အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
113
သူဌေးကျူးက ကြီးကြပ်ရေးမှူးများကို အခြေအနေထိန်းထားရန် မန်နေဂျာကို အလျင်အမြန် လှမ်းပြောလိုက်ပြီး သူကိုယ်တိုင်လည်း ချက်ချင်း ရောက်လာမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ထို့နောက်ထို့နောက် သူဌေးကျူးသည် အဝတ်အစားများကို ကမန်းကတန်း ကောက်၀တ်ကာ စားသောက်ဆိုင်ဆီသို့ အပြေးအလွှား ထွက်လာခဲ့လေသည်။
ထိုအချိန်တွင် စျေးကွက်ကြီးကြပ်ရေး ဝန်ထမ်းများမှာ မီးဖိုချောင်အတွင်းသို့ ရောက်ရှိနေကြချေပြီ။
သူဌေးကျူးသည် စားသောက်ဆိုင်မန်နေဂျာကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ရင်း ဒေါသတကြီး မေးမြန်းလိုက်သည်။
“ဘာတွေဖြစ်ကုန်တာလဲ၊ သူတို့ကိုအချိန်ဆွဲထားဖို့ ငါ မင်းကို ပြောထားတယ်မဟုတ်လား”
မန်နေဂျာမှာ မလှမ်းမကမ်းတွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နေသူကို ကြည့်ကာ မျက်နှာပျက်စွာဖြင့် ရှင်းပြလေသည်။
“ကျွန်တော်က ဘယ်လိုလုပ် တားနိုင်မှာလဲဗျာ၊ သူတို့ကို အရင်ဆုံးထိုင်ခိုင်းပြီး လက်ဖက်ရည်လေးဘာလေး တိုက်ချင်ပေမဲ့ သူတို့က တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေတာလေ၊ ရောက်ရောက်ချင်းပဲ နောက်ဖေးမီးဖိုချောင်ကိုသွားဖို့ တကူးတက တောင်းဆိုကြတာ၊ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့ ပရိသတ်တွေကလည်း အများကြီးဆိုတော့ ကျွန်တော်ကသာတားလိုက်ရင် ပိုပြီးတော့တောင် သံသယဝင်စရာ ဖြစ်သွားမှာပေါ့”
သူဌေးကျူးမှာ မျက်မှောင်ကြီးကြုတ်သွားပြီး စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်၏။
“သူတို့တွေ ဟန်ပြအနေနဲ့ အပေါ်ယံလောက်ပဲ စစ်ဆေးသွားဖို့ မျှော်လင့်ရတာပဲ၊ နိုင်ငံခြားကနေ တင်သွင်းထားတယ်လို့ ငါ ကြွေးကြော်ထားတဲ့ ဟင်းလျာတွေက တကယ်တမ်းကျတော့ ပွဲရုံတွေကနေ ဖောက်သည်ဈေးနဲ့ ဝယ်ထားတာတွေချည်းပဲ၊ တောက်... ဒါက အရမ်းကို ရုတ်တရက်ဆန်လွန်းတယ်၊ လာမယ့်အပတ်မှလုပ်မယ်လို့ ပြောထားကြတာ မဟုတ်ဘူးလား”
သူဌေးကျူး၏မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့ပြီး အတန်ကြာမှသာ သူနှင့် မန်နေဂျာတို့သည် မီးဖိုချောင်အတွင်းသို့ ဝင်ရောက်သွားကြလေသည်။
သူတို့၏ဆိုင်မှာ မည်သို့ပင်ဆိုစေကာမူ နာမည်ကြီး စားသောက်ဆိုင်ကြီးတစ်ခု ဖြစ်ပြီး ဝန်ထမ်းအင်အားလည်း များပြားလှသဖြင့် ဝင်ဝင်ချင်းတွင် ကြွက်များပြေးလွှားနေသည်ကိုတော့ မြင်တွေ့ရမည် မဟုတ်ပေ။ အပေါ်ယံ ကြည့်လိုက်ပါက သပ်သပ်ရပ်ရပ်နှင့် သန့်ရှင်းနေပုံ ပေါက်နေလေသည်။
သို့ရာတွင် အနီးကပ် သေချာစစ်ဆေးမှုဒဏ်ကိုမူ မခံနိုင်ခဲ့ပေ။ ရှောင်လျူသည် ခါးညွှတ်၍ အနီးကပ် မစစ်ဆေးရသေးမီမှာပင် သူ၏ဖိနပ်အောက်ခြေတွင် စေးကပ်ကပ်ဖြစ်နေကြောင်း ခံစားလိုက်ရသည်။
ကြမ်းပြင်ကို သေချာပြောင်စင်အောင် မတိုက်ချွတ်ထားသဖြင့် ဆီချေးများနှင့် အညစ်အကြေးများ စုပုံနေခြင်းပင်။
သူသည် ပန်းကန်ဆေးကန်ဆီသို့ ခပ်ဖြည်းဖြည်း လျှောက်သွားလိုက်ရာ မူလအရောင်ကိုပင် ခွဲခြား၍မရနိုင်တော့လောက်အောင် မည်းညစ်နေသော အဝတ်စုတ်အချို့ကို မြင်တွေ့လိုက်ရသည်။
ရှောင်လျူက စားသောက်ဆိုင် မန်နေဂျာအား မေးခွန်းထုတ်လိုသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်ရာ သူဌေးကျူးက အလျင်အမြန်ပင် ဝင်ရောက်ဟန့်တားဖြေရှင်းလိုက်၏။
“ကြမ်းတိုက်တဲ့ အဝတ်စုတ်တွေကို ဘယ်သူက ဒီမှာလာထားတာလဲ၊ ခဏနေရင် ငါ့ဆီကို အစီရင်ခံစာလာရေးပေးကြ”
အချို့သော ရိုးအသည့် အင်တာနက်အသုံးပြုသူများကမူ သူ၏စကားကို ယုံကြည်သွားကြပြီး မှတ်ချက်ပေးကြသည်။
(လန့်သွားတာပဲ၊ ဒီအဝတ်စုတ်တွေက ပန်းကန်ဆေးဖို့သုံးတာလို့ ထင်လိုက်တာ၊ အဲဒီအရောင်ကြီးကိုမြင်ပြီး ငါတော့မစားရဲတော့ဘူး)
+ဟားဟား... အဲဒီစကားကို ငါက ယုံမယ်ထင်နေလား၊ ကြမ်းတိုက်တဲ့အဝတ်စုတ်ကို ပန်းကန်ဆေးကန်ထဲ ထည့်ထားတယ်တဲ့လား၊ ငါ့ကို အရူးများမှတ်နေသလား)
(ကြမ်းတိုက်တဲ့ အဝတ်စုတ်ကို ပန်းကန်ဆေးကန်နားမှာ ဘယ်သူက တကူးတကသွားထားမှာလဲ၊ ကင်မရာထဲမှာ ကြမ်းတိုက်တံက အဝေးကြီးမှာရှိနေတာကို ငါမြင်နေရတယ်၊ ယုံဖို့ တော်တော်လေးခက်တယ်)
(အို... အားလုံးပဲ သဘောထားကြီးကြီး ထားလိုက်ကြပါ၊ အနည်းဆုံးတော့ ပန်းကန်ခွက်ယောက်တွေကို ရေနွေးငွေ့နဲ့ ပိုးသတ်ထားတာပဲလေ၊ အပူချိန်မြင့်မြင့်က ဘက်တီးရီးယားတွေကို သေစေနိုင်တယ်ဆိုတော့ စားရတာ သေချာပေါက် ဘေးကင်းမှာပါ၊ ပြီးတော့ အဲဒီမှာစားလို့ ဝမ်းလျှောတယ်ဆိုတဲ့ သတင်းမျိုးလည်း ငါ မကြားဖူးပါဘူး)
ဤသည်မှာ အသေးအဖွဲ ပြဿနာလေးတစ်ခုမျှသာ ဖြစ်သည်။ သူဌေးကျူးကသာ ပြတ်ပြတ်သားသား ငြင်းဆိုနေသရွေ့၊ ထို့အပြင် ထိုအဝတ်စုတ်များဖြင့် ပန်းကန်များကို သုတ်နေသည်ကို အင်တာနက်အသုံးပြုသူများ မျက်မြင်ကိုယ်တွေ့ မမြင်ရသရွေ့ မည်သည့် သက်သေအထောက်အထားမှ ရှိမည်မဟုတ်ပေ။
ရှောင်လျူသည် ရေခဲသေတ္တာအတွင်းရှိ ဆယ်စင်တီမီတာခန့် ထူထဲနေသော ရေခဲတုံးကြီးများကို ကြည့်ကာ မေးမြန်းလိုက်သည်။
“ဒီက ရေခဲသေတ္တာတွေကို ဘယ်လောက်ကြာမှ တစ်ခါ သန့်ရှင်းရေးလုပ်သလဲ”
သူဌေးကျူး ပြန်လည်မဖြေကြားနိုင်မီမှာပင် ရှောင်လျူသည် သူ၏လက်ထဲရှိ ယနေ့သက်တမ်းကုန်ဆုံးတော့မည့် ဟင်းလျာပါဝင်ပစ္စည်းများကို ကြည့်ကာ သတိပေးလိုက်၏။
“ဒီပါဝင်ပစ္စည်းတွေကို မနက်ဖြန် ဆက်သုံးလို့မရတော့ဘူးနော်၊ ခင်ဗျားတို့ သတိထားဖို့လိုတယ်”
သူဌေးကျူးမှာ သဘောတူညီကြောင်း ခေါင်းညိတ်ပြရုံသာ တတ်နိုင်ပြီး၊ မနက်ဖြန်မှ သက်တမ်းကုန်ဆုံးမည်ဖြစ်၍ တိတ်တဆိတ် သက်ပြင်းချနိုင်ခဲ့သည်။ သက်တမ်းမကုန်ဆုံးသေးသရွေ့ သူ ဆက်လက်အသုံးပြုခွင့် ရှိနေဆဲပင်။
သို့ရာတွင် သူ ထင်မှတ်မထားခဲ့သောအရာမှာ ထိုအစားအစာထုပ်ကို အင်တာနက်အသုံးပြုသူများစွာ မြင်တွေ့သွားပြီးနောက်၊ မျက်စိလျှင်သော အချို့သူများက ထိုအမှတ်တံဆိပ်မှာ ဈေးနှုန်းသက်သာပြီး အရေအတွက်များပြားမှုကြောင့် အစားအသောက်လုပ်ငန်းတွင် နေရာတစ်နေရာ အခိုင်အမာ ရရှိထားသည့် အမှတ်တံဆိပ်တစ်ခုဖြစ်ကြောင်း မှတ်မိသွားကြလေ၏။
(ဘုရားရေ၊ ငါ ဘာတွေမြင်လိုက်ရတာလဲ၊ ငါမြင်တာမမှားဘူးမလား၊ အဆင့်မြင့် စားသောက်ဆိုင်ကြီးမှာ ဘာလို့ ‘ကျားသုံးကောင်’ အမှတ်တံဆိပ် ပါကင်ထုပ်ကြီး ရှိနေရတာလဲ (ခွေးလေး အီမိုဂျီ))
(ဖြောင်ဖြောင်ထွမ်ဝက်ဘ်ဆိုက်မှာ ငါ သွားရှာကြည့်တော့ ဒီစားသောက်ဆိုင်က တစ်ယောက်ကို ပျမ်းမျှ ယွမ် ၂၀၀၀ လောက် ကျသင့်တယ်တဲ့၊ ဟင်း... ဒီလိုပစ္စည်းမျိုးသုံးတာက မသင့်တော်ဘူးမဟုတ်လား)
(ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့တစ်ခေါက် ချင်းဝေ့ရွှမ်ကို သွားတုန်းက မှာစားခဲ့တဲ့ ဝက်သားကြော်က ငါဝယ်စားနေကျ ‘ကျားသုံးကောင်’ အမှတ်တံဆိပ်ရဲ့ အရသာနဲ့ အရမ်းတူနေတာကိုး၊ အဲဒီတုန်းက ငါ့လျှာက အရသာမခံတတ်လို့ ကောင်းတဲ့အရာတွေကို မခံစားနိုင်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ်တောင် ရယ်နေမိသေးတာ)
(ဒီစားသောက်ဆိုင်ရဲ့ဆောင်ပုဒ်ကို မှတ်မိတဲ့လူရှိသေးလား (ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ခွေးလေး အီမိုဂျီ))
(ဟားဟားဟား... စာကြောင်းတစ်ကြောင်းကိုတော့ ငါ မှတ်မိသေးတယ်၊ သဘာဝတရားမှ ဆင်းသက်လာသော အရည်အသွေးမြင့်ဝန်ဆောင်မှုတဲ့)
(အဲဒီဆောင်ပုဒ်က စားသောက်ဆိုင်နဲ့ရော သက်ဆိုင်ရဲ့လား)
(ငါကတော့ ‘ကျားသုံးကောင်’ ကနေ အခုပဲ လှမ်းမှာလိုက်ပြီ၊ အိမ်ပြင်ထွက်စရာမလိုဘဲ အဆင့်မြင့်ဟင်းလျာတွေကို ခံစားနိုင်ပြီလေ)
အချို့သော အင်တာနက်အသုံးပြုသူများကလည်း တွေဝေစွာဖြင့် ပြောဆိုကြသည်။
(အကုန်လုံးကို အသင့်ချက်ပြုတ်ပြီးသားပစ္စည်းတွေ သုံးတယ်ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒါက အဆင့်မြင့် စားသောက်ဆိုင်ကြီးလေ၊ ငါ အဲဒီမှာစားဖူးတယ်၊ သူတို့ရဲ့ နိုင်ငံခြားကနေ တင်သွင်းလာတဲ့ ဆော်လမွန်ငါးက တော်တော်လေး ကောင်းတယ်၊ တွဲဖက်စားရတဲ့ ဝါဆာဘီကလည်း တကယ့်ကို အံ့မခန်းပဲ)
သို့သော် ထိုအင်တာနက်အသုံးပြုသူ၏ ပြောဆိုချက်မှာ မှားယွင်းကြောင်း သက်သေပြခံလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ရှောင်လျူသည် စားသောက်ဆိုင်၏ ဝယ်ယူမှု ပြေစာများကို စစ်ဆေးနေသောကြောင့် ဖြစ်သည်။
ဉာဏ်ရည်ထက်မြက်သော အင်တာနက်အသုံးပြုသူအချို့သည် ချက်ချင်းပင် မျက်နှာပြင်ကို မှတ်တမ်းယူကာ အနီးကပ်ချဲ့ကြည့်လိုက်ကြရာ၊ နိုင်ငံခြားမှ တင်သွင်းသည်ဟု ကြွေးကြော်ထားသော ဟင်းလျာပါဝင်ပစ္စည်းအများစုမှာ တကယ်တမ်းတွင် ပြည်တွင်းဖြစ်များသာ ဖြစ်နေကြောင်း ရှာဖွေတွေ့ရှိသွားကြလေသည်။
(ဟားဟားဟား... မျက်နှာဖြတ်ရိုက်ခံလိုက်ရပြီ၊ အခုခေတ် ပြည်တွင်းဆော်လမွန်ငါး မွေးမြူရေးနည်းပညာက တော်တော်လေး အံ့မခန်းဖြစ်နေပြီပဲ၊ နိုင်ငံခြားကတင်သွင်းတာနဲ့တောင် ခွဲခြားလို့မရနိုင်တော့ဘူး)
(ဒီစားသောက်ဆိုင်က လိမ်လည်ကြော်ငြာနေမယ့်အစား ရိုးရိုးသားသားစီးပွားရေးလုပ်တာက ပိုမကောင်းဘူးလား)
(လိမ်လည်ထားတာသာ မဟုတ်ရင် ဒီလိုဈေးနှုန်းမျိုးကို ဘယ်လိုလုပ်တောင်းနိုင်မှာလဲ)
(ဆင်းရဲနွမ်းပါးမှုက ငါ့ကို ကယ်တင်ပေးခဲ့လို့ တော်သေးတာပေါ့၊ ချင်းဝေ့ရွှမ်မှာ တစ်ခါမှ မစားဖူးတဲ့သူတွေ ငါ့ကို လိုက်ခ်လေး ပေးသွားကြဦး)
(ဒီလောက်ဈေးကြီးတာတောင် နောက်ဖေးမီးဖိုချောင်က စံချိန်မမီဘူး၊ ဒါက တကယ်ကို စိုးရိမ်စရာပဲ)
ထိုအချိန်တွင် သူဌေးကျူးမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုမနေအားဘဲ နဖူးမှချွေးများကို သုတ်လိုက်ရင်း တိုးညှင်းသော အသံဖြင့် အရိပ်အမြွက် ပြောလိုက်၏။
“ငါက မင်းတို့ရဲ့ ခေါင်းဆောင်နဲ့ သူငယ်ချင်းတွေလေ၊ မင်းတို့စစ်ဆေးတာ လုံလောက်ပြီမဟုတ်လား”
ရှောင်လျူက စားသောက်ဆိုင်ပိုင်ရှင်ကို မော့ကြည့်လိုက်သည်။ သူတို့ စျေးကွက်ကြီးကြပ်ရေးဗျူရိုမှ မထွက်ခွာလာမီက သူတို့၏ခေါင်းဆောင်က အရာအားလုံးကို သေချာစစ်ဆေးရမည်ဖြစ်ပြီး မည်သည့် ပြဿနာကိုမျှ ဖုံးကွယ်ထားခွင့် မရှိကြောင်း ထပ်တလဲလဲ အလေးအနက် မှာကြားထားခဲ့လေ၏။...
သူတို့၏ ခေါင်းဆောင်မှာ လွန်ခဲ့သော တစ်နှစ်ကျော်ကမှ ပြောင်းရွှေ့လာသူဖြစ်ပြီး၊ သူ၏ မျက်လုံးထဲတွင် သဲတစ်ပွင့်မျှပင် ဝင်ခွင့်မပြုနိုင်လောက်အောင် တင်းကျပ်သူဖြစ်ကြောင်း ရှောင်လျူ ကောင်းစွာသိရှိထားသည်။
သူသည် အစားအသောက် ဘေးကင်းလုံခြုံရေး ကိစ္စရပ်များကို အထူးဂရုစိုက်လေ့ရှိသည်။ သူငယ်ချင်းဆိုသည်ကို ထားလိုက်ပါ၊ ခေါင်းဆောင်၏ဇနီးသည် ဖြစ်နေလျှင်တောင် သက်ညှာခွင့် ရမည်မဟုတ်ပေ။
ရှောင်လျူက ဆက်လက်မေးမြန်းလိုက်သည်။
“ဒီက ငါးတွေ၊ ပုစွန်တွေကို ပုံမှန်အားဖြင့် ဘယ်လောက်ကြာကြာ သိုလှောင်ထားလေ့ရှိသလဲ”
သူဌေးကျူးက အသံကိုမြှင့်ကာ ယုံကြည်မှုရှိစွာဖြင့် ဖြေကြားလိုက်သည်။
“ဒီအရာတွေကို ကျွန်တော်တို့က နေ့စဉ် သုံးစွဲပြီး အကုန်စွန့်ပစ်တာပါ၊ နောက်တစ်နေ့အထိ လုံးဝဆက်မထားပါဘူး”
ရှောင်လျူက ထပ်မေးလိုက်၏။
“ဒါဆို ခင်ဗျားတို့ဆီမှာ စွန့်ပစ်ပစ္စည်း မှတ်တမ်း ရှိသလား”
သူဌေးကျူး၏ မျက်နှာမှာ ရဲတွတ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလေသည်။
“အဲဒါကလေ... ကျွန်တော်တို့ဆီမှာ မှတ်တမ်းတော့ မရှိသေးဘူး”
ရှောင်လျူက ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည်။
“မှတ်တမ်းရှိဖို့တော့ လိုအပ်တယ်နော်၊ နောက်ပိုင်းကျရင် ကျွန်တော်တို့ ထပ်ပြီးစစ်ဆေးရလိမ့်မယ်”
တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များ -
(ဒီသူဌေး ဟိုရှောင်ဒီရှောင်လုပ်နေတာကို ကြည့်ရတာ၊ သူ့ရဲ့ ဟင်းလျာပါဝင်ပစ္စည်းတွေကို နေ့စဉ်စွန့်ပစ်တယ်ဆိုတာ ငါ တကယ်ကိုသံသယရှိတယ်)
(အပေါ်က မှတ်ချက်ပေးတဲ့သူရေ... ‘သံသယရှိတယ်’ ဆိုတဲ့ စကားလုံးကို ဖြုတ်လိုက်ပါတော့)
(ဒါက တချို့ အမြန်စာ စားသောက်ဆိုင်တွေရဲ့ မီးဖိုချောင်တွေထက်တောင် ပိုဆိုးနေသေးတယ်၊ အရမ်းကို ပရုတ်ကျလွန်းတယ်၊ ဒီလောက် ဈေးကြီးတာတောင်၊ သူဌေးရဲ့လိပ်ပြာမလုံဘူးလား)
ထို့နောက် တစ်ခါသုံးဘူးများဖြင့် ပြင်ဆင်ထားသော ဟင်းလျာအချို့တွင် ဟင်းလျာအမည်များ၊ ရက်စွဲများနှင့် မည်သည့်အချိန်တွင် စားသုံးနိုင်ကြောင်း ညွှန်ကြားချက်များ လုံးဝမပါရှိသည်ကို ရှောင်လျူ ထပ်မံတွေ့ရှိသွားလေ၏။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော အင်တာနက်အသုံးပြုသူများမှာ မကျေမချမ်းဖြင့် ညည်းညူလာကြသည်။
(ဟူး... ငါတို့ အပြင်ထွက်စားလို့ရပါဦးမလား၊ ဈေးပေါတဲ့မီးဖိုချောင်တွေ ညစ်ပတ်တာက တော်သေးတယ်၊ အခုက ဒီလောက်ဈေးကြီးတာတောင် မီးဖိုချောင်က စံချိန်မမီဘူးဖြစ်နေတယ်)
(ဒါပေါ့၊ ဘယ်စားသောက်ဆိုင်ကမှ ရှောင်တခင်ဝင်စစ်တာကို အောင်မြင်နိုင်မှာမဟုတ်ဘူး ထင်တယ်)
(အပေါ်ကလူရေ... အဲဒီစကားကိုတော့ ငါ လက်မခံဘူး၊ ဈေးကွက်ကြီးကြပ်ရေးဗျူရိုရဲ့ နောက်ထပ် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို ညွှန်းပေးပါရစေ၊ လီရှန်းယာတောအိမ်ကို သွားကြည့်လိုက်၊ သူတို့ရဲ့ဈေးနှုန်းတွေက သင့်တင့်မျှတရုံသာမကဘူး၊ မီးဖိုချောင်သန့်ရှင်းရေးကလည်း ငါ တစ်ခါမှ မမြင်ဖူးလောက်အောင်ကို သန့်ရှင်းလွန်းတယ်)
(ငါ နောက်ထပ် တစ်ချက်လောက် ထပ်ဖြည့်ပြောလို့ ရမလား၊ သူတို့ရဲ့ အရသာကလည်း ဒီနေရာထက် ပိုကောင်းတယ်၊ ချင်းဝေ့ရွှမ်မှာ တစ်နပ်စာကုန်မယ့် ပိုက်ဆံနဲ့ လီရှန်းယာတောအိမ်မှာ သုံးလေးနပ်လောက် စားလို့ရတယ်၊ နည်းနည်း ချွေတာမယ်ဆိုရင် ခုနစ်နပ်ရှစ်နပ်လောက်တောင် စားလို့ရသေးတယ်၊ ဘယ်လောက်တန်လဲဆိုတာ ထင်ရှားနေတာပဲ)
……
အင်တာနက်အသုံးပြုသူ အများအပြားသည် ဤအရာများကို မြင်တွေ့ပြီးနောက်၊ ရှောင်ကျန်းနှင့် ရှောင်ကျီတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုဆီသို့ အုံနှင့်ကျင်းနှင့် သွားရောက်ကြည့်ရှုကြလေသည်။
ထိုအရာများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသောအခါ အင်တာနက်အသုံးပြုသူများက လီရှန်းယာတောအိမ်အား တကယ့်ကို စေတနာအပြည့်အဝရှိသော စားသောက်ဆိုင်လေးအဖြစ် ဝိုင်းဝန်းချီးကျူးကြလေတော့၏။
114
ရှောင်ကျန်းနှင့် ရှောင်လျူတို့ကဲ့သို့ တစ်ချိန်တည်း တစ်ပြေးညီ နောက်ဖေးမီးဖိုချောင်များကို တိုက်ရိုက်ထုတ်လွှင့်နေကြသော အခြားစားသောက်ဆိုင်များတွင်လည်း အနည်းနှင့်အများဆိုသလို အမှားအယွင်းများ အသီးသီး ပေါ်ပေါက်ခဲ့ကြလေသည်။
အဆိုးရွားဆုံးဖြစ်ရပ်မှာ တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း ကြွက်တစ်ကောင် ပြေးလွှားသွားသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရခြင်းပင်။
ထိုမြင်ကွင်းက ပရိသတ်များအကြား ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားစေခဲ့သည်။
ထိုသတင်းကို ကြားသိလိုက်ရသောအခါ ဈေးကွက်ကြီးကြပ်ရေးဗျူရိုခေါင်းဆောင်မှာ ဒေါသတကြီးဖြင့် ခေါင်းယမ်းလိုက်မိပြီး၊ အစားအသောက်သန့်ရှင်းရေးနှင့် ဘေးကင်းလုံခြုံရေးဆိုသည်မှာ အမြဲတမ်း ထိပ်တန်းဦးစားပေးဖြစ်သင့်သော်လည်း၊ အချို့သော စီးပွားရေးလုပ်ငန်းရှင်များကမူ ၎င်းကို အစဉ်တစိုက် လျစ်လျူရှုထားကြဆဲဖြစ်ကြောင်း ညည်းတွားလိုက်လေသည်။
ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ် ဝင်ရောက်စစ်ဆေးမှုတွင် အကျိုးအမြတ် လုံးဝမရှိခဲ့သည်တော့ မဟုတ်ပေ။
ဖြောင်ဖြောင်ထွမ်ဝက်ဘ်ဆိုက်တွင် လူကြိုက်အများဆုံး အဆင့်တစ်နေရာ၌ ရပ်တည်နေသော လီရှန်းယာတောအိမ်မှာမူ ၎င်း၏နာမည်ဂုဏ်သတင်းနှင့် အမှန်တကယ် ထိုက်တန်လှပြီး၊ ခေါင်းဆောင်ကိုယ်တိုင်ပင် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်တမ်းဗီဒီယိုကို ပြန်လည်ကြည့်ရှုပြီးနောက် အကြိမ်ကြိမ် ချီးကျူးစကားဆိုခဲ့ရလေ၏။
စပ်စုတတ်သော အင်တာနက်အသုံးပြုသူ အချို့က စားသောက်ဆိုင် မီးဖိုချောင် အသီးသီး၏ နှိုင်းယှဉ်ချက်ဗီဒီယိုများကို တည်းဖြတ်ကာ ဗီဒီယိုတစ်ခုတည်းအဖြစ် ပေါင်းစပ်ဖန်တီးလိုက်ကြရာ၊ ၎င်းမှာ အွန်လိုင်းပေါ်သို့ တင်လိုက်သည်နှင့် တစ်ပြိုင်နက် ရေပန်းစားပျံ့နှံ့သွားခဲ့လေသည်။
ယနေ့ခေတ်တွင် လူသားတို့၏ လူနေမှုအဆင့်အတန်းများ တိုးတက်မြင့်မားလာခဲ့ပြီဖြစ်ရာ၊ အစားအသောက်သန့်ရှင်းရေးနှင့် ဘေးကင်းလုံခြုံမှုအပေါ်တွင်လည်း အလွန်အမင်း ဂရုတစိုက်ရှိလာကြလေပြီ။
ဤဗီဒီယိုလေးကို အများပြည်သူဆိုင်ရာ အကောင့်အသီးသီးမှ အလျင်အမြန် မျှဝေခဲ့ကြပြီး မကြာမီမှာပင် ရေပန်းအစားဆုံး သတင်းခေါင်းစဉ်များကြားသို့ ရောက်ရှိသွားခဲ့သည်။
ထိုမှတစ်ဆင့် ပိုမိုများပြားလှသော အင်တာနက်အသုံးပြုသူများထံသို့ ပျံ့နှံ့သွားခဲ့ရာ လီရှန်းယာတောအိမ်မှာမူ အရင်ကထက်ပင် ပို၍ နာမည်ကျော်ကြားလာလေတော့၏။
ဖောက်သည်ဟောင်းများစွာက မကျေမချမ်းဖြင့် ညည်းညူလာကြလေသည်။
“သူဌေးမလေး၊ မင်းတို့နေရာလေးက ဘာလို့ ထပ်ပြီးနာမည်ကြီးနေပြန်တာလဲ၊ အခုတောင် လုံလောက်အောင်ကို နာမည်ကြီးနေပြီလေ၊ အရင်ကဆို ငါ တစ်ပတ်ကို တစ်ခါလောက် လာစားဖြစ်တယ်၊ အခုတော့ တစ်လကို တစ်ခါလောက်တောင် အလှည့်ရဖို့က မသေချာတော့ဘူး”
လီရှီးရှီးမှာလည်း ဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေရုံသာရှိတော့သည်။ ဤမျှများပြားလှသော ဖောက်သည်များနှင့်အတူ ဤအရာမှာ တကယ့်ကို ချိုမြိန်လှသော ဝန်ထုပ်ဝန်ပိုးတစ်ခုပင် ဖြစ်နေလေတော့၏။
ပိုဆိုးသည်မှာ လက်မှတ်မှောင်ခိုသမားများပင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ဤသတင်းကို သူမ စတင်ကြားသိရချိန်တွင် အလွန်အမင်း ရယ်စရာကောင်းလွန်းသည်ဟု ထင်မှတ်ခဲ့မိသည်။ ထမင်းစားရန် တန်းစီနံပါတ်ယူသည့် ကိစ္စတွင်ပင် မှောင်ခိုသမားများ ရှိနေနိုင်သည်လော။
သို့ရာတွင် အမှန်တရားက သက်သေပြနေသည်မှာ ငွေကြေးရှာဖွေနိုင်မည့် အခွင့်အရေးရှိနေသရွေ့ ဉာဏ်ရည်ထက်မြက်သူ တစ်စုတစ်ဖွဲ့ကတော့ အမြဲတမ်းရှိနေမည်သာ။
မှောင်ခိုသမားများသည် ကြိုတင်ဘွတ်ကင်လုပ်ကာ နံပါတ်များကို လုယူကြပြီးနောက်၊ ၎င်းတို့ရရှိထားသော နံပါတ်များကို ငွေကြေးချမ်းသာသော်လည်း အချိန်မပေးနိုင်ဘဲ ထိုနေရာတွင် စားသောက်လိုသည့် သူဌေးများထံသို့ ပြန်လည်ရောင်းချကြခြင်း ဖြစ်သည်။
ဤအခြေအနေကို သိရှိသွားသည်နှင့် တစ်ပြိုင်နက် လီရှီးရှီးသည် တန်းစီခြင်းနှင့် နံပါတ်ယူခြင်းများအတွက် နာမည်အရင်းဖြင့်သာ ဝင်ရောက်အသုံးပြုနိုင်ရန်အတွက် မီနီပရိုဂရမ်ကို ပြုပြင်မွမ်းမံရန် လူတစ်ဦးကို ချက်ချင်း ရှာဖွေစေခိုင်းလိုက်သည်။
ထို့အပြင် ဖောက်သည်များ၏စိတ်ကို ဖြေသိမ့်ပေးနိုင်ရန်အတွက် လီရှီးရှီးသည် ကံစမ်းမဲအစီအစဉ်တစ်ခုကိုလည်း ကျင်းပပေးခဲ့၏။
ကံထူးရှင်များအတွက် ရထားလက်မှတ်ခ၊ တည်းခိုခနှင့် တစ်နေ့တာအတွက် ထမင်းသုံးနပ်စရိတ် အားလုံးကို အခမဲ့ စီစဉ်ပေးမည်ဖြစ်ပြီး၊ ဖောက်သည်များအနေဖြင့် မိမိတို့၏နာမည်အရင်းဖြင့် မှတ်ပုံတင်သူ နောက်ထပ်သုံးဦးကို ဖိတ်ခေါ်နိုင်ပါက ကံစမ်းမဲဖောက်ရန် အခွင့်အရေးတစ်ကြိမ် ထပ်မံရရှိမည်ဖြစ်သည်။
ယခုအခါတွင် ထမင်းစားရန်အတွက်ပင် မှတ်ပုံတင်ကတ်ပြား လိုအပ်နေလေပြီ။
ဖောက်သည်များမှာ နှုတ်မှသာ မကျေမချမ်း ညည်းညူနေကြသော်လည်း၊ သူတို့၏ လက်တွေ့လုပ်ဆောင်မှုများမှာမူ နှေးကွေးခြင်းအလျဉ်းမရှိခဲ့ပေ။
သူတို့သည် မိမိတို့၏အမည်ရင်းများကို အသုံးပြုကာ မီနီပရိုဂရမ်အတွင်းသို့ အလျင်အမြန်ပင် ဝင်ရောက်မှတ်ပုံတင်ခဲ့ကြပြီး အတွေးကိုယ်စီ တွေးလိုက်ကြသည်။
“ဒီလောက်ကောင်းတဲ့ အခွင့်အရေးမျိုးကို ငါက ဘယ်လိုလုပ် လက်လွတ်ခံနိုင်မှာလဲ၊ အကယ်၍ ငါများ ကံထူးရှင်ဖြစ်နေခဲ့ရင်ကော”
မကြာမီအချိန်အတွင်းမှာပင် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်သူအရေအတွက်မှာ တစ်သိန်းကျော်အထိ ရောက်ရှိသွားခဲ့လေသည်။
ယွမ်ရှောင်ရှန် တစ်ယောက်ကမူ မျှော်လင့်ချက်များကို စွန့်လွှတ်ထားခဲ့ပြီး ဖြစ်၏။ ယှဉ်ပြိုင်မှုမှာ အလွန်အမင်း ပြင်းထန်လွန်းလှပြီး အခွင့်အရေးမှာလည်း အလွန်နည်းပါးလွန်းနေသည်။
သူမ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ကလေးဘဝကတည်းက သူမ၏ ကံကြမ္မာမှာ အမြဲတမ်း သာမန်အဆင့်တွင်သာ ရှိခဲ့ပြီး၊ အအေးပုလင်းဖုံးတွင်ပါသော “နောက်တစ်ကြိမ် ထပ်မံကြိုးစားပါ” ဟူသည့် ဆုမျိုးကိုပင် တစ်ခါမှ မပေါက်ခဲ့ဖူးပေ။
သူမ ဆယ်ကျော်သက်အရွယ်တွင် မိဘနှစ်ပါးမှာ မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့ကြပြီး၊ သူမနှင့် ညီမငယ်လေးသာ အိမ်တွင်ကျန်ရစ်ခဲ့လေသည်။
ထိုအချိန်က သူမမှာ အထက်တန်းကျောင်းသူအရွယ်သာ ရှိသေးသည်။
ရင်ကွဲပက်လက်ဖြစ်ဖွယ် ကောင်းလှသော ထိုသတင်းဆိုးကို ကြားလိုက်ရချိန်တွင် ဝမ်းနည်းကြေကွဲမှုများက သူမကို လွှမ်းမိုးသွားခဲ့သော်လည်း၊ ဘဝခရီးကိုတော့ ဆက်လက်လျှောက်လှမ်းရဦးမည်သာ။
မိဘများက စုဆောင်းငွေများများစားစား ချန်ထားခဲ့ခြင်း မရှိသလို၊ အဘိုးနှင့် အဘွားများမှာလည်း လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက ကွယ်လွန်သွားခဲ့ကြပြီဖြစ်သည်။ ဆွေမျိုးများ၏ ဆက်ဆံရေးမှာလည်း အတော်လေးစိမ်းသက်နေပြီး သူတို့နှင့် တစ်မြို့တည်းတွင် နေထိုင်ကြခြင်းလည်းမဟုတ်ပေ။
သူမက အထက်တန်းကျောင်းတက်နေရပြီဖြစ်ပြီး၊ သူမ၏ညီမလေးကလည်း ပထမတန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နှစ်ဦးစလုံးမှာ ငွေကြေးလိုအပ်သော အရွယ်များဖြစ်နေကြရာ ငွေကြေးဝန်ထုပ်ဝန်ပိုးမှာ လုံးဝသေးငယ်မနေခဲ့ချေ။
ဤကဲ့သို့သော အခြေအနေများအောက်တွင် သူမသည် ပို၍ ကြိုးကြိုးစားစား စာကြည့်ခဲ့သော်လည်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန်တွင် သိုးနေသောပေါက်စီကို စားမိသွားသဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားခဲ့ရသည်။
ထိုအရာက သူမ၏ စာမေးပွဲစွမ်းဆောင်ရည်ကို ထိခိုက်စေခဲ့ပြီး နောက်ဆုံးတွင် ဒေသခံ ဒုတိယတန်းစား တက္ကသိုလ်တစ်ခုသို့သာ ဝင်ခွင့်ရရှိခဲ့လေသည်။
သူမအတွက်တော့ ၎င်းမှာ လုံးဝကျေနပ်အားရဖွယ်ရာ မဟုတ်ခဲ့သော်လည်း၊ မိသားစု၏ ဘဏ္ဍာရေးအခြေအနေက နောက်ထပ်တစ်နှစ် အချိန်ယူ၍ ပြန်လည်လေ့လာသင်ယူရန်အတွက် ပံ့ပိုးပေးနိုင်စွမ်းမရှိခဲ့ပေ။
ထို့အပြင် ညီမဖြစ်သူ၏ လာမည့်စာသင်နှစ်အတွက် ကျောင်းလခပေးသွင်းရန်လည်း ရှိနေသေးရာ၊ သူမအနေဖြင့် အိမ်ထောင်စုဝင်ငွေကို ဖြည့်တင်းနိုင်ရန် အစားအသောက် ပို့ဆောင်ပေးသည့် အချိန်ပိုင်းအလုပ်ကိုပါ လုပ်ကိုင်ခဲ့ရလေသည်။
အော်ဒါများကို လက်ခံရယူရန်အတွက် လက်ရှိသူမ အသုံးပြုနေသော ဖုန်းလေးမှာလည်း ဖခင်ဖြစ်သူ ချန်ထားခဲ့သော ဖုန်းအဟောင်းလေးသာဖြစ်၏။
နွေရာသီကျောင်းပိတ်ရက်အတွင်း ပူပြင်းလှသော နေရောင်အောက်တွင် အစားအသောက်များ ပို့ဆောင်ကာ ငွေရှာရန်သာ အာရုံစိုက်နေခဲ့စဉ်၊ ဖောက်သည်တစ်ဦးက သူမကိုတားကာ လီရှန်းယာတောအိမ်၏ မီနီပရိုဂရမ်တွင် နာမည်ရင်းဖြင့် မှတ်ပုံတင်ထားခြင်းရှိမရှိ မေးမြန်းလာခဲ့သည်။
ယွမ်ရှောင်ရှန်မှာ ၎င်းက ဘာမှန်းမသိသဖြင့် နားမလည်နိုင်စွာဖြင့် ခေါင်းယမ်းပြလိုက်သော်လည်း၊ ဖောက်သည်မှာမူ အလွန်အမင်းကျေနပ်သွားကာ မှတ်ပုံတင်ရန် သူမအား အတင်းအကြပ် တိုက်တွန်းလေတော့သည်။
နောက်ဆုံးတွင်တော့ ဖောက်သည်၏ဖျောင်းဖျမှုနှင့် ဘောက်ဆူးငွေကြောင့် သူမ၏နာမည်ရင်းဖြင့် အကောင့်တစ်ခု မှတ်ပုံတင်လိုက်ပြီး ကံစမ်းမဲဖောက်ရန် အခွင့်အရေးတစ်ကြိမ် ရရှိခဲ့လေ၏။
သူမက ဟိုနှိပ်ဒီနှိပ်ဖြင့် ကြည့်ရှုလိုက်ရာ ဆုမဲများမှာ တကယ့်ကို ဆွဲဆောင်မှုရှိနေကြောင်း တွေ့လိုက်ရသည်။
သို့သော် ပါဝင်သူအရေအတွက်ကို မြင်လိုက်ရချိန်တွင်မူ ယွမ်ရှောင်ရှန်သည် ခေါင်းယမ်းလိုက်ပြီး သူမကိုယ်သူမ လှောင်ပြောင်သည့်ဟန်ဖြင့် ရယ်မောကာ တွေးလိုက်မိသည်။
“ငါ့လိုလူဆီကို ဘယ်လိုလုပ်ပြီး ကံကောင်းခြင်းတွေရောက်လာနိုင်မှာလဲ”
သို့ရာတွင် နောက်တစ်နေ့၌ သူမ အော်ဒါလက်ခံရန် ဖုန်းကို ဖွင့်လိုက်ချိန်တွင် ဝီချက် မီနီပရိုဂရမ်ထံမှ အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
“ဒင်၊ ဂုဏ်ယူပါတယ် သင်ကံထူးသွားပါပြီ၊ ရရှိသော ဆုမဲမှာ အောက်ပါအတိုင်းဖြစ်ပါသည်၊ လေးရက်နှင့် သုံးညစာ ဇိမ်ခံအခန်း...”
ယွမ်ရှောင်ရှန်၏နှာခေါင်းများမှာ စိတ်လှုပ်ရှားမှုကြောင့် ပွလာပြီး သူမ၏မျက်လုံးများမှာလည်း ပြူးကျယ်သွားလေတော့သည်။
၎င်းမှာ ကြော်ငြာနောက်ပြောင်မှုတစ်ခု မဟုတ်ကြောင်း သေချာစေရန်အတွက် သူမ၏မျက်လုံးများကို အားရပါးရ ပွတ်သပ်လိုက်ပြီးနောက် သူမကိုယ်သူမ ဆိတ်ကြည့်လိုက်သည်။ ‘အား... နာတယ်၊ ဒါ တကယ်ကြီးဟ’
သူမ တကယ်ကို ကံထူးသွားခဲ့ပြီဖြစ်သည်။ သူမမှာ အရမ်းပျော်လွန်းသဖြင့် ခုန်ပေါက်ပစ်ချင်စိတ်များပင် ပေါ်လာလေသည်။
ဤသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ကံထူးခြင်းဖြစ်ပြီး၊ အစကတည်းက အကြီးမားဆုံး ဆုကြီးကို ရရှိခဲ့ခြင်းပင်။
သူမ၏မျက်ရည်များမှာ မထိန်းနိုင်ဘဲ ကျဆင်းလာခဲ့လေပြီး တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
“အဖေ၊ အမေ၊ သမီးကို ကောင်းကင်ဘုံကနေ စောင့်ရှောက်ပေးနေကြတာလား”
ယွမ်ရှောင်ရှန်သည် သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး ဤသတင်းကောင်းကို ညီမဖြစ်သူအား ပြန်ပြောပြချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာခဲ့၏။
သူမ၏ညီမလေး ယွမ်ရှောင်ဟန်မှာမူ အိမ်တွင် လိမ္မာရေးခြားရှိစွာဖြင့် အတန်းဖော်များ၏ အိမ်စာများကို ကူညီလုပ်ဆောင်ပေးနေလေသည်။
ဟုတ်ပေသည်၊ သင် ဖတ်လိုက်ရသည်မှာ မှန်ကန်လေသည်။ သူမသည် အတန်းဖော်များ၏ နွေရာသီအိမ်စာများကို ကူညီလုပ်ဆောင်ပေးနေခြင်းပင်။
မိဘနှစ်ပါးစလုံးကို ဆုံးရှုံးခဲ့ရသော ယွမ်ရှောင်ဟန်လေးသည် အစ်မဖြစ်သူ၏ ရုန်းကန်ကြိုးစားမှုများကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ခဲ့ပြီး၊ ရုတ်တရက်ဆိုသလိုပင် အလွန်သိတတ်နားလည်သော ကလေးလေးတစ်ယောက် ဖြစ်လာခဲ့သည်။
သူမ၏အတန်းဖော်အချို့မှာ နွေရာသီအိမ်စာများကို မလုပ်ချင်ကြသဖြင့် သူမက ဉာဏ်ထုတ်ကာ ဘာသာရပ်တစ်ခုလျှင် ယွမ်တစ်ရာနှုန်းဖြင့် သူတို့၏နွေရာသီအိမ်စာများကို ကူညီလုပ်ဆောင်ပေးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
ယနေ့ခေတ်တွင် ငွေကြေးချမ်းသာသည့် မူလတန်းကျောင်း ကျောင်းသား၊ ကျောင်းသူတွေက မနည်းမနောပင်။
ထို့ကြောင့် သူမသည် ချက်ချင်းဆိုသလို အော်ဒါ ငါးခုကို လက်ခံရရှိခဲ့ပြီး ယခုအချိန်တွင် ကြိုးကြိုးစားစားဖြင့် ရေးမှတ်နေခြင်းဖြစ်သည်။
ရုတ်တရက် တံခါးပွင့်လာသံကို ကြားလိုက်ရပြီးနောက်၊ အစ်မဖြစ်သူက တံခါးဝမှနေ၍ စိတ်လှုပ်ရှားစွာဖြင့် လှမ်းခေါ်သံကို ကြားလိုက်ရ၏။
“ရှောင်ဟန်၊ ရှောင်ဟန်”
ယွမ်ရှောင်ဟန်မှာ ဆူညံသံကို ကြားလိုက်ရသဖြင့် သူမ၏ထိုင်ခုံပုလေးပေါ်မှ အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး မေးလိုက်သည်။
“အစ်မ၊ ဘာဖြစ်လို့လဲ”
ယွမ်ရှောင်ရှန်သည် သူမ၏ညီမလေးကို တင်းကြပ်စွာ ဖက်ထားလိုက်သည်။ သူမ၏ စိတ်ခံစားမှုများမှာ အနည်းငယ်လှုပ်ရှားနေပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်လေ၏။
“ရှောင်ဟန်၊ အစ်မ ဆုကြီးတစ်ခုပေါက်တယ်”
ယွမ်ရှောင်ဟန်က နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။
“ဘာဆုကြီးမို့လို့လဲ”
ယွမ်ရှောင်ရှန်က စိတ်လှုပ်ရှားစွာ ရှင်းပြလေသည်။
“အဲဒါက ခရီးသွားအစီအစဉ်လိုမျိုးပဲ၊ တို့ညီအစ်မနှစ်ယောက် အတူတူ အပြင်ထွက်လည်လို့ရပြီ၊ နွေရာသီနဲ့ ဆောင်းရာသီကျောင်းပိတ်ရက်တွေမှာ တခြားသူငယ်ချင်းတွေ သူတို့မိဘတွေနဲ့အတူခရီးသွားရတာကို ညီမလေး အမြဲတမ်းအားကျနေခဲ့တာမဟုတ်လား၊ ဒီတစ်ခါတော့ တို့တွေလည်း အပြင်ထွက်လည်လို့ရသွားပြီ”
ယွမ်ရှောင်ဟန်မှာ ယခင်က တစ်ခါမှ ခရီးမထွက်ဖူးခဲ့ပေ။
ဤသတင်းကို ကြားလိုက်ရသောအခါ သူမသည်လည်း ကျွတ်နေသောရှေ့သွားလေးကို ပေါ်အောင်ပြုံးပြရင်း ရယ်မောလိုက်မိသည်။
သို့ရာတွင် ခဏကြာပြီးနောက်၊ ယွမ်ရှောင်ဟန်သည် ဆရာမသင်ကြားပေးထားခဲ့သော လိမ်လည်မှုဆန့်ကျင်ရေး အသိပညာများကို သတိရသွားပြီး မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
“အစ်မ၊ ဒီဆုကို ဘယ်ကနေရတာလဲ၊ သူတို့က အစ်မကို ပိုက်ဆံအရင်ပေးခိုင်းမှာလား၊ အရင်ဆုံး ပိုက်ဆံပေးရမယ့်ကိစ္စမှန်သမျှက လိမ်လည်တာချည်းပဲလို့ ဆရာမကပြောထားတယ်နော်”
ယွမ်ရှောင်ရှန်တစ်ယောက် မှင်တက်သွားမိ၏။ ဤဖြစ်နိုင်ခြေကို သူမ လုံးဝ ထည့်မစဉ်းစားခဲ့မိပေ။
သူမ စိုးရိမ်တကြီးဖြင့် ရေရွတ်လိုက်သည်။
“ဟုတ်တာပေါ့၊ အခုခေတ် လူ့အဖွဲ့အစည်းမှာ လိမ်လည်လှည့်ဖြားတဲ့သူတွေက မှိုလိုပေါက်နေတာ၊ ငါများအလိမ်ခံလိုက်ရတာလား”
သို့သော် သူမမှာ အလွယ်တကူ လက်မလျှော့ချင်သေးပေ။ ‘တကယ်လို့များ အစစ်အမှန် ဖြစ်နေခဲ့ရင်ကော'
သူမသည် လီရှန်းယာတောအိမ်၏ မီနီပရိုဂရမ်ကို ဖွင့်လိုက်ပြီး ထိုနေရာတွင် ဖော်ပြထားသော ဖုန်းနံပါတ်ဆီသို့ ခေါ်ဆိုလိုက်သည်။
*တီ... တီ... တီ...*
ဖုန်းမြည်သံနှင့်အတူ သူမ၏ နှလုံးခုန်သံများမှာလည်း နိမ့်ချည်မြင့်ချည် ခုန်ပေါက်နေလေသည်။
ဖုန်းထဲမှ အသံထွက်ပေါ်လာ၏။
“မင်္ဂလာပါရှင်၊ လီရှန်းယာတောအိမ်မှ ဝမ်းမြောက်စွာ ဝန်ဆောင်မှုပေးပါရစေ”
ယွမ်ရှောင်ရှန်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
“ဟယ်လို၊ ဒီလိုပါ၊ ကျွန်မက ရှင့်တို့ရဲ့ မီနီပရိုဂရမ်က ကံစမ်းမဲအစီအစဉ်မှာ ပါဝင်ခဲ့တာ၊ ပထမဆု ပေါက်တယ်လို့ ပြနေလို့ပါ၊ အင်း... အဲဒီဆုကို ဘယ်လိုထုတ်ယူရမလဲရှင်”
တစ်ဖက်မှ ယဉ်ကျေးစွာ ပြန်လည်ဖြေကြားလာသည်။
“ခဏလေး စောင့်ပေးပါရှင်၊ ကျွန်မ ကူညီစစ်ဆေးပေးပါ့မယ်၊ ဒါက အမ ယွမ်ရှောင်ရှန်များလားရှင်”
ယွမ်ရှောင်ရှန်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
“အင်း၊ ဟုတ်ပါတယ်”
တစ်ဖက်မှ ဝန်ထမ်းက ဆက်လက်ရှင်းပြလေသည်။
“ကောင်းပါပြီရှင်၊ ဆုကို ထုတ်ယူဖို့အတွက် နောက်ကွယ်က စနစ်ကနေ ရွေးချယ်နိုင်ပါတယ်၊ အားလပ်တဲ့ ကြိုတင်စာရင်းသွင်းချိန် တစ်ခုကို ရွေးချယ်ပြီးရင်တော့”