အခန်း (၈၁-၈၂)
Vol. 6 Ch. 81-82
အပိုင်း(၈၁)
ရဟန္တာ၏ ကြိမ်းမောင်းမှုကို ခံလိုက်ရသဖြင့် ကျန်းလျိုမှာ ခဏမျှ မှင်တက်သွား၏။ ထို့နောက် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏ရှေ့မှ ရဟန္တာနှင့် သူမှတ်မိထားသော တောက်ကျိမှာ လုံးဝ ကွာခြားနေကြောင်း ခံစားမိသဖြင့် မေးလိုက်သည်။
"ခင်ဗျားက တောက်ကျိ မဟုတ်ဘူးလား ...”
"တောက်ကျိဆိုတာ ငါ့ရဲ့ အစစ်အမှန် ဝိညာဉ် လူဝင်စားတဲ့ဘဝမှာ သုံးစွဲခဲ့တဲ့ အထောက်အထားတစ်ခုမျှသာပဲ ... တောက်ကျိရဲ့ အတွေ့အကြုံတွေနဲ့ မှတ်ဉာဏ်တွေဆိုတာ ငါ့ရဲ့နှစ်ပေါင်းထောင်ချီတဲ့ သက်တမ်းနဲ့ယှဉ်ရင် ဆယ်စုနှစ်တစ်ခုစာလောက်ပဲရှိတဲ့ အသေးအမွှားကိစ္စလေးတွေပါ ..."
ကျန်းလျို၏မေးခွန်းကို ရဟန္တာက တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်၏။
"တောက်ကျိဟာ နဂါးနိုင်ရဟန္တာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် နဂါးနိုင်ရဟန္တာဟာ တောက်ကျိမဟုတ်ဘူး..."
"ဆိုတော့ ဒါက အကျုံးဝင်မှုနဲ့ အကျုံးဝင်ခံရမှု ဆက်နွှယ်ချက်မျိုးပေါ့လေ ..."
နဂါးနိုင်ရဟန္တာ၏ ရှင်းပြချက်ကို ကျန်းလျို နားလည်လိုက်သည်။ ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် တောက်ကျိ၏ ဆယ်စုနှစ်တစ်ခုစာ အတွေ့အကြုံနှင့် မှတ်ဉာဏ်များက ရေတစ်ခွက်စာဆိုလျှင် နဂါးနိုင်ရဟန္တာ၏ နှစ်ပေါင်းထောင်ချီ မှတ်ဉာဏ်များက ရေကန်ကြီးတစ်ကန်နှင့် တူပေလိမ့်မည်။ ထိုရေတစ်ခွက်ကို ရေကန်ကြီးထဲ လောင်းထည့်လိုက်ပါက ရလဒ်က မည်သို့ဖြစ်မည်မှာ ထင်ရှားလှပေသည်။
"ငါသိခဲ့တဲ့ ရွှေပုစဉ်းဆိုတာ မြတ်စွာဘုရားရှင်ရဲ့ ဒုတိယမြောက်တပည့်တော်အဖြစ် ဗုဒ္ဓသာသနာအပေါ် အလွန်ကြည်ညိုကိုင်းရှိုင်းသူ တစ်ဦးပဲ ... ဗုဒ္ဓနဲ့တူတဲ့ စိတ်နှလုံးနဲ့ သဘာဝတွေကြောင့် ဝိညာဉ်တောင်ပေါ်က လူတိုင်းရဲ့ လေးစားမှုကို ရရှိခဲ့သူပေါ့ ... သူ ဆယ်ကြိမ်တိုင်တိုင် လူဝင်စားခဲ့တဲ့အထဲမှာ အရင်ကိုးကြိမ်စလုံးက သူ့ရဲ့ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ခဲ့သလို ကျမ်းစာသွားပင့်ရမယ့် တာဝန်ကိုလည်း မေ့လျော့ခဲ့တာမျိုး မရှိခဲ့ဘူး ..."
"ဒါပေမဲ့ မယုံနိုင်စရာကောင်းတာက အခု အရေးကြီးဆုံးဖြစ်တဲ့ ဒီတစ်ဘဝမှာမှ မင်းက အချစ်ရေးမှာ ဒီလောက်တောင် နစ်မွန်းနေရတာလား ..."
နဂါးနိုင်ရဟန္တာက ခဏမျှ စဉ်းစားပြီးနောက် ကျန်းလျိုအား အနောက်ဘက်သို့ ကျမ်းစာသွားပင့်ရမည့် သူ၏ကံကြမ္မာအကြောင်း ပြောပြရန် အချိန်တန်ပြီဟု ခံစားလိုက်ရသည်။
ဤအချိန်တွင် နဂါးနိုင်ရဟန္တာမှာ ဒေါသလည်းထွက် လက်လျှော့ချင်စိတ်လည်း ဖြစ်နေမိ၏။ သူ လူ့ပြည်သို့ ဆင်းသက်လာခြင်းမှာ တာဝန်တစ်ခုကြောင့် ဖြစ်သည်။ မြတ်စွာဘုရားက သူ့အား အမှားများကို ပြန်လည် ပြင်ဆင်ခွင့်ပေးခဲ့သည်။၎င်းမှာ သူလူဝင်စားပြီးနောက် ဆရာတော်ရွှေပုစဉ်းကို အနောက်ဘက်သို့ ကျမ်းစာသွားပင့်ရမည့် လမ်းမှန်ပေါ်သို့ ပြန်လည်ပို့ဆောင်ပေးရန် ဖြစ်သည်။
ရဟန္တာ၏အမြင်တွင် ရွှေပုစဉ်းသည် ယခင်ကိုးဘဝလုံး၌ မိမိတာဝန်ကို အမြဲအမှတ်ရခဲ့သဖြင့် ဤတာဝန်မှာ ခက်ခဲလိမ့်မည်မဟုတ်ဟု တွေးခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ နောက်ဆုံးဘဝကျမှ ရွှေပုစဉ်းက အချစ်ရေယာဉ်ကြောမှာ မူးယစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤသည်မှာ နဂါးနိုင်ရဟန္တာအနေဖြင့် မည်သည့်တန်ဖိုးပေးဆပ်ရပါစေ အသေအလဲ တားဆီးရမည့် ကိစ္စပင် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကောင်းယန်မှာ နတ်ဘုရားများကိုပင် သတ်နိုင်သော "ဝိညာဉ်ဖျက်အဆိပ်" သင့်နေခဲ့သည်။ သူ့ထံတွင် ကုသပေးနိုင်စွမ်း မရှိခြင်းကြောင့် မဟုတ်ပေ။ အကယ်၍ ကုသပေးနိုင်မည်ဆိုလျှင်ပင် သူ လုံးဝ ကုသပေးမည် မဟုတ်ပေ။
သို့သော်လည်း ကျန်းလျိုမှာ မိမိ၏ ကျမ်းစာသွားပင့်ဆောင်ရမည့် တာဝန်ကို ကြိုတင်သိရှိထားပြီးသား ဖြစ်သည်။ ထိုသတင်းကို ကြားလိုက်ရသော်လည်း သူသည် ထိတ်လန့်သွားခြင်း၊ အသည်းအသန် မေးခွန်းထုတ်ခြင်းမျိုး မရှိဘဲ နဂါးနိုင်ရဟန္တာကို တည်ကြည်စွာ စိုက်ကြည့်ကာ ထပ်မံမေးမြန်းလိုက်သည်။
"စောစောက ရဟန္တာကြီး တပည့်တော် မေးခွန်းကို မဖြေရသေးဘူး ... ကောင်းယန် ဘယ်လိုနေလဲ ... သူ ဘေးကင်းကင်းနဲ့ လွတ်မြောက်သွားပြီလား ..."
ကျမ်းစာသွားပင့်ရမည့် ကံကြမ္မာအကြောင်းကို ပြောပြနေသည့်တိုင် သူက ဂရုမစိုက်ဘဲ ထိုမိန်းကလေး အတွက် စိုးရိမ်နေဆဲလော ...။
ရဟန္တာ နဂါးနိုင်ရဟန္တာမှာ ထိတ်လန့်သလို ဒေါသလည်း ထွက်သွားရသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျန်းလျို၏ ဤအချစ်ရေးအပေါ် တွယ်တာစိတ်ကို အမြစ်ပြတ်သွားစေရန် အဖြစ်မှန်ကို ပြောပြရန် အချိန်တန်ပြီဟု သူ ယူဆလိုက်၏။
"ဟိုမြွေမိစ္ဆာမကိုတော့ ငါ သတ်ပစ်လိုက်ပြီ ... ဒါပေမဲ့ ငါ လှုပ်ရှားလိုက်တဲ့အချိန်မှာ တစ်လှမ်း နောက်ကျသွားခဲ့တယ် ... အဲဒီမြွေမိစ္ဆာက မင်းသမီးကောင်းယန်ရဲ့ ကိုယ်ထဲကို "ဝိညာဉ်ဖျက်အဆိပ်" ထည့်လိုက်ပြီ ... အဲဒါကို ကုပေးနိုင်တဲ့ စွမ်းအား ငါ့မှာမရှိဘူး ... နောက် ၄၉ ရက်ဆိုရင် အဲဒီမိန်းကလေးဟာ အတွင်းရော အပြင်ပါ ပုပ်ပြီး သေရတော့မှာပဲ ..."
ရဟန္တာက ဆိုလိုက်သည်။
"ခင်ဗျား တမင်လုပ်တာ…"
ရဟန္တာ၏ စကားကြောင့် ကျန်းလျိုမှာ ထိတ်လန့်သွားပြီး ခုတင်ပေါ်မှ ဝုန်းခနဲ ထကာ အော်ဟစ်လိုက်တော့သည်။
"လောကီရေးရာတွေကို ကျော်လွန်နေတဲ့ ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် နဂါးတွေကိုတောင် နှိမ်နင်းနိုင်တာပဲ... ခင်ဗျား စောင့်ကြည့်နေတဲ့ကြားက မြွေဖြူတစ်ကောင်က အဆိပ်ခတ်တာကို ခင်ဗျား ဘယ်လိုလုပ် ခွင့်ပြုလိုက်တာလဲ ... ခင်ဗျား တမင်လုပ်တာ…"
"အောမိတော်ဖော် ... အခြေအနေကို နားလည်အောင် လုပ်ပါ ... ငါ့မှာ မင်းအတွက် လူတွေကို ကယ်တင်ပေးဖို့ တာဝန်မရှိဘူး ..."
ကျန်းလျိုက ဒေါသတကြီး အော်ဟစ်နေသော်လည်း နဂါးနိုင်ရဟန္တာကမူ တည်ငြိမ်အေးစက်စွာပင် ပြန်လည်မိန့်ကြားလိုက်လေသည်။
ထိုစကားက ကျန်းလျိုကို ဆွံ့အသွားစေ၏။ အမှန်တကယ်ပင် ကျိုးကြောင်းဆီလျော်စွာ တွေးကြည့်လျှင် နဂါးနိုင်ရဟန္တာ၌ မည်သူ့ကိုမျှ ကယ်တင်ပေးရန် တာဝန်မရှိပေ။ သူ့ကိုကောင်းယန်နှင့် ခွဲခွာစေခြင်းမှာပင် ကျိုးကြောင်းသင့်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ဤအရာအားလုံးကို ကျန်းလျို ကြိုတင်တွေးဆထားခဲ့ပြီးသား ဖြစ်သည်။
သို့သော် အရာအားလုံး အမှန်တကယ် ဖြစ်ပျက်လာသောအခါ ကျန်းလျို၏ စိတ်အာရုံမှာ ရှုပ်ထွေးသွားရဆဲပင်။ ဗုဒ္ဓသာသနာဘက်က ကြည့်လျှင် နဂါးနိုင်ရဟန္တာသည် ကောင်းယန်ကို တမင်သေခိုင်းခဲ့လျှင်ပင် မှားသည်ဟု မဆိုနိုင်သော်လည်း ကျန်းလျို၏ ရှုထောင့်မှကြည့်လျှင်မူ သူ၏ရင်ထဲ၌ ဒေါသများ ပြည့်နှက်နေရတော့သည်။
“ကောင်းပြီလေ ... ဒါဟာ ခင်ဗျားတို့ ပြောပြောနေတဲ့ 'ကရုဏာတရား' ပြည့်ဝတဲ့ ဗုဒ္ဓသာသနာပေါ့ ..."
ကျန်းလျိုသည် ဒေါသနှင့်အတူ လှောင်ပြောင်သံနှောကာ ပြောလိုက်ရင်း သူ၏ရှေ့မှ နဂါးနိုင်ရဟန္တာကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ဘာစကားမှ ထပ်မပြောတော့ဘဲ နောက်သို့လှည့်ကာ အပြင်သို့ ပြေးထွက်သွားလေတော့သည်။
နဂါးနိုင်ရဟန္တာသည် အဝေးသို့ ပြေးထွက်သွားသော ကျန်းလျိုကို တားဆီးခြင်း မပြုခဲ့ပေ။
"ဝိညာဉ်ဖျက်အဆိပ်" ဆိုသည်မှာ လူ့ပြည်လောကရှိ နည်းလမ်းများဖြင့် ကုသ၍ရနိုင်သော အရာမဟုတ်ပေ။ ကျန်းလျို မည်မျှပင် ကြိုးစားပမ်းစား ရုန်းကန်ပါစေဦးတော့ သူ့အတွက် ကျန်ရှိနေသည်မှာ ဤ ၄၉ ရက်သာ ဖြစ်လေသည်။
"အောမိတော်ဖော် ... ရဟန္တာကြီး…ဒီလုပ်ရပ်က ရွှမ်ကျန်းရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို ဖြစ်စေမှာကို မစိုးရိမ်ဘူးလား ဘုရား... နောက်ပြီး သူရဲ့ အထောက်အထားကို ကြည့်ရင်လည်း ..."
ကျန်းလျို ထွက်သွားပြီးနောက် ဆရာတော်လုံဟိုင်သည် အပြင်မှ ဝင်လာကာ လက်အုပ်ချီလျက် စိုးရိမ်ပူပန်သော မျက်နှာဖြင့် လျှောက်ထားလိုက်သည်။
နဂါးနိုင်ရဟန္တာရော ဆရာတော်လုံဟိုင်ပါ ကျန်းလျိုနှင့် ကောင်းယန်တို့၏ သံယောဇဉ်ကို ကန့်ကွက်ကြသူများ ဖြစ်သည်။ သို့သော်လည်း ရဟန္တာ၏ လုပ်ရပ်မှာ ဆရာတော်လုံဟိုင်၏ နူးညံ့မှုနှင့်စာလျှင် အလွန်ပင် တိုက်ရိုက်ကျလွန်းကာ ကြမ်းတမ်းလွန်းလှပေသည်။
မည်သို့ပင် ဆိုစေ... ရွှမ်ကျန်း၏ အဆင့်အတန်းကိုလည်း လျှော့တွက်၍ မရနိုင်သည် မဟုတ်ပါလား။
"ကိစ္စမရှိပါဘူး ... အခုရှိနေတာက ရွှမ်ကျန်းပဲ…ရွှေပုစဉ်းမှ မဟုတ်တာ... သူ့ရဲ့ ရန်ငြိုးကို ဘာလို့ ကြောက်နေရမှာလဲ ..."
ရဟန္တာက ဂရုမစိုက်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"တောက်ကျိဟာ နဂါးနိုင်ရဟန္တာ ဖြစ်ပေမယ့် နဂါးနိုင်ရဟန္တာဟာ တောက်ကျိ မဟုတ်သလိုပဲ ... ရွှမ်ကျန်းဟာ ရွှေပုစဉ်း ဖြစ်ပေမယ့် ရွှေပုစဉ်းဟာ ရွှမ်ကျန်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..."
သူက ဆက်လက် မိန့်ကြားလိုက်သည်။
"တစ်နေ့မှာ သူ အနောက်ဘက် ကောင်းကင်ဘုံက မဟာမိုးကြိုးကျောင်းတော်ကို ရောက်လို့ စစ်မှန်တဲ့ ကျမ်းစာတွေကို ရရှိပြီး ဗုဒ္ဓအဖြစ် အလင်းပွင့်သွားတဲ့အခါ ... ဒီနေ့ ငါလုပ်ခဲ့တဲ့ လုပ်ရပ်တွေက သူ့ရဲ့ လောကီသံယောဇဉ်တွေကို ဖြတ်တောက်ပေးခဲ့တာမို့ ရွှေပုစဉ်းက ငါ့ကိုတောင် ကျေးဇူးတင်နေဦးမှာပါ ..."
"ဟူး ..."
ဆရာတော်လုံဟိုင်က တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ လုံဟိုင်သည် နဂါးနိုင်ရဟန္တာ၏ လုပ်ရပ်အပေါ် သဘောမတူပေ။ ကျန်းလျိုနှင့် အတူဖြတ်သန်းခဲ့ဖူးသဖြင့် သူ၏ စရိုက်ကို လုံဟိုင် အတော်အသင့် နားလည်ထားသည်။ သူသည် ကျေးဇူးနှင့် ရန်ငြိုးကို ပြတ်သားသူဖြစ်သလို လူငယ်တို့ဘာသာ ဇွဲနပဲလည်း ကြီးမားသူ ဖြစ်သည်။
နံ့သာတိုင်ပူဇော်ပွဲတုန်းက လူတကာရှေ့မှာ လူဝတ်လဲခွင့်ပေးဖို့ ရဲရဲဝံ့ဝံ့ တောင်းဆိုခဲ့သည့် ထိုရွှမ်ကျန်းကို ယခုကဲ့သို့ အကြပ်ကိုင်လိုက်လျှင် အခြေအနေမှာ မည်သို့ဖြစ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ သူသည် မည်ကဲ့သို့သော ထူးဆန်းအံ့သြဖွယ်ရာများကို လုပ်ဆောင်ဦးမည်နည်း။
...
မဟာထန်နိုင်ငံတော်၏ နန်းတော်အတွင်းရှိ နာမကျန်းဖြစ်နေသူများ အနားယူရာ ကုတင်ထက်၌ မင်းသမီးကောင်းယန်သည် ငြိမ်သက်စွာ လဲလျောင်းနေ၏။ သူမ၏ မျက်နှာကို မျက်နှာဖုံးပဝါတစ်ခုဖြင့် ဖုံးအုပ်ထားပြီး ထန်မင်းကြီး လီရှီမင် မှာ သူမ၏ ဘေးတွင် ထိုင်ကာ လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း တည်ငြိမ်သော မျက်နှာဖြင့် ရှိနေသည်။ သို့သော်လည်း သူ၏ လက်ဖက်ရည်ခွက်ထဲမှ ရေများမှာ တစ်ငုံမျှ မသောက်ရသေးဘဲ အေးစက်နေလေပြီ။
နန်းတော်အတွင်း၌ ဆံပင်ဖြူဖြူနှင့် နန်းတွင်းသမားတော်ကြီး တစ်ဒါဇင်ကျော်တို့မှာ စိတ်ပျက်အားငယ်သော မျက်နှာများ ရှိနေကြသည်။ မင်းသမီးကို စွဲကပ်နေသော အဆိပ်ကို ဖြေဖျောက်ရန် သူတို့အားလုံးမှာ တတ်နိုင်သမျှ ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်နေကြရတော့သသည်။
ကောင်းယန်၏ ကုတင်ဘေးတွင်မူ အသက် ၅၀ ကျော်အရွယ် နတ်ဘုရားတစ်ပါးကဲ့သို့ အရှိန်အဝါရှိသော တာအို ဆရာတော်ကြီး တစ်ဦး ရပ်နေ၏။ သူသည် လက်တစ်ဖက်မှ သားမြီးယပ်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကမူ ကောင်းယန်၏ ဖြူစင်လှသော လက်ကောက်ဝတ်ပေါ်တွင် တင်ကာ တိတ်ဆိတ်စွာ သွေးစမ်းနေလေသည်။
နှင်းကဲ့သို့ ဖြူဖွေးကာ ကျောက်စိမ်းကဲ့သို့ ချောမွတ်သော ထိုလက်ကောက်ဝတ်ပေါ်တွင် ပုပ်ဆဲနေသော အသားစအချို့မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တဖြည်းဖြည်း ပျံ့နှံ့နေသည်ကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်၏။
အတန်ကြာပြီးနောက် ယွမ်ထျန်းကန်းက သူ၏လက်ကို ပြန်ရုတ်လိုက်ပြီး ညင်သာစွာ သက်ပြင်းချလိုက်သည်။
"ဆရာတော်ကြီး... ကောင်းယန်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ ..."
ယွမ်ထျန်းကန်း သွေးခုန်နှုတ်း စမ်းခြင်း ပြီးဆုံးသွားသည်ကို မြင်သောအခါ လီရှီမင်က သူ၏ အေးစက်နေသော လက်ဖက်ရည်ခွက်ကို ချလိုက်ကာ မေးလိုက်သည်။
"သတင်းပို့ပါတယ်…"
ယွမ်ထျန်းကန်း ပြန်မဖြေမီမှာပင် မိန်းမစိုးတစ်ဦးက အပြေးအလွှား ဝင်ရောက်လာ၏။
"အရှင်မင်းကြီး ... ဆရာတော် ရွှမ်ကျန်းက မင်းသမီးကို ဖူးမြော်ခွင့် တောင်းခံနေပါတယ် ဘုရား ..."
***
အပိုင်း(၈၂)
"ဆရာတော် ရွှမ်ကျန်း ဟုတ်လား ... သူ ဘာလာလုပ်တာလဲ ... မတွေ့ခိုင်းနဲ့…"
မိန်းမစိုး၏ စကားကို ကြားလိုက်ရသောအခါ အရှင်မင်းကြီး လီရှီမင်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ နံသာတိုင် အမာရွတ် ၁၂ ခု ရှိတာ ဘာဖြစ်လဲ .... ဒဏ္ဍာရီလာ ဘုရားလောင်းရဲ့ လူဝင်စားဆိုတော့ရောဘာဖြစ်လဲ…သူသာ မရှိခဲ့ရင် ငါ့သမီး ကောင်းယန် ဒီလိုအခြေအနေမျိုး ရောက်ပါ့မလား…”
မဟာထန်နိုင်ငံတော်၏ အရှင်သခင်အနေဖြင့် ဤနိုင်ငံတော်အတွင်း လီရှီမင် သိလိုသောအရာမှန်သမျှ ဖုံးကွယ်ထား၍ မရနိုင်ပေ။
အစောပိုင်းက ဓားကိုင်အဖိုးအိုသည် ကောင်းယန်ကို ပြန်ခေါ်လာစဉ်ကပင် ကျန်းလျိုနှင့် သူမ ပတ်သက်နေသည့်အကြောင်းကို လီရှီမင်အား မည်သို့ သတင်းမပို့ဘဲ နေပါမည်နည်း။
နံ့သာတိုင်ပူဇော်ပွဲ မတိုင်မီကပင် ရွှမ်ကျန်းနှင့် ကောင်းယန်တို့အကြား သံယောဇဉ်ရှိနေသည်ကို လီရှီမင် ရိပ်မိခဲ့သည်။ ပူဇော်ပွဲပြီးနောက် ကောင်းယန် တစ်နေ့ထက်တစ်နေ့ မှိုင်တွေလာသည်ကို မြင်ရသောအခါ လီရှီမင် ပို၍ပင် ရှင်းလင်းစွာ သိမြင်ခဲ့ရ၏။
နောက်ပိုင်းတွင် ဆရာတော်လုံဟိုင်က ရွှမ်ကျန်းကို ခေါ်လာသောအခါ ရွှမ်ကျန်းအနေဖြင့် ကောင်းယန်နှင့် အဆက်အသွယ် ဖြတ်ရန် လာသည်ဟု လီရှီမင်က ယူဆခဲ့သဖြင့် လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အာရုံခြောက်ပါးစလုံး စင်ကြယ်ပြီး ဗုဒ္ဓသာသနာထဲသို့ ဝင်ရောက်သင့်သော ရဟန်းတစ်ပါးက သူ၏ သမီးတော်ကို ခိုးယူသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ နံသာတိုင် အမာရွတ် ၁၂ ခု ပိုင်ရှင် ဤဗုဒ္ဓတပည့်ကြောင့်သာ မဟုတ်လျှင် ကောင်းယန်မှာ ယခုကဲ့သို့ ပြင်းထန်သော အဆိပ်မိပါ့မည်လော။
ထို့ကြောင့် ဆရာတော်ရွှမ်ကျန်း၏ အဆင့်အတန်းကို သိရှိထားသော်လည်း သမီးဖြစ်သူအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာကြောင့် သူ၏ရင်ထဲ၌ ဤရဟန်းအပေါ် ဒေါသများ ပြည့်နှက်နေသည်။ ဝမ်းနည်းပူဆွေးနေချိန်တွင် သာသနာကို ငဲ့ညှာနေရန် မလိုဟု သူ ယူဆထားသည်။
"ခမည်းတော် ... ခမည်းတော်ကြီး ... သမီးတော် သူ့ကို တွေ့ချင်ပါတယ်..."
လီရှီမင် စကားအဆုံးတွင် ကုတင်ပေါ်၌ လဲလျောင်းနေသော ကောင်းယန်သည် နိုးလာပြီး အားနည်းလှသော အသက်ရှူသံဖြင့် ပြောလိုက်သည်။
"ကောင်းယန် ... မင်းကတော့ ..."
ကောင်းယန် နိုးလာသည်ကို မြင်သောအခါ လီရှီမင်က ရှေ့သို့ တိုးသွားလိုက်သည်။ သူ၏ မျက်နှာမှာ ရှုပ်ထွေးလှသော ခံစားချက်များဖြင့် ပြည့်နှက်နေ၏။
သမီးဖြစ်သူ အဆိပ်မိနေသည်ကို ကြည့်ပြီး သူ ရင်နာနေရသလို ဤအခြေအနေသို့ ရောက်နေသည့်တိုင် ထိုရဟန်းကို မမေ့နိုင်သေးသည့်အတွက် ဒေါသလည်း ထွက်နေမိသည်။
ဒေါသနှင့်အတူ လက်လျှော့လိုက်ရသော ခံစားချက်ကြောင့် ကျန်းလျိုအပေါ် သူ၏ မကျေနပ်မှုများမှာ ပို၍ပင် ကြီးထွားလာလေသည်။
"ခမည်းတော် ... သမီးတော် သိပါတယ် ... ဒီ ဝိညာဉ်ဖျက်အဆိပ် ဆိုတာ ကောင်းကင်ဘုံက နတ်ဘုရားတွေကိုတောင် သတ်နိုင်တဲ့ အဆိပ်မျိုးပါ ... သမီးတော် ... သမီးတော် နေရဖို့ ရက်သိပ်မကျန်တော့ဘူး မဟုတ်လား ..."
ကောင်းယန်က မျက်နှာဖုံးပဝါ အောက်မှနေ၍ အားနည်းစွာ ပြောရှာသည်။
"ဟူး ..."
လီရှီမင်သည် သူ၏ရင်ထဲ၌ နက်ရှိုင်းစွာ သက်ပြင်းချလိုက်ပြီးနောက် ဘေးမှ မိန်းမစိုးကို မျက်ရိပ်ပြလိုက်၏။ မိန်းမစိုးသည် အခြေအနေကို နားလည်သွားပြီး တိတ်တဆိတ် ထွက်သွားကာ ကျန်းလျိုကို အခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။
"ဟမ့် ..."
ကျန်းလျို ဝင်လာသည်ကို မြင်သောအခါ လီရှီမင်က ခပ်တိုးတိုး နှာမှုတ်လိုက်သည်။ ပြီးနောက် နန်းတွင်းသမားတော်များနှင့် ယွမ်ထျန်းကန်း တို့ကို ခေါ်ဆောင်ကာ အဆိပ်ဖြေဆေးအကြောင်း ဆွေးနွေးရန် ဘေးရှိ အဆောင်တစ်ခုသို့ ထွက်ခွာသွားလေသည်။
သူ စိတ်ပျက်နေသော်လည်း ဤလူငယ်နှစ်ဦး အေးအေးဆေးဆေး အတူရှိနိုင်ရန်အတွက် သီးသန့်နေရာကို ဖန်တီးပေးခဲ့ခြင်းပင် ဖြစ်တော့သည်။
"အစ်ကို ... ကျွန်မ တောင်းပန်ပါတယ်… အစ်ကို့ ဘေးမှာ ကျွန်မ ဆက်ပြီး ရှိမနေနိုင်တော့ဘူး ထင်တယ် ..."
ကောင်းယန်သည် ကုတင်ပေါ်မှ မနည်းအားယူကာ ထိုင်ရန် ကြိုးစားရင်း တိုးညင်းစွာ သက်ပြင်းချလျက် ပြောလိုက်သည်။
"မဟုတ်တာ ... ငါ မင်းကို အသေမခံပါဘူး ..."
ကျန်းလျိုက ကုတင်ဘေးသို့ အမြန်တိုးသွားပြီး ကောင်းယန်ကို ထိုင်နိုင်အောင် ကူညီပေးရင်း လေးနက်စွာ ပြောလိုက်၏။
"အစ်ကိုနဲ့အတူ ရွာလေးမှာ ပုန်းအောင်းနေခဲ့ရတဲ့ အချိန်တွေက ကျွန်မဘဝမှာ အပျော်ဆုံးပဲ ... ကံကြမ္မာက ကျွန်မကို နောက်ပြောင်သွားတာကပဲ နှမြောဖို့ကောင်းတာပါ ..."
ကောင်းယန်သည် ကျန်းလျို၏ ပုခုံးပေါ်သို့ အသာအယာ မှီတွယ်လိုက်သည်။ သူမ၏ အသံမှာ အားနည်းလွန်းလှ၏။
"ကံကြမ္မာ ဟုတ်လား ... ဟားဟား ... ငါ အရင်က ပြောခဲ့ဖူးသလိုပဲ ..."
သို့သော် ထိုစကားက ကျန်းလျို၏ ရင်ထဲ၌ လှောင်ပြောင်လိုစိတ်ကိုသာ ဖြစ်ပေါ်စေသည်။ မဟာဗုဒ္ဓကျောင်းတော်မှာတုန်းက နဂါးနိုင်ရဟန္တာ က ဝန်မခံခဲ့သော်လည်း ဤကိစ္စမှာ ရဟန္တာကိုယ်တိုင် တမင်ဖန်တီးခဲ့ခြင်းဖြစ်မည်ဟု ကျန်းလျို ထင်နေဆဲ ဖြစ်သည်။
သူ အမြဲစိုးရိမ်ခဲ့သည့်အတိုင်းပင် ... ဗုဒ္ဓသာသနာသည် သူ့ကို အေးအေးဆေးဆေး နေထိုင်ခွင့်ပေးမည်မဟုတ်သလို အနောက်အရပ်သို့ ခရီးသွားခြင်း ဆိုသည့် တာဝန်ကြီးကိုလည်း စွန့်လွှတ်ခွင့်ပြုမည် မဟုတ်ပေ။
ကျန်းလျို စကားမဆုံးခင်မှာပင် ကောင်းယန်က သူမ၏လက်ကလေးဖြင့် ကျန်းလျို၏ နှုတ်ခမ်းကို ပိတ်လိုက်ပြီး ခေါင်းကို အသာအယာ ခါယမ်းကာ ပြောလိုက်၏။
"တော်ပါတော့ ... ကျွန်မ အားလုံးကို နားလည်ပါတယ် ... ဒါပေမဲ့ ကျွန်မ အရင်က ပြောခဲ့သလိုပဲ ... ကျွန်မ ဘာကိုမှ နောင်တမရဘူး ..."
သူမသည် ကျန်းလျို၏ ပုခုံးပေါ်သို့ ဆက်လက်မှီတွယ်ထားရင်း တိုးညင်းစွာ ရေရွတ်နေပြန်သည်။
"ကျွန်မမှာ အချိန်အများကြီး မကျန်တော့ဘူး ... အစ်ကိုနဲ့ အေးအေးဆေးဆေး စကားလေး ခဏလောက် ပြောချင်ရုံတင်ပါ ... ရမလားဟင် ..."
"တကယ်လို့ ကျွန်မ သေသွားလို့ အစ်ကို ကျွန်မကို သတိရရင် ကျွန်မ အုတ်ဂူဆီကို လာလည်ပေးပါ ... ဒါပေမဲ့ တခြား မိန်းကလေးတွေကိုတော့ ခေါ်မလာနဲ့နော်... ကျွန်မ စိုးရိမ်လွန်နေတာ ဖြစ်မှာပါ... ကျွန်မ မရှိတော့ရင် အစ်ကိုက ဗုဒ္ဓသာသနာရဲ့ ကြည်ညိုဖွယ်ရာ သူတော်စင်ကြီး တစ်ပါး ဖြစ်လာမှာပဲ ... တခြား မိန်းကလေးတွေနဲ့ မပတ်သက်သင့်တော့ဘူးလေ ..."
"ကျွန်မ တစ်ခုပဲ နောင်တရမိတယ်... အစ်ကိုနဲ့ ဆုံခဲ့ကတည်းက အစ်ကိုကပဲ ကျွန်မကို ထမင်းချက်ကျွေးခဲ့ရတာ... မိန်းမသားတစ်ယောက်ရဲ့ တာဝန်ကို ကျွန်မ တစ်ခါမှ မကျေပွန်ခဲ့ဘူး... နောက်ဘဝရှိရင်တော့ အစ်ကို့ အတွက် နေ့တိုင်း မီးဖိုချောင်မှာပဲ အချိန်ကုန်ချင်မိပါတယ် ... "
ကျန်းလျိုသည် ကောင်းယန်ကို သူ၏ရင်ခွင်ထဲ၌ အသာအယာ ပွေ့ပိုက်ထားရင်း နောက်ဆုံးမှာတမ်း စကားများသဖွယ် တိုးညင်းလှသော သူမ၏ စကားလုံးများကို တိတ်ဆိတ်စွာ နားထောင်နေမိသည်။
စကားတွေ အများကြီး ပြောလိုက်ရသဖြင့် ပင်ပန်းသွား၍လား သို့မဟုတ် အဆိပ်ရှိန် တက်လာ၍လား မသိရဘဲ ခဏအကြာတွင် ကောင်းယန်မှာ ပြန်လည် အိပ်ပျော်သွားခဲ့ရှာသည်။
ကျန်းလျိုက သူမကို ကုတင်ပေါ်သို့ ညင်သာစွာ ပြန်လည်သိပ်လိုက်၏။ ထို့နောက် မိန်းကလေးငယ်၏ အရေပြားပေါ်တွင် ပျံ့နှံ့နေသော ပုပ်ဆဲမှုများကို တည်ငြိမ်စွာ ကြည့်နေမိသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် ခိုင်မာပြတ်သားစွာ ရေရွတ်လိုက်သည်။
"ကောင်းယန် ... စိတ်မပူပါနဲ့ ... မင်းကို ပေးထားတဲ့ ကတိကို ငါ တည်စေရမယ် ... မင်းကို ဂုဏ်သရေရှိရှိ လက်ထပ်ယူမယ်လို့ ငါ ပြောခဲ့တယ် ... ဘေးဒုက္ခကြုံရင်လည်း အတူရင်ဆိုင်မယ်လို့ ပြောခဲ့တယ် ... မင်းကို ငါ အသေမခံဘူးလို့ ပြောခဲ့တယ်လေ…"
ထိုသို့ ပြောလိုက်ချိန်တွင် ကျန်းလျိုသည် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံရ၏။ သူ၏ မျက်နှာမှာ ပြတ်သားသွားပြီး အဆောင်ကြီးထဲမှ လှည့်ထွက်လာခဲ့သည်။
ဘေးရှိ အဆောင်ငယ်အတွင်း၌မူ လီရှီမင်၏ မျက်နှာမှာ ရေပြင်ကဲ့သို့ တည်ငြိမ်အေးစက်နေသည်။ ဘေးမှ နန်းတွင်းသမားတော်ကြီးများမှာ အသက်ကိုပင် ပြင်းပြင်းမရှူရဲကြပေ။ ယွမ်ထျန်းကန်း မှာလည်း ခေါင်းကို ခါယမ်းရင်း သက်ပြင်းချနေသဖြင့် တစ်ခန်းလုံး လေးလံထိုင်းမှိုင်းနေ၏။
နတ်ဘုရားများကိုပင် သတ်နိုင်သော ဤ "ဝိညာဉ်ဖျက်အဆိပ်" ကို ဖြေဖျောက်ရန်မှာ သာမန်လူသားတို့အတွက် မဖြစ်နိုင်သောအရာဟု ထင်ရသည်။
"အရှင်မင်းကြီး ..."
ကျန်းလျိုသည် အဆောင်ထဲသို့ ဝင်လာကာ လူတိုင်း၏ မျက်နှာကို ကြည့်ပြီးနောက် အခြေအနေကို သဘောပေါက်သွားသည်။ သူသည် လီရှီမင်၏ ရှေ့သို့ တည့်တည့်လျှောက်သွားကာ ဦးညွှတ် နှုတ်ဆက်လိုက်၏။
လီရှီမင်က သူ့ရှေ့တွင် ရပ်နေသော ကျန်းလျိုကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ ပြန်မပြောဘဲ အေးစက်စွာသာ နေနေသည်။
ကျန်းလျိုက လီရှီမင်၏ အေးစက်မှုကို အံ့သြမနေတော့ပေ။ သူက မိုးကြိုးပစ်လိုက်သကဲ့သို့ တုန်လှုပ်ဖွယ် စကားကိုသာ တိုက်ရိုက် ပြောလိုက်တော့သည်။
"ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခု ရှိပါတယ် ... အရှင်မင်းကြီးအနေနဲ့ မင်းသမီးကောင်းယန်ကို ကျွန်တော်နဲ့ လက်ထပ်ခွင့်ပေးဖို့ မျှော်လင့်ပါတယ်..."
ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် တစ်ခန်းလုံးရှိ လူတိုင်း မှင်တက်သွားကြရသည်။ နန်းတွင်းသမားတော်ကြီးများမှာ ကျန်းလျိုကို မယုံနိုင်သလို ကြည့်နေကြပြီး ယွမ်ထျန်းကန်း ပင်လျှင် မျက်လုံးအပြူးသားဖြင့် အံ့သြသွားရ၏။
အရာရာကို တည်တည်ငြိမ်ငြိမ် နေတတ်သော လီရှီမင်ပင်လျှင် ကျန်းလျို၏ စကားကြောင့် ဆွံ့အသွားရပြီး မိမိနားကိုပင် မိမိ မယုံကြည်နိုင်အောင် ဖြစ်သွားရလေတော့သည်။
"မင်း ဘာပြောလိုက်တာလဲ ... ကောင်းယန်ကို လက်ထပ်ချင်တယ် ဟုတ်လား ..."
"မှန်ပါတယ် ... အရှင်မင်းကြီးအနေနဲ့ သဘောတူပေးဖို့ မျှော်လင့်ပါတယ် ဘုရား ..."
ကျန်းလျိုက ခိုင်မာပြတ်သားသော အမူအရာဖြင့် ပြောပြီးခေါင်းညိတ်ပြလိုက်၏။
"မင်း သိရဲ့လား ... မင်းရဲ့ လက်ရှိအဆင့်အတန်းနဲ့ ဒီလိုစကားမျိုး ပြောထွက်ဖို့ဆိုတာ တစ်လောကလုံးကို တုန်လှုပ်သွားစေလိမ့်မယ် ဆိုတာကိုရော ..."
"ကျွန်တော် သိပါတယ်…"
"မင်း နားလည်ရဲ့လား ... ကောင်းယန်ရဲ့ အသက်က သိပ်မကျန်တော့ဘူး ဆိုတာကိုရော..."
"ကျွန်တော် သိပါတယ်…"
"မင်း သတိထားမိရဲ့လား ... ဗုဒ္ဓသာသနာရဲ့ တပည့်တစ်ယောက်အနေနဲ့ စည်းကမ်းအရ လက်ထပ်ခွင့်မရှိဘူး ဆိုတာကိုရော ..."
"ကျွန်တော် သိပါတယ်…"
***