အခန်း (၇-၈)
Vol. 1 Ch. 7-8
အပိုင်း(၇)
နှင်းယုန်ကြီး သေဆုံးသွားသည်နှင့်တစ်ပြိုင်နက်၊ မျှော်လင့်ထားသည့်အတိုင်း သတိပေးချက်များ ထွက်ပေါ်လာလေသည်။ အဆင့်တက်သွားခြင်းက ကျန်းလျို၏ ခန္ဓာကိုယ်အတွင်း၌ လန်းဆန်းသော ရေစီးကြောင်းတစ်ခု စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ သူ၏ အသားနှင့် အရိုးများကို အတွင်းမှအပြင်သို့ ပြောင်စင်အောင် ဆေးကြောလိုက်သည့်အလား အပြည့်အဝ ပေါ့ပါးလန်းဆန်းသွားစေလေသည်။
သူ၏ ခွန်အားများ အနည်းငယ် တိုးတက်လာသလို ခပ်သဲ့သဲ့ ခံစားလိုက်ရပြီး၊ သူ၏ အသိစိတ်မှာလည်း များစွာ ပိုမို ကြည်လင်လာခဲ့လေသည်။
"လျိုအာ... စောစောက ဘာလို့ ငါ့ကို တားတာလဲ"
အဆင့်တက်သွားခြင်းနှင့်အတူ ရရှိလာသော ခံစားချက်များကို ကျန်းလျို အပြည့်အဝ မခံစားရသေးမီမှာပင်၊ နှင်းယုန်ကြီးကို ယခုလေးတင် သတ်ဖြတ်လိုက်သော နောင်တော် ရွှမ်ခုန်း က လှမ်းမေးလိုက်လေသည်။
"နောင်တော်... ဘုန်းကြီးတွေဆိုတာ ရင်ထဲမှာ မေတ္တာတရား ထားရှိရမယ်…ဘယ်သက်ရှိကိုမှ အသက်အန္တရာယ် မထိခိုက်စေရဘူးလို့ ဆရာတော်ကြီး အရင်က ပြောခဲ့တယ် မဟုတ်ဘူးလား"
အဖွဲ့ထဲတွင် မည်သည့်အရာမျှ မလုပ်ဆောင်ခဲ့ရဘဲ အတွေ့အကြုံမှတ်များ ရရှိကာ အဆင့်တက်သွားခဲ့သော်ငြားလည်း၊ ကျန်းလျိုသည် များစွာ ဝမ်းသာပီတိ မဖြစ်ခဲ့ပေ။ ထိုအစား သူ၏ ရင်တွင်း၌ အပြစ်မကင်းသလို ခံစားနေရလေသည်။
"ဆရာတော်ကြီး ပြောခဲ့တာက သာမန်တောရိုင်းတိရစ္ဆာန်တွေကို ဆိုလိုတာ… မိစ္ဆာကောင်တွေကို ပြောတာ မဟုတ်ဘူး"
နောင်တော် ရွှမ်ခုန်း က ခေါင်းခါယမ်းရင်း များစွာ အလေးမထားဘဲ ပြန်လည်ဖြေကြားလိုက်လေသည်။
"ဒါပေမယ့် မိစ္ဆာတွေဆိုတိုင်း ဆိုးသွမ်းနေတာမှ မဟုတ်တာ"
နောင်တော် ရွှမ်ခုန်း ၏ အဖြေကို ကျန်းလျိုက တိုးတိတ်စွာ ပြန်လည် ရေရွတ်လိုက်လေသည်။
ခေတ်သစ်ကမ္ဘာမှ လာခဲ့သူဖြစ်ရာ၊ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများနှင့် ဝတ္ထုများစွာတွင် လူနှင့် မိစ္ဆာ၊ သို့တည်းမဟုတ် လူနှင့် တစ္ဆေတို့ကြားမှ အဆုံးအစမရှိသော အချစ်ဇာတ်လမ်းများကို သူ သိရှိထားလေသည်။ မြွေဖြူမလေး ဇာတ်လမ်း သို့မဟုတ် တရုတ်သရဲမလေး ဇာတ်လမ်း ကဲ့သို့သော ဇာတ်လမ်းများပင်...။
လူသားတိုင်း လူကောင်း မဟုတ်သကဲ့သို့၊ မိစ္ဆာများနှင့် သရဲတစ္ဆေတိုင်းသည်လည်း အကြွင်းမဲ့ ဆိုးသွမ်းယုတ်မာနေကြသည်တော့ မဟုတ်ပေဘူး မဟုတ်လော။
"လျိုအာ... လူနဲ့ မိစ္ဆာဆိုတာ ရေနဲ့ဆီလိုပဲ လုံးဝ ပေါင်းဖက်လို့ မရဘူး… အဲဒီလို အတွေးမျိုး ဘယ်တော့မှ မတွေးပါနဲ့… ဒါကို မှတ်ထားပါ"
ကျန်းလျို၏ စကားများမှာ တိုးတိတ်စွာ ရေရွတ်ခြင်းမျှသာ ဖြစ်သော်ငြားလည်း၊ နောင်တော် ရွှမ်ခုန်း က ရှင်းလင်းစွာ ကြားလိုက်ရသဖြင့် မှိုင်းညို့သော မျက်နှာအမူအရာဖြင့် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလိုက်လေသည်။
"ဟုတ်ကဲ့ပါ နောင်တော်... ကျွန်တော် မှားသွားပါတယ်"
နောင်တော် ရွှမ်ခုန်း ၏ တင်းမာသော ဟန်ပန်ကို မြင်တွေ့ရသောအခါ ကျန်းလျိုသည် ဆက်လက် ငြင်းခုံလိုစိတ် မရှိတော့ဘဲ သူ၏အမှားကို ခပ်မြန်မြန်ပင် ဝန်ခံလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ လဝက်ပင်မပြည့်မီ အချိန်အတွင်း တောင်ပေါ်မှဆင်း၍ လူ့ဘောင်သို့ ပြန်လည်ဝင်ရောက်ရတော့မည် မဟုတ်ပါလော။
"ကောင်းပြီ…ငါ သွားနားတော့မယ်…မနက်ဖြန်မှ စိုက်ခင်းကို ငါပဲ ဆက်ရှင်းလင်းလိုက်မယ်… ဒီမိစ္ဆာကို မြေမြှုပ်ပစ်လိုက်တော့"
ကျန်းလျိုက အမှားကို ဝန်ခံသည်ကို မြင်တွေ့ရပြီးနောက်၊ နောင်တော် ရွှမ်ခုန်း ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြေလျော့သွားပြီး သူ၏ ကျောင်းဆောင်သို့ ပြန်ရန် လှည့်ထွက်သွားလေသည်။
နောင်တော် ရွှမ်ခုန်း ထွက်ခွာသွားသောအခါ ကျန်းလျိုသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး၊ ခြေရင်း၌ရှိသော ခွေးဘီလူးတစ်ကောင်ခန့် ကြီးမားသည့် နှင်းယုန်ကြီးကို ကြည့်ကာ ၎င်း၏ ခန္ဓာကိုယ်ကို မ,ချီလိုက်လေသည်။
အမှန်တကယ်ပင် နှင်းယုန်ကြီး၏ ခန္ဓာကိုယ်အောက်၌ ကြေးပြားများ ရှိနေလေသည်။ သို့ရာတွင် ထို့ထက်ပို၍ ပါးလွှာသော စာအုပ်ငယ်လေး တစ်အုပ်လည်း ရှိနေသေး၏။
...
ညဉ့်ဦးယံသည် နက်ရှိုင်းလာခဲ့ပြီ ဖြစ်သည်။ ကျန်းလျို၏ အခန်းအတွင်း၌ ဆီမီးခွက်ကို ထွန်းညှိထားရာ၊ ပဲစေ့ခန့်ရှိသော မီးတောက်လေးက မှိန်ဖျော့ဖျော့ အလင်းရောင်ကို ပေးစွမ်းနေပြီး အခန်းတွင်းရှိ အမှောင်ထုကို အနည်းငယ်မျှသာ ဖယ်ရှားပေးနိုင်လေသည်။
ဟောင်းနွမ်းနေသော စားပွဲတစ်လုံးပေါ်တွင် ကြေးပြားတစ်တန်းကို ဖြန့်ချထားလေသည်။ ၎င်းတို့မှာ အတိအကျ ဆယ့်ငါးပြား ရှိလေသည်။ ထို့အပြင် ပါးလွှာသော စာအုပ်ငယ်လေးလည်း ရှိနေသေးသည်။
စာအုပ်ငယ်လေးကို သေချာစွာ မြင်ရစေရန် ဆီမီးခွက်အနီးသို့ ကပ်၍ ကြည့်ရှုလိုက်ရာ၊ ၎င်း၏အပေါ်၌ စာလုံးကြီး ငါးလုံး ရေးသားထားလေသည်။
’ဝစီပိတ်တရား...'
"ဒါက ခုလေးတင် ကျလာတဲ့ ကျွမ်းကျင်မှု စာအုပ်များလား"
စာအုပ်ငယ်လေးပေါ်တွင် ရေးသားထားသော စာလုံးများကို မြင်တွေ့ရသောအခါ ကျန်းလျို နားလည်သဘောပေါက်သွားခဲ့လေသည်။
'သတိပေးချက် - သင်သည် ကျွမ်းကျင်မှတ် ၁ မှတ်ကို အသုံးပြု၍ "ဝစီပိတ်တရား" ကျွမ်းကျင်မှုကို သင်ယူလိုပါသလား။'
ကျန်းလျိုသည် စာအုပ်ငယ်လေးကို လှန်လှောကြည့်ရှုလိုက်သည်နှင့် သတိပေးချက် ပေါ်ထွက်လာလေသည်။
သေချာပေါက်ပင် မည်သို့မျှ တွေဝေနေခြင်းမရှိဘဲ၊ သူသည် သင်ယူရန် ရွေးချယ်လိုက်လေသည်။
ဝှစ်... ဝှစ်...
သူ၏ လက်ထဲရှိ စာအုပ်မှာ ချက်ချင်းဆိုသလိုပင် တောက်ပသော ကြယ်ရောင်လေးများအဖြစ် ပြောင်းလဲသွားပြီးနောက် ကျန်းလျို၏ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းညှင်းစွာ ပေါင်းစပ်ဝင်ရောက်သွားလေသည်။ တစ်ချိန်တည်းမှာပင် သူ၏ ရင်တွင်းအနက်ရှိုင်းဆုံးနေရာမှနေ၍ ရုတ်တရက် အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
မေ့ပျောက်နေသော အရာတစ်ခုကို ပြန်လည်သတိရလာသကဲ့သို့ ဖြစ်သွားပြီး၊ ကျန်းလျိုသည် ဝစီပိတ်တရား ကျွမ်းကျင်မှုနှင့် ပတ်သက်၍ နားလည်သဘောပေါက်သွားခဲ့လေသည်။
ဝစီပိတ်တရား။ လိုအပ်ချက် အဆင့် (၁)၊ အဝေးမှ လှမ်း၍ သုံးစွဲနိုင်သည်၊ ပစ်မှတ်ကို ၂ စက္ကန့်ကြာအောင် အသံပိတ်ထားနိုင်ပြီး ထိုအချိန်အတွင်း ပစ်မှတ်သည် မည်သည့် နည်းလမ်းကိုမျှ အသုံးမပြုနိုင်ပေ၊ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် စက္ကန့် ၃၀။
"တကယ်ပဲ… ငါ အချိန်ကာလ မကူးပြောင်းခင်က ကစားခဲ့တဲ့ အွန်လိုင်းဂိမ်းလိုပဲ…ဘုန်းကြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းရဲ့ ပထမဆုံး အခြေခံအဆင့် ကျွမ်းကျင်မှုက အသံပိတ်တဲ့ အမျိုးအစား ကျွမ်းကျင်မှု ဖြစ်နေတာပဲ"
ဝစီပိတ်တရား ကျွမ်းကျင်မှု၏ ဝိသေသလက္ခဏာများကို ခံစားသိရှိလိုက်ရသောအခါ၊ အချိန်ကာလ မကူးပြောင်းမီက အင်တာနက်ကဖေးများ၌ ညလုံးပေါက် အွန်လိုင်းဂိမ်းကစားခဲ့သော မှတ်ဉာဏ်များသည် ကျန်းလျို၏ ခေါင်းထဲ၌ လျှပ်တစ်ပြက် ပြန်လည်ပေါ်ထွက်လာခဲ့လေသည်။
သို့ရာတွင် ဂိမ်းထဲ၌ ဘုန်းကြီးအဖြစ် ကစားရခြင်းမှာ ဖိအားကင်းမဲ့သော်ငြားလည်း၊ အချိန်ကာလ ကူးပြောင်းပြီးနောက် ကိုယ်တိုင် ဘုန်းကြီးတစ်ပါး ဖြစ်လာချိန်၌မူ ကျန်းလျိုသည် အနည်းငယ် ခေါင်းခဲသွားခဲ့ရလေသည်။ ဂိမ်းထဲတွင် ဘုန်းကြီးများမှာ အဓိကအားဖြင့် အထောက်အကူပြု အသက်မွေးဝမ်းကျောင်းသာ ဖြစ်၏။ နောက်ပိုင်းတွင် တိုက်ခိုက်ရေးနှင့် သက်ဆိုင်သော အသက်မွေးဝမ်းကျောင်းများကို ရွေးချယ်နိုင်သည်ဆိုစေကာမူ၊ ဘုန်းကြီး အသက်မွေးဝမ်းကျောင်းမှာ ယေဘုယျအားဖြင့် အထောက်အကူပြုခြင်းနှင့် ထိန်းချုပ်ခြင်းဘက်သို့သာ ယိမ်းယိုင်နေတတ်လေသည်။
၎င်းနှင့် နှိုင်းယှဉ်လိုက်ပါက၊ လျင်မြန်စွာ ကလဲ့စားချေလေ့ရှိသော ဓားသမား အသက်မွေးဝမ်းကျောင်း သို့မဟုတ် လေ၊ မီး၊ မိုးကြိုးနှင့် လျှပ်စီးတို့ကို စေခိုင်းနိုင်သော တာအိုကျင့်ကြံသူ အသက်မွေးဝမ်းကျောင်းတို့က ပို၍ လန်းနေသည်ဟု ထင်ရလေသည်။
အချိန်ကာလ မကူးပြောင်းမီက ကျန်းလျိုသည် ဘော့စ်များကို နှိမ်နင်းရန်အတွက် ညလုံးပေါက် နည်းဗျူဟာများ ဆွဲခဲ့ဖူးသူဖြစ်ရာ၊ ဂိမ်းထဲရှိ အရာအားလုံးကို သဘာဝကျစွာပင် ရှင်းလင်းစွာ နားလည်သဘောပေါက်ထားလေသည်။
ဂိမ်းထဲတွင် ဘုန်းကြီး၊ တာအိုကျင့်ကြံသူ နှင့် ဓားသမား ဟူ၍ အဓိက အသက်မွေးဝမ်းကျောင်း သုံးမျိုးရှိပြီး၊ တစ်ခုစီတိုင်း၌ မိမိတို့၏ ကိုယ်ပိုင် ဝိသေသလက္ခဏာများ ရှိကြလေသည်။
တာအိုကျင့်ကြံသူများသည် အဓိကအားဖြင့် ဂါထာမန္တာန်များဖြင့် တိုက်ခိုက်ခြင်းကို အာရုံစိုက်ကြပြီး၊ ကောင်းကင်ဘုံသခင် ဟုခေါ်သော သန့်စင်သည့် "မှော်အမြောက်ကြီးများ" အဖြစ်သို့သော်လည်းကောင်း၊ မကောင်းဆိုးဝါး ကျိန်စာများကို ကျွမ်းကျင်သော မိစ္ဆာလမ်းစဉ် သို့သော်လည်းကောင်း အဆင့်မြှင့်တင်နိုင်လေသည်။
ဓားသမားများသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို အဓိကအားထားကြပြီး၊ ရန်လိုသော တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် ဓားသူရဲကောင်းများ အဖြစ်သို့သော်လည်းကောင်း၊ ကာကွယ်ရေးစွမ်းရည် ကျွမ်းကျင်သော ဒိုင်းလွှားဓားသမားများ အဖြစ်သို့သော်လည်းကောင်း အဆင့်မြှင့်တင်နိုင်ပေသည်။
ဘုန်းကြီးများကရော။ အချိန်ကာလ မကူးပြောင်းမီက ဂိမ်းထဲတွင် သူ၏ အသက်မွေးဝမ်းကျောင်းမှာ ဘုန်းကြီးဖြစ်ခဲ့သောကြောင့်၊ ကျန်းလျိုသည် ၎င်းတို့နှင့် အရင်းနှီးဆုံးဖြစ်နေသည်မှာ သေချာလှပေသည်။
ဘုန်းကြီး အသက်မွေးဝမ်းကျောင်းသည် အထောက်အကူပြုခြင်းဘက်သို့ ပိုမိုယိမ်းယိုင်ပြီး၊ နောက်ပိုင်းအဆင့်များတွင် ကရုဏာရှင် ဗောဓိသတ် ဟူသော သန့်စင်သည့် ကုသရေး အသက်မွေးဝမ်းကျောင်း အဖြစ်သို့သော်လည်းကောင်း၊ ထိန်းချုပ်ခြင်းနှင့် တိုက်ခိုက်ရေး နည်းစနစ်အမျိုးမျိုးကို ကျွမ်းကျင်သော တုန်လှုပ်ခြင်းကင်းမဲ့သည့် ဝိဒျာရာဇာ အဖြစ်သို့သော်လည်းကောင်း အဆင့်မြှင့်တင်နိုင်လေသည်။
မူလက ကျန်းလျို၏ အသက်မွေးဝမ်းကျောင်းမှာ ကုသရေး ကျွမ်းကျင်မှု အမျိုးမျိုး၊ စွမ်းရည်မြှင့်တင်ပေးမှုများနှင့် ရှင်သန်ထမြောက်ခြင်း ကျွမ်းကျင်မှုတို့ကိုပင် တတ်ကျွမ်းသော ကရုဏာရှင် ဗောဓိသတ် တစ်ပါးဖြစ်ခဲ့သော်ငြားလည်း၊ ၎င်းတို့အားလုံးမှာ ဂိမ်းထဲ၌သာ ဖြစ်ခဲ့လေသည်။ ယခု သက်ဝင်လှုပ်ရှားနေသော ကမ္ဘာကြီးတစ်ခုထဲသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်ရာ၊ အနာဂတ်တွင် တုန်လှုပ်ခြင်းကင်းမဲ့သည့် ဝိဒျာရာဇာ အဖြစ်သို့ အဆင့်မြှင့်တင်ခြင်းက ပို၍ကောင်းမွန်မည်ဟု ကျန်းလျို ခံစားမိလေသည်။
မည်သို့ပင်ဖြစ်စေ၊ ဂိမ်းထဲတွင် သေဆုံးပြီးနောက် ပြန်လည်ရှင်သန်နိုင်သော်လည်း၊ ဤပကတိကမ္ဘာကြီးထဲတွင် သေဆုံးပြီးနောက် ပြန်လည်ရှင်သန်နိုင်ပါမည်လော။
ကျန်းလျိုသည် သေချာရေရာမှု မရှိခဲ့သကဲ့သို့၊ သူ၏ ကိုယ်ပိုင်အသက်နှင့်လည်း လောင်းကြေးမထပ်လိုပေ။
"ဘုန်းကြီး အသက်မွေးဝမ်းကျောင်းရဲ့ အစောပိုင်းအဆင့်တွေမှာ အဓိကအခန်းကဏ္ဍက အထောက်အကူပြုဖို့ပဲ ဆိုတော့၊ ငါ မြန်မြန် အဆင့် (၂၀) ကို ရောက်အောင် ကြိုးစားပြီး လယ်ဗယ်တင်ရမယ်"
ကျန်းလျိုသည် သူ၏ အနာဂတ် အသက်မွေးဝမ်းကျောင်း အဆင့်မြှင့်တင်မှုအကြောင်းကို တွေးတောလိုက်လေသည်။ ယခုမှ အဆင့် (၁) သာ ရှိသေးသောကြောင့် ရှေ့ဆက်ရမည့်ခရီးမှာ ရှည်လျားလှသေးသည်ဟု သူ ခံစားလိုက်ရ၏။
ထိုညက မည်သည့်စကားမျှ ထပ်မံမပြောဖြစ်တော့ဘဲ၊ နောက်ထပ် နှစ်ရက်တာကာလမှာ အလွန် ငြိမ်းချမ်းစွာ ကုန်ဆုံးသွားခဲ့လေသည်။
***
အပိုင်း(၈)
နေ့စဉ် ဆွမ်းချက်ခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းတို့ကို ဆောင်ရွက်ရင်း၊ ကျန်းလျိုသည် ကျင်းဆန်းကျောင်းတော်ရှိ ဤနောက်ဆုံး တိတ်ဆိတ်ငြိမ်းချမ်းသော နေ့ရက်များကို တန်ဖိုးထား မြတ်နိုးနေခဲ့လေသည်။
တစ်နေ့ နေ့လယ်စာစားပြီးနောက် ပန်းကန်ခွက်ယောက်များကို ဆေးကြောပြီးစီးချိန်၌၊ လုပ်စရာအခြားအလုပ် မရှိတော့သဖြင့် ကျန်းလျိုသည် အနည်းငယ် သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး တောင်နောက်ကျောဘက်သို့ ထပ်မံထွက်ခွာလာခဲ့လေသည်။
ကြီးထွားဖွံ့ဖြိုးဆဲ အရွယ်ဖြစ်ရာ သူ၏ အစားအသောက်အတွက် အသားဓာတ်မှာ မရှိမဖြစ် လိုအပ်လှပေသည်။ ဤတစ်ကြိမ်တွင် နှင်းယုန်တစ်ကောင်နှင့် ထပ်မံမဆုံတွေ့စေရန်သာ သူ မျှော်လင့်နေမိလေသည်။
တောင်နောက်ကျောဘက်၌မူ သူရဲကောင်းတစ်ဦး၏ အငွေ့အသက်များ ဖုံးလွှမ်းနေသော ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကောင်းယန် အမည်ရသော မိန်းမပျိုလေးသည်၊ မြွေများကို လန့်သွားစေရန် တမင်သက်သက် အသံကျယ်ကျယ်ပြုလုပ်ရင်း ထူထပ်သော မြက်ခင်းပြင်ကို ဖြတ်သန်းလျှောက်လှမ်းနေလေသည်။
ထင်မှတ်ထားသည့်အတိုင်းပင် ခဏအကြာ၌ တောကြက်တစ်ကောင် လန့်ဖျပ်ကာ အဝေးသို့ ပျံသန်းထွက်ပြေးသွားလေတော့သည်။
အေးစက်သော အလင်းတန်းတစ်ခု လျှပ်တစ်ပြက် ပေါ်ထွက်လာပြီး၊ ကောင်းယန်၏ ပစ်ဓားငယ်မှာ လွင့်စဉ်ထွက်သွားကာ တောကြက်၏ လည်ပင်းကို တိကျစွာ ထိမှန်ပြီး လဲကျသွားစေလေသည်။
တောကြက်ကို လက်ထဲတွင် ကိုင်ထားရင်း ကောင်းယန်သည် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး၊ လွန်ခဲ့သော ရက်အနည်းငယ်က တွေ့ဆုံခဲ့ရသည့် ကိုရင်လေးကို အလိုအလျောက် သတိရသွားမိလေသည်။
သူ၏ ဟင်းချက်လက်ရာမှာ အမှန်တကယ်ပင် ကောင်းမွန်လှသော်လည်း၊ ကံဆိုးစွာဖြင့် ထိုကိုရင်လေးမှာ တောင်နောက်ကျောဘက်သို့ မလာရောက်သည်မှာ ရက်အတော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ သူ ချန်ထားရစ်ခဲ့သော တိရစ္ဆာန်ထောင်ချောက် အနည်းငယ်ကိုသာ သူမ တွေ့ရှိခဲ့ရလေသည်။
"ဂွီ..."
ကျန်းလျို၏အကြောင်းကို တွေးမိလိုက်သည်နှင့်၊ ကောင်းယန် တစ်ယောက် သွားရည်ကျလာပြီး ဗိုက်ထဲမှ မြည်သံများ ထွက်ပေါ်လာလေသည်။
ဗိုက်လေးကို ပွတ်သပ်ရင်း ကောင်းယန်သည် ထပ်မံ၍ အားကိုးရာမဲ့သလို ခံစားလိုက်ရပြန်သည်။
ပြီးခဲ့သည့်အကြိမ် သူမ တောကောင်အချို့ကို ဖမ်းမိခဲ့စဉ်က၊ ကိုရင်လေး ကင်ရသည်မှာ အလွန်လွယ်ကူသည်ဟု သူမ ထင်မှတ်ခဲ့မိသည်။ သို့ရာတွင် စိတ်ပျက်ဖွယ်ကောင်းစွာဖြင့် သူမ ကင်လိုက်သော အသားမှာ တူးခြစ်မည်းနက်ကာ ခါးသက်နေပြီး မြိုချရန်ပင် ခက်ခဲနေခဲ့လေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမသည် တောင်ပေါ်မှ တောသစ်သီးအချို့ဖြင့်သာ အသက်ဆက်နေခဲ့ရလေသည်။
"ဒီလောက် ကိစ္စသေးသေးလေးက ငါလို သူရဲကောင်းမလေးကို အရှုံးပေးသွားစေမယ်လို့ လုံးဝမယုံဘူး... ဒီနေ့တော့ ဒီတောကြက်ကို ကောင်းကောင်းကင်စားပစ်မယ်"
မကြာမီက ကြုံတွေ့ခဲ့ရသော အစားအသောက် ပြဿနာများကို တွေးမိကာ၊ ကောင်းယန် တစ်ယောက် စိတ်ပျက်အားငယ်စွာဖြင့် မျက်ရည်ပင် လည်လာခဲ့လေသည်။
အား... အား... အား...
ကောင်းယန် တစ်ယောက် ယခုတစ်ကြိမ် တောကြက်ကို ကောင်းစွာကင်နိုင်ရန် စိတ်ပိုင်းဖြတ်ကာ တိတ်တဆိတ် အားပေးနေစဉ်မှာပင်၊ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်နေသော တောင်တန်းများကြား၌ ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ၎င်းတို့က ချက်ချင်းပင် ကောင်းယန်၏ အာရုံကို ဖမ်းစားသွားလေတော့သည်။
...
အား... အား... အား...
လက်နှစ်ဖက်ကို အသံချဲ့စက်ပုံစံ ကတော့လုပ်ကာ၊ ကျန်းလျိုသည် ပွင့်လင်း ကျယ်ပြောသော တောင်တန်းများဆီသို့ မျက်နှာမူ၍ အကြိမ်အနည်းငယ်မျှ အသံကုန်ဟစ်အော်လိုက်ရာ၊ သူ၏ ရင်တွင်း၌ အလွန် ပေါ့ပါးလန်းဆန်းသွားလေတော့သည်။
နာရီဝက်နီးပါးခန့် လမ်းလျှောက်လာခဲ့ရသဖြင့် သူသည် ပင်ပန်းနွမ်းနယ်နေသော်ငြားလည်း၊ တောင်ပေါ်လေက ကောင်းမွန်လှပေရာ၊ အဆုတ်ထဲမှ လေများ ရှင်းလင်းသွားစေရန် အသံကုန်ဟစ်အော်လိုက်ရခြင်းက အတော်လေး ကောင်းမွန်သော ခံစားချက်ကို ပေးစွမ်းလေသည်။
တစ်နာရီနီးပါးခန့် ခရီးနှင်ပြီးနောက်၊ နောက်ဆုံးတွင် ကျန်းလျိုသည် သူ၏ ခရီးပန်းတိုင်သို့ ရောက်ရှိသွားပြီး သူ တပ်ဆင်ထားခဲ့သော ရိုးရှင်းသည့် တိရစ္ဆာန်ထောင်ချောက်များကို စတင်စစ်ဆေးလေတော့သည်။
ရက်အတော်ကြာ ကုန်လွန်သွားခဲ့ပြီဖြစ်ရာ၊ သားကောင်များ ဖမ်းမိထားခြင်း ရှိမရှိကို သူ သိချင်နေခဲ့လေသည်။
ဤတစ်ကြိမ်တွင်မူ ကံကြမ္မာက ကျန်းလျို၏ဘက်၌ ရှိနေပုံရလေသည်။ ထောင်ချောက်အနည်းငယ်ကို စစ်ဆေးပြီးနောက် သူ၏မျက်လုံးများမှာ အရောင်လက်သွားခဲ့၏။
သူ၏ တိရစ္ဆာန်ထောင်ချောက်တစ်ခု၌ တောကြက်တစ်ကောင်ကို အောင်မြင်စွာ ဖမ်းမိနေလေသည်။
ကျန်းလျိုသည် အနီးသို့ လျှောက်သွားကာ ကြည့်ရှုလိုက်ပြီး၊ ရင်တွင်း၌ အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်မိလေသည်။ ထိုအကောင်မှာ သေဆုံးနေပြီဖြစ်သဖြင့် နှမြောစရာကောင်းလှပေသည်။ ထိုသို့မဟုတ်ဘဲ သူကိုယ်တိုင်သာ သတ်ဖြတ်ခဲ့ရပါက နောက်ထပ် အတွေ့အကြုံမှတ် တစ်မှတ် ရရှိမည်မဟုတ်ပါလော။
“အရင်တစ်ခါ ထောင်ချောက်မှာ မိနေတဲ့ နှင်းယုတ်လေးကို သတ်တာက အတွေ့အကြုံမှတ် တစ်မှတ်ပဲ ရပေမဲ့ နောင်တုန်ရွှမ်ခုန်း သတ်ခဲ့တဲ့ နှင်းယုန်မိစ္ဆာကြီးနဲ့ကျတော့ အတွေ့အကြုံမှတ် ၁၀၀ ကျော်တောင် ရခဲ့တယ်... အတွေ့အကြုံမှတ် များများရဖို့ တွက် အစွမ်းထက် သားရဲတွေကို၊ မိစ္ဆာတွေကို သတ်ဖြတ်ဖို့ လိုအပ်တယ် ထင်တယ်”
သူ တွေးတောလိုက်လေသည်။ နှမြောတသဖြစ်နေသော်ငြားလည်း၊ ကျန်းလျို၏ လှုပ်ရှားမှုများမှာ မြန်ဆန်လှပေသည်။ သူသည် တောကြက်ကို ယူဆောင်ကာ အနီးအနားရှိ တောင်ကျစမ်းချောင်းလေးဆီသို့ သွားရောက်၍ သန့်စင်လေတော့သည်။
သူသည် ခန္ဓာကိုယ်ကို ခွဲစိတ်ခြင်း၊ ကလီစာများကို ဖယ်ရှားခြင်း၊ အမွေးများကို နှုတ်ခြင်း အားလုံးကို လျင်မြန်သော လှုပ်ရှားမှုများဖြင့် ပြုလုပ်လိုက်လေသည်။ တောကြက်ကို ဆေးကြောလိုက်သောအခါ ၎င်း၏သွေးများသည် စမ်းချောင်းရေနှင့် ရောနှောကာ စုန်ဆင်းသွားလေတော့သည်။
"ဟင်... ဒါက ဘာလဲ"
တောကြက်၏ အမွေးများကို နှုတ်ပစ်လိုက်ပြီးနောက် ကျန်းလျိုသည် ရုတ်တရက် ခေတ္တမျှ မှင်သက်သွားခဲ့လေသည်။
သူ၏ ရိုးရှင်းသော ထောင်ချောက်ကြောင့် ရရှိထားသည့် ဒဏ်ရာအပြင်၊ တောကြက်၏ လည်ပင်း၌ အပေါက်တစ်ပေါက် ရှိနေသေးကြောင်း တွေ့ရှိလိုက်ရခြင်းကြောင့်တည်း။
"ကိုရင်လေး... နင် အသားစားချင်လို့ သက်ရှိကို သတ်ပြန်ပြီပေါ့လေ... ငါ လက်ပူးလက်ကြပ် မိပြန်ပြီ မဟုတ်လား"
ရင်းနှီးနေသော ဆူပူကြိမ်းမောင်းသံတစ်ခုက ကျန်းလျို၏ နောက်ကျောဘက်မှ ထွက်ပေါ်လာလေသည်။ ခေါင်းကို လှည့်ကြည့်လိုက်ရာ၊ ယခင်ကကဲ့သို့ပင် သူ့အား စိုက်ကြည့်နေသော ကောင်မလေးကို မြင်တွေ့လိုက်ရပြီး၊ ထိုနေ့ကစကားများနှင့် ထပ်တူနီးပါး ပြောဆိုနေခြင်းပင် ဖြစ်လေသည်။
"မင်း စားချင်တယ်ဆိုရင်လည်း ဒီတိုင်းပြောလို့ရတာပဲ... ဒီတောကြက်ကို တမင်သက်သက် အမဲလိုက်ပြီး ငါ့ထောင်ချောက်ထဲ လာထည့်ထားတာ မဟုတ်လား"
အနားသို့ ရောက်ရှိလာသော ကောင်မလေးကို မြင်တွေ့လိုက်ရသောအခါ၊ တောကြက်၏ လည်ပင်းရှိ သွေးထွက်နေသော အပေါက်မှာ မည်သည့်အရာဖြစ်ကြောင်း ကျန်းလျို အဘယ်မှာလျှင် နားမလည်ဘဲ နေမည်နည်း။
သူမ၏ လှည့်ကွက်လေး ထပ်မံ ပေါ်လွင်သွားသောအခါ ကောင်းယန် ၏ မျက်နှာထက်၌ ရှက်သွေးများ ဖြာသွားခဲ့လေသည်။
သို့ရာတွင် သူမ၏ အကြံအစည်ကို သိရှိသွားပြီဖြစ်ရာ ကောင်းယန် က ငြင်းဆန်ခြင်း မပြုတော့ချေ။
"ဒီတောကြက်ကို နင် တစ်ယောက်တည်း အကုန်မစားနိုင်ပါဘူး... တွေ့တဲ့သူ အကျိုးခံစားခွင့် ရှိတယ်လေ"
'ငါ အကုန်စားနိုင်တယ်လို့ ပြောရင်ရော'
ကောင်မလေး၏ စကားကို ကျန်းလျိုက စိတ်တွင်းမှနေ၍ ရေရွတ်လိုက်မိလေသည်။ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်သည် သူ၏ ဖခင်အိုကြီး ဆင်းရဲမွဲတေသွားသည်အထိ စားသောက်နိုင်စွမ်းရှိသည်ဟူသော ဆိုရိုးစကားတစ်ခု ရှိလေသည်။ အသက် ၁၅ နှစ်အရွယ်ဆိုသည်မှာ အဆာလောင်ဆုံး အချိန်ပင် ဖြစ်၏။ တောကြက်တစ်ကောင်မှာ နှစ်ပေါင်ကျော်မျှသာ အလေးချိန်ရှိသည်။ အမွေးနှုတ်ကာ သွေးဖောက်ချလိုက်ပြီးနောက်တွင်မူ၊ လူတစ်ယောက်တည်းဖြင့် အမှန်တကယ် ကုန်စင်အောင် စားသောက်နိုင်စွမ်း ရှိပေသည်။
သေချာသည်က ထိုစကားများကို ကျန်းလျိုက သဘာဝကျစွာပင် အပြင်သို့ ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။
ထိုတောကြက်ကို ကောင်းယန် က အမဲလိုက်ခဲ့ခြင်းဖြစ်ရာ၊ သူမလည်း ဝေစုတစ်ရပ် ရပိုင်ခွင့်ရှိသည်မှာ အမှန်ပင် ဖြစ်လေသည်။
ကျွမ်းကျင်ပိုင်နိုင်သော လှုပ်ရှားမှုများဖြင့် ကျန်းလျိုသည် ကောင်းယန် အား သစ်ကိုင်းခြောက်များ ကောက်ယူလာစေပြီး၊ မီးပုံတစ်ခုကို ဖန်တီးကာ တောကြက်ကို စတင်ပြင်ဆင်လေတော့သည်။
ကောင်းယန် သည် ကျန်းလျို၏ လှုပ်ရှားမှုများကို ဂရုတစိုက် လေ့လာနေရင်း မျက်လုံးများ ပြူးကျယ်နေကာ အလွန် ဆန်းသစ်နေသည်ဟု ခံစားနေရလေသည်။
ကျန်းလျို၏ လုပ်ငန်းစဉ်များမှာ များစွာ ရှုပ်ထွေးဟန် မပေါ်သော်ငြားလည်း၊ သူ ကင်ထားသော အစားအစာများက အဘယ်ကြောင့် ဤမျှလောက် အရသာရှိနေပြီး၊ သူမ ကင်လိုက်လျှင်မူ အမြဲတမ်း တူးခြစ်သွားရသနည်း။
ဟင်းချက်နေစဉ်အတွင်း ကျန်းလျို၏ မျက်နှာအမူအရာမှာ အလွန် တည်ကြည်လေးနက်နေလေသည်။ ဟင်းချက်ရာတွင် အပြည့်အဝ အာရုံစိုက်ရန် လိုအပ်ကြောင်း အတင်းအကျပ် တောင်းဆိုတတ်သော ဦးလေးများ၏ တင်းကျပ်လွန်းသော စည်းကမ်းများကြောင့်ပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
အလုပ်တစ်ခုကို အလေးအနက်ထား လုပ်ဆောင်နေသော အမျိုးသားတစ်ဦးသည် အဆွဲဆောင်နိုင်ဆုံး ဖြစ်သည်ဟူသော ဆိုရိုးစကားတစ်ခု ရှိလေသည်။
ကျန်းလျိုသည် ဟင်းချက်ရာတွင် အာရုံစူးစိုက်နေ၏။ ကောင်းယန် ၏ အာရုံကမူ သူ၏ထံသို့ ရောက်ရှိနေလေသည်။ ခေတ္တမျှကြာသောအခါ အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေတော့သည်။
...
စမ်းချောင်း၏ အောက်ဘက်တွင်မူ ဝံပုလွေတစ်ကောင်သည် ရေစပ်သို့ ရောက်ရှိလာလေသည်။ အကယ်၍ ထိုနေရာ၌ အခြားသူတစ်ဦးဦးသာ ရှိနေပါက သေချာပေါက် အော်ဟစ်မိမည် ဖြစ်၏။
ထိုဝံပုလွေမှာ အခြားသော တောရိုင်းတိရစ္ဆာန်များကဲ့သို့ ခြေလေးဖောင်းဖြင့် တွားသွားနေခြင်းမျိုးမဟုတ်ဘဲ၊ ခြေနှစ်ဖက်ဖြင့် မတ်မတ်လျှောက်လှမ်းလာခြင်းကြောင့်ပင် ဖြစ်လေသည်။
ခေါင်းမှခြေအထိ ဝံပုလွေတစ်ကောင်နှင့် တူနေသော်ငြားလည်း၊ ၎င်း၏ ရပ်တည်ပုံနှင့် လမ်းလျှောက်ပုံမှာ လူသားတစ်ဦးနှင့် တူညီနေလေသည်။
၎င်းသည် စမ်းချောင်းဘေး၌ ဆောင့်ကြောင့်ထိုင်ကာ ရေကို အကြိမ်အနည်းငယ် သောက်သုံးလိုက်၏။ ထို့နောက်... ရုတ်တရက် ဝံပုလွေမိစ္ဆာ ၏ မျက်လုံးများ အရောင်လက်သွားကာ၊ စမ်းချောင်း၏ အထက်ပိုင်းသို့ ကြည့်ရှုရင်း လူစကားဖြင့် ပြောဆိုလိုက်လေတော့သည်။
"ဒီရေထဲမှာ သွေးနံ့ ပါနေတာလား"
***