အခန်း (၁-၂)
Vol. 1 Ch. 1-2
အပိုင်း(၁)
"ကျန်းလျို... ဒါက ဆားကြမ်းတစ်ဆုပ်ပဲ… ဒီည မင်းရဲ့တာဝန်က ဒါကို စားပွဲတင်ဆားဖြစ်အောင် သန့်စင်ဖို့ပဲ… မင်းအဖေက မင်းကို ငါ့ဆီမှာ ဟင်းချက်သင်ခိုင်းကတည်းက ဟင်းခတ်အမွှေးအကြိုင်တွေအကြောင်း အရင်စသင်ရမယ်… အပြင်က စားသောက်ဆိုင်တွေက ဧည့်သည်တွေကို ဘယ်လိုဆွဲဆောင်နေလဲဆိုတာ ငါဂရုမစိုက်ဘူး… ငါပြောမယ်…အဆင့်သုံး စားဖိုမှူးတွေကမှ ဟင်းခတ်အမွှေးအကြိုင်တွေကို ပွစိတက်နေအောင် သုံးကြတာ… အဆင့်တစ် ထိပ်တန်းစားဖိုမှူးတွေကတော့ ဆားတစ်မျိုးတည်းကိုပဲ သုံးတယ်..."
အညစ်အကြေးကင်းစင်သော စားဖိုမှူးဝတ်စုံနှင့် ခေါင်းလောင်းပုံဦးထုပ်ရှည်ကို ဆောင်းထားသည့် အရပ်မောင်းကောင်းကောင်းနှင့် လူတစ်ဦးက တင်းမာသော မျက်နှာထားဖြင့် ဆိုလိုက်လေသည်။
"ဆားကြမ်းကနေ စားပွဲတင်ဆားဖြစ်ဖို့ဆိုရင် သန့်စင်တာတို့ … အညစ်အကြေးတွေကို စစ်ထုတ်တာတို့ လုပ်ရတယ်..."
ကောင်လေး၏ရှေ့မှောက်တွင် စစ်ထုတ်ရန်စက္ကူများ၊ ဓာတုဗေဒသုံးဖန်အိုးများနှင့် ဖန်ခွက်များချထားလျက်ရှိသော်လည်း၊ သူကား လက်ထဲရှိ စမတ်ဖုန်းကိုသာ ကိုင်ဆောင်လျက် လိုအပ်သော အချက်အလက်များကို ရှာဖွေနေခဲ့၏။ ထိုစဉ် အသံမက်ဆေ့ချ်တစ်ခု ဝင်ရောက်လာလေသည်။
"အစ်ကိုလျို…မြန်မြန် လော့ဂ်အင် ဝင်ခဲ့တော့လေ…ဒီည ငါတို့တွေ ဖိုင်နယ်ဘော့စ်ကြီးဖြစ်တဲ့ နွားမိစ္ဆာဘုရင် ကို သွားချကြမလို့ …မင်းမပါရင် မဖြစ်ဘူးကွ"
…
အလင်းရောင်မှိန်ပျပျရှိသော အင်တာနက်ကဖေးဆိုင်လေးအတွင်းရှိ စားပွဲပေါ်၌ ရေသန့်ဘူးခွံသုံးဘူးကို တင်ထားလျက်ရှိ၏။ လူငယ်လေး၏ မျက်လုံးများမှာ နီရဲလျက်ရှိသော်ငြားလည်း ကွန်ပျူတာစခရင်ထက်သို့ စိတ်လှုပ်ရှားစွာ စူးစိုက်ကြည့်ရှုနေလေသည်။ ဂိမ်းထဲရှိ ဘော့စ်ကြီး၏ သွေးတန်းလေး ကုန်ခန်းလုနီးပါး ဖြစ်နေသည်ကို မြင်တွေ့ရချိန်တွင် သူ၏စိတ်အစဉ်မှာ အတိုင်းမသိ ကြည်နူးတက်ကြွနေခဲ့သည်။
နောက်ဆုံးတွင် ဘော့စ်ကြီး လဲကျသွားချိန်၌ အလင်းတန်းများ အရပ်မျက်နှာအနှံ့ ပျံ့ကျဲထွက်ပေါ်သွားခဲ့လေ၏။ ထိုအခါမှသာ ကောင်လေး၏ တင်းမာနေသော အာရုံကြောများမှာ ရုတ်တရက် လျော့ကျသွားပြီး မျက်လုံးအစုံ ပြာဝေကာ သတိလစ်မေ့မြောသွားခဲ့တော့သည်။
...
အောက်အီးအီးအွတ်...
တစ်ဝက်တစ်ပျက် နိုးကြားနေချိန်၌ ခပ်သဲ့သဲ့ ကြားလိုက်ရသော မိုးလင်းကြက်တွန်သံကြောင့် ကျန်းလျိုသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ ထိုင်လိုက်လေသည်။
သူ၏အကြည့်တို့က ပြတင်းပေါက်မှတစ်ဆင့် ပြင်ပသို့ ရောက်ရှိသွားရာ ကောင်းစွာမလင်းတလင်း အနေအထားရှိ ရှုခင်းကို မြင်တွေ့လိုက်ရ၏။ တောင်တန်းများနှင့် သစ်ပင်များ၏ ပုံရိပ်များကို ရေးရေးမျှသာ မြင်တွေ့နေရသဖြင့် သူသည် သက်ပြင်းတစ်ချက်ကို ချလိုက်မိလေသည်။
'ငါ ဒီကမ္ဘာကို ရောက်နေတာ လဝက်လောက်တောင် ရှိနေပြီပဲ... ခေတ်သစ်ကမ္ဘာကို ပြန်ရောက်များရောက်မလားလို့ မျှော်လင့်နေတုန်းပဲလား'
အမှောင်ထဲတွင် စမ်းတဝါးဝါးဖြင့် ဆီမီးခွက်လေးတစ်ခုကို ထွန်းညှိလိုက်ရာ၊ မှိန်ဖျော့သော အလင်းရောင်လေးသည် ကျောင်းဆောင်အတွင်းရှိ အမှောင်ထုကို အနည်းငယ်မျှသာ ဖယ်ရှားပေးနိုင်ခဲ့သည်။
မီးရောင်၏အလင်းဖြင့် ကျောင်းဆောင်အတွင်းရှိ ပစ္စည်းများကို ကြည့်ရှုလိုက်ရာ အလွန်ပင် ရိုးရှင်းလှကြောင်း တွေ့ရ၏။ သစ်သားပြားများဖြင့် ပြုလုပ်ထားသော ကုတင်တစ်လုံး၊ ထိုကုတင်၏ ခြေရင်းတစ်ဖက်မှာ တိုနေသဖြင့် ကျောက်ခဲတစ်ခုဖြင့် ခုထားရသည်။ ထို့ပြင် စားပွဲတစ်လုံးနှင့် အမြင်မလှသော ဝါးဖြင့်ရက်လုပ်ထားသည့် ထိုင်ခုံတစ်ခုံ...
သူသည် ကုတင်ခေါင်းရင်းရှိ အရောင်လွင့်နေသော မီးခိုးနုရောင် ကိုရင်ဝတ်စုံကို ကောက်ယူဝတ်ဆင်လိုက်သည်။ ထို့နောက် ကုတင်အောက်ရှိ မြေအိုးလေးထဲမှ ဖြူဖွေးနေသော ဆားအနည်းငယ်ကိုယူ၍ ဝါးခွက်ထဲသို့ထည့်ကာ ဆားရည်ဖြင့် ပလုတ်ကျင်းလိုက်လေသည်။
အခြားရွေးချယ်စရာ မရှိပေ။ ဤကမ္ဘာတွင် သွားတိုက်ဆေးနှင့် သွားတိုက်တံများ မရှိသောကြောင့် သွားနှင့်ခံတွင်း သန့်ရှင်းရေးအတွက် ဆားရည်ကိုသာ အားထားရပေသည်။
မူလကမ္ဘာတွင် သူသည် အလုပ်သင် စားဖိုမှူးလေးတစ်ဦးသာ ဖြစ်ခဲ့သည်။ မိတ်ဆွေတစ်ဦး၏ ဆွဲခေါ်မှုကြောင့် အင်တာနက်ကဖေးဆိုင်၌ ညလုံးပေါက် ဂိမ်းကစားခဲ့ရာမှ၊ မမျှော်လင့်ဘဲ တစ်ညတာ တိုက်ပွဲအပြီး မျက်လုံးပြန်ဖွင့်လာချိန်တွင် ဤနေရာသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။
ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ လဝက်ခန့်ကြာမြင့်လာပြီဖြစ်ရာ အစပိုင်းတွင် လက်ခံရန် ခက်ခဲခဲ့သော်လည်း ယခုအခါ၌မူ နေသားတကျဖြစ်လာခဲ့ပေပြီ။ ထို့ကြောင့်ပင် ကျန်းလျိုသည် သူရောက်ရှိနေသော ကမ္ဘာအကြောင်းကို ကောင်းစွာ နားလည်သဘောပေါက်နေပြီ ဖြစ်လေသည်။
သူရောက်ရှိနေသော နေရာမှာ လူအနည်းငယ်သာ နေထိုင်သည့် ကျင်းဆန်းကျောင်းတော်ဟုခေါ်ဆိုသော ဟောင်းနွမ်းဆွေးမြေ့နေသည့် ကျောင်းငယ်လေးတစ်ခုပင် ဖြစ်၏။
ထိုကျောင်းတော်သည် ဘုရားဖူးများကြားတွင် ထင်ရှားကျော်ကြားမှု မရှိသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် သူကိုယ်တိုင် ဟင်းသီးဟင်းရွက်ခင်းများနှင့် စိုက်ခင်းများကို လုပ်ကိုင်ထားသဖြင့် စားဝတ်နေရေးအတွက် ဖူလုံမှုရှိပေသည်။
သို့ရာတွင် အင်တာနက်သုံး၍ ဂိမ်းကစားရန်မှာမူ လုံးဝမဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယခု သူရောက်ရှိနေသည့် အချိန်ကာလမှာ ထန်မင်းဆက်ခေတ်ဖြစ်ပြီး၊ လက်ရှိအုပ်စိုးနေသော ဧကရာဇ်မှာလည်း အခြားသူမဟုတ်၊ လီရှစ်မင် ကိုယ်တိုင်ဖြစ်နေသောကြောင့်တည်း။
အကယ်၍ သူသာ နောက်ထပ် နှစ်တစ်ထောင်ခန့် အသက်ရှင်နေထိုင်နိုင်မည်ဆိုပါက အင်တာနက်ခေတ်ကြီး စတင်လာသည်ကို မြင်တွေ့နိုင်ကောင်း မြင်တွေ့ရပေမည်။
ကျန်းလျို ခေါင်းကိုခါယမ်းလိုက်ရင်း ပလုတ်နှစ်ကြိမ်ခန့် ထပ်ကျင်းကာ ကျန်ရှိနေသော ဆားရည်များကို ထွေးထုတ်လိုက်လေသည်။ သူ လွင့်မျောနေသော စိတ်အစဉ်ကို စုစည်းလိုက်ပြီးနောက် မီးဖိုချောင်ဘက်သို့ ထွက်လာခဲ့သည်။ ထို့နောက် ယမန်နေ့ညကတည်းက နယ်ထားသော ဂျုံများကိုယူ၍ ကြက်သွန်မိတ်များစာသွတ်ကာ ပေါင်းအိုးအတွင်း၌ ဖြည်းညှင်းစွာ ပေါင်းထားလိုက်သည်။
ထို့နောက်တွင်မူ ကျောက်ဆုံကို သေချာစွာပြင်ဆင်ပြီး ညကတည်းက စိမ်ထားခဲ့သော ပဲပိစပ်များကို ဂရုတစိုက် စတင်ကြိတ်ချေပါတော့သည်။
ကျင်းဆန်းကျောင်းတော်သို့ မထင်မှတ်ဘဲ ရောက်ရှိလာပြီးနောက်ပိုင်း သူ၏တာဝန်မှာ ကျောင်းတော်၌ အထွေထွေအလုပ်ကြမ်းများကို လုပ်ကိုင်ရသော ကိုရင်လေးတစ်ပါးအဖြစ် ရပ်တည်ကာ ဆွမ်းကွမ်းကိစ္စများကို စီစဉ်ချက်ပြုတ်ပေးရန်ပင် ဖြစ်ပေသည်။
ခေတ်သစ်ကမ္ဘာတွင် အလုပ်သင် စားဖိုမှူးတစ်ဦးသာ ဖြစ်ခဲ့သော်ငြား၊ ဤခေတ်ကာလနှင့် နှိုင်းယှဉ်ပါက သူ၏ဟင်းချက်လက်ရာမှာ အလွန်ပင် ကောင်းမွန်လွန်းလှပေသည်။
ဥပမာအားဖြင့် သူ နေထိုင်သည့် ကျောင်းဆောင်ရှိ ဆီမီးခွက်ဆိုလျှင် သူချက်ပြုတ်ဆက်ကပ်သော ဆွမ်းဟင်းများ အရသာရှိလွန်းသဖြင့် ကျောင်းထိုင်ဆရာတော်ကြီးက ဆုချီးမြှင့်ထားခြင်းဖြစ်သည်။ ကျောင်းထိုင်ဆရာတော်ကြီးနှင့် သူမှလွဲ၍ ကျောင်းတော်ရှိ မည်သူ့ထံတွင်မျှ ထိုကဲ့သို့သော ဆီမီးခွက်မျိုး မရှိပေ။
ဒေါင်... ဒေါင်... ဒေါင်...
တစ်နာရီခန့် အလုပ်များနေပြီးချိန်၌ ကျောင်းတော်အတွင်းရှိ အခြားသော ဘုန်းကြီးများလည်း နိုးထလာကြပြီ ဖြစ်သည်။
ကျောင်းတော်၏ ရှေးဟောင်းခေါင်းလောင်းကြီးကို ထိုးခတ်လိုက်ချိန်တွင် မိုးစင်စင်လင်းနေပြီဖြစ်ပြီး၊ ခေါင်းလောင်းသံမှာ အဝေးဆီသို့ ပျံ့လွင့်သွားလေသည်။
ခေါင်းလောင်းသံသည် ကျောင်းတော်၏ တစ်နေ့တာ လုပ်ငန်းဆောင်တာများဖြစ်သော နံနက်ခင်း ဘုရားရှိခိုးခြင်း၊ နံနက်စာသုံးဆောင်ခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တရားဝင်စတင်ပြီဖြစ်ကြောင်း အချက်ပြလိုက်ခြင်းပင် ဖြစ်ပေသည်။
ရုပ်မြင်သံကြားဇာတ်လမ်းများထဲတွင် တွေ့ရတတ်သည့် တရားစာရွတ်ဖတ်ခြင်းနှင့် ဘုရားဖူးများအား ဧည့်ခံခြင်းကိုသာ ဆောင်ရွက်ရသော ဘုန်းကြီးများနှင့် ခြားနားစွာပင် ဤကျောင်းတော်မှ ဘုန်းကြီးများမှာမူ ဝမ်းစာရေးအတွက် လယ်ယာစိုက်ပျိုးရေးကိုပါ လုပ်ကိုင်ကြရပေသည်။ အနည်းဆုံးအားဖြင့် သူကူးပြောင်းရောက်ရှိလာသော ဤဟောင်းနွမ်းဆွေးမြေ့နေသည့် ကျင်းဆန်းကျောင်းတော်၌မူ ထိုသို့ပင် ဖြစ်ပေသည်။
ကျင်းဆန်းကျောင်းတော်၏ တောင်ခြေတွင် တောင်ပေါ်ရွာလေးတစ်ရွာရှိသော်လည်း ကျန်းလျိုသည် တစ်ကြိမ်တစ်ခါမျှ ဆင်းမသွားဖူးဘဲ တောင်ပေါ်မှနေ၍သာ လှမ်းမြင်ဖူးလေသည်။
နေ့စဉ် ခေါင်းလောင်းသံထွက်ပေါ်လာချိန်တိုင်းတွင် အောက်ဘက်ရှိ ရွာလေးမှာလည်း တဖြည်းဖြည်း သက်ဝင်လှုပ်ရှားလာတတ်သည်။ ခေါင်းလောင်းသံသည် ရွာသူရွာသားများအတွက် နှိုးစက်တစ်ခုပမာ ဖြစ်နေလေ၏။
တကယ်တမ်း၌မူ ခေါင်းလောင်းထိုးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျင်းဆန်းကျောင်းတော်မှ ဘုရားဖူးများကို လက်ခံရန် တံခါးဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အသိပေးခြင်းပင် ဖြစ်သည်။
သို့ရာတွင် ကျောင်းတော်သို့ ဘုရားဖူးများ မလာရောက်သည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။...
မကြာမီမှာပင် ပဲနို့များ ကျက်သွားပြီဖြစ်၍ ပန်းကန်လုံးငါးလုံးဖြင့် ခွဲထည့်လိုက်သည်။ ပန်းကန်တစ်လုံးစီတွင် ပဲနို့တစ်ခွက်နှင့် သက်သတ်လွတ်ပေါက်စီ နှစ်လုံးစီပါဝင်ပြီး ၎င်းမှာ လူတိုင်းအတွက် နံနက်စာပင် ဖြစ်လေသည်။
ခဏအကြာတွင် နံနက်ခင်း ဘုရားရှိခိုးပြီးစီးကြသော ဘုန်းကြီးများသည် တစ်ပါးပြီးတစ်ပါး ရောက်ရှိလာကြသည်။
ဦးဆောင်လာသူမှာ မုတ်ဆိတ်ဖြူများနှင့်အတူ ကြင်နာသနားတတ်သော ဟန်ပန်အမူအရာရှိသည့် ဆရာတော်ကြီးဖြစ်၏။ ထိုဆရာတော်ကား ကျောင်းထိုင်ဆရာတော် ဖာမင် ပင်ဖြစ်လေသည်။ ထို့ပြင်... ဖာရာများထပ်နေသည့် မီးခိုးနုရောင် သင်္ကန်းများကို ဝတ်ဆင်ထားသော ဘုန်းကြီးငယ် သုံးပါးနှင့် ကိုရင်လေး ကျန်းလျိုတို့ပါ ပါဝင်သဖြင့် ကျင်းဆန်းကျောင်းတော်ရှိ လူအားလုံး စုံလင်သွားပေပြီ။
"အားလုံး ဘုန်းပေးကြပါ"
ဆရာတော် ဖာမင် က နေရာတွင်ထိုင်ရင်း မိန့်ကြားလိုက်သည်။ ထို့နောက် ပဲနို့ကို တစ်ငုံသောက်လိုက်သည်နှင့် အခြားသော ဘုန်းကြီးများလည်း စတင်စားသောက်ကြလေတော့သည်။
"အင်း... လျိုအာ တစ်ယောက် လွန်ခဲ့တဲ့ လဝက်လောက်က ရေထဲကျသွားပြီးကတည်းက သူ့ရဲ့ ဟင်းချက်လက်ရာက တစ်နေ့တခြား ပိုပိုကောင်းလာတယ်... ဒီ မုန့်ပေါင်းတွေက တောင်ခြေရွာက လုပ်တဲ့ မုန့်တွေထက်တောင် ပိုစားကောင်းနေသေးတယ်"
"လျိုအာကို ကျောင်းမှာပဲ အမြဲတမ်းနေပြီး ဟင်းချက်ခိုင်းချင်တော့တာပဲ"
"ဒီပဲနို့ကလည်း အရသာရှိလိုက်တာ... ပဲနို့နဲ့ မုန့်ပေါင်းကတော့ တကယ်ကို အလိုက်ဖက်ဆုံးပဲ"
စားသောက်ပြီးစီးကြသည်နှင့် ဘုန်းကြီးများသည် ကျန်းလျို ပြင်ဆင်ပေးထားသော နံနက်စာကို ဝိုင်းဝန်းချီးမွမ်းကြလေတော့သည်။ သက်သတ်လွတ်ပေါက်စီနှင့် ပဲနို့ကဲ့သို့သော ရိုးရှင်းသည့် အစားအစာဖြစ်သော်ငြားလည်း ယခင်ကထက် များစွာပို၍ အရသာရှိနေသောကြောင့် ဖြစ်ပေသည်။
ကျင်းဆန်းကျောင်းတော်ရှိ ဘုန်းကြီးများအတွက်မူ ပြီးခဲ့သော လဝက်အတွင်း ဘုန်းပေးခဲ့ရသည့် ဆွမ်းဟင်းများသည် အသက်ဆက်ရန်သက်သက် မဟုတ်တော့ဘဲ အမှန်တကယ် အရသာရှိသော အစားအစာများဟူသည့် ခံစားချက်ကို ရရှိစေခဲ့သည်။
မုန့်ပေါင်းဟု ခေါ်ဆိုနေကြသည်မှာ တကယ်တမ်း၌ ပေါက်စီကို ဆိုလိုခြင်းဖြစ်သည်။ ထန်မင်းဆက်ခေတ်ကာလတွင် ထိုသို့ပင် ခေါ်ဝေါ်သုံးနှုန်းခဲ့ကြလေသည်။
"ပဲနို့နဲ့ ပေါက်စီက လိုက်ဖက်တယ်ဆိုပေမယ့်၊ တကယ့် အကောင်းဆုံး တွဲဖက်က အီကြာကွေးနဲ့ ပဲနို့ပဲ။ ကံဆိုးတာက ကျင်းဆန်းကျောင်းတော်ရဲ့ လက်ရှိအခြေအနေက အရမ်းဆင်းရဲနေတော့ အီကြာကွေးကြော်ဖို့ ဆီအများကြီး မသုံးရဲဘူး"
ဘေးနားရှိ ဘုန်းကြီးများ၏ ချီးမွမ်းသံများကို ကြားရသောအခါ ကျန်းလျိုသည် တိုးတိတ်စွာ ရေရွတ်လိုက်လေသည်။ အမှန်စင်စစ် အီကြာကွေးဟူသည်မှာ စုန့်မင်းဆက်ခေတ်သို့ ရောက်ရှိမှသာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။
"ကဲ တော်ကြတော့၊ စကားများရင် မောရုံပဲ ရှိမယ်... စားချိန် စကားမပြောနဲ့၊ အိပ်ချိန် စကားမပြောနဲ့"
ဆရာတော် ဖာမင် က အားလုံးအား လှမ်းကြည့်ကာ နှုတ်ပိတ်စေလိုက်သည်။ ဆရာတော်ကြီးသည် နံနက်စာကို အေးဆေးစွာ ဘုန်းပေးပြီးနောက် ပန်းကန်အလွတ်ကို ချထားလိုက်ပြီး သူ၏အကြည့်များကို ကျန်းလျိုထံသို့ လှည့်လိုက်လေသည်။
"လျိုအာ... မင်း ဒီနှစ် ဆယ့်ငါးနှစ် ပြည့်ပြီမလား"
"တင်ပါ့ဘုရား၊ တပည့်တော် ဒီနှစ် ဆယ့်ငါးနှစ် ပြည့်ပါပြီ"
ဆရာတော်ကြီးက သူ၏အသက်ကို အဘယ်ကြောင့် ရုတ်တရက် မေးမြန်းသည်ကို နားမလည်သော်လည်း ကျန်းလျိုသည် ခေါင်းညိတ်၍ ပြန်လည်လျှောက်ထားလိုက်သည်။
"အင်း... ဆယ့်ငါးနှစ်ဆိုတာ သာမန်မိသားစုတွေမှာဆိုရင် ဆံထုံးထုံးရမယ့် အရွယ်ရောက်ပြီပေါ့... စည်းမျဉ်းတွေအရဆိုရင် မင်း နံ့သာတိုင်ပူဇော်ပွဲကို တက်ရောက်သင့်ပြီ... နောက်လဝက်နေရင် မဟာဗုဒ္ဓကျောင်းတော်မှာ နှစ်စဉ်ကျင်းပနေကျ နံ့သာတိုင်ပူဇော်ပွဲ ရှိတယ်... အဲဒီအချိန်ကျရင် နောင်တော် ရွှမ်ခုန်းကို မင်းနဲ့အတူ လိုက်သွားခိုင်းလိုက်မယ်..."
***
အပိုင်း(၂)
"နံ့သာတိုင်ပူဇော်ပွဲ ဟုတ်လား..."
ဤစကားကို ကြားသောအခါ နံ့သာတိုင်ပူဇော်ပွဲဆိုသည်မှာ အဘယ်အရာကို ဆိုလိုမှန်း နားမလည်သော ကျန်းလျို၏ စူးစမ်းလိုသော မျက်လုံးများက ကျောင်းထိုင်ဆရာတော် ဖာမင်ထံသို့ ရောက်ရှိသွားလေသည်။
"ရေနစ်တဲ့ဒဏ်ကြောင့် မင်းတကယ်ပဲ မှတ်ဉာဏ်တွေ ပျောက်သွားပုံရတယ်... အများကြီးကို မေ့သွားတာပဲ"
ကျန်းလျို၏ စူးစမ်းနေသော အကြည့်ကို တုံ့ပြန်သည့်အနေဖြင့် ကျောင်းထိုင်ဆရာတော် ဖာမင် က သက်ပြင်းသဲ့သဲ့ချကာ ဆက်လက်ရှင်းပြလေ၏။
"မင်းလို ကိုရင်လေးတစ်ပါးက နံ့သာတိုင်ပူဇော်ပွဲကို မဖြတ်သန်းရသေးသရွေ့ ဗုဒ္ဓဘာသာဂိုဏ်းဝင်တစ်ယောက်လို့ သတ်မှတ်လို့ မရသေးဘူး…ဦးခေါင်းမှာ နံ့သာတိုင်အမာရွတ် ထင်းကျန်ရစ်တဲ့ ပူဇော်ပွဲကို ပြီးမြောက်မှသာ အစစ်အမှန် ဂိုဏ်းဝင်တစ်ယောက်အဖြစ် သတ်မှတ်လို့ရမှာ…"
ကျန်းလျို ခေါင်းညိတ်လိုက်သော်လည်း ကျောင်းထိုင်ဆရာတော် ဖာမင်၏ စကားကို စိတ်တွင်းမှနေ၍ ငြင်းဆန်လိုက်မိသည်။ ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာပြီးနောက် ရွေးချယ်စရာမရှိဘဲ ကျင်းဆန်းကျောင်းတော်၌ သောင်တင်နေခဲ့ရခြင်း ဖြစ်၏။ ဤကမ္ဘာအကြောင်းကိုလည်း ကောင်းစွာနားမလည်၊ သွားစရာ နေရာလည်း မရှိသောကြောင့် ဤနေရာ၌ပင် ယာယီနေထိုင်ရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။
ဘုန်းကြီးအစစ်ဖြစ်ရန်အတွက် နံ့သာတိုင်အပူခံ၍ အမာရွတ်အထင်းခံရမည်ဟူသော အကြောင်းကို ကြားလိုက်ရချိန်တွင် ကျန်းလျိုသည်တွန့်ဆုတ်ငြင်းဆန်လိုစိတ် ဖြစ်ပေါ်သွားခဲ့လေသည်။
ပထမအချက်အနေဖြင့် မည်သည့် အကြောင်းပြချက်မျှမရှိဘဲ မည်သူက ဘုန်းကြီးဝတ်လိုမည်နည်း။ ဘုန်းကြီးများသည် အသားစား၍မရ၊ အရက်သောက်၍မရသကဲ့သို့ အိမ်ထောင်ပြု၍လည်း မရနိုင်ပေ။ ဤသည်မှာ ခေတ်သစ်ကမ္ဘာရှိ ဘုန်းကြီးများကဲ့သို့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တစ်ခုသဖွယ် ဖြစ်နေခြင်းမျိုး လုံးဝမဟုတ်ပေ။
ဒုတိယအချက်မှာမူ သူသည် နာကျင်မှုကို ကြောက်ရွံ့ခြင်းပင် ဖြစ်လေသည်။ မှန်ပေသည်။ ဦးခေါင်းပေါ်၌ နံ့သာတိုင်မီးပူတိုက်၍ အမာရွတ်များ အထင်းခံရမည်ဟူသော အတွေးသည်ပင်လျှင် တွေးကြည့်ရုံဖြင့် ကြက်သီးထဖွယ် ကောင်းလှပေသည်။
သို့သော်လည်း သူသည် အပြင်ပန်းတွင်မူ တစ်စုံတစ်ရာမျှ ထုတ်ဖော်မပြခဲ့ပေ။ ထိုအစား ဤအခွင့်အရေးကို အသုံးချ၍ ကျောင်းတော်မှ ခိုးထွက်သွားလျှင် ကောင်းမည်လောဟု တိတ်တဆိတ် တွေးတောနေမိလေသည်။
သူ၏ ဟင်းချက်လက်ရာဖြင့်ဆိုလျှင် မိုင်နှစ်ဆယ်၊ သုံးဆယ်ခန့် ကွာဝေးသော ချန်အန်းမြို့တော်သို့ ဝင်ရောက်ကာ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်ဝင်လုပ်ပါက သေချာပေါက် အသက်ရှင်ရပ်တည်နိုင်မည် မဟုတ်ပါလော။
ငွေကြေးအနည်းငယ် စုဆောင်းမိသည်နှင့် ကိုယ်ပိုင်စားသောက်ဆိုင်လေးတစ်ခု ဖွင့်လှစ်ကာ၊ ဇနီးမယားတစ်ဦး ရယူလိုက်ပါက ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားမည်မှာ အသေအချာပင် ဖြစ်တော့သည်။
"လျိုအာ... မင်း..မင်း နံ့သာတိုင်ပူဇော်ပွဲကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ပြီး ဒီမှာပဲ ဆက်နေဖြစ်ဖို့ ငါမျှော်လင့်ပါတယ်ကွာ..."
ကျန်းလျိုတစ်ယောက် စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်ရှိနေပြီး အခြားဘဝတစ်ခုကို တမ်းတနေချိန်၌ပင် ဘေးနားရှိ အရပ်ပုပု၊ ဝဝဖိုင့်ဖိုင့် ဘုန်းကြီးတစ်ပါးက တိုးတိတ်သောအသံဖြင့် ရုတ်တရက် လှမ်းပြောလိုက်လေသည်။
"ဗျာ... နံ့သာတိုင်ပူဇော်ပွဲက ကျတာတွေဘာတွေ ရှိသေးလို့လား.."
ဤအမေးစကားကြောင့် ကျန်းလျို၏ အတွေးများ ပြတ်တောက်သွားပြီး ခေါင်းလှည့်ကာ သူ၏နောင်တော် ရွှမ်မင် ကို အံ့သြမယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်လေသည်။
"မင်း တကယ်ပဲ အကုန်မေ့သွားတာလား"
ကျန်းလျို၏ မျက်နှာအမူအရာကြောင့် ရွှမ်မင်မှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် တိုးတိုးလေး ရှင်းပြလေသည်။
"ဗုဒ္ဓက သတ္တဝါတွေအားလုံး တန်းတူညီမျှတယ်လို့ ဟောကြားခဲ့ပေမယ့်…ပါရမီစက် ရေစက်ပါတဲ့သူတွေကိုပဲ ကယ်တင်တာလေ…ဗုဒ္ဓနဲ့ ရေစက်ပါတဲ့သူတွေသာ နံ့သာတိုင်ပူဇော်ပွဲကို အောင်မြင်ပြီး ဘုန်းကြီးအစစ် ဖြစ်နိုင်တာ…အဲဒီလိုမဟုတ်ရင် အမာရွတ် တစ်ကွက်တောင် ထင်မှာမဟုတ်ဘဲ ကျောင်းကနေ ထွက်သွားရမှာပဲ…မင်းချက်တဲ့ ဟင်းတွေက အရမ်းစားကောင်းတာ…မင်းသာ ထွက်သွားရရင် ငါတကယ် လွမ်းနေရတော့မှာ…"
"ဟုတ်တယ်… ငါတို့ ဗုဒ္ဓဘာသာက ရေစက်ပါရမီကို အဓိကထားတာ… ဗုဒ္ဓဘာသာနဲ့ ရေစက်ပိုနက်ရှိုင်းလေ…နံ့သာတိုင် အမာရွတ် ပိုများများရလေပဲ…လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်းမှာ ကျင်းဆန်းကျောင်းတော်ကို ကိုရင်လေးတွေ ဆယ်ဂဏန်းလောက် ဝင်ထွက်သွားခဲ့ပေမယ့် နောက်ဆုံးတော့ ငါတို့သုံးပါးပဲ ကျန်ခဲ့တာ…"
ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနှင့် နောက်ထပ် နောင်တော်တစ်ပါးဖြစ်သော ရွှမ်ခုန်း ကပါ ဝင်ရောက်၍ တိုးတိတ်သောအသံဖြင့် ထပ်မံဖြည့်စွက်ပြောဆိုလေသည်။
စကားပြောနေစဉ် သူသည် သူ၏ဦးခေါင်းကို တမင်သက်သက် လက်ညှိုးထိုးပြလိုက်လေသည်။
ကျင်းဆန်းကျောင်းတော်တွင် အမာရွတ်နှစ်ကွက်ရှိသော ကျောင်းထိုင်ဆရာတော် ဖာမင် မှလွဲ၍ အခြားသော ဘုန်းကြီးငယ် သုံးပါးလုံး၏ ဦးခေါင်းပေါ်၌ အမာရွတ် တစ်ကွက်စီသာ ရှိကြပေသည်။
လွန်ခဲ့သောရက်များအတွင်းက ဘုန်းကြီးများ၏ ဦးခေါင်းပေါ်ရှိ အမာရွတ်များကို ကျန်းလျို သတိထားမိခဲ့သော်လည်း များစွာ အလေးအနက် မတွေးတောခဲ့မိပေ။ ၎င်းတို့သည် ဤမျှလောက် အရေးပါသော အဓိပ္ပာယ်များ ရှိနေလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။
"ဒါက ဘယ်လိုကမ္ဘာကြီးလဲ"
နံ့သာတိုင်ပူဇော်ပွဲအကြောင်းကို သိရှိသွားချိန်တွင်မူ ကျန်းလျိုသည် လုံးဝကို ဝေခွဲမရဖြစ်ကာ ကြောင်တောင်တောင် ဖြစ်သွားခဲ့လေတော့သည်။
ဧကရာဇ် လီရှစ်မင် အုပ်စိုးသော ထန်မင်းဆက်ခေတ်သို့ ရောက်ရှိနေကြောင်း သိရှိခဲ့ရကတည်းက ကျန်းလျိုသည် သူကိုယ်သူ ထန်မင်းဆက်ခေတ်တစ်ခုဆီသို့ အချိန်ကာလ ကူးပြောင်းလာခြင်းဖြစ်သည်ဟုသာ ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် နံ့သာတိုင်ပူဇော်ပွဲအကြောင်းကို ကြားသိပြီးနောက်၌မူ ဤထန်မင်းဆက်ခေတ်ကာလသည် သူ၏ မူလကမ္ဘာသမိုင်းထဲမှ ထန်ခေတ် ဟုတ်ချင်မှဟုတ်တော့မည်ဟု ကျန်းလျို သဘောပေါက်သွားခဲ့လေသည်။
နံ့သာတိုင်ပူဇော်ပွဲများ၊ ဘုန်းကြီးများ ဦးခေါင်းတွင် နံ့သာတိုင် အမာရွတ်များ အထင်းခံရခြင်းများကိုတော့ ကျန်းလျို သိရှိထားပေသည်။ သို့သော်လည်း အမာရွတ် အရေအတွက်ကိုကြည့်၍ ဗုဒ္ဓဘာသာဂိုဏ်းနှင့် ရေစက် မည်မျှနက်ရှိုင်းကြောင်းကို ဆုံးဖြတ်ခြင်းများမှာမူ...
အနည်းငယ်မျှ စိတ်ကူးယဉ်ဆန်လွန်းမနေပေဘူးလော။
ဤကဲ့သို့ စိတ်ကူးယဉ်ဆန်သော အလှည့်အပြောင်းကြောင့် ကျန်းလျို မှင်သက်နေခဲ့သော်လည်း၊ ဘေးနားရှိ ဘုန်းကြီးများကမူ သတင်းကို ရုတ်တရက် ကြားလိုက်ရသဖြင့် သူ စိတ်ပူပန်သွားသည်ဟု ထင်မှတ်နေကြလေသည်။
ကျောင်းထိုင်ဆရာတော် ဖာမင် က မိန့်ကြားလိုက်လေသည်။
"လျိုအာ... မင်းသာ နံ့သာတိုင်ပူဇော်ပွဲကို မဖြတ်သန်းနိုင်ခဲ့ရင် ပစ္စည်းတွေသိမ်းပြီး တောင်ပေါ်ကနေ ဆင်းသွားပေတော့…ကံကောင်းတာက မင်းမှာ ဟင်းချက်တဲ့ ပညာလေးပါတော့ တောင်ပေါ်က ဆင်းသွားရင်တောင် အသက်မွေးဝမ်းကျောင်း ပြုနိုင်မယ်လို့ ငါယုံကြည်ပါတယ်"
ထိုသို့ မိန့်ကြားပြီးနောက် ဆရာတော်ကြီးသည် တိုးတိတ်စွာ ဘုရားစာရွတ်ဆိုရင်း မတ်တပ်ရပ်ကာ တရားစာရွတ်ဖတ်ရန် ကျောင်းဆောင်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပါတော့သည်။
သူ၏ မျက်နှာအမူအရာကို မြင်တွေ့ရသောအခါ နောင်တော်ဘုန်းကြီးအချို့က ကျန်းလျိုအနားသို့ လာရောက်၍ နှစ်သိမ့်ပေးကြလေသည်။
သို့ရာတွင် သူ၏စိတ်အစဉ်မှာ အနည်းငယ် ရှုပ်ထွေးနေသဖြင့် ကျန်းလျိုသည် ပြီးစလွယ်မျှသာ ခပ်ပေါ့ပေါ့ ပြန်လည်တုံ့ပြန်လိုက်လေသည်။
ကျန်းလျို၏ ဟန်ပန်ကို မြင်တွေ့ရသောအခါ ဤကိစ္စကို လက်ခံနိုင်ရန် အချိန်အနည်းငယ် လိုအပ်မည်ဖြစ်ကြောင်း နောင်တော်များက နားလည်သဘောပေါက်သွားသဖြင့် လူစုခွဲသွားကြတော့သည်။
လူအားလုံး ထွက်ခွာသွားပြီးနောက် ကျန်းလျိုသည် နေရာမှထကာ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းရင်း ခေါင်းထဲ၌ အတွေးပေါင်းများစွာဖြင့် ဗြောင်းဆန်နေခဲ့လေသည်။
အမှန်စင်စစ် ဘုန်းကြီးမဖြစ်ရဟူသော အသိက ကျန်းလျို၏ ရင်တွင်း၌ ဝမ်းသာပီတိဖြစ်မှုများကို ပြည့်လျှံသွားစေခဲ့သည်သာ ဖြစ်၏။
ဘုန်းကြီးဝတ်ရခြင်းက အဘယ်မှာလျှင် ကောင်းမွန်ပါမည်နည်း။ စည်းမျဉ်းစည်းကမ်းများနှင့် သီလများ အလွန်များပြားလှသည်။ ကျန်းလျိုသည် အချိန်ကျရောက်လာပါက တောင်ပေါ်မှဆင်း၍ အသက်မွေးဝမ်းကျောင်းပြုရန်ပင် စဉ်းစားထားပြီးဖြစ်လေသည်။
ကျောင်းထိုင်ဆရာတော်ကြီး မိန့်ကြားခဲ့သည့်အတိုင်းပင် သူ၏ ဟင်းချက်လက်ရာမှာ မဆိုးလှပေရာ၊ တောင်ပေါ်မှနေ၍ ခိုးထွက်သွားလျှင် ကောင်းမည်လောဟုပင် တိတ်တဆိတ် တွေးတောခဲ့ဖူးလေသည်။
သို့သော်လည်း နံ့သာတိုင်ပူဇော်ပွဲ အကြောင်းကို သိရှိပြီးနောက်၌မူ ကျန်းလျိုသည် ၎င်းကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကိုယ်တွေ့ ကြုံဖူးကြည့်သင့်သည်ဟု ခံစားလိုက်ရသည်။
အမာရွတ် အထင်းမခံရဘူး ဟုတ်သလော။ ဤမျှ စိတ်ကူးယဉ်ဆန်သော မြင်ကွင်းမျိုးကို သူ ကိုယ်တိုင် မျက်စိဖြင့် တပ်အပ်မြင်တွေ့သင့်ပေသည်။
ဗုဒ္ဓဘာသာဂိုဏ်းနှင့် ရေစက်ပါမပါဆိုသည့် ကိစ္စလော။ သူသည် ဘုရားတရားကို ကြည်ညိုသောစိတ် လုံးဝမရှိသူဖြစ်ရာ၊ နံ့သာတိုင် အမာရွတ် ထင်ကျန်ရစ်မည်မဟုတ်ကြောင်း ကျန်းလျို သေသေချာချာပင် သိရှိထားလေသည်။
ပို၍အရေးကြီးသည်မှာ ခေတ်သစ်လူ့အဖွဲ့အစည်းမှ ကူးပြောင်းလာသူတစ်ဦးအနေဖြင့် သူသည် ဤကမ္ဘာကြီးအတွက် ပြင်ပလူတစ်ဦးသာဖြစ်ရာ၊ သဘာဝကျစွာပင် ဤကမ္ဘာ၏ ဗုဒ္ဓဘာသာနှင့် အဘယ်မှာလျှင် ရေစက်ပါနိုင်ပါမည်နည်း။
ထို့အပြင် နောင်တော်များထံမှ ကြားသိရသလောက်ဆိုလျှင် နံ့သာတိုင်ပူဇော်ပွဲ၌ ထွက်ရမည့် ရာခိုင်နှုန်းမှာ ကိုးဆယ်ရာခိုင်နှုန်းကျော်ပင် ရှိနေလေသည်။
"အင်း... သေချာစဉ်းစားကြည့်တော့လည်း မဆိုးဘူးပဲ မဟုတ်လား…အမာရွတ်မှ မထင်ရင် တောင်ပေါ်ကနေ ဆင်းသွားဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ရပြီပေါ့…"
ကျန်းလျို တစ်ယောက် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်ကာ ဤကိစ္စကို လောလောဆယ် ခေါင်းထဲမှ ထုတ်ပယ်ထားလိုက်လေသည်။
မကြာမီမှာပင် ကျန်းလျိုသည် မီးဖိုချောင်အတွင်းရှိ သန့်ရှင်းရေးအလုပ်များ အားလုံးကို လုပ်ဆောင်ပြီးစီးသွားသဖြင့် အပြင်သို့ထွက်ကာ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုလိုက်သည်။
ကျောင်းထိုင်ဆရာတော်ကြီးသည် ကျောင်းဆောင်ထဲ၌ တရားစာရွတ်ဖတ်နေပြီး၊ နောင်တော် ရွှမ်ခုန်း နှင့် နောင်တော် ရွှမ်ဝူ တို့မှာ လယ်ကွင်းနှင့် ဟင်းသီးဟင်းရွက်ခင်းထဲတွင် အလုပ်များနေကြလေသည်။ ခပ်ဝဝဖိုင့်ဖိုင့် နောင်တော် ရွှမ်မင် ကမူ ဧည့်ခံဘုန်းကြီးအဖြစ် ကျောင်းမကြီးအတွင်း၌ လှဲလျောင်းရင်း ကျောင်းတော်သို့ လာရောက်မည့် ဘုရားဖူးများကို စောင့်ဆိုင်းနေလေသည်။
ကျင်းဆန်းကျောင်းတော်၌ ရက်အတော်ကြာသည်အထိ ဘုရားဖူးတစ်ဦးတစ်ယောက်မျှ မလာရောက်ခြင်းမှာ ပုံမှန်လိုပင် ဖြစ်နေခဲ့သော်လည်း သူကတော့ လုပ်ရိုးလုပ်စဉ် အတိုင်း လုပ်နေဆဲ ဖြစ်သည်။
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် သူ လုပ်စရာ အခြားဘာမျှမရှိတော့သည်ကို သေချာသွားသောအခါ ကျန်းလျိုသည် မီးဖိုချောင်ထဲသို့ ပြန်လည်ဝင်ရောက်သွားလေသည်။ ထို့နောက် ဟင်းလှီးဓားတစ်ချောင်းကို ယူဆောင်လိုက်ပြီး ကျင်းဆန်းကျောင်းတော်၏ တောင်နောက်ကျောဘက်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့တော့သည်။
အသက် ၁၅ နှစ်အရွယ်ဆိုသည်မှာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးရန် အကောင်းဆုံးအချိန်ဖြစ်ရာ ကျင်းဆန်းကျောင်းတော်၌ နေ့စဉ်ရက်ဆက် သက်သတ်လွတ် စားသုံးနေရခြင်းဖြင့်တော့ အဆင်ပြေမည်မဟုတ်ပေ။ ထို့ကြောင့် ကျန်းလျိုသည် ၎င်းတို့၏ အစားအသောက်များ ပိုမိုကောင်းမွန်လာနိုင်မည်လောဟု တောင်နောက်ကျောဘက်သို့ သွားရောက်ကြည့်ရှုလိုခြင်း ဖြစ်သည်။
ဘုန်းကြီးဝတ်၍ တင်းကျပ်သော စည်းကမ်းသီလများကို လိုက်နာရန် သူ တစ်ကြိမ်တစ်ခါမျှ မရည်ရွယ်ခဲ့ဖူးပေ။ ယခုအခါ၌ နံ့သာတိုင်ပူဇော်ပွဲ၏ စိတ်ကူးယဉ်ဆန်ဆန် စမ်းသပ်မှုအကြောင်းကိုလည်း သိရှိသွားပြီဖြစ်ကာ၊ သူ့ အနေဖြင့် ရာခိုင်နှုန်းပြည့် မအောင်မြင်နိုင်ကြောင်း သေချာနေပြီဖြစ်လေရာ၊ စည်းကမ်းဖောက်ဖျက်ရခြင်းအတွက် ပို၍ပင် အပြစ်မကင်းသောစိတ်မျိုး မရှိတော့ချေ။
ထို့အပြင် ယခုလက်ရှိ အချိန်အထိ သူသည် ဗုဒ္ဓဘာသာဂိုဏ်းဝင် တစ်ဦး အဖြစ် ကိုယ့်ကိုယ်ကို ခံယူ မထားသေးချေ။ တောင်နောက်ကျောသို့ ရောက်ရှိသောအခါ သူ အရင်ကတည်းက ပြင်ဆင်ထားခဲ့သော ထောင်ချောက်ငယ်လေးများကို လိုက်လံစစ်ဆေးကြည့်လေသည်။ နောက်ဆုံးတွင်မူ သူကိုယ်တိုင် ပြုလုပ်ထားသော ထောင်ချောက်တစ်ခု၌ ယုန်ဖြူလေး တစ်ကောင် ဖမ်းမိနေသည်ကို မြင်တွေ့လိုက်ရချိန်တွင် သူ၏မျက်လုံးများ အရောင်လက်သွားတော့သည်။
ကျန်းလျိုသည် များစွာ တွေဝေနေခြင်းမရှိတော့ဘဲ ဟင်းလှီးဓားကိုကိုင်၍ ယုန်ကို ခပ်မြန်မြန်ပင် ဗိုက်ခွဲ သတ်ဖြတ်လိုက်လေသည်။
"ဒင်... သင် အတွေ့အကြုံမှတ် ၁ မှတ် ရရှိပါသည်…ကြေးပြား ၁ ပြား ရရှိပါသည်…"
ကျန်းလျို ယုန်ကို သတ်ဖြတ်လိုက်သည့် အချိန်၌ပင် သူ၏ခေါင်းထဲ၌ သတိပေးသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေတော့သည်။
***