အခန်း (၅၉-၆၀)
Vol. 5 Ch. 59-60
အပိုင်း(၅၉)
"ဟွန့်... ချစ်စရာကောင်းတယ် ဟုတ်လား… နင်ကမှ ချစ်စရာကောင်းတာ… နင့်မိသားစု တစ်ခုလုံးက ချစ်စရာကောင်းတာဟေ့...."
မြှောက်ထားသော လက်ကို ပြန်ရုပ်လိုက်ရင်း မိစ္ဆာမလေးက ဒေါသတကြီးဖြင့် ဝံပုလွေ မိစ္ဆာ ၏ မည်းတူးနေသော အလောင်းကို ဒေါသတကြီး ပြောလိုက်လေသည်။
"ဟင်...."
မိစ္ဆာမလေးက ဝံပုလွေ မိစ္ဆာ ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ပြီးနောက် ကျန်းလျို သည် မည်သည့် အတွေ့အကြုံမှတ် မှ မရရှိသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။
ဤအချက်က သူ့ကို စိုးရိမ်ပူပန်သွားစေသည်။ အဖွဲ့၏ အခြေအနေကို ကြည့်လိုက်ရာ၊ အမှန်တကယ်ပင် သူ၏ မြင်ကွင်းထဲ၌ တောက်ကျိ၏ အသင်းဖော် သင်္ကေတများသာ ရှိနေပြီး မိစ္ဆာမလေး၏ သင်္ကေတမှာ မရှိပေ။
"ဘာတွေဖြစ်နေတာလဲ… မိစ္ဆာမလေးက ငါ့အဖွဲ့ထဲမှာ ဝင်လို့မရဘူးလား...."
ဤသို့ သိရှိလိုက်ရသဖြင့် ကျန်းလျို၏ မျက်နှာမှာ ပျက်ယွင်းသွားတော့၏။
အကယ်၍ သူတို့က အဖွဲ့ဖွဲ့လို့မရဘူးဆိုရင် သူမကို အနားမှာ ခေါ်ထားရတဲ့ အဓိပ္ပာယ်က ဘာရှိတော့မည်နည်း။
"ဖြစ်နိုင်တာက... သူ့ရင်ထဲမှာ ငါ့အပေါ် ခင်မင်နှစ်သက်မှု မရှိလို့ ငါတို့ အဖွဲ့ဖွဲ့လို့ မရတာများလား...."
ကျန်းလျို က မိမိဘာသာ တွေးတောလိုက်လေသည်။
ယခုရက်ပိုင်းအတွင်း မိစ္ဆာ များကို သတ်ဖြတ်ကာ အဆင့်တင်ရာတွင် ကျန်းလျိုသည် ကောင်းယန်၊ နောင်တော် ရွှမ်ခုန်း၊ နှင့် တောက်ကျိတို့နှင့် အဖွဲ့ဖွဲ့ခဲ့လေသည်။ စဉ်းစားကြည့်ပါက သူသည် ဤသုံးဦးနှင့် တစ်နည်းနည်းဖြင့် ပတ်သက်ဆက်နွှယ်မှု ရှိနေသဖြင့် သူတို့ကို အဖွဲ့ဖွဲ့နိုင်စေခဲ့ခြင်း မဟုတ်ပါလော။
ကောင်းယန်ကို ကယ်တင်ပြီး ခေါ်ဆောင်သွားခဲ့သော ဓားသမား အဖိုးအိုနှင့် ကြုံတွေ့ခဲ့ရစဉ်ကလည်း အလားတူ အခြေအနေမျိုး ကြုံတွေ့ခဲ့ဖူးသည်။ သူတို့သည် မျက်လုံးသုံးလုံး ကျီးကန်းကို အတူတကွ တိုက်ခိုက်ခဲ့သော်လည်း၊ နောက်ဆုံး သတ်ဖြတ်ကွက်ကို အဘိုးအိုက ထုတ်ဖော်ခဲ့ခြင်း ဖြစ်လေရာ ကျန်းလျိုမှာ အတွေ့အကြုံမှတ် အနည်းငယ်သာ ရရှိခဲ့လေသည်။
မိစ္ဆာမလေးကတော့ သူ့အပေါ် ပတ်သက်ဆက်နွှယ်မှု ပို၍ပင် နည်းပါးနေသည်ဖြစ်ရာ ထိုအကြောင်းရင်းကြောင့်ပင် အဖွဲ့ဖွဲ့၍ မရခြင်းများလော။
ထို့အပြင် ကောင်းယန် ဖြစ်စေ၊ နောင်တော် ရွှမ်ခုန်း ဖြစ်စေ၊ တောက်ကျိ ဖြစ်စေ သူတို့၏ အဆင့် များမှာ မိမိနှင့် အတော်လေး နီးစပ်ကြသော်လည်း မိစ္ဆာမလေးမှာမူ သူမ၏ မိစ္ဆာစစ်ဗိုလ် အဆင့် ကျင့်ကြံမှုအရ အနည်းဆုံး အဆင့် ၃၀ ခန့်တော့ ရှိပေလိမ့်မည်။ ဤသို့ဆိုလျှင်... သူမ၏ ကျင့်ကြံခြင်း အဆင့်က အလွန် မြင့်နေသောကြောင့် အဖွဲ့ဖွဲ့လို့ မရသည်လား။
သေချာ စဉ်းစားကြည့်မည်ဆိုပါက မျက်လုံးသုံးလုံး ကျီးကန်းကို သတ်ဖြတ်ခဲ့သော အဖိုးအို၏ ကျင့်ကြံမှုအဆင့်မှာလည်း မိမိထက် များစွာ သာလွန်မြင့်မားနေမည် ဖြစ်ရာ ဤဖြစ်နိုင်ခြေလည်း ရှိနေလေသည်။
စွမ်းအားကွာဟချက်ကြောင့်လော သို့မဟုတ်... ဇာတ်ကောင်အပေါ် နှစ်သက်မှု ပြဿနာကြောင့် အဖွဲ့ဖွဲ့လို့မရသည်လား ဆိုသည်ကို ကျန်းလျို သေချာမသိပေ။ သို့သော်လည်း မိစ္ဆာမလေးနှင့် အဖွဲ့ဖွဲ့၍မရခြင်းမှာ သူ့အတွက် သတင်းကောင်း မဟုတ်သည်ကတော့ သေချာလှပေသည်။
သို့သော် မိစ္ဆာမလေးကို အနားတွင်ထားရန် ဆုံးဖြတ်ပြီးဖြစ်ရာ၊ ယခုလောလောဆယ် အဖွဲ့ဖွဲ့၍မရလျှင်တောင်မှ ကျန်းလျိုထံတွင် သူမကို နှင်လွှတ်လိုက်ရန် ရည်ရွယ်ချက် မရှိပေ။ သူမနှင့် အဖွဲ့ဖွဲ့၍မရသည့် အကြောင်းရင်းကိုတော့ အနည်းဆုံး သိအောင်လုပ်သင့်သည်ဟု သူ ခံစားမိလေသည်။
ထိုအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိသွားပါက နောင်အနာဂတ်တွင် မိစ္ဆာ များကို အမဲလိုက်ရန် အဖွဲ့ဖွဲ့နိုင်မည့် ပစ်မှတ်များကို သူ ပိုမိုတိကျစွာ ရွေးချယ်နိုင်မည် ဖြစ်လေသည်။
လမ်းခရီးတစ်လျှောက်တွင် သူတို့သည် မိစ္ဆာ အတော်များများနှင့် ကြုံတွေ့ခဲ့ရပြီး အချို့ကို ကျန်းလျို ကိုယ်တိုင် သတ်ဖြတ်ခဲ့ကာ အချို့ကိုမူ မိစ္ဆာမလေးက ချက်ချင်းပင် အဆုံးစီရင်ခဲ့လေသည်။
သို့သော် မိစ္ဆာမလေး သတ်ဖြတ်လိုက်သော အကောင်များအတွက်မူ သူသည် မည်သည့် အတွေ့အကြုံမှတ် ကိုမျှ မရရှိခဲ့ပေ။ ဤသည်က သူတို့နှစ်ဦး အဖွဲ့ဖွဲ့ရန် လုံးဝ မဖြစ်နိုင်ကြောင်းကို ရှင်းလင်းစွာ ပြသနေလေသည်။
"အဖွဲ့ဖွဲ့လို့ မရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့… ငါ့ရဲ့ ခန့်မှန်းချက်ကို သေချာလေး အတည်ပြုရဦးမယ်...."
မိစ္ဆာ အတော်များများကို ဆက်တိုက် သတ်ဖြတ်ပြီးနောက် ကျန်းလျိုက မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ကဲ... အားလုံး ထိုင်ပြီး ခဏလောက် အနားယူကြတာပေါ့...."
နွား မိစ္ဆာ တစ်ကောင်ကို သတ်ဖြတ်ပြီးသည်နှင့် တပြိုင်နက် ကျန်းလျိုသည် ဓားတစ်လက်ကို ထုတ်ယူကာ အမဲသားတုံးကြီး တစ်တုံးကို လှီးဖြတ်လိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်များကို စတင်ပြင်ဆင်လိုက်လေသည်။
ကျန်းလျို၏ စကားကို ကြားသောအခါ မိစ္ဆာမလေးမှာကန့်ကွက်စရာ မရှိပေ။ သူမသည် ရပ်တန့်လိုက်ပြီး ကျန်းလျိုနှင့် တောက်ကျိတို့နှင့် အလှမ်းဝေးသော နေရာတွင် ဝင်ထိုင်လိုက်လေသည်။ အနားသို့လည်း မကပ်ရဲသလို ထွက်လည်း မပြေးရဲရှာပေ။
"နောင်တော်…ဘာ... ဘာလုပ်နေတာလဲ...."
ကျန်းလျိုက ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်ယူကာ အမဲသားကို ပြင်ဆင်နေသည်ကို ကြည့်ရင်း တောက်ကျိက မယုံနိုင်လောက်အောင် မျက်လုံးပြူးကာ မေးလိုက်လေသည်။
"မင်းမြင်တဲ့အတိုင်းပဲလေ… စားစရာ ပြင်ဆင်နေတာပေါ့… မင်းရဲ့ စားစရာတွေလည်း ကုန်သွားပြီ မဟုတ်ဘူးလား…ငါ့ဆီမှာလည်း သိပ်မကျန်တော့ဘူး… ဒါကိုမစားရင် ငါတို့ ဘာစားကြမလဲ...."
တောက်ကျိ၏ အလွန်အမင်း အံ့အားသင့်နေသော မျက်နှာအမူအရာကို ကြည့်ရင်း ကျန်းလျိုက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။
"ဒါပေမယ့် ကျွန်တော်တို့က ဗုဒ္ဓဘာသာဂိုဏ်းက တပည့်တွေလေ… ပြီးတော့ နောင်တော်ဆိုတာ အရပ်ရပ်က ရဟန်းတွေအတွက် စံပြပုဂ္ဂိုလ်ကြီးပဲ… ကျွန်တော်တို့က ဘယ်လိုလုပ် အသားစားလို့ ရမှာလဲ...."
တောက်ကျိက ဘာသာရေးစည်းမျဉ်းများကို မဖောက်ဖျက်လိုသဖြင့် ပြတ်သားသော မျက်နှာထားဖြင့် ခေါင်းယမ်းကာ ပြောလိုက်လေသည်။
"ညီတော်... မင်းကို ငါတစ်ခုလောက် မေးမယ်… ဗုဒ္ဓတရားကို ကျင့်ကြံတဲ့အခါမှာ အပြုအမူကို ကျင့်ကြံတာနဲ့ စိတ်နှလုံးကို ကျင့်ကြံတာ ဘယ်အရာက ပိုအရေးကြီးတယ်လို့ မင်းထင်လဲ...."
ကျန်းလျိုက မီးမွှေးကာ အသားများကို ကင်ရင်း တောက်ကျိကို မေးလိုက်လေသည်။
တောက်ကျိသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်...
"စိတ်နှလုံးကို ကျင့်ကြံတာပါ...."
"အေးလေ... အဲဒါ မှန်တာပေါ့… စည်းမျဉ်းစည်းကမ်းတွေဆိုတာ အပြင်ပန်းသဏ္ဌာန်တွေ သက်သက်ပါပဲ… ကိုယ့်ရင်ထဲက ဘုရားတရား မပြောင်းလဲသွားသရွေ့… ငါတို့ အသားစားတာ ဘာဖြစ်သွားမှာလဲ...."
ကျန်းလျိုက ပြောလိုက်ပြီး ခေတ္တရပ်ကာ ဆက်ပြောလေသည်။
"ငါ မင်းကို စကားတစ်ခွန်း လက်ဆောင်ပေးမယ်… 'အရက်နဲ့ အသားက အူထဲကို ဖြတ်သွားပေမယ့်… မြတ်စွာဘုရားကတော့ ရင်ထဲမှာ ကိန်းဝပ်နေတယ်' တဲ့...."
တောက်ကျိကို ကြည့်ရင်း ကျန်းလျို စိတ်ထဲမှ ခေါင်းယမ်းလိုက်မိလေသည်။
တောက်ကျိ ဟူသော ဘွဲ့အမည်ကို ပထမဆုံး ကြားလိုက်ရစဉ်က ကျိကုန်း နှင့် နာမည်တူနေသဖြင့် ကျန်းလျိုမှာ စိတ်ထဲတွင် မလှောင်ပြောင်ဘဲ မနေနိုင်ခဲ့ပေ။ သို့သော် လူဝင်စား ဘုရား ကျိကုန်း နေထိုင်ခဲ့သော ခေတ်ကာလမှာ ထန်မင်းဆက် မဟုတ်သောကြောင့် ကျန်းလျိုသည် ၎င်းကို တိုက်ဆိုင်မှုတစ်ခု သက်သက်သာဖြစ်မည်ဟု မှတ်ယူထားခဲ့လေသည်။
သို့သော် နံ့သာတိုင်ပူဇော်ပွဲ အပြီးတွင် တောက်ကျိက နံ့သာတိုင် အမာရွတ် ကိုးခုကို ရရှိခဲ့သောအခါ ကျန်းလျို၏ သံသယများ ပိုမိုကြီးထွားလာခဲ့ရလေသည်။
“ဒီ တောက်ကျိ က တကယ်ပဲ နဂါးနိုင် ရဟန္တာ ဝင်စားတာများလား...”
သို့သော် သူက အရက်သောက်ရန်နှင့် အသားစားရန် တွန့်ဆုတ်နေသည်ကို မြင်ရသောအခါ ကျန်းလျို မှတ်မိနေသော ကျိကုန်း ၏ ပုံရိပ်ကို တစ်နေရာတွင်မှာမှ ရှာမတွေ့ချေ။
"အရက်နဲ့ အသားက အူထဲကို ဖြတ်သွားပေမယ့်…မြတ်စွာဘုရားကတော့ ရင်ထဲမှာ ကိန်းဝပ်နေတယ် ဟုတ်လား...."
တောက်ကျိက ထိုဇင်တရားစကားကို မိမိဘာသာ တိုးတိုးလေး ရေရွတ်ရင်း ခေါင်းငုံ့နေလေသည်။
တိုတောင်းလှသည့် ထိုစကားစုလေးထဲတွင် အလွန်တရာ နက်နဲလှသော ဗုဒ္ဓဘာသာဆိုင်ရာ ဉာဏ်ပညာများ ကိန်းအောင်းနေပုံရလေသည်။
အကယ်၍ တခြားသူတစ်ယောက်ကသာ ဤစကားများကို ပြောခဲ့မည်ဆိုလျှင် တောက်ကျိသည် ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် ဤစကားများကို ကျန်းလျိုက ပြောခဲ့ခြင်း ဖြစ်လေသည်။ နံ့သာတိုင် အမာရွတ် ဆယ့်နှစ်ခု ရရှိထားသော ရဟန်းတစ်ပါးဖြစ်ရာ တောက်ကျိသည် သူ၏စကားများကို သေချာပေါက် လျစ်လျူရှု၍ မရနိုင်ပေ။
ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် တောက်ကျိသည် မတ်တတ်ရပ်လိုက်ကာ သူ၏ သင်္ကန်းကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး ကျန်းလျိုကို ရိုသေစွာဖြင့် အရိုအသေပေးလိုက်လေသည်။
"အောမီတော်ဖော... နောင်တော့်ရဲ့ သွန်သင်ဆုံးမမှုအတွက် ကျေးဇူးတင်ပါတယ်… ကျွန်တော့်ကို ဉာဏ်အလင်းပွင့်သွားစေပါပြီ....”
"အရင်တုန်းက နောင်တော် ဟာ ကျင်းဆန်းကျောင်းတော် မှာ လီချွန်းဖုန်း နဲ့ တရားစကား စစ်ထိုးခဲ့ပြီး လူပေါင်းများစွာရဲ့ ချီးကျူးမှုကို ရရှိခဲ့တဲ့ ပုံသဏ္ဌာန်မဲ့ ဂါထာတော် ကို ချန်ရစ်ခဲ့တယ်လို့ ကျွန်တော် ကြားဖူးခဲ့တယ်… ဒီနေ့ ဒီဇင်တရားစကားကို ကြားရတဲ့အခါမှာတော့ နောင်တော့်ရဲ့ ဗုဒ္ဓတရားအပေါ် နားလည်သဘောပေါက်မှုကို ကျွန်တော် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကို လေးစားအားကျမိသွားပြီဗျာ...."
"အင်း... မင်း နားလည်သွားရင်တော့ ကောင်းတာပေါ့ကွာ...."
ကျန်းလျို က သူ၏လက်ထဲမှ အသားကင်ကို ဟိုဘက်ဒီဘက် လှန်ရင်း ပြောလိုက်လေသည်။ သူ၏ မျက်နှာပေါ်တွင် မည်သူမျှ ခန့်မှန်း၍မရသော တည်ငြိမ်လှသည့် အမူအရာဖြင့် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သော်လည်း တကယ်တမ်း သူ၏ ရင်ထဲတွင်တော့ ဤစကားများမှာ သူ အသားစားနိုင်ရန်အတွက် ယုတ္တိတန်သော အကြောင်းပြချက် တစ်ခုသက်သက်မျှသာ ဖြစ်ကြောင်းကို သိနေလေသည်။
"ဟေး... မင်း အမဲသားကင် နည်းနည်း စားမလား...."
အတန်ကြာ ကင်ပြီးနောက် အမဲသားမှာ ခြောက်ဆယ် ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ကျက်နေပြီဖြစ်သည်ကို မြင်သောအခါ ကျန်းလျို သည် ကိုက်အနည်းငယ်ခန့် အကွာတွင် ထိုင်နေသော မိစ္ဆာမလေး ကို လှမ်းမေးလိုက်လေသည်။
"မစားဘူး...."
သူမက ပြတ်သားသော မျက်နှာထားဖြင့် ခေါင်းယမ်းလိုက်ပြီး သူ၏ အစားအသောက်များကို မစားရဲကြောင်း ပြောလိုက်လေသည်။
သို့သော်လည်း သူမ၏ နှာခေါင်းလေးက မသိမသာ တွန့်သွားပြီးနောက် မိစ္ဆာမလေး သည် သူမ၏ တံတွေးကို တိတ်တဆိတ် မျိုချလိုက်မိတော့၏။
‘အရမ်းကို မွှေးနေတာပဲ...’
***
အပိုင်း(၆၀)
ကျန်းလျို၏ ရှေ့တွင် အမဲသားတုံးကြီး တစ်တုံးကို သပ်ရပ်စွာ တစ်လွှာပြီးတစ်လွှာ လှီးဖြတ်ထားလေသည်။ သူသည် အသားတစ်လွှာကို ညင်သာစွာ ကောက်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်ရာ ကြွယ်ဝလှသော အသားကင်၏ မွှေးရနံ့သည် သူ၏ ပါးစပ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပြီး ကျေနပ်အားရမှုကြောင့် သူ၏ မျက်လုံးများပင် မှေးစင်းသွားတော့၏။
မဟာဗုဒ္ဓကျောင်းတော် တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရပြီး နေ့စဉ် သက်သတ်လွတ် အစားအစာများကိုသာ စားသုံးနေခဲ့ရသဖြင့် သူ၏ အရသာခံဖုလေးများမှာ ထိုင်းမှိုင်းနေခဲ့ပြီ ဖြစ်လေသည်။ အခုတော့ အသားကို ပြန်လည် မြည်းစမ်းခွင့်ရပြီဖြစ်ရာ ဤအခွင့်အရေးမှာ ရဖို့မလွယ်ကူလှပေ။
တောက်ကျိသည် ကျန်းလျို၏ သပ်ရပ်လှပသော စားသောက်ပုံကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် အမဲသားတုံးကြီးကို အားပါးတရ ကိုက်ဖြတ်စားသောက်နေသော ဘေးနားရှိ မိစ္ဆာမလေး ကို ကြည့်လိုက်လေသည်။ နောက်ဆုံးတွင်တော့ သူ၏ အကြည့်များသည် မိမိလက်ထဲရှိ အမဲသားတုံးကြီးဆီသို့ ရောက်ရှိသွားတော့၏။ သူသည် တွန့်ဆုတ်နေခဲ့သော်လည်း သည်းမခံနိုင်လောက်အောင် ဆာလောင်မွတ်သိပ်မှုနှင့် သွေးဆောင်ဖြားယောင်းနေသော အသားကင်၏ အနံ့တို့ကြောင့် တံတွေးကို မျိုချလိုက်ပြီး အသားမြှောင်းလေး တစ်မြှောင်းကို ဆွဲဖြဲလိုက်လေသည်။
"အောမီတော်ဖော... အရက်နဲ့ အသားက အူထဲကို ဖြတ်သွားပေမယ့်…မြတ်စွာဘုရားကတော့ ရင်ထဲမှာ ကိန်းဝပ်နေတယ် တဲ့…နောင်တော် ပြောတဲ့စကားက ယုတ္တိရှိပါတယ်…ငါ ဒါကို မလွှဲမရှောင်သာလို့ လုပ်ရတာပါ...."
ဆွဲဖြဲထားသော အမဲသားမြှောင်းလေးကို ကြည့်ရင်း တောက်ကျိ သည် သူ၏ လုပ်ရပ်ကို စိတ်ထဲမှ တိတ်တဆိတ် အကြောင်းပြချက် ပေးလိုက်လေသည်။
ကျမ်းစာများတွင် အရက်ကို အချဉ်ရည် အသားကို အပုပ်ကောင် ဟု ဖော်ပြထားသည်များကို သူ ဂရုမစိုက်နိုင်တော့ပေ။ သူသည် ပါးစပ်ကို ဖြည်းညင်းစွာ ဟလိုက်ပြီး ကင်ထားသော အမဲသားမြှောင်းလေးကို ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
သူ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားတော့၏။ ခပ်မြန်မြန် အကြိမ်အနည်းငယ် ဝါးလိုက်ပြီးနောက် တောက်ကျိ သည် နောက်ထပ် အမဲသားတုံးကြီး တစ်တုံးကို ထပ်မံဆွဲဖြဲလိုက်လေတော့သည်။
တောက်ကျိ နှင့် မိစ္ဆာမလေး တို့ အားပါးတရ စားသောက်နေကြသည်ကို ကြည့်ရင်း ကျန်းလျို သည် စိတ်ထဲမှ တိတ်တခိုး ပြုံးလိုက်မိသော်လည်း ဘာမှတော့ ထုတ်မပြောခဲ့ပေ။
မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် အတွင်း၌ လူနှစ်ယောက်နှင့် မိစ္ဆာ တစ်ကောင်တို့သည် အမဲသားကင်ကို အေးချမ်းစွာ စားသောက်နေကြပြီး တိတ်ဆိတ်သော်လည်း သဟဇာတဖြစ်လှသော လေထုလေးတစ်ခုကို ဖန်တီးထားလေသည်။
"ဒါနဲ့ မိစ္ဆာမလေး… စောစောက မင်းအဖေအကြောင်း ပြောသွားတယ်နော်… သူက ဘယ်မှာလဲ...."
တိတ်ဆိတ်လွန်းနေ၍လားမသိ အသားစားနေရင်း ကျန်းလျို သည် ဘေးနားရှိ မိစ္ဆာမလေး ကို လှည့်ကာ မေးလိုက်လေသည်။
မိစ္ဆာမလေး မှာ ဤမျှ ငယ်ရွယ်သော အရွယ်နှင့်ပင် မိစ္ဆာစစ်ဗိုလ် အဆင့် ကျင့်ကြံမှု ရှိနေပြီဖြစ်ရာ သူမ၏ အဖေဆိုသူ၏ ကျင့်ကြံမှုမှာ သေချာပေါက် ပို၍ပင် သာလွန်ထူးကဲနေပေလိမ့်မည်။ ကျန်းလျို သည် အေးအေးဆေးဆေး လျှောက်သွားနေရင်းမှ အစွမ်းထက်သော မိစ္ဆာ ကြီးတစ်ကောင်၏ လက်ချက်ဖြင့် အသတ်ခံရမည့် အဖြစ်မျိုးကို မလိုလားပေ။
မိစ္ဆာမလေးကို လှည့်စားရန် လွယ်ကူသော်လည်း သူမ၏ အဖေမှာမူ ထိုသို့ လွယ်လွယ်နှင့် အရူးခံရမည့်ပုံ မပေါ်ပေ။
"ကျွန်မက ချစ်စရာကောင်းနေလို့ အဖေ့ရဲ့ စွန့်ပစ်တာကို ခံလိုက်ရတာလေ… မိစ္ဆာနယ်မြေ ကနေ ဒီ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ထဲကို ပစ်ချခံလိုက်ရတာ...."
ကျန်းလျို ၏ မေးခွန်းကို ကြားသောအခါ မိစ္ဆာမလေးသည် စားနေသည်ကို ခေတ္တရပ်လိုက်ပြီးနောက် မည်သို့မျှ ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်လေသည်။
"ဟင်... ချစ်စရာကောင်းလို့ စွန့်ပစ်ခံရတာ ဟုတ်လား...."
မိစ္ဆာမလေး ၏ စကားကြောင့် ကျန်းလျို မှာ တစ်ခဏမျှ ဆွံ့အသွားရလေသည်။
သို့သော်လည်း မိစ္ဆာနယ်မြေ ၏ တန်ဖိုးထားမှုများသည် လူ့လောကနှင့် လုံးဝနီးပါး ပြောင်းပြန်ဖြစ်နေသည်ကို စဉ်းစားမိသောအခါ ကျန်းလျို သည် ထိုအချက်ကို လက်ခံနိုင်သွားလေသည်။
ဒါကြောင့်လည်း ဝံပုလွေ မိစ္ဆာက သူမကို ချစ်စရာကောင်းသည်ဟု မှတ်ချက်ချလိုက်သောအခါ မိစ္ဆာမလေး က ချက်ချင်းပင် ဒေါသပေါက်ကွဲသွားခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
"ဟုတ်တယ်လေ… လှနေလို့…ချစ်စရာကောင်းနေလို့ ဘာအသုံးကျမှာလဲ… အစွမ်းထက်ဖို့ လိုတယ် မဟုတ်ဘူးလား...."
မိစ္ဆာမလေး က ခေါင်းညိတ်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
သူမ၏ စိတ်ထဲတွင်တော့ ချစ်စရာကောင်းနေခြင်းကြောင့် စွန့်ပစ်ခံရသည် ဆိုသည်မှာ နားလည်ရ ခက်ခဲသော ကိစ္စမဟုတ်ပေ။
ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ကိစ္စရပ်များစွာကို ထမင်းစားပွဲပေါ်၌ ဆွေးနွေးပြောဆိုတတ်ကြသည် မဟုတ်ပါလော။ အမှန်တကယ်ပင် အစားစားရင်း စကားပြောရသည်မှာ ပို၍ အဆင်ပြေချောမွေ့ပုံ ရလေသည်။
အမဲသားကင်ကို အတူတကွ မျှဝေစားသောက်နေကြ၍လားမသိ ကျန်းလျို အပေါ် သူမ၏ ကြောက်ရွံ့မှုများ အနည်းငယ် လျော့ကျသွားပုံရကာ သူ့ကိုပင် အရင်စ၍ စကားပြောရဲလာလေသည်။ သူမက မျက်လုံးများတွင် သိချင်စိတ်များ အပြည့်ဖြင့်...
"ကျွန်မ ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာတော့လေ… လူ့လောကက ယောကျ်ားတွေက နူးညံ့ပျော့ပျောင်းပြီး သွယ်လျတဲ့ ခန္ဓာကိုယ်ရှိတဲ့ မိန်းမတွေကို ပိုသဘောကျတယ်ဆို… ဟုတ်လား...."
"အတော်လေး မှန်ပါတယ်...."
ကျန်းလျို က ခေါင်းညိတ်လိုက်လေသည်။
"အားနည်းတဲ့ မိန်းမတွေကို ယောကျ်ားတွေက ပိုသဘောကျတယ် ဟုတ်လား… လူတွေက တကယ် ထူးဆန်းတာပဲနော်… အဲဒီလို မိန်းမတွေက ဝန်ထုပ်ဝန်ပိုးတွေ သက်သက်ပဲ မဟုတ်ဘူးလား…ကျွန်မတို့ မိစ္ဆာနယ်မြေ မှာတော့ မိန်းမတစ်ယောက်က ပိုအစွမ်းထက်လေလေ… သူ့ကို လိုက်တဲ့သူ ပိုများလေလေပဲ… သာမန် မိစ္ဆာ တွေကြားမှာတောင်မှ…မိန်းမတစ်ယောက်က ယောကျ်ားတစ်ယောက်ကို သဘောကျရင် သူ့ကို ဆွဲဆောင်ဖို့အတွက် ကိုယ့်ရဲ့ ခွန်အားတွေကို ထုတ်ကြွားပြလေ့ရှိတယ်...."
"ဥပမာအနေနဲ့ ပြောရရင်… တောင့်တောင့်တင်းတင်း မိစ္ဆာမကြီး တစ်ယောက်က သူ့ရဲ့ စွမ်းအားကို ပြသဖို့အတွက် ကျောက်တုံးကြီး တစ်တုံးကို မပြီး သွားပြတာမျိုးပေါ့… အဲဒါက ပိုပြီး အာရုံစိုက်မှုကို ရစေတာပဲ...."
မိစ္ဆာမလေးက ရှင်းပြလိုက်လေသည်။
တောင့်တင်းခိုင်မာသော အမျိုးသမီးကြီး တစ်ဦးက ကျောက်တုံးကြီးကို ထမ်းကာ ဖြတ်လျှောက်သွားပြီး တကယ့်ယောကျ်ားစစ်စစ်များထက်ပင် ပိုမို ယောက်ျားဆန်နေကာ၊ တစ်ချိန်တည်း၌ သူမအား စိတ်အားထက်သန်စွာ ပိုးပန်းနေကြသော ယောကျ်ားအုပ်ကြီးက ဝန်းရံထားသည့် မြင်ကွင်းကို စိတ်ကူးကြည့်လိုက်မိသောအခါ...
ကျန်းလျိုသည် ခေါင်းယမ်းလိုက်ပြီး ထိုစိတ်ကူးပုံရိပ်ကို သူ၏ ခေါင်းထဲမှ မောင်းထုတ်လိုက်လေသည်။ ထိုမြင်ကွင်းကြီးက ကြည့်ရဲစရာပင် မရှိလောက်အောင် လှပလွန်းနေသည်ဟု ခံစားလိုက်ရတော့၏။
တစ်ချိန်တည်းမှာပင် မိစ္ဆာနယ်မြေ နှင့် လူ့လောကကြားရှိ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသော တန်ဖိုးထားမှုများအပေါ် သူ၏ နားလည်သဘောပေါက်မှုက ပိုမိုနက်ရှိုင်းသွားလေသည်။
"ကြောက်စရာကောင်းတဲ့ မိစ္ဆာနယ်မြေ ပါလား… လူတွေက မိစ္ဆာ တွေကို အမြဲကြောက်နေကြတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ...."
ဘေးနားရှိ တောက်ကျိ က တိုးတိုးလေး ရေရွတ်လိုက်လေသည်။ လူ့လောကနှင့် ယှဉ်လျှင် လုံးဝကွဲပြားခြားနားနေသော မိစ္ဆာနယ်မြေ ၏ အမြင်များကြောင့် သူ အတော်လေး လန့်သွားပုံရလေသည်။
မိစ္ဆာမလေးနှင့် ခေတ္တမျှ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုပြီးနောက် ကျန်းလျို သည် မိစ္ဆာနယ်မြေ ၏ အခြေအနေကို အနည်းငယ် နားလည်သွားရုံသာမက သူမ၏ အခြေအနေကိုပါ ပိုမို သိရှိလာရလေသည်။
မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ၏ အောက်ဘက်တွင် မိစ္ဆာဂူ တစ်ခု ရှိနေသည်ဆိုခြင်းကို ကျန်းလျို သိထားသည်မှာ အတန်ကြာပြီ ဖြစ်သည်။ ထိုဂူထဲမှ မိစ္ဆာ အချို့သည် မဟာဗုဒ္ဓကျောင်းတော် မှ တပည့်များ လေ့ကျင့်နိုင်ရန်အတွက် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် အတွင်းသို့ ဝင်ရောက်လာတတ်ကြသည်ကိုလည်း ကျန်းလျို နားလည်ထားလေသည်။
မိစ္ဆာမလေးသည် မူလက မိစ္ဆာဂူ ထဲမှ မိစ္ဆာ တစ်ကောင် ဖြစ်သော်လည်း သူမက ချစ်စရာကောင်းနေသဖြင့် ဖခင်ဖြစ်သူက ၎င်းကို ရှက်ဖွယ်ကောင်းသည်ဟု ခံစားရကာ သူမကို မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် အတွင်းသို့ ပစ်ချပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းရန် စွန့်ပစ်ခဲ့ခြင်း ဖြစ်လေသည်။
မိစ္ဆာဂူ အတွင်းရှိ မိစ္ဆာ များ၏ အမြင်တွင်မူ ခေါင်းတုံးပြောင် ဘုန်းကြီးများသည် အချိန်ကာလတစ်ခုကြာတိုင်း ဝင်လာပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်လေ့ရှိသဖြင့် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ထဲရှိ အကောင်များမှာ အမြဲတစေ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည် မဟုတ်ပါလော။
"ကဲ... အနားယူတာလည်း လုံလောက်ပြီဆိုတော့ ဆက်သွားကြတာပေါ့...."
စားစရာရှိတာ စားပြီး ပြောစရာရှိတာတွေလည်း ပြောပြီးသွားပြီဖြစ်ရာ အချိန်တွေ ဆက်လက် ကုန်ဆုံးလာသည်နှင့်အမျှ ကျန်းလျို သည် မတ်တတ်ရပ်လိုက်ပြီး တောက်ကျိ နှင့် မိစ္ဆာမလေး တို့ကို ခေါ်ဆောင်ကာ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် အတွင်း ဆက်လက် လျှောက်လှမ်းသွားလေသည်။
လမ်းခရီးတစ်လျှောက်တွင် သူတို့သည် မိစ္ဆာ အတော်များများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကျန်းလျို က အလျင်စလို မသတ်ဖြတ်ခဲ့ပေ။ ထိုအစား မိစ္ဆာမလေး ကိုသာ ဝင်ရောက်လှုပ်ရှားစေပြီး ၎င်းတို့ကို နှိမ်နင်းစေခဲ့လေသည်။
မိစ္ဆာ အဆင့်သို့ ရောက်ရှိသွားသည်နှင့်အမျှ သူတို့သည် လူစကားပြောတတ်လာကြပြီဖြစ်ရာ ၎င်းတို့နှင့် အပြန်အလှန် ဆက်သွယ်ပြောဆို၍ ရနိုင်လေသည်။
မိစ္ဆာမလေး၏ အင်အားသုံး ဖိအားပေးမှုအောက်တွင် ထို မိစ္ဆာ များသည် အသက်ရှင်မလား သေမလား ဆိုသော ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်ခဲ့ရပြီး မည်သည့် ဂုဏ်သိက္ခာမျှ မရှိတော့ဘဲ ကျန်းလျို ၏ လက်အောက်ငယ်သားများအဖြစ် နေထိုင်ရန် လိုလိုလားလားပင် သဘောတူလိုက်ကြတော့၏။
မိစ္ဆာ အတော်များများ ပါလာသည်နှင့်အမျှ ကျင့်ကြံခြင်း အဆင့်ဆင့်ရှိ မိစ္ဆာကောင်များမှာ သူနှင့် အဖွဲ့ဖွဲ့၍ ရမရ ဆိုသည်ကို ကျန်းလျို စမ်းသပ်ကြည့်လိုက်လေသည်။
မိစ္ဆာစစ်သည် အဆင့်ရှိ မိစ္ဆာများထဲတွင် ပိုမို အားကောင်းသော ကောင်များနှင့် အဖွဲ့ဖွဲ့၍ မရသော်လည်း အားနည်းသော အကောင်များနှင့်မူ အဖွဲ့ဖွဲ့၍ ရလေသည်။
"မိစ္ဆာစစ်သည် တွေရဲ့ အဆင့်က အဆင့် ၂၀ ကနေ ၃၀ အထိ ရှိတာကိုး… အားကောင်းတဲ့ အကောင်တွေက အဆင့် ၂၅ အထက်မှာ ရှိနိုင်ပြီး အားနည်းတဲ့ အကောင်တွေကတော့ အဆင့် ၂၅ အောက်မှာ ရှိမှာ သေချာတယ်...."
နောက်ထပ် မိစ္ဆာ အတော်များများကို ဖမ်းဆီးပြီး စမ်းသပ်ပြီးနောက် ကျန်းလျို သည် အဖွဲ့ဖွဲ့ခြင်းနှင့် ပတ်သက်သည့် အခြေအနေကို စိတ်ထဲမှ စဉ်းစားသုံးသပ်နေလေသည်။
မိစ္ဆာစစ်သည် အဆင့် မိစ္ဆာ များသည် အားနည်းမည်ဆိုပါက သူနှင့် အဖွဲ့ဖွဲ့၍ ရနိုင်ပုံပေါ်လေသည်။ ဤသို့ဆိုလျှင် အဖွဲ့ဖွဲ့ခြင်းဆိုသည်မှာ နှစ်သက်သဘောကျမှု ဆိုသည်များနှင့် မဆိုင်ဘဲ စွမ်းအား ကွာဟချက်နှင့်သာ အဓိက သက်ဆိုင်နေသည်ကို ဆိုလိုနေခြင်းများလော။
ယခု၌ သူသည် အဆင့် ၁၃ တွင် ရှိနေပြီဖြစ်ရာ မိမိထက် အဆင့် ၁၀ ဆင့်ခန့် ပိုမြင့်နေသော မိစ္ဆာ များနှင့် အဖွဲ့ဖွဲ့၍ မရနိုင်ကြောင်း ပေါ်လွင်နေလေသည်။
ထိုသို့တွေးမိသောအခါ ကျန်းလျို သည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိလေသည်။ မိစ္ဆာ များကို တိုက်ခိုက်ပြီး အဆင့် အမြန်တင်နိုင်ရန်အတွက် မိစ္ဆာမလေး က ကူညီပေးနိုင်မည်ဟု သူ မူလက မျှော်လင့်ထားခဲ့လေသည်။ ယခုကြည့်ရသည်မှာ လတ်တလောကာလအတွင်း ယင်းမှာ လုံးဝ မဖြစ်နိုင်တော့ပုံပင်။
မည်သို့ပင် ဆိုစေ... ကျန်းလျို သည် အဖွဲ့ဖွဲ့ခြင်းအတွက် အခြေအနေများနှင့် ကန့်သတ်ချက်များကို နောက်ဆုံးတွင် နားလည်သွားလေပြီ။
ဤသို့ဖြင့်... ကျန်းလျို နှင့် သူ၏အဖွဲ့တို့သည် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် အတွင်း လျှောက်သွားရင်း မိစ္ဆာ များကို သတ်ဖြတ်ကာ အဆင့်တင် နေကြတော့သည်။
***