အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
115
သို့ရာတွင် ယွမ်ရှောင်ရှန်သည် တစ်ဖက်လူ၏ ညွှန်ကြားချက်များကို ချက်ချင်း လိုက်နာလုပ်ဆောင်ခြင်း မရှိခဲ့ဘဲ သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။
“ဒီအထဲမှာ ဆုရဖို့အတွက် ကျွန်မဘက်က ပိုက်ဆံကြိုပေးရမယ့်ဟာတွေများ ပါနေသေးလား”
တစ်ဖက်မှ ယဉ်ကျေးစွာ ပြန်လည်ဖြေကြားလာ၏။
“မပါပါဘူးရှင်၊ ကျွန်မတို့ဆီမှာ ဘာအပိုကုန်ကျစရိတ်မှ မရှိပါဘူး၊ ဆုမဲတွေအားလုံးက အခမဲ့ဖြစ်တဲ့အပြင် ခရီးစရိတ်အတွက် ယွမ်သုံးထောင်ကိုတောင် ထောက်ပံ့ပေးထားပါသေးတယ်၊ ကျေးဇူးပြုပြီး နောက်က ဖောင်ထဲမှာ အမရဲ့ ဘဏ်အကောင့်နံပါတ်ကို ဖြည့်ပေးပါရှင်၊ အော်... ပြီးတော့ အဲဒီအကောင့်က နာမည်နဲ့ ကံထူးရှင်ရဲ့နာမည်က ကိုက်ညီနေမှ အကျုံးဝင်မှာပါ၊ အချက်အလက်တွေမှန်ကန်ကြောင်း အတည်ပြုပြီးတာနဲ့ ၂၄ နာရီအတွင်း အမရဲ့ ကတ်ထဲကို ငွေလွှဲပေးသွားမှာပါ”
ယွမ်ရှောင်ရှန်သည် ဖုန်းချသွားပြီးနောက် ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် တစ်ဖက်လူ၏ တောင်းဆိုချက်များအတိုင်း ဆက်လက်လုပ်ဆောင်လေသည်။
ဘဏ်အကောင့်နံပါတ် ဖြည့်သွင်းရမည့် နေရာသို့ ရောက်သောအခါ၊ သူမက ပါးနပ်စွာဖြင့် ယွမ်ဆယ်ဂဏန်း အနည်းငယ်သာ ကျန်ရှိတော့သော ခရက်ဒစ်ကတ်တစ်ခု၏ နံပါတ်ကိုသာ ရွေးချယ်ထည့်သွင်းလိုက်သည်။
ဤသို့ဆိုလျှင် ထိုသူများက လိမ်လည်သူများဖြစ်နေပြီး သူမ၏ကတ်ထဲမှ ငွေများကို ထုတ်ယူသွားမည်ဆိုပါကတောင် သူမအတွက် ကြီးကြီးမားမားဆုံးရှုံးနစ်နာမှုများ ရှိလာမည်မဟုတ်ပေ။
အချက်အလက်များ ဖြည့်သွင်းပြီးသွားသောအခါ ငွေဝင်လာမည့် အကြောင်းကြားစာ ရောက်လာမည်လားဆိုသည့် မျှော်လင့်ချက်ဖြင့် သူမ၏ဖုန်းမျက်နှာပြင်ကို စိုးရိမ်တကြီး စိုက်ကြည့်နေမိသည်။
တစ်မိနစ်၊ နှစ်မိနစ်မှသည် ဆယ်မိနစ်အထိ အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သော်လည်း ငွေက အဘယ်ကြောင့် ဝင်မလာသေးသနည်း။
ယွမ်ရှောင်ရှန်က ခေါင်းယမ်းလိုက်ပြီး ဤမျှလောက် အလောတကြီးမဖြစ်ရန် သူမကိုယ်သူမ သတိပေးလိုက်သည်။ ၂၄ နာရီအတွင်း ရောက်လာမည်ဟု သူတို့ ပြောထားခဲ့သည်မဟုတ်လော။
လောလောဆယ်တော့ သူမ အစားအသောက် သွားပို့ရဦးမည် ဖြစ်သည်။
ယခုဆိုလျှင် ထမင်းစားချိန်သို့ပင် ရောက်ရှိနေပြီဖြစ်ရာ အစားအသောက် ပို့ဆောင်ရေးသမားများအတွက် အလုပ်အများဆုံးအချိန်ပင်။
သူမက အိမ်အပြင်ထွက်ရန် ပြင်ဆင်ရင်း လှမ်းမှာလိုက်သည်။
“ရှောင်ဟန်၊ ရေခဲသေတ္တာထဲမှာ ဒီမနက် အစ်မကြော်ထားတဲ့ ထမင်းကြော်ရှိတယ်၊ ခဏနေရင် အဲဒါကို နွှေးစားလိုက်နော်၊ အစ်မ အခုအလုပ်သွားတော့မယ်”
ညီမလေးဖြစ်သူက စိုးရိမ်တကြီးဖြင့် သတိပေးလိုက်၏။
“ဟုတ်ကဲ့ပါ အစ်မ၊ သမီးပြောတာကိုလည်း သတိရဦးနော်၊ သူတို့က အစ်မကို ပိုက်ဆံလွှဲခိုင်းရင် လုံးဝမယုံနဲ့”
ယွမ်ရှောင်ရှန်က ပြုံးကာ ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့ အိမ်တော်ထိန်းမလေးရယ်၊ အစ်မသွားပြီ”
တစ်မနက်ခင်းလုံး အော်ဒါများပို့ဆောင်ရသဖြင့် အလုပ်များနေခဲ့ပြီးနောက်၊ ပင်ပန်းနွမ်းနယ်စွာဖြင့် ထိုင်၍အနားယူရန် ပြင်လိုက်ချိန်တွင် ဘဏ်မှ စာတိုတစ်စောင် ဝင်ရောက်လာကြောင်း သူမတွေ့ရှိလိုက်ရသည်။
ယွမ်ရှောင်ရှန်က မယုံနိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်မိသည်။
“ငါ့ဆီကို ယွမ်သုံးထောင် တကယ်ကြီးလွှဲပေးလိုက်တာပဲ”
သူမထံသို့ ကံကောင်းခြင်းများ အမှန်တကယ်ကျရောက်လာပြီဖြစ်ကြောင်း သူမကိုယ်တိုင်ပင် ယုံကြည်နိုင်စွမ်းမရှိသေးပေ။
အိမ်သို့ ပြန်ရောက်ပြီးနောက် သူမကဖုန်းကို ထုတ်ယူကာ ညီမဖြစ်သူရှေ့တွင် ဝှေ့ယမ်းပြရင်း အနည်းငယ်ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
“ဒီမှာကြည့်စမ်း၊ အစ်မ အလိမ်မခံရဘူး၊ သူတို့က အစ်မရဲ့ဘဏ်အကောင့်ထဲကို ယွမ်သုံးထောင် လွှဲပေးပြီးသွားပြီ၊ ခုနလေးတင် အစ်မ ATM စက်ရှေ့က ဖြတ်လာရင်းနဲ့ ယွမ်တစ်ထောင်ကို တိုက်ရိုက်ထုတ်ကြည့်လိုက်သေးတယ်”
ယွမ်ရှောင်ဟန်၏မျက်လုံးများမှာလည်း အံ့သြမှုကြောင့် ပြူးကျယ်သွားလေသည်။
ဤလောကတွင် အခမဲ့ရနိုင်သော နေ့လယ်စာမျိုး တကယ်ပဲ ရှိနေခဲ့သည်လော။
ထိုအခါမှ သူမသည် သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလာသည်။
“အစ်မ၊ တကယ်တော့ အဲဒီဆုကြီးက ဘာလဲဟင်”
ယွမ်ရှောင်ရှန်က သူမ၏ခေါင်းကို ပွတ်သပ်ရင်း ရှင်းပြလိုက်၏။
“အဲဒါက ဒီလီရှန်းယာတောအိမ်ကို လေးရက်နဲ့ သုံးည အခမဲ့သွားလည်လို့ရတဲ့ ဆုလေ၊ အစ်မတို့တွေ ပိုက်ဆံ တစ်ပြားမှပေးစရာမလိုဘဲ စားစရိတ်နဲ့ တည်းခိုစရိတ်အားလုံး ပါပြီးသား”
ယာတောအိမ်ဆိုသည်ကို ယွမ်ရှောင်ဟန် သိထားပြီးဖြစ်သည်။
သူမ၏ ခုံတန်းဖော် သူငယ်ချင်းက စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် မိဘများနှင့်အတူ တောလက်ကျေးရွာရှိ ယာတောအိမ်တစ်ခုသို့ သွားရောက်လည်ပတ်ခဲ့ဖူးကြောင်းနှင့်၊ ဟင်းသီးဟင်းရွက်များ ခူးဆွတ်ခြင်းနှင့် လတ်လတ်ဆတ်ဆတ် သတ်ထားသော ကြက်ဖကြီးကို စားသောက်ရခြင်းမှလွဲ၍ သိပ်ပြီး စိတ်ဝင်စားစရာမကောင်းလှကြောင်း ပြောပြဖူးလေသည်။
ခုံတန်းဖော် သူငယ်ချင်းက စိတ်ဝင်စားစရာ မကောင်းဟု ပြောခဲ့သော်လည်း၊ ယွမ်ရှောင်ဟန်မှာမူ အလွန်အမင်း အားကျနေခဲ့ပြီး ယာတောအိမ်ဖြစ်နေခြင်းအပေါ် လုံးဝ စိတ်ကသိကအောက်မဖြစ်ခဲ့ပေ။
သူမအနေဖြင့် ယခင်က တစ်ခါမှ ထိုကဲ့သို့သောနေရာမျိုးသို့ မရောက်ဖူးခဲ့ပေ။
ယခင်က စာမေးပွဲများအတွက် အလုပ်များနေခဲ့ပြီး ယခုအခါ နေ့စဉ်အလုပ်များဖြင့် လုံးပန်းနေရသော ယွမ်ရှောင်ရှန် ကိုယ်တိုင်ကလည်း ၎င်းကို ငါးမျှားခြင်း၊ ဒေသထွက်ကြက်သားစားခြင်းစသည့် သာမန် ယာတောအိမ်လေး တစ်ခုမျှသာဖြစ်မည်ဟု တွေးထင်ထားခဲ့သည်။
သို့သော်လည်း သုံးရက်စ ထမင်းဖိုးကို ချွေတာနိုင်မည်ဖြစ်ပြီး၊ ကောင်းမွန်သောဟင်းလျာများကို စားသုံးခွင့်ရကာ ယခင်က တစ်ခါမှ မရောက်ဖူးသော နေရာတစ်ခုသို့ သွားရောက်ရမည်ဖြစ်ရာ သူမက အလွန်ကောင်းမွန်သည်ဟု ခံစားနေရဆဲပင်။
မိဘနှစ်ပါး ကွယ်လွန်သွားခဲ့ပြီးကတည်းက ညီအစ်မနှစ်ယောက်သည် အပြင်ထွက်၍ တစ်ခါမှ မစားသောက်ဖူးကြတော့ပေ။
ယွမ်ရှောင်ဟန်က တက်ကြွစွာ မေးလိုက်သည်။
“အစ်မ၊ ဒီယာတောအိမ်က ညီမလေးတို့နဲ့ ဝေးလားဟင်၊ ဘယ်တော့သွားကြမှာလဲ၊ ညီမလေးတို့ရဲ့ တရုတ်စာဆရာမက စာစီစာကုံးတစ်ပုဒ် ရေးခိုင်းထားတယ်၊ ခေါင်းစဉ်က ‘ပထမဆုံးခရီး’ တဲ့၊ အစကတော့ ဘယ်လိုရေးရမလဲ စဉ်းစားလို့မရဖြစ်နေတာ၊ အခုတော့အတော်ပဲ”
ညီမဖြစ်သူ၏စကားကို ကြားသောအခါ၊ ယွမ်ရှောင်ရှန်သည် သူမ၏ နူးညံ့သောဆံပင်လေးများကို ယုယစွာ ပွတ်သပ်ပေးရင်း နူးညံ့သောအသံဖြင့် ဖြေကြားလိုက်၏။
“လက်မှတ်တွေကို အခုပဲရှာကြည့်လိုက်မယ်၊ မြေပုံပေါ်မှာ ကြည့်လိုက်တော့ ဒီနေရာက အစ်မတို့နဲ့ ကီလိုမီတာ တစ်ထောင်ကျော်လောက်ဝေးတယ်၊ အစ်မတို့တွေ လေယာဉ် ဒါမှမဟုတ် ရထားစီးရလိမ့်မယ်လို့ထင်တာပဲ”
ယွမ်ရှောင်ဟန်၏မျက်လုံးများ အရောင်လက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။
“လေယာဉ်စီးရမယ်၊ အဲဒါက ညီမလေးတို့တွေ ကောင်းကင်ပေါ်မှာ ပျံသန်းနိုင်တော့မယ်ဆိုတဲ့ သဘောလား၊ ရှောင်လီက သူ သူငယ်တန်းတုန်းက မိဘတွေနဲ့ လေယာဉ်စီးဖူးတယ်ဆိုပြီး အမြဲတမ်း ကြွားလေ့ရှိတာ၊ သူက အရမ်းပျော်စရာကောင်းတယ်တဲ့၊ ညီမတို့တွေရော တကယ်စီးရမှာလား”
ယွမ်ရှောင်ရှန်သည် ဖုန်းထဲမှ လက်မှတ်ရှာဖွေရေးအက်ပ်ကို ဖွင့်လိုက်ရင်း တိုးညှင်းစွာရေရွတ်လိုက်သည်။
“ကြည့်ကြည့်ရအောင်၊ ဒီလ ၁၂ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ ဈေးသက်သာတဲ့ လေယာဉ်လက်မှတ်တွေရှိတယ်၊ အနီးဆုံး လေဆိပ်ကို သွားတာဆိုတော့၊ ပြီးတော့ အဲဒီလေဆိပ်ကနေ လီရှန်းယာတောအိမ်ကို တိုက်ရိုက်သွားတဲ့ ဘတ်စ်ကားတောင် ရှိသေးတယ်၊ ဒါက အရမ်းကိုအဆင်ပြေတာပဲ”
ယွမ်ရှောင်ရှန်က ဆက်လက်၍ တွက်ချက်နေလေ၏။
“အပြန်ခရီးကို ထပ်ကြည့်ရအောင်၊ အင်း... အပြန်ကိုတော့ အစ်မတို့တွေ ရထားစီးပြီးပြန်တာ ပိုကောင်းမယ်၊ နွေရာသီကျောင်းပိတ်ရက်ဆိုတော့ လေယာဉ်လက်မှတ်တွေက အရမ်းဈေးကြီးတယ်၊ သက်သာတဲ့ အထူးဈေးနှုန်းသာမဟုတ်ရင် အစ်မတတ်နိုင်မှာမဟုတ်ဘူး”
ယွမ်ရှောင်ရှန်သည် အချိန်အတော်ကြာ လေ့လာကြည့်ရှုပြီးနောက်၊ လီရှန်းယာတောအိမ်တွင် ၁၂ ရက်နေ့အတွက် အခန်းလွတ်မရှိတော့သဖြင့် ၁၄ ရက်နေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့်သွားရောက်ရန်နှင့် ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ရထားဖြင့်ပြန်လာရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ညီမဖြစ်သူအတွက် လက်မှတ်ခကို တစ်ဝက်ဈေးဖြင့် ရရှိနိုင်သေးရာ၊ သူမအနေဖြင့် ခရီးစရိတ် ယွမ် ၃,၀၀၀ ထဲမှ တစ်ဝက်ခန့်ကိုပင် ချွေတာနိုင်ပေမည်။
ဤသို့ ချွေတာနိုင်ပါက ကျန်ရှိသော ငွေများဖြင့် ညီမလေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်မည်ဟု သူမတွေးတောနေမိသည်။
အရာအားလုံး အတည်ပြုပြီးနောက်တွင် ဤသတင်းကောင်းကို ညီမဖြစ်သူအား ပြောပြလိုက်လေသည်။
ယွမ်ရှောင်ဟန်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် အစ်မဖြစ်သူ၏ဘေးတွင် တစ်ပတ်ပြီးတစ်ပတ် လှည့်ပတ်ပြေးလွှားကာ အော်ဟစ်နေလေတော့၏။
“ရေး... ရေး... ရေး... ငါ အပြင်ထွက်လည်ရတော့မယ်၊ အစ်မ... အစ်မဝယ်ပေးထားတဲ့ ဂါဝန်လှလှလေးကို သမီးယူသွားမယ်နော်”
မည်သို့ပင်ဆိုစေကာမူ သူမသည် ကစားရခြင်းကို နှစ်သက်သော ကလေးငယ်တစ်ဦးသာ။
အရင်ကတော့ မိသားစုကို တစ်ယောက်တည်း ဝန်ထမ်းနေရရှာသော အစ်မဖြစ်သူအား သနားသဖြင့် ကစားစရာများလိုချင်ကြောင်း၊ အပြင်ထွက်လည်ချင်ကြောင်း တစ်ခါမှမပူဆာခဲ့ဖူးပေ။
ယွမ်ရှောင်ရှန်လည်း အလွန်အမင်း ပျော်ရွှင်နေမိသည်။ သူမ၏ အတန်းဖော်များအားလုံးမှာ အထက်တန်းအောင်ပြီးချိန်တွင် ခရီးများထွက်ခဲ့ကြသော်လည်း၊ သူမမှာမူ ခရီးစရိတ်ကို မတတ်နိုင်ခဲ့သည့်အပြင် ကျောင်းစရိတ်အတွက်ပါ ငွေစုနေရသဖြင့် မသွားနိုင်ခဲ့ပေ။ ယခုတော့ သူမမှာလည်း အပြင်ထွက်လည်ရန် အခွင့်အရေး ရရှိခဲ့ချေပြီ။
ညီအစ်မနှစ်ဦးလုံးသည် ၁၄ ရက်နေ့ ရောက်ရှိလာမည့်အချိန်ကို အတူတကွ မျှော်လင့်စောင့်စားနေကြသည်။
ယွမ်ရှောင်ဟန်သည် ပြက္ခဒိန်ရှိရာသို့ ပြေးသွားပြီး မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ ခေါင်းလေးကိုစောင်း၍ ညည်းတွားလိုက်၏။
“ဒီနှစ်ရက်သာ မြန်မြန်ကုန်သွားရင် သိပ်ကောင်းမှာပဲ”
ယွမ်ရှောင်ရှန်ကလည်း ထောက်ခံသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါ့၊ ဒီရက်တွေက အရမ်းကို နှေးကွေးလွန်းတယ်လို့ အစ်မလည်းခံစားနေရတယ်၊ မျက်လုံးနှစ်လုံးမှိတ်ပြီး ပြန်ဖွင့်လိုက်တာနဲ့ ၁၄ ရက်နေ့ကို တန်းရောက်သွားချင်တာ”
၁၄ ရက်နေ့၏ညသန်းခေါင်ယံအချိန်သို့ အမှန်တကယ်ရောက်ရှိလာသောအခါ၊ ညီအစ်မနှစ်ဦးမှာ ကုတင်တစ်လုံးတည်းပေါ်တွင် အတူတူလှဲလျောင်းနေကြသော်လည်း၊ ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်ဖြင့် အိပ်ပျော်နိုင်ခြင်း မရှိခဲ့ကြပေ။
အစ်မဖြစ်သူ တစ်ဖက်လှည့်လိုက်သံကို ကြားလိုက်ရသဖြင့် ယွမ်ရှောင်ဟန်က တိုးညှင်းစွာ မေးလိုက်သည်။
“အစ်မ၊ အစ်မလည်း မအိပ်သေးဘူးလား”
ယွမ်ရှောင်ရှန်က ရင်ခုန်စွာဖြင့် ပြန်ဖြေလိုက်သည်။
“အင်း... မနက်ဖြန် ခရီးထွက်ရတော့မယ်ဆိုတာရယ်၊ ကီလိုမီတာတစ်ထောင်လောက် ဝေးတဲ့နေရာက ဒေသရှုခင်းတွေကို မြင်တွေ့ရတော့မယ်ဆိုတာကို တွေးမိတိုင်း အစ်မ ရင်တွေအရမ်းခုန်နေလို့ပါ”
ယွမ်ရှောင်ဟန်ကလည်း ပြုံးရွှင်စွာဖြင့် ပြောလေ၏။
“သမီးလည်းအဲဒီလိုပဲ၊ နောက်ဆိုရင် အတန်းဖော်တွေက အဝေးဆုံး ဘယ်နေရာကိုရောက်ဖူးလဲလို့ မေးလာရင် သမီး အသံကျယ်ကျယ်နဲ့ ပြန်ဖြေနိုင်ပြီလေ၊ ကဲပါ အစ်မရယ်၊ သမီးတို့တွေ မြန်မြန်အိပ်ပျော်အောင်ပဲ အိပ်ကြရအောင်၊ မဟုတ်ရင် မနက်ဖြန်နေ့လယ်ကျရင် သေချာပေါက်ငိုက်နေတော့မှာ”
သူတို့နှစ်ဦးသည် ခေါင်းထဲမှ အတွေးများကို ရှင်းထုတ်ရန် အတင်းအကြပ် ကြိုးစားခဲ့ကြပြီး မိုးမလင်းမီလေးတွင်မှ အိပ်ချင်စိတ် အနည်းငယ်ကို ခံစားခဲ့ကြရသည်။
ရလဒ်အနေဖြင့် နံနက်ပိုင်းတွင် ဖုန်းမှ နှိုးစက်ပင်မမြည်သေးမီ သူတို့နှစ်ဦးစလုံးမှာ နိုးထနေခဲ့ကြပြီ ဖြစ်၏။
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ညီအစ်မနှစ်ဦးစလုံးမှာ မနေနိုင်တော့ဘဲ ရယ်မောလိုက်ကြလေသည်။
ယွမ်ရှောင်ဟန်က အိပ်မှုန်စုံမွှားဖြင့် မေးလိုက်သည်။
“အစ်မ၊ အခု ဘယ်အချိန်ရှိနေပြီလဲ”
ယွမ်ရှောင်ရှန်က ဖုန်းကိုကြည့်ကာ ပြန်ဖြေလိုက်၏။
“အစ်မ ကြည့်လိုက်ဦးမယ်၊ ငါးနာရီခွဲပြီ၊ ညီမလေး နည်းနည်းထပ်အိပ်ချင်သေးလား၊ အစ်မရဲ့ နှိုးစက်က ခြောက်နာရီမှ ပေးထားတာ၊ အစ်မတို့အိမ်က လေဆိပ်နဲ့ သိပ်မဝေးဘူးလေ၊ လျှပ်စစ်စက်ဘီးနဲ့သွားရင် နာရီဝက်ပဲကြာတယ်၊ လေယာဉ်ချိန်က ရှစ်နာရီခွဲမှ၊ အစ်မ အွန်လိုင်းမှာ ရှာကြည့်လိုက်တော့ ဒီလေဆိပ်က သိပ်မကြီးဘူးတဲ့၊ အဲဒါကြောင့် တစ်နာရီခွဲလောက် စောသွားရင် အဆင်ပြေပါတယ်၊ အစ်မတို့မှာ အချိန်အလုံအလောက် ရှိပါသေးတယ်”
ယွမ်ရှောင်ဟန်က ခေါင်းယမ်းပြကာ လေဆိပ်သို့ စောစောသွားချင်ကြောင်း အမူအရာဖြင့် ပြသလိုက်၏။
သူမသည် ယခင်က လေဆိပ်သို့ တစ်ခါမှ မရောက်ဖူးခဲ့သဖြင့် အတွင်းပိုင်းတွင် မည်သို့ပုံစံမျိုး ရှိမည်ကို သိချင်နေခဲ့သည်။
ထို့ကြောင့် ညီအစ်မနှစ်ဦးလုံး အိပ်ရာမှထကာ နံနက်စာစားကြပြီး၊ မှတ်ပုံတင်ကတ်ပြားများနှင့် ဖုန်းအားသွင်းကြိုးများကို ထပ်မံ၍ သေချာစစ်ဆေးလိုက်ကြသည်။
ထို့နောက် လဲလှယ်ဝတ်ဆင်ရန် အဝတ်အစားများကို ခရီးဆောင်အိတ်အတွင်းသို့ ထည့်သွင်းကာ သူတို့၏ ခရီးစဉ်ကို စတင်ထွက်ခွာလာခဲ့ကြလေတော့၏။
116
လေယာဉ်ပေါ်တွင် လေယာဉ်မယ်လေးက ခရီးသည်အားလုံးကို သရေစာမုန့်များ လိုက်လံဝေငှပေးလေသည်။
ယွမ်ရှောင်ဟန်လေးမှာ အသက်ငယ်သော်လည်း အလွန်လိမ္မာရေးခြားရှိသည်ကို မြင်တွေ့လိုက်ရသဖြင့်၊ လေယာဉ်မယ်လေးက သူမကို ဘီစကွတ်မုန့်လေးနှစ်ခုကိုပင် အပိုထပ်ဆောင်း၍ ပေးခဲ့သေးသည်။
ယွမ်ရှောင်ဟန်က ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက်၊ ဘီစကွတ်မုန့်လေးများကို သူမ၏လက်ဆွဲအိတ်ငယ်လေးထဲသို့ သေချာသိမ်းဆည်းလိုက်၏။
သူမမှာ ဆာလောင်ခြင်း မရှိသေးသည့်အပြင်၊ ယာတောအိမ်မှ အစားအသောက်များ သူမအတွက် မလုံလောက်ခဲ့လျှင်တောင် ဤဘီစကွတ်မုန့်လေးများကို စားပြီး အဆာပြေဖြေသိမ့်နိုင်သည်ဟု တွေးတောလိုက်မိသည်။
ယွမ်ရှောင်ဟန်တို့ ညီအစ်မနှစ်ဦး၏ဘေးတွင် ရွှင်လန်းတက်ကြွသော အန်တီကြီးတစ်ဦး ထိုင်နေလေသည်။ သူမ၏ဘေးတွင် ကလေးငယ်တစ်ဦးထိုင်နေသည်ကို မြင်လိုက်ရသောအခါ အန်တီကြီးက စတင်၍စကားစမြည်ပြောဆိုလာ၏။
“ကောင်မလေး၊ ဒါက သမီးရဲ့ကလေးလေး ဖြစ်ရမယ်၊ သမီးတို့နှစ်ယောက်က အရမ်းကိုတူကြတာပဲ၊ သမီးကိုကြည့်ရတာလည်း သိပ်အသက်ကြီးသေးတဲ့ပုံ မပေါ်ပါဘူး၊ တော်တော်လေး စောစောစီးစီး အိမ်ထောင်ကျခဲ့တာဖြစ်မယ်၊ ဒီနှစ်မှ အသက်နှစ်ဆယ်ကျော်လေးပဲ ရှိဦးမှာ မဟုတ်လား”
ယွမ်ရှောင်ဟန်က အလျင်အမြန်ပင် ပြန်လည်ဖြေကြားလိုက်သည်။
“ဒါက သမီးရဲ့ အစ်မပါ”
ယွမ်ရှောင်ရှန်မှာလည်း အနေခက်စွာဖြင့် ပြုံးပြလိုက်မိသည်။ သူမအနေဖြင့် မနေနိုင်တော့ဘဲ လက်ကိုမြှောက်ကာ သူမ၏မျက်နှာကိုပင် စမ်းသပ်ကြည့်လိုက်မိ၏။
လွန်ခဲ့သည့်ရက်ပိုင်းအတွင်း အစားအသောက်များ ပို့ဆောင်ရင်း လေပူနှင့် နေပူဒဏ်ကို အလူးအလဲ ခံခဲ့ရသဖြင့် အသားအရေများညိုမည်းပြီး ရုပ်ရင့်သွားကာ၊ အန်တီကြီးက သူမ၏ညီမလေးကို သမီးအရင်းဟုပင် ထင်မှတ်မှားသွားသည်အထိ ဖြစ်သွားရလေခြင်းလော။
ယွမ်ရှောင်ရှန်က အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြန်ဖြေလိုက်သည်။
“သမီးက အသက်နှစ်ဆယ်တောင် မပြည့်သေးပါဘူးရှင်”
အန်တီကြီးက ပြုံးကာပြောလေသည်။
“အို... ဒုက္ခပါပဲ၊ အန်တီက အထင်မှားသွားတာကိုး၊ ဒါဆို သမီးက ညီမလေးကိုခေါ်ပြီး လေယာဉ်ပေါ်မှာ တစ်ယောက်တည်း ခရီးသွားနေတာပေါ့”
ယွမ်ရှောင်ရှန်သည် မိသားစုကိစ္စများကို အများကြီးမပြောပြချင်သဖြင့် ‘အင်း’ ဟုသာ ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်၏။
အန်တီကြီးမှာမူ လေယာဉ်ပေါ်တွင် အကြာကြီးထိုင်နေရသဖြင့် ငြီးငွေ့နေဟန်တူပြီး စကားများ ဆက်လက်ပြောဆိုလာပြန်သည်။
“ဒါဆို သမီးက တော်တော်လေးတော်တာပဲ၊ အန်တီ့သမီးဆိုရင် သမီးထက် နှစ်နှစ်တောင် ကြီးပေမဲ့ တစ်ယောက်တည်း လေယာဉ်တစ်ခါမှ မစီးဖူးသေးဘူး၊ သမီးကတော့ ညီမလေးကိုပါခေါ်ပြီး တစ်ယောက်တည်းတောင် သွားလာနိုင်နေပြီ၊ သမီးတို့နှစ်ယောက် အပြင်ထွက်လည်ကြတာလား”
ယွမ်ရှောင်ရှန်က အနည်းငယ်အံ့ဩသွားပြီး မေးလိုက်၏။
“အန်တီက ဘယ်လိုလုပ်သိတာလဲ”
ဤအန်တီကြီးက ထိုအချက်ကို ဘယ်လိုများသိရှိသွားရသနည်း။
အန်တီကြီးက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလေသည်။
“သမီးရဲ့ လေယူလေသိမ်းကိုကြည့်ပြီး အန်တီသိတာပေါ့၊ သမီးတို့က လီရှန်းယာတောအိမ်ကို သွားလည်ကြမှာ မဟုတ်လား၊ ဒီပတ်ဝန်းကျင်မှာ အထူးတလည်လာလည်ဖို့ကောင်းတဲ့ တခြား နာမည်ကြီး အထင်ကရနေရာတွေမှ မရှိတာ”
ယွမ်ရှောင်ရှန်လည်း စကားဝိုင်းထဲသို့ မပါဝင်ဘဲ မနေနိုင်တော့သဖြင့် ပြန်လည်မေးမြန်းလိုက်၏။
“အန်တီလည်း လီရှန်းယာတောအိမ်ကို သွားလည်မှာလားဟင်၊ အဲဒီနေရာက အရမ်းနာမည်ကြီးတာလား”
အန်တီကြီးက စိတ်လှုပ်ရှားစွာရှင်းပြလေသည်။
“အို... နာမည်ကြီးတာမှအရမ်းပဲ၊ လူမှုကွန်ရက်က ရေပန်းအစားဆုံး ရှာဖွေမှုတွေမှာတောင် အကြိမ်ကြိမ်ပါဖူးတယ်၊ တခြားဒေသကလူတွေလည်း ဒီကို မကြာခဏလာလည်ကြတယ်၊ ဒါပေမဲ့ အန်တီက လာလည်တာတော့မဟုတ်ဘူး၊ အန်တီ့အိမ်က လီရှန်းကျေးရွာဘေးက ရွာမှာလေ၊ အော်... လီရှန်းရွာက ရွာသားတွေကို အန်တီ တကယ်ပဲအားကျမိတယ်၊ အခုဆို သူတို့ရဲ့ လူနေမှုအဆင့်အတန်းတွေက အရင်ကထက် အများကြီးကိုတိုးတက်လာပြီ၊ အန်တီတို့ရွာမှာလည်း အဲဒီလိုယာတောအိမ်မျိုးလေးများ ရှိရင် သိပ်ကောင်းမှာပဲ”
ယွမ်ရှောင်ရှန်မှာ ယာတောအိမ်နှင့် ရွာသားများကြားရှိ ဆက်စပ်မှုကို သေချာနားမလည်နိုင်ခဲ့ပေ။
ရွာသားများကိုယ်တိုင် ဖွင့်လှစ်ထားခြင်းများလားဟု သူမ တွေးတောလိုက်မိသည်။
လေယာဉ်ပေါ်တွင် အလွန်အမင်း မငြီးငွေ့စေရန်အတွက် အန်တီကြီးနှင့် ယဉ်ကျေးစွာပြုံးပြရင်း အလာပသလာပစကားများကို ဆက်လက်ပြောဆိုနေလိုက်သည်။
လေယာဉ်ပေါ်မှ ဆင်းပြီးနောက်၊ လေဆိပ်ဝန်ထမ်းများကို လမ်းညွှန်မှုတောင်းခံခဲ့ပြီး ညီမဖြစ်သူကိုခေါ်ဆောင်ကာ လီရှန်းယာတောအိမ်သို့သွားမည့် ဘတ်စ်ကားပေါ်သို့ တက်ရောက်ခဲ့လေ၏။
ခရီးစဉ်တစ်လျှောက်လုံး အပြင်ဘက်ရှိ ရှုခင်းများကို ကြည့်ရှုရင်း လီရှန်းယာတောအိမ်အပေါ်တွင် သိပ်ပြီး မျှော်လင့်ချက်ကြီးကြီးမားမား မထားမိတော့ပေ။
အဘယ်ကြောင့်ဆိုသော် အပြင်ပန်းကြည့်ရသည်မှာ သူမ၏မွေးရပ်မြေလောက်ပင် စည်ကားဖွံ့ဖြိုးသည့်ပုံ မပေါ်သောကြောင့်ပင်။
ထို့နောက် ဘတ်စ်ကားမှာ တောင်တက်လမ်းပေါ်သို့ မောင်းနှင်သွားလေသည်။
ယွမ်ရှောင်ဟန်သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်ပြီး အနည်းငယ် ကြောက်ရွံ့လာသဖြင့် သူမအစ်မဖြစ်သူ၏။ ရင်ခွင်ထဲသို တိုးဝင်ကာ တိုးညှင်းစွာ မေးလိုက်သည်။
“အစ်မ၊ အောက်ကလမ်းကြီးက တအားနက်တာပဲ၊ ကြည့်ရတာ အရမ်းအန္တရာယ်များတဲ့ပုံပဲ၊ သမီးတို့တွေ အောက်ကို ပြုတ်ကျသွားနိုင်လားဟင်”
ယွမ်ရှောင်ရှန်က ညီမဖြစ်သူကို နှစ်သိမ့်ပေးလိုက်၏။
“အများကြီး လျှောက်မတွေးပါနဲ့၊ ခဏလောက် မှေးနေလိုက်ပါလား၊ ရောက်တဲ့အခါကျရင် အစ်မနှိုးလိုက်မယ်လေ”
ယမန်နေ့ညက ကောင်းစွာ အိပ်မပျော်ခဲ့ရသည့်အပြင် တစ်မနက်ခင်းလုံး ဟိုပြေးဒီလွှားလုပ်ခဲ့ရသဖြင့် ညီအစ်မနှစ်ဦးလုံးမှာ တကယ်ပင် ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။
မသိစိတ်၏ လွှမ်းမိုးမှုအောက်တွင် သူတို့၏မျက်ခွံများမှာ တဖြည်းဖြည်း လေးလံကျဆင်းလာပြီးနောက်.....
ကားဆရာ၏ အသံကုန်အော်ဟစ်သံက သူတို့ကို လန့်နိုးသွားစေခဲ့သည်။
ကားဆရာက အသံကုန်အော်ဟစ်လိုက်၏။
“လီရှန်းယာတောအိမ်ကို ရောက်ပါပြီခင်ဗျာ၊ ဆင်းမယ့်ခရီးသည်တွေ နောက်ပေါက်ကနေဆင်းပေးကြပါ”
ယွမ်ရှောင်ရှန်တို့ လန့်နိုးသွားပြီးနောက်၊ လူအုပ်ကြီးမှာ တရှဲရှဲ အသံများပေးကာ မတ်တပ်ရပ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
သူမက ညီမလေးကိုဖက်ကာ ခရီးဆောင်အိတ်ကိုသယ်ယူရင်း လူအုပ်ကြီးနှင့်အတူ ဘတ်စ်ကားပေါ်မှ ဆင်းလာခဲ့လေသည်။
ယွမ်ရှောင်ရှန်က ရင်ခွင်ထဲရှိညီမလေးကို လှုပ်နှိုးရင်းပြောလိုက်၏။
“ရှောင်ဟန်၊ ရှောင်ဟန်၊ အစ်မတို့တွေရောက်ပြီ”
ယွမ်ရှောင်ဟန်လေးမှာ အိပ်ချင်မူးတူး မျက်လုံးလေးများကို ဖွင့်ကြည့်လိုက်ရာ ပါးစပ်လေးပင် အိုပုံစံ ဖြစ်သွားလေသည်။
သူမက မယုံနိုင်စွာဖြင့် အစ်မဖြစ်သူ၏အင်္ကျီလက်ကို ဆွဲကာ တိုးညှင်းစွာ မေးလိုက်၏။
“အစ်မ၊ ဒါက ယာတောအိမ်လား၊ ကြီးလိုက်တာ”
ယွမ်ရှောင်ရှန်ကိုယ်တိုင်လည်း အနည်းငယ် တွန့်ဆုတ်သွားမိသည်။ ဤနေရာကြီးကို ကြည့်ရသည်မှာ အလွန်တရာ ဈေးကြီးမည့်ပုံ ပေါက်နေလေဧ။ါ။
ဆုထုတ်ယူရန်အတွက် ပိုက်ဆံပေးရမည်ဟု ထိုနေရာသို့ရောက်မှသာ သူတို့သိလိုက်ရလျှင် မည်သို့လုပ်မည်နည်း။
သို့သော်လည်း သူတို့သည် ဤမျှလောက်အထိ ခရီးဝေးနှင်လာခဲ့ပြီးပြီဖြစ်ရာ ဝင်ရောက်မေးမြန်းကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ညီမဖြစ်သူ၏လက်ကိုဆွဲကာ ခိုင်မာသော ခြေလှမ်းများဖြင့် တစ်လှမ်းချင်းစီ ရှေ့သို့ လျှောက်သွားလိုက်လေ၏။
ကံကောင်းထောက်မစွာဖြင့် ဧည့်ကြိုကောင်တာသို့ သူမ၏မှတ်ပုံတင်ကတ်ပြားကို ပေးလိုက်ပြီးနောက်၊ ဝန်ထမ်းများက အခန်းတည်းခိုခွင့်ကို အလျင်အမြန်ပင် ဆောင်ရွက်ပေးခဲ့ကြသည်။
အစမှအဆုံးတိုင်အောင် ဝန်ထမ်းများ၏ မျက်နှာပေါ်တွင် အပြုံးကိုယ်စီ ဆင်မြန်းထားကြပြီး၊ အခမဲ့ရရှိထားသူဖြစ်သော်လည်း ဆက်ဆံရေးမှာ လုံးဝကွာခြားမှုမရှိခဲ့ပေ။
ယွမ်ရှောင်ရှန်သည် နံရံပေါ်ရှိ ဈေးနှုန်းစာရင်းကို အစောပိုင်းက ခိုးကြည့်ထားခဲ့ရာ၊ သူမတို့ တည်းခိုရမည့် ဇိမ်ခံအခန်းမှာ တစ်ညလျှင် ယွမ် ၉,၉၉၉ တောင် ကျသင့်ကြောင်းတွေ့ရှိခဲ့ရသည်။
‘ဘုရားရေ’
ဤမျှလောက် ဈေးကြီးသော ဟိုတယ်တွင် သူမ တစ်ခါမှ မတည်းခိုဖူးခဲ့ပေ။ ဟုတ်ပေသည်၊ သူမအနေဖြင့် ဟိုတယ်များတွင် တည်းခိုဖူးသည့် အကြိမ်အရေအတွက်မှာလည်း လက်ချိုးရေတွက်လို့ ရလောက်အောင်ပင် နည်းပါးလှသည်။
ဤဆုမဲကို ငွေကြေးအဖြစ်သာ တိုက်ရိုက်လဲလှယ်ခွင့်ရပါက မည်မျှလောက် ကောင်းမွန်လိုက်မည်နည်း။
ဤသုံးညစာ တည်းခိုခအတွက်တင် ယွမ် သုံးသောင်းနီးပါးခန့် ရှိနေချေပြီ။
မိဘနှစ်ပါးက သူတို့ ညီအစ်မနှစ်ဦးအတွက် စုစုပေါင်း ယွမ် ရှစ်သောင်းသာ ချန်ထားခဲ့ပြီး၊ ၎င်းထဲမှ အချို့မှာလည်း သုံးစွဲပြီးသွားချေပြီ။
သူမထံတွင်သာ နောက်ထပ် ယွမ် သုံးသောင်းခန့် အပိုရှိနေပါက ဖိအားများ အများကြီးလျော့ကျသွားမည်မှာ အသေအချာပင်။
သို့သော်လည်း ဤအရာမှာ အခမဲ့ရရှိခြင်းဖြစ်ပြီး ပိုက်ဆံတစ်ပြားမှ ကုန်ကျခြင်းမရှိသဖြင့် အကျိုးအမြတ်ရရှိနေဆဲဖြစ်ကြောင်း သူမကိုယ်သူမ စိတ်ထဲမှ ပြန်လည်နှစ်သိမ့်လိုက်ရလေသည်။
ဇိမ်ခံအခန်းလေးသို့ ရောက်ရှိသွားသောအခါ ယွမ်ရှောင်ဟန်လေးမှာ ရေကူးကန်ကြီးဆီသို့ စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှားသွားရောက်ကာ အော်ပြောလိုက်လေ၏။
“အစ်မ၊ အစ်မ၊ ဒီရေကန်ကြီးက အရမ်းကြီးတာပဲ၊ ဒါကတီဗီထဲမှာပြောတဲ့ ရေကူးကန်ဆိုတာလားဟင်၊ သမီးတို့တွေ ရေဖြည့်ပြီး ရေကူးလို့ရလား”
ယွမ်ရှောင်ရှန်က ရှေ့သို့လှမ်းသွားလိုက်ပြီး နံရံပေါ်ရှိ ကြော်ငြာပိုစတာကို မြင်လိုက်ရသောအခါ ရယ်မောကာ ပြန်ဖြေလိုက်သည်။
“ရှောင်ဟန်၊ ဒါက ရေကူးကန်မဟုတ်ဘူး၊ ရေပူစမ်းကန်လေ၊ ဒီည အစ်မတို့နှစ်ယောက် အတူတူ ရေပူစမ်းစိမ်ကြတာပေါ့၊ ဆောင်းရာသီမှာ ရေပူစမ်းစိမ်ရတာ အရမ်းသက်သောင့်သက်သာရှိတယ်လို့ ကြားဖူးတယ်၊ ဒါပေမဲ့ အခုက နွေရာသီဆိုတော့ အရမ်းပူနေမလားမသိဘူး”
သူမ တွေဝေနေစဉ်မှာပင် ညီမဖြစ်သူက ရေကန်အထက်ရှိ ရေပိုက်ခေါင်းကို လှမ်း၍ဖွင့်လိုက်လေပြီ။
သူမ၏လက်လေးဖြင့် စီးဆင်းလာသောရေကို စမ်းသပ်ကြည့်ပြီးနောက် အစ်မဖြစ်သူဘက်သို့ လှည့်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
“ရေက နွေးနွေးလေးပဲအစ်မ၊ မပူဘူး၊ လက်ပေါ်ကနေ ရေတွေစီးကျသွားတဲ့အခါ အရမ်းကို သက်သောင့်သက်သာရှိတယ်၊ အစ်မ... ဒီည သမီးတို့တွေ ရေပူစမ်းစိမ်ကြရအောင်၊ ဘယ်လိုခံစားရလဲဆိုတာ သမီးစမ်းကြည့်ချင်လို့”
ယွမ်ရှောင်ရှန်က သဘာဝကျစွာပင် သဘောတူလိုက်သည်။ ထိုအချိန်တွင် သူမ၏ ဗိုက်ထဲမှ တဂွီဂွီမြည်သံ ထွက်ပေါ်လာလေ၏။
ဖုန်းကို စစ်ဆေးကြည့်လိုက်ရာ အချိန်မှာ တစ်နာရီခွဲလောက်ပင် ရှိနေလေပြီ။
ဧည့်ကြိုကောင်တာမှ ပေးလိုက်သော ဘောက်ချာများမှာလည်း သူမထံတွင်ရှိနေသေးပြီး၊ လေးရက်စာအတွက်ဖြစ်ရာ သက်တမ်းကုန်သွားပါက နှမြောစရာပင်။
အစပိုင်းက သူမသည် အောက်ထပ်ရှိဧည့်ခန်းမသို့ သွားရောက်ကာ ထမင်းစားရန် ရည်ရွယ်ထားခဲ့သော်လည်း၊ အောက်သို့ဆင်းသွားသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးမှာ ပင်လယ်ပြင်ကြီးသဖွယ် ဖြစ်နေပြီး အပြင်ဘက်တွင်လည်း တန်းစီနေကြသူများ အလွန်အမင်းများပြားလှသည်ကို မြင်တွေ့လိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ဖြတ်သွားဖြတ်လာ သဘောကောင်းသူတစ်ဦးက အခန်းထဲသို့ အစားအသောက်များလာပို့ပေးရန် ယာတောအိမ်သို့ တိုက်ရိုက်ဖုန်းဆက်မှာယူနိုင်ကြောင်း သူမကို ပြောပြခဲ့လေသည်။
ထိုအခါမှသာ သူမ သက်ပြင်းချနိုင်သွားတော့၏။ ညီအစ်မနှစ်ဦးစလုံးသည် ဟင်းလျာမီနူးကို အချိန်အတော်ကြာအောင် လေ့လာကြည့်ရှုနေကြသည်။
သူတို့မှာ ဟိုဟာလည်း စားချင်၊ ဒီဟာလည်း စားချင် ဖြစ်နေကြသည်။
အစားကောင်းအသောက်ကောင်းများ အကြီးအကျယ် မစားသောက်ရသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်ရာ၊ စားချင်စဖွယ်ပုံရိပ်များကို ကြည့်ရင်း သူတို့နှစ်ဦးလုံး သွားရည်ကျလာကြလေသည်။ နောက်ဆုံးတွင် အစ်မဖြစ်သူကသာ ဆုံးဖြတ်ချက်ချလိုက်လေ၏။
ယွမ်ရှောင်ရှန်က ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။
“ကဲ... အစ်ုံတို့တွေ ဒီမှာ ရက်အတော်ကြာနေရမှာဆိုတော့ တစ်ရက်ပြီးတစ်ရက် တစ်လှည့်စီစားကြတာပေါ့၊ ဒီနေ့တော့ ငါးရှဉ့်ဟင်းလျာနဲ့ ကြက်သားအစပ်ကြော်ကို အရင်စားကြမယ်”
ဟင်းလျာများကိုမှာယူပြီးနောက် အနည်းငယ် ကြန့်ကြာနေခဲ့သည်။
ရှောင်ဟန်လေးမှာ ဆာလောင်လွန်းသဖြင့် သည်းမခံနိုင်တော့ဘဲ လေယာဉ်ပေါ်တွင် လေယာဉ်မယ်လေးပေးလိုက်သော ဘီစကွတ်မုန့်လေးများကို ထုတ်ယူကာ စားသောက်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် လူခေါ်ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် အစားအသောက်များ နောက်ဆုံးတော့ ရောက်ရှိလာလေပြီ။
မွှေးပျံ့လှသော ဟင်းရနံ့များက အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ ရုတ်တရက်ဆိုသလိုပင် ရှောင်ဟန်လေးသည် သူမလက်ထဲရှိ ဘီစကွတ်မုန့်လေးများမှာ အရင်ကလောက် မမွှေးတော့ဘူးဟု ခံစားလိုက်ရ၏။
သို့သော် သူမ၏ မွေးရာပါအကျင့်စရိုက်အရ အစားအသောက်များကို အလဟဿ မဖြုန်းတီးတတ်ပေ။
ထို့ကြောင့် ဖွင့်ထားသော ဘီစကွတ်မုန့်များကို ဘေးဖယ်ထားလိုက်ပြီး နေ့လယ်ပိုင်းဆာလောင်လာချိန်မှသာ ဆက်လက်စားသုံးရန် သိမ်းဆည်းထားလိုက်လေသည်။