← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အပိုင်း(၃)

"ဒင်... သင် အတွေ့အကြုံမှတ် ၁ မှတ် ရရှိပါသည်…ကြေးပြား ၁ ပြား ရရှိပါသည်…"

ခေါင်းထဲ၌ ရုတ်တရက် ပေါ်ထွက်လာသော သတိပေးသံကြောင့် ကျန်းလျို မှင်သက်သွားခဲ့လေသည်။

ယုန်လေးတစ်ကောင်ကို သတ်ဖြတ်လိုက်ရုံဖြင့် အမှန်တကယ်ပင် အတွေ့အကြုံမှတ်များ ရရှိသွားခဲ့သည်လော။ သူ ထင်ယောင်ထင်မှား ဖြစ်နေခြင်းများလော။

သို့ရာတွင် ကျန်းလျိုသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ ယုန်လေး၏ဘေး၌ ကြေးပြားတစ်ပြား ကျနေသည်ကို သတိထားမိလိုက်၏။ ထိုအခါ သူ ထင်ယောင်ထင်မှားဖြစ်နေခြင်း မဟုတ်ကြောင်း သေချာသွားတော့သည်။

အတွေ့အကြုံမှတ် ရရှိသည့်အပြင် ငွေကြေးအနည်းငယ်ပါ ရရှိလိုက်သေးသည်ဆိုတော့... ဤအရာများသည် ဂိမ်းများထဲတွင် မိစ္ဆာများကို သတ်ဖြတ်ပြီးနောက် ကျလာတတ်သည့် ပစ္စည်းများပင်လော။

ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အချိန်ခရီးသွားခြင်းဟူသော အယူအဆမှာ ဝတ္ထုများ၊ ရုပ်ရှင်များ၊ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများနှင့် အန်နီမေးရှင်းများတွင်ပင် အလွန်ခေတ်စားသော အကြောင်းအရာတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် ကျန်းလျိုသည် ထန်မင်းဆက်ခေတ်သို့ ရောက်ရှိနေကြောင်း သိရှိလိုက်ရချိန်တွင် အချိန်အနည်းငယ် ယူလိုက်ရသော်ငြားလည်း နောက်ဆုံး၌မူ လက်ခံနိုင်ခဲ့ပေသည်။

သဘာဝကျစွာပင် ဝတ္ထုများ၏ ထုံးစံအတိုင်း အချိန်ကာလ ကူးပြောင်းပြီးနောက်၌ လူတိုင်းသည် ရွှေလက်ချောင်း ဟုခေါ်သော အထူးစွမ်းရည်တစ်ခုကို ရရှိတတ်ကြစမြဲ ဖြစ်၏။

သို့သော်လည်း ဤကမ္ဘာသို့ ရောက်ရှိနေသည်မှာ လဝက်နီးပါး ကြာမြင့်လာသည့်တိုင် မည်သည့်အရိပ်အယောင်မျှ မတွေ့ရသဖြင့် ကျန်းလျိုက သူ၏ထံတွင် ရွှေလက်ချောင်း မပါရှိလာဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ၌မူ ပါရှိလာခဲ့ကြောင်း ပေါ်လွင်သွားခဲ့လေပြီ။

"ငါ စပြီး ကူးပြောင်းလာတုန်းက အင်တာနက်ကဖေးမှာ ဂိမ်းဆော့နေခဲ့တာဆိုတော့… ငါရလိုက်တဲ့ ရွှေလက်ချောင်းက ဂိမ်းထဲကလို စွမ်းရည်မျိုးတွေ ပေးတာများလား…မိစ္ဆာတွေကို သတ်ပြီး လယ်ဗယ်တင်ရတာမျိုးပေါ့…"

ယုန်လေး၏ဘေးမှ ကြေးပြားကို ကောက်ယူလိုက်ရင်း၊ ကျန်းလျိုသည် သူ၏စွမ်းရည်များနှင့်ပတ်သက်၍ အကြမ်းဖျင်း နားလည်သဘောပေါက်စ ပြုလာလေသည်။

ကျောင်းတော်အတွင်း၌ သက်ရှိများကို သတ်ဖြတ်ရန် တားမြစ်ထားလေသည်။ ထို့ကြောင့်လည်း သူသည် လဝက်နီးပါးခန့် မိစ္ဆာများကိုသတ်၍ အဆင့်မြှင့်တင်သည့် စွမ်းရည်ကို အသုံးမပြုနိုင်ခဲ့ခြင်းမှာ အံ့သြဖွယ်ရာ မဟုတ်တော့ပေ။

ခေါင်းထဲ၌ အတွေးများဖြင့် ဗြောင်းဆန်နေသော်ငြားလည်း ကျန်းလျို၏ လက်များကမူ ရပ်တန့်မနေခဲ့ပေ။ သူသည် နှင်းယုန်လေးကို ခပ်မြန်မြန်ပင် ကိုင်တွယ်ရှင်းလင်းလိုက်ပြီး၊ သူကိုယ်တိုင် ဖော်စပ်ထားသော ဆော့စ်များကို သုတ်လိမ်းလိုက်လေသည်။ ထို့နောက် မီးဖိုတစ်ခုကိုမွှေး၍ အသားကို စတင်ကင်ပါတော့သည်။ ယုန်သား အကျက်ညီစေရန် သစ်သားတုတ်တံလေးဖြင့် ဖြည်းညှင်းစွာ လှည့်ပေးနေလိုက်သည်။

မဟာထန်ကမ္ဘာကြီးသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ၊ ဤထန်မင်းဆက်သည် သူ၏မူလကမ္ဘာ သမိုင်းထဲမှ ထန်ခေတ်နှင့် တူသည်ဖြစ်စေ မတူသည်ဖြစ်စေအ နည်းဆုံးတော့ ဤကမ္ဘာသို့ရောက်ရှိလာပြီး ရွှေလက်ချောင်းတစ်ခုကို ရရှိလိုက်သည့်အတွက် သူရပ်တည်နိုင်ရန် နည်းလမ်းတစ်ခုတော့ ရှိသွားခဲ့ပြီ ဖြစ်လေသည်။

သို့ရာတွင် သူ့ထံ၌ရှိသော ရွှေလက်ချောင်းသည် အစွမ်းထက်လာစေရန် မိစ္ဆာများကို သတ်ဖြတ်ရမည့် ဂိမ်းစနစ်တစ်ခုကဲ့သို့ အလုပ်လုပ်နေခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် သူသည် ဗုဒ္ဓဘာသာဂိုဏ်းအတွင်း၌ ဆက်လက်နေထိုင်ရန် တကယ်ပင် မသင့်တော်တော့ဘူးလော။

"အင်း... နံ့သာတိုင်ပူဇော်ပွဲဆိုတာကြီး ရောက်ဖို့ လဝက်လောက် လိုသေးတယ်…အချိန်ခရီးသွားတဲ့ ကိစ္စကိုလည်း ကြုံဖူးသွားပြီ…ဂိမ်းစနစ်လို ရွှေလက်ချောင်းလည်း ပေါ်လာပြီဆိုတော့ ဒီကမ္ဘာကြီးက တကယ်ပဲ စိတ်ကူးယဉ်ဆန်တဲ့ ကမ္ဘာကြီးများလား… ငါ သေချာ စုံစမ်းကြည့်ရမယ်…ဘာပဲဖြစ်ဖြစ် နံ့သာတိုင်ပူဇော်ပွဲကို မအောင်မြင်လို့ ကျောင်းကနေ ထွက်သွားရရင်လည်း ဒါက ခိုင်လုံတဲ့ အကြောင်းပြချက် ဖြစ်သွားမှာပဲ..."

လက်တစ်ဖက်က ယုန်ကင်သည့် တုတ်တံကို ကိုင်ထားပြီး၊ ကျန်လက်တစ်ဖက်က ယခုလေးတင် ကျလာသော ကြေးပြားလေးကို ကစားရင်း ကျန်းလျိုသည် သူ၏ ရှေ့ဆက်ရမည့် အနာဂတ်လမ်းခရီးအတွက် တိတ်တဆိတ် အစီအစဉ်ဆွဲနေတော့သည်။

"ဟယ်... ကိုရင်လေး…နင်…သီလဖောက်ပြီး အသားကို ခိုးစားရဲတယ်ပေါ့လေ..."

ကျန်းလျိုတစ်ယောက် အတွေးများထဲ၌ နစ်မျောရင်း အနာဂတ်လမ်းကြောင်းအတွက် စဉ်းစားနေဆဲမှာပင်၊ ရုတ်တရက် ထွက်ပေါ်လာသော စူးစူးရှရှ အော်သံလေးကြောင့် လန့်ဖျပ်သွားခဲ့လေသည်။

အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ၊ မိန်းမပျိုလေးတစ်ဦး သူ၏ထံသို့ ခပ်သုတ်သုတ် လျှောက်လာသည်ကို တွေ့လိုက်ရ၏။ သူမ၏ ဟန်ပန်မှာ သူခိုးဖမ်းနေသည့်အလား အလွန်ပင် ရန်လိုနေလေသည်။

ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ခန့်သာ အရွယ်ရှိသေးသော ထိုမိန်းမပျိုလေးကို ကြည့်လိုက်ရာ၊ နုနယ်ချောမောသော မျက်နှာလေးကို ပိုင်ဆိုင်ထားလေသည်။ ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချစ်စရာကောင်းသော သမင်ရေဖိနပ်လေးများကို စီးထား၏။ ခါး၌လည်း သားရေကြာပွတ်ရှည်ကြီး တစ်ချောင်းကို ခွေပတ်ထားသေးရာ၊ စွန့်စားခန်းထွက်ရန် အသင့်ပြင်ထားသည့် သူရဲကောင်းမလေးတစ်ဦး၏ အငွေ့အသက်များ ဖုံးလွှမ်းနေလေသည်။

"ကိုရင်လေး…နင်…သီလဖောက်နေတာ မိသွားတာတောင် ထွက်မပြေးဘူးပေါ့လေ"

မိန်းမပျိုလေးက ကျန်းလျိုအနားသို့ ကပ်လာပြီး ပြောလိုက်သည်။ ကျန်းလျိုက နေရာမှပင်မထဘဲ သူမအား ပြန်လည်စိုက်ကြည့်နေသဖြင့် သူမမျက်နှာ၌ အံ့သြသည့်ဟန်များ ပေါ်လွင်နေလေ၏။

"မင်းက ငါ့ယုန်ကင်ကို လိုချင်လို့ ငါ့ကို ခြောက်လှန့်ပြီး မောင်းထုတ်နေတာလို့ ငါထင်တယ်"

ကျန်းလျိုက မကျေမနပ်ဖြင့် ပြန်လည်တုံ့ပြန်လိုက်လေသည်။

သူမ၏ အကြံအစည်လေး ပေါ်လွင်သွားကြောင်း သိလိုက်ရသောအခါ မိန်းမပျိုလေး၏ မျက်နှာထက်၌ ရှက်သွေးများ ဖြာသွားခဲ့လေသည်။

သို့သော်လည်း ရှက်ရွံ့သွားသည့်တိုင် မိန်းမပျိုလေးက နောက်ဆုတ်မသွားပေ။ သူမက...

"ကိုရင်လေး…နင်..အသားခိုးစားပြီး သီလဖောက်နေတာတောင် ခွန်းတုန့်ပြန်နေသေးတယ်ပေါ့… နင်က ဘယ်ကျောင်းက ကိုရင်လေးလဲ…အခုချက်ချင်း နင့်ဆရာတော်ဆီ သွားတိုင်လိုက်ရမလား"

ဟုပင် ပြန်လည်အော်ဟစ်လိုက်လေသည်။

"စိတ်မကောင်းပါဘူး… ငါက အခုထက်ထိ အလုပ်ကြမ်းလုပ်ရတဲ့ ကိုရင်လေးအဆင့်ပဲ ရှိသေးတာ…ဘုန်းကြီးအစစ် မဟုတ်သေးဘူး"

ကျန်းလျိုက ဂရုမစိုက်သော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

မိန်းမပျိုလေးမှာ ခေတ္တမျှ စကားဆွံ့အသွားပြီး၊ ကျန်းလျို၏ ကတုံးပြောင်ပြောင်ပေါ်၌ နံ့သာတိုင် အမာရွတ်များ တကယ်ပင် မရှိသည်ကို လှမ်းကြည့်လိုက်ကာ နှာခေါင်းရှုံ့လျက် ပြောလိုက်လေသည်။

"နင့်အကျင့်စရိုက်နဲ့ဆိုရင် နံ့သာတိုင်ပူဇော်ပွဲမှာ သေချာပေါက် ကျမှာပဲ"

"စိတ်ပူပေးတဲ့အတွက် ကျေးဇူးပဲ"

ကျန်းလျိုက အရေးမစိုက်သလို ပြန်လည်ဖြေကြားလိုက်သည်။

သူသည် နံ့သာတိုင်ပူဇော်ပွဲကို အောင်မြင်မည်ဟု တစ်ကြိမ်တစ်ခါမျှ တကယ်မတွေးခဲ့ဖူးသကဲ့သို့၊ ဘုန်းကြီးဝတ်ရန်ကိုလည်း လုံးဝမစဉ်းစားခဲ့ဖူးပေ။

ရေနွေးပူလောင်းခံရမည်ကို မကြောက်သော ဝက်တစ်ကောင် အလား ဂရုမစိုက်သည့် ကျန်းလျို၏ မျက်နှာထားကို မြင်တွေ့ရသောအခါ ကောင်မလေးမှာ ဒေါသထွက်သော်လည်း မည်သို့မျှ မတတ်နိုင် ဖြစ်နေလေသည်။

ဂွီ... ဂွီ...

ထိုစဉ်မှာပင် သူမ၏ ဗိုက်ထဲမှနေ၍ ကျယ်လောင်သော မြည်သံကြီး ထွက်ပေါ်လာသဖြင့် သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီရဲသွားတော့သည်။

"အင်း... ဒီယုန်သားက အနည်းဆုံး နှစ်ပေါင်၊ သုံးပေါင်လောက်တော့ ရှိတယ်…ငါတစ်ယောက်တည်း အကုန်မစားနိုင်ဘူး…နည်းနည်းလောက် မျှစားမလား"

မိန်းကလေး၏ ဗိုက်မြည်သံကို ကြားလိုက်ရသောအခါ ကျန်းလျိုက သူမအား မော့ကြည့်ရင်း မေးလိုက်လေသည်။

"ငါမစားဘူး…ငါက ဟင်းလျာမျိုးစုံကို မြည်းစမ်းဖူးပြီးသား… ဘာကိစ္စ နင့်ရဲ့ တောစာကို စားရမှာလဲ…ငါက ထျန်းရန် စားသောက်ဆိုင်ကို သွားပြီး ဟင်းလျာအကောင်းစားတွေ မှာစားမလို့…အဲဒါက ချန်အန်းမြို့တော်မှာ အကောင်းဆုံး စားသောက်ဆိုင်လေ"

အကယ်၍ စောစောကသာဆိုလျှင် သူမက ကျန်းလျို၏ ကမ်းလှမ်းချက်ကို အချိုသာဆုံး လက်ခံလိုက်မိလိမ့်မည်ဟု ကောင်မလေးက တွေးမိလေသည်။ သို့ရာတွင် ယခု၌မူ အရှက်ခွဲခံရသည်မှာ နှစ်ကြိမ်တိုင်ရှိနေပြီဖြစ်ကာ၊ ဤကဲ့သို့ အနေရခက်သောအချိန်၌ သူမ၏ ဗိုက်က သစ္စာဖောက်လိုက်သေးသဖြင့်၊ ယခုမှ လက်ခံလိုက်ပါက ပို၍ပင် ရှက်စရာကောင်းသွားလိမ့်မည်ဟု ခံစားလိုက်ရတော့သည်။

အကယ်၍ သူမ စားမည်ဆိုလျှင်တောင်၊ တစ်ဖက်လူက နှစ်ကြိမ်သုံးကြိမ်ခန့် ထပ်မံဖိတ်ခေါ်သင့်ပေသည်။ သို့မှသာ အားနာပါးနာဖြင့် မတတ်သာ၍ လက်ခံလိုက်ရဟန်မျိုး ဖမ်းနိုင်မည်မဟုတ်ပါလော။

သို့သော်လည်း... ကျန်းလျိုက ပခုံးတစ်ချက်တွန့်လိုက်ပြီး မည်သို့မျှ ဆက်မပြောတော့ချေ။ အစတုန်းကတော့ ကောင်မလေး ဗိုက်ဆာနေသည်ကို မြင်တွေ့ရပြီး၊ သူတစ်ယောက်တည်းလည်း ယုန်တစ်ကောင်လုံး ကုန်အောင်မစားနိုင်သည်ကို သိရှိသဖြင့်၊ သူမအား နည်းနည်းမျှဝေကျွေးရန် သူ ဆန္ဒရှိခဲ့ခြင်းဖြစ်၏။ ယခု သူမက ကျေးဇူးမတင်သည့်အပြင် ပြန်လည် ရန်တွေ့နေလေရာ ကျန်းလျို၌လည်း ဆက်လက်တိုက်တွန်းရန် အစီအစဉ် မရှိတော့ပေ။

ကောင်မလေးမှာ ခတ္တမျှ စောင့်ဆိုင်းနေသော်လည်း ကျန်းလျိုက ထပ်မံ မဖိတ်ခေါ်တော့ကြောင်း တွေ့ရှိလိုက်ရသည်။ ထို့ကြောင့်... သူမလေးမှာ ဒေါသတကြီး ခြေဆောင့်ကာ လှည့်ထွက်သွားခဲ့လေသည်။ သူမ ဤကိုရင်လေးအား အလွန်တရာ အမြင်ကပ်သွားခဲ့လေတော့သည်။

သို့သော်လည်း တစ်ချိန်တည်းတွင်ပင် ကောင်မလေးသည် သူမ ငြင်းဆန်ခဲ့မိခြင်းကို နောင်တရစ ပြုလာလေပြီ။ ကံဆိုးသည်က... စကားက ကျွံသွားခဲ့ပြီ ဖြစ်၏။ ယခုမှ စကားပြန်လည်ရုပ်သိမ်းလိုက်မည်ဆိုပါက၊ သူမ၏ သိက္ခာများ အဘယ်မှာ သွားထားရမည်နည်း။

ထမင်းတစ်နပ် ငတ်ချင်ငတ်ပါစေ၊ ထိုကိုရင်စုတ်လေး၏ ယုန်သားကိုမူ လုံးဝ စားမည်မဟုတ်ပေ။

သို့ရာတွင် ခြေလှမ်းအနည်းငယ်သာ ကွာဝေးသေးချိန်၌ ကောင်မလေး၏ နှာခေါင်းလေးမှာ ပွစိပွစိ ဖြစ်သွားလေသည်။ ထူးကဲလှသော မွှေးပျံ့သည့်ရနံ့တစ်ခုက သူမ၏ နှာခေါင်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက်လာသဖြင့်၊ သူမ၏ ထွက်ခွာမည့် ခြေလှမ်းများမှာ ရပ်တန့်သွားခဲ့လေတော့သည်။

***

အပိုင်း(၄)

နာရီဝက်ခန့် ကြာပြီးနောက်...

"အရမ်းစားကောင်းတာပဲ"

ကောင်မလေးသည် ကျန်းလျို၏ဘေး၌ ထိုင်နေပြီး၊ သစ်ရွက်ကြီးတစ်ရွက်ပေါ်တွင် ယုန်သားတစ်ဝက်ကို တင်ထားလေသည်။ သူမသည် ခရမ်းရောင် စန္ဒကူးသားအရိုးတပ်ထားသည့် ဓားငယ်လေးတစ်ချောင်းကို ထုတ်ယူကာ ယုန်သားကို အတုံးသေးသေးလေးများဖြစ်အောင် လှီးဖြတ်လိုက်၏။

အပြင်ပန်းကြည့်လျှင် ကျော့ကျော့မော့မော့ စားသောက်နေဟန်ရှိသော်လည်း၊ တကယ်တမ်း၌မူ သူမသည် ထိုအသားတုံးလေးများကို ခပ်မြန်မြန်ပင် မြိုချနေခဲ့လေသည်။

ကောင်မလေးနှင့် ယှဉ်လိုက်ပါက ကျန်းလျိုမှာမူ အချိုးမပြေလှဘဲ၊ သူ၏လက်ထဲရှိ ယုန်သားတစ်ဝက်ကို တိုက်ရိုက်ပင် ကိုက်စားနေလေသည်။

"နှမြောစရာပဲ... အရသာပိုကောင်းအောင် နာနတ်ပွင့်တို့၊ သစ်ကြံပိုးခေါက်တို့ကို ထောင်းထည့်ထားပေမယ့် ဇီရာတို့၊ ငရုတ်ကောင်းတို့ မပါတဲ့ အကင်ကတော့ ဝိညာဉ်ကင်းမဲ့နေသလိုပဲ"

ကျန်းလျိုသည် ယုန်သားကို မြည်းစမ်းရင်း နှမြောတသစွာဖြင့် တိုးတိတ်စွာ ရေရွတ်လိုက်လေသည်။

"ကိုရင်လေး... နင့်ရဲ့ ဟင်းချက်လက်ရာက တကယ်ကို ထိပ်တန်းပဲ… သခင်မလေးကောင်း က တစ်ပြည်လုံးအနှံ့က ဟင်းလျာမျိုးစုံကို မြည်းစမ်းဖူးပေမယ့်…ဒီယုန်သားရဲ့ အရသာကတော့ တော်တော်လေးကို ထူးခြားတယ်"

ကောင်မလေးက ကျော့ကျော့လေးနှင့် ခပ်မြန်မြန် စားသောက်နေရင်းမှပင် ကျန်းလျိုအား တကယ်ချီးကျူးရန် အချိန်ပေးလိုက်သေး၏။

စကားပြောနေရင်း တစ်ဝက်၌ပင် ကောင်မလေးက သူမကိုယ်သူမ တရားဝင် မိတ်ဆက်လိုက်လေသည်။

"တွေ့ရတာ ဝမ်းသာပါတယ်…ငါ့နာမည်က ကောင်းယန် လို့ခေါ်တယ်"

"သခင်မလေး ကောင်း... တွေ့ရတာ ဝမ်းသာပါတယ်…ကျုပ်နာမည်က ကျန်းလျို ပါ…ကျုပ်က ဘုန်းကြီးအစစ် မဖြစ်သေးတော့ ဘွဲ့နာမည်တော့ မရှိသေးဘူး"

ကျန်းလျိုက သူ၏ကိုယ်သူ မိတ်ဆက်ရင်း ကောင်မလေးအား လှမ်းကြည့်ကာ ပြန်လည်ဖြေကြားလိုက်သည်။

"နင်လား... နင့်တစ်သက်တော့ ဘွဲ့နာမည် ရနိုင်မှာ မဟုတ်ပါဘူးလေ"

သူများကျွေးသည်ကို စားထားလျှင် အားနာတတ်သည်ဟု ဆိုကြသော်ငြားလည်း၊ ကောင်းယန်၏ ပွင့်လင်းသော သဘာဝကမူ ထင်ရှားနေလေသည်။ ယုန်သားတစ်ဝက်ကို ကိုင်ထားသော ကျန်းလျိုကို ကြည့်ရင်း သူ နံ့သာတိုင်ပူဇော်ပွဲကို အောင်မြင်နိုင်ပါ့မည်လောဟု သူမက သံသယဝင်နေခြင်း ဖြစ်၏။

ကျန်းလျိုကမူ သူမ၏ စကားများကို ဂရုမစိုက်ခဲ့ပေ။ တကယ်တမ်းတွင်မူ သူ၏စိတ်အစဉ်၌ အနည်းငယ်ပင် ကျေနပ်သွားခဲ့သေးသည်။

အကယ်၍ သူသာ တရားဝင် သီလများနှင့် ချည်နှောင်ခံလိုက်ရပါက၊ လူထွက်ရန်မှာ တော်တော်လေး ဒုက္ခရောက်ပေလိမ့်မည်။

"ဟင်... ခဏလေး..."

ထိုစဉ်မှာပင် ကောင်းယန်၏ အကြည့်များ စူးရှသွားပြီး ကျန်းလျို ဆွဲခွာထားသော ယုန်ရေခွံဖြူဖြူလေးကို သတိထားမိသွားလေသည်။ သူမ၏ လှပသော မျက်နှာလေး ပြောင်းလဲသွားပြီး...

"ဒါ... ဒါ နှင်းယုန် လား"

ဟု မေးလိုက်လေတော့သည်။

…

"နှင်းယုန် ဟုတ်လား"

ကျန်းလျိုသည် အနည်းငယ် အံ့အားသင့်သွားသည့်ဟန်ဖြင့် ကောင်းယန်အား လှမ်းကြည့်လိုက်လေသည်။

တောရိုင်းယုန်အများစုမှာ မီးခိုးညိုရောင်သာရှိတတ်ပြီး အဖြူရောင် ယုန်လေးများမှာ အတော်လေး ရှားပါးလှပေသည်။ သို့သော် သူမဆိုလိုသော "နှင်းယုန်" ဟူသည်မှာ အဘယ်အရာနည်း။

ခေတ်သစ်လူ့အဖွဲ့အစည်းတွင် နှင်းယုန်၊ နှင်းဝံပုလွေ၊ နှင်းကျားသစ် စသည်ဖြင့် "နှင်း" ဟူသော စကားလုံးပါဝင်သည့် တောရိုင်းတိရစ္ဆာန်များသည် ယေဘုယျအားဖြင့် ရေခဲနှင့် နှင်းများဖုံးလွှမ်းနေသော အအေးပိုင်းဒေသများ၌သာ နေထိုင်ကြသည်မဟုတ်ပါလော။

ကျင်းဆန်းကျောင်းတော်၏ တောင်နောက်ကျောဘက်သည် ချန်အန်းမြို့တော်နှင့် များစွာမဝေးကွာလှပေ။ ဤနေရာတွင် နှင်းယုန်များ အဘယ်ကဲ့သို့ ရှိနေနိုင်မည်နည်း။

သေချာသည်က ယုန်ဖြူတိုင်းကို နှင်းယုန်ဟု ခေါ်ဆို၍မရနိုင်ပေဘူး မဟုတ်လော။

"နင် မသိဘူးလား…ချန်အန်းမြို့တော်အနီးမှာ နှင်းယုန်အုပ်စု တစ်စုတည်းပဲ ရှိတယ်…သူတို့ကို မိစ္ဆာစစ်သူကြီး ရွှမ်းရွှယ် က အုပ်ချုပ်တာလေ"

ကောင်းယန်က ပြောလိုက်သည်။ ကောင်းယန်သည် ကျန်းလျိုအား စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်လေ၏။ ပုံမှန်အားဖြင့် ဘုန်းကြီးတစ်ပါးအနေဖြင့် ဤမျှလောက် အခြေခံကျသော ဗဟုသုတကို သိရှိထားသင့်သည် မဟုတ်ပါလော။

"မိစ္ဆာစစ်သူကြီး ဟုတ်လား… မင်းက မိစ္ဆာတွေအကြောင်း ပြောနေတာလား…ဒီကမ္ဘာမှာ မိစ္ဆာတွေ ရှိလို့လား"

ဤစကားကို ကြားသောအခါ ကျန်းလျိုက အံ့သြတကြီးဖြင့် မေးလိုက်လေသည်။

ကျောင်းထိုင်ဆရာတော်ကြီး မိန့်ကြားခဲ့သော နံ့သာတိုင်ပူဇော်ပွဲမှာ အလွန်ပင် စိတ်ကူးယဉ်ဆန်လွန်းလှသဖြင့်၊ အချိန်ကျရောက်လာပါက ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကိုယ်တွေ့ ကြုံကြည့်မည်ဟု ကျန်းလျို တွေးတောထားခဲ့သော်ငြားလည်း၊ ဤကမ္ဘာလောက၌ မိစ္ဆာများရှိနေကြောင်း ရုတ်တရက် သိရှိလိုက်ရခြင်းက သူ့အား အလွန်တရာ အံ့အားသင့်သွားစေခဲ့လေသည်။

"နင်က ဘယ်ကျောင်းက ကိုရင်လေးလဲ…ဒီလောက်တောင် မသိရအောင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျန်းလျို၏ လန့်ဖျပ်သွားသော တုံ့ပြန်မှုကြောင့် ကောင်းယန်မှာ ပို၍ပင် ဝေခွဲမရ ဖြစ်သွားခဲ့လေသည်။

ကျောင်းတော်များဟူသည်မှာ ဘုရားဖူးများအား ဧည့်ခံရန်သက်သက်သာမက၊ များသောအားဖြင့် အခြားသော လုပ်ငန်းဆောင်တာတစ်ခုလည်း ရှိနေတတ်ပေသည်။ ၎င်းမှာ လူအများအား မိစ္ဆာဆိုးများ နှိမ်နင်းရာတွင် ကူညီပေးခြင်းနှင့် တစ္ဆေနှင်ခြင်း ကိစ္စရပ်များကို ဆောင်ရွက်ပေးခြင်းပင် ဖြစ်၏။

ထို့ကြောင့် ကျောင်းတော်မှ လူတစ်ဦးသည် မိစ္ဆာများရှိနေကြောင်းကို အဘယ်ကြောင့် မသိရှိဘဲ နေနိုင်မည်နည်း။

‘ဒါက သမိုင်းထဲက ထန်မင်းဆက်တော့ လုံးဝ မဖြစ်နိုင်တော့ဘူး…ငါက မိစ္ဆာတွေ၊ သရဲတစ္ဆေတွေ ပြည့်နှက်နေတဲ့ အပြိုင်ကမ္ဘာတစ်ခုဆီကို ရောက်လာတာများလား...’

ဤကမ္ဘာလောကတွင် မိစ္ဆာများရှိနေကြောင်း ကောင်းယန်က အတည်ပြုပေးလိုက်သည်နှင့်တစ်ပြိုင်နက်၊ ယခု သူရောက်ရှိနေသော ထန်မင်းဆက်သည် သူ၏ မူလကမ္ဘာ သမိုင်းထဲမှ ရင်းနှီးကျွမ်းဝင်နေသော ထန်ခေတ်မဟုတ်ကြောင်း ကျန်းလျို အသေအချာ ယုံကြည်သွားခဲ့လေတော့သည်။

သို့ရာတွင် ပြန်လည်စဉ်းစားကြည့်ပါကလည်း အဓိပ္ပာယ်ရှိနေပေသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် အချိန်ခရီးသွားခြင်းကို ကြုံတွေ့ခဲ့ရပြီးသည့်အပြင်၊ မိစ္ဆာများကို တိုက်ခိုက်၍ အဆင့်မြှင့်တင်နိုင်သော ဂိမ်းစနစ်တစ်ခုကိုပါ ယူဆောင်လာခဲ့သည် မဟုတ်ပါလော။

ထို့ကြောင့် ဤကမ္ဘာလောက၌ မိစ္ဆာများနှင့် သရဲတစ္ဆေများ ရှိနေခြင်းမှာ အလွန်ပင် သဘာဝကျနေပေသည်။

"ဒီအကြောင်းတွေ ဆက်မပြောကြရအောင်…ဒီယုန်ရေခွံကို မြန်မြန် မြှုပ်ပစ်လိုက်တာ ကောင်းမယ်…အဲဒီလိုမှမဟုတ်ရင် တခြား နှင်းယုန်မျိုးနွယ်စုဝင်တွေ တွေ့သွားရင် ပြဿနာတက်နိုင်တယ်..."

ကောင်းယန်က ကမန်းကတမ်း ပြောလိုက်၏။ ထို့နောက်... သူတို့နှစ်ဦးသည် တွင်းတစ်တွင်းတူးကာ နှင်းယုန်၏ ရေခွံကို မြေမြှုပ်ပစ်လိုက်ကြလေသည်။

ယင်းကိစ္စကို ရှင်းလင်းပြီးနောက် ကျန်းလျိုနှင့် ကောင်းယန်တို့သည် မီးပုံကို ငြှိမ်းသတ်လိုက်ပြီး၊ မြေဆီလွှာဟောင်း တစ်လွှာဖြင့် ဖုံးအုပ်လိုက်ကြသည်။ ထို့နောက်တွင်မူ သူတို့နှစ်ဦးသည် သီးခြားစီ လမ်းခွဲထွက်ခွာသွားခဲ့ကြလေတော့သည်။

သူတို့နှစ်ဦးသည် အမည်နာမများကိုသာ အနည်းငယ် ဖလှယ်ခဲ့ကြပြီး တစ်ဦးအကြောင်းတစ်ဦး များစွာ မသိရှိခဲ့ကြပေ။

နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် ကျောင်းတော်သို့ ပြန်ရောက်ချိန်တွင် မွန်းတည့်ချိန်နီးပါး ရှိနေလေပြီ။ ကျန်းလျိုသည် မီးဖိုချောင်သို့သွား၍ ဆန်ဆေးကာ ထမင်းအိုးတည်လိုက်ပြီးနောက်၊ ဟင်းသီးဟင်းရွက်ခင်းဆီသို့ သွားကာ ဂေါ်ဖီထုပ်တစ်ထုပ်ကို ချိုး၍ မုန်ညင်းဖြူရွက် အနည်းငယ်ကို ခူးဆွတ်လိုက်လေသည်။

ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ဆန်လှော်မှုန့်ဖြင့် ပေါင်းထားသော ဝက်သားဟင်းမှာ အလွန်အရသာရှိပြီး လူကြိုက်များလှပေသည်။

သို့ရာတွင် ကျောင်းတော်အတွင်း၌ အသားရှောင်ရမည်ဖြစ်ရာ၊ ကျန်းလျိုသည် ဆန်နှင့်အတူ တရုတ်မဆလာ၊ နာနတ်ပွင့် စသည့် ဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြု၍ ကိုယ်တိုင် အသားပေါင်းမှုန့် ပြုလုပ်လိုက်သည်။ ထို့နောက် ထိုအမှုန့်ကို မုန်ညင်းဖြူရွက်များနှင့် ရောနှောကြော်လှော်လိုက်ရာ အလွန်ပင် အရသာရှိပြီး မွှေးပျံ့နေလေသည်။

ဂေါ်ဖီထုပ်၊ မုန်ညင်းဖြူရွက် ဆန်လှော်မှုန့်ကြော်နှင့် သက်သတ်လွတ် ဟင်းချိုတစ်ခွက်တို့သည် စားပွဲပေါ်သို့ ရောက်ရှိလာလေသည်။ ဟင်းလျာများမှာ ပေါ့ပေါ့ပါးပါးဖြစ်သော်ငြားလည်း ကျန်းလျို၏ ဟင်းချက်လက်ရာက ထူးခြားသော အရသာကို ပေါ်လွင်စေခဲ့သည်။

မကြာမီမှာပင် ကျောင်းထိုင်ဆရာတော် ဖာမင် နှင့် နောင်တော်ဘုန်းကြီးအချို့သည် တစ်ပါးပြီးတစ်ပါး ရောက်ရှိလာကြလေသည်။

"အင်း... မွှေးနေတာပဲ..."

ခပ်ဝဝဖိုင့်ဖိုင့် နောင်တော် ရွှမ်မင် က အထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ နှာခေါင်းကြီးကို ပွစိပွစိလုပ်ကာ ချီးမွမ်းစကားကို ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုလိုက်လေသည်။

နောင်တော် ရွှမ်ခုန်း နှင့် ရွှမ်ဝူ တို့ကမူ စကားတစ်ခွန်းမျှ မဆိုကြသော်လည်း ထမင်းစားပွဲ၌ ထိုင်လိုက်သည်နှင့် သူတို့၏ မျက်လုံးများမှာ အရောင်လက်သွားကြလေသည်။

ကျောင်းထိုင်ဆရာတော်ကြီးက တူကို ဦးစွာကောက်ကိုင်လိုက်ပြီးနောက်၊ အခြားဘုန်းကြီးသုံးပါးလည်း မြိန်ယှက်စွာ စတင်ဘုန်းပေးကြလေတော့သည်။

စားဖိုမှူးတစ်ဦးအနေဖြင့် မိမိချက်ပြုတ်ထားသော ဟင်းလျာများကို အခြားသူများက နှစ်ခြိုက်စွာ စားသုံးနေသည်ကို မြင်တွေ့ရခြင်းမှာ အမြဲတမ်း ကြီးမားသော ပီတိတစ်ရပ်ပင် ဖြစ်လေသည်။

နောင်တော်ဘုန်းကြီးများ မြိန်ယှက်စွာ ဘုန်းပေးနေသည်ကို မြင်တွေ့ရသောအခါ ကျန်းလျိုသည် ကျေနပ်အားရသွားပြီး၊ သူ၏ဘဝတွင် ကျန်ရှိနေသေးသော လဝက်တာကာလလေးကို တန်ဖိုးထား မြတ်နိုးနေမိလေသည်။

ဟောင်းနွမ်းဆွေးမြေ့နေသော ကျောင်းတော်၌ ကျန်းလျို၏ အလုပ်မှာ အထွေထွေအလုပ်ကြမ်းသမားတစ်ဦး၏ တာဝန်များပင် ဖြစ်၏။ မီးဖိုချောင်တွင် အလုပ်လုပ်ရသည့်အပြင်၊ တစ်ခါတစ်ရံ ကျောင်းမကြီးကိုလည်း တံမြက်လှည်းရသေးရာ အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေသည်။

ညနေခင်းသို့ ရောက်ရှိပြီး ညစာပြင်ဆင်ပြီးစီးသောအခါ၊ ကျန်းလျိုသည် ကျောင်းတော်မှ နောင်တော်များအတွက် အရသာအသစ်အဆန်းလေး ဖြစ်စေရန်ရည်ရွယ်၍ ပဲအနည်းငယ်ကို အခွံနွှာကာ ပဲပင်ပေါက်ဖောက်ရန် ရေစိမ်ထားလိုက်လေသည်။

ကံကောင်းထောက်မစွာဖြင့်... အချိန်ခရီး မသွားမီက သူ၏ ဦးလေးများက ဟင်းချက်ပညာနှင့် ပတ်သက်သည့် မည်သည့်ကိစ္စရပ်ကိုမဆို အလွန်တင်းကျပ်ပြီး စေ့စပ်သေချာလွန်းသည့် မျှော်လင့်ချက်များ ထားရှိခဲ့ကြရာ၊ ၎င်းတို့ကို ကျန်းလျို ကောင်းစွာ နားလည်သဘောပေါက်ထားခဲ့လေသည်။

ပြောရမည်ဆိုလျှင် ပဲပင်ပေါက်ဖောက်ခြင်းမှာ များစွာ ခက်ခဲသောကိစ္စတစ်ရပ်တော့ မဟုတ်ပေ...

ထိုအလုပ်ကြမ်းများ အားလုံးကို ပြီးစီးအောင် ဆောင်ရွက်ပြီးနောက် သူသည် ရေမိုးချိုးလိုက်ပြီး၊ မီးခိုးရောင် သင်္ကန်းအနွမ်းကို အကြိမ်အနည်းငယ် ပွတ်လျှော်ကာ လှန်းထားလိုက်သည်။ အချိန်ကို ခန့်မှန်းကြည့်ရလျှင် ည ၈ နာရီခန့် ရှိနေလောက်ပြီ ဖြစ်၏။ ဖျော်ဖြေရေးဟူ၍ မည်မည်ရရမရှိသော ဤရှေးဟောင်းကမ္ဘာ၌ ကျန်းလျိုသည် စောစီးစွာပင် အိပ်ရာဝင်ခဲ့လေသည်။

သစ်သားကုတင် မာမာထက်၌ လှဲလျောင်းရင်း ကျန်းလျိုသည် ကြေးပြားအသစ်လေးကို လက်ထဲတွင် ကိုင်ထားကာ နက်ရှိုင်းစွာ တွေးတောနေမိလေသည်။

ဤကမ္ဘာလောကကြီးမှာ မိစ္ဆာများ၊ သရဲတစ္ဆေများနှင့် အခြားသော သတ္တဝါများ ပြည့်နှက်နေသည့် စိတ်ကူးယဉ်ကမ္ဘာတစ်ခု ဖြစ်နေခြင်းက သူ ပို၍ပင် သတိထားနေထိုင်ရန် လိုအပ်ကြောင်း ပြသနေလေသည်။

သို့သော်လည်း သူ၏ထံတွင် မိစ္ဆာများကို တိုက်ခိုက်၍ အဆင့်မြှင့်တင်နိုင်သော ဂိမ်းစနစ်တစ်ခု ရှိနေခြင်းက ပိုမိုအစွမ်းထက်လာစေရန် လမ်းစတစ်ခုကို ကိုယ်စားပြုနေလေသည်။

ထိုသို့ မိစ္ဆာများကို သတ်ဖြတ်၍ အဆင့်မြှင့်တင်ရန်အတွက် ယခု သူသည် မည်သည့်နေရာသို့ သွားရောက်၍ တိုက်ခိုက်ရမည်နည်း။

စောစောက ယုန်လေးကို သတ်ဖြတ်ခဲ့သကဲ့သို့ တိရစ္ဆာန်ငယ်လေးများကို အကြင်နာကင်းမဲ့စွာ သတ်ဖြတ်ရမည်လော။ အကယ်၍ ကျောင်းထိုင်ဆရာတော်နှင့် သူ၏နောင်တော်များသာ သိရှိသွားပါက သူ့အား သေချာပေါက် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းကြပေလိမ့်မည်။

လဝက်တာကာလ ကုန်ဆုံးသွားပြီး နံ့သာတိုင်ပူဇော်ပွဲ ပြီးမြောက်၍ လူဝတ်လဲပြီးချိန်မှသာ ရှေ့ဆက်ရမည့် အစီအစဉ်ကို စဉ်းစားသင့်သလော။

"ကောင်းယန် ဟုတ်လား… အဲဒီကောင်မလေးက ဘယ်သူလဲ… ဘာလို့ တောင်နောက်ကျောကို တစ်ယောက်တည်း ရောက်နေရတာလဲ… ပြီးတော့ သူ့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ စားသောက်တဲ့ ဟန်ပန်ကို ကြည့်ရတာ ချမ်းသာတဲ့..ဒါမှမဟုတ် မင်းစိုးရာဇာ အသိုင်းအဝိုင်းက လာတဲ့ပုံပဲ"

ကြေးပြားအသစ်လေးကို ဆုပ်ကိုင်ထားရင်း ကျန်းလျို၏ ခေါင်းထဲ၌ အဆုံးအစမရှိသော အတွေးများဖြင့် ပြည့်နှက်နေကာ၊ တဖြည်းဖြည်းနှင့်ပင် အိပ်ပျော်သွားခဲ့လေတော့သည်။

***

All Chapters