← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

105

လီရှီးရှီးက ပြုံးကာ ပြန်ပြောလိုက်သည်။

“အဲဒီလိုလား၊ ကျွန်မ ဘာမှတောင်မကြားမိပါလား၊ အဒေါ်ဝမ်ရဲ့သတင်းကွန်ရက်က တကယ်ကိုကောင်းတာပဲ”

အဒေါ်ဝမ်က မျက်ခုံးပင့်ကာ ဆက်ပြောသည်။

“ဒါပေါ့၊ ဒီဆယ်မိုင်ပတ်လည် ရွာရှစ်ရွာမှာ ဖြစ်ပျက်သမျှအကုန်လုံးကို အဒေါ်သိတယ်လေ၊ ဒီအနုပညာရှင်က ဘယ်သူလဲဆိုတာပဲမသိတာ၊ အဒေါ်သိတဲ့သူများ ဖြစ်မလားပဲ၊ အခုတလော အဒေါ်ကြည့်နေတဲ့ ကျေးလက်ဘဝဇာတ်လမ်းတွဲထဲက ဇာတ်လိုက် ရှဲ့အာကန်းသာလာရင် အရမ်းကောင်းမှာပဲ”

‘ရှဲ့အာကန်း ဟုတ်လား’ လီရှီးရှီး ခေါင်းကုတ်လိုက်မိ၏။

‘အဲဒီနာမည်နဲ့ အနုပညာရှင် ရှိလို့လား’

မှတ်မိလွယ်သည့် ယခုလိုနာမည်မျိုး သူမ တစ်ခါမှမကြားဖူးခဲ့ပေ။ သို့သော် သူမကလည်း တီဗွီ သိပ်ကြည့်လေ့ရှိသူမဟုတ်ချေ။ ထို့ကြောင့် ခေါင်းခါကာ ထိုအတွေးကို ဖယ်ရှားလိုက်သည်။

…

‘တောင်ကြားထဲက ဘဝ’ အစီအစဉ်၏ဒါရိုက်တာ လီလီသည် စိတ်ကူးဉာဏ် အလွန်ရင့်သန်သူ တစ်ဦးဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်သည့် ဘ၀ ဖျော်ဖြေရေး အစီအစဉ်ပုံစံကို ရဲဝံ့စွာ အသုံးပြုခဲ့ရာ၊ အငြင်းပွားဖွယ်ရာ များစွာ ဖြစ်ပေါ်စေခဲ့ပြီး အနုပညာရှင် အများအပြားကို နုတ်ထွက်သွားစေခဲ့သည်။

ယခုအခါ အင်တာနက်ပေါ်တွင် အဆိုးမြင်ဝေဖန်သူများ မျလွန်းလှ၏။ သူတို့၏ အကြံအစည်များနှင့် ကိုက်ညီမှုမရှိသည်နှင့် အညှာအတာမဲ့ တိုက်ခိုက်ခံရမည်ဖြစ်သည်။

ဤအချက်ကြောင့် ပုံရိပ်ကို ဂရုစိုက်လွန်းသော အနုပညာရှင်အများအပြားက ဤအစီအစဉ်ကို ငြင်းပယ်ခဲ့ကြသော်လည်း၊ နာမည်ကြီးချင်သော အနုပညာရှင်များကလည်း အများအပြား ရှိနေသေးသည်။

တိုက်ရိုက်ထုတ်လွှင့်သည့်ပုံစံကို အသုံးပြုထားသော ဤအစီအစဉ်သည် ဘက်ပေါင်းစုံမှ အာရုံစိုက်မှုကို သေချာပေါက်ရရှိမည်ဖြစ်သည်။

ပိုမိုထင်ရှားလာသည်နှင့်အမျှ လူအဝင်အထွက် ပိုများလာမည်ဖြစ်ပြီး နာမည်ကြီးလာနိုင်ချေရှိသည်။ ဤအစီအစဉ်တွင် ပါဝင်လိုသော အနုပညာရှင်များ လုံးဝမရှားပါးချေ။

ဟန်မုချောင်၏မန်နေဂျာက ဤအခွင့်အရေးကို ဟန်မုချောင်အတွက် ရယူပေးနိုင်ခဲ့သည်။

သူသည် မူလက ကျောင်းသုံးစာအုပ်ကိုင်ထားသော ဓာတ်ပုံတစ်ပုံဖြင့် ကျယ်ကျယ်ပြန့်ပြန့်အာရုံစိုက်ခံခဲ့ရပြီး ရက်အနည်းငယ်ကြာ ရေပန်းစားခဲ့ကာ၊ သူ၏ရုပ်ရည်ကို သဘောကျသော ပရိသတ်အများအပြားကို လျင်မြန်စွာရရှိခဲ့သဖြင့် ဖျော်ဖြေရေးလောကသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ခြင်းပင်။

သူ အနုပညာလောကထဲ ဝင်လာသည်မှာ အချိန်တိုလေးသာရှိသေးပြီး ဖျော်ဖြေရေးအစီအစဉ်များနှင့်ပတ်သက်၍ အတွေ့အကြုံသိပ်မရှိချေ။ မထွက်ခွာမီ ဟန်မုချောင်၏မန်နေဂျာက သေချာသတိပေးခဲ့သည်။

သူက အခုမှ စတင်သူဖြစ်ရာ ဤလောကတွင် လူသစ်တစ်ဦးဖြစ်ပြီး အခြားအနုပညာရှင်များကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမည်ဟု မှာကြားခဲ့သည်။

အသက်ပိုကြီးသော အနုပညာရှင်များနှင့် တွေ့ဆုံပါက မိဘများထက် အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ‘အစ်မ’ သို့မဟုတ် ‘အစ်ကို’ ဟု ခေါ်ဆိုရမည်ဖြစ်ကြောင်း တင်းကျပ်စွာ မှာကြားထားခဲ့၏။

ဟန်မုချောင်က ခေါင်းညိတ်ပြလိုက်သည်။ သူက လူမှုဆက်ဆံရေးအသိဉာဏ် မရှိသူတော့မဟုတ်ချေ။

လူတွေကို ‘ဦးလေး’ သို့မဟုတ် ‘အန်တီ’ ဟု ခေါ်ဆိုလောက်အောင် အသိဉာဏ်ကင်းမဲ့မည်မဟုတ်ပေ။

…

လီရှန်းရွာရှိ သတ်မှတ်ထားသောနေရာသို့ ရောက်ရှိလာသောအခါ၊ ဝန်ထမ်းများက တည်းခိုမည့်နေရာကို ကြိုတင်အသိမပေးခဲ့ဘဲ၊ လီရှန်းရွာထဲတွင်ရှိပြီး ကိုယ့်ဘာသာရှာဖွေရမည်ဟုသာ ပြောပြခဲ့သည်။

ဟန်မုချောင်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း အခြားအနုပညာရှင်များကို မတွေ့ရသဖြင့် လိုက်ပါလာသောဝန်ထမ်းအား မေးလိုက်၏။

“တခြားသူတွေကော ဘယ်ရောက်ကုန်ပြီလဲ၊ ကျွန်တော်တို့ အရင်စုရမှာလား”

ဝန်ထမ်းက ပြန်ဖြေလိုက်သည်။

“ဆရာဟန်၊ စောစောရောက်လာတဲ့ ဆရာတွေက သူတို့ဘာသာ သွားရှာနေကြပြီ၊ အားလုံး နေရာကိုယ်စီတွေ့ပြီးမှ ဒါရိုက်တာက နောက်ထပ်တာဝန်ကို ကြေညာမှာ၊ အော်... နောက်ဆုံးမှရောက်တဲ့သူက အပြစ်ပေးခံရမယ်၊ တဲထိုးပြီးအိပ်ရမှာတဲ့”

‘ဘာစောင့်နေစရာ လိုသေးလို့လဲ၊ အမြန်ရှာရမှာပေါ့’ ဟန်မုချောင် ကြောင်တောင်တောင် ရပ်မနေတော့ချေ။ လက်တစ်ဖက်စီတွင် ခရီးဆောင်အိတ် တစ်လုံးစီဆွဲကာ ထွက်လာခဲ့သည်။

ဤအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်နေပြီဖြစ်ရာ ဟန်မုချောင်၏ပရိသတ်များ အလုံးအရင်းဖြင့် ဝင်ရောက်လာကြတော့သည်။

‘အရမ်း ချောတာပဲ'

‘အစ်ကို့ရုပ်ရည်က ဒီထောင့်ကကြည့်ရင်တောင် အရမ်းမိုက်တာပဲ'

အပြစ်ရှာတတ်သော ဆန့်ကျင်ဘက် ပရိသတ်များလည်း ရှိနေဆဲ ရှိနေမြဲပင်။

‘ယောကျ်ားတစ်ယောက်က ခရီးဆောင်အိတ်တွေ ဒီလောက်အများကြီးသယ်လာတာ၊ ဒီလောက်ထိ နူးနူးညံ့ညံ့နေဖို့ လိုလို့လား'

ဟန်မုချောင်က ကင်မရာကို လက်ပြနှုတ်ဆက်လိုက်သည်။ မှတ်ချက်များကို သူမမြင်နိုင်သဖြင့် သဘာဝကျကျပင် သူ့ကိုမထိခိုက်စေခဲ့ချေ။

တကယ်တမ်းတွင် ဟန်မုချောင်၌ အများပြည်သူ မသိသေးသော အားနည်းချက်တစ်ခု ရှိသည်။

၎င်းမှာ လမ်းမျက်နှာစာမသိခြင်းပင်။

ပုံမှန်အားဖြင့် အမြဲတမ်းလိုလို ကားစီးလေ့ရှိပြီး လမ်းလျှောက်ပါက ဝန်ထမ်း သို့မဟုတ် လက်ထောက်က အမြဲလိုက်ပါလေ့ရှိသည်။

အဆိုးဆုံးအခြေအနေဆိုလျှင် လမ်းပြစနစ်ကို အသုံးပြုရလေသည်။

သို့သော် ယခုအခါ အစီအစဉ်ရိုက်ကူးနေခြင်းဖြစ်ပြီး ဖုန်းလည်း သိမ်းဆည်းခံထားရရာ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရတော့ပေမည်။

လမ်းတွင် အမ်ပီစီ တစ်ဦးကိုတွေ့၍ တာဝန်တစ်ခုပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက် လမ်းကြောင်းသဲလွန်စတစ်ခု ရရှိထားခဲ့သည်။

ဟန်မုချောင်သည် ယခုလေးတင် ရရှိထားသောသဲလွန်စကို ဖတ်ရင်း ဟန်ဆောင်ပျော်ရွှင်နေသော မျက်နှာထားဖြင့် အတွင်းစိတ်ထဲတွင်မူ ညည်းတွားနေမိ၏။

“မြောက်ဘက်ကို တစ်ကီလိုမီတာလျှောက်ပါ၊ ပြီးရင် အနောက်ဘက်ကို မီတာ ၈၀၀... အရှေ့၊ အနောက်၊ တောင်၊ မြောက်တွေက ဘာတွေလဲကွာ၊ ငါက လမ်းမျက်နှာစာဘယ်သိမလဲ၊ ဘယ်သွား ညာသွားဆိုပြီး ရိုးရိုးရှင်းရှင်းလေး ပြောလို့မရဘူးလား”

သို့သော် တိုက်ရိုက်ထုတ်လွှင့်နေသော ကင်မရာရှေ့တွင် ပုံရိပ်ကို ထိန်းသိမ်းရမည်ဖြစ်ပြီး အရပ်မျက်နှာများကိုပင် မခွဲခြားတတ်ကြောင်း ပရိသတ်များသိသွားမည်ကို မလိုလားချေ။

ဟန်မုချောင်က လက်ထဲရှိသဲလွန်စကို ခေါက်ကာ ကင်မရာကိုပြုံးပြရင်း ပြောလိုက်သည်။

“ကောင်းပြီ၊ ဒီမြေပုံနဲ့ဆိုရင် ချက်ချင်းရှာတွေ့မှာ သေချာတယ်”

ထို့နောက် တောင်ဘက်သို့ လျှောက်သွားတော့သည်။

နာရီဝက်ခန့်လမ်းလျှောက်ပြီးနောက် ဟန်မုချောင်သည် လူအရေအတွက် သိသိသာသာများပြားလာကြောင်း သတိပြုမိလိုက်ပြီး မလှမ်းမကမ်းတွင် လူငယ်အနည်းငယ် ရပ်နေသည်ကို တွေ့လိုက်ရ၏။

ထိုလူများက သူ့ကို မှတ်မိသွားပုံရပြီး ဓာတ်ပုံရိုက်နေကြသည်။

သူက မျက်နှာပေါ်ရှိချွေးစေးများကို အမြန်သုတ်လိုက်ပြီး၊ ခါးကိုမတ်ကာ ကံကောင်းသည်ဟု စိတ်ထဲမှ တိတ်တဆိတ်ဂုဏ်ယူလိုက်မိသည်။

ဤနေရာတွင်ဤနေရာတွင် လူပိုများနေသည်မှာ သိသာထင်ရှားရာ၊ ထုတ်လုပ်ရေးအဖွဲ့နှင့် အခြားအနုပညာရှင်များ အနီးအနားတွင် သေချာပေါက် ရှိနေမည်ဖြစ်သည်။

သူ ရမ်းရွေးလိုက်သောလမ်းကြောင်းက မှန်ကန်နေပုံရ၏။

မကြာမီမှာပင် တရုတ်ရိုးရာ အဆောက်အအုံကြီးတစ်ခုလုံးကို မြင်တွေ့လိုက်ရသည်။ ထုတ်လုပ်ရေးအဖွဲ့က တကယ်ကို ရင်းနှီးမြှုပ်နှံရဲတာပဲဟု စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

ဤသည်မှာ နောက်ရက်အနည်းငယ်အတွက် သူတို့ရိုက်ကူးရေးလုပ်မည့် နေရာပင် ဖြစ်ရပေမည်။ တကယ်ကို ကြီးမားလှသည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် မှတ်ချက်များ တဖွဲဖွဲဝင်ရောက်လာသည်။

‘ထုတ်လုပ်ရေးအဖွဲ့က ဘတ်ဂျက် အရမ်းသုံးထားတာပဲ'

‘ဒီခြံဝင်းကြီးက မိုက်တယ်နော်၊ ဒါပေမဲ့ စောင့်ကြည့်နေတဲ့လူတွေက အရမ်းနီးကပ်လွန်းမနေဘူးလား၊ ထုတ်လုပ်ရေးအဖွဲ့ကဝန်ထမ်းတွေ ဘယ်ရောက်နေတာလဲ၊ ဧရိယာကို ရှင်းလင်းထားသင့်တာ မဟုတ်ဘူးလား’

လီရှန်းယာတောအိမ်သို့ ရောက်ဖူးသော တိုက်ရိုက်ထုတ်လွှင့်မှုမှ လူအချို့ကလည်း မှတ်ချက်ရေးလာကြသည်။

‘ဒါ လီရှန်းယာတောအိမ် မဟုတ်ဘူးလား၊ ငါ အဲဒီကိုရောက်ဖူးတယ်'

‘ငါလည်း ရောက်ဖူးတယ်၊ လီရှန်းတောင်က ရေပူစမ်းတွေက အကောင်းဆုံးပဲလို့ပြောရမယ်'

‘အဲဒီက ဆီးသီးလက်ဖက်ရည်အကြောင်း ဘယ်သူမှ မပြောကြဘူးလား၊ ဘယ်လိုဖျော်ထားလဲတော့ မသိဘူး၊ အိမ်မှာ အဲဒီအရသာမျိုးရအောင် ကြိုးစားပြီးဖျော်ကြည့်တာတောင် မရဘူး'

…

ဤအရာများအားလုံးကို ဟန်မုချောင်မသိရှိခဲ့ချေ။ လောလောဆယ်တွင် အခြားအနုပညာရှင်များကို ရှာဖွေနေလေသည်။

သူအပါအဝင် ပုံမှန်ဧည့်သည် စုစုပေါင်း ငါးဦးရှိပြီး၊ မန်နေဂျာက သူ့ကို စာရင်းပြသထားခဲ့ပြီး ဖြစ်သည်။

သို့သော် အပိုင်းတိုင်းတွင် အထူးဧည့်သည်များရှိပြီး၊ အံ့သြဖွယ်ရာ ဖြစ်စေရန်အတွက် မည်သူလာမည်ကို ဒါရိုက်တာက ကြိုတင်အသိပေးထားခြင်းမရှိချေ။

လီရှီးရှီးသည် ထမင်းစားပွဲတွင် ထိုင်ကာ လွန်ခဲ့သောနှစ်ရက်က တည်းခိုသွားသောဧည့်သည်များ ထားရစ်ခဲ့သည့် သုံးသပ်ချက်တစ်ခုချင်းစီကို ပြန်လည် ဖြေကြားနေစဉ်၊ ရုတ်တရက် အမည်းရောင်အရိပ်တစ်ခု ကျဆင်းလာ၏။

လီရှီးရှီး ခေါင်းမော့ကြည့်လိုက်ရာ၊ ရုပ်ဖြောင့်ပြီး မရင်းနှီးသော လူငယ်လေးတစ်ဦးက သွားရှစ်ချောင်းပေါ်အောင် ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။

“မင်္ဂလာပါ၊ ကျွန်တော့်နာမည်က ဟန်မုချောင်ပါ”

နံနက် ရှစ်နာရီသာရှိသေးပြီး ဧည့်သည်အများအပြား မနိုးကြသေးသဖြင့် ဧည့်ခန်းမတွင် လူသိပ်မများလှချေ။

ဟန်မုချောင်သည် လူအုပ်ကြားထဲမှ လီရှီးရှီး၏ ဘေးတိုက်မြင်ကွင်းကို တစ်ချက်တည်းဖြင့် မြင်တွေ့သွားခဲ့သည်။

‘ဒီကောင်မလေးက အရမ်းလှတာပဲ၊ သူတို့ရဲ့ ဒီအပိုင်းအတွက် အထူးဧည့်သည် သေချာပေါက်ဖြစ်ရမယ်၊ သူ့ကိုမသိတဲ့သူဆိုတော့ သူ့လိုပဲ အခုမှ ပွဦးထွက်လာတဲ့ အနုပညာရှင်သစ်ဖြစ်လောက်တယ်’ဟု တွေးမိလိုက်၏။

ထို့ကြောင့် သွားရောက်နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။

လီရှီးရှီးက ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။

“မင်္ဂလာပါ”

ဟန်မုချောင်ဆွံ့အသွားရသည်။ ဘာလို့

‘ဘာလို့ ဒီကောင်မလေးက ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရတာလဲ၊ အချင်းချင်း နာမည်တွေဖလှယ်ကြရမှာမဟုတ်ဘူးလား၊ နှစ်ယောက်လုံးက လူသစ်တွေဆိုတော့ သူမနာမည်ကို ငါ ဘယ်လိုလုပ်သိနိုင်မှာလဲ၊ ဘာလို့ သူ့ရဲ့ လူမှုဆက်ဆံရေးအသိဉာဏ်က ဒီလောက်နိမ့်ပါးနေရတာလဲ၊ အခုက တိုက်ရိုက်ထုတ်လွှင့်နေတာလေ'

ဟန်မုချောင်က တိုးတိုးလေး သတိပေးလိုက်သည်။

“ခင်ဗျားနာမည်ကို ကျွန်တော့်ကို ပြောပြသင့်တယ်လေ”

လီရှီးရှီး အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။ ကင်မရာက သူမဆီချိန်ထားသည်ကို မြင်သောအခါ အနည်းငယ် အနေခက်သွားလေ၏။

သူမက မတ်တတ်ရပ်ကာ နောက်သို့ခြေနှစ်လှမ်းဆုတ်ပြီး ကင်မရာကို ရှောင်ရှားရင်းမေးလိုက်သည်။

“ရှင်၊ ဘာကိစ္စများရှိလို့လဲ”

ဟန်မုချောင် ဘာမှမပြောရသေးမီ မှတ်ချက်များက အရင်ပေါက်ကွဲလာတော့သည်။

‘ဒီလူသစ်လေးက အချိုးမပြေဘူးလား၊ ဒီကောင်မလေး အရမ်းလှတာပဲလို့ ငါ ပြောမလို့ပဲရှိသေးတာ၊ တကယ်ပဲ၊ လူမှုဆက်ဆံရေးအသိဉာဏ် ဆယ်ဘဝစာကို အလှတရားတစ်ဘဝစာနဲ့ လဲလှယ်ထားတာပဲ'

‘နင်က လှတော့လည်း နင့်သဘောပေါ့' (ခွေးခေါင်း အီမိုဂျီ)

‘ဘာလို့ ဒီကောင်မလေးက ကြောင်တောင်တောင်ဖြစ်နေရတာလဲ၊ ကင်မရာကိုတောင် ရှောင်နေသေးတယ်'

106

တစ်စုံတစ်ယောက်က အားပျော့သောအသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

“ဒါက အနုပညာရှင်မဟုတ်ပါဘူး၊ လီရှန်းယာတောအိမ်ရဲ့ပိုင်ရှင် သူဌေးမလေးပါ၊ အရင်က သူ့ကိုတွေ့ဖူးတယ်၊ အပြင်မှာလည်း တကယ်ကိုလှတာပါ”

သို့သော် ထိုမှတ်ချက်လေးမှာ အခြားသူများ၏ မှတ်ချက်များအောက်တွင် အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။

ဟန်မုချောင်သည် သူမ နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားသည်ကို မြင်သောအခါ အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ ထိုအခါမှသာ သူမနောက်တွင် ကင်မရာမန်းတစ်ယောက်မှ လိုက်မလာကြောင်းသတိပြုမိသွားသည်။

ထိုနေရာတွင် ဟိုတစ်စုဒီတစ်စု ထမင်းစားနေသော လူအနည်းငယ်သာရှိသည်။

ဟန်မုချောင် မျက်မှောင်ကြုတ်သွားပြီး ဤသည်မှာ နောက်ပြောင်မှုများလားဟု တွေးလိုက်မိ၏။

‘သူ လမ်းမှားမလာခဲ့ပါဘူး၊ ဒါက ရွာတစ်ရွာလုံးမှာ အထင်ရှားဆုံး နေရာပဲလေ၊ လာရာလမ်းမှာလည်း ကင်မရာလွယ်ထားတဲ့ ကင်မရာမန်းအချို့ကို တွေ့ခဲ့ရသေးတယ်၊ ဒီနေရာမှာ တခြားအစီအစဉ်တစ်ခု လာရိုက်နေတာတော့ မဖြစ်နိုင်ပါဘူး’ (တကယ်တော့ သူတို့က ဓာတ်ပုံဝါသနာရှင်များ ဖြစ်ကြသည်။)

သူက မေးလိုက်သည်။

“စီနီယာကျိုးနဲ့ အစ်မလျူတို့ကို တွေ့မိသေးလား၊ သူတို့ဘယ်မှာလဲဆိုတာသိလား”

လီရှီးရှီးက တိတ်ဆိတ်စွာ ခေါင်းခါပြလိုက်သည်။

‘ဒီလူ ပြောနေတဲ့သူတွေက ဘယ်သူတွေလဲ၊ တစ်ယောက်မှမသိပါဘူး'

ထိုအခါမှသာ အဒေါ်ဝမ် ပြောပြခဲ့သော ရိုက်ကူးရေးအဖွဲ့လာမည်ဆိုသည့်သတင်းကို သတိရသွားသည်။ သူမ ရုတ်တရက်သဘောပေါက်သွားပြီး ပြောလိုက်၏။

“ရှင်က အစီအစဉ်ရိုက်ဖို့လာတာလား၊ ရိုက်ကူးရေးအဖွဲ့က ရွာမြောက်ဘက်စွန်းမှာ အိမ်တွေဆောက်ထားတယ် မဟုတ်ဘူးလား၊ ကျွန်မနေရာက ရွာတောင်ဘက်စွန်းမှာလေ”

ဟန်မုချောင်မှာ ဆွံ့အသွားရ၏။

‘ငါ နေရာမှားသွားတာပဲ၊ အဲဒါလည်း အကြီးအကျယ်မှားသွားတာ၊ တစ်နေရာက မြောက်ဘက်စွန်း၊ နောက်တစ်နေရာက တောင်ဘက်စွန်း ဖြစ်နေတယ်’

သူက အနည်းငယ် မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

“ခင်ဗျား ကျွန်တော့်ကိုနောက်နေတာလား၊ ခင်ဗျားက အစီအစဉ်မှာပါဝင်ဖို့လာတဲ့ အထူးဧည့်သည် မဟုတ်ဘူးလား”

ကံဆိုးစွာဖြင့် သူစိတ်ပျက်သွားရသည်။ လီရှီးရှီးက ထပ်မံခေါင်းခါပြကာ ရှင်းပြလိုက်၏။

“ကျွန်မက ဒီယာတောအိမ်ရဲ့ပိုင်ရှင်ပါ၊ အနုပညာရှင်မဟုတ်ပါဘူး”

မှတ်ချက်များ ထပ်မံပေါက်ကွဲသွားတော့သည်။

“ဒါက တကယ်ပဲ သာမန်လူတဲ့လား၊ သာမန်သူဌေးမလေးက ဒီလောက်တောင်လှရသလား”

“သူက ယာတောအိမ်ပိုင်ရှင်လေးတဲ့၊ ငါလည်း သွားပြီး ရိုမန်တစ်ဆန်ဆန် ဆုံတွေ့ချင်လိုက်တာ၊ သူတို့အစီအစဉ် ဘယ်မှာရိုက်နေလဲ မြန်မြန်ပြောပြကြပါဦး”

သူမ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်သွားသော စက္ကန့်အနည်းငယ်ကို စက်ခရင်ရှော့စ် ရိုက်ကာ ဝီဘိုပေါ်တွင် တင်ကြပြီး၊ ရေပန်းစားသော ရှာဖွေမှု စာရင်းတွင်ပင် ပါဝင်သွားခဲ့ကြောင်း လီရှီးရှီးမသိရှိခဲ့ချေ။

နောက်ပိုင်းတွင် သူမကို ‘အလှဆုံးသူဌေးမလေး’ ဟု နောက်ပြောင်ခေါ်ဝေါ်ခဲ့ကြသည်။

သို့သော် ဤအချိန်တွင်မူ သူမသည် အင်တာနက် စတားတစ်ဦး ဖြစ်လာနိုင်မည့် အခွင့်အရေးရှိနေကြောင်းကို လုံးဝ မသိရှိခဲ့ချေ။

ဟန်မုချောင်သည် သူ၏ခေါင်းကို ခေါက်လိုက်သည်။

‘ဘာလုပ်ရမလဲ။ ငါ လုံးဝကို လမ်းမှားသွားခဲ့ပြီပဲ နောက်ဆုံးမှ ရောက်တဲ့သူတော့ မဖြစ်လောက်ပါဘူးနော်'

ဤအချိန်တွင် သူ အကြံတစ်ခုရသွားသည်။ သူ၏ရှေ့ရှိ ယာတောအိမ်ပိုင်ရှင်လေးကို သနားစရာကောင်းသော အကြည့်များဖြင့် ကြည့်ကာ မေးလိုက်၏။

“သူဌေးမလေး၊ ဒီမှာကားရှိလားဟင်၊ ကျွန်တော့်ကို ဒါရိုက်တာအဖွဲ့ဆီ လိုက်ပို့ပေးလို့ရမလား”

ဟန်မုချောင်သည် သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးမပြုရဟု ဒါရိုက်တာက မပြောထားသဖြင့်၊ စည်းမျဉ်းကို ချိုးဖောက်ခြင်းမဟုတ်ဟု စိတ်ထဲမှတွေးလိုက်သည်။

လီရှီးရှီး အနည်းငယ် တွေဝေသွား၏။

‘အခုက အချိန်ဘယ်ရှိပါ့မလဲ'

ယနေ့က စနေနေ့ဖြစ်ပြီး နောက်ထပ်နာရီဝက်နေလျှင် သေချာပေါက် အလုပ်ရှုပ်တော့ပေမည်။ သူမ ထွက်သွား၍မရချေ။

သူမက ခေါင်းကုတ်ရင်း ပြန်ပြောလိုက်သည်။

“ရှင် သုံးဘီးဆိုင်ကယ်မောင်းတတ်လား၊ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့ဆီမှာအသုံးမပြုတဲ့ သုံးဘီးဆိုင်ကယ်တစ်စီးရှိတယ်၊ ရှင် ငှားသွားလို့ရတယ်လေ”

ဟန်မုချောင် တကယ်ကို သုံးဘီးဆိုင်ကယ် မောင်းတတ်လေသည်။ ငယ်ငယ်က ကျေးလက်ရှိ အဘွားအိမ်တွင် သင်ယူခဲ့ဖူးသော်လည်း နှစ်အတော်ကြာ မမောင်းဖြစ်တော့သဖြင့် သံချေးတက်နေမည်လား မသေချာပေ။

သို့သော် ခြေထောက်နှစ်ချောင်းဖြင့် လမ်းလျှောက်သွားရသည်ထက်တော့ ပိုကောင်းပြီး သူ့တွင် ခရီးဆောင်အိတ်များစွာရှိနေသေး၏။ သုံးဘီးဆိုင်ကယ်နှင့်ဆိုလျှင် အံဝင်ခွင်ကျဖြစ်နိုင်သဖြင့် သူက ခေါင်းညိတ်ကာ ဖြေလိုက်သည်။

“မောင်းတတ်ပါတယ်”

လီရှီးရှီးသည် ဟန်မုချောင်ကို သိုလှောင်ခန်းတစ်ခုဆီသို့ ခေါ်သွားပြီး အထဲရှိ သုံးဘီးဆိုင်ကယ်ကို သော့ဖွင့်ကာ သော့ကိုကမ်းပေးရင်း မှာလိုက်သည်။

“အစီအစဉ်ရိုက်ပြီးရင် ပြန်ပေးဖို့မမေ့နဲ့နော်”

ဟန်မုချောင်က ပြန်ဖြေလိုက်၏။

“စိတ်မပူပါနဲ့၊ ကျေးဇူးတင်ပါတယ်ဗျာ၊ အော်... ဒါနဲ့ စကားမစပ်၊ သူဌေးမလေးနာမည် ကျွန်တော့်ကိုမပြောပြရသေးဘူးနော်”

လီရှီးရှီးက ချိုသာစွာပြုံးရင်း ပြန်ဖြေလိုက်သည်။

“ကျွန်မနာမည်က လီရှီးရှီးပါ၊ ‘ရှီး’ က အနောက်ဘက် က ‘အနောက်’၊ နောက်ထပ် ‘ရှီး’ က စမ်းချောင်းရေ က ‘စမ်းချောင်း’ ပါ”

အသေးအဖွဲ အမှားလေးပြီးနောက် ဟန်မုချောင်သည် သုံးဘီးဆိုင်ကယ်ဖြင့် ထွက်ခွာသွားတော့သည်။

နှစ်အတော်ကြာ မမောင်းဖြစ်သော်လည်း ဆိုင်ကယ်ပေါ်ရောက်သွားသည်နှင့် ကလေးဘဝသို့ ပြန်ရောက်သွားသည့်နှယ် ခံစားလိုက်ရ၏။

ထူးဆန်းသည်မှာ ဤသုံးဘီးဆိုင်ကယ်က အဘွားအိမ်မှဆိုင်ကယ်နှင့် တော်တော်လေး ဆင်တူနေသဖြင့် သူ့ကို ရင်းနှီးကျွမ်းဝင်မှုခံစားချက်ကို ပေးစွမ်းလေသည်။

ထို့ကြောင့် သူက သုံးဘီးဆိုင်ကယ်ကို ခပ်သွက်သွက်မောင်းကာ သူလာခဲ့သောလမ်းကြောင်း၏ ဆန့်ကျင်ဘက်သို့ ဦးတည်သွားတော့သည်။

သူ၏ လမ်းမျက်နှာစာအသိဉာဏ်မှာ ဆိုးရွားသော်လည်း မှတ်ဉာဏ်ကတော့ ကောင်းမွန်ပြီး ယခုလေးတင် လာခဲ့သောလမ်းကြောင်းကို မှတ်မိနေသည်။

ပြောင်းပြန်လမ်းကြောင်းအတိုင်း ပြန်သွားရန်သာ မှတ်ထားရပေမည်။

ဆယ့်ငါးမိနစ်အကြာတွင် နောက်ဆုံး၌ ဒါရိုက်တာ အဖွဲ့ကို သူ တွေ့ရှိသွားတော့သည်။

လမ်းမှားသွားခဲ့သဖြင့် ဟန်မုချောင်သည် မျှော်လင့်ထားသည့်အတိုင်း နောက်ဆုံးမှရောက်ရှိသူ ဖြစ်သွားခဲ့၏။

တစ်နေကုန် တာဝန်များကို ထမ်းဆောင်ပြီးနောက် သူသည် ရွှံ့ဗွက်အိုင်တစ်ခုလို့ ခံစားရသည်အထိ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော်လည်း ဗိုက်ကတော့ တဂွီဂွီမြည်နေဆဲပင်။

သူတစ်ယောက်တည်းမဟုတ်ဘဲ အခြား အနုပညာရှင်များလည်း အလွန်အမင်းဗိုက်ဆာနေကြသည်။

သို့သော် ဒါရိုက်တာအဖွဲ့မှာ အကြင်နာ ကင်းမဲ့လှသည်။ သူတို့အတွက် အစားအသောက် သို့မဟုတ် ဟင်းလျာများ လုံးဝပြင်ဆင်မပေးခဲ့ချေ။

မေးမြန်းကြည့်သောအခါ အနုပညာရှင်များ ကိုယ့်ဘာသာဖြေရှင်းရမည်ဟုသာ ရိုးရှင်းစွာ ပြောပြလေသည်။

အစ်ကိုကြီးတစ်ဦးဖြစ်သော စီနီယာကျိုးက အနည်းငယ်မကျေမနပ်ဖြင့် ပြောလိုက်သည်။

“ဒါရိုက်တာကြီး၊ ကျွန်တော်တို့ရဲ့ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေကို သိမ်းထားပြီးပြီလေ၊ အခု ကျွန်တော်တို့မှာ ပိုက်ဆံ တစ်ပြားမှမရှိတော့ဘူး၊ ဟင်းသီးဟင်းရွက် ဒါမှမဟုတ် ဟင်းခတ်အမွှေးအကြိုင်တွေတောင် မရှိဘူး၊ ကျွန်တော်တို့ ဘယ်လိုလုပ်ရမှာလဲ”

ဒါရိုက်တာမှာ ရေနွေးပူကို မကြောက်သော ဝက်သေတစ်ကောင်ကဲ့သို့ ဂရုမစိုက်သော အမူအရာဖြင့် ရွှင်လန်းစွာ ပြန်ဖြေလိုက်၏။

“ကျွန်တော်တို့အစီအစဉ်ရဲ့ ထူးခြားချက်က စစ်မှန်မှုနဲ့ တစ်ကိုယ်ရေဖူလုံမှုပဲ၊ ဟန်ဆောင်မှုတွေမရှိဘူး၊ အရာအားလုံးကို ကိုယ်တိုင်လုပ်ရမှာ”

တိုက်ရိုက်ထုတ်လွှင့်နေသော ကင်မရာရှေ့တွင် စီနီယာကျိုးမှာ ဒေါသကို မျိုသိပ်ထားရပြီး၊ အဖွဲ့လိုက်စုပေါင်းကာ အကြံဉာဏ်များ စဉ်းစားကြတော့သည်။

အစ်မလျူက အကြံပြုလာ၏။

“ဒီမှာ တောင်တွေအများကြီးတွေ့တယ်၊ တောဟင်းရွက်တွေ အများကြီးရှိရမယ်။ ငါတို့ တောဟင်းရွက်နည်းနည်း သွားခူးပြီး ဟင်းရည်ချက်သောက်ကြရအောင်၊ ဒါက ဝိတ်ချတဲ့ပုံစံမျိုး ဖြစ်သွားမှာပေါ့”

“ဒါပေမဲ့ ငါတို့က ဘယ်တောဟင်းရွက်ကိုမှ မသိဘူးလေ၊ အဆိပ်ရှိတာတစ်ခုခု စားမိပြီး နေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

“ငါတို့က နေ့တစ်ဝက်လောက် ကာယအလုပ်တွေလုပ်ထားတာ၊ ဟင်းရွက်ချည်းပဲစားရင် လောက်မှာမဟုတ်ဘူး”

“ရွာသားတစ်ယောက်ယောက်ဆီသွားပြီး ထမင်းတစ်နပ်လောက် သွားတောင်းစားရင်ကော”

“အခုက ထမင်းစားချိန်တောင်ကျော်နေပြီ၊ ရွာသားတွေလည်းစားပြီးလောက်ပြီ”

ဤအချိန်တွင် ဟန်မုချောင်သည် ယနေ့နံနက် လမ်းမှားသွားစဉ်က မတော်တဆရောက်ရှိသွားခဲ့သော ယာတောအိမ်ကို သတိရသွားပြီး အသံကျယ်ကျယ်ဖြင့် အကြံပြုလိုက်၏။

“ဒီရွာမှာ ယာတောအိမ်တစ်ခုကို ကျွန်တော်ရှာတွေ့ခဲ့တယ်၊ ဒီမနက် ကျွန်တော်စီးလာတဲ့ သုံးဘီးဆိုင်ကယ်ကိုတောင် သူတို့ဆီကနေငှားလာခဲ့တာ၊ အဲဒီကိုသွားပြီး အလုပ်လုပ်ပေးရင် ပိုက်ဆံနည်းနည်းရမယ်၊ အဲဒါနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေဝယ်ပြီး ပြန်လာကြရင်ကော”

“ဒါ အကြံကောင်းပဲ၊ ရှောင်မု၊ အဲဒီသုံးဘီးဆိုင်ကယ်ကို မင်း ပြန်စီးသွားလို့ရသေးတာပဲ၊ ဟင်းသီးဟင်းရွက်တွေသယ်လာဖို့ အဆင်ပြေတာပေါ့”

အဖွဲ့လိုက် ယာတောအိမ်သို့ရောက်ရှိချိန်တွင် နေ့လယ်နှစ်နာရီခန့် ရှိနေပြီဖြစ်သော်လည်း၊ ယာတောအိမ်တွင် ထမင်းစားနေသူအရေအတွက်မှာ လျော့ကျမသွားဘဲ တန်းစီနေသူများ အများအပြားရှိနေဆဲပင်။

စီနီယာကျိုးက ရှေ့ရိ အခြေအနေကို ကြည့်ကာ မေးလိုက်သည်။

“ဘာလို့ ဒီလိုအချိန်ကြီးမှာ ထမင်းစားတဲ့လူ ဒီလောက်များနေရတာလဲ”

ဟန်မုချောင်က အကြံပြုလိုက်၏။

“ဆိုင်ရှင်ကို အရင်သွားရှာပြီး၊ အစားအသောက်အတွက် အလုပ်လုပ်ပေးလို့ရမလား သွားမေးကြည့်ကြတာပေါ့”

ဟန်မုချောင်သည် လီရှီးရှီးအား သူတို့၏ရည်ရွယ်ချက်ကို ရှင်းပြပြီးနောက် လီရှီးရှီးမှာ သဘာဝကျကျပင် ဝမ်းသာအားရ သဘောတူလိုက်ပြီး စိုးရိမ်တကြီးဖြင့်မေးလိုက်သည်။

“ကျွန်မဆိုင်က တီဗွီမှာပါမှာလားဟင်၊ ရှင်တို့ရိုက်နေတဲ့ အစီအစဉ်နာမည်က ဘာလဲ”

ဟန်မုချောင်ကပြုံးကာ အားလုံးကို ပြောပြလိုက်၏။

လီရှီးရှီးသည် သူတို့အတွက် ပိုမိုရိုးရှင်းသော အလုပ်များဖြစ်သည့် ဟင်းပွဲချပေးခြင်းနှင့် နောက်ဖေးခြံဝင်းတွင် ဟင်းရွက်ခူးခြင်း စသည်တို့ကို စီစဉ်ပေးလိုက်သည်။

ဟင်းရွက်သွားခူးရသူများမှာ အတော်လေး အဆင်ပြေလှသည်။

သဘာဝ လေကောင်းလေသန့်ကို ရှူရှိုက်ရင်း အရမ်းကြီးဗိုက်မဆာတော့ချေ။

စီနီယာကျိုးက သူ့ဘာသာ နောက်ပြောင်ပြောဆိုလိုက်သေးသည်။

“ငါတော့ အနောက်မြောက်လေကို သောက်ရတာနဲ့တင် ဗိုက်ပြည့်နေပြီ”

သို့သော် ရှေ့တွင်ဟင်းပွဲချပေးရသော အနုပညာရှင်များမှာမူ အကြီးအကျယ် ဒုက္ခရောက်နေကြရ၏။

ချဲ့ကားပြောဆိုခြင်း မဟုတ်။ သူတို့လက်ထဲရှိ ဟင်းပွဲများက အရမ်းကို မွှေးလွန်းနေသည်။

ထိန်းချုပ်နိုင်စွမ်းသာ မရှိခဲ့လျှင် သူတို့၏ပါးစပ်မှ တံတွေးများ ကျလာမည်ဖြစ်ပြီး၊ သူတို့၏အစာအိမ်များမှာလည်း ပိုတက်ကြွစွာ အော်မြည်နေကြတော့သည်။

တစ်ယောက်က အော်ပြောလိုက်သည်။

“ငါတော့ သည်းမခံနိုင်တော့ဘူး၊ အရမ်းဗိုက်ဆာနေပြီ၊ ဆိုင်ရှင်နဲ့သွားညှိကြည့်လို့ရမလား၊ ငါတို့ အရင်စားပြီးမှ အလုပ်လုပ်ပေးမယ်လို့လေ”

All Chapters