← Chapters

အခန်း (၄၁-၄၂)

Vol. 3 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 3 Ch. 41-42

အပိုင်း(၄၁)

နှုတ်ပိတ်ခြင်းတရား (အခြေခံအဆင့်) - အဆင့် ၁ လိုအပ်သည်။ အဝေးမှနေ၍ အသုံးပြုနိုင်သည်။ ပစ်မှတ်ကို ၂ စက္ကန့်ကြာ နှုတ်ပိတ်ထားနိုင်သည်။ ထိုအခြေအနေတွင် ပစ်မှတ်သည် မည်သည့် စွမ်းရည်ကိုမျှ အသုံးပြုနိုင်မည် မဟုတ်ပါ။ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၃၀ စက္ကန့်။

ရဟန္တာလက်သီး (အဆင့်မြင့်) - တိုက်ခိုက်ရေးစွမ်းအားကို ၂၅% တိုးမြှင့်ပေးသည်။ ကြာချိန် ၁၈၀ စက္ကန့်။

ဝရဇိန်ဂါထာ (အခြေခံအဆင့်) - မဟာမိတ်တစ်ဦးကို ကောင်းချီးပေးရန်အတွက် ဝရဇိန် ၏ နက်နဲဆန်းကြယ်သော စွမ်းအားကို ဆင့်ခေါ်သည်။ နောက်ထပ် ရရှိမည့် ထိခိုက်ပျက်စီးမှုကို ၈၀% လျှော့ချပေးသည်။ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၅၀ စက္ကန့်။

လျှပ်စီး မီးလုံးငယ် (ပြီးပြည့်စုံသော အထွတ်အထိပ်အဆင့်) - မီးလုံးတစ်လုံးကို ပစ်ခတ်သည်။ ၁၀ မီတာ ပတ်လည်အတွင်းရှိ မည်သည့်ပစ်မှတ်ကိုမဆို တစ်ဦးချင်း ထိခိုက်ပျက်စီးမှု ဖြစ်စေနိုင်သည်။ တိုက်ခိုက်ရေးစွမ်းအား +၁၀၀%။ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၁၀ စက္ကန့်။

ကျွမ်းကျင်မှုစွမ်းရည်များကို ယေဘုယျအားဖြင့် အခြေခံအဆင့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့် နှင့် ပြီးပြည့်စုံသော အထွတ်အထိပ်အဆင့် ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။ ဤကျွမ်းကျင်မှုစွမ်းရည် လေးခုပေါင်းအတွက် ကျွမ်းကျင်မှတ် ၉ မှတ် အသုံးပြုထားပြီး ဖြစ်သည်။

အဆင့် ၁၀ သို့ ရောက်ရှိသွားပြီဖြစ်ရာ ကျန်းလျို တွင် ကျွမ်းကျင်မှတ် ၁၀ မှတ် ရှိနေပြီး၊ အသုံးမပြုရသေးသော ကျွမ်းကျင်မှတ် ၁ မှတ် ကျန်ရှိနေသေးသဖြင့်၊ သူတော်စင်ဘုန်းကြီး လုံဟိုင် တွင် သူ့အား သင်ပေးနိုင်မည့် အစွမ်းထက်သော ကျွမ်းကျင်မှုစွမ်းရည်များ ရှိမရှိကို သိရှိလိုနေလေသည်။

မတတ်နိုင်ပေ။ ဘုန်းကြီး အသက်မွေးဝမ်းကျောင်းသည် အများအားဖြင့် အထောက်အပံ့ပေးမှုနှင့် ထိန်းချုပ်မှုများအပေါ်တွင်သာ အဓိကထားပြီး၊ တိုက်ခိုက်ရေးစွမ်းရည်များမှာမူ သိသိသာသာ အားနည်းလှပေသည်။ ရဟန္တာလက်သီး ၏ အခြေအနေ မြှင့်တင်ပေးမှုနှင့် 'လျှပ်စီး မီးလုံးငယ်' မှော်တိုက်ခိုက်မှုကို အသုံးပြုခွင့်ပေးသော ကျွမ်းကျင်မှု စာအုပ်စင် သာ မရှိခဲ့လျှင်၊ သူ၏ အဆင့်တက် နှုန်းမှာ သေချာပေါက် ပို၍ပင် နှေးကွေးနေမည် ဖြစ်သည်။

"ဟင်... အခုချက်ချင်း ဟုတ်လား..."

အမြဲလိုလို တည်ငြိမ်နေတတ်သော သူတော်စင်ဘုန်းကြီး လုံဟိုင် ပင်လျှင် ကျန်းလျို ၏ စကားကြောင့် အံ့အားသင့်သွားရလေသည်။

ကျန်းလျို သည် သိုင်းပညာအပေါ် အလွန်အမင်း စိတ်ဝင်စားကြောင်း လုံဟိုင် က ကြာမြင့်စွာကတည်းက သိရှိထားသော်ငြားလည်း၊ သူ ဤမျှ စိတ်လောနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

"ဘာဖြစ်လို့လဲ... အခု မလုပ်ချင်ဘူးလား... ဒါဆိုရင် ဘယ်အချိန်အထိ စောင့်ရဦးမှာလဲ..."

ကျန်းလျို က မေးခွန်းဖြင့် ပြန်လည် တုံ့ပြန်လိုက်လေသည်။

"ဟင့်အင်း... မဖြစ်စရာအကြောင်း မရှိပါဘူး၊ မင်း သင်ချင်တယ်ဆိုရင်တော့ ဘုန်းဘုန်းက သင်ပေးဖို့ ဆန္ဒရှိပါတယ်..."

ကျန်းလျို ၏ စကားကို ကြားသောအခါ သူတော်စင်ဘုန်းကြီး လုံဟိုင် က ပြန်ပြောလိုက်လေသည်။

မိစ္ဆာ များကို နှိမ်နင်းပြီး မကောင်းဆိုးဝါးများကို ဖယ်ရှားနိုင်သည့် နတ်ဘုရားစွမ်းရည်များကို သူတို့အား သင်ပေးရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ၊ အစောပိုင်း သို့မဟုတ် နောက်ပိုင်း ဖြစ်နေခြင်းက ဘာများ ကွာခြားသွားမည်နည်း။

အချိန် မဖြုန်းတော့ဘဲ၊ သူတော်စင်ဘုန်းကြီး လုံဟိုင် သည် ကျန်းလျို နှင့် တောက်ကျိ တို့ကို ခေါ်ဆောင်ကာ ကျယ်ဝန်းပြီး တိတ်ဆိတ်သော ခြံဝင်းတစ်ခုဆီသို့ ရွှေ့ပြောင်းသွားခဲ့ပြီးနောက်၊ သူ၏ အမူအရာမှာ သိသိသာသာ ပိုမို တည်ကြည်လေးနက်သွားလေသည်။

"မိစ္ဆာ တွေကို နှိမ်နင်းပြီး အဆိုးဆိုးဝါးဝါးတွေကို ဖယ်ရှားနိုင်တဲ့ နတ်ဘုရားစွမ်းရည်တွေအကြောင်း ပြောရမယ်ဆိုရင်၊ ငါတို့ မဟာဗုဒ္ဓကျောင်းတော် က ကောင်းကင်နဂါး ဓမ္မတေးသံကို လွန်စွာ ဂုဏ်ယူဝင့်ကြွားရတယ်၊ ဒီ ကျင့်စဉ်က ဓမ္မရွတ်ဆိုသံတွေနဲ့ မိစ္ဆာ တွေကို ဖိနှိပ်ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ရှိရုံသာမက၊ ပုံမှန် ကျင့်ကြံတဲ့အခါမှာလည်း ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်လာစေဖို့ အထောက်အကူပြုနိုင်တယ်..."

"ဒါပေမဲ့၊ ဗုဒ္ဓဘာသာ နတ်ဘုရားစွမ်းရည်တစ်ခုက ပိုပြီး အစွမ်းထက်လာလေလေ၊ ကျင့်ကြံဖို့အတွက် ပိုပြီး နက်ရှိုင်းတဲ့ ရေစက်ကံတရား လိုအပ်လာလေလေပဲ၊ အခုချိန်အထိ ငါ သင့်တော်တဲ့ ဆက်ခံသူကို မရှာတွေ့သေးဘူး၊ ဒီကနေ့တော့ မင်းတို့ နှစ်ယောက်စလုံးကို ကောင်းကင်နဂါး ဓမ္မတေးသံ ရဲ့ ပထမ အဆင့်နှစ်ဆင့်ကို လက်ဆင့်ကမ်း သင်ပေးမယ်..."

"ကျေးဇူးတင်ပါတယ် ဆရာတော်..."

ကောင်းကင်နဂါး ဓမ္မတေးသံ ကို သင်ကြားရတော့မည်ဟု ကြားလိုက်ရသောကြောင့် တောက်ကျိ သည် လွန်စွာ ဝမ်းသာသွားပြီး ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်လေသည်။

မဟာဗုဒ္ဓကျောင်းတော် ၏ ကောင်းကင်နဂါး ဓမ္မတေးသံ ၏ ကျော်ကြားလှသော ဂုဏ်သတင်းကို တောက်ကျိ သေချာပေါက် ကြားဖူးထားပေသည်။

ကျန်းလျို သည် ကောင်းကင်နဂါး ဓမ္မတေးသံ အကြောင်း တစ်ခါမှ မကြားဖူးခဲ့သော်ငြားလည်း၊ တောက်ကျိ မည်မျှ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ၊ ၎င်းသည် နာမည်ကျော်ကြားသော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်ရမည်ဟု သူ သိလိုက်လေသည်။ သူ ဝမ်းသာသွားပြီး သင်ယူရန်အတွက်လည်း တိတ်တဆိတ် မျှော်လင့်နေမိလေသည်။

ကောင်းကင်နဂါး ဓမ္မတေးသံ ဆိုတာ အတိအကျ ဘယ်လိုမျိုးနည်း။

...

ချန်အန်းမြို့တော်၏ အပြင်ဘက် လီနှစ်ဆယ်ခန့်အကွာရှိ တောင်ငယ်လေးတစ်လုံးပေါ်တွင် တည်ရှိသော ကျင်းဆန်းကျောင်းတော်မှာ အနည်းငယ် ယိုယွင်းပျက်စီးနေပုံရသည်။ နံ့သာတိုင်အမာရွတ် နှစ်ခုရှိသော ကျောင်းထိုင်ဆရာတော် ဖာမင် မှလွဲ၍ ကျန်သူများဖြစ်ကြသော ရွှမ်ခုန်း၊ ရွှမ်ဝူ နှင့် ရွှမ်မင် တို့တွင် အမာရွတ်တစ်ခုစီသာ ရှိကြလေသည်။ ထို့ကြောင့် ကျင်းဆန်းကျောင်းတော်မှာ မစည်ကားလှဘဲ၊ ဘုန်းကြီးများမှာ ဆင်းရဲကျပ်တည်းစွာ နေထိုင်ကြရပြီး ကျောင်းတံခါးပိတ်ရလုနီးပါး အခြေအနေသို့ ရောက်ရှိနေပေသည်။

သို့သော်လည်း ယခုအခါ ကျင်းဆန်းကျောင်းတော်မှာ ပြောင်းလဲသွားခဲ့လေပြီ။ လွန်ခဲ့သော ရက်အနည်းငယ်က မဟာဗုဒ္ဓကျောင်းတော်၏ နံ့သာတိုင်ပူဇော်ပွဲတွင် ကျန်းလျို ထံမှ နံ့သာတိုင်အမာရွတ် ဆယ့်နှစ်ခု ထွက်ပေါ်လာခဲ့ခြင်းကြောင့်၊ လူတစ်ယောက် တရားထူးရလျှင် ကြက်၊ ခွေးများပါ ကောင်းကင်ဘုံသို့ လိုက်ပါသွားရသည်ဆိုသော စကားကဲ့သို့ ဖြစ်နေတော့သည်။

လွန်ခဲ့သော နှစ်ရက်က မဟာဗုဒ္ဓကျောင်းတော်မှ နံ့သာတိုင်အမာရွတ် ခြောက်ခုရှိသော ဘုန်းကြီးတစ်ပါးသည် ရိက္ခာပစ္စည်းများနှင့် ငွေဒင်္ဂါးများကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပို့ဆောင်ပေးခဲ့ပြီး၊ ယခုမှစ၍ ကျန်းလျို သည် မဟာဗုဒ္ဓကျောင်းတော်တွင် သူတော်စင်ဘုန်းကြီး လုံဟိုင် ၏ အနီး၌ နေထိုင်ကာ တရားကျင့်ကြံတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။

မဟာဗုဒ္ဓကျောင်းတော်မှ ဘုန်းကြီးများက ကိုယ်တိုင်ကိုယ်ကျ ရိက္ခာများ လာပို့သည်သာမက၊ ဤရက်ပိုင်းအတွင်း ကျင်းဆန်းကျောင်းတော်သို့ နံ့သာတိုင်ထွန်းညှိပြီး ဆုတောင်းရန် ဘုရားဖူးများ အဆက်မပြတ် လာရောက်ခဲ့ကြကာ အလှူငွေများစွာ ချန်ရစ်ခဲ့ကြသဖြင့် ကျောင်းတော်မှာ မယုံနိုင်လောက်အောင် စည်ကားသိုက်မြိုက်နေတော့သည်။

အချို့သော ချမ်းသာကြွယ်ဝသည့် မိသားစုများဆိုလျှင် ငွေကြေးများကို ရက်ရက်ရောရော သုံးစွဲကာ ကျင်းဆန်းကျောင်းတော်၏ နေရာတိုင်းကို ပြုပြင်မွမ်းမံပေးရန်ပင် အဆင်သင့် ဖြစ်နေကြလေသည်။

နံ့သာတိုင်အမာရွတ် ဆယ့်နှစ်ခုရှိသော ဘုန်းကြီးတစ်ပါး ပေါ်ထွက်လာခြင်းနှင့်အတူ မဟာထန် တစ်ခုလုံး တုန်လှုပ်သွားခဲ့ရပြီး၊ သဘာဝကျကျပင် ကျန်းလျို ငယ်စဉ်ကတည်းက နေထိုင်ခဲ့သော ကျင်းဆန်းကျောင်းတော်သည်လည်း နာမည်ကျော်ကြားလာခဲ့လေသည်။

ဤရက်ပိုင်းအတွင်း ဧည့်ခံဘုန်းကြီးဖြစ်သူ ရွှမ်မင် မှာ ဘုရားဖူးများကို ဧည့်ခံရလွန်းသဖြင့် နွားတစ်ကောင်ထက်ပင် ပို၍ ပင်ပန်းနေလေသည်။

ကျောင်းတော်တွင် အသက်သာဆုံးသူ ဘဝမှ အလုပ်အများဆုံးသူ ဖြစ်လာခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့်လားတော့ မသိ၊ ရွှမ်မင် သည် ဤရက်ပိုင်းအတွင်း သူ၏ ကိုယ်အလေးချိန် ပေါင်အနည်းငယ်လောက် ကျသွားသည်ဟုပင် ခံစားနေရလေသည်။

ကျင်းဆန်းကျောင်းတော်၏ လက်ရှိ မကြုံစဖူး စည်ကားသိုက်မြိုက်နေသော မြင်ကွင်းမှာ ကျန်းလျို ၏ နာမည်ကျော်ကြားမှု အသစ်ကြောင့် ဖြစ်သော်ငြားလည်း၊ အချိန်ကြာလာပြီး အရှိန်အဟုန်များ လျော့ကျသွားသည်နှင့်အမျှ ကျင်းဆန်းကျောင်းတော်၏ အခြေအနေမှာလည်း မလွဲမသွေ ပြန်လည် ကျဆင်းသွားမည်သာ ဖြစ်သည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ၊ ကျန်းလျို မထွက်ခွာသွားခင်ကထက်စာလျှင် ပို၍ ကောင်းမွန်နေမည်မှာတော့ သေချာပေါက် ရှောင်လွှဲ၍မရနိုင်သော အမှန်တရားပင် ဖြစ်ပေတော့သည်။‌

***

အပိုင်း(၄၂)

ကျင်းဆန်းကျောင်းတော်၏ အပြောင်းအလဲများကို ခဏဘေးဖယ်ထားလိုက်မည်ဆိုလျှင်၊ ဤရက်ပိုင်းအတွင်း ကျန်းလျို နှင့် တောက်ကျိ တို့ နှစ်ဦးစလုံးသည် မဟာဗုဒ္ဓကျောင်းတော်၌ သူတော်စင်ဘုန်းကြီး လုံဟိုင် ၏ လက်အောက်တွင် ကောင်းကင်နဂါး ဓမ္မတေးသံ၏ နတ်ဘုရားစွမ်းရည်များကို ကျင့်ကြံနေခဲ့ကြလေသည်။

ရက်အနည်းငယ်ကြာ ကျင့်ကြံပြီးနောက်၊ တောက်ကျိ သည် ကောင်းကင်နဂါး ဓမ္မတေးသံ ကို ကျင့်ကြံခြင်းတွင် တိုးတက်မှုများ ရရှိလာခဲ့လေသည်။

တရားထိုင်ကာ အတွင်းအားများကို လှည့်ပတ်နေသော တောက်ကျိ ကို ကြည့်ရင်း၊ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကို သဲ့သဲ့လေး ကြားနေရသကဲ့သို့ ပင်ရှိရာ၊ သူတော်စင်ဘုန်းကြီး လုံဟိုင် သည် ကျေနပ်အားရစွာဖြင့် ခေါင်းကို အနည်းငယ် ညိတ်လိုက်လေသည်။

နံ့သာတိုင်အမာရွတ် ကိုးခု ရရှိထားသော တောက်ကျိ သည် လုံဟိုင် ငယ်စဉ်ကထက်ပင် ကောင်းကင်နဂါး ဓမ္မတေးသံ ကို ပိုမို လျင်မြန်စွာ ကျင့်ကြံနိုင်ပုံရပေသည်။

အရာအားလုံး အဆင်ပြေချောမွေ့မည်ဆိုပါက၊ ကောင်းကင်နဂါး ဓမ္မတေးသံ ၏ ပထမအဆင့်ကို ကျွမ်းကျင်ပိုင်နိုင်ရန် ဆယ်ရက် သို့မဟုတ် လဝက်ခန့်သာ ထပ်မံ အချိန်ယူရတော့မည် ဖြစ်သည်။

သို့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ တင်ပျဉ်ခွေ ထိုင်နေသော ကျန်းလျို ထံသို့ သူတော်စင်ဘုန်းကြီး လုံဟိုင် ၏ အကြည့်များ ရောက်ရှိသွားသောအခါ၊ သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားလေသည်။

တောက်ကျိ နှင့် နှိုင်းယှဉ်လိုက်လျှင်၊ ကျန်းလျို ၏ ကျင့်ကြံမှုမှာ ဆိုးရွားစွာ ညံ့ဖျင်းလွန်းလှပေသည်။

အကြောင်းရင်းမှာ ကျင့်ကြံရန် သင်ကြားပေးသောအခါ၊ သူသည် သွေးကြောများနှင့် သွေးကြောဆုံမှတ် များကိုပင် မသိရှိသောကြောင့် ဖြစ်သည်။

ဤအချက်က လုံဟိုင် အား သူ ရဟန္တာလက်သီး ကို မည်သို့များ ကျင့်ကြံအောင်မြင်ခဲ့သနည်းဟုပင် သံသယဝင်သွားစေခဲ့သည်။

သူ၏ ခန္ဓာကိုယ်တစ်လျှောက်ရှိ သွေးကြောများနှင့် သွေးကြောဆုံမှတ်များ၏ အနေအထားများကို မှတ်မိစေရန်အတွက် နှစ်ရက်တိတိ အချိန်ယူခဲ့ရသည်။ ယခုအခါ ကောင်းကင်နဂါး ဓမ္မတေးသံ ကို ရက်အနည်းငယ်ကြာ သင်ကြားပေးခဲ့သော်ငြားလည်း သူသည် မည်သည့်အရာကိုမျှ မရရှိခဲ့ချေ။ သူသည် သာမန်လူတစ်ယောက်နှင့်သာ တူနေပြီး၊ နံ့သာတိုင်အမာရွတ် ဆယ့်နှစ်ခု ရရှိထားသော တပည့်တစ်ယောက်နှင့် လုံးဝကို မတူညီလှချေ။

အချိန်အတော်ကြာပြီးနောက်၊ လေးနက်တည်ကြည်သော ခေါင်းလောင်းသံကြီး ထွက်ပေါ်လာရာ နေ့လယ်စာစားချိန် ရောက်ပြီဖြစ်ကြောင်း အချက်ပြလိုက်လေသည်။

ကျင့်ကြံနေသော တောက်ကျိ သည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ရာ၊ သဲ့သဲ့လေး ကြားနေရသော နဂါးဟိန်းဟောက်သံလည်း ပျောက်ကွယ်သွားလေသည်။ သူသည် တက်ကြွလန်းဆန်းနေပုံဖြင့် မတ်တပ်ရပ်လိုက်လေသည်။

"ဆရာတော်... တပည့်တော် ကောင်းကင်နဂါး ဓမ္မတေးသံ ရဲ့ ပထမအဆင့်ကို နားလည်သဘောပေါက်စ ပြုလာပြီလို့ ခံစားရပါတယ်၊ အချိန်နည်းနည်းလောက် ထပ်ပေးလိုက်ရင် သေချာပေါက် ကျွမ်းကျင်သွားမှာပါ...."

တောက်ကျိ သည် မတ်တပ်ရပ်ကာ လုံဟိုင် ကို ရွှင်လန်းစွာ ပြောလိုက်လေသည်။

"အင်း... မင်းရဲ့ ကျင့်ကြံမှု တိုးတက်နှုန်းက ငါ့ခေတ်ကထက် နည်းနည်းပိုမြန်နေတယ်၊ အရမ်းကောင်းတယ်...."

သူတော်စင်ဘုန်းကြီး လုံဟိုင် သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ကာ ပြောလိုက်လေသည်။ စိတ်ထဲတွင်လည်း ကျေနပ်အားရနေမိသည်။ ဆရာတစ်ယောက်အတွက်တော့ လျင်မြန်စွာ ကျင့်ကြံနိုင်သော ဉာဏ်ကောင်းသည့် တပည့်တစ်ယောက်နှင့် ကြုံတွေ့ရခြင်းက သေချာပေါက် ဝမ်းသာကြည်နူးစရာ ကိစ္စတစ်ခုပင် ဖြစ်ပေသည်။

ဆရာတော်ထံမှ ချီးကျူးစကားကို ကြားလိုက်ရသောကြောင့် တောက်ကျိ သည် ပို၍ပင် ဝမ်းသာကြည်နူးသွားပြီး၊ သူ၏ ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေဆဲဖြစ်သော ကျန်းလျို ကို တစ်ချက်ကြည့်ကာ အနည်းငယ် တုံ့ဆိုင်းစွာဖြင့်...

"ဒါပေမဲ့... နောင်တော် ရွှမ်ကျန်း ကတော့...."

"ရွှမ်ကျန်း က ငါတို့ ဗုဒ္ဓဘာသာဂိုဏ်း နဲ့ နက်ရှိုင်းစွာ ရေစက်ပါနေတယ် ဆိုပေမယ့်လည်း၊ ကျင့်ကြံခြင်းအတွက် သူရဲ့ ဗီဇကတော့ ညံ့ဖျင်းပုံရတယ်...."

မျက်လုံးမှိတ်ကာ တရားထိုင်နေသော ကျန်းလျို ကို ကြည့်ရင်း လုံဟိုင် က တိုးတိုးလေး သက်ပြင်းချကာ ပြောလိုက်လေသည်။

ခလော... ခလော...

သို့သော်လည်း၊ လုံဟိုင် နှင့် တောက်ကျိ တို့ အနားသို့ ချဉ်းကပ်သွားသောအခါ၊ သဲ့သဲ့လေး ထွက်ပေါ်နေသော ဟောက်သံများကြောင့် တောက်ကျိ မှာ ဆွံ့အ မှင်သက်သွားတော့သည်။

လုံဟိုင်၏ နှုတ်ခမ်းများပင် မယုံနိုင်လောက်အောင် တွန့်ကွေးသွားလေသည်။ သူ သေချာပေါက် အိပ်ပျော်သွားတာပဲ ဖြစ်ရမည်၊ ဟုတ်တဘ်မလား...။ ကောင်းကင်နဂါး ဓမ္မတေးသံ ကို ကျင့်ကြံနေရင်းနဲ့ သူက တကယ်ကြီး အိပ်ပျော်သွားခဲ့တာလား။

"နောင်တော်... နောင်တော်...."

လုံဟိုင် ၏ အချက်ပြမှုအရ တောက်ကျိ သည် ရှေ့သို့ တိုးသွားကာ သူ၏ ပခုံးကို ပုတ်၍ ကျန်းလျို ကို နှိုးလိုက်လေသည်။

"ဟင်...."

မျက်လုံးများကို ပွတ်သပ်ရင်း ကျန်းလျို သည် မျက်လုံးများ ပွင့်လာကာ၊ အိပ်ချင်မူးတူးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လေသည်။

သူ၏ ထိုင်းမှိုင်းလေးလံနေသော ပုံစံကို မြင်သောအခါ၊ လုံဟိုင်၏ မျက်နှာသည် ဒေါသထွက်သွားပြီး သူ့ကို ဆူပူကြိမ်းမောင်းရန် ပါးစပ်ပြင်လိုက်သော်ငြားလည်း၊ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် လေးနက်တည်ကြည်စွာဖြင့်...

"ရွှမ်ကျန်း... ကျင့်ကြံခြင်းမှာ ပေါ့ဆလို့ မရဘူးလေ၊ မင်းရဲ့ လုပ်ရပ်မျိုးနဲ့ဆိုရင် ကောင်းကင်နဂါး ဓမ္မတေးသံ ရဲ့ ပထမအဆင့်ကို ဘယ်တော့များမှ ကျွမ်းကျင်ပိုင်နိုင်တော့မှာလဲ...."

"သူတော်စင်ဘုန်းကြီး... ကျွန်တော် တကယ် အိပ်ပျော်နေတာ မဟုတ်ပါဘူး၊ အိပ်မက်ထဲမှာ ကောင်းကင်နဂါး ဓမ္မတေးသံ ရဲ့ ပထမအဆင့်ကို ကျွမ်းကျင်ပိုင်နိုင်သွားခဲ့တာပါ...."

သူတော်စင်ဘုန်းကြီး လုံဟိုင် က ဆူပူချင်နေသော်လည်း အောင့်အည်းထားသည်ကို မြင်သောအခါ၊ ကျန်းလျိုသည် အနည်းငယ် ရှက်ရွံ့သွားသော်ငြားလည်း သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်လေသည်။

ကောင်းကင်နဂါး ဓမ္မတေးသံ ၏ ကျင့်ကြံခြင်းသည်၊ စိတ်ကို ဗလာကျင်းထားပြီး ၎င်း၏ အတွင်း၌ရှိသော နဂါးဟိန်းဟောက်သံကို အာရုံစူးစိုက် ရှုမှတ်ရန် လိုအပ်ပေသည်။

သို့သော်လည်း ကျန်းလျို အတွက်မူ၊ တင်ပျဉ်ခွေထိုင်၊ မျက်လုံးမှိတ်ကာ စိတ်ကို ဗလာကျင်းပြီး နဂါးတစ်ကောင်၏ အသံကို စိတ်ကူးယဉ်ကြည့်ရမည် ဟုတ်လား။ ခဏလေးအတွင်းမှာပင် သူ အိပ်ပျော်သွားပေလိမ့်မည်။

ထို့ကြောင့် ရက်ပေါင်းများစွာ ကျင့်ကြံနေခဲ့သော်ငြားလည်း၊ ယခုအချိန်အထိ သူ၏ ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်ကြံမှုတွင် မည်သည့် တိုးတက်မှုမျှ ရှိမနေခဲ့ခြင်း ဖြစ်ပေသည်။

"ဟင်... မင်းက ကျွမ်းကျင်သွားပြီ ဟုတ်လား...."

ကျန်းလျို ၏ စကားကို ကြားသောအခါ၊ သူတော်စင်ဘုန်းကြီး လုံဟိုင် နှင့် တောက်ကျိ တို့ နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာများ ပေါ်လာကြလေသည်။

သူက ဘာတိုးတက်မှုမှ မရှိသေးချေ။ သို့တိုင်အောင် ကျွမ်းကျင်သွားပြီဟု ဆိုနေသည်လော။

"ရွှမ်ကျန်း... ဘုန်းကြီးဆိုတာ လိမ်မပြောရဘူး၊ မင်း မကျွမ်းကျင်သေးဘူးဆိုရင်လည်း ကြိုးကြိုးစားစား ကျင့်ကြံဖို့ပဲ လိုတာပါ...."

လုံဟိုင် သည် ခေါင်းရမ်းလိုက်ပြီး၊ ဤရက်ပိုင်းအတွင်း ကျန်းလျို ၏ တိုးတက်မှုမရှိခြင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ထားရသဖြင့် ကျန်းလျို ၏ စကားကို လုံးဝ မယုံကြည်ကြောင်း ထင်ရှားလှပေသည်။

"ဟုတ်ပါတယ် နောင်တော်... တကယ်လို့ နောင်တော် သာ ကြိုးကြိုးစားစား ကျင့်ကြံမယ်ဆိုရင်၊ နောင်တော့် ရဲ့ နံ့သာတိုင်အမာရွတ် ဆယ့်နှစ်ခုနဲ့ဆိုတော့ မကြာခင် ကျွန်တော့်ရဲ့ တိုးတက်မှုအဆင့်ကို မှီလာနိုင်မယ်လို့ ယုံကြည်ပါတယ်၊ နောင်တော် အိပ်တာကို ရပ်လိုက်သရွေ့ပေါ့...."

ကျန်းလျို ကျွမ်းကျင်သွားပြီဆိုသည်ကို လုံးဝ မယုံကြည်သော တောက်ကျိ က ဝင်ရောက် ပြောဆိုလိုက်လေသည်။

သေချာသည်က... ကျန်းလျို တွင် မည်သည့်တိုးတက်မှုမျှ မရှိသေးချိန်၌၊ သူက သဘောတရားများကို စတင် နားလည်သဘောပေါက်နေပြီဖြစ်ရာ၊ ဤသို့ပြောဆိုလိုက်သောအခါ တောက်ကျိ ၏ မျက်နှာအမူအရာမှာ အနည်းငယ် ကျေနပ်ဂုဏ်ယူနေသကဲ့သို့ ရှိပေသည်။

နံ့သာတိုင်အမာရွတ် ဆယ့်နှစ်ခုက ဘာများ အရေးပါလို့နည်း။ ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်ကြံရာတွင် သူကပင် သာနေသေးသည် မဟုတ်ပါလော။

"ညီတော်... မင်းက ကံကြမ္မာကို အန္တရာယ်နဲ့ စမ်းသပ်နေတာပဲ၊ ငါတို့ သိုင်းကွက်လေး ဘာလေး ဖလှယ်ကြည့်ကြမလား...."

တောက်ကျိ ၏ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာထားကို မြင်သောအခါ၊ ကျန်းလျို ၏ အကြည့်သည် သူ၏အပေါ်သို့ ကျရောက်သွားပြီး အကြံပြုလိုက်လေသည်။

"ရတာပေါ့ နောင်တော်... နောင်တော်က နေ့လယ်တိုင်း တခြား ညီတော်တွေနဲ့ သိုင်းကွက် ဖလှယ်နေကျပဲလေ၊ ကျွန်တော်လည်း နောင်တော့် ဆီကနေ သိုင်းကွက် အနည်းငယ်လောက် သင်ယူချင်ပါတယ်...."

တောက်ကျိသ ခေါင်းညိတ်ကာ ည် စမ်းသပ်ကြည့်လိုစိတ်များ ပြင်းပြနေပုံရလေသည်။

ယခင် နံ့သာတိုင်ပူဇော်ပွဲ အတွင်းကလည်း၊ တောက်ကျိ သည် ထိုနေ့က ရှုံးကြွေးကို ပြန်ဆပ်ရန် သူ့အား စိန်ခေါ်ခဲ့ဖူးလေသည်။

နံ့သာတိုင်အမာရွတ် ဆယ့်နှစ်ခု ပိုင်ရှင်ဆိုသည့် နောက်ခံက အံ့ဩလေးစားဖွယ် ကောင်းသော်ငြားလည်း၊ တိုက်ခိုက်ရေးနှင့် ပတ်သက်လာလျှင်မူ လူတစ်ဦးချင်းစီ၏ ကျင့်ကြံမှုနှင့် နည်းစနစ်များအပေါ်တွင်သာ မူတည်ပြီး အမာရွတ် အရေအတွက်အပေါ်တွင် မမူတည်ချေ။

"အော... မိ... သော... ဖော... အရင်ဆုံး နေ့လယ်စာ စားကြရအောင်...."

ကျန်းလျို နှင့် တောက်ကျိ တို့၏ သိုင်းကွက် ဖလှယ်မည့် ကိစ္စနှင့် ပတ်သက်၍ သူတော်စင်ဘုန်းကြီး လုံဟိုင် သည် တားဆီးမည့် အရိပ်အယောင် မပြဘဲ၊ အားလုံးကို နေ့လယ်စာ အရင်စားကြရန်သာ အကြံပြုလိုက်လေသည်။

ထို့နောက် သူတို့ သုံးဦးသည် ခန်းမဆောင်ကြီးထဲမှ ထွက်ခွာလာခဲ့ကြလေသည်။

သို့သော်လည်း ကျန်းလျို က အိမ်သာသွားချင်သည်ဟု အကြောင်းပြချက်တစ်ခု ပေးကာ၊ သူတော်စင်ဘုန်းကြီး လုံဟိုင် နှင့် တောက်ကျိ တို့ကို အရင် သွားနှင့်ရန် ပြောလိုက်လေသည်။

သူသည် သူ၏ တရားထိုင်ခန်းဆီသို့ လှည့်ပြန်လာခဲ့ပြီး၊ ပိတောက်သား ကုလားထိုင်ပေါ်တွင် ထိုင်ကာ၊ ဘေးရှိ ဆင်စွယ်စုတ်တံကို ကောက်ကိုင်၍ အားပါးတရ ရေးချလိုက်လေသည်။

ကောင်းကင်နဂါး ဓမ္မတေးသံ ကို ကျင့်ကြံရာတွင် မည်သည့် တိုးတက်မှုမျှ မရှိခဲ့သော်ငြားလည်း၊ ရက်အနည်းငယ်ကြာ သင်ကြားပေးပြီးနောက်၊ ကျန်းလျို သည် ထိုကျင့်စဉ်၏ ပထမ အဆင့်နှစ်ဆင့်ကို အလွတ်ကျက်မှတ်ထားပြီး ဖြစ်ပေသည်။

အချိန်အနည်းငယ် ယူပြီးနောက်၊ ကျန်းလျို သည် ကောင်းကင်နဂါး ဓမ္မတေးသံ ၏ ပထမအဆင့် ကျင့်ကြံခြင်းနည်းလမ်းများကို မှတ်ဉာဏ်ထဲမှနေ၍ ရေးချလိုက်လေသည်။

အသိပေးချက် - သင်သည် ကောင်းကင်နဂါး ဓမ္မတေးသံ ၏ ပထမအဆင့်ကို သင်ယူရန် ကျွမ်းကျင်မှတ် ၁ မှတ် အသုံးပြုလိုပါသလား။

ကျန်းလျို ရေးသားပြီးစီးသွားသည်နှင့် တစ်ပြိုင်နက်၊ ဂိမ်းစနစ်၏ အသိပေးချက်သည် မျှော်လင့်ထားသည့်အတိုင်းပင် ထွက်ပေါ်လာခဲ့လေတော့သည်။

***

All Chapters