← Chapters

အခန်း (၁၆၉၇-၁၆၉၈)

Vol. 170 Ch. 1697-1698

အခန်း (၁၆၉၇-၁၆၉၈)

Vol. 170 Ch. 1697-1698

အခန်း (၁၆၉၇) - ရှေးယခင်ကတည်းက စစ်တလင်းက ပြန်လာသူ ဘယ်နှစ်ယောက် ရှိလို့လဲ

ရက်အနည်းငယ် ကြာပြီးနောက်... ကုတိန်ကြယ်မှ မိစ္ဆာဝင်သူများသည် တာဝေ့စာပေတိုက်၏ ဝမ်အမာခံ ဦးဆောင်မှုအောက်တွင် နောက်ဆုံး၌ အဆုံးအဖြတ်ပေးနိုင်မည့် အောင်ပွဲကို ရရှိသွားကြတော့သည်။

ဝမ်သောက်မသေမျိုးဂိုဏ်းမှ ရွှမ်အမာခံကို ဗဟိုပြု၍ သူမနောက်မှ လိုက်ပါလာကြသော ဂိုဏ်းပေါင်းစုံမှ ဂိုဏ်းချုပ်များ၊ ဝါရင့်အခြေစိုက် မိသားစုကြီးများမှ ဘိုးဘေးအဆင့် အစွမ်းထက် ကျင့်ကြံသူ အယောက်ပေါင်းများစွာတို့မှာ ကောင်းကင်ကွန်ရက် မြေပြင်ကျော့ကွင်း အောက်တွင် ပိတ်မိသွားကြလေပြီ။

ကြာပန်းအစီရင်တွင် လည်ပတ်ရန် လုံလောက်သော စွမ်းအင်အရင်းအမြစ် မရှိတော့ပေ။ မသေမျိုးလှေ အသီးသီးပေါ်ရှိ ကျင့်ကြံသူများမှာလည်း မိမိတို့၏ မသေမျိုးစွမ်းအားများကို ကုန်ခမ်းအောင် အသုံးပြုခဲ့ကြပြီး ဖြစ်သည်။

ခြေရှစ်ထောက်အစီရင်၏ ခြေတံရှည်ကြီးတစ်ခုမှာ ကြာပန်းအစီရင်ကို ထိုးဖောက်သွားပြီးနောက် ၎င်းကို ဟင်းလင်းပြင်ထဲ၌ပင် မြှောက်တင်ထားလိုက်သည်။ မသေမျိုးစွမ်းအားများ တိုးလျှံလာသည်နှင့်အမျှ...

ကြာပန်းအစီရင်မှာ ဝုန်းကနဲ မြည်ဟီးလျက် ပျက်စီးကွဲအက်သွားတော့သည်။ အလယ်ဗဟိုရှိ နို့နှစ်ရောင်ကဲ့သို့ ဖြူစင်သော မသေမျိုးလှေတစ်စင်းသာလျှင် ခြေရှစ်ထောက်အစီရင်၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရ၏။

ဝမ်အမာခံသည် အစွမ်းထက် ကျင့်ကြံသူများစွာ ဝန်းရံလျက် မသေမျိုးလှေ၏ ရှေ့ဆုံးသို့ လျှောက်လာပြီး ရွှမ်အမာခံနှင့် သူမဘေးရှိ ကုတိန်ကြယ်မှ အထင်ကရ ပုဂ္ဂိုလ်ကြီးများကို အထက်စီးမှ ငုံ့ကြည့်လိုက်သည်။

"ရွှမ်အမာခံ... အခုဟိုဘက်မှာ အရှုံးအနိုင် ပေါ်တာနဲ့ ဒီတိုက်ပွဲကတော့ အဆုံးသတ်သွားပြီလို့ ပြောလို့ရတာပေါ့"

ဝမ်အမာခံက ကောင်းကင်စွန်းတစ်နေရာကို ပြုံးလျက် လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် ရှေးဟောင်းမသေမျိုး နှစ်ဦး တိုက်ခိုက်နေကြသည်မှာ အတော်ကြာပြီ ဖြစ်သော်လည်း အခုထိ အရှုံးအနိုင် မပေါ်သေးပေ။ သို့သော် မိစ္ဆာမျိုးနွယ်များအတွက်မူ ဤအရှုံးအနိုင်မှာ သိပ်ပြီး အရေးမပါတော့ပါ။ ကုတိန်ကြယ်ပေါ်တွင် ဤအခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်းရှိသူ တစ်ဦးမှ မကျန်တော့ပေ။

"အခု ငါတို့က စစ်မျက်နှာတိုင်းမှာ ဝါးအစည်းပြေသလို အရှိန်အဟုန်နဲ့ ထိုက်ချန်းနယ်မြေကို သိမ်းပိုက်နေတာ။ မင်းတို့ ဝမ်သောက်မသေမျိုးဂိုဏ်းအနေနဲ့ အခြေအနေကို ရိပ်မိသင့်တယ်၊ ငါတို့ကို ဆက်ပြီး မတားဆီးသင့်တော့ဘူး"

ဝမ်အမာခံက ထပ်မံ ပြောကြားလိုက်ပြန်သည်။

ရွှမ်အမာခံက မျက်မှောင်ကြုတ်လိုက်ပြီး

"ဒါတွေ အများကြီး ပြောနေတာ ဘာအတွက်လဲ ရှင်က ငါတို့ ရှင့်ဘက်ကို ကူးပြောင်းမယ်လို့ ထင်နေတာလား"

"မင်းကတော့ ကူးပြောင်းမှာ မဟုတ်ဘူး... ဒါပေမဲ့ သူတို့ကတော့ ကူးပြောင်းရင် ကူးပြောင်းကြမှာပေါ့"

ဝမ်အမာခံ၏ နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်သွားပြီး သူ၏ အကြည့်မှာ ရွှမ်အမာခံကို ဝန်းရံထားသော ကျင့်ကြံသူများပေါ်သို့ ကျရောက်သွားသည်။

"အားလုံးပဲ... မိစ္ဆာဝင်သူ ဆိုတာက ကိုယ့်ကိုယ်ကိုယ် တရားမျှတပါတယ်လို့ ဟန်ဆောင်ထားတဲ့ ကျင့်ကြံသူတွေက ငါတို့ကို နာမည်ဖျက်ဖို့ လုပ်ကြံဖန်တီးထားတဲ့ ခေါင်းစဉ်တစ်ခုပဲ။ ငါတို့ လုပ်ဆောင်နေတာတွေက ထိုက်ချန်းနယ်မြေရဲ့ စည်းမျဉ်းတွေကို ပြန်လည်သတ်မှတ်ဖို့၊ နယ်မြေကိုးခုရဲ့ စည်းမျဉ်းတွေကို အသစ်ပြန်ရေးဖို့ပဲ ဖြစ်တယ်"

"နှစ်ပေါင်းများစွာအတွင်းမှာ ထိုက်ချန်းနယ်မြေက ကျင့်ကြံသူတွေထဲက ငါတို့လို အမာခံတပည့်တွေကလွဲရင် သာမန်ကျင့်ကြံသူတွေ အနေနဲ့ အောက်ပိုင်းနယ်မြေ ခြောက်ခုကို သွားခွင့်ရတဲ့ အခွင့်အရေး ဘယ်မှာ ရှိခဲ့ဖူးလို့လဲ "

"မင်းတို့ စဉ်းစားဖူးကြလား အောက်ပိုင်းနယ်မြေ ခြောက်ခုရဲ့ အရင်းအမြစ်တွေဟာ ကောလာဟလတွေ ပြောသလို တကယ်ပဲ အထက်နယ်မြေ သုံးခုထက် အများကြီး နည်းပါးနေတာ ဟုတ်လို့လား "

လူတိုင်း မှင်သက်သွားကြသည်။ ဤစကားက ဘာကို ဆိုလိုတာနည်း။

ကျင့်ကြံသူအချို့မှာ စဉ်းစားခန်း ဝင်သွားကြပြီးနောက် ရုတ်တရက် မျက်နှာများ ပျက်သွားကာ ဝမ်အမာခံကို မယုံနိုင်လောက်အောင် ကြည့်လိုက်ကြသည်။

"ရိပ်မိသွားကြပြီလား"

ဝမ်အမာခံက ပြုံးလျက် ဆက်ပြောသည်

"ဒါတွေက မင်းတို့ကို လိမ်ထားတာပဲ။ အောက်ပိုင်းနယ်မြေ ခြောက်ခုဟာ နှစ်ပေါင်းများစွာ အေးအေးဆေးဆေး ရှိနေခဲ့တာကြောင့် ကျွမ်းကျင်သူ သိပ်မရှိသလို၊ အရင်းအမြစ်တွေကလည်း တကယ်တော့ အလွန်ပေါများပါတယ်။ မင်းတို့ကို အောက်ပိုင်းနယ်မြေတွေကို သွားခွင့်မပေးတာက ဒီဂိုဏ်းကြီးတွေက အောက်ပိုင်းနယ်မြေတွေကို သူတို့ရဲ့ ကိုယ်ပိုင် ငါးကန်တွေအဖြစ် သတ်မှတ်ထားချင်လို့ပဲ။ အထဲက ငါးတွေက သူတို့အတွက်... မင်းတို့ကတော့ အရိုးပဲ စားခွင့်ရတာ"

"ဝမ်အမာခံက မိစ္ဆာဝင်သွားပြီ၊ အားလုံးပဲ သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမယောင်ကြပါနဲ့"

ရွှမ်အမာခံက တည်ငြိမ်စွာ ဆိုလိုက်သည်။

"ငါတို့ အပြစ်မဲ့သူတွေကို သတ်လို့လား ငါတို့က သာမန်လူသားတွေကို ဆက်ဆံရာမှာ မင်းတို့ထက်တောင် ပိုပြီး ဂရုတစိုက် ရှိသေးတယ်။ တစ်သက်လုံး ဝမ်းဝဖို့ပဲ ကြိုးစားနေရတဲ့ သနားစရာ လူသားတွေကို ငါတို့ မထိခိုက်စေချင်ဘူး"

ဝမ်အမာခံက ဆက်ပြောသည်

"မင်းက ငါတို့ကို မိစ္ဆာဝင်သူတွေလို့ ပြောတယ်၊ ငါ့အမြင်မှာတော့ မင်းတို့ကမှ မိစ္ဆာတွေပဲ။ လောကကြီးရဲ့ အရှိန်အဟုန်ဟာ နောက်ဆုံးမှာ ငါတို့လက်ထဲမှာပဲ ရှိလိမ့်မယ် ငါတို့ နယ်မြေကိုးခုကို သိမ်းပိုက်ပြီးရင် လူတိုင်း တန်းတူညီမျှတဲ့ ဆက်ဆံမှုကို ရရှိကြလိမ့်မယ်"

"ရှေးယခင်ခေတ်တုန်းကလည်း နယ်မြေကိုးခု မသေမျိုးမဟာမိတ် ဆိုတာ ရှိခဲ့ဖူးပြီး ရှင့်လို စကားမျိုးတွေပဲ ပြောခဲ့တာပဲ။ ဒါပေမဲ့ တကယ့် ရည်မှန်းချက်က ကိုယ့်အတ္တကို ဖြည့်ဆည်းဖို့ ဖြစ်ပြီး သုံးလောကလုံးကို ပရမ်းပတာ ဖြစ်အောင်ပဲ လုပ်ခဲ့တာ"

ရွှမ်အမာခံက အေးစက်စွာ တုံ့ပြန်သည်။

လူအများမှာ မည်သူ့ကို ယုံရမည်မှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေကြသည်။ လူအများစု၏ စိတ်ဓာတ်မှာ ဝမ်အမာခံ၏ စကားများကြောင့် အနည်းငယ် တုန်လှုပ်နေကြပြီ ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ... သူတို့ ယခုအချိန်တွင် လမ်းနှစ်သွယ်ကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဘက်ပြောင်းမည်လော၊ သို့မဟုတ် သေမည်လော။

"အကြောင်းပြချက်တွေကိုတော့ ငါ ပြောပြပြီးပြီ။ အားလုံးပဲ ငါတို့နဲ့ မဟာမိတ်ဖွဲ့ပြီး ကြီးမြတ်တဲ့ အလုပ်ကို အတူတူ လုပ်ချင်ကြလား "

ဝမ်အမာခံက ပြုံးလျက် မေးလိုက်သည်။

"ဒီတော့..."

အဆင့် ၄ မသေမျိုး တစ်ဦးက ရှက်ကိုးရှက်ကန်း မျက်နှာဖြင့် ရွှမ်အမာခံကို အားနာသလို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်အမာခံရှိရာဘက်သို့ ဖြည်းဖြည်းချင်း ပျံသန်းသွားတော့သည်။ ရွှမ်အမာခံတို့က မတားဆီးသည်ကို မြင်သောအခါ ထိုသူမှာ သက်ပြင်းချနိုင်သွားပြီး ဝမ်အမာခံကို မျက်နှာချိုသွေးကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"ကျွန်တော်မျိုး ဝမ်အမာခံရဲ့ ဘက်ကို ကူးပြောင်းချင်ပါတယ်။ ဝမ်အမာခံဟာ တာဝေ့စာပေတိုက်က ဆင်းသက်လာသူ ဖြစ်လို့ လူ့လောကနယ်မြေ ကိုးခုရဲ့ အမှန်တရား အရင်းအမြစ်ပဲလို့ ကျွန်တော် ယုံကြည်ပါတယ်"

"ဟေ့ကောင် တိ... မင်းကတော့ တကယ်ကို အရှက်မရှိတာပဲ။ မင်းရဲ့ မျိုးနွယ်စုဝင် ကျင့်ကြံသူ တစ်သန်းလောက် ဘယ်သူ့လက်ချက်နဲ့ သေသွားခဲ့ရလဲဆိုတာ မေ့သွားပြီလား "

ကျင့်ကြံသူတစ်ဦးက ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်သည်။

"စစ်မြေပြင်ဆိုတာ စစ်မြေပြင်ပဲလေ... ရှေးယခင်ကတည်းက စစ်တလင်းက ပြန်လာသူ ဘယ်နှစ်ယောက် ရှိလို့လဲ..."

တိအမည်ရှိ ကျင့်ကြံသူက တိုးညင်းစွာ ရေရွတ်လိုက်သည်။

ထို့နောက်... သူက ရုတ်တရက် လက်ဦးမှုယူကာ အနီးကပ်ဆုံးတွင် ရှိနေသော ဝမ်အမာခံထံသို့ မသေမျိုးအတတ်တစ်ခုဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်တော့သည်။

လူတိုင်း မှင်သက်သွားကြသည်။ တိအမည်ရှိသူက ဤကဲ့သို့ လုပ်ဆောင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ လူတိုင်း၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာကြသည်။

ပြောရမည်ဆိုလျှင် ဤဝမ်အမာခံ ကိုယ်တိုင်မှာလည်း အဆင့် ၃ မသေမျိုးမျှသာ ဖြစ်သဖြင့် အဆင့် ၄ မသေမျိုး တစ်ဦး၏ အနီးကပ် ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရလျှင် ထိုနေရာ၌ပင် သေဆုံးသွားနိုင်ခြေ အလွန်များလှသည်။ အကယ်၍ ဝမ်အမာခံ သေသွားခဲ့လျှင် သူတို့ အစွမ်းကုန် ရုန်းကန်ကြပြီး သက်တမ်းအချို့ကို စတေးလိုက်မည်ဆိုလျှင် ကြာပန်းအစီရင်ဖြင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်ကောင်း လှန်နိုင်ပေလိမ့်မည်။

"မဖြစ်နိုင်ဘူး"

ရွှမ်အမာခံက မျက်မှောင်ကြုတ်လိုက်သည်။ တိအမည်ရှိသူ အောင်မြင်လိမ့်မည်မဟုတ်ကြောင်း သူမ အတတ်ပြောနိုင်သည်။ တာဝေ့စာပေတိုက်၏ ကျင့်ကြံသူများသည် မိမိတို့ကိုယ်ကို ဤကဲ့သို့ အန္တရာယ်ရှိသော အခြေအနေထဲတွင် မည်သည့်အခါမှ အရောက်ခံမည်မဟုတ်ပေ။

မှန်ပါသည်... ဝမ်အမာခံသည် အစမှအဆုံး ပြုံးနေဆဲဖြစ်ပြီး တိအမည်ရှိသူ၏ ကလေးကလားနိုင်သော လုပ်ရပ်ကို ရယ်မောနေသည့်အလား ထင်ရသည်။

သူသည် နေရာမှ မလှုပ်ရှားသော်လည်း သူ၏ ဘေးတွင် ရုတ်တရက် လူရိပ်တစ်ခု ပေါ်လာပြီး တိအမည်ရှိသူကို ထိုနေရာမှာပင် ဖိနှိပ်ချုပ်ကိုင်လိုက်တော့သည်။ ထိုလူရိပ်မှာ အသံမရှိ၊ အရိပ်မရှိ ပေါ်လာခြင်းဖြစ်ပြီး သူ၏ ကိုယ်ပေါ်မှ ယင်စွမ်းအား များမှာ တဝေဝေ ထွက်ပေါ်နေသည်။

"ယင်မသေမျိုး..."

ရွှမ်အမာခံက သက်ပြင်းအသာချလိုက်သည်။ ယင်မသေမျိုးများ၏ တည်ရှိမှုမှာ အလွန်ပင် ထူးခြားလှသည်။ သူမကိုယ်တိုင်လည်း ယင်မသေမျိုး လမ်းစဉ်ကို လျှောက်လှမ်းနေသူ ဖြစ်သောကြောင့်ယင်မသေမျိုးများ၏ အစွမ်းမှာ မည်မျှအထိ လျှို့ဝှက်ဆန်းကြယ်ပြီး သတိမမူမိနိုင်အောင် ရောက်ရှိလာတတ်သည်ကို သိရှိနေသည်။

"မင်း နာမည်က တိ လား မင်း ငါ့ရဲ့ အမှန်တရားတွေကို နားလည်ပါတယ်လို့ ပြောပြီး ဘာလို့ ဒီလို လုပ်ရတာလဲ"

ဝမ်အမာခံက ထိုကျင့်ကြံသူကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

"အမှန်တရားတွေကိုတော့ ငါ နားလည်တာပေါ့။ ဒါပေမဲ့ ငါ ပြောခဲ့တယ် မဟုတ်လား ရှေးယခင်ကတည်းက စစ်တလင်းက ပြန်လာသူ ဘယ်နှစ်ယောက် ရှိလို့လဲ... ငါ့ရဲ့ တိမိသားစုတစ်ခုလုံးကို မင်းတို့က အမြစ်ပြတ် သတ်ခဲ့တာလေ။ ငါက မင်းတို့ဆီမှာ ခွေးလို ဝပ်တွားပြီး အသက်ရှင်မယ်လို့ မင်း ထင်နေတာလား "

တိအမည်ရှိသူက ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်ပြီး ဝမ်အမာခံ၏ မျက်နှာကို တံတွေးနှင့် ထွေးလိုက်သေးသည်။

"မင်းက ပါးစပ်ကသာ လူသားတွေကို သနားတယ်၊ ငါတို့က မိစ္ဆာမဟုတ်ဘူးလို့ ပြောနေတာ။ မင်း ချင်းနွားပြည်နယ် ကို သွားကြည့်လိုက်ဦး။ အဲဒီမှာ ငါ့ရဲ့ တိမိသားစု နယ်မြေ ရှိတယ်။

အခုတော့ အိမ်တိုင်းမှာ နာရေးအလံတွေနဲ့၊ မိသားစုတိုင်းမှာ အသုဘဝတ်စုံတွေနဲ့ပဲ။ အိမ်ခြေ ဆယ်အိမ်မှာ ကိုးအိမ်က သားယောကျ်ား မကျန်တော့ဘူး။ မင်းတို့က အကြောင်းမရှိဘဲ ထိုက်ချန်းနယ်မြေကို သိမ်းပိုက်ဖို့ မကြိုးစားခဲ့ရင် ချင်းနွားပြည်နယ်က ဒီလို ဖြစ်ပါ့မလား။

ကုတိန်ကြယ်က ဒီလို ဖြစ်ပါ့မလား နှစ်ပေါင်း နှစ်ရာကျော် တိုက်ခဲ့တာကွ... မင်းတို့ အခု ကုတိန်ကြယ်ကို သိမ်းလိုက်လို့လည်း ဘာထူးမှာလဲ သာယာလှပတဲ့ တောတောင်ရေမြေတွေ အားလုံးကို မင်းတို့ ဖျက်ဆီးပစ်လိုက်ပြီဆိုတာ သိရဲ့လား"

"အဘိုးကြီး တိ..."

ရွှမ်အမာခံ၏ ဘေးရှိ ကျင့်ကြံသူများမှာ ရင်ထဲတွင် သက်ပြင်းချလိုက်မိကြသည်။ တစ်ဖက်လူကို ဤမျှအထိ ဆဲဆိုလိုက်ပြီဆိုလျှင် သေဖို့သာ ရှိတော့သည်။

ဝမ်အမာခံသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိုကျင့်ကြံသူကို ထပ်မံစကားမပြောတော့ဘဲ အဆင့် ၆ ယင်မသေမျိုးကို မျက်ရိပ်ပြလိုက်သည်။

အဆင့် ၆ ယင်မသေမျိုးက လက်ဖြင့် အသာအယာ ညှစ်လိုက်ရုံဖြင့် ထိုကျင့်ကြံသူမှာ ချက်ချင်းပင် အရိုးအသားများ ကြေမွသွားကာ ပြာအဖြစ် မြေပေါ်သို့ လွင့်စင်ကျသွားတော့သည်။

"မင်း ဒီနေရာကို ဒီထက်ပိုပြီး မြန်မြန် သိမ်းနိုင်ခဲ့သင့်တာ။ နောက်ပိုင်း အချိန်တွေ ထပ်မဆွဲနဲ့တော့။ ငါတို့ မော်ထျန်းဌာန မှာလည်း လုပ်စရာတွေ ရှိသေးတယ်၊ မင်းတို့နောက်ကို နေရာတိုင်း လိုက်မနေနိုင်ဘူး။ ထိုက်ချန်းနယ်မြေက ကိစ္စတွေကို မြန်မြန် အဆုံးသတ်"

အဆင့် ၆ ယင်မသေမျိုးက အနည်းငယ် မကျေမနပ် ပြောဆိုပြီးနောက် သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။

ဝမ်အမာခံက ရွှမ်အမာခံတို့ကို လှမ်းကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

"ငါ မင်းတို့ကို လမ်းဆုံးအထိ ပို့ပေးလိုက်ပါ့မယ်"

သူသည် သိမ်းသွင်းလိုသော စိတ်ကူးကို စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း ထင်ရှားပေသည်။

ရွှမ်အမာခံတို့မှာ သက်ပြင်းချလိုက်ကြ၏။

ဝမ်အမာခံသည် မသေမျိုးလှေအစီရင်ကို အသက်သွင်းရန် ပြင်လိုက်စဉ်မှာပင်... ဟင်းလင်းပြင်နက် ထဲမှနေ၍ ကြီးမားလှသော သတ္တဝါကြီးတစ်ကောင် ပျံသန်းရောက်ရှိလာသည်။

၎င်းမှာ... နဂါးနက်ကြီး တစ်ကောင် ဖြစ်သည်

ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးစွမ်းအား လှိုင်းလုံးကြီးများကြောင့် လူအပေါင်းမှာ ထိတ်လန့်တုန်လှုပ်လျက် လှည့်ကြည့်လိုက်ကြရတော့သည်။

အခန်း (၁၆၉၈) - အခြေအနေက ပြောင်းလဲသွားပုံရသည်

ကြီးမားလှသော နဂါးနက်ကြီးသည် တဖြည်းဖြည်း နီးကပ်လာချေပြီ။ ထိုအရာမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် မသေမျိုးစွမ်းအား လှိုင်းလုံးများက လူအများကို ဖိအားများစွာ ပေးနေတော့သည်။

လူအများစုက ၎င်းကို စစ်မှန်သော နဂါးနက်ကြီးတစ်ကောင်ဟု ထင်မှတ်ခဲ့ကြသော်လည်း အနားသို့ ရောက်ရှိလာမှသာ ထိုအရာသည်လည်း မသေမျိုးလှေအစီရင် တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။

ကုတိန်ကြယ်ပေါ်မှ အစွမ်းထက် ကျင့်ကြံသူများသည် မျက်လုံးများ ဝေဝါးလျက် မှင်သက်နေကြသည်။ ထိုက်ချန်းနယ်မြေရှိ မည်သည့်အဖွဲ့အစည်းကမျှ နဂါးနက်ပုံစံ မသေမျိုးလှေအစီရင်ကို အသုံးပြုသည်ဟု သူတို့ မကြားဖူးခဲ့ကြပေ။

ဝမ်အမာခံနှင့် ရွှမ်အမာခံတို့ နှစ်ဦးသာလျှင် ထိုနဂါးနက်အစီရင်ကို မြင်လိုက်ရသည်နှင့် သူတို့၏ အသိဉာဏ်ထဲတွင် စကားလုံးလေးလုံး ပေါ်လာတော့သည်။

"ကျွယ်မင်နန်းတော်"

"ငါတို့ရဲ့ စစ်ကူတွေ ရောက်လာပြီပဲ... ဒါပေမဲ့ ရောက်လာတာ နည်းနည်းတော့ နောက်ကျသွားသလိုပဲ..."

ရွှမ်အမာခံက ခါးသီးစွာ ပြုံးလျက် ရေရွတ်လိုက်သည်။

ယခုအချိန်တွင် ဤနဂါးနက်အစီရင် ကုတိန်ကြယ်သို့ ရောက်ရှိလာခြင်းမှာ တိုက်ပွဲ၏ အဖြေကို ပြောင်းလဲနိုင်စွမ်း မရှိတော့ဟု သူမ ယူဆထားသည်။

သူမ၏ ကြာပန်းအစီရင်သာ အင်အား ကျန်ရှိနေသေးလျှင် ထိုအစီရင်နှင့် ပူးပေါင်း၍ အနိုင်ရရန် အခွင့်အရေး အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း၊ အကယ်၍ တကယ်တိုက်ခိုက်ကြမည်ဆိုလျှင် သာမန်မသေမျိုးလှေအစီရင် နှစ်ခုပေါင်းသည်ပင် တစ်ဖက်လူ၏ "အစီရင်မသေမျိုးအတတ်" ကို မည်သို့ တောင့်ခံနိုင်ပါမည်နည်း။

ယခုမူ သူမတွင် မသေမျိုးလှေအစီရင်ကို လည်ပတ်စေရန်ပင် အင်အား မရှိတော့သဖြင့် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိဟု ဆိုရပေလိမ့်မည်။

"စစ်ကူတွေလား..."

ကုတိန်ကြယ်မှ ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းထဲတွင်လည်း ခါးသီးသော အရိပ်အယောင်များ ပေါ်လာကြသည်။

လာတာ နောက်ကျလွန်းလှပြီ... အကယ်၍ ရက်အနည်းငယ်လောက် စောရောက်ခဲ့လျှင် တိုက်ပွဲအခြေအနေမှာ ဤမျှအထိ အရုပ်ဆိုး အကျည်းတန်နေလိမ့်မည် မဟုတ်ပေ။

"ကျွယ်မင်နန်းတော်ရဲ့ နဂါးနက်အစီရင်ကိုး..."

ဝမ်အမာခံက ရုတ်တရက် ရယ်မောလိုက်ပြီး

"ငါ စာပေတိုက်မှာ ရှိတုန်းက ကျွယ်မင်နန်းတော်အကြောင်း ရေးထားတဲ့ ရှေးဟောင်းစာပေတွေကို ခဏခဏ ဖတ်ဖူးတယ်။ စိတ်ဝိညာဥ်နယ်မြေ ကို သွားဖို့ အခွင့်အရေး မရခဲ့ဘူး၊ ဒီနေ့ ဒီမှာ ဆုံရတာကလည်း ရေစက်တစ်ခုပဲပေါ့"

ပြောပြီးသည်နှင့် သူက ရွှမ်အမာခံကို တစ်ချက်လှမ်းကြည့်ကာ

"မင်းတို့ ဝမ်သောက်မသေမျိုးဂိုဏ်းကတော့ တကယ်ကို မျှော်လင့်ချက်မဲ့နေပြီပဲ။ မဟုတ်ရင် ကျွယ်မင်နန်းတော်က ထိုက်ချန်းနယ်မြေထဲကို ပေါ်လာစရာ အကြောင်းမရှိဘူး။ မင်းတို့က အရင်တုန်းက သိက္ခာကို အရမ်းငဲ့တတ်ကြတာ မဟုတ်လား"

"သိပ်ပြီး စောစောစီးစီး မရယ်ပါနဲ့ဦး။ စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေက ကျင့်ကြံသူတွေ ထိုက်ချန်းကို ရောက်လာပြီဆိုရင် ရှင်တို့ရဲ့ ထိုက်ချန်းနယ်မြေကို သိမ်းပိုက်မယ့် စီမံကိန်းက ရပ်တန့်သွားရတော့မှာ။ ဒီနေ့ ကုတိန်ကြယ်ကို ရှင်တို့ သိမ်းပိုက်နိုင်ခဲ့ရင်တောင် နောင်တစ်ချိန်မှာ ငါတို့ ပြန်တိုက်ယူမှာပဲ၊ ရှင် ရှေ့ကို တစ်လက်မတောင် ထပ်တိုးနိုင်ဖို့ မကြိုးစားနဲ့"

ရွှမ်အမာခံက အေးစက်စွာ တုံ့ပြန်လိုက်သည်။

"ဟုတ်ပါ့မလား... ဖြစ်နိုင်တာပေါ့လေ"

ဝမ်အမာခံက ပြုံးလိုက်ပြီးနောက် ရွှမ်အမာခံရှိရာ မသေမျိုးလှေကို လျစ်လျူရှုကာ ခြေရှစ်ထောက်အစီရင်ကို မောင်းနှင်လျက် နဂါးနက်အစီရင်ရှိရာသို့ ဖြည်းဖြည်းချင်း ကြိုဆိုရန် ထွက်ခွာသွားတော့သည်။

အစီရင်နှစ်ခုမှာ မိုင်တစ်ရာခန့် အကွာအဝေးသို့ ရောက်သောအခါ အသီးသီး ရပ်တန့်သွားကြပြီး မည်သူမျှ စိတ်လောတကြီး ရှေ့မတိုးကြပေ။

"ဖန့်အမာခံ... ကုတိန်ကြယ်ရဲ့ အခြေအနေက... တကယ်ကို မကောင်းဘူး"

ကျိကန်းက အောက်ဘက်သို့ ငုံ့ကြည့်ကာ ပြောလိုက်သည်။

သူသည် ရွှမ်အမာခံရှိရာ မသေမျိုးလှေကို မြင်လိုက်ရသည်။ ၎င်းမှာ ဝမ်သောက်မသေမျိုးဂိုဏ်းမှ အမာခံတပည့်များသာ မောင်းနှင်ခွင့်ရှိသည့် "ကြာပန်းဖြူလှေ" ဖြစ်သည်။ ထိုနေရာတွင် ကြာပန်းအစီရင် မရှိတော့ခြင်းမှာ ဝမ်သောက်မသေမျိုးဂိုဏ်းမှ အမာခံတပည့် ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သက်သေပင် ဖြစ်သည်။

"ရှေ့က အစီရင်ကတော့ တာဝေ့စာပေတိုက်ရဲ့ ခြေရှစ်ထောက်အစီရင် ဖြစ်ရမယ်"

ဖန့်ချန်က တိုးညင်းစွာ ရေရွတ်လိုက်သည်။

မလာခင်ကတည်းက သူတို့ကဲ့သို့သော အမာခံတပည့်များနှင့် နယ်မြေရှာဖွေရေးအဖွဲ့ဝင်များသည် ထိုက်ချန်းနယ်မြေ၏ အခြေအနေနှင့် ပတ်သက်သော သတင်းအချက်အလက်များကို လက်ခံရရှိထားပြီး ဖြစ်သည်။ ထိုထဲတွင် ထိုက်ချန်းနယ်မြေရှိ အင်အားကြီးအဖွဲ့အစည်းများအကြောင်း ဖော်ပြချက်များစွာ ပါဝင်သည်။ ခြေရှစ်ထောက်အစီရင် (ပင့်ကူအစီရင်) မှာ တာဝေ့စာပေတိုက်၏ သီးသန့် အစီရင် ဖြစ်သည်။

"မိတ်ဆွေက ကျွယ်မင်နန်းတော်ကလား ကျုပ်က တာဝေ့စာပေတိုက်က ဝမ်ကျန့်ချီ ပါ"

ခြေရှစ်ထောက်အစီရင်ပေါ်မှ ဝမ်ကျန့်ချီက လှမ်း၍ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

"ကျွယ်မင်နန်းတော်က ကျန်းချန် ပါ"

ဖန့်ချန်ကလည်း ပြန်လည် လက်အုပ်ချီလိုက်၏။

'ကျန်းချန်'

ဝမ်ကျန့်ချီသည် သူ၏ မှတ်ဉာဏ်ထဲတွင် ရှာဖွေကြည့်သော်လည်း ထိုအမည်နှင့် ပတ်သက်သည့် သတင်းအချက်အလက် မတွေ့သဖြင့် အရေးမပါသော လူငယ်လေးတစ်ဦးသာ ဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။

သူက ပြုံးလျက်

"ကျန်းမိတ်ဆွေ... မင်းတို့ ရောက်တာ တစ်လှမ်း နောက်ကျသွားပြီ ထင်တယ်။ ကုတိန်ကြယ်ကို ငါတို့ သိမ်းပိုက်ပြီးပြီဆိုတော့ ကျန်းမိတ်ဆွေ အနေနဲ့ လာရာလမ်းအတိုင်းပဲ ပြန်လှည့်သွားတာ ပိုကောင်းမယ် မဟုတ်လား "

"ဒီနေရာကို စောင့်ကြပ်နေတဲ့ ဝမ်သောက်မသေမျိုးဂိုဏ်းက မိတ်ဆွေကော အသက်ရှင်သေးရဲ့လား "

ဖန့်ချန်က အေးဆေးစွာ မေးလိုက်သည်။

"ရှင်နေပါသေးတယ်၊ ဒါပေမဲ့ မင်း သူ့ကို ခေါ်သွားလို့မရဘူး။ မင်းကိုတော့ သွားခွင့်ပြုနိုင်ပေမဲ့ သူကတော့ သွားလို့မရဘူး"

ဝမ်ကျန့်ချီက ရွှမ်အမာခံကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် ဖန့်ချန်ကို ပြန်ကြည့်ကာ ပြုံးလျက်

"မင်းကို သွားခွင့်ပြုရတဲ့ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ မင်း ပြန်သွားတဲ့အခါ ကျွယ်မင်နန်းတော်ကို တစ်ခါတည်း သတင်းပါးပေးစေချင်လို့ပါ။ ထိုက်ချန်းနယ်မြေရဲ့ ကိစ္စတွေကို ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ၊ ကိုယ့်ကိုယ်ကိုယ် မီးဟုန်းဟုန်းတောက်နေတဲ့ အထဲ ဆွဲမထည့်ပါနဲ့။

ငါတို့လည်း စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေဘက်ကို တစ်ခေါက်လောက် သွားဖို့ စိတ်ကူးရှိပေမဲ့ အခုချက်ချင်းတော့ မဟုတ်သေးဘူး၊ မင်းတို့ အေးအေးဆေးဆေး နေရမယ့် နှစ်တွေ အများကြီး ကျန်ပါသေးတယ်"

"မိတ်ဆွေ... ပြန်လှည့်သွားပါတော့၊ အရာအားလုံးက နောက်ကျသွားပါပြီ။ ငါတို့နဲ့အတူ ဒီမှာ သေဖို့ စောင့်နေစရာ မလိုပါဘူး"

ရွှမ်အမာခံက လှမ်း၍ ပြောလိုက်သည်။

"ဝမ်မိတ်ဆွေက ကျွန်တော့်ကို သွားခွင့်ပြုတယ်ဆိုတာ... ကျွန်တော့်ကို ဖမ်းဆီးဖို့ဆိုရင် အဖိုးအခ အများကြီး ပေးရလိမ့်မယ်လို့ သူ တွေးထားလို့ပဲ ဖြစ်မယ်။ အကယ်၍ ကျွန်တော်က တကယ်ပဲ ထွက်သွားခဲ့ရင် သူ့ဆန္ဒအတိုင်း ဖြစ်သွားမှာပေါ့"

ဖန့်ချန်က ရွှမ်အမာခံကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

ရွှမ်အမာခံ မှင်သက်သွားပြီးနောက် ခါးသီးစွာ ပြုံးလျက်

"မိတ်ဆွေ... ရှင်တို့သာ ရက်အနည်းငယ်လောက် စောရောက်ခဲ့ရင် အခြေအနေက ဒီလောက်အထိ ဆိုးမှာမဟုတ်ဘူး။ ဒီတာဝေ့စာပေတိုက်က ဝမ်အမာခံက အစီရင်မသေမျိုးအတတ် ကို နားလည်ထားတာ၊ သာမန်အစီရင်တွေက သူ့ရှေ့မှာ ကြာကြာမခံနိုင်ဘူး"

သူမက ဖန့်ချန်ကို အမြန်ဆုံး ထွက်ခွာသွားရန် သွယ်ဝိုက်သောနည်းဖြင့် သတိပေးနေခြင်း ဖြစ်သည်။

"ဖန့်အမာခံ... အောက်က ကျင့်ကြံသူတွေက ထူးခြားတဲ့ စွမ်းအားတစ်ခုနဲ့ အချုပ်ခံထားရသလိုပဲ။ ကျွန်တော် ထင်တာကတော့ ဒါဟာ ကောင်းကင်ကွန်ရက် မြေပြင်ကျော့ကွင်း ပဲ ဖြစ်ရမယ်၊ ဒါက တာဝေ့စာပေတိုက်ရဲ့ နာမည်ကြီး အစီရင်မသေမျိုးအတတ် တစ်ခုပဲ"

ကျိကန်းက တိုးညင်းစွာ ပြောလိုက်သည်။

ဝမ်ကျန့်ချီ၏ မျက်ဝန်းများ ဝင်းလက်သွားပြီး

"မင်းက ကောင်းကင်ကွန်ရက် မြေပြင်ကျော့ကွင်း အကြောင်းကိုတောင် သိတာလား ကြည့်ရတာ တာဝေ့စာပေတိုက်ရဲ့ နာမည်က မင်းတို့ စိတ်ဝိညာဥ်နယ်မြေမှာလည်း မသေးဘူးပဲ"

ကျိကန်းက ရိုးသားစွာပင်

"ကျွန်တော်တို့ စစ်မထွက်ခင်လေးမှာမှ တာဝေ့စာပေတိုက်အကြောင်းကို သိခဲ့တာပါ"

"ဪ... အဲလိုလား..."

ဝမ်ကျန့်ချီက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီးနောက်

"ဘယ်လိုလဲ ရွှမ်အမာခံ ပြောပြလို့ ငါ့မှာ အစီရင်မသေမျိုးအတတ် ရှိတယ်ဆိုတာ မင်းတို့ သိသွားပြီပဲ။ မင်းတို့ ဒီမှာ ဆက်နေပြီး ကုတိန်ကြယ်နဲ့အတူ အသေခံဦးမလို့လား "

ထိုအချိန်မှာပင် မလှမ်းမကမ်းရှိ အဆင့် ၇ ရှေးဟောင်းမသေမျိုး နှစ်ဦး၏ တိုက်ပွဲမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး အရှုံးအနိုင် ပေါ်တော့မည့် အခြေအနေ ဖြစ်နေသည်။

"ဖန့်အမာခံ... အဲဒီနှစ်ယောက် အရှုံးအနိုင် ပေါ်သွားရင် ငါတို့ လက်ဦးမှုယူဖို့ နောက်ကျသွားလိမ့်မယ်"

ကျိကန်းက သတိပေးလိုက်သည်။

"နေပါဦး... ဖန့်အမာခံ ဟုတ်လား မိတ်ဆွေက မရိုးသားဘူးပဲ၊ ခုနက နာမည်အမှား ပေးခဲ့တာလား "

ဝမ်ကျန့်ချီက အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

သူ့ကို ပြန်လည် တုံ့ပြန်လိုက်သည်မှာ တောက်ပလှသော ဓားအလင်းတန်းတစ်ခုပင် ဖြစ်သည်။

ခဏချင်းမှာပင်... ခြေရှစ်ထောက်အစီရင်သည် ဝမ်ကျန့်ချီ ရပ်နေသော မသေမျိုးလှေအပါအဝင် နှစ်ပိုင်း ပြတ်ထွက်သွားတော့သည်။

"လောင်ရှန့်၊ စီနီယာကျိ... ဒီလူကို အရှင်ဖမ်းခဲ့ကြ။ သူ့ဘေးမှာ အဆင့် ၆ ယင်မသေမျိုး ရှိတယ်၊ သတိထားကြဦး"

ဖန့်ချန်က မှာကြားလိုက်ပြီးနောက် နဂါးနက်အစီရင်ကို မောင်းနှင်လျက် ထိုရှေးဟောင်းမသေမျိုး နှစ်ဦးရှိရာသို့ တိုးဝင်သွားတော့သည်။

ကျိကန်းနှင့် ရှန့်နင်တို့သည်လည်း ချက်ချင်းပင် ဝမ်ကျန့်ချီ၏ အနားသို့ ရောက်ရှိသွားကြသည်။ ဖန့်ချန်၏ သတိပေးချက်ကြောင့် သူတို့သည် ဝမ်ကျန့်ချီကို ဖမ်းဆီးစဉ်တွင် အဆင့် ၆ ယင်မသေမျိုးကို အထူးသတိထားခဲ့ကြသော်လည်း ထိုသူမှာ လုံးဝ ပေါ်မလာခဲ့ပေ။

လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။

ရွှမ်အမာခံသည် မှင်သက်လျက် ဤမြင်ကွင်းကို ကြည့်နေမိပြီး၊ သူမဘေးရှိ ကျင့်ကြံသူများသည်လည်း အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာတင် အခြေအနေက ဘာလို့ ပြောင်းလဲသွားရတာလဲ

ခြေရှစ်ထောက်အစီရင်က ခုနက ဘာဖြစ်သွားတာလဲ...

အစီရင်မသေမျိုးအတတ်

လူတိုင်း ရုတ်တရက် သတိဝင်လာကြပြီး ရင်ထဲမှာ အံ့သြတုန်လှုပ်သွားကြသလို၊ ထို့နောက်တွင်မူ အတိုင်းမသိ ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။

"ကျွယ်မင်နန်းတော်က အစီရင်မသေမျိုးအတတ်ကို နားလည်ထားတဲ့ အမာခံတပည့်တစ်ယောက်ကို ကုတိန်ကြယ်ဆီ စစ်ကူလွှတ်လိုက်တာလား ဝမ်ကျန့်ချီက အစီရင်မသေမျိုးအတတ်ကို နားလည်ထားမယ်ဆိုတာ သူတို့ ကြိုသိနေခဲ့တာလား "

ရွှမ်အမာခံမှာ အလွန်ပင် တုန်လှုပ်အံ့သြနေမိသည်။

သူမ ငေးငိုင်နေစဉ်အတွင်းမှာပင် ဝမ်ကျန့်ချီကို ကျိကန်းနှင့် လောင်ရှန့်တို့က ရွှမ်အမာခံ၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာကြသည်။

"ဝမ်အမာခံ... အခြေအနေက ပြောင်းလဲသွားပုံရတယ်နော်"

ရွှမ်အမာခံက ထူးဆန်းသော အမူအရာဖြင့် ဆိုလိုက်သည်။

ဝမ်ကျန့်ချီမှာလည်း ယခုမှပင် သတိပြန်ဝင်လာပြီး သူ၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေတော့သည်။

သူ၏ မျက်ဝန်းအိမ်နက်ရှိုင်းသော နေရာတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ခိုအောင်းနေလေသည်။

All Chapters