← Chapters

အခန်း (၆၁-၆၂)

Vol. 5 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 5 Ch. 61-62

အပိုင်း(၆၁)

ထိုအချိန်တွင် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်၏ အနက်ရှိုင်းဆုံး အပိုင်း၌ ဧရာမ ယဇ်ပလ္လင်ကြီးတစ်ခုသည် ရုတ်တရက်ဆိုသလို ပြင်းထန်သော အလင်းတောင်များ ပေါက်ကွဲထွက်ပေါ်လာလေသည်။

ရွှီး... ရွှီး... ရွှီး...

အပြာရောင် လျှပ်စီးကြောင်းများသည် မည်သည့်နေရာမှန်းမသိ ထွက်ပေါ်လာ၏။ ထိုလျှပ်စီးများကြားမှ ခရမ်းရင့်ရောင် အမွေးအမျှင်များနှင့် နွားပေါက်စအရွယ်ခန့်ရှိသော ကျားသစ်တစ်ကောင်သည် ကျက်သရေရှိသော ခြေလှမ်းများဖြင့် လူတစ်ယောက်အလား မတ်တတ်လျှောက်ကာ ထွက်ပေါ်လာလေသည်။

"သခင်ကြီးက သခင်မလေးရဲ့ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာ မီးတောက် မျိုးစေ့တစ်ခု ချန်ထားခဲ့ပြီး ဒီ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ထဲမှာ ဖွက်ထားလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး…ငါသာ သူ့ကို အရင်ဆုံး ရှာတွေ့ခဲ့ရင်…ဒါက ကြီးမားတဲ့ အောင်မြင်မှုကြီး တစ်ခုပဲ...."

"ဒါပေမယ့်လည်း…ဒီ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ထဲမှာ ခေါင်းတုံးပြောင် ဘုန်းကြီးတွေနဲ့ ဆုံရဖို့ အခွင့်အရေးက သိပ်များတာဆိုတော့… ငါ သတိထားမှ ဖြစ်မယ်...."

အပြာရောင် လျှပ်စီးများ လွှမ်းခြုံထားလျက် ထိုခရမ်းရောင် ကျားသစ်သည် ပတ်ဝန်းကျင်ကို သတိဝီရိယဖြင့် လိုက်လံကြည့်ရှုလိုက်ပြီးနောက်၊ သူ၏ ပုံရိပ်သည် လျှပ်စီးတစ်ခုအလား လျှပ်တစ်ပြက် လက်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

...

မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်၌ ညဉ့်ယံသည် တဖြည်းဖြည်း နက်ရှိုင်းလာခဲ့ပြီ ဖြစ်သည်။ မိစ္ဆာမလေးသည် တစ်ဖက်၌ တိတ်ဆိတ်စွာ အနားယူနေရာမှ သူမ၏ဘေးတွင် တင်ပျဉ်ခွေကာ တရားထိုင်နေကြသော ကျန်းလျိုနှင့် တောက်ကျိတို့အား မျက်လုံးကို ခိုးဖွင့်၍ အကဲခတ်ကြည့်လိုက်၏။

ဤကတုံးဘုန်းကြီးနှစ်ပါး၏ ဘေးတွင် ရက်အတော်ကြာ နေထိုင်ခဲ့ရပြီးနောက် သူတို့အားလုံးမှာ အချင်းချင်း ရင်းနှီးကျွမ်းဝင်လာပုံရလေသည်။ ထို့ကြောင့် မိစ္ဆာမလေးသည် လွန်ခဲ့သောရက်ပိုင်းအတွင်း ထိုကတုံးဘုန်းကြီးထံမှ စောင့်ကြည့်နေမှုများ လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်းကို သိသိသာသာ ခံစားလိုက်ရ၏။

အစပိုင်းတွင် မိစ္ဆာမလေးက သူမ တကယ် ထွက်ပြေးရန် ကြိုးစားမည် မကြိုးစားမည်ကို စမ်းသပ်ရန် သူတို့က တမင်တကာ ဟန်ဆောင်နေခြင်းဖြစ်သည်ဟုပင် ထင်မှတ်ခဲ့သေး၏။ သူမသာ ထွက်ပြေးခဲ့ပါက သူတို့က ဖမ်းဆီးမည်မှာ သေချာလှပေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဖခင်က ကတုံးဘုန်းကြီးများမှာ ကောက်ကျစ်စဉ်းလဲတတ်ကြသည်ဟု မကြာခဏ ပြောဖူးသောကြောင့်ပင်ဖြစ်သည်။

ထို့ကြောင့် လွန်ခဲ့သောရက်ပိုင်းများအတွင်း မိစ္ဆာမလေးသည် စိတ်ရှည်သည်းခံကာ နေထိုင်ခဲ့ပြီး မသင်္ကာစရာအပြုအမူ တစ်ခုကိုမျှ မပြသခဲ့ချေ။

သို့သော် ရက်အနည်းငယ်ကြာအောင် သေချာစွာ စောင့်ကြည့်ပြီးနောက်တွင်မူ ဘုန်းကြီးများက သူမအား စောင့်ကြည့်ခြင်းကို တကယ်ပင် ရပ်တန့်လိုက်ပြီဖြစ်ကြောင်းကို သူမ နားလည်သဘောပေါက်သွားလေသည်။

မိစ္ဆာမလေးသည် အသံတစ်ချက်မျှ မထွက်စေဘဲ နေရာမှ ထလိုက်ကာ အဝေးသို့ ခြေဖျားထောက်၍ ထွက်လာခဲ့တော့၏။

ရက်အတော်ကြာ စောင့်ကြည့်ပြီးနောက်တွင် မိစ္ဆာမလေးသည် အခြေအနေကို စမ်းသပ်ကြည့်ရန် အသင့်ဖြစ်နေခဲ့ပြီဖြစ်သည်။ အကယ်၍ သူတို့ကသာ သူမကို လှမ်းခေါ်ခဲ့ပါက သူမက ခဏလေး အပြင်ထွက်လာခြင်းဖြစ်သည်ဟု အကြောင်းပြမည်ဟု စိတ်ကူးထား၏။

သူမသည် ခြေသုံးလှမ်းလှမ်းတိုင်း တစ်ကြိမ် နောက်သို့ လှည့်ကြည့်ကာ ကျန်းလျို မျက်လုံးပွင့်လာမည်လားဟု အကဲခတ်ခဲ့သော်လည်း သူမ အတော်လေး ဝေးကွာသွားပြီး မျက်စိအောက်မှ ပျောက်ကွယ်သွားသည့်တိုင်အောင် သူတို့က သူမနောက်သို့ လိုက်မလာခဲ့ကြချေ။

ထိုအရာက မိစ္ဆာမလေး၏ ရင်ကို ဝမ်းသာပီတိဖြစ်စေခဲ့၏။ တကယ်ပဲလား...။ သူမ ယခု လွတ်လွတ်လပ်လပ် ထွက်ပြေးခွင့် ရသွားပြီလား...။

သူမ စတင်ပြေးလွှားလိုက်သည်နှင့် ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသလို ခံစားလိုက်ရလေသည်။

ဤသည်မှာ လွတ်လပ်ခြင်း၏ အရသာပင်ဖြစ်၏။ ၎င်းက သူမ သွားချင်သည့်နေရာတိုင်းကို သွားနိုင်ပြီဆိုသည့် အဓိပ္ပာယ်ပင်တည်း။

သို့ရာတွင် ခြေလှမ်းအနည်းငယ်မျှသာ ပြေးရသေးချိန်၌ မိစ္ဆာမလေး၏ ဗိုက်ထဲမှ အသံများ မြည်လာတော့၏။ သူမ ခြေလှမ်းများကို ရပ်တန့်လိုက်၏။ သူမ ဗိုက်ဆာနေလေပြီ။ သူမ၏ ဗိုက်ကလေးကို ပွတ်သပ်လိုက်ကာ လွန်ခဲ့သော ရက်များအတွင်း ကျန်းလျို သူမအတွက် ပြင်ဆင်ပေးခဲ့သည့် အလွန်အရသာရှိလှသော အစားအစာများကို အလိုအလျောက် သတိရသွားလေသည်။

"ငါ တကယ် ထွက်သွားချင်တာလား... ဒီရက်ပိုင်း အတူနေလာခဲ့တဲ့ အခြေအနေတွေအရဆိုရင် သူတို့က ငါ့ကို ဒုက္ခပေးမယ့်ပုံ မပေါ်ပါဘူး... သူတို့က ဒဏ္ဍာရီထဲက လူကောင်းတွေဆိုတာများ တကယ်ဖြစ်နေမလား... ရယ်စရာတော့ ကောင်းသား… လူကောင်းတွေတဲ့... အကယ်လို့ ငါ အခု ထွက်သွားရင်… အဲ့ဒီလောက် အရသာရှိတဲ့ အကင်တွေကို ဘယ်တော့မှ ထပ်စားရတော့မှာ မဟုတ်ဘူးပေါ့..."

"မဖြစ်ဘူး… ငါ ထွက်သွားရမယ်... အရသာရှိတယ်ဆိုပေမယ့်… လွတ်လပ်ခွင့်က ပိုပြီး တန်ဖိုးကြီးတယ်... တကယ်တော့… ဘုန်းကြီးတွေက ကောက်ကျစ်တာပဲ ဖြစ်ရမယ်… ငါ ထွက်မသွားအောင်လို့ အသားကင်တွေနဲ့ ငါ့ကို မြှူဆွယ်နေကြတာလား... ဒါပေမယ့် သူက ငါ့ကို အထင်သေးလွန်းနေပြီ... လွတ်လပ်ခွင့်အတွက်ဆိုရင် ဘယ်လောက်ပဲ အရသာရှိတဲ့ အသားကင်ဖြစ်နေပါစေ ဂရုစိုက်စရာလား…”

...

"နောင်တော်... သူထွက်သွားတာ အတော်လေးကြာနေပြီ... သူ ထွက်ပြေးသွားပြီလို့ မစိုးရိမ်ဘူးလား..."

တစ်ဖက်၌ မျက်လွှာချကာ တရားထိုင်နေသော တောက်ကျိသည် ရုတ်တရက် မျက်လုံးဖွင့်လာပြီး ကျန်းလျိုအား တိုးတိတ်စွာ မေးမြန်းလိုက်၏။

မိစ္ဆာမလေးမှာ လှည့်စားရလွယ်ကူပုံပေါ်သော်လည်း သူမသည် မိစ္ဆာစစ်ဗိုလ်အဆင့် ကျင့်ကြံခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားသူဖြစ်ရာ တောက်ကျိသည် သဘာဝကျကျပင် သူမရှေ့၌ အနည်းငယ် သတိထားနေခဲ့ခြင်းဖြစ်လေသည်။ ထို့ကြောင့် မိစ္ဆာမလေး ထွက်သွားသည်ကို သူ သတိထားမိခဲ့ခြင်းဖြစ်၏။

"ငါက သူ့ကို တရားပြချင်တယ်ဆိုပေမယ့်… တင်းမာတဲ့အမူအရာနဲ့ ဖိအားပေးမယ်ဆိုရင် သူက ဘယ်လိုလုပ်ပြီး စိတ်ရင်းမှန်နဲ့ တရားကို လက်ခံနိုင်ပါ့မလဲ... ဗုဒ္ဓက ရေစက်ပါတဲ့သူတွေကိုပဲ ကယ်တင်တာလေ... သူ ပြန်လာတယ်ဆိုရင် အခွင့်အရေး တစ်စွန်းတစ်စ ရှိနေသေးတယ်ဆိုတဲ့ သဘောပဲ... ဒါပေမယ့် သူ ထွက်သွားတယ်ဆိုရင်တော့ ရေစက်ကုန်သွားပြီလို့ပဲ မှတ်ယူရမှာပေါ့..."

ကျန်းလျိုက မျက်လုံးကို ဖွင့်လိုက်ပြီး ခန့်မှန်းရခက်သော မျက်နှာအမူအရာဖြင့် တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

အဓိပ္ပာယ်မရှိလိုက်လေခြင်း...။

သူပြောလိုက်သမျှ စကားများအားလုံးမှာ အလကား လေကန်နေခြင်းမျှသာဖြစ်ကြောင်း ကျန်းလျိုကိုယ်တိုင် ရှင်းလင်းစွာ သိနေ၏။

ဘာရေစက်နည်း။ အားလုံးကဆင်ခြေတွေချည်းသာဖြစ်လေသည်။ တိုက်ပွဲများတွင် သူမ၏အကူအညီဖြင့် အဆင့်ပို၍ မြန်ဆန်စွာ တက်နိုင်စေရန်အတွက်သာ မိစ္ဆာမလေးကို သူ့ဘေးတွင် ခေါ်ထားခဲ့ခြင်းဖြစ်၏။

ယခု သူတို့နှစ်ဦး အဖွဲ့ဖွဲ့၍မရနိုင်ကြောင်း အတည်ပြုပြီးသွားသောအခါ ကျန်းလျိုသည်လည်း သူမကို ဆက်လက်ခေါ်ထားရန် ဆန္ဒမရှိတော့ချေ။ စကားပုံအရ အန္တရာယ်ကြီးလျှင် အကျိုးအမြတ်လည်း ကြီးမားသည်ဆိုသော်လည်း ယခုမူ အန္တရာယ်သာကြီးပြီး အကျိုးအမြတ် လုံးဝမရှိတော့ပေ။

သူမကို အနိုင်မတိုက်နိုင်၍သာ မဟုတ်ပါက ကျန်းလျိုသည် သူမကို စောစောစီးစီးကတည်းက နှင်ထုတ်ပစ်ပြီးလောက်ပြီဖြစ်၏။

သုံးရက်တိုင်တိုင် စောင့်ဆိုင်းခဲ့ပြီး သူမ၏ သွားလာလှုပ်ရှားမှုများကို တမင်တကာ ကန့်သတ်မထားခဲ့ရာ ကံကောင်းထောက်မစွာဖြင့် သူမ နောက်ဆုံးတွင် ထွက်သွားခဲ့လေပြီ။

"အောမီတော်ဖော... နောင်တော်က တကယ်ကို ပညာရှိကြီးပါပဲ... တပည့်တော် ကြည်ညိုလေးစားလှပါတယ်..."

တောက်ကျိက ရိုသေစွာဖြင့် အရိုအသေပေးလိုက်ပြီး ဤရက်ပိုင်းအတွင်း ကျန်းလျိုနောက်သို့ လိုက်ပါခဲ့ရခြင်းသည် အလွန်အကျိုးကျေးဇူးများလှသည်ဟု ခံစားလိုက်ရ၏။

သူသည် ကျန်းလျို၏ စကားများကို နှလုံးသွင်းလိုက်ပြီး ကျန်းလျိုကိုယ်တိုင် လူထွက်ချင်ခဲ့စဉ်က သူတို့၏ဆရာတော်မှ အင်အားမသုံးဘဲ မဟာဗုဒ္ဓကျောင်းတော်တွင် ဆက်လက်နေထိုင်စေခဲ့ပုံကို ပြန်လည်တွေးတောမိကာ ဤချဉ်းကပ်ပုံမှာ လုံဟိုင်ဆရာတော်နှင့် ဆန်းကြယ်စွာ တူညီနေသည်ဟု တွေးထင်နေမိလေသည်။

'တောက်ကျိ... မင်းက တကယ်ပဲ လှည့်စားရလွယ်လွန်းနေတာလား'

စိတ်ရင်းမှန်ဖြင့် ကြည်ညိုလေးစားစွာ အရိုအသေပေးနေသော တောက်ကျိကို ကြည့်ကာ ကျန်းလျို၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားလေသည်။ သို့တည်းမဟုတ်... သူ၏ လေလုံးထွားသည့် စွမ်းရည်က အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီလား မသိပေ။

ဤသည်မှာ နံ့သာတိုင်အမာရွတ် ဆယ့်နှစ်ခု ပိုင်ဆိုင်ထားသူဟူသည့် သူ၏ ဂုဏ်ပုဒ်ကြောင့် လူအများက ယုံကြည်လွယ်နေခြင်းဖြစ်ရမည်ဟု တွေးရင်း ကျန်းလျို တစ်ယောက်တည်း ခေါင်းခါလိုက်မိ၏။

၎င်းမှာ ကျော်ကြားသူတစ်ဦး၏ စကားတစ်ခွန်းနှင့် အတော်လေး ဆင်တူနေသည်။ ထိုစကားတစ်ခွန်းတည်းကိုပင် သာမန်လူတစ်ယောက်က ပြောခြင်းနှင့် ဂုဏ်သိက္ခာရှိသူတစ်ဦးက ပြောခြင်းတို့အကြား လူအများ၏ နားလည်လက်ခံမှုမှာ လုံးဝကို ကွဲပြားခြားနားလှပေသည်။

စိတ်ထဲမှတွင် အခြေအနေကို ဝေဖန်နေသော်လည်း အပေါ်ယံတွင်မူ ကျန်းလျိုက တည်ငြိမ်သောအမူအရာဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး အိပ်စက်မည့်အစား တရားဆက်ထိုင်နေလိုက်၏။ ယခုမှစ၍ သူ ကောင်းကောင်း အိပ်ပျော်နိုင်တော့မည်ဟု တွေးကာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိလေသည်။

ဖျပ်... ဖျပ်... ဖျပ်...

သို့သော်လည်း ကျန်းလျို ထိုသို့ တွေးလိုက်မိချိန်မှာပင် ရုတ်တရက်ဆိုသလို ခြေသံတစ်ချို့ ထွက်ပေါ်လာပြီး တိတ်ဆိတ်နေသော ညဉ့်ယံတွင် အံ့သြဖွယ်ကောင်းလောက်အောင် ပီပြင်ထင်ရှားစွာ ကြားလိုက်ရတော့၏။

မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အသက်လေးငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပြန်လျှောက်လာသည်ကို ဝေဝါးဝါး မြင်လိုက်ရ၏။ မိစ္ဆာမလေး မဟုတ်လျှင် မည်သူဖြစ်နိုင်မည်နည်း။

"သူ... သူ ပြန်လာတယ်... သူ ထွက်မသွားဘူးလား..."

ပြန်လှည့်လာသော မိစ္ဆာမလေးကို မြင်လိုက်ရသဖြင့် ကျန်းလျိုမှာ ဆွံ့အအံ့ဩသွားလေသည်။

"နောင်တော်က တကယ်ကို အထင်ကြီးလေးစားစရာ ကောင်းလွန်းလို့ တပည့်တော်တော့ ဦးချကန်တော့ချင်စိတ်တောင် ပေါ်လာပြီ..."

တစ်ချိန်တည်းမှာပင် အနီးအနားမှ တောက်ကျိ၏အသံ တိုးတိုးလေး ထွက်ပေါ်လာပြီး ကျန်းလျိုအား အလွန်ရူးသွပ်သော ပရိသတ်တစ်ဦးနှယ် အားကျကြည်ညိုမှုအပြည့်ဖြင့် ကြည့်နေလေသည်။

"ကျန်းလျို... ရှင် အိပ်ပျော်သွားပြီလား... ငါ နည်းနည်း ဆာလာလို့... နင့်ဆီမှာ အသားကင် ကျန်သေးလား..."

မိစ္ဆာမလေးက ကျန်းလျိုအနားသို့ ချဉ်းကပ်လာကာ တိုးတိတ်စွာ မေးလိုက်၏။

သူမစကားကို သက်သေပြလိုက်သည့်အလား ဗိုက်ထဲမှ အသံကျယ်ကြီး မြည်ဟည်းလာတော့၏။

"နောင်တော်... အသားကင်အကြောင်း ပြောမှ တပည့်တော်လည်း နည်းနည်း ဆာလာသလိုပဲ..."

တောက်ကျိကလည်း မျက်လုံးများ အရောင်လက်လာကာ ဘေးမှနေ၍ ဝင်ပြောလေသည်။

ရက်အနည်းငယ်အတွင်းမှာပင် တောက်ကျိသည် အစပိုင်းက အသားကင်ကို ငြင်းဆန်ခဲ့ရာမှ ယခုအခါ အသားကင်မရှိလျှင် မပျော်ပိုက်နိုင်သော ဘုန်းကြီးတစ်ပါးဘဝသို့ ကူးပြောင်းသွားခဲ့လေပြီ။

"တော်ကြပါတော့... မင်းတို့တွေ ညစာစားတာကို အကျင့်တစ်ခုလို လုပ်နေကြပြီ..."

မိစ္ဆာမလေးနှင့် တောက်ကျိတို့ကို ကြည့်ကာ ကျန်းလျို၏ မျက်နှာမှာ အနည်းငယ် မှောင်မိုက်ကျသွားပြီး တရားထိုင်ခြင်းကို ရပ်တန့်ကာ သူ၏ သိုလှောင်နယ်မြေထဲမှ အသားကင်များ ထုတ်ယူရန် ပြင်ဆင်လိုက်၏။

"သခင်မလေး... ဒီမှာရှိနေတာကိုး... ရှာလိုက်ရတဲ့ ဒုက္ခ..."

သို့ရာတွင် ထိုအချိန်၌ ရုတ်တရက်ဆိုသလို အနည်းငယ် အဆိပ်ပြင်းကာ ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာလေသည်။

တစ်ချိန်တည်းမှာပင် မှောင်မိုက်နေသော မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်အတွင်း၌ အပြာရောင် လျှပ်စီးအလင်းတန်းများ တဖျပ်ဖျပ် လက်လာသည်ကို မြင်တွေ့လိုက်ရ၏။

အသံလာရာသို့ ကြည့်လိုက်သောအခါ ကျန်းလျိုတို့သည် အပြာရောင် လျှပ်စီးအလင်းတန်းများကြားမှ လှမ်းဝင်လာသော အရပ်ရှည်ရှည် ပုံရိပ်တစ်ခုကို မြင်လိုက်ရလေတော့သည်။

***

အပိုင်း(၆၂)

ပုံရိပ်က တဖြည်းဖြည်း အနီးသို့ ရောက်ရှိလာ၏။ ထိုအခါ ၎င်းသည် ခရမ်းရောင် အမွေးအမျှင်များပေါ်တွင် လျှပ်စီးအလင်းတန်းများ ဖုံးလွှမ်းနေပြီး မတ်တတ်ရပ်ကာ လမ်းလျှောက်လာသော ကျားသစ်တစ်ကောင်ဖြစ်ကြောင်း သူတို့ သိလိုက်ရ၏။

"ဂါထာမန္တန်စွမ်းအားတွေကို သုံးနိုင်တယ်ဆိုတော့... မိစ္ဆာစစ်ဗိုလ်အဆင့် မိစ္ဆာကောင်ပဲ..."

ကျားသစ်၏ ပတ်လည်ရှိ အပြာရောင် လျှပ်စီးများကို မြင်လိုက်ရချိန်တွင် ကျန်းလျို၏ ရင်ထဲသို့ လေးလံသော ခံစားချက်တစ်ခု ဝင်ရောက်လာလေသည်။

"သခင်မလေး... သခင်ကြီးက မင်း ကိုယ်ထဲမှာ သမာဓိ မိစ္ဆာမီးတောက် မျိုးစေ့ကို ထည့်သွင်းထားခဲ့တယ်... အခု ပြန်ပေးသင့်ပြီ မဟုတ်ဘူးလား... ဘုရင်သစ် နန်းတက်တော့မှာဆိုတော့ သမာဓိ မိစ္ဆာမီးတောက် မရှိလို့ မဖြစ်ဘူးလေ..."

လျှပ်စီးကျားသစ်က သူ၏ ထက်မြက်သော အစွယ်များကို ပေါ်လွင်အောင် ဖြဲပြရင်း မိစ္ဆာမလေးအား ပြောလိုက်၏။

"နောင်တော်... သွားကြရအောင်..."

သေချာပေါက် မိစ္ဆာစစ်ဗိုလ်အဆင့် ကျင့်ကြံခြင်းစွမ်းရည်ရှိသော ကျားသစ်ကို မြင်လိုက်ရသောအခါ တောက်ကျိက တိုးတိတ်စွာ ပြောလိုက်၏။

သူ့ အမြင်အရ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှသည့် မိစ္ဆာကောင်များ၏ တိုက်ပွဲများ၌ ပါဝင်ပတ်သက်ရန်အတွက် မိမိတို့၏ အသက်ကို စတေးရလောက်အောင် မတန်ချေ။

ကျန်းလျိုကလည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။ မိစ္ဆာမလေးကိုယ်တိုင်ကလည်း မိစ္ဆာစစ်ဗိုလ်အဆင့် ကျင့်ကြံခြင်းစွမ်းရည် ရှိထားသည်မို့ ဤအခြေအနေကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်မည်မှာ သေချာလှသည်။ ထို့ပြင် သူတို့ အဖွဲ့ဖွဲ့၍လည်း မရနိုင်ရာ ဆက်နေ၍လည်း အကျိုးအမြတ် သိပ်မရှိနိုင်ပေ။

အန္တရာယ်နှင့် အကျိုးအမြတ် မကာမိသောအခါ ထွက်သွားခြင်းက အသိသာဆုံးနှင့် အကောင်းဆုံး ရွေးချယ်မှုပင်ဖြစ်၏။

သို့ရာတွင် သူတို့နှစ်ဦး လှုပ်ရှားလိုက်သည်နှင့် လျှပ်စီးကျားသစ်၏ အကြည့်က သူတို့ဆီသို့ ရောက်ရှိလာလေသည်။

"အင်... ဒီမှာ ကိုရင်လေး နှစ်ပါးလည်း ရှိနေပါလား... ဟိုက်... နံ့သာတိုင်အမာရွတ် ကိုးခုတောင်…”

ကျန်းလျိုကတော့ ခေါင်းပေါ်တွင် ဝိဒျာရာဇာ သရဖူ ဆောင်းထားသဖြင့် သူ၏ နံ့သာတိုင်အမာရွတ်များကို မမြင်နိုင်သောကြောင့် ကိစ္စမရှိသော်လည်း တောက်ကျိ၏ ဦးခေါင်းထက်ရှိ နံ့သာတိုင်အမာရွတ် ကိုးခုမှာမူ ထင်ရှားစွာ ပေါ်လွင်နေလေသည်။

"ခွင့်လွှတ်ပါ... ကျွန်တော်မျိုးတို့က ဒီတိုင်း ဖြတ်သွားရုံပါ… ခင်ဗျားတို့ရဲ့ ပြဿနာထဲ ဝင်ပါဖို့ ဆန္ဒမရှိပါဘူး... ကျွန်တော်မျိုးတို့ သွားလိုက်ပါဦးမယ်..."

တောက်ကျိက မျက်နှာတွင် အတင်းပြုံးပြရင်း ထွက်သွားရန်အတွက် ဖြည်းညှင်းစွာ နောက်ဆုတ်လိုက်၏။

"နံ့သာတိုင်အမာရွတ် ကိုးခု... ဟိုကတုံးအိုကြီး လုံဟိုင်ဆရာတော်နဲ့ အတူတူပဲလား..."

လျှပ်စီးကျားသစ်က တောက်ကျိ၏ ဦးခေါင်းထက်ရှိ နံ့သာတိုင်အမာရွတ်များကို စူးစိုက်ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်၏ ဖိနှိပ်မှုကို အမြဲခံနေရသဖြင့် လုံဟိုင်ဆရာတော်၏ ကြီးမားလှသော ဂုဏ်သတင်းက မိစ္ဆာဂူအတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေခဲ့၏။ တောက်ကျိ၏ ဦးခေါင်းထက်ရှိ နံ့သာတိုင်အမာရွတ် ကိုးခုကို မြင်တွေ့လိုက်ရသောအခါ လျှပ်စီးကျားသစ်၏ သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာ ထကြွလာတော့သည်။

ဤကိုရင်လေးသာ အစွမ်းထက်လာပါက မိစ္ဆာဂူအတွက် နောက်ထပ် ကြောက်မက်ဖွယ် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

မိစ္ဆာမလေးသည် အလွန်တရာ ဉာဏ်ကောင်းသူ မဟုတ်သော်လည်း တုံးအသူတော့ မဟုတ်ချေ။ လျှပ်စီးကျားသစ်တွင် အကြံဆိုးရှိနေကြောင်းကို သိမြင်ပြီး တောက်ကျိ၏ နံ့သာတိုင်အမာရွတ် ကိုးခုကို လန့်နေပုံရသည်ကို မြင်သောကြောင့် စကားတစ်ခွန်းကို ဗြုန်းကနဲ ဝင်ပြောလိုက်၏။

"ဟွန့်... သူ့ရဲ့ အမာရွတ်ကိုးခုက အစွမ်းထက်တယ်ဆိုပေမယ့်… နောင်တော် ရွှမ်ကျန်းဆရာတော်မှာက ဆယ့်နှစ်ခုတောင် ရှိတာ… ပိုပြီးတောင် အထင်ကြီးစရာကောင်းသေးတယ်... နင် မသွားသေးဘူးလား... သူ နင့်ကို တရားပြပြီး လူသစ်စိတ်သစ် ဖြစ်သွားအောင် ပြောင်းလဲပစ်မှာကို မကြောက်ဘူးလား..."

"နံ့သာတိုင်အမာရွတ် ဆယ့်နှစ်ခု..."

တကယ်ပင် မိစ္ဆာမလေး၏ စကားကို ကြားလိုက်ရသောအခါ လျှပ်စီးကျားသစ်သည် ကျန်းလျိုကို ထိတ်လန့်တကြား ကြည့်လိုက်မိ၏။

"တရားပြမည်"

ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ထိုမိစ္ဆာမှာ အလိုအလျောက် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကာ ကျန်းလျိုအား ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်ကို ကြည့်သည့်အလား ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေလေတော့သည်။

သာမန် ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံခြင်းလမ်းစဉ်တွင် အကြောက်ဆုံးအရာမှာ စိတ်မိစ္ဆာပင်ဖြစ်၏။ ၎င်းက ကြိုတင်မခန့်မှန်းနိုင်သော ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပြီး လူတစ်ယောက်၏ စရိုက်လက္ခဏာကိုပင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိလေသည်။

မိစ္ဆာဂူမှ မိစ္ဆာများအတွက်မူ ဘုန်းကြီးတစ်ပါးဆိုသည်မှာ လမ်းလျှောက်နေသော စိတ်မိစ္ဆာတစ်ကောင်နှင့် အတူတူပင်ဖြစ်၏။ နံ့သာတိုင်အမာရွတ် ဆယ့်နှစ်ခုရှိသော ဘုန်းကြီးဆိုပါက စိတ်မိစ္ဆာတို့၏ အထွတ်အထိပ် ဖြစ်မနေပေဘူးလား။

"ငါတော့ သွားပါပြီ..."

စကားလုံးများဖြင့် လျှပ်စီးကျားသစ်ကို ခြောက်လှန့်မောင်းထုတ်နိုင်မည်ဟု မျှော်လင့်ကာ ကြွားလုံးထုတ်လိုက်သော မိစ္ဆာမလေး၏ စကားများကို ကြားလိုက်ရချိန်တွင် ကျန်းလျိုမှာ စိတ်ထဲမှနေ၍ မျက်လုံးလှန်လိုက်မိလေသည်။

"မင်းတို့ ကတုံးနှစ်ကောင်... နံ့သာတိုင်အမာရွတ် ကိုးခုရော၊ ဆယ့်နှစ်ခုရော... ဘာပဲဖြစ်ဖြစ် ဒီနေ့ မင်းတို့ သေကိုသေရမယ်..."

အနည်းငယ် ကြောက်ရွံ့နေသေးသော်လည်း သူတို့နှစ်ဦးမှာ ငယ်ရွယ်သော ကိုရင်လေးများသာ ဖြစ်သေးသည်ဟု တွေးမိသောအခါ လျှပ်စီးကျားသစ်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်လျှံလာတော့၏။ တစ်ချိန်တည်းမှာပင် ၎င်း၏ လက်သည်းများပေါ်၌ လျှပ်စီးများ တဖျပ်ဖျပ် စတင်စုစည်းလာလေသည်။

"ရွေးချယ်စရာ မရှိတော့ဘူး… လှုပ်ရှားကြရအောင်..."

ဤအခြေအနေရောက်မှတော့ စကားထပ်ပြောနေရန် မလိုအပ်တော့ချေ။ ကျန်းလျိုက သူ၏လက်ကို မြှောက်လိုက်ရာ မိစ္ဆာနှင်တောင်ဝှေးက သူ့ လက်ထဲသို့ ရောက်ရှိလာလေသည်။

တောက်ကျိကလည်း စကားအပို မပြောတော့ဘဲ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ရာ လက်ထိပ်တွင် ကြာပန်းတစ်ပွင့် ပွင့်အာလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ လက်ချောင်းစွမ်းအားသည် ကြာပွတ်ကဲ့သို့ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပစ်လွှတ်လိုက်လေသည်။

ဤတိုက်ပွဲမှာ ရှောင်လွှဲ၍မရနိုင်တော့သည်မို့ သူတို့က အရင်ဆုံး စတင်တိုက်ခိုက်ရမည်ပင်။

ဘုန်း...

လက်ချောင်းစွမ်းအားမှာ လျှပ်စီးကျားသစ်ကို ထိမှန်သွား၏။ သို့သော်လည်း... ဝန်းရံနေသော လျှပ်စီးများ ခေတ္တမျှ တဖျပ်ဖျပ် တုန်ခါသွားရုံမှလွဲ၍ ဘာမျှမဖြစ်ခဲ့ချေ။

တောက်ကျိ၏ ကြာပန်းစိမ်း လက်ချောင်း စွမ်းအားကို တိုက်ရိုက် ခံလိုက်ရသော်လည်း လျှပ်စီးကျားသစ်မှာ လုံးဝ အထိအခိုက်မရှိသည့်ပုံ ပေါ်နေ၏။

"ကြောက်စရာကောင်းလိုက်တာ... လုံးဝ မထိရောက်ဘူးလား..."

အဖွဲ့ဖွဲ့ထားသောကြောင့် အခြားသူများနှင့် ခြားနားစွာပင် ကျန်းလျိုသည် လျှပ်စီးကျားသစ်၏ ခေါင်းပေါ်ရှိ သွေးတန်းမှာ အနည်းငယ်မျှသာ လျော့ကျသွားသည်ကို ပိုမိုရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ သေချာဂရုတစိုက် မကြည့်ပါက သတိထားမိမည်ပင် မဟုတ်ချေ။

"တစ်ကောင်ကို အရင်သတ်မယ်..."

တောက်ကျိက အရင်စတင်တိုက်ခိုက်လိုက်သောကြောင့် မိစ္ဆာ၏ အာရုံကို ဆွဲဆောင်သွားခြင်းဖြစ်ကောင်း ဖြစ်နိုင်၏။ လျှပ်စီးကျားသစ်သည် လျှပ်စီးတစ်ခုကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ လေထဲတွင် တစ်ချက် လင်းလက်သွားပြီးနောက် နေရာရွှေ့ပြောင်းသွားသည့်အလား တောက်ကျိ၏ ရှေ့သို့ ချက်ချင်းရောက်ရှိလာကာ ၎င်း၏ လက်သည်းများက တောက်ကျိ၏ ရင်ဘတ်ဆီသို့ တည့်မတ်စွာ ထိုးခွဲဝင်ရောက်လာတော့၏။

"ဝရဇိန်ဂါထာ..."

တောက်ကျိတွင် ရှောင်တိမ်းရန် အခွင့်အရေး မရှိတော့သည်ကို မြင်လိုက်ရသောအခါ ကျန်းလျိုသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး တောက်ကျိထံသို့ ဝရဇိန်ဂါထာ စွမ်းရည်ကို ချက်ချင်း သုံးစွဲပေးလိုက်လေသည်။

မျက်စိဖြင့်မမြင်နိုင်သော ဝရဇိန်စွမ်းအားက တောက်ကျိကို ချက်ချင်း ကာကွယ်ပေးလိုက်ပြီး သူ၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးလိုက်၏။

ဝရဇိန်ဂါထာ (အခြေခံအဆင့်) - မဟာမိတ်တစ်ဦးကို ကာကွယ်ရန် ဆန်းကြယ်သော ဝရဇိန်စွမ်းအားကို ဆင့်ခေါ်ပြီး၊ နောက်ထပ်ကျရောက်လာမည့် ထိခိုက်ပျက်စီးမှုကို ၈၀% လျှော့ချပေးသည်။ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၅၀ စက္ကန့်။

"ဘုန်း"

တောက်ကျိမှာ လွင့်ထွက်သွားပြီး လေထဲတွင် သွေးတစ်ပွက် အန်ချလိုက်ရလေသည်။ ကျန်းလျို၏ မျက်လုံးထဲတွင်တော့ တောက်ကျိ၏ သွေးတန်းမှာ သုံးပုံတစ်ပုံခန့် ချက်ချင်း ကျဆင်းသွားသည်ကို မြင်လိုက်ရ၏။

"ဟူး..."

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းလျိုမှာ လေကို ပြင်းပြင်းရှူသွင်းလိုက်မိလေသည်။ ဤလျှပ်စီးကျားသစ်သည် မည်မျှလောက်တောင် ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်နေရသနည်း။ ဝရဇိန်ဂါထာဖြင့် ထိခိုက်ပျက်စီးမှု ၈၀% ကို လျှော့ချပေးထားသည့်တိုင်အောင် တောက်ကျိ၏ သွေးတန်းမှာ သုံးပုံတစ်ပုံအထိ ထိုးဆင်းသွားခဲ့သည်။ ဝရဇိန်ဂါထာ၏ ကာကွယ်မှုသာ မပါပါက တောက်ကျိမှာ ချက်ချင်း အမှုန့်ကြိတ်ခံလိုက်ရမည် မဟုတ်ပါလော။

"နင်က ဘာလို့ ငါ့ကို သတ်ချင်နေမှန်း မသိပေမယ့်… နင် သွားသေလိုက်တော့..."

ထိုအခိုက်တွင်ပင် မိစ္ဆာမလေး လှုပ်ရှားလာခဲ့၏ဩ။ သူမက သွယ်လျသော လက်လေးကို မြှောက်လိုက်ပြီးနောက် လုံးဝအမည်းရောင်ဖြစ်နေသော မီးလုံးတစ်လုံးကို လျှပ်စီးကျားသစ်ထံသို့ ပစ်လွှတ်လိုက်တော့သည်။

***

All Chapters