အခန်း (၁၂၁-၁၂၂)
Vol. 12 Ch. 121-122 Extra
121
လှေပေါ်သို့တက်ပြီး တစ်မိနစ်ခန့်အကြာတွင် လျူအာ့တာသည် တောင်အောက်သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။ လီရှန်းယာတောအိမ်၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုများကြောင့်၊ လီရှီးရှီးသည် တောင်ခြေရှိ မြေကွက်ကျယ်ကြီးတစ်ခုကို ငှားရမ်းခဲ့ပြီးနောက်ပိုင်းတွင် လူအများအပြား ထိုနေရာသို့ အုံနှင့်ကျင်းနှင့် ရောက်ရှိလာကြပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အချိန်တိုအတွင်း စည်ကားဖွံ့ဖြိုးလာခဲ့လေ၏။
လျူအာ့တာသည် ခေတ်သစ်နည်းပညာ၏ တိုးတက်မှုများကို အံ့ဩမဆုံး ဖြစ်နေမိသည်။
ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် အတော့်ကိုကျယ်ဝန်းသော မျက်နှာစာရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်ကြီးတစ်ဆိုင်ကို မြင်တွေ့လိုက်ရသည်။ ဆိုင်ထဲသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ဆိုင်ရှင်က သူ့ကို စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်လေ၏။
“အစ်ကိုကြီး... ဘာများဝယ်ချင်လို့လဲဗျာ၊ လွတ်လွတ်လပ်လပ်ကြည့်ပါဦး၊ ကျွန်တော်သင့်တော်တာလေးတွေ ညွှန်းပေးပါ့မယ်”
ဤဆိုင်တွင် ဈေးနှုန်းများကို ရှင်းလင်းစွာကပ်ထားသဖြင့် လျူအာ့တာအတွက် ဈေးဆစ်ရသည့်ဒုက္ခမှ ကင်းဝေးသွားစေသည်။
နောက်ဆုံးတွင် ဆိုင်ရှင်၏အကြံပြုချက်များဖြင့် သူသည် အထူးဈေးနှုန်းဖြင့် ရောင်းချနေသော လက်မ ၅၀ အရွယ် တီဗီတစ်လုံး၊ တံခါးနှစ်ပေါက်ပါ ရေခဲသေတ္တာကြီးတစ်လုံးနှင့် ရိုးရိုးအဝတ်လျှော်စက် တစ်လုံးတို့ကို ရွေးချယ်လိုက်သည်။ ဆိုင်ရှင်က အစပိုင်းတွင် ဒရမ်အဝတ်လျှော်စက်ကို ညွှန်းချင်ခဲ့သော်လည်း လျူအာ့တာက သဘောမကျခဲ့ပေ။
သူ၏အသက်အရွယ်လည်း ကြီးရင့်နေပြီဖြစ်ရာ၊ ဒရမ်အဝတ်လျှော်စက်မှာ ခလုတ်များလွန်းသဖြင့် သူအသုံးပြုရန် အဆင်မပြေနိုင်ပေ။ သူရွေးချယ်လိုက်သော ရိုးရိုးစက်က ပိုကောင်းလေသည်။
အသုံးပြုရသည်မှာလည်း ရိုးရှင်းလှ၏။
လျူအာ့တာက ပြောလိုက်သည်။
“သူဌေး... ကျွန်တော့်ကို စုစုပေါင်း ဘယ်လောက်ကျမလဲဆိုတာ တွက်ပေးပါဦး၊ ဈေးနှုန်းသင့်တော်ရင် အကုန်လုံးယူလိုက်မယ်”
ဆိုင်ရှင်က အလျင်အမြန်ပင် တွက်ချက်ပေးလေသည်။
“ဟုတ်ကဲ့ပါဗျာ၊ ဒီတီဗီက ကျွန်တော်တို့ဆိုင်မှာ အထူးပရိုမိုးရှင်း လုပ်ထားတာဆိုတော့ ယွမ် ၁၀၉၉ ပါ၊ ဒီတံခါးနှစ်ပေါက်ပါ ရေခဲသေတ္တာကတော့ နည်းနည်းဈေးကြီးတယ်၊ ယွမ် ၂၇၉၉ ပါ၊ ပြီးတော့ ဒီရိုးရိုးအဝတ်လျှော်စက်က ယွမ် ၇၂၉ ပါ၊ စုစုပေါင်းက ယွမ် ၄၈၂၇ ကျပါတယ်ဗျ၊ အစ်ကိုကြီးအတွက် အစွန်းထွက်တွေဖြတ်ပြီး ယွမ် ၄၆၀၀ တည်းနဲ့ပဲ ထားပေးလိုက်ပါ့မယ်၊ ကိန်းဂဏန်းလည်းလှသွားတာပေါ့”
လျူအာ့တာမှာ အနည်းငယ် တွန့်ဆုတ်နေသေးပြီး ထပ်ပြီး လျှော့ပေးလို့ ရနိုင်သေးသလားဟု မေးလိုက်၏။
ဆိုင်ရှင်က အနေခက်သော မျက်နှာထားဖြင့် ပြန်ဖြေလာလေသည်။
“ကျွန်တော်တို့ဆိုင်က ဈေးနှုန်းတွေအားလုံးကို ရှင်းရှင်းလင်းလင်းကပ်ထားတာပါဗျာ၊ ထပ်လျှော့ပေးလို့တော့ မရတော့ပါဘူး၊ ဒါပေမဲ့ အခုလောလောဆယ်မှာ ယွမ် ၆၀၀၀ ဖိုးဝယ်ရင် ယွမ် ၆၀၀ လျှော့ပေးတဲ့ ပရိုမိုးရှင်း အစီအစဉ်လေးတော့ ရှိပါတယ်၊ အစ်ကိုကြီး တခြားတစ်ခုခုများ ထပ်ဝယ်ချင်သေးလားဗျ၊ ဒီပရိုမိုးရှင်းက ဒီလကုန်ရင်ပြီးတော့မှာနော်”
ပရိုမိုးရှင်းအစီအစဉ်ရှိကြောင်း ကြားလိုက်ရသောအခါ လျူအာ့တာသည် အံကိုတင်းတင်းကြိတ်ကာ ယွမ် ၂၀၀၀ တန် သင့်တင့်သော အဲကွန်းတစ်လုံးကိုပါ ထပ်မံရွေးချယ်လိုက်သည်။
အစကတော့ အဲကွန်းဝယ်ရန် တွန့်ဆုတ်နေခဲ့သော်လည်း ယခု ပရိုမိုးရှင်းရှိနေသဖြင့် ဝယ်ယူလိုက်ခြင်းက ပို၍တန်သည်ဟု တွေးတောမိလိုက်၏။ ထို့နောက် သူက ထမင်းပေါင်းအိုး တစ်လုံးကို လက်ဆောင်ရသည်အထိ ဆိုင်ရှင်ကို အမျိုးမျိုးပူဆာပြီးမှသာ ကျေနပ်သွားတော့သည်။
လျူအာ့တာက သတိရသွားပြီး မေးလိုက်သည်။
“အော်... ပြီးတော့ ခင်ဗျားတို့က အိမ်တိုင်ရာရောက် ပို့ပေးပြီး တပ်ဆင်ပေးတယ်မဟုတ်လား၊ ကျွန်တော်ကိုယ်တိုင် သယ်သွားစရာ မလိုဘူးမလား၊ ကျွန်တော့်အိမ်က တောင်ပေါ်မှာဗျ”
ဆိုင်ရှင်က သူ၏ရင်ဘတ်ကိုပုတ်ကာ ယုံကြည်မှုရှိရှိဖြင့် ပြန်ဖြေလေသည်။
“အရင်တုန်းကဆိုရင်တော့ တောင်ပေါ်ကို လိုက်မပို့ပေးနိုင်တာ အသေအချာပါပဲဗျာ၊ ဒါပေမဲ့ အခုတော့ လမ်းတွေပွင့်နေပြီလေ၊ အိမ်သုံးပစ္စည်း သေးသေးလေးတွေဆိုရင် ကျွန်တော် သင်္ဘောစီးပြီး လိုက်ပို့ပေးလို့ရနေပြီ၊ လီရှန်းရွာက လူတိုင်းလည်း ကျွန်တော့်ဆီကနေ အိမ်သုံးပစ္စည်းတွေ တော်တော်များများ လာဝယ်ကြတယ်၊ အဲဒါကြောင့် စိတ်မပူပါနဲ့၊ ပို့ဆောင်တာနဲ့ တပ်ဆင်တာကို အခမဲ့လုပ်ပေးပါတယ်ဗျ”
လျူအာ့တာက ရှင်းပြလိုက်သည်။
“ကျွန်တော်က လီရှန်းရွာက မဟုတ်ဘူးဗျ၊ ဘေးနားက လျူမိသားစုရွာကပါ”
ဆိုင်ရှင်က ခေါင်းညိတ်ကာ ပြန်ပြော၏။
“အဲဒါလည်း သိပ်မဝေးပါဘူးဗျာ၊ အစ်ကိုကြီး မနက်ဖြန် အိမ်မှာရှိမလား၊ ကျွန်တော် မနက်ဖြန်လာပို့ပေးမယ်လေ”
လျူအာ့တာက ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ဖြေလေသည်။
“အင်း... နောက်အပတ်လောက်မှ ဆိုရင်ကော၊ ကျွန်တော့်အိမ်က အလုပ်သမားတွေ လက်စသတ်စရာလေးတွေ နည်းနည်းကျန်သေးလို့၊ ခင်ဗျားရဲ့ ဖုန်းနံပါတ်သာ ပေးထားခဲ့ပါ၊ ပစ္စည်းလာပို့ဖို့ အဆင်သင့်ဖြစ်တဲ့အခါ ကျွန်တော် ကြိုပြီးဖုန်းဆက်လိုက်ပါ့မယ်”
လျူအာ့တာသည် ခေတ်ဟောင်းမိုဘိုင်းဖုန်းလေးကို ထုတ်ယူကာ ဆိုင်ရှင်အား ဖုန်းနံပါတ်ပေးရန် အမူအရာပြလိုက်သည်။
ဆိုင်ရှင်က ပြုံးကာ ပြောလိုက်၏။
“ဟုတ်ကဲ့ပါဗျာ၊ ကျွန်တော့်နံပါတ်က ၁၇၂...”
**
လီရှီးရှီးမှာ ယခုအချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေလေသည်။
ရွာသူကြီးက သူမအား ဤနှစ်အတွက် မြို့၏ ‘ထိပ်တန်း စီးပွားရေးစွမ်းဆောင်ရှင် လူငယ်ဆယ်ဦး’ စာရင်းတွင် ရွေးချယ်ခံရကြောင်းနှင့်၊ ရက်အနည်းငယ်အတွင်း သတင်းထောက်တစ်ဦး သူမထံသို့ လာရောက်အင်တာဗျူးမည်ဖြစ်ကြောင်း ပြောပြခဲ့၏။
ဤအင်တာဗျူးကို ဒေသတွင်း ရုပ်မြင်သံကြားလိုင်း၏ ကြည့်ရှုသူအများဆုံးအချိန်တွင် ထုတ်လွှင့်ပြသမည့်အကြောင်းကိုလည်း သိရှိထားရသည်။
ယခင်က သူမ ရုပ်မြင်သံကြားအစီအစဥ်တွင် ပါဝင်ခဲ့ဖူးသော်လည်း (‘တောင်ကြားထဲကဘဝ’ အစီအစဉ်တွင်) ဤအရာက သူမအတွက် ကွဲပြားခြားနားသော အဓိပ္ပာယ်တစ်ရပ်ကို ဆောင်ကြဉ်းပေးနေသည်။
သူမ၏ အဘိုးဖြစ်သူ ဤအောင်မြင်မှုများကို မမြင်တွေ့သွားနိုင်ခဲ့သည်မှာ အလွန်နှမြောစရာပင်။ သို့မဟုတ်ပါက အဘိုးကလည်း သူမအတွက် သေချာပေါက်ဂုဏ်ယူနေမည်သာ။
သူမ၏အဘိုး မရှိတော့သော်လည်း၊ ဤသတင်းကို ရွာသားများ သိရှိသွားကြသောအခါ အားလုံးက သူမအတွက် အလွန်အမင်းဂုဏ်ယူဝင့်ကြွားနေကြလေတော့သည်။
ရွာသားတစ်ဦးက ပြောလာလေ၏။
“ရှီးရှီးလေး အောင်မြင်လိမ့်မယ်ဆိုတာ ငါသိပြီးသားပါ၊ သူ ကလေးဘဝကတည်းက ငါကြည့်ပြီး သိနေခဲ့တာ၊ အရမ်းကိုဉာဏ်ကောင်းလွန်းတော့ လူတိုင်းက အချစ်ပိုနေကြရတာလေ”
အခြားရွာသားတစ်ဦးကလည်း ထောက်ခံလေသည်။
“ရှောင်ရှီးက ငါတို့ရွာမှာ အအောင်မြင်ဆုံးလူတစ်ယောက်ပဲ၊ တာ့ဟိုင် (အဘိုးလီတာ့ဟိုင်) တစ်ယောက် စောစောစီးစီးဆုံးပါးသွားပြီး ဒါတွေကိုမမြင်သွားရတာ တကယ်နှမြောစရာပဲ”
နောက်ရွာသားတစ်ဦးကလည်း ဝင်ပြောပြန်သည်။
“ဟုတ်ပါ့၊ သူ့ဆီမှာ ကြီးမားတဲ့အလားအလာတွေ ရှိနေတာကို ငါ စောစောပိုင်းကတည်းက မြင်နေခဲ့တာ၊ သူ စီးပွားရေးလာလုပ်ဖို့ ရွာကိုပြန်လာတုန်းက လူတော်တော်များများက နားမလည်နိုင်ဖြစ်ခဲ့ကြတာ၊ အခု သူ့ကိုကြည့်လိုက်ကြစမ်း”
ဒေါ်လေးဝမ်က ဘေးရှိသက်ကြီးရွယ်အိုများကို ဝင့်ကြွားသောအမူအရာဖြင့် ကြည့်ကာ ဝင်ရောက်ပြောဆိုလိုက်၏။
“အို... တော်ကြပါတော့၊ ရှင်တို့က ဖြစ်ပြီးသွားမှ ဆရာကြီးလာလုပ်နေကြတာ၊ ရှီးရှီးလေးက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းတာလေ၊ အထူးတလည်ကြည့်နေစရာကို မလိုတာ၊ သူ နှစ်တိုင်းပထမရတယ်ဆိုတာ ရွာမှာ လူတိုင်းသိတာပဲ၊ အဲဒါကို ဘယ်လိုခေါ်လဲသိလား၊ ပညာရဲ့အစွမ်းသတ္တိလို့ ခေါ်တယ်”
အဘိုးအိုတစ်ဦးက ခေါင်းကိုကုတ်ကာ အနည်းငယ် နားမလည်နိုင်စွာဖြင့် တိုးညှင်းစွာ မေးလိုက်၏။
“ပညာရဲ့အစွမ်းသတ္တိ ဟုတ်လား၊ အဲဒီလိုမျိုးသုံးရတာလား၊ ရှောင်ရှီးရဲ့စီးပွားရေးက အရမ်းကောင်းနေပြီး ငါတို့ဒီကနေ အခွန်ငွေတွေအများကြီး ရနေလို့ သူ့ကို ထိပ်တန်း စီးပွားရေးစွမ်းဆောင်ရှင် လူငယ်ဆယ်ဦး စာရင်းထဲမှာ ရွေးချယ်လိုက်တာလို့ ရွာသူကြီး ပြောတာကို ငါကြားလိုက်မိသလိုပဲ၊ သူ ပိုက်ဆံရှာနိုင်လို့ အရွေးခံရတာလေ၊ အဲဒါကို ငွေရဲ့အစွမ်းသတ္တိလို့ မခေါ်ဘူးလား”
အဘိုးအို၏အသံမှာ တိုးညှင်းသော်လည်း၊ နားပါးသော ဒေါ်လေးဝမ်က ကြားလိုက်ရသဖြင့် ချက်ချင်းပင် ပြန်လည်ချေပလိုက်သည်။
“ငွေရဲ့အစွမ်းသတ္တိ မဟုတ်ရပါဘူးတော်၊ စီးပွားရေးလုပ်တယ်ဆိုတာက အန္တရာယ်တွေရှိတယ်ဆိုတာကို ကျွန်မတို့ထဲမှာ ဘယ်သူကမသိလို့လဲ၊ ရွာထိပ် လျူမိသားစုက ကောင်လေးရဲ့ စီးပွားရေး ဘယ်လိုအခြေအနေ ဖြစ်သွားလဲဆိုတာ ရှင် မသိဘူးလား၊ အဲဒီတုန်းက သူ အကုန်လုံးဆုံးရှုံးသွားတော့ သူ့ရဲ့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မိဘတွေက အခုအချိန်ထိ အကြွေးတွေဆပ်နေရတုန်းလေ၊ ကျွန်မတို့ရဲ့ ရှီးရှီးလေးကျ ဘာလို့အောင်မြင်လာတာလဲ၊ အဲဒါက သူ့ရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးကြောင့်ပဲ၊ သူက ငယ်ငယ်ကတည်းက အရာရာကို သေချာ စီစဉ်တွက်ချက်ပြီးမှလုပ်တတ်တာ၊ ကျွန်မပြောမယ်နော်... ရှင်တို့ရဲ့မြေးတွေကို သေချာကြပ်မတ်ဖို့လိုတယ်၊ အခု စာကြိုးစားမှ နောင်တစ်ချိန်ကျရင် ကောင်းကောင်းမွန်မွန်နေရမှာ၊ အဲဒီစကားလုံးက ဘာပါလိမ့်... အော်... ခံစား၊ ဟုတ်တယ်၊ နောင်တစ်ချိန်ကျရင် ဘဝကို ကောင်းကောင်းခံစားနိုင်မှာ၊ အခု စာသင်ရတဲ့ပင်ပန်းဆင်းရဲမှုတွေက တကယ်ကိုတန်ပါတယ်”
ဒေါ်လေးဝမ်မှာ အလွန်အမင်းစကားကြွယ်လာလေပြီ။ သူမကိုယ်တိုင်လည်း ယခုအခါတွင် တိုးတက်ပြောင်းလဲလာခဲ့သည်။
ယာတောအိမ်၏စီးပွားရေး တဖြည်းဖြည်း ကောင်းမွန်လာသည်နှင့်အမျှ ၎င်းကိုသိရှိသူ ပိုမိုများပြားလာပြီး နိုင်ငံခြားသားများပင် လာရောက်လည်ပတ်ကြလေ၏။
စူပါမားကတ်စီးပွားရေးကို ကောင်းမွန်စွာ လည်ပတ်နိုင်စေရန်အတွက် သူမသည် ဤအသက်အရွယ်ကြီးတွင်ပင် ဖုန်းဖြင့် နိုင်ငံခြားဘာသာစကားများကို သင်ယူနေရသေးသည်။
အနည်းဆုံးတော့ ဒေါ်လေးဝမ်သည် ရိုးရှင်းသောအသုံးအနှုန်းများကို သင်ယူတတ်မြောက်ထားပြီး၊ တစ်စုံတစ်ဦးက ဈေးနှုန်းလာမေးလျှင် နားလည်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ အသံထွက်များကို အပြည့်အဝ မပြောနိုင်သော်လည်း လက်ဟန်ခြေဟန်ဖြင့်တော့ သေချာပေါက်ရှင်းပြနိုင်လေ၏။
ကံကောင်းထောက်မစွာဖြင့် ဤအချိန်တွင် လီရှီးရှီး ထိုနေရာ၌ မရှိနေခဲ့ပေ။
သို့မဟုတ်ပါက ဒေါ်လေးဝမ်၏စကားများကို ကြားလိုက်ရလျှင် သူမ၏မျက်နှာများပင် ရဲတွတ်သွားမည်မှာ အသေအချာပင်။ လူတိုင်းက သူမကို လွန်လွန်ကဲကဲ ချီးကျူးနေကြသည်။
*အဟမ်း... နှိမ့်ချထား၊ နှိမ့်ချထားမှ*
ယခုအချိန်တွင် သူမသည် သူမ၏ကျေးဇူးတင်စကားကို အလုပ်ရှုပ်စွာဖြင့် ရေးသားနေလေသည်။ သတင်းထောက်၏ အင်တာဗျူးအပြင်၊ မြို့တော်ဝန်ကိုယ်တိုင်က နောက်အပတ်တွင် မြို့တော်ခန်းမ၌ သူတို့ကို ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး၊ လူတိုင်းက စင်ပေါ်သို့တက်ကာ ကျေးဇူးတင်စကားများ ပြောကြားရမည်ဖြစ်သည်။
***
လက်ခုပ်သံများကြားတွင် လီရှီးရှီးသည် ပြုံးရွှင်စွာဖြင့် စင်ပေါ်သို့တက်လှမ်းသွားပြီး၊ မြို့တော်ဝန်ထံမှ ဆုဖလားကို လက်ခံရယူကာ သူမ၏ကျေးဇူးတင်စကားကို တည်ငြိမ်စွာဖြင့် စတင်ပြောကြားလေ၏။
ဤဆုပေးပွဲအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်ပြသနေပြီး၊ လီရှန်းယာတောအိမ်ရှိ တီဗီတွင်လည်း စတင်ဖွင့်လှစ်ပြသနေလေပြီ။
လူတိုင်းက လီရှီးရှီး၏အလှည့်ကို စိတ်အားထက်သန်စွာဖြင့် မျှော်လင့်စောင့်စားနေကြပြီး အားလုံးမှာ တက်ကြွနေကြသည်။
ဝန်ထမ်းတစ်ဦးက အော်ပြောလိုက်၏။
“ဒီဆုရတဲ့ လူဆယ်ယောက်ထဲမှာ ငါတို့သူဌေးမလေးကို တစ်ချက်ကြည့်လိုက်တာနဲ့တင် ထင်ရှားနေတယ်”
အခြားဝန်ထမ်းတစ်ဦးကလည်း ချီးကျူးလေသည်။
“အဲဒီ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဝတ်စုံလေးက တကယ်ကို ကြည့်ကောင်းတာပဲ၊ ငါလည်း တစ်စုံလောက်ဝယ်ချင်လိုက်တာ”
နောက်တစ်ဦးက ဝင်ရောက်ချေပလိုက်သည်။
“အို... တော်ပါ၊ သူကလှနေလို့ ဝတ်စုံလေးက ပိုကြည့်ကောင်းနေတာ”
ဒေါ်လေးဝမ်က လှမ်းဟောက်လို၏။
“စကားမပြောကြနဲ့တော့၊ ရှောင်ရှီးလေး စကားပြောတာကို အေးအေးဆေးဆေးနားထောင်ကြစို့၊ နင်တို့တွေ အရမ်းဆူညံနေတော့ ငါ ဘာမှမကြားရတော့ဘူး”
……
လီရှီးရှီးက ယုံကြည်မှုရှိစွာဖြင့် စကားစတင်ပြောကြားလေသည်။
“အားလုံးပဲ မင်္ဂလာပါရှင်၊ ကျွန်မနာမည် လီရှီးရှီးပါ၊ ထိပ်တန်း စီးပွားရေးစွမ်းဆောင်ရှင် လူငယ်ဆယ်ဦးဆုကို ရရှိတဲ့အတွက် ကျွန်မ အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်၊ ကျွန်မအပေါ် ယုံကြည်မှုထားရှိပေးကြတဲ့ ခေါင်းဆောင်ကြီးများအားလုံးကို ကျေးဇူးတင်ရှိသလို၊ ကျွန်မတို့ လီရှန်းယာတောအိမ်က ဝန်ထမ်းများအားလုံးရဲ့ ပံ့ပိုးကူညီမှုတွေအတွက်လည်း အထူးပဲကျေးဇူးတင်ရှိပါတယ်၊ အနာဂတ်မှာလည်း ကျွန်မလျှောက်လှမ်းရမယ့် ခရီးလမ်းက အရှည်ကြီး ကျန်ရှိနေပါသေးတယ်၊ အားလုံးရဲ့ ယုံကြည်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် ကျွန်မ ဆက်လက်ပြီးကြိုးစားသွားပါဦးမယ်ရှင်”
မိန့်ခွန်းပြောကြားပြီးနောက် လီရှီးရှီးသည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး၊ သူမ အကျေးဇူးတင်ရဆုံးအရာမှာ မမျှော်လင့်ဘဲ ချိတ်ဆက်မိခဲ့သော ယာတောအိမ် အက်ပ်ပင်ဖြစ်ကြောင်း စိတ်ထဲမှ တိတ်တဆိတ် တွေးတောလိုက်မိသည်။
၎င်းက သူမ၏ဘဝကို ကောင်းကင်နှင့် မြေကြီးလို ပြောင်းလဲသွားစေခဲ့ပြီး အရာများစွာကို ရရှိစေရန် ကူညီပေးခဲ့၏။
သူမ၏ ဘဝကို ပြောင်းလဲပေးခဲ့သော အက်ပ်ကို သူမ အမှန်တကယ်ပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိနေမိတော့သည်။
(ပြီးပါပြီ)
122{Extra}
လီရှီးရှီးသည် ယာတောအိမ်၏ အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို ပြည့်မီစေရန် နောက်ထပ်နှစ်အနည်းငယ်မျှ ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ပြီးနောက်၊ နောက်ဆုံးတွင် အက်ပ်က တာဝန်ပြီးမြောက်ကြောင်းနှင့် အဆင့်မြှင့်တင်နိုင်ပြီဖြစ်ကြောင်း ပြသလာခဲ့သည်။
သို့ရာတွင် လီရှီးရှီး စိတ်ကူးယဉ်ထားသကဲ့သို့ သူမ၏ယာတောအိမ်ကြီးက ပိုမိုကြီးမားမြင့်မားလာခြင်းမျိုးတော့ မဟုတ်ခဲ့ပေ။ ယာတောအိမ်ကို အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးနောက်၊ လိပ်စာအသစ်တစ်ခုကို ရွေးချယ်ကာ ဆိုင်ခွဲတစ်ခု ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း အက်ပ်က သူမအား သတိပေးလာခဲ့သည်။
လွန်ခဲ့သော နှစ်များအတွင်း လီရှန်းယာတောအိမ်မှာ တစ်နေ့တခြား လူကြိုက်များကျော်ကြားလာခဲ့ပြီး၊ လာရောက်လည်ပတ်လိုသော ဧည့်သည်အရေအတွက်မှာလည်း အဆမတန်များပြားလာခဲ့ရာ၊ လက်မလည်နိုင်အောင်ပင် အလုပ်များလွန်းလှသည်။
ဒေသတွင်း ဆိုင်ခွဲတစ်ခု ဖွင့်လှစ်ရန် ဧည့်သည်များက တိုက်တွန်းခြင်းမရှိခဲ့သည်တော့မဟုတ်ပေ။ လီရှန်းယာတောအိမ်ဘက်မှလီရှန်းယာတောအိမ်ဘက်မှ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင်၊ အခွင့်အရေးကို အနံ့ခံမိသော စီးပွားရေးလုပ်ငန်းရှင် အများအပြားက ‘လီရှန်းယာတောအိမ် - ဆိုင်ခွဲ’၊ ‘လီရှန်း ဒုတိယ ယာတောအိမ်’ စသည်ဖြင့် အတုအပများကို စတင်ဖန်တီးလာခဲ့ကြ၏။
စကားလုံးကစားထားသော အမည်နာမပေါင်းစုံ ထွက်ပေါ်လာခဲ့ပြီး၊ ထိုနှစ်များအတွင်း ဤပြဿနာများကို ဖြေရှင်းပေးရန်အတွက် လီရှီးရှီးသည် သီးသန့် ဥပဒေရေးရာ ဌာနတစ်ခုကိုပင် ဖွဲ့စည်းထားခဲ့ရလေသည်။
ထို့အပြင် လီရှန်းယာတောအိမ် ဤမျှလောက်အထိ လူကြိုက်များကျော်ကြားရခြင်း၏ အဓိကအကြောင်းရင်းမှာ သဘာဝကျစွာပင် အခြားသောယာတောအိမ်များ သို့မဟုတ် ဟိုတယ်များက မပေးစွမ်းနိုင်သော ထူးခြားသည့် အတွေ့အကြုံများကို ခရီးသွားများအား ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။
အခြားနေရာများက အိပ်မပျော်သော ဝေဒနာရှင်များကို ကောင်းမွန်သော အိပ်မက်များ မက်စေရန် ကူညီပေးနိုင်ပါသလား။ လုံးဝ မကူညီပေးနိုင်ပေ။
အခြားနေရာများတွင် စိမ်လိုက်သည်နှင့်တစ်ပြိုင်နက် သောကဗျာပါဒများအားလုံး ပျောက်ကွယ်သွားစေမည့် ရေပူစမ်းများရှိနေနိုင်ပါသလား။ လုံးဝ မရှိနိုင်ချေ။
တစ်ခါတစ်ရံတွင် လီရှီးရှီး ကိုယ်တိုင်က ထိုအတုအပများကို ဖွင့်ချဖော်ထုတ်နေရန်ပင် မလိုအပ်ခဲ့ပေ။ ဧည့်သည်များကိုယ်တိုင်က ထိုကွာခြားချက်များကို သိရှိခံစားနိုင်ကြသည်။
ကွာဟချက်က အလွန်အမင်း ကြီးမားလွန်းလှသည်။ အခြားအရာများကို ဘေးဖယ်ထား၍ အစားအသောက်များကို ကြည့်လျှင်ပင် ထိုနေရာများက လုံးဝအရသာမရှိခဲ့ပေ။ တူညီသော ဈေးနှုန်း သို့မဟုတ် ပိုမိုမြင့်မားသော ဈေးနှုန်းများပေးပြီး ထိုကဲ့သို့သော အတုအပ စားသောက်ဆိုင်များကို လူတွေက အဘယ်ကြောင့် ရွေးချယ်ကြမည်နည်း။
လာမည့်လ ပထမရက်နေ့တွင် Y မြို့ရှိ ပန်းယွဲကျေးရွာ၌ သူမ၏ဆိုင်ခွဲအသစ်ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း လီရှီးရှီးက ဝီဘိုတွင် ကြေညာလိုက်သည်။ ထိုသတင်းမှာ ချက်ချင်းဆိုသလို ရေပန်းအစားဆုံး ဖြစ်သွားခဲ့ပြီး၊ လျင်မြန်သူအချို့မှာ အိမ်များဝယ်ယူရန် မျှော်လင့်ချက်ဖြင့် ပန်းယွဲကျေးရွာသို့ ချက်ချင်းသွားရောက်ခဲ့ကြ၏။
ကံမကောင်းစွာဖြင့် လီရှီးရှီးက အနီးအနားရှိ အိမ်ခြံမြေအားလုံးကို ဝယ်ယူထားပြီးဖြစ်ရာ၊ သူတို့၏ခရီးစဉ်မှာ အလကား အချည်းနှီးသာ ဖြစ်သွားခဲ့ရလေသည်။
မှတ်သားဖွယ်ကောင်းသည်မှာ ယခုအခါ လီရှန်းရွာ၏ အိမ်ခြံမြေဈေးနှုန်းများမှာ ပထမတန်းစားမြို့ကြီးများ၏ ဈေးနှုန်းများနှင့်ပင် ယှဉ်နိုင်နေချေပြီ။ ချမ်းသာကြွယ်ဝသူ အများအပြားသည် အငြိမ်းစားယူရန်နှင့် အားလပ်ရက် အပန်းဖြေရန်အတွက် လီရှန်းရွာတွင် အိမ်များဝယ်ယူရသည်ကို နှစ်သက်သဘောကျကြသည်။
ဤနေရာသို့ လာရောက်ကာ အရသာရှိသော အစားအစာများကို သုံးဆောင်ရင်း ရေပူစမ်းစိမ်ရသည်မှာ တကယ့်ကို ဇိမ်ကျလွန်းလှ၏။
ထိုသူများထဲတွင် စေတနာ့ဝန်ထမ်း ကျောင်းဆရာမလေးချင်စီယွီ၏ မိခင်ဖြစ်သူ မိခင်ချင်မှာ၊ ဒေသခံရွာသားတစ်ဦး၏ ဝက်ခြံဟောင်းကြီးကို သူမက လက်ဦးမှုရယူကာ ဝယ်ယူခဲ့ပုံကို တွေးမိတိုင်း သူမကိုယ်သူမ တိတ်တဆိတ် ကျေနပ်ဂုဏ်ယူနေမိသည်။
သူမ သတိမထားမိသည်တော့ မဟုတ်ချေ။ ထိုအချိန်က ဆေးရုံဆေးခန်းများနှင့် ဝေးကွာသဖြင့် အသက်အရွယ်ကြီးရင့်သူများဖြစ်သည့် သူတို့အတွက် အဆင်မပြေနိုင်ဟု တွေးကာ ခင်ပွန်းဖြစ်သူက အနည်းငယ် သဘောမကျဖြစ်နေခဲ့သည် မဟုတ်လော။
ယခုမူ ဆေးရုံတစ်ရုံကိုလည်း တည်ဆောက်ပြီးစီးခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး၊ ဤနေရာလေးမှာလည်း နာမည်ကျော်ကြားသော စည်ကားဖွံ့ဖြိုးသည့် ကျေးရွာကြီးတစ်ခုအဖြစ်သို့ ရောက်ရှိနေခဲ့လေပြီ။
ဆေးရုံများကို ထည့်မတွင်လျှင်ပင် ဘိုးဘွားရိပ်သာများ၊ အပန်းဖြေကစားကွင်းများ၊ အများပြည်သူသုံး အားကစားရုံများနှင့် စာကြည့်တိုက်များပင်လျှင် အစုံအလင် ရှိနေချေပြီ။
ထိုနှစ်က သူမဝယ်ယူခဲ့သော ဝက်ခြံဟောင်းကြီးမှာလည်း ဖျက်သိမ်းပြီး နှစ်ထပ်တိုက်ခြံဝင်းလေးတစ်ခုအဖြစ် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။ သူမနှင့် ခင်ပွန်းဖြစ်သူက အောက်ထပ်တွင် နေထိုင်ကြပြီး သမီးဖြစ်သူက အပေါ်ထပ်တွင်နေထိုင်လေသည်။
သူမ၏ အိမ်တန်ဖိုးမှာလည်း အဆပေါင်းများစွာ မြင့်တက်နေခဲ့လေသည်။
ယခုမှသာ ဝယ်ယူရမည်ဆိုပါက သူမထံတွင်ရှိသော ငွေကြေးများဖြင့် လုံလောက်မည်မဟုတ်ပေ။
ဤအချက်ကို တွေးမိတိုင်း သူမ၏ အမြော်အမြင်ကြီးမားပုံကို ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူအား အမြဲလိုလို ဂုဏ်ယူဝင့်ကြွားစွာ ကြွားလုံးထုတ်လေ့ရှိ၏။
ထိုအချိန်က ခင်ပွန်းဖြစ်သူသာမက သမီးဖြစ်သူကပါ သူမ ဝက်ခြံကြီးဝယ်လိုက်သည်ကို ကြားသောအခါ နားမလည်နိုင်ဖြစ်ခဲ့ကြသည် မဟုတ်လော။
သူမ၏သမီးဖြစ်သူ ချင်စီယွီသည် ယခုအခါ လီရှန်းကျေးရွာ မူလတန်းကျောင်း စေတနာ့ဝန်ထမ်း ဆရာမဘဝမှ အတန်းမှူးတစ်ဦးအဖြစ်သို့ တိုးတက်ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
ယခင်က သမီးဖြစ်သူထံသို့ ပစ္စည်းတစ်ခုခုသွားပို့ရန် ကျောင်းသို့ သွားရောက်ခဲ့စဉ်က၊ မူလတန်းကျောင်းသားအချို့က သူမကို လက်ညှိုးထိုးကာ တိတ်တဆိတ်ပြောဆိုနေကြသည်ကိုပင် ကြားခဲ့ရသေး၏။
……
ကျောင်းသားလေးတစ်ဦးက တိုးတိုးလေးပြောလိုက်သည်။
“ဟိုမှာကြည့်၊ အဲဒါ ငါတို့ရဲ့သီလရှင် မြဲ့ကျွယ်ကြီးရဲ့ အမေလေ၊ သူ့အမေကသီလရှင် မြဲ့ကျွယ်ကြီးထက် ပိုပြီးတော့တောင် ကြောက်စရာကောင်းနေမလားမသိဘူး”
ကလေးအချို့မှာ သူမသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်သည်ကို မြင်သောအခါ၊ နားလေးနေလိမ့်မည်ဟု ထင်မှတ်ကာ အလွန်အမင်းတိုးညှင်းစွာ မပြောခဲ့ဘဲ၊ ပုံမှန်ထက် အနည်းငယ်မျှသာအသံနှိမ့်၍ ပြောခဲ့ကြလေ၏။
အမေချင်မှာ ထိုစကားများကို ကြားလိုက်ရပြီးနောက် ရယ်ရခက် ငိုရခက် အခြေအနေသို့ အမှန်တကယ် ဆိုက်ရောက်သွားခဲ့ရသည်။ ကျောင်းသားများက သူမကွယ်ရာတွင် ‘သီလရှင် မြဲ့ကျွယ်ကြီး’ ဟု တိတ်တဆိတ် ခေါ်ဝေါ်နေကြကြောင်းကို သူမ၏ သမီးဖြစ်သူက သိပါလေစ။
ယခင်က နူးညံ့သိမ်မွေ့ခဲ့သော သူမ၏သမီးလေးမှာ ကျောင်းဆရာမ ဖြစ်လာပြီးကတည်းက တော်တော်လေးပြောင်းလဲသွားခဲ့ချေပြီ။ ယခုအခါ သူမအတွက် တစ်ခုတည်းသောစိုးရိမ်ပူပန်မှုမှာ သမီးဖြစ်သူ ယခုအချိန်အထိ ရည်းစားမထားသေးသည့်ကိစ္စပင်။
သမီးဖြစ်သူ၏ အိမ်ထောင်ရေးအတွက် စိုးရိမ်ပူပန်နေဆဲဖြစ်သော မိခင်ချင်နှင့် ဆန့်ကျင်ဘက်အနေဖြင့်၊ ယခုအခါ မြေးများကို ပိုင်ဆိုင်ထားပြီဖြစ်သော ဒေါ်လေးဝမ်မှာလည်း အခြားသောသောကများ ရှိနေလေသည်။
သူမ၏သားနှင့် ချွေးမဖြစ်သူတို့မှာ ယခင်အလုပ်များမှ နုတ်ထွက်ခဲ့ကြသည်မှာ ကြာမြင့်နေခဲ့ပြီဖြစ်ပြီး၊ ဒေါ်လေးဝမ်ဝယ်ပေးထားခဲ့သောအိမ်ကို ရောင်းချကာ ချေးငွေများကိုဆပ်ပြီးနောက် သူတို့၏ဘဝကို မြှင့်တင်ရန် အိမ်သို့ ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်သည်။
ဒေါ်လေးဝမ်နှင့် ဦးလေးဝမ်တို့သည် လွန်ခဲ့သော နှစ်နှစ်အတွင်း စူပါမားကတ်ဖွင့်လှစ်ရာမှ ရရှိသော ငွေကြေးများကို အသုံးပြု၍ သူတို့၏အိမ်ကို အသစ်ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ကြ၏။
မိသားစုတစ်စုလုံး သက်သောင့်သက်သာဖြင့် ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး၊ သိပ်မကြာမီမှာပင် ချွေးမဖြစ်သူက ဒုတိယမြောက်ကလေးဖြစ်သည့် မိန်းကလေးတစ်ဦးကို မွေးဖွားခဲ့လေသည်။
ဒေါ်လေးဝမ်မှာ အချိန် အားလပ်နေခြင်းမရှိပေ။ စူပါမားကတ်မှာ နေ့စဉ်နှင့်အမျှ အလွန်အလုပ်များလွန်းသဖြင့် အလုပ်တွင် အထောက်အကူဖြစ်စေရန် လူနှစ်ဦးကိုပင် ငှားရမ်းထားခဲ့ရလေသည်။
အိမ်တွင်မူ ချွေးမဖြစ်သူမှာ မီးတွင်းထဲတွင် ရှိနေသေးသဖြင့် သူမက အထူးဂရုစိုက် ပြုစုပေးနေရ၏။
သူမ၏သားဖြစ်သူမှာလည်း စူပါမားကတ်တွင် ကူညီပေးနေရပြီး၊ သူတို့သားအမိနှစ်ဦးသည် မီးတွင်းထဲရှိ ချွေးမနှင့် မြေးမလေးအပြင် သူငယ်တန်းတက်နေသော မြေးယောကျာ်းလေးကိုပါ ပြုစုစောင့်ရှောက်ရန် အလှည့်ကျအိမ်ပြန်ခဲ့ကြရသည်။
တကယ့်ကို အလုပ်များလှသော အခြေအနေပင်။
ထို့အပြင် ဒေါ်လေးဝမ်၏ခင်ပွန်းဖြစ်သူမှာ ကြက်များ မွေးမြူနေဆဲဖြစ်သဖြင့် နေ့စဉ်နှင့်အမျှ အလုပ်ကို ပစ်ထား၍မရနိုင်ပေ။
ရက်အနည်းငယ်ကြာပြီးနောက် ဒေါ်လေးဝမ်မှာ အလုပ်များလွန်းသဖြင့် ခေါင်းတွေပင် မူးနောက်လာခဲ့ရသည်။
ညနေပိုင်း ဝမ်မိသားစုဝင်အားလုံး ပြန်လည်ရောက်ရှိလာချိန်တွင် ဒေါ်လေးဝမ်က မနေနိုင်တော့ဘဲ ညည်းညူလိုက်၏။
“ဒီရက်ပိုင်းအတွင်း ကျွန်မတအားကို အလုပ်များနေတာ၊ ခြေထောက်တောင် မြေကြီးနဲ့မထိဘူး၊ ရှင်တို့ယောက်ျားကြီး နှစ်ယောက်ကလည်း ဘာမှကူမလုပ်ကြဘူး၊ ဒီမြေးတွေက ကျွန်မတစ်ယောက်တည်းပိုင်တဲ့ မြေးတွေများမှတ်နေလား”
ဦးလေးဝမ်က ချက်ချင်း ပြန်လည်ချေပလိုက်သည်။
“ဒီမယ် မိန်းမ... ငါ့ကို လာပြီ စွပ်စွဲမနေနဲ့၊ ငါကပဲ ဘာအလုပ်မှမရှိသလိုလိုနဲ့၊ နေ့တိုင်း မိုးလင်းတာနဲ့ တောင်တစ်တောင်လုံးပတ်ပြီး ကြက်တွေကို သွားကြည့်နေရတာ၊ ငါ့မှာ ဘယ်အချိန်အားနေလို့လဲ”
သားဖြစ်သူ ဝမ်ရှောင်ဖုန်းကလည်း ဝင်ပြောလေ၏။
“အမေ... သားလည်း အလုပ်များတာပါပဲ၊ သားတို့တွေ အကူအညီဖြစ်အောင် အိမ်အကူတစ်ယောက်လောက် ငှားလိုက်ရင်ရော၊ စူပါမားကတ် အလုပ်တွေကိုလည်း ဒီအတိုင်းပစ်ထားခဲ့လို့မှ မရတာ”
ဒေါ်လေးဝမ်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
“ဘာ... အိမ်အကူငှားမယ် ဟုတ်လား”
ဒေါ်လေးဝမ်မှာ လန့်သွားခဲ့သည်။
လွန်ခဲ့သော နှစ်များစွာက သူမသည် မြို့ကြီးပြကြီးသို့ အလုပ်သွားလုပ်ရန် ရွာမှထွက်ခွာခဲ့စဉ်က အခြားသူများအတွက် အိမ်အကူအဖြစ်ပင် လုပ်ကိုင်ခဲ့ဖူးသည်မဟုတ်လော။
သူမ၏ သားဖြစ်သူ ဝမ်ရှောင်ဖုန်းက သူ၏အကြံပြုချက်မှာ ကောင်းမွန်သည်ဟုထင်ကာ ဆက်လက် ဖျောင်းဖျလေသည်။
“အမေ... သား မြို့မှာရှိနေတုန်းကဆိုရင် ဇနီးသည်တွေ ကလေးမွေးတဲ့အခါ မီးတွင်းအကူတွေ အများကြီးငှားကြတာ၊ ချမ်းသာတဲ့သူတွေဆိုရင် သီးသန့် မီးတွင်းပြုစုစောင့်ရှောက်ရေး စင်တာတွေကိုတောင် သွားကြသေးတယ်၊ သားတို့မိသားစုက သူတို့လိုမျိုး မဟုတ်ပေမဲ့ အိမ်အကူတစ်ယောက်လောက်ငှားပြီး ကူခိုင်းလိုက်ရင် သတို့အားလုံးအတွက် ပိုပြီးသက်သာသွားမယ်မဟုတ်လား”
ဒေါ်လေးဝမ်မှာ မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် တွန့်ဆုတ်စွာဖြင့် ပြန်ပြောလိုက်၏။
“ငါတို့ရွာမှာ အိမ်အကူငှားတဲ့သူ ဘယ်သူရှိလို့လဲ၊ ဒါက အရမ်းကြွားလုံးထုတ်ရာကျလွန်းတယ်၊ လူတွေက အတင်းပြောကြလိမ့်မယ်”
ဝမ်ရှောင်ဖုန်းက စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
“အမေ... အဲဒီလိုမျိုး တွက်လို့မရဘူးလေ၊ အဆိုးဆုံးဆိုရင်တောင် ဆွေမျိုးတစ်ယောက်က လာကူပေးတယ်လို့ပြောလိုက်ရင် ရပြီမဟုတ်လား၊ ရွာကလူတွေ ဘာပြောပြော ဂရုစိုက်မနေပါနဲ့၊ သားတို့တွေ သက်သောင့်သက်သာနေရဖို့က အဓိကပဲလေ၊ ပိုက်ဆံရှာတယ်ဆိုတာ သုံးဖို့ပဲမဟုတ်လား၊ သားတို့တွေလည်း ဘဝတစ်ဝက်လောက် ဆင်းရဲဒုက္ခခံခဲ့ရပြီးပြီပဲ၊ တခြားသူတွေ ဘယ်လိုထင်လဲဆိုတာကို ဘာလို့ အဲဒီလောက်ကြီးဂရုစိုက်နေရမှာလဲ”
ဒေါ်လေးဝမ်က ဆက်လက်၍ ဆင်ခြေပေးလိုက်သည်။
“ငါတို့ရဲ့ဆွေမျိုးတွေကို ရွာထဲကလူတွေ အကုန်သိနေတာပဲ”
ဒေါ်လေးဝမ်၏လေသံမှာ အနည်းငယ် ငြင်းဆန်နေဆဲဖြစ်သော်လည်း၊ သူမ၏ရင်တွင်း၌မူ အိမ်တွင်ကူညီပေးရန် လူတစ်ဦးငှားရမ်းမည့် သားဖြစ်သူ၏အကြံဉာဏ်ဘက်သို့ ယိမ်းယိုင်နေခဲ့လေပြီ။
ဝမ်ရှောင်ဖုန်းက ချက်ချင်း ဝင်ပြောလိုက်သည်။
“ဒါဆိုရင် ချွေးမဘက်က ဆွေမျိုးတစ်ယောက်လို့ ပြောလိုက်ရင်ရော ဘယ်လိုလဲ”
နောက်ဆုံးတွင်တော့ ဒေါ်လေးဝမ်တစ်ယောက် သဘောတူသွားလေတော့သည်။ သူမသည် ငွေရှာရန် အလုပ်များနေဆဲဖြစ်ပြီး၊ အိမ်အကူတစ်ဦး ငှားရမ်းခြင်းက မိသားစုတစ်စုလုံးရှိ လူကြီးလူငယ်အားလုံး၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် ပေါ့ပါးသွားစေပေမည်။ သို့ရာတွင် သူမအနေဖြင့် မနေနိုင်ဘဲ တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
“အခုတော့ ဘဝကြီးက အများကြီးပိုကောင်းလာခဲ့ပြီ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကသာဆိုရင် ငါတို့မိသားစုက အလွန်ဆင်းရဲနေမှာဆိုတော့ အိမ်အကူငှားဖို့ ပိုက်ဆံ ဘယ်ကနေသွားရှာနိုင်မှာလဲ”
ဦးလေးဝမ်ကလည်း သက်ပြင်းချကာ ဝင်ပြောလိုက်၏။
“ဟုတ်ပါ့... အခုတော့ ဘဝက အရမ်းကို သက်သောင့်သက်သာရှိနေပြီ၊ အရင်တုန်းကဆိုရင် ငါတို့နေရာလေးက ဒီလောက်အထိ တိုးတက်ဖွံ့ဖြိုးလာလိမ့်မယ်လို့ ငါ လုံးဝထင်မှတ်မထားခဲ့ဘူး၊ ရှီးရှီးလေးကို ကျေးဇူးတင်ရမယ်၊ သူကြောင့်သာ လူတွေအများကြီးက ငါတို့နေရာလေးအကြောင်း သိလာကြတာ”