အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
103
ပေပေသည် အပြင်ထွက်ကစားရန် မိဘများကို ပူဆာဖို့သာ အာရုံစိုက်နေပြီး၊ သူတို့ကြားရှိ ထူးဆန်းသောလေထုကို လုံးဝသတိမထားမိခဲ့ချေ။ ပေပေ၏ဖခင် ချင်အန်းရှန်နှင့် မိခင် လျူအိုက်ရှောင်တို့သည် မကြာသေးမီက ထပ်မံ၍ အကြီးအကျယ် စကားများ ရန်ဖြစ်ထားကြသည်။
သူတို့နှစ်ဦးသည် အသေးအဖွဲကိစ္စလေးများဖြင့် မကြာခဏ ရန်ဖြစ်လေ့ရှိကြသည်။
ယခုအခါ သူတို့နှစ်ဦးလုံးမှာ တစ်ဦးနှင့်တစ်ဦး လက်ထပ်ခဲ့မိသည်ကို အနည်းငယ် နောင်တရနေကြပြီး၊ အမြဲတမ်းရန်ဖြစ်ကာ ရိုက်ပုတ်တော့မည့် အခြေအနေအထိပင် ရောက်ရှိနေကြ၏။
သူတို့နှစ်ဦးစလုံးတွင် ကွာရှင်းရန် အတွေးများ ရှိနေကြသော်လည်း ကလေးဖြစ်သူကိုတော့ အသိမပေးရသေးချေ။
လက်ရှိတွင် ကလေးအုပ်ထိန်းခွင့်အကြောင်း ဆွေးနွေးသည့်အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း အတည်မပြုရသေးသဖြင့် ပေပေကို မပြောပြသေးခြင်းပင်။
မိဘများ အဆင်မပြေသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရခြင်းက ကလေးအတွက် ဆိုးကျိုးသက်ရောက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ထိုနေ့ ပေပေ အိမ်ပြန်ရောက်လာပြီးနောက်၊ သမီးဖြစ်သူကို သူတို့မပါဘဲ မနေနိုင်အောင် သေချာပေါက်လုပ်လိုသော လျူအိုက်ရှောင်နှင့် ချင်အန်းရှန်တို့သည် ပေပေ အပြင်ထွက်ကစားချင်သည်ဟု ပြောသောအခါ သဘာဝကျကျပင် သဘောတူလိုက်ကြသည်။
လျူအိုက်ရှောင်သည် ပေပေပြောသော လီတောင်ပေါ်ရှိ မိဘနှင့် သားသမီး အပန်းဖြေကစားကွင်းကို ဖုန်းဖြင့် ချက်ချင်းရှာဖွေကြည့်လိုက်၏။
ထိုနေရာမှာ တော်တော်လေးနာမည်ကြီးပြီး ဤစနေ၊ တနင်္ဂနွေအတွက် လက်မှတ်ရှစ်စောင်သာ ကျန်တော့ကြောင်း သူမတွေ့ရှိလိုက်ရသည်။ (လူကြီး တစ်ဦးလျှင် အရပ် ၁.၂ မီတာအောက် ကလေးတစ်ဦး အခမဲ့ခေါ်ဆောင်ခွင့်ရှိသည်။)
လျူအိုက်ရှောင်က အစပိုင်းတွင် ပေပေကို တစ်ယောက်တည်းခေါ်သွားရန် တွေးထားခဲ့သော်လည်း၊ ကားမမောင်းတတ်သလို ထိုနေရာကလည်း တောင်ပေါ်တွင်ဖြစ်နေသည်။
ထို့ကြောင့် အနေခက်စွာ ပြောလိုက်ရ၏။
“ပေပေက ဒီအပတ်စနေ၊ တနင်္ဂနွေမှာ ငါတို့နှစ်ယောက်လုံးကို လိုက်ခဲ့စေချင်နေတာ၊ သမီးလေးအတွက်တွေးပြီး အတူတူသွားကြတာပေါ့”
ချင်အန်းရှန်ကလည်း ကန့်ကွက်စရာမရှိချေ။ ကလေးရှေ့တွင် အဲဒီလောက်ကြီး သဘောထားသေးသိမ်မည်မဟုတ်ပေ။
နောက်ပိုင်း ကွာရှင်းဖြစ်သွားလျှင် ကလေးနှင့်အတူတူ အချိန်ဖြတ်သန်းရမည့် အကြိမ်အရေအတွက်မှာ လက်ချိုးရေတွက်လို့ရလောက်အောင် နည်းသွားမည်မှာ သေချာသည်ဟု တွေးလိုက်မိသည်။
‘အခုတော့ ပေပေကို ပျော်ရွှင်ခွင့်ပေးလိုက်တာပဲ ကောင်းပါတယ်'
ဤမိဘနှင့် သားသမီး ကစားကွင်းမှာ မည်သည့်နေရာတွင်ရှိပြီး ဝေးမဝေး သိရရန် ဖုန်းကို ဖွင့်ကြည့်လိုက်၏။
မြေပုံပေါ်တွင်ရှာကြည့်ရာ ကားမောင်းလျှင် နှစ်နာရီကြာပြီး၊ အသွားအပြန် လေးနာရီကြာမည်ကိုတွေ့လိုက်ရသည်။
ကလေးနှင့် တစ်နေကုန်ကစားပြီးပါက တော်တော်လေး ပင်ပန်းနေမည်ဖြစ်ရာ၊ ချက်ချင်းကားမောင်းပြန်ရန်မှာ အနည်းငယ်ခက်ခဲမည်ဟု တွေးလိုက်မိသည်။
ထို့ကြောင့် အနီးအနားတွင် တည်းခိုရန်နေရာများကို ရှာဖွေကြည့်လိုက်သည်။ ဖြောင်ဖြောင်ထွမ် ဝဘ်ဆိုက်ကို ဖွင့်ကြည့်လိုက်ရာ ဤမိဘနှင့် သားသမီး အပန်းဖြေကစားကွင်းမှာ လီရှန်းယာတောအိမ် ဟုခေါ်သော နေရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရ၏။
တည်းခိုရန်နေရာရှိပြီး အဆင့်သတ်မှတ်ချက်များမှာလည်း အတော်လေးမြင့်မားကာ၊ ဓာတ်ပုံများမှာလည်းလှပပြီး ထပ်ခါတလဲလဲ လာရောက်သူ များပြားလှသည်။
ထို့ကြောင့် ဤစနေ၊ တနင်္ဂနွေအတွက် အချိန်သတ်မှတ်ကာ အခန်းတစ်ခန်း ဘိုကင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူစစ်ဆေးကြည့်သောအခါ အခန်းတစ်ခန်းသာ ကျန်တော့လေ၏။
‘ဘာစောင့်နေစရာလိုသေးလို့လဲ၊ အမြန်လုယူရမယ်’
တကယ်တမ်းတွင် ပေပေ၏မိခင်နှင့် အခန်းခွဲအိပ်နေကြပြီဖြစ်သည်။ ပေပေက မိခင်နှင့် တစ်ခန်းတည်းအိပ်ပြီး၊ သူက ဒုတိယအိပ်ခန်းတွင် တစ်ယောက်တည်းအိပ်လေ၏။
အကယ်၍ ယခု အတူတူပြန်အိပ်ရမည်ဆိုပါက နှစ်ယောက်လုံးအနေခက်ပေမည်။
ဤယာတောအိမ်က အွန်လိုင်းတွင် အခန်းအားလုံးကို ချမပေးထားခြင်း ဖြစ်နိုင်ပြီး နောက်ရက်အနည်းငယ်နေလျှင် အခန်းများထပ်ထွက်လာနိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။
ထို့ကြောင့် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“အခန်းလည်း ဘိုကင်လုပ်ပြီးသွားပြီ၊ စနေနေ့မနက် သွားပြီး တနင်္ဂနွေနေ့ နေ့လယ်လောက် ပြန်လာကြတာပေါ့”
လျူအိုက်ရှောင် မျက်မှောင်ကြုတ်သွားသည်။
‘ချင်အန်းရှန်က အမြဲတမ်း ဒီလိုချည်းပဲ၊ ငါ့သဘောထားကို မမေးဘဲ သူ့ဘာသာဆုံးဖြတ်ချက်ချရတာကို သဘောကျတယ်၊ ဘာပဲဖြစ်ဖြစ်ပါ ကွာရှင်းကြတော့မှာပဲဟာကို ဘာလို့ ဒီလောက်ဂရုစိုက်နေရမှာလဲ’ ဟု တွေးလိုက်မိသည်။
ထို့အပြင် ကလေးရှေ့တွင်ဖြစ်နေသဖြင့် နားလည်ကြောင်းအမူအရာဖြင့် ခပ်အေးအေးပင် ခေါင်းညိတ်ပြလိုက်၏။
ပေပေမှာမူ အလွန်အမင်းဝမ်းသာပျော်ရွှင်သွားပြီး အော်ဟစ်လိုက်သည်။
“ရေး... အပြင်ထွက်ကစားရတော့မယ်၊ မေမေ၊ ဒီတစ်ခေါက် မေမေဝယ်ပေးထားတဲ့ အဖြူရောင် မင်းသမီးလေးဝတ်စုံကို ဝတ်သွားလို့ရမလား၊ အဲဒီဝတ်စုံလေးဝတ်ပြီး ဖေဖေရယ်၊ မေမေရယ်၊ သမီးရယ် မိသားစုသုံးယောက် အတူတူဓာတ်ပုံရိုက်ချင်လို့”
ပေပေသည် မိခင်၏ညာလက်နှင့် ဖခင်၏ဘယ်လက်ကို ဆွဲကိုင်ကာ လက်သုံးဖက်လုံးကို အတူတူ ပေါင်းတင်ချင်နေသော်လည်း၊ လျူအိုက်ရှောင်က လက်ကို ပြန်ရုပ်လိုက်ပြီး သဘာဝမကျစွာ ပြုံးပြလိုက်သည်။
“ပေပေ၊ အဲဒီဝတ်စုံ ဘယ်မှာလဲဆိုတာ မေမေသွားရှာကြည့်လိုက်ဦးမယ်၊ စနေနေ့ ဝတ်ချင်တယ်ဆိုရင် မေမေ အရင်ထုတ်ပြီး လျှော်လှန်းပေးထားမယ်လေ”
ပေပေ၏မျက်လုံးများထဲတွင် မင်းသမီးလေးဝတ်စုံ အကြောင်းသာ ပြည့်နှက်နေပြီး ကျွတ်နေသော သွားနေရာလွတ်လေးပေါ်အောင် ပြုံးပြရင်း ပြောလိုက်၏။
“ဒါဆို မေမေ သမီးအတွက် သေသေချာချာလေး လျှော်ပေးရမယ်နော်၊ ကျေးဇူးပါမေမေ”
ချင်အန်းရှန်သည် ထွက်ခွာသွားသော ဇနီးဖြစ်သူ၏ကျောပြင်ကို ကြည့်ရင်း ရင်ထဲတွင် ရှင်းပြမတတ်သောခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ခေါင်းခါလိုက်ပြီးနောက် ပေပေ၏လက်သေးသေးလေးထဲမှ လက်ကိုရုပ်ကာ ပေပေ၏နူးညံ့သောဆံပင်လေးများကို ပွတ်သပ်ပေးလိုက်သည်။
…
နောက်ရက်များတွင် ဖြောင်ဖြောင်ထွမ် ဝဘ်ဆိုက်ကို စစ်ဆေးကြည့်ရာ လီရှန်းယာတောအိမ်တွင် အခန်းလွတ် လုံးဝမရှိတော့ကြောင်း တွေ့လိုက်ရသဖြင့် ချင်အန်းရှန် အလွန်အံ့အားသင့်သွားရသည်။ စနေနေ့ နံနက်အထိတိုင်အောင် ဖုန်းထဲတွင် အခန်းလွတ်ရနိုင်မလားဟု ကြိုးစားရှာဖွေနေဆဲပင်။
လျူအိုက်ရှောင်သည် မနက်စောစောစီးစီး ဖုန်းပွတ်နေသော ချင်အန်းရှန်ကို ကြည့်နေသည်။ သူမ တစ်ယောက်တည်း ပေပေကို ပြင်ဆင်ပေးနေရပြီး သူက တစ်ချက်လေးတောင် မကူညီချေ။
သူမ တိတ်တဆိတ် မျက်လုံးလှန်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။
မိဘနှင့် သားသမီး အပန်းဖြေကစားကွင်းသို့ ရောက်သည့်အခါ တစ်နေကုန်ကစားရန် ရည်ရွယ်ချက်ဖြင့် သူတို့မိသားစုသည် နံနက်ခြောက်နာရီကတည်းက ထနေခဲ့ကြသည်။
ကားဖြင့် နှစ်နာရီကြာ မောင်းနှင်ပြီးနောက် နောက်ဆုံးတွင် သူတို့ရောက်ရှိသွားကြလေ၏။
ဤနေရာရှိ အရာအားလုံးက သူငယ်ချင်း ဟွာဟွာ ပြောပြခဲ့သည်ထက်ပင် ပို၍ပျော်စရာကောင်းသည်ဟု ပေပေ ခံစားလိုက်ရသည်။
မိဘများသည်လည်း နံနက်ခင်းတစ်ခုလုံး ပေပေနှင့်အတူ ကစားနည်းတစ်ခုပြီးတစ်ခု လိုက်ကစားပေးကြပြီး အားလုံး၏မျက်နှာပေါ်တွင် အပြုံးများ ဝေဆာနေတော့သည်။
ကစားကွင်းတွင် နံနက်ခင်းအချိန်ဖြတ်သန်းနေစဉ် ချင်အန်းရှန်မှာ ယနေ့တွင် ထင်သလောက် စိတ်အနှောင့်အယှက်ဖြစ်စရာ မကောင်းကြောင်း လျူအိုက်ရှောင် မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရ၏။
ဥပမာအားဖြင့် ပေပေ၏ ချွေးများကို သုတ်ပေးနေချိန်တွင်ပင်။
ကိုယ်တိုင်လည်း ချွေးတွေ ရွှဲနစ်နေသော်လည်း သတိမထားမိဘဲ၊ ထိုင်ချကာ ကလေး၏ချွေးများကိုသာ အရင်သုတ်ပေးရန် အာရုံစိုက်နေခြင်းမျိုး ဖြစ်သည်။
တကယ်တမ်းတွင် တော်တော်လေး ဂရုတစိုက်ရှိလှသည်။ လျူအိုက်ရှောင်သည် ယခင်က သူမ အရမ်းအစွန်းရောက်ခဲ့သလားဟု ပြန်လည် ဆင်ခြင်တွေးတောမိလာ၏။
အမြဲတမ်း အသေးအဖွဲကိစ္စလေးများကို ပုံကြီးချဲ့ကာ အတင်းအကြပ် စကားများရန်ဖြစ်ဖို့ချည်း လုပ်ခဲ့သလားဟု တွေးမိသည်။
အကယ်၍ ယခင်ကဆိုလျှင် ချင်အန်းရှန် ချွေးတွေရွှဲနစ်နေသည်ကို မြင်သောအခါ လူကြီးဖြစ်နေပြီကို ကိုယ့်နဖူးကချွေးလေးတောင် ကိုယ်မသုတ်တတ်ဘူးဟု အထင်သေးစွာဖြင့် အရင်ဆုံးပြောပေလိမ့်မည်။
သို့သော် ယခုအခါတွင်မူ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆင်ခြင်မိပြီး သူ၏ရှုထောင့်မှ ကြည့်မြင်လာသည်။
အရမ်းစိုးရိမ်နေပြီး ကလေးကို အရင်ဂရုစိုက်ချင်နေလို့သာ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ခဲ့ခြင်း ဖြစ်ပေမည်။
ဤအချက်ကိုတွေးမိသောအခါ လျူအိုက်ရှောင်၏သဘောထားမှာ အနည်းငယ်ပျော့ပျောင်းသွားပြီး အကြံပြုလိုက်သည်။
“ဒီမှာ လက်မှတ်ဝယ်တုန်းက ဒီကစားသောက်ဆိုင်မှာ သုံးလို့ရတဲ့ ယွမ် ၈၀ တန် ဘောင်ချာကတ်ပါတယ်မဟုတ်လား၊ အခု ဆယ့်တစ်နာရီတောင်ကျော်နေပြီ၊ ငါတို့က မနက်စောစောထလာတာဆိုတော့ နံနက်စာလည်း အစာကြေသွားလောက်ပြီ၊ အရင်သွားစားကြရင် မကောင်းဘူးလား”
ချင်အန်းရှန်ကလည်းပြုံးကာ ခေါင်းညိတ်ရင်း ပြောလိုက်၏။
“ကောင်းပြီလေ၊ ခုနလေးတင် ပေပေရဲ့ဗိုက်ထဲက အသံမြည်တာကို ငါကြားလိုက်တယ်၊ နေ့လည်စာစားဖို့ အချိန်ရောက်ပြီပဲ”
ချင်အန်းရှန်သည် ထိုနံနက်ခင်းတွင် ကလေးနှင့်အတူ ကစားရသည်မှာ အလွန်ပျော်ရွှင်ရပြီး စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေသည်။
ဇနီးဖြစ်သူ၏မေးမြန်းမှုကို မြင်သောအခါ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
လျူအိုက်ရှောင်သည် သူမစကားအား ကောင်းကောင်းမွန်မွန်တုံ့ပြန်သည်ကို မြင်သောအခါ တစ်နည်းနည်းဖြင့် စိတ်သက်သာရာရသွား၏။
ထို့နောက် သူတို့နှစ်ဦးသည် ပေပေကိုခေါ်ဆောင်ကာ ဘောငါချာကတ်တွင်ပါရှိသော လီရှန်းယာတောအိမ် စားသောက်ဆိုင်ဆီသို့ သွားကြလေသည်။
ဤအချိန်မှာ စားသောက်ဆိုင်အတွက် အလုပ်အရှုပ်ဆုံးအချိန်ဖြစ်သည်။ အစားအသောက် ရနံ့များက အဝေးသို့တိုင်အောင် ပျံ့လွင့်နေ၏။ ပေပေသည် အထဲသို့မဝင်မီကတည်းက အနံ့ရလိုက်ပြီး မိဘများကိုမော့ကြည့်ကာ ပြောလိုက်သည်။
“ဖေဖေ၊ မေမေ၊ အရမ်းမွှေးတာပဲ၊ ဝက်သားနီချက်အနံ့လေးရတယ်၊ ခဏနေရင် ဝက်သားနီချက်စားကြမယ်နော်”
သူတို့ နှစ်ဦးလုံးမှာ သဘာဝကျကျပင် တွန့်ဆုတ်မနေဘဲ သဘောတူလိုက်ကြသော်လည်း၊ အထဲသို့ ဝင်ဝင်ချင်းပင် နေရာလွတ်မရှိအောင် ပြည့်ကျပ်နေကြောင်း တွေ့လိုက်ရသည်။ ထိုင်ခုံများ အားလုံး ပြည့်နေ၏။
စားပွဲထိုးက ဧည့်သည်များဝင်လာသည်ကို မြင်သောအခါ တန်းစီနံပါတ်ယူရန် အလျင်အမြန်ပြောလိုက်သည်။
နံပါတ်ယူပြီးနောက် တန်းစီနေသည့်စာရင်းတွင် သူတို့ရှေ့၌ စားပွဲသုံးဆယ်ကျော် ရှိနေသေးကြောင်း တွေ့ရှိလိုက်ရတော့သည်။
104
လျူအိုက်ရှောင်သည် ရှေ့သို့ ခြေဖျားထောက်ကြည့်လိုက်ရာ တန်းစီနေသူ များပြားနေဆဲဖြစ်သည်ကို မြင်လိုက်ရပြီး မျက်မှောင်ကြုတ်သွားကာ လှည့်ပြောလိုက်သည်။
“ပေပေ၊ ရှေ့မှာ လူတွေအရမ်းများတာပဲ၊ ဘယ်လောက်ကြာအောင်စောင့်ရမလဲ မသိဘူး၊ အနီးနားကဆိုင်တစ်ဆိုင်မှာ သွားပြီး မုန့်စားကြမလား”
ထိုသို့ပြောပြီးနောက် ယာတောအိမ်အတွင်းရှိ မုန့်ဆိုင်တစ်ဆိုင်ကို ပေါ့ပေါ့ပါးပါးလက်ညိုးထိုးပြလိုက်သည်။
ပေပေက ခေါင်းခါကာ ဂျီကျသည့်လေသံဖြင့် ပြောလိုက်၏။
“မေမေ၊ သမီး ဝက်သားနီချက်ပဲစားချင်တာ၊ အထဲမှာ အရမ်းကိုမွှေးနေတာပဲ၊ အဲဒါကိုမှမစားရရင် သမီး အရမ်းဝမ်းနည်းမှာပဲ၊ အဟင့်”
သမီးဖြစ်သူ၏စကားကို ကြားသောအခါ ချင်အန်းရှန်က အကြံပြုလိုက်သည်။
“ငါတို့ရှေ့မှာ စားပွဲတွေ အများကြီးကျန်သေးတယ်လေ၊ ဗိုက်ဆာပြေအောင် မုန့်အရင်သွားဝယ်စားပြီးမှ၊ ကိုယ့်အလှည့်ရောက်ခါနီးကျမှ ပြန်လာစားကြရင်ကော”
ပေပေက ဖြေလိုက်သည်။
“ဟုတ်ပြီလေ ဖေဖေ၊ ဒါပေမဲ့ သမီးရဲ့ဝက်သားနီချက်ကို မမေ့နဲ့နော်”
ချင်အန်းရှန်သည် သမီးဖြစ်သူကိုပွေ့ချီကာ ပခုံးပေါ်တင်လိုက်ပြီး အနီးရှိ နို့လက်ဖက်ရည်ဆိုင်ဆီသို့ အမြန်လျှောက်သွားရင်း ပြောလိုက်၏။
“စိတ်မပူပါနဲ့၊ သမီးစားရမှာပါ”
လျူအိုက်ရှောင်လည်း အနောက်မှ ကပ်လျက်လိုက်ပါသွားသည်။
ချင်အန်းရှန်က မှာလိုက်လေ၏။
“ပဲနီလေးနို့လက်ဖက်ရည်တစ်ခွက် အရင်ပေးပါ၊ သကြား လေးပုံ သုံးပုံ၊ အပူနော်၊ ပြီးတော့... အာလူးချောင်းကြော်တစ်ပွဲလည်း ပေးပါ”
လျူအိုက်ရှောင်သည် နောက်ဘက်မှနေ၍ ခင်ပွန်းဖြစ်သူကို မော့ကြည့်လိုက်မိသည်။ လက်ထပ်ပြီးနောက် သူတို့ နို့လက်ဖက်ရည်သောက်ခဲလှပြီး၊ သူမ၏အကြိုက်ကို သူ မှတ်မိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ယခင် ချိန်းတွေ့စဉ်တုန်းက သူမအနှစ်သက်ဆုံးမှာ ပဲနီလေးနို့လက်ဖက်ရည်ပင်။
မှာထားသည်များ ရသောအခါ ချင်အန်းရှန်သည် ဇနီးဖြစ်သူထံသို့ ပဲနီလေးနို့လက်ဖက်ရည်ကို သဘာဝကျကျကမ်းပေးကာ ပြုံးရင်းပြောလိုက်သည်။
“ဒီက ပဲနီလေးနို့လက်ဖက်ရည်အရသာ ဘယ်လိုနေမလဲမသိဘူး၊ အရင်မြည်းကြည့်ပါဦး”
လျူအိုက်ရှောင်သည် နို့လက်ဖက်ရည်ကို တိတ်ဆိတ်စွာ လှမ်းယူလိုက်ရင်း အက်ကွဲသွားသော ရေခဲတုံးတစ်ခုထဲ နွေးထွေးသောစီးကြောင်းတစ်ခု စီးဝင်သွားသကဲ့သို့ ရင်ထဲတွင်ခံစားလိုက်ရသည်။
နာရီဝက်ခန့်စောင့်ပြီးနောက် တန်းစီခေါ်သည့်စက်မှ သူတို့၏နံပါတ်ကို နောက်ဆုံးတွင် ခေါ်လိုက်လေ၏။
မိသားစုသုံးဦးသည် နို့လက်ဖက်ရည်ဆိုင်မှ အမြန်ထွက်လာခဲ့ပြီး၊ ပေပေလည်း အချိန်အတော်ကြာတောင့်တနေခဲ့သော ဝက်သားနီချက်ကို နောက်ဆုံးတွင် စားခွင့်ရသွားတော့သည်။
သူမ၏ ပါးစပ်သေးသေးလေးဖြင့် ဝက်သားနီချက်ပန်းကန် တစ်ဝက်ကျော်ကို စားပစ်လိုက်ပြီး၊ ထူးထူးခြားခြား ထမင်းနှစ်ပန်းကန်ပင် ကုန်သွား၏။
ကလေး၏အစာအိမ်အတွက် လျူအိုက်ရှောင် အနည်းငယ်စိုးရိမ်သွားမိသည်။
’ပေပေအရမ်းများ စားလိုက်မိတာလား’
သို့သော် သူတို့ကိုယ်တိုင်လည်း ယနေ့ အများကြီးစားခဲ့ကြသည်။
လှုပ်ရှားမှု များပြားသောကြောင့် ဖြစ်နိုင်ပေ၏။ သူတို့ သုံးဦးသည် စားသောက်ပြီးနောက် အတန်ကြာနားနေပြီးမှ မိဘနှင့် သားသမီး အပန်းဖြေကစားကွင်းဆီသို့ ထွက်လာခဲ့ကြသည်။
ထိုနေရာတွင် တစ်နေကုန်ကစားပြီးနောက် လျူအိုက်ရှောင်မှာ အလွန်အမင်းအံ့အားသင့်နေမိသည်။ ကနေ့ ချင်အန်းရှန်နှင့် လုံးဝ စကားမများခဲ့ချေ။
စိတ်အလိုမကျစရာ အနည်းငယ် ကြုံလာတိုင်း ဘာကြောင့်မှန်းမသိ ကိုယ့်ကိုယ်ကိုယ် အရင် ပြန်လည်ဆင်ခြင်မိပြီး၊ တစ်ဖက်လူ၏နေရာတွင် ဝင်ကြည့်ကာ ထိုအခြေအနေတွင် ကိုယ်တကယ်ပဲ အမှားလုပ်မိတာလားဟု တွေးတောမိတတ်လာသည်။
ထို့ကြောင့် အရင်ကမတွေးမိခဲ့သော အရာများကိုလည်း နားလည်လာခဲ့သည်။ ယခင်က ရန်ဖြစ်တိုင်း ခင်ပွန်းဖြစ်သူမှာ အမြဲတမ်း အနည်းငယ်မတရားခံရသလို ခံစားခဲ့ရ၏။
‘အရမ်း ဆိုးရွားတဲ့ အရာတစ်ခုကို လုပ်ခဲ့တာမှ မဟုတ်တာ၊ အဲဒီလောက်ကြီး ပြဿနာရှာစရာ လိုလို့လား၊ ကောင်းကောင်းမွန်မွန် ပြောရင်လည်း ပြောင်းလဲလို့ ရနိုင်တာပဲ’ ဟု သူ ခံစားခဲ့ရသည်။
ယနေ့တွင် ချင်အန်းရှန်ကိုယ်တိုင်လည်း ပြန်လည်ဆင်ခြင်တွေးတောနေမိသည်။ ဘာကြောင့်မှန်းမသိသော်လည်း ဤနေရာသို့ရောက်ကတည်းက သဟဇာတဖြစ်ပြီး ပျော်ရွှင်စရာကောင်းသော မိသားစုပုံရိပ်က စိတ်ထဲတွင် အမြဲတမ်း ပေါ်လာနေသည်။
ဇနီးဖြစ်သူနှင့် ပဋိပက္ခများက တကယ်ပဲ ပြန်လည်မသင့်မြတ်နိုင်လောက်အောင် ဆိုးရွားနေပြီလော။
‘တကယ်တော့ အဲ့လောက်မဆိုးသေးဘူးပဲ၊ ဇနီးဖြစ်သူအပေါ် ပိုပြီးစိတ်ရှည်ပေးနိုင်ရင်၊ သူက အနှောင့်အယှက်ပေးတယ်လို့ အမြဲတမ်းညည်းတွားမနေဘဲ ပိုပြီးနားလည်ပေးနိုင်ရင် ပိုကောင်းလာမှာပဲ’
သူမသည် ပေပေ မွေးပြီး သိပ်မကြာခင်မှာပဲ အလုပ်ပြန်လုပ်ခဲ့ရသည်။
ဇနီးဖြစ်သူမှာ အလုပ်လုပ်ရပြီး အိမ်ပြန်လာရင်လည်း ပေပေကို ပြုစုစောင့်ရှောက်ကာ ဟင်းချက်ရသေး၏။
သူက အိမ်အလုပ်များကို ကူလုပ်ပေးသော်လည်း အမြဲတမ်း အချိန်ဆွဲတတ်ပြီး အားလုံးကိုစုပုံကာ တစ်ခါတည်းလုပ်ရသည်ကို သဘောကျသည်။
ဤအကြောင်းကြောင့် အမှိုက်များစုပုံနေခြင်း၊ ဘေစင်ထဲတွင် မဆေးဘဲထားသော ပန်းကန်များကို ဇနီးဖြစ်သူက အမြဲတမ်းမနှစ်သက်ခဲ့ဘဲ ၎င်းကြောင့်ပဲ သူတို့ကြားတွင် အမြဲတမ်း စကားများရန်ဖြစ်ခဲ့ရလေ၏။
ဤအချက်ကို တွေးမိသောအခါ ချင်အန်းရှန် အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူတို့နှစ်ဦးလုံး ကိုယ့်အတွေးနှင့်ကိုယ် နစ်မျောနေရင်း ကလေးကိုခေါ်ကာ ဧည့်ကြိုကောင်တာသို့ ရောက်လာခဲ့ကြ၏။
ထိုအခါမှသာ အခန်းတစ်ခန်းသာ ဘိုကင်လုပ်ထားခဲ့သည်ကို ချင်အန်းရှန် သတိရသွားပြီး၊ အခန်းအလွတ် ရှိမရှိ ဧည့်ကြိုကို အလျင်အမြန်မေးလိုက်သည်။
ပေပေက အပြစ်ကင်းစင်စွာဖြင့် မေးလိုက်သည်။
“ဖေဖေက အခန်းယူထားပြီးပြီ မဟုတ်ဘူးလား၊ ဘာလို့ နောက်တစ်ခန်းလိုသေးတာလဲ၊ သမီးတို့မိသားစုအကုန်လုံး အတူတူအိပ်လို့ရတာပဲကို”
ချင်အန်းရှန်သည် ဇနီးဖြစ်သူကို အနေခက်စွာ ကြည့်လိုက်မိဧ။ခ။
လက်ရှိ သူတို့၏ ဆက်ဆံရေးမှာ အတော်လေး သိမ်မွေ့သော အခြေအနေတွင် ရှိနေသော်ငြား သူမ လက်မခံမည်ကို စိုးရိမ်နေသည်။
သို့သော် အံ့သြစရာကောင်းလောက်အောင်ပင် လျူအိုက်ရှောင်က သမီးဖြစ်သူ၏ခေါင်းကို ပွတ်သပ်ရင်း မေးလိုက်၏။
“ပေပေ၊ မေမေနဲ့ ဖေဖေ နှစ်ယောက်လုံး သမီးနားမှာ တစ်ချိန်တည်း အတူတူရှိနေပေးတာကို လိုချင်တာလား”
ချင်ပေပေက အားတက်သရော ခေါင်းညိတ်ပြသည်။
ယနေ့တစ်နေကုန် မိဘများနှင့် အတူကစားခဲ့ရသဖြင့် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးကလေးတစ်ယောက်လို ခံစားနေရသည်။ မေမေဖြစ်စေ၊ ဖေဖေဖြစ်စေ တစ်ဦးတစ်ယောက်နှင့်မျှ သူမ မခွဲချင်ပေ။
လျူအိုက်ရှောင်က ခေါင်းမော့ကာ ခင်ပွန်းဖြစ်သူကို ပြောလိုက်သည်။
“ဒါဆိုရင် ပေပေ့သဘောအတိုင်းပဲ လုပ်ကြတာပေါ့”
ဤအချိန်တွင် ဧည့်ကြိုကောင်တာမှ ယန်ယွဲ့ယန်သည် ထိုစကားကို ကြားသောအခါ၊ တောင်းပန်ပါတယ်၊ ဒီနေ့ အခန်းလွတ်မရှိတော့ပါဘူး ဟူသောစကားကို တိတ်ဆိတ်စွာ မျိုချလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဟုတ်ကဲ့ပါ၊ မှတ်ပုံတင်လေးပေးပါရှင့်”
တစ်နေကုန်ကစားပြီးနောက် ပေပေမှာ အိပ်မောကျနေပြီဖြစ်သည်။ ဤအချိန်တွင် အခန်းတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ချင်အန်းရှန်က အရင်ဆုံးစကားစလိုက်၏။
“အိုက်ရှောင်၊ ငါတို့ လသာဆောင်ကိုသွားပြီး စကားပြောကြမလား”
လျူအိုက်ရှောင်လည်း ချင်အန်းရှန်နှင့် သေချာစကားပြောရန် စီစဉ်ထားသဖြင့် သဘာဝကျကျပင် ခေါင်းညိတ် သဘောတူလိုက်သည်။
သူတို့နှစ်ဦး ခြေဖွဖွဖြင့် အပြင်ထွက်ခဲ့ကြပြီး လသာဆောင်တံခါးကို ပိတ်လိုက်ပြီးနောက် သူတို့၏လမ်းလျှောက်ပုံမှာ ပုံမှန်ပြန်ဖြစ်သွားသည်။
အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် မနေနိုင်ဘဲ ရယ်မောလိုက်ကြဧ။ခ။ ရယ်မောခြင်းက အနေခက်မှုကို ပျောက်ကွယ်သွားစေသလား မသိ၊ ချင်အန်းရှန်က ချိန်းတွေ့စဉ်က ရယ်စရာဇာတ်လမ်းများကို သဘာဝကျကျပင် ပြန်လည်ပြောပြတော့သည်။
“တက္ကသိုလ်တုန်းက အဆောင်ကို မင်း အပြန်နောက်ကျတဲ့တစ်ခေါက်ကို မှတ်မိသေးတယ်၊ ဆရာမက အခန်းတွေစစ်နေပြီလေ၊ ငါက အဆောင်မှူးကို သွားခေါ်ပြီး စကားပြောရင်း အာရုံလွှဲထားပေးရသေးတယ်၊ မင်းက ခြေဖွဖွလေးဝင်သွားလို့ သီသီလေးလွတ်ပြီး အမှတ်အနှုတ်မခံလိုက်ရတာ”
လျူအိုက်ရှောင်က မနေနိုင်ဘဲ သူ့ကိုတွတ်ကာ အပြစ်တင်လိုက်သည်။
“ရှင်က ပြောရဲသေးတယ်နော်၊ အဲဒီနေ့က ရှင်က အပြင်မှာထမင်းသွားစားရအောင်လို့ မပြောခဲ့ရင်၊ ပြီးတော့ ကြိုတင်ဘိုကင် မလုပ်ထားဘဲ အကြာကြီးတန်းစီလိုက်ရလို့သာ မဟုတ်ရင်၊ ကျွန်မက အပြန်နောက်ကျပါ့မလား”
သူတို့နှစ်ဦး ညလေညင်းကို ခံစားရင်း၊ ကြယ်တွေစုံနေသောကောင်းကင်ကြီးကို မော့ကြည့်ကာ ချိန်းတွေ့စဉ်က ရယ်စရာအကြောင်းများကို အချိန်အတော်ကြာ ပြောဆိုနေကြပြီး၊ သန်းခေါင်ကျော်သည်အထိ အိပ်ချင်စိတ်မရှိကြသေးပေ။
လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ပေပေကို ရခဲ့ပြီး၊ သူတို့၏စကားဝိုင်းများမှာ ကလေးအကြောင်းချည်းသာ လည်ပတ်နေခဲ့သည်။
‘အခုလိုမျိုး နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာတွေထဲမှာ ရှိနေသေးသလိုမခံစားရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ'
နောက်ဆုံးတွင် နှစ်ဦးလုံး တစ်ဦးကိုတစ်ဦး တောင်းပန်ခဲ့ကြပြီး၊ တစ်ဦးအပေါ်တစ်ဦး ပိုမိုဂရုစိုက်သင့်ကြောင်းနှင့် အပြန်အလှန် သည်းခံနားလည်ပေးရန် သင်ယူခဲ့ကြရသည်။
လီရှန်းတောင်မှ ပြန်လာပြီးနောက် နှစ်ဦးလုံး ကွာရှင်းမည့်အကြောင်းကို နောက်ထပ် ဘယ်တော့မှမဟကြတော့ဘဲ၊ ဆက်ဆံရေးမှာ ယခင်အတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့၏။
မမျှော်လင့်ဘဲ ကလေးနှင့်အတူ အပြင်ထွက် ခရီးသွားခြင်းက သူတို့၏ဆက်ဆံရေးကို ကယ်တင်နိုင်ခဲ့ပြီး မိသားစုတစ်ခု ပြိုကွဲမည့်အန္တရာယ်မှ တားဆီးနိုင်ခဲ့သည်။
မိဘနှင့် သားသမီး အပန်းဖြေကစားကွင်း၏ မိဘနှင့် သားသမီး သဟဇာတဖြစ်မှုကို တိုးမြှင့်ပေးနိုင်စွမ်းသည် မိဘနှင့် သားသမီး ကြားတွင်သာမက မိသားစုအတွင်းရှိ လူတိုင်း၏ဆက်ဆံရေးတွင်ပါ အကျုံးဝင်ပြီး၊ မိသားစုတစ်ခုကို ပိုမိုသဟဇာတဖြစ်ကာ ချစ်ခင်ရင်းနှီးစွာ နေထိုင်နိုင်စေကြောင်း လီရှီးရှီး လုံးဝ ထင်မှတ်မထားခဲ့လောက်ပေ။
……
လီရှန်းရွာသည် ရုပ်မြင်သံကြားသတင်းတွင် ပါလာတော့ပေမည်။
ဤသတင်းကို လီရှီးရှီး ကြားသိရသောအခါ စိုက်ပျိုးရေးဖြင့် ချမ်းသာကြွယ်ဝလာခြင်း အစီအစဉ်ကဲ့သို့သော စိုက်ပျိုးရေးချန်နယ် တစ်ခုခုတွင် ပါလာမည်ဟု သူမထင်၏။
မည်သို့ပင်ဆိုစေကာမူ သူတို့ရွာ၏ နှင်းမက်မွန်သီး မျာမှာ ယခုအခါ အတော်လေးနာမည်ရနေပြီး ရွာတစ်ရွာလုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခဲ့သည် မဟုတ်လော။
နောက်ပိုင်းတွင် အဒေါ်ဝမ်ထံမှတစ်ဆင့် နာမည်ကြီးအနုပညာရှင်များက လိုက်စ်လွင့်မည့် ဖျော်ဖြေရေးအစီအစဉ်တစ်ခု လာရိုက်ကြမည်ဖြစ်ကြောင်း သိလိုက်ရသည်။
သူတို့က ရွာထဲရှိ မြေကွက်ကျယ်ကြီးတစ်ကွက်ကို ငှားရမ်းကာ အိမ်တစ်လုံး ဆောက်လုပ်ထားကြသည်။
အဒေါ်ဝမ်က ခေါင်းခါကာ တောက်စ်ခေါက်ရင်း ပြောလိုက်၏။
“အနုပညာရှင်တွေ အစီအစဉ်ရိုက်ပြီးသွားရင် အဲဒီအိမ်ကို ထားခဲ့မယ်လို့ ရွာသူကြီးရှောင်မာ ပြောတာကြားတယ်၊ သက်ကြီးရွယ်အိုတွေ လေ့ကျင့်ခန်း လုပ်လို့ရအောင် ငါတို့ရွာအတွက် သက်ကြီးရွယ်အို လှုပ်ရှားမှုစင်တာအဖြစ် ပြောင်းပေးမယ်လို့ ပြောကြတာပဲ၊ ငါတွေးကြည့်တာ၊ အဲဒါက ငါတို့အတွက် လိုလို့လား၊ ငါတို့က နေ့တိုင်းအလုပ်လုပ်နေရတာ တစ်ခဏလေးတောင်မအားဘူး၊ ဒါက လေ့ကျင့်ခန်း လုံလုံလောက်လောက်လုပ်ပြီးသား ဖြစ်မနေဘူးလား”