အခန်း (၈၆၂-၈၆၄)
Vol. 58 Ch. 862-864
အခန်း (၈၆၂) - ကောင်းကင်ကြာပန်း
အဖြူရောင် အလင်းတန်း များ အတွင်း၌... ဓားပေါင်း ရာချီ စုစည်းလာကြပြီး၊ ချီရှန်းလင် ၏ မူလအစ စွမ်းအား များကို သန့်စင်ပစ်လိုက်ကြတော့သည်။
သူက အသံတစ်သံမျှပင် မထွက်နိုင်တော့ဘဲ... မီးရှူးမီးပန်း တစ်ခုအလား၊ ကောင်းကင် ဓားကြီး ၏ တွန်းကန်မှုကြောင့် သူ ရောက်လာစဉ်ကထက် များစွာ ပိုမို မြန်ဆန်သော အရှိန်ဖြင့် ကောင်းကင်ယံ အမြင့်ဘက်ဆီသို့ လွင့်စင်သွားတော့၏။
"ဘုန်း..."
ဟင်းလင်းပြင် ကြီး ပေါက်ကွဲထွက်သွားပြီး... ကောင်းကင် ဓားကြီး မှာ တစ်လွှာပြီး တစ်လွှာ ကြေမွ ပျက်စီးသွားရသည်။ ကောင်းကင် တစ်ခွင်လုံးကို ခုတ်ပိုင်းသွားသော ထောင်ပေါင်းများစွာသော ဓား ပုံရိပ်ယောင် များ အဖြစ်သို့ အသွင်ပြောင်းသွားတော့၏။
၎င်းမှာ စည်းမျဉ်း စွမ်းအား များဖြင့် လုံးလုံးလျားလျား ဖွဲ့စည်းထားသော ဗုံးတစ်လုံး ပေါက်ကွဲသွားသည့်အလား... ဟင်းလင်းပြင် တစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။
အောက်ဘက်မှ နေ၍ ကြည့်မည် ဆိုပါက... ဟင်းလင်းပြင် ကို လင်းထိန်သွားစေသော စည်းမျဉ်း ဓားပုံသဏ္ဌာန် မီးရှူးမီးပန်း များကို မြင်တွေ့နိုင်ပြီး၊ ထိုအထဲတွင် အဆက်မပြတ် ခုတ်ပိုင်းခံရပြီး ပေါက်ကွဲနေသော တာအို ဘိုးဘေးကြီး ချီရှန်းလင် ကို တွေ့မြင်နိုင်၏။
လူတိုင်း၏ သူငယ်အိမ်များ မှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားကြပြီး... သူတို့၏ ပါးစပ်များမှာလည်း အလိုအလျောက် ပွင့်ဟသွားကြတော့သည်။
‘ပုရွက်ဆိတ် လေးက သစ်ပင် ကြီးကို မလှုပ်ခါနိုင်ဘူးလို့ ဘယ်သူ ပြောလဲ’
ဓားဘိုးဘေးကြီး နှင့် အခြားသူများ ပင်လျှင်. ချီရှန်းလင် ၏ တာအို ခန္ဓာကိုယ် ကို မယုံကြည်နိုင်စွာဖြင့် စူးစိုက် ကြည့်နေကြတော့၏။
.. ကောင်းကင် ဓားကြီး ၏ နှလုံးသား တည့်တည့် ထိုးဖောက်ခြင်းကို ခံလိုက်ရပြီးနောက်၊ ဟင်းလင်းပြင် ၏ အထက်တွင် အဆက်မပြတ် နိမ့်ချည် မြင့်ချည် ဖြစ်နေကာ... စည်းမျဉ်း ဓား ၏ တစစီ ဆွဲဖြဲခြင်းကို ခံနေရသည်။
နင်ချီ သင်ကြားပေးထားခဲ့သော ကောင်းကင်ကြာပန်း ပြောင်းပြန် ခုတ်ပိုင်း ဓား နည်းစနစ်မှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
ချီရှန်းလင် တိုက်ခိုက်မှု စတင်ခဲ့စဉ်က... သူတို့ အားလုံးကို တိုက်ရိုက် ဖိနှိပ်နိုင်စွမ်း ရှိခဲ့သည်။
တာအို စည်းမျဉ်း များ အပိုင်းတွင် သူသည် အားကြီးသူ ဖြစ်ပြီး အရှင်သခင် တစ်ပါး ပင် ဖြစ်၏။
သို့သော် ယခုအခါတွင်မူ... ၎င်းမှာ လူအုပ်ကြီး၏ စည်းမျဉ်း စွမ်းအား များဖြင့် ပေါက်ကွဲ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး၊ ၎င်း၏ ပေါင်းစပ်ထားသော ခန္ဓာကိုယ် ပင်လျှင် ပြန်လည် ပြုပြင်၍ မရနိုင်တော့ချေ။
သူတို့၏ စုပေါင်း စည်းမျဉ်း စွမ်းအား များက တကယ်ပဲ အဲဒီလောက်တောင် အစွမ်းထက်နေလို့လား... ဒါမှမဟုတ် နင်ချီ သင်ကြားပေးထားခဲ့တဲ့ နည်းလမ်း ကပဲ အရမ်းကို အစွမ်းထက်လွန်းနေတာလား။
သေချာသည်မှာ... ခေတ္တမျှ စဉ်းစားခန်း ဝင်ပြီးနောက်... လူတိုင်းက ၎င်းမှာ ဒုတိယ အချက်ကြောင့်သာ ဖြစ်သည်ဟု ကောက်ချက်ချလိုက်ကြတော့၏။
အမှန်တကယ်တော့ နင်ချီ သည် ယခင်က အရှင်သခင် ကျန့်ရွှမ် အဖြစ် အသွင်ပြောင်းပြီး... ဖူယောင် နယ်မြေ ၏ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း မှ ဘိုးဘေးကြီး စစ်ခုန်ရွှမ် နှင့် တိုက်ခိုက်ခဲ့ပြီးနောက်... တစ်ဖက်လူကို သတ်ဖြတ်ရန် အလွန်တရာ ခက်ခဲကြောင်း သူ တွေ့ရှိခဲ့ရသည်။
ထိုအချိန်မှစ၍ နင်ချီ သည် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူ များကို သတ်ဖြတ်ရန်အတွက်... ပေါင်းစည်းခြင်း နယ်ပယ် ၏ စွမ်းအားများကို မည်သို့ အသုံးပြုရမည်နည်း ဆိုသည်ကို စဉ်းစား တွက်ချက်နေခဲ့ခြင်း ဖြစ်၏။
နင်ချီ သည် လူအများအပြား၏ စွမ်းအားများကို ပေါင်းစပ်ကာ နဂါး များကို သတ်ဖြတ်နိုင်မည့် နည်းစနစ် တစ်ခုကို ဖန်တီးရန် စီစဉ်ခဲ့ပြီး... နောက်ပိုင်းတွင် ၎င်းမှာ ကောင်းကင်ကြာပန်း ပြောင်းပြန် ခုတ်ပိုင်း ဓား အဖြစ်သို့ တိုးတက် ပြောင်းလဲလာခဲ့ခြင်း ပင်။
"ကောင်းကင်ကြာပန်း" ဟူသော အမည်မှာ... ဤ ဓားက ရန်သူကို ထိမှန်သွားသည်နှင့် တစ်ပြိုင်နက်၊ ကြာပန်း တစ်ပွင့်အလား မရေမတွက်နိုင်သော စည်းမျဉ်း ဓား များကို ထုတ်လွှတ်မည် ဖြစ်ခြင်းကို ရည်ညွှန်းခြင်း ဖြစ်ပြီး... ထို့ကြောင့်ပင် နင်ချီ က ဤအမည်ကို ရွေးချယ်ခဲ့ခြင်းပါ။
တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူ များကို သတ်ဖြတ်ရန် ခက်ခဲရခြင်း၏ အကြောင်းရင်းမှာ... သူတို့သည် စည်းမျဉ်း စွမ်းအား များကို ပိုင်ဆိုင်ထားသောကြောင့်ပင်။
သာမန် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ဦး အနေဖြင့် ၎င်း၏ ပြိုင်ဘက်ကို မသတ်ဖြတ်နိုင်သော်ငြားလည်း... အကယ်၍ လူထောင်ပေါင်းများစွာ ၏ စည်းမျဉ်း များကို ဓားတစ်လက် အတွင်း စုစည်းနိုင်မည် ဆိုပါက... ထို ဖရိုဖရဲ ဖြစ်နေသော စည်းမျဉ်း များကို အသုံးပြုကာ တစ်ဖက်လူ၏ တည်ငြိမ်နေသော စည်းမျဉ်း ခန္ဓာကိုယ် ကို အဆက်မပြတ် တိုက်ခိုက်ပြီး တစစီ ဆွဲဖြဲပစ်နိုင်စွမ်း ရှိသည်။
စကားပုံ တစ်ခု ရှိသည် မဟုတ်ပါလော... "ပုရွက်ဆိတ် တွေ အများကြီး ပေါင်းလိုက်ရင် ဆင် တစ်ကောင်ကို သတ်နိုင်တယ်" ဟူ၍။
လျိုဖူဖျင် သည် ကောင်းကင်ယံတွင် ပွင့်လန်းလာသော ကြာပန်း ပုံသဏ္ဌာန် မှော်ဓား ကြီးကို တွေဝေ မိန်းမောစွာ စူးစိုက် ကြည့်နေပြီးနောက်... သူ၏ ဘေးရှိ ဝဝဖိုင့်ဖိုင့် အဘိုးအို ကောင်းချိုး ကို ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် လှမ်းကြည့်ကာ ဆိုလိုက်၏။
"ညီအစ်ကို ကောင်း... ညီအစ်ကို ချီ ပေါက်ကွဲသွားပြီကွ"
ကောင်းချိုး ၏ မျက်နှာမှာ တည်ကြည် လေးနက်နေပြီး...
"သူ တောင့်ခံနိုင်လောက်မှာပါ... ဟုတ်တယ် မဟုတ်လား"
"ငါက ဘယ်လိုလုပ် သိမှာလဲ။ ငါမှ တစ်ခါမှ မကြုံဖူးတာ"
လျိုဖူဖျင် ၏ မျက်ခုံးတန်းများ တွန့်ချိုးသွားပြီး ဓားဘိုးဘေးကြီး နှင့် အခြားသူများကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"သူတို့ဆီမှာ ဒီလို စွမ်းအားမျိုး တကယ် ရှိနေတာက... အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်။ ငါတို့ ခေါင်းဆောင် နေရာတောင် ဒီနေ့ကစပြီး အန္တရာယ် ရှိလာနိုင်တယ်လို့ ငါ ထင်တယ်"
ဝဝဖိုင့်ဖိုင့် အဘိုးအို က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင်... ကောင်းကင်ယံမှနေ၍ တိုးညင်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"ညီအစ်ကို လျို... ညီအစ်ကို ကောင်း... ငါ့ကို ကယ်ကြပါဦး"
သူ ပွဲဦးထွက် လာကတည်းက မာနထောင်လွှားပြီး ကိုယ်ရည်သွေး နေခဲ့သော ချီရှန်းလင် မှာ... အခုချိန်ထိ အဲဒီအတိုင်းပဲ ရှိနေသေးပေမဲ့... လူတိုင်းရဲ့ အကြည့်တွေ အောက်မှာတော့... အစွမ်းအထက်ဆုံး တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူ တစ်ဦး အနေဖြင့် လုံးဝ လက်ခံ၍ မရနိုင်လောက်အောင် ရှက်စရာကောင်းတဲ့ အကူအညီ တောင်းခံသံ တစ်ခုကို အော်ဟစ်လိုက်ရတော့၏။
ထိုနှစ်ဦး၏ မျက်နှာသွင်ပြင် များ ပြောင်းလဲသွားကြတော့သည်။ သူတို့က တစ်ဖက်လူ တောင့်ခံထားနိုင်လိမ့်မည်ဟု ယခုလေးတင်မှ တွေးထင်ထားခဲ့ကြသည် မဟုတ်ပါလော...။ ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန် အကူအညီ တောင်းနေရတာလဲ။
ထိုနှစ်ဦးက မှော်ဓား ပွင့်လန်းခဲ့သော နေရာသို့ မျက်စိတစ်မှိတ် အတွင်း တည်နေရာ ရွှေ့ပြောင်း သွားကြတော့သည်။
သူတို့က ဘယ်ညာ တစ်ဖက်စီတွင် မျက်နှာချင်းဆိုင် ရပ်လိုက်ကြ၏။
အနီးသို့ ချဉ်းကပ်လာပြီး မှော်ဓား ကို ထိတွေ့ကြည့်လိုက်သောအခါ... ထိုအထဲရှိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို သူတို့ ခံစား သိရှိလိုက်ကြရသည်။
"ညီအစ်ကို ချီ က အကူအညီ တောင်းတာ အံ့ဩစရာ မရှိပါဘူးလေ။ ငါတို့သာ ဆိုရင်လည်း အဲဒီလိုပဲ လုပ်မိမှာပဲ... ပြီးတော့ ငါတို့ အတွက်လည်း တန်းတူ ခက်ခဲလောက်မှာ သေချာတယ်"
“နောက်ပိုင်း အဆင့် နဲ့ အထွတ်အထိပ် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)တွေလောက်သာ ဒါကို ခံနိုင်ရည် ရှိလောက်မယ်”
လျိုဖူဖျင် ၏ မျက်ခုံးတန်းများ အနည်းငယ် တွန့်ချိုးသွားတော့သည်။
ကောင်းချိုး ကလည်း မှော်ဓား တစ်လက်ကို ပေါ့ပေါ့ပါးပါး ထိတွေ့ကြည့်လိုက်၏။
"ဒီ နည်းစနစ် ကို ဖန်တီးခဲ့တဲ့ သူက အရမ်းကို ကောက်ကျစ် စဉ်းလဲတာပဲ။ သူ့ရဲ့ အစစ်အမှန် ရည်ရွယ်ချက် တွေကို ဖုံးကွယ်ထားပြီး ကာကွယ်ဖို့ မဖြစ်နိုင်အောင် လုပ်ထားတာပဲ”
အကယ်၍ နင်ချီ သာ ဤနေရာတွင် ရှိနေပြီး ကောင်းချိုး ၏ စကားများကို ကြားလိုက်ရမည် ဆိုပါက... သူသည် ဤလူကို အထင်သေးရုံသာ တတ်နိုင်မည် ဖြစ်သည်။
အကယ်၍ အားနည်းသူတွေက သူတို့၏ စွမ်းအားတွေ၊ အာဏာတွေ ကို အားကိုးပြီး အနိုင်ကျင့်နေသော ဒီလူမိုက် တွေကို အနိုင်ယူချင်သည် ဆိုလျှင်... မကောင်းတဲ့ ရည်ရွယ်ချက် တွေ မရှိဟု ထင်ရအောင်... ရိုးရိုးသားသား နှင့် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရမည်လား။
သေချာသည်ပေါ့... တတ်နိုင်သမျှ သတိထား ဖုံးကွယ်ထားဖို့ လိုအပ်သည်ပင်။ တကယ်တမ်း တိုက်ခိုက်သော အခါကျလျှင်တော့... အရာအားလုံးက သန့်ရှင်း သပ်ရပ်ပြီး အပြတ်အသတ် ဖြစ်နေရန် လိုသည်လေ။
ချောင်းမုန့်တဲ [တရုတ် သမိုင်းဝင် ပုဂ္ဂိုလ်] လိုမျိုး ရာထူး ကြီးမြင့်သော သူတစ်ယောက်တောင်မှ... သန်းခေါင်ယံ အချိန်မှာ ဓားသွေးနေသည့် အသံကို ကြားလိုက်ရလျှင်... ဖြစ်လာနိုင်သော အန္တရာယ် တွေကို ဖယ်ရှားပစ်ဖို့ အတွက် မိသားစု တစ်ခုလုံးကို သတ်ပစ်ပြီး တိတ်တဆိတ် ထွက်သွားတတ်သည်ပဲလေ။
အားနည်းတဲ့ သူတွေက ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားတော့ရော ဘာဖြစ်သနည်း။
စကားများများ ပြောမနေတော့ဘဲ... ထိုနှစ်ဦးက သူတို့၏ ခန္ဓာကိုယ် အတွင်းရှိ စည်းမျဉ်း စွမ်းအား များကို အသက်သွင်းလိုက်ပြီး၊ မှော်ဓား များကို တစ်လက်ပြီး တစ်လက် ကြေမွအောင် ဖျက်ဆီးပစ်လိုက်ကာ... ချီရှန်းလင် ကို စည်းမျဉ်း ဓား များ၏ ပင်လယ် ကြီးထဲမှ ကယ်တင်လိုက်ကြတော့၏။
နောက်ဆုံးတွင် တစ်ဖက်လူကို ကယ်တင်နိုင်ခဲ့သောအခါ... ချီရှန်းလင် တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေပြီး အထိအခိုက် မရှိသော အသားစ တစ်စမျှပင် မကျန်တော့သည်ကို မြင်လိုက်ရသဖြင့် ထိုနှစ်ဦးစလုံး အလွန်တရာ အံ့အားသင့်သွားကြတော့သည်။
အခန်း (၈၆၃) - ကောင်းကင်ကြာပန်း
အောက်ဘက်ရှိ လူများ၏ ဝိညာဉ်အာရုံများ လွတ်မြောက်လာပြီးနောက်... ချီရှန်းလင် ၏ အခြေအနေကို သူတို့ သဘာဝကျကျပင် မြင်တွေ့လိုက်ကြရ၏။
လူတိုင်းက အကြည့်များ ..
ပို့လွှတ်လိုက်ကြသည်။
လျိုဖူဖျင် နှင့် ကောင်းချိုး တို့မှာလည်း တူညီသော ခံစားချက်မျိုးကို မျှဝေ ခံစားလိုက်ရပုံ ရပြီး... နှစ်ဦးစလုံး သူတို့၏ ခန္ဓာကိုယ် တစ်လျှောက် နာကျင်မှု များကို ခံစားလိုက်ကြရသည်။
ကြည့်ရတာ သူတို့ အရင်က ခန့်မှန်းတာ မှားသွားခဲ့ပြီပဲ။
မှော်ဓား တွင် နောက်ထပ် ပြောင်းလဲမှု တစ်ခု ရှိနေသေး၏။ ၎င်းက ရန်သူကို ခုတ်ပိုင်းလိုက်သောအခါ... တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူ ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားမည့် အပ် များအလား သေးငယ်သော စည်းမျဉ်း များ မရေမတွက်နိုင်အောင် ထုတ်လွှတ်လိုက်ခြင်း ပင် ဖြစ်သည်။
ဒါက တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူ ၏ ပြန်လည် မွေးဖွားနိုင်စွမ်း ကို ပိုမို တိကျစွာ ဖိနှိပ် ချုပ်ချယ်ထားနိုင်စေ၏။ ချီရှန်းလင် က ဤမျှ မြန်ဆန်စွာ မတောင့်ခံနိုင်တော့ဘဲ သူတို့ကို အကူအညီ တောင်းခဲ့ရသည်မှာ အံ့ဩစရာ မရှိတော့ချေ။
ထို ဝိညာဉ် နှစ်ခုမှာ ချိတ်များအလား စည်းမျဉ်း ကြိုးမျှင် များ အဖြစ် အသွင်ပြောင်းသွားပြီး... ချီရှန်းလင် ၏ တာအို ခန္ဓာကိုယ် အတွင်းသို့ ထိုးစိုက်နေသော စည်းမျဉ်း အပ် များကို လျင်မြန်စွာ ဆွဲထုတ်ပစ်လိုက်ကြတော့၏။
ချီရှန်းလင် မှာ ပြန်လည် နာလန်ထူလာရန် အချိန်အတော်ကြာ ယူခဲ့ရပြီး... အပြင်းအထန် အသက်ရှူကာ ညည်းတွားနေသည်။
"ညီအစ်ကို လျို... ညီအစ်ကို ကောင်း... ငါ့ကို ကယ်ပေးတဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်ကွာ"
ထိုနှစ်ဦးက အချင်းချင်း.. အပြန်အလှန် ကြည့်လိုက်ကြသော်ငြားလည်း ပြန်လည် မဖြေကြားခဲ့ကြချေ။
ချီရှန်းလင် သည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ရန်အတွက် စည်းမျဉ်း စွမ်းအား များကို နောက်ဆုံးတွင် အပြည့်အဝ စုစည်း ပြီးစီးသွားခဲ့လေပြီ။ သူက ကောင်းကင်ယံတွင် မတ်မတ် ရပ်နေပြီး... သူတို့ကို မော့ကြည့်နေကြသော ဓားဘိုးဘေးကြီး နှင့် အခြားသူများကို အထက်စီးမှ ငုံ့ကြည့်လိုက်တော့သည်။
ဓားဘိုးဘေးကြီး၊ ချီခယ်ချင်း၊ ကျူးယန့်ချွမ်း နှင့် အခြားသော ကျင့်ကြံသူ များမှာ ယခုအခါ ထွက်ခွာ၍ မရနိုင်တော့ချေ။ အခြား တစ်ဖက်တွင် အစွမ်းထက်သော တာအို ပညာရှင် အများအပြား ရှိနေသဖြင့်... သူတို့ အနေဖြင့် ချီရှန်းလင် ကို ကယ်တင်ရန် မည်သည့် နည်းလမ်းမျှ မရှိခဲ့ချေ။
သူတို့ အတူတူ ရှိနေချိန်မှာ... သူတို့ သုံးယောက်စလုံး ကို နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်လာနိုင်ခြေ ရှိသလား။
ချီရှန်းလင် က ပြောလိုက်၏။
"အခု ဒီ နည်းစနစ် ကို သူတို့ သုံးနေပြီ ဆိုတော့... ငါတို့ တာအို တွေရဲ့ အဆင့်အတန်း က အရင်ကထက် အများကြီး လျော့ကျသွားတော့မှာပဲ"
သူက အံကို ကြိတ်လိုက်ပြီး ဆက်ပြောသည်။
"သူတို့ကို ငါတို့ မျိုးတုံး သတ်ပစ်ရမယ်... ငါတို့ရဲ့ ဘေးကင်းရေး ကို ခြိမ်းခြောက်နိုင်တဲ့ အရာ မှန်သမျှ ကို အပြတ် ရှင်းပစ်ရမယ်"
လျိုဖူဖျင် နှင့် အခြား တစ်ယောက် ၏ မျက်လုံးများ တလက်လက် တောက်ပသွားကြပြီး... အနည်းငယ် သွေးဆောင် ဖျားယောင်း ခံလိုက်ရပုံ ရသည်။
အောက်ဘက်တွင်... တိုက်ပွဲကို စောင့်ကြည့်နေကြသော မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ (၉၇) ယောက် အနက်မှ အများအပြား မှာလည်း မျက်ခုံးတန်းများ တွန့်ချိုးသွားကြတော့သည်
သူတို့သည် နက်နက်ရှိုင်းရှိုင်း တွေးတောတတ်သူများ ဖြစ်ကြပြီး... သူတို့ ယခုလေးတင် မြင်တွေ့လိုက်ရသော တာအို နတ်ဘုရား မှော်နည်းစနစ် မှ ပြဿနာ ကို သတိပြုမိသွားကြသည်။
လူတစ်ယောက်က ဆိုလိုက်၏။
"ဒါက မဟန်ဘူး။ ငါတို့ အခု သူတို့ကို နှိမ်နင်း မပစ်ဘူး ဆိုရင်... ဒီလူတွေက အနာဂတ်မှာ တောင်နဲ့ ပင်လယ် ကမ္ဘာ ကြီးကို ဖျက်ဆီးမယ့် လျှို့ဝှက် အန္တရာယ် တစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်"
အနီးအနားရှိ လူတစ်ယောက်ကလည်း သဘောတူ ထောက်ခံလိုက်ပြီး…
"အဲဒါ ဆိုရင် နင်ချီ က သူ့ရဲ့ လက်အောက်ငယ်သား တွေကို အတိအကျ ဘယ်လို လမ်းညွှန် ပြသပေးနေတာလဲ။ အကယ်လို့ လူတိုင်းကသာ သူတို့ရဲ့ ဝိညာဉ်နယ်မြေ က ကျင့်ကြံသူ တွေလို... အထက်လူကြီး တွေကို ခြိမ်းခြောက် ခြယ်လှယ်နိုင်ပြီး ပုန်ကန်အောင် လုပ်နိုင်စွမ်း ရှိတဲ့ နည်းစနစ် တွေကို ပိုင်ဆိုင်ထားကြမယ် ဆိုရင်... လောကကြီး တစ်ခုလုံး ဖရိုဖရဲ ဖြစ်မသွားဘူးလား"
သေချာသည်မှာ... လူအများအပြား ကလည်း တိတ်ဆိတ်စွာ နေခဲ့ကြသည်။
လန်ယင်းယင်း မှာ ဤရလဒ် ကြောင့် အံ့အားသင့်သွားရသည်။ သူမ ဝမ်းသာနေသော်ငြားလည်း တစ်ချိန်တည်းမှာပင် အတော်လေး စိုးရိမ် ပူပန်နေမိတော့သည်။
သူမက ငါးမန်း ဘိုးဘေးကြီး ထံသို့ အသံလွှင့်ကာ ဆက်သွယ်လိုက်၏။
"ငါးမန်း ဘိုးဘေးကြီး... ဘာလို့ ဒီ ဘိုးဘေးကြီး တွေက ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ တွေ ဒီ စွမ်းရည် ကို ပိုင်ဆိုင်ထားတာကို ဒီလောက်တောင် မုန်းတီးနေရတာလဲ ဟင်။ အကယ်လို့ ကျွမ်မတို့သာ ဒါကို ကျွမ်းကျင်အောင် လုပ်နိုင်မယ် ဆိုရင်... ငါတို့ရဲ့ ဘေးကင်းရေး အတွက် နောက်ထပ် အကာအကွယ် အလွှာ တစ်ခု ထပ်တိုးသွားတာ မဟုတ်ဘူးလား"
"ကောင်မလေး... မင်းတို့ ရေသူမ မျိုးနွယ် တွေ ဘာလို့ မျိုးတုံး သွားရလဲ ဆိုတာကို မင်း မသိဘူးလား"
လန်ယင်းယင်း က ခေါင်းခါယမ်းပြလိုက်သည်။
ငါးမန်း ဘိုးဘေးကြီး က ဘာမှ ထပ်မပြောတော့ချေ။
ဓားဘိုးဘေးကြီး နှင့် အခြားသူများက ကောင်းကင်ယံကို မော့ကြည့်နေကြ၏။
အခြား တစ်ဖက်ရှိ လူသုံးယောက်မှာ တစ်ခုခုကို ဆွေးနွေး တိုင်ပင်နေကြပုံ ရပြီး... သူတို့ကို ရံဖန်ရံခါ လှမ်းကြည့်နေကြသဖြင့် ၎င်းက သူတို့အပေါ် အလွန်တရာ ကြီးမားသော ဖိအားများကို သက်ရောက်စေသည်။
အကယ်၍ လူတစ်ယောက်တည်း သာ ဖြစ်ခဲ့မည် ဆိုပါက ပြဿနာ မရှိသော်ငြားလည်း... ကောင်လေး နင် က ထို နည်းစနစ် ကို သင်ကြားပေးလိုက်ပြီးနောက်တွင်... ထိုနေရာရှိ လေထု အခြေအနေမှာ အနည်းငယ် ပြောင်းလဲသွားပုံ ရသည်။
သောက်ကျိုးနည်း... ဒီ တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူ တွေက ကျယ်ပြန့်သော ကမ္ဘာ ကို လာတိုက်ဖို့ ရောက်လာတာလား... ဒါမှမဟုတ် သူတို့ကို သစ္စာဖောက်ဖို့ ရောက်လာကြတာလား။
နင်ချီ အမြန်ဆုံး ပြန်လာပါစေ လို့သာ ဓားဘိုးဘေးကြီး ဆုတောင်းနေရုံသာ တတ်နိုင်တော့သည်။ သို့မဟုတ်ပါက သူ ဆက်ပြီး တောင့်ခံထားနိုင်တော့မည် မဟုတ်ချေ။
ထိုသို့ တွေးတောနေစဉ်မှာပင်... ဓားဘိုးဘေးကြီး သည် ကောင်းကင်ယံမှ လူသုံးယောက် တဟုန်ထိုး ဆင်းသက်လာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရပြီး၊ အရပ် မျက်နှာ သုံးခု မှ တြိဂံ ပုံသဏ္ဌာန် ဖွဲ့စည်းကာ... သူတို့၏ နယ်မြေ သုံးခု စစ်တပ်ကြီးကို လုံးလုံးလျားလျား ပိတ်ဆို့ ဝိုင်းရံလိုက်ကြတော့၏။
ဓားဘိုးဘေးကြီး က ချီခယ်ချင်း နှင့် ကျူးယန့်ချွမ်း ထံသို့ အသံလွှင့်ကာ ဆက်သွယ်လိုက်သည်။
"မိတ်ဆွေတို့... ကြည့်ရတာ တစ်ဖက်လူတွေ က ငါတို့ကို အလွတ်ပေးမယ့် ရည်ရွယ်ချက် မရှိပုံ ရတယ်
ချီခယ်ချင်း က ပြုံးလိုက်ပြီး ဆိုလိုက်၏။
"ဒါတွေ အားလုံးက ခယ်ချင်း ရဲ့ အပြစ်တွေပါ။ အကယ်လို့ ငါတို့သာ အရှင်သခင် နင် ရဲ့ နောက်ကို မလိုက်ခဲ့ဘူး ဆိုရင်... ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး"
ကျူးယန့်ချွမ်း နှင့် အခြားသူများက ခေါင်းညိတ်ပြလိုက်ကြပြီး...
"ကံမကောင်းစွာနဲ့ပဲ... ငါတို့ ထွက်သွားချင်ရင်တောင်မှ ထွက်သွားလို့ မရတော့ဘူးလေ။ အခုတော့ မင်းတို့ရဲ့ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကိုပါ ဒီပြဿနာ ထဲ ဆွဲသွင်းမိသလို ဖြစ်သွားပြီ"
ဓားဘိုးဘေးကြီး ကတော့ အတော်လေး ဂရုမစိုက်သော အမူအရာ ရှိနေသည်။
"ဘာလို့ အဲဒီလိုတွေ ပြောနေရတာလဲ။ ငါတို့ အတူတူ အလုပ်လုပ်လာခဲ့တာ ဒီလောက် ကြာနေပြီပဲ... မင်းတို့ကို ဒီတိုင်း ပစ်ထားခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ။ ကောင်းပြီလေ... ဒီလောက်နဲ့ပဲ ရပ်လိုက်ကြစို့... ဒီ အဘိုးကြီး တွေက ငါတို့ကို စပြီး တိုက်ခိုက်တော့မယ်"
သူက ရုတ်တရက် ပြုံးလိုက်ပြီး ဆိုလိုက်၏။
"ငါ မေ့လုနီးပါး ဖြစ်သွားတယ်။ ငါတို့ အားလုံးက ဝါရင့် ကျင့်ကြံသူ ကြီးတွေ ဖြစ်နေပြီ ဆိုပေမဲ့... သူတို့နဲ့ ယှဉ်ကြည့်လိုက်ရင်တော့ ငါတို့က လူငယ်လေး တွေပဲ ရှိသေးတာကိုး"
အခန်း (၈၆၄) - ကောင်းကင်ကြာပန်း
ချီခယ်ချင်း နှင့် ကျူးယန့်ချွမ်း တို့ နှစ်ဦးစလုံး ပြုံးလိုက်ကြသည်။
ထို သုံးဦးမှာ တည်ကြည် လေးနက်စွာဖြင့် မတ်တတ် ရပ်လိုက်ကြပြီး၊ တြိဂံ ဖွဲ့စည်းပုံ တစ်ခုကို ဖန်တီးကာ... သုံးဖက်ညှပ် တိုက်ခိုက်လာမည့် တာအို များကို ရင်ဆိုင်လိုက်ကြတော့၏။
သူ၏ လက်အောက်ငယ်သား ကျင့်ကြံသူ များ အားလုံးမှာလည်း အကြောက်တရား ကင်းမဲ့ပြီး ရက်စက် ကြမ်းကြုတ်ကြသည်။
"သူတို့ကို ဖမ်းပြီး... ဒီ နည်းစနစ် ကို ဖော်ထုတ်အောင် အတင်းအကျပ် ဖိအားပေးကြ" ဟု ချီရှန်းလင် က တိတ်တဆိတ် အသံလွှင့်ကာ ညွှန်ကြားလိုက်၏။
လျိုဖူဖျင် ၏ မျက်လုံးများ တလက်လက် တောက်ပသွားပြီး၊ ကောင်းချိုး မှာမူ လုံးဝ ဂရုမစိုက်ပုံ ရသည်။
သို့သော် စည်းမျဉ်း စွမ်းအား များက ထို သုံးဦးစလုံး ၏ ခန္ဓာကိုယ် အတွင်းမှ တစ်ပြိုင်နက်တည်း ရုတ်တရက် တဟုန်ထိုး ထွက်ပေါ်လာတော့၏။
မတူညီသော စည်းမျဉ်း သုံးခု က ဟင်းလင်းပြင် ကို တုန်လှုပ်သွားစေပြီး၊ မျက်စိတစ်မှိတ် အတွင်း 'စွမ်းအား သုံးပါး ချိတ်ပိတ်ခြင်း အခင်းအကျင်း' တစ်ခုကို ဖန်တီးလိုက်တော့၏။... ဓားဘိုးဘေးကြီး နှင့် အခြားသူများကို ထိုအထဲတွင် ပိတ်လှောင်ထားလိုက်ပြီး သူတို့ကို အဆက်မပြတ် ညှစ်ချေနေတော့သည်။
ခပ်လှမ်းလှမ်းမှ ကြည့်မည် ဆိုပါက... နယ်နိမိတ် အတွင်း၌ နံရံကြီး သုံးခု ပေါ်ထွက်လာပြီး အဆက်မပြတ် နီးကပ်လာနေသည့်အလား ထင်မှတ်ရသည်။
ဓားဘိုးဘေးကြီး နှင့် အခြားသူများမှာ အလွန်တရာ ထိတ်လန့် ကြောက်ရွံ့သွားကြတော့၏။
တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ဘိုးဘေးကြီး သုံးဦး က သူတို့ကို တစ်ပြိုင်နက်တည်း ပစ်မှတ်ထားကာ... ဤ စွမ်းအား သုံးပါး ချိတ်ပိတ်ခြင်း အခင်းအကျင်း ကို တပ်ဆင်လိုက်ခြင်း ပင်။ ဟင်းလင်းပြင် ကို အဆက်မပြတ် ညှစ်ချေကာ သူတို့၏ ဖွဲ့စည်းပုံ များကို ဖျက်ဆီးပစ်နေတော့သည်။
အကယ်၍ သူတို့သည် ကောင်းကင်ကြာပန်း ပြောင်းပြန် ခုတ်ပိုင်း ဓား နည်းစနစ်ကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြုချင်လျှင်တောင်မှ ယခုအခါ လုံးဝ လုပ်ဆောင်၍ မရနိုင်တော့ချေ။
ဓားဘိုးဘေးကြီး သည် သူ၏ ဓားကို အဆက်မပြတ် လွှဲယမ်း ခုတ်ပိုင်းနေပြီး၊ လူတိုင်းက သူ့နောက်မှ လိုက်ပါကာ သုံးဖက်မြင် အခင်းအကျင်း နံရံကြီး ကို ဗုံးကြဲ တိုက်ခိုက်နေကြတော့၏။
ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် ထို သုံးဦး၏ စွမ်းရည်များမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် အားဖြည့်ပေးနေပုံ ရပြီး... သူပင်လျှင် ၎င်းတို့ကို အနည်းငယ်မျှပင် တုန်လှုပ်သွားအောင် မလုပ်နိုင်ခဲ့ချေ။
ဓားဘိုးဘေးကြီး က ရုတ်တရက် ဆုံးဖြတ်ချက် တစ်ခုကို ချက်ချင်း ချလိုက်ပြီး ချီခယ်ချင်း နှင့် အခြားသူများကို လှမ်း၍ မှာကြားလိုက်၏။
“မင်းတို့ အားလုံး သူတို့ကို ဦးဆောင်ပြီး နောက်ဆုတ်သွားကြ... ပြီးတော့ ငါနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေဖို့ ကြိုးစားကြ”
"မင်း ဘာလုပ်မလို့လဲ"
ဓားဘိုးဘေးကြီး က သူ၏ နဖူးကို ပွတ်သပ်ကာ ရယ်လိုက်ပြီး...
"ဘာမှ မဖြစ်ပါဘူး။ ငါ့ဆီမှာ နောက်ထပ် လှည့်ကွက် တစ်ခု ကျန်သေးတယ်။ အကယ်လို့ သူတို့က သေချင်နေတယ် ဆိုရင်လည်း လာခဲ့လေ။ အဆိုးဆုံး ကတော့... ဒီ စစ်မြေပြင်နယ်မြေ ကြီးကို ငါတို့ ဖျက်ဆီးပစ်လိုက်ရုံပဲ ရှိတာပေါ့"
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း အလွန်တရာ အံ့အားသင့်သွားကြတော့သည်။
သို့သော် ယခုအခါ ၎င်းထက် ပိုမို ကောင်းမွန်သော အခြား နည်းလမ်း လုံးဝ မရှိတော့ချေ။
မှော် နံရံကြီး သုံးခု ဆက်လက် ကျုံ့ဝင်လာသည်နှင့်အမျှ... ဓားဘိုးဘေးကြီး သည် ရုတ်တရက် လေထဲသို့ ပျံတက်သွားပြီး လူအုပ်ကြီးနှင့် ဝေးရာသို့ ထွက်ခွာသွားတော့၏။
သူက ထောင့်တစ်နေရာတွင် ရှိနေသော ချီရှန်းလင် ဆီသို့ တန်းတန်းမတ်မတ် တဟုန်ထိုး ပြေးဝင်သွားသည်။
ချီရှန်းလင် သည် ဓားဘိုးဘေးကြီး ၏ အမြဲတမ်း တည်ကြည် လေးနက်နေလေ့ ရှိသော မျက်နှာပေါ်တွင်... မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်လွင်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ နှလုံးသားများ တဒိတ်ဒိတ် ခုန်လာသည်ကို ခံစားလိုက်ရတော့သည်။
သူသည် ဓားဘိုးဘေးကြီး ၏ ယခင် နည်းလမ်းများ ကြောင့် အလွန်တရာ ထိတ်လန့် ကြောက်ရွံ့နေခဲ့ပြီ ဖြစ်ရာ... လျိုဖူဖျင် နှင့် ကောင်းချိုး ထံသို့ အသံလွှင့်ကာ ချက်ချင်း ဆက်သွယ်လိုက်၏။
"ဒါ မဟန်ဘူး... ကြည့်ရတာ သူက ငါတို့ကို တိုက်ခိုက်ဖို့ နည်းလမ်းတွေ ရှိနေသေးပုံ ရတယ်"
လျိုဖူဖျင် နှင့် ကောင်းချိုး တို့မှာ သူတို့၏ စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်ကြပြီး... ချီရှန်းလင် မှာ တောင်ပို့ကို တောင်လောက် ထင်နေသည်ဟုသာ ခံစားနေကြရလေ၏။
အကယ်၍ တစ်ဖက်လူက အရင်က မှော်ဓား ကိုတောင် မသုံးနိုင်တော့ဘူး ဆိုလျှင်... ပူးပေါင်း တိုက်ခိုက်မှု တစ်ခုနှင့် သင့်ကို ဘာလုပ်နိုင်မည်လဲ။
ချီရှန်းလင် သည် ဓားဘိုးဘေးကြီး သူ့ဆီသို့ ပျံသန်းလာသည်ကို မြင်လိုက်ရသောအခါ... ဓားဘိုးဘေးကြီး ၏ နဖူးမှနေ၍ အရောင်ငါးမျိုး အလင်းတန်းများ ဖြာထွက်လာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။
ပို၍ ကြောက်စရာ ကောင်းသည်မှာ... ၎င်းထဲမှနေ၍ ထူးဆန်းသော မီးခိုးရောင် စွမ်းအင်များ ထွက်ပေါ်လာနေခြင်း ပင် ဖြစ်သည်။
ကျောချမ်းစရာ ကောင်းသော မီးခိုးရောင် စွမ်းအင်များ လျှံကျလာသည့် အခိုက်အတန့်က စပြီး... ချီရှန်းလင် မှာ လုံးဝ တုန်လှုပ်သွားတော့၏။
"အဲဒါ ဘာကြီးလဲ”
ဓားဘိုးဘေးကြီး က ရူးသွပ်စွာ ရယ်လိုက်သည်။
"ဒါက မင်းကို ငရဲပြည် ပို့ပေးမယ့် အရာပဲ၊ ဟဲဟဲ"
မှော် အခင်းအကျင်း ၏ အတွင်းဘက်တွင် ပင်လျှင်... သူ့ထံမှ ဖြာထွက်နေသော အရှိန်အဝါ များမှာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေရန် လုံလောက်လှသည်။
ဤနယ်မြေ အတွင်း၌ ကောင်းကင်နှင့် မြေကြီး ၏ စည်းမျဉ်း များ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာကြလေပြီ။... နယ်နိမိတ် နံရံ ပေါ်တွင် ထောင်ပေါင်းများစွာသော မင်္ဂလာ အလင်းတန်းများ ရစ်သိုင်းလာကာ၊ ထူးဆန်းသော တိမ်မည်း ကြီးများလည်း ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ကျင့်ကြံသူ များ အားလုံး၏ မှော်လက်နက် များမှာ တချွင်ချွင် မြည်နေကြသည်။
ကောင်းကင်ယံတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပြောင်းလဲမှုကြီး ကို မြင်လိုက်ရသောအခါ... ပေါင်းစည်းခြင်း နယ်ပယ် နှင့် အောက်ခြေ အဆင့် ကျင့်ကြံသူ များမှာ မတုန်မလှုပ် ရှိနေကြဆဲ ဖြစ်သော်ငြားလည်း... တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူ အားလုံးမှာမူ နေရာမှ ခုန်ထမတတ် ဖြစ်သွားကြတော့၏။
"တာအို ရဲ့ ကောင်းကင်မိုးကြိုး လား"
"ဒုက္ခပဲ... အဲဒီကောင် က ဒီနေရာမှာတင် အဆင့်တက် ဖို့ ကြိုးစားနေတာပဲ"
"ဒီလို ကောင်းကင်မိုးကြိုး မိုးကြိုး မျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ အဲဒါတွေ စုစည်းလာတာကို မြင်ရုံနဲ့တင် စိတ်မသက်မသာ ဖြစ်ရတယ်"
ယခုလေးတင် ပွဲကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့ကြသော တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)အလယ်အလတ် အဆင့် ကျင့်ကြံသူ များမှာ ယခုအခါ တည်ငြိမ်အောင် နေရန် အလွန်တရာ ခက်ခဲနေကြလေပြီ။
သူတို့သည် ဓားဘိုးဘေးကြီး ကို သွားရောက် တားဆီးရန် ပြင်လိုက်စဉ်မှာပင်... ရုတ်တရက် ကောင်းကင်နှင့် မြေကြီး ၏ ပြောင်းလဲမှုများ အားလုံးမှာ ပြောင်းပြန် လည်သွားပြီး လွင့်စင် ပျောက်ကွယ်သွားတော့သည်။
လူတိုင်း၏ နှလုံးသားထဲတွင် ယခုလေးတင်မှ ဖြစ်ပေါ်လာခဲ့သော တင်းမာမှုများမှာ ချက်ချင်း ပြေလျော့သွားတော့၏။
သူတို့က ဓားဘိုးဘေးကြီး ရှိရာဆီသို့ လှမ်းကြည့်လိုက်ရာ... သူ၏ ရှေ့တွင် အဖြူရောင် ဝတ်ရုံနှင့် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ကြရသည်။
အဖြူရောင် ဝတ်ရုံနှင့် ပုံရိပ်တစ်ခုမှာ ချီရှန်းလင် နှင့် သူ၏ အဖော်များ ဖန်တီးထားသော စွမ်းအား သုံးပါး ချိတ်ပိတ်ခြင်း အခင်းအကျင်း ၏ အတွင်းဘက်သို့ ရုတ်တရက် ပေါ်ထွက်လာခဲ့ခြင်း ပင် ဖြစ်၏။
ဓားဘိုးဘေးကြီး ၏ တဟုန်ထိုး ပြေးဝင်လာသော ပုံရိပ်မှာ အဖြူရောင် ဝတ်ရုံနှင့် ပုံရိပ် ကို ဝင်တိုက်မိသွားသဖြင့်... သူ အနည်းငယ် ယိုင်နဲ့သွားတော့သည်။
သူ ခေတ္တမျှ အံ့အားသင့်သွားပြီးနောက်... သူ့ရှေ့ရှိ လူက ပြုံးကာ သူ့ကို ပြောလိုက်သည်ကို တွေ့လိုက်ရသည်။
"ခင်ဗျား အရွယ်ကြီး နဲ့ အခုထိ ကလေးဆန် တုန်းပဲလားဗျာ"
ချီရှန်းလင် တို့ သုံးဦးမှာ ပြူးကျယ်သော မျက်လုံးများဖြင့် စူးစိုက် ကြည့်နေကြပြီး... သူတို့ မြင်တွေ့နေရသည့် အရာကို သူတို့ကိုယ်တိုင်ပင် သံသယ ဝင်နေမိကြတော့သည်။
‘ဘာလို့ တစ်စုံတစ်ယောက်က ငါတို့ရဲ့ ကြီးမားလှတဲ့ အခင်းအကျင်း ကြီးကို ချိုးဖျက်ပြီး အတွင်းဘက်ကို တိုက်ရိုက် ဝင်ရောက်လာနိုင်ရတာလဲ။
သူကများ နင်ချီ ဖြစ်နေမလား’