← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

119

ယွမ်ရှောင်ရှန်နှင့် သူမ၏ညီမလေးတို့သည် ထိုနေရာတွင် အလွန်တရာ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော လေးရက်နှင့် သုံးညတာ အချိန်ကာလလေးကို ဖြတ်သန်းခဲ့ကြသည်။

အိမ်ပြန်ရန် ထွက်ခွာတော့မည့်အချိန်တွင် ရှောင်ဟန်လေးက သူမအစ်မ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း နောက်တစ်ခေါက် ထပ်လာချင်သေးကြောင်း တွန့်ဆုတ်စွာဖြင့် ပြောဆိုလေသည်။

ယွမ်ရှောင်ရှန်က ညီမလေးအား ကြင်နာစွာကြည့်ကာ ပြောလိုက်၏။

“ကောင်းပါပြီ၊ ညီမလေး အလုပ်စလုပ်တဲ့အခါ ပထမဆုံးလစာလေးနဲ့ ဒီကို နောက်တစ်ခေါက်ထပ်လာကြရင်ကော”

…….

*တီ... တီ... တီ...*

လျူရှန်ယန်မှာ ဒေါသထွက်လာသဖြင့် ကားစတီယာရင်ကို လက်ဖြင့် နှစ်ချက်ခန့် ထုရိုက်လိုက်မိရင်း အော်ဟစ်လိုက်သည်။

“ဟေး... ဟေး... ဟေး၊ ဒီကားပါကင်နေရာကို ငါ အရင်လာစောင့်နေတာကွ”

ကားများဖြင့် ပြည့်ကျပ်နေသော ဤကားပါကင်တွင် နေရာလွတ်တစ်ခုကို အနိုင်နိုင်ရှာတွေ့ခဲ့၍ သူ ဝမ်းသာအားရ ဖြစ်နေချိန်တွင်၊ ရုတ်တရက် အခြားတစ်ယောက်က ဝင်လုသွားသဖြင့် သူ၏စိတ်ထဲတွင် ဒေါသအလိပ်လိုက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လီရှန်းယာတောအိမ်၏စီးပွားရေးမှာ အလွန်အမင်း အောင်မြင်ဖြစ်ထွန်းနေသဖြင့် နေ့စဉ်နှင့်အမျှ ကားပါကင်နေရာများ အပြည့်ဖြစ်နေတတ်ကြောင်း လူတိုင်းသိထားပြီး ဖြစ်၏။

လုံခြုံရေးဝန်ထမ်းများကသာ စောင့်ကြည့်ထိန်းသိမ်းပေးထားခြင်း မရှိပါက၊ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများနှင့် ထွက်ပေါက်များကို ပိတ်ဆို့ထားမှုများ သေချာပေါက်ဖြစ်ပေါ်နေမည်သာ။

သို့တိုင်အောင် အသေးစားအငြင်းပွားမှုလေးများကတော့ အမြဲလိုလို ဖြစ်ပွားနေဆဲပင်။

နေရာလုသွားသော အဘိုးအိုက သူ့ကို ခပ်စိမ်းစိမ်းတစ်ချက်ကြည့်ကာ ခပ်ပြတ်ပြတ် ပြောဆိုလိုက်သည်။

“ငါ့သားလာတော့မှာ၊ မင်းဘာသာ တခြားနေရာသွားရှာလိုက်တော့”

“ဟမ့်...”

လျူရှန်ယန်၏ဒေါသများ ပေါက်ကွဲထွက်လာတော့၏။ သူ၏ ရှေ့တွင် မည်သည့်ကားမှ လာမနေသည်ကို တွေ့ရသည့်တိုင် သူက အဘယ်ကြောင့် လမ်းဖယ်ပေးရမည်နည်း။

ထို့အပြင် အဘိုးအို၏လေသံမှာလည်း လုံးဝ ယဉ်ကျေးမှုမရှိသဖြင့် သူ့အနေဖြင့် သည်းခံပေးနေစရာ အကြောင်းမရှိပေ။

လျူရှန်ယန်သည် သူ၏ကားကို ထိုနေရာလွတ်၏အရှေ့တွင် ကန့်လန့်ဖြတ် ရပ်ပစ်လိုက်ရာ၊ အခြားမည်သည့်ကားမှ ထိုနေရာသို့ ဝင်ရောက်၍မရနိုင်တော့ပေ။

အဘိုးအိုသည် ရှေ့သို့လျှောက်လာပြီး လက်ကိုဝှေ့ယမ်းကာ ဒေါသတကြီး အော်ဟစ်လေသည်။

“ဟေ့... မင်းဘာလုပ်တာလဲ၊ ဒီနေရာကို ယူထားပြီးပြီလို့ ပြောနေတယ်လေ၊ မင်းက ဒီလိုရပ်ထားရင် ငါ့သားက ဘယ်လိုလုပ်ဝင်ရပ်ရတော့မလဲ၊ ဖယ်စမ်း”

လျူရှန်ယန်ကလည်း အလျှော့မပေးဘဲ ပြန်လည်ချေပလိုက်သည်။

“ဒီကားပါကင်နေရာကို ခင်ဗျား ပိုက်ဆံပေးပြီး ဝယ်ထားတာမှ မဟုတ်တာ၊ ဒါက လီရှန်းယာတောအိမ်ရဲ့ အများပြည်သူသုံးကားပါကင်လေ၊ ငါက ဘာလို့ ရပ်လို့မရရမှာလဲ”

သူတို့နှစ်ဦး အငြင်းပွားနေစဉ်မှာပင် အဘိုးအို၏သားဖြစ်သူ ကားမောင်း၍ ရောက်ရှိလာသည်။

သူက ကားပြတင်းပေါက်ကိုချကာ သူ၏ဖခင်အား လှမ်းမေးလိုက်၏။

“အဖေ၊ ခုနလေးတင် ကားပါကင် နေရာလွတ်တွေ့တယ်ဆိုပြီး ဖုန်းဆက်တယ်ဆို၊ အခုကျတော့ သားက ဘယ်လိုလုပ်ဝင်ရပ်ရမှာလဲ”

သူတို့တစ်တွေ ပြင်းပြင်းထန်ထန် ရန်ပွဲကြီးတစ်ခု စတင်တော့မည့် အခြေအနေသို့ ရောက်ရှိနေချိန်တွင်၊ ကားနောက်ခန်းရှိ လျူရှန်ယန်၏သားလေး နိုးလာခဲ့သည်။

ကလေးငယ်က သူ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး သူတို့၏အငြင်းပွားမှုကို နားလည်သွားသောအခါ ဖခင်ဖြစ်သူ၏အင်္ကျီလက်ကို ဆွဲကာ ဝင်ပြောလိုက်သည်။

“အဖေ၊ သူများတွေနဲ့ရန်မဖြစ်ပါနဲ့တော့၊ သူ့ကိုပဲပေးလိုက်ပါ၊ ကလေးကောင်းဆိုတာ နှိမ့်ချတတ်ရမယ်လို့ ဆရာမက သင်ပေးထားတယ်လေ၊ ဒီအဘိုးကြီးက ဆံပင်တွေတောင် ဖြူနေပြီဆိုတော့ သူတို့ကိုပဲပေးလိုက်ပါတော့”

သားဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ လျူရှန်ယန်၏ဒေါသများ တဖြည်းဖြည်း ငြိမ်သက်သွားလေ၏။ သူသည် ကားပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။

သားဖြစ်သူ၏ မျက်နှာကို ထောက်ထား၍လည်းကောင်း၊ ကလေးရှေ့တွင် အမြင်မရိုင်းစေရန်အတွက်လည်းကောင်း၊ ယနေ့တွင် ဤအကျိုးအကြောင်းမသင့်သောလူနှင့် ဆက်လက်၍ မငြင်းခုံတော့ရန် သူဆုံးဖြတ်လိုက်သည်။

သူသည် သားဖြစ်သူနှင့်အတူ ပျော်ရွှင်စွာ အပန်းဖြေရန် ထွက်လာခဲ့ခြင်းဖြစ်ရာ၊ ဤအရေးမပါသော လူများကြောင့် သူတို့၏ ပျော်ရွှင်ဖွယ်ခံစားချက်များကို ပျက်စီးမခံနိုင်ပေ။

ဤနေရာတွင် ကားပါကင် နေရာရှာရသည်မှာ တကယ့်ကို ခက်ခဲလွန်းလှသည်။

နောက်ဆုံးတွင်တော့ ရွာထဲရှိ ကျယ်ဝန်းသော အိမ်တစ်အိမ်၏ခြံဝင်းအတွင်း၌ သူ၏ကားကို ရပ်နားရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

ကားစောင့်ကြည့်ပေးရန်အတွက် အိမ်ရှင်အား ယွမ်တစ်ဆယ်ပေးခဲ့ပြီးနောက်၊ သားဖြစ်သူကိုခေါ်ကာ ခရီးဆောင်အိတ်များကိုဆွဲရင်း လီရှန်းယာတောအိမ်၏ ဧည့်ကြိုကောင်တာဆီသို့ ဆယ်မိနစ်ခန့် လမ်းလျှောက်လာခဲ့ရလေသည်။

ဧည့်ကြိုကောင်တာတွင် အခန်းအတွက်စာရင်းသွင်းနေစဉ် လျူရှန်ယန်မှာ မနေနိုင်တော့ဘဲ မကျေမချမ်း ညည်းညူလိုက်၏။

“ဒီနေရာက အရာအားလုံး ကောင်းပါတယ်၊ နာမည်အရမ်းကြီးလွန်းတော့ လာတဲ့လူတွေက အများကြီးဖြစ်နေတာ၊ ဒီနေ့ ကျွန်တော် ခင်ဗျားတို့ရဲ့ကားပါကင်ကို နာရီဝက်လောက် လှည့်ပတ်ရှာနေတာတောင် နေရာလွတ်မတွေ့ဘူး၊ ခင်ဗျားတို့ရဲ့ ကားပါကင်က ကြီးတယ်ဆိုပေမဲ့ ဒီလောက်များပြားတဲ့ကားတွေကိုတော့ မဆံ့နိုင်သေးဘူး”

ထိုအချိန်တွင် လီရှီးရှီးကိုယ်တိုင်လည်း ဧည့်ကြိုကောင်တာတွင် ရှိနေလေသည်။

ဧည့်သည်၏ ညည်းညူသံကို ကြားလိုက်ရသောအခါ သူမသည် အနည်းငယ် ရှက်ရွံ့အားနာသွားပြီး၊ ဧည့်သည်၏ စိတ်အလိုမကျမှုများကို ပြေလျော့သွားစေရန် အသီးအနှံပန်းကန်တစ်ပွဲကို လက်ဆောင်အဖြစ် ပေးအပ်ကာ နှစ်သိမ့်လိုက်ရ၏။

‘ဟူး...’

ဧည့်သည်များထံမှ ဤပြဿနာနှင့် ပတ်သက်၍ ညည်းညူသံများကို ကြားရသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ ထိုအချက်က လီရှန်းယာတောအိမ်၏ အွန်လိုင်း အဆင့်သတ်မှတ်ချက်ကို ဒသမ သုညတစ် (၀.၀၁) မှတ်ခန့်ပင် ကျဆင်းသွားစေခဲ့သည်။

ထိုအချက်ကို သူမ တကယ်ကို စိတ်ပူပန်နေမိသည်။

ယခုအခါ ယာတောအိမ်ဘေးရှိ မြေကွက်များကို ငှားရမ်း၍မရနိုင်တော့ပေ။

သူမနှင့် နီးကပ်သော အိမ်အနည်းငယ်ကိုမူ သူမကိုယ်တိုင် ငှားရမ်းထားပြီးချေပြီ။ နောက်ပိုင်းတွင် မက်မွန်ပင်များ၏တန်ဖိုးကို လူတိုင်း သိရှိသွားကြသောအခါ၊ သတ္တိရှိသူအချို့က ရွာသူကြီးထံသို့သွားရောက်ကာ မြေများကို ငှားရမ်းခဲ့ကြသည်။

ထို့အပြင် အကျိုးအမြတ်ကို မျက်စိကျနေကြသော ပြင်ပစီးပွားရေးလုပ်ငန်းရှင် အချို့ကလည်း ဝင်ရောက်လာခဲ့ကြသည်။

လီရှန်းယာတောအိမ်နှင့် နီးကပ်လေလေ၊ မြေဈေးနှုန်းများကလည်း ပို၍ဈေးကြီးလေလေ ဖြစ်လာခဲ့သည်။ ဤမျှဈေးကြီးနေသော်လည်း ငှားရမ်းလိုသူများစွာ ရှိနေဆဲပင်။

ဤအခြေအနေများကြောင့် ယာတောအိမ် အနီးတစ်ဝိုက်ရှိ မြေကွက်အားလုံးမှာ ငှားရမ်းပြီးသားဖြစ်သွားကြလေပြီ။

လီရှီးရှီးအနေဖြင့် ကားပါကင်ပြုလုပ်ရန်အတွက် ဘေးရွာမှ မြေကွက်များကို သွားရောက်ငှားရမ်းရန်မှာလည်း လုံးဝမဖြစ်နိုင်ပေ။

ထိုသို့လုပ်ဆောင်မည်ဆိုပါက ကြည့်ရဆိုးလွန်းလှမည် မဟုတ်လော။ ၎င်းမှာ လုံးဝ အပိုအလုပ်တစ်ခုသာဖြစ်ပြီး၊ ခရီးသွားများ၏ကျိန်ဆဲမှုကိုသာ ခံရဖွယ်ရှိလေသည်။

မကြာသေးမီက လူအများအပြား၏ ညည်းညူမှုများကြောင့် သူမ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ပုံရသည်။

လီရှီးရှီးသည် ယာတောအိမ်၏ အရှေ့ဘက်တွင် မတ်တပ်ရပ်ကာ မဝေးလှသော တောင်တက်လမ်းကို ကြည့်ရင်း စိုးရိမ်ပူပန်စွာ တွေးတောနေမိ၏။

အကယ်၍ ခရီးသွားများသာ တောင်ပေါ်သို့ လျင်မြန်လွယ်ကူစွာ တက်လာနိုင်ပြီး ကားများကို တောင်ခြေတွင် ရပ်နားထားနိုင်မည်ဆိုပါက မည်မျှကောင်းမွန်လိုက်မည်နည်း။

သူမ၏ ခေါင်းထဲတွင် စိတ်ကူးယဉ်ဆန်သော အတွေးတစ်ခု ရုတ်တရက်ပေါ်လာခဲ့ပြီး၊ ဖုန်းကိုထုတ်ယူကာ ယာတောအိမ်အက်ပ်၏ ဖောက်သည်ဝန်ဆောင်မှုထံသို့ သယ်ယူပို့ဆောင်ရေး အထောက်အကူပြုစရာများ ရှိမရှိ မေးမြန်းကြည့်လိုက်သည်။

ဖောက်သည်ဝန်ဆောင်မှု၏အဖြေက သူမကို တွေဝေသွားစေခဲ့သည်။

ဖောက်သည်ဝန်ဆောင်မှုက သူမ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အပန်းဖြေအဆောက်အအုံတစ်ခု ရှိကြောင်း၊ ၎င်းကို မည်မျှပင် မတ်စောက်သော တောင်နံရံများတွင်မဆို တပ်ဆင်တည်ဆောက်နိုင်ကြောင်း ပြောပြခဲ့၏။

သို့သော် ၎င်းကို လော့ခ်ဖွင့်ရန်အတွက် လက်တွေ့ကမ္ဘာတွင် တပ်ဆင်ရန် လုံလောက်သော နေရာလွတ်ရှိနေရန် လိုအပ်ကြောင်းလည်း သတိပေးခဲ့သည်။

ချောက်ကမ်းပါးပေါ်တွင် တပ်ဆင်နိုင်မည့် အပန်းဖြေစရာ အဆောက်အအုံဆိုသည်မှာ မည်သို့သော အရာမျိုးဖြစ်မည်နည်း။

ဖောက်သည်ဝန်ဆောင်မှုက ၎င်းမှာ သူမ၏ သယ်ယူပို့ဆောင်ရေးပြဿနာကို ဖြေရှင်းရာတွင် ကူညီပေးနိုင်မည်ဟုသာ ပြောဆိုခဲ့ပြီး၊ လော့ခ်မဖွင့်ရသေးသဖြင့် အသေးစိတ်အချက်အလက်များကို ပြသနိုင်ခြင်း မရှိခဲ့ပေ။

လီရှီးရှီးသည် အံကိုတင်းတင်းကြိတ်ကာ စမ်းသပ်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။

မည်သည့်ဆုံးရှုံးနစ်နာမှုမှ မရှိနိုင်သည့်အပြင်၊ ဖောက်သည်ဝန်ဆောင်မှုက ၎င်းမှာ အပန်းဖြေစီမံကိန်းတစ်ခုဟု ပြောထားသည် မဟုတ်လော။

ယာတောအိမ်တစ်ခုတွင် ရိုလာကိုစတာကဲ့သို့သော သည်းထိတ်ရင်ဖို ကစားစရာမျိုးတော့ သေချာပေါက်မရှိနိုင်ပေ။

သူမသည် မြေငှားရမ်းခြင်းကိစ္စကို ဝမ်မိန်ဟယ်ထံသို့ လွှဲပြောင်းတာဝန်ပေးအပ်လိုက်သည်။

ဘဏ္ဍာရေးဌာနမှလွဲ၍ အခြားဝန်ထမ်းများအားလုံး ဤကိစ္စကို လုံးဝ မသိရှိခဲ့ကြပေ။

သို့မဟုတ်ပါက သူဌေးမလေးရူးသွားပြီဟု လူတိုင်းက သေချာပေါက် တွေးထင်ကြမည်သာ။

အကယ်၍ ဤငွေကြေးများကိုအသုံးပြုကာ ဘေးရွာရှိ မြေရိုင်းများအားလုံးကို ငှားရမ်းပြီး ခရီးသွားများကို သယ်ယူပို့ဆောင်ပေးရန် အထူးဘတ်စ်ကားများ စီစဉ်ပေးမည်ဆိုပါက၊ တောင်ခြေမှတက်လာရသည်ထက် အများကြီး ပိုမိုနီးကပ်ကာ အဆင်ပြေမည်မဟုတ်ပါလော။

ယခုအခါ ဘဏ္ဍာရေးဌာန၏ ဒါရိုက်တာအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရသော ကုဖျင်ယီသည် သူဌေးမလေး၏ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတတ်သော ပုံမှန်မဟုတ်သည့်အတွေးအခေါ်များကို ကြည့်ရင်း လုံးဝနားမလည်နိုင်အောင် ဖြစ်နေမိသည်။

သို့ရာတွင် အတိတ်က ဖြစ်ရပ်များအရ သူ၏ကန့်ကွက်မှုများမှာ အမြဲတမ်း မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့သဖြင့်၊ သူ့အနေဖြင့် တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်ကသာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

လီရှီးရှီးသည် အက်ပ်မှ သူမအား ဤမျှလောက်ကြီးမားသော အံ့အားသင့်မှုကြီးတစ်ခု ပေးစွမ်းနိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

စတိုးဆိုင်အတွင်းမှ ဤအပန်းဖြေအဆောက်အအုံကို အောင်မြင်စွာ လော့ခ်ဖွင့်လိုက်နိုင်သောအခါမှသာ ၎င်းမှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်းကို သူမ မြင်တွေ့ခွင့်ရရှိခဲ့သည်။

သူမ ကိုယ်တိုင်လည်း ဤကဲ့သို့သောအရာမျိုးဖြင့် တစ်ခါမှ မကစားဖူးခဲ့သဖြင့် ၎င်းကို တည်ဆောက်ရန် မစောင့်နိုင်လောက်အောင်ပင် စိတ်အားထက်သန်နေခဲ့သည်။

တည်ဆောက်ရေးအဖွဲ့မှာလည်း သူမ ရင်းနှီးပြီးသားဖြစ်သော အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များပင်။

လီရှီးရှီး၏ အမိန့်ပေးညွှန်ကြားမှုနှင့်အတူ လူတိုင်းက စိတ်အားထက်သန်စွာဖြင့် လုပ်ငန်းများကို စတင်လုပ်ဆောင်ကြလေသည်။

ခရီးသွားအချို့က လည်တဆန့်ဆန့်ဖြင့် ကြည့်ရှုလိုက်ကြရာ၊ လုံခြုံရေးကြိုးများ တပ်ဆင်ထားသော အလုပ်သမားများ တောင်တက်လမ်းမှတစ်ဆင့် အောက်သို့ဆင်းသွားကြသည်ကို မြင်တွေ့လိုက်ရသဖြင့် လူတိုင်းမှာ အလွန်အမင်း သိချင်စိတ်ပြင်းပြသွားကြလေသည်။

ခရီးသွားတစ်ဦးက အလန့်တကြား အော်ပြောလိုက်သည်။

“သူတို့တွေ ဘာလုပ်နေကြတာလဲ၊ ကြည့်ရတာ အရမ်းအန္တရာယ်များတဲ့ပုံပဲ၊ အို... ဒုက္ခပါပဲ၊ ငါက အမြင့်ကြောက်တတ်တဲ့ရောဂါရှိတယ်၊ အောက်ကို ဆက်မကြည့်ရဲတော့ဘူး”

အခြားတစ်ဦးကလည်း ထောက်ခံလေ၏။

“ဟုတ်ပါ့၊ အောက်က တကယ်ကိုနက်လွန်းတယ်၊ အကာအရံတွေရှိနေလို့ တော်သေးတာပေါ့၊ မဟုတ်ရင် အောက်ကို မတော်တဆပြုတ်ကျသွားမှာကို ငါ တကယ်ကြောက်မိတယ်”

အချို့ကလည်း ခန့်မှန်းပြောဆိုကြသည်။

“ဒီလူတွေက လမ်းလာပြင်တဲ့ အလုပ်သမားတွေတော့ မဟုတ်လောက်ဘူးနော်၊ အစိုးရက ဒီကတောင်တက်လမ်းမှာ လူတွေ အရမ်းပြည့်ကျပ်နေတာကို တွေ့သွားလို့ လမ်းကို ပြန်ပြင်ပြီးချဲ့ဖို့များ ဆုံးဖြတ်လိုက်တာလား”

အခြားတစ်ဦးက ငြင်းဆိုလိုက်၏။

“အဲဒီလိုပုံတော့ မပေါ်ပါဘူး၊ သူတို့တွေ တောင်နံရံမှာ တစ်ခုခုထွင်းထုနေကြတာကို ငါ မြင်နေရတယ်၊ ကြည့်ရတာ စက်လှေကားတစ်ခုကို တည်ဆောက်နေတဲ့ပုံစံပဲ၊ ခရီးသွားတွေ တောင်ပေါ်တက်ဖို့နဲ့ အောက်ဆင်းဖို့အတွက် သီးသန့်တည်ဆောက်ပေးနေတာများလား”

နောက်တစ်ဦးက ချက်ချင်း ဝင်ရောက်ချေပလိုက်သည်။

“မဖြစ်နိုင်တာ၊ ကားမောင်းရင်တောင် တစ်နာရီလောက် ကြာတာလေ၊ လမ်းလျှောက်မယ်ဆိုရင် ဘယ်လောက်တောင်ကြာလိုက်မလဲ၊ အဲဒါကြီးကို တည်ဆောက်တာက အလကား အချည်းနှီးပဲဖြစ်မှာပေါ့”

120

နှစ်လခန့် ကြာမြင့်ပြီးနောက်တွင်မူ……

လူတိုင်း၏ စိတ်ရှုပ်ထွေးမှုများ ပြေလည်သွားခဲ့လေပြီ။ မည်သို့ တည်ဆောက်ထားသည်ကို တိတိကျကျ မသိရသော်လည်း၊ အဝေးမှ လှမ်းကြည့်လိုက်လျှင် ‘ကောင်းကင်ဘုံ ကိုးထပ်မှ စီးဆင်းကျလာသော နဂါးငွေ့တန်း’ ကဲ့သို့ ခမ်းနားလှပသော ရေတံခွန်ကြီးတစ်ခုနှင့် အသွင်တူနေလေသည်။

အဘိုးအိုတစ်ဦးက အပေါ်ရှိ ရုပ်ပုံပြ ရှင်းလင်းချက်ကိုကြည့်ကာ အနီးရှိ ဝန်ထမ်းဖြစ်သူ ရှောင်ရှဲ့အား စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

“ရေတံခွန်အာကာသသင်္ဘော ဟုတ်လား၊ လူလေး... ဒီအထဲမှာထိုင်ပြီး တည့်တည့်မတ်မတ်ကြီး တက်သွားလို့ရတယ်ဆိုတာ သေချာရဲ့လား၊ ကြည့်ရတာ ဒေါင်လိုက်ကြီးနော်၊ ဘေးကင်းပါ့မလား”

ရှောင်ရှဲ့က သူ၏ဖြူဖွေးသောသွားများ ပေါ်လာသည်အထိ ပြုံးပြရင်း ဖြေကြားလိုက်၏။

“စိတ်မပူပါနဲ့အဘိုးရဲ့၊ ဒါက ကျွန်တော်တို့ဆီက နောက်ဆုံးပေါ်နည်းပညာလေ၊ အထဲမှာ ထိုင်ရတာ ကားထဲမှာထိုင်ရသလိုပဲ သက်သောင့်သက်သာ ရှိပါတယ်”

ရှောင်ရှဲ့သည် ဤအပန်းဖြေ အဆောက်အအုံကို စီမံခန့်ခွဲရန်အတွက် မကြာသေးမီကမှ အပေါ်ထပ်မှ အောက်ထပ်သို့ ပြောင်းရွှေ့ခံရသော ဝန်ထမ်းများထဲမှ တစ်ဦးဖြစ်သည်။

သူ၏ နေ့စဉ်တာဝန်မှာ ခရီးသွားများကို သင်္ဘောပေါ်သို့ တက်ရောက်စေရန်ကူညီပေးခြင်း၊ ခါးပတ်များပတ်ပေးခြင်းနှင့် အားလုံး သေချာထိုင်မိကြောင်း အတည်ပြုပေးခြင်းတို့ ဖြစ်သည်။

ထို့နောက် သူသည် သင်္ဘော၏ဦးပိုင်းတွင် ထိုင်ကာ ‘သွားမည်’ ဟူသော ခလုတ်ကိုနှိပ်ပြီး အရှိန်ကို ထိန်းချုပ်ပေးရ၏။

ထိုအခါ အာကာသသင်္ဘောသည် ခရီးသွားများကို တောင်ခြေရှိ ကားပါကင်မှနေ၍ လီရှန်းယာတောအိမ်အထက်ရှိ ကားပါကင်ထွက်ပေါက်သို့ အလိုအလျောက် တိုက်ရိုက်ပို့ဆောင်ပေးလေသည်။

အဘိုးအိုမှာ အနည်းငယ် တွန့်ဆုတ်နေဆဲဖြစ်ပြီး၊ အခြားခရီးသွားများ အရင်သွားသည်ကို စောင့်ကြည့်လိုသေး၏။ မည်သို့ပင်ဆိုစေ သင်္ဘောများမှာ စုစုပေါင်း ရှစ်စီးခန့်အထိ ရှိနေသဖြင့် တန်းစီရသည့်အချိန်မှာလည်း အလွန်လျင်မြန်စွာ ကုန်ဆုံးသွားမည်သာ။

လျူယဲ့သည် အင်တာနက်အသုံးပြုသူများ ရေးသားထားသော လမ်းညွှန်များအတိုင်း တောင်ခြေရှိကားပါကင်သို့ ရောက်ရှိလာခဲ့သည်။

အင်တာနက်အသုံးပြုသူ အားလုံးက တောင်ပေါ်သို့ ကားမောင်းတက်ရသည်မှာ အချိန်ကုန် လူပင်ပန်းဖြစ်စေသဖြင့် ကားကို တောင်ခြေတွင်သာ ရပ်နားခဲ့ရန် အကြံပြုထားကြသည်။

ယာတောအိမ်မှ စီစဉ်ပေးထားသော အသွားအပြန်လက်မှတ်အတွက် တစ်ဆယ် ယွမ် သာ ပေးလိုက်ရုံဖြင့် အေးအေးဆေးဆေး တက်သွားနိုင်သည်မဟုတ်လော။

အင်တာနက်ပေါ်တွင် တင်ထားသော ဓာတ်ပုံများကိုကြည့်ရင်း သူသည် ဤအရာကို တွေ့ကြုံခံစားကြည့်ချင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

သူတို့ လေးယောက်တစ်စုအတွက် လက်မှတ်ခမှာ စုစုပေါင်း ယွမ်လေးဆယ်သာ ကျသင့်သဖြင့် အလွန်တန်လှသည်။

လျူယဲ့သည် ကိုယ်တိုင်ဝန်ဆောင်မှု လက်မှတ်စက်မှတစ်ဆင့် လက်မှတ်များကို တိုက်ရိုက်ဝယ်ယူလိုက်၏။

သူတို့အဖွဲ့ တန်းစီလိုက်ပြီး သိပ်မကြာမီမှာပင် သူတို့အလှည့်သို့ ရောက်ရှိလာခဲ့သည်။

ဝန်ထမ်းဖြစ်သူက ခရီးဆောင်အိတ်ကြီးများကို သင်္ဘော၏အောက်ဘက် အခန်းထဲသို့ထည့်ရန် သတိပေးလိုက်သည်။

သို့သော် သူတို့အဖွဲ့မှာ ခရီးဆောင်အိတ်အနည်းငယ်သာ ပါလာကြ၏။

ဝန်ထမ်း၏ညွှန်ကြားချက်အတိုင်း သူတို့၏ခန္ဓာကိုယ်အထက်ပိုင်းကို ထိုင်ခုံနောက်မှီများတွင် ဖိကပ်ထားလိုက်ကြသည်။

ထိုအခါ ထိုင်ခုံနောက်မှီများက အလိုအလျောက် လည်ပတ်သွားပြီး သူတို့ကို ထိုင်ခုံများပေါ်တွင် ပြားချပ်စွာလှဲလျောင်းနိုင်ရန် ပြုလုပ်ပေးလေသည်။

တစ်တန်းလျှင် လူခြောက်ယောက်ထိုင်နိုင်သည်။ အားလုံး ခါးပတ်များပတ်ပြီးသွားသောအခါ သင်္ဘောပေါ်ရှိ မှန်တံခါးများမှန်တံခါးများမှာ တဖြည်းဖြည်းပိတ်သွားလေ၏။

သင်္ဘော စတင်ရွေ့လျားလာချေပြီ။ ထိုအချိန်တွင် သင်္ဘောမှာ ရေတံခွန်အောက်ရှိ ရေထဲတွင်သာ ရှိနေသေးသည်။

စက္ကန့်နှစ်ဆယ်ခန့် ကြာပြီးနောက် ထိုင်ခုံများက မတ်မတ်ပြန်ဖြစ်သွားပြီး အားလုံး တည့်တည့်မတ်မတ် ထိုင်၍ရသွားသည်။ ခြေထောက်တင်ရန် နေရာများလည်း ပါရှိသဖြင့် အောက်ဘက်ရှိခရီးသွားများကို မတော်တဆ ထိခိုက်မိမည်ကိုလည်း စိုးရိမ်စရာမလိုပေ။

လျူယဲ့နှင့် သူ၏အပေါင်းအပါများမှာ ဖုန်းများကိုထုတ်၍ ဓာတ်ပုံမရိုက်ဘဲ မနေနိုင်တော့ပေ။

သင်္ဘောမှာ အလွန်တည်ငြိမ်ပြီး အထဲတွင်ထိုင်နေရစဉ် အရှိန်မည်မျှမြန်ကြောင်းကိုပင် သတိမထားမိကြပေ။

ထို့အပြင် အေးမြသော ရေစက်များအားလုံးက မှန်ပေါ်သို့သာ ပက်ဖြန်းသွားသဖြင့် သူတို့ လုံးဝ ရေမစိုခဲ့ပေ။

သူငယ်ချင်းတစ်ဦးက အံ့ဩတကြီး ရေရွတ်လိုက်သည်။

“ဝိုး... အထက်ကို ဒေါင်လိုက်တက်သွားတဲ့ သင်္ဘောမျိုးစီးဖူးတာ ဒါပထမဆုံးအကြိမ်ပဲ၊ မိုးပျံရထားစီးရသလိုပဲ၊ အဲဒီလောက် အရှိန်ပြင်းပြင်းမဟုတ်ပေမဲ့ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတယ်”

သူတို့ စကားပြောနေကြစဉ်မှာပင် သင်္ဘောက တောင်ထိပ်သို့ရောက်ရှိသွားလေသည်။

ဤသင်္ဘောမှာ တောင်တက်လမ်းအတိုင်း တိုက်ရိုက် သွားခြင်းမဟုတ်ဘဲ၊ လမ်း၏အထက်တွင် တည်ဆောက်ထားသော မိုးပျံလမ်းကြောင်းမှတစ်ဆင့် သွားခြင်းဖြစ်၏။ ဤသို့ဖြင့် သင်္ဘောများစွာသည် တောင်ပေါ်ကားပါကင်သို့ အဟန့်အတားမရှိ ရောက်ရှိနိုင်ပေသည်။

လျူယဲ့က မယုံနိုင်စွာဖြင့် မေးလိုက်သည်။

“ဝိုး... အရမ်းမြန်တာပဲ၊ တစ်မိနစ်လောက်ပဲ ကြာလိုက်တယ်ထင်တယ်၊ ရောက်သွားပြီလား”

အပေါင်းအပါတစ်ဦးက ဝမ်းသာအားရပြောလေသည်။

“ဒါက တောင်ပေါ်ကို ကားမောင်းတက်ရတာထက် အများကြီးပိုအဆင်ပြေတာပဲ၊ အသွားအပြန်ဆိုရင် နှစ်နာရီလောက်တောင်အချိန်သက်သာသွားတယ်”

အခြားသူငယ်ချင်းတစ်ဦးကလည်း စိတ်လှုပ်ရှားစွာ အကြံပြုလေသည်။

“ခုနက ငါတို့ရွေးလိုက်တာက အသက် ၃ နှစ်ကနေ ၈၀ ကြား စီးလို့ရတဲ့ သင်္ဘောလေ၊ နောက်တစ်ခေါက် ထပ်စီးကြည့်ကြမလား၊ ဒီတစ်ခါတော့ အသက် ၁၈ နှစ်နဲ့အထက်စီးရတဲ့ ပိုပြီး ရင်ခုန်စရာကောင်းတဲ့ဟာကို ရွေးချယ်ချင်တယ်၊ စောစောက တန်းစီနေတုန်းက ကောင်လေးတချို့ အော်ဟစ်နေတာကို တွေ့လိုက်တော့ ငါလည်းစမ်းကြည့်ချင်လာပြီ”

ကျန်သူငယ်ချင်းများကလည်း ပြိုင်တူထောက်ခံလိုက်ကြ၏။

“ငါလည်းပဲ”

တိုင်ပင်ဆွေးနွေးပြီးနောက် သူတို့သည် ခရီးဆောင်အိတ်များကို အခန်းထဲတွင် အရင်သွားထားကာ၊ လက်မှတ်များပြန်လည်ဝယ်ယူရန် ထွက်လာခဲ့ကြသည်။

ဤလက်မှတ်များက ပို၍ဈေးကြီးသော်လည်း အလွန်အမင်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ သင်္ဘောမှာ တစ်ခါတစ်ရံ ဘယ်ဘက်သို့ ယိမ်းနွဲ့သွားလိုက်၊ ညာဘက်သို့ ကွေ့ယိမ်းသွားလိုက်ဖြင့် အရှိန်ပြင်းပြင်းမောင်းနှင်နေသည်မှာ ရိုလာကိုစတာစီးရသည်နှင့် အတူတူပင်။

သင်္ဘောက အပေါ်အောက် အကြိမ်ကြိမ် အတက်အဆင်းလုပ်ပြီးမှသာ ပြီးဆုံးသွားလေသည်။

သူငယ်ချင်းတစ်ဦးက အမောတကောဖြင့် ရေရွတ်လိုက်သည်။

“အား... ငါ အသက်ရှူပါရစေဦး၊ ဒါကြောင့်မို့လို့ ဒါက အသက်ကန့်သတ်ချက် ထားထားတာကိုး၊ တကယ်ကို ရင်ခုန်စရာကောင်းလွန်းတယ်၊ လှိုင်းစီးရသလိုပဲ”

အခြားတစ်ဦးကလည်း ထောက်ခံလေ၏။

“ဟုတ်ပါ့၊ ပြီးတော့ ဒါက အကာအကွယ်အဖုံးတောင် မပါဘူးလေ၊ ငါတို့တွေသာ မိုးကာအင်္ကျီ မဝတ်ထားရင် ရေတွေရွှဲရွှဲစိုနေမှာ သေချာတယ်၊ ပြောမနေနဲ့တော့၊ ငါ့ခေါင်းကရေတွေရွှဲနေပြီ”

လျူယဲ့က အားလုံးကိုကြည့်ကာ ထပ်မံ အကြံပြုလိုက်သည်။

“ငါလည်းပဲ၊ ဒါပေမဲ့ နောက်တစ်ခါထပ်ကစားချင်သေးတယ်”

အပေါင်းအပါတစ်ဦးက ချက်ချင်းထောက်ခံလိုက်သည်။

“ငါလည်း သဘောတူတယ်၊ ဘာပဲဖြစ်ဖြစ် ရေစိုနေပြီပဲ၊ အခန်းပြန်ပြီးရေမချိုးခင် နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ကစားကြတာပေါ့”

မည်သူကမျှ ကန့်ကွက်ခြင်းမရှိသဖြင့် သူတို့သည် လက်မှတ်များဝယ်ယူကာ ထပ်မံတန်းစီရန် ချက်ချင်းထွက်သွားကြပြန်လေ၏။

အသစ်တည်ဆောက်ထားသော “လမ်းကြောင်း” သည် ခရီးသွားများအတွက်သာမက ဒေသခံရွာသားများအတွက်ပါ အကျိုးကျေးဇူးများစွာ ရရှိစေခဲ့သည်။

တောင်ပေါ်ရှိ မည်သည့်ရွာသားမဆို၊ အနီးအနားရှိ ကျေးရွာများမှ ရွာသားများအပါအဝင် မှတ်ပုံတင်ကတ်ပြားပြသရုံဖြင့် တစ်ယွမ်တည်းဖြင့် လက်မှတ်ဝယ်ယူနိုင်ပြီး၊ တစ်နေ့လျှင် နှစ်ကြိမ်အသုံးပြုနိုင်သဖြင့် အသွားအပြန်အတွက် အတော်လေးအဆင်ပြေလှသည်။

ဘေးရွာမှ လျူအာ့တာသည် အလွန် ဝမ်းသာပျော်ရွှင်နေလေ၏။

ယခင်က သူ တောင်အောက်သို့ ဆင်းရန် အလွန်ပင်ပန်းခက်ခဲခဲ့သည်။

သူ့တွင် ကားမရှိသဖြင့် မြို့သို့သွားလိုပါက စက်ဘီးဟောင်းကြီးကို စီးကာ မိုးမလင်းမီကတည်းက ထွက်ခွာခဲ့ရသည်။ အသွားအပြန်ဆိုလျှင် အနည်းဆုံး လေးငါးနာရီခန့် ကြာမြင့်တတ်၏။

အခုတော့ အများကြီး ပိုကောင်းလာခဲ့ပြီဖြစ်သည်။ လီရှန်းယာတောအိမ်မှ ဒေသခံများအတွက် စီစဉ်ပေးထားသော တစ်ယွမ်တန် လက်မှတ်သင်္ဘောကြောင့်၊ သူသည် အနီးရှိ လီရှန်းရွာသို့ စက်ဘီးစီးသွားရုံဖြင့် တောင်အောက်သို့ဆင်းရန် လက်မှတ်ဝယ်ယူဖို့ရာ တန်းစီနိုင်လေပြီ။

ဤသင်္ဘောကို ပထမဆုံးအကြိမ် မြင်လိုက်ရစဉ်က သူ အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။

တောင်တက်လမ်းဘေးတွင် ရပ်ကာ အောက်ခြေကိုပင် မမြင်ရလောက်အောင် အရှိန်အဟုန်ဖြင့် စီးဆင်းနေသော ရေများကို သူ တွေ့မြင်ခဲ့ရသည်။ ဤသည်မှာ တည်ငြိမ်သော ရေကန်ပေါ်တွင် လှေလှော်ရသည်နှင့် မတူဘဲ အမှန်တကယ် ယုံကြည်စိတ်ချရမည်လော။

သိချင်စိတ်ကို မထိန်းနိုင်သော သူ၏သားဖြစ်သူက အရင်ဆုံး သွားရောက်စမ်းသပ်ခဲ့လေသည်။

သူက ပြန်ရောက်လာချိန်တွင် စိတ်လှုပ်ရှားစွာဖြင့် ဖခင်ဖြစ်သူအား ပြောပြလေသည်။

“အဖေ၊ ဒီသင်္ဘောက အရမ်းဘေးကင်းတယ်၊ သား လိုက်မေးကြည့်တော့ ဒါက တကယ့်ရေတံခွန်ကြီး မဟုတ်ဘူးတဲ့၊ ‘လည်ပတ်နေတဲ့ရေ’ လို့ သူတို့ပြောကြတယ်၊ အဲဒါ ဘာအဓိပ္ပာယ်လဲဆိုတာ သားနားမလည်ပေမဲ့ ဘာအန္တရာယ်မှတော့မရှိဘူး၊ အထဲမှာထိုင်ရတာ အရမ်းကိုတည်ငြိမ်တယ်၊ လှေပေါ်မှာ ထိုင်ရသလို လှုပ်ယိမ်းနေတာမျိုး လုံးဝမရှိဘူး”

တိုက်ဆိုင်စွာပင်၊ လျူအာ့တာတို့ မိသားစုသည် မကြာသေးမီက သူတို့၏အိမ်ကို အသစ်ပြန်လည်တည်ဆောက်နေကြလေ၏။

သူ၏သားဖြစ်သူမှာ နယ်ဝေးတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် ငွေအလုံအလောက်စုဆောင်းနိုင်ခဲ့သည်။

လျူအာ့တာ ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာ စုဆောင်းထားသော မိသားစု စုဆောင်းငွေများကို ထုတ်ယူကာ သူတို့၏အိမ်ဟောင်းလေးကို ပြန်လည်မွမ်းမံရန် စီစဉ်ထားခဲ့သည်။

သူ၏ သားဖြစ်သူမှာ မကြာသေးမီကမှ လီရှန်းရွာတွင် အလုပ်ရရှိထားပြီး၊ အိမ်နှင့်နီးသဖြင့် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရန် အဆင်ပြေလှ၏။

လျူအာ့တာသည် အိမ်ကို ပြန်လည်မွမ်းမံမည်ဆိုပါက ခေတ်မီဆန်းသစ်သော အသွင်အပြင်မျိုး ဖြစ်စေချင်ခဲ့သည်။

သူသည် အနီးအနားရှိ ကျေးရွာများသို့ အကြိမ်ပေါင်းများစွာ သွားရောက်လည်ပတ်ခဲ့ဖူးပြီး၊ ထိုအိမ်များတွင် တီဗီများနှင့် ရေခဲသေတ္တာများရှိနေသည်ကို အလွန်အမင်း အားကျနေခဲ့သည်။

ပြင်ဆင်ပြီးစီးသွားမည့် သူ၏အိမ်လေးထဲတွင် တောက်ပနေသော တီဗီအသစ်စက်စက်နှင့် ရေခဲသေတ္တာတို့ကို မြင်ယောင်ကြည့်ရင်း၊ သားဖြစ်သူ၏အနာဂတ်ဇနီးလောင်းက ဤခေတ်မီအိမ်လေးကို မြင်တွေ့သွားမည့်အချိန်အတွက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် နေနိုင်မည့် သူ၏ ပုဂ္ဂိုလ်ရေးရည်မှန်းချက်လေးများက ယခု အကောင်အထည် ပေါ်လာတော့မည့်ပုံပင်။

ထို့အပြင် မကြာသေးမီက သူ၏သားဖြစ်သူသည် အနီးအနားရွာမှ လီရှန်းရွာတွင် အတူအလုပ်လုပ်နေသော ကောင်မလေးတစ်ယောက်နှင့် ချစ်ကြိုက်နေပြီဖြစ်ကြောင်း ပြောပြခဲ့သေးသည်။

သားဖြစ်သူ ချစ်သူကောင်မလေးကို အိမ်သို့ ခေါ်လာသောအခါ မျက်နှာပန်းလှစေရန်အတွက်၊ လျူအာ့တာသည် သဘာဝကျစွာပင် အိမ်ကို ပိုမိုလှပအောင်ပြင်ဆင်ရန် တွေးတောမိခဲ့ခြင်းဖြစ်သည်။

သားဖြစ်သူမှာ အလုပ်တွင်ဖြစ်ပြီး ထွက်ခွာ၍မရသဖြင့်၊ လျူအာ့တာသည် အောက်ဘက်ရှိမြို့သို့သွားကာ အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ကိုယ်တိုင် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်၏။

သူသည် လီရှန်းရွာ ယာတောအိမ်အနီးသို့ စက်ဘီးစီးလာခဲ့ပြီး၊ သူ၏မှတ်ပုံတင်ကတ်ပြားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ဝန်ထမ်း၏ညွှန်ကြားချက်အတိုင်း လက်မှတ်ကို အောင်မြင်စွာဝယ်ယူနိုင်ခဲ့သည်။

ယခုအခါ ရွာတစ်ရွာနှင့် တစ်ရွာ သွားလာနိုင်သော ဘတ်စ်ကားများ ရှိနေပြီဖြစ်သော်လည်း၊ သူသည် တွက်ချက်တတ်သူတစ်ဦးဖြစ်သည်။

ဘတ်စ်ကားသည်လည်း လူမှုဖူလုံရေး မူဝါဒတစ်ရပ်ဖြစ်ပြီး၊ ရွာသားများအတွက် တစ်ခေါက်လျှင် တစ်ယွမ်သာကျသင့်သော်လည်း ခရီးသွားချိန်မှာ အလွန်ကြာမြင့်လေ၏။

ထိုအချိန်မျိုးတွင် အိမ်ရှိမြေကွက်အချို့ကိုပင် သူ သန့်ရှင်းရေးလုပ်နိုင်သေးသည်။

သားဖြစ်သူက သင်္ဘောသည် ဘေးကင်းသည်ဟု ပြောထားသဖြင့်၊ ဤအရာအသစ်ကို သူစမ်းသပ်ကြည့်ရမည်သာ။

လျူအာ့တာက အသက်အရွယ် ကြီးရင့်နေပြီကို မြင်သောအခါ သဘောကောင်းသော လူငယ်အချို့က သူ့ကို အရင်သွားရန် နေရာဖယ်ပေးခဲ့ကြသည်။

သို့သော် လျူအာ့တာက သူ၏လက်ကို ဝှေ့ယမ်းကာ ငြင်းဆိုလိုက်သည်။

“ဦးလေးက သန်စွမ်းနေပါသေးတယ်၊ ဦးလေးကို ဦးစားပေးစရာမလိုပါဘူး၊ မင်းတို့တွေပဲ အရင်သွားထိုင်ကြပါ”

All Chapters