← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

111

စားဖိုမှူးကြီးကျန်းက အသာအယာ ခေါင်းညိတ်ပြလိုက်၏။ ထိုအခါ လီရှီးရှီးသည် စားဖိုမှူးကြီးကျန်း၏ ပခုံးကို အားပေးသည့်အနေဖြင့် ပုတ်လိုက်ရင်း ပြောလိုက်သည်။

“ဦးလေးကျန်းအတွက် ကျွန်မ သွားမေးပေးပါ့မယ်၊ ပုံမှန်ဆိုရင် ဦးလေးကျန်းက တော်တော်လေးပွင့်လင်းပြီး ဖြောင့်မတ်တဲ့ လူတစ်ယောက်လို ထင်ရပေမဲ့၊ နှလုံးသားရေးရာကိစ္စတွေနဲ့ ပတ်သက်လာရင်တော့ ဘာလို့များ ဒီလောက်တောင် တွန့်ဆုတ်နေရတာလဲ၊ အကယ်၍သာ ကျွန်မက ဝင်မမေးခဲ့ဘူးဆိုရင် ဦးလေးကျန်းက ဒီအတိုင်း နှုတ်ဆိတ်နေတော့မှာလား”

နောက်တစ်နေ့တွင်မူ လီရှီးရှီးသည် မည်သူမှ သတိမထားမိသော အချိန်လေးကို အခွင့်ကောင်းယူ၍ အစ်မလျူအား သွားရောက်တွေ့ဆုံလေသည်။

သူတို့နှစ်ဦး မိနစ်အနည်းငယ်ခန့် အလာပသလာပ စကားများ ပြောဆိုပြီးနောက်တွင် လီရှီးရှီးက အဓိကအကြောင်းအရာဆီသို့ ချောမွေ့စွာ ကူးပြောင်းလိုက်၏။

“အစ်မလျူက ဒီမှာ အလုပ်လုပ်နေတာ တော်တော်လေးကြာနေပြီနော်၊ အသက်အရွယ်ရလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးနိုင်ဖို့ ကိုယ့်ဘေးမှာ အဖော်ပြုပေးမယ့် အိမ်ထောင်ဘက်တစ်ယောက်ရှာဖို့ရော မစဉ်းစားဖူးဘူးလား”

အစ်မလျူ၏မျက်နှာလေးမှာ အနည်းငယ် ရဲတွတ်သွားပြီး ရှက်ရွံ့စွာဖြင့် ပြန်ဖြေလေသည်။

“ငါက ဘယ်လောက်တောင် အသက်ကြီးနေပြီလဲ၊ အခုထက်ထိ ကလေးမလေးတစ်ယောက်လိုပဲ နေချင်သေးတာ၊ အခုအချိန်မှာ ငါရှာတွေ့နိုင်မယ့် လူတွေကလည်း သေချာပေါက် ကလေးတွေရှိနေမှာပဲ၊ အဲဒီအခါကျရင် သူတို့ရဲ့ ကလေးတွေကိုပါ ငါက ပြုစုစောင့်ရှောက်ပေးနေရဦးမယ်၊ အဲဒါက ဘယ်လောက်တောင်ပင်ပန်းလိုက်မလဲ၊ လုံးဝ မတန်ဘူးလေ”

ထိုစကားကို ကြားလိုက်ရသောအခါ အစ်မလျူအနေဖြင့် အိမ်ထောင်ဘက်ရှာဖွေရန် ဆန့်ကျင်နေခြင်းမဟုတ်ဘဲ၊ မိထွေးတစ်ယောက် မဖြစ်ချင်သောကြောင့်သာ ဖြစ်သည်ဟု လီရှီးရှီး ကောက်ချက်ချလိုက်မိသည်။

ဤအခြေအနေကို ကြည့်ရသည်မှာ စားဖိုမှူးကြီးကျန်းအတွက် အခွင့်အရေး ရှိနေသေးသည်ထင်၏။ လီရှီးရှီးက ဆက်လက်၍ မေးမြန်းလိုက်သည်။

“အကယ်၍ အဲဒီလူက ကလေးလည်းမရှိဘူး၊ အစ်မလျူထက် အသက်နည်းနည်းပဲ ကြီးတာဖြစ်ဖြစ် ငယ်တာဖြစ်ဖြစ်၊ အရပ်ကလည်းရှည်ပြီး ယုံကြည်အားကိုးရမယ့် ရုပ်ရည်သွင်ပြင်မျိုးလည်း ရှိတယ်၊ တည်ငြိမ်တဲ့ အလုပ်အကိုင်တစ်ခုလည်း ရှိပြီးတော့ အစ်မလျူကိုလည်း သဘောကျနေတယ်ဆိုရင်ကော”

အစ်မလျူက ရယ်မောကာပြန်ပြောသည်။

“ဟားဟားဟားဟား... သူဌေးလေးကလည်း ငါ့ကို မစနောက်ပါနဲ့၊ အဲဒီလိုလူမျိုးကို ဘယ်ကနေ သွားရှာတွေ့နိုင်မှာလဲ”

လီရှီးရှီးက ချက်ချင်းပင် နှုတ်ဆွတ်ကာ ပြောလိုက်မိ၏။

“ရှိတာပေါ့၊ ကျွန်မတို့မီးဖိုချောင်ထဲက ဦးလေးကျန်းလေ... အို... ဒုက္ခပါပဲ၊ ငါ ဘာလို့များ ပါးစပ်ချော်ပြီး ပြောထွက်သွားရတာလဲ”

လီရှီးရှီးသည် ပြောစကားမနာခံသော သူမ၏ပါးစပ်ကို အလျင်အမြန်ပင် ရိုက်ချလိုက်မိသည်။

အစ်မလျူ၏မျက်နှာမှာ အနည်းငယ် ရဲတွတ်သွားပြီး သူမ၏အကြည့်များက ကြမ်းပြင်ဆီသို့ မသိမသာရောက်ရှိသွားကာ တိုးညင်းစွာ ပြောလိုက်၏။

“အကိုကျန်းလား... သူက...”

ထို့နောက် အစ်မလျူက လီရှီးရှီးကိုကြည့်ကာ ပြုံးစစဖြင့်မေးလိုက်သည်။

“သူဌေးမလေးက တို့နှစ်ယောက်ကို သဘောတူအောင် အောင်သွယ်ပေးနေတာလား၊ တို့အထင်တော့ အကိုကျန်းက တော်တော်လေး ကောင်းတဲ့လူတစ်ယောက်ပါ၊ ဒါပေမဲ့ သူက တို့ကို စိတ်ဝင်စားပါ့မလား ဆိုတာတော့ မသိဘူးလေ”

အခွင့်အရေး ရသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် လီရှီးရှီး၏မျက်လုံးများ အရောင်လက်သွားသည်။

သူမက စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလေ၏။

“ဦးလေးကျန်းကိုယ်တိုင်က ကျွန်မကိုပြောပြခဲ့တာပါ၊ အဲဒါကြောင့် အစ်မလျူကို လာမေးကြည့်တာ၊ ဒါဆို အစ်မလျူက သဘောတူတယ်ပေါ့”

အစ်မလျူက ခေတ္တမျှစဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။

“တို့ သူ့ကို အရင်သွားပြောကြည့်ပါရစေဦး၊ တကယ်လို့များ အဆင်ပြေသွားခဲ့ရင် နင်က တို့နှစ်ယောက်ရဲ့ အောင်သွယ်တော်ပေါ့ဟယ်”

အစ်မလျူ၏စနောက်မှုကြောင့် လီရှီးရှီးမှာ ရယ်မောလိုက်ပြီး ငြင်းဆန်လိုက်၏။

“ကျွန်မက ဘယ်လိုလုပ် အောင်သွယ်တော်ဖြစ်ရမှာလဲ၊ သူများ စကားလာပါးတာကို တစ်ဆင့်ပြန်ပြောပြရုံပါပဲ၊ အရပ်အမောင်းကလည်း အဲ့လောက်ရှည်ပြီး ဦးလေးကျန်းက အဲ့ဒီလောက်တောင် နှုတ်လုံလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ကျွန်မသာသွားမမေးခဲ့ရင် တကယ်ကို သိခဲ့ရမှာမဟုတ်ဘူး”

…

(ဒင်! စားဖိုမှူးကြီးကျန်း (ကျန်းဖျင်) သည် မကြာသေးမီက စိတ်ဓာတ်ကျဆင်းနေပါသည်။ သူ့ကို စိတ်ပျော်ရွှင်လာစေရန် နည်းလမ်းရှာဖွေပါ။ (ဖြေရှင်းပြီး))

လဝက်ခန့် ကြာမြင့်ပြီးနောက် လီရှီးရှီးသည် ဤပြီးမြောက်သွားသော တာဝန်ကို မြင်လိုက်ရသောအခါ မျက်ခုံးပင့်ကာ ပြုံးလိုက်မိသည်။

သူတို့နှစ်ဦး အဆင်ပြေသွားကြပြီ ဖြစ်ရပေမည်။ လီရှီးရှီးက သူမကိုယ်သူမ ဝန်ထမ်းများအပေါ် အလွန်အမင်း ဂရုမစိုက်ဖြစ်ကြောင်း တိတ်တဆိတ် တွေးတောနေမိသည်။

အကယ်၍ ဤတာဝန်သတိပေးချက်သာ မရှိခဲ့ပါက သူတို့နှစ်ဦးကြားရှိ အပြောင်းအလဲများကို သူမ သတိထားမိခဲ့မည်မဟုတ်ပေ။

သို့သော်လည်း အလုံးစုံခြုံကြည့်လျှင်တော့ ၎င်းမှာ ကောင်းမွန်သော ကိစ္စရပ်တစ်ခုပင်။ လီရှီးရှီးသည် တာဝန်ပြီးမြောက်မှု ဆုလာဘ်ကို ရယူရန် အေးအေးလူလူပင် နှိပ်လိုက်လေသည်။

အဖြူရောင် အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက်...

(ဒင်! ဂုဏ်ယူပါသည်။ “အသစ်စက်စက်” အထောက်အကူပြုစွမ်းရည်ကို ရရှိသွားပါပြီ။ ဤ အထောက်အကူပြုစွမ်းရည်ကို နှစ်ဆယ့်လေးနာရီလျှင် တစ်ကြိမ် အသုံးပြုနိုင်ပြီး အသုံးပြုနိုင်သည့် နယ်ပယ်မှာ ယာတောအိမ် အတွင်း၌သာ ဖြစ်ပါသည်။)

‘ဒါ အရမ်းကောင်းတာပဲ’

လီရှီးရှီးမှာ ဝမ်းသာလွန်းသဖြင့် သူမ၏ ဖုန်းကို ဖက်ထားပြီး နမ်းရှိုက်လိုက်မိသည်။ ဤသန့်ရှင်းရေး အထောက်အကူပြုစွမ်းရည်ကို ရရှိလိုက်ခြင်းမှာ ကျားကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ပင်။

ပုံမှန်အားဖြင့် လူတိုင်းက သန့်ရှင်းရေးကို အလွန်ကြိုးကြိုးစားစား လုပ်ဆောင်ကြသော်လည်း၊ မီးဖိုချောင်ကဲ့သို့ ဆီခိုးဆီငွေ့များ ထူထပ်သည့် နေရာများ သို့မဟုတ် လျှို့ဝှက်သော ထောင့်ချိုးနေရာများအတွက်မူ လစ်ဟာနေမှုများ အနည်းနှင့်အများဆိုသလို ရှိနေတတ်သည်။

လီရှီးရှီးသည် သန့်ရှင်းရေး အထောက်အကူပြုစွမ်းရည်ကို ဦးစွာအသုံးပြုရန် အလျင်အမြန် နှိပ်လိုက်ပြီးနောက်၊ ထောင့်ချိုးနေရာများတွင် အညစ်အကြေးများ ကင်းစင်သွားခြင်း ရှိမရှိကို သိချင်ဇောဖြင့် သွားရောက်ကြည့်ရှုလိုက်သည်။

‘ဟင်... ဘာဖြစ်သွားတာလဲ “အသစ်စက်စက်” အထောက်အကူပြုစွမ်းရည်က အလုပ်မလုပ်ဘူးလား၊ ထောင့်ချိုးတွေမှာ ဖုန်မှုန့်ပါးပါးလေး တစ်လွှာ ရှိနေသေးပါလား'

သူမ၏ လက်ချောင်းလေးဖြင့် စမ်းကြည့်လိုက်သောအခါ ဖုန်အနည်းငယ် ရှိနေသေးကြောင်း တွေ့ရှိလိုက်ရသည်။

‘ဒီ အထောက်အကူပြုစွမ်းရည်က အတုများ ဖြစ်နေမလား'

သို့ရာတွင် သုံးရက်ဆက်တိုက် လေ့လာစောင့်ကြည့်ပြီးနောက်တွင်မူ လီရှီးရှီးသည် ဤအထောက်အကူပြုစွမ်းရည်မှာ သန့်ရှင်းရေးဝန်ထမ်းများက နံနက်ပိုင်းတွင် သန့်ရှင်းရေးလုပ်ပြီးမှသာ အာနိသင်ပြကြောင်း တွေ့ရှိလိုက်ရသည်။

သန့်ရှင်းရေးလုပ်ပြီးနောက်တွင်မူ မီးဖိုချောင်ရှိ ကြွေပြားများပင်လျှင် အရောင်လက်ကာ သန့်ရှင်းတောက်ပသွားလေ၏။

ဤသည်ကလည်း ကောင်းမွန်သော အချက်တစ်ချက်ပင်။ သို့မဟုတ်ပါက အားလုံး သန့်ရှင်းရေးမလုပ်ရသေးခင်ကတည်းက အိမ်က သန့်ရှင်းပြောင်လက်နေမည်ဆိုလျှင် အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း၏သံသယကို သေချာပေါက် ဖြစ်ပေါ်စေမည်သာ။

…

(တိုက်ရိုက်ထုတ်လွှင့်မှု အခြေအနေ: :ပရိသတ်ကြီးရေ၊ အခုလက်ရှိ အပူချိန်က စင်တီဂရိတ် သုံးဆယ်ကျော်နေပါပြီ၊ ဒါပေမဲ့ ကောင်းမွန်တဲ့ အစားအသောက်တွေအပေါ် လူတွေရဲ့ ချစ်ခင်နှစ်သက်မှုကိုတော့ မတားဆီးနိုင်သေးပါဘူး။ ကျွန်တော့်ရဲ့ ပရိသတ်သူငယ်ချင်းတွေ အများကြီးက လီရှန်းယာတောအိမ်ကို သွားရောက်လေ့လာဖို့ စာတိုတွေ ချန်ထားခဲ့ကြပါတယ်၊ လီရှန်းယာတောအိမ် ဆိုတဲ့ နာမည်ကို ကျွန်တော်တို့ရဲ့ ပရိသတ်သူငယ်ချင်း တော်တော်များများ သိကြမယ်လို့ ယုံကြည်ပါတယ်။ သူက ဒေသတွင်းမှာတင် နာမည်ကြီးနေတာ မဟုတ်ပါဘူး၊ တခြားဒေသက သူငယ်ချင်းတွေ အများကြီးကလည်း ထမင်းတစ်နပ် စားဖို့အတွက်နဲ့ လီရှန်းယာတောအိမ်ကို အထူးတလည် လာရောက်ကြပါတယ်၊ ဒီလောက် လူကြိုက်များပြီး အင်တာနက်မှာ နာမည်ကြီးနေတဲ့ စားသောက်ဆိုင်လေးမှာ ကြိုတင်စာရင်းသွင်းလို့ မရဘူးဆိုပြီး လူတော်တော်များများက ကျွန်တော့်ကို စာပို့ထားကြတယ်။ ဒီနေ့တော့ ဒီနာမည်ကြီး စားသောက်ဆိုင်လေးရဲ့ မီးဖိုချောင် နောက်ဘက်က အစားအသောက် ဘေးကင်းလုံခြုံရေး အခြေအနေကို အတူတူ သွားကြည့်ကြရအောင်ဗျာ)

တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ရန်အတွက် ဖုန်းကို မျက်နှာမူထားသူမှာ ဒေသဆိုင်ရာ စျေးကွက်ကြီးကြပ်ရေးဗျူရိုမှ ရှောင်ကျန်းဖြစ်သည်။

သူသည် အစားအသောက် ဘေးကင်းလုံခြုံရေးအတွက် ရှောင်တခင် ဝင်ရောက်စစ်ဆေးသည့် ဗီဒီယိုအချို့ကို ရိုက်ကူးခဲ့ပြီးနောက် ဗီဒီယိုပလက်ဖောင်းတစ်ခုပေါ်တွင် ရေပန်းစားလာခဲ့သူဖြစ်၏။

ထို့အပြင် ယခုအခါ ပရိသတ်အများအပြားက ၎င်းတို့အား လီရှန်းယာတောအိမ်သို့ သွားရောက်စေချင်ကြောင်း စာတိုများ ချန်ထားခဲ့ကြသည်။

လီရှန်းယာတောအိမ်၏ ရုတ်တရက် အောင်မြင်ကျော်ကြားလာမှုကြောင့် ဒေသတွင်းရှိ အစဉ်အလာကြီးမားသော စားသောက်ဆိုင်အချို့နှင့် ဟိုတယ်များ၏စီးပွားရေးမှာ ထိခိုက်နစ်နာမှုများ ရှိလာခဲ့သည်။

ဈေးကွက်ကြီးကြပ်ရေးဗျူရိုမှ ခေါင်းဆောင်တစ်ဦးနှင့်အတူ ညစာအတူစားနေသည့် သူဌေးတစ်ဦးလည်း ရှိနေခဲ့၏။ အရက်သောက်ပြီးနောက် လာမည့်သောကြာနေ့တွင် လီရှန်းယာတောအိမ်အား ဝင်ရောက်စစ်ဆေးရန် စီစဉ်ထားကြောင်းကို ထိုသူဌေးက မမျှော်လင့်ဘဲ သိရှိသွားခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ရန် ချက်ချင်းအကြံပြုခဲ့ခြင်း ဖြစ်သည်။

ထိုသူ၏ မသမာသောရည်ရွယ်ချက်ဖြင့် မဆုတ်မနစ်ဖျောင်းဖျပြောဆိုမှုကြောင့် ခေါင်းဆောင်ဖြစ်သူမှာ ထိုအကြံပြုချက်ကို စိတ်ဝင်စားသွားခဲ့သည်။

ထို့အပြင် ထိုသူဌေးက နေရာတစ်နေရာတည်းကိုသာ စစ်ဆေးခြင်းမှာ ကြည့်ရှုသူများအတွက် အားရကျေနပ်မှုရှိမည်မဟုတ်ကြောင်း အကြံပေးခဲ့သေး၏။

ပရိသတ်များ နှစ်သက်သဘောကျမည့် နှိုင်းယှဉ်ချက်တစ်ခု ဖန်တီးနိုင်ရန်အတွက် စားသောက်ဆိုင်များစွာကို ကျပန်းရွေးချယ်ကာ ပူးပေါင်း၍ ရှောင်တခင်ဝင်ရောက်စစ်ဆေးရန်လည်း သူက အဆိုပြုခဲ့သည်။

ဈေးကွက်ကြီးကြပ်ရေးဗျူရို၏ ခေါင်းဆောင်က ၎င်းမှာ အလွန်ယုတ္တိရှိကြောင်း တွေးတောမိလိုက်သည်။

သို့ရာတွင် သူ တစ်စုံတစ်ရာကို ပါးစပ်ချော်ပြောမိသွားပြီဖြစ်ကြောင်း သတိပြုမိသွားပြီး၊ အချို့သောစားသောက်ဆိုင်များက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားမည်ဆိုပါက ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်း၏ရည်ရွယ်ချက် ပျက်ပြားသွားမည်ကို ခေါင်းဆောင်ဖြစ်သူက စိုးရိမ်သွားခဲ့၏။

နောက်တစ်နေ့ နံနက်စောစောတွင် ခေါင်းဆောင်ဖြစ်သူက ဖြောင်ဖြောင်ထွမ်ဝက်ဘ်ဆိုက်ပေါ်တွင် လူကြိုက်အများဆုံးဖြစ်နေသော စားသောက်ဆိုင်များသို့ တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးရန် ၎င်းတို့ဗျူရိုမှ လူငယ်အချို့ကို ချက်ချင်းစေလွှတ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ခေါင်းဆောင်ဖြစ်သူက ညွှန်ကြားချက်များ ပေးလေသည်။

“ကဲ... ပြောစရာရှိတာကတော့ဒီလောက်ပဲ၊ ရှောင်ကျန်းနဲ့ ရှောင်ကျီ၊ မင်းတို့နှစ်ယောက် အခု လီရှန်းယာတောအိမ်ကို ကားမောင်းသွားကြ၊ ကားပေါ်က ဆင်းတာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်း စလုပ်ရမယ်၊ နားလည်လား၊ ရှောင်လီနဲ့ ရှောင်လျူ၊ မင်းတို့နှစ်ယောက်က ဒုတိယအဆင့်ချိတ်နေတဲ့ ရွှမ်ဖူထန် ကို သွားကြ။ ရှောင်ဟန်နဲ့ ရှောင်ချင်း၊ မင်းတို့နှစ်ယောက်က...”

ရှောင်ကျန်းနှင့် ရှောင်ကျီတို့သည် လီရှန်းယာတောအိမ်သို့ ရောက်ရှိလာပြီးနောက် ခေါင်းဆောင်၏ဆုံးဖြတ်ချက်အတိုင်း တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့ကြ၏။ ရှောင်ကျန်းသည် ဧည့်ကြိုကောင်တာသို့ ချဉ်းကပ်သွားပြီး မေးမြန်းလိုက်သည်။

“ဒီကတာဝန်ခံ ဘယ်မှာလဲခင်ဗျာ၊ ကျွန်တော်တို့က စျေးကွက်ကြီးကြပ်ရေးဗျူရိုက လာတာပါ၊ အခု လီရှန်းယာတောအိမ်ကို ဝင်ရောက်စစ်ဆေးမှု ပြုလုပ်မှာ ဖြစ်ပါတယ်”

စျေးကွက်ကြီးကြပ်ရေးဗျူရို၏ အကောင့်ကို စောင့်ကြည့်နေကြသော ပရိသတ်များစွာသည် တိုက်ရိုက်ထုတ်လွှင့်မှုကို မြင်တွေ့သွားပြီး ဝင်ရောက်ကြည့်ရှုခဲ့ကြသည်။

အချိန်တိုအတွင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် အင်တာနက်အသုံးပြုသူ ထောင်ပေါင်းများစွာ ရှိလာချေပြီ။

ယနေ့တွင် စျေးကွက်ကြီးကြပ်ရေးဗျူရိုမှ လီရှန်းယာတောအိမ်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးနေသည်ကို မြင်တွေ့ရသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော အင်တာနက်အသုံးပြုသူ အများအပြားက မှတ်ချက်များပေးလာကြသည်။

(ရာသီဥတုက အရမ်းပူတာပဲ၊ ကြီးကြပ်ရေးဗျူရိုက လူငယ်လေးတွေ တကယ်ကို အလုပ်ကြိုးစားကြတာပဲ၊ အပူရှပ်တာမျိုး မဖြစ်ရအောင် သတိထားကြပါဦး)

(လီရှန်းယာတောအိမ် ဟုတ်လား၊ ဒီနေရာကို ငါသိတယ်၊ ဖြောင်ဖြောင်ထွမ်ဝက်ဘ်ဆိုက်မှာ အမြဲတွေ့နေရတာ၊ အရသာက အရမ်းကောင်းတယ်လို့ ကြားဖူးပေမဲ့ အရမ်းဝေးလွန်းလို့ တစ်ခါမှတော့ မရောက်ဖူးသေးဘူး။)

(ဒီတစ်ခေါက်က တိုက်ရိုက်ထုတ်လွှင့်ပြီး စစ်ဆေးတာပဲ၊ လီရှန်းယာတောအိမ်မှာ ဘာအမှားအယွင်းမှ မတွေ့ရဖို့ မျှော်လင့်ပါတယ်၊ ငါ ကံကောင်းလို့ တစ်ခါသွားစားဖူးတယ်၊ အပိုပြောတာမဟုတ်ဘူးနော်၊ အဲဒီကအရသာက ငါ့ကို တစ်လလောက်အထိ နှုတ်ဖျားကမချနိုင်အောင် ဖြစ်စေခဲ့တာ၊ ပြန်ရောက်ပြီး နောက်ပိုင်းစားသမျှ အစားအသောက်တွေအကုန်လုံး တစ်ခုခုလိုအပ်နေသလို ခံစားနေရတယ်)

စျေးကွက်ကြီးကြပ်ရေးဗျူရိုမှ ရှောင်ကျန်းနှင့် ရှောင်ကျီတို့သည် ၎င်းတို့၏သက်သေခံကတ်ပြားများကို ထုတ်ပြလိုက်ကြသည်။

ဧည့်ကြိုကောင်တာမှ စွန်းရှောင်ယွင်သည် လီရှီးရှီးထံသို့ အလျင်အမြန် ဖုန်းဆက်အကြောင်းကြားလိုက်တော့၏။

သတင်းကြားသည်နှင့် တစ်ပြိုင်နက် လီရှီးရှီးသည် ဧည့်ကြိုကောင်တာသို့ ချက်ချင်းရောက်ရှိလာခဲ့လေတော့သည်။

112

လီရှီးရှီးက ပရိသတ်များကို ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်လိုက်သည်။

“အားလုံးပဲ မင်္ဂလာပါရှင်၊ ကျွန်မကတော့ လီရှန်းယာတောအိမ်ရဲ့တာဝန်ခံ လီရှီးရှီးပါ”

လီရှီးရှီး၏ လှပကျော့ရှင်းသော အသွင်အပြင် ထွက်ပေါ်လာမှုက တိုက်ရိုက်ထုတ်လွှင့်မှု၏ အရှိန်အဟုန်ကို အထွတ်အထိပ်သို့ တွန်းပို့ပေးလိုက်လေသည်။

(ဝိုး... သူဌေးမလေးက အရမ်းလှတာပဲ။)

(အပေါ်ထပ်ကလူ မသိသေးဘူးထင်တယ်။ ‘တောင်ကြားထဲကဘဝ’ ရိုက်ကူးတုန်းက သူဌေးမလေး ထွက်ပေါ်လာဖူးပြီး ဝီဘိုရဲ့ ရေပန်းအစားဆုံး ရှာဖွေမှုတွေမှာတောင် ပါခဲ့သေးတာ။)

(ဒီလောက်လှတဲ့ကောင်မလေး ဖွင့်ထားတဲ့ဆိုင်ဆိုတော့ သေချာပေါက် အရမ်းသန့်ရှင်းနေမှာပဲ။)

(အပေါ်ထပ်ကလူရေ၊ အပြင်ပန်းကြည့်ပြီး မဆုံးဖြတ်ပါနဲ့ဦး။ အိမ်မှာ ခြေချစရာနေရာတောင် မရှိအောင် ရှုပ်ပွနေတဲ့ မိန်းမလှလေးတွေကို ကျွန်တော် အများကြီး မြင်ဖူးတယ်။)

(သူဌေးမလေးရဲ့ ရုပ်ရည်လေးအတွက်နဲ့တင် မီးဖိုချောင်က မသန့်ရှင်းရင်တောင် ငါကတော့ သွားစားမှာပဲ။ စကားပုံတောင် ရှိသေးတယ်မဟုတ်လား ‘မသန့်ရှင်းလည်း ရောဂါမရနိုင်ပါဘူး’ တဲ့။)

(အပေါ်ထပ်က ဘရိုက တကယ့် ‘ဝံပုလွေလူကြမ်း’ ပဲ၊ ‘လူကြမ်း’ ထက်တောင် ပိုပြီးရက်စက်သေးတယ်။)

ရှောင်ကျန်းက သူ၏မျက်မှန်ကို အသာပင့်တင်လိုက်ရင်း တည်ကြည်သောဟန်ဖြင့် မေးလိုက်သည်။

“ခင်ဗျားတို့ရဲ့ စီးပွားရေးလုပ်ငန်းလိုင်စင်က ဘယ်မှာလဲ၊ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းလိုင်စင်ကို အရင်ဆုံး စစ်ဆေးပါမယ်”

လီရှီးရှီးက ပြုံးရွှင်စွာဖြင့် လမ်းညွှန်ပြသလိုက်၏။

“ဟုတ်ကဲ့ပါ၊ နံရံမှာ ချိတ်ဆွဲထားပါတယ်ရှင်”

ထိုသို့ပြောပြီးနောက် လီရှီးရှီးသည် ရှေ့မှဦးဆောင်ကာ စီးပွားရေးလုပ်ငန်းလိုင်စင် ချိတ်ဆွဲထားရာသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့စိတ်ကြိုက် လွတ်လပ်စွာ စစ်ဆေးခွင့်ပြုလိုက်သည်။

ရှောင်ကျန်းသည် လိုင်စင်ကို အသေအချာ စစ်ဆေးကြည့်ရှုရင်း ရေရွတ်လိုက်သည်။

“အစားအသောက်လုပ်ငန်းလိုင်စင်မှာ အပူရောအအေးပါ အကျုံးဝင်တယ်ဆိုတော့...”

ရှောင်ကျန်းသည် အတန်ကြာ စစ်ဆေးကြည့်ရှုပြီးနောက် မည်သည့်ပြဿနာမျှ မတွေ့ရှိရသဖြင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး၊ မီးဖိုချောင်ဘက်သို့ ဆက်လက်ခေါ်ဆောင်သွားပေးရန် လီရှီးရှီးအား တောင်းဆိုလိုက်၏။

အင်တာနက်သုံးစွဲသူများအားလုံးမှာလည်း အလွန်အမင်း သိချင်စိတ်ပြင်းပြနေကြလေပြီ။

(လာပြီ လာပြီဟေ၊ လီရှန်းယာတောအိမ်ရဲ့ နောက်ဖေးမီးဖိုချောင်က ဘယ်လိုပုံစံမျိုးလဲဆိုတာ နောက်ဆုံးတော့ ငါတို့မြင်ရတော့မယ်)

(ရိုးရိုးသားသားပြောရရင်၊ လီရှန်းယာတောအိမ်က ဒီလောက်တောင်အလုပ်များနေတာဆိုတော့ နောက်ဖေးမီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ဖို့ အချိန်ရမှာ မဟုတ်ဘူး၊ ငါတို့ သိပ်မညစ်ပတ်ဖို့ပဲ မျှော်လင့်ပါတယ်။ ငါက သူတို့ဆိုင်က အစားအသောက်တွေကို အရမ်းကြိုက်တာ)

(ငါ့သမီးလေးက ကျောင်းပိတ်ရက်ရောက်တိုင်း အဲဒီမှာ သွားစားဖို့ချည်းပဲ ပူဆာနေတာ။ အပြင်စာတွေက ကျန်းမာရေးနဲ့ မညီညွတ်မှာကို ငါက အမြဲတမ်း စိုးရိမ်နေခဲ့တာ၊ ဒီတစ်ခါတော့ အနီးကပ် သေချာလေ့လာခွင့် ရပြီပေါ့။ အတူတူကြည့်ရအောင် ငါ့သမီးကို သွားခေါ်လိုက်ဦးမယ်)

(ယာတောအိမ်ဆိုတော့ သန့်ရှင်းရေးကို သိပ်ပြီး ဂရုတစိုက်လုပ်မှာမဟုတ်ဘူးလို့ ထင်တာပဲ။ ဝန်ထမ်းအများစုကလည်း အသက်ကြီးတဲ့သူတွေဆိုတော့ သန့်ရှင်းရေးလုပ်တဲ့အခါ လွတ်ကျန်ခဲ့တာတွေ သေချာပေါက်ရှိမှာပဲ)

(အပေါ်ထပ်ကလူ၊ အသက်ကြီးတဲ့သူတွေက ဘာဖြစ်လို့လဲ၊ ငါ့အဘွားဆိုရင် သန့်ရှင်းရေးကို အရမ်းဂရုစိုက်တာ၊ သူ့အိမ်မှာဆိုရင် ဖုန်တစ်စက်တောင် မရှိဘူး)

(အရင်တုန်းက ဒီယာတောအိမ်ကို သွားစားတုန်းကတော့ စားသောက်တဲ့နေရာက တော်တော်လေးသန့်ရှင်းတယ်လို့ ခံစားရတယ်။ မီးဖိုချောင်ကလည်း အဲဒီစံနှုန်းအတိုင်း ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်ပါတယ်။)

လူတိုင်းက ကိုယ်စီ တွေးတောနေကြစဉ်မှာပင် လီရှီးရှီးသည် စျေးကွက်ကြီးကြပ်ရေး ဝန်ထမ်းများကို မီးဖိုချောင်၏ ချက်ပြုတ်ပြင်ဆင်ရာ ဧရိယာသို့ ခေါ်ဆောင်သွားလေ၏။

ရှောင်ကျန်းသည် ယခင်က မီးဖိုချောင်ပေါင်း မြောက်မြားစွာသို့ သွားရောက်စစ်ဆေးခဲ့ဖူးသော်လည်း ဤနေရာလေးကမူ သူ့ကို အမှန်တကယ် အံ့မခန်းဖြစ်စေခဲ့သော ပထမဆုံးနေရာလေးပင်။

သူက နံရံပေါ်ရှိ ကြွေပြားများကို လက်ဖြင့် စမ်းသပ်ကြည့်လိုက်ရာ ဆီကွက်၊ ဆီချေးဟူ၍ တစ်စက်ကလေးမျှပင် မတွေ့ရပေ။

ထို့အပြင် ဟိုဘက်နားရှိ သပ်ရပ်စွာ စီစဉ်ထားသော သိုလှောင်ဘူးများကို ကြည့်ရသည်မှာ... အတွင်းရှိ အစားအစာများ စံချိန်စံညွှန်း မီ၊ မမီ ဆိုသည်ကို ဘေးဖယ်ထား၊ ဘူးများကို မြင်လိုက်ရရုံဖြင့်ပင် သူ့စိတ်ထဲတွင် ကျေနပ်ကြည်နူးသွားစေသည်။

ရှောင်ကျန်းက လေးစားအားကျစွာဖြင့် ချီးကျူးစကား ဆိုလိုက်၏။

“ဒီက သန့်ရှင်းရေးက တကယ်ကို အဆင့်အတန်းမြင့်မားလွန်းပါတယ်၊ ဘူးတွေဆိုရင်လည်း စွန်းထင်းနေတဲ့ အကွက်တစ်ခုလေးတောင် မတွေ့ရဘဲ ပြောင်လက်နေတာပဲ”

ထို့နောက် သူသည် နေရာတစ်ခုကိုလက်ညှိုးထိုးပြရင်း အံ့ဩတကြီး ဆက်ပြောလိုက်သည်။

“အဝတ်စုတ်တွေချိတ်ထားတဲ့ နေရာမှာတောင် တံဆိပ်လေးတွေ ကပ်ထားသေးတယ်ပေါ့”

လီရှီးရှီးက ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်လေးဖြင့် ခေါင်းညိတ်ပြကာ ရှင်းပြလိုက်၏။

“ဟုတ်ပါတယ်ရှင်၊ ကျွန်မတို့ဆီက အဝတ်စုတ်တိုင်းမှာ ကိုယ်ပိုင် သတ်မှတ်ထားတဲ့ နေရာလေးတွေ ရှိပါတယ်၊ ဥပမာပြောရရင်၊ ဒီဘက်က အပြာရောင်အဝတ်တွေက စားပွဲတွေကို သုတ်ဖို့ဖြစ်ပြီး၊ အဝါရောင်အဝတ်တွေကတော့ ပန်းကန်ဆေးကန်ကို သန့်ရှင်းရေးလုပ်ဖို့သုံးတာပါ၊ အဝတ်စုတ်တွေကိုလည်း ပုံမှန် အသစ်လဲလှယ်ပေးပါတယ်၊ ဒီက ဇယားကွက်မှာဆိုရင် နေ့စဉ် ဘယ်သူက သန့်ရှင်းရေးတာဝန်ယူလဲဆိုတာ ဖော်ပြထားပြီးတော့ နေ့စဉ် စစ်ဆေးမှုတွေလုပ်ဖို့ တာဝန်ခံ အဖွဲ့ခေါင်းဆောင်တစ်ယောက်လည်း ထားရှိပါတယ်ရှင်”

ရှောင်ကျန်းက ခေါင်းညိတ်ကာ ချီးကျူးစကား နှစ်ခွန်းသုံးခွန်းခန့် ထပ်မံပြောဆိုလိုက်ပြီးနောက်၊ ဒယ်အိုးကြီးဘေးရှိ ဟင်းခတ်အမွှေးအကြိုင် ပုလင်းတစ်လုံးကို ကောက်ကိုင်လိုက်သည်။

သူက ပုလင်း၏အောက်ခြေကို လက်ချောင်းထိပ်လေးဖြင့် ပွတ်ကြည့်လိုက်သော်လည်း မည်သည့်ဆီချေးကိုမျှ မတွေ့ရပေ။

ယုတ္တိဗေဒအရဆိုလျှင် ဤကဲ့သို့ ဒယ်အိုးကြီးနှင့် နီးကပ်စွာရှိနေသော ပုလင်းများနှင့် ဘူးခွံများတွင် ချက်ပြုတ်ရာမှ ထွက်လာသော ဆီငွေ့ဆီခိုးများ အလွယ်တကူ ကပ်ငြိနေတတ်သည်။ ထိုအချက်ကို

ထိုအချက်ကို မယုံကြည်နိုင်သေးသဖြင့် သူက နောက်ထပ် ပုလင်းနှစ်လုံးကို ကောက်ကိုင်စစ်ဆေးကြည့်ပြန်ရာ မည်သည့်ဆီချေးကိုမျှ မတွေ့ရပေ။

ဤနေရာတစ်ခုတည်းသာ မဟုတ်ချေ။ စားပွဲများ၏ နောက်ကျောဘက်ကိုပါ လက်ဖြင့် စမ်းကြည့်ခဲ့သော်လည်း မည်သည့်အစွန်းအထင်းကိုမျှ ရှာမတွေ့ခဲ့ပေ။

ထို့ကြောင့် သူက ရှောင်ကျီအား ဖုန်းကင်မရာဖြင့် စားပွဲခုံနောက်ကျောဘက်ကို အနီးကပ် ရိုက်ကူးပြသစေလိုက်သည်။

ရှောင်ကျီက တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ပရိသတ်များကို လှမ်းပြောလိုက်၏။

“ပရိသတ်ကြီးရေ၊ အခု ကျွန်တော်တို့ လီရှန်းယာတောအိမ်ရဲ့ မီးဖိုချောင်ထဲကို ရောက်နေပါပြီ၊ ခုနလေးတင် ရှောင်ကျန်းက အားလုံးအတွက် သန့်ရှင်းရေးအခြေအနေကို ကူညီစစ်ဆေးပေးခဲ့ပြီးပါပြီ၊ ဒီအတွက်တော့ ကျွန်တော် လက်မထောင်ပြီး ချီးကျူးရပါလိမ့်မယ်၊ ဒီကမီးဖိုချောင်က အရမ်းကို သန့်ရှင်းလွန်းပါတယ်၊ အရင်က ကျွန်တော် ဝင်ရောက်စစ်ဆေးခဲ့ဖူးတဲ့ မီးဖိုချောင်တွေရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းထက်ကို ပိုမိုသာလွန်ကောင်းမွန်နေပါတယ်၊ ကဲ... နောက်ထပ် အဆင့်အနေနဲ့ အစားအသောက်တွေကို မှန်ကန်တဲ့နေရာတွေမှာ ထားသလားဆိုတာကို ဆက်ကြည့်ကြရအောင်”

ရှောင်ကျန်းသည် ရေခဲသေတ္တာအတွင်းရှိ ဟင်းလျာပါဝင်ပစ္စည်းများကို အာရုံစိုက်၍ စစ်ဆေးနေစဉ်မှာပင်၊ တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ပေးသည့်နေရာတွင်မူ မီးပွင့်မတတ် ပေါက်ကွဲနေခဲ့လေပြီ။

(လီရှန်းယာတောအိမ်ရဲ့ မီးဖိုချောင်ကို မြင်ပြီးနောက် ငါ တကယ်ကိုလန့်သွားတယ်။ ငါ စိတ်ကူးယဉ်ထားတဲ့ ဆီချေးတွေ၊ အစွန်းအထင်းတွေနဲ့ ညစ်ပတ်နေတဲ့ စားသောက်ဆိုင်လေးတွေရဲ့ မီးဖိုချောင်နဲ့ လုံးဝကို ကွာခြားလွန်းတယ်၊ သန့်ရှင်းလွန်းလို့ နမူနာပြခန်းလေးကျနေတာပဲ။ ဒါက ရှောင်တခင်ဝင်စစ်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဆိုတာကိုသာ ငါ မသိထားဘူးဆိုရင်၊ သူဌေးမလေးက ပိုက်ဆံပေးပြီး ရိုက်ခိုင်းထားတာလို့တောင် သံသယဝင်မိမှာ)

(အပေါ်ထပ်ကလူရေ၊ လီရှန်းယာတောအိမ်ဆိုတဲ့ နာမည်လေးတပ်ထားပေမဲ့ တကယ်တမ်းကျတော့ အရမ်းကို ကြီးမားကျယ်ဝန်းတာပါ။ ငါ အဲဒီကို ရောက်ဖူးတယ်၊ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေထက် လုံးဝမနိမ့်ကျဘူးလို့ ခံစားရတယ်။ ဆိုင်သေးသေးလေးတွေရဲ့ စံနှုန်းတွေနဲ့ သွားပြီးအကဲဖြတ်တာက မင်း မှားသွားပြီ)

(ငါ့ရဲ့ အံ့အားသင့်မှုကို ဖော်ပြဖို့ ‘ဘုရားရေ’ ဆိုတဲ့ စကားလုံးလေး တစ်လုံးတည်းနဲ့ မလုံလောက်တော့ဘူး။ လီရှန်းယာတောအိမ်က သန့်ရှင်းရေးဝန်ထမ်းတွေကို အလုပ်ခန့်တဲ့အခါ ပထမဆုံးသတ်မှတ်ထားတဲ့စံနှုန်းက သန့်ရှင်းလွန်းတဲ့ရောဂါ ပြင်းပြင်းထန်ထန် ရှိမရှိကို ကြည့်ပြီး ခန့်တာများလားလို့တောင် ငါမေးချင်လာပြီ)

(သွားပြီ... သွားပါပြီ! ဒီတိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားတာနဲ့ လီရှန်းယာတောအိမ်က အထွတ်အထိပ်တစ်ခုကိုရောက်သွားပြီး ဘွတ်ကင်လုပ်ဖို့ ပိုခက်ခဲသွားတော့မယ်လို့ ငါ ကြိုတင် ခံစားနေရတယ်။ ဟူးးးး)

(ငါ့အိမ်က မီးဖိုချောင်တောင် သူတို့လောက် ဂရုတစိုက်သန့်ရှင်းရေးမလုပ်ဘူးလို့ ပြောလို့ရမလား၊ အဝတ်စုတ်တွေကို ကြည့်လိုက်ရုံနဲ့တင် အမျိုးအစားတွေ အများကြီးခွဲထားတာပဲ။ စားသောက်ဆိုင် တော်တော်များများက လီရှန်းယာတောအိမ်ကို အတုယူသင့်တယ်၊ အဝတ်စုတ် တစ်ထည်တည်းနဲ့ စားပွဲသုတ်လိုက်၊ ကြမ်းပြင်သုတ်လိုက်၊ တချို့ဆို ပန်းကန်တွေတောင် အဲဒါနဲ့သုတ်သေးတာ။ ရွံစရာကောင်းလိုက်တာ)

(ဒီနေ့ကစပြီး အပြင်စာတွေက ကျန်းမာရေးနဲ့ မညီညွတ်မှာကို ငါ့မိဘတွေ စိတ်ပူစရာမလိုတော့ဘူး။ ရှောင်ကျန်း ဟင်းခတ်အမွှေးအကြိုင် ပုလင်းကို ကိုင်ထားတဲ့ အချိန်လေးကို ငါ ခုနလေးတင် စက်ခရင်ရှော့ခ် ရိုက်ထားလိုက်တယ်။ အနီးကပ်ချဲ့ကြည့်လိုက်တော့ အဲဒီ ဟင်းခတ်အမွှေးအကြိုင်တွေ အကုန်လုံးက အိမ်မှာ ငါ့အမေသုံးနေကျ နိုင်ငံသုံးအမှတ်တံဆိပ်တွေချည်းပဲ၊ တကယ်ကို စေတနာပါတဲ့ စားသောက်ဆိုင်လေးပဲ)

(ဒီနေရာလေးက တဟုန်ထိုး နာမည်ကြီးလာတော့မယ်လို့ ငါ ကြိုမြင်နေတယ်)

(အပေါ်ထပ်ကလူရေ၊ ကျေးဇူးပြုပြီး ပါးစပ်ဖမ်းမနေပါနဲ့၊ အခုတောင် နေရာရဖို့ ခက်ခဲနေတာကို၊ ဒီထက်သာ ပိုနာမည်ကြီးသွားရင် ငါ့တစ်သက် ဒီမှာ စားရတော့မှာမဟုတ်ဘူးလို့ စိုးရိမ်မိတယ်)

(ဒီကမ္ဘာပေါ်မှာ ဒီလောက်သန့်ရှင်းတဲ့ နောက်ဖေးမီးဖိုချောင်မျိုး တကယ်ပဲရှိနေတာလား၊ စားဖိုမှူးတွေ အလုပ်ရှုပ်နေတာကိုသာ ငါ မမြင်ရဘူးဆိုရင် နမူနာပြခန်းကို ရိုက်ပြနေတာလို့ သံသယဝင်မိမှာ)

(ဒါက ထွမ်ထွမ်ဝက်ဘ်ဆိုက်မှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ စားသောက်ဆိုင်တစ်ခုဆိုတာ တွေးကြည့်ဖို့တောင် ခက်တယ်။ နေ့စဉ် လူအဝင်အထွက် ဒီလောက်များပြားတာတောင် ဒီလောက်သန့်ရှင်းမှုကို ထိန်းသိမ်းထားနိုင်သေးတယ်။ သူဌေးမလေးက သူမရဲ့ မူလရည်ရွယ်ချက်ကို တကယ် မမေ့လျော့သေးဘူးပဲ)

ရှောင်ကျန်းနှင့် ရှောင်ကျီတို့ဘက်ရှိ အင်တာနက်အသုံးပြုသူများက ချီးကျူးစကားများဖြင့် မိုးရွာချနေကြသော်လည်း၊ အခြားတစ်ဖက်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုမှာမူ ဤမျှလောက် သဟဇာတဖြစ်မနေခဲ့ပေ။

ရှောင်လျူသည် ‘ချင်းဝေ့ရွှမ်’ ဟု အမည်ရသော အဆင့်မြင့် စားသောက်ဆိုင်ကြီးတစ်ခုကို သွားရောက်ရိုက်ကူးနေခြင်း ဖြစ်သည်။

ထိုဆိုင်ကြီးသည် ၎င်းတို့၏ ဟင်းလျာပါဝင်ပစ္စည်းများ အားလုံးကို နေ့စဉ် လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားပြီး၊ နိုင်ငံခြားမှ တင်သွင်းသော ပစ္စည်းများကိုလည်း လတ်ဆတ်မှုရှိစေရန် လေကြောင်းမှတစ်ဆင့် သယ်ယူပို့ဆောင်ထားကြောင်း ကြွေးကြော်ထားလေသည်။

ထို့ကြောင့်ပင် ဈေးနှုန်းများမှာလည်း သဘာဝကျစွာပင် အလွန်အမင်း မြင့်မားနေလေ၏။

ဤစားသောက်ဆိုင်၏ ပိုင်ရှင်မှာ အခြားသူမဟုတ်ဘဲ၊ ပြီးခဲ့သည့်အကြိမ်က စျေးကွက်ကြီးကြပ်ရေးဗျူရိုခေါင်းဆောင်နှင့်အတူ ညစာအတူစားခဲ့သော သူဌေးကျူးပင်ဖြစ်သည်။

သူသည် စျေးကွက်ကြီးကြပ်ရေးဗျူရို ခေါင်းဆောင်ထံမှ သတင်းဦး၊ သတင်းထူး ရရှိထားသည်ဟု ထင်မှတ်ထားခဲ့ပြီး၊ လာမည့်အပတ်တွင် ပြုလုပ်မည့် တိုက်ရိုက်ထုတ်လွှင့်စစ်ဆေးမှုအတွက် ကြိုတင်ပြင်ဆင်ရန် စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် သူ၏ဝန်ထမ်းများနှင့် အစည်းအဝေးတစ်ခု ပြုလုပ်ရန်ပင် စီစဉ်ထားခဲ့သေး၏။

သို့ရာတွင် ယခုအချိန်အထိ သူ အိမ်မှာပင် ရှိနေလိမ့်ဦးမည်ဟုတော့ ထင်မှတ်မထားခဲ့ပေ။

ယမန်နေ့က သူ အနည်းငယ် အရက်မူးလွန်သွားခဲ့ပြီးနောက် သူငယ်ချင်းများက ကေတီဗွီသို့ ထပ်မံဖိတ်ခေါ်ခဲ့ကြသဖြင့်၊ ဆိုင်သို့မသွားမီ အိမ်တွင် တစ်မနက်ခင်းလုံး အိပ်စက်အနားယူရန် စီစဉ်ထားခဲ့သည်။

ထိုအချိန်တွင် ဆိုင်မန်နေဂျာထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရုတ်တရက် ရောက်ရှိလာခဲ့ပြီး၊ စျေးကွက်ကြီးကြပ်ရေးဗျူရိုမှ ဆိုင်သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးရန် လူများ ရုတ်တရက်စေလွှတ်လိုက်ပြီဖြစ်ကြောင်း အကြောင်းကြားလာလေသည်။

ထိုစကားကို ကြားလိုက်ရချိန်တွင်မူ... သူဌေးကျူး၏ အိပ်ချင်စိတ်များအားလုံးမှာ လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားလေတော့၏။

All Chapters