အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
109
ချင်စီယွီသည် ဤနေရာရှိအစားအစာများမှာ အလွန်တရာအရသာရှိလှကြောင်း သူမ၏ အချစ်ဆုံးသူငယ်ချင်းထံမှ ကြားဖူးထားခဲ့သည်။
သူမသူငယ်ချင်း၏ အစ်ကိုဖြစ်သူမှာ ယခင်က ဤနေရာသို့ လာရောက်လည်ပတ်ဖူးပြီး အပြန်တွင် မုန့်အချို့ လက်ဆောင်ဝယ်လာပေးခဲ့ဖူးလေသည်။
သူမစားရချိန်တွင် မုန့်များမှာ အေးစက်နေခဲ့ပြီဖြစ်သော်လည်း ထိုမုန့်များ၏ မွှေးပျံ့မှုနှင့် ပြည့်စုံလှသော အရသာကိုမူ လျော့ပါးသွားစေခြင်းမရှိခဲ့ချေ။
ချင်စီယွီက အံ့သြဝမ်းသာစွာဖြင့် ရေရွတ်လိုက်သည်။
“အို... မုန့်မုန့်က ဒီနေရာလေးကိုညွှန်းဖူးတယ်၊ အစားအသောက်တွေက အရမ်းအရသာရှိတယ်တဲ့၊ သမီးစာသင်ရမယ့်နေရာနဲ့ ဒီလောက်နီးနေမယ်လို့ကို မထင်ထားခဲ့ဘူး”
သို့ရာတွင် သူတို့မိသားစု ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားချိန်တွင်မူ အလွန်အမင်း အံ့ဩမှင်တက်သွားကြရသည်။ ထိုနေရာတွင် လူများမှာ ကြက်ပျံမကျ စည်ကားသိုက်မြိုက်နေလေသည်။
ဖခင်ဖြစ်သူက အနီးရှိ စားပွဲထိုးတစ်ဦးအား သူတို့သုံးယောက်စားသောက်ရန် အချိန်မည်မျှလောက် စောင့်ဆိုင်းရမည်နည်းဟု မေးမြန်းလိုက်၏။
စားပွဲထိုးလေးက ပြန်လည်မေးမြန်းလာသည်။
“အွန်လိုင်းကနေ ကြိုတင်ဘိုကင် လုပ်ထားပါသလားခင်ဗျာ”
ထိုအခါ သူတို့သုံးဦးစလုံးမှာ ပြိုင်တူပင် ခေါင်းယမ်းပြလိုက်ကြသည်။
စားပွဲထိုးလေးက အားနာဟန်ဖြင့် တောင်းပန်စကား ဆိုလာသည်။
“တောင်းပန်ပါတယ်ခင်ဗျာ၊ ဒီနေ့အတွက်တော့ နေရာတွေအကုန် ပြည့်သွားပါပြီ၊ ကြိုတင်ဘွတ်ကင်လုပ်ဖို့အတွက် ဒီ ကျူအာကုဒ်လေးကို စကင်ဖတ်ပြီး လုပ်ထားလို့ရပါတယ်ခင်ဗျာ”
ဖခင်ဖြစ်သူသည် ဤယာတောအိမ်လေး၏ စီးပွားရေးမှာ ဤမျှလောက်အထိ တဟုန်ထိုးအောင်မြင်နေလိမ့်မည်ဟု တွေးထင်မထားခဲ့မိပေ။
လေထဲတွင် လွင့်ပျံလာသော မွှေးပျံ့သည့် အစားအစာရနံ့များကြောင့် သူမှာ တံတွေးများကိုပင် မသိမသာမျိုချလိုက်မိသည်။ ခရီးဝေး ကားမောင်းလာရသဖြင့် သူ၏ဝမ်းဗိုက်ထဲတွင်လည်း ဆာလောင်မှုဒဏ်ကို အနည်းငယ်ခံစားနေရလေပြီ။
ကံကောင်းထောက်မစွာပင် အနီးအနားဝန်းကျင်၌ ရွေးချယ်စရာ စားသောက်ဆိုင်ငယ်လေးအနည်းငယ် ရှိနေသေးသည်။
ထို့ကြောင့် သူတို့မိသားစုလည်း ဖက်ထုပ်အချို့ကိုသာ ရိုးရိုးရှင်းရှင်း မှာယူစားသောက်လိုက်ကြပြီး ဆာလောင်နေသော ဝမ်းဗိုက်ကို အမြန်ဖြည့်တင်းလိုက်ကြသည်။
ဖက်ထုပ်များကို အရသာခံစားရင်း မိခင်ချင်မှာ မပျော်မရွှင်ဖြစ်ခြင်း အလျဉ်းမရှိပေ။
သူမသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ လီရှန်းကျေးရွာလေးမှာ သူမ စိတ်ကူးယဉ်ထားခဲ့သည်ထက် များစွာ သာလွန်ကောင်းမွန်နေကြောင်း တွေ့ရှိလိုက်ရသည်။
ရွာထဲတွင် စူပါမားကတ်ငယ်လေးများနှင့် နို့လက်ဖက်ရည်ဆိုင်များပင် ရှိနေသေးသည်။
မိခင်ဖြစ်သူက စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချကာပြောလိုက်၏။
“မလာခင်တုန်းကတော့ ဒီကအခြေအနေတွေ အရမ်းဆိုးရွားပြီး သမီးလေး ဒဏ်မခံနိုင်မှာကို အမေအရမ်းစိုးရိမ်နေခဲ့တာ၊ အခုတော့ တော်ပါသေးရဲ့၊ ရွာထဲမှာ ဆိုင်လေးတွေလည်းရှိနေတော့ တစ်ခုခုလိုအပ်ရင် ဝယ်ရခြမ်းရလွယ်ကူတာပေါ့”
ချင်စီယွီကလည်း စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ဝင်ပြောလေသည်။
“အမေ၊ သမီး အခုလေးတင် ဒီလီရှန်းယာတောအိမ်အကြောင်း အွန်လိုင်းမှာ ရှာကြည့်လိုက်တာ၊ နာမည်အရမ်းကြီးနေတာပဲ၊ ဒီကိုလာလည်ဖို့ လူတွေအများကြီးက ညွှန်းကြတယ်၊ ခုနကတင် ဖြောင်ဖြောင်ထွမ်ဝက်ဘ်ဆိုက်မှာ သမီး နှစ်ခါလောက် ရီဖလက်စ် လုပ်လိုက်တော့ အခန်းလွတ်တစ်ခု ရုတ်တရက်ပေါ်လာတာနဲ့ အမေတို့အတွက် အမြန်ဘိုကင်လုပ်လိုက်တယ်၊ ဒီည ဒီမှာပဲအိပ်လိုက်ပြီး မနက်ဖြန်မှ ပြန်ကြတာပေါ့၊ အဖေရော အမေရော တစ်နေကုန်ပင်ပန်းလာကြပြီပဲဟာကို”
မိခင်ဖြစ်သူက သဘောတူကြောင်း ခေါင်းညိတ်ပြရင်း ပြောလိုက်၏။
“အဲ့ဒါလည်း ကောင်းတာပါပဲ၊ ဘာပဲဖြစ်ဖြစ် မနက်ဖြန်က တနင်္ဂနွေနေ့ဆိုတော့ အမေတို့လည်း အလုပ်နားတယ်လေ၊ ဒီက ရှုခင်းတွေလည်း တော်တော်လေး သာယာလှပပါတယ်၊ ဒီနေ့မွန်းလွဲပိုင်း သမီးကို အဆောင်လိုက်ပို့ပြီးရင် အမေတို့ လီရှန်းကျေးရွာထဲ လမ်းလျှောက်ထွက်ရင်း ဒေသခံတွေရဲ့ ဓလေ့စရိုက်တွေကို လေ့လာကြည့်ကြတာပေါ့”
ဖခင်နှင့် မိခင်ဖြစ်သူတို့သည် သမီးဖြစ်သူအား ကျောင်းတွင်စာရင်းသွင်းရန် လိုက်ပါကူညီပေးပြီးနောက် ခရီးဆောင်အိတ်များကို အဆောင်တွင် နေရာချထားပေးခဲ့ကြသည်။
ထို့နောက် အနည်းငယ် သန့်စင်ပြုပြင်ပြီးသည်နှင့် ယာတောအိမ်သို့ တည်းခိုရန် ထွက်ခွာလာခဲ့ကြ၏။
မိခင်ဖြစ်သူသည် စည်ကားသိုက်မြိုက်နေသော လူအုပ်ကြီးကို ကြည့်ကာ ခင်ပွန်းဖြစ်သူအား ပြုံးရွှင်စွာဖြင့်ပြောလိုက်သည်။
“ငါ့သမီးလေး စာလာသင်ရမယ့်နေရာက သွားရေးလာရေးခက်ခဲပြီး ဘာသာစကားအခက်အခဲတွေနဲ့ ခေတ်သစ်လူနေမှုဘဝကနေ အဆက်အသွယ်ပြတ်တောက်နေတဲ့ နေရာမျိုးလို့ ငါထင်ထားခဲ့တာ၊ အခု ကိုယ်တိုင် မြင်တွေ့လိုက်ရတော့မှပဲ စိတ်အေးသွားတော့တယ်”
ဖခင်ဖြစ်သူက သူ၏ဇနီးသည်လက်ကို ဖွဖွလေးပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
“မင်းက အရမ်း စိုးရိမ်လွန်းနေတာပါ၊ ကိုယ့်သမီးက ဘယ်အရွယ်ရောက်နေပြီလဲ၊ ကိုယ်တို့ခေတ်ကသာဆိုရင် သူက ကလေးနှစ်ယောက်အမေတောင် ဖြစ်နေလောက်ပြီ”
မိခင်ဖြစ်သူက ခင်ပွန်းဖြစ်သူကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ပြန်လည်ချေပလိုက်သည်။
“ဒါကို သားသမီး ခရီးဝေးထွက်ရင် မိခင်တွေပူပန်ရတဲ့ သောကလို့ခေါ်တယ်၊ ကိုယ့်သမီးလေးက အိမ်နဲ့အဝေးကြီးမှာ၊ ပိုဆိုးတာက ရွာလေးတစ်ရွာမှာ သွားနေရမှာကို ကျွန်မက ဘယ်လိုလုပ် စိတ်မပူဘဲနေနိုင်မှာလဲ၊ အို... ကလေးအမေအကြောင်း ပြောမှသတိရတယ်၊ တို့ချင်စီယွီမှာ ရည်းစားတောင်မရှိသေးဘူးလေ၊ သူ ဘယ်တော့များမှ အိမ်ထောင်ဘက်တွေ့မလဲ မသိပါဘူးတော်”
ဖခင်ဖြစ်သူက ရယ်မောကာ ပြန်ပြောလိုက်၏။
“မင်းကတော့ အမြဲတမ်းတွေးလွန်နေတာပါပဲ၊ ငါ့သမီးလေး တစ်သက်လုံး အိမ်ထောင်ဘက်မရှာတွေ့ရင်တောင် ငါကတော့ ပူပန်နေမှာမဟုတ်ဘူး၊ သူ တစ်သက်လုံး အိမ်မှာနေသွားမယ်ဆိုရင်တောင် ငါက ဝမ်းသာအားရနဲ့ ရှာကျွေးထားလိုက်ဦးမယ်”
ဖခင်နှင့် မိခင်ဖြစ်သူတို့သည် လီရှန်းကျေးရွာတစ်ဝိုက်တွင် မွန်းလွဲပိုင်းတစ်ပိုင်းလုံး အေးအေးလူလူ လမ်းလျှောက်လည်ပတ်ခဲ့ကြပြီးနောက်၊ ဤနေရာလေးမှာ တောင်တန်းပြာများနှင့် ကြည်လင်သောရေပြင်တို့ ရှိနေသည့် အဖိုးတန်ရတနာမြေလေးတစ်ခုဖြစ်ကြောင်း အမှန်တကယ် ခံစားသိရှိသွားကြသည်။
မြို့ပြတွင် အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့ရသဖြင့် ဤကဲ့သို့ လွတ်လပ်ပေါ့ပါးစွာ အနားယူအပန်းဖြေခွင့် မရခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့လေပြီ။
မိခင်ဖြစ်သူက ခေတ္တမျှသက်ပြင်းချလိုက်ပြီးနောက် တွေးလေတွေးလေ သူမ၏အကြံဉာဏ်ကို ပို၍သဘောကျလာလေဖြစ်ကာ အကြံပြုလိုက်သည်။
“အကိုချင်ရေ၊ ကျွန်မတို့တွေ အငြိမ်းစားယူပြီးရင် အနားယူဖို့ ဒီကိုပြောင်းလာကြရင် မကောင်းဘူးလား၊ ဒီကလေထုက သန့်ရှင်းလတ်ဆတ်တယ်၊ ခုနကတွေ့ခဲ့တဲ့ ရွာသားတွေဆိုရင်လည်း ရိုးသားကြပြီး ကျွန်မတို့ကိုသစ်သီးတွေတောင် ကျွေးလိုက်သေးတယ်၊ အင်း... တကယ်ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်မထင်တယ်၊ သမီးကလည်း ဒီမှာအလုပ်လုပ်နေတာဆိုတော့ သူ ဘယ်တော့ နေရာပြောင်းမလဲဆိုတာ ဘယ်သူသိမှာလဲ၊ ပြီးတော့ ကျွန်မက လာမယ့်နှစ်ဆိုရင် အငြိမ်းစားယူရတော့မယ်၊ ရှင်ကလည်း နောက်ထပ် နှစ်နှစ်ကျော်လောက်ဆိုရင် အငြိမ်းစားယူရတော့မယ်လေ၊ တို့တွေ ဒီကိုပြောင်းလာပြီး တိုက်သေးသေးလေးတစ်လုံးဆောက်၊ ဟင်းသီးဟင်းရွက်တွေစိုက်ဖို့ ခြံကွက်လေးတစ်ခုလုပ်၊ ပြီးတော့ သမီးလေးကိုလည်း စောင့်ရှောက်ပေးလို့ ရတာပေါ့၊ ရှင်ဘယ်လိုထင်လဲ”
ဖခင်ဖြစ်သူသည် ဇနီးသည်ကိုကြည့်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြန်လည်ဖြေကြားလိုက်၏။
“ဒီက ပတ်ဝန်းကျင်က ကောင်းတယ်ဆိုတာအမှန်ပဲ၊ ဒါပေမဲ့ ကိုယ်တို့က အသက်အရွယ်ရလာပြီဆိုတော့ ခန္ဓာကိုယ်ကျန်းမာရေးကလည်း အရင်ကလို တဖြည်းဖြည်း ပုန်မကောင်းနိုင်တော့ဘူးလေ၊ ဆေးဝါးကုသမှုပိုင်း အားကောင်းတဲ့ နေရာမျိုးတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်၊ ပြီးတော့ ဒီကနေ တောင်အောက်ကို ကားမောင်းဆင်းရတာ တစ်နာရီလောက်ကြာတယ်၊ တောင်ခြေကဆေးရုံကလည်း သိပ်ပြီး နာမည်ကြီးတဲ့ဆေးရုံမျိုး မဟုတ်ဘူး၊ ကိုယ့်အထင်တော့ မင်း သမီးလေးကိုလွမ်းရင် တစ်ခါတလေ လာလည်ကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် ဒီမှာ တည်းခိုစရာနေရာလည်း ရှိနေတာပဲဟာကို”
သူ၏ စကားများမှာ အကြောင်းပြချက် ခိုင်လုံလှသော်လည်း မိခင်ဖြစ်သူက လက်မခံဘဲ ချက်ချင်း ပြန်လည်ချေပလိုက်သည်။
“ခုနက လယ်ထဲမှာ အလုပ်လုပ်နေတဲ့အဘွားအိုကြီးကို ရှင် မြင်လိုက်တယ်မလား၊ သူ အသက်ဘယ်လောက်ရှိပြီလဲလို့ မေးကြည့်တော့ ၈၅ နှစ်တောင်ရှိနေပြီတဲ့၊ အသက် ၈၅ နှစ်အရွယ်မှာတောင် လယ်ထဲဆင်းပြီး အလုပ်လုပ်နိုင်သေးတယ်ဆိုတော့ သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင်သန်စွမ်းနေလိုက်မလဲ၊ အဲဒီအဘွားအိုအပြင် အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ် တခြားလူ အတော်များများကိုလည်း ကျွန်မတို့တွေ တွေ့ခဲ့သေးတယ်မလား၊ အားလုံးက သွားနိုင်၊ လာနိုင်၊ အလုပ်လုပ်နိုင်ကြသေးတယ်၊ မြို့နေလူတန်းစားတွေက အလုပ်ကြမ်းမလုပ်ရဘဲ တစ်နေကုန်ထိုင်နေကြရလို့ ခန္ဓာကိုယ်တွေအားနည်းပြီး ရောဂါဘယ ထူပြောကြတာလို့ ကျွန်မထင်တယ်၊ အငြိမ်းစားယူပြီးရင် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးပြီး နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်မယ်ဆိုရင် ကျွန်မတို့ခန္ဓာကိုယ်တွေလည်း သန်စွမ်းလာပြီး ဆေးရုံသွားဖို့တောင် လိုမှာမဟုတ်တော့ဘူး၊ အို... ဒီက သက်ကြီးရွယ်အိုတွေ တော်တော်များများက အသက်ရှည်ကြတာကို သတိထားမိတယ်၊ စကားပုံထဲမှာတောင် ဒေသခံရေနဲ့ မြေက ဒေသခံလူတွေကို အာဟာရဖြစ်စေတယ်လို့ ဆိုထားတယ်မဟုတ်လား၊ ကျွန်မတို့တွေသာ ဒီကိုပြောင်းလာခဲ့မယ်ဆိုရင် အသက် ကိုးဆယ့်ကိုးနှစ်အထိတောင် နေရနိုင်တယ်”
ဖခင်ဖြစ်သူသည် စိတ်လှုပ်ရှားတက်ကြွလာသော ဇနီးသည်ကို ကြည့်နေရင်း လွင့်စင်လာသော တံတွေးစက်များက သူ၏မျက်နှာပေါ်သို့ မတော်တဆ လာစင်လေရာ၊ လက်ကိုင်ပဝါဖြင့် မျက်နှာကိုသုတ်လိုက်ရင်း ပြောလိုက်၏။
“မင်းက ဒီမှာနေချင်နေမှတော့ ရွာထဲမှာ သွားစုံစမ်းကြည့်ကြတာပေါ့၊ ဒါပေမဲ့ တောင်အောက်ဆင်းရတာကတော့ အတော်လေးအဆင်မပြေဖြစ်လိမ့်မယ်နော်”
ဖခင်ဖြစ်သူ၏အသံမှာ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားလေသည်။
(ဤစကားဝိုင်းကို ကြည့်ခြင်းအားဖြင့် သူတို့၏အိမ်ထောင်ရေး အခြေအနေကိုလည်း သင် မြင်တွေ့နိုင်မည် မဟုတ်လော)
မိခင်ချင်မှာ စိတ်မရှည်တတ်သူပီပီ အတွေးပေါ်လာသည်နှင့်တစ်ပြိုင်နက် ရွာထဲသို့ ချက်ချင်းသွားရောက်စုံစမ်းလေတော့သည်။
သူမ၏ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လွန်းသော သဘာဝစရိုက်လက္ခဏာကြောင့် အချိန်တိုအတွင်းမှာပင် အချက်အလက်များကို အောင်မြင်စွာ စုံစမ်းသိရှိသွားခဲ့၏။
သို့ရာတွင် ထိုရွာသား ရောင်းချလိုသောနေရာမှာ သူ၏ ကိုယ်ပိုင်အိမ်မဟုတ်ဘဲ စွန့်ပစ်ရန်စီစဉ်ထားသည့် ဝက်ခြံဟောင်းတစ်ခုသာ ဖြစ်နေသည်။
ထိုရွာသားမှာ မက်မွန်ပင်များ စိုက်ပျိုးခြင်းနှင့် ခူးဆွတ်ခြင်းလုပ်ငန်းများကြောင့် အလုပ်များနေသဖြင့် ဝက်များကို ပြုစုစောင့်ရှောက်ရန် အချိန်မရှိတော့ပေ။
“ဟင်း...” မိခင်ချင်၏ မျက်နှာပေါ်တွင် တွေဝေသွားသော အရိပ်အယောင်တစ်ခု ခေတ္တမျှ ဖြတ်ပြေးသွားခဲ့သည်။
သို့သော် သူမအနေဖြင့် မြေကွက်ကိုသာ အဓိကထားဝယ်ယူခြင်းဖြစ်ပြီး လက်ရှိအဆောက်အအုံကို မည်သို့ပင်ဖြစ်စေ ဖျက်သိမ်းကာ အသစ်ပြန်လည် တည်ဆောက်မည်ဖြစ်ကြောင်း စဉ်းစားမိလိုက်သည်။
အရေးအကြီးဆုံးအချက်မှာ ထိုမြေကွက်တွင် အနီရောင် မြေဂရန်ပိုင်ဆိုင်မှု အထောက်အထားစာရွက်စာတမ်း ရှိနေခြင်းပင်။
ထို့ကြောင့် ၎င်းမှာ အသေးစားပိုင်ဆိုင်မှုသာရှိသော အိမ်ရာမျိုးမဟုတ်ပေ။
(အွန်လိုင်းတွင် ရှာဖွေကြည့်ရာ ယခုအခါ ကျေးလက်ဒေသရှိအိမ်အများစုတွင် အနီရောင်မြေဂရန်များ ရှိနေကြပြီ ဖြစ်သည်)
မိခင်ချင်သည် မူလဝက်ခြံဟောင်းရှိရာသို့ သွားရောက်ကြည့်ရှုခဲ့သည်။ ဝန်းအတွင်းသို့ လှည့်လည်ကြည့်ရှုပြီးနောက် ဤနေရာ၏အကျယ်အဝန်းမှာ မြို့ပေါ်ရှိ သူတို့၏အိမ်ထက်ပင် ပိုမိုကျယ်ဝန်းနေကြောင်း တွေ့ရှိလိုက်ရ၏။
ဝက်ခြံတစ်ခုထက်ပင် သေးငယ်ကျဉ်းမြောင်းသောနေရာလေးတွင် နေထိုင်နေရသည့် သူမကိုယ်သူမပင် သနားရမလို ဖြစ်သွားခဲ့ရသည်။
မိခင်ချင်သည် စိတ်ထဲတွင် ကျေနပ်သွားကာ ခေါင်းညိတ်လိုက်သော်လည်း နှုတ်မှမူ ညည်းညူလိုက်သည်။
“ဒီက အနံ့ကြီးက အရမ်းဆိုးတာပဲ၊ ငါသာ ဒီမှာလာနေရရင် နေ့တိုင်း ဒီအနံ့ဆိုးတွေကြောင့် ဒုက္ခရောက်ရလိမ့်မယ်လို့ ထင်တယ်”
ရွာသားဖြစ်သူက ချက်ချင်းပင် ရှင်းပြလာလေသည်။
“အဲ့လိုတော့ မဟုတ်ပါဘူးဗျာ၊ အစ်မကြီးက အကုန်ဖျက်ပြီး အသစ်ပြန်ဆောက်မှာပဲဟာကို၊ လေတစ်ချက်တိုက်လိုက်တာနဲ့ အနံ့တွေက လွင့်စင်ပျောက်ကွယ်သွားမှာပါ၊ အစ်မကြီးကို ခင်မင်လို့ ကျွန်တော် စေတနာနဲ့ရောင်းပေးတာပါ၊ အစ်မကြီး မယူချင်ရင်လည်း တခြားလူတွေကို ကျွန်တော်ဆက်သွယ်လိုက်ပါ့မယ်၊ အရင်တုန်းက နယ်ဝေးကလာတဲ့လူတစ်ယောက် ကျွန်တော့်နေရာလေးကို တော်တော်လေးစိတ်ဝင်စားနေခဲ့တာ၊ ဧည့်ရိပ်သာလေး ဆောက်ချင်တယ်လို့တောင် ပြောသွားသေးတယ်၊ ဆက်သွယ်ရမယ့် လိပ်စာတွေတောင်ထားခဲ့တာ၊ ရှောင်ရှီးလေးက ရွာမှာ ယာတောအိမ်လေးလာဖွင့်ကတည်းက ကျွန်တော်တို့ရဲ့ ဘဝတွေတောင် အများကြီး တိုးတက်ပြောင်းလဲလာခဲ့ပြီ၊ အခုဆို ကျွန်တော့်ရဲ့ ဝက်ခြံအစုတ်လေးကတောင် လူကြိုက်များတဲ့နေရာလေး ဖြစ်နေပြီဗျ”
ဤဝက်ခြံဟောင်းလေးကို လုဝယ်ချင်နေသည့် အခြားသူများရှိနေသေးကြောင်း ကြားလိုက်ရသောအခါ သူမအနေဖြင့် အလျင်အမြန် ဆုံးဖြတ်ချက်ချမှ ဖြစ်မည်ကို မိခင်ချင်က ကောင်းစွာ သဘောပေါက်သွားလေတော့သည်။
110
ချင်စီယွီတစ်ယောက် နေရာတွင်ပင် မှင်တက်သွားမိသည်။ သူမသည် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာပြီးနောက် သူမ၏ အဆောင်ခန်းလေးကိုလည်း ဖုန်တစ်စက်မကျန် ပြောင်စင်နေအောင် သန့်ရှင်းရေးလုပ်ထားခဲ့သည်။
ထို့နောက် ယာတောအိမ်သို့သွားကာ မိဘများနှင့်အတူ အပန်းဖြေအနားယူရန် စိတ်ကူးယဉ်ထားခဲ့ခြင်းပင်။
သို့သော် မိခင်ဖြစ်သူထံ ဖုန်းဆက်၍ ဘယ်ရောက်နေပြီလဲဟု မေးလိုက်သောအခါ ထင်မှတ်မထားသော အဖြေစကားကို ကြားလိုက်ရသည်။
မိခင်ဖြစ်သူက ဖုန်းထဲမှနေ၍ လှမ်းပြောလိုက်သည်။
“ဟယ်လို၊ ချင်စီယွီရေ၊ အဖေနဲ့ အမေက အခု တောင်အောက်ကို ရောက်နေကြတယ်၊ ညနေ ခြောက်နာရီလောက်မှ ပြန်ရောက်မယ်ထင်တယ်”
ချင်စီယွီ၏ မျက်နှာပေါ်တွင် နားမလည်နိုင်ခြင်းများစွာဖြင့် ပြည့်နှက်သွားလေ၏။ သူမ၏ မိဘများသည် အဘယ်ကြောင့် တောင်အောက်သို့ ရုတ်တရက် ဆင်းသွားကြရသနည်း။
သူမ ပြန်လည်မေးခွန်းထုတ်ရန် ပြင်လိုက်စဉ်မှာပင် မိခင်ဖြစ်သူ၏စကားသံကို ဆက်လက်ကြားလိုက်ရသည်။
မိခင်ဖြစ်သူက စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။
“အော်... ဒါနဲ့၊ ဒီနေ့ ယာတောအိမ်မှာ တည်းခိုဖို့ စာရင်းသွင်းတုန်းက ညစာစားခွင့်ဘောက်ချာတစ်ခု ရခဲ့တယ်၊ ညနေ ၅ နာရီကနေ ၇ နာရီအတွင်း အခန်းထဲကို တိုက်ရိုက်လာပို့ခိုင်းလို့ရတယ်၊ တန်းစီပြီး စောင့်နေစရာမလိုဘူးလေ၊ ဒီက အစားအသောက်တွေ အရမ်းကောင်းတယ်လို့ သမီး အွန်လိုင်းမှာတွေ့ခဲ့တယ်ဆို၊ သမီး အမေတို့အခန်းကို လာတဲ့အခါ ဘာစားချင်လဲဆိုတာ ကြိုပြီးရွေးထားလိုက်လေ”
ချင်စီယွီမှာ မိဘများ တောင်အောက်သို့ ရုတ်တရက်ဆင်းသွားသည့် ကိစ္စကို ချက်ချင်းပင် မေ့ပျောက်သွားပြီး ဝမ်းသာအားရ ပြန်ပြောလိုက်၏။
“ဝါး... အရမ်းကောင်းတာပဲ၊ ဒီမှာ လက်လွတ်မခံသင့်တဲ့ အရသာရှိတဲ့အစားအစာတွေ အများကြီးရှိတယ်လို့ အွန်လိုင်းမှာ သမီးဖတ်ထားရတယ်၊ အများကြီးမှာစားကြတာပေါ့၊ အွန်လိုင်းက မီနူးတွေကို သမီး ထပ်ပြီး သေချာလေ့လာကြည့်လိုက်ဦးမယ်”
ချင်စီယွီတစ်ယောက် ညစာအတွက် မည်သည့်ဟင်းလျာများ မှာယူရမည်ကို ဆုံးဖြတ်ချက်ချပြီးချိန်တွင်မှ မိဘများ ယာတောအိမ်သို့ ပြန်မရောက်သေးကြောင်းကို သတိရသွားသည်။
‘ထားလိုက်ပါတော့၊ ထမင်းစားချိန်ကျမှသာ သူတို့ကို မေးကြည့်တော့မယ်’ဟု တွေးလိုက်သည်။
တစ်ဖက်တွင်မူ မိခင်ချင်မှာ စိတ်အားထက်သန်မှု အပြည့်ဖြင့် ထိုဝက်ခြံဟောင်းကို တိုက်ရိုက်ဝယ်ယူလိုက်လေ၏။
ကံကောင်းထောက်မစွာဖြင့် သူတို့ဇနီးမောင်နှံနှစ်ဦးစလုံး၏ မှတ်ပုံတင်ကတ်ပြားများ ပါလာခဲ့ပြီး ငွေကြေးများမှာလည်း ဖုန်းနှင့်ချိတ်ဆက်ထားသော ဘဏ်ကတ်များထဲတွင် ရှိနေခဲ့သည်။
ထို့အပြင် ကျေးရွာထဲမှ ဝက်ခြံလေး၏တန်ဖိုးမှာ မြို့ပေါ်တွင် အိမ်တစ်လုံးဝယ်ယူရသည်ထက် အဆပေါင်းများစွာ သက်သာနေသဖြင့် သူမတို့၏ အငြိမ်းစားဘဝ ခိုလှုံရာလေးအတွက် ရှုပ်ထွေးလှသော ချေးငွေလုပ်ငန်းစဉ်များ လုပ်ဆောင်ရန်လည်း မလိုအပ်ခဲ့ပေ။
ဖခင်နှင့် မိခင်ဖြစ်သူတို့ ပြန်လည်ရောက်ရှိလာချိန်တွင်မူ ချင်စီယွီမှာ မျှော်လင့်တကြီးဖြင့် စောင့်ဆိုင်းနေခဲ့လေပြီ။
ချင်စီယွီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အဖေနဲ့ အမေ ဘာလို့ တောင်အောက်ကိုဆင်းသွားကြတာလဲ၊ တော်တော်လေးကြာတယ်နော်”
မိခင်ဖြစ်သူမှာ ထိုအခါမှသာ သမီးဖြစ်သူအား အသိပေးရန် သတိရသွားပြီး ပြုံးကာပြောလိုက်၏။
“သမီး အလုပ်လုပ်ရမယ့် ပတ်ဝန်းကျင်က အရမ်းကောင်းတာကိုမြင်တော့၊ အမေတို့ အငြိမ်းစားယူပြီးရင် ဒီမှာပဲအခြေချနေထိုင်ဖို့ စီစဉ်လိုက်တယ်၊ ဒီနေ့မွန်းလွဲပိုင်းက ဒီမှာ အိမ်တစ်လုံးသွားကြည့်တာ၊ အဆင်ပြေတာနဲ့ ချက်ချင်းဝယ်လိုက်တာ”
ချင်စီယွီတစ်ယောက် မှင်တက်သွားပြန်သည်။ ခေတ္တမျှ ကြက်သေကျသွားပြီးနောက် အလွန်အမင်းစိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
“အမေ... အိမ်တစ်လုံးဝယ်တာက ဈေးထဲမှာ ဟင်းသီးဟင်းရွက် သွားဝယ်သလောက်ကို လွယ်ကူနေပါလား၊ ဒီတိုင်းကြီး ချက်ချင်းဝယ်လိုက်တာပဲလား၊ သမီးက သူဌေးသမီးလေးများ ဖြစ်သွားပြီလား”
မိခင်ဖြစ်သူမှာ သမီးဖြစ်သူ၏ ခေါင်းလေးကို အသာအယာပုတ်လိုက်ရင်း ရယ်မောကာ ပြန်ပြောလာ၏။
“ဘာတွေလျှောက်တွေးနေတာလဲ၊ သမီးရဲ့ မိဘတွေက အဲဒီလောက်လည်း မစွမ်းဆောင်နိုင်ပါဘူး၊ ဒီနှစ်တွေထဲမှာ တို့မိသားစုက ကြီးကြီးမားမား အသုံးစရိတ်တွေ မရှိခဲ့တော့ ငွေနည်းနည်းပါးပါး စုမိဆောင်းမိ ရှိနေတာပါ၊ နောင်တစ်ချိန်ကျရင် အဖေနဲ့အမေက ဒီရွာလေးမှာပဲ အငြိမ်းစားဘဝကို ဖြတ်သန်းကြတော့မယ်လေ”
ချင်စီယွီသည် သူမ၏ခေါင်းကို ပွတ်သပ်လိုက်ရင်း စိတ်အားထက်သန်သော စိတ်ဝင်စားမှုဖြင့် ဆက်မေးလေ၏။
“အဖေ၊ အမေ၊ ဘယ်လိုအိမ်မျိုးဝယ်လိုက်တာလဲ၊ သမီးနဲ့ဝေးလား၊ ဒါဆို သမီး အဆောင်မှာ နေစရာမလိုတော့ဘူးပေါ့နော်”
သူမနေထိုင်ရမည့် အဆောင်လေးမှာ အသစ်ဆောက်လုပ်ထားပြီး သန့်ရှင်းသပ်ရပ်မှု ရှိသော်လည်း အဝတ်လျှော်စက်နှင့် ရေခဲသေတ္တာကဲ့သို့သော ခေတ်မီအသုံးအဆောင်များမရှိသဖြင့် တက္ကသိုလ်ကျောင်းသူဘဝသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားနေရလေသည်။
မိခင်ဖြစ်သူက မျက်လုံးများကို ဟိုဟိုဒီဒီ ကစားလိုက်ရင်း အနည်းငယ် အနေခက်စွာဖြင့် ပြန်ဖြေလိုက်သည်။
“အင်း... အစောကြီး ရှိပါသေးတယ်၊ လောလောဆယ်တော့ သမီး အဆောင်မှာပဲ ဆက်နေလိုက်ဦး၊ အိမ်ကို ပြန်ပြင်ဆောက်ဖို့ လူရှာရဦးမယ်”
ဘေးနားမှ ဖခင်ဖြစ်သူမှာ မနေနိုင်တော့ဘဲ ရယ်မောကာ ဝင်ပြောလိုက်၏။
“မင်းအမေကလေ၊ ရွာသားတစ်ယောက်ရဲ့ ဝက်ခြံဟောင်းကြီးကို ဝယ်လာတာ၊ အဲဒါကို အကုန်လုံးဖျက်ပစ်ပြီး အသစ်ပြန်ဆောက်ရဦးမှာ”
ချင်စီယွီ၏အကြည့်များက မိခင်ဖြစ်သူထံသို့ ချက်ချင်း ရောက်ရှိသွားပြီး အံ့ဩတကြီး ရေရွတ်လိုက်သည်။
“ဝက်ခြံကြီး”
မိခင်ချင်၏မျက်နှာမှာ ရဲတွတ်သွားပြီး ချက်ချင်းပင် ကာကွယ်ပြောဆိုလေသည်။
“ကဲပါ... ဝက်ခြံဆိုတော့ရော ဘာဖြစ်လဲ၊ အဲဒီရောက်တုန်းက ရှင်လည်း ဘာမှကန့်ကွက်တာမျိုး မလုပ်ခဲ့ဘဲနဲ့”
ဖခင်ဖြစ်သူက တိုးညှင်းစွာ ရေရွတ်လိုက်သည်။
“ငါ ကန့်ကွက်လို့ရော ရမှာမို့လို့လား၊ ငါ့မှာ ငြင်းဖို့လွယ်ခဲ့လို့လား”
မိခင်ဖြစ်သူက စကားလမ်းကြောင်းကို ချက်ချင်းလွှဲပစ်လိုက်၏။
“ကဲ... တော်ပြီ၊ တော်ပြီ၊ မြန်မြန် ညစာစားရအောင်၊ ချင်စီယွီ မိုးမွှန်အောင်ချီးကျူးနေတဲ့ အစားအသောက်တွေက တကယ်ပဲ ဘယ်လောက်အရသာရှိမလဲဆိုတာ မြည်းစမ်းကြည့်ကြတာပေါ့၊ နေ့လယ်စာတောင် မစားရသေးဘူး”
သူတို့မိသားစု ဟင်းလျာများမှာယူပြီး နာရီဝက်ခန့်စောင့်ဆိုင်းပြီးနောက်တွင် စားပွဲထိုးလေးသည် ဟင်းပွဲအားလုံးကို လာရောက်ပို့ဆောင်ပေးလေသည်။
တစ်ခါသုံး ပန်းကန်များနှင့် တူများကိုပါ သေချာစွာ ထည့်သွင်းပြင်ဆင်ပေးထားသည်။
ဖခင်ဖြစ်သူက သူ၏ ဗိုက်ကို ပွတ်သပ်ရင်း ဝမ်းသာအားရ ပြောလိုက်၏။
“ရောက်လာပြီဟေ့၊ ငါ့ဗိုက်တွေတောင် တဂွီဂွီမြည်နေပြီ”
သူသည် တစ်နေကုန် ပင်ပန်းထားသဖြင့် အလွန်အမင်း ဆာလောင်နေခဲ့ပြီ ဖြစ်သည်။
ချင်စီယွီက အသားတစ်ဖတ်ကို အလျင်အမြန် ကောက်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။
“ဝိုး... အရမ်းအရသာရှိတာပဲ”
ကြက်သားအစပ်ကြော်၏ အရသာက သူမ၏ပါးစပ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ပြည့်စုံလှသော ချက်ပြုတ်နည်းစနစ်ကို အံ့ဩဖွယ်ရာ ခံစားသိရှိသွားလေသည်။
ဤဟင်းလျာမှာ မီးအပူရှိန် ထိန်းချုပ်မှုကို အထူးစမ်းသပ်သော ဟင်းလျာမျိုးဖြစ်ပြီး သေချာမချက်ပြုတ်နိုင်ပါက ကြက်သားမှာ မာကျောပြီး ခြောက်သွေ့သွားတတ်သည်။
သို့ရာတွင် ချင်စီယွီ စားသုံးလိုက်သော ကြက်သားလေးမှာမူ အပြင်ဘက်တွင် ကြွပ်ရွနေပြီး အတွင်းဘက်တွင်မူ နူးညံ့အိစက်နေလေ၏။
ဆီပူထိုးကြော်ထားသဖြင့် အနည်းငယ် ကြွပ်ရွသော အထိအတွေ့လေးနှင့်အတူ စားပြီးနောက်တွင်လည်း လျှာပေါ်၌ အရသာစွဲကျန်ရစ်စေလေသည်။
ဖခင်နှင့် မိခင်ဖြစ်သူတို့လည်း အလွန်အမင်းအံ့ဩသွားကြသည်။ ဤမျှများပြားလှသော လူအုပ်ကြီးက ကားများမောင်းနှင်လာကာ တန်းစီ၍ပင် စားသောက်ကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ဤအချက်ကို တွေးမိလိုက်သောအခါ မိခင်ချင်မှာ တစ်ဖန်ပြန်လည် ဂုဏ်ယူဝင့်ကြွားလာလေသည်။
ချင်မိခင်က ပြုံးရွှင်စွာ ပြောလာသည်။
“ငါ အိမ်ဝယ်လိုက်တာ မှန်သွားတာပဲ၊ ဒီလောက်အရသာရှိတဲ့ စားသောက်ဆိုင်က အိမ်ဘေးနားမှာပဲ ရှိနေတာဆိုတော့ အငြိမ်းစားယူပြီးရင် ငါတို့တွေ စားချင်တာကို အမြဲစားလို့ရပြီပေါ့”
ဖခင်ဖြစ်သူကမူ သူမ၏စိတ်ကူးယဉ်မှုများကို လက်တွေ့ကျကျ ဖြတ်တောက်လိုက်၏။
“အဲဒါဆိုရင် ကိုယ်တို့တွေ အလုပ်လုပ်နိုင်တုန်းမှာ ပိုက်ဆံပိုရှာထားမှဖြစ်မယ်၊ မဟုတ်ရင် နောက်ပိုင်းကျ စားနိုင်မှာမဟုတ်ဘူး၊ ဒီနေ့ အိမ်တစ်လုံးဝယ်လိုက်ရုံတင် မပြီးသေးဘူး၊ အဲဒါကို အကုန်ဖျက်ပြီး အသစ်ပြန်ဆောက်ရဦးမှာလေ၊ ခန့်မှန်းခြေ တွက်ကြည့်ရင်တောင် ပြန်ဆောက်ဖို့နဲ့ အလှဆင်ဖို့က ယွမ် ငါးသိန်းလောက် ကုန်ကျနိုင်တယ်၊ ပြီးတော့ တခြားစရိတ်တွေလည်းရှိသေးတယ်”
……
အောက်ထပ်တွင်မူ အလုပ်များနေသော လီရှီးရှီးသည် သူမ၏ဖုန်းမြည်သံကို ကြားလိုက်ရသည်။
ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ ယာတောအိမ်အက်ပ်မှ အရံတာဝန်အသစ်တစ်ခု ချပေးလိုက်ကြောင်း တွေ့ရှိလိုက်ရ၏။
(စားဖိုမှူးကြီးကျန်း (ကျန်းဖျင်) သည် မကြာသေးမီက စိတ်ဓာတ်ကျဆင်းနေပါသည်။ သူ့ကို စိတ်ပျော်ရွှင်လာစေရန် နည်းလမ်းရှာဖွေပါ)
ဤတာဝန်ကို မြင်လိုက်ရသောအခါ လီရှီးရှီးတစ်ယောက် မှင်တက်သွားမိသည်။ ‘စားဖိုမှူးကြီးကျန်းက စိတ်ဓာတ်ကျနေတယ်တဲ့လား'
ယနေ့မနက်တင် သူက သူမကို ရယ်ရယ်မောမောဖြင့် နှုတ်ဆက်သွားသေးပြီး တော်တော်လေး ပျော်ရွှင်နေသည့်ပုံ ပေါက်နေခဲ့သည် မဟုတ်ပါလော။
သူ၏ ရင်ထဲတွင် တစ်စုံတစ်ရာသော သောကများ ရှိနေလေသလား။
လီရှီးရှီးသည် ဖုန်းကိုသိမ်းဆည်းလိုက်ပြီး မီးဖိုချောင်ဆီသို့ လျှောက်သွားလိုက်သည်။ စားဖိုမှူးများအားလုံးမှာ အလုပ်များဖြင့် ရှုပ်ယှက်ခတ်နေကြပြီး သူမအနေဖြင့် မည်သည့်ထူးခြားချက်ကိုမျှ သတိမထားမိပေ။
ထို့ကြောင့် စားဖိုမှူးကြီးကျန်း အလုပ်ဆင်းမည့်အချိန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
အလုပ်ဆင်းချိန်ရောက်သောအခါ လီရှီးရှီးက စားဖိုမှူးကြီးကျန်းကို လှမ်းခေါ်လိုက်သည်။
တစ်စုံတစ်ယောက်က သူမကို အရည်အသွေးကောင်းမွန်သော ဝိုင်တစ်ပုလင်း လက်ဆောင်ပေးထားကြောင်း၊ သူမကိုယ်တိုင်မှာ အရက်မသောက်တတ်သဖြင့် ဝန်ထမ်းများထဲတွင် အရက်အနှစ်သက်ဆုံးဖြစ်သည့် စားဖိုမှူးကြီးကျန်းကို ထိုဝိုင်ပုလင်းလက်ဆောင်ပေးရန် စီစဉ်ထားကြောင်း ပြောပြလိုက်၏။
စားဖိုမှူးကြီးကျန်းသည် လီရှီးရှီး၏အခန်းသို့ လိုက်ပါသွားပြီးနောက် လီရှီးရှီးက ယခင်တစ်ခေါက် ရှီယန့်ထံမှ စာတိုက်မှတစ်ဆင့် ရောက်ရှိလာသော ဝိုင်ပုလင်းကို ဗီရိုထဲမှ ထုတ်ယူလိုက်သည်။
ထို့နောက် သူမသည် စားဖိုမှူးကြီးကျန်းနှင့်အတူ မိနစ်အနည်းငယ်ခန့် စကားစမြည်ပြောဆိုရင်း မကြာသေးမီက သူ အခက်အခဲတစ်စုံတစ်ရာများ ကြုံတွေ့နေရသလားဟု သွယ်ဝိုက်သောနည်းလမ်းဖြင့် မေးမြန်းလိုက်သည်။
စားဖိုမှူးကြီးကျန်းမှာ များစွာ တွေးတောနေခြင်းမရှိဘဲ ရင်ဖွင့်လာလေ၏။
“ဟူး... လတ်တလောမှာ ကျွန်တော် တော်တော်လေး စိတ်ရှုပ်စရာတွေရှိနေတယ်၊ ဒါပေမဲ့ ဘယ်သူ့ကိုရင်ဖွင့်ရမှန်းမသိ ဖြစ်နေတာ”
လီရှီးရှီးက အဓိကအချက်ကို ဖမ်းမိသွားပြီး စိုးရိမ်တကြီးဖြင့် အလျင်အမြန်ပြောလိုက်သည်။
“ကျွန်မကိုသာပြောပြပါ၊ ကျွန်မက ဘယ်သူ့ကိုမှ လျှောက်မပြောပါဘူး”
စားဖိုမှူးကြီးကျန်းက သက်ပြင်းချကာ ရှင်းပြလာသည်။
“ပြောရမှာတော့ နည်းနည်း ရှက်စရာကောင်းပေမဲ့ ဒီလိုပါဗျာ၊ စားဖိုမှူးကူရဲ့ ချက်ပြုတ်ရေးစွမ်းရည်က ကျွန်တော့်ထက်ပိုသာတော့ ဧည့်သည်တွေက သူ့ရဲ့ နာမည်ကြီးဟင်းလျာတွေကိုပဲ ပိုပြီးမှာစားချင်ကြတယ်၊ ဝန်ထမ်းတွေဆိုရင်တောင် သူကြော်လှော်ထားတာတွေကိုပဲ ပိုစားချင်ကြတာ၊ ဒါကလည်း သဘာဝပါပဲလေ၊ ဘယ်သူက ပိုကောင်းတဲ့အစားအသောက်ကို မစားချင်ဘဲ နေပါ့မလဲ၊ ဒါ့အပြင် သူက လူကောင်းတစ်ယောက်ပါ၊ အားတဲ့အချိန်တွေဆိုရင် ကျွန်တော့်ရဲ့ ချက်ပြုတ်မှုတွေကိုတောင် သူက လမ်းညွှန်ပြသပေးသေးတယ်၊ ကျွန်တော့်ရဲ့စွမ်းရည်တွေလည်း အများကြီး တိုးတက်လာခဲ့ပါတယ်၊ ပြောရရင် သူ့မှာ အလွန်သိတတ်တဲ့ တပည့်နှစ်ယောက်တောင် ရှိသေးတယ်လေ၊ ကျွန်တော့်မှာတော့ တစ်ကောင်ကြွက်လူပျိုကြီးဘဝနဲ့၊ တစ်ခါတလေ စကားပြောချင်ရင်တောင် ဘယ်သူ့ကိုပြောရမှန်း မသိဘူးဗျာ”
လီရှီးရှီးသည် စားဖိုမှူးကြီးကျန်း၏ ရှည်လျားလှသော ရင်ဖွင့်သံများကို အချိန်အတန်ကြာ နားထောင်ပြီးနောက် သူသည် အထီးကျန်နေသဖြင့် အိမ်ထောင်ဘက်တစ်ဦး ရှာဖွေလိုနေကြောင်း နားလည်သွားခဲ့၏။
အက်ပ်မှ စေလွှတ်ထားသော ဝန်ထမ်းများတွင်ပင် ဤကဲ့သို့သောသောကများ ရှိနေတတ်ကြောင်း လီရှီးရှီး တစ်ခါမှမသိခဲ့ဖူးပေ။
ထို့နောက် သူမက ဆက်လက်မေးမြန်းလိုက်သည်။
“ဦးလေးကျန်း သဘောကျနေတဲ့ လူတစ်ယောက်များ ရှိနေပြီလား”
ထိုအခါ စားဖိုမှူးကြီးကျန်းက အနည်းငယ်ရှက်ရွံ့နေသောဟန်ဖြင့် ပြန်ဖြေလေသည်။
“တကယ်တော့လေ... အန်တီလျူ (လျူယွီမိန်) နဲ့ ကျွန်တော်က ဒီကို အချိန်အတူတူလောက် ရောက်လာခဲ့ကြတာ၊ အချိန်အတော်ကြာအောင် အတူနေလာပြီးတဲ့နောက် သူ့ကို လူကောင်းတစ်ယောက်လို့ ကျွန်တော်ထင်မိတယ်၊ ဒါပေမဲ့ သူ့ဘက်က ဘယ်လိုသဘောထားလဲဆိုတာ ကျွန်တော်မသိဘူးလေ၊ ပြီးတော့ ဖွင့်ပြောဖို့လည်း ကျွန်တော့်မှ သတ္တိမရှိခဲ့ဘူး”
‘အန်တီလျူလား' လီရှီးရှီးသည် သေချာစွာ နောက်ကြောင်းပြန် တွေးကြည့်လိုက်သည်။
ထိုအမည်ဖြင့် ဝန်ထမ်းတစ်ဦး ရှိနေခဲ့သည်လော။
ခေတ္တမျှ ကြာပြီးနောက် သူမ ရုတ်တရက် သတိရသွားသည်။
လီရှီးရှီးက ပြုံးကာ ပြောလိုက်လေ၏။
“အစ်မလျူကို ပြောတာမဟုတ်လား”