အခန်း (၆၃-၆၄)
Vol. 5 Ch. 63-64
အပိုင်း(၆၃)
တောက်ကျိ၏ ကြာပန်းစိမ်း လက်ချောင်း စွမ်းအားကို လျှပ်စီးကျားသစ်က မရှောင်တိမ်းဘဲ ခံနိုင်ရည်ရှိခဲ့သော်လည်း… မိစ္ဆာမလေး၏ အမည်းရောင် မီးတောက်များကို ရင်ဆိုင်ရချိန်တွင်မူ အလွန်တရာ သတိထားသွားပြီး ရှောင်တိမ်းရန် အလျင်အမြန် နောက်ဆုတ်လိုက်လေသည်။
ခေါင်းကို နောက်သို့လှည့်လိုက်သော လျှပ်စီးကျားသစ်၏ မျက်လုံးများတွင် အံ့သြမှုနှင့် လေးနက်မှုတို့ ပြည့်နှက်နေလေ၏။
"မင်း... မင်းက သမာဓိ မိစ္ဆာမီးတောက်ကိုတောင် ထိန်းချုပ်နိုင်နေပြီလား... ဒါက မွေးရာပါ တာအိုခန္ဓာရဲ့ စွမ်းရည်လား..."
"ကွမ်ယင် ဂါထာ..."
"ရဟန္တာလက်သီး..."
"လျှပ်စီး မီးလုံးငယ်..."
တိုက်ပွဲစတင်နေပြီဖြစ်ရာ ကျန်းလျိုသည်လည်း သဘာဝကျကျပင် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ တောက်ကျိ ထိခိုက်ဒဏ်ရာရသွားသည်ကို မြင်သောကြောင့် ပထမဦးစွာ တောက်ကျိကို ကုသပေးရန်အတွက် ကွမ်ယင် ဂါထာကို ရွတ်ဆိုလိုက်၏။ အမြင့်ဆုံးသွေးတန်း ၁၀% ပြန်လည်ပြည့်ဝစေသော အာနိသင်မှာ သိပ်မစွမ်းလှသော်လည်း အတိုင်းအတာတစ်ခုအထိတော့ အကျိုးသက်ရောက်မှု ရှိလေသည်။
ထို့နောက် ရဟန္တာလက်သီးဖြင့် သူ၏ ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်လိုက်ပြီး လျှပ်စီး မီးလုံးငယ်ကို ဇလုံတစ်လုံးစာအရွယ်အစားရှိသော မီးလုံးကြီးအဖြစ် ပြောင်းလဲကာ လျှပ်စီးကျားသစ်ထံသို့ ပစ်လွှတ်လိုက်တော့သည်။
ပြီးပြည့်စုံခြင်း အဆင့် ရှိနေသည့် လျှပ်စီး မီးလုံးငယ် စွမ်းရည်ကို ရဟန္တာလက်သီးနှင့် မိစ္ဆာနှင်တောင်ဝှေးတို့၏ တိုက်ခိုက်ရေးစွမ်းအားများဖြင့် ပံ့ပိုးပေးထား၏။ အထူးသဖြင့် မိစ္ဆာနှင်တောင်ဝှေးတွင် မိစ္ဆာအမျိုးအစား သတ္တဝါများအပေါ် ၃၀% ထပ်ဆောင်း ထိခိုက်ပျက်စီးစေနိုင်သော အစွမ်းရှိသည့်အပြင် သစ်နီ လက်စွပ်မှလည်း ထိခိုက်ပျက်စီးမှုကို နှစ်ဆ တိုးစေသေးရာ...
ဤမျှများပြားလှသော အထောက်အပံ့စွမ်းရည် များကြောင့် ဤလျှပ်စီး မီးလုံးငယ် မီးလုံး၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေလေသည်။
ဘုန်း...
မိစ္ဆာမလေး၏ သမာဓိ မိစ္ဆာမီးတောက်ဟု ခေါ်ဆိုသော အရာကြောင့် လျှပ်စီးကျားသစ်၏ အာရုံလွင့်ပါးသွားချိန်ကို အခွင့်ကောင်းယူ၍ မီးလုံးမှာ ကျားသစ်ကို တည့်မတ်စွာ သွားမှန်လေတော့၏။
ပေါက်ကွဲသွားသော မီးရောင်ကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့လိုက်ရပြီး လျှပ်စီးကျားသစ်၏ ခေါင်းပေါ်ရှိ သွေးတန်းမှာ လျော့ကျသွားလေသည်...
သို့သော် ၃% ခန့်သာ။
'ငါ့ကို လာနောက်နေတာလား... သူ့မှာ မိစ္ဆာစစ်ဗိုလ်အဆင့် ကျင့်ကြံခြင်းစွမ်းရည် ရှိနေတယ်ဆိုရင်တောင်မှ ဒီလောက်ကြီးတော့ ကြောက်စရာကောင်းမနေသင့်ဘူးမလား'
သွေးတန်း ၃% သာ လျော့ကျသွားခြင်းဟူသည့် မပြောပလောက်သော ပမာဏလေးကပင် မျှော်လင့်ချက် ကင်းမဲ့သွားစေရန် လုံလောက်နေလေသည်။
"ဒီပုံဆိုရင် အဓိက တိုက်ခိုက်မှုအပိုင်းကို မိစ္ဆာမလေးအပေါ်မှာပဲ ပုံထားလို့ရတော့မယ်... ငါတို့ရဲ့ တိုက်ခိုက်မှုတွေက သူ့အတွက် ယားယံရုံလောက်ပဲ ရှိတာ..."
သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုက ဤမျှ အနည်းငယ်သာ ထိခိုက်ပျက်စီးမှု ဖြစ်စေခဲ့သဖြင့် ကျန်းလျိုသည် မိစ္ဆာမလေး၏ တိုက်ခိုက်မှုကိုသာ မျှော်လင့်အားထားရတော့၏။
မိစ္ဆာမလေးက သူမ၏လက်ကို မြှောက်လိုက်ရာ အမည်းရောင် မီးတောက်များက ပစ်မှတ်ဆီသို့ ဆက်လက် တိုးဝင်သွားလေသည်။
လျှပ်စီးကျားသစ်က ခေါင်းကို ခါယမ်းလိုက်၏။ ကျန်းလျို၏ လျှပ်စီး မီးလုံးငယ်ကို တည့်တည့်ခံခဲ့ရသော်လည်း သွက်လက်လန်းဆန်းနေဆဲဖြစ်သော်ငြား အမည်းရောင် သမာဓိ မိစ္ဆာမီးတောက်ကို ရင်ဆိုင်ရချိန်တွင်မူ အဆိပ်ကိုကြောက်သည့် မြွေတစ်ကောင်အလား အလွတ်ရုန်းရှောင်တိမ်းနေပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးများ တဖျပ်ဖျပ် လက်လာကာ ထပ်မံ ရှောင်တိမ်းရန် ပြင်ဆင်နေလေသည်။
"ဝစီပိတ်တရား..."
လျှပ်စီးကျားသစ်၏ အလွန်မြန်ဆန်လှသော လှုပ်ရှားမှုများမှာ ၎င်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည့် လျှပ်စီးစွမ်းအားများအပေါ် မူတည်နေပုံရသည်မှာ ထင်ရှားလေသည်။ ထိုအရာက ကျွမ်းကျင်မှုစွမ်းရည် တစ်ခုခုအပေါ် အခြေခံနေနိုင်သောကြောင့် ဝစီပိတ်တရား၏ ထိန်းချုပ်မှုစွမ်းရည်ကို သုံးစွဲလိုက်ခြင်းဖြစ်၏။
ဝှစ်...
လျှပ်စီးအလင်းတန်းများ ပျောက်ကွယ်သွားလေသည်။ ကျန်းလျို၏ ဝစီပိတ်တရား စွမ်းရည် ထိန်းချုပ်မှုအောက်တွင် နှုတ်ပိတ်ခြင်း အာနိသင်ကြောင့် လျှပ်စီးကျားသစ် ပတ်လည်ရှိ လျှပ်စီးများအားလုံး ပျောက်ကွယ်သွားပြီး ၎င်း၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများမှာ ထိုအချိန်၌ သေနေသော ရေသေတစ်ကန်ကဲ့သို့ တန့်ရပ်သွားတော့၏။
"ဘာတွေ ဖြစ်နေတာလဲ..."
ရုတ်တရက် ၎င်း၏ စွမ်းအားများကို ထိန်းချုပ်မှု လက်လွတ်ဖြစ်သွားသောကြောင့် လျှပ်စီးကျားသစ်မှာ မှင်သက်သွားလေသည်။
၎င်းက ရှောင်တိမ်းရန်အတွက် ခန္ဓာကိုယ်ကို လိမ်ခေါက်လိုက်သော်လည်း အမည်းရောင် မီးတောက်တစ်စက ၎င်း၏ လက်ကောက်ဝတ်ကို ပွတ်တိုက်သွားခဲ့လေသည်။
သမာဓိ မိစ္ဆာမီးတောက် ပွတ်တိုက်မိသွားသော နေရာမှ အားနည်းသော မီးတောက်တစ်ခု စတင်လောင်ကျွမ်းလာပြီး ထို့နောက် အပြင်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
နာကျင်စွာ အော်ဟစ်သံများနှင့်အတူ လျှပ်စီးကျားသစ်သည် ၎င်း၏ လက်ကောက်ဝတ်ပေါ်တွင် ပျံ့နှံ့နေသော မီးကို အပူတပြင်း ရိုက်ချေနေသော်လည်း အချည်းနှီးသာဖြစ်၏။ မီးက ပျံ့နှံ့သွားသည်နှင့်အမျှ ပို၍ပို၍ ပြင်းထန်လာတော့သည်။
လျှပ်စီးကျားသစ်က အံကြိတ်လိုက်ပြီးနောက် ပြတ်သားသော လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်သည်။ ၎င်း၏ အခြားလက်တစ်ဖက်ကို မြှောက်ကာ တုံ့ဆိုင်းမှု အလျဉ်းမရှိဘဲ ခုတ်ချလိုက်တော့၏။
“ဂါး...
အော်ဟစ်သံတစ်သံနှင့်အတူ၊ မီးတောက်များ ဝါးမျိုနေသော ၎င်း၏ လက်တစ်ပိုင်းကို ဖြတ်ချလိုက်သဖြင့် သွေးများ ပန်းထွက်သွားလေသည်။ ပြတ်ကျသွားသော လက်မှာ မြေကြီးပေါ်သို့ ကျသွားပြီးနောက် မကြာမီမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုတိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် လျှပ်စီးကျားသစ်၏ ခေါင်းပေါ်ရှိ သွေးတန်းမှာ ၂၀% ခန့် ထိုးကျသွားသည်ကို ကျန်းလျို စောင့်ကြည့်နေလိုက်၏...
"ဒဏ္ဍာရီထဲက သမာဓိ မီးတောက်က ထာဝရလောင်ကျွမ်းနေပြီး စွန်ဝူခုန်းတောင်မှ အလွယ်တကူ ခံနိုင်ရည်မရှိခဲ့ဘူး... ဒီသမာဓိ မိစ္ဆာမီးတောက်က ဘယ်လို မျိုးကွဲလဲဆိုတာ ငါသေချာမသိပေမယ့်… သမာဓိဆိုတဲ့ နာမည် ပါနေမှတော့ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေမှာပဲ... ဒီတိုင်းလေး ပွတ်တိုက်သွားတာတောင် ဒီလောက် အများကြီး ထိခိုက်ပျက်စီးသွားတာလား..."
လျှပ်စီးကျားသစ်၏ သွေးတန်း ပြောင်းလဲသွားမှုကို ကြည့်ရှုရင်း ကျန်းလျိုမှာ အံ့သြထိတ်လန့်မှုနှင့်အတူ ဝမ်းသာပီတိလည်း ဖြစ်သွားလေတော့သည်။
၎င်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှပေသည်။ သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုက လျှပ်စီးကျားသစ်၏ သွေးတန်းကို အနည်းငယ်မျှသာ လျော့ကျစေနိုင်ခဲ့ပြီး တောက်ကျိ၏ တိုက်ခိုက်မှုများက ၎င်း၏ သွေးတန်းကို လုံးဝ မထိခိုက်စေနိုင်သလောက်ပင် ဖြစ်နေလေသည်။ ဤသတ္တဝါ၏ အစွမ်းသတ္တိက ကျန်းလျိုကို ထိတ်လန့်သွားစေခဲ့၏။
မိစ္ဆာစစ်ဗိုလ်အဆင့် စွမ်းအားတစ်ခုက ဤမျှလောက်ထိ ကြောက်စရာမကောင်းသင့်ဘူး မဟုတ်ပါလော။ အနည်းဆုံးတော့ ၎င်းသည် မိစ္ဆာစစ်ဗိုလ်များထဲတွင် ထိပ်တန်းအဆင့်၌ ရှိနေမည်မှာ အသေအချာပင်တည်း။
ကံကောင်းသည်က လျှပ်စီးကျားသစ်အပေါ် သူ၏ကိုယ်ပိုင်တိုက်ခိုက်မှုများက ထိရောက်မှု မရှိသလောက်ဖြစ်နေသော်လည်း မိစ္ဆာမလေး၏ တိုက်ခိုက်မှုများက အတော်လေး ထိရောက်မှုရှိနေသေးခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ကျားသစ်က ကပ်ရောဂါတစ်ခုလို ရှောင်ကြဉ်နေသည့် ထိုအမည်းရောင် မီးတောက်ပင်ဖြစ်၏။
ပွတ်တိုက်မိရုံလေးနှင့်ပင် ၎င်း၏ သွေးတန်းကို ၂၀ ရာခိုင်နှုန်းခန့် လျော့ကျသွားစေခဲ့သည်။ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ကျန်းလျိုကို အောင်ပွဲအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာစေခဲ့၏။
သူ၏ ကိုယ်ပိုင်တိုက်ခိုက်မှုများက သိပ်မထိရောက်သောကြောင့် သူသည် အထောက်အပံ့ပေးသည့် နေရာမှနေ၍ ပါဝင်ရန် ကျေနပ်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဂိမ်းထဲတွင် ဘုန်းကြီးတစ်ပါး၏ အလုပ်အကိုင် အနေအထားက မူလကတည်းက အထောက်အပံ့ပေးသူ နေရာတွင် ရှိနေသည် မဟုတ်ပါလော။
သမာဓိ မိစ္ဆာမီးတောက်နှင့် တစ်ကြိမ် ပွတ်တိုက်မိပြီးနောက်တွင်မူ လျှပ်စီးကျားသစ်သည် ပို၍ပင် သတိထားလာကာ အဝေးမှနေ၍ လျှပ်စီးတိုက်ခိုက်မှုများကိုသာ သတိကြီးစွာ ပစ်လွှတ်နေပြီး အနီးကပ် ဝင်ရောက်တိုက်ခိုက်လိုသည့် အရိပ်အယောင် လုံးဝ မပြတော့ချေ။
မိစ္ဆာမလေးသည် သမာဓိ မိစ္ဆာမီးတောက်များကို ပစ်လွှတ်နိုင်သော်လည်းအ ခြေအနေများအရ သူမ၏အဝေးပစ်တိုက်ခိုက်ရေးစွမ်းရည်များမှာများစွာ အလှမ်းဝေးနေသေးကြောင်း သိသာထင်ရှားလှပေသည်။
"ဝရဇိန်ဂါထာ..."
"ဝစီပိတ်တရား..."
"လျှပ်စီး မီးလုံးငယ်..."
ကျန်းလျိုသည် အထောက်အပံ့ပေးသူနေရာတွင် ကျေနပ်စွာနေပြီး ဝရဇိန်ဂါထာနှင့် ဝစီပိတ်တရားတို့ကို အချိန်ကိုက် ကျွမ်းကျင်စွာ ပြောင်းလဲအသုံးပြုနေသော်လည်း ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၁၀ စက္ကန့်သာရှိသော လျှပ်စီး မီးလုံးငယ်ကို အသုံးပြု၍ ကြားဝင်နှောင့်ယှက်တိုက်ခိုက်ရန် အခွင့်အရေးကိုလည်း လက်လွတ်မခံခဲ့ပေ။
ထိုတိုက်ခိုက်မှုက ထိခိုက်ပျက်စီးမှုကို သိပ်မဖြစ်စေသော်လည်း ဘာမှမလုပ်တာထက်စာလျှင်တော့ ပိုကောင်းနေသေး၏။
ထို့အတူပင် ဒဏ်ရာရထားသည့်တိုင်အောင် တောက်ကျိသည် သူ့ကိုယ်သူ အတင်းမတ်တတ်ရပ်စေကာ အကွာအဝေးတစ်ခုမှနေ၍ ကြာပန်းစိမ်း လက်ချောင်း စွမ်းအားများကို အဝေးမှ ပစ်လွှတ်တိုက်ခိုက်နေလေသည်။
သူတို့သုံးဦး၏ တိုက်ခိုက်မှုအောက်တွင် အထူးသဖြင့် အလွန်တရာ ကြောက်ရွံ့ရသော မိစ္ဆာမလေး၏ သမာဓိ မိစ္ဆာမီးတောက်ကြောင့် လျှပ်စီးကျားသစ်မှာ အစွမ်းထက်သော်လည်း ၎င်း၏ သွေးတန်းမှာ တဖြည်းဖြည်း လျော့ကျလာတော့၏။
***
အပိုင်း(၆၄)
၇၅%... ၆၆%... ၅၂%...
တိုက်ပွဲစတင်ပြီး နာရီဝက်ခန့်အကြာတွင်တော့ လျှပ်စီးကျားသစ်၏ သွေးတန်းမှာ နောက်ဆုံးတွင် လေးပုံတစ်ပုံသာ ကျန်ရှိတော့သည့် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားလေပြီ။ ၎င်းမှာ သနားစရာကောင်းလောက်အောင် ဖြစ်နေပြီး ၎င်းရှုံးနိမ့်ရန်မှာအနှေးနှင့် အမြန်သာ ဖြစ်တော့ပုံရ၏။
"ဒါက တကယ့်ကို ဘော့စ်တစ်ကောင်နဲ့ တိုက်နေရသလို ခံစားရတယ်... နောက်ဆုံးတော့ ငါတို့ နိုင်တော့မယ်... နှစ်ယောက်စလုံးက မိစ္ဆာစစ်ဗိုလ်အဆင့်တွေပဲဟာကို… ငါတို့ရဲ့ အထောက်အပံ့တွေပါတာတောင်မှ သူ့ကို အနိုင်ယူဖို့ ဘာလို့ ဒီလောက် အချိန်ကြာနေရတာလဲ... မိစ္ဆာစစ်ဗိုလ် တစ်ကောင်နဲ့ တစ်ကောင်ကြားမှာ တကယ်ပဲ ဒီလောက်ကြီးမားတဲ့ စွမ်းအားကွာဟချက် ရှိနေတာလား..."
ဘော့စ်အဆင့် လျှပ်စီးကျားသစ်နှင့် ပတ်သက်၍ ကျန်းလျို စိတ်ထဲမှ ညည်းညူလိုက်သော်လည်း မျှော်လင့်တကြီး စောင့်စားနေသည့် ခံစားချက်တစ်ခုလည်း ဖြစ်ပေါ်နေလေသည်။
သူနှင့် မိစ္ဆာမလေးတို့သည် အဖွဲ့ဖွဲ့၍မရနိုင်သော်လည်း အကယ်၍ သူတို့သာ ဤသတ္တဝါကို အမှန်တကယ် သတ်ဖြတ်နိုင်ခဲ့ပါက ပါဝင်ကူညီမှုအပေါ် မူတည်၍ သူ အတွေ့အကြုံမှတ် ရရှိနိုင်သေးသည့်အပြင် ပစ္စည်းများပင် ကျလာနိုင်သေးလေသည်။ ဓားကိုင်အဘိုးအိုက မျက်လုံးသုံးလုံး ကျီးကန်းကို သတ်ဖြတ်ခဲ့စဉ်ကလိုမျိုးပင်တည်း။
လျှပ်စီး မီးလုံးငယ်၊ မိစ္ဆာနှင်တောင်ဝှေးနှင့် ကျွမ်းကျင်မှုစွမ်းရည် စာအုပ်စင်တို့မှာ သူ ပထမဆုံးအကြိမ် မိစ္ဆာစစ်ဗိုလ်ကို အနိုင်ယူခဲ့စဉ်က ကျလာခဲ့သော အဖိုးတန်ရတနာများ ဖြစ်ကြ၏။ ဤတစ်ကြိမ်တွင် မည်ကဲ့သို့သော ပစ္စည်းကောင်းများ ကျလာမည်ကို မည်သူသိနိုင်မည်နည်း။
"ဝရား.."
လျှပ်စီးကျားသစ်မှာ သေလုမျောပါး ဒဏ်ရာရသွားပြီဟု ထင်မှတ်ရချိန်တွင် ရုတ်တရက် ၎င်း၏ပါးစပ်မှ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာကာ ကျန်းလျို၏ စိတ်ကူးယဉ်အိပ်မက်များကို ရိုက်ချိုးပစ်လိုက်လေသည်။
သွေးကဲ့သို့ နီရဲနေသော အကာအကွယ်တစ်ခု ထွက်ပေါ်လာပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ပွက်ပွက်ဆူနေသော မိစ္ဆာစွမ်းအင်များက လျှပ်စီးကျားသစ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီးနောက် သွေးရောင်အကာအကွယ်ကို ရိုက်ခတ်သွားရာ ချိတ်ပိတ်ထားမှု တစ်ခုခုကို ချိုးဖျက်ရန် ကြိုးစားနေသည့်အလား မျက်စိတစ်မှိတ်အတွင်းမှာပင် အက်ကွဲကြောင်းများ ပြည့်နှက်သွားတော့သည်။
'ငါ့ကို နောက်နေတာလား... ဂိမ်းထဲမှာဆိုရင် ဘော့စ်တစ်ကောင်ရဲ့ သွေးတန်းက သတ်မှတ်ထားတဲ့ အဆင့်တစ်ခုအထိ ကျသွားရင် အသွင်ပြောင်းသွားတတ်ကြတယ်... ဒါကလည်း အတူတူပဲလား’
ရူးသွပ်သွားသည့်ပုံပေါ်နေသော ကျားသစ်ကို ကြည့်ရင်း ကျန်းလျိုက စိတ်ထဲမှ တိတ်တဆိတ် ညည်းညူလိုက်လေသည်။
ကန့်သတ်ချုပ်ချယ်မှု တစ်ခုသဖွယ်ဖြစ်နေသော သွေးရောင်အကာအကွယ်သည် အစွမ်းထက်လှသော မိစ္ဆာစွမ်းအင်၏ ရိုက်ခတ်မှုအောက်တွင် လျင်မြန်စွာ အက်ကွဲလာပြီးနောက် အပိုင်းပိုင်းအစစ ကွဲကြေသွားတော့၏။
သွေးရောင်အကာအကွယ် ပြိုကျပျက်စီးသွားသည်နှင့်အတူ လျှပ်စီးကျားသစ်၏ ရုပ်သွင်မှာလည်း ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားလေသည်...
အစပိုင်းတွင် ထိုကျားသစ်မှာ လူတစ်ယောက်ကဲ့သို့ မတ်တတ်လျှောက်လှမ်းနိုင်သော်လည်း၊ ခေါင်းမှစ၍ ခြေဖျားအထိ အမွေးအမျှင်များ ဖုံးလွှမ်းနေပြီး ခြေလေးချောင်း ထောက်လိုက်ပါက သာမန်ကျားသစ်တစ်ကောင်နှင့် များစွာ တူညီနေခဲ့၏။
သို့သော် ယခုအခါတွင်မူ ကျားသစ်၏ ရုပ်သွင်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့လေပြီ။
၎င်း၏ ခေါင်းမှာ ယခင်အတိုင်း ကျန်ရှိနေသော်လည်း ခန္ဓာကိုယ်မှာမူ လူသားတစ်ဦး၏ ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်း၏ ထက်မြက်လှသော လက်သည်းများကပင် လူသားလက်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကျားသစ်မြီး ကြာပွတ်တစ်ခုကို ဆုပ်ကိုင်ထားလေသည်...
'ဒီကောင်... လူအဖြစ်ကို ပြောင်းသွားတာလား'
လျှပ်စီးကျားသစ်၏ အသွင်ပြောင်းလဲသွားမှုကို မြင်လိုက်ရသောအခါ ကျန်းလျိုမှာ အံ့အားသင့်စွာ တွေးလိုက်မိ၏။ ဤသို့သော မိစ္ဆာပုံစံမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်ဖြစ်သည်။
"လူ့ခန္ဓာကိုယ်နဲ့ သားရဲကောင်... သူက လူတစ်ယောက်ဖြစ်လာဖို့ နီးပါးတောင် ကျင့်ကြံထားနိုင်ခဲ့တာလား... သူက မိစ္ဆာစစ်သူကြီး အဆင့်ကိုများ ရောက်သွားတာလား... ဒါပေမယ့် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်ထဲမှာ မိစ္ဆာစစ်သူကြီးအဆင့် သတ္တဝါတွေ မရှိသင့်ဘူး မဟုတ်ဘူးလား..."
လျှပ်စီးကျားသစ်၏ အသွင်ပြောင်းသွားမှုကို မြင်လိုက်ရသော တောက်ကျိမှာလည်း အံ့သြတုန်လှုပ်သွားပြီး အော်ဟစ်လိုက်လေသည်။
"မိစ္ဆာစစ်သူကြီး..."
ထိုအခိုက်တွင်ပင် တောက်ကျိ၏ အော်သံကို ကြားလိုက်ရ၏။ ချက်ချင်းပင် ကျန်းလျို၏ ရင်ထဲတွင် လေးလံသွားတော့၏။
ထိုအရာက လယ်ဗယ် ၄၀ အထက်ရှိသော သတ္တဝါတစ်ကောင်ပင်တည်း။ သူက လယ်ဗယ် ၁၃ သာ ရှိသေးပြီး၊ စွမ်းအားကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီး ကွာဟသကဲ့သို့ ကြီးမားကျယ်ပြန့်လှပေသည်။
"ငါက အစတည်းက မိစ္ဆာစစ်သူကြီးကွ... ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းရည်ကို ချိတ်ပိတ်မထားဘဲ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်ထဲကို ငါ ဘယ်လိုလုပ် ဝင်လာလို့ရမှာလဲ... ဒီနေ့ မင်းတို့အားလုံး သေရမယ်..."
တောက်ကျိ၏ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသောအခါ ပြင်းထန်စွာ ဒဏ်ရာရနေသော လျှပ်စီးကျားသစ်က ဟိန်းဟောက်လိုက်ပြီး ၎င်း၏ မျက်လုံးများတွင် ကြမ်းကြုတ်သော အလင်းတန်းများ ပေါ်လွင်နေလေသည်။
"ဟေး... နင် သူ့ကို မမှတ်မိဘူးလား... သူ့မှာ မိစ္ဆာစစ်သူကြီးရဲ့ စွမ်းအားရှိတယ်ဆိုတာ နင် မသိဘူးလား..."
ကျန်းလျိုက လှည့်ကာ မိစ္ဆာမလေးအား မေးလိုက်၏။
"ကျွန်မ သိပါတယ်... ဒါပေမယ့် ရှင်မှ ကျွန်မကို မမေးခဲ့တာ..."
မိစ္ဆာမလေးက မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် ပြောလိုက်လေသည်။
"နောင်တော်... မိစ္ဆာစစ်သူကြီး ပေါ်လာတာဆိုတော့ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်ရဲ့ အချက်ပေးသံတော့ မြည်လာလောက်ပြီ... မကြာခင် ငါတို့ကို လာကယ်မယ့်သူ ရှိမှာပါ..."
တောက်ကျိက ကျန်းလျိုအား နှစ်သိမ့်ပေးရန် ပြောလိုက်သော်လည်း သူ၏ တုန်ရီနေသော အသံမှာ အခြေအနေမည်မျှ ဆိုးရွားနေကြောင်းကို ဖော်ပြနေလေသည်။
"မင်းပြောတာ မမှားပါဘူး... ဒါပေမယ့် တစ်ယောက်ယောက် လာကယ်တာကို စောင့်ဖို့ကလည်း အချိန်လိုသေးတယ် မဟုတ်ဘူးလား... ဒီမိစ္ဆာက ငါတို့ကို အဲဒီလောက် အချိန်ပေးပါ့မလား..."
ကျန်းလျိုက ထိုအကြောင်းကို တွေးမိသော်လည်း သူ၏ မျက်နှာတွင် ဝမ်းသာသည့် အရိပ်အယောင် အနည်းငယ်မျှ မပြဘဲ ပြောလိုက်လေသည်။
အမှန်ပင် လျှပ်စီးကျားသစ်သည် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်တွင်းသို့ ဝင်ရောက်ရန် သူ၏ကိုယ်ပိုင်စွမ်းအားကို မည်သို့ချိတ်ပိတ်ရမည်ကို ကောင်းစွာသိထားသလို ထိုချိတ်ပိတ်မှုကို ဖြေလိုက်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကိုလည်း ကောင်းစွာ သိရှိထားလေသည်။
ယခုမူ ချောင်ပိတ်မိနေပြီဖြစ်ရာ ချိတ်ပိတ်ထားသော စွမ်းအားများကို ဖွင့်ချလိုက်ပြီးနောက် အချိန်ဆွဲမနေတော့ဘဲ အစွမ်းကုန် တိုက်ခိုက်လေတော့၏။
ရွှမ်း...
၎င်းက ကျားသစ်မြီး ကြာပွတ်ကို တစ်ချက် ရမ်းလိုက်ပြီးနောက် မိစ္ဆာမလေးထံသို့ ရက်စက်စွာ ရိုက်ချလိုက်ကာ ခန္ဓာကိုယ်ကို လိမ်ခေါက်၍ နေရာရွှေ့ပြောင်းလိုက်သကဲ့သို့ အလွန်လျင်မြန်စွာ ရွေ့လျားသွားလေသည်။ မိစ္ဆာမလေး၏ သမာဓိ မိစ္ဆာမီးတောက်မှာ အစွမ်းထက်ကောင်း ထက်နိုင်သော်လည်း ပစ်မှတ်ကို မထိပါက အချည်းနှီးသာဖြစ်၏။
ဖြန်း..
ကြာပွတ်က မိစ္ဆာမလေးကို ရိုက်မိသွားရာ သူမမှာ အော်ဟစ်လျက် လွင့်စင်သွားတော့သည်။ ကျန်းလျို၏ မျက်လုံးထဲတွင်တော့ ယခင်က ၆၀% ခန့် ရှိနေသော မိစ္ဆာမလေး၏ သွေးတန်းမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ၃၀% ခန့်သို့ ထိုးဆင်းသွားသည်ကို မြင်လိုက်ရ၏။
တစ်ချက် ရိုက်ချပြီးသည်နှင့် ကျားသစ်မြီး ကြာပွတ်ကို ထပ်မံ မြှောက်လိုက်ပြန်ပြီး လွင့်စင်သွားသော မိစ္ဆာမလေး၏ ခန္ဓာကိုယ်ထံသို့ ဝိညာဉ်မြွေတစ်ကောင်အလား တိုးဝင်ရိုက်ခတ်သွားပြန်လေသည်။
ရွှီ…ရွှီ...
တောက်ကျိ၏ စိပ်ပုတီးများက လေထဲသို့ ပျံထွက်သွားပြီး အသိဉာဏ်ရှိသကဲ့သို့ လျှပ်စီးကျားသစ်၏ ခန္ဓာကိုယ်အား တင်းကျပ်စွာ ရစ်ပတ်တုပ်နှောင်လိုက်လေသည်။
သို့သော်လည်း အားပြင်းစွာ ရုန်းကန်လိုက်မှု တစ်ချက်နှင့်အတူ ၎င်းကို တုပ်နှောင်ထားသော စိပ်ပုတီးမှာ ချက်ချင်း ပြတ်တောက်သွားပြီး မြေကြီးပေါ်တွင် ပြန့်ကျဲသွားတော့သည်။
ကျားသစ်မြီး ကြာပွတ်က မိစ္ဆာမလေးကို နောက်တစ်ကြိမ် ရိုက်ချလိုက်ပြန်ရာ သူမမှာ မြေကြီးပေါ်သို့ လိမ့်ကျသွားပြီး မလှုပ်ရှားနိုင်တော့ချေ။
ဤရိုက်ချက်က သိသာထင်ရှားစွာ အားပျော့သွားသောကြောင့် သူမ၏ သွေးတန်းကို လုံးဝ ကုန်ဆုံးသွားခြင်း မရှိစေဘဲ ၅% ခန့် ချန်ထားပေးလေသည်။
လျှပ်စီးကျားသစ်သည် ၎င်း၏ ပစ်မှတ်မှာ သမာဓိ မိစ္ဆာမီးတောက် မျိုးစေ့ဖြစ်ကြောင်းကို မေ့မထားခဲ့ချေ။ အကယ်၍ လူသေသွားပါက ထိုမျိုးစေ့ကို ပြန်လည်ရယူနိုင်မည် မဟုတ်ပေ။
မိစ္ဆာမလေး၏ ခြိမ်းခြောက်မှုကို ဖယ်ရှားပြီးနောက် လျှပ်စီးကျားသစ်သည် ၎င်း၏ အကြည့်ကို ကျန်းလျိုနှင့် တောက်ကျိတို့ထံသို့ လှည့်လိုက်၏။ ယခုအချိန်က ဤကိုရင်လေး နှစ်ပါးကို ရှင်းလင်းရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်တော့သည်။
ဝှစ်...
၎င်း၏ ပုံရိပ်မှာ လျှပ်စီးတစ်ခုအလား မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းလျို၏ ရှေ့သို့ ရောက်ရှိလာပြီး စကားအပို မပြောတော့ချေ။ မိစ္ဆာကြာပွတ်က နဂါးတစ်ကောင်အလား ကျန်းလျို၏ ရင်ဘတ်ဆီသို့ ရိုက်ခတ်လာတော့၏။
"ဝရဇိန်ဂါထာ..."
ထိတ်လန့်တကြား နောက်ဆုတ်လိုက်ရင်း ကျန်းလျိုသည် ဝရဇိန်ဂါထာ၏ ကာကွယ်မှုဖြင့် သူ့ကိုယ်သူ နောက်တစ်ကြိမ် အားဖြည့်လိုက်လေသည်။
"ဘုန်း"
ကျန်းလျို လွင့်စင်သွား၏။ ရထားတစ်စင်းနှင့် ဝင်တိုက်မိသကဲ့သို့ ခံစားလိုက်ရကာ သူ၏ ကိုယ်တွင်းအင်္ဂါများအားလုံး ပြင်းထန်စွာ တုန်ခါသွားတော့၏။
သွေးတစ်ပွက် အန်ကျလာပြီး သူ၏ ရင်ဘတ်တွင် ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။ ထိုနေရာရှိ အရိုးအတော်များများ ကျိုးကြေသွားပြီဖြစ်ကြောင်းမှာ သိသာလှပေသည်။
ပြည့်လုနီးပါး ရှိနေခဲ့သော သူ၏ သွေးတန်းမှာ ချက်ချင်းဆိုသလို ၁၀% ခန့် အထိသို့ ထိုးဆင်းသွားလေသည်။
ဝရဇိန်ဂါထာက ထိခိုက်ပျက်စီးမှုကို ၈၀% လျှော့ချပေးထားပြီး ဝိဒျာရာဇာ သရဖူ၏ ကာကွယ်မှု ပါဝင်နေသည့်တိုင်အောင် သူမှာ ချက်ချင်း အသတ်ခံရမလို ဖြစ်သွားခဲ့ရ၏။ ဤမိစ္ဆာစစ်သူကြီး၏ တိုက်ခိုက်ရေးစွမ်းအားက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှပေသည်။
"ဟင်... မသေသေးဘူးလား..."
ကျန်းလျို အသက်ရှင်နေသေးသည်ကို မြင်လိုက်ရသောအခါ လျှပ်စီးကျားသစ်မှာ အံ့အားသင့်သွားလေသည်။ သို့သော်လည်း ကိစ္စမရှိချေ နောက်ထပ် ရိုက်ချက်တစ်ချက်ဆိုလျှင် ကိစ္စပြတ်သွားမည်ပင်။ ၎င်းက ကျားသစ်မြီး ကြာပွတ်ကို ထပ်မံမြှောက်လိုက်ပြီး ဆက်လက် ရိုက်ချလိုက်တော့၏။
ဤကြာပွတ်ချက်သာ ထိမှန်သွားပါက သေချာပေါက် သေဆုံးရမည်သာ ဖြစ်၏။
ဝုန်း...
ထိုအချိန်မှာပင် ရုတ်တရက် အစွမ်းထက်လှသော အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်ပေါ်လာလေသည်။ တောက်ကျိ၏ ခန္ဓာကိုယ်မှ သွေးကဲ့သို့ နီရဲသော စွမ်းအားများ လျှံတက်လာရာ သူသည် သွေးရောင်လွှမ်းနေသော နတ်ဘုရားတစ်ပါးအလား ဖြစ်နေတော့၏။
ရဟန္တာ တင်းပုတ်ကို ဆုပ်ကိုင်ထားလျက် တောက်ကျိသည် သူသေကိုယ်သေ ဆုံးဖြတ်ချက်ဖြင့် လျှပ်စီးကျားသစ်ထံသို့ ပြေးဝင်သွားလေတော့သည်။
ရဟန္တာ တင်းပုတ်၏ အာနိသင်က အသက်ဝင်လာလေပြီ။
***