အခန်း (၈၃-၈၄)
Vol. 6 Ch. 83-84
အပိုင်း(၈၃)
ဆက်တိုက်မေးမြန်းနေသော မေးခွန်းတိုင်းကို ကျန်းလျိုက ပြတ်သားစွာ ဖြေကြားနေသဖြင့် လီရှီမင်သည် သူ့ကို အလေးအနက်ထား၍ စိုက်ကြည့်မိတော့သည်။
မူလက လီရှီမင်သည် ကျန်းလျိုအပေါ် အလွန်အမင်း ဒေါသထွက်နေခဲ့သော်လည်း ယခုအခါ မိမိ၏ အနာဂတ်တစ်ခုလုံးကို စတေးပြီး ဤစကားကို ပြောဝံ့သည်ကို မြင်ရသောအခါ ကောင်းယန်အပေါ်ထားသည့် သူ၏ စစ်မှန်သော မေတ္တာကို အထင်အရှား ခံစားလိုက်ရသည်။
လီရှီမင်၏ အကြည့်များမှာ အေးစက်ဒေါသထွက်နေမှုမှသည် တဖြည်းဖြည်း နူးညံ့ပျော့ပြောင်းလာ၏။
"ရွှမ်ကျန်း ... မင်းကတော့ ..."
လီရှီမင်က လက်ကိုဆန့်ကာ ကျန်းလျို၏ ပုခုံးကို အသာအယာ ပုတ်လိုက်သည်။ သူ၏ စကားလုံးများတွင် နက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေလေသည်။
"ကျွန်တော့်ကို ကျန်းလျို လို့ပဲ ခေါ်ပါ အရှင်မင်းကြီး ..."
ကျန်းလျိုက သူ၏ဦးခေါင်းထက်မှ "ဝိဒျာရာဇာသရဖူ" ကို ချွတ်ကာ ဘေးတွင် ချထားရင်း ပြင်ဆင်ပြောဆိုလိုက်သည်။
ရွှမ်ကျန်း ဆိုသည်မှာ ရဟန်းဘွဲ့ဖြစ်ပြီး ကျန်းလျို ဆိုသည်မှာ သူ၏ လူအမည် ဖြစ်ပေသည်။
"ကျန်းလျိုရာ ... မင်း ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာနေရတာလဲ ... ကောင်းယန်အပေါ် ထားတဲ့ မင်းရဲ့စိတ်ကို ငါ နားလည်ပါတယ်… ဒါပေမဲ့ ငါ သဘောမတူနိုင်ဘူး ... ကောင်းယန် ကိုယ်တိုင်လည်း သဘောတူမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ် ... မင်းမှာ တောက်ပတဲ့ အနာဂတ် ရှိသေးတယ်… ခဏတာ စိတ်ခံစားချက်ကြောင့် ဒီလို ဆုံးဖြတ်ချက်မျိုး မချသင့်ဘူး ... မင်းဆီက ဒီလို စကားမျိုး ကြားရတာတင် ကောင်းယန်ရဲ့ ဖခင်တစ်ယောက်အနေနဲ့ ငါ့မှာ အများကြီး ကျေနပ်လှပါပြီ ..."
လီရှီမင်က ပြတ်သားစွာ ပြောလိုက်လေသည်။
စကားဆုံးသည်နှင့် လီရှီမင်က အဆောင်အတွင်းရှိ လူတိုင်းကို ကြည့်ကာ တည်ကြည်သော လေသံဖြင့် အမိန့်ထုတ်ပြန်လိုက်၏။
"ဒီနေ့ ဆရာတော် ရွှမ်ကျန်း ပြောခဲ့တဲ့ စကားတွေကို ဘယ်သူမှ အပြင်ကို မပေါက်ကြားစေနဲ့ ..."
"အမိန့်တော်အတိုင်းပါ ဘုရား ..."
နန်းတွင်းသူများ၊ မိန်းမစိုးများ၊ သမားတော်များနှင့် အခြားသူများက တညီတညွတ်တည်း ပြန်လည် ထူးလိုက်ကြသည်။
ထန်မင်းကြီး၏ စကားကို ကြားသော်လည်း ကျန်းလျိုက အသံကျယ်ကျယ်ဖြင့် ဆက်ပြောလိုက်၏။
"မဟုတ်ဘူး အရှင်မင်းကြီး ... ကျွန်တော်က တကယ်ပြောနေတာပါ... ဒီနေ့မှာ မင်းသမီးကောင်းယန်ကို ကျွန်တော့်ရဲ့ ဇနီးအဖြစ် သေသည် အထိ ပေါင်းဖက်ဖို့ ကောင်းကင်ကြီးကို တိုင်တည်ပြီး ကျိန်ဆိုပါတယ် ... ဘယ်တော့မှ ..."
"ဂျိမ်း…"
မြေကမ္ဘာနှင့် ကောင်းကင်ကြားတွင် မိုးခြိမ်းသံကြီး ဟိန်းထွက်လာသဖြင့် လူတိုင်း ထိတ်လန့်သွားကြရသည်။ နေနှင့်လတို့မှာ မှောင်မိုက်သွားပြီး ကောင်းကင်ယံကြီးမှာလည်း ရုတ်တရက် အုံ့မှိုင်းသွား၏။
ထိုခဏ၌ ကောင်းကင်ဘုံကြီးပင် အမျက်ထွက်နေသကဲ့သို့ ထင်ရပြီး သာမန်ပြည်သူအပေါင်းတို့မှာ ကြောက်လန့်တကြား ဝပ်စင်းနေကြရတော့သည်။
...
နတ်ဗြဟ္မာတို့၏ နယ်မြေ တစ်နေရာတွင်မူ ....
ဖြူဖွေးသော ကြွက်မလေးတစ်ကောင်မှာ လူသားမိန်းကလေးတစ်ဦးအဖြစ် အသွင်ပြောင်းလဲထားသည်။ ထို့နောက် အလွန်အမင်း လှပသော သူမသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးခေါင်းနှင့် ကြမ်းပြင် တိုက်မိသည်အထိ တောင်းပန်နေရှာသည်။
"ကယ်တော်မူပါ ... ကယ်တော်မူပါ နတ်မင်းကြီးတို့ ... ဒီမိစ္ဆာမလေး အမှားကို သိပါပြီ ဘုရား ... သိပါပြီ..."
"ဟင်း ... မင်းလို ကြွက်ဖြူမိစ္ဆာမက မြတ်စွာဘုရားရှင်ရဲ့ နံ့သာပန်းတွေနဲ့ ဖယောင်းတိုင်တွေကို ခိုးယူရဲတယ်ပေါ့... ငါနဲ့ ငါ့သားက မင်းကို ဘယ်လိုလုပ် အသက်ချမ်းသာပေးနိုင်မှာလဲ ..."
ရှည်လျားသော မုတ်ဆိတ်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လက်ထဲတွင် ရွှေရောင် ဘုံကျောင်းတော် တစ်ခုကို ကိုင်ထားရင်း ခက်ထန်စွာ ပြောလိုက်သည်။
ထိုသူ၏ ဘေးတွင်မူ ချောမောသော လူငယ်လေးတစ်ဦးမှာ မီးလျှံဘီးများကို စီးနင်းကာ လှံတံရှည်ကို ကိုင်ဆောင်ထား၏။
ဤနှစ်ဦးမှာ အခြားသူများမဟုတ်ဘဲ ဘုံကျောင်းတော်ကိုင် နတ်မင်းကြီး လီကျင်း နှင့် နီကျား တို့ ပင် ဖြစ်ကြလေသည်။
"ဝုန်း…”
ထိုစဉ်မှာပင် မြေကမ္ဘာနှင့် ကောင်းကင်ကြီးမှာ တုန်ခါသွားပြီး ကောင်းကင်မိုးကြိုးသံများ ဟိန်းထွက်လာသဖြင့် ဘုံကျောင်းတော်ကိုင် နတ်မင်းကြီး လီကျင်း နှင့် နီကျား တို့မှာပင် ဆက်လက်မလှုပ်ရှားနိုင်ဘဲ ရပ်တန့်သွားကြရသည်။
နီကျားသည် သူ၏ နတ်ဘုရားစွမ်းအားများကို အသုံးပြု၍ တိတ်တဆိတ် စူးစမ်းကြည့်ပြီးနောက် နုပျိုချောမောသော မျက်နှာတွင် အံ့သြတုန်လှုပ်မှုများ ပေါ်လာ၏။
"ဆရာတော် ရွှေပုစဉ်းရဲ့ လူဝင်စား ဆရာတော် ရွှမ်ကျန်း က အရှင်မင်းကြီး လီရှီမင်ရဲ့ သမီးတော်ကို လက်ထပ်တော့မယ် ဟုတ်လား ... ဖြစ်ရလေခြင်း ... မင်းသမီးရဲ့ အသက်က ဆံခြည်တစ်မျှင်စာပဲ ကျန်တော့တာကို သူက အဲဒီသံယောဇဉ်ကြိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ချည်နှောင်ဖို့ ကြိုးစားနေတာပဲ… တကယ်ကို နားမလည်နိုင်တော့ဘူး ... ယောက်ျားနဲ့ မိန်းမကြားက အချစ်ဆိုတာက လူတစ်ယောက်ကို သေခြင်းရှင်ခြင်းကိုတောင် မေ့သွားအောင် လုပ်နိုင်တာလား ..."
မြေပြင်ပေါ်တွင် ဝပ်စင်းနေသော ကြွက်ဖြူမိစ္ဆာမလေးမှာမူ စကားတစ်လုံးမျှ မဟရဲသော်လည်း ဤမျှလောက် အချစ်ကြီးမားလှသော လူသားတစ်ယောက်အကြောင်းကိုမူ ရင်ထဲ၌ မေ့မရအောင် မှတ်သားထားလိုက်မိတော့သည်။
...
"ဖြစ်ရလေခြင်း ... ဟန်အယ် တစ်ယောက် နတ်ဆေးကို ခိုးစားမိလို့ နောင်တရနေရသလိုမျိုးပဲ… အခုဆိုရင် ကြည်လင်တဲ့ ပင်လယ်ပြာနဲ့ ကောင်းကင်ယံအောက်မှာ ညတိုင်း ရင်နာနေရပြီပေါ့ ... ဆရာတော် ရွှမ်ကျန်း ဟာ ဒီလောက်ထိ သံယောဇဉ်ကြီးမားတဲ့သူ ဖြစ်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး ... တကယ်ကို နှမြောစရာပါပဲ ..."
လမင်းနန်းတော် အတွင်းရှိ ကွမ်ဟန်နန်းဆောင်တွင် နတ်သမီး ဟန်အယ် က သူမ၏ရင်ခွင်ထဲမှ ကျောက်စိမ်းယုန်ကလေးကို ပွတ်သပ်ရင်း ဝမ်းနည်းပူဆွေးသော မျက်ဝန်းများဖြင့် တစ်ဦးတည်း ရေရွတ်နေမိသည်။
ဟန်အယ် ၏ ရင်ခွင်ထဲမှ ကျောက်စိမ်းယုန်ကလေးမှာမူ မျက်လုံးလေးများ ကလယ်ကလယ်ဖြင့် အသက်ဝင်လှုပ်ရှားနေလေတော့သည်။
...
အနောက်ဘက်ကောင်းကင်ဘုံ မဟာမိုးကြိုးကျောင်းတော် ၌ ....
မြေကမ္ဘာတုန်ခါမှုနှင့် ကောင်းကင်မိုးကြိုးသံများကြောင့် မြတ်စွာဘုရားရှင်သည် ကျမ်းစာဟောကြားနေခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ အကြည့်များမှာ နက်ရှိုင်းလှပြီး အချိန်နှင့် ဟင်းလင်းပြင်တို့ကို ဖောက်ထွင်းကြည့်မြင်နေသကဲ့သို့ ရှိ၏။
မဟာမိုးကြိုးကျောင်းတော်ရှိ ဗုဒ္ဓများနှင့် ဘုရားလောင်းများအားလုံးလည်း ဤထူးခြားမှုကို ခံစားမိကြသဖြင့် တိတ်တဆိတ် နိမိတ်ဖတ်ကြည့်ကြရာ သူတို့၏မျက်နှာများတွင် အံ့သြမှုများ အသီးသီး ပေါ်လာကြသည်။
"မြတ်စွာဘုရား ... ဒါဟာ တပည့်တော်မရဲ့ အရည်အချင်း မပြည့်ဝမှုကြောင့်ပါ ... ရွှေပုစဉ်းဟာ ဒီတစ်ဘဝမှာ ကောင်းယန်အပေါ် ဒီလောက်ထိ နက်နက်ရှိုင်းရှိုင်း သံယောဇဉ်တွယ်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့မိပါဘူး..."
မြတ်စွာဘုရား၏ ပလ္လင်တော်အောက်မှ ကွမ်ယင်မယ်တော် သည် အခြေအနေကို သဘောပေါက်သွားပြီးနောက် ထကာ အမှားကို ဝန်ခံလျှောက်ထားလိုက်သည်။
"ကြီးမြတ်လှတဲ့ ကွမ်ယင်မယ်တော် ... ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေဖို့ မလိုပါဘူး ... ဒီလို အသေးအမွှား အဆင်မပြေမှုလေးတွေဆိုတာ ပြောပလောက်စရာ မရှိပါဘူး ..."
မြတ်စွာဘုရားက တည်ငြိမ်စွာဖြင့် ခေါင်းကို အသာအယာ ခါယမ်းကာ မိန့်ကြားလိုက်သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မြတ်စွာဘုရားက ဆက်လက်မိန့်ကြားသည်
"ဒါပေမဲ့ နဂါးနိုင်ရဟန္တာ ကတော့ တကယ်ပဲ စိတ်လိုက်မာန်ပါ လုပ်ဆောင်မိသွားပြီ ... ကွမ်ယင်မယ်တော်အနေနဲ့ လူ့ပြည်ကို တစ်ခေါက်လောက် ကြွလှမ်းပေးဖို့ တောင်းဆိုချင်တယ်... အခုဆိုရင် အနောက်အရပ်သို့ ခရီးစဉ် စတင်ဖို့ အချိန်တန်ပြီ မဟုတ်လား ..."
"အမိန့်တော်အတိုင်းပါ ဘုရား ..."
ကွမ်ယင်မယ်တော်က ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်ပြီးနောက် ဗုဒ္ဓရောင်ခြည်တော်တစ်ခုအဖြစ် အသွင်ပြောင်းကာ ကွယ်ပျောက်သွားလေသည်။
မြတ်စွာဘုရား၏ အမိန့်တော်ဖြင့် ကွမ်ယင်မယ်တော် ထွက်ခွာသွားပြီးနောက် မဟာမိုးကြိုးကျောင်းတော်ကြီးမှာ မူလအတိုင်း ပြန်လည်အေးချမ်းသွား၏။ သို့သော်လည်း ကျောင်းတော်ကြီး၏ ထောင့်တစ်နေရာတွင် သေးငယ်လှသော ကင်းမြီးကောက်တစ်ကောင်မှာ တိတ်ဆိတ်စွာ တွားသွားနေလေတော့သည်။
...
လောကသုံးပါးစလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရပြီ ဖြစ်သည်။ အနောက်အရပ်သို့ ခရီးသွားခြင်း ဆိုသည်မှာ နတ်ဗြဟ္မာများနှင့် ဗုဒ္ဓများ စနစ်တကျ စီစဉ်ထားသော ကိစ္စဖြစ်သည်။ လောကသုံးပါးနှင့် ဂတိခြောက်ပါးအတွင်း လက်ရှိအချိန်တွင် အရေးအကြီးဆုံးသော အဖြစ်အပျက်ကြီးလည်း ဖြစ်၏။ ရွှမ်ကျန်း မှာ ထိုခရီးစဉ်၏ အဓိကအချက်အချာဖြစ်သဖြင့် သူသည် ကံကြမ္မာက ရွေးချယ်ထားသော ပုဂ္ဂိုလ်ပင် ဖြစ်သည်။
သူ၏ ကောင်းကင်တိုင်တည် ကျိန်ဆိုချက်သည် သဘာဝတရား၏ လမ်းစဉ် ကို လှုပ်နှိုးသွားစေသဖြင့် လောကသုံးပါးနှင့် ဂတိခြောက်ပါးစလုံး တုန်ခါသွားခဲ့ရခြင်း ဖြစ်၏။
နတ်ဘုရားနယ်မြေ၊ ဗုဒ္ဓနယ်မြေနှင့် မိစ္ဆာနယ်မြေများပင် ဤဖြစ်ရပ်အပေါ် အမျိုးမျိုး တုံ့ပြန်ကြသည်။ အချို့က လေးစားကြ၏၊ အချို့က စိုးရိမ်ကြ၏၊ အချို့ကမူ ရယ်စရာတစ်ခုအဖြစ် သတ်မှတ်ကြလေသည်။
***
အပိုင်း(၈၄)
နတ်ဗြဟ္မာများနှင့် ဗုဒ္ဓများ၏ သဘောထားကို အသာထား... ထိုအချိန်တွင် မဟာဗုဒ္ဓကျောင်းတော်ရှိ နဂါးနိုင်ရဟန္တာ၏ မျက်နှာမှာမူ ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး အလွန်ပင် ကြည့်ရဆိုးနေတော့သည်။
သူ၏ အမူအရာမှာ ဒေါသ၊ နောင်တနှင့် ကြောက်ရွံ့မှုများ ရောပြွမ်းနေ၏။
နဂါးနိုင်ရဟန္တာသည် အနောက်ဘက်သို့ ကျမ်းစာသွားပင့်ရမည့် ခရီးစဉ်အကြောင်းကို သိရှိထားသူ ဖြစ်သလို ဤကိစ္စသည် ဗုဒ္ဓသာသနာတစ်ခုလုံးအတွက် မည်မျှအထိ အရေးကြီးသည်ကိုလည်း အသိဆုံး ဖြစ်သည်။ ယခုမူ သူ၏ လုပ်ရပ်ကြောင့် ရွှမ်ကျန်းက လူသားအမျိုးသမီးတစ်ဦးကို ဇနီးအဖြစ် ပေါင်းဖက်ရန် ကောင်းကင်ကို တိုင်တည်ကျိန်ဆိုလိုက်ပြီ မဟုတ်ပါလား။
“ငါ ဗုဒ္ဓသာသနာရဲ့ အပြစ်သားကြီး ဖြစ်သွားပြီလား....”
"မဖြစ်ဘူး… ဒီလို အဖြစ်ခံလို့ မရဘူး… အဲဒီလိုမှမဟုတ်ရင် ငါဟာ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ထာဝရ အပြစ်သည်ကြီး ဖြစ်သွားလိမ့်မယ်..."
အလွန်အမင်း တုန်လှုပ်သွားသော နဂါးနိုင်ရဟန္တာသည် သူ၏ ကိုယ်ကို လျင်မြန်စွာ ရွှေ့ပြောင်းလိုက်ပြီး ဧကရာဇ်နန်းတော်ဆီသို့ ပျံသန်းသွားလေသည်။
မည်သည့် တန်ဖိုးပဲ ပေးရပေးရ ဤကပ်ဆိုးကြီးကို သူ တားဆီးရမည် ဖြစ်သည်။ ထိုသို့မှ မဟုတ်ပါက ဗုဒ္ဓဘာသာဂိုဏ်း၏ ဂုဏ်သိက္ခာမှာ ညစ်နွမ်းသွားမည်ဖြစ်ပြီး အဓိက တရားခံဖြစ်သော သူ၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာလည်း မှန်းဆ၍ပင် ရနိုင်မည် မဟုတ်ပေ။
"ဟူး... ဒီနေ့လိုမျိုး ဖြစ်လာမယ်မှန်း ကြိုသိခဲ့ရင်… အစကတည်းက ဘာလို့များ ငါ စတင်ခဲ့မိပါလိမ့်..."
လုံဟိုင်ဆရာတော်သည် ထိတ်လန့်တကြား ထွက်ပြေးသွားသော နဂါးနိုင်ရဟန္တာ၏ ကျောပြင်ကို ကြည့်ရင်း သူ့ဘာသာ သက်ပြင်းချလိုက်လေသည်။
လွန်ခဲ့သော ရက်များအတွင်း ရွှမ်ကျန်းဆရာတော်ကို သူ အသေအချာ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ ဤကဲ့သို့သော အကျပ်အတည်းထဲသို့သာ ဆိုက်ရောက်သွားခဲ့ရလေသည်။
နဂါးနိုင်ရဟန္တာသည် ကောင်းကင်ယံသို့ ပျံသန်းသွားစဉ် တစ်ခွင်တစ်ပြင်လုံးတွင် ဖိနှိပ်မှုများ အပြည့်ပါသော မည်းမှောင်နေသည့် တိမ်တိုက်ကြီးများဖြင့် ဖုံးလွှမ်းနေပြီး မိုးခြိမ်းသံများကလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
သူ၏ အမြင့်နေရာမှ ကြည့်လိုက်သောအခါ မရေမတွက်နိုင်သော သာမန်ပြည်သူများသည် မြေကြီးပေါ်တွင် ဝပ်တွားခယနေကြသည်ကို သူ မြင်တွေ့နိုင်လေသည်။
အထက်မှ ဆင်းသက်လာပြီးနောက် နဂါးနိုင်ရဟန္တာသည် အချိန်တိုအတွင်းမှာပင် ဧကရာဇ်နန်းတော်သို့ ရောက်ရှိလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"မဟာထန် ဧကရာဇ်..."
နဂါးနိုင်ရဟန္တာသည် လီရှီမင်ထံသို့ အလောတကြီး ချဉ်းကပ်သွားလေသည်။ ယခုအခါ ပြတ်သားခိုင်မာသော နဂါးနိုင်ရဟန္တာ၏ ဂုဏ်သိက္ခာတို့မှာ မည်သည့်နေရာသို့ ရောက်ရှိသွားပြီနည်း။ သူက အလျင်စလိုဖြင့် ထပ်ပြောလေသည်။
"ရွှမ်ကျန်းဆရာတော်က ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းအတွက် မြင့်မြတ်တဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ထားရသူပါ… သူက ကျွန်ုပ်တို့အတွက် အလွန်ကို အရေးကြီးတဲ့သူဖြစ်လို့ အိမ်ထောင်ပြုလို့ မရပါဘူး..."
စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် နဂါးနိုင်ရဟန္တာသည် ဧကရာဇ်၏ တုံ့ပြန်မှုကိုပင် မစောင့်ဆိုင်းတော့ဘဲ ကျန်းလျိုထံသို့ လက်လှမ်းကာ ဖမ်းဆွဲလိုက်လေသည်။
"ရွှမ်ကျန်း… သင့်ရဲ့ စိတ်တွေက အထင်မှား အမြင်မှားတွေ ဖြစ်ပြီး လျှောက်ပြောနေတာပါ… နောင်တရပြီး ပရိတ်တရားတွေ ရွတ်ဖတ်ဖို့ ငါနဲ့အတူ မဟာဗုဒ္ဓကျောင်းတော်ကို ပြန်လိုက်ခဲ့တော့..."
"ရဟန္တာ..."
သို့သော်လည်း နဂါးနိုင်ရဟန္တာ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် လီရှီမင် ဧကရာဇ်သည် ရှေ့သို့ တက်လာကာ ကျန်းလျို၏ ရှေ့တွင် ကာကွယ်ရပ်တန့်လိုက်ပြီး သူ့ကို တည့်တည့်စူးစိုက်ကြည့်ကာ ပြန်လည်ရင်ဆိုင်လိုက်လေသည်။
"ရဟန္တာကို တပည့်တော် သတိပေးရလိမ့်မယ်… ဒီနေရာက လူ့ဘုံလူ့လောကပဲ…သင်တို့ရဲ့ အနောက်အရပ်က လင်းရှန်းတောင်တော် မဟုတ်ဘူး..."
တစ်ချိန်တည်းမှာပင် ယွမ်ထျန်းကန်းသည်လည်း ရှေ့သို့ တက်လာကာ နဂါးနိုင်ရဟန္တာကို စူးစိုက်ကြည့်ရင်း...
“အရှင်မင်းကြီးက လူ့ဘုံဧကရာဇ်ပါ… နဂါးနိုင်ရဟန္တာ သင်က ဘာလုပ်ချင်တာလဲ...."
လီရှီမင် ကိုယ်တိုင် လမ်းပိတ်ကာ ရပ်တန့်ထားသည်ကို ရင်ဆိုင်လိုက်ရသောအခါ နဂါးနိုင်ရဟန္တာမှာ ဘာလုပ်ရမှန်း မသိတော့ချေ။
ဘုံသုံးပါးနှင့် လမ်းခြောက်သွယ်တွင် လီရှီမင်သည် သေမျိုးတစ်ဦးသာ ဖြစ်သော်လည်း သူ့ကို လူ့ဘုံဧကရာဇ်ဟု သိကြသည်။ လီရှီမင် ဧကရာဇ်သည် လူသားမျိုးနွယ်၏ ကံကြမ္မာ အစိတ်အပိုင်းကြီးတစ်ခုကို ဆုပ်ကိုင်ထားသည်ဟု ဆိုနိုင်ရာ သူ့ကို အန္တရာယ်ပြုပါက နောက်ဆက်တွဲများက ပိုမို ကြီးမားပေလိမ့်မည်။
"မဟာထန် ဧကရာဇ်...ကောင်းကင်ဘုံရဲ့ နိယာမတွေကို ဒီလိုမျိုး ဆန့်ကျင်နေရင်တော့ ကောင်းကင်ဘုံက သေချာပေါက် ဘေးဒုက္ခတွေ ကျရောက်စေပါလိမ့်မယ်..."
လီရှီမင်ကို ပြတ်သားစွာ စူးစိုက်ကြည့်နေသော်လည်း မည်သို့မျှ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသဖြင့်၊ နဂါးနိုင်ရဟန္တာသည် ဤကြမ်းတမ်းသော စကားများကိုသာ ချန်ရစ်ခဲ့ပြီးနောက် လှည့်ကာ ဧကရာဇ်နန်းတော်မှ ထွက်ခွာသွားလေတော့သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."
လီရှီမင်က နဂါးနိုင်ရဟန္တာကို ရှေ့ထွက်ကာ တားဆီးပေးခဲ့သည်ကို မြင်သောအခါ ကျန်းလျိုက လှိုက်လှဲစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
နတ်မင်းများနှင့် သူတော်စင်များကို ဆန့်ကျင်ရသည့်အတွက် ဧကရာဇ်မင်းမြတ်အပေါ် ကျရောက်လာမည့် ဖိအားများကို သူ ကောင်းစွာ သတိပြုမိလေသည်။
"ကျေးဇူးတင်နေစရာ မလိုပါဘူး… လက်ထပ်ချင်တယ်ဆိုတဲ့ မင်းရဲ့ တောင်းဆိုချက်ကိုတော့ ငါကိုယ်တော် ခွင့်မပြုနိုင်ဘူး… ဒါပေမဲ့ ဒီနောက်ဆုံးရက်တွေမှာတော့ မင်း နန်းတော်ထဲမှာပဲ ကောင်းကောင်းနေသွားပါ..."
လီရှီမင်က ခေါင်းကို အနည်းငယ် ခါယမ်းကာ သက်ပြင်းချလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။
ဧကရာဇ်မင်းမြတ် ထွက်ခွာသွားသည်နှင့် သဘာဝကျကျပင် နန်းတွင်းသမားတော်များသည်လည်း တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြလေသည်။
"ရွှမ်ကျန်းဆရာတော်… သင်က တကယ်ကို လေးစားဖို့ ကောင်းတာပါပဲ..."
မထွက်ခွာမီ ယွမ်ထျန်းကန်းက ကျန်းလျိုကို လေးနက်စွာ ကြည့်ကာ ခေါင်းညိတ်ရင်း ပြောလိုက်လေသည်။ ထိုစကား၏ အဓိပ္ပာယ်ကို သူက ထပ်မံ၍ အသေးစိတ် ရှင်းပြခြင်း မရှိတော့ဘဲ သူလည်း လှည့်ထွက်သွားလေတော့သည်။
ဆက်လက်တွေးတောနေရန် စိတ်မရှိတော့သဖြင့် ကျန်းလျိုသည် ခေါင်းငုံ့ကာ ကောင်းယန်၏ ကုတင်ဘေးသို့ ပြန်သွားလိုက်သည်။ သူမ၏ လက်ပေါ်ရှိ အရေပြားကို ကြည့်လိုက်သောအခါ ပုပ်ရွဲမှုများက အနည်းငယ် ထပ်မံပျံ့နှံ့နေပြီဖြစ်ရာ သူ့ရင်ထဲတွင် အလွန်အမင်း နာကျင်သွားရလေသည်။
"အခု အခြေအနေက ဒီအထိတောင် ဆိုက်ရောက်လာပြီဆိုတော့… သူ့ကို ကယ်တင်ဖို့ ငါ ဘာလုပ်နိုင်မလဲ..."
ကောင်းယန်၏ လက်ကလေးများကို ဆုပ်ကိုင်ထားရင်း ကျန်းလျိုက သူ့ဘာသာ တိုးတိုးရေရွတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် နည်းလမ်းများကို ရှာဖွေနေလေသည်။ မည်သို့ပင်ဖြစ်စေ ကောင်းယန် လုံးဝ သေဆုံးသွားလို့ မဖြစ်ပေ။
...
ချန်အန်းမြို့တော်၊ မဟာဗုဒ္ဓကျောင်းတော်…
"ဘယ်လိုလုပ်ရမလဲ… အခု ဘယ်လိုဆက်လုပ်ကြမလဲ..."
နဂါးနိုင်ရဟန္တာသည် ဒယ်အိုးပူပေါ်ကျနေသော ပုရွက်ဆိတ်တစ်ကောင်ပမာ ပြာယာခတ်နေပြီးလျှင် မည်သို့လုပ်ရမည်မှန်း မသိတော့ဘဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိလေသည်။
ရွှေပုစဉ်းဆရာတော်၏ လူဝင်စားကို အနောက်အရပ်သို့ ပိဋကတ်တော်ပင့်ဆောင်သည့် ခရီးစဉ်ဆီသို့ လမ်းပြပို့ဆောင်ပေးရန် မြတ်စွာဘုရားက သူ့အား လူ့ပြည်သို့ ဆင်းသက်စေရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့သောအခြေအနေမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
အကယ်၍ ရွှမ်ကျန်းသည် နေ့ခင်းကြောင်တောင်ကြီးတွင် မင်္ဂလာပွဲကို တကယ်တမ်း ဆင်နွှဲဖြစ်သွားခဲ့ပါက နောင်တစ်ချိန်တွင် အနောက်အရပ်သို့ ပိဋကတ်တော်ပင့်ဆောင်ရန် ခရီးထွက်ခဲ့လျှင်တောင်မှ ဗုဒ္ဓဘာသာဂိုဏ်း၏ ဂုဏ်သိက္ခာအပေါ်တွင် ကြီးမားလှသော အမည်းစက်ကြီးတစ်ခု ဖြစ်ကျန်ရစ်ခဲ့မည်သာ ဖြစ်ပေသည်။
ဤကဲ့သို့ အခြေအနေမျိုးတွင် မည်သူက တာဝန်ယူမည်နည်း။
ရွှေပုစဉ်းဆရာတော်သည် မြတ်စွာဘုရား၏ ဒုတိယမြောက် တပည့်သာဝကဖြစ်ပြီး ပိဋကတ်တော်ရှာဖွေခြင်းသာ အောင်မြင်သွားပါက ဗုဒ္ဓ အဖြစ်သို့ ရောက်ရှိသွားမည်မှာ သေချာလှကာ ကြီးမားသော ကုသိုလ်တော်ကြီးကို ရရှိမည်ဖြစ်သည်။
သို့သော်လည်း... အခြေအနေအရပ်ရပ်သည် နဂါးနိုင်ရဟန္တာ၏ မျှော်လင့်ချက်များကို လုံးဝ ကျော်လွန်သွားခဲ့လေပြီ။ သီလအမာရွတ် ဆယ့်နှစ်ခုဖြင့် ရဟန်းပြုထားသော ရွှမ်ကျန်းကဲ့သို့ တပည့်တစ်ပါးက မိန်းမယူရန် ကောင်းကင်ကြီးအား တိုင်တည်၍ သစ္စာဆိုရဲလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။ ပို၍ ထင်မှတ်မထားခဲ့သည်မှာ ရွှမ်ကျန်းအား အတင်းအကြပ် ခေါ်ယူဖို့ ကြိုးစားခဲ့သည့် သူ့ကို ဧကရာဇ်မင်းကြီး ကိုယ်တိုင်က တားဆီးခဲ့ခြင်း ဖြစ်သည်။
အရာရာက လက်လွန် နေခဲ့လေပြီ။ အခြေအနေက ကြမ်းလို့လည်း မရ၊ ချော့လို့လည်း မရပြန်ချေ။ နဂါးနိုင်ရဟန္တာ၏ စိတ်နှလုံးထဲ၌ မည်သို့ဆက်လုပ်ရမည်ဆိုသည့် အကြံအစည်များ လုံးဝ ကုန်ခမ်းနေခဲ့လေပြီ။
"အောမိတော်ဖော... နဂါးနိုင်ရဟန္တာ… အခုဖြစ်နေတဲ့ ကိစ္စတွေကို ငါနဲ့ မြတ်စွာဘုရားတို့ သိရှိပြီးပြီ..."
နဂါးနိုင်ရဟန္တာ ပျာယာခတ် နေစဉ်မှာတွင် ရုတ်တရက် ဗုဒ္ဓအလင်းတန်းများ တောက်ပလာပြီး အသံတစ်သံ ထွက်ပေါ်လာလေသည်။
"ကွမ်ယင် ဗောဓိသတ်... ကျွန်ုပ် အမှားလုပ်မိသွားပါပြီ… အပြစ်ပေးတာကို ခံယူဖို့ စောင့်ဆိုင်းနေပါတယ်..."
ဤအသံကို ကြားလိုက်ရသောအခါ နဂါးနိုင်ရဟန္တာသည် အသံပိုင်ရှင် မည်သူဖြစ်ကြောင်းကို ရှင်းလင်းစွာ သိလိုက်ပြီး သူ၏အမှားကို ချက်ချင်း ဝန်ခံလိုက်လေသည်။
"နောက်ဆက်တွဲ ကိစ္စတွေကို ငါပဲ ကိုင်တွယ်ဖြေရှင်းလိုက်တော့မယ်… သင်ကတော့ လင်းရှန်းတောင်တော်ကိုသာ ပြန်သွားလိုက်ပါတော့..."
ကွမ်ယင်ဗောဓိသတ်က အခြားမည်သည့်စကားမျှ ထပ်မဆိုဘဲ ပြောလိုက်လေသည်။ သူမ၏ အသံ ပျောက်ကွယ်သွားသည်နှင့် အခန်းငယ်အတွင်းရှိ ဗုဒ္ဓအလင်းတန်းများလည်း လျင်မြန်စွာ လွင့်စင်ပျောက်ကွယ်သွားတော့သည်။
နဂါးနိုင်ရဟန္တာ၏ မျက်နှာတွင်မူ စိတ်ဓာတ်ကျဆင်းနေသော အမူအရာများ အထင်းသား ပေါ်လွင်နေလေသည်။ သူသည် အခြေအနေကို ဖျက်ဆီးမိသွားပြီဖြစ်ကြောင်း ကောင်းစွာ သိရှိထားပြီး ယခု လင်းရှန်းတောင်တော်သို့ ပြန်လည်စေလွှတ်ခံရခြင်းမှာ သူ၏အမှားကို ကုသိုလ်ပြု၍ ပြန်လည်ဖြေဖျောက်ခွင့် မရတော့ဘဲ ပြစ်ဒဏ်ခံယူရန်သာ ဖြစ်သည်မှာ ရှင်းလင်းလှပေသည်။
***