← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

107

လီရှီးရှီးမှာ ကန့်ကွက်စရာမရှိသော်လည်း၊ ပြည့်ကျပ်နေသော စားပွဲများကိုကြည့်ကာ အခက်တွေ့နေသည့်မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဒီလိုလုပ်ရင်ကော၊ ရှင်တို့နဲ့ နေရာလဲပေးမယ့်သူ ရှာတွေ့ရင်တော့ရပါတယ်၊ အားလုံးက တန်းစီနေကြတာဆိုတော့ လူဖြတ်တိုးခိုင်းလို့မရဘူးလေ”

မူလက ဘာအမှားအယွင်းမှမရှိသော ဤစကားများကို တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေကြသော အင်တာနက်အသုံးပြုသူ အချို့က ဝေဖန်လိုက်ကြသည်။

‘ဒီသူဌေးမလေးက စီးပွားရေးကို ဘယ်လို လုပ်နေတာလဲ။ အလှတရားကို အားကိုးပြီး လုပ်နေတာလား (ဇဝေဇဝါ မျက်နှာ အီမိုဂျီ)’

‘ငါသာ အဲဒီမှာရှိနေရင် သေချာပေါက် သူတို့ကို နေရာပေးလိုက်မှာပဲ'

‘သူတို့ကို အရင်စားခိုင်းလိုက်ပါကွာ'

အချို့သော အင်တာနက်အသုံးပြုသူများကလည်း သူဌေးမလေး၏အမြင်ကို သဘောတူကြသည်။

‘သူ လုပ်တာ ဘာမှမမှားဘူးလေ၊ တန်းစီရမှာပဲဟာ၊ အနုပညာရှင်တွေက အခွင့်ထူးခံတွေဖြစ်ရမယ်လို့ ဘယ်သူက သတ်မှတ်ထားလို့လဲ'

‘လူတိုင်းက စားဖို့လာကြတာပဲ၊ ငါတို့က ဘာလို့ သူတို့ကို နေရာဖယ်ပေးရမှာလဲ'

‘အနုပညာရှင်တွေလည်း သာမန်လူတွေပဲ မဟုတ်ဘူးလား၊ ပရိသတ်တွေ အရမ်းကြီး အမွှန်းမတင်သင့်ဘူး၊ တန်းစီရတာက ပုံမှန်ကိစ္စပဲလေ’

…

သူဌေးမလေး၏ အကြံပြုချက်ကို ကြားသောအခါ၊ ထိုလူအနည်းငယ်သည် နေရာလဲပေးမည့်သူကို ယုံကြည်မှုအပြည့်ဖြင့် သွားရှာကြတော့သည်။

သူတို့ စောစောက ရောက်လာချိန်တွင် အုတ်အော်သောင်းနင်း အနည်းငယ် ဖြစ်သွားခဲ့ပြီး၊ လူအများအပြားက သူတို့ကို ဓာတ်ပုံရိုက်ရန် ဖုန်းများ မြှောက်ထားခဲ့ကြ၏။ ထိုအထဲတွင် သူတို့၏ပရိသတ်များ သေချာပေါက် ပါဝင်နေမည်ဖြစ်သည်။

သို့သော် လက်တွေ့အခြေအနေက သူတို့ကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

လူအများအပြားမှာ သူတို့ကို မြင်တွေ့ရသဖြင့် စိတ်လှုပ်ရှားကာ အမှတ်တရလက်မှတ်များ တောင်းကြသော်လည်း၊ နေရာလဲရန် အဆိုပြုလိုက်သောအခါ အားလုံး၏မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။

သူတို့မှာ အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် သူတို့အလှည့် ရောက်တော့မည်ဖြစ်ရာ တွေဝေသွားကြခြင်းဖြစ်သည်။

စားဖိုမှူးကူ ရောက်လာပြီးကတည်းက စီးပွားရေးမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာခဲ့ပြီး၊ အထူးသဖြင့် စားဖိုမှူးကူ၏ အထင်ကရဟင်းပွဲများက ပို၍ရောင်းကောင်းသည်။

တစ်ခါတစ်ရံတွင် တစ်နေ့တည်းဖြင့် ပါဆယ်အပါအ၀င် ဟင်းပွဲပေါင်း သောင်းချီ၍ ရောင်းရနိုင်သည်ဟု ဆိုလျှင် ချဲ့ကားပြောဆိုခြင်းမဟုတ်ချေ။ အလုပ်များလွန်းသဖြင့် အားလုံးကိုပင် မကိုင်တွယ်နိုင်တော့ချေ။

ထို့ကြောင့် လီရှီးရှီးသည် ဖောက်သည်များအနေဖြင့် ထမင်းစားမည့်အချိန်ကို ကြိုတင်ဘိုကင်လုပ်နိုင်ရန်နှင့် တန်းစီနေသည့် လူအရေအတွက်ကို စစ်ဆေးနိုင်ရန် မီနီပရိုဂရမ်တစ်ခု ရေးဆွဲပေးမည့်သူကို အထူး ငှားရမ်းခဲ့ရသည်။

ခရီးဝေးမှ လာပြီးနောက် အစားအသောက်မရဘဲ အနီးနားရှိ မုန့်များဖြင့်သာ ဗိုက်ဖြည့်လိုက်ရခြင်းမျိုး မဖြစ်စေရန် တားဆီးဖို့ရာဖြစ်သည်။

စီနီယာကျိုးက သွားရောက်မေးမြန်းသောအခါ မိန်းကလေး လျူရှောင်အန်းသည် ယနေ့ နေ့လယ်စာအတွက် ဘိုကင်ရရှိရန် အွန်လိုင်းတွင် သုံးရက်တိတိ အချိန်ယူကာ အလုအယက်ကြိုးစားပြီးမှ လာခဲ့ရခြင်းဖြစ်သည်။

သို့သော် တည်းခိုရန် အခန်းမရခဲ့သဖြင့်၊ သူမနှင့် သူမ၏သူငယ်ချင်းမှာ စားပြီးသည်နှင့် ကားမောင်း၍ ပြန်ရပေမည်။

လျူရှောင်အန်းသည် တီဗွီတွင်သာ မြင်ဖူးသော အနုပညာရှင်များကို လက်တွေ့တွင် မျက်မြင်ကိုယ်တွေ့မြင်ရသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

သူမက ရှေ့သို့တိုးကာ အမှတ်တရ လက်မှတ် တောင်းရာ၊ သူတို့က သဘောကောင်းစွာဖြင့် ထိုးပေးခဲ့ကြ၏။ ဓာတ်ပုံတွဲရိုက်ရန်ပင် ကမ်းလှမ်းလာခဲ့ရာ သေချာပေါက် သဘောတူလိုက်သည်။

အနုပညာရှင်များသည် သူတို့နှင့်အတူ တစ်လှည့်စီ ဓာတ်ပုံရိုက်ပြီး လက်မှတ်ထိုးပေးခဲ့ကြသည်။

လျူရှောင်အန်းသည် နောက်မှ ဝီချက်မုမန့်တွင် တင်လိုက်လျှင် သေချာပေါက် လိုက်ခ်တွေအများကြီး ရမှာပဲ ဟု ဝမ်းသာအားရတွေးနေမိ၏။

ဓာတ်ပုံရိုက်ပြီးနောက် စီနီယာ ကျိုက သူ၏တောင်းဆိုချက်ကို ပြောပြလိုက်သည်။

သူ၏အမြင်တွင် သူတို့က လက်မှတ်လည်း ရပြီ၊ အတူတူ ဓာတ်ပုံလည်း ရိုက်ပြီးပြီ ဆိုရာ ‘သူတစ်ပါးဆီက အခွင့်အရေး ယူပြီးရင် စကား နားထောင်ရတယ်’ ဆိုသည့် စကားအတိုင်း သူတို့နှင့် နေရာလဲပေးဖို့ သေချာပေါက်သဘောတူလိမ့်မည်ဟု တွေးထားသည်။

မမျှော်လင့်ဘဲ လျူရှောင်အန်းသည် ခဏမျှတွေဝေသွားပြီးနောက် နှမြောတသစွာဖြင့် ငြင်းပယ်လိုက်သည်။

‘ငါ ဒီနေရာရဖို့ ဘယ်လောက်တောင်ခက်ခဲခဲ့လဲ’

ထို့အပြင် ယခင်က မိဘများနှင့်အတူ နှစ်ခေါက်လာခဲ့ဖူးပြီး ဟင်းပွဲတွေကို မြည်းစမ်းဖူးသည်။

ထိုအရသာကို သူမ မှတ်မိနေဆဲဖြစ်ပြီး၊ ယခု နောက်ထပ်အခွင့်အရေး ရလာချိန်တွင် သေချာပေါက် လက်လွတ်မခံနိုင်ချေ။

ယခုတွင် ပရိသတ် ဖြစ်ခြင်း၊ မဖြစ်ခြင်းက အရေးမကြီးတော့ချေ။ အရသာရှိသော အစားအသောက်များကို မစားရပါက ဘဝကြီးက တကယ်ကို ပျင်းစရာကောင်းသွားပေလိမ့်မည်။

‘ငြင်းလိုက်တယ် ဟုတ်လား’

စီနီယာကျိုး၏အပြုံးများ မပျောက်သေးချေ။

သူများ နားကြားမှားသွားတာလား ဟုပင် တွေးလိုက်မိသည်။

သို့သော် လျူရှောင်အန်းက လုံးဝငြင်းပယ်လိုက်ခြင်းတော့ မဟုတ်ပေ။

သူတို့က သုံးယောက်တည်း ဖြစ်ပြီး စားပွဲက လေးယောက်ထိုင်ဖြစ်ရာ နောက်တစ်ယောက်အတွက် နေရာလွတ်နေသေးသည်။

အသက်အကြီးဆုံး ဖြစ်သော စီနီယာကျိုးက သဘာဝကျကျပင် ဤနေရာအတွက် ဦးဆောင် ရယူလိုက်သည်။

စီနီယာကျိုးက တွေးလိုက်မိ၏။

‘ငါက အသက်ကြီးပြီ၊ ဗိုက်ဆာခံလို့မရဘူးကွ'

ကျန်သည့် လူအနည်းငယ်မှာမူ ထိုမျှကံမကောင်းကြချေ။ သူတို့က ဧည့်သည်အတော်များများကို ဆက်တိုက်မေးမြန်းခဲ့သော်လည်း နေရာလဲရန် မအောင်မြင်ခဲ့ကြပေ။

ဤသည်က နာမည်ကြီးအနုပညာရှင်များကို သူတို့၏ ကိုယ်ပိုင်ဆွဲဆောင်မှုအပေါ် သံသယဝင်လာစေသည်။

‘ငါတို့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေ၊ တီဗွီ ဇာတ်လမ်းတွဲတွေက ခေတ်မမီတော့လို့လား၊ မဟုတ်သေးပါဘူး၊ ခုနကတင် ငါတို့ကို သေချာပေါက် မှတ်မိနေကြတာပဲဟာကို'

နောက်ဆုံးတွင် စီနီယာကျိုးတစ်ယောက်တည်းသာ အောင်မြင်သွားခဲ့သည်။

သူက အခြားဧည့်သည်များကို မျက်နှာပြောင်တိုက်စွာ စွန့်ခွာခဲ့ပြီး လျူရှောင်အန်းနှင့် သူမ၏သူငယ်ချင်းတို့နှင့်အတူ အခုလေးတင် ရှင်းလင်းထားသော စားပွဲတွင် ဝင်ထိုင်လိုက်၏။

ထို့နောက် လျူရှောင်အန်းက စီနီယာကျိုးကို ဘာအရင်စားချင်လဲဟု မေးလိုက်သည်။

စီနီယာကျိုးသည် စိတ်ထဲမှ ရေရွတ်လိုက်မိပြန်၏။

‘ရိုးရိုးသားသားပြောရရင် အခုချိန်မှာ နွားတစ်ကောင်လုံးကိုတောင် စားပစ်နိုင်တယ်၊ ငါ ဗိုက်ဆာလွန်းလို့သေတော့မယ်'

သူက ပြန်ဖြေလိုက်သည်။

“မင်းတို့ပဲမှာလိုက်ပါ၊ ငါကတော့ ဘာပဲဖြစ်ဖြစ် စားပါတယ်”

လျူရှောင်အန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါဆိုရင် အထင်ကရ ဟင်းပွဲ နည်းနည်းလောက်မှာလိုက်မယ်နော်၊ သူတို့ရဲ့ ယုန်သားခြောက်ဟင်းလျှာက တကယ်ကို အံ့မခန်းပဲ၊ အဲဒါ အိုးကြီးတစ်အိုး ယူလိုက်မယ်၊ ကျန်တာကတော့...”

သူတို့က ဤနေရာနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေပုံပေါ်သည်ကို မြင်သောအခါ စီနီယာကျိုးက သိချင်စိတ်ဖြင့် မေးလိုက်၏။

“မင်းတို့ ဒီကို ခဏခဏလာဖြစ်လား၊ ဒီနေရာက တော်တော်နာမည်ကြီးတာပဲနော်”

လျူရှောင်အန်းက ခေါင်းညိတ်ကာ ဖြေလိုက်သည်။

“ဒီက အစားအသောက်တွေက တကယ်ကိုအရသာရှိတာ၊ ခဏနေမြည်းကြည့်လိုက်ရင် သိပါလိမ့်မယ်၊ အစားအသောက်တွေအပြင် ဒီက ရေပူစမ်းနဲ့ အနှိပ်ခန်းတွေကလည်း အရမ်းနာမည်ကြီးတယ်၊ ဒါပေမဲ့ နေရာရဖို့မလွယ်ဘူးလေ၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဒီမှာ ရေပူစမ်းလာစိမ်ဖူးတယ်၊ သူပြောပုံအရတော့...”

လျူရှောင်အန်းသည် နှမြောတသဖြစ်နေသည့် အမူအရာဖြင့် ပြောဆိုနေပြီး၊ စီနီယာကျိုးက အပြင်ပန်းတွင် သဘောတူညီဟန်ပြနေသော်လည်း၊ အတွင်းစိတ်ထဲတွင်မူ ‘သူတို့အားလုံးက လူငှားတွေများလား’ ဟု တွေးနေမိသည်။

ယခုခေတ် စီးပွားရေးလုပ်ငန်းများ၏ ဈေးကွက်ရှာဖွေရေး နည်းဗျူဟာများက တစ်နေ့ထက်တစ်နေ့ ပိုမို အံ့မခန်းဖြစ်လာသည်မဟုတ်လော။

ဟင်းပွဲများ ရောက်လာပြီး သူ တစ်လုတ် မြည်းကြည့်လိုက်ချိန်မှသာ သူ၏မျက်လုံးများ အရောင်လက်သွားတော့သည်။

ယုတ္တိတန်စွာ တွေးကြည့်လျှင် သူက အရသာရှိတဲ့ အစားအစာမျိုးစုံကို စားဖူးပြီးသား ဖြစ်သော်လည်း၊ ဤထမင်းတစ်နပ်က သူ့ကို အံ့အားသင့်သွားစေဆဲပင်။

ပါဝင်ပစ္စည်းများမှာ လတ်ဆတ်သော်လည်း အားလုံးက သာမန်ပါဝင်ပစ္စည်းများသာ။

ဟင်းပွဲများက ဤမျှ အရသာရှိနေသည်မှာ စားဖိုမှူး၏လက်ရာက တကယ်ကို အံ့မခန်းဖြစ်နေသောကြောင့်ပင်။

စားဖိုမှူးကို ဆွဲဆောင်ခေါ်ယူချင်စိတ်များ ချက်ချင်းဖြစ်ပေါ်လာပြီး လျူရှောင်အန်းနှင့် သူမ၏သူငယ်ချင်းများကို စတင်မေးမြန်းတော့သည်။

“ဒီက စားဖိုမှူးက ထမင်းချက်တဲ့မျိုးရိုးက ဆင်းသက်လာတာများလား၊ သူတို့ရဲ့လက်ရာက တကယ်ကို အံ့မခန်းပဲ၊ လစဉ် လစာ ဘယ်လောက်ရလဲမသိဘူးနော်”

လျူရှောင်အန်းက ခေါင်းခါကာ ဖြေလိုက်သည်။

“အဲဒါတော့ ကျွန်မလည်း သေချာမသိဘူး၊ ဒါပေမဲ့ လူချမ်းသာတော်တော်များများနဲ့ ကြယ်ငါးပွင့်ဟိုတယ်တွေက ဒီကစားဖိုမှူးတွေကို ခေါ်ဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ဘူးလို့ကြားဖူးတယ်၊ သူဌေးက သူတို့ကို ဘယ်လိုခံစားခွင့်တွေ ပေးထားလဲတော့မသိဘူး၊ ဒါပေမဲ့ အရမ်းကောင်းမှာသေချာတယ်၊ မဟုတ်ရင် သူတို့က ဘာလို့ ဒီလောက်သစ္စာရှိရှိ ဆက်နေကြမှာလဲ”

စီနီယာကျိုးသည် ဤကိစ္စကို စိတ်ထဲတွင်မှတ်ထားလိုက်ပြီး၊ အကယ်၍အောင်မြင်ခဲ့လျှင်ဟု တွေးကာ နောက်မှ သူ့လက်ထောက်ကို စုံစမ်းခိုင်းရန် စဉ်းစားလိုက်၏။

တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်များထဲတွင် အင်တာနက်အသုံးပြုသူများကလည်း မေးမြန်းနေကြသည်။

‘ဒီစားသောက်ဆိုင်က တကယ်ပဲ အဲဒီလောက် ကောင်းလို့လား၊ ငါ စမ်းစားကြည့်ချင်တယ်၊ နောက်အပတ် ငါ အားနေတာနဲ့ အတော်ပဲ'

‘အပေါ်ကလူရေ... ဒီလအတွက်တော့ စိတ်ကူးတောင်မယဉ်နဲ့၊ ငါ စားပွဲပေါ်က ကျူအာကုဒ်ကို ခုနလေးတင် စကင်ဖတ်ကြည့်လိုက်တာ၊ ဒီလအတွက် အပြည့်ဖြစ်နေပြီ၊ နောက်လအတွက် ဘိုကင်ကတောင် မဖွင့်သေးဘူးတဲ့'

‘တစ်ယောက်ယောက် ကျူအာကုဒ်ကို ဓာတ်ပုံရိုက်ပေးလို့ရမလား၊ ငါလည်းကြည့်ချင်လို့'

‘စီနီယာကျိုး ထမင်းသုံးပန်းကန်လုံး စားသွားတာ ငါသတိထားမိတယ်၊ သူ ဒီလောက်အများကြီး စားနိုင်လိမ့်မယ်လို့ ငါမထင်ထားဘူး၊ သူ့ခန္ဓာကိုယ်ကို ဘယ်လိုများ ထိန်းသိမ်းထားလဲမသိဘူး၊ သူ့အသက်အရွယ်နဲ့ ဗိုက်ရွှဲနေတာလေး တစ်စက်တောင်မရှိဘူး၊ သူ့ရဲ့ ဝိတ်ချတဲ့နည်းလမ်းလေးများ သိရင် ပြောပြကြပါဦး’

‘ငါလည်း သိချင်တယ်၊ ဒါပေမဲ့ ဒီကအစားအသောက်တွေက အရသာရှိလွန်းလို့နေမှာပါ၊ စီနီယာကျိုးစားပွဲက ကောင်မလေးတွေလည်း ထမင်းနှစ်ပန်းကန်စီ စားသွားကြတယ် မဟုတ်လား၊ သူတို့ စားနေတဲ့ပုံစံက အိမ်မှာ ငါစားနေတဲ့ပုံစံနဲ့ တစ်ပုံစံတည်းပဲ'

‘ဟုတ်တယ်၊ ဟုတ်တယ်၊ သူတို့အကုန်လုံး ဗိုက်ကိုပွတ်သပ်ပြီး အရမ်းဝသွားလို့ နံရံကိုတောင် မှီတော့မလိုဖြစ်နေတာ ငါ တွေ့လိုက်တယ်၊ အစားအသောက်တွေက တကယ်ကို အရသာရှိလွန်းလို့ ဖြစ်ရမယ်'

‘ဆန့်ကျင်ဘက်ပြောတတ်တဲ့ တချို့လူတွေကတော့ သူတို့က ချွေတာချင်လို့ အစားအသောက် အလဟဿမဖြစ်အောင် စားကြတာပါလို့ ပြောကြမှာပဲ'

‘အပေါ်ကလူရေ၊ ‘ပါဆယ်ဘူး’ ဆိုတဲ့ စကားလုံးကို နင်သိလား'

‘တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုလုံးကို ငါ ကြည့်နေတာ၊ အလယ်လောက်ရောက်တော့ သူတို့ ဟင်းတွေတောင်ထပ်မှာသေးတယ်၊ အရသာမရှိရင် ဘယ်သူက ထပ်မှာတော့မှာလဲ'

‘အခုတောင် ဘိုကင်ရဖို့ ဒီလောက်ခက်နေတာ၊ အစီအစဉ်ကပါ ကြော်ငြာပေးလိုက်တော့ ငါတော့ တစ်သက်လုံးမစားရတော့မှာတောင် စိုးရိမ်လာပြီ၊ ဘယ်လိုလုပ်ရမလဲ'

108

လီရှီးရှီးက သူတို့အနည်းငယ်အတွက် နေ့တွက်လုပ်အားခများကို ရှင်းပေးနေစဉ်၊ ကိုယ်ပိုင်ရုံးခန်းဖွင့်ထားပြီး သူဌေးဖြစ်နေပြီဖြစ်သော အနုပညာရှင်တစ်ဦးက သူမအား ဖျော်ဖြေရေးလောကထဲသို့ ဝင်ချင်စိတ် ရှိ၊ မရှိပင် မေးလိုက်သေးသည်။

အစ်မလျူသည် သူမရှေ့ရှိ ကောင်မလေးကို သေချာကြည့်လိုက်၏။ သူမ၏မျက်နှာပေါ်တွင် အပြစ်အနာအဆာ တစ်ခုမျှမရှိဘဲ၊ အသားအရေရော မျက်နှာကျ အရိုးတည်ဆောက်ပုံပါ အလွန်ကောင်းမွန်လှသည်။

သူမ၏စူးရှသော အကဲခတ်မှုအရ၊ ဤမျက်နှာမှာ ရုပ်ရှင်ဖန်သားပြင်ကြီးတွင် ထည့်ထားပါက အလွန်ကြည့်ကောင်းမည့်မျက်နှာမျိုးပင်။

သူမ ချက်ချင်းပင် စိတ်ဝင်စားသွားပြီး၊ ဤကောင်မလေးကို သူမ၏လုပ်ငန်းနှင့် စာချုပ်ချုပ်ချင်သွားသည်။

သူမကို သေချာပေါက် နာမည်ကြီးအောင် လုပ်ပေးနိုင်ပေမည်။

ဤကောင်မလေးက ဘာမှ မလုပ်တတ်လျှင်တောင်၊ သူမ၏ အလှတရားတစ်ခုတည်းနဲ့တင် ပရိသတ်အများအပြားကို ဆွဲဆောင်နိုင်လိမ့်ပေမည်။

“ညီမလေး... ကြယ်ပွင့်တစ်ယောက်ဖြစ်လာဖို့ စဉ်းစားဖူးလား၊ ဆက်သွယ်စရာလိပ်စာလေးတွေ ဖလှယ်ထားကြရအောင်၊ အစ်မက ကိုယ်ပိုင်စတူဒီယိုတစ်ခု ဖွင့်ထားတာပါ...”

လီရှီးရှီးမှာ ကြောင်တောင်တောင် ဖြစ်သွားသော်လည်း၊ အင်တာနက်အသုံးပြုသူများမှာမူ ရယ်မော၍ပင်မဆုံးတော့ချေ။

‘အစ်မလျူက လူတွေကို ထပ်ပြီးဆွဲဆောင်နေပြန်ပြီ၊ ရယ်ရတယ်'

‘အစ်မလျူက သူဌေးတစ်ယောက်အနေနဲ့ တကယ်ကိုတက်ကြွတာပဲ၊ ရုပ်ရည်လေး နည်းနည်း ကြည့်ကောင်းတဲ့သူ တွေ့ရင်ကို လက်လွတ် မခံတော့ဘူး၊ (ကိုယ်ကျိုးရှာသော ခွေးခေါင်း အီမိုဂျီ)'

‘ရိုးရိုးသားသား ပြောရရင် ဒီကောင်မလေးရဲ့ ရုပ်ရည်က တကယ်ကို ဆွဲဆောင်မှုရှိတာ၊ စက်ခရင်ရှော့ခ်တောင် အများကြီး ခိုးရိုက်ထားလိုက်သေးတယ်၊ (ဆွဲဆုတ်နေသော အီမိုဂျီ)

‘ဒီကောင်မလေးရဲ့ မျက်ခုံးနဲ့ မျက်လုံးတွေက ရှေးဟောင်းဝတ်စုံ၊ ရှေးဟောင်း ဇာတ်လမ်းတွဲတွေနဲ့ အရမ်းလိုက်ဖက်တယ်လို့ ထင်တယ်၊ သူ့ဆီမှာ တကယ်ကို ရှေးဆန်တဲ့အလှတရားရှိတယ်'

‘လက်ရှိ ဈေးကွက်မှာရှိတဲ့ သမိုင်းဝင် ဇာတ်လမ်းတွဲတွေကနေ ငါတို့ကို ကယ်တင်ပေးပါတော့၊ ရုပ်ဆိုးတဲ့သူတွေ သရုပ်ဆောင်တာကို ဆက်မကြည့်ချင်တော့ဘူး။ (နှာခေါင်းနှိုက်နေသော အီမိုဂျီ)'

‘အပေါ်ကလူရေ... ဒါပေမဲ့ ဒီကောင်မလေးက သရုပ်မှမဆောင်တတ်တာ၊ မျက်စိနောက်စရာဇာတ်ကွက်တွေကို ငါမကြည့်ချင်ဘူးနော်'

‘တော်လိုက်ပါတော့၊ တခြားလူတွေကရော သရုပ်ဆောင်တတ်လို့လား၊ အိုးမည်းက ဒယ်အိုးကို အမည်းမသုတ်ပါနဲ့ (ကိုယ်လည်းမကောင်းဘဲ သူများ အပြစ်မပြောနဲ့) အနည်းဆုံးတော့ သူမက လှတယ်လေ၊ မျက်စိပသာဒဖြစ်တာပေါ့'

‘ဒီအလှလေးရဲ့ ဝီဘိုအကောင့်ကို သိတဲ့သူရှိလား၊ ငါ အရင်သွားပြီး ဖော်လိုးလုပ်ထားလိုက်မယ်၊ သူ နာမည်ကြီးလာရင် ငါက အစကတည်းက အားပေးခဲ့တဲ့ ပုရိသတ် ဖြစ်လာမှာပေါ့’

‘ငါ့ကိုလည်း ထည့်တွက်လိုက်'

အင်တာနက် အသုံးပြုသူများမှာ လီရှီးရှီး သရုပ်ဆောင်လောကထဲသို့ ဝင်သွားပြီဟု ထင်မှတ်ရလောက်အောင် အပြင်းအထန်ဆွေးနွေးနေကြ၏။

မည်သို့ပင်ဆိုစေကာမူ ယာတောအိမ်ဖွင့်ရသည်က အနုပညာရှင်တစ်ယောက် ဖြစ်ရသည်ထက် ပိုကောင်းလိမ့်မည်ဟု မည်သူကမှ မထင်ထားကြချေ။

‘အလုပ်က ပင်ပန်းပြီးခက်ခဲတာပဲလေ၊ အခွင့်အရေးသာရမယ်ဆိုရင် လူတိုင်းက နာမည်ကြီး ကြယ်ပွင့်တစ်ယောက်ပဲ ဖြစ်ချင်ကြမှာပေါ့'

သို့သော် လီရှီးရှီးက ယဉ်ကျေးစွာငြင်းပယ်လိုက်ပြီး သူမက ယာတောအိမ်သာဖွင့်ချင်ကြောင်းနှင့် ဖျော်ဖြေရေးလောကထဲသို့ ဝင်ရန် ရည်ရွယ်ချက်မရှိကြောင်း ရှင်းပြလိုက်သည်။

သို့သော် အစ်မလျူကမူ လက်မလျှော့ချေ။

သူမက လီရှီးရှီး၏လိပ်စာကတ်ကို တောင်းယူကာ အစီအစဉ်ပြီးဆုံးသွားပြီးနောက် ဆက်လက်၍ လာရောက်ဆက်သွယ်မည်ဟု ပြောလိုက်၏။

တိုက်ရိုက်ထုတ်လွှင့်မှု အချိန်အတွင်းကတော့ ကိစ္စမရှိလှချေ။ ထိုအနုပညာရှင်များ၏ ပရိသတ်များသာ ကြည့်ရှုကြမည် ဖြစ်သည်။

သို့သော် ‘တောင်ကြားထဲက ဘဝ’ အစီအစဉ်၏ ပထမပိုင်း ထုတ်လွှင့်ပြီးနောက်တွင် အင်တာနက်အသုံးပြုသူများသည် ဤရတနာသိုက်၊ ယာတောအိမ်လေးကို ရှာဖွေတွေ့ရှိသွားကြတော့သည်။

နောက်ပိုင်းတွင် ဤအစီအစဉ်မှာ အလွန်အမင်းလူကြိုက်များလာသောအခါ၊ ၎င်းတွင်ပါဝင်သော အနုပညာရှင်များအားလုံးမှာ ဖော်လိုဝါများ တိုးလာကြပြီး၊ လီရှန်းယာတောအိမ်သည်လည်း လူအဝင်အထွက် လှိုင်းလုံးကြီးကို သဘာဝကျကျပင် လက်လွတ်မခံခဲ့ချေ။

လီရှီးရှီး နှစ်အတော်ကြာ အသုံးမပြုဘဲထားခဲ့သော ဝီဘိုအကောင့်ပင် ဖော်ထ်တိခံလိုက်ရသည်။

သူမလန့်သွားပြီး ယခင်က မည်သည့်အရာများ တင်ခဲ့ဖူးသလဲဆိုသည်ကို အမြန်စစ်ဆေးကြည့်လိုက်ရာ၊ ကလေးဆန်သော မှတ်ချက်များအားလုံးကို ဖျက်ပစ်ပြီးမှသာ စိတ်သက်သာရာ ရသွားတော့သည်။

ယခုအခါ လီတောင်သို့လာရောက်သော ဧည့်သည်များမှာ အနီးနားရှိ မြို့များမှသာ မဟုတ်တော့ဘဲ၊ နိုင်ငံတစ်ဝန်းလုံးမှ ဧည့်သည်များက လာရောက်နေကြလေ၏။

ယာတောအိမ်ကို အဆင့်မြှင့်တင်ထားသော်လည်း ဤမျှများပြားသော ဧည့်သည်လှိုင်းလုံးကြီးကို လက်ခံနိုင်စွမ်းမရှိတော့ချေ။

ဉာဏ်ပြေးသူများက လီရှန်းယာတောအိမ်အနီးရှိ ရွာသားများထံမှ အိမ်များကို ရိုးရှင်းစွာငှားရမ်းကာ၊ ပြန်လည်ပြင်ဆင်မွမ်းမံပြီး တည်းခိုခန်းများအဖြစ် ပြောင်းလဲလိုက်ကြသည်။

ဤသည်မှာ လီရှန်းယာတောအိမ်သို့ စားသောက်ရန်လာရောက်သော်လည်း တည်းခိုရန်နေရာ မရှာတွေ့သော ဧည့်သည်အများအပြားအတွက် များစွာ အဆင်ပြေစေခဲ့သည်။

ယာတောအိမ်ပတ်ဝန်းကျင်မှာ အဝေးမှရွာသားများ၏ အိမ်အနည်းငယ်သာရှိသော လူသူကင်းမဲ့သည့်နေရာ မဟုတ်တော့ချေ။

သူတို့ကြားတွင် ထူးခြားသော တည်းခိုခန်းအများအပြား ပေါ်ထွက်လာပြီး၊ ရွာလမ်းများကိုလည်း အစိုးရက အထူးပြန်လည်တည်ဆောက်ပေးခဲ့သည်။

နေရောင်ခြည်စွမ်းအင်သုံး လမ်းမီးတိုင်များ တပ်ဆင်ပေးထားသဖြင့် ညဘက်တွင် အမှောင်ထဲလမ်းလျှောက်ရန် မလိုအပ်တော့ချေ။

လူအဝင်အထွက် များပြားလာခြင်းကြောင့် ဖြစ်နိုင်၏။

ဒေသဆိုင်ရာ အစိုးရက သေချာစဉ်းစားပြီးနောက် ဤနေရာတွင် ဘတ်စ်ကားလမ်းကြောင်းနှစ်ခု ထပ်တိုးပေးခဲ့သည်။

တစ်ခုမှာ အခြာ ရွာများ၏ စီးပွားရေးကို မြှင့်တင်ပေးနိုင်ရန် မျှော်လင့်ချက်ဖြင့် တောင်ပေါ်ရှိရွာအသီးသီးသို့ သွားရောက်သောလမ်းကြောင်း ဖြစ်သည်။

အခြားတစ်ခုမှာ တောင်အောက်မှနေ၍ လီရှန်းယာတောအိမ်အဝင်ဝသို့ တိုက်ရိုက်သွားရောက်ပြီး အသွားအပြန်ပြေးဆွဲသောလမ်းကြောင်းပင်။

တစ်နေ့လျှင် နံနက် ၈ နာရီ တစ်ကြိမ်နှင့် နေ့လယ် ၂ နာရီ တစ်ကြိမ် ဘတ်စ်ကားနှစ်စီး ပြေးဆွဲပေးရာ၊ ခရီးသွားအချို့အတွက် အဆင်ပြေစေရုံသာမက တောင်အောက်သို့ဆင်းရန် အခက်အခဲရှိသော ရွာသားများအတွက်ပါ များစွာအဆင်ပြေစေခဲ့သည်။

ဤသည်ကတော့ နောက်ပိုင်းမှဖြစ်လာမည့် ဇာတ်လမ်းပင်။

လက်ရှိတွင်မူ အနုပညာရှင်များသည် ကျေးလက်တွင် ဘယ်လို အသက်ရှင်ရပ်တည်ရမလဲဆိုသည့် ပထမဆုံးအပိုင်းကို ရိုက်ကူးနေကြဆဲပင်။

…

လီရှန်းရွာရှိ မူလတန်းကျောင်းကို တည်ဆောက်ပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များက စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးကိုလည်း စေလွှတ်ပေးရန် စီစဉ်ခဲ့၏။

ချင်စီယွီမှာ ထိုအထဲမှတစ်ဦးဖြစ်ပြီး ဆရာအတတ်သင် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သူဖြစ်သည်။

သို့သော် ယခုအခါ ကျောင်းသားအရေအတွက် အရမ်းများပြားလာပြီး၊ ဆရာအတတ်သင် တက္ကသိုလ်များက အလုပ်အကိုင်နေရာချထားရေးကို အာမမခံနိုင်တော့သဖြင့် ချင်စီယွီအတွက် ဖိအားများစွာ ဖြစ်ပေါ်စေခဲ့သည်။

လက်ရှိ အလုပ်အကိုင်ဈေးကွက်အခြေအနေက မကောင်းသလို ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လှရာ၊ ချင်စီယွီသည် နောက်ဆုံးတွင် လျှောက်ထားသူအနည်းဆုံးဖြစ်သော စေတနာ့ဝန်ထမ်းဆရာမ နေရာကိုသာ ရွေးချယ်ခဲ့ပြီး အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့လေ၏။

ပညာရေး ဗျူရိုက သူမအား ကျေးလက် မူလတန်းကျောင်း တစ်ကျောင်းတွင် မူလတန်းပြဆရာမအဖြစ် တာဝန်ချထားပေးခဲ့ပြီး လာမည့်တနင်္လာနေ့တွင် ထွက်ခွာရမည် ဖြစ်သည်။

ချင်စီယွီသည် သူမ၏အိပ်ခန်းထဲတွင် ခရီးဆောင်အိတ်များ ပြင်ဆင်နေပြီး၊ မိခင်ချင်မှာ အပြင်ဘက်တွင်ရပ်ကာ သမီးဖြစ်သူ၏ကျောပြင်ကို စိုးရိမ်တကြီးဖြင့် ကြည့်နေသည်။

သူမ၏သမီးမှာ ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသူဖြစ်ပြီး ယခုအခါ ခေါင်ဖျားသောရွာလေးတစ်ရွာသို့ စေတနာ့ဝန်ထမ်းဆရာမအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည်ဟု ရုတ်တရက် ဆုံးဖြတ်လိုက်လေ၏။

မိခင်ချင်မှာ တကယ်ကို အနည်းငယ် စိတ်မအေးဖြစ်နေမိသည်။

မိခင်ဖြစ်သူသည် သမီးဖြစ်သူ၏ အိပ်ခန်းထဲသို့ ဝင်လာကာ ဂရုတစိုက်ပြောလိုက်သည်။

“အဝတ်အစား အထူနှစ်ထည်လောက် ထပ်ယူသွားဖို့ မမေ့နဲ့နော်၊ တောင်ပေါ်မှာ လေတိုက်တာပြင်းပြီး ရာသီဥတုကအေးတယ်၊ အအေးမိလို့မဖြစ်ဘူး၊ အော်... ပြီးတော့ အအေးမိပျောက်ဆေးတွေလည်း အများကြီးယူသွားဦးနော်”

ချင်စီယွီက မိခင်ဖြစ်သူ၏ တတွတ်တွတ်ပြောနေသံကို နားထောင်ရင်း ပြုံးကာပြန်ပြောလိုက်၏။

“မေမေ၊ သမီး ကလေးမဟုတ်တော့ပါဘူး၊ စိတ်မပူပါနဲ့၊ ကျောင်းအဆောင်မှာ လေးနှစ်တောင်နေခဲ့တာပဲ၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်ပါတယ်”

သို့သော် သူမ၏မိခင်က ခေါင်းမာစွာဖြင့် ဆက်ပြောလာသည်။

“မရဘူး၊ ရွာက သမီးရဲ့တက္ကသိုလ်နဲ့ မတူဘူးလေ၊ တော်တော်လေးခေါင်ဖျားမှာသေချာတယ်၊ ပြီးတော့ အကုန်လုံးကို ကိုယ်တိုင်ယူသွားရမှာ၊ အော်... ဖေဖေနဲ့ မေမေ သမီးကို ကားနဲ့လိုက်ပို့ပေးတာပဲ အကောင်းဆုံးဖြစ်မယ်၊ သမီးအတွက် ချည်စောင်အထူကြီး နှစ်ထည်ရယ်၊ ဓာတ်ဘူးတွေရယ်၊ တခြားပစ္စည်းတွေရယ် အကုန်သယ်သွားပေးလို့ ရတာပေါ့၊ အကုန်ယူသွားတာ အကောင်းဆုံးပဲ”

ချင်စီယွီမှာ မိခင်ဖြစ်သူနှင့် မငြင်းခုံနိုင်တော့ဘဲ၊ နောက်ဆုံးတွင် မိသားစုတစ်ခုလုံး အတူတူထွက်လာခဲ့ကြတော့သည်။

ချင်စီယွီသည် သူမအား လီရှန်းရွာဟုခေါ်သော ရွာလေးတစ်ရွာရှိ မူလတန်းကျောင်းသို့ တာဝန်ချထားကြောင်း ပညာရေးဗျူရိုမှတစ်ဆင့် သိရှိခဲ့ရ၏။

ဖခင်ဖြစ်သူက ဖုန်းဖြင့် လမ်းပြစနစ်ကို ကြည့်လိုက်ရာ ကားမောင်းလျှင် လေးနာရီကျော်ကြာမည်ဖြစ်ကြောင်း တွေ့ရသဖြင့် နံနက်စောစောထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

ချင်စီယွီသည် ကားပေါ်တွင်ထိုင်နေရင်း၊ လမ်းပြစနစ်မှ လီရှန်းရွာဟု ပြောသံကို ကြားလိုက်ရသောအခါ၊ ထိုနေရာမှာ တစ်နည်းနည်းဖြင့် ရင်းနှီးနေသလို ခံစားလိုက်ရသော်လည်း လောလောဆယ်တွင် ပြန်စဉ်းစား၍မရခဲ့ချေ။

သူမက ခေါင်းခါလိုက်ပြီး ‘စဉ်းစားလို့မရရင်လည်း မစဉ်းစားတော့ဘူး’ဟု ဆုံးဖြတ်လိုက်သည်။

‘အဲဒီကိုရောက်ရင် သိရမှာပါပဲလေ'

ဖခင်ဖြစ်သူရော မိခင်ဖြစ်သူပါ ကားမောင်းတတ်သဖြင့် လမ်းတစ်လျှောက် တစ်လှည့်စီမောင်းလာခဲ့ကြသည်။

ဝန်ဆောင်မှုပေးသည့်နေရာတွင် နာရီဝက်ခန့်နားပြီးနောက် နေ့လယ်မတိုင်မီ လီရှန်းရွာသို့ ရောက်ရှိလာခဲ့ကြ၏။

ဖခင်ဖြစ်သူနှင့် မိခင်ချင်တို့သည် တောင်ပေါ်လမ်းတွင် ဆက်တိုက်သွားလာနေသော ကားများကိုကြည့်ကာ အနည်းငယ် ဇဝေဇဝါဖြစ်သွားကြသည်။

‘အခုခေတ် ကျေးလက်အခြေအနေတွေက ဒီလောက်တောင်ကောင်းနေပြီလား၊ အိမ်တိုင်းမှာ ကားရှိနေကြပြီလား'

စူးရှသောအမြင်အာရုံရှိသည့် ဖခင်ဖြစ်သူက ထိုကားများထဲတွင် ဇိမ်ခံကားအတော်များများ ပါဝင်နေသည်ကို သတိပြုမိပြီး အံ့အားသင့်စွာဖြင့်မေးလိုက်သည်။

“ချင်စီယွီ၊ သမီးက တောင်ပေါ်ရွာက မူလတန်းကျောင်းမှာ ဆရာမသွားလုပ်ရဖို့ တာဝန်ကျတာသေချာရဲ့လား”

ချင်စီယွီက ခေါင်းညိတ်ကာ ဖြေလိုက်သည်။

“ဖေဖေ၊ သမီးက စေတနာ့ဝန်ထမ်း ဆရာမနေရာကို လျှောက်ထားတာဆိုတော့၊ ခေါင်ဖျားတဲ့နေရာမှာပဲ သေချာပေါက်ဖြစ်မှာပေါ့၊”

ဖခင်ဖြစ်သူ၏ ဇဝေဇဝါဖြစ်မှုမှာ အချိန်ကြာကြာမခံခဲ့ချေ။

သူ၏မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ တရုတ်ရိုးရာ လက္ခဏာရပ်များ အပြည့်အဝပါဝင်သော အဆောက်အအုံ တစ်ခုဖြစ်ပြီး၊ တောင်ပေါ် အပန်းဖြေစခန်း တစ်ခုနှင့် တူနေသည်။

အဝင်ဝတွင် ကျောက်တုံးကြီးတစ်တုံးရှိပြီး၊ ၎င်းပေါ်တွင် ‘လီရှန်းယာတောအိမ်’ ဟု ရေးထိုးထားသည်။

ဖခင်ဖြစ်သူမှာ သဘောကျသွားပြီး ပြောလိုက်၏။

“ဒီမှာ ယာတောအိမ်တစ်ခု ရှိတာပဲ၊ ကြည့်ရတာ ချင်စီယွီ နောက်ကျရင် ထမင်းဟင်းတွေ ပိုကောင်းကောင်းစားရတော့မယ်ထင်တယ်၊ ငါတို့ အရင်ဆုံးအထဲဝင်ပြီး နေ့လယ်စာစားကြရအောင်၊ ပြီးမှ မူလတန်းကျောင်းကိုသွားပြီး ပစ္စည်းတွေသွားချကြတာပေါ့၊ လမ်းပြစနစ်မှာတော့ ဒီကနေ မူလတန်းကျောင်းကို လမ်းလျှောက်ရင် ဆယ်မိနစ်လောက်ပဲကြာမယ်လို့ ပြထားတယ်”

ထိုအရာကို မြင်လိုက်ရသောအခါ ချင်စီယွီက သူမ၏ခေါင်းကို ရိုက်လိုက်မိသည်။

‘လီရှန်းရွာဆိုတာ လီရှန်းယာတောအိမ်ရှိတဲ့ နေရာဆိုတာကို နောက်ဆုံးတော့ ငါမှတ်မိသွားပြီ၊ ငါဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲလို့ တွေးနေခဲ့တာ'

‘ဒါက ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းက အချိန်ရရင် အရသာရှိတဲ့အစားအသောက်တွေ အတူတူသွားစားကြမယ်လို့ ဝီချက်မှာပို့ထားတဲ့ နေရာပဲမဟုတ်လား’

All Chapters