← Chapters

အခန်း (၇၅-၇၆)

Vol. 6 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 6 Ch. 75-76

အပိုင်း(၇၅)

"ကျန်းလျို ... ဘာလို့ ဘာမှမပြောတာလဲ ... အခု ရှင် ရထားတဲ့ နာမည်ဂုဏ်သတင်းတွေကို နှမြောနေတာလား ..."

ကျန်းလျို တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကောင်းယန်က စိတ်ဆိုးမာန်ဆိုးဖြင့် မေးလိုက်သည်။

"ငါက အဲဒီလိုလူမျိုးလား ..."

ကောင်းယန် စိတ်ဆိုးနေသည်ကို မြင်သောအခါ ကျန်းလျိုက ခေါင်းခါယမ်းရင်း ပြောလိုက်သည်။

သူသည် စကားပြောရင်း စိတ်ကို ပြန်လည် စုစည်းလိုက်၏။ အနောက်ဘက်သို့ ခရီးစတင်မည့်ကိစ္စက မစတင်ရသေးသဖြင့် ထုတ်ဖော်ပြော၍ မရသေးပေ။

"ငါ့မှာ နံသာတိုင် အမာရွတ် ၁၂ ခု ရှိနေတာကို မင်းသိပါတယ် ... ငါက အနောက်ဘက် ကောင်းကင်ဘုံက ဘုရားလောင်းတစ်ပါးရဲ့ လူဝင်စား ဖြစ်ရမယ် ... ဘာလို့ လူဝင်စားရတာလဲ ... ငါ့မှာ အလွန်အရေးကြီးတဲ့ တာဝန်တစ်ခု ရှိနေလို့ ဖြစ်လိမ့်မယ် ... တကယ်လို့ ငါ အခုထွက်ပြေးပြီး နာမည်အတုနဲ့ နေထိုင်သွားမယ်ဆိုရင် မြတ်စွာဘုရားက ငါ့ကို ခွင့်လွှတ်ပါ့မလား ..."

ကျမ်းစာသွားပင့်ရမည့် ခရီးစဉ်အကြောင်းကို အမှန်အတိုင်း ရှင်းပြရန် ခက်ခဲလှသဖြင့် ကျန်းလျိုမှာ ခန့်မှန်းပြောဆိုရုံသာ တတ်နိုင်တော့သည်။

"အဲဒီလို ဆင်ခြေတွေ ပေးမနေပါနဲ့ ... တကယ်လို့ မြတ်စွာဘုရားက ရှင့်ကို တာဝန်ပေးထားတာ တကယ်ဆိုရင် မြတ်စွာဘုရား ကိုယ်တိုင် ဆင်းလာပြီး ပြောပါစေပေါ့ ... နောက်မှဖြစ်မယ့် ကိစ္စတွေကို နောက်မှ စဉ်းစားကြတာပေါ့ ... တကယ်လို့ ရှင်က ရှင့်ရဲ့ နာမည်ဂုဏ်သတင်းကို မစွန့်လွှတ်နိုင်ဘူးဆိုရင်လည်း ကျွန်မ ရှင့်ကို အတင်းတွယ်ကပ်မနေပါဘူး ..."

ကောင်းယန်က ပွင့်လင်းပြတ်သားသော သဘာဝရှိသူဖြစ်သဖြင့် ဆက်ပြောလိုက်၏။

"ချစ်တယ်ဆိုရင် အကုန်လုံးကို ရင်းပြီး အစွမ်းကုန် ချစ်ရမှာပဲ ... ဒါပေမဲ့ ရှင်က နာမည်ဂုဏ်သတင်းကို မစွန့်နိုင်ဘူးဆိုရင်လည်း အမှန်အတိုင်းသာ ပြောလိုက်ပါ ... ရှင့်ရဲ့ ခန့်မှန်းချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေဆိုတာ ... တကယ်တော့ ဝေခွဲမရဖြစ်နေတာနဲ့ ဆုံးဖြတ်ချက်မပြတ်တာပဲ ..."

"ချစ်တဲ့ကိစ္စမှာ ကျွန်မဘက်က ထာဝရပျော်ရွှင်မှုကို မတောင်းဆိုပါဘူး ... တကယ်ချစ်ခဲ့ဖို့ပဲ လိုတယ် ... ကျွန်မတို့အချစ်က စစ်မှန်နေသရွေ့တော့ ရှင် စိုးရိမ်သလို တကယ်ဖြစ်လာမယ်ဆိုရင်တောင် ... မချစ်ခဲ့ရလို့ တစ်သက်လုံး နောင်တရနေမယ့်အစား အားလုံး ပျက်စီးသွားပါစေတော့ ... ကျွန်မကတော့ မကြောက်ဘူး ..."

မိန်းကလေး တစ်ဦးအနေဖြင့် ဤမျှအထိ ပြောလာခြင်းမှာ သူမ၏ သိက္ခာကို အကုန်ချ၍ ပြောလိုက်ခြင်းပင် ဖြစ်သဖြင့် နားထောင်နေသူ ကျန်းလျိုကို များစွာ တုန်လှုပ်သွားစေသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျန်းလျိုက ပြတ်သားစွာ ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ ... မင်းက ဒီလောက်အထိ တွေးထားပြီးမှတော့ ငါလည်း မင်းနဲ့အတူ လိုက်ခဲ့ပါ့မယ် ... ဘယ်လို ဘေးဒုက္ခပဲ ကြုံလာလာ ငါတို့ အတူတူ ရင်ဆိုင်ကြတာပေါ့..."

"နောင်တော် ..."

ကောင်းယန် ဘာပြောပြော တောက်ကျိ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့သော်လည်း ကျန်းလျို၏ စကားကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်လေတော့သည်။

"တောက်ကျိ ... မင်း ငါတို့ကြားက ခင်မင်မှုကို တန်ဖိုးထားသေးတယ်ဆိုရင် ... ငါ့ကို ကူညီပါလို့ တောင်းဆိုပါရစေ ..."

ကျန်းလျိုက နောက်သို့လှည့်ကာ တောက်ကျိကို လေးနက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"နောင်တော် ... နောင်တော်က ဘုရားလောင်းရဲ့ လူဝင်စားလေဗျာ ... နောင်တစ်ချိန်မှာ ငါတို့ ဗုဒ္ဓသာသနာရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာမှာ အသေအချာပဲ ... အခု နောင်တော် လုပ်နေတာတွေက တကယ်ရော တန်ရဲ့လားဗျာ ..."

တောက်ကျိ၏ မျက်နှာတွင် အကြပ်ရိုက်နေဟန် ပေါ်လွင်နေပြီး ကျန်းလျိုကို အစွမ်းကုန် ဖျောင်းဖျရန် ကြိုးစားနေရှာသည်။

"ညီတော် ..."

ကျန်းလျိုသည် တောက်ကျိကို တည်ကြည်စွာ ကြည့်လိုက်ပြီး တန်သည်၊ မတန်သည်ကို ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။ သို့သော် သူ၏ ပြတ်သားလှသော အကြည့်များကပင် အကောင်းဆုံး အဖြေ ဖြစ်နေတော့သည်။

တောက်ကျိသည် ကျန်းလျိုကို သေချာစွာ စိုက်ကြည့်ရင်း သူ၏ စိတ်ကူးကို ပြောင်းလဲရန် မည်သို့မျှ မဖြစ်နိုင်တော့ကြောင်း သိသွားသောအခါ မျက်နှာတွင် ပို၍ပင် ခက်ခဲသွားလေသည်။

ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက် သူသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို လေးလံစွာ ချလိုက်၏။

"ငါတို့ စတင်ဆုံတွေ့တဲ့နေ့က နောင်တော်ဟာ ငါ့အသက်ကို ကယ်ခဲ့ဖူးတယ် ... မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ထဲမှာလည်း ငါတို့ အတူတူ သေဘေးကို ကျော်ဖြတ်ခဲ့ကြသလို နောင်တော်က ငါ့ကို ဗုဒ္ဓရတနာ နှစ်ပါးတောင် လက်ဆောင်ပေးခဲ့သေးတယ် ... ဒီကျေးဇူးတွေကို ငါ ဘယ်တော့မှ မမေ့ပါဘူး ... ငါ မဟာဗုဒ္ဓကျောင်းတော် ကို ပြန်သွားပြီးတော့ ... နောင်တော်ဟာ မိစ္ဆာရဲ့ ပါးစပ်ထဲ ပါသွားပြီလို့ပဲ ဆရာတော်ကို လျှောက်လိုက်ပါ့မယ် .... ဒါပေမဲ့ ... တကယ်လို့ ဒီမုသာဝါဒကို တစ်နေ့နေ့မှာ သိသွားကြမယ်ဆိုရင်တော့ ... ငါဟာ ဗုဒ္ဓသာသနာရဲ့ အပြစ်သားကြီး ဖြစ်သွားနိုင်တယ် နောင်တော် ..."

"ကျေးဇူးတင်ပါတယ် ညီတော် ..."

တောက်ကျိက အမှန်တကယ် ကူညီမည်ဟု ကြားလိုက်ရသောအခါ ကျန်းလျို၏ ရင်ထဲ၌ ဝမ်းသာခြင်း၊ အပြစ်မကင်းခြင်းနှင့် ကျေးဇူးတင်ခြင်းတို့ တစ်ပြိုင်နက် ရောပြွမ်းသွားရသည်။ စကားလုံးပေါင်းများစွာသည် "ကျေးဇူးတင်ပါတယ်" ဆိုသည့် စကားလုံးထဲတွင် စုစည်းသွားကာ သူ ထုတ်ဖော် ပြောကြားလိုက်မိ၏။

ကျန်းလျို နှင့် ကောင်းယန် တို့သည် လက်ချင်းချိတ်ကာ တောက်ကျိကို နှုတ်ဆက်ပြီးနောက် လှည့်ထွက်သွားကြလေတော့သည်။

"နောင်တော် ... ဒီနေ့ ငါတို့ လမ်းခွဲလိုက်ကြပြီး ခရီးလမ်းကလည်း အလွန်ဝေးကွာလှတာမို့ ... နောက်တစ်ခါ ပြန်ဆုံဖို့ဆိုတာ မရေရာတော့ဘူးပဲ..."

ထွက်ခွာသွားသော ကျောပြင်နှစ်ခုကို ကြည့်ရင်း တောက်ကျိက လက်အုပ်ချီလျက် တိုးညင်းစွာ ရေရွတ်လိုက်မိသည်။

...

ကျန်းလျို နှင့် ကောင်းယန် တို့သည် လက်ချင်းချိတ်ကာ ထွက်ခွာလာခဲ့ကြသည်။ ကောင်းယန်နှင့်အတူ လောကအနှံ့ လှည့်လည်ရန် သဘောတူခဲ့ပြီးသည့်တိုင် ကျန်းလျို၏ ရင်ထဲ၌ မတင်မကျဖြစ်ကာ စိုးရိမ်စိတ်များ ရှိနေဆဲ ဖြစ်သည်။

လူ့ပြည်လောကမှ ထန်မင်းကြီးနှင့် မဟာဗုဒ္ဓကျောင်းတော်ကို ထားလိုက်ပါဦး ... အနောက်ဘက်ကောင်းကင်ဘုံမှ မြတ်စွာဘုရားနှင့် ဘုရားလောင်းများက သူ့ကို ဒီအတိုင်း လွှတ်ပေးပါမည်လော ...။

ဘယ်အချိန်မှာ သူတို့က နည်းလမ်းတစ်ခုခုသုံးပြီး သူ့ကို အနောက်အရပ်သို့ ခရီးသွား မှတ်တမ်းပေါ် ပြန်ရောက်အောင် အတင်းအကြပ် ဆွဲခေါ်မည်လဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

သို့သော်လည်း ကျန်းလျို ဘေးသို့ လှည့်ကြည့်လိုက်သောအခါ ပျော်ရွှင်နေသော ကောင်းယန်၏ ပုံစံကို မြင်ရသဖြင့် သူ ပြန်လည် စိတ်အေးသွားရပြန်သည်။

ကောင်းယန် တစ်ယောက် သူမ၏ မင်းသမီးအဆင့်အတန်း ပေါ်ပေါက်လာသည့်နေ့မှစ၍ ဤမျှလောက် ပျော်ရွှင်နေသည်ကို သူ မမြင်ခဲ့ရပေ။ သူတို့သည် ဤလုပ်ရပ်၏ နောက်ဆက်တွဲအကျိုးဆက်များကို ကြိုတင်ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ ဤသည်မှာ ကောင်းယန်၏ ရွေးချယ်မှုဖြစ်သဖြင့် သူသည်လည်း သူမနှင့်အတူ ဘယ်လို ဘေးဒုက္ခမျိုးကိုမဆို အတူတူရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ကောင်းယန် ပြောခဲ့သလိုပင် ...

အချစ်အတွက် အရာရာကို အလွန်အမင်း စိုးရိမ်ပူပန်ပြီး ဝေခွဲမရ ဖြစ်နေသည်က ယောက်ျားကောင်း တစ်ယောက်၏ ပုံစံ မဟုတ်ချေ။

"ဟော ... ဟိုရှေ့က မြက်တောထဲမှာ လူတစ်ယောက် ရှိနေသလားလို့ ..."

လမ်းလျှောက်နေရင်း ကောင်းယန်က ရုတ်တရက် တိုးတိုးလေး ရေရွတ်လိုက်သည်။ ဖူထူတောင် ခြေရင်းရှိ ပေါင်းမြက်များ ထူထပ်နေသော နေရာတွင် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု လဲလျောင်းနေ၏။ မြက်ပင်များက ဖုံးအုပ်နေသဖြင့် မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ထိုဝတ်ရုံဖြူက ကျန်းလျိုအတွက် တစ်မျိုးကြီး ရင်းနှီးနေသလို ရှိသည်။

သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် အနားသို့ ချဉ်းကပ်ကြည့်လိုက်ရာ မြက်တောထဲတွင် လဲလျောင်းနေသူမှာ အမှန်တကယ်ပင် သွေးကျားဘုရင် လက်အောက်မှ မိစ္ဆာစစ်သူကြီး ရွှမ်းရွှဲ့ ဖြစ်နေတော့သည်။

တောင်ပေါ်မှ တိုက်ပွဲအတွင်း နတ်ဘုရားပြောင်းလဲခြင်း အဆင့်မှ ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကြောင့် သူသည် ကမ်းပါးအောက်သို့ ပြုတ်ကျလာခဲ့ရာ ယခုအခါ တောင်ခြေမှ ထွက်ခွာတော့မည့် ကျန်းလျို နှင့် ကောင်းယန် တို့နှင့် တိုက်တိုက်ဆိုင်ဆိုင် လာတိုးနေခြင်း ဖြစ်၏။

"သူပဲလား ... သတ်ပစ်လိုက်မယ် ..."

ကောင်းယန်သည် တောင်ပေါ်က တိုက်ပွဲတွင် လူသားတွေ အများကြီး သေကြေပျက်စီးခဲ့ရသည်ကို မြင်ခဲ့ရသဖြင့် သွေးကျားဘုရင်၏ လက်အောက်ခံ မိစ္ဆာစစ်သူကြီးကို ဒဏ်ရာအပြင်းအထန်နှင့် မြင်လိုက်ရတော့ ကောင်းယန် တစ်ယောက် ရန်ငြိုးဖြင့် လျှို့ဝှက်ဓားမြှောင်ကို ထုတ်လိုက်လေသည်။

"နေဦး ..."

ကျန်းလျိုက ကောင်းယန်၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းကာ ခေါင်းခါယမ်းပြလိုက်၏။

"ဒီအခြေအနေအထိ ရောက်နေပြီပဲ... ငါတို့ ထပ်ပြီး သတ်ဖြတ်တာတွေကို မပြုလုပ်ကြရအောင်ပါ ..."

အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း လောကထဲသို့ ရောက်နေသည်မှာ လအနည်းငယ် ရှိပြီဖြစ်ပြီး တိုက်ပွဲများမှတစ်ဆင့် အဆင့်တက်ခဲ့သဖြင့် ကျန်းလျိုသည် စနစ်၏ စည်းမျဉ်းအချို့ကို နားလည်ထားသည်။ အဆင့်မြင့်သော မိစ္ဆာများကို နှိမ်နင်းနိုင်ပါက အတွေ့အကြုံမှတ် ပိုရရုံသာမက ပစ္စည်းများ ကျနိုင်ခြေ မှာလည်း သိသိသာသာ မြင့်မားလှသည်။ အဆင့်ကွာခြားမှု ကြီးမားလေလေ ရရှိမည့်ပစ္စည်းက ပိုကောင်းလေလေ ဖြစ်၏။

အကယ်၍ ယနေ့ မိစ္ဆာစစ်သူကြီး ရွှမ်းရွှဲ့ ကို သတ်လိုက်ပါက ပစ္စည်းကောင်းများစွာ ရရှိမည်မှာ သေချာသည်။

သို့သော်လည်း ...

"ကျန်းလျို ... စောစောလေးတင်ကပဲ ငါတို့ သွေးကျားဘုရင်လက်ချက်နဲ့ သေမလို ဖြစ်ခဲ့တာလေ ... တောင်ပေါ်မှာလည်း ရဲဘော်တွေ အများကြီး သေကုန်ကြပြီ ... ဆရာတော် ဖန်ဟိုင်တောင် ဘာဖြစ်သွားပြီလဲ မသိရသေးဘူး ... ဘာလို့ ဒီမိစ္ဆာယုတ်ကို လွှတ်ပေးရမှာလဲ ..."

ကျန်းလျို၏ ဖမ်းဆီးထားခြင်း ခံရသော ကောင်းယန်က သူ့ကို နားမလည်နိုင်သလို ကြည့်လိုက်သည်။ ဗုဒ္ဓဘာသာ လမ်းစဉ်တွင် ကရုဏာတရားက အရေးကြီးသည် ဆိုသော်လည်း အချိန်အခါကိုလည်း ကြည့်ရဦးမည် မဟုတ်ပါလား...။

"ငါတို့ စတင်ဆုံတွေ့ခဲ့တာက နှင်းယုန်မျိုးနွယ်စုကြောင့်ပဲလေ ... မိစ္ဆာစစ်သူကြီး ရွှမ်းရွှဲ့ က နှင်းယုန်မျိုးနွယ်ဝင်တစ်ဦး ဖြစ်တယ်လို့ မင်းပဲ ပြောခဲ့ဖူးတယ် မဟုတ်လား ... ပြောရရင် သူက ငါတို့နှစ်ယောက်ကို ဆုံစည်းပေးခဲ့တဲ့ အကြောင်းတရား တစ်ခုပေါ့ ... ဟုတ်တယ်မလား ...."

ကျန်းလျိုက ကောင်းယန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။

အမှန်စင်စစ် သူ၏ ရင်ထဲ၌ အပြစ်မကင်းသော စိတ်အခံတစ်ခု ရှိနေ၍လည်း ဖြစ်၏။ အစပိုင်းတွင် သူသည် စားရန်အတွက် နှင်းယုန်များကို သတ်ခဲ့မိပြီး ကလဲ့စားချေရန် လိုက်လာသော နှင်းယုန်မိစ္ဆာများကိုလည်း နောင်တော် ရွှမ်ခုန်း က သတ်ပစ်ခဲ့သဖြင့် ထိုအပေါ်၌ ကျန်းလျို စိတ်မကောင်း ဖြစ်နေခဲ့ရသည်။

ယခု မိစ္ဆာစစ်သူကြီး ရွှမ်းရွှဲ့နှင့် ဆုံရချိန်တွင် ဤအပြစ်မကင်းမှုကို တစ်နည်းနည်းဖြင့် ဖြေဖျောက်ကာ စိတ်ကြည်လင်မှုကို ရယူနိုင်မည်ဆိုပါက မဆိုးပေ။

အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း လောက၏ စည်းမျဉ်းတွေအရ ဆိုလျှင် ၎င်းက ဝဋ်ကြွေးတစ်ခုကို ဆပ်လိုက်တာလို့ပဲ ဆိုရမလား မသိချေ...။

မည်သို့ပင် ဆိုစေ... ကောင်းယန်နှင့် တွေ့ဆုံခဲ့တာ နှင်းယုန်မျိုးနွယ်ကြောင့် ဖြစ်သလို ဂိမ်းစနစ်ကို စတင် သိရှိခဲ့သည်ကလည်း နှင်းယုန်များကို သတ်မိရာကနေ အစပြုခဲ့ခြင်းပင် မဟုတ်ပါလား။

"ကောင်းပြီလေ... ရှင်က ဆုံးဖြတ်ပြီးပြီဆိုမှတော့ သဘောအတိုင်းပါပဲ ..."

ကောင်းယန်က ခဏမျှ စဉ်းစားပြီးနောက် ဓားမြှောင်ကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ မိစ္ဆာစစ်သူကြီး ရွှမ်းရွှဲ့ ၏ ခေါင်းပေါ်ရှိ သွေးတန်း ကို ကြည့်လိုက်ရာ အနည်းငယ်မျှသာ ကျန်တော့ပြီး ဘယ်အချိန်မဆို ကုန်ဆုံးသွားနိုင်သည့် အခြေအနေ ဖြစ်နေသည်။ ကျန်းလျိုက သေသေချာချာ စဉ်းစားပြီးနောက် ကူညီလျှင်လည်း အဆုံးထိ ကူညီမည်ဟု ဆုံးဖြတ်ကာ မထွက်ခွာမီ မိစ္ဆာစစ်သူကြီး ရွှမ်းရွှဲ့ အပေါ်သို့ "ကွမ်ယင်ဂါထာ" တစ်ပုဒ် ရွတ်ဖတ်ကုသပေးလိုက်၏။

ဤအချိန်မှစ၍ သူတို့နှင့် နှင်းယုန်မျိုးနွယ်စုအကြား မည်သည့် ဝဋ်ကြွေးမျှ မကျန်တော့လေပြီ...။

ဖူထူတောင်မှ ထွက်ခွာလာခဲ့ပြီးနောက် သူတို့နှစ်ဦးသည် ခရီးဆက်လာခဲ့သည်။နေ့ဝက်ခန့် ကြာသောအခါ တောင်ပေါ်ရွာလေးတစ်ရွာသို့ ရောက်ရှိလာခဲ့ကြသည်။ နှစ်ဦးသား တိုင်ပင်ပြီးနောက် ဤရွာလေးတွင်ပင် လူသူမသိ ပုန်းအောင်းနေထိုင်ရင်း လောကီရေးရာများကို ကျောခိုင်းရန် ဆုံးဖြတ်လိုက်ကြလေတော့သည်။

***

အပိုင်း(၇၆)

မြင့်မြတ်လှသော ကြာပန်းပလ္လင်ထက်တွင် စံပယ်နေသည့် ကွမ်ယင်မယ်တော်သည် ကိုးထပ်မြောက် ကောင်းကင်ဘုံထက်မှနေ၍ အောက်အရပ်ရှိ သတ္တဝါအပေါင်းတို့ကို ကြည်လင်ပြတ်သားစွာ မြင်တွေ့နေရ၏။

"ဆယ်ကြိမ်တိုင်တိုင် လူဝင်စားခဲ့ပြီးတာတောင် ... ရွှေပုစဉ်း က ဒီလောက်အထိ ဉာဏ်ပညာ ကြီးမားနေသေးတာပဲ ... အနောက်ဘက် ခရီးစဉ်က မစတင်ရသေးဘူး ... ဒါပေမဲ့ သူက အခြေအနေ တစ်စိတ်တစ်ပိုင်းကို ခန့်မှန်းမိနေပြီလား ...."

"ကံကောင်းတာက ... ငါဟာ ဖူးစာရေး နတ်မင်း ဆီကနေ အချစ်ကြိုးတစ်မျှင်ကို ရယူပြီး သူတို့ရဲ့ သံယောဇဉ်ကို လောင်စာထဲ မီးစာထည့်သလို မြှင့်တင်ပေးလိုက်လို့ပဲ ... ဒါမှမဟုတ်ရင်တော့ ရွှေပုစဉ်းရဲ့ အေးဆေးတည်ငြိမ်တဲ့ စရိုက်နဲ့ဆိုရင် ... ဒီနေ့လိုမျိုး ခိုးရာလိုက်ဖို့ သဘောတူမှာ မဟုတ်ဘူး ... အောမိတော်ဖော် ... ကံကောင်းထောက်မစွာပဲ အရာအားလုံးက ငါ့ရဲ့ အစီအစဉ်အတိုင်း ဖြစ်နေခဲ့ပြီ ...”

...

ကျန်းလျို နှင့် ကောင်းယန် တို့ ရွာလေးတစ်ရွာတွင် ပုန်းအောင်းနေထိုင်ခြင်းအကြောင်းကို ခဏထားဦးတော့ ...။ ဖူထူတောင် တိုက်ပွဲပြီးနောက်တွင် တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် တုန်လှုပ်သွားခဲ့ရသည်။

ပထမအချက်မှာ "နဂါးမင်း" နှင့် "သွေးကျားဘုရင်" ဟူသော မိစ္ဆာဘုရင်ကြီးနှစ်ပါး၏ တိုက်ပွဲကြောင့် "ကောင်းကင် သူတော်စင် ခန်းမဆောင်"၊ "မဟာဗုဒ္ဓကျောင်းတော်" နှင့် "ကျုံးနန်တောင်" တို့ ပူးပေါင်းကာ နှိမ်နင်းခဲ့ရခြင်း ဖြစ်သည်။ ဤတိုက်ပွဲသည် ထန်မင်းဆက် စတင်တည်ထောင်ချိန်မှစ၍ လူသားနှင့် မိစ္ဆာတို့အကြား အကြီးမားဆုံးသော ပဋိပက္ခကြီးဖြစ်ပြီး ဖူထူတောင်ရှိ မိစ္ဆာထက်ဝက်ကျော် သေကျေပျက်စီးခဲ့ရသလို လူသားကျင့်ကြံသူများဘက်မှလည်း အကျအဆုံး အလွန်ပင် များပြားခဲ့လေသည်။

ဒုတိယအချက်... မိစ္ဆာဘုရင်နှစ်ပါး အသက်စွန့်တိုက်ခိုက်ရသည့် အကြောင်းရင်းမှာ ဖူထူတောင်တွင် သက်တမ်း (နှစ်ပေါင်း ၆၀) တိုးစေနိုင်သော "ကျားဇီ" အသီး ရင့်မှည့်တော့မည် ဖြစ်သောကြောင့်ပင်။ ထိုအသီးအတွက် မိစ္ဆာဘုရင်နှစ်ပါး အသက်စွန့်တိုက်ခိုက်ခဲ့ကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

တတိယအချက်... ကောင်းကင် သူတော်စင် ခန်းမဆောင် မှ ဓားကိုင်အဖိုးအို သည် နဂါးမင်းနောက်သို့ မိုင်ပေါင်းထောင်ချီ လိုက်လံတိုက်ခိုက်ပြီး နဂါးကိုသတ်ကာ "ကျားဇီ" အသီးကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် ထိုနောက်ပိုင်းတွင် ဓားကိုင်အဖိုးအိုသည်လည်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ရာ လောကသားများက သူသည် ထိုအသီးကို မက်မောသဖြင့် ကောင်းကင် သူတော်စင် ခန်းမဆောင်ကို စွန့်ခွာကာ ထွက်ပြေးသွားပြီဟု ပြောဆိုနေကြလေသည်။

ဖူထူတောင် တိုက်ပွဲသတင်းသည် တစ်ပြည်လုံးသို့ ပျံ့နှံ့သွားပြီး "ကျားဇီ" အသီးအကြောင်းကြောင့် လူတိုင်း မှင်တက်သွားကြရသည်။

သို့သော် နှစ်ရက်အကြာတွင် နောက်ထပ်သတင်းဆိုးတစ်ခု ရောက်ရှိလာပြန်၏။ ဤတိုက်ပွဲအတွင်း ထန်မင်းကြီး၏ အချစ်ဆုံးသမီးတော် မင်းသမီး "ကောင်းယန်" မှာ ပျောက်ဆုံးသွားခဲ့ပြီး အသက်ရှင်သန်ခြင်း ရှိ၊ မရှိ မသိရတော့ပေ။

ထို့အပြင် မဟာဗုဒ္ဓကျောင်းတော်က အမွှမ်းတင်ထားသော နံသာတိုင် အမာရွတ် ၁၂ ခု ပိုင်ရှင် "ရွှမ်ကျန်း" သည်လည်း မိစ္ဆာများ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်ဟူသော သတင်းကြောင့် တစ်ကမ္ဘာလုံး ထပ်မံတုန်လှုပ်သွားရပြန်သည်။

မကြာသေးမီကမှ နံ့သာတိုင်ပူဇော်ပွဲတွင် နံသာတိုင် အမာရွတ် ၁၂ ခုဖြင့် ပေါ်ထွက်လာပြီး "ပုံသဏ္ဌာန်မဲ့ ဂါထာတော်" နှင့်အတူ လီချွန်းဖုန်း နှင့် တရားဓမ္မ အခြေအတင် ဆွေးနွေးခဲ့သည့် သတင်းများကြောင့် ရွှမ်ကျန်း ဆိုသော ဘွဲ့အမည်မှာ လူတိုင်းသိနေခဲ့ပြီ မဟုတ်ပါလား။

ဖူထူတောင် တိုက်ပွဲသည် မမျှော်လင့်ဘဲ ဆရာတော် ဖန်ဟိုင်ကို ကျဆုံးစေခဲ့ရုံသာမက နံသာတိုင် အမာရွတ် ၁၂ ခု ပိုင်ရှင် ရွှမ်ကျန်း ကိုပါ မိစ္ဆာဗိုက်ထဲတွင် အဆုံးသတ်သွားစေခဲ့လေသည်။

ထန် ဧကရာဇ် နှင့် မဟာဗုဒ္ဓကျောင်းတော်မှ "လုံဟိုင်ဆရာတော်" တို့သည် အလွန်အမင်း အမျက်ထွက်ကာ ကလဲ့စားချေရန်အတွက် သွေးကျားဘုရင်ကို အပြင်းအထန် လိုက်လံရှာဖွေကြတော့သည်။

မျက်တောင်တစ်ခတ်အတွင်း နှစ်လမျှ ကုန်လွန်သွားခဲ့၏။ ထိုနှစ်လအတွင်း ထန်ဧကရာဇ် နှင့် ကျောင်းတော်၏ တိုက်ခိုက်မှုကြောင့် မိစ္ဆာပေါင်းများစွာ အသက်ပျောက်ခဲ့ရသော်လည်း သွေးကျားဘုရင်ကိုမူ မတွေ့ရတော့ပေ။ ဖူထူတောင်မှ မိစ္ဆာများသည်လည်း အနှံ့အပြားသို့ ဖရိုဖရဲ ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။

...

"ကျားနောင်တော် ... ငါတို့ သိလာခဲ့တာ နှစ်ပေါင်း ရာချီနေပြီပဲ ... ငါတို့ရဲ့ သံယောဇဉ်က သွေးနဲ့ ရင်းခဲ့ကြတာပါ ... လာ ... သောက်ကြရအောင် ... နောင်တော်က ငါ့အသက်ကို အကြိမ်ကြိမ် ကယ်ခဲ့ဖူးတယ် ... အခု ထန်မင်းကြီးနဲ့ မဟာဗုဒ္ဓကျောင်းတော်က အသည်းအသန် လိုက်ရှာနေတာဆိုတော့ ငါ့ရဲ့ ဂူထဲမှာပဲ အေးအေးဆေးဆေး ပုန်းနေလိုက်ပါ ..."

လူလတ်ပိုင်းအရွယ် ပိန်ပိန်ပါးပါး လူတစ်ယောက်က စားစရာ၊ သောက်စရာများကို ပြင်ဆင်ရင်း ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

"ဂေ့… ဝံပုလွေညီတော် ... အဲဒီလို မပြောပါနဲ့ ... ငါ မင်းကို နှစ်ခါ ကယ်ခဲ့ဖူးတာ မှန်ပေမယ့် မင်းကလည်း ငါ့ကို အများကြီး ကူညီခဲ့တာပဲ ..."

လူသားအသွင် ပြောင်းထားသော သွေးကျားဘုရင်က မူးရူးစွာဖြင့် လေချဉ်တက်ရင်း ပြောလိုက်၏။

"အတိတ်ကကိစ္စတွေကို ထားလိုက်ပါတော့ ... အခု လီရှီမင် နဲ့ ဟို လုံဟိုင် ဆိုတဲ့ ကတုံးကြီးက ငါ့ကို တစ်လောကလုံး လိုက်ရှာနေတာ... မင်းတစ်ယောက်ပဲ ငါ့ကို ခိုလှုံခွင့်ပေးရဲတယ် ... ဒီကျေးဇူးကို ငါ ရင်ထဲမှာ အမြဲမှတ်ထားမှာပါ ..."

သူတို့နှစ်ဦးသည် အားရပါးရ သောက်စားရင်း မူးရီလာကြသည်။

သွေးကျားဘုရင်မှာ လျှာလေးသံများ ထွက်လာပြီး ယိုင်တိုင်တိုင် ဖြစ်လာသည်အထိ မူးသွားပြီ ဖြစ်ကြောင်း မြင်သောအခါ ဝံပုလွေမင်းက ခွက်ကို မြှောက်ကာ ခပ်ပေါ့ပေါ့ မေးလိုက်သည်။

"ကျားနောင်တော် ... အပြင်မှာတော့ ကျားဇီအသီးကို ဟိုအဖိုးကြီးက ယူသွားတယ်လို့ သတင်းထွက်နေတာ ... နောင်တော်က ဘာလို့ ဒီလောက်တောင် နုပျိုသန်စွမ်းသွားရတာလဲ ... သတင်းတွေက မှားနေတာလား ..."

"ဟင့်အင်း ... ကျားဇီအသီးကို ဟိုအဖိုးအိုကြီး ယူသွားတာ မှန်တယ် ... ဒါပေမဲ့ ငါက ကံကောင်းတာပေါ့ ဟား ဟား .... ကျားဇီအသီးက သက်တမ်း ၆၀ ပဲ တိုးစေတာ ... ငါ့ကိုကြည့်စမ်း ... အခုဆိုရင် အားအင်တွေ ပြည့်ဖြိုးနေတာ ... နောက်ထပ် သက်တမ်း ၃၀၀ ကနေ ၅၀၀ လောက်အထိ နေရဦးမှာဗျ ... ဂေ့..."

သွေးကျားဘုရင်က မျက်နှာနီမြန်းလျက် အားရပါးရ ရယ်မောကာ ပြောလိုက်သည်။

"ဒါဆို နောင်တော်က ဘယ်လိုလုပ်ပြီး ဒီလောက် သက်တမ်းရှည်သွားရတာလဲ ..."

ဝံပုလွေမင်း၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွား၏။ သက်တမ်း ၃၀၀ မှ ၅၀၀ ဆိုသည့် စကားကြောင့် ဝံပုလွေမင်း ကိုင်ထားသော ခွက်ပင် တုန်ခါသွားရသည်။

"အဲဒါကတော့ ... ငါ ကျားကြီးက အသားတစ်စ စားလိုက်ရလို့ပေါ့ ... ဆရာတော် ရွှမ်ကျန်း ရဲ့ အသားတစ်စလေ ... အပြင်မှာတော့ လူတိုင်းက သူ့ကို မိစ္ဆာတွေ ဝါးမျိုသွားတယ်လို့ပဲ ထင်နေကြတာ ... ဘယ်သူက ကံထူးသွားလဲဆိုတာ ဘယ်သူသိမှာလဲ ..."

...

လက်တိုအင်္ကျီ အကြမ်းစားကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် မှိုင်းဦးထုပ်တစ်လုံး ဆောင်းထားသည့် ကျန်းလျိုသည် ပုခုံးပေါ်၌ ပေါက်တူးတစ်လက်ကို ထမ်းကာ လယ်ကွင်းဘေးရှိ လမ်းကျဉ်းလေးအတိုင်း တရွေ့ရွေ့ လျှောက်လာနေ၏။ မနေ့က ရွာချထားသော မိုးကြောင့် လယ်ကန်သင်းရိုးများမှာ ဗွက်ထူနေသဖြင့် သူသည် ခြေဗလာဖြင့်သာ ခရီးနှင်နေရခြင်း ဖြစ်သည်။

မလှမ်းမကမ်းသို့ မော့ကြည့်လိုက်ရာ မီတာရာဂဏန်းခန့်အကွာတွင် အိမ်ခြေအနည်းငယ်ရှိသော တောင်ပေါ်ရွာလေးကို မြင်ရပြီး၊ အိမ်ခေါင်မိုးများမှ မီးခိုးများ လိပ်တက်နေကာ ကြက်တွန်သံ၊ ခွေးဟောင်သံတို့ဖြင့် အလွန်ပင် ငြိမ်းချမ်းလှသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။

နောက်သို့ လှည့်ကြည့်လိုက်သောအခါ နေဝင်ရီတရောအချိန်တွင် ငှက်အုပ်များ အသိုက်ပြန်နေကြသည်ကို တွေ့ရ၏။ ဤကဲ့သို့ တောတောင်အလှတရားများမှာ ပန်းချီကားတစ်ချပ်အလား လှပလွန်းလှသဖြင့် စိတ်နှလုံးကို အေးချမ်းစေသည်။

ဤကဲ့သို့ ရိုးရှင်းပြီး အေးဆေးလှသော ဘဝမျိုးဖြင့် တစ်သက်လုံး ဖြတ်သန်းသွားရမည်ဆိုလျှင်လည်း တကယ့်ကို ကောင်းမွန်လှပေမည်။

ကျန်းလျိုသည် အနီးရှိ ရေမြောင်းထဲတွင် ခြေထောက်မှ ဗွက်များကို ဆေးကြောပြီးနောက် လျှော်ကြိုးဖိနပ် ကို ဝတ်ဆင်လိုက်ကာ ရွာထဲသို့ ခပ်သွက်သွက် ပြန်လာခဲ့သည်။ အဝေးမှပင် သူတို့နေထိုင်သည့် သက်ကယ်မိုး အိမ်လေးမှ မီးခိုးများ အူထွက်နေသည်ကို တွေ့လိုက်ရ၏။

ထိုမြင်ကွင်းကြောင့် ကျန်းလျို၏ မျက်နှာပျက်သွားပြီး အပြေးအလွှား သွားကြည့်လိုက်ရာ အိမ်ထဲမှ ချောင်းတဟွတ်ဟွတ် ဆိုးရင်း ပြေးထွက်လာသော ကောင်းယန် ကို တွေ့လိုက်ရသည်။ သူမ၏ လှပသော မျက်နှာလေးမှာ မီးခိုးများကြောင့် အနည်းငယ် ပေကျံနေ၏။

"ဘာဖြစ်တာလဲ ... အိမ်မီးလောင်လို့လား ..."

မီးခိုးများ အူနေသည့် အခန်းကိုကြည့်ကာ ကျန်းလျိုက အလန့်တကြား မေးလိုက်သည်။ စကားပြောရင်း အိမ်ထဲသို့ ပြေးဝင်ကာ မီးကို အမြန်ငြှိမ်းသတ်ပြီး အိုးအဖုံးကို ဖွင့်ကြည့်လိုက်ရာ ...

ဖြစ်ရလေခြင်း ...

အိုးထဲတွင် ဆန်များမှာ ခဲမုန့်ကြီးတစ်ခုလို ကပ်နေလေပြီ။

"ဘေးအိမ်က အဒေါ်ဝေါင်းက ပြောတယ် ... မိန်းမသားဆိုတာ အဝတ်လျှော်၊ ထမင်းချက် တတ်ရမယ်တဲ့ ... နေ့တိုင်း ယောက်ျားဖြစ်တဲ့ အစ်ကိုကပဲ ထမင်းချက်နေရင် လူတွေက ရယ်ကြလိမ့်မယ်လေ ..."

ကောင်းယန်က အိုးထဲမှ မီးကျွမ်းနေသော ဆန်များကို ကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ ပြောရှာသည်။

"ဒါနဲ့ ... မင်း ထမင်းချက်တော့ ရေမထည့်ဘူးလား ..."

အိုးထဲတွင် ဆန်များသာ ရှိနေသည်ကို မြင်သောအခါ ကျန်းလျိုမှာ နှုတ်ခမ်းအနည်းငယ် တွန့်သွားရ၏။

"အင် ... ထမင်းချက်ရင် ရေထည့်ရတာလား ..."

ကောင်းယန်က အံ့သြသော မျက်နှာပေးဖြင့် ပြန်မေးလိုက်သည်။

"အား ... လူသတ်နေကြပြီဗျို့ ..."

ကျန်းလျို ကောင်းယန်ကို ထမင်းချက်နည်း သင်ပေးရန် ပြင်နေစဉ်မှာပင် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

တစ်ခုခုတော့ ဖြစ်လေပြီ ...။

***

All Chapters