အခန်း (၆၈၅-၆၈၆)
Vol. 69 Ch. 685-686
အခန်း (၆၈၅) - အနာဂတ်အလားအလာရှိသော ဖုတ်ကောင် ၊ လဲလှယ်မည့်ပစ္စည်းက အမှန်တကယ် ဘာလဲ ၊ ပျောက်ဆုံးခြင်း
လီယန်ချူးသည် ရှစ်ခွင်မှန် ကို ထုတ်ယူလိုက်သည်။
ရှစ်ခွင်မှန်သည် ချက်ချင်းပင် ခြောက်တောင်ခန့်ရှိသော မှန်ချပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အနီးနားရှိ တောင်တန်းများပေါ်မှ မိစ္ဆာအငွေ့အသက်နှင့် မိစ္ဆာစွမ်းအားများကို ရှာဖွေရန် နတ်အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။ သူသည်လည်း သူ၏ နတ်အာရုံ ကို ဖြန့်ကျက်လိုက်ရာ ခဏချင်းမှာပင် ပတ်ဝန်းကျင် ဆယ်မိုင်အတွင်း လွှမ်းခြုံသွားတော့သည်။
ရှစ်ခွင်မှန်ထဲတွင် ဝေဝါးသော အငွေ့အသက်အချို့ကို တွေ့ရှိရပြီး ထိုအထဲတွင် အလောင်းပုပ်အနံ့နှင့် မိစ္ဆာအငွေ့အသက်များ ပါဝင်နေသည်။
လီယန်ချူးသည် လက်ဝါးပြင်မှ ရွှမ်းကျီကောင်းကင်မီးလျှံ ကို ထုတ်လွှတ်ကာ ဖုန်းရွှေဆရာ၏ ရုပ်အလောင်းကို တိုက်ရိုက်ပင် အစအနမကျန် လောင်ကျွမ်းပြာချပစ်လိုက်သည်။ ထို့နောက် ဆိုင်ရှင်မ၏ သွယ်လျသော ခါးလေးကို ဖက်တွယ်ကာ တိမ်စီး၍ ပျံသန်းထွက်ခွာသွားတော့သည်။
...
တောင်ဂူတစ်ခုအတွင်း၌ ဖုတ်ကောင် တစ်ကောင်သည် ယိုင်တိုင်တိုင်ဖြင့် ထရပ်လိုက်ပြီး လရောင်၏ အဆီအနှစ်ကို စုပ်ယူနေသည်။ ၎င်းသည် သာမန်ဖုတ်ကောင်မျိုး မဟုတ်ဘဲ ဗီဇပြောင်းလဲနေသော အမျိုးအစား ဖြစ်သည်။
မူလက သံဖုတ်ကောင် ( အဆင့်သာ ဖြစ်သော်လည်း ယခုအခါတွင်မူ အသိဉာဏ် အနည်းငယ် စတင်ပွင့်လင်းလာပြီး လရောင်ကို စုပ်ယူနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ဖုတ်ကောင်များသည် သံသရာ ထဲတွင် မပါဝင်ဘဲ ဝိညာဉ်သုံးပါး၊ လိပ်ပြာခုနစ်ပါး မရှိကြချင်သော်လည်း ထိုကောင်၏ အခြေအနေမှာ အလွန်ပင် ထူးခြားလှသည်။
အချိန်အတန်ကြာ ကျင့်ကြံခွင့်ရမည်ဆိုလျှင် နောင်တစ်ချိန်တွင် ဟန်ပါ့ ကဲ့သို့သော အစွမ်းထက်သည့် ဖုတ်ကောင်ဘုရင်ကြီး ဖြစ်လာနိုင်ပေသည်။ ယခုအချိန်၌ပင် ၎င်းသည် အလွန်ပင် အစွမ်းထက်လှသော ခွန်အားကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ အကယ်၍သာ အပြင်သို့ ထွက်သွားပါက ဘေးဒုက္ခများစွာ ပေးနိုင်ပေသည်။
လရောင်အဆီအနှစ်များသည် ၎င်း၏ ကိုယ်ပေါ်သို့ ကျရောက်လာပြီး မကြာမီမှာပင် စုပ်ယူခြင်း ခံလိုက်ရသည်။ ၎င်း၏ ကိုယ်ပေါ်မှ အလောင်းပုပ်အနံ့များမှာလည်း ပိုမို ပြင်းထန်လာတော့သည်။
ရုတ်တရက်
၎င်းသည် တစ်စုံတစ်ခုသော အငွေ့အသက်ကို အာရုံခံမိသွားသည်။ ခေါင်းမော့ကြည့်လိုက်သောအခါ တောက်ပသော ဓားအလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။
ဝုန်း
ဓားအလင်းတန်း ဖြတ်သန်းသွားပြီးနောက် ဤဗီဇပြောင်းဖုတ်ကောင်မှာ မျက်စိတစ်မှိတ်အတွင်း အမှုန်အမွှားအဖြစ် ပြောင်းလဲကာ လုံးဝ ဥဿုံ ပျက်စီးသွားတော့သည်။
"ဖုတ်ကောင်မှာ ဝိညာဉ်မရှိဘူး၊ အိပ်မက်ထဲဝင်တဲ့အတတ်ကိုလည်း နားလည်မှာ မဟုတ်ဘူး။ ဒီကောင် မဟုတ်ဘူး"
လီယန်ချူးသည် မျက်မှောင်အနည်းငယ် ကြုတ်ကာ နောက်ထပ် နေရာတစ်ခုသို့ တိမ်စီး၍ ဆက်လက် ထွက်ခွာသွားသည်။
သူသည် နေရာလေးခုကို ဆက်တိုက် ရှင်းလင်းခဲ့ရာ စုစုပေါင်း ကုသိုလ်အမှတ် နှစ်သောင်း ရရှိခဲ့သည်။ သူ၏ ကိုယ်ပေါ်မှ ကုသိုလ်အမှတ်များမှာ ခြောက်သိန်းခြောက်သောင်းအထိ ဖြစ်လာပြီး ပိုမို ထူထဲသိပ်သည်းလာသည်။
သို့သော် လီယန်ချူး၏ မျက်နှာတွင် အနည်းငယ်မျှပင် ပျော်ရွှင်ရိပ် မရှိဘဲ မျက်မှောင်ကိုသာ ပြင်းထန်စွာ ကြုတ်ထားမိသည်။ ရှာတွေ့သမျှမှာ လူစားသော မိစ္ဆာများ၊ ဖုတ်ကောင်များနှင့် တစ္ဆေများသာ ဖြစ်ပြီး မိစ္ဆာကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။
ထိုအရာများက အိပ်မက်ထဲကို မည်သို့ ဝင်နိုင်ပါမည်နည်း။
"ဖြစ်နိုင်တာက... အဲဒီလူက စောစောကတည်းက ထွက်သွားတာလည်း ဖြစ်နိုင်တာပဲ"
ဟု ဆိုင်ရှင်မက ဆိုသည်။
"ဒီကိစ္စက တစ်ခုခုတော့ ထူးဆန်းနေတယ်လို့ ကျုပ် ခံစားရတယ်။ အိပ်မက်ထဲမှာ ပုန်းနေတဲ့သူက အဲဒီဖုန်းရွှေဆရာရဲ့ အပေါင်းအဖော်ဆိုရင်... ခုနက ဘာလို့ ဒီဖုန်းရွှေဆရာရဲ့ အလောင်းကို လာမသိမ်းတာလဲ သူ့ကိုယ်ပေါ်က စာရွက်ကို ဘာလို့ ယူမသွားတာလဲ"
ဟု လီယန်ချူးက မေးခွန်းထုတ်လိုက်သည်။
"ဖြစ်နိုင်တာက အဲဒီစာရွက်ကနေ ငါတို့ တစ်ခုခု သိသွားလိမ့်မယ်လို့ သူ မထင်တာကြောင့် ဖြစ်မှာပေါ့"
ဟု ဆိုင်ရှင်မက ဆိုသည်။
လီယန်ချူးက သူမကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြသည်။
"ဒါလည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီဖုန်းရွှေဆရာ သေသွားရင် သူ့ဆီ ဘယ်သူမှ သတင်းပို့တော့မှာ မဟုတ်ဘူးလေ။ ပြီးတော့ အရင်က သတင်းတွေကိုလည်း မင်းက ပြန်ဖော်နိုင်လိမ့်မယ်လို့ သူ မထင်ထားတာ ဖြစ်မှာပါ"
လီယန်ချူးသည် အမှောင်ထဲမှ တစ်စုံတစ်ယောက်က မိမိကို ချောင်းမြောင်း ကြည့်ရှုနေသည်ဟု ခံစားနေရသော ဤခံစားချက်ကြီးကို အလွန်ပင် ထူးဆန်းနေမိသည်။ အိပ်မက်ထဲဝင်သည့် အတတ်ကို သူ မတတ်မြောက်ထားသဖြင့် မတတ်နိုင်ပေ။ ယခင်က အိပ်မက်ထဲတွင် ရှိနေစဉ်အတွင်း နောက်ထပ် လူတစ်ယောက် ရှိနေသည်ကို သူ လုံးဝ အာရုံမခံမိခဲ့ပေ။
"အဲဒီဖုန်းရွှေဆရာကလည်း ထူးဆန်းသားပဲ၊ ဝေမြို့တော် ကို လာပြီး ပိုင်ကျီမိစ္ဆာနိုင်ငံနဲ့ အရောင်းအဝယ်လုပ်ဖို့ အရေးကြီးတဲ့ တာဝန် ပါလာရက်နဲ့ ဆယ်နှစ်က ကိစ္စဟောင်းတစ်ခုကို သွားပြီး ဖြေရှင်းနေသေးတယ်"
ဟု ဆိုင်ရှင်မက မှတ်ချက်ပေးသည်။
"ဟုတ်ပ... ဒီလူ ကျင့်ကြံထားတဲ့ ခုနစ်ပါးရတနာ ဘီလူးရုပ်ပုံက..."
လီယန်ချူး၏ စကားပင် မဆုံးသေးမီ သူ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
"မဟုတ်သေးဘူး ဖြစ်နိုင်တာက သူ လဲလှယ်မယ့် ပစ္စည်းကို ကိုယ်ပေါ်မှာ ယူမလာတာ မဟုတ်ဘူး"
ဆိုင်ရှင်မ မျက်မှောင်ကြုတ်ကာ
"ဘာကို ဆိုလိုတာလဲ"
လီယန်ချူးက လေသံလေးလေးဖြင့်
"တကယ်လို့ သူက ပိုင်ကျီမိစ္ဆာနိုင်ငံနဲ့ လဲလှယ်မယ့် ပစ္စည်းဟာ စွန်းကတော်ရဲ့ ဗိုက်ထဲက ကလေးသာ ဖြစ်နေမယ်ဆိုရင်ရော "
ဤစကားကြောင့် ဆိုင်ရှင်မ၏ မျက်လုံးများတွင်လည်း အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။
"ဒါပေမဲ့ အဲဒီကလေးကို ရှင် ကြည့်ပြီးပြီ မဟုတ်လား၊ ထူးခြားတာ ဘာမှ မရှိဘူးလေ "
"ကျုပ် အထင်မှားတာပဲ ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ"
လီယန်ချူး တိတ်ဆိတ်သွားပြီးနောက် မှော်လွန်းပျံကို ထုတ်ယူလိုက်ရာ မျက်စိရှေ့တွင် လှေငယ်လေးတစ်စင်း ပေါ်လာသည်။ သူနှင့် ဆိုင်ရှင်မတို့သည် နတ်လှေပေါ်သို့ တက်လိုက်ကြပြီးနောက် ၎င်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဝေမြို့တော်အတွင်းသို့ ခဏချင်းမှာပင် ရောက်ရှိသွားတော့သည်။
အလင်းတန်းတစ်ခု ကျဆင်းလာပြီး သူတို့သည် စွန်းဆိုင်ရှင်၏ အိမ်ရှေ့သို့ ရောက်လာကြသည်။ ယခုတစ်ကြိမ်တွင်မူ အားနာနေခြင်း မရှိတော့ဘဲ တံခါးကို တိုက်ရိုက် တွန်းဖွင့်ကာ ဝင်လိုက်သည်။ သို့သော် မမျှော်လင့်ဘဲ တံခါးမှာ အသာလေး တွန်းရုံဖြင့် ပွင့်သွားတော့သည်။
လီယန်ချူး အထဲသို့ ကြည့်လိုက်သောအခါ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။
စွန်းဆိုင်ရှင်မှာ မြေပြင်ပေါ်တွင် လဲကျနေပြီး အသက်ရှင်၊ မရှင် မသေချာပေ။ ကိုယ်ဝန်ရှိနေသော စွန်းကတော်မှာမူ ပျောက်ကွယ်နေပြီ ဖြစ်သည်။
"တောက် " လီယန်ချူး၏ မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်လျှံသွားတော့သည်။
သူသည် စွန်းဆိုင်ရှင်၏ အနားသို့ တိုးသွားသည်။ စွန်းဆိုင်ရှင်မှာ မျက်လုံးများ ပိတ်နေပြီး အိပ်ပျော်နေပုံရကာ စိုးရိမ်စရာ အထွေအထူး မရှိပေ။ လီယန်ချူးသည် ကျင့်စဉ်စွမ်းအား အချို့ကို သူ၏ ကိုယ်အတွင်းသို့ ပို့လွှတ်လိုက်ရာ စွန်းဆိုင်ရှင်သည် တဖြည်းဖြည်း နိုးလာတော့သည်။
"တာအိုဆရာ လီယန်ချူး... ကျုပ် ဘာဖြစ်သွားတာလဲ"
သူသည် ခေါင်းထဲတွင် ပြင်းထန်စွာ နာကျင်နေပြီး အရက်အလွန်အကျွံ သောက်ထားသကဲ့သို့ ခံစားနေရသည်။ လီယန်ချူးသည် သက်ပြင်းတစ်ချက်ချကာ ဘာမှ မပြောပေ။ စွန်းဆိုင်ရှင်သည် ဘေးဘီသို့ ကြည့်လိုက်ရာ အခန်းထဲတွင် ဘာမှ မရှိသည်ကို တွေ့သွားပြီး ချက်ချင်းပင် လန့်အော်ကာ အတင်းထလိုက်သည်။
"ကျုပ် မိန်းမရော ကျုပ် မိန်းမ ဘယ်မှာလဲ "
သူ၏ မျက်နှာမှာ ဖြူလျော်သွားပြီး စိတ်မတည်မငြိမ် ဖြစ်နေတော့သည်။ လီယန်ချူးက သူ့ကို တားဆီးလိုက်ပြီး တာအိုစွမ်းအားများကို သူ၏ ကိုယ်အတွင်းသို့ ပို့လွှတ်ကာ စိတ်ကို တည်ငြိမ်စေလိုက်သည်။
"စွန်းဆိုင်ရှင်... မလောပါနဲ့ဦး၊ ခုနက ဘာဖြစ်ခဲ့တာလဲ၊ ခင်ဗျား ဘာလို့ မြေပြင်ပေါ်မှာ လဲကျနေရတာလဲ"
ဟု လီယန်ချူးက မေးမြန်းလိုက်သည်။
စွန်းဆိုင်ရှင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူကာ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းလိုက်သည်။
"ကျုပ်လည်း ဘာဖြစ်သွားလဲ မသိဘူး။ ခင်ဗျားတို့ ထွက်သွားပြီးနောက်မှာ တံခါးနားကနေ ထူးဆန်းတဲ့ အသံတစ်ခု ကြားလိုက်ရတယ်။ အေးစက်တဲ့ လေတိုက်သံလိုမျိုးပဲ။ ကျုပ် တံခါးနဲ့ ပြတင်းပေါက်တွေ သွားပိတ်မလို့ ကုတင်ပေါ်က ဆင်းလိုက်တုန်းမှာပဲ အသိစိတ် ပျောက်သွားတာ။ ပြန်နိုးလာတော့မှပဲ ခင်ဗျားတို့ကို မြင်ရတော့တာ"
လီယန်ချူးသည် ထိုစကားကို ကြားသောအခါ မျက်နှာ ညိုမှောင်သွားသည်။
"ဒါဆိုရင် အဲဒီလူက ကျုပ်တို့ရဲ့ အနားမှာ တစ်ချိန်လုံး ရှိနေခဲ့တာလား "
စွန်းဆိုင်ရှင်က အသည်းအသန် မေးသည်
"ဘယ်သူလဲ"
လီယန်ချူးက လေသံမာမာဖြင့်
"ခင်ဗျား ကတော်ရဲ့ အသုံးအဆောင် ပစ္စည်းတစ်ခုခု အမြန်ယူလာပေးပါ"
"မြန်မြန်"
စွန်းဆိုင်ရှင်သည် ချက်ချင်း ထရပ်ကာ စွန်းကတော် အမြဲတမ်း ပန်ဆင်လေ့ရှိသော ကျောက်စိမ်းဆံထိုး ကို ယူလာပေးသည်။ လီယန်ချူးသည် ချက်ချင်းပင် ခြေရာခံအတတ် ကို အသုံးပြုလိုက်သည်။
ကျောက်စိမ်းဆံထိုးပေါ်မှ အငွေ့အသက်တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာပြီး သူ၏ လက်ဝါးအတွင်းသို့ ရောက်ရှိလာသည်။ လီယန်ချူးသည် သေချာစွာ အာရုံခံလိုက်ပြီး သူ၏ နတ်အာရုံကို ဖြန့်ကျက်လိုက်ရာ မရေမရာသော ဆက်နွှယ်မှုကို ခံစားလိုက်ရသည်။ ခြေရာခံအတတ်သည် တစ်ဖက်လူ၏ အငွေ့အသက်ကိုလည်း လိုက်လံ ရှာဖွေနိုင်ပေသည်။
"စွန်းကတော် လောလောဆယ် ဘာမှမဖြစ်သေးဘူး၊ စွန်းဆိုင်ရှင် စိတ်ချပါ၊ ကျုပ် ခင်ဗျားရဲ့ မိန်းမကို မရရအောင် ပြန်ရှာပေးပါ့မယ် "
ဟု လီယန်ချူးက အာမခံလိုက်သည်။
"တာအိုဆရာ... ကျုပ် မိန်းမကို ကယ်ပေးပါဦး"
စွန်းဆိုင်ရှင်သည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
လီယန်ချူး ခေါင်းညိတ်ပြလိုက်ပြီး ဆိုင်ရှင်မနှင့်အတူ အမြန် ထွက်ခွာလာခဲ့သည်။ စွန်းအိမ်မှ ထွက်လာပြီးနောက် သူသည် ဆိုင်ရှင်မကို ပြောလိုက်သည်။
"မင်း ကျုပ်နဲ့အတူ လိုက်မလာနဲ့တော့။ ဒီကိစ္စက တစ်ခုခုတော့ မှားနေပြီ။ မင်း တည်းခိုးခန်းမှာပဲ နေပြီး ကျုပ်ကို စောင့်နေပါ"
ဆိုင်ရှင်မ၏ လှပသော မျက်ခုံးများ ကြုတ်သွားသော်လည်း ဘာမှ ငြင်းဆန်ခြင်း မရှိပေ။
"ရှင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"
လီယန်ချူး ခေါင်းညိတ်ပြလိုက်ပြီးနောက် ရင်ဘတ်ထဲမှ အဆောင်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ဤအဆောင် ပေါ်လာသည်နှင့် ကြမ်းတမ်းသော မိုးကြိုးငါးပါးအငွေ့အသက်များ ထွက်ပေါ်လာပြီး နတ်အလင်းတန်းများ တောက်ပလာကာ ကောင်းကင်ဘုံ၏ တန်ခိုးအာဏာ ကျရောက်လာသကဲ့သို့ ခံစားရစေသည်။
"ဒီ မိုးကြိုးငါးပါး အဆောင် ကို သေချာ သိမ်းထားပါ။ အန္တရာယ်နဲ့ ကြုံလာရင် အားနာမနေနဲ့၊ တိုက်ရိုက်သာ ဗုံးခွဲပစ်လိုက် "
ဟု လီယန်ချူးက မှာကြားလိုက်သည်။
ဆိုင်ရှင်မ အနည်းငယ် အံ့သြသွားသည်
"အရမ်း ကြမ်းတမ်းတဲ့ မိုးကြိုးအတတ်ပဲ"
သူမသည် ထိုမိုးကြိုးအတတ်ပေါ်တွင် ကောင်းကင်ဘေးဒုက္ခ ၏ အငွေ့အသက်မျိုးကို ခံစားမိလိုက်သည်။
"ရှင်က အဲဒီလူနောက်ကို လိုက်ရမှာဆိုတော့ ဒီမိုးကြိုးအဆောင်ကို ဆောင်ထားသင့်တယ်၊ ဘေးကင်းဖို့အတွက်လေ"
လီယန်ချူးက ခေါင်းယမ်းလိုက်သည်
"မင်းပဲ ဆောင်ထားပါ၊ မင်း တစ်ခုခု ဖြစ်လို့ မဖြစ်ဘူး"
ဆိုင်ရှင်မက အသာအယာ ခေါင်းညိတ်ပြသည်။
လီယန်ချူးသည် မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် တစ်ကိုယ်လုံး ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ဓာတ်ကြီးငါးပါး မြေလျှိုးအတတ်
...
သူသည် လက်ထဲမှ အငွေ့အသက်နောက်သို့ လိုက်လံကာ မြို့ပြင်သို့ အဆက်မပြတ် ပြေးထွက်လာခဲ့သည်။ ယနေ့ညတွင် စွန်းဆိုင်ရှင်အိမ်မှ မိစ္ဆာကို နှိမ်နင်းပေးရုံ သို့မဟုတ် ကိစ္စဟောင်းတစ်ခုကို ဖြေရှင်းပေးရုံသာ ဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း...
မမျှော်လင့်ဘဲ အိပ်မက်ထဲဝင်သည့် အတတ်များ၊ ဖြူစင်ကြာပန်းဂိုဏ်းမှ မိစ္ဆာကောင်များ ပါဝင်လာခဲ့သည်။ ယခုအခါ ဖုန်းရွှေဆရာ၏ အိပ်မက်ထဲတွင် ပုန်းအောင်းနေသော လူတစ်ယောက်က သူတို့မျက်စိအောက်မှာပင် စွန်းကတော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီ ဖြစ်သည်။
လီယန်ချူး၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်လျှံနေပြီး ထိုလူကို မရရအောင် ရှာဖွေဖော်ထုတ်ရန် သစ္စာဓိဋ္ဌာန် ပြုလိုက်လေတော့သည်။
အခန်း (၆၈၆) - ပတ်ချာလည် လိုက်နေခြင်း ၊ မရိုးသားသော အလှပဂေး ၊ ခရမ်းစိမ်း ရတနာဓား ၊ဝိညာဉ်ကို နှိုးဆွခြင်း
လီယန်ချူး၏ လက်ဝါးထဲတွင် ကုသိုလ်အမှတ် နှစ်သိန်းတန် မိုးကြိုးငါးပါးအဆောင် တစ်ရွက် ရှိနေသည်။ ယခင်က ထိုအဆောင်ဖြင့် ကျားချွမ်းဖန်း ၏ ကိုယ်ဟောင်းကို ဖြိုခွဲခဲ့ဖူးသည်။ ထို့အပြင် ကုသိုလ်အမှတ် တစ်သိန်းတန် မိုးကြိုးငါးပါးအဆောင် နောက်တစ်ရွက်လည်း ရှိသေးသည်။
သူသည် ကုသိုလ်အမှတ် နှစ်သိန်းတန် မိုးကြိုးအဆောင်ကို ဆိုင်ရှင်မအား ပေးအပ်ခဲ့ခြင်းမှာ သူမအား ဘေးအန္တရာယ်မှ ကာကွယ်ရန်အတွက်ပင် ဖြစ်သည်။ ယနေ့ည ဖြစ်ပျက်သမျှ ကိစ္စရပ်များက သူ့ကို တစ်ခုခု ထူးဆန်းနေသလို ခံစားရစေသည်။
ဓာတ်ကြီးငါးပါး မြေလျှိုးအတတ် ဆိုသည်မှာ အလွန်ပင် အစွမ်းထက်လှသော နတ်စွမ်းအားတစ်ခု ဖြစ်သည်။ လီယန်ချူးသည် ကျင်းယွီ၏ နှစ်ပေါင်းရာချီသော ကျင့်စဉ်အခြေခံများကို မတော်တဆ ဝါးမြိုရရှိခဲ့ပြီးနောက် ထိုနတ်စွမ်းအားကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ၎င်းကို အသုံးပြုရာတွင် အရှိန်အဟုန်မှာ ယခင်ကထက် ပိုမိုမြန်ဆန်လှပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဝေမြို့တော် အနီးရှိ တောင်တန်းတောအုပ်အတွင်းသို့ ရောက်ရှိလာခဲ့သည်။ သူ၏ လက်ထဲမှ အငွေ့အသက် အာရုံခံစားမှုမှာ ပိုမိုနီးကပ်လာသော်လည်း ထိုအငွေ့အသက်မှာ တစ်နေရာတည်းတွင် မတည်ဘဲ အဆက်မပြတ် ရွေ့လျားပြောင်းလဲနေသည်။ ဆိုလိုသည်မှာ တစ်ဖက်လူသည်လည်း ခရီးဆက်နေခြင်း ဖြစ်၏။
လီယန်ချူး၏ မျက်လုံးများမှာ အေးစက်သွားပြီး သူ၏ ကိုယ်ပေါ်ရှိ စိတ်ကြည်လင် ကျောက်စိမ်းပြား ကို လှုံ့ဆော်လိုက်သည်။ စိတ်ကြည်လင်ကျောက်စိမ်းပြားသည် ဝိညာဉ်ကို ကာကွယ်ပေးနိုင်ရုံသာမက တာအိုအတတ်ပညာများကိုလည်း ပိုမိုစွမ်းအားကောင်းအောင် အထောက်အပံ့ပေးနိုင်သည်။
လီယန်ချူး၏ အရှိန်မှာ ချက်ချင်းပင် နှစ်ဆခန့် မြန်သွားတော့သည်။ သူသည် ခန္ဓာကိုယ်အတွင်းရှိ ရွှေအမြုတေ ကို လှုံ့ဆော်ကာ တာအိုအတတ်ကို ထပ်မံ အားဖြည့်လိုက်ရာ အရှိန်မှာ နောက်ထပ် တစ်ဆခန့် ထပ်မံ မြန်ဆန်သွားပြန်သည်။
တစ်ဖက်လူသည် မျက်စိတစ်မှိတ်အတွင်း မိုင်ထောင်ချီအောင် ထွက်ပြေးသွားခြင်းမျိုး မဟုတ်ဘဲ ဝေမြို့တော်၏ တောင်တန်းများအတွင်းမှာပင် ပတ်ချာလည် ပြေးလွှားနေခြင်း ဖြစ်သည်။ လီယန်ချူးသည် အချိန်အတော်ကြာ လိုက်လံဖမ်းဆီးသော်လည်း အမှီမဖမ်းနိုင်သေးသည်ကို ကြည့်ခြင်းဖြင့် တစ်ဖက်လူ၏ မြေလျှိုးအတတ်မှာလည်း အလွန်ပင် အစွမ်းထက်ကြောင်း သိသာလှပေသည်။
"ဒီလူက ဝေမြို့တော်တောင်ထဲမှာ ပတ်ချာလည် လိုက်နေတာ... ငါ သူ့နောက်က လိုက်နေတာကို သူ သိနေတာလား "
လီယန်ချူး၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။
တစ်ဖက်လူက ဝေမြို့တော်မှ ထွက်ပြေးသွားမည်ဆိုလျှင် သူ အံ့သြမည်မဟုတ်ပေ။ အကြောင်းမှာ ထိုသူသည် သူတို့မရှိခိုက် အချိန်ကို အခွင့်ကောင်းယူကာ စွန်းကတော်ကို ဖမ်းဆီးသွားခြင်း ဖြစ်သောကြောင့်ပင်။ သို့သော် ယခုကဲ့သို့ တောင်တန်းအတွင်း ပတ်ချာလည် လှည့်ပတ်နေခြင်းမှာမူ တစ်စုံတစ်ခုသော မကောင်းသည့် နိမိတ်ကို ခံစားရစေသည်။
ယခုတစ်ကြိမ် ကြုံတွေ့ရသော ပြိုင်ဘက်မှာ သူ၏ နည်းလမ်းများကို အတော်အတန် နားလည်ထားပုံရသည်။
ရွှေအမြုတေနှင့် ချင်းရှင်းကျောက်စိမ်းပြား၏ အားဖြည့်မှုကြောင့် လီယန်ချူး၏ မြေလျှိုးအတတ်မှာ မကြုံစဖူးသော အရှိန်နှုန်းသို့ ရောက်ရှိသွားပြီး မကြာမီမှာပင် ရှေ့မှ ပြေးလွှားနေသော အလင်းတန်းတစ်ခုကို အမှီလိုက်နိုင်သွားသည်။ သူသည် ထိုအလင်းတန်း၏ ရှေ့မှ ပိတ်ဆို့ကာ ရပ်တန့်စေလိုက်သည်။
သူသည် ချက်ချင်းပင် ချုပ်နှောင်ခြင်းအတတ် ကို အသုံးပြုကာ လေဟာနယ်ကို ဖြတ်၍ လက်ညှိုးဖြင့် ထိုးလိုက်သည်။
"ရပ်စမ်း "
ထိုအလင်းတန်းမှာ လီယန်ချူး၏ ဖိအားကြောင့် ရုတ်တရက် ရပ်တန့်သွားတော့သည်။ လီယန်ချူးသည် လက်ကို ဆန့်ထုတ်ကာ လှမ်းဖမ်းလိုက်စဉ်မှာပင်...
မမျှော်လင့်ဘဲ ခန္ဓာကိုယ် တောင့်တင်းနေသော ထိုသူသည် သူ၏ အတတ်ကို ချက်ချင်းပင် ဖြည်ချလိုက်နိုင်သည် လီယန်ချူး၏ မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။
တစ်ဖက်လူက လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ဓားသဖွယ် အသုံးပြုပြီး ဓားစွမ်းအင်တစ်ခုကို ထိုးနှက်လိုက်သည်။
ဒေါင်
ကောင်းကင်နှင့် မြေကြီးအကြားတွင် ခေါင်းလောင်းကြီးတစ်ခုကို တီးခတ်လိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး လီယန်ချူးမှာ ထိုဓားချက်ကြောင့် နောက်သို့ ဆုတ်လိုက်ရသည်။
"တတိယအဆင့် "
လီယန်ချူးသည် တစ်ဖက်လူကို စူးစိုက်ကြည့်လိုက်သည်။
အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ ထိုသူ၏ ပုံသဏ္ဌာန်မှာ ထင်ရှားလာသည်။ သူမမှာ အပြာရောင် ပိတ်သားအဝတ်အစားကို ဝတ်ဆင်ထားပြီး ခြေအိတ်ဖြူများ ဝတ်ဆင်ထားကာ ဖြူဖွေးသော ခြေသလုံးသားလေးများကို ခပ်ရေးရေး မြင်တွေ့နေရသည့် အလှပဂေး အမျိုးသမီးတစ်ဦး ဖြစ်သည်။
ထိုအမျိုးသမီးသည် လက်ထဲတွင် ဝါးခြင်းတောင်းလေးတစ်ခုကို ပိုက်ထားပြီး ကျေးလက်တောရွာမှ ဈေးသို့ လာသော အမျိုးသမီးလေးတစ်ဦးနှင့် တူလှပေသည်။
"အလွန် ခန့်ညားတဲ့ တာအိုဆရာလေးပါလား"
ဟု ထိုအလှပဂေးက လီယန်ချူးကို မြင်သည်နှင့် ပြုံး၍ ဆိုလိုက်သည်။
လီယန်ချူးသည် သူ၏ ခြေရာခံအတတ်မှ ခံစားချက်မှာ ပိုမိုပြင်းထန်လာသည်ကို သိရှိသဖြင့် မျက်လုံးအတွင်း ကျင့်စဉ်စွမ်းအားများ ပို့လွှတ်ကာ ဝိညာဥ်မျက်စိအတတ်ဖြင့် ကြည့်လိုက်သည်။ သို့သော် တစ်ဖက်လူ၏ လက်ထဲမှ ဝါးခြင်းတောင်းကိုမူ ထိုးဖောက်မမြင်နိုင်ပေ။
"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး၊ အဲဒီလူကို အခုချက်ချင်း ချထားခဲ့ "
လီယန်ချူး၏ အသံမှာ အေးစက်စက်နိုင်လှသည်။
"တာအိုဆရာလေးကလည်း... အဲဒီလောက် မကြမ်းပါနဲ့၊ ကျမက အရမ်း ကြောက်တတ်တာပါ၊ ထိတ်လန့်သွားရင် မကောင်းဘူးလေ"
ဟု ဆိုကာ အလှပဂေးက ထိတ်လန့်သွားဟန်ဖြင့် သူမ၏ ပြည့်ဖြိုးသော ရင်သားကို လက်ဖြင့် ပွတ်သပ်ပြသည်။
ထိုအခါမှ လီယန်ချူးသည် သူမ၏ အင်္ကျီရင်ဘတ်မှာ အလွန်ဟိုက်နေသည်ကို သတိထားမိလိုက်သည်။ ဤအမျိုးသမီးမှာ ကျေးလက်တောသူကဲ့သို့ ဝတ်ဆင်ထားသော်လည်း ကြည့်ရသည်မှာ လုံးဝ မရိုးသားသည်မှာ ထင်ရှားလှပေသည်။
သူသည် ထိုအမျိုးသမီးနှင့် စကားအရှည်ကြီး မပြောတော့ပေ။
ချွင်
ကျန့်ကျောင်းဓား မှာ ဓားအိမ်မှ ထွက်ပေါ်လာပြီး ဓားချက်တစ်ချက်ကို ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်ဓားအလင်းတန်း ကောင်းကင်ကို ဖြတ်သန်းသွားသောအခါ ထိုအမျိုးသမီး၏ မျက်လုံးများတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။
သူမ၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် နောက်သို့ ဆုတ်ခွာသွားသော်လည်း ကျန့်ကျောင််းဓား၏ ဓားအလင်းတန်းက သူမကို အကြိမ်ကြိမ် ဖြတ်တောက်နေသည်။ လီယန်ချူး၏ ဤဓားချက်မှာ ၂၀၀ ရာခိုင်နှုန်းသော ပြင်းအား ဖြင့် ခုတ်လိုက်ခြင်း ဖြစ်သည်။ တတိယအဆင့် ပညာရှင်တစ်ဦးပင်လျှင် လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်ရန် ခက်ခဲလှပေသည်။
သို့သော် ထိုအမျိုးသမီးမှာ အလွန်ပင် ကျွမ်းကျင်လှသည်။ သူမ၏ ခန္ဓာကိုယ်မှာ အကြိမ်ကြိမ် အပိုင်းပိုင်း ပြတ်သွားသကဲ့သို့ ထင်ရသော်လည်း နောက်ဆုံး မိနစ်တွင် လီယန်ချူး၏ ဓားအလင်းတန်းကို ရှောင်တိမ်းသွားနိုင်ခဲ့သည်။
ဝုန်း
လီယန်ချူး၏ ထိုဓားချက်မှာ တောင်ထိပ်တစ်ခုကို တိုက်ရိုက်ပင် အညီအညွတ် ဖြတ်တောက်သွားတော့သည်။
"တာအိုဆရာလေးက ဒေါသကြီးလှချည်လား၊ ကျွန်မက အဲဒီကတော်နဲ့ သူမဗိုက်ထဲက ကလေးကို သတ်ပစ်လိုက်မှာ မကြောက်ဘူးလား"
ဟု အလှပဂေးက ပြုံး၍ ပြောလိုက်သည်။
"မင်းက ကိုယ်ဝန်ဆောင် အမျိုးသမီးကို သတ်ဖို့ ကြံစည်ရုံတင်မကဘဲ ဗိုက်ထဲက ကလေးကိုတောင် မချန်ဘူးလား။ ဒါဆိုရင်တော့ ငါ မင်းကို သတ်တာဟာ ကောင်းကင်ဘုံကိုယ်စား တရားစီရင်တာပဲ"
လီယန်ချူး၏ လေသံမှာ အေးစက်လှပြီး သူ၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားသည်။ သူ ပြန်လည် ပေါ်ထွက်လာသောအခါ ထိုအလှပဂေး၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအလှပဂေးမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် လီယန်ချူး၏ စကားကြောင့် ရယ်မောလိုက်သည်။ သူမ၏ လက်ဝါးထဲမှ ခရမ်းရောင်နှင့် အပြာရောင် အလင်းတန်း နှစ်ခု ထွက်ပေါ်လာပြီး လီယန်ချူး၏ ဓားအလင်းတန်းကို ဆီးကြိုတိုက်ခိုက်လိုက်သည်။
ဝုန်း
ဓားအလင်းတန်းနှင့် ဓားစွမ်းအင်များ ထိပ်တိုက်တွေ့ဆုံကာ လေထုထဲတွင် တောက်ပလှသော အလင်းတန်းကြီး ပေါက်ကွဲထွက်ပေါ်လာသည်။
"ခရမ်းစိမ်း ရတနာဓား .. မင်း ဒါကို ဘယ်က ရတာလဲ"
လီယန်ချူး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"တာအိုဆရာလေးက ဒီရတနာဓားနှစ်လက်ကို သိနေတာပဲ။ ဒါက ကျွန်မ နှစ်ပေါင်းများစွာ ကျင့်ကြံလာတဲ့ ကိုယ်ပိုင်ရတနာ ပေါ့"
ဟု အလှပဂေးက ရယ်မောကာ ပြန်ဖြေသည်။
"ပေလို့မ... လျှောက်မပြောနဲ့ "
လီယန်ချူးက ပြင်းပြင်းထန်ထန် ဆဲဆိုလိုက်ကာ ထိုအမျိုးသမီး၏ ရှေ့သို့ တိုး၍ ဓားဖြင့် အားကုန် ခုတ်ချလိုက်တော့သည်။
ဝုန်း ဝုန်း
ပေါက်ကွဲသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာပြီး ဓားအလင်းတန်းများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ လီယန်ချူးသည် ခရမ်းယဉ်ဓား နှင့် စိမ်းကြိုးဓား တို့ကို ကိုင်ဆောင်ထားသော အလှပဂေးနှင့် အပြင်းအထန် ယှဉ်ပြိုင်တိုက်ခိုက်နေတော့သည်။
ထိုအမျိုးသမီးမှာ လီယန်ချူး၏ ဆဲဆိုမှုကြောင့် မျက်နှာမှာ အနည်းငယ် တင်းမာသွားသည်။ ဤလူငယ်လေးမှာ အလွန်ခန့်ညားပြီး ထူးခြားသော အငွေ့အသက် ရှိသော်လည်း မိန်းမတစ်ယောက်အပေါ် နူးညံ့သိမ်မွေ့မှု အစအနမျှ မရှိဘဲ ပါးစပ်ဖွင့်လိုက်သည်နှင့် ဆဲဆိုနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"သွားစမ်း"
သူမက အမိန့်ပေးလိုက်သောအခါ ခရမ်းစိမ်း ရတနာဓားနှစ်လက်မှာ အလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး လီယန်ချူးထံသို့ တိုးဝင်သွားတော့သည်။ သူမကိုယ်တိုင်မှာမူ နောက်သို့ ဆုတ်ခွာသွားသည်။
လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။ ခရမ်းယဉ်ဓား ဆိုသည်မှာ သူ တောင်ပင်လယ်လျှို့ဝှက်နယ်မြေတွင် တွေ့ခဲ့ရသော မင်ဟော် ၏ ရတနာ ဖြစ်သည်။ စိမ်းကြိုးဓားမှာမူ မင်ဟော်က သူ့အား ယင်ယန်ပုလင်း ပေးခဲ့ပြီးနောက် သူက မင်ဟော်အား ပြန်လည် လက်ဆောင်ပေးခဲ့သည့် ဓားဖြစ်သည်။ ယခုအခါ ထိုဓားနှစ်လက်လုံးက ဤမိစ္ဆာမ၏ လက်ထဲသို့ မည်သို့ ရောက်နေသည်နည်း။
သူ၏ ကိုယ်ပေါ်မှ ပြင်းထန်သော သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏ အကာအကွယ် စွမ်းအင် ကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည်။ ခရမ်းစိမ်း ရတနာဓားနှစ်လက်မှာ ခေတ္တမျှ ထိုအကာအကွယ်ကို ထိုးဖောက်နိုင်ခြင်း မရှိပေ။ လီယန်ချူးသည် အတားအဆီးအားလုံးကို ဖယ်ရှားကာ အလှပဂေး၏ ရှေ့သို့ ရောက်ရှိသွားသည်။
အလှပဂေး၏ မျက်လုံးများမှာ အေးစက်သွားပြီး အံ့သြသွားမိသည်။ ထိုတာအိုဆရာလေးမှာ ဤမျှအထိ ကိုင်တွယ်ရ ခက်ခဲလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"မြန်မြန် "
သူမက အမိန့်ပေးလိုက်ရာ ခရမ်းစိမ်း ရတနာဓားနှစ်လက်မှာ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး လီယန်ချူး၏ အကာအကွယ်စွမ်းအင်ကို ထိုးဖောက်လိုက်သည်။ လီယန်ချူးသည် ကျန့်ကျောင်းဓားကို ဝှေ့ယမ်းကာ ထိုဓားနှစ်လက်ကို ပယ်ထုတ်လိုက်သည်။ ခရမ်းစိမ်း ရတနာဓားမှာ ကျန့်ကျောင်းဓားနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်သော လက်နက်အနည်းငယ်ထဲမှ တစ်ခုပင် ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ ကျောက်စိမ်းပေတံသည် မှော်ရတနာများကိုသာ ရိုက်ချနိုင်ပြီး လက်နက်များကိုမူ ရိုက်ချ၍ မရပေ။ ထိုဓားနှစ်လက်မှာ တစ်စုံတစ်ယောက်က ထိန်းချုပ်ထားသကဲ့သို့ အလွန်ပင် ကျွမ်းကျင်လှသော ဓားသိုင်းများဖြင့် သူ့ကို အဆက်မပြတ် ထိုးနှက်နေသည်။
လီယန်ချူး၏ အမြင်အရ ထိုဓားသိုင်းမှာ မင်ဟော်၏ ဓားပျံအတတ်ထက် ပိုမို မြင့်မားသော်လည်း တစ်မျိုးတည်းသော အရင်းအမြစ်မှ ဆင်းသက်လာပုံရသည်။
သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပျောက်ကွယ်သွားပြန်သည်။ ၎င်းမှာ နတ်ဘုရားခြေလှမ်း ပင် ဖြစ်သည်။ နောက်တစ်စက္ကန့်တွင် သူသည် အလှပဂေး၏ ရှေ့သို့ ရောက်ရှိသွားသည်။
ရှူး ရှူး
ရတနာဓားနှစ်လက်မှာ လေဟာနယ်ကို ဖြတ်၍ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။ လီယန်ချူးသည် ထပ်မံ ပျောက်ကွယ်သွားပြန်ရာ ထိုဓားနှစ်လက်မှာ အလှပဂေး၏ ရင်ဘတ်တည့်တည့်သို့ ဦးတည်သွားတော့သည်။
ထိုအလှပဂေး၏ မျက်နှာမှာ ပျက်သွားပြီး မန္တန်တစ်ခုကို အမြန် ရွတ်ဆိုလိုက်သည်။ ရတနာဓားနှစ်လက်မှာ လမ်းကြောင်းပြောင်းကာ ကောင်းကင်သို့ ပျံတက်သွားသည်။ သို့သော် ထိုအချိန်မှာပင် သူမ၏ ကျောပြင်မှ အေးစက်သော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
လီယန်ချူး၏ ဓားအလင်းတန်းမှာ လက်ခနဲ ဖြစ်သွားပြီး သူမ၏ ဦးခေါင်းကို တစ်ချက်တည်းဖြင့် ဖြတ်ချလိုက်တော့သည်။
ခရမ်းစိမ်း ရတနာဓားနှစ်လက်မှာ ကောင်းကင်မှ ပြန်လည် ကျဆင်းလာပြီး လီယန်ချူးကို ထပ်မံ တိုက်ခိုက်ပြန်သည်။
ဝုန်း
လီယန်ချူးသည် ဓားဖြင့် ဝှေ့ယမ်းကာ ခရမ်းစိမ်း ရတနာဓားနှစ်လက်ကို ရိုက်ထုတ်လိုက်သည်။ ထိုအချိန်တွင် အလှပဂေး၏ ပုံရိပ်မှာ လေဟာနယ်ထဲမှ ပြန်လည် ပေါ်ထွက်လာပြန်သည်။
"ကိုယ်ပွား လား"
လီယန်ချူး၏ မျက်လုံးများ မှေးစက်သွားသည်။
"တာအိုဆရာလေးက သတ်ဖြတ်တဲ့နေရာမှာ အရမ်း ပြတ်သားတာပဲ။ တာအိုကို ကျင့်ကြံနေတာဟာ တကယ်ကို နှမြောစရာ ကောင်းလှတယ်။ အကယ်လို့ မင်းသာ မိစ္ဆာလမ်းစဉ် ကို လျှောက်လှမ်းမယ်ဆိုရင် ဒီကမ္ဘာမှာ နောက်ထပ် မိစ္ဆာဘုရင် တစ်ပါး ထပ်တိုးလာဦးမှာပဲ"
ဟု အလှပဂေးက သက်ပြင်းချကာ ဆိုလိုက်သည်။
"မိစ္ဆာမ... ငါ့ရဲ့ တာအိုစိတ်ဓာတ်ကို လာပြီး မနှောင့်ယှက်နဲ့"
လီယန်ချူးသည် ထိုအလှပဂေး၏ စကားထဲတွင် ဆန်းကြယ်သော ညှို့ယူဖျားယောင်းမှု အငွေ့အသက်များ ပါဝင်နေသည်ကို အာရုံခံမိလိုက်သည်။
ထိုစကားများက သူ၏ ဝိညာဉ်ကို အဆက်မပြတ် ရိုက်ခတ်နှိုးဆွနေသည်။ ယခုအခါ လီယန်ချူး၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်လျှံနေသော်လည်း ၎င်းမှာ ထိုအလှပဂေး အလိုရှိနေသည့် အရာပင် ဖြစ်သည်။
သူမသည် လီယန်ချူးအား သတ်ဖြတ်လိုသော စိတ်ရိုင်းများအတွင်း နစ်မွန်းသွားအောင် ပြုလုပ်နေခြင်း ဖြစ်ပေတော့သည်။