အခန်း (၇၉-၈၀)
Vol. 6 Ch. 79-80
အပိုင်း(၇၉)
မဟာထန်နိုင်ငံတော်တွင် လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့သည် အတိုင်းအတာတစ်ခုအထိ ဟန်ချက်ညီညီ ယှဉ်တွဲနေထိုင်ကြသော်လည်း မျိုးဆက်နှင့်ချီ၍ တည်ရှိလာသော သွေးကြွေးရန်ငြိုးများမှာ ငြင်းပယ်၍မရနိုင်သော အမှန်တရားပင် ဖြစ်လေသည်။
ထို့ကြောင့် နံသာတိုင် အမာရွတ် ၁၂ ခု ပိုင်ရှင် ပေါ်ထွက်လာခြင်းသည် မိစ္ဆာမျိုးနွယ်များအတွက် ထိုခြိမ်းခြောက်မှုကို မကြီးထွားခင်မှာပင် အမြစ်ဖြတ်ရန် အခွင့်အရေးတစ်ခု ဖြစ်နေသည်။ ဤသည်မှာလည်း ယုတ္တိတန်လှ၏။
ထို့ကြောင့်ပင် ချန်အန်းမြို့တော်မှ ကျင်းဆန်းကျောင်းတော်သို့ သွားသည့် ခရီးစဉ်လေးမှာပင် လုံဟိုင်ဆရာတော် ကိုယ်တိုင်က ဆရာတော် ဟွေ့ဟိုင် တို့ကို အစောင့်အရှောက်အဖြစ် လိုက်ပါစေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူ့ကို သတ်ချင်ရုံသက်သက်ဆိုလျှင် မိစ္ဆာစစ်သူကြီး တစ်ယောက်လောက်ဆိုလျှင်ပင် လုံလောက်နေပြီ မဟုတ်ပါလော။
ယခုမူ... မိစ္ဆာဘုရင်များ ကိုယ်တိုင် ရောက်ရှိလာကြခြင်း ဖြစ်၏။ အသေအလဲ ဒုက္ခပေးမည့် မိစ္ဆာဘုရင် နှစ်ပါးအပြင်၊ မြွေဖြူမိစ္ဆာဘုရင်ကလည်း အပြိုင်အဆိုင် သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိနေခြင်းမှာ လုံးဝကို ယုတ္တိမတန်တော့ပေ။
"အဆိပ်ဖြူဘုရင်မ ... ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ ...."
အမျိုးသမီးအသွင် ပြောင်းလဲထားသော ဝံပုလွေမင်းက မြွေဖြူအသွင်မှ ပြောင်းလဲလာသည့် မိစ္ဆာဘုရင်မကို စူးစိုက်ကြည့်ကာ ခက်ထန်စွာ မေးလိုက်သည်။
သူတို့ဘက်တွင် မိစ္ဆာဘုရင်ကြီး နှစ်ပါးရှိသဖြင့် သူမကို ကြောက်စရာမလိုသော်လည်း အဆိပ်အတတ် ကျွမ်းကျင်သူတစ်ဦးသည် လူနည်းစုဖြင့် လူများစုကို အနိုင်ယူနိုင်စွမ်းရှိသည်မှာ အထူးအဆန်းမဟုတ်သဖြင့် သတိထားနေရ၏။
ထို့ပြင် အဆိပ်ဖြူဘုရင်မ၏ အဆိပ်မှာ မဟာထန်တစ်နိုင်ငံလုံးတွင် ထိပ်တန်းစာရင်းဝင် ဖြစ်လေသည်။
"ရယ်စရာပဲ ... နင်တို့ လာနိုင်ရင် ငါက ဘာလို့ မလာနိုင်ရမှာလဲ ... နင်တို့မှာ လာရတဲ့ အကြောင်းပြချက် ရှိသလို ငါ့မှာလည်း ငါ့အကြောင်းပြချက်နဲ့ ငါ ရှိတာပေါ့ ..."
အဆိပ်ဖြူဘုရင်မသည် မင်းသမီးကောင်းယန်၏ လည်ပင်းကို ကိုင်ထားရင်း မိစ္ဆာဘုရင်နှစ်ပါးကို ကြည့်ကာ မူနွဲ့စွာဖြင့် တခစ်ခစ် ရယ်မောလေသည်။
"ဒီတော့ မင်းလည်း ထာဝရ ရှင်သန်နိုင်တဲ့ အသားတော်အကြောင်း သိသွားတာပေါ့လေ... ဘယ်လိုလုပ် သိသွားတာလဲ ..."
မိစ္ဆာဘုရင် နှစ်ပါးမှာ အဆိပ်ဖြူဘုရင်မ၏ ရည်မှန်းချက်ကို ရိပ်မိသွားကြရာ ထိတ်လန့်တကြား မေးလိုက်ကြ၏။
"နင်တို့က သွေးကျားဘုရင်ကို မူးအောင်တိုက်ပြီး သူ့ပါးစပ်ကနေ ဒီသတင်းကို နှိုက်ယူနိုင်တယ်ဆိုရင် ... ဒီလောကမှာ လုံတဲ့ပါးစပ်ရှိလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား ..."
"ထာဝရ ရှင်သန်နိုင်တဲ့ အသားတော် ဟုတ်လား ...."
မိစ္ဆာဘုရင်များ၏ စကားဝိုင်းကို ကြားလိုက်ရသော ကျန်းလျိုသည် ရင်ထဲ၌ ထိတ်လန့်သွားပြီးနောက် အခြေအနေမှန်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။
မိစ္ဆာဘုရင်ကြီး သုံးပါးစလုံး ပေါ်လာပြီး အပြိုင်အဆိုင် ဖြစ်နေကြသည်မှာ မဆန်းတော့ပေ။ သူ၏ အသားက ထာဝရအသက်ကို ပေးနိုင်သည်ဟူသော သတင်းကြောင့်ပင်။
ကျားဇီ အသီးတစ်လုံးတည်းအတွက်တောင် သွေးကျားဘုရင်နှင့် နဂါးမင်းတို့ အသေအလဲ တိုက်ခဲ့ကြသေးလျှင် ထာဝရအသက်ရစေမည့် သူ၏ အသားအတွက် ဤမိစ္ဆာဘုရင် သုံးပါး ရောက်လာကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ကျန်းလျို စဉ်းစားနေစဉ်မှာပင် အဆိပ်ဖြူဘုရင်မ၏ ပါးစပ်မှ ပန်းရောင် အဆိပ်ငွေ့များ ထွက်ပေါ်လာပြီး မိစ္ဆာဘုရင် နှစ်ပါးကို ဝိုင်းရံပိတ်ဆို့လိုက်လေသည်။
"အဆိပ်ဖြူဘုရင်မ ... မင်းရဲ့ အဆိပ်က ပြင်းထန်တယ်ဆိုပေမဲ့ ငါတို့အားလုံးက မိစ္ဆာဘုရင် အဆင့်တွေချည်းပဲ ... မင်း တစ်ယောက်တည်းနဲ့ ငါတို့နှစ်ယောက်ကို ယှဉ်ပြီး ရွှမ်ကျန်းကို လုသွားနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား... ငါတို့ကို လျှော့တွက်လွန်းရာ ကျနေပြီ ..."
ဝံပုလွေမင်းက မိမိတို့ကို ဝိုင်းရံထားသော အဆိပ်ငွေ့များကို ကြည့်ကာ ခက်ထန်စွာ ပြောလိုက်သည်။
"မစမ်းကြည့်ဘဲနဲ့ ငါက ဘယ်လိုသိမှာလဲ ..."
အဆိပ်ဖြူဘုရင်မကလည်း သူမ၏ အဆိပ်ပညာအပေါ် ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်၏။
မိစ္ဆာဘုရင် သုံးပါး တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်တော့မည့် ဆဲဆဲတွင် ကျန်းလျိုက ရှေ့သို့ နှစ်လှမ်းတိုးကာ ကြားဖြတ်ပြောလိုက်သည်။
"နေကြဦးဗျ ... ခင်ဗျားတို့ သုံးယောက်လုံးကို ကျွန်တော် မေးစရာရှိတယ် ... ကျွန်တော့်အသားက ထာဝရအသက်ပေးနိုင်တယ်ဆိုတာ ခင်ဗျားတို့ ဘယ်လိုလုပ် သိကြတာလဲ ..."
မူရင်းဇာတ်လမ်းတွေထဲမှာ ပါနေသော်လည်း ဘာအကြောင်းမှမရှိဘဲ ယခုလိုသတင်းမျိုး ဘယ်လိုပျံ့သွားတာလဲဆိုတာ ကျန်းလျို တကယ် သိချင်နေမိသည်။
"မင်း မသိဘူးလား ..."
ကျန်းလျို၏ မေးခွန်းကြောင့် မိစ္ဆာဘုရင် သုံးပါးစလုံး အံ့သြသွားကြပြီး သူ့ကို ကြည့်လိုက်ကြသည်။
"ဘာကို သိရမှာလဲ ..."
ကျန်းလျိုက ဘာမှမသိနားမလည်သော ပုံစံဖြင့် မေးလိုက်၏။
"ဟိုတစ်နေ့က ဖူထူတောင် တိုက်ပွဲတုန်းက သွေးကျားဘုရင်က မင်းဆီက အသားတစ်စ ကို ကိုက်ဖဲ့စားလိုက်တယ်မဟုတ်လား..."
အဆိပ်ဖြူဘုရင်မက တိုက်ခိုက်ရန် မလောဘဲ ကျန်းလျိုကို မေးလိုက်သည်။
ကျန်းလျိုသည် ဒဏ်ရာပျောက်ကင်းသွားပြီဖြစ်သော သူ၏ရင်ဘတ်ကို စမ်းကြည့်ရင်း ခေါင်းညိတ်ပြလိုက်ပြီး...
"ဟုတ်တယ် ... အဲဒါကြောင့်ပဲ သူ့ရဲ့သက်တမ်းက တိုးသွားတာလား..."
"မှန်တယ် ... အဲဒီအချိန်ကစပြီး သွေးကျားဘုရင်ရဲ့ ရှင်သန်ခြင်းစွမ်းအားတွေ တိုးလာပြီး သူက ပြန်နုပျိုလာတယ် ... သတင်းတွေအရဆိုရင် သက်တမ်း ငါးရာတောင် တိုးသွားတယ်လို့ ပြောကြတယ် ..."
အဆိပ်ဖြူဘုရင်မက ခေါင်းညိတ်ကာ ဖြေလိုက်သည်။
"ဒါဆို တကယ်ပဲပေါ့ ... ကျွန်တော့်အသားက တကယ်ပဲ သက်တမ်းတိုးပေးနိုင်တာပေါ့ ..."
ဤနေရာတွင် ကျန်းလျို အားလုံးကို သဘောပေါက်သွားတော့သည်။
"နေဦး ... ခင်ဗျားနာမည်က အဆိပ်ဖြူဘုရင်မ ဟုတ်လား ... ဟိုနှစ်ယောက်က ကျွန်တော့်ဆီက အသားကို လိုချင်လို့ ဖမ်းကြတာ ထားပါတော့ ... ခင်ဗျားက ဘာလို့ ကောင်းယန်ကို ဓားစာခံလုပ်ထားရတာလဲ ..."
ကျန်းလျိုက အဆိပ်ဖြူဘုရင်မ၏ လက်ထဲတွင် လည်ပင်းညှစ်ခံထားရသော ကောင်းယန်ကို ကြည့်ကာ မေးလိုက်သည်။ တစ်ဖက်က ကောင်းယန်၏ ဘေးကင်းရေးအတွက် စိုးရိမ်နေသလို တစ်ဖက်ကလည်း ဘာကြောင့် ဤသို့လုပ်သည်ကို နားမလည်နိုင် ဖြစ်နေမိသောကြောင့် ဖြစ်၏။
"ဟင်..."
ကျန်းလျို၏ စကားကြောင့် အမျိုးသမီးအသွင် ပြောင်းထားသော ဝံပုလွေမင်းမှာ မျက်ခုံးပင့်သွားပြီး အဆိပ်ဖြူဘုရင်မကို သံသယဖြင့် ကြည့်ကာ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။
မှန်ပေသည် ... သူတို့အနေဖြင့် ရွှမ်ကျန်းကို ဖမ်းဆီးခြင်းက ယုတ္တိရှိသော်လည်း ကောင်းယန်ကို အဘယ်ကြောင့် ဖမ်းထားရသနည်း။ သူမက ဘာအတွက် အသုံးဝင်မှာမို့လို့နည်း...။
"ဟားဟားဟား ... ဆရာတော်ရွှမ်ကျန်းက တကယ့်ကို ဉာဏ်ကောင်းတာပဲ ... ငါက ဘာအကြောင်းမှမရှိဘဲ ထာဝရအသက်ရှင်သန်နိုင်တဲ့ အသားအကြောင်းကို ရှင်းပြပြီး သူတို့ကို လမ်းပိတ် အချိန်ဆွဲနေတယ်လို့ ထင်နေတာလား ..."
အဆိပ်ဖြူဘုရင်မမှာ ကျန်းလျို၏စကားကို ကြားသောအခါ မြူဆွယ်ညှို့ယူလိုသော အမူအရာဖြင့် ရယ်မောလိုက်၏။
ထို့နောက် သူမက ကဲ့ရဲ့သလိုကြည့်ကာ ဆက်ပြောသည်။
"တန်ခိုးစွမ်းအားတွေ ဘယ်လောက်ကြီးပါစေ… ကံကြမ္မာကိုတော့ မဆန့်ကျင်နိုင်ပါဘူး ... ဆရာတော်ရွှမ်ကျန်း ပြန်ပေါ်လာပြီဆိုတာကို ငါတို့မိစ္ဆာမျိုးနွယ်တွေပဲ သိတယ်လို့ နင်တို့နှစ်ယောက်က ထင်နေတာလား ...."
"ဒါဆိုရင် ..."
မိစ္ဆာနှစ်ပါး၏ မျက်နှာမှာ ချက်ချင်းဆိုသလို ပျက်သွားတော့သည်။
ထိုစဉ် မိစ္ဆာဘုရင်များ၏ ထင်မြင်ချက်ကို အတည်ပြုပေးလိုက်သကဲ့သို့ပင် မိုးကုပ်စက်ဝိုင်းဆီမှ တောက်ပလှသော ဗုဒ္ဓရောင်ခြည်တော်များ ပေါ်ထွက်လာ၏။
ဂါး...
တစ်ပြိုင်နက်တည်းမှာပင် မြေကြီးနှင့် ကောင်းကင်ကြား၌ ဟိန်းထွက်လာသော နဂါးဟောက်သံကြီးကြောင့် မိစ္ဆာဘုရင် သုံးပါးစလုံး ထိတ်လန့်သွားကြရသည်။
"ဟို လုံဟိုင် ကတုံးအိုကြီး ရောက်လာပြီ ... ပြေးကြစို့…"
ကောင်းကင်မှ ဗုဒ္ဓရောင်ခြည်ကို မြင်သည်နှင့် ဝံပုလွေမိစ္ဆာ နှစ်ယောက်မှာ ရှေ့မှ ပန်းရောင်အဆိပ်ငွေ့များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မိစ္ဆာစွမ်းအင်များကို ထုတ်လွှတ်ကာ အတင်းအဓမ္မ ထိုးဖောက်ထွက်ပြေးကြလေတော့သည်။
အဆိပ်ဖြူဘုရင်မမှာမူ လက်တစ်ဖက်က ကောင်းယန်ကို ဖမ်းထားရင်း ကျန်လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ ပြင်းထန်လှသော အဆိပ်ငွေ့များက ပျံ့နှံ့သွား၏။
"အဆိပ်ဖြူဘုရင်မ ... မင်းက မိစ္ဆာမျိုးနွယ်ဖြစ်ပြီးတော့ လူသားတွေနဲ့ ပေါင်းကြံရဲတယ်ပေါ့ ... မင်း ... မင်း ..."
သူတို့ အတင်းပြေးနေသော်လည်း အဆိပ်များမှာ အရိုးထဲထိ စိမ့်ဝင်သွားသကဲ့သို့ ခံစားရပြီး ခေါင်းများ မူးဝေလာသဖြင့် ဝံပုလွေမိစ္ဆာနှစ်ဦးမှာ ဒေါသတကြီး ကျိန်ဆဲနေကြသည်။
"ကျိန်ဆဲချင်သလောက် ကျိန်ဆဲစမ်းပါ ... ဒီနေ့ ရှင်တို့နှစ်ယောက် သေရမယ်ဆိုတာ ငါ ကြိုမြင်ပြီးသား ... ငါကတော့ ထာဝရ အသက်ရှင်သန်မယ့် အသားကို မြိန်မြိန်ယှက်ယှက် စားသုံးရတော့မှာ …ဟား…ဟား ...ဟား…"
အဆိပ်ဖြူဘုရင်မက အောင်နိုင်သူအမူအရာဖြင့် ရယ်မောလိုက်သည်။
ထိုစဉ်မှာပင် တောက်ပလှသော ဗုဒ္ဓရောင်ခြည်တော်များ ကောင်းကင်မှ ဆင်းသက်လာပြီး နဂါးဟောက်သံက သူတို့ကို ဖိနှိပ်လိုက်သည်။ အဆိပ်မိကာ ခေါင်းမူးနေသော ဝံပုလွေမင်းနှင့် ကွေ့ပေ့မင်းတို့မှာ ပြင်းထန်သော အသံလှိုင်းကြောင့် လွင့်ထွက်သွားပြီး မိစ္ဆာသွေးများ အန်ထုတ်လိုက်ရလေသည်။
ကျန်းလျိုသည်လည်း အဆိပ်ငွေ့များကို ရှူမိထားသဖြင့် ခေါင်းမူးကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး မနည်း အားယူနေရ၏။ သို့သော် သူ၏အကြည့်က ဝံပုလွေမိစ္ဆာနှစ်ဦးဆီသို့ ရောက်သွားသောအခါ သူတို့၏ သွေးတန်း မှာ တစ်ဝက်ကျော် ကုန်ဆုံးသွားသည်ကို မြင်လိုက်ရသည်။
"ရွှမ်ကျန်း ... မင်း ဘာမှမဖြစ်ဘူးဆိုတော့ အတော်ပဲ ... တကယ် ဝမ်းသာမိပါတယ် ..."
ဗုဒ္ဓရောင်ခြည်တော်များ ပျောက်ကွယ်သွားချိန်တွင် ဆရာတော်လုံဟိုင် နှင့် တောက်ကျိ တို့ ကောင်းကင်မှ ဆင်းသက်လာကြသည်။ ဆရာတော်လုံဟိုင်သည် တောက်ကျိက ကျန်းလျိုကို တွဲကူနေသည်ကို မြင်သောအခါ ဝမ်းသာအားရ ဆိုလိုက်၏။
"ကယ် ... ကယ်ပေးပါ ... ကောင်းယန်ကို ကယ်ပေးပါဦး ..."
အဆိပ်ငွေ့ဒဏ်ကြောင့် ကျန်းလျိုမှာ သတိလစ်တော့မည့်အလား မူးဝေနေသော်လည်း တောက်ကျိ၏ အကူအညီဖြင့် အားတင်းကာ ပြောလိုက်သည်။ ကောင်းယန်မှာ မိစ္ဆာဘုရင်မ၏ လက်ထဲတွင် ရှိနေသဖြင့် ကျန်းလျို မည်သို့ စိတ်အေးနိုင်ပါမည်နည်း။
"စိတ်အေးအေးထားပါ ... ငါ ဒီမှာ ရှိနေတယ် ..."
ဆရာတော်လုံဟိုင်က ကျန်းလျို၏ ပုခုံးကို ပုတ်ကာ ညင်သာစွာ ပြောလိုက်သည်။
တောက်ကျိကို ကျန်းလျိုအား ဂရုစိုက်ရန် မှာကြားပြီးနောက် တရာတော်လုံဟိုင်က အဆိပ်ဖြူဘုရင်မဘက်သို့ လှည့်ကာ စိုက်ကြည့်လိုက်၏။
"အောမိတော်ဖော် ... ဒါယကာမ အဆိပ်ဖြူ ... မင်းသမီးကောင်းယန်ဆိုတာ ထန်မင်းကြီးရဲ့ အချစ်ဆုံးသမီးတော် ဖြစ်တယ် ... သူ့ကို အခုချက်ချင်း လွှတ်ပေးဖို့ ငါ အကြံပြုပါရစေ ... မဟုတ်ရင်တော့ ထန်မင်းကြီးက မင်းရဲ့ မြွေတစ်သောင်းတောင်ကို မြေလှန်ပစ်လိမ့်မယ် ..."
"ဟဲဟဲ ... လုံဟိုင်ကတုံး ... ငါ့ကို လာမခြောက်ပါနဲ့ ... ဒီကိုမလာခင်ကတည်းက မြွေတစ်သောင်းတောင်က မိစ္ဆာအားလုံးကို ငါ လူစုခွဲခိုင်းပြီးသား ... မင်းသမီးရဲ့ အသက်က နင်တို့လက်ထဲမှာပဲ ရှိတယ် ... ငါ လိုချင်တာ တစ်ခုပဲ ရှိတယ် ...."
"နင်တို့သာ သဘောတူမယ်ဆိုရင် မင်းသမီးရဲ့ ဆံပင်တစ်မျှင်တောင် အထိခိုက်မခံစေရဘူး ... မဟုတ်ရင်တော့ နတ်ဘုရားတွေကိုတောင် သတ်နိုင်တဲ့ 'ဝိညာဉ်ဖျက်အဆိပ်' ကို မဟာဗုဒ္ဓကျောင်းတော်နဲ့ နန်းတော်တို့က ဘယ်လို ဖြေရှင်းမလဲဆိုတာ ငါ ကြည့်ချင်သေးတယ် ..."
***
အပိုင်း(၈၀)
'ဝိညာဉ်ဖျက်အဆိပ်' ဆိုသည့် အမည်ကို ကြားလိုက်ရသောအခါ ဆရာတော်လုံဟိုင်၏ မျက်နှာ ပျက်သွားရသည်။
"မင်း ဘာလိုချင်တာလဲ ..."
ဆရာတော်လုံဟိုင်က တည်ကြည်သော မျက်နှာဖြင့် မေးလိုက်၏။
"လူတိုင်းက ဆရာတော်ရွှမ်ကျန်းရဲ့ အသားတော်က ထာဝရအသက်ပေးတယ်လို့ ပြောနေကြတယ် ... ဒီဘုရင်မကလည်း အဲဒါကို မြည်းစမ်းကြည့်ချင်တယ်လေ ... ဟဲဟဲ ... အသားတစ်စနဲ့ မင်းသမီးကောင်းယန်ရဲ့ အသက်ကို လဲလှယ်တာ တန်ပါတယ် ... မဟုတ်ဘူးလား ..."
"မဖြစ်နိုင်တာ…"
ဆရာတော်လုံဟိုင်၏ မျက်နှာမှာ ရေပြင်ကဲ့သို့ တည်ငြိမ်သွားသည်။
သို့သော် ကျန်းလျိုမှာ အားအင်အားလုံးကို စုစည်းကာ အသိစိတ်ကို ထိန်းရင်း အော်ဟစ်လိုက်၏။
"ကျွန်တော် ... ကျွန်တော် သဘောတူတယ် ...."
မိစ္ဆာဘုရင်အဆင့်ရှိသော မိစ္ဆာနှစ်ပါးစလုံးမှာ ဆရာတော်လုံဟိုင်နှင့် ရင်ဆိုင်ရသောအခါ လှည့်ထွက်ပြေးရန်သာ ရွေးချယ်ခဲ့ကြသည်။
သို့သော် အဆိပ်ဖြူဘုရင်မမှာမူ လုံဟိုင်၏ရှေ့တွင် တည်ငြိမ်နေဆဲ ဖြစ်၏။ ဤသည်မှာ သူမ၏ အစွမ်းက မိစ္ဆာနှစ်ပါးထက် သာလွန်နေ၍ မဟုတ်ပေ။ အကယ်၍ သာလွန်နေမည်ဆိုပါက သူမသည် ရွှမ်ကျန်းကို တိုက်ရိုက်ဖမ်းဆီးကာ ထွက်ပြေးသွားနိုင်သည် မဟုတ်ပါလား။ လုံဟိုင် ရောက်လာသည်အထိ အချိန်ဆွဲနေစရာ အကြောင်းမရှိပေ။
အကြောင်းရင်းမှာ အဆိပ်အတတ်အပြင် အဆိပ်ဖြူဘုရင်မသည် နိမိတ်ဖတ် အတတ်ပညာတွင်လည်း အလွန်ထူးချွန်သောကြောင့် ဖြစ်သည်။
ယနေ့တွင် ဆရာတော်ရွှမ်ကျန်း မသေသေးကြောင်း သိလိုက်ရကတည်းက အဆိပ်ဖြူဘုရင်မသည် သူမကိုယ်သူမ နိမိတ်ဖတ်ခဲ့သည်။
နိမိတ်ခြင်း၏ အကောင်းဆုံးရလဒ်မှာ သူမ၏ တာဝန်သည် ထိတ်လန့်စရာများ ရှိနိုင်သော်လည်း ဘေးအန္တရာယ် မရှိဘဲ ထာဝရအသက်ပေးသည့် အသားတော်ကို ရရှိနိုင်သည်ဟု ပြနေခဲ့သည်။ ထို့ကြောင့် အဆိပ်ဖြူဘုရင်မက ဆက်လက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
ထိုအကြောင်းကြောင့်ပင် မိစ္ဆာဘုရင် နှစ်ပါးနှင့် ရင်ဆိုင်နေရစဉ်မှာပင် သူမသည် မင်းသမီးကောင်းယန်ကို ဓားစာခံလုပ်ကာ လုံဟိုင် ရောက်လာသည်အထိ အချိန်ဆွဲခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်ပင် နိမိတ်အတိုင်း ဖြစ်လာခဲ့၏။ သူမသည် အင်အားချင်း မယှဉ်နိုင်သော်လည်း မင်းသမီးနှင့် အသားတစ်စကို လဲလှယ်နိုင်မည့် အခွင့်အရေး ရလာပြီ ဖြစ်သည်။
ကျန်းလျို၏ အဖြေနှင့် ပတ်သက်၍ အဆိပ်ဖြူဘုရင်မမှာ အံ့သြခြင်း မရှိပေ။ ပို၍ တိတိကျကျ ဆိုရလျှင် အရာအားလုံးမှာ သူမ၏ နိမိတ်အတိုင်း တစ်သဝေမတိမ်း ဖြစ်ပျက်နေခြင်းပင်။
"လုံဟိုင် ... ဆရာတော်ရွှမ်ကျန်း ကိုယ်တိုင်က ရွေးချယ်ပြီးပြီပဲ ... နင်က ကြားထဲက ဘာလို့ လူဆိုးလုပ်ချင်နေရတာလဲ ..."
အဆိပ်ဖြူဘုရင်မက မင်းသမီး၏ လည်ပင်းကို ကိုင်ထားရင်း လုံဟိုင်ကို ပြုံး၍ ပြောလိုက်သည်။
"ရွှမ်ကျန်း ... မဟုတ်ဘူး… မင်း သိထားရမှာက ..."
ဆရာတော်လုံဟိုင်က ကျန်းလျိုဘက်သို့ လှည့်ကာ ကန့်ကွက်ရန် ပြင်လိုက်၏။
"ဆရာတော် ... တပည့်တော် ... တပည့်တော် ဆုံးဖြတ်ပြီးပါပြီ ..."
ကျန်းလျိုက ဆရာတော်လုံဟိုင် ပြောမည့်စကားကို ဖြတ်ပြောလိုက်သည်။ သူ၏ အသိစိတ်မှာ လွင့်ပျယ်တော့မည့်အလား အားနည်းနေသော်လည်း သူ၏ စကားလုံးများမှာ ပြတ်သားလှပေသည်။
အသားတစ်စနှင့် မင်းသမီးကောင်းယန်၏ ဘေးကင်းမှုကို လဲလှယ်ရန်အတွက် ကျန်းလျိုမှာ ဘာကိုမဆို လုပ်ဝံ့သည်။
စကားပြောနေစဉ်မှာပင် ကျန်းလျို၏ လက်မှာ ဖြည်းညင်းစွာ မြှောက်တက်လာသည်။ သူ၏ သိုလှောင်ခန်းထဲမှ ဓားတစ်လက်ကို ထုတ်ယူလိုက်ပြီးနောက် မိမိ၏ လက်မောင်းကို လှီးရန် ပြင်လိုက်လေသည် ....။
"ဖြောင်း…"
သို့သော်လည်း ဓားက ကျန်းလျို၏ လက်မောင်းသို့ ထိခါနီးမှာပင် ရုတ်တရက် တစ်စုံတစ်ယောက်က သူ၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်သည်။ ထိုသူကား တောက်ကျိ ပင် ဖြစ်၏။
"တောက် ... တောက်ကျိ…"
ဆရာတော်လုံဟိုင်ပင် အတင်းအကြပ် မတားဆီးခဲ့သော်လည်း တောက်ကျိက ဝင်ရောက်တားဆီးလိုက်သဖြင့် ကျန်းလျိုမှာ အံ့သြတကြီး မော့ကြည့်လိုက်မိသည်။
"အောမိတော်ဖော်...ဆရာတော်ရွှမ်ကျန်း…ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်တာဟာ ဗုဒ္ဓသာသနာရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေပါတယ် ...."
တောက်ကျိက တည်ကြည်စွာ ပြောလိုက်၏။ သူ၏ မျက်ဝန်းများတွင် အဆုံးမရှိသော အာဏာစက်များ ပြည့်နှက်နေသကဲ့သို့ ရှိပြီး သူ၏ လေသံမှာလည်း တည်ငြိမ်လှသည်။
ကျန်းလျို ပြန်မပြောနိုင်ခင်မှာပင် တောက်ကျိ၏ အကြည့်မှာ အဆိပ်ဖြူဘုရင်မထံသို့ ကျရောက်သွားသည်။ သူ၏ကိုယ်မှ အစွမ်းထက်လှသော ဗုဒ္ဓရောင်ခြည်တော်များ ထွက်ပေါ်လာရာ ဆရာတော်လုံဟိုင်ထက်ပင် ပိုမို ကြီးကျယ်ခမ်းနားလှပေသည်။
"ဒီမြွေဖြူလေးက ငါ့ရှေ့မှာ ဘယ်လိုတောင် မောက်မာရဲတာလဲ..."
"ရှင် ... ရှင်က ဘယ်သူလဲ ... ဒီလောက်ထိ သန့်စင်ပြီး ကြီးကျယ်တဲ့ ဗုဒ္ဓစွမ်းအားမျိုး ... ရှင်က သာမန် လူသားရဟန်းတစ်ပါး မဟုတ်တာတော့ သေချာတယ် ..."
တောက်ကျိ၏ ကြီးမားလှသော ဗုဒ္ဓရောင်ခြည်ကို မြင်သောအခါ အဆိပ်ဖြူဘုရင်မ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာပြီး မင်းသမီးကို ဆွဲကာ နောက်သို့ ဆုတ်လိုက်တော့သည်။
ဤသည်မှာ အင်အားကွာခြားမှုသက်သက် မဟုတ်ဘဲ တောက်ကျိ၏ ရှေ့တွင် သူမသည် သဘာဝရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။
"သူက တောက်ကျိ မဟုတ်ဘူး… ဘယ်သူလဲ ...."
ကျန်းလျိုမှာလည်း ရင်ထဲ၌ ထိတ်လန့်သွားရသည်။ သူသိသည့် တောက်ကျိနှင့် ပုံစံချင်း တူသော်လည်း အရှိန်အဝါနှင့် အင်အားမှာ လုံးဝ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကွာခြားနေသောကြောင့် ဖြစ်၏။
"ငါကတော့ ဝိညာဉ်တောင်၊ မြတ်စွာဘုရားရှင်ရဲ့ ရဟန္တာ (၁၈) ပါးထဲက နဂါးကိုနှိမ်နင်းတဲ့ " နဂါးနိုင်ရဟန္တာ" ပဲ ... ကောင်းကင်နဲ့ မြေကြီးကြားက နဂါးပေါင်းများစွာကို ငါ နှိမ်နင်းခဲ့ပြီးပြီ ... မင်းလို မြွေမိစ္ဆာလေးက ငါ့ရှေ့မှာ သေတွင်းလာတူးနေတာပဲ…"
စကားပြောနေစဉ်မှာပင် သူ လက်ကို ဆန့်ထုတ်ကာ အဆိပ်ဖြူ ဘုရင်မထံသို့ လှမ်းလိုက်လေသည်။
“နဂါးနိုင် ရဟန္တာ... ဆိုတော့ ဒီကောင်က တကယ်ပဲ နဂါးနိုင် ရဟန္တာ လူဝင်စားတာပေါ့...”
ကျန်းလျိုက တောက်ကျိပြောသည့် စကားကို နားထောင်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။ တောက်ကျိ နံသာတိုင် အမာရွတ် ကိုးခုကို ရရှိခဲ့စဉ်က ထိုကိုယ်တော်လေးမှာ တကယ်ပဲ နဂါးနိုင် ရဟန္တာ ဝင်စားလေသလောဟု သူ တွေးခဲ့ဖူးသည်။ ယခုတွင်တော့ သူ့ သံသယ အတိုင်း အမှန်အကန်ပင် ကျိကုန်း ကိုယ်တော် ဖြစ်နေခဲ့လေပြီ။
ကြည့်ရသည်က ယခု အလွန် အရေးကြီးသည့် အခိုက်အတန့်တွင် တောက်ကျိ၏ မူလ ဝိညာဉ်မှာ နိုးထလာခဲ့ကာ နဂါးနိုင် ရဟန္တာအဖြစ် အသွင်ပြောင်းသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မည်သို့ပင် ဆိုစေ... နဂါးနိုင် ရဟန္တာမှာ ပေါ်လာခဲ့ပြီ ဖြစ်လေရာ ကျန်းလျို စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ကျိကုန်းသည် မသေမျိုး နတ်ဘုရားများကြားတွင်ပင် ထင်ပေါ် ကျော်ကြားသူ တစ်ယောက် ဖြစ်သည်။ သေမျိုးကမ္ဘာမှ အဆိပ်ဖြူ ဘုရင်မလို သာမန် မိစ္ဆာလေး တစ်ကောင်က သူ့ကို ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ပါချေ။
“အောမိသောဖော... နဂါးနိုင် ရဟန္တာရဲ့ လူဝင်စားကိုး... ဗုဒ္ဓဘာသာနဲ့ ဒီလောက် ကြီးမားတဲ့ ရေစက် ရှိနေတာ မထူးဆန်းတော့ဘူး...”
ဘေးနားရှိ သူတော်စင် ဘုန်းတော်ကြီး လုံဟိုင်မှာ တောက်ကျိ၏ အသွင်အပြင်အသစ်ကို ကြည့်ရင်း အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
“ဟင့်အင်း... ဟင့်အင်း... မဟုတ်ဘူး”
မိမိထံ လှမ်းလာနေသည့် နဂါးနိုင် ရဟန္တာ၏ လက်ဝါးကို ကြည့်ရင်း၊ မြန်ဆန်လှခြင်း မရှိသော်လည်း မလွဲမသွေ ရှောင်လွှဲလို့ မရနိုင် ဟူသော ခံစားချက်နှင့် အတူ အဆိပ်ဖြူ ဘုရင်မမှာ အရူးတစ်ပိုင်း သဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... လက်ကို ကြောက်လန့်တကြား ကြည့်နေရုံမှ တစ်ပါး သူမ ဘာမှ မတတ်နိုင်ခဲ့ပါချေ။
ဤခရီးစဉ်သည် အန္တရာယ် များသော်လည်း ဘေးဥပါဒ် ကင်းမည် ဖြစ်ပြီး ထာဝရ အသက်ရှင်စေမည့် အသားတစ်ဖဲ့ကို အောင်မြင်စွာ မြည်းစမ်းနိုင်မည် ဟု သူ ကိုယ်တိုင် တွက်ချက်ထားပြီးသား ဖြစ်သည်။ သို့သော်လည်း နဂါးနိုင် ရဟန္တာက မည်ကဲ့သို့ ပေါ်လာရသနည်း။
နဂါးနိုင် ရဟန္တာက လက်လှမ်းလိုက်သော အခါ မိစ္ဆာဘုရင် တစ်ပါး ဖြစ်နေလျှင်ပင် အဆိပ်ဖြူ မြွေမိစ္ဆာမမှာ ထိုလက်ဝါးထဲတွင် လုံးဝ ခုခံနိုင်စွမ်း မရှိတော့သကဲ့သို့ ဖြစ်သွားပြီး မူလ ပကတိပုံစံ ဖြစ်သည့် မြွေဖြူ အဖြစ် ပြန်လည် ပြောင်းလဲသွားကာ လက်ဝါးထဲ၌ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရတော့သည်။
ထို့နောက် လက်ဝါးဖြင့် အားပါပါ ညှစ်လိုက်သော အခါ မြွေဖြူလေးမှာ လွယ်လင့်တကူပင် သေဆုံးသွားခဲ့လေတော့သည်။
“ခုလို ဝင်ရောက် ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ရဟန္တာကြီး...”
အဆိပ်ဖြူ ဘုရင်မ သေဆုံးသွားပြီးနောက် သူတော်စင် ဘုန်းကြီး လုံဟိုင်က ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ကျေးဇူးတင်စရာ မလိုပါဘူး သူတော်စင် ရဟန်း လုံဟိုင်... ကျုပ်တို့ရဲ့ အဆင့်အတန်းတွေ၊ လူဝင်စားပြီး ပြန်လည် ကျင့်ကြံတာတွေကို ထည့်တွက်ကြည့်ရင် ဒီဘဝမှာလည်း သင်က ကျုပ်ရဲ့ ဆရာပါပဲ”
နဂါးနိုင် ရဟန္တာက တည်ငြိမ်စွာ ပြန်လည် ဖြေကြားကာ အရိုအသေ ပြန်ပေးလိုက်သည်။
အဆိပ်ငွေ့မြူများ၏ ဒဏ်ကို ဦးနှောက်ထဲ အထိ အစကတည်းက ခံထားရပြီး ကောင်းယန်၏ အသက် အန္တရာယ်ကို စိုးရိမ်သောကြောင့် သတိကို မနည်း ထိန်းထားရသော်လည်း တောက်ကျိက နဂါးနိုင် ရဟန္တာ အဖြစ် ပြောင်းလဲသွားသည်ကို တွေ့မြင်လိုက်ရသော အခါ ကျန်းလျိုသည် စိတ်အေးသွားပြီး သက်ပြင်း ချလိုက်သည်။ ထို့နောက် အဆိပ်ငွေ့၏ အာနိသင်ကို ဆက်လက် တောင့်ခံထားရန် ခက်ခဲလာသဖြင့် သူ သတိလစ် သွားခဲ့တော့သည်။
"ဒုက္ခပါပဲ…"
သတိလစ်သွားသော ကျန်းလျိုကို နဂါးနိုင် ရဟန္တာက ဖမ်းထိန်းလိုက်သည့် အချိန်မှာပင် ကောင်းယန်ကို ထူပေးနေသည့် သူတော်စင် ဘုန်းတော်ကြီး လုံဟိုင်သည် မျက်နှာ အမူအရာ အလွန်အမင်း ပြောင်းလဲ သွားကာ အာမေဋိတ်သံ ထွက်ပေါ်လာခဲ့တော့သည်။
ကောင်းယန်သည်လည်း သတိလစ်နေခဲ့ပြီ ဖြစ်၏။ အဆိပ်ဖြူဘုရင်မ၏ လက်သည်းများ ခြစ်မိခဲ့သော သူမ၏ လည်ပင်းနေရာမှ ခရမ်းပုပ်ရောင် အဆိပ်ငွေ့များမှာ သူမ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့နေ၏။
"ရဟန္တာကြီး ... မင်းသမီးကောင်းယန်ဟာ ထန်မင်းကြီးရဲ့ အချစ်ဆုံးသမီးတော် ဖြစ်ပါတယ်… အခု သူ အဆိပ်ပြင်းမိနေပါပြီ ... ရဟန္တာကြီးအနေနဲ့ သူ့ကို ကယ်တင်ပေးဖို့ မေတ္တာရပ်ခံပါတယ် ဘုရား…"
ကောင်းယန်၏ အခြေအနေမှာ အလွန်စိုးရိမ်ရသည်ကို မြင်သောအခါ ဆရာတော်လုံဟိုင်က အသည်းအသန် လျှောက်ထားလိုက်သည်။
"အောမိတော်ဖော် ... ဝိညာဉ်ဖျက်အဆိပ် ဆိုတာ ငါ့ရဲ့အစွမ်းနဲ့ ဖြေဖျောက်လို့ မရနိုင်ပါဘူး ... ဒီအမျိုးသမီးရဲ့ ကံကြမ္မာမှာ ဒီဘေးဒုက္ခကို ရင်ဆိုင်ရဖို့ ပါလာပြီးသားပဲ ... ဆရာတော်အနေနဲ့ သူ့ကို နန်းတော်ကိုပဲ ပြန်ခေါ်သွားလိုက်ပါတော့ ..."
နဂါးနိုင်ရဟန္တာက ဆရာတော်လုံဟိုင် တွဲထားသော ကောင်းယန်ကို တစ်ချက်ကြည့်ကာ တည်ငြိမ်အေးစက်သော အမူအရာဖြင့် ပြန်လည်မိန့်ကြားလိုက်လေသည်။
ရွှမ်ကျန်းသည် သူ၏ဦးခေါင်းကို ပွတ်သပ်ရင်း မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူ၏အကြည့်များမှာ ဝေဝါးနေဆဲ ဖြစ်သည်။
သို့သော်လည်း မကြာမီမှာပင် အမြင်အာရုံများ ကြည်လင်လာပြီး မိစ္ဆာဘုရင်ကြီး သုံးပါးနှင့် ရင်ဆိုင်ခဲ့ရပုံများ ထို့နောက် တောက်ကျိက နဂါးနိုင်ရဟန္တာ အဖြစ် ပြောင်းလဲသွားပုံများကို ပြန်လည်သတိရသွားလေသည်။
"အောမိတော်ဖော် ... ရွှမ်ကျန်း… မင်း နိုးလာပြီပဲ ..."
ထိုစဉ် သူ၏ဘေးမှ ရင်းနှီးသလိုရှိသော်လည်း တစ်မျိုးကြီး စိမ်းသက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ အသံမှာ သူသိနေကျအသံ ဖြစ်သော်လည်း ပြောဆိုပုံလေသံမှာမူ အလွန်ပင် ထူးဆန်းနေသလို ခံစားရ၏။
အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ တောက်ကျိကို တွေ့လိုက်ရသည်။ မဟုတ်သေး ... သူ့ကို နဂါးနိုင်ရဟန္တာ ဟုသာ ခေါ်ဆိုရပေလိမ့်မည်။ သူသည် ကျန်းလျို၏ဘေးတွင် ထိုင်ကာ ငြိမ်သက်စွာ စိုက်ကြည့်နေသည်။
"ရဟန္တာကြီး ... ကောင်းယန် ဘယ်လိုနေသေးလဲ..."
သူသည် အမြန်ထထိုင်ကာ နဂါးနိုင်ရဟန္တာကို မေးလိုက်၏။ နဂါးနိုင်ရဟန္တာ ရှိနေသဖြင့် အဆိပ်ဖြူဘုရင်မမှာ ဘာမှ သောင်းကျန်းနိုင်မည်မဟုတ်ဟု ကျန်းလျို ယူဆထားခဲ့သည်။ သို့သော်လည်း သူ သတိလစ်သွားစဉ်အတွင်း ကောင်းယန် ဘေးကင်းသွားသည်ကို ကိုယ်တိုင်မမြင်ခဲ့ရသဖြင့် ရင်ထဲ၌ စိုးရိမ်ပူပန်နေမိခြင်း ဖြစ်သည်။
"အောမိတော်ဖော် ... ရွှမ်ကျန်း… မင်း သိထားသင့်တာက ဗုဒ္ဓသာသနာရဲ့ တပည့်တစ်ယောက်အနေနဲ့ လောကီအချစ်ရေးတွေမှာ နစ်မွန်းမနေသင့်ဘူး ဆိုတာပဲ ..."
ကျန်းလျို၏ မေးခွန်းကို ဖြေမည့်အစား နဂါးနိုင်ရဟန္တာက သူ့ကို တည်ကြည်သော မျက်နှာဖြင့် စိုက်ကြည့်ကာ ခက်ထန်သောလေသံဖြင့် ကြိမ်းမောင်းလိုက်လေသည်။
***