အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
117
ယွမ်ရှောင်ဟန်လေးသည် ဤနေရာရှိဟင်းလျာများကို တစ်လုတ်မျှ မြည်းစမ်းကြည့်ပြီးနောက်၊ သူမ၏ခေါင်းလေးကို ပန်းကန်လုံးထဲသို့နှစ်ကာ အငမ်းမရ စားသောက်လေတော့သည်။
သူမသာမကဘဲ အစ်မဖြစ်သူမှာလည်း အလုပ်ကြီးအကိုင်ကြီး လုပ်နေရသကဲ့သို့ အားရပါးရ စားသောက်နေလေသည်။ တကယ်ကို အရသာရှိလွန်းလှသည် မဟုတ်လော။
ယွမ်ရှောင်ရှန်သည် ဤနေရာတွင် ဖြတ်သန်းရမည့် နေ့ရက်များမှာ နတ်ပြည်တွင် နေရသကဲ့သို့ ကောင်းမွန်လွန်းလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။
ဤအခြေအနေက ညီအစ်မနှစ်ဦးလုံးကို ဤနေရာလေးမှ လုံးဝ ပြန်မထွက်ခွာချင်တော့လောက်အောင်ပင် ဖြစ်စေခဲ့သည်။
အထူးသဖြင့် မွန်းလွဲပိုင်းတွင် လမ်းလျှောက်ထွက်လာကြစဉ် မိဘနှင့် ကလေးများ အတူဆော့ကစားနိုင်သော ကလေးကစားကွင်း တစ်ခုကိုပါ တွေ့ရှိလိုက်ရချိန်တွင် ပို၍ပင်သဘောကျသွားကြသည်။
ယွမ်ရှောင်ဟန်၏မျက်လုံးများမှာ ကစားကွင်းကို မြင်လိုက်ရသောအခါ ပြူးကျယ်သွားလေသည်။ သူမက အစ်မဖြစ်သူ၏လက်မောင်းကို ဆွဲကာ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်၏။
“အစ်မ... အစ်မ၊ ဟိုမှာ ကလေးကစားကွင်းကြီး”
ညီအစ်မနှစ်ဦးလုံးသည် ကစားကွင်းအတွင်း၌ အလွန်ပျော်ရွှင်စွာ ဆော့ကစားခဲ့ကြသည်။
ယွမ်ရှောင်ရှန်သည် သဘောကောင်းသော ဖြတ်သွားဖြတ်လာအချို့ကို အကူအညီတောင်းကာ သူမနှင့် ညီမလေးတို့၏ အမှတ်တရဓာတ်ပုံများစွာကိုပင် ဖုန်းဖြင့် ရိုက်ကူးခဲ့သေးသည်။
နောက်တစ်နေ့တွင် သူမက ကောင်းမွန်သော ဓာတ်ပုံအချို့ကို စိတ်အားထက်သန်စွာ ရွေးချယ်ကာ သူမ၏ ဝီချက်မုမန့်တွင် တင်လိုက်၏။
သူမ၏အတန်းဖော်များက ခရီးသွားဓာတ်ပုံများကို နည်းမျိုးစုံဖြင့် ကြွားဝါတင်ဆက်နေကြသည်ကို မြင်တွေ့ခဲ့ရသဖြင့်၊ သူမ၏ စိတ်ထဲတွင်လည်း အနည်းငယ် ဂုဏ်ယူကြွားဝါချင်စိတ်လေး ဖြစ်ပေါ်လာခဲ့ခြင်းပင်။
သိပ်မကြာမီမှာပင် တစ်စုံတစ်ယောက်က မှတ်ချက်လာရေးခဲ့သော်လည်း၊ ၎င်းမှာ သူမ၏ ရင်းနှီးသောသူငယ်ချင်းများထဲမှ မဟုတ်ပေ။
အထက်တန်းပထမနှစ်တွင် အတန်းမခွဲမီက အတန်းခေါင်းဆောင်ဖြစ်ခဲ့သော ရွှီဖေးဖေးပင်ဖြစ်သည်။ သူတို့နှစ်ဦးမှာ ယခင်က သိပ်ပြီး ရင်းနှီးမှု မရှိခဲ့ကြပေ။
အတန်းခေါင်းဆောင်သည် အတန်းကိစ္စများ လုပ်ဆောင်ရာတွင် အဆင်ပြေစေရန်အတွက်သာ အတန်းဖော်အားလုံး၏ ဝီချက်အကောင့်များကို ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။
အတန်းခေါင်းဆောင်က ချက်ချင်းပင် မေးမြန်းလာသည်။
“နင်ကော လီရှန်းယာတောအိမ်ကို ရောက်နေတာလား”
ထို ‘ကော’ ဟူသော စကားလုံးလေးမှာ အတော်လေး စိတ်ဝင်စားစရာကောင်းနေ၏။ တကယ်တမ်းတွင် သူတို့မှာ သာမန် အတန်းဖော်များသာဖြစ်ကြသည်။ အတန်းခေါင်းဆောင်မှာ ချမ်းသာသောမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး သူမနှင့် လျှောက်လှမ်းရသည့် ဘဝလမ်းကြောင်းချင်း မတူညီသဖြင့် သဘာဝကျစွာပင် သူတို့နှစ်ဦး အတူတကွ သွားလာလည်ပတ်လေ့ မရှိခဲ့ကြပေ။
ယွမ်ရှောင်ရှန် ပြန်စာမပို့ရသေးမီမှာပင် အတန်းခေါင်းဆောင်မှာ စိတ်မရှည်တော့ဟန်ဖြင့် သူမထံသို့ ဝီချက်မှတစ်ဆင့် သီးသန့်မက်ဆေ့ချ်အချို့ကို ဆက်တိုက်ပေးပို့လာလေသည်။
(နင်လည်း လီရှန်းရွာကို လာလည်တာလား။)
(အင်း... နင့်ရဲ့ မုမန့်က ဓာတ်ပုံတွေကို ကြည့်ရသလောက်တော့ နင်တို့ ဇိမ်ခံအခန်းမှာ တည်းနေကြတာဖြစ်မယ်။)
(အခန်းလွတ်တွေများ ကျန်သေးလားဟင်။ ငါ ပိုက်ဆံပေးပြီး တည်းချင်လို့ပါ။)
ရွှီဖေးဖေးမှာ အနည်းငယ် စိုးရိမ်ပူပန်နေလေသည်။ သူမသည် မိသားစုနှင့်အတူ လာရောက်လည်ပတ်ခြင်းဖြစ်သော်လည်း လီရှန်းယာတောအိမ်မှာ အလွန်အမင်း လူကြိုက်များလွန်းနေ၏။
ပထမနှစ်ရက်အတွက် သူမ၏မိဘများ၊ အဘိုးအဘွားများနှင့် မိခင်ဘက်မှ အဘွားအပါအဝင် ကြီးမားလှသော မိသားစုကြီးတစ်ခုလုံး တည်းခိုရန် အခန်းသုံးခန်းကို အနိုင်နိုင်လုယူခဲ့ရသည်။
သို့ရာတွင် နောက်ပိုင်းရက်များအတွက် အခန်းကြီးတစ်ခန်းသာ ကျန်ရှိတော့သည်ကို တွေ့ရှိခဲ့ရသဖြင့် ထိုအခန်းကို အလျင်အမြန်ပင် ကြိုတင်မှာယူထားလိုက်ရသည်။
ဟိုရောက်သောအခါ အခန်းလွတ်များ ထပ်မံရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းပင်။
မူလကတော့ အခန်းမရှိပါက နှစ်ရက်ခန့်စော၍ ပြန်သွားလျှင်လည်း မဖြစ်နိုင်စရာအကြောင်းမရှိပေ။
သို့သော် သူမ၏မိခင်ဘက်မှ အဘွားနှင့် ဖခင်ဘက်မှ အဘိုးအဘွားများမှာ အသက်အရွယ် ကြီးရင့်နေကြပြီဖြစ်ပြီး၊ သက်သာပျောက်ကင်းခြင်း မရှိသေးသော နာတာရှည်ကျန်းမာရေး ပြဿနာအချို့လည်း ရှိနေကြလေသည်။
ဤတစ်ခေါက် လီရှန်းယာတောအိမ်သို့ လာရောက်ရသည့် အဓိကရည်ရွယ်ချက်မှာ ဆရာမယောင် ထံတွင် အနှိပ်ခံကုသမှုခံယူရန် ချိန်းဆိုထားသောကြောင့် ဖြစ်သည်။
ကုသမှုက ပြီးဆုံးခြင်း မရှိသေးသော်လည်း၊ အခန်းကြီးတစ်ခန်းတည်းသာ ကျန်ရှိတော့ရာ သက်ကြီးရွယ်အိုသုံးဦးလုံး အခန်းတစ်ခန်းတည်းတွင် အတူတကွ နေထိုင်ရခြင်းမှာ သိပ်ပြီး အဆင်ပြေမည်မဟုတ်ပေ။
ထို့အပြင် ရွှီဖေးဖေး၏မိဘများကလည်း သူတို့ရွေးချယ်လာခဲ့သော နေရာမှာ မှန်ကန်ကြောင်း ခံစားမိနေကြသည်။ ဤနေရာလေးမှာ အားလပ်ရက် အပန်းဖြေရန် အကောင်းဆုံးနေရာလေးပင်။
မည်သူကမျှ ပြန်မသွားချင်ကြသဖြင့် မိသားစုတစ်စုလုံး မည်သို့လုပ်ရမည်ကိုမသိဘဲ အခက်ကြုံနေကြရသည်။
ဖခင်ဖြစ်သူက အကြံပြုလိုက်၏။
“ငါတို့တွေ တောင်အောက်မှာ သွားတည်းကြရင်ကော။ ဖေးဖေးရဲ့ အဘွားနဲ့ ငါ့မိဘတွေကို အနှိပ်ခံဖို့ တောင်ပေါ်ခေါ်လာပေးဖို့ ကားတစ်စီးကို နှစ်ရက်လောက်ငှားလိုက်လို့ ရတာပဲ၊ ပြီးတော့ ငါတို့တွေလည်း လာလည်လို့ ရတယ်လေ”
ထိုအကြံပြုချက်ကို သူမ၏အဘိုးဖြစ်သူက ချက်ချင်း ပယ်ချလိုက်သည်။
“နေ့တိုင်း တောင်ပေါ်တက်လိုက်၊ အောက်ဆင်းလိုက် လုပ်နေရတာ ဒါ အားလပ်ရက် ပန်းဖြေတာ ဟုတ်သေးရဲ့လား၊ အရမ်းကိုအလုပ်ရှုပ်လွန်းတယ်”
ဖေးဖေး၏ မိခင်ကလည်း အကြံပေးလာပြန်သည်။
“လီရှန်းရွာ အနီးအနားမှာ ဧည့်ရိပ်သာအသစ်လေး အနည်းငယ် ဖွင့်ထားတာတွေ့တယ်၊ အခန်းလွတ်တွေလည်း ရှိသေးတယ်တဲ့၊ ကျွန်မတို့တွေ အဲဒီအနီးအနားမှာ သွားတည်းကြရင်ရော၊ ဒါလည်းမဆိုးပါဘူး”
ဖေးဖေး၏အဘွားဖြစ်သူက နှုတ်ခမ်းစူကာ ကန့်ကွက်ပြန်သည်။
“အသစ်ပြင်ဆင်ထားတဲ့ အိမ်တွေမှာ ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့တွေ အများကြီးရှိတယ်၊ အဲဒီမှာသွားနေရင် ခန္ဓာကိုယ်ကျန်းမာရေးအတွက် သေချာပေါက် ဆိုးကျိုးဖြစ်စေမှာပဲ၊ သွေးကင်ဆာတောင်ဖြစ်သွားနိုင်တယ်”
ဖေးဖေး၏မိခင်မှာ ပြောစရာစကားပင် မရှိတော့ပေ။
“ဒါလည်း မကောင်းဘူး၊ ဟိုဟာလည်း မကောင်းဘူးဆိုတော့၊ အားလုံးက ဘယ်လိုလုပ်ချင်ကြတာလဲ၊ အခုက အခန်းတစ်ခန်းပဲကျန်တော့တာဆိုတော့ ဘယ်သူက အဲဒီအခန်းမှာနေမှာလဲ”
ထိုအချိန်တွင် ရွှီဖေးဖေး၏ခေါင်းထဲသို့ အကြံတစ်ခု ရုတ်တရက်ဝင်လာခဲ့ပြီး ဝင်ပြောလိုက်သည်။
“သမီးတို့တွေ အနီးအနားက ရွာသားတစ်ယောက်ယောက်ဆီမှာ အခန်းတစ်ခန်းလောက် နှစ်ညလောက် ငှားနေရင်ရော၊ သူတို့အိမ်တွေက အသစ်မှမဟုတ်တာ”
ဖခင်ဘက်မှ အဘွားဖြစ်သူကလည်း ထပ်မံ၍ သဘောမတူပြန်ပေ။ သူတို့မိသားစုမှာ ငွေကြေးပြည့်စုံသူများဖြစ်ကြပြီး အဘွားဖြစ်သူမှာ တစ်သက်လုံး ဆင်းရဲဒုက္ခကို မခံစားခဲ့ရဖူးပေ။
အိပ်စက်ရမည့်နေရာက သူမအတွက် အလွန်အရေးကြီးသောကိစ္စဖြစ်သည်။
မြေးဖြစ်သူက ဤနေရာရှိ ပတ်ဝန်းကျင်က အလွန်ကောင်းမွန်ကြောင်း၊ အထူးသဖြင့် အိပ်မပျော်သော ရောဂါရှိသူများအတွက် ကုတင်ပေါ်သို့လှဲချလိုက်သည်နှင့် အိပ်ပျော်သွားနိုင်ကြောင်း ပြောပြခဲ့၍သာမဟုတ်ပါက သူမ လိုက်လာခဲ့မည်မဟုတ်ပေ။
အဘွားဖြစ်သူမှာ အိပ်ရေးဆတ်သူတစ်ဦးဖြစ်ပြီး၊ ခင်ပွန်းဖြစ်သူနှင့် ခွဲအိပ်လာခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီဖြစ်သည်။
ပထမနှစ်ရက်တွင် သူမနှင့် ခင်ပွန်းဖြစ်သူသည် ဇိမ်ခံနှစ်ယောက်အိပ်ခန်းတွင် တည်းခိုခဲ့ကြပြီး ညဘက်တွင် အမှန်တကယ်ပင် ကောင်းစွာအိပ်ပျော်ခဲ့သည်။
နိုင်ငံခြားမှ ဈေးကြီးပေး၍ အထူးမှာယူထားသော သူမ၏မွေ့ရာထက်ပင် ဤနေရာရှိကုတင်က သူမကို ပိုမိုမြန်ဆန်စွာ အိပ်ပျော်စေနိုင်သည်ဟုတောင် ခံစားခဲ့ရသေး၏။
ဤနေရာရှိ မွေ့ရာများကို ရောင်းချခြင်းမရှိသည်မှာ နှမြောစရာပင်။ သို့မဟုတ်ပါက သူမ သေချာပေါက် တစ်စုံဝယ်ယူ၍ အိမ်သို့သယ်သွားမည်သာ ဖြစ်သည်။
ယခုအခါတွင် အခန်းကြီးတစ်ခန်းတည်းသာ ကျန်ရှိတော့ရာ မည်သူက ထိုအခန်းတွင်အိပ်မည်နည်း။
သူတို့မိသားစု အခက်ကြုံနေချိန်တွင်၊ ရွှီဖေးဖေးသည် သူမ၏ဖုန်းထဲမှတစ်ဆင့် အထက်တန်းကျောင်းမှ အတန်းဖော် သူငယ်ချင်းတစ်ဦးလည်း လီရှန်းယာတောအိမ်သို့ ရောက်ရှိနေကြောင်း တွေ့ရှိသွားခဲ့သည်။
သူမသည် ထိုအတန်းဖော်ကို ကောင်းစွာ မှတ်မိနေသည်။ အဘယ်ကြောင့်ဆိုသော် အထက်တန်းဒုတိယနှစ်တွင် ထိုအတန်းဖော်၏မိဘများမှာ မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့ကြပြီး၊ သူမနှင့် ညီမငယ်လေးသာ အိမ်တွင် ကျန်ရစ်ခဲ့သောကြောင့်ပင်။
ကျောင်းကလည်း သူမအား ချွင်းချက်အနေဖြင့် ညပိုင်းကိုယ်ပိုင်စာကြည့်ချိန်ကို မတက်ရောက်ဘဲ ညီမငယ်လေးကို ပြုစုစောင့်ရှောက်ရန် အိမ်ပြန်ခွင့် ပြုထားခဲ့သည်။
သူမသည် အထက်တန်းပထမနှစ်တွင်လည်း အတန်းဖော်ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က ကျောင်းမှ သူမအတွက် အလှူငွေကောက်ခံရန် စီစဉ်ခဲ့သော်လည်း၊ ယွမ်ရှောင်ရှန်ကိုယ်တိုင်က ငြင်းပယ်ခဲ့ကြောင်းကို သူမ မှတ်မိနေသေး၏။
သူမကိုယ်သူမ ထိုအဆင့်အထိ မကျဆင်းသေးကြောင်းနှင့် ဆရာ၊ ဆရာမများနှင့် အတန်းဖော်များ၏ သနားညှာတာမှုကို မခံယူလိုကြောင်း ယွမ်ရှောင်ရှန်က ခံစားခဲ့ရသောကြောင့်ပင်။
သို့သော်လည်း ယွမ်ရှောင်ရှန်၏ မိသားစုဘဏ္ဍာရေး အခြေအနေအရဆိုလျှင် ဤနေရာရှိ သုံးစွဲမှုအဆင့်အတန်းနှင့် အသွားအပြန်ခရီးစရိတ်များမှာ သူမတတ်နိုင်မည့် အရာမျိုးမဟုတ်ပေ။
သိပ်မကြာမီမှာပင် ဝီချက်၏ အခြားတစ်ဖက်မှ ယွမ်ရှောင်ရှန်က သူမသည် ပထမဆုပေါက်ခဲ့သဖြင့် လီရှန်းယာတောအိမ်က အခမဲ့လာရောက်လည်ပတ်ရန် ဖိတ်ကြားထားခြင်းဖြစ်ကြောင်း ရွှီဖေးဖေးအား ပြောပြလာခဲ့သည်။
ရွှီဖေးဖေးမှာ အလွန်အမင်း အားကျသွားမိသည်။
ထိုအချိန်က သူမကိုယ်တိုင်လည်း ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခဲ့ပြီး၊ အခွင့်အရေး ပိုမိုရရှိစေရန် လူအများအပြားကိုပင် အကောင့်ဖွင့်ရန် ဖိတ်ခေါ်ခဲ့သေး၏။
ရလဒ်အနေဖြင့် မည်သူမျှ ဆုမပေါက်ခဲ့ဘဲ၊ ပထမဆုကြီးကို ပေါက်သွားသူမှာ သူမ၏ အတန်းဖော်ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
‘ဒါက တကယ်ကို ကံကောင်းလွန်းတာပဲ၊ ကံကောင်းခြင်းကြယ်ပွင့်လေးက ငါ့ရဲ့ဘေးနားမှာတင် ရှိနေခဲ့တာကိုး'
ရွှီဖေးဖေးက ဝီချက်မှတစ်ဆင့် မေးခွန်းအနည်းငယ်ကို အရင်မေးလိုက်သော်လည်း၊ ဝီချက်မှ ပြောဆိုရသည်မှာ သေချာပေါက်ရှင်းလင်းမည်မဟုတ်ဟု စိုးရိမ်မိသည်။
ယွမ်ရှောင်ရှန်မှာ သူတို့၏အပေါ်ထပ်တွင် ရှိနေကြောင်း သိလိုက်ရပြီးနောက်၊ သူမ၏အခန်းသို့ တိုက်ရိုက်သွားရောက်၍ စကားပြောဆိုရန် ဆုံးဖြတ်လိုက်သည်။
ဤနေရာရှိ ဇိမ်ခံအခန်းများမှာ မည်သို့ပုံစံမျိုး ရှိမည်ကိုလည်း သူမ မမြင်ဖူးသေးပေ။
လီရှန်းယာတောအိမ်မှာ အလွန်အမင်း လူကြိုက်များပြီး သူတို့ ဘိုကင်လုပ်ရသည်မှာ နောက်ကျသွားခဲ့၍သာမဟုတ်ပါက၊ သူတို့မိသားစုလည်း ဇိမ်ခံအခန်းတစ်ခန်းကို သေချာပေါက် ရရှိနေမည်သာ။
ရွှီဖေးဖေးက မိဘများကို လှမ်းပြောလိုက်သည်။
“အဖေ၊ အမေ၊ စိတ်မပူကြနဲ့တော့၊ သမီး ဖြေရှင်းဖို့ နည်းလမ်းတစ်ခု စဉ်းစားမိပြီထင်တယ်၊ သမီးရဲ့ အထက်တန်းကျောင်းက အတန်းဖော်တစ်ယောက် သူ့ညီမလေးနဲ့အတူ ဒီကိုရောက်နေတယ်၊ သူတို့က အပေါ်ထပ်က ဇိမ်ခံအခန်းမှာ တည်းနေကြတာ၊ သူတို့မှာ နှစ်ယောက်တည်း ရှိတာဆိုတော့ သူတို့ကို ပိုက်ဆံပေးပြီး အခန်းချင်းလဲခိုင်းရင်ရော မရနိုင်ဘူးလား”
မိခင်ဖြစ်သူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ဖေးဖေးရယ်... သမီးရဲ့ အတန်းဖော်က ဇိမ်ခံအခန်းမှာ တည်းနိုင်တယ်ဆိုမှတော့ သူ့မိသားစုက ပိုက်ဆံမရှားပါးတဲ့ သူဌေးတွေဖြစ်မှာပေါ့၊ သူတို့က ဘာလို့ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းခံပြီး အခန်းချင်းလဲပေးမှာလဲ”
ရွှီဖေးဖေးက အလျင်အမြန် ရှင်းပြလေသည်။
“အို... မဟုတ်ဘူး၊ အဲဒီလိုမဟုတ်ဘူး၊ သမီးအတန်းဖော်ရဲ့ မိသားစုလေးက တော်တော်လေး သနားဖို့ကောင်းတယ်၊ သူ့မိဘတွေက မမျှော်လင့်ဘဲဆုံးသွားကြတာ၊ ပြီးတော့ သူ့မှာ ရင်းနှီးတဲ့ဆွေမျိုးတွေလည်း မရှိဘူး၊ သူ ဒီကို လာလည်နိုင်တာက ဒီမှာ ဆုကြီးပေါက်လို့လေ၊ သူတို့က လေးရက်နဲ့ သုံးညစာ တည်းခိုခွင့်ပေးထားတာ။ သူနေတာ တစ်ရက်ပဲရှိသေးတယ်၊ သမီးက သူ့ကို ပိုက်ဆံပေးပြီး အခန်းချင်းလဲပေးနိုင်မလားလို့ စဉ်းစားနေတာ၊ သမီး အများကြီး မပြောတော့ဘူး၊ အပေါ်ကို အရင်တက်သွားလိုက်ဦးမယ်၊ သမီးရဲ့အတန်းဖော်က စောင့်နေလို့”
မိခင်ဖြစ်သူက ဝင်ပြောလိုက်သည်။
“အို... ဖေးဖေး၊ အမေပါ သမီးနဲ့အတူ အပေါ်ထပ်ကိုလိုက်ခဲ့မယ်၊ သမီးက စကားပြောရင် သေချာမစဉ်းစားတတ်ဘူး၊ သမီးရဲ့ အတန်းဖော်က ထိခိုက်လွယ်တဲ့သူဖြစ်ပြီး သမီးရဲ့ ဆိုလိုရင်းကို အထင်လွဲသွားရင် မကောင်းဘူးလေ”
ထိုသို့ပြောပြီးနောက် မိခင်ဖြစ်သူသည် မဖောက်ရသေးသော အဆင့်မြင့်သစ်သီးများနှင့် သရေစာမုန့်များပါဝင်သည့် အိတ်တစ်အိတ်ကို ယူဆောင်ကာ အပေါ်ထပ်သို့တက်ရန် မတ်တပ်ရပ်လိုက်၏။
မိခင်ဖြစ်သူက တွေးတောရင်း ထပ်ပြောပြန်သည်။
“အို... ဒါတွေက နည်းလွန်းနေမလားမသိဘူး၊ အောက်ထပ်က စူပါမားကတ်ကိုသွားပြီး နွားနို့တစ်ဖာလောက် သွားဝယ်လိုက်ရအောင်၊ သမီးရဲ့ အတန်းဖော်မှာ ညီမလေးတစ်ယောက် ပါလာတယ်လို့ ပြောတယ်မဟုတ်လား၊ ကလေးလေးသောက်ဖို့ နွားနို့နည်းနည်း သွားဝယ်ကြတာပေါ့”
ဖေးဖေး၏မိခင်မှာ တော်တော်လေး စေ့စပ်သေချာသူတစ်ဦးပင်။
ရွှီဖေးဖေးကလည်း သဘောတူလိုက်သည်။
“အင်း၊ ဒါလည်း ကောင်းတာပဲ၊ ဒါဆို သမီးတို့တွေ မြန်မြန်လုပ်မှဖြစ်မယ်၊ နေပါစေတော့၊ သမီးတစ်ယောက်တည်းပဲ အောက်ဆင်းပြီး သွားဝယ်လိုက်ပါ့မယ်၊ အမေ ဓာတ်လှေကားရှေ့ကနေပဲစောင့်နေနော်၊ သမီး အခုချက်ချင်းပြန်လာခဲ့မယ်”
ထိုသို့ပြောပြီးနောက် ရွှီဖေးဖေးသည် နွားနို့ဝယ်ရန် အောက်ထပ်သို့ အပြေးအလွှား ဆင်းသွားလေတော့သည်။
118
ယွမ်ရှောင်ရှန် တံခါးဖွင့်လိုက်ချိန်တွင် အနည်းငယ်လန့်သွားခဲ့သည်။ ရွှီဖေးဖေးက သူမထံ အကူအညီတောင်းစရာရှိ၍ လာခဲ့မည်ဟု ပြောထားသော်လည်း၊ သူမ၏ နောက်တွင် အခြား အမျိုးသမီးတစ်ဦးပါ အဘယ်ကြောင့် လိုက်ပါလာရသနည်း။
ရွှီဖေးဖေးမှာ အနည်းငယ် အပြေးအလွှားလာခဲ့ရရာ အမောမပြေသေးသော အသံဖြင့် မိတ်ဆက်ပေးလိုက်သည်။
“ဒါက ငါ့အမေလေ”
ယွမ်ရှောင်ရှန်က သူတို့ကို အထဲဝင်ရန် လမ်းဖယ်ပေးရင်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ အန်တီ၊ အထဲဝင်ပြီးထိုင်ကြပါဦး”
သူမ၏ညီမလေးကလည်း ကလေးသဘာဝ ချိုသာသောအသံလေးဖြင့် ဝင်ရောက်နှုတ်ဆက်လေ၏။
“မင်္ဂလာပါ အန်တီ၊ မင်္ဂလာပါ အစ်မ”
ဖေးဖေး၏မိခင်က ရှောင်ဟန်လေး၏ နူးညံ့သောပါးပြင်လေးကို အသာအယာ ဆွဲညှစ်လိုက်ရင်း ပြုံးကာ ပြောလိုက်သည်။
“လိမ္မာလိုက်တဲ့ ကလေးလေး၊ ရော့... သမီးလေးစားဖို့ အန်တီ နွားနို့နဲ့ မုန့်လေးတွေဝယ်လာတယ်”
ယွမ်ရှောင်ရှန်က အားနာစွာဖြင့် ငြင်းဆန်ရန်ပြင်လိုက်သည်။
“အားနာစရာကြီး၊ မလိုပါဘူး”
ထိုအချိန်တွင် ရွှီဖေးဖေးက ဝင်ရောက်ပြောဆိုလိုက်၏။
“ယွမ်ရှောင်ရှန်... ယူသာထားလိုက်ပါ၊ တကယ်တော့ ငါတို့ ဒီကိုလာတာ နင့်ဆီက အကူအညီလေးတစ်ခု တောင်းချင်လို့ပါ”
ယွမ်ရှောင်ရှန်မှာ လတ်တလောတွင် အနည်းငယ် တွေဝေသွားမိသည်။ သူမက ရွှီဖေးဖေးကို မည်သို့ကူညီပေးနိုင်မည်နည်း။
အထက်တန်းကျောင်းလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ၊ သူတို့ကြားတွင် မည်သို့သော ပတ်သက်ဆက်နွှယ်မှုများ ရှိနေနိုင်သေးသနည်း။
ရွှီဖေးဖေးမှာ အနည်းငယ ရှက်ရွံ့နေပြီး ပါးပြင်များပင် ရဲတွတ်လာကာ သူမ၏တောင်းဆိုချက်ကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလာသည်။
“အင်း... အဲဒါကလေ... ငါ... ငါက...”
ယွမ်ရှောင်ရှန်သည် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသော သူမ၏အတန်းဖော်ဟောင်းကို ကြည့်ကာ တကယ်ကို နားမလည်နိုင်အောင်ဖြစ်သွားရသည်။
‘ဘာကိစ္စများ ရှိနေလို့လဲ၊ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါတော့လား'
နောက်ဆုံးတွင်တော့ ဖေးဖေး၏မိခင်ကသာ ဝင်ရောက်ရှင်းပြလိုက်လေသည်။
“အန်တီပဲ ရှင်းပြလိုက်ပါတော့မယ်၊ ဒီလိုပါကွယ်... အန်တီတို့က ဖေးဖေးရဲ့အဘိုးအဘွားတွေရယ်၊ အန်တီ့အမေရယ်ကို သူတို့ရဲ့ နာတာရှည်ရောဂါလေးတွေ ကုသဖို့ ဒီကိုခေါ်လာခဲ့တာ၊ ဒါပေမဲ့ ဘိုကင်လုပ်တာ နောက်ကျသွားတော့ အခန်းတွေက မလောက်တော့ဘူး၊ ဒီနေ့ဆိုရင် အခန်းကြီးတစ်ခန်းပဲ ကျန်တော့တာဆိုတော့ ဘယ်သူက အဲဒီအခန်းမှာနေရမလဲဆိုတာ ဆုံးဖြတ်ရခက်နေလို့ပါ၊ အဲဒါ အန်တီတို့ဘက်ကငွေပေးပြီးတော့...”
ယွမ်ရှောင်ရှန် ချက်ချင်း သဘောပေါက်သွားသည်။ သူတို့က သူမနှင့် အခန်းချင်းလဲလှယ်ချင်နေကြခြင်းပင်။
တကယ်တမ်းတွင် ယမန်နေ့က သူမနှင့် ညီမလေးသည် ဇိမ်ခံအခန်းကြီးထဲရှိ အရာအားလုံးကို အပြည့်အဝခံစားအသုံးပြုပြီးဖြစ်လေသည်။
အခန်းကို လက်လွှတ်ရမည်ကို နှမြောတွန့်တိုစိတ် အနည်းငယ် ဖြစ်မိသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ရွှီဖေးဖေးတွင် အဆင်မပြေဖြစ်နေသော သက်ကြီးရွယ်အိုသုံးဦးတောင် ပါလာသည်ကို တွေးမိသောအခါ သဘောတူရန် မဖြစ်နိုင်စရာအကြောင်းမရှိပေ။
သို့သော်လည်း သူတို့မိသားစုတွင် ညီအစ်မနှစ်ယောက်တည်းသာ ရှိတော့သဖြင့်၊ မည်သည့်ကိစ္စမဆို အတူတကွတိုင်ပင်ဆွေးနွေးတတ်သော အလေ့အကျင့်တစ်ခု သူတို့တွင်ရှိနေခဲ့သည်။
ယွမ်ရှောင်ရှန်က ညီမလေးဘက်သို့လှည့်ကာ မေးလိုက်သည်။
“ရှောင်ဟန်လေး သဘောကို အရင်မေးကြည့်လိုက်ပါဦးမယ်... ရှောင်ဟန်၊ အန်တီတို့က အစ်မတို့တွေနဲ့ အခန်းချင်းလဲချင်လို့တဲ့၊ ညီမလေးသဘောတူလား”
ယွမ်ရှောင်ဟန်လေးသည်လည်း ဘေးမှနေ၍ အရာအားလုံးကို ကြားသိထားပြီးဖြစ်သည်။ သူမက ကလေးသဘာဝ ချိုသာသောအသံလေးဖြင့် ပြန်ဖြေလေ၏။
“သူတို့က ဒီအခန်းကို သမီးတို့တွေထက် ပိုပြီး လိုအပ်နေတယ်ဆိုမှတော့ သူတို့ကိုပေးလိုက်ကြတာပေါ့၊ ဒါပေမဲ့...”
ယွမ်ရှောင်ဟန်လေးသည် စကားကို အနည်းငယ်ဆွဲငင်လိုက်ပြီး၊ သူမ၏ ဝိုင်းစက်နေသော မျက်လုံးလေးများဖြင့် ရွှီဖေးဖေးနှင့် သူမ၏မိခင်ကို စိုက်ကြည့်ကာ တိကျပြတ်သားစွာ ပြောဆိုလိုက်သည်။
“အစ်မကိုတော့ အနစ်နာခံခိုင်းလို့မရဘူးနော်”
ယွမ်ရှောင်ရှန်မှာ အနေခက်သွားပြီး ရှောင်ဟန်လေး၏အင်္ကျီစကို အနောက်မှနေ၍ ခပ်ဖွဖွဆွဲကာ တိုးညှင်းစွာ သတိပေးလိုက်သည်။
“ဒီကလေးကတော့၊ မလိုအပ်တဲ့စကားတွေ မပြောနဲ့လေ”
ဖေးဖေး၏မိခင်ကမူ သဘောကျစွာ ရယ်မောလိုက်လေ၏။
ယွမ်ရှောင်ဟန်လေး လူကြီးတစ်ယောက်လို ပြုမူပြောဆိုနေသည်ကို မြင်တွေ့ရသောအခါ၊ ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် ရင့်ကျက်လာစေရန် အခြေအနေက အတင်းအကြပ် တွန်းပို့ခဲ့ရပုံကို တွေးမိပြီး သူမ၏ရင်ထဲတွင် အနည်းငယ် သနားကရုဏာသက်သွားကာ ညင်သာစွာ ပြောလိုက်သည်။
“ရှောင်ရှန်၊ ဒီလိုလုပ်ရင်ကော... အန်တီတို့က သမီးတို့ရဲ့ဇိမ်ခံအခန်းကို နှစ်ရက်စာယူမယ်၊ အဲဒီအစား သမီးတို့ကို ဇိမ်ခံအခန်းကြီးတစ်ခန်းနဲ့ ပြန်လဲပေးမယ့်အပြင်၊ နောက်ထပ် ယွမ် နှစ်သောင်းကိုပါ သမီးဆီ တိုက်ရိုက်လွှဲပေးမယ်လေ”
‘ယွမ် နှစ်သောင်း'
ယခင်က ဆုမဲကို ငွေကြေးအဖြစ်သာ တိုက်ရိုက်လဲလှယ်ခွင့်ရချင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ မည်သည့် လျှော့ပေါ့မှုမျှမရှိဘဲ ငွေအပြည့်အဝ ပြန်လည်ရရှိမည့်အပြင်၊ အခြားအခန်းတစ်ခန်းတွင်ပါ တည်းခိုခွင့်ရရှိလိမ့်မည်ဟု ယွမ်ရှောင်ရှန် လုံးဝ ထင်မှတ်မထားခဲ့ပေ။
ဤအရာက တကယ်ကို ကောင်းမွန်လွန်းနေပြီ မဟုတ်လော။
‘မဖြစ်သေးပါဘူးလေ’
မည်သို့ပင်ဆိုစေကာမူ သူမနှင့် ရွှီဖေးဖေးမှာ အတန်းဖော်များ ဖြစ်ကြသည်ဖြစ်ရာ ဤကဲ့သို့ အခွင့်အရေးယူ၍မဖြစ်ပေ။ ငွေကို နည်းနည်းလျှော့ယူလိုက်လျှင် ပိုကောင်းမည်ဟု တွေးတောမိလိုက်သည်။
ယွမ်ရှောင်ရှန်တစ်ယောက် စိတ်ထဲတွင် လွန်ဆွဲနေပြီး၊ အခြားသူများအမြင်တွင် သူမ မည်သို့ဖြစ်နေမည်ကို လုံးဝသတိမထားမိတော့ပေ။
ယွမ်ရှောင်ရှန်က အချိန်အတော်ကြာသည်အထိ ခေါင်းညိတ်သဘောတူခြင်း မရှိသည်ကို မြင်သောအခါ၊ ရွှီဖေးဖေးက သူမ၏မိခင်အား တိုးညင်းစွာ ကပ်ပြောလိုက်သည်။
“အမေ... လီရှန်းယာတောအိမ်က အခန်းတွေရဖို့ အရမ်းခက်ခဲတာ၊ အရင်တုန်းကဆို လက်မှတ်မှောင်ခိုသမားတွေတောင် ရှိသေးတယ်၊ တချို့အခန်းတွေဆို ဈေးနှစ်ဆပေးရတာတောင် လူတွေက လုယူနေကြတာ၊ သမီးတို့တွေ ပိုက်ဆံ ထပ်တိုးပေးလိုက်ရမလား”
ဖေးဖေး၏မိခင်မှာ ထိုအချက်ကို လုံးဝ ထည့်မစဉ်းစားခဲ့မိပေ။ ဤသို့ဆိုလျှင် သူမ၏ကမ်းလှမ်းမှုက သမီးဖြစ်သူ၏ အတန်းဖော်အပေါ် အခွင့်အရေး ယူသကဲ့သို့ ဖြစ်နေပြီလော။
ထို့ကြောင့် သူမက အလျင်အမြန်ပင် ထပ်မံဖြည့်စွက် ပြောဆိုလိုက်သည်။
“အန်တီက ဒီကဈေးနှုန်းတွေကို သိပ်မသိလို့ပါကွယ်၊ နောက်ထပ် ယွမ်တစ်သောင်း ထပ်တိုးပေးရင်ကော”
ယွမ်ရှောင်ရှန်မှာ ထိုအခါမှသာ အသိပြန်ဝင်လာလေသည်။
‘နောက်ထပ် ယွမ်တစ်သောင်းတဲ့လား'
ရွှီဖေးဖေး၏မိခင်က သူမနှင့် အခန်းချင်းလဲလှယ်ရန်အတွက် ယွမ် သုံးသောင်းအထိ ပေးချင်နေသည်လော။
ယွမ်ရှောင်ရှန်တစ်ယောက် အသက်ရှူမှားသွားပြီး စကားများပင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားလေသည်။
“ဒါက... ဒါက များလွန်းပါတယ်၊ သမီး... သမီး အဲဒီလောက်ကြီးမယူပါဘူး”
ရွှီဖေးဖေးက အလျင်အမြန် ပြန်ပြောလိုက်၏။
“ယူသင့်တာပေါ့၊ တကယ်တော့ ငါတို့က ပိုပြီး အကျိုးအမြတ်ရနေတာပါ၊ မဟုတ်ရင် ငါတို့လည်း နေစရာနေရာမရှိတော့ဘူးလေ၊ ဒီလောက်ဝေးတဲ့နေရာအထိ လာလည်ပြီးမှ... အော်... ငါပြောချင်တာက ဆရာဝန်ပြတာ တစ်ဝက်တစ်ပျက်နဲ့ ပြန်သွားရရင်မကောင်းဘူးလေ၊ နောက်မှ ထပ်လာရမယ်ဆိုရင် အချိန်တွေ၊ လူတွေလည်း အရမ်းပင်ပန်းမှာ”
ဖေးဖေး၏မိခင်ကလည်း ဘေးမှနေ၍ ရွှင်လန်းတက်ကြွစွာ ဝင်ပြောလေ၏။
“ဟုတ်ပါတယ်ကွယ်၊ ဒါက အန်တီတို့အတွက် တကယ့်ကို ပြဿနာကြီးတစ်ခု ပြေလည်သွားစေတာပါ၊ သမီး မသိလို့၊ အန်တီတို့အိမ်က သက်ကြီးရွယ်အို ကလေးဆိုးကြီးတွေက ဖြေရှင်းရတာ အရမ်းခက်တာ၊ အခုပဲ ဖေးဖေးရဲ့ဝီချက်ကနေတစ်ဆင့် သမီးဆီကို ပိုက်ဆံလွှဲပေးလိုက်ပါ့မယ်”
ထိုသို့ပြောပြီးနောက် ဖေးဖေး၏မိခင်သည် ဖေးဖေးထံသို့ ယွမ် သုံးသောင်းလွှဲပေးလိုက်ပြီး၊ ဖေးဖေးမှတစ်ဆင့် ယွမ်ရှောင်ရှန်ထံသို့ ထပ်ဆင့်လွှဲပေးစေလိုက်သည်။
ယွမ်ရှောင်ရှန်မှာမူ အလွန်အမင်း ဗျာများနေလေတော့၏။
“ဒါက... ဒါက တကယ်ကို များလွန်းပါတယ်၊ မူလဈေးနှုန်းကတောင် ဒီလောက်မကြီးဘူး”
ငွေရမည်ဖြစ်၍ သူမ ဝမ်းသာပျော်ရွှင်မိသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ဤသူမှာ သူမ၏အတန်းဖော်ဖြစ်နေသဖြင့် သူမကို လောဘကြီးလွန်းသူအဖြစ် အထင်ခံရမည်ကို စိုးရိမ်နေမိသည်။
ရွှီဖေးဖေးက ယွမ်ရှောင်ရှန်၏လက်ထဲမှ ဖုန်းကို ရဲတင်းစွာ လုယူလိုက်ပြီးနောက်၊ ငွေလက်ခံရရှိကြောင်း အတည်ပြုသည့်ခလုတ်ကို သူမကိုယ်တိုင် ကူညီနှိပ်ပေးလိုက်သည်။
“ကဲပါ... ယူသာ ယူထားလိုက်ပါ”
ရွှီဖေးဖေးနှင့် သူမ၏မိခင်တို့ ထွက်ခွာလာပြီးနောက်၊ ဖေးဖေး၏မိခင်က မေးလိုက်၏။
“ဒီနေ့ သမီးက တော်တော်လေး သဘောထားကြီးနေပါလား၊ အမေ့ပိုက်ဆံနဲ့ လူကောင်းဝင်လုပ်နေတာပေါ့လေ”
ရွှီဖေးဖေးက သူမမိခင်၏လက်မောင်းကို ဖက်ကာ ချွဲနွဲ့လိုက်သည်။
“အမေကလည်း၊ ယွမ် သုံးသောင်းဆိုတာ သမီးတို့တွေအတွက် လက်ကိုင်အိတ်တစ်လုံး ဝယ်တဲ့တန်ဖိုးလောက်ပဲ ရှိတာလေ၊ ဒါပေမဲ့ သမီးရဲ့အတန်းဖော်အတွက်ကျတော့ တကယ့်ကို ကြီးမားတဲ့အကူအညီတစ်ခု ဖြစ်သွားတာ၊ ပြီးတော့ ဒီဈေးနှုန်းက တော်တော်လေးသင့်တင့်မျှတတယ်လို့ သမီးထင်တယ်၊ အမေမှ မသိတာ... အွန်လိုင်းမှာဆိုရင် သူဌေးသားတချို့က တခြားလူဆီက ဇိမ်ခံအခန်းကို လဲလှယ်ချင်လို့ မူလဈေးထက် ငါးဆလောက်အထိတောင် ပေးကြတာ၊ သမီးတို့တွေက ဈေးကြီးပေးပြီး ဝယ်လိုက်ရတာလည်းမဟုတ်ဘူး၊ ပြဿနာလည်းပြေလည်သွားပြီဆိုတော့ အရမ်းကောင်းတာပေါ့”
ဖေးဖေး၏မိခင်က သဘောကျစွာ ပြန်ပြောလိုက်သည်။
“အမေသိပါတယ်၊ ငါ့သမီးလေးက စိတ်ထားလေး အရမ်းကောင်းလွန်းနေတာကိုး၊ အခုတော့ကောင်းသွားပြီ၊ သမီး အဘိုးအဘွားတွေရဲ့ ပွစိပွစိပြောသံတွေကို နားထောင်စရာမလိုတော့ဘူး၊ ပြီးတော့ အမေတို့တွေလည်း နောက်ထပ်နှစ်ရက်လောက် ထပ်နေလို့ရသွားပြီလေ၊ ဒီမှာနေရတာ တကယ်ကို သက်သောင့်သက်သာ ရှိလွန်းတယ်၊ အကယ်၍ အခန်းတွေသာကျန်သေးရင် နောက်ထပ် ရက်အနည်းငယ်လောက်ထပ်နေဖို့ငါးဆလောက်ပေးရမယ်ဆိုရင်တောင် အမေကတော့ ပေးမှာပဲ”
ယွမ်ရှောင်ရှန်သည် အခန်းကြီးသို့ မကြာမီပြောင်းရွှေ့ရန်အတွက် သူမ၏ခရီးဆောင်အိတ်များကို သိမ်းဆည်းပြင်ဆင်နေလေ၏။
ဤအချိန်တွင်မူ အခန်းလက်လွှတ်ရမည်ကို သူမ သိပ်ပြီး နှမြောတွန့်တိုနေခြင်းမရှိတော့ပေ။ အရာအားလုံးက ငွေကြေးအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး၊ သူမအနေဖြင့် ဆက်လက်၍ ပျော်ရွှင်စွာ ဆော့ကစားနိုင်သေးသည် မဟုတ်လော။
နေထိုင်ရမည့် နေရာလေး အနည်းငယ်သေးငယ်သွားခြင်းမျှသာ။
သူမက ညီမဖြစ်သူအား ပျော်ရွှင်စွာဖြင့် ပြောပြလေသည်။
“အစ်မတို့မိသားစုရဲ့ စုဆောင်းငွေတွေ နောက်ထပ်တိုးလာပြန်ပြီ၊ အစ်မ ကျောင်းသွားရတဲ့အခါ ဘေးအိမ်က အန်တီဝမ်ကို ညီမလေးကိုစောင့်ရှောက်ပေးဖို့ အကူအညီတောင်းရမယ်၊ ညီမလေးအတွက် ထမင်းချက်ပေးဖို့နဲ့ အဝတ်လျှော်ပေးဖို့ သူ့ကို လစဉ် ပိုက်ဆံနည်းနည်းပေးထားလိုက်မယ်၊ အစ်မ တက္ကသိုလ်ကနေ ဘွဲ့ရသွားရင် အားလုံး အဆင်ပြေသွားမှာပါ၊ ဒီနွေရာသီမှာ နောက်ထပ်တစ်လလောက် အစားအသောက်တွေဆက်ပို့ပြီး ငွေရှာဦးမယ်၊ အရင်က စုထားတာလေးတွေနဲ့ပေါင်းပြီး အစ်မအတွက် လက်တော့ပ်တစ်လုံးဝယ်လိုက်မယ်”
အစ်မဖြစ်သူ၏ အစီအစဉ်များကို နားထောင်ရင်း ယွမ်ရှောင်ဟန်လေးလည်း ပြုံးရွှင်နေလေသည်။
မိသားစု၏ငွေကြေးများ တဖြည်းဖြည်းချင်း တိုးပွားလာသည်ကို ခံစားရခြင်းက တကယ့်ကို အံ့သြဖွယ်ကောင်းလှ၏။
“ဒါဆို သမီးတို့မိသားစုရဲ့ အစားအသောက်တွေလည်း နည်းနည်း ပိုကောင်းလာတော့မှာပေါ့၊ အစ်မက အမြဲတမ်း ဝိတ်ချမနေနဲ့နော်၊ သမီးကိုချည်းပဲ နွားနို့တွေအကုန်မတိုက်နဲ့၊ အစ်မ ဝဝကစ်ကစ်လေး ဖြစ်နေတာကို သမီးက ပိုသဘောကျတာ”
ယွမ်ရှောင်ရှန်က ညီမလေး ပါးပြင်ကို ဟန်ဆောင်ကာ ခပ်ဖွဖွလေး ဆွဲညှစ်လိုက်သည်။
“ကောင်းပါပြီ၊ အစ်မတို့မိသားစုရဲ့ စုဆောင်းငွေတွေနဲ့ဆို ဒီနောက်ပိုင်း နှစ်အနည်းငယ်အတွင်းမှာ အလွန်အကျွံ မသုံးဖြုန်းသရွေ့ အဆင်ပြေလောက်မှာပါ၊ အိမ်ပြန်ရောက်ရင် ညီမလေးစားဖို့ အသားတွေ အများကြီးဝယ်ကျွေးပြီး ဝဝကစ်ကစ်လေးဖြစ်အောင် လုပ်ပစ်မယ်”
သူမ၏ညီမလေးမှာ ပိန်လှီလွန်းနေသေးသည်ဟု ခံစားရသဖြင့်၊ အိမ်ပြန်ရောက်သောအခါ ညီမဖြစ်သူကို အသားအရည် ဖြူဖြူဖွေးဖွေး၊ ဝဝကစ်ကစ်လေး ဖြစ်လာစေရန် သေချာပေါက် ပြုစုကျွေးမွေးမည်ဟု စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်လေသည်။
ထိုသို့ဆိုလျှင် ကြည့်ရသည်မှာလည်း အလွန်ချစ်စရာကောင်းနေမည် မဟုတ်လော။