အခန်း (၇၇-၇၈)
Vol. 6 Ch. 77-78
အပိုင်း(၇၇)
ဆူဆူညံညံ အသံများကြောင့် ကျန်းလျို နှင့် ကောင်းယန် တို့သည် အပြင်သို့ ပြေးထွက်ကြည့်လိုက်ရာ၊ အိမ်ခြေအနည်းငယ်သာရှိသော ဤရွာကလေးထဲတွင် ဓားကိုယ်စီကိုင်ထားသော ရက်စက်ကြမ်းကြုတ်သည့် ဓားပြအချို့သည် ရွာသားများကို သတ်ဖြတ်ကာ ပစ္စည်းများကို လုယက်နေကြသည်ကို တွေ့လိုက်ရ၏။ မိန်းကလေးငယ် နှစ်ဦးကိုပင် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ရန် ပြင်နေကြသည်။
မျက်နှာဖျော့တော့တော့နှင့် အနည်းငယ် ဖျားနာနေပုံရသော လူတစ်ယောက်သည် ခါးတွင် ရတနာဓားတစ်လက်ကို ချိတ်ကာ မြင်းနီကြီးတစ်ကောင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေ၏။ သူသည် ဤဓားပြအုပ်စု၏ ခေါင်းဆောင် ဖြစ်ပုံရသည်။
ကျန်းလျို နှင့် ကောင်းယန် တို့ ထွက်လာသည်ကို မြင်သောအခါ ဓားပြနှစ်ဦးသည် ကောင်းယန်၏ အလှတွင် မိန်းမောသွားကြပြီး မျက်လုံးများ အရောင်တောက်လာကြသည်။
"ဒီလို တောင်ပေါ်ရွာလေးထဲမှာ ဒီလောက်လှတဲ့ မိန်းမလှလေး ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ..."
ကောင်းယန်သည် သာမန် တောသူဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမသည် မူလကပင် ထန်မင်းကြီး၏ သမီးတော် ဖြစ်သဖြင့် သူမ၏ အလှနှင့် အရှိန်အဝါမှာ ရွာသူရွာသားများနှင့် လုံးဝ ကွာခြားလှပေသည်။ ဓားပြနှစ်ဦးသည် ကောင်းယန်ကို ဖမ်းဆီးရန် အလျင်အမြန် ပြေးဝင်လာကြ၏။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကောင်းယန်က ခြေထောက်ကို မြှောက်ကာ တစ်ယောက်ကို တစ်ချက်စီ ကန်လိုက်ရာ ဓားပြနှစ်ဦးမှာ လွင့်ထွက်သွားလေတော့သည်။
ဓားပြတစ်ဦးစီမှာ သူမ၏ ကန်ချက်ကြောင့် တစ်လံခန့်အထိ လွင့်ထွက်သွားကြ၏။
"အို ... ဒီရွာလေးထဲမှာ သိုင်းပညာ တတ်တဲ့သူ ရှိနေတာပဲလား ..."
မြင်းနီကြီးပေါ်တွင် ထိုင်နေသော မျက်နှာဖြူ လူငယ်သည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်ခုံးပင့်သွားပြီး သူ၏မြင်းကို အရှိန်မြှင့်ကာ ပြေးဝင်လာပြီး ဓားအိမ်ထဲမှ ဓားကို ချက်ခနဲ ဆွဲထုတ်လိုက်လေတော့သည်။
ကျန်းလျိုသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ သူ၏လက်သီးတွင် ရွှေရောင်အလင်းများ ဝင်းခနဲ ထွက်ပေါ်လာ၏။ ထို့နောက် မြင်းနီကြီး၏ ခေါင်းကို အားကုန်လွှဲ၍ ထိုးလိုက်လေသည်။
"ဒုန်း ..."
တူကြီးနှင့် ထုလိုက်သကဲ့သို့ ပြင်းထန်လှသော ထိုလက်သီးချက်မှာ မြင်းနီကြီး၏ ဦးခေါင်းတည့်တည့်သို့ ကျရောက်သွားရာ မြင်းကြီးမှာ နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။
ထိုသို့လဲကျသွားသည်နှင့်အတူ မြင်းပေါ်တွင် ထိုင်နေသော မျက်နှာဖြူ လူငယ်သည်လည်း မြေပြင်ပေါ်သို့ လိမ့်ကျသွား၏။
ကျန်းလျိုသည် တောင်ပေါ်ရွာလေးတွင် လူမသိသူမသိ အေးအေးဆေးဆေး နေထိုင်လိုခဲ့သည်။သို့သော် ယခုကဲ့သို့ လူမဆန်စွာ သတ်ဖြတ်နေသည့် ဓားပြများကို မြင်တွေ့နေရပြီး ကောင်းယန်ကိုပင် ဖမ်းဆီးရန် ကြံစည်နေကြသည်ကို သူ မည်သို့ လက်ပိုက်ကြည့်နေနိုင်ပါမည်နည်း။
"တကယ့် အကောင်ကြီးပဲဟ ..."
မျက်နှာဖြူ လူငယ်သည် မြေပြင်ပေါ်တွင် နှစ်ပတ်ခန့် လိမ့်ကာ အရှိန်သတ်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ ကျန်းလျိုကို အံ့သြတကြီး စိုက်ကြည့်လိုက်သည်။ ဤကဲ့သို့ သေးငယ်လှသော ရွာကလေးတွင် ဤမျှ အစွမ်းထက်သည့် ပညာရှင်တစ်ဦး ပုန်းအောင်းနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ကျန်းလျိုသည် တစ်ခါတည်း လက်စသတ်ရန် ဆုံးဖြတ်လိုက်၏။ ဤရက်စက်လှသော ဓားပြများကို အညှာတာပေးရန် စိတ်မကူးတော့ပေ။
သူသည် လေထဲသို့ ခုန်တက်ကာ မျက်နှာဖြူ လူငယ်ထံသို့ တစ်ဖန် ပြေးဝင်လိုက်ပြီး လက်ဖဝါးကို ဝှေ့ယမ်းကာ သိုလှောင်ခန်းအတွင်းမှ "မိစ္ဆာနှင် တောင်ဝှေး" ကို ထုတ်ယူ၍ အားကုန် ရိုက်ချလိုက်လေသည်။
ရှေ့မှ မြင်ကွင်းမှာ ဝေဝါးသွားပြီး ကျန်းလျို၏ လက်ထဲတွင် "မိစ္ဆာနှင် တောင်ဝှေး" ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ လူငယ်မှာ ထိတ်လန့်တကြား နောက်သို့ ဆုတ်လိုက်ပြီး သူ၏ဓားဖြင့် ကျန်းလျိုကို ပြန်လည် ချိန်ရွယ်လိုက်၏။
"ချလွမ် ..."
ပြင်းထန်လှသော ရိုက်ချက်ကြောင့် မျက်နှာဖြူ လူငယ်၏ လက်ထဲမှ ဓားမှာ ကျိုးထွက်သွား၏။ "မိစ္ဆာနှင် တောင်ဝှေး" ၏ အရှိန်မှာ မရပ်တန့်ဘဲ သူ၏ ပုခုံးပေါ်သို့ တည့်တည့်ကျသွားသည်။ အရိုးကျိုးသံနှင့်အတူ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ သူ၏ ပုခုံးရိုးမှာ အမှန်တကယ် ကျိုးသွားပြီ ဖြစ်၏။
သို့သော် ဒဏ်ရာရနေသည့်ကြားမှ ထိုလူငယ်က လက်ဖဝါးကို မြှောက်လိုက်ရာ အပြာရောင် အလင်းတန်းတစ်ခု ကျန်းလျို၏ ဦးခေါင်းဆီသို့ လျှပ်စီးကဲ့သို့ ပျံသန်းလာသည်။
"လျှို့ဝှက်လက်နက်လား ..."
မျက်စိထဲတွင် အပြာရောင် ရိပ်ခနဲသာ မြင်လိုက်ရသဖြင့် ကျန်းလျိုက "မိစ္ဆာနှင် တောင်ဝှေး" ကို အလျားလိုက် ကာကွယ်လိုက်၏။
သို့သော် ထိုအပြာရောင်ရိပ်မှာ လေထဲတွင် လျင်မြန်စွာ ကွေ့ဝိုက်သွားပြီး ကျန်းလျို၏ ကျည်ပွေ့ကို ကျော်ဖြတ်ကာ မျက်တောင်တစ်ခတ်အတွင်း ကျန်းလျို၏ နဖူးရှေ့သို့ ရောက်ရှိလာသည်။
ကျန်းလျိုသည် ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားပြီး အလိုအလျောက် ခေါင်းကို ရှောင်လိုက်၏။
တိုက်ခိုက်မှုကို အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဦးခေါင်းထက်တွင် အေးစိမ့်သွားပြီး သူဆောင်းထားသော မှိုင်းဦးထုပ်မှာ လွင့်ထွက်သွားလေတော့သည်။
နောက်သို့ လှည့်ကြည့်လိုက်သောအခါ ပျံသန်းလာသည်မှာ လျှို့ဝှက်လက်နက် မဟုတ်ဘဲ အတောင်ပံပါသော အပြာရောင် ပုစဉ်းရင်ကွဲ တစ်ကောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"မိစ္ဆာလား ..."
ဤမျှ မြန်ဆန်လှသော ပုစဉ်းရင်ကွဲမှာ သာမန်မဟုတ်ဘဲ မိစ္ဆာတစ်ကောင် ဖြစ်ရမည်ဟု ကျန်းလျို နားလည်လိုက်သည်။
"ရဟန်းတစ်ပါးလား ..."
မိစ္ဆာပုစဉ်းကြောင့် ကျန်းလျို၏ ဦးထုပ် လွင့်ထွက်သွားပြီး ပြောင်ချောနေသော ဦးခေါင်းကို မြင်လိုက်ရသောအခါ မျက်နှာဖြူ လူငယ်မှာ မှင်တက်သွား၏။
သို့သော် ထိုလူငယ်က ကျန်းလျို၏ ဦးခေါင်းထက်မှ ကြီးမားလှသော နံသာတိုင် အမာရွတ်များကို သေသေချာချာ ကြည့်လိုက်မိသောအခါ သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
တစ်ခု ... နှစ်ခု ... သုံးခု ...
"ဆယ့် ... ဆယ့်နှစ်ခုပါလား ... မင်း ... မင်းက ဆရာတော် ရွှမ်ကျန်း လား ..."
သူ၏ အသံမှာ တုန်ယင်သွားပြီး လက်ထဲမှ ဓားကျိုးမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူသည် ကျန်းလျိုကို ထိတ်လန့်တကြား စိုက်ကြည့်ရင်း တစ်ဦးတည်း ရေရွတ်နေမိတော့၏။
"ဟူး ..."
မတော်တဆ ဦးထုပ်ကျွတ်သွားခြင်းကြောင့် မိမိ၏ အထောက်အထား ပေါ်သွားသဖြင့် ကျန်းလျိုက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ထို့နောက် လက်ဖဝါးကို မြှောက်လိုက်ရာ ပြင်းထန်လှသော မီးတောက်များ ထွက်ပေါ်လာပြီး မျက်နှာဖြူ လူငယ်ကို တိုက်ရိုက် ပေါက်ကွဲသွားစေလေတော့သည်။
ခဏချင်းမှာပင် ကျန်ရှိနေသော ဓားပြ ခြောက်ယောက်၊ ခုနစ်ယောက်စလုံးကို ကျန်းလျိုက အပြတ်ရှင်းလိုက်၏။
"ဆရာတော် ရွှမ်ကျန်း ... ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရား ... ဆရာတော်ကြီးကို ကျေးဇူးတင်ပါတယ် ...."
အသက်ဘေးမှ လွတ်မြောက်သွားသော ရွာသားများမှာ ကျန်းလျိုကို ဝိုင်းဝန်း ရှိခိုးကာ ကျေးဇူးတင်စကား ဆိုကြတော့သည်။
"အဒေါ်ဝေါင်း ... ဦးလေးဇန်း ... အားလုံး ထကြပါဦး ..."
ဤရွာလေးတွင် နှစ်လမျှ နေထိုင်ခဲ့သဖြင့် ကောင်းယန်သည် ရွာသားများနှင့် ရင်းနှီးနေပြီးဖြစ်ရာ သူတို့ကို အလျင်အမြန်ပင် ဆွဲထူပေးလိုက်လေသည်။
"ကောင်းယန် ... သွားကြစို့… ဒီနေရာကနေ မြန်မြန်ထွက်သွားမှဖြစ်မယ်… ဝေးနိုင်သမျှဝေးဝေးကို သွားကြရအောင် ..."
မိမိ၏ အထောက်အထား ပေါ်သွားပြီဖြစ်ရာ ဤဓားပြများကို သတ်၍ နှုတ်ပိတ်နိုင်သော်လည်း ရိုးသားသော ရွာသားများကိုမူ ကျန်းလျို မည်သို့မျှ အညှိုးထား မသတ်ဖြတ်နိုင်ပေ။ သူလုပ်နိုင်သည်မှာ ကောင်းယန်ကိုခေါ်ကာ အိမ်ရှိပစ္စည်းအချို့ကို အမြန်သိမ်းဆည်းပြီး ဤရွာကလေးမှ အလျင်အမြန် ထွက်ခွာရန်သာ ရှိတော့သည်။
"အား ... အား ... အား ..."
ရွာကလေး၏ ကောင်းကင်ယံထက်တွင် ကျီးကန်းနက်တစ်ကောင်သည် နားမခံသာသော အသံဖြင့် အော်ဟစ်ကာ အဝေးသို့ ပျံသန်းသွားလေသည်။
"ရွှမ်ကျန်း ... ရွှမ်ကျန်းကို တွေ့ပြီဟေ့… သူ မသေသေးဘူး ... ငါ အခုချက်ချင်း ဘုရင်ကြီးဆီ သွားသတင်းပို့ရမယ်… ဆုလာဘ်ကြီးကြီးမားမား ရမှာအသေအချာပဲ ... ဆုလာဘ်ကြီးကြီး ရတော့မယ် ..."
…
မဟာဗုဒ္ဓကျောင်းတော်၏ ခန်းမဆောင်ကြီးအတွင်း၌ ...။
သင်္ကန်းဝတ်ထားသော တောက်ကျိသည် မြတ်စွာဘုရားရှင်၏ ရုပ်ပွားတော်ရှေ့တွင် ဦးခေါင်းငုံ့ကာ မိမိ၏အပြစ်များကို ဝန်ချတောင်းပန်ရင်း ကျမ်းစာများ ရွတ်ဖတ်နေ၏။
နောင်တော် ဆရာတော်ရွှမ်ကျန်းမှာ မိစ္ဆာဝါးမျိုခြင်း ခံလိုက်ရသည်ဟု မုသာဝါဒ ကျူးလွန်ခဲ့မိသောကြောင့် ဆရာတော် လုံဟိုင်မှာ နံသာတိုင် အမာရွတ် ဆယ့်နှစ်ခု ပိုင်ရှင်ကို မကာကွယ်နိုင်လေခြင်းဟု မိမိကိုယ်ကိုယ် အပြစ်တင်စိတ်ဖြင့် နစ်မွန်းနေရှာသည်။ ထိုအခြေအနေကို မြင်တွေ့နေရသော တောက်ကျိမှာလည်း စိတ်မသက်မသာဖြစ်ကာ အပြစ်မကင်းသလို ခံစားနေရခြင်း ဖြစ်သည်။
"အောမိတော်ဖော် ... နှစ်လတောင် ကုန်သွားပြီ… နောင်တော်နဲ့ မင်းသမီးကောင်းယန်တို့ဆီက ဘာသတင်းမှ မကြားရသေးဘူး ... သူတို့ ဘယ်လိုများ နေထိုင်နေကြမလဲဆိုတာ တကယ်ပဲ သိချင်မိပါရဲ့ ..."
ဘုရားရှေ့တွင် ဝန်ချနေသော်လည်း တောက်ကျိ၏ စိတ်အာရုံမှာ ကျန်းလျိုနှင့် ကောင်းယန်တို့ဆီသို့သာ မကြာခဏ ရောက်သွားမိသည်။
တောက်ကျိ၏ အမြင်တွင် နံသာတိုင် အမာရွတ် ၁၂ ခု ပိုင်ရှင်၊ ဗုဒ္ဓနှင့် နက်ရှိုင်းသော ရေစက်ရှိသူတစ်ဦးအနေဖြင့် ကျန်းလျိုမှာ ရဟန်းသံဃာ သန်းပေါင်းများစွာ၏ အကြည်ညိုခံရမည့် အနာဂတ် တောက်ပသူတစ်ဦး ဖြစ်သင့်သည်။ သို့သော် ယခုမူ ကျန်းလျိုမှာ အချစ်ရေးအတွက်နှင့် လူမသိသူမသိ ပုန်းအောင်းနေထိုင်နေရလေပြီ။
သံယောဇဉ်ကို အရင်းခံ၍ တောက်ကျိက ကူညီရန် သဘောတူခဲ့သော်လည်း ထိုအကြောင်းကို စဉ်းစားမိတိုင်း ကျန်းလျိုအတွက် နှမြောတသဖြစ်ရသည်မှာ အမှန်ပင်။
"နဂါးနိုင်ရဟန္တာ ... မင်း ကျူးလွန်ထားတဲ့ အပြစ်ကို မင်း သိရဲ့လား ..."
တောက်ကျိ တစ်ဦးတည်း အတွေးနယ်ချဲ့ရင်း ဒူးထောက်နေစဉ်မှာပင် ရုတ်တရက် ခန့်ညားထည်ဝါလှသော အသံတော်ကြီးတစ်ခု ဟိန်းထွက်လာပြီး သူ၏ စိတ်ဝိညာဉ်ကို လွှမ်းမိုးသွားလေသည်။
တောက်ကျိ မော့ကြည့်လိုက်သောအခါ မူလက တည်ငြိမ်အေးချမ်းနေသော မြတ်စွာဘုရားရုပ်ပွားတော်မှာ မည်သည့်အချိန်က မျက်လုံးတော်များ ပွင့်လာသည်မသိ သူ့ကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားတော့သည်။
"မြတ်စွာဘုရား ကိုယ်တော်တိုင် အမိန့်ရှိနေပါလား ... အရှင်ဘုရား ... တပည့်တော် ကျူးလွန်ထားတဲ့ အပြစ်တွေကို သိပါပြီ ဘုရား ..."
ရုပ်ပွားတော်က သူ့ကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ တောက်ကျိမှာ တုန်လှုပ်ချောက်ချားသွားပြီး မြေပြင်ပေါ်သို့ ဝပ်စင်းလိုက်မိသည်။ မိမိကို ဘာကြောင့် နဂါးနိုင်ရဟန္တာ ဟု ခေါ်သည်ကိုပင် မစဉ်းစားအားတော့ပေ။
"နဂါးနိုင်ရဟန္တာ ... ရွှမ်ကျန်း ထွက်ပြေးသွားတာဟာ ငါတို့ ဗုဒ္ဓသာသနာရဲ့ ကြီးမားတဲ့ အစီအစဉ်တစ်ခုနဲ့ သက်ဆိုင်နေတယ် ... ဒါကို မင်းက တိတ်တဆိတ် ကူညီပြီး ထွက်ပြေးခိုင်းခဲ့တယ် ... မင်းရဲ့အပြစ်ကို မင်း သိသလား ..."
ရုပ်ပွားတော်၏ မျက်လုံးတော်များမှာ ကြီးမားလှသော ဖိအားများကို ဆောင်ကြဉ်းထားသကဲ့သို့ တောက်ကျိအပေါ်သို့ ဖိနှိပ်ထားလေသည်။
"အရှင်ဘုရား ... တပည့်တော် ... တပည့်တော် အပြစ်ကို ဝန်ခံပါတယ် ဘုရား…"
တောက်ကျိ၏ နဖူးမှ ချွေးစက်များမှာ တလိမ့်လိမ့် စီးကျလာပြီး သူ၏မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။
"ဆရာတော်ရွှမ်ကျန်းရဲ့ ကံကြမ္မာဟာ သတ်မှတ်ပြီးသားဖြစ်တယ်… ဒါကို သာမန်လူသားတွေအနေနဲ့ ဆန့်ကျင်လို့မရဘူး ... မင်းရဲ့ ခဏတာ သံယောဇဉ်ကြောင့် အခု သူဟာ ကြီးမားတဲ့ ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရပြီ ... အခုချက်ချင်းသွားပြီး သူ့ကို ကယ်တင်ပေတော့ ..."
ရုပ်ပွားတော်၏ အမိန့်တော်အဆုံးတွင် တောက်ကျိ၏ စိတ်ထဲ၌ သတင်းအချက်အလက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ ထိုအချက်အလက်မှာ ဘေးဒုက္ခကြုံနေရသော ကျန်းလျို ရှိရာနေရာသို့ သွားရမည့် လမ်းညွှန်ချက်ပင် ဖြစ်၏။
တောက်ကျိမှာ အိပ်မက်ယောင်နေသကဲ့သို့ ခံစားလိုက်ရပြီး သတိပြန်ဝင်လာ၍ မော့ကြည့်လိုက်သောအခါ မြတ်စွာဘုရားရုပ်ပွားတော်မှာ မူလအတိုင်းပင် တည်ငြိမ်စွာ ရှိနေဆဲ ဖြစ်သည်။ စောစောက ဖြစ်ပျက်ခဲ့သမျှမှာ အိပ်မက်တစ်ခုနှယ်ပင်။
သို့သော် တောက်ကျိမှာ ထိုအရာကို အိပ်မက်တစ်ခုဟု သဘောမထားရဲပေ။ ဆရာတော်ရွှမ်ကျန်းမှာ ကယ်တင်ရန် အလွန်အမင်း လိုအပ်နေသည်ဆိုသော အတွေးမှာ သူ၏စိတ်ထဲတွင် ထင်ထင်ရှားရှား ကျန်ရစ်နေခဲ့သည်။
"ဆရာတော် ... ဆရာတော်လုံဟိုင် ... မြန်မြန်လုပ်ကြပါဦး… ကျွန်တော်တို့ သူ့ကို သွားကယ်မှ ဖြစ်တော့မယ် ..."
အခြေအနေ၏ စိုးရိမ်ရမှုကို သဘောပေါက်သွားသော တောက်ကျိမှာ ရုပ်ပွားတော်ကိုပင် ဂါရဝမပြုအားတော့ဘဲ ခန်းမဆောင်ကြီးအတွင်းမှ အော်ဟစ်ကာ ပြေးထွက်သွားလေတော့သည်။
***
အပိုင်း(၇၈)
ကျန်းလျိုနှင့် ကောင်းယန်တို့သည် အဝေးသို့ လျှောက်လှမ်းလာကြစဉ် တောင်ပေါ်ရွာလေးအား တိုက်ခိုက်နေသော ဓားပြများနှင့် တိုးခဲ့ကြခြင်း ဖြစ်သည်။ သူတို့ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းအပေါ် နောင်တမရမိသော်လည်း ဝင်မပါခဲ့လျှင်လည်း ဓားပြများ၏ ရန်ကို တားဆီးနိုင်မည်မဟုတ်ကြောင်း သူတို့ ကောင်းကောင်းသိသည်။
သို့သော်လည်း တိုက်ပွဲအရှိန်ကြားတွင် ကျန်းလျို၏ ဦးထုပ် လွင့်ထွက်သွားခဲ့ရာ လူအများရှေ့၌ သူ၏ အထောက်အထားမှာ မမျှော်လင့်ဘဲ ပေါ်သွားခဲ့ရရှာသည်။
ဓားပြများကို နှုတ်ပိတ်သည့်အနေဖြင့် သတ်ပစ်နိုင်သော်လည်း အပြစ်မဲ့သော ရွာသားများကိုမူ မည်သို့လျှင် ရက်စက်နိုင်ပါ့မည်နည်း။ ထို့ကြောင့် ကျန်းလျိုနှင့် ကောင်းယန်တို့မှာ ထိုနေရာမှ ထွက်ခွာရန်သာ ရွေးချယ်ခဲ့ရသည်။
ကျန်းလျိုမှာ လူသူမသိ ပုန်းအောင်းနေထိုင်ရန် စိတ်ကူးထားသော်လည်း ယခုကဲ့သို့ အထောက်အထား ပေါ်သွားပြီဖြစ်ရာ မဟာဗုဒ္ဓကျောင်းတော်နှင့် ထန်မင်းဆက် နန်းတော်တို့မှာ ဧကန်မလွဲ သတင်းကြားကြပေလိမ့်မည်။ သူ့ကို လိုက်လံရှာဖွေမည့် အင်အားစုများမှာလည်း အလွန်ပင် ကြီးမားလာတော့မည် ဖြစ်၏။
"အစ်ကို ... ဘာမှမဖြစ်ပါဘူး ..."
ကောင်းယန်သည် ကျန်းလျို စိုးရိမ်နေသည်ကို သိသဖြင့် သူ၏လက်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်သည်။
"ခမည်းတော်က ကျွန်မတို့ကို ဖမ်းပြီး ပြန်ခေါ်သွားမယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး ... ဒါကို ကျွန်မတို့ အရင်ကတည်းက တိုင်ပင်ထားခဲ့တာပဲလေ ... နန်းတော်ထဲမှာ ကျွန်မ အစ်ကို့ကို စောင့်နေပါ့မယ် ... ဖမ်းခံရတယ်ဆိုတာ အရင်က စီစဉ်ထားတဲ့အတိုင်း ပြန်ဖြစ်သွားတာပဲ ရှိတာပါ ... ခမည်းတော်က ကျွန်မတို့ကို သတ်မှာမှ မဟုတ်တာ ... ဒီနှစ်လအတွင်းမှာ အကိုနဲ့ အတူတူ နေထိုင်ခဲ့ရတာတင် ငါ့အတွက်တော့ အများကြီး မြတ်နေပါပြီ ...."
"အင်း ... ငါ သိပါတယ် ..."
ကျန်းလျိုက ကောင်းယန်၏ လက်ကလေးကို တင်းတင်းဆုပ်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူမ ပြောသလိုပင် ဤအခြေအနေမှာ အလွန်အမင်း ဆိုးရွားလှသည်တော့ မဟုတ်ပေ။ မူလအခြေအနေသို့ ပြန်ရောက်သွားရုံသာ ရှိတော့သည်။
"အား ... အား ..."
တစ်နေကုန် ထွက်ပြေးလာခဲ့ကြရာ နေဝင်ရီတရောအချိန်တွင် မြို့တစ်မြို့၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့သည်။ ထိုစဉ် နာကျင်စွာ အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာသဖြင့် သူတို့၏ အာရုံမှာ ထိုဘက်သို့ ရောက်သွားကြ၏။
ကျန်းလျိုနှင့် မင်းသမီးကောင်းယန်တို့သည် အသံလာရာသို့ လိုက်သွားကြည့်ရာ အမျိုးသမီးတစ်ဦး မြေပြင်ပေါ်တွင် ထိုင်နေပြီး ခြေထောက်ကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
"ရှင်တို့နှစ်ယောက် ... ကျွန်မက ယုံအန်းမြို့ကပါ… အိမ်အပြန်လမ်းမှာ ခြေထောက် ခေါက်သွားလို့ပါ ... ကျွန်မကို အိမ်အထိ လိုက်ပို့ပေးလို့ ရမလားဟင် ... ကျွန်မရဲ့ မိသားစုက ရှင်တို့ကို ဆုလာဘ်တွေ အများကြီး ပေးမှာပါ ..."
မင်းသမီးကောင်းယန်နှင့် ကျန်းလျိုတို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ ထိုအမျိုးသမီးက အလျင်အမြန် အကူအညီ တောင်းလေတော့သည်။
"အဒေါ်ကြီး ... ကူညီပေးရမှာပေါ့ ... အခက်အခဲ မရှိပါဘူး ..."
အကူအညီတောင်းသံကို ကြားလိုက်ရသောအခါ သူရဲကောင်းစိတ်ဓာတ်ရှိသည့် မင်းသမီးကောင်းယန်မှာ ငြင်းဆန်ခြင်းမပြုဘဲ သူမထံသို့ လျှောက်သွားရန် ပြင်လိုက်သည်။
သို့သော်လည်း ကျန်းလျိုက ကောင်းယန်၏ လက်ကို ဆွဲထားပြီး ထိုအမျိုးသမီးကို သံသယဖြင့် ကြည့်နေ၏။ ဤမြင်ကွင်းမှာ တစ်နေရာရာတွင် တွေ့ဖူးသလိုလို ရှိနေသည်။
မှန်ပါသည် ... တစ်ချိန်က ကျင်းဆန်းကျောင်းတော် နောက်ဖေးတောင်ပေါ်တွင် ဓားပြများကြားထဲမှ အမျိုးသမီးတစ်ဦးသည် ဤနည်းလမ်းမျိုးဖြင့်ပင် သူ့ကို လှည့်စားခဲ့ဖူးသည် မဟုတ်ပါလား။
"တစ်ခါ အလိမ်ခံရဖူးရင် နောက်တစ်ခါ သတိရှိရတယ်"
ဆိုသည့် စကားအတိုင်းပင်။ ဤတစ်ကြိမ်မှာ အလိမ်အညာ မဟုတ်နိုင်သော်လည်း သတိထားခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
"ဟင်း ... ငါ့ကို လှည့်စားဖို့ ကြံနေတာလား ... သေပေတော့…"
ထောင်ချောက် ဟုတ်၊ မဟုတ်ကို ဂရုမစိုက်ဘဲ ကျန်းလျိုမှာ အကြံအစည်ကို ရိပ်မိသလို ဟန်ဆောင်ကာ အော်ဟစ်လိုက်သည်။
စကားပြောနေစဉ်မှာပင် သူ၏လက်ထဲ၌ မိစ္ဆာနှင် တောင်ဝှေး ပေါ်လာပြီး ထိုအမျိုးသမီးထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။
"ကျန်းလျို…"
မည်သည့် အကြောင်းပြချက်မှမရှိဘဲ ရုတ်တရက် တိုက်ခိုက်လိုက်သော ကျန်းလျို၏ လုပ်ရပ်ကြောင့် မင်းသမီးကောင်းယန်၏ မျက်နှာမှာ ထိတ်လန့်တကြား ဖြစ်သွားရသည်။
"ဖတ်…"
တိုက်ခိုက်သလို ဟန်ဆောင်ရင်း ထိုအမျိုးသမီး၏ ထိတ်လန့်နေသော မျက်နှာကို ကျန်းလျို ကြည့်နေမိသည်။ မိမိ ခန့်မှန်းချက် မှားသွား၍ ပြန်ဆွဲရန် ပြင်လိုက်စဉ်မှာပင် မြင်ကွင်းမှာ ဝေဝါးသွားပြီး သူ၏ မိစ္ဆာနှင် တောင်ဝှေးကို ထိုအမျိုးသမီးက လက်တစ်ဖက်ဖြင့် ဖမ်းယူထားသည်ကို တွေ့လိုက်ရ၏။
"မင်းက ဆရာတော်ရွှမ်ကျန်း ဖြစ်ရမယ်ပေါ့ ... ငါ့ရဲ့ အပြစ်အနာအဆာတွေကို သေချာဖုံးကွယ်ထားတယ် ထင်နေတာ ... မင်း ဘယ်လိုများ ရိပ်မိသွားတာလဲ ...."
ထိုအမျိုးသမီးက မိစ္ဆာနှင် တောင်ဝှေးကို လက်ဖြင့် ကိုင်ထားရင်း လေးနက်စွာ မေးလိုက်သည်။
"အဘွားကြီးရာ ... ဘာလို့ ဒီလောက် ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်နေရတာလဲ ... ဆရာတော်ရွှမ်ကျန်းက သွေးကြောဖွင့် အဆင့်ပဲ ရှိတာပဲလေ ... ဘာအကြံအစည်မှ သုံးနေစရာမလိုဘဲ တိုက်ရိုက် ဖမ်းလိုက်ရင် ရတာကို..."
ပိန်ပိန်ပါးပါး လူတစ်ယောက် ရှေ့သို့ ထွက်လာရင်း အခြား အမျိုးသားအသံတစ်ခုက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ ..."
မိစ္ဆာနှင် တောင်ဝှေးမှာ အဖမ်းခံထားရရုံသာမက တောင်ကြီးတစ်လုံးလို လေးလံနေသဖြင့် ကျန်းလျိုမှာ သူတို့၏ ခွန်အားကို အံ့သြသွားပြီး ရှေ့မှ လူနှစ်ယောက်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"သူတို့တွေက လောဘရမ္မက် ဝံပုလွေမင်း နဲ့ ကွေ့ပေ့မင်းပဲ ... သူတို့တွေ ပေါင်းကြံနေကြတာ ကြာလှပြီ ..."
သူတို့ ပြန်မဖြေမီမှာပင် အခြား အသံတစ်ခုက ထပ်မံ ထွက်ပေါ်လာလေတော့သည်။ အသံလာရာသို့ လှည့်ကြည့်လိုက်ရာ မည်သည့်အချိန်က ရောက်ရှိနေသည်မသိသော ဖြူဖွေးသည့် မြွေတစ်ကောင်သည် မင်းသမီးကောင်းယန်၏ ကိုယ်ပေါ်သို့ တွားတက်နေသည်ကို တွေ့လိုက်ရ၏။ စကားသံအဆုံးတွင် ထိုမြွေမှာ ခရမ်းရောင်လက်သည်းများဖြင့် ကောင်းယန်၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
"လူသားအသွင် ပြောင်းလဲနိုင်တယ်ဆိုတော့ ... မိစ္ဆာဘုရင်တွေပဲ ..."
အဖြူရောင် အကြေးခွံပါသော မြွေမှာ အမျိုးသမီးတစ်ဦးအဖြစ်သို့ အသွင်ပြောင်းသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် ရှေ့မှ လူနှစ်ဦး၏ အထောက်အထားကိုပါ ရှင်းပြနေသဖြင့် ကျန်းလျို၏ မျက်နှာမှာ မှောင်ကျသွားရသည်။
မိစ္ဆာများသည် ကျင့်ကြံမှု နက်ရှိုင်းလာသည်နှင့်အမျှ မတူညီသော ထူးခြားချက်များကို ပြသလေ့ရှိကြ၏။ သာမန် "မိစ္ဆာ" များမှာ ကြီးမားလှသော ခန္ဓာကိုယ်အချိုးအစားကိုသာ ပြသလေ့ရှိသော်လည်း အဆင့်နိမ့် "မိစ္ဆာ" များမှာမူ စတင်၍ စိတ်ဝိညာဉ်ဉာဏ်ပွင့်လာကာ လူစကားကို ပြောတတ်လာကြသည်။ "မိစ္ဆာစစ်သည်" များမှာမူ လူတို့၏ အပြုအမူကို အတုယူကာ မတ်တပ်လမ်းလျှောက်နိုင်ကြ၏။
ထို့ထက် မြင့်မားသော "မိစ္ဆာစစ်ဗိုလ်" များမှာမူ လေ၊ မီး၊ မိုးကြိုး စသည့် ထူးခြားသော မိစ္ဆာအတတ်ပညာများကို စတင် အသုံးပြုနိုင်ကြသည်။
"မိစ္ဆာစစ်သူကြီး" များမှာမူ မိစ္ဆာစစ်သူကြီး ရွှမ်းရွှဲ့ ကဲ့သို့ပင် လူသားပုံစံသို့ စတင်အသွင်ပြောင်းနေပြီဖြစ်သော်လည်း တိရစ္ဆာန်ဦးခေါင်းနှင့် လူကိုယ်ခန္ဓာဖြင့် ရှိနေကြဆဲ ဖြစ်၏။
နောက်ဆုံးတွင်မူ "မိစ္ဆာဘုရင်" ဟူသည် လူသားအသွင်သို့ လုံးဝဥဿုံ ပြောင်းလဲနိုင်သူများကို ခေါ်ဆိုခြင်း ဖြစ်ပေသည်။
ယခုအခါတွင်မူ မိစ္ဆာဘုရင်ကြီး သုံးပါးစလုံး သူ၏ရှေ့မှောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေတော့သည်...။
မိစ္ဆာဘုရင်များ မည်မျှအထိ အစွမ်းထက်သည်ကို ဖူထူတောင်တွင် သွေးကျားဘုရင်နှင့် နဂါးမင်းတို့ ဖြစ်ပွားခဲ့သော တိုက်ပွဲက သက်သေပြပြီးသား ဖြစ်သည်။
ယခုမူ မိစ္ဆာဘုရင် သုံးပါး တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခြင်းမှာ ဗုဒ္ဓဘာသာ၏ နံသာတိုင် အမာရွတ် ၁၂ ခု ပိုင်ရှင်ဖြစ်သော သူ့ကို အမြစ်ဖြတ်ရန် ရောက်လာကြခြင်းလော ...။
“နေဦး…တစ်ခုခုတော့မှားနေပြီ…”
အကယ်၍ ဗုဒ္ဓဘာသာအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည့် သူ့ကို သတ်ပစ်ရန်သက်သက်ဆိုလျှင် အခြား မိစ္ဆာဘုရင်ဖြစ်သော မြွေဖြူမက အဘယ်ကြောင့် သူ့ကို သတ်ရန် အပြိုင်အဆိုင် ကြိုးစားနေရသနည်း။
“ဒါမှမဟုတ်... ငါ့ကို သတ်ရင် ရနိုင်မယ့် ဆုလာဒ် တစ်ခုခု ရှိနေလို့များလား...”
***