အခန်း (၅၃-၅၄)
Vol. 4 Ch. 53-54
အပိုင်း(၅၃)
အနီးအနားရှိ မဟာဗုဒ္ဓကျောင်းတော် မှ လိုက်ပါလာသော ရဟန်းများ၊ ကျင်းဆန်းကျောင်းတော် မှ နောင်တော်များ၊ လာရောက်ကြသော ဘုရားဖူးများအားလုံးသည် နံရံပေါ်ရှိ ပုံသဏ္ဌာန်မဲ့ ဂါထာတော်ကြောင့် အံ့သြမှင်တက်သွားကြလေသည်။
သို့သော်လည်း ကျန်းလျို အဖို့မူ ယခုကဲ့သို့ မြင်ကွင်းမျိုး ဖန်တီးလိုက်ခြင်းမှာ ခဏတာမျှ ရုတ်တရက် အကြံဉာဏ်ရသွားခြင်း သက်သက်သာ ဖြစ်လေသည်။
ပထမအချက်အနေဖြင့် ပုံသဏ္ဌာန်မဲ့ ဂါထာတော် ဟူသော ဤဗုဒ္ဓဘာသာကဗျာသည် လီချွန်းဖုန်း မေးလာသော အခက်တွေ့စေမည့် မေးခွန်းကို ပြီးပြည့်စုံစွာ ဖြေကြားပေးနိုင်လေသည်။ ဒုတိယအချက်မှာ ဤကဗျာကို ချန်ရစ်ခဲ့ခြင်းဖြင့် နောင်တစ်ခေတ်တွင် သေချာပေါက် လက်ဆင့်ကမ်း သယ်ဆောင်သွားကြမည်ဖြစ်ပြီး ကျင်းဆန်းကျောင်းတော် တွင် ရေးသားခဲ့ခြင်းဖြစ်ရာ မူရင်းအဖြစ် မှတ်ယူကြမည် ဖြစ်လေသည်။
နောင်အနာဂတ်တွင် ဗုဒ္ဓဘာသာ တပည့်များ အပါအဝင် လူအများအပြားသည် ပုံသဏ္ဌာန်မဲ့ ဂါထာတော် ၏ မူရင်းနေရာကို သီးသန့် လာရောက်ကြည့်ရှုကြမည် ဖြစ်လေသည်။ ထိုနံရံသည် အလွန်အရေးကြီးသော ဆွဲဆောင်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ခေတ်သစ်စကားနှင့် ပြောရလျှင် ဤလုပ်ရပ်သည် ကျင်းဆန်းကျောင်းတော် ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရာရောက်သွားလေသည်။
သူသည် ဤကမ္ဘာသို့ စတင်ကူးဖြတ်ရောက်ရှိလာကတည်းက ကျင်းဆန်းကျောင်းတော် တွင် နေထိုင်ခဲ့ခြင်း ဖြစ်လေသည်။ ကျောင်းတော်ရှိ နောင်တော်များနှင့် ဆရာတော်တို့သည် သူ့ကို ကောင်းစွာ စောင့်ရှောက်ပေးခဲ့ကြသည်။ သူ့ကြောင့်ပင် နောင်တော် ရွှမ်ခုန်း မှာ လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်အထိပင် ဖြစ်လေသည်။ ဖြစ်နိုင်ပါက ကျန်းလျို သည် ကျင်းဆန်းကျောင်းတော် ကို အလွန်အမင်း ကူညီလိုစိတ် ရှိလေသည်။
ရေတစ်စက်မျှ ကျေးဇူးရှိလျှင် စမ်းရေပွက်တစ်ခုအလား ပြန်လည်ဆပ်ရမည်ဟူသော သဘောတရားကို သူ နားလည်ထားပေသည်။
စုတ်တံကို ချထားလိုက်ပြီးနောက် ကျန်းလျို သည် ခေါင်းလှည့်ကာ လီချွန်းဖုန်း ကို ကြည့်လိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ပြောလိုက်လေသည်။
"တရားစကား စစ်ထိုးတယ် ဆိုမှတော့ ခင်ဗျားက ကျွန်တော့်ကို မေးခွန်းတစ်ခု မေးပြီးပြီလေ… ယဉ်ကျေးမှုအရဆိုရင် ကျွန်တော်ကလည်း ခင်ဗျားကို မေးခွန်းတစ်ခု ပြန်မေးသင့်တယ် မဟုတ်လား...."
ကျန်းလျို ၏ စကားကို ကြားသောအခါ လီချွန်းဖုန်း သည် သတိပြန်ဝင်လာပြီး နံရံပေါ်ရှိ ကဗျာဆီမှ အကြည့်ကို လွှဲဖယ်လိုက်ကာ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး ပြောလိုက်လေသည်။
"မေးခွန်း မေးပါ ရွှမ်ကျန်းဆရာတော်...."
"ကျွန်တော် တစ်ခါက ကိစ္စတစ်ခုကို မြင်ခဲ့ရပေမယ့် နားမလည်ခဲ့ဘူး…အဲဒီပဟေဋ္ဌိကို ဖြေရှင်းဖို့ ခင်ဗျား ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...."
တစ်ဖက်လူက သူ့ကို သက်သက်လာရောက် စိန်ခေါ်ခြင်းဖြစ်ရာ ကျန်းလျိုသည် လည်း သူဖြေရခက်မည့် မေးခွန်းမျိုးကို မေးရမည် ဖြစ်လေသည်။
ဗုဒ္ဓဘာသာ တရားသဘောတွေလား။ တာအိုဂိုဏ်း အဆုံးအမတွေလား။ ခေတ်သစ်အမြင်နှင့် ကြည့်လျှင် နှစ်ခုစလုံးမှာ ဘဝဒဿန၏ အစိတ်အပိုင်းများသာ ဖြစ်ကြလေသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ကျန်းလျို သည် သူ၏ မေးခွန်းကို စဉ်းစားရသွားလေသည်။
"တစ်ခါက ထိန်းမရဘဲ ကြောက်စရာကောင်းလောက်အောင် မြန်နေတဲ့ မြင်းလှည်းတစ်စီးကို ကျွန်တော် တွေ့ခဲ့ဖူးတယ်… ကလေးတချို့က မိဘစကားကို နားမထောင်ဘဲ လမ်းမပေါ်မှာ ဆော့ကစားနေကြတယ်… မြင်းလှည်းက သူတို့ကို ဝင်တိုက်မိတော့မလိုပဲ… ဒီလိုသာ ဝင်တိုက်လိုက်ရင် လှည်းရော ကလေးတွေပါ သေချာပေါက် ပျက်စီးဆုံးရှုံးရလိမ့်မယ်...."
"ကံကောင်းတာက မြင်းဇက်ကြိုးကို ဆွဲလှည့်လိုက်မယ်ဆိုရင် မြင်းလှည်းက လမ်းဘေးဘက်ကို ရောက်သွားလိမ့်မယ်… ဒါပေမယ့် အဲဒီ လမ်းဘေးမှာ မိဘစကားကို သေချာနားထောင်ပြီး လိမ္မာရေးခြားရှိရှိ ကစားနေတဲ့ နောက်ထပ် ကလေးတစ်ယောက် ရှိနေတယ်… ကဲ... ဒီတော့ မြင်းဇက်ကြိုးကို ဆွဲလှည့်သင့်သလား မဆွဲလှည့်သင့်ဘူးလားဆိုတာ ခင်ဗျား ဘယ်လိုထင်လဲ...."
ဤသည်မှာ ခေတ်သစ်ကာလတွင် အလွန်နာမည်ကြီးသော ကျင့်ဝတ်ပိုင်းဆိုင်ရာ အကျပ်အတည်း မေးခွန်းတစ်ခု ဖြစ်ပြီး မူလက ရထားလမ်းပေါ်တွင် ကစားနေသော ကလေးများနှင့် ဝင်တိုက်တော့မည့် ရထားတစ်စင်း အကြောင်း ဖြစ်သော်လည်း ဤနေရာတွင် မြင်းလှည်းတစ်စီးအဖြစ် အနည်းငယ် ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်လေသည်။
"သာမန်လူတွေရဲ့ တွေးခေါ်မှုအရဆိုရင် လူများများ သေမယ့်အစား တစ်ယောက်တည်း သေတာက ပိုမကောင်းဘူးလား… ဒါပေမယ့် အမှားလုပ်ခဲ့တာက ဟိုကလေးတစ်စုလေ… လမ်းဘေးမှာ ကစားနေတဲ့ ကလေးက ဘာအပြစ်မှ မလုပ်ထားဘူး… အကယ်၍ အပြစ်ကင်းတဲ့ ကလေးသာ သေသွားရမယ်ဆိုရင် ဒါက ဘယ်လောက်တောင် မတရားလိုက်မလဲ… ကဲ... ဒါကြောင့် ဇက်ကြိုးကို ဆွဲလှည့်သင့်တယ်လို့ ထင်လား...."
ကျန်းလျိုသည် လီချွန်းဖုန်း ကို လေးနက်စွာ စိုက်ကြည့်ရင်း မေးလိုက်လေသည်။
ကျန်းလျို မေးလိုက်သော မေးခွန်းကြောင့် ထိုနေရာရှိ လူအားလုံးသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သူတို့၏ မျက်နှာအမူအရာများ ရှုပ်ထွေးသွားကြပြီး မည်သို့ဖြေရမည်ကို မသိဖြစ်သွားကြလေသည်။
အမှန်တကယ်ပင် ကလေးတစ်ယောက်နှင့် ကလေးတစ်စုကို နှိုင်းယှဉ်လိုက်သောအခါ မည်သည့်ရွေးချယ်မှုကို ပြုလုပ်ရမည်ကို လူတိုင်း သိကြလေသည်။ နည်းနည်းလေးသာ ဆုံးရှုံးရခြင်းက အနိုင်ရခြင်းပင် မဟုတ်ပါလော။
သို့သော်… ကလေးတစ်ယောက်တည်းက ဘာအမှားမှ မလုပ်ထားဘဲ ကလေးတစ်စုက အမှားလုပ်ထားသည် ဆိုပါလျှင် အပြစ်ကင်းသော ကလေးသေဆုံးသွားရခြင်းမှာ မည်သို့လျှင် မှန်ကန်နိုင်ပါမည်နည်း။ ၎င်းမှာ လုံးဝ ယုတ္တိမရှိပေ။
ထိုနေရာရှိ လူအားလုံးသာမက မဟာဗုဒ္ဓကျောင်းတော် မှ ဟွေဟိုင်ဆရာတော် ပင်လျှင် ဤမေးခွန်းကို မည်သို့ဖြေရမည်ကို တစ်ခဏမျှ မသိဖြစ်သွားကြပြီး ဘုရားဖူးများစွာသည် လီချွန်းဖုန်း ကို မျှော်လင့်တကြီး စိုက်ကြည့်နေကြလေသည်။
သို့သော်လည်း အခြားသူများ၏ သိချင်စိတ်ပြင်းပြကာ မျှော်လင့်နေသော အကြည့်များနှင့်မတူဘဲ၊ ဟွေဟိုင်ဆရာတော် ၏ မျက်လုံးများထဲတွင်တော့ သဘောကျနေသော အပြုံးယောင်တစ်ခု စွန်းထင်းနေလေသည်။
လူအားလုံး၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် လီချွန်းဖုန်း ၏ မျက်နှာမှာ ဖြူရော်ရော်ဖြစ်သွားပြီး အဆုံးတွင်တော့ သူသည် ခေါင်းယမ်းကာ
"ကျွန်တော်... ကျွန်တော် မသိဘူး...."
…
ဝေါယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ကျန်းလျို သည် မဟာဗုဒ္ဓကျောင်းတော် သို့ ပြန်လည်ရောက်ရှိလာလေသည်။ ဝေါယာဉ်ပေါ်မှ ဆင်းပြီးနောက် ကျန်းလျို သည် သူ၏အနောက်ရှိ ယာဉ်တန်းမှ ရဟန်းများကို လက်အုပ်ချီကာ အရိုအသေပေးလိုက်ပြီး...
"ကျွန်တော့်ကို လိုက်ပို့ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ...."
"ရွှမ်ကျန်းဆရာတော် က အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ… ဒါက တပည့်တော်တို့ လုပ်သင့်လုပ်ထိုက်တာတွေပါဘုရား...."
ကျန်းလျိုက ကျေးဇူးတင်ကာ အရိုအသေပေးနေသည်ကို မြင်လိုက်ရသဖြင့် ယာဉ်တန်းမှ ရဟန်းများသည် အလျင်အမြန် ပြန်လည်အရိုအသေပေးလိုက်ကြပြီး ပြိုင်တူ ဖြေကြားလိုက်လေသည်။
ဟွေဟိုင်ဆရာတော် ကို နှုတ်ဆက်ပြီးနောက် ကျန်းလျို သည် အနားယူရန် သူ၏ ကျောင်းဆောင် သို့ ပြန်လာခဲ့လေသည်။
သူသည် ဝေါယာဉ်ဖြင့် သယ်ယူပို့ဆောင်ခံခဲ့ရသော်လည်း ကားမရှိသော ခေတ်ကာလတွင် တောင်တက်တောင်ဆင်း လမ်းများစွာ အပါအဝင် လီငါးဆယ်ကျော်ကို အသွားအပြန် ခရီးနှင်ရသည်မှာ အချိန်အတော်ကြာမြင့်ခဲ့သဖြင့် ကျန်းလျို မှာ အနည်းငယ် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရလေသည်။
ကျောင်းဆောင် သို့ ပြန်ရောက်ပြီးနောက် ကျန်းလျို သည် တင်ပျဉ်ခွေထိုင်လိုက်ကာ ကောင်းကင်နဂါး ဓမ္မတေးသံ နတ်ဘုရားစွမ်းရည်များကို စတင်ထုတ်လွှတ်လိုက်သည်။
နတ်ဘုရားအဆင့် ကျင့်ကြံခြင်းစွမ်းရည်များထွက်ပေါ်လာသည်နှင့်အမျှ ကျန်းလျို သည် သူ၏ အတွင်းအားများ တဖြည်းဖြည်း တိုးတက်လာသည်ကို ခံစားနေရလေသည်။ နှေးကွေးသော်လည်း တည်ငြိမ်မှုတော့ ရှိပေသည်။
အသိပေးချက် - အတွေ့အကြုံမှတ် ၁ မှတ် ရရှိသည်။
အသိပေးချက် - အတွေ့အကြုံမှတ် ၁ မှတ် ရရှိသည်။
အသိပေးချက် - အတွေ့အကြုံမှတ် ၁ မှတ် ရရှိသည်။
…
အခြားတစ်နေရာတွင်မူ ဟွေဟိုင်ဆရာတော် သည် လုံဟိုင်ဆရာတော် ရှိရာသို့ သွားရောက်ကာ ထိုနေ့က ကျင်းဆန်းကျောင်းတော် တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ပြန်လည်လျှောက်တင်နေလေသည်။
"အောမီတော်ဖော... ပုံသဏ္ဌာန်မဲ့ ဂါထာတော် ဟုတ်လား… သူဒီလောက် စာပေပါရမီ ပါလိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့မိဘူး… ပြီးတော့ သူ့ရဲ့ ဗုဒ္ဓတရားအပေါ် နားလည်သဘောပေါက်မှုက ပိုပြီးတော့တောင် မထင်မှတ်ထားစရာပဲ...."
လုံဟိုင်ဆရာတော် သည် ကဗျာလေးကြောင့် အတော်လေး စိတ်လှုပ်ရှားသွားပြီး မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
ခေတ္တမျှ တိုးတိုးလေး ရေရွတ်ပြီးနောက် လုံဟိုင်ဆရာတော် က ညွှန်ကြားလိုက်လေသည်။
"တပည့် ဟွေဟိုင်… လူတစ်ယောက်ကို ကျောက်စာတိုင်တစ်ခု သွားထွင်းခိုင်းလိုက်… အဲဒါကို ငါတို့ မဟာဗုဒ္ဓကျောင်းတော် ရဲ့ ရင်ပြင်မှာ အထင်ရှားဆုံးနေရာမှာ ထားပြီး… ဒီ ပုံသဏ္ဌာန်မဲ့ ဂါထာတော် ကို ထွင်းထုထားလိုက်ပါ… ဒါမှ ဗုဒ္ဓတရားကို ကျင့်ကြံတဲ့အခါမှာ အမြဲတမ်း မပြတ်တမ်း သုတ်သင်ရှင်းလင်းဖို့ ကြိုးစားရမယ်ဆိုတာကို တပည့်တွေအားလုံး သတိရနေကြမှာ...."
"ကောင်းပါပြီ နောင်တော်ကြီး… တပည့်တော် မှတ်သားထားလိုက်ပါ့မယ်...."
ဟွေဟိုင်ဆရာတော် က လေးနက်စွာ ခေါင်းညိတ်ကာ ပြန်လည်ဖြေကြားလိုက်လေသည်။
ထို့နောက် ဟွေဟိုင်ဆရာတော်ကပင် ဆက်ပြောလေသည်။
"ဒီ ပုံသဏ္ဌာန်မဲ့ ဂါထာတော် က သေချာပေါက် အချိန်မရွေး ခေတ်မီနေမယ့် ဗုဒ္ဓဘာသာကဗျာတစ်ပုဒ်အနေနဲ့ လက်ဆင့်ကမ်း သယ်ဆောင်သွားကြမှာပဲ… ပြီးတော့ လီချွန်းဖုန်း နဲ့ ရွှမ်ကျန်း တို့ကြားက ပညာရပ်ဆိုင်ရာ စကားစစ်ထိုးပွဲကလည်း အရပ်လေးမျက်နှာကို ပြန့်နှံ့သွားဖို့ များတယ်…တပည့်တော်တို့အတွက်တော့ ဒါက ကောင်းတဲ့ကိစ္စပါပဲ...."
"အမှန်ပဲ…ဒီလိုဆိုမှတော့ ငါတို့က မီးလောင်ရာ လေပင့်ပေးရမှာပေါ့...."
ခေါင်းညိတ်ရင်း လုံဟိုင်ဆရာတော် က ပြောလိုက်လေသည်။
"ဟင်... နောင်တော်ကြီး… ဒီမီးကို ဘယ်လိုမျိုး ပင့်ပေးရမလဲဆိုတာ ရှင်းပြပေးပါဦး...."
ဤစကားကို ကြားသောအခါ ဟွေဟိုင်ဆရာတော် က သိချင်စိတ်ပြင်းပြစွာ မေးလိုက်လေသည်။
"လီချွန်းဖုန်း ရဲ့ မေးခွန်းကို ရွှမ်ကျန်း က ပြီးပြည့်စုံအောင် ဖြေဆိုနိုင်ခဲ့တယ်လေ…ဒါပေမယ့် ရွှမ်ကျန်း မေးခဲ့တဲ့ မေးခွန်းကတော့ အဖြေမရှိဘဲ ကျန်နေသေးတယ် မဟုတ်လား...အကယ်၍ တစ်ယောက်ယောက်ကများ အဲဒါကို ဖြေဆိုနိုင်မယ်ဆိုရင်… ငါတို့ မဟာဗုဒ္ဓကျောင်းတော် က ရွှေတုံးတစ်သောင်း ဆုချီးမြှင့်မယ်လို့ ကြေညာလိုက်...."
"သိပ်ကောင်းတဲ့ အကြံအစည်ပဲ… ဒါက အလွန်သိသာထင်ရှားတဲ့ ဗျူဟာတစ်ခုပဲ…ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ဒီလူငယ်နှစ်ဦးကြားက ဘာသာရေးအယူဝါဒ စကားစစ်ထိုးပွဲက ပိုပြီးတော့တောင် ပြန့်နှံ့သွားလိမ့်မယ်… ငါတို့ ဗုဒ္ဓဘာသာဂိုဏ်း ရဲ့ ဂုဏ်သိက္ခာကိုလည်း အများကြီး မြှင့်တင်ပေးနိုင်မှာပဲ...."
ဟွေဟိုင်ဆရာတော် ၏ မျက်လုံးများ တောက်ပသွားပြီး ချီးကျူးစွာ ပြောလိုက်လေသည်။
"အောမိတော်ဖော... ဒီကိစ္စလေးကို တပည့် ဟွေဟိုင် ဆီ အကုန်လွှဲပေးထားလိုက်မယ်… နောက်တစ်ဆင့်အနေနဲ့ ရွှမ်ကျန်း နဲ့ တောက်ကျိ တို့ လေ့ကျင့်ဖို့အတွက် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ထဲ ဝင်နိုင်အောင် ငါ စီစဉ်ပေးရဦးမယ်...."
***
အပိုင်း(၅၄)
မဟာဗုဒ္ဓကျောင်းတော်ကြီး အတွင်း၌ ကြီးကျယ်ခမ်းနားလှသည်ဟု မထင်ရဘဲ အနည်းငယ်ပင် ဟောင်းနွမ်းယိုယွင်းနေသော်လည်း ရှေးဟောင်းအငွေ့အသက်များ ဖြာထွက်နေသော ခန်းမဆောင်တစ်ခု ရှိလေသည်။
ခန်းမဆောင်၏ အောက်ခြေရှိ ထူထဲသော မျဉ်းကြောင်းများသည် သက္ကတစာလုံး အချို့နှင့် ဆင်တူနေပြီး "မိစ္ဆာ" ဟူသော စာလုံးကို ခပ်ရေးရေး ဖော်ပြနေကာ ဤခန်းမဆောင်ကြီးက အောက်ခြေတွင် ဖိနှိပ်ချုပ်နှောင်ထားခြင်း ဖြစ်လေသည်။ ဤသည်မှာ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ပင် ဖြစ်ပြီး ၎င်း၏အောက်ဘက်ရှိ မိစ္ဆာနယ်မြေ တစ်ခုကို ဖိနှိပ်ချုပ်နှောင်ထားခြင်း ဖြစ်ပေသည်။
"ရွှမ်ကျန်း… တောက်ကျိ… အထဲဝင်တဲ့အခါ သတိထားကြပါ… အထဲက မိစ္ဆာ တွေက သစ္စာဖောက်တတ်တယ်…ကောက်ကျစ်စဉ်းလဲတယ်…ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေတတ်ကြတယ်…နှစ်တွေကြာလာတာနဲ့အမျှ ငါတို့ဂိုဏ်းက ထူးချွန်တဲ့ တပည့်ပေါင်းများစွာ အဲဒီမှာ အသက်ဆုံးရှုံးခဲ့ရပြီးပြီ...."
လုံဟိုင်ဆရာတော် က မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ၏ အပြင်ဘက်တွင် သတိပေးစကား ဆိုလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ဤတပည့်နှစ်ဦးစလုံးမှာ ဗုဒ္ဓဘာသာဂိုဏ်းအတွက် အလွန်အရေးပါလွန်းလှပြီး တစ်ဦးတစ်ယောက်ကိုမျှ အထဲ၌ အဆုံးရှုံးခံနိုင်မည် မဟုတ်သောကြောင့် ဖြစ်လေသည်။
"ဆရာတော် …စိတ်ချပါ….တပည့်တော် နားလည်ပါတယ်...."
နှစ်ရက်ကြာ ကုသအနားယူပြီးနောက် ဒဏ်ရာများ ကျက်သွားပြီဖြစ်သော တောက်ကျိ က လေးနက်တည်ကြည်စွာ ခေါင်းညိတ်ရင်း ပြောလိုက်လေသည်။
"ဆရာတော်…တပည့်တော်တို့ ဘယ်တော့ ဝင်ရမှာလဲ...."
ဘေးနားရှိ ကျန်းလျို ကတော့ အနည်းငယ် စိတ်မရှည်တော့သည့် ပုံပေါက်နေလေသည်။
ကောင်းကင်နဂါး ဓမ္မတေးသံ ကို လေ့ကျင့်ခြင်းကလည်း အတွေ့အကြုံမှတ် များကို တိုးလာစေနိုင်သော်လည်း တစ်နာရီလျှင် အမှတ် ၃၀၀ ကျော်မျှသာ ရရှိလေသည်။ ကျန်းလျို အတွက်မူ အတွေ့အကြုံမှတ် ရရှိသည့် နှုန်းထားမှာ အလွန် နှေးကွေးလွန်းလှပေသည်။ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ကဲ့သို့သော မိစ္ဆာ သတ်၍ အဆင့်တင်ရမည့် သန့်စင်သော နေရာမြတ်ကြီး ရှိနေမှတော့ သူသည် အထဲဝင်ရန် မစောင့်နိုင်အောင် ဖြစ်နေတော့၏။
အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည့် အခြေအနေမျိုး မဟုတ်ဘဲ ရတနာရှာထွက်တော့မည့်သူ တစ်ယောက်လို စိတ်မရှည်ဖြစ်နေသော ကျန်းလျို ကို ကြည့်ရင်း လုံဟိုင်ဆရာတော် ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားရလေသည်။
သို့သော်လည်း တောက်ကျိ က အထုပ်အပိုးများကို လွယ်ထားချိန်တွင် ကျန်းလျို မှာ လက်ဗလာဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူက မေးလိုက်လေသည်။
"ရွှမ်ကျန်း…မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ထဲ မဝင်ခင် ပြင်ဆင်စရာတွေ မလိုဘူးလား… အထဲမှာ ရက်အနည်းငယ်လောက် နေရမယ်ဆိုရင်… စားစရာနဲ့ နေ့စဉ်သုံး ပစ္စည်းတွေကို အသင့်ပြင်ထားသင့်တယ် မဟုတ်လား...."
"စိတ်မပူပါနဲ့ ဆရာတော်… တပည့်တော် အကုန်ပြင်ဆင်ပြီးပါပြီ...."
ကျန်းလျို က အသေးစိတ် ထပ်မရှင်းပြတော့ဘဲ ပြန်ဖြေလိုက်လေသည်။ သူက မရှိမဖြစ် လိုအပ်သော ပစ္စည်းအားလုံးကို သူ၏ သိုလှောင်ရုံနေရာလွတ် ထဲတွင် သိမ်းဆည်းထားပြီး ဖြစ်လေသည်။
ကျန်းလျို က ထိုသို့ပြောလာသဖြင့် လုံဟိုင်ဆရာတော် သည် ထပ်မံ၍ ဖိအားမပေးတော့ဘဲ လက်ကိုမြှောက်ကာ အရှေ့ဘက်သို့ ညင်သာစွာ ညွှန်ပြလိုက်လေသည်။
မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ၏ တံခါးကြီးများသည် တဖြည်းဖြည်း ပွင့်လာပြီး အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် မှိန်ဖျော့နေသော အတွင်းပိုင်းကို ရှင်းလင်းစွာ မမြင်ရပေ။ ချက်ချင်းပင် ကျန်းလျို နှင့် တောက်ကျိ တို့သည် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် အတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြလေသည်။
အတွင်းသို့ ရောက်သည်နှင့်တပြိုင်နက် ခန်းမဆောင်ထဲတွင် မြင်ရသလိုလို မမြင်ရသလိုလို မြူခိုးများဖြင့် ပြည့်နှက်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ ၎င်းတို့က အမြင်အာရုံကို နှောင့်ယှက်နေသဖြင့် အဝေးသို့ လှမ်းကြည့်ရန် ခက်ခဲနေလေသည်။
အပြင်ဘက်မှ ကြည့်လျှင် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် မှာ သိပ်မကြီးမားလှဟု ထင်ရသော်လည်းအတွင်းသို့ ရောက်သောအခါ မီတာရာနှင့်ချီ၍ ရှေ့သို့ လျှောက်သွားသော်လည်း မည်သည့်နံရံကိုမျှ မတွေ့ရသဖြင့် သီးခြား နေရာလွတ်တစ်ခု ဖြစ်တည်နေပုံရကြောင်း သူတို့ သဘောပေါက်လိုက်ကြလေသည်။
"နောင်တော်…ခန်းမဆောင်ထဲက မိစ္ဆာ တွေက ရက်စက်ပြီး သွေးဆာတတ်တယ်လို့ ကျွန်တော် ကြားဖူးတယ်… ဒါကို ဖြတ်ကျော်နိုင်ဖို့ ကျွန်တော်တို့ အချင်းချင်း ဖေးမကူညီကြရမယ်...."
တောက်ကျိ က ပတ်ဝန်းကျင်ကို သတိဝီရိယဖြင့် စောင့်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်လေသည်။
"အင်းလေ…ဒါကတော့ သေချာပေါက်ပေါ့...."
ဘေးနားရှိ တောက်ကျိ ကို ကြည့်ရင်း ကျန်းလျို ကလည်း ခေါင်းညိတ်လိုက်လေသည်။
အကယ်၍ တိုက်ပွဲဝင်ရမည်ဆိုလျှင် တောက်ကျိသည် မိမိ၏ အသင်းဖော် ဖြစ်လာမည်လေ။ ရန်သူကို တိုက်ခိုက်သည့် အသင်းလိုက်အနေအထားတွင် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရမည် ဖြစ်လေသည်။
ကျီ... ကျီ...
ဆယ့်ငါးမိနစ်ခန့် လျှောက်လာပြီးနောက် ရုတ်တရက်ဆိုသလို မြူခိုးများကြားမှ သံချွန်ဖြင့် သံပြားကို ခြစ်လိုက်သကဲ့သို့ စူးရှသော အသံတစ်သံ ထွက်ပေါ်လာရာ နားထောင်ရသည်မှာ အလွန် ကသိကအောက် နိုင်လှပေသည်။
ထို့နောက် ဦးချိုတစ်ချောင်း ပါရှိပြီး ခွေးမည်းကြီး တစ်ကောင်နှင့်တူသော သားရဲတစ်ကောင်သည် ထူထပ်သော မြူခိုးများထဲမှ ထွက်ပေါ်လာလေသည်။
"ဒီကောင်က တော်တော် အရုပ်ဆိုးတာပဲ...."
ထိုသတ္တဝါများကို အကဲခတ်ကြည့်ရင်း တောက်ကျိ က မှတ်ချက်ချလိုက်လေသည်။
မိစ္ဆာ မှာ တောက်ကျိ ၏ စကားကို တုံ့ပြန်ခြင်း မရှိဘဲ လောဘတကြီး မျက်လုံးများဖြင့် စူးစိုက်ကြည့်နေပြီးနောက် သူတို့ဆီသို့ ခုန်အုပ်လိုက်တော့၏။
"စကားမပြောတတ်ဘူးလား… အောက်ဆုံးအဆင့် မိစ္ဆာ ပဲ ဖြစ်ရမယ်...."
ခွေးအနှင့်တူသော သတ္တဝါက စကားဖြင့် ပြန်လည်မတုံ့ပြန်သည်ကို သတိထားမိလိုက်သဖြင့် တောက်ကျိ က လှောင်ပြောင်ရင်း တိုးတိုးလေး ရေရွတ်လိုက်လေသည်။
စကားပြောနေရင်း သူက လက်ချောင်းကို မြှောက်လိုက်ရာ လက်ထိပ်တွင် ကြာပန်းပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် ကြာပန်းစွမ်းအင်သည် ပိုးသားဖဲကြိုးတစ်ခုအလား ထိုသတ္တဝါဆီသို့ လျင်မြန်စွာ ပစ်ဝင်သွားတော့၏။
ရွှစ်...
လက်ချောင်းစွမ်းအင်သည် သတ္တဝါ၏ ဦးနှောက်ကို ချက်ချင်း ဖောက်ထွင်းသွားကာ မြေကြီးပေါ်သို့ လဲကျသွားစေပြီး ခေတ္တမျှ တဆတ်ဆတ် တုန်ယင်သွားပြီးနောက် ငြိမ်သက်သွားတော့သည်။
အသိပေးချက် - အတွေ့အကြုံမှတ် ၂၅ မှတ်၊ ရွှေ ၄ ပြား ရရှိသည်။
တောက်ကျိ နှင့် အဖွဲ့ဖွဲ့ထားသော ကျန်းလျို သည် အစပိုင်းတွင် ဘာမှမလုပ်ခဲ့သော်လည်း တောက်ကျိ က မိစ္ဆာကို သတ်လိုက်သည်နှင့်တပြိုင်နက် စနစ်၏ အသိပေးချက် ပေါ်လာသဖြင့် ကျန်းလျို က ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။ အမှန်ပင် အဖွဲ့ဖွဲ့ပြီး မိစ္ဆာ များကို သတ်ဖြတ်ခြင်းက အတွေ့အကြုံမှတ် များ ရှာဖွေရန် အကောင်းဆုံးနည်းလမ်း ဖြစ်လေသည်။
ရှေ့သို့ ဆက်သွားသည်နှင့်အမျှ ခွေးအများနှင့်တူသော ဦးချိုတစ်ချောင်းပါ မိစ္ဆာ များ ပိုမိုများပြားလာလေသည်။ သူတို့နှစ်ဦးသည် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် အတွင်းရှိ မိစ္ဆာ အုပ်စုတစ်ခုထဲသို့ ဝင်ရောက်လာမိကြောင်း သိသာထင်ရှားလှပေသည်။
အစပိုင်းတွင် ကျန်းလျို သည် တောက်ကျိ ကို ဦးဆောင်တိုက်ခိုက်စေပြီး သူကတော့ အတွေ့အကြုံမှတ် များကို အေးအေးဆေးဆေး ထိုင်ယူနေရသဖြင့် ပျော်ရွှင်နေလေသည်။ သို့သော် ခွေးအ ကောင်ရေ များပြားလာပြီး တစ်ခါတစ်ရံ ရှစ်ကောင်၊ ဆယ်ကောင်ခန့် အုပ်စုဖွဲ့လာသောအခါ၊ ကျန်းလျို လည်း မလွှဲမရှောင်သာ တိုက်ပွဲဝင်ရတော့၏။
"ဟီး... ဟီး... ဟီး…
“လူသားတွေပဲ… ငါတို့အတွက် အစားအစာဖြစ်ဖို့ နောက်ထပ် ကတုံးနှစ်ကောင် ရောက်လာပြန်ပြီလား...."
ကျန်းလျို နှင့် တောက်ကျိ တို့က မိစ္ဆာ ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ပြီးနောက် အဆုံးတွင်တော့ မကောင်းဆိုးဝါးဆန်ဆန် အသံများ ထွက်ပေါ်လာလေတော့သည်။
ထူထပ်သော မြူခိုးများထဲမှ ကြီးမားလှသော ပုံရိပ်အချို့ တဖြည်းဖြည်း ထွက်ပေါ်လာလေသည်။ ၎င်းတို့သည် ခွေးအများပင် ဖြစ်သော်လည်း ယခင်က သူတို့ကြုံတွေ့ခဲ့ရသည်များထက် များစွာ ပိုကြီးမားနေလေသည်။
အရင်တွေ့ခဲ့ရသည်များမှာ သာမန်ခွေးအရွယ်အစားခန့်သာ ရှိသော်လည်း ယခုအကောင်များမှာမူ ကျားရိုင်းများခန့် ကြီးမားနေကာ သွားများကို ဖြဲပြထားပြီး သူတို့၏ မျက်လုံးများထဲတွင် လောဘရမ္မက်များ ပြည့်နှက်နေလေသည်။
"သူတို့က လူစကားပြောတတ်တယ် ဟုတ်လား…ရှစ်ကောင်တောင်ပဲ...."
လူစကားပြောတတ်သော ထိုခွေးအ မိစ္ဆာ များကို မြင်လိုက်ရသဖြင့် တောက်ကျိ ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားတော့၏။
တစ်ကောင်ချင်း တိုက်ရမည်ဆိုလျှင် ပြဿနာမဟုတ်သော်လည်း ရှစ်ကောင်လုံးကို တစ်ပြိုင်နက် ရင်ဆိုင်ရမည်ဆိုပါက တခြားစီ ဖြစ်သွားပြီလေ။
"စကားပြောတတ်တဲ့ မိစ္ဆာ တွေ…ဒါဆို ဒီခွေးအ မိစ္ဆာ တွေက အဆင့် ၁၀ ကနေ ၂၀ ကြားလောက် ရှိမှာပေါ့...."
ကျန်းလျို မှာ အလေးအနက်ဖြစ်နေသော်လည်း စိတ်လှုပ်ရှားမှုက ပိုများနေလေသည်။
"နောင်တော်... ကျွန်တော်တို့တော့ အကြိတ်အနယ် တိုက်ရတော့မယ့်ပုံပဲ...."
တောက်ကျိ က ကျန်းလျို ၏ ဘေးတွင် ရပ်လျက် စိပ်ပုတီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ရဟန္တာလက်သီး စွမ်းအားကိုစုစည်းရင်း ပြောလိုက်လေတော့သည်။
***