← Chapters

အခန်း (၆၈၃-၆၈၄)

Vol. 69 Ch. 683-684

အခန်း (၆၈၃-၆၈၄)

Vol. 69 Ch. 683-684

အခန်း (၆၈၃) - ဝါရင့်ပညာရှင်ပီသခြင်း ၊ ကျယ်ပြောလှသော မဟာဝိညာဉ် ၊ နောက်ထပ်လူတစ်ယောက် ရှိနေသေးတယ်

ထိုဖုန်းရွှေဆရာ၏ မျက်နှာမှာ ရုတ်ချည်း ပျက်ယွင်းသွားတော့သည်။ အိပ်မက်ကမ္ဘာအတွင်း၌ မမျှော်လင့်ဘဲ သူစိမ်းနှစ်ယောက်နှင့် တိုးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ဘယ်သူလဲ ငါ့ရဲ့ အိပ်မက်နယ်ပယ်ထဲကို ဘယ်သူကများ အတင့်ရဲစွာ ကျူးကျော်ဝင်ရောက်လာတာလဲ "

ဖုန်းရွှေဆရာက အေးစက်စွာ ဟောက်လိုက်သည်။ သူ၏ စကားပင် မဆုံးသေးမီ စွမ်းအားများကို တိတ်တဆိတ် လှုံ့ဆော်လိုက်ရာ မြေပြင်မှ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးနှစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး လီယန်ချူးနှင့် ဆိုင်ရှင်မတို့ထံသို့ တစ်ဟုန်ထိုး ခုန်အုပ် တိုက်ခိုက်တော့သည်။

ထို့နောက် ထိုဖုန်းရွှေဆရာသည် နောက်သို့ ချက်ချင်းပင် လှည့်ပြေးတော့သည်။ ဝါရင့်ပညာရှင်တစ်ဦးပီသစွာပင် အလွန်ပါးနပ်လှပေသည်။

လီယန်ချူးသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ တက်လှမ်းလိုက်ပြီး "ဘုန်း ဘုန်း" ဟု အသံမြည်အောင် လက်သီးနှစ်ချက် ပစ်သွင်းလိုက်ရာ ထိုသားရဲကြီးနှစ်ကောင်မှာ ခဏချင်းပင် ပေါက်ကွဲပျက်စီးသွားတော့သည်။ သူသည် ဖုန်းရွှေဆရာ၏ နောက်ကျောသို့ တိုက်ရိုက်ရောက်ရှိသွားပြီး လက်ငါးချောင်းကို ဖြန့်ကာ ပုခုံးကို လှမ်းဖမ်းလိုက်သည်။

သို့သော် ဖုန်းရွှေဆရာ၏ ကိုယ်ထည်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြန်သည်။

"ဟင်" လီယန်ချူး ခဏမျှ မှင်တက်သွားသည်။

"ဒါက အိပ်မက်ကမ္ဘာထဲမှာလေ၊ ပြီးတော့ ဒါက သူ့ရဲ့ အိပ်မက်ဖြစ်နေတာဆိုတော့ ထူးခြားတဲ့ နည်းလမ်းတွေ ရှိနေတာက မထူးဆန်းပါဘူး"

ဆိုင်ရှင်မက အသာအယာ ပြုံးလျက် ဆိုသည်။

သူမသည် လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုမှာ ဘုရားပျက်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ဘုန်း

ဖုန်းရွှေဆရာမှာ ရွှေရောင်အလင်းတန်း၏ ဖိအားကြောင့် အတင်းအကျပ် ထွက်ပေါ်လာရပြီး မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားသည်။ သူသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ဤအမျိုးသားနှင့် အမျိုးသမီးကို ကြည့်ကာ

"ခင်ဗျားတို့နှစ်ယောက်က တကယ်တော့ ဘယ်သူတွေလဲ "

ဖုန်းရွှေဆရာက သတိကြီးစွာဖြင့် မေးလိုက်သည်။

"မင်း ဘာကြောင့် အထည်ဆိုင်က စွန်းဆိုင်ရှင်ရဲ့ ကတော်ကို လာရောက်နှောင့်ယှက်နေရတာလဲ "

လီယန်ချူးက တည်ငြိမ်စွာ မေးလိုက်သည်။

ဒါကြောင့်ကိုး... ဖုန်းရွှေဆရာ မျက်မှောင်ကြုတ်လိုက်မိသည်။

"လွန်ခဲ့တဲ့ နှစ်တွေက ကျုပ်နဲ့ အဲဒီ စွန်းမင် (စွန်းဆိုင်ရှင်) တို့ ကတိတစ်ခု ရှိခဲ့ဖူးတယ်။ ကျုပ်က သူ့ကို ကြွယ်ဝချမ်းသာမှုတွေ ပေးသနားပြီး သူကတော့ လက်ထပ်ပြီးရင် ရလာမယ့် ပထမဆုံးသားဦးကို ကျုပ်ဆီ အပ်နှံပါ့မယ်လို့ ကတိပေးထားတာ။ ကျုပ်က ကြိုတင်ပြီး လာတွေ့ရုံသက်သက်ပဲ၊ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး"

လီယန်ချူးနှင့် ဆိုင်ရှင်မတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဤဖုန်းရွှေဆရာ ပြောပုံအရဆိုလျှင် စွန်းဆိုင်ရှင် ပြောပြထားသည်နှင့် လွဲချော်မှု မရှိပေ။

"မိတ်ဆွေတို့... ဒါက စွန်းမင်နဲ့ ကျုပ်ကြားက ကတိကဝတ်ပဲ၊ ခင်ဗျားတို့ ဝင်မစွက်ဖက်သင့်ဘူး ထင်တယ်"

ဖုန်းရွှေဆရာက ဆက်ပြောသည်။

"ခုနစ်ပါးရတနာ ဘီလူးရုပ်ပုံ " ဆိုင်ရှင်မက သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။

ဖုန်းရွှေဆရာ၏ ကိုယ်ထည်မှာ ရုတ်တရက် တုန်ခါသွားပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာကာ ဆိုင်ရှင်မကို ကြည့်လျက်

"မင်း ဘာပြောလိုက်တာလဲ"

ဆိုင်ရှင်မက မျက်ခုံးပင့်ကာ အေးစက်သောလေသံဖြင့်

"မင်းရဲ့ ကိုယ်ပေါ်က အရှိန်အဝါကို မြင်တော့မှပဲ ဒီအတတ်ကို ငါ သတိရတော့တယ်။ မင်း ဘယ်သူ့ဆီက သင်လာတာလဲ "

ဖုန်းရွှေဆရာ တိတ်ဆိတ်သွားသည်။ ယနေ့တော့ သူသည် ပညာရှင်အစစ်နှင့် တိုးနေပြီမှန်း သိလိုက်ရပြီ။

"မင်းက ငါ့ရဲ့ အိပ်မက်ထဲဝင်တဲ့ အတတ်ကို မြင်နိုင်တယ်ဆိုမှတော့ ကိုယ့်ကိုယ်ကိုယ် ဘေးမသင့်အောင် ရှောင်တာ အကောင်းဆုံးပဲ။ ဒီနေ့ ငါ့ကို လွှတ်ပေးလိုက်တာက မင်းတို့နှစ်ယောက်လုံးအတွက် ကောင်းလိမ့်မယ်"

ဟု ဖုန်းရွှေဆရာက လေသံမာမာဖြင့် ဆိုသည်။

"ခုနစ်ပါးရတနာ ဘီလူးရုပ်ပုံဆိုတာ ဘာလဲ"

လီယန်ချူး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဒါက ဖြူစင်တဲ့ကြာပန်းကျမ်း က ဆင်းသက်လာတဲ့ မိစ္ဆာအတတ်တစ်ခုပဲ။ ဖြူစင်ကြာပန်း ဂိုဏ်းသား အများစုက ဒီအတတ်ကို သင်ယူပြီး လူတွေကို အိပ်မက်ထဲမှာ နစ်မွန်းစေကာ ဝိညာဉ်အာရုံစွမ်းအားတွေကို စုပ်ယူကြတာ"

ဟု ဆိုင်ရှင်မက ရှင်းပြသည်။

သူမသည် ဖုန်းရွှေဆရာကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ဆက်ပြောသည်။

"သူ့ရဲ့ အဆင့်အတန်းအထိ ကျင့်ကြံနိုင်ဖို့ဆိုရင် အနည်းဆုံး လူတစ်ရာရဲ့ အိပ်မက်တွေကို စုပ်ယူခဲ့ရလိမ့်မယ်"

"အိပ်မက်တွေကို စုပ်ယူခံရရင် ဘာဖြစ်မလဲ"

ဟု လီယန်ချူးက မေးသည်။

"သူ့ရဲ့ ဝိညာဉ်သုံးပါး က ပျက်စီးသွားပြီး လိပ်ပြာခုနစ်ပါး ကလည်း ထာဝရ ပျောက်ဆုံးသွားလိမ့်မယ်။ သေသွားရင်တောင် လူပြန်ဝင်စားခြင်း ထဲကို ဝင်ခွင့်မရတော့ဘူး"

ဟု ဆိုင်ရှင်မက အေးစက်စွာ ဆိုသည်။

ဖုန်းရွှေဆရာ၏ မျက်နှာမှာ တဖြည်းဖြည်း အကျည်းတန်လာတော့သည်။ ဤလှပသောအမျိုးသမီးသည် "ခုနစ်ပါးရတနာ ဘီလူးရုပ်ပုံ" ၏ ကျင့်စဉ်လမ်းကြောင်းကို အသေးစိတ် ထိုးထွင်းသိမြင်နေသည်။

"ဘယ်လိုလဲ ငါပြောတာ မှားနေလို့လား "

ဆိုင်ရှင်မက သူ့ကို တစ်ချက် ကြည့်လိုက်သည်။

"ပညာရှင်ရှေ့မှာ လိမ်မပြောတော့ပါဘူး။ ဟုတ်ပါတယ်... ကျုပ်ဟာ ဖြူစင်ကြာပန်းဂိုဏ်း ရဲ့ ဂိုဏ်းဝင်တစ်ယောက်ပဲ။ ခင်ဗျားတို့ သိထားတယ်ဆိုရင်လည်း လမ်းဖယ်ပေးလိုက်ပါ၊ မဟုတ်ရင် ကျုပ်ရဲ့ ဂိုဏ်းသားတွေက ခင်ဗျားတို့နဲ့ မကျေမအေး ဖြစ်ကြလိမ့်မယ်"

ဖုန်းရွှေဆရာမှာ ဖြူစင်ကြာပန်း ဟူသော အမည်ကို ပြောလိုက်သောအခါ အနည်းငယ် ပို၍ ယုံကြည်မှု ရှိလာပုံရသည်။

ဖြူစင်ကြာပန်းဂိုဏ်း... လီယန်ချူး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ဒီကမ္ဘာမှာလည်း ဖြူစင်ကြာပန်းဂိုဏ်း ရှိနေတာလား။

"ခေါင်းမြီးခြုံပြီး ပုန်းလျှိုးကွယ်လျှိုး လုပ်နေတဲ့ ကြွက်အုပ်တွေပဲ၊ အစဉ်အလာ တောင် အမြစ်ပြတ် သုတ်သင်ခံထားရတာကို ငါ့ကို လာခြောက်နေသေးတာလား"

ဆိုင်ရှင်မက လှောင်ပြုံးပြုံးကာ ဆိုသည်။

"အမိမယ်တော်မှာ မွေးဖွားခြင်းမရှိ ၊ လေဟာနယ်က ငါတို့အိမ် ၊ ဖြူစင်ကြာပန်းက ထာဝရရှင်သန်ခြင်း။ ခင်ဗျားတို့ ဖြူစင်ကြာပန်းဂိုဏ်းအကြောင်း သိတယ်ဆိုရင် အမိမယ်တော် ရဲ့ တန်ခိုးအာဏာကိုလည်း သိသင့်တယ်"

ဖုန်းရွှေဆရာက အေးစက်စွာ ဆိုသည်။

"မိစ္ဆာအတတ်ကို ကျင့်ကြံတာဆိုရင်တော့ ရှင်းသွားပြီ"

လီယန်ချူး သက်ပြင်းတစ်ချက် ချလိုက်သည်။

သူသည် သူတစ်ပါး၏ အကြောင်းအကျိုး ထဲတွင် ဝင်မပတ်သက်ချင်သော်လည်း လူသတ်၊ မီးရှို့နေသည်ကို တွေ့ပါက လျစ်လျူရှုလိုက်ခြင်းသည် ကျင့်ကြံသူတစ်ဦး၏ "အကြောင်းအကျိုး မပတ်သက်ခြင်း" မဟုတ်ဘဲ စိတ်နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းချက်သာ ဖြစ်ပေလိမ့်မည်။

သူသည် မည်သည့်စကားကိုမျှ ဂရုမစိုက်ဘဲ ဖုန်းရွှေဆရာထံသို့ တည်ငြိမ်စွာ လျှောက်သွားသည်။

ဖုန်းရွှေဆရာ မျက်မှောင်ကြုတ်သွားသည်

"အမိမယ်တော်ရဲ့ တန်ခိုးက ကောင်းကင်အထိ ပေါက်တယ်။ မိတ်ဆွေတို့... ကျုပ် ကြိုသတိမပေးဘူးလို့ မပြောနဲ့ဦး"

လီယန်ချူး၏ မျက်နှာမှာ အေးစက် တည်ငြိမ်နေသည်။

"မင်း ကြွားတာက သိပ်ပြီး အရှိန်မပါသေးဘူး။ မင်း ပြောရမှာက... အမိမယ်တော်ဟာ ကမ္ဘာဦးအစကတည်းက မွေးဖွားလာတာ၊ ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းခဲ့တာ၊ သူမရဲ့ စိတ်ကူးတစ်ခုက ခေတ်တစ်ခေတ်ပဲ၊ အချိန်မြစ်ပြင်ကြီးပေါ်မှာ ရပ်တည်ပြီး လောကခပ်သိမ်းကို ကြည့်ရှုနေတာလို့ ပြောရမှာလေ"

လီယန်ချူး၏ စကားကြောင့် ဖုန်းရွှေဆရာမှာ ဆွံ့အသွားရုံသာမက ဆိုင်ရှင်မပင်လျှင် သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။

ဖုန်းရွှေဆရာသည် လီယန်ချူးက မည်သို့မျှ အလျှော့ပေးမည့်ပုံ မရှိသည်ကို မြင်သောအခါ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရာ ခုနက ကလေးတစ္ဆေ ခုနစ်ယောက်၊ ရှစ်ယောက်မှာ သူ၏ ပါးစပ်အတွင်းသို့ ရုတ်တရက် စုပ်ယူခံလိုက်ရသည်။

ခွက် ခွက်

ဖုန်းရွှေဆရာ၏ အဝတ်အစားများမှာ စုတ်ပြဲသွားပြီး သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း သန်မာထွားကျိုင်းလာတော့သည်။ အဘိုးအိုအသွင်မှသည် ကြွက်သားအမြှောင်းမြှောင်းနှင့် အရပ်တစ်လန်းကျော် မြင့်မားသော ဘီလူးကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

"ဒီတာအိုဆရာလေးကို အရင်သတ်မယ်၊ တစ်ယောက်သတ်ရရင်တောင် တန်သေးတယ် "

ဖုန်းရွှေဆရာသည် ထိုလှပသောအမျိုးသမီးက လက်ညှိုးတစ်ချက်ညွှန်ရုံဖြင့် သူ၏ အိပ်မက်နယ်ပယ်ကို ပိတ်ပင်နိုင်သည်ကို မြင်ကတည်းက သူမကို မယှဉ်နိုင်မှန်း သိလိုက်ပြီဖြစ်သည်။

သို့သော် ဤလူငယ်တာအိုဆရာမှာမူ ခုနက သူ ထွက်ပြေးစဉ်က မဖမ်းနိုင်ခဲ့သဖြင့် အိပ်မက်ထဲဝင်တဲ့အတတ်ကို နားမလည်သူဟု သူ ယူဆလိုက်သည်။

ဤမျှ ငယ်ရွယ်သော တာအိုဆရာတစ်ဦး၏ မဟာဝိညာဉ် မှာ မည်မျှအထိ အစွမ်းထက်နိုင်ပါမည်နည်း။ တိုက်ရိုက်သာ ချေမှုန်းလိုက်မည် ဖြူစင်ကြာပန်း ဂိုဏ်းသားများ၏ ရက်စက်ကြမ်းကြုတ်သော စိတ်ဓာတ်မှာ အထင်အရှားပင်။

သူသည် လက်သီးတစ်ချက်ကို လီယန်ချူး၏ ရှေ့သို့ အားရပါးရ ထိုးလိုက်သည်။ လီယန်ချူးကလည်း လက်သီးတစ်ချက်ကို ခပ်ဖွဖွလေး ပြန်လည် ထိုးလိုက်သည်။ ထိုလက်သီးမှာ မြန်ဆန်ပုံမရဘဲ ရှေးကျသော လက်သီးသဏ္ဍာန် တစ်မျိုးသာ ရှိနေပုံရသည်။

သို့သော် ဖုန်းရွှေဆရာမှာမူ အလွန်ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ဤအခိုက်အတန့်တွင် လီယန်ချူးမှာ သူ၏ မျက်စိရှေ့၌ ပေပေါင်းရာချီ မြင့်မားသော ဘီလူးကြီးတစ်ဦးကဲ့သို့ ဖြစ်နေပြီး သူ မြင်နေရသည်မှာ လီယန်ချူး၏ ဧရာမ လက်သီးကြီးတစ်ခုတည်းသာ ဖြစ်တော့သည်။

ဘုန်း

ဖုန်းရွှေဆရာ၏ ခန္ဓာကိုယ်မှာ အမှုန်အမွှားအဖြစ် ပျက်စီးသွားတော့သည်။ သေခါနီးတွင် သူ၏ စိတ်ထဲ၌ ပေါ်လာသော တစ်ခုတည်းသော အတွေးမှာ

"တောက် ဒီလောက် ကြည့်ကောင်းတဲ့ တာအိုဆရာလေးက... တကယ်တော့ ယန်ဝိညာဉ်အဆင့် ဖြစ်နေတာလား"

ထိုမျှအထိ ကြီးမားလှသော မဟာဝိညာဉ်၏ ဖိအားကြောင့် ဖုန်းရွှေဆရာမှာ ချက်ချင်းပင် ခုခံလိုစိတ်များ ပျောက်ဆုံးသွားခဲ့ရခြင်းဖြစ်သည်။

လီယန်ချူးသည် လက်သီးတစ်ချက်ဖြင့် ဖုန်းရွှေဆရာကို သတ်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ အိပ်မက်နယ်ပယ်ကြီးမှာ တစစီ စတင်ပြိုကွဲသွားတော့သည်။ ဒါက မူလကပင် ဖုန်းရွှေဆရာ၏ အိပ်မက်ဖြစ်သဖြင့် ပိုင်ရှင်သေဆုံးသွားပါက အိပ်မက်ကမ္ဘာလည်း ဆက်လက် တည်ရှိနိုင်ခြင်း မရှိတော့ပေ။

သို့သော် ဆိုင်ရှင်မမှာမူ ကောင်းကင်သို့ မော့ကြည့်ကာ မျက်မှောင်ကြုတ်လျက် တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

သူတို့နှစ်ဦး၏ ပုံရိပ်များ ပျောက်ကွယ်သွားပြီး အိပ်မက်နယ်ပယ်ကြီးလည်း လုံးဝ ပျက်စီးသွားတော့သည်။

လီယန်ချူး မျက်လုံးဖွင့်လိုက်သောအခါ မိမိသည် စွန်းကတော်၏ အခန်းထဲတွင် ရှိနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ ကျန့်ကျောင်းဓားမှာ သူ၏ ပေါင်ပေါ်တွင် အသင့် ရှိနေသည်။

"အိပ်မက်ထဲဝင်တဲ့အတတ်က တကယ်ကို ထူးခြားတာပဲ"

ဟု လီယန်ချူး စိတ်ထဲမှ ဆိုလိုက်သည်။

ခုနက ဖုန်းရွှေဆရာကို သတ်လိုက်ချိန်တွင် သူ၏ စိတ်ထဲ၌ မဟာတရားတော်အသံ ပေါ်ထွက်လာပြီး

ကုသိုလ်အမှတ် ငါးထောင်

ယခင်က သိုင်းကျမ်းများကို အဆင့်မြှင့်တင်ရာတွင် အသုံးပြုခဲ့သော သုံးသောင်းကို နှုတ်လိုက်ပါက သူ၏ ကိုယ်ပေါ်တွင် ကုသိုလ်အမှတ် စုစုပေါင်း ခြောက်သိန်းလေးသောင်း တိတိ ကျန်ရှိနေသေးသည်။

စွန်းကတော်၏ သန္ဓေသားမှာ ဘေးကင်းသွားပြီဖြစ်၍ စွန်းဆိုင်ရှင်သည် လီယန်ချူးကို အထပ်ထပ် အခါခါ ကျေးဇူးတင်ပြီး ဆုကြေးအဖြစ် ငွေစင် ၃၀၀ ကို ဆက်သလိုက်သည်။ လီယန်ချူးမှာ ယခုအခါ လက်ဖက်တောင်တစ်တောင်လုံးကို ပိုင်ဆိုင်ထားသဖြင့် ကြွယ်ဝချမ်းသာနေပြီ ဖြစ်သော်လည်း အပြင်ထွက်၍ ပညာပြလျှင်မူ အခကြေးငွေ ယူမြဲဖြစ်သည်။

၎င်းမှာ သူ၏ ဆရာထံမှ ဆင်းသက်လာသော ကောင်းမွန်သည့် အစဉ်အလာတစ်ခုပင်။

ဝမ်ပေါင်ချန်းက ရွှေမြင်းရုပ်ရှင်ဆု ရပြီးသည့်တိုင်အောင် နှစ်သစ်ကူးချိန်တွင် ငွေနှစ်ရာရဖို့ အပိုလူ အဖြစ် တစ်နေ့တာ သွားရောက်သရုပ်ဆောင်သကဲ့သို့ပင် ဖြစ်သည်။ နှစ်သစ်ကူးခါနီးပြီမို့ နှစ်ရာရတာက နှစ်ရာပဲ မဟုတ်လား။

လီယန်ချူးအတွက်လည်း ထို့အတူပင်။

သူ ဆိုင်ရှင်မနှင့်အတူ တည်းခိုးခန်းသို့ ပြန်ရောက်သောအခါ ဆိုင်ရှင်မက ရုတ်တရက် ဆိုသည်။

"ခုနက အိပ်မက်က နည်းနည်း ထူးဆန်းနေတယ်"

လီယန်ချူး မျက်မှောင်ကြုတ်ကာ

"ဘာဖြစ်လို့လဲ"

"ငါတို့က စွန်းကတော်ရဲ့ အိပ်မက်ကနေတစ်ဆင့် ဝင်ခဲ့တာ၊ စွန်းကတော်ကတော့ အဲဒီဖုန်းရွှေဆရာရဲ့ အိပ်မက်ထဲကို ဆွဲသွင်းခံထားရတာဆိုတော့ အဲဒါက ဖုန်းရွှေဆရာရဲ့ အိပ်မက်ကမ္ဘာပဲ။ ဒါပေမဲ့ ခုနက အိပ်မက်တွေ ပြိုကွဲသွားတဲ့အချိန်မှာ... အိပ်မက်ထဲမှာ နောက်ထပ် စွမ်းအားတစ်ခု ရှိနေသေးတာကို ငါ ခံစားလိုက်ရတယ်။ ငါတို့အပြင် နောက်ထပ် လူတစ်ယောက် ရှိနေသေးတယ် "

အခန်း (၆၈၄) - သတင်းပို့သည့် ရတနာ ၊ကြီးကျယ်သော ကိစ္စနှစ်ရပ် ၊ လဲလှယ်သော ပစ္စည်း နှင့် အခြားတစ်ယောက်၏ မည်သူမည်ဝါဖြစ်ကြောင်း

"နောက်ထပ် လူတစ်ယောက် ရှိနေသေးတယ် ဟုတ်လား "

လီယန်ချူးသည် ထိုစကားကို ကြားလိုက်ရသောအခါ မှင်တက်သွားမိသည်။

ဆိုင်ရှင်မက အေးဆေးတည်ငြိမ်စွာဖြင့်ပင် ဆက်လက်ပြောဆိုသည်။

"အဲဒီလူက ငါ့ရဲ့ အာရုံခံနိုင်စွမ်းကိုတောင် ကျော်လွန်ပြီး အိပ်မက်ထဲမှာ ပုန်းအောင်းနေနိုင်တယ်။ သူ့ရဲ့ အိပ်မက်ထဲဝင်တဲ့အတတ် အဆင့်အတန်းက ခုနက ဖုန်းရွှေဆရာထက် အဆပေါင်းများစွာ ပိုမြင့်လိမ့်မယ်"

လီယန်ချူး၏ မျက်မှောင်များမှာ ပိုမိုနက်ရှိုင်းစွာ ကြုတ်သွားရတော့သည်။

"သွားစို့... မြို့ပြင်က အဲဒီဘုရားပျက်ဆီကို သွားကြည့်ရအောင်"

သူသည် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။ အိပ်မက်ထဲဝင်ခြင်းသည် ဝိညာဉ်နှင့် တိုက်ရိုက်ဆက်နွှယ်နေသဖြင့် ခုနက ဖုန်းရွှေဆရာမှာ အိပ်မက်ထဲ၌ အသတ်ခံလိုက်ရပြီး ဝိညာဉ်ပျက်စီးသွားပြီ ဖြစ်ရာ သူ၏ ရုပ်အလောင်းမှာ ထိုဘုရားပျက်အတွင်း၌ ရှိနေရမည်မှာ အသေအချာပင်။

ဆိုင်ရှင်မက အသာအယာ ခေါင်းညိတ်ပြသည်

"အဲဒီဖုန်းရွှေဆရာရဲ့ ကိုယ်ပေါ်မှာ တစ်စုံတစ်ရာသော သဲလွန်စ ရှိနေနိုင်တယ်"

သူတို့နှစ်ဦးသည် တည်းခိုးခန်းမှ အတူတူ ထွက်ခွာလာကြသည်။ လီယန်ချူးက လေထဲသို့ ပျံတက်ရန် ပြင်လိုက်စဉ်မှာပင် ဆိုင်ရှင်မက သူ့ကို ရုတ်တရက် ဆွဲတားလိုက်သည်။

လီယန်ချူးက သူမဘက်သို့ လှည့်ကြည့်ကာ

"ဘာဖြစ်လို့လဲ"

ဆိုင်ရှင်မက ဆိုသည်

"ငါ မပျံတတ်ဘူး"

လီယန်ချူး - "..."

သူသည် ဆိုင်ရှင်မကို အနည်းငယ် အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

လေထဲတွင် ပျံသန်းနိုင်ခြင် ဆိုသည်မှာ တတိယအဆင့် ယန်ဝိညာဉ်အဆင့် ၏ အထိမ်းအမှတ် လက္ခဏာတစ်ခုပင်။ ယခင်က ပန်းချီကားကမ္ဘာအတွင်း၌ ဆိုင်ရှင်မတစ်ယောက် ရန်သူများကို အပိုင်းပိုင်း ပြတ်အောင် သတ်ဖြတ်နေပုံနှင့် သူမ၏ ကျွမ်းကျင်လှသော အိပ်မက်ထဲဝင်သည့် အတတ်ပညာများကို မြင်ဖူးထားသဖြင့်...

ယခုအခါမှ... သူမက မပျံတတ်ဘူးဟု ပြောနေခြင်းလား

သူသည် ရင်ထဲမှ အံ့သြမှုများကို သိမ်းဆည်းလိုက်ကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှေ့သို့ တိုးကာ ဆိုင်ရှင်မ၏ သွယ်လျသော ခါးလေးကို ဖက်တွယ်လိုက်ပြီး တိမ်စီးအတတ်ဖြင့် ပျံတက်လိုက်တော့သည်။

တတိယအဆင့်၏ တိမ်စီးခြင်းအရှိန်မှာ ယခင်ကထက် ဆယ်ဆမက မြန်ဆန်လှသည်။

အမှန်စင်စစ် မှော်လွန်းပျံ နှင့် ဓာတ်ငါးပါး မြေလျှိုးအတတ် တို့လောက် မမြန်သော်လည်း သာမန် ယန်ဝိညာဉ်အဆင့် ပိုင်ရှင်များ၏ ပျံသန်းမှုအရှိန်ထက်မူ များစွာ ပိုမိုမြန်ဆန်လှပေသည်။

အိပ်မက်ထဲက မှတ်ဉာဏ်များအရ လီယန်ချူးသည် မြို့ပြင်ရှိ ထိုဘုရားပျက်ထံသို့ မကြာမီပင် ရောက်ရှိလာခဲ့သည်။ ဤဘုရားပျက်မှာ အိပ်မက်ထဲကအတိုင်း တစ်ထပ်တည်းပင် ဖြစ်ကာ မြင်ရသူအပေါင်း သနားစဖွယ်ဖြစ်အောင် ပျက်စီးယိုယွင်းနေသည်။

လီယန်ချူးသည် ဘုရားပျက်အတွင်းသို့ ဝင်လိုက်သောအခါ ဖုန်းရွှေဆရာ အဝတ်အစား ဝတ်ဆင်ထားသော အလောင်းတစ်လောင်းကို တွေ့လိုက်ရသည်။ ထိုအလောင်းမှာ မျက်နှာပေါက် ခုနစ်ပေါက်မှ သွေးများထွက်နေပြီး ထိတ်လန့်တုန်လှုပ်နေသော အမူအရာကြီးဖြင့် လဲကျနေသည်။ သူကား... အိပ်မက်ထဲတွင် လီယန်ချူး၏ လက်သီးတစ်ချက်ဖြင့် အသတ်ခံလိုက်ရသော ဖုန်းရွှေဆရာပင် ဖြစ်၏။

လီယန်ချူးသည် စစ်မြေပြင် ရှင်းလင်းရေး (တိုက်ပွဲအပြီး ပစ္စည်းရှာဖွေခြင်း) လုပ်ငန်းတွင် အလွန်ပင် ကျွမ်းကျင်လှသူ ဖြစ်သည်။ မကြာမီမှာပင် ဖုန်းရွှေဆရာ၏ ကိုယ်ပေါ်မှ ပစ္စည်းများကို ရှာဖွေတွေ့ရှိသွားတော့သည်။

ငွေစက္ကူ နှစ်ထောင်၊ တန်ဖိုးကြီးလှသော ကျောက်စိမ်းဆွဲပြားတစ်ခု၊ ဖုန်းရွှေအိမ်မြှောင်၊ နှစ်တစ်ရာသက်တမ်းရှိ အလောင်းဆီ ၊ ခေါင်းတလားသံမှိုများ စသည်တို့ ဖြစ်သည်။ ငွေစက္ကူနှင့် ကျောက်စိမ်းဆွဲပြားမှလွဲ၍ ကျန်ရှိသမျှမှာ မိစ္ဆာလမ်းစဉ်သုံး ရတနာများသာ ဖြစ်သည်။

လီယန်ချူး၏ လက်ဝါးပြင်မှ မီးလျှံများ ထွက်ပေါ်လာပြီး ထိုမိစ္ဆာရတနာများကို မီးတိုက်ကာ လေဟာနယ်အတွင်း အစအနမကျန် ပျောက်ကွယ်သွားအောင် ဖျက်ဆီးလိုက်သည်။

ငွေစက္ကူနှင့် ကျောက်စိမ်းဆွဲပြားကိုမူ သူက သိမ်းဆည်းလိုက်သည်။ ၎င်းတို့မှာ မတရားသော နည်းလမ်းဖြင့် ရထားသော ပစ္စည်းများ ဖြစ်သဖြင့် မဖြစ်မနေ သိမ်းယူရမည် မဟုတ်ပါလား။

သူသည် စာရွက်တစ်ရွက်ကို ကောက်ယူကာ သေချာစွာ စစ်ဆေးလိုက်သည်။ ထိုစာရွက်ပေါ်တွင် ဖြူစင်ကြာပန်း အမှတ်တံဆိပ်တစ်ခု ရှိနေသည်။

သူသည် မျက်လုံးအတွင်းသို့ စွမ်းအားများ ပို့လွှတ်ကာ ဝိညာဥ်မျက်စိအတတ် ဖြင့် ကြည့်လိုက်သည်။ ထိုစာရွက်အတွင်းရှိ ထူးဆန်းသော စာသားအစီအစဉ်များကို ခံစားမိသောအခါ သူ၏ နတ်အာရုံ ကို အတွင်းသို့ ပို့လွှတ်ကြည့်လိုက်သည်။

ခဏအကြာတွင် သူသည် နတ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ကာ

"ဒါက သတင်းပို့တဲ့ ရတနာ တစ်ခုလား"

ဆိုင်ရှင်မက အနားသို့ တိုးလာကာ ခေတ္တမျှ ကြည့်ရှုပြီးနောက် ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်၊ ဒါက ဖြူစင်ကြာပန်းဂိုဏ်းက အချင်းချင်း ဆက်သွယ်ဖို့ သုံးတဲ့ ရတနာပဲ"

သူမသည် သေချာစွာ ထပ်မံ ကြည့်ရှုစစ်ဆေးပြီးနောက် ရုတ်တရက် ပြောလိုက်သည်။

"ဒီအပေါ်မှာ သတင်းတစ်ခု ရှိနေသေးတယ်၊ စွမ်းအားအကြွင်းအကျန်တွေ ရှိနေတာပဲ"

လီယန်ချူး၏ မျက်လုံးများမှာ တောက်ပသွားပြီး လက်ထဲမှ ဗလာစာရွက်ကို ကြည့်ကာ ဆိုင်ရှင်မအား မေးလိုက်သည်။

"ဒါကို ပြန်ဖော်လို့ ရမလား"

သူသည် ရိုးရိုးလေးသာ မေးလိုက်ခြင်း ဖြစ်သော်လည်း ဆိုင်ရှင်မက ခေါင်းညိတ်ကာ

"ရတယ်၊ ဒါပေမဲ့ အရင်က ပို့ထားတဲ့ နောက်ဆုံးတစ်ကြောင်းကိုပဲ ပြန်ဖော်လို့ ရလိမ့်မယ်"

လီယန်ချူးမှာ အံ့အားသင့်သွားရသည်။ ဒါက တကယ်ကို အစွမ်းထက်လှသည် မဟုတ်ပါလား

ဆိုင်ရှင်မ၏ လက်ပေါ်တွင် ဖြူစင်သော အလင်းတန်းအချို့ လက်ခနဲ ပေါ်လာပြီးနောက် ထိုဗလာစာရွက်ပေါ်တွင် သတင်းအချက်အလက်အချို့ ထင်ဟပ်လာတော့သည်။

လီယန်ချူးနှင့် ဆိုင်ရှင်မတို့ အတူတူ ဖတ်ကြည့်လိုက်ကြသည်။ ထိုစာထဲတွင် အရေးကြီးသော ကိစ္စနှစ်ရပ် ပါဝင်သည်။ ပထမတစ်ခုမှာ ဤဖုန်းရွှေဆရာအား ပိုင်ကျီမိစ္ဆာနိုင်ငံ မှ လူများနှင့် လဲလှယ်မှုတစ်ခု ပြုလုပ်ရန်နှင့် ပစ္စည်းများကို ပြန်သယ်လာရန် အမိန့်ပေးထားခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ အထက်လူကြီးများသည် လင်ရွှီနတ်ဘုရားနယ်မြေ ထဲသို့ ဝင်ရောက်ကာ ကျိုရှောင်နတ်ဘုရားကျမ်း ကို လုယူမည်ဖြစ်ကြောင်းနှင့် အဓိက ဂိုဏ်းကြီးများမှ ပညာရှင်များကို အကွက်ဆင်ကာ သတ်ဖြတ်ရန် စီစဉ်ထားကြောင်းတို့ ဖြစ်သည်။

သတင်းမှာ မရှည်လျားသော်လည်း ပါဝင်သော အကြောင်းအရာများက လီယန်ချူးကို ထိတ်လန့်သွားစေသည်။

"ဖြူစင်ကြာပန်းဂိုဏ်းက ပိုင်ကျီမိစ္ဆာနိုင်ငံနဲ့ အရောင်းအဝယ် လုပ်တယ်ဆိုတာကတော့ ကျုပ် သိပ်မထူးဆန်းဘူး။ ဒီလို ရှေးကျတဲ့ အင်အားစုတွေ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်ကြတာက ပုံမှန်ပဲ။ ဒါပေမဲ့ ဖြူစင်ကြာပန်းဂိုဏ်းက ဘာအစွမ်းနဲ့များ ဂိုဏ်းကြီးတွေရဲ့ ပညာရှင်တွေကို အကွက်ဆင် သတ်ဖြတ်နိုင်မှာလဲ "

လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။ ယခုအခါ လင်ရွှီနတ်ဘုရားနယ်မြေကို မျက်စိကျနေသူများမှာ ချန်နိုင်ငံ ရှိ ဂိုဏ်းကြီးများမှ အထူးချွန်ဆုံးသော ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။

ဥပမာအားဖြင့် ချင်းချန်တောင်မှ ထဲစန်းတာအိုဆရာ ၊ လုံဟူရှန်းမှ ကျောက်နတ်ဆရာ ၊ ဝူထိုင်တောင်မှ ပေါင်ရှူး ကိုယ်တော် ၊ တာ့ရှမ်းကော်ဘုရားကျောင်းမှ ကျဲ့ခုံဘုန်းကြီး နှင့် ဟွာစန်းတောင်မှ ယွင်ဟဲတာအိုဆရာ စသည်တို့ ဖြစ်ကြသည်။

ထိုသူများမှာ ကျင့်ကြံမှု နှစ်တစ်ရာ သို့မဟုတ် နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်ခန့် ရှိပြီဖြစ်သော ဂိုဏ်းကြီးများမှ ဝါရင့်ပညာရှင်ကြီးများ သို့မဟုတ်ပါကလည်း လက်ရှိခေတ်တွင် အတောက်ပဆုံးသော ပါရမီရှင် လူငယ်များပင် ဖြစ်သည်။

သူတို့တွင် အစွမ်းထက်သော ခွန်အားများသာမက ရှေးကျသော အမွေအနှစ်များနှင့် လျှို့ဝှက်ချက်များစွာလည်း ရှိနေကြသည်။

၎င်းတို့ကို ဖြူစင်ကြာပန်းဂိုဏ်းက မည်သို့များ ထောင်ချောက်ဆင် သတ်ဖြတ်နိုင်မည်နည်း။

အထူးသဖြင့် ယခင်က ပြည်နယ်မြို့တော်တွင် ရှိစဉ်က ရွှီမိသားစု ဘိုးဘေးက သူ့အား လင်ရွှီနတ်ဘုရားနယ်မြေထဲ ဝင်မလားဟု မေးမြန်းခဲ့ဖူးသည်။ မိမိသည် တတိယအဆင့် ယန်ဝိညာဉ်အဆင့် ဖြစ်နေသည်ကို သိလျက်နှင့် ထိုဘိုးဘေးက မေးနေခြင်းမှာ... သူ၏လက်ထဲတွင် ယန်ဝိညာဉ်အဆင့် ပိုင်ရှင်များကိုပင် အတွင်းသို့ ပို့ဆောင်ပေးနိုင်သည့် နည်းလမ်း ရှိနေခြင်းကို ပြသနေသည်။

ဆိုလိုသည်မှာ ယခုတစ်ကြိမ်တွင် လင်ရွှီနတ်ဘုရားနယ်မြေအတွင်းသို့ ယန်ဝိညာဉ်အဆင့် ပညာရှင်ကြီးများပင် ဝင်ရောက်လာနိုင်ဖွယ် ရှိသည်။ ၎င်းမှာ ယခင်က မည်သည့် နတ်ဘုရားနယ်မြေ ပွင့်ခဲ့စဉ်ကထက်မဆို ပိုမို ကြီးကျယ်ခမ်းနားသော အနေအထားမျိုး ဖြစ်လာပေလိမ့်မည်။ ဖြူစင်ကြာပန်းဂိုဏ်းက ပြဿနာရှာရန် ကြိုးစားခြင်းမှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

"ဖြူစင်ကြာပန်းဂိုဏ်း ကိုးကွယ်တဲ့ နတ်ဘုရားတွေက အများကြီးပဲ။ အမိမယ်တော်လည်း ပါသလို သူတို့ခေါ်တဲ့ မိတ္တေယျ လည်း ပါတယ်။ တာအိုဒဏ္ဍာရီထဲက နတ်ဘုရား အတော်များများကိုလည်း ကိုးကွယ်ကြတယ်။

ဒါပေမဲ့ ဒီဂိုဏ်းက ပုန်ကန်ရတာကို အလွန် ဝါသနာပါတာ။ နိုင်ငံတည်ထောင်စကတည်းက အစိုးရနဲ့ ဂိုဏ်းကြီးတွေ ပေါင်းပြီး အမြစ်ပြတ် သုတ်သင်ခဲ့တာပဲ။

ဒီနှစ်ပိုင်းတွေမှာ ထွက်ပေါ်လာတဲ့ ချိကဲဘက်ဂိုဏ်း တို့ စိတ်ဆန္ဒလမ်းစဉ် တို့ ဆိုတာ တကယ်တော့ ဖြူစင်ကြာပန်းဂိုဏ်းသားတွေရဲ့ အရိပ်အယောင်တွေပဲ။ ဒီဂိုဏ်းကိုလည်း ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး"

ဟု ဆိုင်ရှင်မက အေးဆေးစွာ ရှင်းပြသည်။

လီယန်ချူးက ခေါင်းညိတ်ပြလိုက်သည်။ ဆိုင်ရှင်မ ပြောသည်မှာလည်း အဓိပ္ပာယ်ရှိပေသည်။ ဤကဲ့သို့သော ဂိုဏ်းမျိုးမှာ ပြဿနာရှာသည့်နေရာတွင် အလွန် ကျွမ်းကျင်လှသည်။ ခွန်အားဖြင့် ဖိနှိပ်ခြင်း မဟုတ်ဘဲ တစ်ခါတစ်ရံတွင် ကောက်ကျစ်သော အကွက်များက လူကို ပို၍ သတ်နိုင်သည် မဟုတ်ပါလား။

"နတ်ဘုရားနယ်မြေ ဆိုတာက မိစ္ဆာတွေ ကျူးကျော်ခံထားရတာဆိုတော့ မူလကတည်းက အန္တရာယ် များလှတာ။ အခု ဖြူစင်ကြာပန်းဂိုဏ်းကပါ ထပ်ပြီး ပြဿနာရှာဦးမယ်ဆိုရင် အပြောင်းအလဲတွေ အများကြီး ရှိလာနိုင်တာပဲ"

လီယန်ချူးက လေသံလေးလေးဖြင့် ဆိုသည်။

လီယန်ချူးသည် ထိုကိစ္စကို ဆက်လက် မစဉ်းစားတော့ပေ။ နတ်ဘုရားနယ်မြေအတွင်းတွင် နတ်ဘုရားအမွေအနှစ်များ ရယူရန်အတွက် လူအချင်းချင်း ခွေးအချင်းချင်း ကိုက်သကဲ့သို့ပင် ပြင်းထန်စွာ တိုက်ခိုက်ကြမည်မှာ အမှန်ပင်။ ဂိုဏ်းကြီးများအချင်းချင်းပင် ပြင်းထန်စွာ ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ဖြူစင်ကြာပန်းဂိုဏ်းက လာရောက် နှောင့်ယှက်သည်ဖြစ်စေ၊ မနှောင့်ယှက်သည်ဖြစ်စေ အေးအေးဆေးဆေး ရှိနေမည် မဟုတ်ပေ။

ထိုကိစ္စကို ခဏမျှ ဘေးဖယ်ထားလိုက်ပြီး လီယန်ချူးသည် ဖုန်းရွှေဆရာ၏ ကိုယ်ပေါ်တွင် ထပ်မံ ရှာဖွေကြည့်ပြန်သည်။

"မဖြစ်နိုင်တာ... ဒီစာထဲမှာ ဖုန်းရွှေဆရာက ပိုင်ကျီမိစ္ဆာနိုင်ငံနဲ့ လဲလှယ်မှုလုပ်ဖို့ လာတာလို့ ပြောထားတာပဲ။ လဲလှယ်တယ်ဆိုမှတော့ သူ ယူလာတဲ့ ပစ္စည်းတစ်ခုခု ရှိရမှာပေါ့။ ဒါပေမဲ့ သူ့ဆီမှာ ဒီအသုံးမကျတဲ့ ပစ္စည်းတွေရယ်၊ ငွေစက္ကူ နှစ်ထောင်ရယ်ပဲ ရှိတယ်။ ဒါက ဒီလောက်အထိ သေးငယ်တဲ့ အရောင်းအဝယ်မျိုး ဖြစ်နေတာလား "

ဟု လီယန်ချူး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဒါက တကယ်ကို ထူးဆန်းတာပဲ။ ဖြစ်နိုင်တာက ဒီဖုန်းရွှေဆရာက အရောင်းအဝယ် လုပ်ပြီးသွားပြီလား... ဒါမှမဟုတ် မဟုတ်သေးပါဘူး၊ တကယ်လို့ အရောင်းအဝယ် လုပ်ပြီးသွားပြီဆိုရင် သူ ဘာပစ္စည်းကို လဲလှယ်ခဲ့တာလဲ"

ဆိုင်ရှင်မ၏ မျက်လုံးများတွင် သံသယများ ပြည့်နှက်သွားသည်။

"ဖြစ်နိုင်တာ တစ်ခုရှိတာက... သူဟာ ပိုင်ကျီမိစ္ဆာနိုင်ငံနဲ့ လဲလှယ်မယ့် ပစ္စည်းကို ကိုယ်ပေါ်မှာ သယ်မလာတာပဲ။ ဒါမှမဟုတ်ရင် အဲဒီပစ္စည်းက နောက်ထပ်လူတစ်ယောက် ရဲ့ ကိုယ်ပေါ်မှာ ရှိနေတာ ဖြစ်လိမ့်မယ်။ သူက အဲဒီလူနဲ့ ဆက်သွယ်ဖို့ လိုအပ်နေတာမျိုးပေါ့"

ဟု လီယန်ချူးက နှေးကွေးစွာ ဆိုလိုက်သည်။

သူနှင့် ဆိုင်ရှင်မတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"ဒါဆိုရင်... အိပ်မက်ထဲမှာ ငါတို့ မတွေ့လိုက်ရတဲ့ အဲဒီလူလား "

၎င်းမှာ အလွန်ပင် ဖြစ်နိုင်ခြေ ရှိလှသည်။ အိပ်မက်ထဲဝင်သည့် အတတ်သည် အလွန်ပင် ရှားပါးလှသဖြင့် ကျင့်ကြံသူ များများစားစား မရှိပေ။ ဆိုင်ရှင်မမှာမူ ချွင်းချက်ဖြစ်သဖြင့် ထားလိုက်ပါဦး။

အိပ်မက်ထဲတွင် ပုန်းအောင်းနေခဲ့သော ထိုလူသည် ထိုဖုန်းရွှေဆရာ၏ အဖော် ဖြစ်ရမည်မှာ သေချာသလောက်ပင်။ ပိုင်ကျီမိစ္ဆာနိုင်ငံနှင့် လဲလှယ်မည့် ပစ္စည်းမှာလည်း ထိုလူ၏ ကိုယ်ပေါ်တွင် ရှိနေနိုင်ပေသည်။

"ပိုင်ကျီမိစ္ဆာနိုင်ငံရဲ့ ဘုရင်ကို ကျုပ် မြင်ဖူးတယ်။ သူက သိပ်ပြီး ကြမ်းကြုတ်တဲ့ပုံ မရပေမဲ့ သူ့ရဲ့ လက်အောက်က မိစ္ဆာကြီးတွေကတော့ လူ့လောကမှာ မိစ္ဆာနိုင်ငံကို ပြန်လည် တည်ထောင်ဖို့ဆိုတဲ့ အိပ်မက်တွေ မက်နေကြတာ။ အန္တရာယ် အလွန်ကြီးမားတယ်။ ဒီကိစ္စကိုတော့ သေချာအောင် စုံစမ်းရမယ်"

လီယန်ချူးက လေသံပြတ်ပြတ်ဖြင့် ဆိုလိုက်လေတော့သည်။

All Chapters