အခန်း (၆၈၁-၆၈၂)
Vol. 69 Ch. 681-682
အခန်း (၆၈၁) - စစ်ကူခေါ်ခြင်း ၊ အားကိုးရှာခြင်း ၊ဝင်ရောက်ရန် ပြင်ဆင်ခြင်း ၊ ချောမွေ့လွန်းခြင်း
ကျွိ... အီ
အခန်းတံခါးမှာ ဖြည်းညှင်းစွာ ပွင့်ဟသွားပြီး ဆိုင်ရှင်မသည် ကိုယ်ပေါ်တွင် အပေါ်အင်္ကျီတစ်ထည်ကို ခပ်ဖွဖွခြုံလျက် တံခါးလာဖွင့်ပေးသည်။
"ဘာလို့ ပြန်လာတာလဲ"
ဆိုင်ရှင်မက သူ့ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"လှည်းမှောက်တော့မလို့ပဲ... စွန်းကတော်က အိပ်မက်ဆိုးတွေ ထပ်မက်နေပြန်ပြီ၊ ကျုပ်ချန်ထားခဲ့တဲ့ မိစ္ဆာနှိမ်အဆောင်ကလည်း မတားဆီးနိုင်ဘူး"
လီယန်ချူးသည် အခန်းထဲသို့ လှမ်းဝင်လိုက်သည်။ ထိုစဉ်က ခံစားခဲ့ရသော အစွမ်းထက်သည့် တားမြစ်ချက်ကြီးမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဆိုင်ရှင်မမှာ ယခုအချိန်တွင် ဝတ်လစ်စလစ်နီးပါး ဖြစ်နေပြီး အပေါ်ဝတ်ရုံတစ်ထည်မှလွဲ၍ အတွင်း၌ ဘာမှဝတ်ဆင်ထားပုံမရပေ။ လီယန်ချူး၏ ကျင့်ကြံစိတ်မှာ သံမဏိကဲ့သို့ ခိုင်မာသည်ဆိုသော်ငြားလည်း သူမ၏ အလှတရားဆီသို့ အကြည့်များ ရောက်သွားသည်ကို မတားဆီးနိုင်ခဲ့ပေ။
"မင်းတောင် ပြဿနာကို မမြင်ရဘူးလား"
ဆိုင်ရှင်မမှာ ခဏမျှ ကြောင်သွားသည်။
"စွန်းကတော် ပြောပုံအရဆိုရင် အဲဒီကလေး ခုနစ်ယောက်၊ ရှစ်ယောက်က သူမနဲ့ အရမ်းနီးကပ်နေပြီတဲ့၊ ကျုပ်သာ အသံနဲ့ ဟန့်မတားလိုက်ရင် ဒီည တစ်ခုခု ဖြစ်သွားနိုင်တယ်"
လီယန်ချူးက ဆိုသည်။
"ဒါက ထူးဆန်းတယ်လို့ မထင်ဘူးလား ကျုပ် ရှစ်ခွင်မှန်ကိုတောင် ဖွင့်ထားတာကို ထူးဆန်းတဲ့ အရှိန်အဝါ အစအနလေး တစ်ချက် ဖြတ်ခနဲ ပေါ်လာတာကလွဲလို့ ဘာမှ မခံစားရဘူး"
ဆိုင်ရှင်မသည် ခုတင်ဘေးတွင် ထိုင်လိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် စဉ်းစားခန်းဝင်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။ ဖြူဖွေးပြီး ချောမွတ်နေသော သူမ၏ ခြေတံရှည်ကြီးနှစ်ဖက်မှာ အပြင်သို့ ပေါ်ထွက်နေပြီး မျက်စိကျိမ်းမတတ် ဝင်းပနေလေသည်။
"ဒီလိုဆိုရင်တော့ မင်းရဲ့ အာရုံခံစားမှုကို ကျော်လွန်နိုင်ဖို့အတွက် ဒါဟာ အိပ်မက်ထဲသို့ ဝင်ရောက်ခြင်းအတတ် ဖြစ်ရမယ်"
ဆိုင်ရှင်မက ဖြည်းညှင်းစွာ ဆိုလိုက်သည်။
"ကျုပ်လည်း အဲဒီလိုပဲ ထင်တယ်၊ ဒါပေမဲ့ တစ်ဖက်လူက အိပ်မက်ထဲကနေ တိုက်ခိုက်နေတာဆိုရင် ကျုပ်မှာလည်း တုံ့ပြန်ဖို့ နည်းလမ်းကောင်း သိပ်မရှိဘူး"
လီယန်ချူးက သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူ လောကထဲ စတင်ခြေချကတည်းက ကျန့်ကျောင်းဓား ကို ကိုင်ဆောင်ကာ တောင်ဘက်ကောင်းကင်တံခါးမှသည် ပန်းသီးသစ်သီးတောင်အထိ တစ်လျှောက်လုံး သတ်ဖြတ်ကျော်ဖြတ်လာခဲ့သူ ဖြစ်သည်။
မည်မျှ ကျော်ကြားသော မိစ္ဆာကြီးများ၊ တစ္ဆေကြီးများပင် ဖြစ်ပါစေ သူ၏ဓားအောက်တွင် အသက်ပျောက်ခဲ့ရသည်ချည်း။ ယနေ့တွင်မူ ဤနေရာ၌ လှည်းမှောက်လုနီးပါး ဖြစ်ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဒါဆို မင်း ပြန်ပြေးလာတာက..."
ဆိုင်ရှင်မက ပြုံးလျက် မေးလိုက်သည်။
"မင်းမှာ ဘာနည်းလမ်းရှိမလဲ ကြည့်မလို့လေ၊ မူလကတော့ ဒီကိစ္စကို ကျုပ် မပတ်သက်ချင်ဘူး၊ သူတို့ရဲ့ အကြောင်းအကျိုးဖြစ်နေလို့ အလွန်အကျွံ ဝင်စွက်ဖက်တာ မကောင်းဘူးလေ။ ဒါပေမဲ့ ဒီကိစ္စက ကြည့်လေ ကြည့်လေ ပိုပြီးထူးဆန်းမိစ္ဆာဆန် လာလေပဲ။ စွန်းကတော် ကျုပ်မျက်စိရှေ့မှာတင် သေသွားတာကိုတော့ လက်ပိုက်ကြည့်မနေနိုင်ဘူး"
ဟု လီယန်ချူးက တည်ငြိမ်စွာ ဆိုသည်။
ဆိုင်ရှင်မက အပြုံးကို သိမ်းဆည်းလိုက်ပြီး အနည်းငယ် ခေါင်းညိတ်ပြကာ
"ဟုတ်တယ်၊ အကယ်၍ အဲဒီဖုန်းရွှေဆရာက ကလေးကိုပဲ လိုချင်တာဆိုရင် အခု စွန်းကတော် အိပ်မက်ဆိုးတွေ အဆက်မပြတ် မက်နေရတာက ဘာကြောင့်လဲ ဒါမှမဟုတ် အဲဒီကလေးတစ္ဆေတွေကို သုံးပြီး ကလေးကို အတင်းဆွဲထုတ်ခိုင်းနေတာလား "
"အဲဒီကလေးကို ကျုပ်ကြည့်ပြီးပြီ၊ သန္ဓေသားဘဝမှာ အားလုံး ပုံမှန်ပဲ။ ဒီအတိုင်းသာဆိုရင် အဲဒီဖုန်းရွှေဆရာက ကလေးဝိညာဉ် ကို ယူပြီး ကျင့်ကြံတဲ့ မိစ္ဆာလမ်းစဉ်သမား ဖြစ်ရမယ်။ ဒါပေမဲ့ အဲဒီလိုဆိုရင်လည်း သူ ဒီကစားပွဲကို ခင်းထားတာက သိပ်ပြီး အချိန်ကြာလွန်းနေပြီ"
လီယန်ချူးက မျက်မှောင်ကြုတ်ကာ ဆိုသည်။
မိစ္ဆာလမ်းစဉ် ကျင့်စဉ်များမှာ လျင်မြန်စွာ တိုးတက်လေ့ရှိပြီး သတ်ဖြတ်ခြင်းနှင့် လူသားစားခြင်းကို အခြေခံကာ "မြန်ဆန်ဖို့" ကိုသာ အဓိကထားကြသည်။ မိစ္ဆာလမ်းစဉ်ထဲတွင် ရှင်သန်ရခြင်းမှာ သိုင်းလောကထက်ပင် ပို၍ သေဘေးနီးလှသည်။
အကယ်၍ သင်က အားအင်ကို အမြန်ဆုံး မမြှင့်တင်နိုင်ပါက သင့်ကို သတ်မည့်သူမှာ နာမည်ကြီး တရားသောလမ်းစဉ်မှ ပညာရှင်များ မဟုတ်ဘဲ သင့်ဘေးနားရှိ အပေါင်းအဖော်များပင် ဖြစ်နိုင်သည်။ မိစ္ဆာသမားများ သေဆုံးနှုန်း မြင့်မားရခြင်းမှာ အများစုသည် မိမိတို့၏ အပေါင်းအဖော်များ၊ ဆရာ သို့မဟုတ် တပည့်များ၏ လက်ချက်ကြောင့် ဖြစ်တတ်သည်။ မည်သည့်အချိန်တွင် နောက်ကျောကို အပိတ်ခံရမည်နည်း ဆိုသည်မှာ မခန့်မှန်းနိုင်ပေ။
အကယ်၍ ထိုဖုန်းရွှေဆရာသာ ထိုကဲ့သို့ မိစ္ဆာအတတ်ကို ကျင့်ကြံသူဖြစ်ပါက အဘယ်ကြောင့် ဆယ်နှစ်တိုင်တိုင် စီစဉ်နေပါမည်နည်း။ ဆယ်နှစ်ဆိုသည်မှာ ကံမကောင်းလျှင် လူတစ်ယောက် လူပြန်ဝင်စားဖို့ အကြိမ်ပေါင်းများစွာတောင် ကြာနိုင်သော အချိန်ဖြစ်သည်။
"အိပ်မက်ထဲ ဝင်တဲ့အတတ်ကိုတော့ ငါ တတ်ပါတယ်၊ ဒီကိစ္စက စွန်းကတော်ရဲ့ အိပ်မက်ထဲမှာပဲ ဖြေရှင်းရမှာ ဖြစ်ဖို့ များတယ်"
ဆိုင်ရှင်မက ခပ်တိုးတိုး ဆိုလိုက်သည်။
လီယန်ချူး၏ မျက်လုံးများ ဝင်းလက်သွားပြီး စိတ်ထဲမှ ချီးကျူးလိုက်မိသည်။
တကယ်ကို လန်းတယ်
"အိပ်မက်ထဲဝင်တဲ့ အတတ်က အလွန်ရှားပါးတဲ့ ပညာရပ်ပဲ၊ ပြီးတော့ ပုံမှန်အားဖြင့် အိပ်မက်ထဲဝင်ဖို့ဆိုတာ ဝိညာဉ်အပြင်ထွက်ခြင်း ကို အခြေခံရတာ။ ဒါပေမဲ့ အဲဒီလိုဆိုရင် ဖုံးကွယ်နိုင်စွမ်းက သိပ်မမြင့်လှဘဲ ယင်ဝိညာဉ် တွေကတောင် အာရုံခံမိနိုင်တယ်"
ဆိုင်ရှင်မက မျက်မှောင်ကြုတ်ကာ ပြောသည်။
လီယန်ချူးက ဘာမှမပြောဘဲ သူမကို စိုက်ကြည့်နေမိသည်။
ဆိုင်ရှင်မက ကြောင်သွားပြီး
"ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး... မင်းကို ကြည့်လေ ကြည့်လေ ပိုချစ်လာလေပဲလို့ တွေးနေတာ"
လီယန်ချူးက သဘောကျစွာ ဆိုလိုက်သည်။
တကယ့်ကို အားကိုးကြီး ရှာတွေ့သွားသလို ခံစားချက်မျိုး ဖြစ်နေသည်။
ဆိုင်ရှင်မ၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားပြီး သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
"သွားကြစို့၊ မင်း အခုမှ သင်မယ်ဆိုရင်လည်း မမီတော့ဘူး။ ငါ မင်းကို အိပ်မက်ထဲ ခေါ်သွားပေးမယ်၊ ဘယ်လို နာနာဘာဝတွေ သောင်းကျန်းနေလဲဆိုတာ သွားကြည့်ကြတာပေါ့"
ဆိုင်ရှင်မက နူးညံ့စွာ ဆိုသည်။
"ငါ့ကိုပါ အိပ်မက်ထဲ ခေါ်သွားမယ်"
လီယန်ချူးမှာ မှင်တက်သွားရသည်။
အိပ်မက်ထဲဝင်တဲ့ အတတ်အကြောင်းကို ဆရာဦးလေး ပြောပြဖူးသဖြင့် သူ ကြားဖူးသော်လည်း ကျင့်ကြံဖို့ရာမှာ အလွန်ခက်ခဲလှသည်။ သို့သော် တခြားလူတစ်ယောက်ကိုပါ အိပ်မက်ထဲသို့ ခေါ်ဆောင်သွားနိုင်ခြင်းမှာမူ သူ တစ်ခါမှ မကြားဖူးသော ကိစ္စဖြစ်သည်။
သူ့စိတ်ထဲတွင် "ငါ့မိန်းမက ဆရာကြီးပဲ" ဆိုသည့် ခံစားချက်မျိုး ဝင်လာသည်။ သူသည် ထကာ ဆိုင်ရှင်မ၏ ဘေးသို့ သွားပြီး သူမကို ကြင်နာစွာ ကြည့်လိုက်သည်။
ဆိုင်ရှင်မက "ဘာဖြစ်လို့လဲ"
"အားကိုးချင်လို့ (ပေါင်ကို ဖက်ထားချင်လို့)" ဟု လီယန်ချူးက အေးဆေးစွာ ဆိုသည်။
ဆိုင်ရှင်မသည် သွားလေးပေါ်အောင် ပြုံးလိုက်ပြီး သူ့ကို တောင်စောင်းနှင့် အသာအယာ တွန်းလိုက်သည်။ ထို့နောက် လှည့်၍ အဝတ်အစားများ လဲလိုက်သည်။ သူမ၏ ခါးနှင့် တင်ပါး အချိုးအစားမှာ အံ့မခန်းပင်။
ပြင်ဆင်ပြီးသောအခါ သူမက လီယန်ချူးကို ပြောသည်။
"အချိန်ကျရင် စိတ်ကို ငြိမ်ငြိမ်ထားရုံပဲ၊ အိပ်မက်ထဲဝင်တယ်ဆိုတာ တကယ်တော့ ဝိညာဉ်နဲ့ ဝင်ရောက်တာပဲ"
လီယန်ချူးက ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဆိုင်ရှင်မနှင့်အတူ စွန်းအိမ်သို့ သွားကြသည်။
စွန်းဆိုင်ရှင်မှာ လီယန်ချူးအပြန်ကို စိုးရိမ်တကြီး စောင့်နေစဉ် ထိုက်ဖင်တည်းခိုးခန်းမှ ဆိုင်ရှင်မပါ ပါလာသည်ကို မြင်သောအခါ အနည်းငယ် ကြောင်သွားသော်လည်း ဘာမှတော့ မမေးဝံ့ပေ။
"တာအိုဆရာ... ဘယ်လိုလဲ"
စွန်းဆိုင်ရှင်က မေးသည်။
"ဒီည ကျုပ် စွန်းကတော်အတွက်စောင့်ရှောက် ပေးမယ်၊ အိပ်မက်ထဲ ဝင်ပြီး မိစ္ဆာတွေကို နှိမ်နင်းပေးမယ်"
ဟု လီယန်ချူးက တည်ငြိမ်စွာ ဆိုသည်။
"အိပ်မက်ထဲ ဝင်မယ်"
စွန်းဆိုင်ရှင်မှာ မှင်တက်သွားသည်။ သူက သာမန်လူတစ်ယောက်ဖြစ်သဖြင့် ဤကဲ့သို့ နတ်ဘုရားဆန်သော တန်ခိုးပညာရပ်မျိုးကို မကြားဖူးပေ။ သို့သော် သူ ဖမ်းမိလိုက်သည်မှာ "မိစ္ဆာနှိမ်နင်းခြင်း" ဆိုသည့် စကားလုံးပင်။
"ကျေးဇူးတင်ပါတယ် တာအိုဆရာ ကျေးဇူးတင်ပါတယ်"
"တာအိုဆရာက အိပ်မက်ထဲတောင် ဝင်နိုင်တယ်ဆိုတော့ တကယ့်ကို တန်ခိုးကြီးတဲ့ ပညာရှင်ကြီး၊ နတ်သားတစ်ပါးလို လူမျိုးပဲ ကူညီပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်"
ဝေမြို့သားတစ်ဦးအနေဖြင့် လီယန်ချူး၏ စွမ်းဆောင်ချက်အချို့ကို သူ သိရှိထားသည်။ အကယ်၍ လီယန်ချူးသာ သူ၏ အရှိန်အဝါကို ဖုံးကွယ်မထားပါက ဤခံစားချက်မှာ ပို၍ပင် ပြင်းထန်ပေလိမ့်မည်။
လီယန်ချူးသည် ထိုစကားကို ကြားသောအခါ မျက်နှာ အနည်းငယ် ရဲသွားသည်။ သို့သော် ခဏအကြာတွင်မူ ဒါက သဘာဝကျပါတယ်ဟု တွေးလိုက်သည်။ ငါ့မိန်းမ တော်တာက ငါတော်တာနဲ့ အတူတူပဲ မဟုတ်လား။
ဆိုင်ရှင်မကတော့ သူ့ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ စွန်းဆိုင်ရှင်မှာ အခန်းထဲတွင် မနေဘဲ ဘေးခန်းသို့ သွား၍ စောင့်နေသည်။ ဆိုင်ရှင်မက ဘာကြောင့် ဤနေရာတွင် ရှိနေသလဲဆိုသည်ကို သူ သံသယရှိသော်လည်း ပညာရပ်ဆိုင်ရာ ကိစ္စများဖြစ်သဖြင့် သူ ဝင်မစွက်ဖက်ပေ။
လီယန်ချူးက စွန်းကတော်ကို အားပေးစကား ဆိုလိုက်သည်။
"စွန်းကတော် စိတ်မပူပါနဲ့၊ ဒီည ကျုပ် စောင့်ရှောက်ပေးပါ့မယ်"
သူ ဆိုင်ရှင်မအကြောင်းကို မပြောခြင်းမှာ ဆိုင်ရှင်မတွင် တန်ခိုးပညာရှိသည်ကို လူမသိစေချင်သောကြောင့် ဖြစ်သည်။ စွန်းကတော်မှာ ကြောက်စိတ် ရှိနေဆဲ ဖြစ်သော်လည်း လီယန်ချူး၏ ဖြောင့်မတ်သော အရှိန်အဝါကြောင့် စိတ်အနည်းငယ် တည်ငြိမ်သွားကာ
"ကျေးဇူးတင်ပါတယ် တာအိုဆရာ" ဟု အားနည်းစွာ ဆိုသည်။
လီယန်ချူးသည် တာအိုဝိညာဉ်စွမ်းအားအချို့ကို စွန်းကတော်၏ ခန္ဓာကိုယ်အတွင်းသို့ ပို့လွှတ်ပေးလိုက်ပြီး ဖြောင့်မတ်သော စွမ်းအားဖြင့် ဝန်းရံပေးထားသည်။ စွန်းကတော်မှာ အလွန်ပင် အားနည်းနေသဖြင့် ဝိညာဉ်စွမ်းအားများ ရရှိလိုက်သောအခါ တဖြည်းဖြည်းနှင့် အိပ်ပျော်သွားတော့သည်။
လူတစ်ယောက်ကို အိပ်ပျော်သွားအောင် လုပ်ရန် နည်းလမ်းများစွာ ရှိသည်။ လည်ပင်းကို လက်စောင်းဖြင့် ခုတ်လိုက်လျှင်လည်း ရသည်။ သို့သော် ထိုနည်းမှာ ကြမ်းတမ်းလွန်းသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအတွက် မသင့်တော်ပေ။
စွန်းကတော် အိပ်ပျော်သွားသောအခါ လီယန်ချူးသည် ဆိုင်ရှင်မ၏ ဘေးတွင် ထိုင်လိုက်သည်။ သူသည် ကျန့်ကျောင်းဓားကို တစ်ချက်ပုတ်ကာ မှာကြားလိုက်သည်။
"မျက်စိမရှိတဲ့ကောင်တွေ လာနှောင့်ယှက်ရင် အပြတ်ခုတ်သတ်လိုက်"
ကျန့်ကျောင်းဓားမှာ ဓားအိမ်အတွင်းမှ "ဝုန်း" ခနဲ မြည်ဟိန်းသွားကာ လက်ခံကြောင်း ပြသလိုက်သည်။
စိတ်ကို တည်ငြိမ်စေပြီး စွမ်းအားကို စုစည်းလိုက်သည်။ ဒါက ကျင့်ကြံသူတစ်ဦးအတွက် အခြေခံအလုပ်ဖြစ်သဖြင့် သူ ချက်ချင်းပင် အာရုံဝင်သွားသည်။ သူ၏ ဝိညာဉ်မှာ လွင့်မျောနေပြီး နွေးထွေးသော ရေစီးကြောင်းတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူသည် အခန်းထဲတွင်သာ ရှိနေဆဲဖြစ်ပြီး ဘာမှ ထူးခြားမသွားပေ။ သူသည် ဘေးရှိ ဆိုင်ရှင်မကို ကြည့်ကာ
"ဘယ်လိုလဲ မအောင်မြင်ဘူးလား"
ဆိုင်ရှင်မက သူ့ကို မျက်စောင်းထိုးလိုက်ပြီး
"ဝင်ရောက်လာပြီးပြီလေ"
လီယန်ချူးမှာ အံ့အားသင့်သွားသည်။
ဤမျှအထိ ချောမွေ့နေတာလား ဘာခံစားချက်မှတောင် မရှိလိုက်ဘူး။ သို့သော် သူတို့နှစ်ဦး၏ စကားပြောပုံကို ပြန်စဉ်းစားကြည့်ရင်း လီယန်ချူးမှာ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။
စွန်းကတော်မှာ အိပ်ပျော်နေပြီး အသက်ရှူသံမှာ တည်ငြိမ်နေသည်။ သို့သော် သူမ၏ နားထဲတွင် အသံအချို့ကို ပြန်လည် ကြားလာရပြန်သည်။ သူမ မျက်လုံးဖွင့်ရန် အစွမ်းကုန် ကြိုးစားသော်လည်း မျက်ခွံများမှာ အလွန်ပင် လေးလံနေသည်။
အိပ်မက်ဆိုး မက်တတ်သူများအတွက် အကြောက်ရဆုံးအရာမှာ အိပ်မက်ဆိုးမှ နိုးလာပြီးနောက် မျက်လုံးပြန်ပိတ်လိုက်သည်နှင့် ထိုအိပ်မက်ဆိုးထဲသို့ ပြန်လည် ရောက်ရှိသွားခြင်းပင်။
စွန်းကတော်မှာ ယခု ထိုအခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။
အခန်း (၆၈၂) - ဘက်ပြောင်းသွားသော ကလေးတစ္ဆေ ၊ ကောက်ကျစ်သူ ၊ ဘုရားပျက် ၊ သရဲခြောက်နေတာလား
စွန်းကတော်၏ နားထဲတွင် ရယ်မောသံများ ပြန်လည်ကြားလာရပြီး ထိုကလေးငယ် ခုနစ်ယောက်၊ ရှစ်ယောက်မှာ ထပ်မံပေါ်လာပြန်သည်။ သူမတစ်ကိုယ်လုံးမှာ ကြောက်စိတ်ကြောင့် ထုံထိုင်းအေးစက်သွားရတော့သည် ယခုတစ်ကြိမ်တွင်မူ ကလေးများမှာ သူမ၏ မျက်စိရှေ့တည့်တည့်၌ ပေါ်လာခြင်းဖြစ်သည်။
ညိုပုပ်ပုပ်နှင့် တင်းမာခြောက်ခြားဖွယ်ကောင်းသော မျက်နှာများမှာ သူမကို စိုက်ကြည့်နေကြသည်။ ညဉ့်နက်သန်းခေါင်ကို ထားလိုက်ပါဦး၊ မည်သည့်အချိန်တွင်မဆို မျက်လုံးဖွင့်လိုက်သည်နှင့် ဤကဲ့သို့သော မျက်နှာများကို မြင်လိုက်ရခြင်းမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
စွန်းကတော်မှာ အစွမ်းကုန် အော်ဟစ်ချင်သော်လည်း အသံက ထွက်မလာခဲ့ပေ။ အိပ်မပျော်မီက လီတာအိုဆရာ က အာမခံထားသော်လည်း ၎င်းမှာ အိပ်မပျော်မီကသာ ဖြစ်သည်။ အိပ်မက်ထဲသို့ ရောက်သွားပြီး အိပ်မက်ဆိုး၏ နယ်ပယ်ထဲတွင် ရှိနေချိန်တွင်မူ စွန်းကတော်မှာ ဘာကိုမှ မမှတ်မိနိုင်တော့ပေ။
ထိတ်လန့်မှုသက်သက်သာ ကျန်ရှိတော့သည်။ တစ်ညတည်းတွင် အိပ်မက်ဆိုးထဲသို့ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့ရခြင်းက စွန်းကတော်ကို ခုခံနိုင်စွမ်း တက်လာစေမည့်အစား ပိုမိုကြီးမားသော ကြောက်ရွံ့မှုအတွင်းသို့သာ နစ်မွန်းသွားစေခဲ့သည်။
ကလေးငယ်တစ်ဦးမှာ တင်းမာပြီး ခြောက်ခြားဖွယ် အပြုံးကြီးဖြင့် သူမ၏ ဝမ်းဗိုက်ထဲသို့ နှိုက်ရန် လက်လှမ်းလိုက်သည်။ စွန်းကတော်မှာ တစ်ကိုယ်လုံး အေးစက်တုန်ရီနေပြီး တားဆီးရန် ကြိုးစားနေမိသည်။
ထိုစဉ် သူမ၏ နားထဲ၌ နူးညံ့သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုယောကျ်ားလေးငယ်မှာ လည်ပင်းမှ အကိုင်ခံလိုက်ရပြီး ဘေးသို့ ဆွဲဖယ်ခြင်း ခံလိုက်ရလေသည်။
"ဒါဆို... မင်းကပဲ နှောင့်ယှက်နေတာပေါ့လေ"
စွန်းကတော် သေချာကြည့်လိုက်သောအခါ အရပ်အမောင်းမြင့်မားပြီး ခန့်ညားတည်ကြည်သော လူငယ်တာအိုဆရာလေးကို တွေ့လိုက်ရသည်။ လီတာအိုဆရာပင် ဖြစ်ပါလား စွန်းကတော်မှာ ခဏမျှ ငေးမောသွားရသည်။ လီတာအိုဆရာ ၏ ဘေးတွင် အလွန်လှပသော ဆိုင်ရှင်မလည်း ရှိနေသေးသည်။ သူမမှာ အလွန်အမင်း ကြောက်လန့်နေသဖြင့် ယခုမှာ အိပ်မက်ထဲတွင် ရှိနေဆဲလား၊ သို့မဟုတ် နိုးလာပြီလားဆိုသည်ကိုပင် မခွဲခြားနိုင်တော့ပေ။
လီယန်ချူးက ထိုကလေးငယ်ကို မြှောက်ကိုင်ထားရာ ကလေးငယ်မှာ ပြန်လည်၍ လီယန်ချူး၏ လက်ကောက်ဝတ်ကို အလွန်ရက်စက်ကြမ်းကြုတ်သော ပုံစံဖြင့် ဟပ်ခနဲ ခဲလိုက်သည်။ ထိုကြမ်းကြုတ်သည့် အမူအရာကြောင့် စွန်းကတော်မှာ ကြက်သီးဖြန်းဖြန်း ထသွားရသည်။
"ခွက်..." ခနဲ အသံတစ်ချက် ထွက်ပေါ်လာသည်။
ကလေးငယ်၏ သွားများမှာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။ လီယန်ချူး၏ လက်ကောက်ဝတ်မှာမူ ဒဏ်ရာတစ်ချက်ပင် မရရှိခဲ့ပေ။ ကလေးငယ်မှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှ လွတ်မြောက်ရန် အစွမ်းကုန် ရုန်းကန်တော့သည်။ ဤတာအိုဆရာကို ကိုက်လိုက်မိကာမှ မိမိသွားများ ကျိုးကုန်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ကျန်သောကလေးများမှာလည်း လန့်ဖျန့်ပြေးမသွားဘဲ လီယန်ချူးထံသို့ တရကြမ်း ပြေးဝင်လာကြသည်။ အချို့မှာမူ ဆိုင်ရှင်မထံသို့ ပြေးကပ်သွားကြသည်။
လီယန်ချူး၏ လက်လှုပ်ရှားမှုမှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှသည်။
ဖြောင်း ဖြောင်း ဖြောင်း
ကလေးငယ် ခုနစ်ယောက်၊ ရှစ်ယောက်မှာ ခဏချင်းမှာပင် သူ၏ ရိုက်ချက်ကြောင့် လွင့်စင်သွားကြသည်။ မူကြိုကျောင်းသားများကို ရိုက်နှက်နေရသကဲ့သို့ ခံစားချက်မျိုးမှာ မည်သည့် ဂုဏ်ယူစရာမှ မရှိသော်လည်း လီယန်ချူးအတွက်မူ အနည်းငယ် စိတ်ကျေနပ်စရာ ဖြစ်နေသည်။
ခွေးကောင်လေးတွေ... ဆိုင်ရှင်မသာ မပါလာရင် ဒီနေ့ မင်းတို့တွေ တကယ် အောင်မြင်သွားတော့မှာပဲ
ကလေးငယ်များမှာ မြေပြင်ပေါ်သို့ ကျသွားပြီး ပျာပျာသလဲနှင့် အပြင်သို့ ထွက်ပြေးရန် ကြိုးစားကြသည်။ သို့သော် သူတို့မှာ နံရံများကို ဖောက်ထွက်၍ မရတော့ကြောင်း တွေ့လိုက်ရသည်။ မည်သည့်နေရာကိုမှ ထွက်ပြေး၍ မရတော့ပေ။
"ဘယ်ကို သွားချင်လို့လဲ" ဆိုင်ရှင်မက အသာအယာ ပြုံးလိုက်သည်။
ထိုနာနာဘာဝလေးများမှာ ကြောက်စိတ်ကြောင့် ကြက်သီးထသွားကြသည်။ ကလေးတစ္ဆေတစ်ဦးမှာ လီယန်ချူး သတိမထားမိခိုက် သူ၏ ခြေသလုံးကို ဖက်ကာ... "ဟပ်" ခနဲ အားရပါးရ ကိုက်လိုက်ပြန်သည်။
"ခွက်..." သွားများ ထပ်မံ ကျိုးပဲ့ကုန်ပြန်သည်။
လီယန်ချူး မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီကောင်က တကယ်ပဲ ခေါင်းမာလှချည်လား။
သူသည် ခြေထောက်ကို အသာအယာ ခါယမ်းလိုက်ရာ ထိုကလေးမှာ လွင့်ထွက်သွားပြီး နံရံနှင့် အရှိန်အဟုန်ဖြင့် ဆောင့်မိသွားသည်။
"ဖတ်" ခနဲ မြည်ကာ ကပ်ခွာပုံစံဖြစ်သွားပြီး နံရံမှတစ်ဆင့် တဖြည်းဖြည်း လျောကျလာသည်။ မြေပြင်ပေါ်ကျသွားသောအခါ အခြားကလေးတစ်ဦးက အပြေးအလွှား သွားရောက်မှုတ်ပေးလိုက်ရာ ထိုကလေးမှာ လေထိုးလိုက်သကဲ့သို့ ပြန်လည် ဖောင်းကားလာသည်။ ပြန်လည် နဂိုအတိုင်း ဖြစ်သွားသောအခါ ထိုကလေးမှာ ပြန်လည် ထရပ်လိုက်ပြီး ကလေးများအားလုံး စုပေါင်း၍ လီယန်ချူးကို ဟိန်းဟောက်ကြတော့သည်။
ဤအခန်းအတွင်းမှာ စွန်းကတော်၏ အိပ်မက်နယ်ပယ် ဖြစ်သော်လည်း ဆိုင်ရှင်မက ပိတ်ပင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့်ပင် ဤကလေးတစ္ဆေများမှာ ထွက်ပြေး၍ မရခြင်း ဖြစ်သည်။
"မင်းတို့ကို ဘယ်သူ စေခိုင်းလိုက်တာလဲ ဘာလို့ သူမကို ဒုက္ခပေးရတာလဲ"
လီယန်ချူးက ဟိန်းဟောက်လိုက်သည်။
ကလေးတစ္ဆေများမှာ ချက်ချင်းပင် ငြိမ်ကျသွားပြီး တုန်တုန်ယင်ယင် ဖြစ်နေကြသည်။ သူတို့မှာ အသံများ ထွက်နေသော်လည်း စကားလုံးပီသအောင် မပြောနိုင်ကြပေ။ မြင်ကွင်းမှာ ကြောက်စရာကောင်းနေသော်လည်း လီယန်ချူး ရှိနေသဖြင့် ထိုကလေးများကို မြင်ရသည်မှာ သနားစရာပင် ကောင်းနေသလို ခံစားရသည်။
"အမှန်အတိုင်း မပြောရင် ဒီတစ်ယောက်ကို ညှစ်သတ်လိုက်မယ်"
လီယန်ချူးက အေးစက်စွာ ပြောဆိုရင်း သူ၏ လက်ထဲမှ ကလေးငယ်၏ လည်ပင်းကို အားဖြင့် ညှစ်လိုက်သည်။
ကလေးများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ပြိုင်တူ ခေါင်းခါပြကြသည်။
ခွေးကောင်တွေ... တကယ့်ကို အချင်းချင်း သစ္စာမရှိကြပါလား လီယန်ချူး၏ နှုတ်ခမ်းမှာ တွန့်သွားသည်။
သူသည် သူ၏ လက်ထဲမှ ကလေးငယ်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်း မြင်တဲ့အတိုင်းပဲ၊ ဒီကောင်တွေက မင်းကို စွန့်ပစ်လိုက်ပြီ။ မင်းကို ဘယ်သူ စေခိုင်းလဲဆိုတာ ပြောပြရင် မင်းကို လွှတ်ပေးမယ့်အပြင် ဒီကောင်တွေကိုလည်း ကျုပ် အပြတ်ရှင်းပေးမယ်"
ထိုကလေးငယ်တွင် မည်မျှအထိ အသိဉာဏ်ရှိသည်ကို မသိရသော်လည်း လီယန်ချူး၏ စကားကိုမူ နားလည်ပုံရသည်။ သူသည် ကျန်သော ကလေးများကို ကြမ်းကြုတ်သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။
ဒါနဲ့တင် ဘက်ပြောင်းသွားတာလား ဉာဏ်သိပ်ကောင်းပုံတော့ မရဘူး... လီယန်ချူးက ထပ်မံ တိုက်တွန်းသည်။
"မြန်မြန်ပြော ပြောပြီးရင် မင်းကို အပြင်ထွက်ခွင့်ပေးပြီး လွှတ်ပေးမယ်"
ကလေးငယ်က အပြင်ဘက်ကို ညွှန်ပြလိုက်ပြီး မိမိကိုယ်ကိုယ် ပြန်ညွှန်ကာ လက်ညှိုး၊ လက်မဖြင့် လူလမ်းလျှောက်သည့်ဟန်ကို လုပ်ပြသည်။
"စကားမပြောတတ်ဘူးလား"
လီယန်ချူး မျက်မှောင်ကြုတ်ကာ
"မင်းက ငါ့ကို လမ်းပြပေးမလို့လား"
ကလေးငယ်က အားရပါးရ ခေါင်းညိတ်ကာ ကခုန်ပြသည်။
လီယန်ချူးမှာ ရုတ်တရက် စိတ်ကုန်သွားသလိုမျိုးဖြင့်
"ထားလိုက်ပါတော့... မင်းတို့လို ကလေးတွေနဲ့ အချိန်ကုန်မခံချင်တော့ဘူး၊ အားလုံး သွားကြတော့"
သူ သက်ပြင်းတစ်ချက်ချကာ လက်ထဲမှ ကလေးငယ်ကို လွှတ်ပေးလိုက်ပြီး ဆိုင်ရှင်မကို မျက်ရိပ်ပြလိုက်သည်။ ဆိုင်ရှင်မက လက်ကို အသာအယာ ဝေ့ယမ်းလိုက်ပြီး
"အားလုံး သွားကြတော့၊ သူ စိတ်ကောင်းဝင်နေတုန်း မြန်မြန်သွားကြ၊ စိတ်ပြန်ပြောင်းသွားလို့ကတော့ တစ်ယောက်မှ လွတ်မှာမဟုတ်ဘူး"
ကလေးများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ဟုန်ထိုး ထွက်ပြေးသွားကြသည်။ နံရံများကို ဖောက်ထွက်သွားသည်မှာ ထမင်းစားရေသောက်သကဲ့သို့ပင် လွယ်ကူလှသည်။ ၎င်းတို့ ထွက်သွားပြီးနောက် လီယန်ချူးက ဆိုင်ရှင်မကို ပြောလိုက်သည်။
"သွားကြစို့၊ အဲဒီနောက်ကွယ်က လူကို သွားဖမ်းကြမယ်"
ဆိုင်ရှင်မက ခေါင်းညိတ်ပြသည်။
"ခုနက အဲဒီကလေးတစ္ဆေရဲ့ မျက်လုံးတွေက တောက်ပြောင်နေတာပဲ၊ စကားမပြောတတ်သလို ဟန်ဆောင်နေတာ။ ကျုပ်ကြည့်ရသလောက် အဲဒီကောင်က ကောက်ကျစ်တဲ့ကောင် ပဲ။ အခုတော့ သူတို့ ကျုပ်တို့ကို ဘယ်လို မျက်ခြေဖြတ်မလဲ ကြည့်ကြသေးတာပေါ့"
လီယန်ချူးက တည်ငြိမ်စွာ ဆိုသည်။
ပြောပြီးသည်နှင့် လီယန်ချူးနှင့် ဆိုင်ရှင်မ၏ ပုံရိပ်များမှာ အခန်းထဲမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"..." စွန်းကတော်မှာ မှင်တက်ကျန်ရစ်ခဲ့သည်။
ခုနကမူ လီတာအိုဆရာ က ထိုကလေးကို တကယ်ပဲ လွှတ်ပေးလိုက်သည်ဟု သူမ ထင်နေခဲ့ခြင်းဖြစ်သည်။
လီတာအိုဆရာက ဤမျှအထိ... ဤမျှအထိ...
သူမသည် သင့်တော်သော စကားလုံးကို စဉ်းစားသော်လည်း မတွေ့ပေ။ ဖြစ်နိုင်သည်မှာ သူမ စဉ်းစားမိသော်လည်း မိမိ၏ အသက်သခင်ကျေးဇူးရှင် ဖြစ်နေသဖြင့် ထိုကဲ့သို့ မတွေးချင်ခြင်းလည်း ဖြစ်နိုင်သည်။
လီယန်ချူးနှင့် ဆိုင်ရှင်မ ထွက်ခွာသွားပြီးနောက် ကလေးတစ္ဆေများ၏ လှုပ်ရှားမှုကို အလွယ်တကူပင် ခြေရာခံလိုက်ကြသည်။
"အခုက အိပ်မက်နယ်ပယ်ထဲမှာပဲ ရှိနေသေးတာ၊ ဒီကလေးတွေ နောက်ကို လိုက်သွားရင် အတတ်ပညာ သုံးထားတဲ့သူကို ရှာတွေ့နိုင်လိမ့်မယ်"
ဆိုင်ရှင်မက ဆိုသည်။
သူတို့နှစ်ဦး၏ ကိုယ်ထည်မှာ လေပြေညင်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။ ကလေးတစ္ဆေ ခုနစ်ယောက်၊ ရှစ်ယောက်မှာမူ သူတို့နောက်တွင် လူနှစ်ယောက် လိုက်နေသည်ကို လုံးဝ မသိဘဲ ပြာပြာသလဲ ထွက်ပြေးနေကြသည်။
ဆိုင်ရှင်မတွင် အတတ်ပညာရှိသဖြင့် ကလေးများ အခန်းထဲ စဝင်ချိန်က သူတို့ကို မမြင်ရခြင်းမှာ ဆိုင်ရှင်မ၏ ပုံရိပ်ယောင်အတတ် ကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝေမြို့၏ လမ်းမများပေါ်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။
ညိုပုပ်ပုပ် မျက်နှာများနှင့် ကလေးတစ္ဆေ ခုနစ်ယောက်၊ ရှစ်ယောက်မှာ တရကြမ်း ပြေးလွှားနေကြပြီး နံရံများကို အတားအဆီးမရှိ ဖောက်ထွက်နေကြသည်။ သူတို့၏ နောက်တွင်မူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက မည်သည့် အမူအရာမှ မရှိဘဲ ဘေးနား၌ လွင့်မျောကာ လိုက်ပါနေကြသည်။ ဤမြင်ကွင်းမှာ ကြည့်လေ ကြည့်လေ ပို၍ ခြောက်ခြားဖွယ် ကောင်းလှသည်။ မသိလျှင် နောက်ကလိုက်နေသူ နှစ်ယောက်ကသာ တစ္ဆေများဟု ထင်ရပေလိမ့်မည်။
လီယန်ချူးနှင့် ဆိုင်ရှင်မသည် ထိုကလေးများနောက်သို့ လိုက်ပါရင်း ဝေမြို့၏ အပြင်ဘက်သို့ ရောက်လာကြသည်။ မြို့ပြင်တွင် ဘုရားပျက် တစ်ခု ရှိနေသည်။ ဝေမြို့အနီးအနားတွင် ဤကဲ့သို့သော ဘုရားပျက်များမှာ အလွန်များပြားလှသည်။
ဤနှစ်များအတွင်း ချင်းယီမယ်တော် ဘုရားကျောင်းမှာ လူစည်ကားလှသဖြင့် မူလကပင် ဘုရားဖူးနည်းပါးသော ကျောင်းငယ်လေးများမှာ တဖြည်းဖြည်း ပျက်စီးယိုယွင်းကာ စွန့်ပစ်ခြင်း ခံလိုက်ရခြင်းဖြစ်သည်။ ဤကျောင်းငယ်လေးတွင် မူလက နတ်ရုပ်တစ်ရုပ် ရှိသော်လည်း ယခုအခါ ကိုယ်ထည်တစ်ဝက်သာ ကျန်တော့သည်။
တံခါးဘောင်များမှာလည်း လူများက ထင်းခုတ်ရန်အတွက် ဖြုတ်ယူသွားကြပြီ ဖြစ်သည်။ ပျက်စီးနေပုံမှာ အလွန်ပင် သနားစရာ ကောင်းလှသည်။
ထိုဘုရားပျက်အတွင်း၌ အင်္ကျီရှည် ဝတ်ဆင်ထားသော ဖုန်းရွှေဆရာတစ်ဦးမှာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူသည် တရားထိုင်ခြင်း အတွင်း နက်ရှိုင်းစွာ ရောက်ရှိနေခြင်း ဖြစ်၏။
ထိုစဉ် သူ၏ အိပ်မက်အတွင်း၌ ကလေးတစ္ဆေ ခုနစ်ယောက်၊ ရှစ်ယောက်မှာ အပြေးအလွှား ပြန်ရောက်လာသည်ကို မြင်လိုက်ရသည်။
"ဘာဖြစ်တာလဲ အောင်မြင်ရဲ့လား"
ဖုန်းရွှေဆရာ၏ စကားပင် မဆုံးသေးမီ ကလေးတစ္ဆေများ၏ နောက်တွင် လွင့်မျောပါလာသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ နှစ်ယောက်စလုံးမှာ မည်သည့် အမူအရာမှ မရှိကြပေ။
သူ၏ လက်များမှာ ချက်ချင်းပင် တုန်ရီသွားပြီး ရင်ထဲမှ အအေးဓာတ်တစ်ခု စိမ့်ထွက်လာတော့သည်။
သရဲခြောက်နေတာလား