← Chapters

အခန်း (၆၇-၆၈)

Vol. 5 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 5 Ch. 67-68

အပိုင်း(၆၇)

"ဒါဆို ထန်ဧကရာဇ်က ကြီးမားတဲ့ မိစ္ဆာကြီး တချို့ကို တမင်တကာ အသက်ရှင်ခွင့် ပေးထားပြီး… မိစ္ဆာ အချင်းချင်း အုပ်ချုပ်စေတဲ့ စနစ်နဲ့ မိစ္ဆာမျိုးနွယ်ကို လျှို့ဝှက်စွာ စီမံခန့်ခွဲနေတာပေါ့...."

လုံဟိုင် ဆရာတော်ကြီး၏ ရှင်းပြမှုကို ကြားလိုက်ရပြီး နောက်တွင်တော့ တောက်ကျိသည် မနေနိုင်တော့ဘဲ တိုးတိုးလေး အာမေဍိတ်သံ ထွက်သွားလေသည်။

သူ့အတွက်မူ တစ်ကမ္ဘာလုံးရှိ မိစ္ဆာများ၏ တည်ရှိမှုကို ထန်ဧကရာဇ်က တမင်တကာ ထိန်းသိမ်းထားသည်ဟူသောအချက်မှာ အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာ ဖြစ်နေခဲ့ပေသည်။

"မှန်တယ်.... လောကကြီးမှာရှိတဲ့ အရာအားလုံးက မိစ္ဆာဖြစ်လာနိုင်တယ်လေ.... အကယ်၍ ဒီ မိစ္ဆာတွေဟာ ထိန်းချုပ်မှုမရှိဘဲ မွေးဖွားလာခဲ့မယ်ဆိုရင် သာမန်ပြည်သူတွေကို ပိုပြီး ဒုက္ခပေးလိမ့်မယ်.... မိစ္ဆာမျိုးနွယ်ကို အမြစ်ပြတ် နှိမ်နင်းဖို့ မဖြစ်နိုင်တာမို့… တစ်နည်းအားဖြင့် ပြောရရင် မိစ္ဆာကို မိစ္ဆာနဲ့ ပြန်အုပ်ချုပ်စေတာက အကောင်းဆုံး နည်းလမ်းပဲ...."

ကျန်းလျိုက ပြောလိုက်၏။ သို့ရာတွင် တောက်ကျိ၏ အံ့အားသင့်မှုနှင့် နှိုင်းယှဉ်ပါက သတင်းအချက်အလက်များ ပြည့်နှက်နေသော ခေတ်သစ်လူ့အဖွဲ့အစည်းမှ လာသည့် ကျန်းလျိုသည် ဤချဉ်းကပ်ပုံကို ပို၍နားလည်သဘောပေါက်နိုင်လေသည်။

"မှန်တာပေါ့…ရွှမ်ကျန်း…မင်းမှာ ဒီလို ဉာဏ်အမြင်မျိုး ရှိနေတာ တကယ်ကို ရှားပါးတယ်.... အရပ်ဆယ်မျက်နှာက မိစ္ဆာဘုရင်တွေကို ငါတို့က ထိန်းချုပ်ထားနိုင်ပြီး… သူတို့ကနေတစ်ဆင့် သူတို့ရဲ့ သက်ဆိုင်ရာ မိစ္ဆာအုပ်စုတွေကို ပြန်ပြီး ထိန်းချုပ်ထားနိုင်သရွေ့ဒီ မိစ္ဆာတွေက ကြီးကြီးမားမား ပြဿနာတွေ ဖန်တီးနိုင်မှာ မဟုတ်တော့ဘူး...."

"ဒါပေမဲ့ မကြာသေးခင်က ရေနဂါးမင်းနဲ့ ကျားမင်းတို့ကြားက ပဋိပက္ခက ပိုမို ပြင်းထန်လာပြီး သာမန်ပြည်သူတွေကို ကြီးမားတဲ့ ဒုက္ခတွေ ပေးလာတယ်လေ.... ဒါကြောင့် ထန်ဧကရာဇ်က မိစ္ဆာတွေကို နှိမ်နင်းပြီး မကောင်းဆိုးဝါးတွေကို ရှင်းလင်းဖို့ အမိန့်ထုတ်ပြန်လိုက်တာပဲ...."

ကျန်းလျိုသည် အခြေအနေကို လျင်မြန်စွာ သဘောပေါက်သွားသောကြောင့် လုံဟိုင်ဆရာတော်က ကျေနပ်အားရစွာ ခေါင်းညိတ်ရင်း ပြောလိုက်လေသည်။

ကျန်းလျိုသည်လည်း နားလည်သဘောပေါက်ကြောင်းကို တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်၏။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ထန်ဧကရာဇ်သည် ၎င်းတို့ကို အမြစ်ပြတ် ရှင်းလင်း၍ မရနိုင်သောကြောင့် မဟာထန်နိုင်ငံ၏ နယ်နိမိတ်အတွင်း မိစ္ဆာမျိုးနွယ်များ တည်ရှိနေခြင်းကို ခွင့်ပြုထားနိုင်ခြင်းဖြစ်သည်။ နယ်နိမိတ် စည်းမျဉ်းများ သတ်မှတ်ထားပြီး မိစ္ဆာဘုရင်များက ၎င်းတို့၏ လက်အောက်ခံများကို ပြည်သူများအား အလွန်အမင်း ဒုက္ခမပေးစေရန် ထိန်းချုပ်ထားနိုင်သရွေ့ လုံလောက်ပြီဖြစ်သည်။

သို့သော်လည်း ကြီးမြတ်သော မိစ္ဆာဘုရင်ကြီး နှစ်ပါး၏ ပဋိပက္ခသည် ယခုအခါ ဧကရာဇ်၏ ကန့်သတ်မျဉ်းကို ကျော်လွန်သွားပြီဖြစ်ရာ မိစ္ဆာနှိမ်နင်းရေးနှင့် မကောင်းမှု ပပျောက်ရေး စစ်ဆင်ရေးကို စတင်ခဲ့ခြင်းဖြစ်သည်။

ယခင်က ကျန်းလျိုသည် မင်းသမီး ကောင်းယန်နှင့် တွေ့ဆုံခွင့် ရရန် အတွက် တော်ဝင်နန်းတော်သို့ ခေါ်ဆောင်သွားပေးဖို့ လုံဟိုင်ဆရာတော်အား တောင်းဆိုခဲ့ဖူးသည်။ ထိုစဉ်က လုံဟိုင်ဆရာတော်သည် ဧကရာဇ်နှင့် တန်ပြန်တိုက်ခိုက်ရေး နည်းဗျူဟာများကို ဆွေးနွေးလိုသဖြင့် ရေနဂါးမင်းနှင့် ကျားမင်းတို့အကြားရှိ ပဋိပက္ခအကြောင်းကို စကားစခဲ့ဖူးသည်။

ကျန်းလျိုက ၎င်းသည် နန်းတော်တွင်းသို့ ဝင်ရောက်နိုင်ရန် အကြောင်းပြချက်သက်သက်မျှသာ ဖြစ်သည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ ထိုပြဿနာသည် အမှန်တကယ်ပင် ဖြစ်နေပုံရလေသည်။

အနည်းငယ် အရိပ်အမြွက်ပြလိုက်ရုံဖြင့် ဤပြဿနာ နောက်ကွယ်ရှိ အမှန်တရားကို ကျန်းလျိုက ဆုပ်ကိုင်နိုင်ခဲ့သဖြင့် လုံဟိုင်ဆရာတော်က သူ့ဘာသာ တိတ်တဆိတ် ခေါင်းညိတ်လိုက်မိ၏။ ဤမျှလောက်သော ဉာဏ်ပညာမျိုးသည် သာမန်လူများ လက်လှမ်းမီရန် ခက်ခဲလှပေသည်။

သို့ရာတွင် ဤအမှန်တရားကြောင့် သိသိသာသာ လန့်ဖြန့်ကာ အံ့အားသင့်လျက်ရှိသော သူ့အနီးရှိ တပည့် တောက်ကျိကို အကဲခတ်မိသောအခါ လုံဟိုင်ဆရာတော်သည် အနည်းငယ် စိတ်ပျက်သွားမိလေသည်။

သို့သော်လည်း ဤသည်မှာ သာမန်လူများ ဖြစ်ပေါ်သင့်သည့် တုံ့ပြန်မှုမျိုး ဖြစ်နိုင်ပါသည်။

သာမန်တပည့်တစ်ဦးအတွက်မူ ဤသို့သော အမှန်တရားများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးမည်မဟုတ်သော်လည်း ဗုဒ္ဓဘာသာဂိုဏ်း၏ ခေါင်းဆောင်များ ဖြစ်လာမည့် ကျန်းလျိုနှင့် တောက်ကျိတို့မှာ အနှေးနှင့်အမြန် ဤကိစ္စရပ်များနှင့် မလွဲမသွေ ထိတွေ့ရမည်သာ ဖြစ်သည်။

"ကဲ... မင်းတို့နှစ်ယောက် ပြင်ဆင်ထားကြတော့.... မနက်ဖြန် မဟာဗုဒ္ဓကျောင်းတော်က တပည့်တွေကို ညီတော် ဖန်ဟိုင်က ဦးဆောင်ပြီး မိစ္ဆာနှိမ်နင်းရေးနဲ့ မကောင်းဆိုးဝါး ရှင်းလင်းရေး ခရီးစဉ်ကို ထွက်ကြရလိမ့်မယ်...."

ဤတုန်လှုပ်ဖွယ် အမှန်တရားသည် တောက်ကျိကိုယ်တိုင် အချိန်ယူ၍ ချေဖျက်ကာ နားလည်သဘောပေါက်ရမည့် အရာဖြစ်သည်။ လိုအပ်သည်များကို အနည်းနှင့်အများ ရှင်းပြပြီးနောက် လုံဟိုင်ဆရာတော်သည် နောက်ဆုံးအနေဖြင့် သတိပေးစကားဆိုကာ ထွက်ခွာသွားလေသည်။

...

တစ်ချိန်တည်းမှာပင်… မဟာထန် တော်ဝင်နန်းတော်အတွင်း၌…

သူရဲကောင်းအမျိုးသမီး တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော တက်ကြွရွှင်လန်းသည့် မင်းသမီး ကောင်းယန်သည် လီရှစ်မင် ရှေ့မှောက်သို့ ရောက်ရှိလာခဲ့၏။

"ခမည်းတော်… မိစ္ဆာတွေ သောင်းကျန်းနေချိန်မှာ တော်ဝင်မိသားစုဝင် တစ်ယောက်အနေနဲ့ သမီးတော်က မိစ္ဆာနှိမ်နင်းရေးနဲ့ မကောင်းဆိုးဝါး ရှင်းလင်းရေးမှာ ရှေ့တန်းကနေ ပါဝင်ပြီး ပြည်သူတွေကို ဘေးအန္တရာယ်ကနေ ကယ်တင်ချင်ပါတယ်...."

သူမက လျှောက်တင်လိုက်လေသည်။

….

ကျန်းလျိုသည် ခေါင်းငုံ့ကာ ဆန်ပြုတ်ကို မှုတ်သောက်လိုက်ပြီး ဟင်းသီးဟင်းရွက် ပေါက်စီကို ကိုက်စားရင်း တိတ်ဆိတ်စွာ နေလိုက်၏။

တောက်ကျိကမူ မှင်သက်စွာ ထိုင်နေပြီး မဟာထန် အင်ပါယာ နယ်နိမိတ်အတွင်းရှိ မိစ္ဆာမျိုးနွယ်များနှင့် ထန်ဧကရာဇ်တို့အကြားရှိ အခြေအနေကြောင့် သူ၏ လောကအမြင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရကြောင်း သိသာထင်ရှားလှပေသည်။

တောက်ကျိ၏ စိတ်ထဲတွင် မိစ္ဆာမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့သည် မည်သည့်အခါမျှ ပြေလည်နိုင်မည်မဟုတ်သော ရန်သူများဖြစ်ကြပြီး တွေ့ဆုံသည်နှင့် သေသည်အထိ တိုက်ခိုက်ကြရမည်ဟု အမြဲတစေ ထင်မှတ်ထားခဲ့သည်။သို့သော်လည်း ထန်ဧကရာဇ်က အခြားမိစ္ဆာများကို ထိန်းချုပ်နိုင်ရန်အတွက် မိစ္ဆာကြီးအချို့ကို အသက်ရှင်ခွင့်ပေးထားလိုသည်ဟူသော အမှန်တရားကိုမူ သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

"နောင်တော်... အခုလုပ်နေတာတွေက မှန်တယ်လို့ ထင်လား..."

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် တောက်ကျိ၏ အကြည့်များက ကျန်းလျိုထံသို့ ကျရောက်လာပြီး သူ၏ထံမှ အဖြေတစ်ခု ရနိုင်ရန် မျှော်လင့်နေလေသည်။

"လုံးဝအကြွင်းမဲ့ မှန်တယ်… မှားတယ်ဆိုတာ မရှိပါဘူး..."

တောက်ကျိ၏ အမေးကို ကြားလိုက်ရသောအခါ ကျန်းလျိုသည် တိတ်ဆိတ်စွာ သက်ပြင်းချလိုက်၏။ တောင်ကျိမှာ သူ့ကို လုံးဝ ဆရာတင်ထားသည့်ပုံ ပေါ်နေသည်ဟု တွေးလိုက်မိ၏။ သို့သော် သူ ဘာတတ်နိုင်မည်နည်း။ သူက နောင်တော် ဖြစ်နေသည် မဟုတ်ပါလော။

"ဒီနည်းလမ်းက မှန်သလား၊ မှားသလားဆိုတာကို ခဏဘေးဖယ်ထားပြီး အခြေအနေကို အရင်ကြည့်ရအောင်... လုံဟိုင်ဆရာတော် ပြောခဲ့သလိုပဲ အနည်းဆုံးတော့ နယ်စပ်က တခြားနိုင်ငံငယ်လေးတွေနဲ့ ယှဉ်လိုက်ရင် မဟာထန် အင်ပါယာတွင်းက ပြည်သူတွေက ငြိမ်းချမ်းစွာ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရနေကြတယ်လေ... အကျိုးရလဒ်က ကောင်းမွန်ပြီး သူတစ်ပါးရဲ့ အကျိုးစီးပွားကို မထိခိုက်ဘူးဆိုရင် ဒီလုပ်ရပ်က ဘာမှမမှားပါဘူး..."

ထိုစကားကြောင့် တောက်ကျိသည် ခေါင်းငုံ့ကာ စဉ်းစားခန်း ဝင်သွားလေသည်။ အချိန်အတော်ကြာမှသာ သူက ခေါင်းမော့လာပြီး...

"ဒါဆို... အဲဒီနေ့က မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်မှာ နောင်တော်က မိစ္ဆာမလေးကို တမင်သက်သက် လွှတ်ပေးလိုက်တာပေါ့... နောင်တော်လည်း ထန်ဧကရာဇ်လုပ်သလိုမျိုး မိစ္ဆာဂူရဲ့ အခြေအနေကို ထိန်းချုပ်ဖို့ မိစ္ဆာမလေးကို အသုံးချဖို့ စဉ်းစားနေတာလား..."

တောက်ကျိကမေးလိုက်၏။

'ငါ မိစ္ဆာမလေးကို တမင်သက်သက် လွှတ်ပေးလိုက်တာ သူသိနေတာလား...'

တောက်ကျိ၏ စကားများကြောင့် ကျန်းလျိုမှာ တိတ်တဆိတ် လန့်သွားလေသည်။

ထိုအချိန်က တောက်ကျိ တစ်ယောက် လုံးဝ သတိလစ်မေ့မြောနေပြီဟု သူ ထင်မှတ်ထားခဲ့သော်လည်း သတိအနည်းငယ် ရနေသေးသည်ကို သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

သို့ရာတွင်… တောက်ကျိက သူ့ဘာသာ ဇာတ်လမ်းဆင်ပြီးသား ဖြစ်နေသောကြောင့် ကျန်းလျိုက မျက်နှာကို တည်ထားလိုက်ပြီး တောက်ကျိ၏ စကားများကို ထောက်ခံသည့်အနေဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။

"မှန်တယ်... မိစ္ဆာမလေးမှာ သမာဓိ မိစ္ဆာမီးတောက် ရှိနေတော့ သူက မိစ္ဆာဂူကို ပြန်သွားပြီး မိစ္ဆာမင်း နေရာကိုတောင် ယူကောင်းယူနိုင်တယ်... အချိန်တန်ရင် ငါတို့ရဲ့ ဆက်ဆံရေးအရ သူက သေးငယ်တယ်ဆိုရင်တောင်မှ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်လာနိုင်တယ်လေ..."

ကျန်းလျိုကပြောလိုက်၏။

"အောမီတော်ဖော... နောင်တော်ရဲ့ အမြော်အမြင်နဲ့ နည်းဗျူဟာက တကယ်ကို ချီးကျူးစရာပါပဲ... တပည့်တော် လုံးဝကို ယုံကြည်သွားပါပြီ..."

တောက်ကျိက ကျန်းလျိုအား စိတ်ရင်းမှန်ဖြင့် အားကျလေးစားစွာ မော့ကြည့်ရင်း ပြောလိုက်လေသည်။

ကျန်းလျိုနှင့်အတူ ဖြတ်သန်းခဲ့ရသော ရက်များအတွင်း သူ မြင်တွေ့သင်ယူခဲ့ရသမျှ အရာအားလုံးက ကျန်းလျိုမှာ ခန့်မှန်းရခက်လောက်အောင် နက်နဲလွန်းလှသည်ဟု ခံစားရစေပြီး တောက်ကျိမှာ အားကျကြည်ညိုရသော ပရိသတ်တစ်ဦးအဖြစ်သို့ပင် ပြောင်းလဲသွားခဲ့လေပြီ။

"ဒါနဲ့... ငါတို့ မနက်ဖြန်ကျရင် မိစ္ဆာနှိမ်နင်းရေးနဲ့ အဆိုးအညစ် ဖယ်ရှားရေးအတွက် ထွက်ကြရတော့မယ်... ငါ့ဆီမှာ ဗုဒ္ဓရတနာ တစ်ခုရှိတယ် အဲဒါကို မင်းကို ပေးချင်လို့..."

ကျန်းလျိုက သူ၏လက်ကို ကျောဘက်သို့ ပို့လိုက်ပြီးနောက် ပြန်ရုပ်လိုက်ရာ သူ၏လက်ထဲတွင် လျှပ်စီးကျားသစ်ထံမှ ရရှိခဲ့သော လှပသေသပ်စွာ ဖန်တီးထားသည့် ဘုန်းကြီးဦးထုပ်တစ်ခုဖြစ်သည့် မိုးပြာရောင် သရဖူ ပါလာလေသည်။

အရည်အသွေးမြင့် ဖြစ်ပြီး ကောင်းမွန်လှသော်လည်း ဝိဒျာရာဇာ သရဖူကို ပိုင်ဆိုင်ထားပြီးဖြစ်သော ကျန်းလျိုအတွက်မူ ဤလက်နက်ကိရိယာမှာ ယခုအခါ အသုံးမဝင်တော့ချေ။

ထို့ပြင် ဝတ်ဆင်ရန် အဆင့် ၂၀ လိုအပ်သောကြောင့် ကျန်းလျို၏ အမြင်တွင် ၎င်းကို တောက်ကျိအား ပေးလိုက်ခြင်းက အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။

တောက်ကျိက ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကို ဖြတ်ကျော်ဝင်ရောက်တော့မည် မဟုတ်ပါလော။ အဆင့်သတ်မှတ်ချက် ရှုထောင့်မှ ကြည့်လျှင် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်သည် အဆင့် ၂၀ အထက်နှင့် ညီမျှသည် မဟုတ်ပါလား။

"ဟာ... နောင်တော်က တပည့်တော်ကို နောက်ထပ် ဗုဒ္ဓရတနာတစ်ခု ပေးမလို့လား..."

လွန်ခဲ့သော ရက်အနည်းငယ်က မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်တွင် ကျန်းလျိုထံမှ ရဟန္တာ တင်းပုတ် ရရှိခဲ့သည်ကို ပြန်လည်သတိရသွားပြီး ကျန်းလျို ထုတ်ယူလာသော ဗုဒ္ဓရတနာကို မြင်လိုက်ရသဖြင့် တောက်ကျိမှာ အံ့သြဝမ်းသာ ဖြစ်သွားလေသည်။

"မင်း ယူမှာလား… မယူဘူးလား..."

တောက်ကျိ၏ တုံ့ပြန်မှုကို မြင်သောအခါ ကျန်းလျိုက စကားကို လှည့်ပတ်မနေတော့ဘဲ ပြန်သိမ်းမည့်ဟန် ပြလိုက်၏။

"ယူမှာပေါ့... တကယ် ယူမှာပါ... ကျေးဇူးတင်ပါတယ် နောင်တော်..."

ကျန်းလျိုက ဟန်ဆောင်နေခြင်းသာဖြစ်ကြောင်း သိနေသော်လည်း တောက်ကျိက မိုးပြာရောင် သရဖူကို လှမ်းယူရန် အလျင်အမြန် လက်လှမ်းလိုက်လေတော့သည်။

သူက သရဖူကို ဝမ်းသာအားရ ကြည့်ရှုလိုက်ပြီးနောက် သူ၏ ခေါင်းပေါ်တွင် ဆောင်းလိုက်၏။ မိုးပြာရောင် သရဖူကို ဆောင်းလိုက်သည်နှင့် တစ်ပြိုင်နက် ဗုဒ္ဓရတနာအတွင်း ပါဝင်သော စွမ်းအားများက သူ၏ ကာကွယ်ရေးစွမ်းရည်များကို သိသိသာသာ မြှင့်တင်ပေးလိုက်ကြောင်းကို သူ ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။

"ဒါနဲ့လေ နောင်တော်... အဲဒီဦးထုပ်ကို အနောက်ဘက်ကနေ ထုတ်ယူလိုက်တာ တွေ့လိုက်တယ်... နောင်တော့် အနောက်ဘက်မှာ အိတ်ကပ်များ ရှိနေတာလား... ဒီလောက်ကြီးတဲ့ ဦးထုပ်ကို ဘယ်နားမှာ သွားသိမ်းထားတာလဲ..."

"ဒီ... ဒီဟာကလေ..."

"ပြီးတော့... မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်မှာကတည်းက တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားမိတယ်... နောင်တော်က မိစ္ဆာနှင်တောင်ဝှေးကို ဘယ်မှာ ဝှက်ထားလဲတော့ မသိဘူး လိုအပ်တဲ့အချိန်ရောက်ရင် အဆင်သင့် ထုတ်ထုတ်သုံးနေတာပဲ…”

"ပြီးတော့ နောင်တော် ကျွန်တော့်ကို ပေးတဲ့ ရဟန္တာ တင်းပုတ်ရယ်၊ မိစ္ဆာမလေးကို ကုသပေးဖို့ သုံးခဲ့တဲ့ ဆေးရည်ရယ်... အဲဒါတွေကို နောင်တော် ဘယ်မှာ သိမ်းထားလဲဆိုတာလည်း တစ်ခါမှ မမြင်ဖူးဘူး..."

"နောက်ပြီး... ကျွန်တော် ဝင်သွားတုန်းက အိတ်တစ်လုံး ထည့်သွားပေမယ့် စားဖို့၊ ဝတ်ဖို့နဲ့ နေ့စဉ်သုံး ပစ္စည်းတွေက မြန်မြန်ပဲ ကုန်သွားခဲ့တယ်... နောင်တော်က ဘာမှ ယူမလာတာ သိသိသာသာကြီးကို ဘယ်လိုလုပ်ပြီး အခုထိ အများကြီး ရှိနေသေးတာလဲ..."

***

အပိုင်း(၆၈)

မဟာထန် အင်ပါယာ၏ နယ်နိမိတ်အတွင်း၌ ဗုဒ္ဓတရားကို ကျင့်ကြံသော ဗုဒ္ဓဘာသာဂိုဏ်းများနှင့် တာအိုတရားကို ကျင့်ကြံသော တာအို ဘာသာဂိုဏ်းများအပါအဝင် ဂိုဏ်းများစွာ အခိုင်အမာ ရပ်တည်လျက်ရှိကြ၏။ သို့ရာတွင် မည်သည့်ဂိုဏ်းပင်ဖြစ်စေကာမူ ၎င်းတို့အားလုံးမှာ မဟာထန် အင်ပါယာ၏ နိုင်ငံသားများသာ ဖြစ်ကြလေသည်။

ထို့ကြောင့် ထန်ဧကရာဇ်က မိစ္ဆာနှိမ်နင်းရေးနှင့် အဆိုးအညစ် ဖယ်ရှားရေးအတွက် ရည်ရွယ်ချက်များကို ရှင်းလင်းစွာ အသိပေးလိုက်သည်။ ထို့နောက် တော်ဝင်ကောင်းကင် သူတော်စင် ခန်းမဆောင်မှ လှုပ်ရှားမည်သာမက အခြားသော ဂိုဏ်းများမှ ကျင့်ကြံသူများကလည်း အနည်းနှင့်အများ ဆိုသလို ပါဝင်ကူညီကြမည် ဖြစ်လေသည်။

နောက်တစ်နေ့နံနက်တွင် မဟာဗုဒ္ဓကျောင်းတော်သည် ကျန်းလျိုနှင့် တောက်ကျိတို့အပါအဝင် သိုင်းပညာရှင်ဘုန်းကြီး ရှစ်ဆယ့်တစ်ပါးကို ဆင့်ခေါ်ကာ ထွက်ခွာရန် ပြင်ဆင်စေခဲ့ပြီး ဖန်ဟိုင်ဆရာတော် ကိုယ်တိုင် ဦးဆောင်မည်ဖြစ်၏။

မိစ္ဆာနှိမ်နင်းရေး ခရီးစဉ်မှာ ချန်အန်းမြို့တော်၏ အပြင်ဘက် လီရာပေါင်းများစွာ ကွာဝေးပြီး ခြေလျင်လျှောက်သွားမည်ဆိုပါက မည်မျှကြာမည်ကို မသိနိုင်ချေ။ ထို့ကြောင့် ဖန်ဟိုင်ဆရာတော်က သူ၏ လက်ဖြင့် တစ်စုံတစ်ရာကို ပစ်ချလိုက်ရာ လက်ဝါးအရွယ်အစားရှိသော လှေငယ်လေးတစ်စင်းသည် အလွန် လျှင်မြန်စွာ ကြီးမားလာပြီးနောက် လူတိုင်း၏ရှေ့မှောက်တွင် ဧရာမသင်္ဘောကြီးတစ်စင်းအဖြစ်သို့ ပြောင်းလဲပေါ်လာတော့၏။

"ဝါး... ဒါက ဓမ္မရတနာ ကောင်းကင်နဂါး သင်္ဘောဆိုတာလား... နာမည်ကြားနေတာ ကြာပြီ ဒီနေ့မှ ပထမဆုံးအကြိမ် မြင်ဖူးတော့တယ်..."

တောက်ကျိက မျက်လုံးပြူးကာ အံ့သြတကြီး အော်ဟစ်လိုက်လေသည်။

"တပည့်တို့... သင်္ဘောပေါ် တက်ကြ... ကောင်းကင်နဂါး သင်္ဘောရဲ့ အမြန်နှုန်းနဲ့ဆိုရင် ငါတို့ သွားရမယ့်နေရာကို အချိန်တစ်နာရီလောက်နဲ့ ရောက်လိမ့်မယ်..."

တောက်ကျိ၏ အံ့အားသင့်နေမှုကို ကြည့်ကာ ဖန်ဟိုင်ဆရာတော်က ကျေနပ်သောအမူအရာဖြင့် ခေါင်းညိတ်ရင်း ပြောလိုက်၏။ သူက တပည့်များအား သင်္ဘောပေါ်တက်ရန် လက်ယပ်ခေါ်လိုက်၏။ သူတို့အားလုံး သင်္ဘောပေါ်သို့ ရောက်ရှိသွားသည်နှင့် ဧရာမသင်္ဘောကြီးသည် စတင်ထွက်ခွာကာ ကောင်းကင်ယံသို့ ပျံသန်းသွားတော့သည်။

"မဟာထန် အင်ပါယာအတွင်းမှာ အင်အားအကြီးဆုံး ကျောင်းတော်ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ... ခရီးသွားဖို့အတွက် ဒီလို ရတနာတွေတောင် ရှိနေတာ..."

ကောင်းကင်နဂါး သင်္ဘော၏ အစွန်းတွင် ရပ်နေသော ကျန်းလျိုပင်လျှင် ချန်အန်းမြို့တော် တဖြည်းဖြည်း သေးငယ်သွားကာ ဝေးကွာသွားသည်ကို ကြည့်ရင်း တိတ်တဆိတ် ကြည်နူး စိတ်လှုပ်ရှားသွားမိလေသည်။

ခေတ်သစ်ကမ္ဘာတွင် သူ လေယာဉ်အကြိမ်အနည်းငယ် စီးဖူးခဲ့သော်လည်း ရှေးဟောင်းခေတ် ကောင်းကင်ယံတွင် ဓမ္မရတနာတစ်ပါးကို စီးနင်း၍ ပျံသန်းရသည့် အတွေ့အကြုံမှာမူ လုံးဝကို ကွဲပြားခြားနားလှပေသည်။

"ရွှမ်ကျန်း... တောက်ကျိ... ငါတို့ မြေပြင်ကို ဆင်းသက်ပြီးရင် ငါ့အနားကနေ အရမ်းမဝေးသွားအောင် နေကြနော်..."

ကျန်းလျိုက လျင်မြန်စွာ နောက်ဆုတ်သွားသော မြေပြင်ရှုခင်းများကို ငုံ့ကြည့်နေစဉ် ဖန်ဟိုင်ဆရာတော်က သူတို့နှစ်ဦးအနားသို့ ချဉ်းကပ်လာကာ ပြောလိုက်၏။

"ဒီ မိစ္ဆာနှိမ်နင်းရေး စစ်ဆင်ရေးမှာ မဟာဗုဒ္ဓကျောင်းတော်က ထန်ဧကရာဇ်ရဲ့ ခေါ်ဆောင်မှုကို တုံ့ပြန်ရုံသက်သက်ဖြစ်တယ်... အဓိက အင်အားစုက ကောင်းကင် သူတော်စင် ခန်းမဆောင် ဖြစ်လိမ့်မယ်…ဒါပေမယ့်… ဒါက မိစ္ဆာမင်းကြီး နှစ်ပါးရဲ့ တိုက်ပွဲဖြစ်နေလို့ ရလဒ်ကို ကြိုမခန့်မှန်းနိုင်ဘူး... မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်များ တစ်ခုခုဖြစ်သွားရင် ငါ ဖြေရှင်းရ ခက်လိမ့်မယ်..."

"နားလည်ပါပြီ..."

ကျန်းလျိုနှင့် တောက်ကျိတို့က သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။

အခြားတစ်နေရာရှိ မြင့်မားသော ကောင်းကင်ယံတွင်မူ နန်းတော်တစ်ခုအလား ဧရာမ ပျံသန်းရေးယာဉ်ကြီး တစ်စင်းသည် ပုံစံအမျိုးမျိုးရှိသော ကျင့်ကြံသူများကို တင်ဆောင်ကာ လေထဲတွင် ခုတ်မောင်းလာလေသည်။

အချို့သော ကျင့်ကြံသူများမှာ တာအိုဝတ်ရုံများကို ဝတ်ဆင်ထားပြီး မြင်းမြီးယပ်များကို ကိုင်ဆောင်ကာ တိတ်ဆိတ်စွာ တရားထိုင်နေကြ၏။

အချို့သော ကျင့်ကြံသူများမှာမူ ဓားရှည်များကို ပခုံးထက်တွင် လွယ်ထားကြပြီး သူတို့၏ ကိုယ်ဟန်အနေအထားများမှာ အရပ်ရှည်ရှည်နှင့် မားမားမတ်မတ် ရှိနေကြလေသည်။ ပုလင်းများ၊ အိုးများနှင့် အလုပ်ရှုပ်နေကြသော ကျင့်ကြံသူများပင် ရှိနေသေး၏။

ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျဖြစ်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားပျံများကို ချိတ်ဆွဲကာ ကြာပွတ်ရှည်ကို ကိုင်ဆောင်ထားသော မင်းသမီး ကောင်းယန်သည်လည်း ပျံသန်းရေးရေယာဉ်ပေါ်တွင် ရပ်နေပြီး မိုးကုတ်စက်ဝိုင်းရှိ တိမ်ပင်လယ်ကြီးကို ငေးမောကြည့်ရှုနေလေသည်။

"ဒီ မိစ္ဆာနှိမ်နင်းရေး စစ်ဆင်ရေးမှာ ကျန်းလျိုရဲ့ စရိုက်သဘာဝအရဆိုရင် သူ သေချာပေါက် ပါဝင်မှာပဲ မဟုတ်လား... သိပ်ကောင်းတာပဲ… ငါ သူ့ကို ထပ်တွေ့ရတော့မယ်…”

....

ကောင်းကင်ယံတွင် ပန်းပွင့်များ မိုးရွာချသည့်အလား ကျဆင်းလာနေပြီး မြေပြင်တွင်လည်း ရွှေကြာပန်းများ ပွင့်အာထွက်ပေါ်နေလေသည်။

အနောက်အရပ် လိန်းဆန်းတောင်တော်ရှိ မဟာမိုးကြိုးကျောင်းတော်ကြီး၌ ရုလိုင်ဘုရားသည် ရှစ်ပေအမြင့်ရှိသော ရွှေရောင်ကိုယ်ပွားတော်ဖြင့် ကြာပလ္လင်ထက်တွင် ထိုင်တော်မူကာ နှုတ်ခမ်းတော်မှ အံ့မခန်းဖွယ်ရာ ဇင်ဉာဏ်ပညာ တရားတော်များကို ရွတ်ဆိုနေလေသည်။

အောက်ဘက်တွင် ထိုင်နေကြသော များပြားလှစွာသော ဘုရားများ၊ ဗောဓိသတ်များနှင့် ရဟန္တာများအားလုံးမှာ မှော်ပညာဖြင့် ဖမ်းစားခံရသည့်အလား ဗုဒ္ဓတရားတော်၏ သိမ်မွေ့နက်နဲလှသော အနှစ်သာရများထဲတွင် နစ်မြောနေကြပြီး ငြိမ်းချမ်းတည်ကြည်လှသော အငွေ့အသက်တစ်ခုကို ဖန်တီးထားလေသည်။

ဗုဒ္ဓတရားတော်၏ နက်နဲမှုများထဲတွင် နစ်မြောနေကြကာ နေ့၊ရက်နှင့် လများ ကုန်ဆုံးသွားသည်ကိုပင် ဂရုမထားမိကြချေ။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ ထူးကဲသော နိမိတ်လက္ခဏာများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရုလိုင်ဘုရား၏ တရားဟောကြားသံများ ရပ်တန့်သွားချိန်မှသာ အချိန်မည်မျှ ကုန်ဆုံးသွားကြောင်း သတိထားမိကြတော့သည်။

ဗောဓိသတ်များနှင့် ဗုဒ္ဓကမ္ဘာမှ အခြားသော ပုဂ္ဂိုလ်များအားလုံးသည် ကြာပလ္လင်ထက်ရှိ ရုလိုင်ဘုရား၏ ရွှေရောင်ကိုယ်ပွားတော်ကို ရိုသေစွာ ဦးချကန်တော့ကြသည်။ထို့နောက် စည်းကမ်းတကျ အရိုအသေပေးကာ ထွက်ခွာသွားကြလေသည်။

"မဟာဗောဓိသတ် ကွမ်ယင်... ခေတ္တမျှ နေခဲ့ပါဦး..."

ကွမ်ယင်မှာလည်း ထွက်ခွာရန် ပြင်ဆင်နေစဉ် ရုလိုင်ဘုရားက ရုတ်တရက် မိန့်ဆိုလိုက်၏။

"မြတ်စွာဘုရား... တပည့်တော်မကို ဘာများ ညွှန်ကြားချင်လို့ပါလဲ..."

ကွမ်ယင်က လှည့်လာပြီး သူမ၏ လက်ချောင်းများကို ကြာဖူးပုံစံ လက်အုပ်ချီမိုးလျက် တည်ငြိမ်သော အမူအရာဖြင့် မေးလျှောက်လိုက်၏။

"တစ်ချိန်က ရွှေပုစဉ်းရင်ကွဲဟာ ဗုဒ္ဓတရားတော်တွေကို အရှေ့အရပ်ဆီ ဖြန့်ဝေဖို့ဆိုတဲ့ ကြီးမြတ်တဲ့ တာဝန်ကြီးကို ထမ်းဆောင်ဖို့ လူ့ပြည်မှာ လူဝင်စားခဲ့တယ်... အခုဆိုရင် သူ အရွယ်ရောက်လုနီးပါး ဖြစ်နေလောက်ပြီ မဟုတ်လား..."

ရုလိုင်ဘုရား၏ ရှစ်ပေအမြင့်ရှိ ရွှေရောင်ကိုယ်ပွားတော်ကြီးမှာ တောင်တန်းကြီးတစ်ခုအလား ခိုင်မာတည်ငြိမ်နေပြီး အမူအရာမှာလည်း အေးချမ်းလျက်ရှိကာ မိန့်ဆိုလေသည်။

"လူ့ပြည်မှာ နံ့သာတိုင်ပူဇော်ပွဲကို ကျင်းပပြီးစီးသွားပြီဖြစ်သလို သူကလည်း ဗုဒ္ဓဘာသာဂိုဏ်းကို တရားဝင် ပြန်လည်ဝင်ရောက်လာခဲ့ပါပြီ... အရှေ့အရပ်ဆီ ဗုဒ္ဓတရားတော် ဖြန့်ဝေဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ အားလုံးလည်း ပြီးစီးနေပါပြီ..."

ကွမ်ယင်က ခေါင်းအနည်းငယ် ညိတ်ကာ လျှောက်ထားလိုက်၏။

"အရှေ့အရပ် မဟာထန် အင်ပါယာကနေဆိုရင် လီပေါင်း တစ်သိန်းရှစ်သောင်းကျော် ကွာဝေးတယ်... လမ်းခရီးမှာ အန္တရာယ်များတဲ့ တောင်တန်းတွေ၊ မြစ်တွေရှိသလို၊ မရေမတွက်နိုင်တဲ့ မိစ္ဆာတွေလည်း ရှိနေတယ်..."

ရုလိုင်ဘုရားက ကွမ်ယင်အား ငုံ့ကြည့်ရင်း မိန့်တော်မူ၏။

"အန္တရာယ်များတဲ့ တောင်တွေ၊ မြစ်တွေကို သာမန်မြင်းတစ်ကောင်အနေနဲ့ ဖြတ်သန်းဖို့ဆိုတာ ခက်ခဲလွန်းပါတယ်... သူ့အတွက် ခရီးသွားလာရာမှာ ခွန်အားဖြစ်စေဖို့ နဂါးမြင်းအဖြစ် အသွင်ပြောင်းနိုင်တဲ့ အနောက်သမုဒ္ဒရာ နဂါးမင်းရဲ့ သားတော် နဂါးဖြူတစ်ကောင်ကို တပည့်တော်မ ပြင်ဆင်ထားပါတယ်... မရေမတွက်နိုင်တဲ့ မိစ္ဆာတွေအတွက်ကတော့ အစွမ်းထက်တဲ့ နတ်စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ အစောင့်အရှောက် သုံးဦးကို ရွေးချယ်သတ်မှတ်ထားပါတယ်...

ပထမတစ်ယောက်က ကောင်းကင်နဲ့ ရင်ပေါင်တန်းနိုင်တဲ့ မဟာပညာရှိကြီးပါ... ဒုတိယတစ်ယောက်က စစ်သူကြီး ထျန်းဖုန်၊ တတိယတစ်ယောက်က စစ်ဗိုလ်ချုပ် ကျွမ်လျန်ပဲ ဖြစ်ပါတယ်..."

ကွမ်ယင်သည် ကောင်းစွာ ပြင်ဆင်ထားပြီးဖြစ်ရာ ချောမွေ့စွာ ပြန်လည်လျှောက်ထားလေသည်။

"အင်း... ပြီးတော့ အနောက်ဆီသို့ သွားမယ့် ခရီးစဉ်ကြီးက အချိန်ကာလ အလွန်ကြာမြင့်လိမ့်မယ်... အန္တရာယ်များတဲ့ မြေပြင်အနေအထားတွေ၊ မိစ္ဆာတွေရဲ့ နှောင့်ယှက်မှုတွေဆိုတဲ့ ပြင်ပအန္တရာယ်တွေအပြင်၊ စိတ်နှလုံးထဲမှာလည်း အပြောင်းအလဲတွေ ရှိလာနိုင်တယ်... ခရီးစဉ်တစ်လျှောက်မှာ သူက လှပတဲ့ မိစ္ဆာမတွေ၊ ပြိုင်ဘက်ကင်း အလှပိုင်ရှင်တွေနဲ့ တွေ့ကြုံရလိမ့်မယ်..."

ရုလိုင်ဘုရားက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဆက်လက်မိန့်ဆိုလေသည်။

"အောမီတော်ဖော... အရပ်စကားမှာ 'ပင်လယ်ကြီးရဲ့ ကျယ်ပြောမှုကို မြင်ဖူးသွားရင် ရေတိမ်လေးတွေကို စိတ်မဝင်စားတော့သလို၊ ဝူတောင်တန်းပေါ်က တိမ်တိုက်တွေကို မြင်ဖူးသွားရင် သာမန်တိမ်တွေက အရေးမပါတော့ဘူး' လို့ ဆိုကြတယ်လေ... အချစ်ရေးမှာ တစ်ဦးတည်းအပေါ် သစ္စာရှိတာက အတန်ဖိုးဆုံးပဲ... အကယ်လို့ ဒီဘဝမှာ ရွှေပုစဉ်းရင်ကွဲက အမျိုးသမီးတစ်ယောက်တည်းကို ချစ်မိသွားပြီး သူ့ရဲ့ နှလုံးသားကို ပုံအပ်လိုက်မယ်ဆိုရင် တခြားဘယ်သူကမှ သူ့ကို ချဉ်းကပ်နိုင်တော့မှာ မဟုတ်ဘူး... ဒါကြောင့် အနောက်ဖက်ကိုသွားမယ့် လမ်းခရီးမှာ တခြားမြှူဆွယ်တတ်တဲ့ မိန်းမလှတွေက သူ့ရဲ့ နှလုံးသားကို အလွယ်တကူ ယိမ်းယိုင်သွားစေနိုင်မှာ မဟုတ်တော့ဘူး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖူးစာရေးနတ်မင်းဆီကနေ ရေစက်နီကြိုးတစ်ချောင်းကို တပည့်တော်မ တောင်းယူထားခဲ့ပါတယ်..."

"ဒါဆိုရင်လည်း... ဒါက တကယ်ကို ချီးကျူးစရာပါပဲ..."

***

All Chapters