အခန်း (၆၉-၇၀)
Vol. 5 Ch. 69-70
အပိုင်း(၆၉)
"အဲဒါက ဖူထူတောင်လား... ဧရာမ တောင်ကြီးပါလား..."
ကောင်းကင်နဂါး သင်္ဘောပေါ်မှနေ၍ ကျန်းလျိုသည် ဤခရီးစဉ်၏ ပန်းတိုင်ဖြစ်သော နေရာကို ငုံ့ကြည့်ရင်း သူ့ဘာသာ တိတ်တဆိတ် အံ့ဩချီးကျူးလိုက်မိလေသည်။
ခန့်မှန်းကြည့်ရသလောက် တောင်ကြီးမှာ မီတာ တစ်သောင်းခန့် မြင့်မားပုံပေါ်လေသည်။ မဟာထန် အင်ပါယာ၏ နယ်နိမိတ်အတွင်းတွင် ရာသီဥတုမှာ ယေဘုယျအားဖြင့် သာယာကောင်းမွန်သော်လည်း တောင်၏ အမြင့်ကြောင့် တောင်ထိပ်တွင်မူ ဖြူစင်သော ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေလေသည်။
"ဆင်းသက်ကြစို့..."
ဖူထူတောင်၏ နယ်မြေသို့ ရောက်ရှိသွားသောအခါ ကောင်းကင်နဂါး သင်္ဘောကို ထိန်းချုပ်နေသော ဖန်ဟိုင်ဆရာတော်သည် တဖြည်းဖြည်း စတင်ဆင်းသက်လိုက်လေသည်။
ဤမိစ္ဆာနှိမ်နင်းရေး စစ်ဆင်ရေးကို တော်ဝင်နန်းတော်မှ ဦးဆောင်ခြင်းဖြစ်ပြီး သူက ကူညီရန်သက်သက်သာ ရောက်ရှိနေခြင်း ဖြစ်လေသည်။
ကောင်းကင်နဂါး သင်္ဘော ဆင်းသက်လာသည်နှင့်အမျှ ဖူထူတောင်ခြေတွင် ကျင့်ကြံသူများစွာ စုဝေးရောက်ရှိနေကြပြီဖြစ်ကြောင်း မြင်တွေ့နိုင်ပေသည်။
မဟာဗုဒ္ဓကျောင်းတော်မှ လူများသာမက နဂါးကျားတောင်နှင့် ကျုံးနန်တောင် အစရှိသော အခြားဂိုဏ်းများမှ ကျင့်ကြံသူများကလည်း ထန်ဧကရာဇ်၏ အမိန့်တော်ကို တုံ့ပြန်သည့်အနေဖြင့် ကူညီပံ့ပိုးရန် ရောက်ရှိနေကြလေသည်။
မဟာထန် အင်ပါယာ၏ နယ်နိမိတ်အတွင်း၌ နယ်မြေများမှာ ကျယ်ဝန်းလှပြီး ကျင့်ကြံသူ ဂိုဏ်းများစွာနှင့် မိစ္ဆာအင်အားစုများ ပို၍ပင် များပြားစွာ ရှိနေကြသည်။သို့သော်လည်း ဩဇာအာဏာအကြီးမားဆုံး အင်အားစုကို ပြပါဆိုလျှင် မဟာထန် အင်ပါယာ၏ တော်ဝင်နန်းတော်သာ ဖြစ်ရပေမည်။
ကောင်းကင်နဂါး သင်္ဘော ဆင်းသက်လာသည်နှင့်အမျှ အောက်ဘက်ရှိ ကျင့်ကြံသူများက ရှေ့သို့ထွက်ကာ ကြိုဆိုနှုတ်ခွန်းဆက်ကြလေသည်။ ဗုဒ္ဓဘာသာဂိုဏ်း၏ အထင်ရှားဆုံး ကျောင်းတော်ဖြစ်သည်နှင့်အညီ မဟာဗုဒ္ဓကျောင်းတော်၏ ဂုဏ်သတင်းမှာ မဟာထန် အင်ပါယာ တစ်ခွင်လုံးတွင် တကယ်ပင် ကျော်ကြားလှပေသည်။
အခြားအချက်များကို ဘေးဖယ်ထားလျှင်ပင်... မဟာဗုဒ္ဓကျောင်းတော်မှ လူများ ကောင်းကင်နဂါး သင်္ဘောပေါ်မှ ဆင်းသက်လာသည်ကို မြင်တွေ့ရုံဖြင့်ပင် သူတို့၏ အဆင့်အတန်းကို ဖော်ပြနေပေသည်။ အခြားသော ဂိုဏ်းများတွင် ဤမျှ ကြီးကျယ်ခမ်းနားသော ခရီးသွား ဓမ္မရတနာမျိုး မရှိကြချေ။
ဖန်ဟိုင်ဆရာတော်နှင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးမှာ အချင်းချင်း အရိုအသေပေး နှုတ်ဆက်ကြပြီးနောက် ရင်းနှီးကျွမ်းဝင်သူ အများအပြားမှာ စကားလက်ဆုံ ကျနေကြလေသည်။
အခြားသော ဗုဒ္ဓဘာသာဂိုဏ်းများမှ တပည့်များသာမက တာအိုဘာသာဂိုဏ်းများမှ တပည့်များပင်လျှင် သူတို့၏ စကားဝိုင်းများကြားတွင် နံ့သာတိုင်ပူဇော်ပွဲမှ နံ့သာတိုင်အမာရွတ် ကိုးခုပိုင်ရှင် တောက်ကျိနှင့် နံ့သာတိုင်အမာရွတ် ဆယ့်နှစ်ခုပိုင်ရှင် ရွှမ်ကျန်းတို့အကြောင်းကို ထည့်သွင်းပြောဆိုနေကြလေသည်။
ထိုအထဲတွင် ရွှမ်ကျန်းက အာရုံအစိုက်ခံရဆုံး ဖြစ်နေ၏။
နံ့သာတိုင်အမာရွတ် ဆယ့်နှစ်ခုရှိသော ဗုဒ္ဓဘာသာဂိုဏ်းဝင် တပည့်ဆိုသည်မှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးချေ။ ၎င်းမှာ အနောက်ကမ္ဘာမှ ဗောဓိသတ်တစ်ပါး လူဝင်စားခြင်း ဖြစ်မည်မှာ အသေအချာပင်တည်း။
ထို့အပြင် လုံဟိုင်ဆရာတော်က ရွှေတစ်သောင်း ဆုချီးမြှင့်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သော ကျန်းလျိုနှင့် လီချွန်းဖုန်းတို့အကြားရှိ အချေအတင် ငြင်းခုံမှုမှာ အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့လေပြီ။ ထိုအချိန်က ရေးဖွဲ့ခဲ့သော ပုံသဏ္ဌာန်မဲ့ ဂါထာတော် ကိုလည်း ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံးရှိ ဘုန်းကြီးများက အမြင့်မြတ်ဆုံး ရတနာတစ်ပါးအဖြစ် မှတ်ယူထားကြလေသည်။
"ဖန်ဟိုင်ဆရာတော်... ရွှမ်ကျန်းဆရာတော်က ကျင်းဆန်းကျောင်းတော်ကို ပြန်သွားပြီး ပုံသဏ္ဌာန်မဲ့ ဂါထာတော်ကို ချန်ရစ်ခဲ့ပြီးနောက် အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်ကွယ်သွားတယ်လို့ ကြားရတယ်... အခု သူ ဘယ်လိုနေနေပါသလဲ..."
အဆင့်မြင့် ဘုန်းတော်ကြီးတစ်ပါးက ဖန်ဟိုင်ဆရာတော်အား လက်အုပ်ချီလျက် မေးမြန်းလိုက်၏။
ကျန်းလျိုမှာ နံ့သာတိုင်ပူဇော်ပွဲကို ယခုလေးတင် ဖြတ်သန်းထားသော ကိုရင်လေးတစ်ပါးသာ ဖြစ်သေးသော်လည်း နံ့သာတိုင်အမာရွတ် ဆယ့်နှစ်ခု ရှိနေမှုကြောင့် အဆင့်မြင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများပင်လျှင် သူ့အား "ရွှမ်ကျန်းဆရာတော်" ဟု ရိုသေစွာ ခေါ်ဝေါ်နေကြလေသည်။
"အောမီတော်ဖော... ကျင်းဆန်းကျောင်းတော်ကနေ ပြန်လာကတည်းက ရွှမ်ကျန်းက မဟာဗုဒ္ဓကျောင်းတော်မှာ တံခါးပိတ် ကျင့်ကြံပြီး အလွန်ခက်ခဲကြမ်းတမ်းတဲ့ ကျင့်စဉ်တွေကို အားထုတ်နေပါတယ်..."
ဖန်ဟိုင်ဆရာတော်က မေးမြန်းလာသော ဘုန်းကြီးများအား ပြန်လည်ဖြေကြားလိုက်၏။
တံခါးပိတ် ကျင့်ကြံနေသည်ဟူသောအချက်မှာ အမှန်တကယ်ပင် မှန်ကန်လှပြီး မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ခြင်းမှာလည်း ထိုကဲ့သို့သော တံခါးပိတ်ကျင့်ကြံမှုမျိုးပင် ဖြစ်လေသည်။ ကွာခြားချက်မှာ သူက ဗုဒ္ဓတရားတော်များကို ကျင့်ကြံနေခြင်းမဟုတ်ဘဲ မိစ္ဆာနှိမ်နင်းရေးနှင့် အဆိုးအညစ် ဖယ်ရှားရေး နည်းလမ်းများကို ကျင့်ကြံနေခြင်းသာ ဖြစ်ပေသည်။
"ဒါဆိုရင်လည်း... ရွှမ်ကျန်းဆရာတော် တံခါးပိတ်ကျင့်ကြံမှုကနေ ထွက်လာမယ့်နေ့ကျရင် မဟာဗုဒ္ဓကျောင်းတော်ကို လာပြီး သေချာပေါက် အရိုအသေပေးပါ့မယ်..."
ဘုန်းတော်ကြီးက နားလည်စွာဖြင့် ခေါင်းညိတ်ရင်း ပြောလိုက်၏။ ဖန်ဟိုင်ဆရာတော်၏ စကားများအရ သူက ရွှမ်ကျန်းဆရာတော်မှာ တံခါးပိတ် ကျင့်ကြံနေဆဲဖြစ်ပြီး အပြင်သို့ မထွက်လာသေးဟု ရှင်းလင်းစွာ ယုံကြည်သွားလေသည်။
ထိုစကားများအပေါ်တွင် ဖန်ဟိုင်ဆရာတော်၏ မျက်နှာ၌ အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာပြီး ထပ်မံ၍ ရှင်းပြမနေတော့ချေ။
အမှန်စင်စစ်... သူ၏ ပြောဆိုချက်မှာ ရွှမ်ကျန်း တံခါးပိတ် ကျင့်ကြံနေဆဲဟု အရိပ်အမြွက်ပေးကာ တမင်တကာ ဝေဝါးအောင် ပြောဆိုထားခြင်း ဖြစ်လေသည်။ ဖူထူတောင်ပေါ်တွင် မိစ္ဆာနှိမ်နင်းရမည့် ရွှမ်ကျန်း၏ လက်ရှိတာဝန်မှာ လူအများသိအောင် တွင်ကျယ်စွာ ကြေညာထားရမည့် ကိစ္စမျိုး မဟုတ်ချေ။
ဤသတင်းကိုသာ မိစ္ဆာများ သိရှိသွားပါက မည်သို့တွေးကြမည်ကို ထည့်မပြောလျှင်တောင်မှ ဗုဒ္ဓဘာသာဂိုဏ်းများနှင့် တာအိုဘာသာဂိုဏ်းများအကြားရှိ ပြိုင်ဆိုင်မှုများကိုလည်း သတိထားရမည် ဖြစ်လေသည်။
ကျန်းလျိုသည် ဖန်ဟိုင်ဆရာတော်၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး ထိုစကားပြောဆိုမှုများကို ရှင်းလင်းစွာ ကြားနေရ၏။ စကားအနည်းငယ် ပြောလိုက်ရုံဖြင့် အကြောင်းအရာက သူ့ထံသို့ အမှတ်မထင် ရောက်ရှိလာတတ်သဖြင့် သူ၏ လက်ရှိ နာမည်ကျော်ကြားမှုကို ကျန်းလျို အမှန်တကယ်ပင် ခံစားလိုက်ရလေသည်။
နံ့သာတိုင်ပူဇော်ပွဲ ပြီးဆုံးသွားသည်မှာ အချိန်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သလို ထိုအချိန်မှစ၍ သူသည် သီးသန့်ဆန်သော ဘဝကိုသာ နေထိုင်ခဲ့သော်လည်း လက်ရှိအခြေအနေများက ပြောပြနေသည်မှာ
‘ကိုယ်တော်က လောကကြီးထဲမှာ မရှိနေပေမယ့်… ကိုယ်တော့်ရဲ့ ဒဏ္ဍာရီ ပုံပြင်တွေကတော့ လောကကြီးထဲမှာ ဆက်လက် ပျံ့နှံ့နေဆဲပဲ…'
ဟူ၍ပင် ဖြစ်လေသည်။
ဒုန်း... ဒုန်း... ဒုန်း...
ဖူထူတောင်ခြေတွင် အပြန်အလှန် စကားပြောဆိုနေကြပြီးနောက် မကြာမီမှာပင် မိုးကုတ်စက်ဝိုင်းဆီမှ စစ်စည်တော်တီးခတ်သံများ ပဲ့တင်ထပ်လာသည်။ ထို့နောက် ခမ်းနားထည်ဝါလှသော နန်းတော်တစ်ခုအလား ပျံသန်းရေးရေယာဉ်ကြီး တစ်စင်း ထွက်ပေါ်လာတော့၏။ အခြားမဟုတ် မဟာထန် အင်ပါယာ၏ ကောင်းကင် သူတော်စင် ခန်းမဆောင်မှ ရောက်ရှိလာခြင်းပင် ဖြစ်လေသည်။
သူတို့၏ ရည်ရွယ်ချက်မှာ မိစ္ဆာနှိမ်နင်းရေးနှင့် အဆိုးအညစ် ဖယ်ရှားရေး ဖြစ်သောကြောင့် ကောင်းကင် သူတော်စင် ခန်းမဆောင်တွင် တိတ်တဆိတ် ဝင်ရောက်လာရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ချေ။ ဧကရာဇ်၏ အမိန့်တော်ဖြင့် လာရောက်ခြင်းဖြစ်ရာ အဘယ်ကြောင့် လျှို့ဝှက်စွာ လှုပ်ရှားနေရမည်နည်း။
ထို့ကြောင့် ပျံသန်းရေးရေယာဉ်ကြီး အနီးသို့ မရောက်လာမီမှာပင် တော်ဝင်နန်းတော်၏ ခမ်းနားကြီးကျယ်မှုကို ထုတ်ဖော်ပြသလျက် စစ်စည်တော်တီးခတ်သံများက သူတို့ ရောက်ရှိလာကြောင်းကို ကြေညာနေလေသည်။
ထိုနည်းတူစွာပင် ကောင်းကင် သူတော်စင် ခန်းမဆောင်၏ ပျံသန်းရေးယာဉ်ကြီးက ဖူထူတောင်အနီးသို့ ဆင်းသက်လာ၏။ ကောင်းကင် သူတော်စင် ခန်းမဆောင်မှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ယာဉ်ပေါ်မှ ဆင်းလာကြလေသည်။
ကောင်းကင် သူတော်စင် ခန်းမဆောင်မှ လူများကို ကျန်းလျို စောင့်ကြည့်နေစဉ် မီးကဲ့သို့ နီရဲသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ရဲရင့်သောဟန်ပန်ရှိသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် သူ၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားကာ ဖမ်းစားခံလိုက်ရလေသည်။ ထိုသူမှာ အခြားမဟုတ် မင်းသမီး ကောင်းယန်ပင် ဖြစ်၏။
ထိုနည်းတူစွာပင် ကျန်းလျိုသည်လည်း မင်းသမီး ကောင်းယန်၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့လေသည်။ သူတို့နှစ်ဦး၏ အကြည့်များ ဆုံတွေ့သွားချိန်တွင်မူ ပတ်ဝန်းကျင်ရှိ အရာအားလုံးက အရေးမပါတော့သည့်အလား မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
...
ဖူထူတောင်ထိပ်၌ ဖြူလွှလွှ ဆီးနှင်းများက ကျယ်ပြောစွာ ဖုံးလွှမ်းနေသည်။ ချောက်ကမ်းပါးစွန်းတစ်ခုတွင် မသေမျိုးဆေးပင်တစ်ပင် ပေါက်ရောက်နေပြီး ရေခဲလေပြင်းများကြားတွင် မားမားမတ်မတ် ရပ်တည်လျက် လေနှင့်အတူ ယိမ်းနွဲ့နေလေသည်။
ဤမသေမျိုးဆေးပင်မှာ တစ်လက်မခန့်သာ မြင့်ပြီး သာမန်ပုံပေါက်သော်လည်း ၎င်းအပင်ပေါ်တွင် နဂါးမျက်လုံး အရွယ်အစားခန့်ရှိသော ပယင်းရောင်သစ်သီးတစ်လုံး တွဲလောင်းကျနေ၏။ ထိုသစ်သီးထံမှ ထူးခြားသော ရနံ့တစ်မျိုး ထွက်ပေါ်နေပြီး တစ်ချက် ရှူရှိုက်လိုက်ရုံဖြင့် စိတ်နှလုံးကို လန်းဆန်းသွားစေလေသည်။
အထူးဆန်းဆုံးအချက်မှာ ထိုအနီရဲရဲ သစ်သီးပေါ်တွင် သဘာဝအလျောက် ရွှေရောင်ပုံစံများ ရှိနေပြီး ဆန်းကြယ်စွာပင် သေးငယ်သော “ကျား” အက္ခရာ ပုံဖော်ထားခြင်းပင် ဖြစ်၏။
ဤဆေးပင်ငယ်လေးဘေးတွင် သက်တောင့်သက်သာ ထိုင်နေသော အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်ရှိ အဘိုးအိုတစ်ဦး ရှိနေသည်။ သူ၏ ဆံပင်နှင့် မုတ်ဆိတ်များမှာ သွေးကဲ့သို့ နီရဲနေပြီး ကြမ်းကြုတ်ရက်စက်သော အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။
အဘိုးအိုသည် ဆေးပင်ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏ လောဘရမ္မက်ကြီးမားသော အကြည့်များက အပေါ်ရှိ သစ်သီးငယ်လေးထံသို့ မကြာခဏ ရောက်ရှိသွားတတ်လေသည်။
အဝေးမှ ခြေသံများ ပဲ့တင်ထပ်လာပြီးနောက် မကြာမီမှာပင် အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော မိစ္ဆာတစ်ကောင် ချဉ်းကပ်လာလေသည်။
ဤမိစ္ဆာမှာ လူခန္ဓာကိုယ်နှင့် ယုန်ခေါင်း ရှိပြီး ၎င်း၏ နားရွက်များမှာ ချွန်ထက်ကာ ရှည်လျားလေသည်။ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အမွေးအမျှင်များက တကယ့်ကို လှပသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေ၏။
"ရွှမ်းရွှဲ့... အပြင်ဘက် အခြေအနေ ဘယ်လိုရှိလဲ..."
နီရဲသော ဆံပင်နှင့် မုတ်ဆိတ်များရှိသည့် အဘိုးအိုက သစ်သီးထံမှ အကြည့်မလွှဲဘဲ မေးလိုက်၏။
"အရှင်မင်းကြီး... ရေနဂါးမိစ္ဆာမင်းက သူ့ရဲ့ နောက်လိုက်တွေကို ခေါ်လာရုံတင်မကဘူး မဟာထန် အင်ပါယာက ကောင်းကင် သူတော်စင် ခန်းမဆောင်က လူတွေလည်း ရောက်လာကြပြီ..."
မိစ္ဆာ ရွှမ်းရွှဲ့က ပြန်ဖြေလိုက်ပြီးနောက် အနည်းငယ် တုံ့ဆိုင်းသွားကာ ဆက်ပြောလိုက်သည်။
"ကျွန်တော်မျိုး ပွင့်ပွင့်လင်းလင်း ပြောရရင်... ဖူထူတောင်ပေါ်မှာ ဒီလောက်နှစ်တွေ အကြာကြီး နေလာခဲ့တာတောင် ကျွန်တော်တို့ ကျားဇီသစ်သီးကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး... အခု ရုတ်တရက်ကြီး ဘာအရိပ်အယောင်မှ မရှိဘဲ မှည့်တော့မယ့် အနေအထားကို ရောက်နေတာဆိုတော့… တစ်ခုခု မှားယွင်းနေပြီလို့ စိုးရိမ်မိပါတယ်..."
"ဘယ်လို လျှို့ဝှက်ချက်တွေပဲ ရှိနေပါစေ ဒီကျားဇီသစ်သီးကို ငါ ရကိုရရမယ်... မှည့်ဖို့ ရက်အနည်းငယ်လောက်ပဲ လိုတော့တာ ဒါကို စားပြီးသွားရင် ငါ့အတွက် နောက်ထပ် ကျားဇီတစ်ခေါက်စာ (နှစ် ၆၀) သက်တမ်းတိုးလာလိမ့်မယ်... အဲဒီလိုဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းရည်ကလည်း နောက်ထပ် အဆင့်တစ်ဆင့်ကို သေချာပေါက် တက်လှမ်းနိုင်ပြီး ဒီရုပ်ခန္ဓာကို စွန့်ခွာနိုင်လိမ့်မယ်... ဒီလို အရေးကြီးတဲ့ အချိန်မှာ… ဘယ်သူမှ ငါ့လမ်းကို လာမပိတ်စေရဘူး..."
အဘိုးအိုက သူ၏ လက်ကို ဝှေ့ယမ်းကာ အာဏာပါသော လေသံဖြင့် ကြေညာလိုက်၏။
အဘိုးအို၏ ပြတ်သားသော စကားများကို ကြားလိုက်ရသောအခါ ဘေးတွင်ရှိသော မိစ္ဆာ ရွှမ်းရွှဲ့သည် တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။
သက်တမ်းဆိုသည်မှာ မရေမတွက်နိုင်သော သတ္တဝါများ ရှောင်လွှဲ၍မရနိုင်သည့် အကြောင်းအရာတစ်ခု ဖြစ်သည်။ မိစ္ဆာများသာမက ကောင်းကင်ယံမှ မသေမျိုး နတ်မင်းများပင်လျှင် ဆုတ်ယုတ်ခြင်း ငါးပါးကို ခံစားကြရသည်ပင်။ အချိန်ကျလာပါက မသေမျိုးနတ်မင်းများပင်လျှင် ကြွေလွင့်ရမည်သာ ဖြစ်၏။
အရှင်မင်းကြီး၏ သက်တမ်းမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ရာ မသေမျိုးသစ်သီးထံမှ ရရှိနိုင်မည့် သက်တမ်းတိုးစေခြင်းဟူသော မြှူဆွယ်မှုမှာ တကယ်ပင် ငြင်းဆန်၍မရနိုင်ချေ။
"ရွှမ်းရွှဲ့... အဲဒီ ငါးရှဉ့်အိုကြီးနဲ့ ကောင်းကင် သူတော်စင် ခန်းမဆောင်က လူတွေ ရောက်လာပြီဆိုမှတော့… ဖူထူတောင်က မိစ္ဆာတွေကို ဦးဆောင်ပြီး တိုက်ပွဲဝင်ဖို့ သွားချေ... အသာစီးရဖို့အတွက် အရင်ဆုံး ဝင်တိုက်... ငါးရှဉ့်အိုကြီးရဲ့ မိစ္ဆာတွေနဲ့ ကောင်းကင် သူတော်စင် ခန်းမဆောင်က လူတွေ ငါတို့ကို ပူးပေါင်းပြီး တိုက်လိမ့်မယ်လို့ ငါ မယုံဘူး... ငါတို့မှာ ဖူထူတောင်ဆိုတဲ့ နယ်မြေအသာစီး ရထားတယ်… ကျားဇီသစ်သီး မှည့်လာတဲ့အထိ မင်း အချိန်ဆွဲထားနိုင်ဖို့ပဲ မျှော်လင့်တယ်..."
အဘိုးအိုက အမိန့်ပေးလိုက်လေတော့၏။
***
အပိုင်း(၇၀)
တစ်ချိန်တည်းမှာပင်… ဖူထူတောင်ခြေ အောက်ဘက်၌ ကောင်းကင် သူတော်စင် ခန်းမဆောင်မှလူများ ရောက်ရှိနေကြလေပြီ။ သူတို့ကိုဦးဆောင်လာသူမှာ ဓားကိုင်ထားသော အသက်ကြီးကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူသည် ကျင်းဆန်းကျောင်းတော် တိုက်ခိုက်ခံရစဉ်က မျက်လုံးသုံးလုံး ကျီးကန်းကို ဓားတစ်ချက်တည်းဖြင့် သုတ်သင်နိုင်ခဲ့သော ဓားကိုင်အဘိုးအိုပင် ဖြစ်လေသည်။
ဖန်ဟိုင်ဆရာတော် အစရှိသော ပုဂ္ဂိုလ်များအားလုံးက ဓားကိုင်အဘိုးအိုကို နှုတ်ခွန်းဆက်သလိုက်ကြ၏။ ထန်ဧကရာဇ်၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဓားကိုင်အဘိုးအိုကလည်း ဂိုဏ်းကြီးများ၏ ပူးပေါင်းပါဝင်မှုအတွက် ဧကရာဇ်၏ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့လေသည်။
ယခု ဖူထူတောင်ခြေတွင် ပြင်ဆင်စရာ သိပ်မရှိတော့ချေ။ သတင်းအချက်အလက်များအရ ရေနဂါးမိစ္ဆာမင်း ဦးဆောင်သော မိစ္ဆာများသည်လည်း တောင်ပေါ်တွင် စုဝေးနေကြပြီ ဖြစ်လေသည်။
"အောမီတော်ဖော... ဓားကိုင်အဘိုးအို... ကျုပ် နားမလည်တဲ့ ကိစ္စတစ်ခုရှိလို့ ရှင်းပြပေးစေချင်ပါတယ်... မိစ္ဆာမင်းတွေကြားမှာ နယ်မြေလုတဲ့ ပဋိပက္ခတွေက တစ်ခါတလေ ရှိတတ်တယ်ဆိုပေမယ့်… ပုံမှန်အားဖြင့်တော့ သူတို့က ထိန်းထိန်းသိမ်းသိမ်း ရှိကြပါတယ်... ဘာဖြစ်လို့ ဒီတစ်ခါ ကျားမိစ္ဆာမင်းနဲ့ ရေနဂါးမိစ္ဆာမင်းတို့က သေမလိုရှင်မလို ရန်ငြိုးဖွဲ့တဲ့အထိ ဖြစ်သွားရတာလဲ..."
တောင်ပေါ်သို့ မတက်မီ ဖန်ဟိုင်ဆရာတော်က ဗုဒ္ဓဂါထာကို ရွတ်ဆိုလိုက်ပြီးနောက် ဤမေးခွန်းကို ဓားကိုင်အဘိုးအိုအား မေးမြန်းလိုက်၏။ ထိုအမေးမှာ လူတိုင်း၏ စိတ်ထဲရှိ သံသယများကိုလည်း ထင်ဟပ်နေလေသည်။
"အမှန်အတိုင်း ပြောရရင်... ဘာအကြောင်းကြောင့်လဲဆိုတာ ကျုပ်လည်း မသိပါဘူး..."
ဓားကိုင်အဘိုးအိုက မျက်နှာတွင် နားမလည်နိုင်သော အမူအရာဖြင့် ပြန်ဖြေလိုက်၏။ သူက ခေါင်းခါလိုက်ပြီး အမှန်တကယ်ပင် ရေနဂါးမိစ္ဆာမင်းနှင့် ကျားမိစ္ဆာမင်းတို့၏ ပဋိပက္ခမှာ ဆန်းကြယ်စွာပင် သေပွဲဝင်တိုက်ပွဲဖြစ်နေကြောင်း ဝန်ခံလိုက်လေသည်။
"ကောင်းပါပြီ... အမှန်တရားက ဘာပဲဖြစ်နေပါစေ ငါတို့ တောင်ပေါ်တက်ပြီး ကျားမိစ္ဆာမင်းနဲ့ ရေနဂါးမိစ္ဆာမင်းတို့ကို ရင်ဆိုင်လိုက်တဲ့အခါ နားလည်သွားမှာပါ..."
ဓားကိုင်အဘိုးအို၏ အမှန်တကယ် နားမလည်နိုင်ဖြစ်နေမှုကို လက်ခံလိုက်ကာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖန်ဟိုင်ဆရာတော်က ခေါင်းညိတ်ရင်း ပြောလိုက်၏။
ချက်ချင်းဆိုသလိုပင် ကောင်းကင် သူတော်စင် ခန်းမဆောင်မှ လူများ ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် ဖူထူတောင်ပေါ်သို့ တိုက်ရိုက် ဦးတည်တက်လှမ်းသွားကြလေတော့သည်။
မဟာဗုဒ္ဓကျောင်းတော်၏ အဖွဲ့တွင် ကျန်းလျိုသည် ဖန်ဟိုင်ဆရာတော်ပြီးလျှင် အဆင့်အမြင့်ဆုံးဖြစ်သောကြောင့် ရှေ့ဆုံးနားတွင် ကပ်ပါလာသော်လည်း ကောင်းကင် သူတော်စင် ခန်းမဆောင် အဖွဲ့မှ ကောင်းယန်သည် ခြေလှမ်းများကို တမင်တကာ နှေးကွေးစေကာ နောက်ဆုံးအစွန်တွင် နေနေခဲ့လေသည်။
လူတိုင်းက စောင့်ကြည့်နေကြသော်လည်း ကျန်းလျိုနှင့် ကောင်းယန်တို့သည် အချင်းချင်း နှုတ်ခွန်းဆက်ခြင်း စကားပြောခြင်းမျိုး မပြုလုပ်ခဲ့ကြပေ။ သို့ရာတွင် အလိုအလျောက် သိစိတ်ဖြင့်ပင် ဖြစ်နိုင်သမျှ အကွာအဝေးအတွင်း အချင်းချင်း နီးကပ်စွာ ရွေ့လျားသွားလာနေခဲ့ကြ၏။
"လူကြီးမင်းတို့... ဒီနေရာက ဖူထူတောင်ရဲ့ နယ်မြေဖြစ်ပါတယ်... ခင်ဗျားတို့ကို နောက်ဆုတ်သွားဖို့ အကြံပေးပါရစေ..."
အဖွဲ့သားများ တောင်တစ်ဝက်ခန့်သို့ ရောက်ရှိချိန်တွင် ရုတ်တရက်ဆိုသလို အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာလေသည်။
ထိုအသံနှင့်အတူ ဖူထူတောင်ပေါ်မှ ပုံသဏ္ဌာန်အမျိုးမျိုးရှိသော မိစ္ဆာသတ္တဝါများ ဒီရေအလား လှိမ့်ဆင်းလာပြီး လူတိုင်း၏ လမ်းခရီးကို ပိတ်ဆို့လိုက်ကြတော့သည်။
ဤမိစ္ဆာများကြားတွင် ခြင်္သေ့အုပ်များ၊ ကြမ်းကြုတ်သော ကျားများသာမက ဆိတ်များနှင့် ယုန်များလည်း ပါဝင်ကာ အမျိုးအစား အလွန်စုံလင်လှပေသည်။
အချို့သော မိစ္ဆာသတ္တဝါများမှာ အရွယ်အစား ဧရာမကြီးမားပြီး အချို့သော မိစ္ဆာစစ်သည်များမှာ မတ်တတ်လျှောက်နိုင်ကြကာ အချို့သော မိစ္ဆာစစ်ဗိုလ်များဆိုလျှင် လေ၊ မီး၊ မိုးကြိုးနှင့် လျှပ်စီး အစရှိသော ထူးဆန်းသည့် ဂါထာမန္တန်များကိုပင် အသုံးပြုနိုင်စွမ်းရှိပြီး ပြိုင်ဘက်များကို ခြောက်လှန့်ဟန့်တားနိုင်ရန် မျှော်လင့်ချက်ဖြင့် သူတို့၏ အစွမ်းသတ္တိများကို ထုတ်ဖော်ပြသနေကြလေသည်။
ပုံသဏ္ဌာန်ထူးဆန်းသော ဤမိစ္ဆာသတ္တဝါအုပ်စု၏ ရှေ့တွင်တော့ သားရဲခေါင်းနှင့် လူကိုယ်လုံးရှိသော မိစ္ဆာစစ်သူကြီး သုံးဦးက လူတိုင်း၏ လမ်းကို ပိတ်ဆို့ရပ်တန့်နေလေသည်။
ခြင်္သေ့တစ်ကောင်၊ ဆိတ်တစ်ကောင်နှင့် ယုန်တစ်ကောင်...
ဤသားရဲခေါင်းနှင့် စစ်သူကြီးသုံးဦးစလုံးမှာ မိစ္ဆာစစ်သူကြီး အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ကြောင်း အထင်အရှားပင် ဖြစ်လေသည်။
"ဒီတော့ မင်းတို့က နာမည်ကျော်ကြားလှတဲ့ သွေးကျား မိစ္ဆာမင်း လက်အောက်က မိစ္ဆာစစ်သူကြီး သုံးဦးကိုး..."
ဤမိစ္ဆာသတ္တဝါများ လမ်းပိတ်ထားသည်ကို မြင်လိုက်ရသောအခါ ကျင့်ကြံသူ အများအပြားသည် သူတို့၏ လက်နက်များကို ဆုပ်ကိုင်လျက် အသင့်အနေအထား ပြင်ဆင်လိုက်ကြသည်။ ဓားကိုင်အဘိုးအိုက ရှေ့သို့ ခြေလှမ်းအနည်းငယ် ထွက်လာကာ ရယ်မောလျှက် နှုတ်ခွန်းဆက်လိုက်လေသည်။
"ဟား ဟား ဟား... ဖူထူတောင်က မိစ္ဆာတွေ ဘယ်လောက်တောင် မောက်မာလိုက်သလဲ..."
ထိုစဉ်မှာပင်… ရုတ်တရက် အားပါးတရ ရယ်မောသံကြီးတစ်ခု ထပ်မံပဲ့တင်ထပ်လာပြီး မိစ္ဆာအုပ်စုတစ်စု ထွက်ပေါ်လာပြန်လေသည်။
သူတို့ကို ဦးဆောင်လာသူမှာ လူခန္ဓာကိုယ်နှင့် ပုစွန်ခေါင်းရှိသော မိစ္ဆာစစ်သူကြီး တစ်ဦးဖြစ်ပြီး အသံကျယ်ကြီးဖြင့် ရယ်မောကာ ပြောလိုက်၏။
"စကားပုံမှာ ဆိုထားသလိုပဲ… ကောင်းကင်အောက်က နယ်မြေအားလုံး ဧကရာဇ်နဲ့ သက်ဆိုင်တယ်တဲ့... ကောင်းကင် သူတော်စင် ခန်းမဆောင်က မဟာထန် ဧကရာဇ်ရဲ့ အလိုဆန္ဒကို ကိုယ်စားပြုတယ်ဆိုတာကိုတောင် မင်းတို့က သူတို့ကို တောင်ပေါ်တက်ခွင့် မပေးရဲဘူးဆိုတော့ မင်းတို့က ထန်ဧကရာဇ်ကို ဂရုမစိုက်တဲ့သဘောလား..."
"ရန်တိုက်ပေးဖို့ မကြိုးစားနဲ့..."
ထွက်ပေါ်လာသော ဤမိစ္ဆာအုပ်စုကို မြင်လိုက်ရသောအခါ ဖူထူတောင်မှ မိစ္ဆာစစ်သူကြီးသုံးဦးမှာ အံ့ဩဒေါသထွက်သွားကြလေသည်။
ဤမိစ္ဆာများအားလုံးမှာ ရေနဂါးမိစ္ဆာမင်း၏ အင်အားစုများ ဖြစ်ကြသည်။ သူတို့ ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သို့ဆိုလျှင် ရေနဂါးမိစ္ဆာမင်းက ဘယ်မှာလဲ။ စစ်သူကြီး သုံးဦးစလုံးမှာ အနည်းငယ် စိုးရိမ်ပူပန်လာကြတော့၏။
"မင်းတို့က ဖူထူတောင်ကို သေချင်လို့ ရောက်လာကြတာလား... မင်းတို့ရဲ့ ရေနဂါးမိစ္ဆာမင်းက သေရမှာကို အရမ်းကြောက်လွန်းလို့ ငါးရှဉ့်တစ်ကောင်လို ပုန်းကွယ်နေပြီး မင်းတို့ကို သူ့ကိုယ်စား လာအသေခံခိုင်းတာပဲ ဖြစ်ရမယ်..."
မိစ္ဆာစစ်သူကြီး ရွှမ်းရွှဲ့က ဤရေနေမိစ္ဆာမျိုးနွယ်များကို လှောင်ပြောင်လိုက်လေသည်။
"ငါတို့ရဲ့ အရှင်မင်းကြီး ဘယ်မှာလဲဆိုတာ သိချင်လို့လား... ဘာလို့ ခန့်မှန်းမကြည့်တာလဲ..."
သို့သော် ဤရေနေသတ္တဝါများမှာ တုံးအသူများ မဟုတ်ကြဘဲ မိစ္ဆာစစ်သူကြီး ရွှမ်းရွှဲ့၏ လှောင်ပြောင်မှုနောက်ကွယ်ရှိ ဆိုလိုရင်းကို ရှင်းလင်းစွာ နားလည်ထားကြလေသည်။
...
ကျန်းလျိုမှာ တိတ်ဆိတ်စွာပင် အခြေအနေကို အကဲခတ် နေခဲ့၏။မိစ္ဆာသတ္တဝါများနှင့် ကောင်းကင် သူတော်စင် ခန်းမဆောင်မှ လူများအကြား အပြန်အလှန် စကားများနေကြသည်ကို သူ သိပ်ဂရုမစိုက်သော်လည်း လက်ရှိအခြေအနေကမူ သူ့ကို အံ့အားသင့်စေခဲ့လေသည်။
လူသားကျင့်ကြံသူများ၊ ဖူထူတောင်မှ မိစ္ဆာများနှင့် ရေနေမိစ္ဆာမျိုးနွယ်များ သည် ယခုအခါ ခြေသုံးချောင်းထောက် အနေအထားကဲ့သို့ အချင်းချင်း ရင်ဆိုင်ရပ်တည်နေကြပြီ ဖြစ်၏။
သို့ပါလျက် သူတို့က နောက်ပြောင်နေသည့် အလား စကားများ အပြန်အလှန် ပြောဆိုနေကြသေးသည်။ တိုက်ပွဲအတွင်း အဓိပ္ပာယ်မရှိသော စကားများ ပြောဆိုခြင်းမှာ သူတို့၏ သဘာဝပင်လော။ သို့မဟုတ် တစ်စုံတစ်ယောက်ကများ အချိန်ဆွဲရန် တမင်သက်သက် ကြိုးစားနေခြင်းလော။
ဝုန်း...
ရုတ်တရက် မြေကြီးတုန်ခါသွားပြီးနောက် ဖူထူတောင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာကာ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားလေသည်။
သူတို့ အပေါ်သို့ မော့ကြည့်လိုက်သောအခါ ဖူထူတောင်ထိပ်တွင် နဂါးနှင့် ကျား တိုက်ခိုက်နေသော မြင်ကွင်းတစ်ခု ဖြစ်နေလေတော့သည်။
"ရေနဂါးမိစ္ဆာမင်းနဲ့ ကျားမိစ္ဆာမင်းတို့ တိုက်ပွဲစနေကြပြီလား..."
ဖန်ဟိုင်ဆရာတော်နှင့် အခြားသူများ၏ မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်လွင်နေလေသည်။
ဓားကိုင်အဘိုးအိုနှင့် ဖန်ဟိုင်ဆရာတော်တို့သည် အချင်းချင်း အံ့ဩတကြီး ကြည့်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
ကောင်းကင် သူတော်စင် ခန်းမဆောင်နှင့် ရေနေမိစ္ဆာအုပ်စုများ ရောက်ရှိလာခြင်းကပင် အံ့ဩစရာကောင်းနေပြီဖြစ်သော်လည်း သွေးကျား မိစ္ဆာမင်းမှာ ဖူထူတောင်အတွင်း ပုန်းအောင်းနေပြီး ထွက်မလာခဲ့ချေ။
ယခုအခါတွင် ရေနေမိစ္ဆာအုပ်စုများ ဖူထူတောင်သို့ ရောက်ရှိနေပြီဖြစ်ကာ ထိုနည်းတူစွာပင် ရေနဂါးမိစ္ဆာမင်းသည်လည်း နောက်တွင် ကျန်ရစ်မနေခဲ့ဘဲ သွေးကျား မိစ္ဆာမင်းနှင့် တစ်ယောက်ချင်း တိုက်ခိုက်ရန် ဖူထူတောင်ထိပ်သို့ လျှို့ဝှက်စွာ တက်သွားခဲ့လေသည်လား။
ကြည့်ရသည်ပက ရေနဂါးမိစ္ဆာမင်းနှင့် ကျားမိစ္ဆာမင်းတို့ နှစ်ဦးစလုံးက ကောင်းကင် သူတော်စင် ခန်းမဆောင်မှ လူများကို တောင်တစ်ဝက်တွင် တမင်တကာ ဟန့်တားထားခဲ့ပုံပေါ်လေသည်။
သို့ဆိုလျှင် အခြားသူများကို အသိပေး၍မရနိုင်လောက်အောင် သူတို့တွင် မည်သို့သော လျှို့ဝှက်ချက်များ ရှိနေသနည်း။
အကြည့်ချင်း ဖလှယ်ပြီးနောက် သွေးကျား မိစ္ဆာမင်းနှင့် ရေနဂါးမိစ္ဆာမင်းတို့တွင် တမင်တကာ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်တစ်ခု ရှိနေကြောင်းကို ဓားကိုင်အဘိုးအိုနှင့် ဖန်ဟိုင်ဆရာတော်တို့ နှစ်ဦးစလုံး ခံစားမိလိုက်ကြသည်။ ထိုလျှို့ဝှက်ချက်ကို တောင်ထိပ်သို့ ရောက်ရှိပါက မြင်တွေ့ရမည်မှာ အသေအချာပင် ဖြစ်လေသည်။
ထို့ကြောင့် သဘောတူ ခေါင်းညိတ်လိုက်ကြပြီး ဓားကိုင်အဘိုးအိုနှင့် ဖန်ဟိုင်ဆရာတော်တို့မှာ စကားအပိုများ မပြောနေကြတော့ချေ။ သူတို့သည် အတူတကွ လှုပ်ရှားလိုက်ကြပြီး ကောင်းကင် သူတော်စင် ခန်းမဆောင်နှင့် အခြားသော ကျင့်ကြံသူများကို ဦးဆောင်ကာ တောင်ထိပ်ဆီသို့ အလျင်အမြန် တက်လှမ်းသွားကြလေတော့သည်။
ဖူထူတောင်နှင့်ရေနေမိစ္ဆာအုပ်စုမှ မိစ္ဆာများအားလုံးသည် အချိန်ဆွဲရန်အတွက် အလကား လေကန်နေရခြင်းကို သဘောကျနေခဲ့ကြ၏။
သို့ရာတွင် ဤလူသားများက တိုက်ရိုက် စတင်လှုပ်ရှားလာသည်ကို မြင်လိုက်ရသောအခါ မိစ္ဆာများမှာ အသေခံရန် စောင့်မနေကြတော့ဘဲ အော်ဟစ်သံများနှင့်အတူ ပြန်လည်တိုက်ခိုက်ကြတော့သည်။
ချက်ချင်းဆိုသလိုပင် သုံးပွင့်ဆိုင် အကြိတ်အနယ် တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပွားသွားပြီး ဖူထူတောင်မှာ ဖရိုဖရဲ စစ်မြေပြင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
***