← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အပိုင်း(၁၇)

တိုက်ခိုက်ရေး ကျွမ်းကျင်မှုတစ်ခုကို သင်ယူပြီးစီးသွားသောအခါ၊ ကျန်းလျိုသည် မျှော်လင့်ချက်အပြည့်ဖြင့် သူ၏ ကျောင်းဆောင်အတွင်းမှ ထွက်လာခဲ့ပြီး၊ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ အုတ်ခဲအရွယ်အစားခန့်ရှိသော ကျောက်တုံးတစ်တုံးကို ခပ်မြန်မြန် ရွေးချယ်လိုက်လေသည်။

ကျန်းလျိုသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ထိုကျောက်တုံးကို လက်သီးဖြင့် ထိုးချလိုက်လေသည်။

ဘုန်း...

ကျန်းလျိုသည် သူ၏လက်သီး၌ ပဲ့တင်ရိုက်ခတ်လာသော နာကျင်မှုကို ခံစားလိုက်ရသော်ငြားလည်း၊ ကျောက်တုံးပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာခဲ့လေသည်။

အဆင့် ၄ သို့ ရောက်ရှိနေပြီဖြစ်ရာ၊ သူ၏ ခွန်အားများမှာ အတော်လေး တိုးတက်လာခဲ့ပြီဖြစ်သည်။ ကျောက်တုံးတစ်တုံးကို အက်ကွဲသွားစေနိုင်ခြင်းမှာ သာမန်လူတစ်ယောက် လုပ်ဆောင်နိုင်သော အရာမျိုး လုံးဝ မဟုတ်ကြောင်း ရှင်းလင်းထင်ရှားလှပေသည်။

ပုံမှန် တိုက်ခိုက်ရေးစွမ်းအားကို သေချာစွာ စမ်းသပ်ပြီးနောက်၊ ကျန်းလျိုသည် စိတ်တွင်းမှနေ၍ ခေါင်းညိတ်လိုက်ပြီး ရဟန္တာလက်သီးစွမ်းရည် ကို အသက်သွင်းလိုက်လေသည်။

သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော မှိန်ဖျော့သည့် ရွှေရောင်အလင်းတန်းများက သူ၏ လက်နှစ်ဖက်ကြား၌ ခေတ္တမျှ စီးဆင်းသွားခဲ့ရာ၊ ထိုမြင်ကွင်းက ကျန်းလျိုအား ဟိုနေ့က နှင်းယုန်မိစ္ဆာကြီးနှင့် တိုက်ခိုက်ခဲ့သော နောင်တော် ရွှမ်ခုန်း၏ မြင်ကွင်းကို ပြန်လည်သတိရသွားစေခဲ့လေသည်။

ထိုအချိန်က နောင်တော် ရွှမ်ခုန်း၏ လက်များတွင် ရွှေရောင်အလင်းတန်းများ တောက်ပနေခဲ့ခြင်းမှာ ဤရဟန္တာလက်သီးစွမ်းရည်ကြောင့်ပင် ဖြစ်တန်ရာသည် မဟုတ်ပါလော။

ရဟန္တာလက်သီးစွမ်းရည်၏ တိုးမြှင့်ပေးမှုနှင့်အတူ၊ ကျန်းလျိုသည် သူ၏လက်သီးတွင် အနည်းငယ် တောင့်တင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ သံမဏိဖြင့် ပြုလုပ်ထားသော လက်အိတ်တစ်စုံကို ဝတ်ဆင်ထားရသည့်အလား ဖြစ်နေလေသည်။

ထို့နောက် ကျန်းလျိုသည် လက်သီးကို မြှောက်ကာ ရှေ့ရှိ ကျောက်တုံးကြီးကို အားကုန်လွှဲ၍ ထပ်မံထိုးချလိုက်ပြန်သည်။

ခရက်...

ကွဲအက်သံတစ်ခုနှင့်အတူ၊ မူလကတည်းက အက်ကွဲကြောင်းရှိနေသော ကျောက်တုံးကြီးမှာ သူ၏ လက်သီးအောက်တွင် ချက်ချင်းဆိုသလို နှစ်ခြမ်းကွဲသွားခဲ့လေတော့သည်။

ဤလက်သီး၏ အရှိန်အဟုန်မှာ လေးလံသော တူရွင်းကြီးတစ်လက်ဖြင့် အားပါပါ ရိုက်ချလိုက်သည့်အလား ပြင်းထန်လှပေသည်။

"အင်း... မဆိုးဘူးပဲ။ ရဟန္တာလက်သီးစွမ်းရည် ပါလာပြီဆိုတော့၊ သားရဲတိရစ္ဆာန်တွေနဲ့ ကြုံလာရရင်တောင် ယှဉ်ချနိုင်တဲ့ အင်အားရှိသွားပြီ..."

လက်သီးတစ်ချက်တည်းဖြင့် ကျောက်တုံးတစ်တုံးကို ခွဲထုတ်နိုင်ခဲ့သည်ကို မြင်တွေ့ရသောအခါ၊ ကျန်းလျိုသည် သူ၏ စွမ်းအားအပေါ် ယုံကြည်မှုအသစ်များ ဖြစ်ပေါ်လာခဲ့လေသည်။

အနည်းဆုံးတော့ နောင်အနာဂတ်တွင် အဆိပ်ပြင်းသော အင်းဆက်များ သို့မဟုတ် သားရဲတိရစ္ဆာန်များနှင့် ကြုံတွေ့ရပါက၊ သူသည် ခုခံတိုက်ခိုက်ရန် နည်းလမ်းကင်းမဲ့နေမည် မဟုတ်တော့ချေ။

...

သုံးရက်တာ ကာလအတွင်း၊ ကျန်းလျိုသည် အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်ဟု ခံစားခဲ့ရလေသည်။ နံနက်ခင်းပိုင်းများတွင် သူသည် ကျောင်းတော်ရှိ အထွေထွေအလုပ်ကြမ်းများဖြင့် အလုပ်များနေတတ်ပြီး၊ နေ့လယ်ပိုင်း၌ အခြားကိစ္စမရှိပါက တောင်နောက်ကျောဘက်သို့ သွားရောက်ကာ ကောင်းယန်နှင့် တွေ့ဆုံလေ့ရှိလေသည်။ ကျန်းလျို သွားရောက်သည့် အကြိမ်တိုင်းတွင် ကောင်းယန်အတွက် အစားအသောက်များ ထည့်သွင်းထားသော ချိုင့်တစ်လုံးကိုလည်း တိတ်တဆိတ် သယ်ဆောင်သွားလေ့ရှိလေသည်။

သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ လျင်မြန်စွာ နွေးထွေးလာခဲ့ပြီး၊ ချစ်သူရည်းစားစဖြစ်ခါစ လူငယ်များ၏ ထုံးစံအတိုင်း စက္ကန့်တိုင်း အတူတကွ ရှိနေချင်စိတ်များ ဖြစ်ပေါ်နေကြလေသည်။

တောင်နောက်ကျောဘက်တွင် တိရစ္ဆာန်များစွာ ရှိနေပြီး၊ ယုန်များနှင့် တောကြက်များကဲ့သို့သော အကောင်ငယ်လေးများမှစ၍ အန္တရာယ်ပိုများသော ဝက်ဝံများနှင့် ကြမ်းတမ်းသော ကျားရိုင်းများအထိ ရှိနေကြလေသည်။

ဤရှေးဟောင်း ရှင်သန်မှုလောကတွင်၊ အရာအားလုံးမှာ အလွန် သဘာဝကျပြီး ရိုင်းစိုင်းနေဟန်ရှိကာ၊ တောရိုင်းတိရစ္ဆာန် မျိုးစိတ်စုံလင်မှုမှာ ခေတ်သစ်လူ့အဖွဲ့အစည်းထက် များစွာ သာလွန်နေလေသည်။

ဤရက်များအတွင်း အလုပ်လုပ်ရင်း၊ ကောင်းယန်နှင့်အတူ ချိုမြိန်သော အချိန်များကို ဖြတ်သန်းရင်း၊ သူတို့နှစ်ဦးသည် အဖွဲ့ဖွဲ့ကာ မိစ္ဆာများကို တိုက်ခိုက်၍ အဆင့်မြှင့်တင်ကြလျက် အတော်လေး သက်တောင့်သက်သာရှိသော ဘဝကို ဖြတ်သန်းနေကြလေသည်။

သုံးရက်တိုင်တိုင် မိစ္ဆာများကို တိုက်ခိုက်၍ အဆင့်မြှင့်တင်ပြီးနောက်၊ ကျန်းလျိုသည် အရေးကြီးသော ကိစ္စရပ်တစ်ခုကိုလည်း ရှာဖွေတွေ့ရှိသွားခဲ့လေတော့သည်။

အဖွဲ့ဖွဲ့၍ မိစ္ဆာများကို တိုက်ခိုက်ရာတွင်၊ မိမိဘက်မှ စတင်တိုက်ခိုက်ခဲ့ပါက သွေးတန်း ကုန်ခန်းသွားသော မိစ္ဆာသည် သေဆုံးသွားမည်မဟုတ်ဘဲ ပြင်းထန်စွာ ဒဏ်ရာရရှိကာ သတိလစ်မေ့မြောသွားမည်သာ ဖြစ်လေသည်။

ထိုအခြေအနေမျိုးတွင် နောက်ထပ် တစ်ချက် ထပ်မံရိုက်နှက်လိုက်မည်ဆိုပါက သေချာပေါက် သေဆုံးသွားမည် ဖြစ်၏။

ပြောင်းပြန်အားဖြင့်၊ မိမိတို့အား စတင်တိုက်ခိုက်လာသော ခြိမ်းခြောက်မှုရှိသည့် ပစ်မှတ်များအတွက်မူ သွေးတန်း ကုန်ခန်းသွားခြင်းက သေဆုံးခြင်းကို ဆိုလိုလေသည်။

၎င်းမှာ ဟင်းသီးဟင်းရွက်ခင်းထဲမှ နှင်းယုန် မိစ္ဆာနှင့် သူတို့ကို စတင်တိုက်ခိုက်ခဲ့သော ဝံပုလွေ မိစ္ဆာတို့ကြားမှ ကွာခြားချက်လိုပင် ဖြစ်လေသည်။

ဤရှာဖွေတွေ့ရှိမှုက ဂိမ်းစနစ်မှာ တော်တော်လေး လူသားဆန်သည်ဟု ကျန်းလျိုအား ခံစားရစေခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ ဤပကတိကမ္ဘာကြီးမှာ အွန်လိုင်းဂိမ်းတစ်ခု မဟုတ်ပေ။ အသတ်ခံလိုက်ရသော မိစ္ဆာများမှာ ပြန်လည်ရှင်သန်လာနိုင်မည် မဟုတ်ရာ၊ သူ စတင်တိုက်ခိုက်ခဲ့သော မိစ္ဆာများကို သတိလစ်သွားရုံမျှသာ ပြုလုပ်ပြီး ရပ်တန့်လိုက်ခြင်းဖြင့်၊ နောက်ပိုင်းတွင် ၎င်းတို့ကို အကြိမ်ကြိမ် ပြန်လည်အသုံးချ၍ အဆင့်မြှင့်တင်နိုင်ရန်များလော။

သတိပေးချက် - အတွေ့အကြုံမှတ် ၁၂၀ ရရှိပါသည်။ ကြေးပြား ၁၅ ပြား ရရှိပါသည်။

စနစ်၏ သတိပေးချက်နှင့်အတူ၊ ကျန်းလျိုနှင့် ကောင်းယန်တို့ ပူးပေါင်း၍ နောက်ထပ် ကြီးမားသော စပါးအုံးမြွေကြီး တစ်ကောင်ကို အနိုင်ယူလိုက်ချိန်မှာပင်၊ လန်းဆန်းသော ခံစားချက်တစ်ခုက သူတို့၏ ခန္ဓာကိုယ်များအတွင်း၌ ဆူပွက်လာပြီး ခြေလက်များဆီသို့ ပျံ့နှံ့သွားကာ၊ ပူပြင်းသော နွေရာသီနေ့တစ်နေ့တွင် အိပ်ရာမှနိုးလာပြီး ရေအေးအေးလေး ချိုးလိုက်ရသည့်အလား အပြည့်အဝ ပေါ့ပါးလန်းဆန်းသွားစေလေသည်။

သူ အဆင့် ၅ သို့ ရောက်ရှိသွားပြီဖြစ်ကြောင်းကို ကျန်းလျို ကောင်းစွာ သဘောပေါက်လိုက်လေသည်။

ကောင်းကင်ကို ကြည့်လိုက်ရာ အချိန်နှောင်းလာပြီ ဖြစ်၏။ သုံးရက်တိုင်တိုင် အဆင့်မြှင့်တင်ပြီးနောက် နောက်ဆုံးတွင် သူ အဆင့် ၅ သို့ ရောက်ရှိသွားခဲ့လေပြီ။ ကျန်းလျိုသည် ကောင်းယန်အား လက်ပြနှုတ်ဆက်လိုက်၏။

"အချိန်လည်း လင့်နေပြီဆိုတော့ ငါ အရင် ပြန်တော့မယ်"

နှုတ်ဆက်စကားကို ကြားသောအခါ ကောင်းယန်၏ နူးညံ့လှပသော မျက်နှာလေးထက်၌ ခွဲခွာရမည်ကို နှမြောတသဖြစ်နေဟန် ပေါ်လွင်နေသော်ငြားလည်း သူမ များစွာ ဆက်မပြောတော့ပေ။

နံ့သာတိုင်ပူဇော်ပွဲ ကျင်းပရန် ရက်အနည်းငယ်သာ လိုတော့ရာ၊ ကောင်းယန်သည်လည်း ထိုပွဲပြီးဆုံးမည့်နေ့ကို မျှော်လင့်စောင့်စားနေပြီး၊ ထိုအခါမှသာ ကျန်းလျိုနှင့်အတူ ပွင့်ပွင့်လင်းလင်းနှင့် တရားဝင် နေထိုင်နိုင်မည် ဖြစ်လေသည်။

တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ပြီးနောက် ကောင်းယန်သည် လှည့်ထွက်သွားခဲ့လေသည်။ ကျန်းလျိုသည် သူမ ထွက်ခွာသွားသည်ကို ကြည့်ရှုနေပြီးနောက် စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်ကို ရှာဖွေကြည့်ရာ ကြေးပြား ဆယ့်ငါးပြားကို တွေ့ရှိလိုက်လေသည်။

ကံဆိုးစွာဖြင့် ငွေကြေးမှလွဲ၍ အခြားမည်သည့် လုယက်ပစ္စည်းမျှ မကျလာခဲ့ချေ။ ဆေးပုလင်း တစ်ပုလင်းတောင်မှ မပါရှိခဲ့ပေ။

ပြီးခဲ့သောရက်များအတွင်း ကောင်းယန်နှင့်အတူ အမဲလိုက်ခဲ့သော်ငြားလည်း၊ ကျန်းလျိုသည် ဤပစ္စည်းများ ကျလာတတ်သည့် အချက်ကို အမြဲတမ်း ဖုံးကွယ်ထားခဲ့လေသည်။

၎င်းမှာ တမင်သက်သက် ဖုံးကွယ်ထားခြင်းမျိုးမဟုတ်ဘဲ၊ ဤကိစ္စမှာ အလွန်ပင် ယုတ္တိမတန်လွန်းသောကြောင့်သာ ဖြစ်လေသည်။

ထို့အပြင် လူတိုင်း၌ အခြားသူများ မသိရှိနိုင်သော ကိုယ်ပိုင် လျှို့ဝှက်ချက်လေးများ ရှိတတ်ကြသည် မဟုတ်ပါလော။ ဇနီးမောင်နှံကြားတွင်ပင် လျှို့ဝှက်ချက်များ ရှိတတ်ကြောင်း ကျန်းလျို ယုံကြည်ထားပြီး၊ ကောင်းယန်၌လည်း သူမ၏ ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိနေမည်သာ ဖြစ်လေသည်။

ဥပမာအားဖြင့် ကောင်းယန်၏ အစစ်အမှန် နောက်ခံမည်သို့ရှိသနည်း။ သူတို့ သိကျွမ်းခဲ့သည့် အချိန်တစ်လျှောက်လုံးတွင် သူမ၏ မိသားစုအခြေအနေကို သူမ တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

ထို့အပြင်... သူမသည် ကျင်းဆန်းကျောင်းတော် ၏ တောင်နောက်ကျောဘက်၌ အဘယ်ကြောင့် တစ်ယောက်တည်း ရောက်ရှိနေရသနည်း။ ၎င်းကိုလည်း သူမ ဘယ်သောအခါမှ မရှင်းပြခဲ့ပေ။

သို့ရာတွင် ကျန်းလျိုကလည်း အတင်းအကျပ် စူးစမ်းမေးမြန်းလိုခြင်း မရှိခဲ့ပေ။

တစ်ဦး၏ လျှို့ဝှက်ချက်ကို တစ်ဦးက လေးစားပြီး အလွန်အမင်း နက်နက်ရှိုင်းရှိုင်း မတူးဆွခြင်းက၊ ပိုမို သက်တောင့်သက်သာရှိပြီး သဘာဝကျသော ဆက်ဆံရေးတစ်ခုအတွက် သော့ချက်ပင် ဖြစ်လေသည်။ အချိန်တန်လာပါက ကောင်းယန်သည် သူ့အား အရာအားလုံးကို သဘာဝကျကျ ပြောပြလာလိမ့်မည်ဟု ကျန်းလျို ယုံကြည်ထားလေသည်။

ကြေးပြားများကို သိမ်းဆည်းပြီးနောက်၊ ကျန်းလျိုသည်လည်း ပေါ့ပါးသော ခြေလှမ်းများဖြင့် ကျင်းဆန်းကျောင်းတော် သို့ ပြန်လာခဲ့ပြီး ညစာပြင်ဆင်လေတော့သည်။

အလုပ်များပြီးစီးသွားသောအခါ၊ ကျန်းလျိုသည် သူ၏ ကျောင်းဆောင်သို့ ပြန်လာခဲ့ပြီး ဝရဇိန်ဂါထာ ကျင့်စဉ်စာအုပ်ကို ထုတ်ယူကာ တိုက်ရိုက်ပင် လေ့လာသင်ယူလိုက်လေသည်။

ဝရဇိန်ဂါထာ (အခြေခံအဆင့်) - ဝရဇိန်၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ဆင့်ခေါ်၍ မဟာမိတ် ပစ်မှတ်တစ်ခုအား ကောင်းချီးပေးမည်ဖြစ်ပြီး၊ နောက်ထပ် အထိခံရမည့် တိုက်ခိုက်မှု၏ ထိခိုက်ပျက်စီးမှုကို ၈၀ ရာခိုင်နှုန်း လျှော့ချပေးမည် ဖြစ်သည်။ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၅၀ စက္ကန့်။

ဝရဇိန်ဂါထာ၏ အကျိုးသက်ရောက်မှုအပေါ် ကျန်းလျို တစ်ယောက် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

ဤဝရဇိန်ဂါထာ ကျွမ်းကျင်မှုဖြင့်ဆိုလျှင် သူတစ်ယောက်တည်းအတွက် ဖြစ်စေ၊ ကောင်းယန်နှင့် အဖွဲ့ဖွဲ့ချိန်၌ ဖြစ်စေ သူတို့၏ လုံခြုံရေး အတိုင်းအတာမှာ သိသိသာသာ မြင့်တက်လာမည် ဖြစ်လေသည်။

...

ကောင်းယန်နှင့်အတူ တရားမျှတမှုကို ဖော်ဆောင်ပြီး မိစ္ဆာများကို နှိမ်နင်းကာ အဆင့်မြှင့်တင်မည့် ဇနီးမောင်နှံအဖြစ် လောကကြီးအတွင်း လှည့်လည်သွားလာရန် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော ကျန်းလျို၏ အပိုင်းကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင်...

ကျင်းဆန်းကျောင်းတော် နှင့် မိုင်ဆယ်ဂဏန်းခန့် ကွာဝေးသော တောင်ကြားတစ်ခုအတွင်း၌ ဓားပြစခန်းတစ်ခု ရှိနေလေသည်။

ထိုည၌ ဓားပြစခန်းမှာ မီးရောင်များဖြင့် လင်းထိန်နေပြီး၊ မျက်နှာတွင် အမာရွတ်ရှိသော လူတစ်ယောက်သည် ကျားသားရေပေါ်တွင် ဩဇာတိက္ကမ အပြည့်ရှိသော ဟန်ပန်ဖြင့် ထိုင်နေလေသည်။

သူ၏ ရှေ့မှောက်သို့ ကြမ်းတမ်းသော ရုပ်ရည်ရှိသည့် လူနှစ်ယောက် ချဉ်းကပ်လာလေသည်။

"အစ်ကိုကြီး... ကျွန်တော်တို့ သေသေချာချာ စုံစမ်းပြီးသွားပါပြီ။ ကျင်းဆန်းကျောင်းတော် က ကိုရင်လေးက နေ့လယ်ခင်းတိုင်း တောင်နောက်ကျောဘက်ကို တစ်ယောက်တည်း သွားတတ်တယ်။ အဲဒါက ကျွန်တော်တို့ လှုပ်ရှားဖို့ အကောင်းဆုံး အခွင့်အရေးပဲ"

"ဟဲဟဲ... ကောင်းတယ်၊ သာမန် ကိုရင်လေးတစ်ပါးပဲဟာ။ အေးအေးဆေးဆေးပဲ၊ ပြီးတော့ ငွေစင် သုံးဆယ်တောင် အလွယ်လေး ရလိုက်ဦးမယ်”

***

အပိုင်း(၁၈)

နေ့လယ်စာစားပြီးနောက် ကျန်းလျိုသည် စန္ဒကူး စိပ်ပုတီးကို လည်ပင်းတွင် ဆွဲကာ တောင်နောက်ကျောဘက်သို့ တက်ကြွစွာ လျှောက်လှမ်းသွားလေသည်။ သူသည် ကောင်းယန်နှင့် တွေ့ဆုံရမည်ကို ပို၍ စိတ်လှုပ်ရှားနေသလော၊ သို့တည်းမဟုတ် မိမိ၏ စွမ်းအားကို မြှင့်တင်ရန်အတွက် သတ္တဝါများကို တိုက်ခိုက်ပြီး အတွေ့အကြုံမှတ်များ ရှာဖွေရမည်ကို ပို၍ စိတ်လှုပ်ရှားနေသလောဆိုသည်ကို သူကိုယ်တိုင်ပင် သေချာရေရာစွာ မသိရှိခဲ့ပေ။

စန္ဒကူး စိပ်ပုတီး၏ အဓိက လုပ်ဆောင်ချက်မှာ အထောက်အကူပြု ကျွမ်းကျင်မှုများ၏ အကျိုးသက်ရောက်မှုကို မြှင့်တင်ပေးရန် ဖြစ်သော်ငြားလည်း၊ ကံဆိုးစွာဖြင့် ကျန်းလျို သင်ယူထားသော ဝစီပိတ်တရား၊ ရဟန္တာလက်သီးစွမ်းရည် နှင့် ဝရဇိန်ဂါထာ ဟူသော ကျွမ်းကျင်မှု သုံးခုစလုံးမှာ အထောက်အကူပြု အမျိုးအစားများ မဟုတ်ကြပေ။

ထို့ကြောင့် ကျန်းလျိုအတွက်မူ စန္ဒကူး စိပ်ပုတီး၏ အဓိက အရေးပါမှုမှာ ၎င်းနှင့် တစ်ပါတည်း ပါဝင်လာသော ကျွမ်းကျင်မှု အကျိုးသက်ရောက်မှုများအပေါ်တွင်သာ တည်ရှိနေလေသည်။

တိတ်ဆိတ်နေသော တောအုပ်လေးမှာ လတ်ဆတ်ကြည်လင်နေ၏။ ၎င်းကို ဖြတ်သန်းလျှောက်လှမ်းသွားရသည်မှာ လူကို လန်းဆန်းရွှင်လန်းသွားစေလေသည်။

လမ်းဘေးတစ်လျှောက်တွင် အမည်မသိ တောပန်းရိုင်းလေးများ ဖူးပွင့်နေကြပြီး၊ သစ်ကိုင်းများထက်၌ ငှက်ကလေးများက ပျော်ရွှင်စွာ တေးဆိုနေကြလေသည်။ တစ်ခါတစ်ရံတွင် ရှဉ့်အချို့နှင့် မျောက်များပင် သစ်ကိုင်းတစ်ခုမှ တစ်ခုသို့ ကူးလူးခုန်ပေါက်နေကြသည်ကို မြင်တွေ့နိုင်ရာ၊ အလွန် ငြိမ်းချမ်းပြီး သဘာဝကျသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးထားလေသည်။

“အား... အား...”

ကျန်းလျို တစ်ယောက် ခပ်သွက်သွက် လျှောက်လှမ်းနေစဉ်မှာပင်၊ ရုတ်တရက် ထွက်ပေါ်လာသော တိုးတိတ်သည့် ညည်းတွားသံများက သူ၏ အာရုံကို ဖမ်းစားသွားလေသည်။

အသံလာရာသို့ ကြည့်လိုက်ရာ အသက် သုံးဆယ်အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦး မြေပြင်ပေါ်၌ လဲကျနေသည်ကို သူ မြင်တွေ့လိုက်ရလေသည်။ သူမ၏ ကျောထက်၌ ဆေးခြင်းတောင်းတစ်ခု ပါရှိပြီး အမည်မသိ ဆေးပင်အချို့ ပါဝင်လေသည်။ ခြေထောက်ပေါ်ရှိ သွေးကွက်များကို ကြည့်ခြင်းအားဖြင့်၊ သူမသည် ဒဏ်ရာရရှိထားပြီးဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

"အစ်မကြီး... ဘယ်လိုနေသေးလဲ"

တောတောင်ထဲ၌ ဒဏ်ရာရနေသူတစ်ဦးကို မြင်တွေ့ရသောအခါ၊ ကျန်းလျိုသည် လျစ်လျူရှုမထားနိုင်ခဲ့ဘဲ သူမ၏အနီးသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်လေသည်။

"ကိုရင်လေး... အစ်မက တောင်ခြေက ကျင်းဆန်းရွာကပါ။ အစ်မရဲ့ ယောက်ျား နေမကောင်းလို့၊ သူ့အတွက် ဆေးမြစ်တွေ လာရှာတာ။ အစ်မကို တောင်အောက်ဆင်းဖို့ ကူညီပေးလို့ ရမလား"

အမျိုးသမီး၏ မျက်နှာထက်၌ တောင်းပန်တိုးလျှိုးနေသည့် ဟန်ပန်များ အပြည့်အဝ ပေါ်လွင်နေလေသည်။

ထိုအမျိုးသမီး၏ စကားကြောင့် ကျန်းလျိုသည် အနည်းငယ် တွန့်ဆုတ်သွားခဲ့လေသည်။

ယခုအချိန်လောက်ဆိုလျှင် ကောင်းယန် သည် ပုံမှန် တွေ့နေကျ နေရာ၌ သူ့ကို စောင့်နေလောက်ပြီ မဟုတ်ပါလော။ သို့ရာတွင် ဤအမျိုးသမီးကို ဤနေရာ၌ ပစ်ထားခဲ့ရန်လား။ သူ ထိုသို့ မလုပ်ရက်နိုင်ခဲ့ပေ။

ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက်၊ ကျန်းလျိုသည် ခေါင်းညိတ်လိုက်ပြီး အမျိုးသမီးကို တွဲထူရန် ငုံ့ချလိုက်လေသည်။

သို့သော် သူ အမျိုးသမီးကို မြေပြင်မှ အနည်းငယ် မ,ချီလိုက်သည်နှင့် တစ်ပြိုင်နက်၊ သူမ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတန်းတစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

ဘုတ်...

သူမက လက်ဖြင့် ကျန်းလျို၏ လည်ပင်းကို ပြင်းထန်စွာ ခုတ်ချလိုက်ရာ၊ သူ သတိလစ်မေ့မြောသွားလေတော့သည်။

"တကယ့်ကို အတွေ့အကြုံမရှိတဲ့ ကောင်လေးပဲ..."

လှည့်စားမှု အောင်မြင်သွားသည့် အပြုံးတစ်ခုဖြင့်၊ အမျိုးသမီးက သတိလစ်နေသော ကျန်းလျိုကို ကြည့်လိုက်လေသည်။

ထိုစဉ် တောအုပ်ထဲမှနေ၍ ဓားများကိုင်ဆောင်ထားသော ခန္ဓာကိုယ် တောင့်တင်းခိုင်မာသည့် လူနှစ်ယောက် ပေါ်ထွက်လာလေသည်။ သူတို့၏ မျက်နှာများမှာ တင်းမာနေပြီး မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်နေကာ၊ ရည်ရွယ်ချက် မကောင်းကြောင်း သိသာထင်ရှားလှပေသည်။

"သူ့ကို ရပြီ၊ သွားကြစို့"

ဓားပြနှစ်ယောက်သည် သတိလစ်နေသော ကျန်းလျိုကို ကြည့်ရင်း အပြုံးဖြင့် ပြောလိုက်ကြလေသည်။

ကိုရင်လေးတစ်ပါးကို အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့ရုံဖြင့်၊ ငွေစင် သုံးဆယ်ကျပ်ကို အားစိုက်ထုတ်စရာမလိုဘဲ ရရှိလိုက်ပြီ ဖြစ်လေသည်။

...

"သူတို့က ဘယ်သူတွေလဲ... ဓားပြတွေလား... ကြည့်ရတာ အဲဒီလို လူမျိုးတွေနဲ့ တူတယ်... ဒါပေမဲ့ ဘာလို့ ငါ့ကို တိုက်ခိုက်ရတာလဲ"

လူတစ်ယောက်၏ ပခုံးထက်တွင် လှဲလျောင်းရင်း ကျန်းလျိုသည် သူ၏ မျက်လုံးများကို တိတ်တဆိတ် အနည်းငယ် ဖွင့်ကြည့်ကာ စိတ်တွင်းမှနေ၍ ရေရွတ်လိုက်လေသည်။

အမှန်စင်စစ်... ကျန်းလျိုသည် တကယ်တမ်း သတိလစ်သွားခဲ့ခြင်း မဟုတ်ပေ။ ထိုအမျိုးသမီးသည် အချိန်ကိုက် တိုက်ခိုက်ခဲ့ပြီး ကျန်းလျိုကို သတိလက်လွတ်ဖြစ်အောင် လုပ်နိုင်ခဲ့သည်မှာ သေချာသော်ငြားလည်း၊ ဂိမ်းစနစ်ကြောင့် ထိုအမျိုးသမီး တိုက်ခိုက်လိုက်သည့် အချိန်မှာပင် ကျန်းလျို၏ ရှေ့မှောက်ရှိ မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့ပြီး သူမ၏ ဦးခေါင်းထက်၌ သွေးတန်းတစ်ခု ပေါ်လာကာ၊ တိုက်ပွဲဝင် အခြေအနေသို့ သိသာထင်ရှားစွာ ဝင်ရောက်သွားခဲ့လေသည်။

အလိုအလျောက် တုံ့ပြန်မှုတစ်ခုလိုပင်၊ ကျန်းလျိုသည် သူ့ကိုယ်သူ ဝရဇိန်ဂါထာ ဖြင့် ကာကွယ်လိုက်လေသည်။

ထိခိုက်ပျက်စီးမှု ၈၀ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်စွမ်းရှိရာ၊ သူ၏ လည်ပင်းအပေါ် ကျရောက်လာသော အမျိုးသမီး၏ ခုတ်ချက်မှာ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ သို့ရာတွင် ကျန်းလျိုက သတိလစ်သွားချင်ယောင် ဆောင်နေရန် ဆုံးဖြတ်လိုက်လေသည်။

ဓားပြများ၏ ရည်ရွယ်ချက်မှာ ဓားပြတိုက်ရန်သာ ဖြစ်တန်ရာသော်ငြားလည်း၊ ဟောင်းနွမ်းဆွေးမြေ့နေသော ကျောင်းတော်မှ ကိုရင်လေးတစ်ပါးထံ၌ မည်သည့် ဓနဥစ္စာများ ရှိနေနိုင်မည်နည်း။

သူ့ကို သတိလစ်သွားစေပြီးနောက် သူတို့က ရှာဖွေခြင်းမပြုခဲ့သဖြင့်၊ သူတို့သည် သူ၏ ဥစ္စာပစ္စည်းများကို လိုချင်နေတာ မဟုတ်ကြောင်း ရှင်းလင်းလှပေသည်။

အကယ်၍ ငွေကြေးအတွက် မဟုတ်ပါက၊ ကလဲ့စားချေရန်အတွက်များလော။

သို့သော် ကျောင်းတော်မှ တစ်ခါတစ်လေသာ ထွက်ခွာတတ်သော ကိုရင်လေးတစ်ပါးအနေဖြင့်၊ သူက မည်သူ့အပေါ်တွင်များ အမှားလုပ်ခဲ့ဖူးမည်နည်း။

ငွေကြေးအတွက်လည်း မဟုတ်၊ ကလဲ့စားချေရန်အတွက်လည်း မဟုတ်ပါက၊ ဖြစ်နိုင်ခြေအများဆုံး အကြောင်းပြချက်မှာ သူတို့ကို တစ်စုံတစ်ယောက်က ငှားရမ်းထားခြင်းပင် ဖြစ်လေသည်။ သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်ချက် လုံးဝမရှိဘဲ သတိလစ်ရုံသာ ပြုလုပ်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့်၊ ၎င်းမှာ အမှန်တကယ်ပင် ထိုသို့ဖြစ်ရမည်ဟု ကျန်းလျို ခံစားလိုက်ရလေသည်။

သူ့ကို တိုက်ခိုက်ရန်အတွက် ဓားပြများကို မည်သူက ငှားရမ်းချင်ရသနည်း။

မကြာမီမှာပင် ကျန်းလျို၏ ခေါင်းထဲ၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ သူဌေးကျန်း ပင် ဖြစ်၏

ကျန်းလျိုမျာ ထူးကဲစွာ ဉာဏ်ကောင်းနေခြင်း မဟုတ်ချေ။ သူသည် ကျင်းဆန်းကျောင်းတော်တွင် အထီးကျန်ဆန်စွာ နေထိုင်ခဲ့သူ ဖြစ်သည်။ သူ့အပေါ်တွင် ရည်ရွယ်ချက်ရှိနိုင်သူမှာ သူဌေးကျန်း တစ်ဦးတည်းသာ ရှိလေသည်။

"တကယ်ပါပဲ... မယုတ်မာတဲ့ စီးပွားရေးသမားဆိုတာ မရှိဘူး..."

ထိုအကြောင်းကို တွေးမိလိုက်သောအခါ သူဌေးကျန်း သည် နောက်ကွယ်မှနေ၍ ကြိုးကိုင်ချယ်လှယ်နေကြောင်း ကျန်းလျို သေချာသလောက် ယုံကြည်သွားခဲ့ပြီး၊ သူ၏ ရင်တွင်း၌ ဒေါသများ ဟုန်းဟုန်းတောက်လာခဲ့လေသည်။

အစပိုင်းတွင် သူဌေးကျန်းသည် သူ၏ ကျွမ်းကျင်မှု နည်းလမ်းကို ငွေစင် နှစ်ဆယ်ဖြင့် လှည့်စားယူလိုခဲ့သည်။ ယခုအခါ သူ့ကို တိုက်ခိုက်ရန် ဓားပြများကိုပင် ငှားရမ်းလိုက်ပြီလော။

ဓားပြတစ်ယောက်၏ ကျောထက်တွင်... ကျန်းလျိုသည် မလှုပ်မယှက်ပင် ငြိမ်သက်စွာ လိုက်ပါလာခဲ့သည်။ တကယ်တမ်း၌မူ... သူသည် ဝရဇိန်ဂါထာ၏ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေသည်။

မတိုက်ခိုက်ဘဲ အရှုံးပေးလိုက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ အကယ်၍ သူ့ကို ဓားပြစခန်းသို့ တကယ်တမ်း ခေါ်ဆောင်သွားမည်ဆိုပါက၊ သူ့ထံတွင် လွတ်မြောက်နိုင်ရန် မည်သည့်နည်းလမ်းမျှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ လမ်းခရီး၌ပင် လှုပ်ရှားရန် ဖြစ်လေသည်။

ဝရဇိန်ဂါထာမှာ အသက်ကယ်နိုင်သော ကျွမ်းကျင်မှုတစ်ခုဖြစ်ပြီး တိုက်ပွဲဝင်ရာတွင် မရှိမဖြစ် လိုအပ်လှရာ၊ ကျန်းလျိုသည် ထိုကျွမ်းကျင်မှုအား ပြန်လည် အသုံးပြုနိုင်မည့် အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့လေသည်။

စက္ကန့် ၅၀ ဟူသော စောင့်ဆိုင်းချိန်မှာ မတိုတောင်းလှပေ။

ကျန်းလျိုကို သတိလစ်နေသည်ဟု ထင်နေကြသည့် အတွက် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်သော ဓားပြသုံးဦးမှာ သိသိသာသာပင် သတိလက်လွတ် ဖြစ်နေကြလေသည်။ ဓားပြတစ်ဦး၏ ကျောထက်တွင် လိုက်ပါလာရင်း၊ ကျန်းလျို၏ လက်များ၌ မှိန်ဖျော့သော ရွှေရောင်အလင်းတန်းများ လှည့်ပတ်စီးဆင်းလာခဲ့လေသည်။

ဤကဲ့သို့ အသက်အန္တရာယ်ရှိသော အရေးကြီးအချိန်၌၊ ကျန်းလျိုသည် ပေါ့ဆနေ၍ မရနိုင်ပေ။ သူချန်လှပ်ထားခဲ့သော ကျွမ်းကျင်မှတ်များကို ရဟန္တာလက်သီးစွမ်းရည် ၌ ချက်ချင်း ရင်းနှီးမြှုပ်နှံလိုက်ပြီး၊ ၎င်းကို အဆင့်မြင့်သို့ မြှင့်တင်လိုက်လေသည်။

ရဟန္တာလက်သီးစွမ်းရည် (အဆင့်မြင့်) - တိုက်ခိုက်ရေးစွမ်းအားကို ၂၅ ရာခိုင်နှုန်း တိုးမြှင့်ပေးမည်ဖြစ်ပြီး၊ ကြာချိန် စက္ကန့် ၁၈၀ ဖြစ်သည်။

အရာအားလုံး အသင့်ဖြစ်သွားသောအခါ၊ ကျန်းလျိုသည် ရုတ်တရက် လှုပ်ရှားလိုက်လေတော့သည်။

ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော သူ၏ လက်ဝါးများက သူ့ကို ထမ်းလာသော ဓားပြ၏ လည်မျိုကို ဆုပ်ကိုင်လိုက်လေသည်။ သေခြင်းရှင်ခြင်းနှင့် သက်ဆိုင်နေသော ကိစ္စရပ်ဖြစ်ရာ၊ သူသည် သဘာဝကျစွာပင် မည်သည့် သနားညှာတာမှုမျှ မပြသတော့ဘဲ ထိုဓားပြ၏ လည်ပင်းကို လိမ်ချိုးလိုက်လေတော့သည်။

ဂျွတ်...

အသံအကျယ်ကြီး ထွက်ပေါ်လာ၏။ ရဟန္တာလက်သီးစွမ်းရည်၏ တိုးမြှင့်ပေးမှု ပါဝင်သော အဆင့် ၅ ဇာတ်ကောင်တစ်ကောင် ဖြစ်ရာ၊ ကျန်းလျို၏ ဆုပ်ကိုင်အားမှာ သစ်သားတုတ်တစ်ချောင်းကိုပင် ကျိုးပဲ့သွားစေနိုင်လောက်အောင် သန်မာလှပေသည်။ ထင်မှတ်ထားသည့်အတိုင်းပင်၊ ဓားပြ၏ လည်မျိုမှာ တိုက်ရိုက်ပင် အချိုးခံလိုက်ရလေတော့သည်။

ကျန်းလျို၏ မျက်လုံးထဲတွင်မူ၊ ဓားပြ၏ ဦးခေါင်းထက်ရှိ သွေးတန်းမှာ ချက်ချင်းဆိုသလို သိသိသာသာ ထိုးကျသွားသည်ကို မြင်တွေ့လိုက်ရပြီး၊ ၎င်းမှာ ဆက်လက်၍ ကျဆင်းနေလေသည်။

၎င်းမှာ ဂိမ်း၏ မြင်ကွင်းတစ်ခု ဖြစ်သော်ငြားလည်း၊ ဤသည်မှာ ပကတိကမ္ဘာကြီးပင် ဖြစ်လေသည်။ လည်မျို အချိုးခံလိုက်ရပြီဖြစ်ရာ၊ ထိုဓားပြမှာ သံသယဖြစ်ဖွယ်မရှိအောင်ပင် သေမင်းနှင့် ရင်ဆိုင်ရတော့မည် ဖြစ်၏။

လည်ပင်း အချိုးခံလိုက်ရသော ဓားပြသည် လည်မျိုထဲမှ အသံနှစ်ချက်မျှ ထွက်ပေါ်လာပြီး အော်ဟစ်ရန် ကြိုးစားသော်ငြားလည်း မည်သည့်အသံမျှ ထွက်မလာတော့ပေ။ သူသည် မြေပြင်ပေါ်၌ လဲကျသွားပြီး အဆက်မပြတ် ရုန်းကန်နေလေတော့သည်။

***

All Chapters