အခန်း (၁၆၉၁-၁၆၉၂)
Vol. 170 Ch. 1691-1692
အခန်း (၁၆၉၁) - ဝမ်ယွီငရဲထောင်
ဖန့်ချန်သည် သူ၏ဝိညာဉ်သန္ဓေသားကို ကိုယ်ခန္ဓာအတွင်းသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် နဂါးနက်လှေကို မောင်းနှင်ကာ မြစ်ကြီး၏ အထက်ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။
တစ်ဖက်လူများကလည်း အခွင့်အရေးကို အတော်လေး သိကြပေသည်။ ဤနဂါးနက်လှေသည် ဖန့်ချန်ပိုင်ဆိုင်ကြောင်း အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် မြစ်အောက်ခြေမှနေ၍ သူတို့၏ နဂါးနက်လှေကိုယ်စီဖြင့် ရေပြင်ကို ခွဲထွက်ကာ ထိုးတက်လာကြသည်။
သူတို့၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှပြီး ကောင်းကင်ယံ၌ ပျံသန်းသွားသော အနက်ရောင် လျှပ်စီးတန်း နှစ်ခုနှင့်ပင် တူလှသည်။
ဝုန်း
ပြင်းထန်လှသော တိုက်မိမှုကြောင့် ဖန့်ချန်၏ နဂါးနက်လှေမှာ တုန်ခါသွားပြီး လွင့်စင်သွားကာ လိမ့်ထွက်သွားတော့သည်။
သူနှင့်အတူ လိုက်ပါလာသော ဖန့်ကျစ်ရွှယ်နှင့် အခြားသူများမှာ ဟန်ချက်မပျက်စေရန် နဂါးနက်လှေ၏ ကြမ်းပြင်ပေါ်၌ ခြေထောက်များကို ခိုင်မြဲစွာ အမြစ်တွယ်ကပ်ထားလိုက်ကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဒုတိယအကြိမ် တိုက်မိမှု ထပ်မံရောက်ရှိလာပြန်သည်။
တစ်ဖက်လူများသည် ဖန့်ချန် သတိမဝင်လာမီမှာပင် နဂါးနက်လှေ၏ ကာကွယ်ရေးအစီရင် ကို ဖျက်ဆီးပစ်ရန် သိသိသာသာ ကြိုးစားနေခြင်းဖြစ်သည်။
ဤကဲ့သို့ အကြိမ်ကြိမ် တိုက်မိပြီးနောက်တွင်မူ နဂါးနက်လှေ၏ ကာကွယ်ရေးအစီရင်မှာ တကယ့်ကိုပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။
ထို့နောက်တွင်တော့ လူရိပ်နှစ်ခုမှာ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာပြီး ဖန့်ချန်၏ ရှေ့မှောက်၌ ပေါ်လာကြသည်။
ဤအမာခံတပည့် နှစ်ဦးမှာ ဖန့်ချန်အတွက် မစိမ်းလှပေ။ ကျွယ်မင်နန်းတော်တွင် အကြိမ်အနည်းငယ် ဆုံတွေ့ဖူးကြသည်။
တစ်ဦးမှာ အဆင့် ၃ မသေမျိုး ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ အဆင့် ၄ မသေမျိုး ဖြစ်သည်။
"ကျန်းအမာခံ... ကျောက်အမာခံ... မင်းတို့ မိစ္ဆာဝင်သွားကြပြီလား"
ဖန့်ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
ဖန့်ကျစ်ရွှယ်တို့အုပ်စုမှာ ဖန့်ချန်၏ နောက်ကွယ်သို့ ဆုတ်ခွာသွားကြပြီးနောက် ဤအမာခံတပည့်နှစ်ဦးကို စူးစမ်းသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်။ ဤကဲ့သို့ မြင့်မြတ်လှသော ပုဂ္ဂိုလ်ကြီးများပင် တကယ်တမ်း မိစ္ဆာဝင်နိုင်သည်ကို သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။
ကိုယ့်ရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက်ပဲရှိရှိ၊ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဖြစ်လာပြီဆိုရင် ဒါဟာ လူ့လောကနယ်မြေ ကိုးခုရဲ့ ထိပ်တန်း အင်အားစုဝင်တွေထဲက တစ်ယောက် ဖြစ်လာတာပါပဲ။ အကယ်၍ ဒီလို ပုဂ္ဂိုလ်မျိုးတွေတောင် မိစ္ဆာကပ်ဘေးကို မခုခံနိုင်ဘူးဆိုရင် သာမန်ကျင့်ကြံသူတွေဆိုရင် ဘယ်လိုလုပ်မလဲ။
ဖန့်ချန်က သူတို့နှစ်ဦးကို မိစ္ဆာဝင်နေသူများဟု ပြောလိုက်သဖြင့် သူတို့၏ မျက်ဝန်းအိမ် အနက်ပိုင်းတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
ကျန်းအမာခံက အေးစက်စွာ ဆိုသည်
"ဖန့်အမာခံက ဒီကိစ္စကို သိပြီးသားဆိုမှတော့ ငါတို့ စကားအရှည်ကြီး ပြောနေဖို့ မလိုတော့ဘူးပေါ့"
ကျောက်အမာခံက ပြုံးလျက်
"အားလုံးက အမာခံတပည့်ချင်းအတူတူပဲဆိုတော့ ဖန့်အမာခံအနေနဲ့ ငါတို့ကို အသက်ရှင်လမ်းလေး ပေးရင် ဘယ်လိုလဲ "
"အသက်ရှင်လမ်း မင်းတို့က မိစ္ဆာဝင်နေပြီပဲ၊ အခုလုပ်ရမှာက လက်နက်ချ အရှုံးပေးပြီး ငါနဲ့အတူ စီနီယာအစ်မကြီးဆီကို လိုက်ခဲ့ဖို့ပဲ။ သူမက မင်းတို့ကို အသက်ရှင်လမ်း ပေးပါလိမ့်မယ်"
ဖန့်ချန်က သက်ပြင်းသဲ့သဲ့ ချကာ ဆိုသည်။
ကျန်းအမာခံက နှာခေါင်းရှုံ့လိုက်သည်
"အသက်ရှင်လမ်းဆိုတာ အလကားပဲ။ ရှဲ့အာမန်က ကျွယ်မင်နန်းတော်မှာ လက်တစ်ဝါးနဲ့ မိုးအုပ်ထားတဲ့သူ၊ သူမက ငါတို့ကို ဘယ်တော့မှ အသက်ရှင်လမ်း ပေးမှာမဟုတ်ဘူး"
"မှန်တယ်... စီနီယာအစ်မကြီးက ဒီတစ်ခေါက် လုပ်တာ အတော်လေး မတရားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အမာခံတပည့်တွေပဲလေ၊ မိစ္ဆာကပ်ဘေးထဲမှာ မိစ္ဆာဝင်သွားတယ်ဆိုရင်ကော ဘာဖြစ်လဲ ငါတို့က ငါတို့ပါပဲ၊ ဒါပေမဲ့ စီနီယာအစ်မကြီးကတော့ ငါတို့ကို အမိဖမ်းပြီး အမြစ်ဖြတ်ဖို့ပဲ ကြိုးစားနေတယ်၊ ဒါဟာ တကယ်ကို စိတ်ပျက်စရာကောင်းတယ်"
ကျောက်အမာခံက သက်ပြင်းချကာ ဆက်ပြောသည်။
"ဖန့်အမာခံ... မင်းစဉ်းစားကြည့်ဖူးလား၊ တကယ်လို့ တစ်နေ့နေ့မှာ မင်းကိုယ်တိုင် မိစ္ဆာကပ်ဘေးနဲ့ ကြုံလို့ မိစ္ဆာဝင်သွားခဲ့ရင် ကျွယ်မင်နန်းတော်က မင်းကို ချက်ချင်းပဲ ရန်သူလို သတ်မှတ်ပြီး အမြစ်ဖြတ်ပစ်လိမ့်မယ်။ အဲဒီနေ့ကျရင်ကော မင်းက ကိုယ့်အသက်ကို သူတို့လက်ထဲကို တည်တည်ငြိမ်ငြိမ် အပ်နိုင်ပါဦးမလား"
"ဒါဆို မင်းတို့က ဘာကို ဆိုလိုတာလဲ"
ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်သည်
"ငါက သံယောဇဉ်ကို ငဲ့ပြီး မင်းတို့ကို အသက်ရှင်လမ်း ပေးချင်တယ်ဆိုရင်တောင် မင်းတို့ ကျွယ်မင်ကြယ်ကနေ လွတ်အောင် ထွက်နိုင်မှာ မဟုတ်ဘူး"
"ဖန့်အမာခံ... မင်းရဲ့ နဂါးနက်လှေထဲမှာ ငါတို့ကို ပုန်းခွင့်ပေးမယ်ဆိုရင် ငါတို့ လွတ်မြောက်ဖို့ အခွင့်အရေး ရှိပါတယ်။ မင်းက ငါတို့ကို ရှာဖွေဖို့ တာဝန်ပေးခံရတယ်ဆိုကတည်းက မင်းဟာ စစ်ဆေးမှုကို အောင်မြင်ပြီးသားဆိုတာ ထင်ရှားတယ်။ မင်းသာ ငါတို့ကို ကာကွယ်ပေးမယ်ဆိုရင် ငါတို့ ကျွယ်မင်ကြယ်ကနေ လွတ်မြောက်ဖို့ ရာခိုင်နှုန်း တော်တော်များများ သေချာတယ်"
ကျောက်အမာခံ၏ မျက်ဝန်းများ ဝင်းလက်သွားသည်။
"ငါက သဘောမတူဘူးဆိုရင်ကော"
ဖန့်ချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မင်း အမာခံတပည့် ဖြစ်လာတာ မကြာသေးသလို မင်းရဲ့ ကျင့်စဉ်အဆင့်ကလည်း မမြင့်လှဘူး။ ဒီနေရာမှာ မင်း အသုံးချနိုင်မယ့် သင်္ဘောအစီရင် တွေလည်း မရှိဘူး၊ အစီရင်မသေမျိုးပညာရပ်တွေအကြောင်း ပြောမနေနဲ့တော့"
"ဒါကြောင့် မင်းရဲ့ အားသာချက်တွေက ငါတို့မျက်လုံးထဲမှာ တစ်ပြားသားမှ တန်ဖိုးမရှိဘူး"
"ငါတို့ နှစ်ယောက်က အဆင့် ၃ နဲ့ အဆင့် ၄ တွေလေ၊ မင်းရဲ့ အဖွဲ့ဝင်တွေ မရောက်လာခင်မှာ မင်းနဲ့ ဒီကောင်လေးတွေကို အလွယ်တကူ သတ်ပစ်လို့ရတယ်"
ကျန်းအမာခံက အေးဆေးစွာ ဆိုလိုက်သည်
"မင်းက ဒီလိုမျိုး နှစ်ဖက်စလုံး အထိနာမယ့် အခြေအနေကို မြင်ချင်လို့လား"
"ဖန့်အမာခံ... သတင်းပို့ဖို့ မကြိုးစားနဲ့။ မင်း တစ်ခုခု လှုပ်ရှားတာနဲ့ ငါတို့ ချက်ချင်း လက်ဦးမှု ယူမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သေရမှာအတူတူတော့ ငါတို့နဲ့အတူ အဖော်လိုက်မယ့်သူ တစ်ယောက်လောက် ပါသွားတာ ပိုကောင်းတာပေါ့"
ကျောက်အမာခံက ပြုံး၍ ဆိုသည်။
"မင်းတို့က ငါ့ကို ဘယ်နှစ်ဆင့်လို့ ထင်နေတာလဲ"
ဖန့်ချန်က ရုတ်တရက် အမူအရာ ပြောင်းလဲသွားသည်။
"မင်းက အဆင့် ၂ ရှိတဲ့ လူသားမသေမျိုး မဟုတ်ဘူးလား"
ကျန်းနှင့် ကျောက် အမာခံနှစ်ဦးစလုံး မှင်သက်သွားကြသည်။
"မင်းတို့ ဘာလို့ ငါ့ကို ရွေးခဲ့ကြသလဲဆိုတာ အခုမှ နားလည်သွားပြီ"
ဖန့်ချန်က သက်ပြင်းချလိုက်သည်
"ငါက အဆင့် ၄ ရှိတဲ့ မသေမျိုး ကွ"
ကျောက်အမာခံ၏ မျက်နှာမှာ ဖြူဖျော့သွားသည်။
ကျန်းအမာခံမှာမူ ဟားတိုက်ရယ်မောလိုက်သည်
"အဆင့် ၄ ဆိုတော့ကော ဘာဖြစ်လဲ မင်းက အခုမှ အဆင့် ၄ ဖြစ်ခါစပဲ ရှိသေးတာ၊ ငါတို့ကို တစ်ကွက်တောင် ခံနိုင်မှာ မဟုတ်ဘူး "
သူသည် ဤစကားကို ပြောရန် ယုံကြည်ချက် အပြည့်ရှိပေသည်။ ကျွယ်မင်နန်းတော်၏ အမာခံတပည့် ဖြစ်လာသူတိုင်းမှာ မိမိတို့ ကျင့်စဉ်အဆင့်တူ အုပ်စုထဲတွင် ထိပ်သီးများသာ ဖြစ်ကြသည် မဟုတ်ပါလား။
ဆယ်စက္ကန့်မျှသော အချိန်အတွင်းမှာပင်...
နှစ်ဦးသားမှာ နတ်ဘုရားရိုက်နှက်တံ ၏ အရိုက်ခံရမှုကြောင့် ခေါင်းမူးနောက်ကျိကုန်ကြသည်။ ကျိကန်းသည် ဤနေရာမှ လှုပ်ရှားမှုကို သတိထားမိ၍ ရောက်ရှိလာချိန်တွင် ဖန့်ချန်သည် ထိုနှစ်ဦးကို ကျိကန်းလက်သို့ အပ်နှံလိုက်ပြီး ရှဲ့အာမန်ထံသို့ ပို့ဆောင်ခိုင်းလိုက်တော့သည်။
"သူက ဘယ်လိုလုပ်ပြီး အဆင့် ၄ အသစ်စက်စက် ဖြစ်နိုင်မှာလဲ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ထွက်ခွာသွားစဉ်တွင် ကျန်းအမာခံသည် ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေမိသည်။
ကျောက်အမာခံသည်လည်း ဖန့်ချန်ကို အကြိမ်ကြိမ် လှည့်ကြည့်နေခဲ့ပြီး သူ၏ မျက်ဝန်းအနက်ပိုင်းတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။ ခုနက တိုက်ပွဲတွင် သူတို့နှစ်ဦးမှာ အစမှအဆုံးအထိ တစ်ဖက်သတ် အနှိပ်စက်ခံခဲ့ရခြင်း ဖြစ်သည်။
တစ်ဖက်လူ၏ မသေမျိုးစွမ်းအား မှာ ပိုက်ဆံပေးဝယ်စရာ မလိုသည့်အလား အလွန်ပင် ထူထဲပြင်းထန်လှသည်။
"ကျိကန်း... ဒီဖန့်အမာခံက တကယ်တော့ ဘယ်သူလဲ"
ကျောက်အမာခံက မနေနိုင်ဘဲ မေးလိုက်သည်။
ကျိကန်းက နောက်သို့ လှည့်ကြည့်ပြီးနောက် အသာအယာ ခေါင်းခါပြသည်။
"ငါလည်း မသိဘူး။ ဒါပေမဲ့ မင်းတို့နှစ်ယောက် ဖန့်အမာခံလက်ထဲမှာ ရှုံးနိမ့်သွားတာကတော့ မဆန်းပါဘူး"
"ဘာဖြစ်လို့လဲ"
ကျောက်အမာခံက မသိစိတ်ဖြင့် မေးမိသည်။
ကျိကန်းက ပြုံးလိုက်သည်။ သူသည် အမှန်တရားကို ထုတ်မပြောခဲ့ပေ။ တည်ငြိမ်စွာပင်
"ကျင့်စဉ်အဆင့်တူချင်းမှာ ဖန့်အမာခံကို နိုင်နိုင်တဲ့သူ ကျွယ်မင်နန်းတော်ထဲမှာ လက်ချိုးရေလို့တောင် ရပါတယ်။ မင်းတို့ ရှုံးတာ သဘာဝပါပဲ"
ယခင်က ရှဲ့အာမန်သည် သူမ၏ ကျင့်စဉ်အဆင့်ကို နှိမ့်ချကာ ဖန့်ချန်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုသတင်းကို လုံးဝ ပိတ်ဆို့ထားသဖြင့် သာမန်လူများ မသိကြပေ။ အကယ်၍ သိခဲ့ကြလျှင် ဖန့်ချန်ကို လာရောက်ရန်စရန် ဝေခွဲစဉ်းစားကြပေလိမ့်မည်။
"အစ်ကို... ထွက်ပြေးသွားတဲ့ အမာခံတပည့် စုစုပေါင်း ၁၃ ယောက်ရှိတာ၊ အခု အစ်ကိုက နှစ်ယောက်တောင် ဖမ်းမိပြီဆိုတော့ ငါတို့ လူသားဘိုးဘေးတောင် နယ်မြေထဲမှာ နောက်ထပ် အမာခံတပည့်တွေ ရှိဦးမှာ မဟုတ်တော့ဘူးနော် ဟုတ်လား"
ဖန့်ကျစ်ရွှယ်က ဖန့်ချန်၏ အနားသို့ လျှောက်လာကာ တိုးတိုးလေး မေးသည်။
နန်မင်ရှောက်ကျဲနှင့် အခြားသူများမှာမူ ခုနက အလွန်တိုတောင်းလှသော တိုက်ပွဲမှ ယခုထက်ထိ စိတ်မပြေလျော့နိုင်သေးပေ။ သူတို့ထဲမှ အများအပြားမှာ ယခင်က ဖန့်ချန်နှင့်အတူ အပြင်စည်းကျင့်ကြံသူများအဖြစ် ရှေးဟောင်းတားမြစ်နယ်မြေ စူးစမ်းရေးတွင် ပါဝင်ခဲ့ကြသူများ ဖြစ်သည်။ နန်မင်ရှောက်ကျဲဆိုလျှင် ဖန့်ချန်နှင့် တိုက်ခိုက်ဖူးသူပင် ဖြစ်သည်။
သို့သော် ယနေ့တွင် ဝါရင့်အမာခံတပည့်များပင် ဖန့်ချန်၏ လက်ထဲတွင် အားကိုးရာမဲ့စွာ ရှုံးနိမ့်သွားသည်ကို သူတို့ မြင်တွေ့လိုက်ရသဖြင့် မည်သို့မျှ မယုံနိုင်အောင် ဖြစ်နေကြရသည်။
"မသေချာဘူး... မင်းတို့ ပေါ့ပေါ့ဆဆတော့ မနေကြနဲ့။ အခု မိစ္ဆာဝင်နေသူတွေဟာ အကူအညီမဲ့နေတဲ့ ခွေးရူးတွေလို ဖြစ်နေတာ၊ သူတို့ ဘယ်လိုမျိုး ရူးသွပ်တဲ့ လုပ်ရပ်တွေ လုပ်ဦးမလဲဆိုတာ မသိနိုင်ဘူး"
ဖန့်ချန်က ခေါင်းခါကာ ပြောလိုက်သည်။
လူတိုင်း၏ ရင်ထဲတွင် ထိတ်လန့်မှုအချို့ ဝင်ရောက်သွားသည်။
ဤရှာဖွေဖမ်းဆီးမှုမှာ သုံးနှစ်ခန့် ကြာမြင့်ခဲ့သည်။
ဖက်ပေါင်းစုံမှ ကြိုးပမ်းမှုများကြောင့် ရှဲ့အာမန် ပေးထားသော ငါးနှစ်အချိန်ပင် မပြည့်သေးမီ ထွက်ပြေးပုန်းအောင်းနေသော နိုးထလာသော မိစ္ဆာမျိုးနွယ်များ အားလုံး ဖမ်းမိခဲ့ပြီဖြစ်သည်။ အပြင်စည်းကျင့်ကြံသူများပင် မလွတ်ခဲ့ဘဲ မြေလှန်ရှာဖွေခြင်း ခံခဲ့ရသည်။
အမာခံတပည့်များအားလုံး အကြီးအကဲများခန်းမသို့ ပြန်လည်ရောက်ရှိလာကြပြီး ရှဲ့အာမန်၏ ဤရှာဖွေရေးနှင့် ပတ်သက်သော သုံးသပ်ချက်များကို နားထောင်ခဲ့ကြသည်။
သုံးသပ်ချက် ပြီးဆုံးသွားသောအခါ ရှဲ့အာမန်က ဖန့်ချန်အပါအဝင် အဆင့်သတ်မှတ်ချက်ရှိသော အမာခံတပည့် အချို့ကို ခေါ်ယူလိုက်သည်။
"ငါနဲ့အတူ ဝမ်ယွီငရဲထောင်ကို လိုက်ခဲ့ကြဦး။ နံပါတ် ၄ တို့ရဲ့ အစီရင်ဗဟိုချက် တွေကို ထုတ်ယူဖို့အတွက် မင်းတို့ရဲ့ အကူအညီ လိုအပ်တယ်"
အခန်း (၁၆၉၂) - အပြင်လောကသား
အစီရင်ဗဟိုချက်ကို ထုတ်ယူမယ်
ဖန့်ချန်၏ မျက်နှာရိပ်မှာ အနည်းငယ် လှုပ်ခတ်သွားသည်။
သူ့အမြင်အရ အစီရင်ဗဟိုချက်နှင့် ချုပ်ဆိုထားသော ကတိကဝတ်သည် ခန္ဓာကိုယ်နှင့်သာမက ဝိညာဉ် နှင့်ပါ တစ်သားတည်း ပေါင်းစည်းသွားခြင်းမျိုး ဖြစ်သည်။ ထိုသို့ ပေါင်းစည်းထားနိုင်၍သာ အစီရင်ဗဟိုချက်ကို အခြေခံပြီး နဂါးနက်လှေအစီရင်များကို အသုံးပြုနိုင်ကာ အစီရင်မသေမျိုးပညာရပ်များကို အသုံးချနိုင်ခြင်း ဖြစ်သည်။
တစ်သားတည်း ပေါင်းစည်းသွားပြီးသော အစီရင်ဗဟိုချက်ကို အထူးနည်းလမ်းမရှိဘဲ လူတစ်ယောက်၏ ကိုယ်ပေါ်မှ လုယူရန်မှာ အလွန်ပင် ခက်ခဲလှသည်။
အစီရင်ဗဟိုချက် လုယူခံရနိုင်ကြောင်း သူပထမဆုံး သိခဲ့ရသည်မှာ ရှေးဟောင်းတားမြစ်နယ်မြေအတွင်း ကြာနီနတ်မိမယ် အစီရင်ဗဟိုချက်နှင့် ကတိကဝတ်ပြုစဉ်က ဖြစ်သည်။ ထိုစဉ်က ကျွယ်မင်နန်းတော်မှ ကံဆိုးလှသော အမာခံတပည့်တစ်ဦးမှာ ဝိညာဥ်နတ်ဘုရားဂိုဏ်း ၏ အမာခံတပည့်လက်ချက်ဖြင့် အသတ်ခံရပြီး အစီရင်ဗဟိုချက် လုယူခံခဲ့ရဖူးသည်။
"စီနီယာအစ်မကြီး... အစီရင်ဗဟိုချက်ကို ဘယ်လိုနည်းနဲ့ ထုတ်ယူနိုင်တာလဲ"
ဖန့်ချန်က စူးစမ်းမေးမြန်းလိုက်သည်။
"နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ အစီရင်ဗဟိုချက်ကို အကောင်းပကတိအတိုင်း ထုတ်ယူချင်တယ်ဆိုရင်တော့ နည်းလမ်း တစ်မျိုး၊ နှစ်မျိုးပဲ ရှိတယ်"
"ငါက မင်းတို့ကိုယ်ပေါ်က အစီရင်စွမ်းအားတွေကို အသုံးချပြီး အင်အားချင်း ဖိနှိပ်တဲ့နည်းနဲ့ ထုတ်ယူဖို့ စိတ်ကူးထားတာ"
ရှဲ့အာမန်က ခပ်အေးအေး ပြုံးလျက် ဆိုသည်။
အကောင်းပကတိအတိုင်း ထုတ်ယူမှာလား
ဖန့်ချန် သဘောပေါက်သွားသည်။ ရှဲ့အာမန် ဘာကြောင့် သူတို့ကို အကူအညီတောင်းရသနည်းဆိုသည်မှာ ရှင်းလင်းသွားပြီဖြစ်သည်။ ထိုစဉ်က ဝိညာဥ်နတ်ဘုရားဂိုဏ်းအမာခံတပည့် ရရှိသွားသော အစီရင်ဗဟိုချက်မှာ အကောင်းပကတိ ဖြစ်နိုင်ခြေ အလွန်နည်းပါးပေလိမ့်မည်။
နဂါးနက်လှေသည် အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။
မကြာမီမှာပင် ကျွယ်မင်ကြယ်၏ လေထုထဲမှ ပျံသန်းထွက်ခွာလာခဲ့သည်။
ဤသည်ကို တွေ့သောအခါ နန်မင်ရုယွဲ့ပင် အံ့အားသင့်သွားရသည်။
"စီနီယာအစ်မကြီး... ဒီဝမ်ယွီငရဲထောင်က နန်းတော်အနက်ပိုင်းမှာ ရှိတာ မဟုတ်ဘူးလား "
"ဝမ်ယွီငရဲထောင်မှာ ထူးခြားတဲ့ တည်ရှိမှုအချို့ကို ချုပ်နှောင်ထားတာမို့ တည်နေရာက နည်းနည်းတော့ အလှမ်းဝေးတယ်"
တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သော ဝမ်ယဲ့က ပြုံးလျက် ဝင်ပြောသည်။
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ရက်အနည်းငယ် ကြာပြီးနောက် ဟင်းလင်းပြင်နက် ထဲတွင် နဂါးနက်လှေ၏ အရှိန်မှာ ရုတ်တရက် လျော့ကျသွားသည်။ ထို့နောက် ရှဲ့အာမန်က လက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်ရာ လူတိုင်း၏ ရှေ့မှောက်တွင် ကြီးမားသော တံခါးကြီးတစ်ချပ် ပေါ်လာတော့သည်။
နဂါးနက်လှေသည် ထိုတံခါးထဲသို့ ပျံသန်းဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော အပူရှိန်ကြီးက နှာခေါင်းထဲသို့ တိုးဝင်လာပြီး လှိုင်းလုံးကြီးများအလား လူတိုင်းကို ရိုက်ခတ်လာတော့သည်။
ဤနေရာမှာ အချိန်မရွေး ပေါက်ကွဲနိုင်သော မီးတောင်တစ်ခုနှင့် တူလှသည်။ အမိုးခုံးမှာ နီရဲနေပြီး မကြာခဏဆိုသလို မီးပွားများ အပေါ်မှ ကြွေကျနေသည်။ အောက်ဘက်တွင်မူ ပွက်ပွက်ဆူနေသော ချော်ရည်ပင်လယ်ကြီး ရှိနေသည်။
ချော်ရည်ပင်လယ်ကြီးထဲတွင် ကျောက်တိုင်များစွာ မတ်တပ်ရပ်နေကြပြီး ကျောက်တိုင်တစ်ခုချင်းစီ၏ ထိပ်တွင် လူရိပ်တစ်ခုစီကို အကျဉ်းချထားသည်။ သူတို့မှာ တစ်ကိုယ်လုံး နီရဲနေသော သံကြိုးများဖြင့် အချည်ခံထားရပြီး အများစုမှာ သေဆုံးနေသူများကဲ့သို့ တစ်ပုံစံတည်းသော ပုံစံဖြင့် မလှုပ်မယှက် ရှိနေကြသည်။
နဂါးနက်လှေသည် ကောင်းကင်ယံ၌ ဝဲပျံကာ ဖြည်းညှင်းစွာ ရှေ့သို့ တိုးသွားသည်။
လီရှမ်းဇီနှင့် အခြားသူများမှာ ပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်ကြရာ ထိုလူရိပ်များကို တစ်ခုပြီးတစ်ခု တွေ့နေရသည်။ ကြည့်လိုက်သမျှ ဤနေရာရှိ အကျဉ်းသားအရေအတွက်မှာ သူတို့ ထင်ထားသည်ထက် များစွာ သာလွန်နေသည်။
ကျွယ်မင်နန်းတော်က ဘယ်တုန်းက ဒီလောက်များတဲ့လူတွေကို ဖမ်းဆီးထားခဲ့တာလဲ
သူတို့က ဘယ်သူတွေလဲ
"စီနီယာအစ်မကြီး... ဒီလူတွေက ဘယ်သူတွေလဲ ဘာဖြစ်လို့ ဒီမှာ အကျဉ်းချခံထားရတာလဲ"
ကျိရှန့်က သူ၏ သိလိုစိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။
"ဘယ်သူတွေမဆို ပါတာပဲ။ အချို့က ထိုက်ချန်းနယ်မြေ က ကျင့်ကြံသူတွေ၊ အချို့က နတ်ဘုရားဘုရင်နယ်မြေ က ကျင့်ကြံသူတွေပေါ့"
"နောက်ပြီး ထိုက်ယီမသေမျိုးဂိုဏ်း ၊ ကြယ်တစ်သောင်းနန်းတော် က လူတွေလည်း ပါတယ်..."
ရှဲ့အာမန်က အေးဆေးစွာ ပြုံးလျက် ဆက်ပြောသည်။
"ငါတို့ ကျွယ်မင်နန်းတော် အခုထက်ထိ တည်တံ့နေတာဟာ ရန်သူတွေ အများကြီး ရှိလို့ပဲ။ အချို့ရန်သူတွေကိုတော့ သတ်ပစ်လိုက်ရင် ပြီးတာပဲ၊ အကျဉ်းချထားဖို့ မတန်ဘူး။ ဒါပေမဲ့ အချို့ရန်သူတွေကိုတော့ ယာယီ အသက်ရှင်စေချင်လို့ ဒီဝမ်ယွီငရဲထောင်မှာ ပစ်ထားတာပေါ့။ ဒီလို ပြင်းထန်တဲ့ နည်းလမ်းတွေ မရှိဘူးဆိုရင် မင်းတို့ အမာခံတပည့်တွေ အပြင်ထွက်တဲ့အခါ အခုလို အေးအေးဆေးဆေး သွားလာနိုင်ပါ့မလား"
လူတိုင်း သဘောပေါက်သွားကြသည်။ ဤနေရာတွင် ချုပ်နှောင်ခံထားရသူ အများစုမှာ ကျွယ်မင်နန်းတော်၏ ရန်သူ ကျင့်ကြံသူများသာ ဖြစ်ကြသည်။
"စောစောက စီနီယာအစ်ကို ဒုတိယ ပြောတာက ထူးခြားတဲ့ တည်ရှိမှု တွေ ရှိတယ်ဆို။ ဒီကျင့်ကြံသူတွေက... ထူးခြားတဲ့ တည်ရှိမှုတွေ မဟုတ်လောက်ဘူးနော်"
ဖန့်ချန်က ရုတ်တရက် ဝင်မေးလိုက်သည်။
လီရှမ်းဇီနှင့် အခြားသူများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရှဲ့အာမန်ထံသို့ အကြည့်များ ရောက်သွားကြသည်။
"ဝမ်ယဲ့ပြောတဲ့ ထူးခြားတဲ့ တည်ရှိမှုဆိုတာ... သုံးလောက ပြင်ပက အရာတွေကို ဆိုလိုတာ"
ရှဲ့အာမန်က ရုတ်တရက် နဂါးနက်လှေကို မောင်းနှင်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ကျောက်တိုင်တစ်ခု၏ ရှေ့သို့ ရောက်သွားသည်။
ထိုကျောက်တိုင်ထိပ်တွင် တစ်ကိုယ်လုံး အသားအရေမှာ သံချေးရောင် သန်းနေပြီး အရပ် တစ်လံကျော်ခန့်မြင့်သော လူသားသဏ္ဌာန် သတ္တဝါတစ်ကောင်ကို ချုပ်နှောင်ထားသည်။ ကျား၊ မ ခွဲခြားရန် ခက်ခဲလှသည်။
ထိုသတ္တဝါသည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး အိပ်စက်ရာမှ နိုးလာကာ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူ့ကိုယ်ပေါ်ရှိ သံကြိုးများမှာ တိုက်မိခတ်မိကာ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ အောက်ဘက်ရှိ ချော်ရည်များမှာလည်း ပွက်ပွက်ဆူလာပြီး လှိုင်းများ ထလာတော့သည်။
သူ မတ်တပ်ရပ်လိုက်သောအခါမှသာ ထိုသတ္တဝါ၏ နဖူးပေါ်တွင် တတိယမြောက် မျက်လုံးတစ်လုံး ပါရှိနေသည်ကို လူတိုင်း မြင်လိုက်ရသည်။
သူသည် ရှဲ့အာမန်ကို စူးစိုက်ကြည့်ကာ ပါးစပ်မှ အဓိပ္ပာယ်မရှိသော အသံများကို ထုတ်ဖော်နေသည်။ ၎င်းမှာ အခြားသော ဘာသာစကားတစ်ခုနှင့် တူလှသည်။
ဖန့်ချန်၏ မျက်ဝန်းထဲတွင် စဉ်းစားတွေးတောမှုများ ဖြတ်သန်းသွားသည်။
ရှဲ့အာမန် အခုလေးတင် ပြောလိုက်တာက... သုံးလောက ပြင်ပ
"စီနီယာအစ်မကြီး... အခုနက ပြောတာက သုံးလောကပြင်ပ ဆိုတော့... သူက နတ်ဘုရားလောက ၊ ယင်လောက ၊ လူ့လောကနယ်မြေ ကိုးခု ထဲက မဟုတ်ဘူးလို့ ဆိုလိုတာလား"
နန်မင်ရုယွဲ့၏ မျက်နှာတွင် လေးနက်မှုများ ပေါ်လာသည်။
ဤလူသားသဏ္ဌာန် သတ္တဝါမှာ ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း ကျင့်စဉ်အဆင့်မှာ မမြင့်လှပေ။ အဆင့် ၁ မသေမျိုး နှင့်သာ တူညီသည်။ ဝမ်ယွီငရဲထောင်ထဲမှာ အကျဉ်းချထားဖို့ မပြောနှင့်၊ အပြင်မှာ တွေ့လျှင်ပင် သူအလွယ်တကူ ဖြေရှင်းနိုင်ပေသည်။
"မှန်တယ်။ အခု အထက်ကလူတွေက သူတို့ကို ယာယီအားဖြင့် အပြင်လောကသား လို့ ခေါ်ကြတယ်"
ရှဲ့အာမန်က အသာအယာ ခေါင်းညိတ်ပြသည်
"အဓိပ္ပာယ်ကတော့ ငါတို့ လျှောက်လှမ်းနေတဲ့ လမ်းစဉ် နဲ့ လုံးဝ ခြားနားနေသူတွေပေါ့"
"အပြင်လောကသား"
လီရှမ်းဇီနှင့် ကျိရှန့်တို့၏ မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်များ ပေါ်လာသည်။ ဝမ်ယွီငရဲထောင်ကို သူတို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သကဲ့သို့ အပြင်လောကသား ဆိုသည့် အရာမျိုးကိုလည်း ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
"စီနီယာအစ်မကြီး... ဒီလူရဲ့ ကျင့်စဉ်က မမြင့်လှဘဲနဲ့ ဘာလို့ ဒီမှာ ချုပ်နှောင်ထားရတာလဲ"
လီရှမ်းဇီက ထိုသုံးမျက်လုံးသတ္တဝါကို စူးစမ်းရင်း မေးလိုက်သည်။
"သူ့ကျင့်စဉ်က မမြင့်ဘူးဆိုပေမဲ့ သူက ငါတို့နဲ့ လုံးဝ မတူဘူး"
ရှဲ့အာမန်က အေးဆေးစွာ ပြုံးသည်။
"မတူတာတော့ အမှန်ပဲ၊ သူက မျက်လုံး သုံးလုံး ပါတာကိုး။ ဒါပေမဲ့... အချို့ နတ်ဆိုးမျိုးနွယ်တွေမှာလည်း မျက်လုံးသုံးလုံး ပါတာပဲ၊ အချို့ဆို ခြေထောက်တစ်ဖက်တည်းတောင် ရှိတာ"
လီရှမ်းဇီက ရေရွတ်လိုက်သည်။
"ငါပြောတာက ရုပ်ရည်သွင်ပြင် မတူတာကို ပြောတာမဟုတ်ဘူး။ အတိုချုပ်ပြောရရင် ဒီအပြင်လောကသားတွေဟာ ငါတို့နဲ့ လုံးဝ မတူညီတဲ့ အချက်တွေ ရှိနေတာပဲ။ အခုလောလောဆယ် မင်းတို့ သိဖို့ မလိုသေးဘူး၊ ဘာလို့လဲဆိုတော့ သူတို့ဟာ ငါတို့အတွက် လက်ရှိမှာ ခြိမ်းခြောက်မှု မရှိသေးလို့ပဲ"
ရှဲ့အာမန်က ပြောပြီးသည်နှင့် နဂါးနက်လှေကို ဝမ်ယွီငရဲထောင်၏ အနက်ပိုင်းသို့ ဆက်လက်မောင်းနှင်သွားသည်။ ထိုသုံးမျက်လုံး သတ္တဝါမှာလည်း ၎င်းကို မြင်သောအခါ ပြန်လည်လှဲလျောင်းသွားပြီး မျက်လုံးမှိတ်ကာ ဆက်လက်အိပ်စက်သွားတော့သည်။
ဖန့်ချန်သည် အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း သူ၏ရင်ထဲမှာ လေးလံလာသည်။ ရှဲ့အာမန်ပြောသော အပြင်လောကသားဆိုသည်မှာ အမှန်စင်စစ် မိစ္ဆာမျိုးနွယ် များကဲ့သို့ပင် ပြင်ပမှ ကျူးကျော်လာသူများ ဖြစ်ပေလိမ့်မည်။
ကျွယ်မင်နန်းတော်တွင် မိစ္ဆာမျိုးနွယ်များအပြင် အခြားသော ပြင်ပကျူးကျော်သူများကိုပါ အကျဉ်းချထားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ထိုပြင်ပကျူးကျော်သူသည် လူ့လောကနယ်မြေ ကိုးခုထဲကို ဘယ်လိုနည်းနဲ့ ရောက်လာသလဲဆိုသည်မှာ စဉ်းစားစရာပင်။ အဆင့် ၁ မသေမျိုး အဆင့်လောက်နှင့် ဤမျှဝေးကွာသော အကွာအဝေးကို ဖြတ်ကျော်လာနိုင်စရာ အကြောင်းမရှိပေ။
လူ့လောကနယ်မြေ ကိုးခု၏ အပြင်ဘက်တွင် ရှေးဟောင်းတားမြစ်နယ်မြေများ ရှိသည်။ ထိုနယ်မြေများ၏ အပြင်ဘက်မှာမူ အဆုံးမဲ့ စကြဝဠာကြီး ရှိသည်။
နန်မင်ရုယွဲ့တို့ပင် ဤ အပြင်လောကသား ကို မမြင်ဖူးခြင်းက ထိုသတ္တဝါ လာရာအရပ်သည် လူ့လောကနယ်မြေ ကိုးခုနှင့် အလွန်ဝေးကွာကြောင်း သက်သေပြနေသည်။ မဟုတ်လျှင် နှစ်ဖက်စလုံး ထိတွေ့မှုများ ရှိနေခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။
'စီနီယာအစ်မကြီး ပြောတဲ့ မတူညီတဲ့အချက်ကြောင့်လား ဒီအပြင်လောကသားတွေမှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေတာလား'
ဖန့်ချန်က ရှဲ့အာမန်ကို တစ်ချက်ကြည့်လိုက်ပြီး ဤနေရာမှ ထွက်ခွာသွားပြီးနောက် အခွင့်အရေးရလျှင် မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ယဲ့တို့သည် မိစ္ဆာမျိုးနွယ်များအကြောင်း သိ၊ မသိ သူ မသေချာပေ။ အကယ်၍ စိတ်ချင်းဆက်သွယ်ကာ မေးမြန်းမိလျှင် အသိပညာ ဆိုင်ရာ ပြဿနာများ ဖြစ်လာနိုင်ပြီး တားမြစ်ပညာရပ်၏ ဝင်ရောက်နှောင့်ယှက်မှုကို ခံရနိုင်ပေသည်။
မကြာမီမှာပင် နဂါးနက်လှေသည် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။
လူတိုင်း၏ ရှေ့မှောက်တွင် ကျောက်တိုင်ပေါင်း ရာချီရှိနေပြီး ကျောက်တိုင်တိုင်းတွင် လူရိပ်တစ်ခုစီကို ချုပ်နှောင်ထားသည်။
"ဟားဟားဟား... စီနီယာအစ်မကြီး လာပြီဟေ့"
အရှေ့ဆုံး ကျောက်တိုင်တွင် ရှိနေသူမှာ နံပါတ် ၄ ဖြစ်သည်။ သူသည် ရှဲ့အာမန်ကို မြင်သည်နှင့် တစ်ပြိုင်နက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
နံပါတ် ၆ နှင့် နံပါတ် ၇ တို့မှာမူ အတော်လေး အေးစက်နေကြပြီး ဖန့်ချန်တို့ အုပ်စုကို မျက်နှာသေဖြင့်သာ စူးစမ်းကြည့်နေကြပါတော့သည်။