အခန်း (၅၁-၅၂)
Vol. 4 Ch. 51-52
အပိုင်း(၅၁)
ကျင်းဆန်းကျောင်းတော် ၏ တောင်ခြေ၌ တာအိုဆရာပျိုတစ်ဦးသည် တည်ငြိမ်သော ခြေလှမ်းများဖြင့် တောင်ပေါ်သို့ တက်လာလေသည်။
ထိုတာအိုဆရာသည် အသက် ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးပုံပေါ်ပြီး နောက်ကျောတွင် ဓားတစ်လက်ကို လွယ်ထားကာ အပြာရောင် တာအိုဆရာဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း အထက်သို့ စုထုံးထားလေသည်။ လေပြည်လေး တိုက်ခတ်သွားသောအခါ သူ၏ဝတ်ရုံမှာ ကျက်သရေရှိစွာ လွင့်ခါသွားပြီး သာမန်မဟုတ်သော အရှိန်အဝါတစ်ခုကို ဖြာထွက်စေသည်။
"ဒီ ဗုဒ္ဓဘာသာ တပည့်ကျော်က တစ်လောကလုံးမှာ နာမည်ကြီးနေတာပဲ… နောင်တစ်ချိန်မှာ ဗုဒ္ဓဘာသာက ကြီးကြီးမားမား တိုးတက်စည်ပင်လာပြီး တာအိုဂိုဏ်းကတော့ ဆုတ်ယုတ်သွားဖို့ သေချာနေပြီ… ဒီကနေ့တော့ သူ တစ်လောကလုံးရဲ့ အရှေ့မှာ မျက်နှာပျက်သွားအောင် ငါ လုပ်ပြမယ်...."
တာအိုဆရာပျိုက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ပြတ်သားသော မျက်နှာထားဖြင့် တောင်ပေါ်သို့ တက်ကြွစွာ ဆက်လက် လျှောက်လှမ်းသွားလေတော့သည်။
"ဘယ်လိုလုပ်ရမလဲ… ငါတို့ ဘာလုပ်ကြမလဲ...."
ဘုရားကျောင်းဆောင်အတွင်း၌ ကျောင်းထိုင်ဆရာတော် ဖာမင် သည် မီးကျီးခဲပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ ဂနာမငြိမ်ဖြစ်နေပြီး သူ၏ မျက်နှာအမူအရာမှာလည်း ရှုပ်ထွေးနေလေသည်။
ဝမ်းသာပီတိဖြစ်မှု၊ ပူပန်သောကရောက်မှုနှင့်တကွ ကြောက်ရွံ့ထိတ်လန့်မှုများပါ ရောယှက်နေလေ၏။
ကျောင်းထိုင်ဆရာတော် ဖာမင် တစ်ပါးတည်းသာ ဤသို့ ခံစားနေရခြင်း မဟုတ်ပေ။ သူ၏ဘေးနားရှိ နောင်တော် ရွှမ်ခုန်း၊ နောင်တော် ရွှမ်ဝူ နှင့် နောင်တော် ရွှမ်မင် တို့တွင်လည်း အလားတူ မျက်နှာအမူအရာများ ရှိနေကြလေသည်။
မဟာဗုဒ္ဓကျောင်းတော် မှ ကြွလာကြသော ရဟန်းများပင်လျှင် တစ်ပါးနှင့်တစ်ပါး အံ့သြတကြီး မျက်လုံးပြူးကာ ကြည့်နေကြတော့၏။
အကြောင်းရင်းမှာ ကျင်းဆန်းကျောင်းတော် သို့ ပြန်ရောက်လာပြီးနောက် ရွှမ်ကျန်းဆရာတော် အနေဖြင့် သူ၏ နောင်တော်များနှင့် စကားစမြည် ပြောဆိုခြင်းမှာ လုံးဝ ပုံမှန်သာဖြစ်လေသည်။ အိမ်ပြန်ရောက်လာလျှင်တော့ ဟိုဟိုဒီဒီ စကားလေးဘာလေး ပြောကြရမည် မဟုတ်ပါလား။
သို့သော်လည်း မွန်းတည့်ချိန်သို့ နီးကပ်လာသောအခါ သူသည် အားလုံး၏ ကန့်ကွက်တားဆီးမှုများကို လျစ်လျူရှုကာ မီးဖိုချောင်ထဲသို့ ဝင်၍ ဟင်းချက်ရန် ထွက်သွားလေတော့သည်။ ဤလုပ်ရပ်က အားလုံးကို ဆွံ့အနားမလည် ဖြစ်သွားစေပြီး ကျောင်းထိုင်ဆရာတော် ဖာမင် နှင့် အခြားသူများ ထိတ်လန့်ပူပန်ကာ ဂနာမငြိမ်ဖြစ်နေရသည့် ယခုမြင်ကွင်းမျိုး ဖြစ်ပေါ်လာစေခြင်းပင်ဖြစ်သည်။
ရွှမ်ကျန်းဆရာတော် ဆိုသည်မှာ အရပ်လေးမျက်နှာ နှံ့စင်အောင် ကျော်ကြားရုံသာမက သမိုင်းတစ်လျှောက် နံ့သာအမာရွတ် ဆယ့်နှစ်ခုကို ရရှိသည့် ပထမဆုံးသော ရဟန်း၊ ဗုဒ္ဓဘာသာနှင့် နက်ရှိုင်းသော ရေစက်ပါရမီ ပါရှိသည့် ရဟန်း၊ ဗောဓိသတ် ဘုရားလောင်း ဝင်စားသည်ဟုပင် ကောလာဟလ ထွက်နေသူ မဟုတ်ပါလော။
ယခင်က သူ၏ ဂုဏ်ဒြပ်ကို မသိခဲ့၍ အကြောင်းမဟုတ်သော်လည်း... ယခုအခါတွင်တော့ ကြီးမြတ်လှသော အဆင့်အတန်းကို ပိုင်ဆိုင်ထားပါလျက်နှင့် သူကိုယ်တိုင် သူတို့အတွက် ချက်ပြုတ်ပေးနေသည်။ ဤအချက်ကပင် ဖာမင် ကို ကြောက်လည်းကြောက် စိုးရိမ်ပူပန်မှုလည်း ဖြစ်စေတော့၏။
"အောမီတော်ဖော်... ရွှမ်ကျန်းဆရာတော် က ဒီလောက် သန့်စင်တဲ့ နှလုံးသား ထားရှိနေမှတော့… ကျောင်းထိုင်ဆရာတော် ဖာမင် အနေနဲ့လည်း ဝမ်းမြောက်ဝမ်းသာသာ လက်ခံလိုက်သင့်ပါတယ်...."
ဟွေဟိုင်ဆရာတော်က ဗုဒ္ဓနာမကို တိုးတိုးရွတ်ဆိုရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ပန်ဆင်လျက် ပြောလိုက်လေသည်။
ငယ်ငယ်ရွယ်ရွယ်နှင့် ကျော်ကြားလာကာ အရပ်ဒေသတိုင်း၌ နာမည်မွှေးနေသော်လည်း သူသည် မိမိ၏ မူလနှလုံးသားကို မမေ့မလျော့ဘဲ၊ နာမည်ဂုဏ်သတင်းနှင့် ဓနဥစ္စာတို့၏ သွေးဆောင်ဖြားယောင်းမှုများအောက်တွင် မျက်စိ မလည်ခဲ့ပေ။ ဤသည်ကပင် ဟွေဟိုင်ဆရာတော် ကို စိတ်ထဲမှ ကြည်နူးစွာ ခေါင်းညိတ် သဘောကျသွားစေလေသည်။
တကယ်ကိုပင် သီလအမာရွတ် ဆယ့်နှစ်ခု ရရှိထားသူနှင့် ထိုက်တန်ပေသည်။ ဤလောကတွင် သူ့အလား ပြုမူနိုင်သူ မည်မျှပင် ရှိမည်နည်း။
လောကတွင် ဓနဥစ္စာကို မြေတမှုန့်မျှ ဂုဏ်သတင်းကို လွင့်ပြယ်လွယ်သော မီးခိုးငွေ့မျှသာ သဘောထားပါသည်ဟု ကျယ်ကျယ်လောင်လောင် ကြေညာတတ်သူ မည်မျှရှိသနည်း။ သို့သော် ထိုသို့ ပြင်းပြင်းထန်ထန် ကြွေးကြော်သူများထဲမှ တကယ်တမ်း လက်တွေ့ကျင့်သုံးနိုင်သူကား မည်မျှပင် ရှိပါသနည်း။
တွေ့သမျှလူတိုင်းက ရာထူးမှ နုတ်ထွက်မည်ဟုသာ ပြောနေကြသော်လည်း တိတ်ဆိတ်အေးချမ်းလှသော တောအုပ်ကြီးထဲတွင် ထိုသို့စွန့်ခွာလာသူ တစ်ယောက်ကိုမျှ မတွေ့ရဖူးပေ။
ယင်းမှာ အရာရှိအသိုင်းအဝိုင်းရှိ လူများက အခြားသူများနှင့်တွေ့လျှင် ရာထူးတာဝန်၏ အခက်အခဲများကို ညည်းညူကာ ရာထူးမှ နုတ်ထွက်ချင်ကြောင်း ဖွင့်ဟပြောဆိုတတ်ကြသော်လည်း မည်သူကများ တကယ်တမ်း ထိုသို့ လုပ်ခဲ့ဖူးပါသနည်း ဟူသည်နှင့် အတူတူပင် ဖြစ်လေသည်။
အရင်တုန်းက ကျင်းဆန်းကျောင်းတော်တွင် ဟင်းချက်ရသည်မှာ တော်တော်လေး မြန်ဆန်လှသည်။ ကျောင်းတော်ထဲ၌ လူအနည်းငယ်မျှသာ ရှိသည်မဟုတ်ပါလော။ သို့သော် ဒီနေ့တွင်တော့ ကျန်းလျို သည် မီးဖိုချောင်ထဲ၌ အတော်ကြာအောင် အလုပ်ရှုပ်နေရလေသည်။
စဉ်းစားကြည့်လေ...။ သူကိုယ်တိုင် ဟင်းဝင်ချက်နေပြီမှတော့ ကျင်းဆန်းကျောင်းတော် မှ သူ၏ နောင်တော်များနှင့် ဆရာတော်တို့အတွက်သာ ကွက်ပြီး ချက်ပေးမည်ဆိုလျှင် မယဉ်ကျေးရာကျမည် မဟုတ်ပါလော...။
မဟာဗုဒ္ဓကျောင်းတော် မှ ရဟန်းများကလည်း သူ့ကို လိုက်ပါပို့ဆောင်ပေးခဲ့ကြသည် ဖြစ်ရာသူတို့အတွက်ပါ စားစရာအနည်းငယ် စီစဉ်ပေးခြင်းကသာ အကျိုးသင့်အကြောင်းသင့် ရှိပေလိမ့်မည်။ ဝလင်စွာ စားသောက်ရန် မလုံလောက်လျှင်တောင် အနည်းအကျဉ်းမျှတော့ မြည်းစမ်းနိုင်မည်ဖြစ်ရာ လူမှုရေးဝတ်တရား ကျေပွန်သွားမည် ဖြစ်လေသည်။
ကျင်းဆန်းကျောင်းတော်သို့ နံ့သာတိုင်ပူဇော်ရန် လာရောက်ကြသော ဘုရားဖူးများလည်း ရှိနေပြီး သူတို့သည်လည်း သူ၏မျက်နှာကြောင့် လာကြခြင်း ဖြစ်လေသည်။ သူကိုယ်တိုင် ဟင်းချက်နေပြီဖြစ်ရာ သူတို့အတွက်ပါ အနည်းငယ် ပြင်ဆင်ပေးသင့်ပေသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် ကျင်းဆန်းကျောင်းတော် အတွက် နာမည်ကောင်းရစေရန် ဖန်တီးပေးရာလည်း ရောက်လေသည်။
တစ်နာရီကျော်ခန့် အချိန်ယူပြီးနောက် သူသည် ထမင်းအိုးကြီးတစ်အိုးကို ချက်ပြုတ်လိုက်ပြီး ခြံထဲရှိ ဟင်းသီးဟင်းရွက်များကို အကုန်နီးပါးခန့် ခူးဆွတ်ကာ လူဒါဇင်ပေါင်းများစွာကို ကျွေးမွေးလိုက်လေသည်။
မဟာဗုဒ္ဓကျောင်းတော် ၏ ဆရာတော်ကြီးတစ်ပါးအနေဖြင့် ဟွေဟိုင်ဆရာတော်သည် ကျင်းဆန်းကျောင်းတော်မှ လူများနှင့် တစ်ဝိုင်းတည်း အတူထိုင်လျက် ရှိလေသည်။
ဝေါယာဉ်ထမ်းသော သိုင်းပညာရှင် ရဟန်းတစ်ပါးသည် ဘေးသို့ တိတ်တဆိတ် ထွက်သွားကာ သူ၏ သင်္ကန်းထဲမှ မုန့်ပြားနှစ်ချပ်ကို ထုတ်ယူလိုက်လေသည်။
သူသည် မဟာဗုဒ္ဓကျောင်းတော် မှ ရဟန်းတစ်ပါး ဖြစ်သော်လည်း အဆုံးတွင်တော့ ဝေါယာဉ်ထမ်းသူ တစ်ယောက်သာ ဖြစ်လေသည်။ ရှေးခေတ်ကာလများတွင် အထမ်းသမားများ၊ အစေခံများနှင့် အိမ်စေမိန်းကလေးများသည် အဆင့်အတန်း နိမ့်ကျကြပြီး ယနေ့တွင် ရွှမ်ကျန်းဆရာတော်ကိုယ်တိုင် ချက်ပြုတ်နေခြင်းဖြစ်ရာ သူတို့အတွက် ဝေစုမရှိသည်မှာ သဘာဝပင် ဖြစ်လေသည်။
"ဟေး... မီးဖိုချောင်ထဲသွားပြီး စားစရာတွေ သွားသယ်ချေ… ဘုန်းဘုန်းတို့အတွက်ပါ တပည့်တော် ချက်ပေးထားတယ်...."
ဝေါယာဉ်ထမ်းရဟန်းသည် ခေါင်းငုံ့ကာ သူ၏မုန့်ပြားများကို ကိုက်စားနေစဉ်မှာပင် အသံတစ်သံ ထွက်ပေါ်လာလေသည်။ ရဟန်းသည် ခေါင်းမော့ကြည့်လိုက်ရာ ရွှမ်ကျန်းဆရာတော်က သူ့ကို စကားလှမ်းပြောနေသည်ကို မြင်လိုက်ရသဖြင့် ကြက်သေသေသွားပြီး လက်ထဲရှိ မုန့်ပြားများမှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့၏။
မကြာမီမှာပင် ထမင်းနှင့် ဟင်းလျာပုံး အများအပြားကို သယ်ထုတ်လာကြပြီး ဟင်းသီးဟင်းရွက်နှင့် တို့ဖူးဟင်းချိုပုံးကြီး တစ်ပုံးလည်း ပါလာလေသည်။ ထိုရဟန်းများနှင့် အခမ်းအနားစောင့် တပ်သားများသည် တစ်ယောက်လျှင် ထမင်းပန်းကန်တစ်ဝက်၊ ဟင်းသီးဟင်းရွက် အနည်းငယ်နှင့် ဟင်းချိုတစ်ပန်းကန်စီ ရရှိကြလေသည်။ သူတို့သည် ဝလင်စွာ မစားရသော်လည်း ရင်ထဲတွင် အတိုင်းမသိ ကျေနပ်မှုကို ခံစားလိုက်ကြရ၏။
ကျန်းလျို ၏ မျက်လုံးများကို ကြည့်ရင်း သူတို့ရင်ထဲတွင် လေးစားမှုသာမက ကျေးဇူးတင်မှုများပါ ကိန်းအောင်းနေတော့သည်။
ထမင်းတစ်ဝက်နှင့် ဟင်းချိုတစ်ပန်းကန်မှာ တန်ဖိုးကြီးမားလှသော အရာမဟုတ်သော်လည်း ရွှမ်ကျန်းဆရာတော်ကိုယ်တိုင် ချက်ပြုတ်ပေးကာ သူတို့ကို မေ့မထားခဲ့ခြင်းကပင် သူတို့ကို တန်ဖိုးထားခံရသည်ဟု ခံစားရစေပြီး ကျေးဇူးတင်သွားစေလေသည်။
"ကျေးဇူးတင်ပါတယ် ရွှမ်ကျန်းဆရာတော်...."
အနီးအနားရှိ ဘုရားဖူးများသည်လည်း ဝေစုရရှိကြသဖြင့် ကျေးဇူးတင်စကားများကို ပြိုင်တူ ဟစ်အော်လိုက်ကြလေသည်။
သီလအမာရွတ် ဆယ့်နှစ်ခုကို ပိုင်ဆိုင်ထားသော ရွှမ်ကျန်းဆရာတော် ချက်ပြုတ်ထားသည့် အစားအစာ ဆိုသည်မှာ မည်သူမဆို အလွယ်တကူ စားသုံးခွင့်ရနိုင်သော အရာမဟုတ်ပေ။ သူ၏ ထမင်းတစ်စေ့မှာပင် အလွန်တရာ တန်ဖိုးကြီးမားလှပေသည်။
"အောမိတော်ဖော... သတ္တဝါအားလုံး တန်းတူညီမျှရှိတယ်လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တယ်… ငါတို့တွေက တရားတော်တွေကို နားလည်ပေမယ့်… တကယ်တမ်း လက်တွေ့ကျင့်သုံးနိုင်သူ ဘယ်နှစ်ယောက်များ ရှိလို့လဲ...."
ဤမြင်ကွင်းကို ကြည့်ရင်း ဟွေဟိုင်ဆရာတော်သည် ဗုဒ္ဓနာမကို တိုးတိုးရွတ်ဆိုလိုက်လေသည်။
အမှန်ပင် ရွှမ်ကျန်းသည် သီလအမာရွတ်ကို ရရှိထားသည်မှာ မကြာသေးသလို ဗုဒ္ဓဘာသာ ကျမ်းစာများကိုလည်း များများစားစား ဖတ်ရှုထားခြင်း မရှိပေ။ သို့သော် သတ္တဝါအားလုံး တန်းတူညီမျှရှိသည် ဟူသော သဘောတရားကို သူက မွေးရာပါ သိနားလည်နေပုံရလေသည်။
အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို ဗောဓိသတ် ဝင်စားခြင်း မဟုတ်ဟု ပြောလာလျှင် ဟွေဟိုင်ဆရာတော်က ပထမဆုံးအနေဖြင့် ယုံကြည်မည် မဟုတ်ပေ။
ဟွေဟိုင်ဆရာတော်နှင့် ကျင်းဆန်းကျောင်းတော် မှ လူများသည် စားပွဲဝိုင်းတွင် ထိုင်၍ စားသောက်နေကြပြီး အခမ်းအနားတက်ရောက်သူများနှင့် ဘုရားဖူးများသည်လည်း အစားအစာ အနည်းငယ်စီ ရရှိကြသဖြင့် အလွန် ကျေနပ်နေကြလေသည်။ အားလုံးက အစားအသောက်များကို အားပါးတရ စားသောက်နေကြ၏။
အထူးသဖြင့် ဘုရားဖူးများဆိုလျှင် သူတို့၏ ပန်းကန်များကို ပြောင်စင်သွားအောင် လျှာဖြင့် လျက်ပစ်ချင်စိတ် ပေါက်နေကြလေသည်။
"အတိုင်းအဆမဲ့ ကောင်းကင်ဘုံသခင်... ဒီနေရာလေးက တော်တော်စည်ကားနေပါလား...."
ထိုစဉ် ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီး တာအိုဆရာဝတ်ရုံကို ဝတ်ဆင်ထားသော တာအိုဆရာပျိုတစ်ဦး ချဉ်းကပ်လာလေသည်။
"ဟင်... မင်းက ကောင်းကင်ဆရာတော် ယွမ် ရဲ့ တပည့် လီချွန်းဖုန်း မဟုတ်လား...."
ဟွေဟိုင်ဆရာတော်က မျက်ခုံးအနည်းငယ် ပင့်လိုက်လေသည်။ သူသည် အနီးသို့ ရောက်လာသော တာအိုဆရာပျိုကို သိသိသာသာ မှတ်မိနေပုံရ၏။
"လီချွန်းဖုန်း ဟုတ်လား...."
ကျန်းလျို သည် ကျောင်းထိုင်ဆရာတော် ဖာမင် နှင့် စကားပြောနေစဉ် လီချွန်းဖုန်း ဟူသော နာမည်ကို ကြားလိုက်ရလေသည်။ သူသည် ပန်းကန်ကို ချထားလိုက်ပြီး တာအိုဆရာပျိုကို စေ့စေ့စပ်စပ် ကြည့်လိုက်၏။
သူ၏ သမိုင်းဗဟုသုတမှာ သိပ်မကောင်းလှသော်လည်း ထန်မင်းဆက်မှ ယွမ်ထျန်းကန်းနှင့် လီချွန်းဖုန်း ဆရာတပည့်နှစ်ဦး၏အကြောင်းကိုကျန်းလျို ကြားဖူးထားလေသည်။
ဤနေရာသည် မျောက်မင်းဝတ္ထု၏ ဒဏ္ဍာရီဆန်သော ကမ္ဘာကြီး ဖြစ်သည်ဆိုခြင်းကို ဘေးဖယ်ထားလျှင်ပင် တကယ့်လက်တွေ့ကမ္ဘာတွင် ယွမ်ထျန်းကန်းနှင့် လီချွန်းဖုန်းတို့သည် သမိုင်းထဲ၌ လျိုပေါ်ဝမ်နှင့် ကျူးကော့လျန်တို့ကဲ့သို့ ဒဏ္ဍာရီဆန်ကာ၊ နတ်ဘုရားများသဖွယ် လေးစားသမှု ပြုခံရသော ပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။
"မင်္ဂလာပါဗျာ…မမျှော်လင့်ဘဲ ဆုံတွေ့ရတာ ရေစက်ပါပဲ… လာပါ... ထိုင်ပြီး ကျွန်တော်တို့နဲ့အတူ စားလှည့်ပါဦး...."
ထိုမျှ နာမည်ကြီးသော သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးနှင့် မျှော်လင့်မထားဘဲ ဆုံတွေ့လိုက်ရသဖြင့် ကျန်းလျိုက လီချွန်းဖုန်းကို ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်လေသည်။
"ဒါဆိုရင်လည်း အားမနာတော့ဘူးနော်...."
လီချွန်းဖုန်းက ပြန်ဖြေလိုက်ပြီး ကျန်းလျို၏ ဖိတ်ခေါ်မှုကို တုံ့ဆိုင်းမနေဘဲ လက်ခံကာ ဝင်ထိုင်လိုက်လေသည်။
"ဒီ ကျင်းဆန်းကျောင်းတော် က တော်တော်လေး ခေါင်ပါတယ်… ပြီးတော့ ခင်ဗျားက ဗုဒ္ဓဘာသာဝင်လည်း မဟုတ်ဘူးဆိုတော့… ဘာကိစ္စများရှိလို့ ဒီကို ရုတ်တရက် ရောက်လာရတာလဲ...."
လီချွန်းဖုန်း၏ ရှေ့တွင် အစားအသောက်များကို ချပေးလိုက်ပြီးနောက် ကျန်းလျိုက ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။
သူ့ရှေ့ရှိ တူများကို ကောက်ကိုင်လိုက်ရင်း လီချွန်းဖုန်းက ဖြေလိုက်သည်။
"ကျွန်တော် လာတာ ခင်ဗျားကြောင့်ပဲ...."
***
အပိုင်း(၅၂)
"ကျွန်တော့်ကြောင့် ဟုတ်လား...."
ကျန်းလျိုသည် နားမလည်နိုင်စွာဖြင့် လီချွန်းဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်လေသည်။
"ခင်ဗျားက ဗောဓိသတ် ဝင်စားတယ်လို့ တစ်လောကလုံးက ပြောနေကြတယ်… ဘယ်သူမှ မရဖူးတဲ့ သီလအမာရွတ် ဆယ့်နှစ်ခုကိုတောင် ရထားတယ်ဆိုတော့… ဒီကနေ့ ခင်ဗျားနဲ့ တရားစကားစစ်ထိုးချင်လို့ လာခဲ့တာပါ...."
"ဒါဆို ရန်စဖို့ လာတာပေါ့လေ...."
လီချွန်းဖုန်း၏ အဖြေကို ကြားလိုက်ရသောအခါ ကျန်းလျို၏ မျက်နှာပေါ်မှ အပြုံးများ တဖြည်းဖြည်း မှေးမှိန်သွားတော့၏။
စကားပြောနေစဉ်မှာပင် ကျန်းလျိုသည် လီချွန်းဖုန်း၏ ရှေ့တွင်ချထားသော ထမင်းပန်းကန်ကို ဘေးသို့ ဆွဲဖယ်လိုက်လေသည်။
"ရန်စဖို့ လာမှတော့ ခင်ဗျားက ဖိတ်မထားတဲ့ ဧည့်သည်ပဲ… ဖိတ်မထားတဲ့ ဧည့်သည်က ဒီထမင်းပန်းကန်ကို စားခွင့်မရှိဘူး....”
ဤအချိန်၌ လီချွန်းဖုန်း ၏ စိတ်အခြေအနေမှာ လေးလံထိုင်းမှိုင်းနေလေသည်။
ယခုရက်ပိုင်းအတွင်း ချန်အန်းမြို့တော် တစ်ခုလုံးသည် နံ့သာအမာရွတ် ဆယ့်နှစ်ခု ပါရှိသော ရဟန်းတစ်ပါး ပေါ်ထွက်လာသည့် သတင်းကြောင့် တုန်လှုပ်သွားခဲ့ရပြီး ထိုသတင်းမှာ မုန်တိုင်းတစ်ခုအလား အရပ်လေးမျက်နှာသို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့လေသည်။
လီချွန်းဖုန်း သည် သူ၏ဆရာဖြစ်သူ ယွမ်ထျန်းကန်း က မဟာထန်နိုင်ငံ နယ်နိမိတ်အတွင်း၌ ဤမျှ နက်နဲလှသော ဗုဒ္ဓဘာသာ ရေစက်ပါရမီ ပါရှိသည့် ရဟန်းတစ်ပါး ပေါ်ထွက်လာခြင်းမှာ သေချာပေါက် ဗောဓိသတ် ဘုရားလောင်း ဝင်စားခြင်းပင် ဖြစ်ရမည်ဟု ပြောဆိုနေသည်ကို ကြားခဲ့ရလေသည်။
ဗောဓိသတ် ဝင်စားသူသာ ပေါ်လာလျှင် မဟာထန်နိုင်ငံရှိ ဗုဒ္ဓဘာသာ ဂိုဏ်း၏ ဩဇာလွှမ်းမိုးမှုမှာ ပိုမို ကြီးမားလာမည်ဖြစ်ပြီး ၎င်းနှင့်အပြိုင် တာအိုဂိုဏ်း၏ လွှမ်းမိုးမှုမှာမူ မလွဲမသွေ ဖိနှိပ်ခံရတော့မည် ဖြစ်လေသည်။
တာအိုဂိုဏ်း၏ တပည့်တစ်ဦးအနေဖြင့် လီချွန်းဖုန်း သည် မားမားမတ်မတ် ရပ်တည်ကာကွယ်ရန် တာဝန်ရှိသည်ဟု ခံစားခဲ့ရ၏။ ထို့ကြောင့် ရွှမ်ကျန်းဆရာတော်သည် ချန်အန်းမြို့တော် မှ ခမ်းနားထည်ဝါစွာ ထွက်ခွာသွားကြောင်း ကြားသိရပြီးနောက် လီချွန်းဖုန်း လည်း နောက်မှ လိုက်လာခဲ့ခြင်း ဖြစ်လေသည်။
သူ၏ ရည်ရွယ်ချက်မှာ ရိုးရှင်းလှပေသည်။ ၎င်းမှာ ရွှမ်ကျန်း နှင့် ယှဉ်ပြိုင်ဖို့ စိန်ခေါ်ရန်ပင် ဖြစ်၏။ အကယ်၍ သူသာ အနိုင်ရခဲ့လျှင် ရွှမ်ကျန်း ကို အရှက်ခွဲနိုင်မည်ဖြစ်ပြီး သူ၏ ဩဇာလွှမ်းမိုးမှုကိုလည်း ဖိနှိပ်နိုင်မည် ဖြစ်လေသည်။
"လူတိုင်းက ရွှမ်ကျန်းဆရာတော်ကို ဗောဓိသတ် ဝင်စားတယ်လို့ ပြောနေကြပေမယ့်… ထမင်းတစ်ပန်းကန်လေးကိုတောင် ဒီလောက် နှမြောနေမှတော့ နည်းနည်းလေး သေးသိမ်လွန်းမနေဘူးလား...."
သူ တူကိုကိုင်၍ စားတော့မည့်ဆဲဆဲတွင် ကျန်းလျို က အစားအသောက်များကို တိုက်ရိုက် ဆွဲယူသွားသည့် အပေါ် လီချွန်းဖုန်းက မျက်နှာပေါ်တွင် ဒေါသထွက်နေသည့် အရိပ်အယောင် လုံးဝမရှိဘဲ တည်ငြိမ်စွာ ပြောလိုက်လေသည်။
"မိတ်ဆွေကို ဟင်းကောင်းကျွေးပြီး ရန်သူကို လက်နက်နဲ့ ဧည့်ခံတယ် ဆိုတဲ့ စကားရှိတယ်လေ… ခင်ဗျားက ပြဿနာရှာဖို့ သက်သက်လာတာကို ကျွန်တော်က ဟန်ဆောင်ပန်ဆောင် ယဉ်ကျေးပြနေရဦးမလား… ကျွန်တော့်ဆီမှာ အဲဒီလောက် အယောင်ဆောင်နိုင်တဲ့ စိတ်မရှိဘူးဗျ...."
ကျန်းလျိုက လီချွန်းဖုန်း ၏ လှောင်ပြောင်မှုကို လှောင်ပြုံးတစ်ခုဖြင့် ချေပလိုက်လေသည်။
ခဏတာ ရပ်တန့်သွားပြီးနောက် သူက ဆက်ပြောလိုက်သည်။
"ကျွန်တော့်ကို သေးသိမ်တယ်လို့ ထင်ရင်လည်း… ခင်ဗျားက မျက်နှာပြောင်တိုက်လွန်းတယ်လို့ ကျွန်တော် ထင်တာပဲ… ပြဿနာရှာဖို့ လာတာကို စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံခံရဦးမယ်လို့ မျှော်လင့်နေသေးတာလား… ဘယ်နားမှာ အဲဒီလို ယုတ္တိမျိုး ရှိလို့လဲ...."
ကျန်းလျို ၏ စကားများကြောင့် လီချွန်းဖုန်း မှာ ခေတ္တမျှ ဆွံ့အသွားရပြီး သူ၏ တုံ့ပြန်ပုံမှာ ပုံမှန်မဟုတ်ဘဲ ထူးခြားနေသည်ဟု ခံစားလိုက်ရလေသည်။
မဟာထန်နိုင်ငံ သည် ရိုသေကိုင်းရှိုင်းမှုနှင့် ဓလေ့ထုံးတမ်းများကို လေးစားသော နိုင်ငံအဖြစ် လူသိများပြီး၊ မူးမတ်များဖြစ်စေ၊ ရဟန်းများနှင့် တာအိုဆရာများဖြစ်စေ အဆင့်အတန်း အနည်းငယ်ရှိသူတိုင်းသည် မိမိတို့၏ ဂုဏ်သတင်းကို တန်ဖိုးထားတတ်ကြလေသည်။ ထို့ကြောင့် ရန်သူနှင့် ရင်ဆိုင်ရသည့်တိုင်အောင် အမြင်ကောင်းစေရန်နှင့် ယဉ်ကျေးသယောင် ဟန်ဆောင်တတ်ကြ၏။
သို့သော် မမျှော်လင့်ဘဲ ကျန်းလျို သည် ဟန်ဆောင်ပန်ဆောင် လုပ်ပြရန် လုံးဝ စိတ်ဝင်စားခြင်း မရှိပေ။ သူက သေးသိမ်ကြောင်း ဝန်ခံရုံသာမက၊ သူ၏ မျက်နှာပြောင်တိုက်မှုကိုပါ ပြန်လည် လှောင်ပြောင်လိုက်သေးသည်။
သို့သော်လည်း သူပြောလိုက်သော စကားများမှာ အလွန်ပင် ယုတ္တိတန်နေလေသည်။
"ဒီ တာအိုဆရာလေးက တော်တော် အချိုးမပြေတာပဲ… ရွှမ်ကျန်းဆရာတော် က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာကို ဘယ်လိုလုပ် သေးသိမ်တယ်လို့ ပြောရက်ရတာလဲ...."
အနီးအနားရှိ အမျိုးသမီး ဘုရားဖူးတစ်ဦးက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
"အင်းလေ… ရွှမ်ကျန်းဆရာတော် က သူ့ကို အတော်လေး ယဉ်ကျေးပြီး ကိုယ်တိုင်တောင် ဟင်းချက်ကျွေးနေတာကို… သူက ဆရာတော်ကို ပြဿနာလာရှာတယ်… ဒါ ယုတ္တိရှိရဲ့လား… ကျေးဇူးကို ကန်းတာပဲ မဟုတ်ဘူးလား...."
ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသော သူဌေးတစ်ဦးကလည်း ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ဆရာတော်ပြောတဲ့စကားက ယုတ္တိရှိတယ်လို့ ငါ ထင်တာပဲ… ဟန်ဆောင်ပန်ဆောင်နဲ့ ပြဿနာလာရှာတဲ့သူတွေကို ပြုံးပြနေတတ်တဲ့ စာတတ်ပေတတ်တွေကို ငါ သောက်မြင်ကပ်တယ်… ဒါက အယောင်ဆောင်တာ သက်သက်ပဲ မဟုတ်ဘူးလား...."
ကြမ်းတမ်းသော အဝတ်အစားကို ဝတ်ဆင်ထားသည့် အသားမည်းမည်းနှင့် လူတစ်ယောက်ကလည်း ထောက်ခံကာ ခေါင်းညိတ်လိုက်လေသည်။
ကျန်းလျို က စကားစစ်ထိုးရန် ဆန္ဒမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသော်လည်း လီချွန်းဖုန်း သည် ဇွတ်အတင်း မေးခွန်းထုတ်လိုက်လေသည်။
"ရွှမ်ကျန်းဆရာတော်… ကျွန်တော် တစ်ခုလောက်ပဲ မေးပါရစေ… ခင်ဗျားက ဗုဒ္ဓဘာသာ တပည့်တစ်ယောက်ဖြစ်နေမှတော့ သိသင့်ပါတယ်… ဗုဒ္ဓဘာသာကို ကျင့်ကြံရတဲ့ အဓိပ္ပာယ်က ဘာလဲ...."
ဗုဒ္ဓဘာသာကို ကျင့်ကြံရခြင်း၏ အဓိပ္ပာယ်ကား အဘယ်နည်း။
ဤမေးခွန်းကြောင့် ဟွေဟိုင်ဆရာတော် ၏ မျက်နှာအမူအရာ ပြောင်းလဲသွားတော့၏။
ဗုဒ္ဓတရားကို ကျင့်ကြံရခြင်း၏ အဓိပ္ပာယ်ဆိုသည်ကို မည်သို့လျှင် လွယ်လွယ်ကူကူ ရှင်းပြနိုင်ပါမည်နည်း။ ဇင်တရားကို နှစ်ပေါင်းများစွာ ခက်ခဲစွာ ကျင့်ကြံခဲ့ကြသော ရဟန်းများစွာပင်လျှင် ထိုအရာကို ရှင်းလင်းစွာ မပြဆိုနိုင်ကြပေ။ ရွှမ်ကျန်းဆရာတော် သည် သီလအမာရွတ် ဆယ့်နှစ်ခုကို ပိုင်ဆိုင်ထားသော်လည်း အဆုံးတွင်တော့ သူသည် ရဟန်းပျိုတစ်ပါးသာ ဖြစ်လေရာ မည်သို့လျှင် ရှင်းလင်းအောင် ဖြေဆိုနိုင်ပါမည်နည်း။
၎င်းမှာ တခြားသူများကို လူ့ဘဝ၏ အဓိပ္ပာယ်က ဘာလဲ ဟု မေးလိုက်သည်နှင့် တူညီနေလေသည်။ ထိုမေးခွန်းကို မည်သူကများ တိတိကျကျ ဖြေဆိုနိုင်ပါမည်နည်း။
ဟွေဟိုင်ဆရာတော် ၏ စိတ်မှာ လေးလံထိုင်းမှိုင်းနေသော်လည်း ဘုရားဖူးများစွာကတော့ ရွှမ်ကျန်း အား သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။
တကယ်ပင် ဗုဒ္ဓတရားကို ကျင့်ကြံရခြင်း၏ အဓိပ္ပာယ်က ဘာဖြစ်မည်နည်း။ ရွှမ်ကျန်းဆရာတော် ကကော ဘယ်လိုများ ဖြေဆိုမည်နည်း။
‘ဗုဒ္ဓတရားကို ကျင့်ကြံရခြင်း၏ အဓိပ္ပာယ်တဲ့လား...’
ကျန်းလျို ထံ၌ ဤမေးခွန်းအတွက် အဖြေမရှိပေ။ ယခုအချိန်အထိ သူ၏ စိတ်ကူးထဲတွင် လူထွက်ရန်ကိုသာ အာရုံစိုက်ထားခဲ့ပြီး ဗုဒ္ဓဘာသာ ကျမ်းစာများကိုလည်း အနည်းအကျဉ်းမျှသာ ဖတ်ရှုထားခဲ့ဖူးသည် မဟုတ်ပါလော။
သို့သော်လည်း ဤအချိန်တွင် သူ၏ စိတ်ထဲ၌ လျှပ်တစ်ပြက် အကြံဉာဏ်တစ်ခု ပေါ်လာလေသည်။
သူသည် အင်တာနက်ပေါ်၌ သတင်းအချက်အလက်များ ပေါက်ကွဲလျှံကျနေသော ခေတ်သစ်ကမ္ဘာမှ လာခဲ့သူဖြစ်ပြီး ဗဟုသုတနှင့် အမြင်ကျယ်မှုအပိုင်းတွင် နှစ်ပေါင်းတစ်ထောင်ခန့် ကြိုတင်ရောက်ရှိနေသူဖြစ်ရာ သူ့တွင် ဤခေတ်ကာလမှ လူများ နားမလည်နိုင်သော အားသာချက်တစ်ခု ရှိနေလေသည်။
"နောင်တော် ရွှမ်မင်... တပည့်တော်ကို စာရေးကိရိယာလေး နည်းနည်းလောက် ယူပေးပါလား...."
ကျန်းလျို သည် သူ၏ဘေးတွင် ထိုင်နေသော နောင်တော် ရွှမ်မင် ကို ပြောလိုက်လေသည်။
"ကောင်းပြီ…သွားယူပေးမယ်...."
ကျန်းလျို ဘာကြောင့် လိုချင်မှန်း မသိသော်လည်း နောင်တော် ရွှမ်မင် က ခေါင်းညိတ်လိုက်ပြီး သူ၏ပန်းကန်ကို အလျင်အမြန် ချကာ စာရေးကိရိယာများ သွားယူရန် အပြင်သို့ ပြေးထွက်သွားလေသည်။
စာရေးကိရိယာများကို ယူပြီးနောက် ကျန်းလျို သည် ဆွမ်းစားဆောင်၏ အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။
သူ၏ အနောက်တွင် ကျောင်းထိုင်ဆရာတော် ဖာမင်၊ ဟွေဟိုင်ဆရာတော်၊ လီချွန်းဖုန်း နှင့် ဘုရားဖူးအများအပြား အပါအဝင် ယာဉ်တန်းပါ ရဟန်းများသည် သူ ထိုမေးခွန်းကို မည်သို့ ဖြေဆိုမည်ကို မသိကြသဖြင့် သိချင်စိတ်ပြင်းပြစွာဖြင့် နောက်မှ လိုက်ပါလာကြလေသည်။
စကားစမြည် ထပ်မပြောနေတော့ဘဲ ကျန်းလျို သည် စုတ်တံကို ကောက်ကိုင်လိုက်ကာ ဆွမ်းစားဆောင် အပြင်ဘက်ရှိ နံရံပေါ်တွင် စာလုံးများကိုသာ ရေးချလိုက်လေသည်။
ကိုယ်ကာယသည် ဗောဓိပင်၊ စိတ်နှလုံးသည် ကြည်လင်သော မှန်တင်ခုံနှင့် တူ၏။ ဖုန်မှုန့်များ မကပ်ငြိစေရန်၊ အချိန်တိုင်း မပြတ်တမ်း ကြိုးစား၍ သုတ်သင်ရာ၏။
"ဆရာတော်… ဒီ ပုံသဏ္ဌာန်မဲ့ ဂါထာတော် ကို ကျင်းဆန်းကျောင်းတော် အတွက် ကျွန်တော် လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်...."
ကျန်းလျို က စုတ်တံကို ချထားလိုက်ပြီး ဘေးနားရှိ ကျောင်းထိုင်ဆရာတော် ဖာမင် ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
“ဒီစာလုံးတွေက ဗုဒ္ဓတရားကို ကျင့်ကြံရခြင်းရဲ့ အနှစ်သာရကို လွှမ်းခြုံထားသလောက်ပါပဲလား...."
နံရံပေါ်တွင် ရေးသားထားသော ပုံသဏ္ဌာန်မဲ့ ဂါထာတော် ကို စိုက်ကြည့်ရင်း ဟွေဟိုင်ဆရာတော် သည် မျက်လုံးပြူးကာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
အမှန်တကယ်ပင် ဗုဒ္ဓတရားကို ကျင့်ကြံရခြင်း၏ အဓိပ္ပာယ်ကား အဘယ်နည်း။ ဤနေရာတွင် ရေးသားထားသကဲ့သို့ လောကီအာရုံများကြောင့် စိတ်နှလုံး ညစ်နွမ်းမှုမရှိစေရန် ဖုန်မှုန့်များ မကပ်ငြိစေဘဲ အမြဲတစေ သုတ်သင်ရှင်းလင်းနေရမည် မဟုတ်ပါလော။
"သိပ်ကောင်းတဲ့ ကဗျာပါလားဗျာ…စာလုံးလေးတွေနဲ့ ကိုယ်ကာယကို ဗောဓိပင်၊ စိတ်နှလုံးကို ကြည်လင်သော မှန်တင်ခုံ နဲ့ ခိုင်းနှိုင်းထားတယ်… ဗုဒ္ဓရဲ့ တရားသဘောတွေ အဆုံးအစမဲ့ ပါဝင်နေပေမယ့် အရမ်းကို ရိုးရှင်းပြီး နားလည်ရလွယ်တယ်...."
ဘေးနားရှိ အဝတ်အစား စုတ်နွမ်းနေသော စာတတ်ပေတတ်တစ်ဦးက ကျယ်လောင်စွာ ချီးကျူးလိုက်လေသည်။ သူကိုယ်တိုင် ထိုကဲ့သို့သော ကဗျာမျိုး မစပ်ဆိုနိုင်သော်လည်း၊ ကဗျာကို ခံစားနားလည်နိုင်စွမ်းကား အဟန့်အတား မရှိပေ။
"ဒါ... ဒါက...."
နံရံပေါ်ရှိ ပုံသဏ္ဌာန်မဲ့ ဂါထာတော် ကို ကြည့်ရင်း လီချွန်းဖုန်း မှာ ကြက်သေသေကာ ဆွံ့အသွားတော့၏။
သူ၏ ခွဲခြားသိမြင်နိုင်စွမ်းမှာမြင့်မားပြီး ထိုကဗျာက ဘာကို ရည်ညွှန်းနေသည်ဆိုသည်ကို သူက ပို၍ပင် နားလည်နေလေသည်။
ဒီ ရွှမ်ကျန်း က လူငယ်တစ်ယောက်မျှသာ ဖြစ်ပါလျက်နှင့် ဗုဒ္ဓတရားအပေါ် သူ၏ နားလည်သဘောပေါက်မှုက ဤမျှပင် နက်နဲနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ထိုအရာက သီလအမာရွတ် ဆယ့်နှစ်ခု ပိုင်ဆိုင်ထားသည့် ရဟန်းတစ်ပါး၏ ပါရမီလော...။
***