဝင်ရောက်ဖြေကြားလိုက်၏။

“အဲဒါတွေက အဓိကအချက်တွေ မဟုတ်ပါဘူး၊ အဓိကအကြောင်းရင်းက ဝန်ထမ်းတွေရဲ့ ထမင်းဟင်းတွေက အရမ်းကို အရသာရှိလွန်းနေလို့ပါ၊ ဒီထက် ပိုကောင်းတာကို တစ်ခါမှမစားဖူးဘူး”

ကွန်ရက်အသုံးပြုသူ ၁ - ...ပို့စ်တင်တဲ့သူက ကောင်းတာတစ်ခုမှ မစားဖူးတဲ့သူများလား။

ကွန်ရက်အသုံးပြုသူ ၂ - ဝန်ထမ်းတွေရဲ့ ထမင်းဟင်းတွေက ဘယ်လောက်တောင်ကောင်းနေလို့လဲ။ ငါ့ပါးစပ်ထဲ အတင်း လာမခွံ့သရွေ့တော့ ငါမယုံဘူး (ခွေး အီမိုဂျီ)။

ကွန်ရက်အသုံးပြုသူ ၃ - ပို့စ်ပိုင်ရှင်ရဲ့ မိသားစု ဟင်းချက်တာ တအားဆိုးလို့သာ ဝန်ထမ်းတွေရဲ့ဟင်းတွေကို အရမ်းကောင်းတယ်လို့ သူထင်နေတာလို့ ငါလောင်းရဲတယ်။

ဆုဟွေဟွေက မနေနိုင်ဘဲ ပြန်လည် ချေပလိုက်သည်။

“မဟုတ်ဘူး၊ အဲဒီလိုမဟုတ်ဘူး၊ ငါတို့ ဝန်ထမ်းတွေရဲ့ဟင်းတွေကို ဧည့်သည်တွေအတွက်ချက်ပေးတဲ့ မာစတာ စားဖိုမှူးတွေကပဲ ချက်ပေးတာ၊ လူတော်တော်များများက ငါတို့ရဲ့ အစားအသောက်တွေအတွက် သီးသန့်ကိုလာကြတာ၊ ခရီးသွားချိန်အပါအဝင် ထမင်းတစ်နပ်စားဖို့အတွက် အနည်းဆုံး သုံးနာရီလောက် ကြတာတောင်၊ ထမင်းစားချိန်တိုင်း စားသောက်ဆိုင်က လူတွေအပြည့်ပဲ”

ကွန်ရက်အသုံးပြုသူ ၁၆ - နင်က ငါ့ကိုပါ သိချင်စိတ်ဖြစ်လာအောင် လုပ်လိုက်ပြီ။ ပို့စ်ပိုင်ရှင်၊ နင်က စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တာမဟုတ်လား။ အဲဒါက နာမည်ကြီး သီးသန့်စားသောက်ဆိုင်တွေထဲက တစ်ခုလား။

ဆုဟွေဟွေက ပြန်ဖြေလိုက်၏။

“အင်း၊ အဲဒီလိုနေရာမျိုးနဲ့ တော်တော်လေးဆင်ပါတယ်”

ကွန်ရက်အသုံးပြုသူ ၁၇ - ပို့စ်ပိုင်ရှင် အလုပ်ထွက်မယ် မထွက်ဘူး ဆိုတာကို ငါဂရုမစိုက်တော့ဘူး။ စားသောက်ဆိုင်လိပ်စာကိုပဲ သိချင်တယ်။ အစိုးရဝန်ထမ်းအလုပ်ကိုတောင် တွေဝေသွားစေလောက်တဲ့ အစားအသောက်တွေက ဘယ်လောက်တောင် အရသာရှိလဲဆိုတာကို ငါမြင်ချင်တယ်။

ကွန်ရက်အသုံးပြုသူ ၁၈ - ငါလည်းပဲ (လက်ထောင်နေသော အီမိုဂျီ)

ကွန်ရက်အသုံးပြုသူ ၁၉ - +1၊ ပို့စ်ပိုင်ရှင်၊ ကျေးဇူးပြုပြီး ငါ့ကိုစာပို့ပါ (DM)။

စကားဝိုင်းက ပိုပိုပြီးလမ်းချော်လာသည်ကို မြင်သောအခါ ဆုဟွေဟွေသည် သူမ၏ ဖုန်းကို ဘေးသို့ ပစ်ချထားလိုက်သည်။ သူမက တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်၏။

အရသာရှိသော အစားအသောက်များကိုသာ အစားထိုး၍ မရနိုင်ပေ။ သူမ အလုပ်မထွက်ရန် ဆုံးဖြတ်လိုက်သည်။

အဆိုးဆုံးဆိုလျှင် သူမ စာမေးပွဲမအောင်ဘူးဟုသာ မိဘတွေကို ပြောလိုက်တော့ပေမည်။

ယာတောအိမ်ရှိ ကလေးကစားကွင်းဧရိယာမှာ နောက်ဆုံးတွင် ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ ယာတောအိမ်အက်ပ်တွင် ယခင်က ထုတ်ပြန်ခဲ့သော တာဝန်အတွက် ဆုလာဘ်တစ်ခုဖြစ်ပြီး၊ အွန်လိုင်းတွင် အပြုသဘောဆောင်သော သုံးသပ်ချက် ၁၀,၀၀၀ စုဆောင်းရန် လိုအပ်သည်။

ဤတာဝန်မှာ သူမသတိမထားမိလိုက်ဘဲ ပြီးမြောက်သွားခဲ့ပြီး၊ လီရှီးရှီးသည် ကတ်မဲဖောက်ခြင်းမှ ကလေးကစားကွင်းတစ်ခုကို ရရှိခဲ့ခြင်းပင်။

၎င်းသည် ယခင်က ဆိုင်တွင်ရောင်းချခဲ့သော ဒဏ္ဍာရီမှိုအိမ်လေးနှင့် မတူညီချေ။

ထိုမှိုအိမ်လေးက မိဘနှင့် သားသမီး သဟဇာတဖြစ်မှုကို လေးဆယ်ရာခိုင်နှုန်း တိုးစေသော်လည်း၊ ဤကစားကွင်းကမူ ပိုမိုမြင့်မားကာ မိဘနှင့် သားသမီး သဟဇာတဖြစ်မှုကို ခြောက်ဆယ်ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးပြီး မိဘနှင့် သားသမီးအကြား သံယောဇဉ်ကို ပိုမိုခိုင်မာလာစေသည်။

ကလေးကစားကွင်းကို တည်ဆောက်ပြီး စစ်ဆေးမှုများပြုလုပ်ပြီးနောက်၊ ချက်ချင်းပင် အသုံးပြုခွင့်ပေးလိုက်သည်။

ချင်ပေပေသည် သူမ၏သူငယ်ချင်းကောင်းဖြစ်သော မူကြိုကျောင်းမှ ဟွာဟွာက တောင်ပေါ်ရှိ တကယ်ကိုပျော်စရာကောင်းသော နေရာတစ်ခုအကြောင်း ဖော်ပြနေသည်ကို ကြားခဲ့ရ၏။

ဟွာဟွာသည် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေက မိဘများနှင့်အတူ ထိုနေရာသို့သွားခဲ့ပြီး အလွန်ပျော်စရာကောင်းကြောင်း၊ အလွန်အမင်းပျော်ရွှင်ခဲ့ရပြီး ပြန်တောင်မလာချင်တော့ကြောင်း ပြောပြခဲ့သည်။

ပေပေလည်း ဤအကြောင်းကိုကြားပြီးနောက် လှပသော စိတ်ကူးယဉ်အိပ်မက်ထဲသို့ ကျဆင်းသွားပြီး ထိုနေရာသို့ သွားဆော့ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့၏။

ထို့ကြောင့် ကျောင်းဆင်းသည်နှင့်တစ်ပြိုင်နက် ဤစနေ၊ တနင်္ဂနွေတွင် သူမကို ထိုနေရာသို့ခေါ်သွားပေးရန် မိဘများကို ပူဆာတော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

All Chapters