အခန်း (၆၈၇-၆၈၈)
Vol. 69 Ch. 687-688
အခန်း (၆၈၇) - ထိပ်တန်း ညှို့ယူဖျားယောင်းမှုအတတ် ၊ ရွှမ်းကျီကောင်းကင်မီးလျှံ၏ မှော်ရတနာ ဖျက်ဆီးခြင်း ၊ ကျန့်ကျောင်းဓား အဆင့်တက်သွားပြီလား
ရှူး
လီယန်ချူး၏ ကိုယ်ပေါ်ရှိ စိတ်ကြည်လင် ကျောက်စိမ်းပြား မှ နတ်အလင်းတန်းတစ်ခု ဖြာထွက်လာပြီး လီယန်ချူး၏ ဝိညာဉ်အတွင်းသို့ စီးဝင်သွားကာ ကောင်းကင်တိုင်အောင် ထိုးတက်နေသော သတ်ဖြတ်လိုစိတ်များကို ငြိမ်သက်သွားစေသည်။
ထိုအလှပဂေး၏ စကားလုံးတိုင်းမှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သတ်ဖြတ်လိုသော အငွေ့အသက်များကို နှိုးဆွနေခြင်း ဖြစ်သည်။ လီယန်ချူး၏ ဝိညာဉ်အတွင်းမှ ခရမ်းရွှေရောင် မီးနတ်ဘုရားဂါထာတော် မှ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာမှသာ ထိုသတ်ဖြတ်လိုစိတ်ကို ခုခံနိုင်ခဲ့သည်။
သူ၏ ဝိညာဉ်မှာ ပြန်လည် ကြည်လင်လာတော့သည်။
"တော်တော် အန္တရာယ်များတာပဲ"
သူသည် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။ ဤအလှပဂေးက သူ့ကို မိစ္ဆာလမ်းစဉ်ထဲ ဝင်အောင် ဖျားယောင်းနေသည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်မှာမူ သူ၏ ဝိညာဉ်အတွင်းရှိ သတ်ဖြတ်လိုစိတ်ကို နှိုးဆွကာ အဆုံးမရှိသော သတ်ဖြတ်ခြင်းများကြားတွင် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားစေရန် ကြံစည်နေခြင်း ဖြစ်သည်။
သူမက ပထမအလွှာမှာ ရှိနေတယ်လို့ ထင်ရပေမဲ့ အမှန်တကယ်တော့ ငါးလွှာမြောက်အထိ ကြံစည်ထားခြင်း ဖြစ်ပေသည်။
"ဉာဏ်များလှချည်လား၊ ငါတောင် မင်းရဲ့ ထောင်ချောက်ထဲကို ကျလုနီးပါး ဖြစ်သွားတယ်"
လီယန်ချူးက အေးစက်စွာ ဟောက်လိုက်သည်။
သူသည် ရှစ်ခွင်မှန် ကို ထုတ်လွှတ်လိုက်ရာ လေထုထဲတွင် ပူပြင်းလှသော နတ်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး အလှပဂေးထံသို့ တိုးဝင်သွားသည်။ ထိုအလှပဂေးမှာ ခန္ဓာကိုယ် ယိုင်တိုင်တိုင် ဖြစ်သွားပြီးနောက် မန္တန်တစ်ခုကို အသုံးပြုကာ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။
သူမ ပျောက်ကွယ်မသွားမီ စက္ကန့်ပိုင်းအလိုမှာပင် လီယန်ချူး၏ ဓားအလင်းတန်းမှာ ကျရောက်လာခဲ့သည်။
ဝုန်း
မြေပြင်ပေါ်တွင် မိုင်ပေါင်းဆယ်ချီ ရှည်လျားသော အက်ကွဲကြောင်းကြီး တစ်ခု ပေါ်ထွက်သွားသည်။ ထိုအလှပဂေး၏ မျက်လုံးများတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။ ထိုတာအိုဆရာလေးက ဤမျှအထိ မြင့်မားသော စိတ်တည်ငြိမ်မှု ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည်လား။
သူမ၏ အစွမ်းထက်လှသော နတ်စွမ်းအားကိုပင် ရှောင်တိမ်းနိုင်ခဲ့သည်လား။
"မဟုတ်သေးဘူး... ဝိညာဉ်ကို ကာကွယ်ပေးတဲ့ ရတနာတစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်။ တောက် သေနာကျ ဒီတာအိုဆရာမှာ နည်းလမ်းတွေ ဘယ်လောက်တောင် များနေတာလဲ "
အလှပဂေး၏ ရင်ထဲတွင် လေးလံသွားပြီး ခရမ်းစိမ်း ရတနာဓားကို လှုံ့ဆော်ကာ လီယန်ချူးထံသို့ တိုက်ခိုက်လိုက်သည်။
ဓားစွမ်းအင်များ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည် သူမသည် လီယန်ချူးနှင့် အနီးကပ် တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပုံရသည်။
လီယန်ချူး၏ မျက်လုံးများမှာ အေးစက်စက်နိုင်လှသည်။ သူသည် ကျန့်ကျောင်းဓား ဖြင့် ခုတ်ပိုင်းလိုက်သည်။
ခရမ်းစိမ်း ရတနာဓားသည် ထိုအလှပဂေး၏ လက်ထဲတွင် အလွန်ပင် အစွမ်းထက်လှသည်။ သာမန်အားဖြင့် ခရမ်းယဉ်ဓား သို့မဟုတ် စိမ်းကြိုးဓား တစ်လက်ချင်းစီမှာ လီယန်ချူးကို မယှဉ်နိုင်သော်လည်း ခရမ်းစိမ်း ရတနာဓား နှစ်လက်စလုံး ပေါင်းစည်းလိုက်သောအခါတွင်မူ ထိတ်လန့်ဖွယ် စွမ်းအားများ ထွက်ပေါ်လာပြီး လီယန်ချူးကို အရေးကြီးသော အချိန်များတွင် နောက်သို့ ဆုတ်သွားအောင် ပြုလုပ်နိုင်ပေသည်။
အကယ်၍သာ လီယန်ချူး၏ ကိုယ်ပေါ်တွင် အကာအကွယ်အဆောင် မရှိပါက သူ၏ အတုမဲ့ ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် အနာတရ ဖြစ်သွားနိုင်ပေသည်။
ရှစ်ခွင်မှန်ကမူ အဓိကအားဖြင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရာတွင် အသုံးဝင်လှပြီး အခါအားလျော်စွာ အလှပဂေးကို တိုက်ခိုက်သည်။ ဝိညာဉ်တိုက်ခိုက်မှု အရှိန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် ရှစ်ခွင်မှန်က ထိုအမျိုးသမီး၏ ဝိညာဉ်ကို တိုက်ရိုက် ရိုက်ခတ်လိုက်ရာ သူမကို ခေါင်းမူးနောက်သွားစေသည်။
သူမ စိတ်ထဲတွင် လေးလံသွားကာ လက်ဖြင့် မန္တန်တစ်ခုကို ဖန်တီးလိုက်ရာ သူမ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး ခရမ်းစိမ်း ရတနာဓားမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရှစ်ခွင်မှန်ထံသို့ ပျံသန်းသွားတော့သည်။
"အရင်ဆုံး ဒီမှန်အစုတ်ကို အရင် ဖျက်ဆီးပစ်ရမယ်"
အလှပဂေးက စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
ရှစ်ခွင်မှန်သည် ကြီးမားသော အန္တရာယ်ကို အာရုံခံမိသဖြင့် တုန်တုန်ရင်ရင် ဖြစ်သွားသည်။ အဖြူရောင် နတ်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသော်လည်း ခရမ်းစိမ်း ရတနာဓားကို မတားဆီးနိုင်ပေ။
နောက်ဆုံးတွင် လီယန်ချူးက ကျန့်ကျောင်းဓားကို ကိုင်ဆောင်ကာ ပြေးဝင်လာပြီးမှသာ ခရမ်းစိမ်း ရတနာဓားကို ဖယ်ထုတ်နိုင်ခဲ့သည်။ ခရမ်းစိမ်း ရတနာဓားသည် လေထုထဲတွင် ပျံဝဲသွားပြီးမှ ပြန်လည် လှည့်ပတ်လာကာ ကျွမ်းကျင်လှသော ဓားသိုင်းများကို အသုံးပြု၍ တိုက်ခိုက်ပြန်သည်။ ၎င်းမှာ ထိပ်တန်း ဓားသိုင်းဆရာကြီး နှစ်ဦးက လီယန်ချူးကို ဝိုင်းဝန်းတိုက်ခိုက်နေသကဲ့သို့ပင် ဖြစ်သည်။
ထို့အပြင် ထိုဓားနှစ်လက်မှာ အပေးအယူ အလွန်မျှတသဖြင့် ပေါင်းစည်းတိုက်ခိုက်မှု စွမ်းအား ကို ထုတ်လွှတ်နေသည်။
လီယန်ချူး၏ ဦးခေါင်းပေါ်တွင် သွေးချီစွမ်းအင်များနှင့် ပြည့်နှက်နေသော နေလုံးကြီးတစ်ခု ပေါ်ထွက်လာပြီး ပြင်းထန်သော သွေးစွမ်းအင်များမှာ ကောင်းကင်တိုင်အောင် ထိုးတက်သွားသည်။ သူသည် ဓားကျင့်ကြံသူ မဟုတ်ဘဲ စစ်မှန်သော ကိုယ်ခံပညာရှင် လမ်းစဉ်ကို လျှောက်လှမ်းသူ ဖြစ်သဖြင့် ခွန်အားမှာ ပိုမို ကြာရှည်ခံလှသည်။
ခရမ်းစိမ်း ရတနာဓားမှာ သူ၏ သွေးစွမ်းအင်များ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး ကျန့်ကျောင်းဓား၏ ခုတ်ပိုင်းခြင်းကို လွယ်လွယ်ကူကူ ခံလိုက်ရသည်။ သူသည် ထိုအလှပဂေး၏ ရှေ့သို့ ရောက်ရှိသွားသည်။
သူသည် လက်ကို မြှောက်ကာ ဓားဖြင့် ခုတ်ချလိုက်သည်။
အလှပဂေးမှာ လီယန်ချူး၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော အရှိန်ကြောင့် ထိတ်လန့်သွားပြီး ခရမ်းစိမ်း ရတနာဓားကို ပြန်လည် ခေါ်ယူရန်ပင် အချိန်မရတော့ပေ။
သူမသည် နတ်စွမ်းအားကို အသုံးပြုကာ ကိုယ်ပွားတစ်ခုကို ချန်ထားခဲ့ပြီး လီယန်ချူး၏ ခုတ်ချက်ကို ခံယူစေကာ ကိုယ်တိုင်မှာမူ ထွက်ပြေးလွတ်မြောက်သွားသည်။
သူမ၏ ကိုယ်ပွားအတတ်မှာ ချီလုံတာအိုဆရာ ၏ ကိုယ်ပွားသုံးခုနှင့် မတူပေ။ ၎င်းမှာ သေဘေးမှ လွတ်မြောက်ရန် အသုံးပြုသော လျှို့ဝှက်နတ်စွမ်းအားတစ်ခုသာ ဖြစ်၏။
"ဒီတာအိုဆရာနဲ့ အချိန်အကြာကြီး တိုက်နေတာက မကောင်းဘူး၊ သူ့ကို အမြန်ဆုံး အနိုင်ယူမှ ဖြစ်မယ်"
အလှပဂေးက စိတ်ထဲမှ တွေးလိုက်သည်။
သူမက အော်ဟစ်လိုက်ကာ ဝိညာဉ်ဖြင့် လက်နက်ထိန်းချုပ်သည့် အတတ်ကို အသုံးပြုလိုက်ရာ လှံရှည်တစ်စင်း လေဟာနယ်ကို ဖြတ်၍ ထွက်ပေါ်လာပြီး လီယန်ချူးထံသို့ တည့်တည့် တိုးဝင်သွားတော့သည်။
ခရမ်းစိမ်း ရတနာဓားမှာလည်း လီယန်ချူးထံသို့ တစ်ဖန် ပြန်လည် တိုက်ခိုက်လာပြန်သည်။ ထိုလှံရှည်ပေါ်တွင် အေးစက်လှသော အငွေ့အသက်များ ပါဝင်နေပြီး ၎င်းပေါ်တွင် သွေးနဂါးတစ်ကောင် ရစ်ပတ်နေသည်။ ၎င်းမှာ နဂါးဝိညာဉ် တစ်ခုကို ထည့်သွင်း ကျိုချက်ထားခြင်း ဖြစ်ပြီး စစ်မှန်သော နဂါးနှင့် မယှဉ်နိုင်သော်လည်း စစ်မှန်သော နဂါးသွေးမျိုးနွယ်ပင် ဖြစ်၏။
ရှူး
လှံရှည်မှာ လေဟာနယ်ကို ဖြတ်၍ အရာအားလုံးကို ဖျက်ဆီးမည့် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ လီယန်ချူး၏ မျက်လုံးများမှာ လေးနက်သွားပြီး ကျန့်ကျောင်းဓားအတွင်းသို့ အရှိန်အဟုန်ဖြင့် စွမ်းအားများ ပို့လွှတ်ကာ ခုတ်ချလိုက်သည်။
၎င်းမှာ လှံရှည်ကို တည့်တည့် ထိမှန်သွားတော့သည်။
ဝုန်း
ထိုလှံရှည်မှာ အသက်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး သွေးနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲကာ လီယန်ချူးကို ဟိန်းဟောက်လိုက်သည်။ ခရမ်းစိမ်း ရတနာဓားမှာလည်း လီယန်ချူး၏ ကျောပြင်မှ တိုက်ခိုက်လာသည်။
လီယန်ချူးသည် နောက်သို့ လှည့်ကာ ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းမှာ ပေပေါင်းများစွာ ရှည်လျားသော အလင်းတန်းကြီး တစ်ခုအဖြစ် ကောင်းကင်တွင် ပေါ်ထွက်သွားသည်။ ခရမ်းစိမ်း ရတနာဓား၏ ပေါင်းစည်းတိုက်ခိုက်မှုမှာ လီယန်ချူး၏ ဤဓားချက်အောက်တွင် လွင့်စင်သွားရသည်။
သွေးနဂါးကြီးမှာ ထိုအခွင့်အရေးကို အသုံးချကာ လီယန်ချူးကို တိုက်ခိုက်ပြန်သည်။
ဟူး
လီယန်ချူး၏ လက်ဝါးအတွင်းမှ ရွှမ်းကျီကောင်းကင်မီးလျှံ များ ထွက်ပေါ်လာပြီး ထိုနဂါးကြီးကို ဝန်းရံလိုက်သည်။ ရွှမ်းကျီကောင်းကင်မီးလျှံ ဆိုသည်မှာ တာအိုလောက၏ အစွမ်းထက်ဆုံး မီးလျှံဖြစ်ပြီး ဝိညာဉ်များကို လောင်ကျွမ်းစေနိုင်ရုံသာမက မှော်ရတနာများကို ဖျက်ဆီးရာတွင်လည်း အထူး ထိရောက်လှသည်။
ယခင်က လီယန်ချူးသည် ခရမ်းစိမ်း ရတနာဓားကို မဖျက်ဆီးချင်သဖြင့် ဤမီးလျှံကို မသုံးခဲ့ပေ။ သို့သော် ယခုအခါတွင်မူ အစွမ်းထက်လှသော လက်နက်သုံးမျိုး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရသဖြင့် အခြား မစဉ်းစားနိုင်တော့ပေ။
ဝူး
သွေးနဂါးကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ၎င်း၏ ကိုယ်ပေါ်တွင် ပြင်းထန်လှသော ခရမ်းရောင် မီးလျှံများ စွဲကပ်သွားသဖြင့် နာကျင်စွာ အော်ဟစ်နေတော့သည်။
ချီလုံတာအိုဆရာသည်ပင်လျှင် ရွှမ်းကျီကောင်းကင်မီးလျှံကို အနိုင်နိုင်သာ ထိန်းချုပ်နိုင်ခဲ့သဖြင့် ထိုသွေးနဂါးကြီးကို မယှဉ်နိုင်ခဲ့ပေ။
အကြောင်းမှာ ထိုမီးလျှံမျိုးစေ့မှာ လောကပြင်ပမှ ရရှိလာခြင်း ဖြစ်သဖြင့် ကျင့်စဉ်ဖြင့် ရရှိခြင်း မဟုတ်ပေ။ ထို့ကြောင့် ချီလုံတာအိုဆရာသည် ၎င်းကို လုံးဝ ဥဿုံ မထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် လီယန်ချူးမှာမူ ထူးခြားလှသည်။ သူသည် မီးနတ်ဘုရား ၏ အမွေအနှစ်ကို ဆက်ခံထားသူ ဖြစ်သဖြင့် မီးအပေါင်းကို အုပ်စိုးနိုင်စွမ်း ရှိသည်။ ထို့ကြောင့် သူသည် ထိုရွှမ်းကျီကောင်းကင်မီးလျှံနှင့် အလွန်ပင် လိုက်ဖက်ညီလှပေသည်။
မီးလျှံများသည် သွေးနဂါးကြီး၏ ခန္ဓာကိုယ်ကို အဆက်မပြတ် လောင်ကျွမ်းစေသည်။ အလှပဂေးသည် ထိုအခြေအနေကို မြင်သောအခါ လှံရှည်ကို ပြန်လည် ခေါ်ယူလိုက်သည်။
ရှဲ ရှဲ ရှဲ
သူမ၏ လက်ပေါ်တွင် အဖြူရောင် မီးခိုးများ ထွက်ပေါ်လာသဖြင့် လှံရှည်ကို အမြန် ပြန်သိမ်းလိုက်ရသည်။ သွေးလှံရှည်မှာ အပူရှိန်ကြောင့် ရဲရဲနီနေပြီး ခရမ်းရောင် မီးလျှံများမှာလည်း စွဲကပ်နေဆဲပင်။
ရွှမ်းကျီကောင်းကင်မီးလျှံသည် တစ်ခဏအတွင်း ထိခိုက်စေရုံသာ ဖြစ်မည်ဆိုလျှင် ထိုမျှ ကြောက်စရာ မကောင်းပေ။ သို့သော် ၎င်းသည် မှော်ရတနာတစ်ခုပေါ်သို့ စွဲကပ်သွားပါက လုံးဝ လောင်ကျွမ်းပြာကျသွားသည့်တိုင်အောင် မရပ်တန့်တော့ပေ။
အလှပဂေးသည် ကျင့်စဉ်စွမ်းအား အမြောက်အမြားဖြင့် ထိုမီးကို ငြှိမ်းသတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။
"ဘယ်လောက် ပြင်းထန်တဲ့ ကောင်းကင်မီးလဲ"
အလှပဂေးက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
ရွှမ်းကျီကောင်းကင်မီးလျှံနှင့် ပတ်သက်သော မှတ်တမ်းများမှာ အလွန်ပင် နည်းပါးလှသဖြင့် သူမသည် ၎င်း၏ စွမ်းအားကို သေချာစွာ နားမလည်ခဲ့ပေ။ ယခုအခါတွင်မူ နောင်တရသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ သူမသည် ထိုလက်နက်ကို အသုံးပြုကာ လီယန်ချူးကို ထပ်မံ တိုက်ခိုက်ပြန်သည်။
လီယန်ချူးသည် လက်ဝါးကို ဖြန့်လိုက်ရာ ရွှမ်းကျီကောင်းကင်မီးလျှံမှာ ထပ်မံ ပေါက်ကွဲထွက်ပေါ်လာပြီး ထိုလက်နက်ကို ဝါးမြိုလိုက်တော့သည်။ ခဏချင်းမှာပင် ထိုသွေးနဂါးကြီးကို သူက ကျိုချက်ဖျက်ဆီးလိုက်ရာ အတွင်းမှ နဂါးဝိညာဉ်မှာ ရုန်းကန်ကာ ထွက်ပြေးရန် ကြိုးစားတော့သည်။
ထိုနဂါးဝိညာဉ်မှာ သွေးအေးရက်စက်လှသော အငွေ့အသက်များ စွဲကပ်နေသဖြင့် အကယ်၍သာ လွတ်မြောက်သွားပါက အသိဉာဏ်မရှိသော၊ သတ်ဖြတ်ခြင်းကိုသာ သိသော မိစ္ဆာကောင်ကြီး ဖြစ်သွားပေလိမ့်မည်။
ရှူး
လီယန်ချူး၏ လက်ထဲမှ အေးစက်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ကျန့်ကျောင်းဓားသည် လေဟာနယ်ကို ဖြတ်၍ ထိုနဂါးဝိညာဉ်ကို တိုက်ရိုက်ပင် သုတ်သင်ပစ်လိုက်တော့သည်။
နဂါးဝိညာဉ်ကို သုတ်သင်ပြီးနောက် ဓားပေါ်တွင် အလင်းတန်းများ လည်ပတ်နေပြီး ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ယခင်က နဂါး ကို သတ်ဖူးသော်လည်း နဂါးဝိညာဉ်ကို သတ်ဖြတ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ဓားပေါ်တွင် ပြင်းထန်သော အငွေ့အသက်များနှင့် ဆန်းကြယ်သော လှုပ်ခတ်မှုများ ပေါ်ထွက်လာသည်။
လီယန်ချူးက ကျန့်ကျောင်းဓားကို ပြန်လည် ခေါ်ယူလိုက်သောအခါ ထိုဆန်းကြယ်သော လှုပ်ခတ်မှုများက သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်များကို သန့်စင်ပေးပြီး သူ၏ ခန္ဓာကိုယ်ကို ပိုမို ကြံ့ခိုင်စေသည်ကို တွေ့ရှိလိုက်ရသည်။
"ဒါက... အဆင့်တက်သွားတာလား"
လီယန်ချူး ခဏမျှ မှင်တက်သွားသည်။ ခုနက ကျန့်ကျောင်းဓားအတွင်းမှ ပြင်းထန်လှသော ဆန္ဒတစ်ခု ထွက်ပေါ်လာပြီး ထိုနဂါးဝိညာဉ်ကို သတ်ဖြတ်ချင်နေခဲ့သည်။ သူက ဝိညာဉ်ဖြင့် လက်နက်ထိန်းချုပ်သည့် အတတ်ကို အသုံးပြုခဲ့ရာမှ ယခုကဲ့သို့ အဆင့်တက်သွားခြင်း ဖြစ်သည်။
အလှပဂေးသည်လည်း ကျန့်ကျောင်းဓားပေါ်မှ ပြင်းထန်လှသော ဖိအားကို အာရုံခံမိသဖြင့် လီယန်ချူးကို ပြင်းထန်စွာ စိုက်ကြည့်နေတော့သည်။
"ဒီခွေးတာအိုဆရာက လူမဆန်လိုက်တာ၊ ငါ့လက်နက်ကို ဖျက်ဆီးပြီး သူ့ဓားကို အဆင့်မြှင့်ဖို့ လုပ်တယ်ပေါ့ "
အလှပဂေးက အော်ဟစ်လိုက်ကာ ခရမ်းစိမ်း ရတနာဓားကို ပြန်လည် ခေါ်ယူပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ပြေးလွတ်မြောက်သွားတော့သည်။
သတင်းအချက်အလက်တွေ မှားနေပြီ၊ ဒီတာအိုဆရာက သူမ ထင်ထားတာထက် အများကြီး ပိုပြီး ကိုင်တွယ်ရ ခက်ခဲလှသည်။
သူမသည် လင်ရွှီနတ်ဘုရားနယ်မြေ ထံသို့ ဦးတည်သွားတော့သည်။ ထိုနေရာသည် တတိယအဆင့် ယန်ဝိညာဉ် ပညာရှင်များ ဝင်ရောက်ခြင်းကို တားမြစ်ထားသော်လည်း သူမတွင် ထိုနေရာကို ဝင်ရောက်နိုင်သော လျှို့ဝှက်နည်းလမ်း ရှိပေသည်။ ထိုနေရာသို့ ရောက်သွားပါက ဤတာအိုဆရာလေးလက်မှ လွတ်မြောက်နိုင်မည်ဟု သူမ ယုံကြည်နေသည်။
လီယန်ချူး၏ သွေးစွမ်းအင်များမှာ ကျန့်ကျောင်းဓား၏ သန့်စင်ပေးမှုကြောင့် ခဏအတွင်းမှာပင် တိုးတက်မှုများ ရှိလာခဲ့သည်။
သူသည် ခြေတစ်လှမ်း လှမ်းလိုက်ကာ လေဟာနယ်ကို ဖြတ်၍ ထိုအလှပဂေးနောက်သို့ အမှီလိုက်လေတော့သည်။
အခန်း (၆၈၈) - နတ်စွမ်းအားများစွာ ၊ ရွှေအမြုတေတစ်လုံးက အရာရာကို ဖြိုခွဲနိုင်သည် ၊ ဓားကျည်တောက်
လင်ရွှီ
၎င်းမှာ ပေ ၃၀ ခန့် မြင့်မားသော ကြီးမားလှသည့် တောင်တံခါးကြီးတစ်ခု ဖြစ်ပြီး ပါးလွှာသော မြူခိုးများဖြင့် ဖုံးလွှမ်းနေသည်။ လင်ရွှီ နတ်ဘုရားနယ်မြေ ပေါ်ထွက်လာပြီးနောက် ကျင့်ကြံသူ အတော်များများမှာ ဤတံခါးဝမှတစ်ဆင့် နယ်မြေအတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။ လက်ရှိအချိန်အထိ မည်သူမျှ ပြန်လည်ထွက်ခွာလာခြင်း မရှိသေးပေ။
ဝါးခြင်းတောင်းကို ပိုက်ထားသော ထိုအလှပဂေးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လင်ရွှီအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ လီယန်ချူးသည်လည်း ထပ်ကြပ်မကွာ လိုက်ပါလာသော်လည်း လင်ရွှီ၏ အကာအကွယ်တားမြစ်ချက် က သူ့ကို ပိတ်ဆို့ထားသဖြင့် အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိပေ။
လင်ရွှီတစ်ခုတည်း မဟုတ်ဘဲ အခြားသော ကောင်းကင်ဘုံနယ်မြေ များတွင်လည်း အလားတူ တားမြစ်ချက်များ ရှိကြသည်။ ယန်ဝိညာဉ် အဆင့်ရှိသူများမှာ ဝင်ရောက်၍ မရနိုင်ပေ။
"တောက် တကယ်လို့ သူမကို လွတ်ပေးလိုက်ရင် ပြန်ရှာဖို့က အရမ်းခက်သွားလိမ့်မယ်"
လီယန်ချူးက အသံနိမ့်နိမ့်ဖြင့် ရေရွတ်လိုက်သည်။
ယခုတစ်ကြိမ်တွင် သူသည် ထိုအလှပဂေးကို ခြေရာခံနိုင်ခြင်းမှာ သူ၏ ခြေရာခံအတတ်နှင့် ပျောက်ဆုံးနေသော စွန်းကတော်၏ အငွေ့အသက်ကြောင့်သာ ဖြစ်သည်။ နောက်တစ်ကြိမ်တွင်မူ ထိုအလှပဂေးကို ပြန်လည်တွေ့ရှိရန် မသေချာတော့ပေ။
သူသည် တောင်ကဲ့သို့ ကြီးမားလှသော သူ၏ ခွန်အားဖြင့် တံခါးဝကို အားကုန် တွန်းကြည့်သော်လည်း ဘာမျှ ထူးခြားမလာဘဲ လင်ရွှီအတွင်းသို့ ဝင်၍မရနိုင်ဆဲပင် ဖြစ်သည်။
"ဒုက္ခပဲ... မြို့တော်ကိုသွားပြီး ရွှီမိသားစုရဲ့ ဘိုးဘေးကို သွားရှာရမလား"
လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။
ရွှီမိသားစုဘိုးဘေးက သူ့ကို လင်ရွှီအတွင်းသို့ ဝင်ရန် ဖိတ်ခေါ်ခဲ့စဉ်က တတိယအဆင့် ပညာရှင်များ ဝင်ရောက်နိုင်မည့် လျှို့ဝှက်နည်းလမ်း တစ်ခုခု ရှိထားပြီးဖြစ်မှာ အသေအချာပင်။ လီယန်ချူးသည် ခဏမျှ စဉ်းစားလိုက်ပြီး ကိုယ်တိုင် အရင်ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဤလင်ရွှီတံခါးဝကို ဖွင့်၍မရပါက မြို့တော်သို့ ချက်ချင်း သွားရပေလိမ့်မည်။
အမှန်စင်စစ် သူသည် လင်ရွှီနယ်မြေအပြင်ဘက်တွင် စောင့်ဆိုင်းနေနိုင်သော်လည်း ထိုသို့ပြုလုပ်ပါက အချိန်အလွန်ကြာသွားပေလိမ့်မည်။ ထို့အပြင် လင်ရွှီနယ်မြေ ပြီးဆုံးသွားသည့်ပုံစံမှာ ချင်းယွဲ့ထန် နယ်မြေကဲ့သို့ တံခါးဝသို့ ပြန်လည် ပစ်ထုတ်ခြင်းမျိုး ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ အကယ်၍ လူကို တစ်နေရာရာသို့ ကျပန်း ပို့ဆောင်လိုက်မည်ဆိုပါက သူ နောင်တရလျှင်ပင် နောက်ကျသွားပေလိမ့်မည်။
ထို့အပြင် စွန်းကတော်၏ ဗိုက်ထဲမှ ကလေးမှာလည်း မွေးဖွားရန် နီးကပ်နေပြီ ဖြစ်သည်။ ယခုကြည့်ရသည်မှာ ထိုအလှပဂေးသည် စွန်းကတော်၏ ဗိုက်ထဲမှ ကလေးကို ပစ်မှတ်ထားနေခြင်း ဖြစ်ပြီး ကလေးမွေးဖွားပြီးသည်နှင့် စွန်းကတော်မှာ အသက်ဘေးနှင့် ကြုံတွေ့ရနိုင်ပေသည်။
လီယန်ချူးသည် စိတ်ထဲမှ အကြံရလိုက်ကာ အတားဆီးဖောက်ခြင်းအတတ် ကို အသုံးပြုလိုက်သည်။ ဤသည်မှာ ဟွမ်ထင်တာအိုကျမ်း ထဲတွင် မှတ်တမ်းတင်ထားသော အတတ်ပညာဖြစ်ပြီး နံရံများကို ဖြတ်သန်းခြင်း၊ တောင်များကို ဖောက်ထွက်ခြင်းတို့အပြင် ဟင်းလင်းပြင် ဆိုင်ရာ နည်းလမ်းများလည်း အနည်းငယ် ပါဝင်သည်။
ယခင်က လမ်းကြောင်းတစ်ခုကို ဖွင့်ကာ ဟေးရှန်းတောင်နတ်မင်း ၏ မူလခန္ဓာကို ရှာဖွေနိုင်ခဲ့ခြင်းမှာလည်း ထိုအတတ်ကြောင့်ပင် ဖြစ်၏။
နှမြောစရာကောင်းသည်မှာ ထိုလင်ရွှီတံခါးဝ၏ တားမြစ်ချက်မှာ အလွန်ပင် ပြည့်စုံပြီး အစွမ်းထက်လှသဖြင့် လီယန်ချူး၏ အတားအဆီးဖောက်ခြင်းအတတ်ဖြင့် ဖွင့်၍ မရနိုင်ပေ။
သူသည် ခဏမျှ ထပ်မံ စဉ်းစားလိုက်ပြီး သူ၏ လက်ဝါးအတွင်းမှ ခရမ်းရောင် ရွှမ်းကျီကောင်းကင်မီးလျှံ ကို ထုတ်လွှတ်ကာ လောင်ကျွမ်းစေရန် ကြိုးစားကြည့်သည်။ သို့သော် လင်ရွှီတံခါးဝမှာ အစစ်နှင့် အတုအကြား ပုံရိပ်ယောင်သဖွယ် ဖြစ်နေသဖြင့် ရွှမ်းကျီကောင်းကင်မီးလျှံမှာလည်း အက်ကွဲကြောင်းလေးတစ်ခုမျှပင် ဖြစ်အောင် မပြုလုပ်နိုင်ပေ။
"အက်ကွဲကြောင်းလေး တစ်ခုလောက်သာ ပွင့်သွားရင် အတားအဆီးဖောက်ခြင်းအတတ်နဲ့ အတွင်းကို ဝင်လို့ရမှာပဲ"
လီယန်ချူးက စဉ်းစားလိုက်သည်။
သူသည် သူ၏ ဒန်ထျန်အတွင်းမှ ရွှေအမြုတေ ကို ထုတ်ဖော်လိုက်ရာ ရွှေအမြုတေမှာ တောက်ပသော ရွှေရောင်နတ်အလင်းတန်းများဖြင့် လှပစွာ ထွက်ပေါ်လာသည်။ သူသည် ရွှေအမြုတေကို တံခါးဝသို့ ပို့လွှတ်လိုက်ရာ ရွှေရောင်နတ်အလင်းတန်းများက လင်ရွှီတံခါးဝကို လွှမ်းခြုံသွားတော့သည်။
တံခါးဝပေါ်တွင် ဖြည်းညှင်းစွာ စီးဆင်းနေသော မန္တန်စာလုံးများ မှာ ခဏမျှ ရပ်တန့်သွားသည်။ လီယန်ချူးသည် သူ၏ မျက်လုံးများအတွင်း ကျင့်စဉ်စွမ်းအားများ ပို့လွှတ်ကြည့်လိုက်သောအခါ မန္တန်စာလုံးများအကြားတွင် အားနည်းချက်တစ်ခု ပေါ်ထွက်လာသည်ကို ခပ်ရေးရေး မြင်တွေ့လိုက်ရသည်။
ရွှေအမြုတေတစ်လုံးက အရာရာကို ဖြိုခွဲနိုင်သည်။
ရွှေအမြုတေသည် လီယန်ချူး၏ အသက်ဓာတ်နှင့် ကျင့်စဉ်အခြေခံကို မြှင့်တင်ပေးရုံသာမက တာအိုအတတ်များ၏ စွမ်းအားကို တိုးစေပြီး အတတ်ပညာများကို ဖြိုခွဲနိုင်သည့် စွမ်းအားလည်း ရှိပေသည်။ ထိုလင်ရွှီတံခါးဝမှာ အနှစ်သာရအားဖြင့် အစွမ်းထက်လှသော နတ်စွမ်းအား တားမြစ်ချက်တစ်ခုသာ ဖြစ်၏။
"ရပြီ"
လီယန်ချူး၏ မျက်လုံးများ တောက်ပသွားသည်။
သူသည် လက်ညှိုးဖြင့် လှမ်း၍ ညွှန်ပြလိုက်သည်။
အတားအဆီးဖောက်ခြင်းအတတ်
လက်သီးဆုပ်ခန့်ရှိသော အပေါက်ငယ်တစ်ခု လီယန်ချူး၏ ရှေ့တွင် ပွင့်ထွက်သွားသော်လည်း ၎င်းမှာ ဝေဝါးနေပြီး အချိန်မရွေး ပြန်လည်ပိတ်သွားနိုင်သည့် အခြေအနေတွင် ရှိသည်။ လီယန်ချူးသည်လည်း တွန့်ဆုတ်မနေဘဲ သန္ဓေပြောင်းလဲခြင်းအတတ် ကို အသုံးပြုကာ စာကလေးတစ်ကောင်အဖြစ် ပြောင်းလဲ၍ အတွင်းသို့ ပျံဝင်သွားတော့သည်။
...
သူ အတွင်းသို့ ရောက်သွားပြီးနောက် လင်ရွှီတံခါးဝ၏ အပေါက်မှာ ချက်ချင်းပင် ပြန်လည် ပိတ်ဆို့သွားပြီး အလင်းတန်းများ ပြန်လည် စီးဆင်းသွားတော့သည်။
လီယန်ချူးသည် မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ သူ့ရှေ့မှ စိမ်းသက်သော ကမ္ဘာသစ်ကြီးကို မြင်တွေ့လိုက်ရသဖြင့် မှင်တက်သွားမိသည်။ ဤနေရာမှာ စစ်မှန်သော လောကပြင်ပ နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ပင်။
ကောင်းကင်မှာ ကြည်လင်ပြာလွင်နေပြီး တိမ်ဖြူများမှာ အေးအေးလူလူ လွင့်မျောနေကာ တောက်ပလှသော နေမင်းကြီးမှာ ကောင်းကင်ထက်တွင် ချိတ်ဆွဲထားသကဲ့သို့ တောက်ပနေသည်။ နတ်ဘုရားနယ်မြေ၏ အပြင်ဘက်တွင် ညဦးပိုင်း ဖြစ်နေသော်လည်း အတွင်း၌မူ နေ့ခင်းဘက် ဖြစ်နေပေသည်။
"ဒီလင်ရွှီနတ်ဘုရားနယ်မြေက တခြားနေရာတွေနဲ့ မတူဘူးပဲ"
လီယန်ချူး အနည်းငယ် အံ့သြသွားသည်။
ထိုနေရာမှာ စစ်မှန်သော နတ်ဘုရားများ၏ ကျင့်စဉ်နေရာ တစ်ခု ဖြစ်ပြီး အခြားသော နတ်ဘုရားနယ်မြေများကဲ့သို့ မိစ္ဆာများ၏ ဖျက်ဆီးခြင်းကို မခံထားရပေ။
သူသည် သူ၏ မူလပုံသဏ္ဌာန်သို့ ပြန်လည် ပြောင်းလဲလိုက်သည်။ ထိုအချိန်မှာပင် ပြင်းထန်လှသော တွန်းကန်အားတစ်ခု ပေါ်ထွက်လာပြီး သူ့ကို ဤနေရာမှ ချက်ချင်းပင် မောင်းထုတ်တော့မည့်အလား ဖြစ်နေသည်။
"ဒုက္ခပဲ ဒီလင်ရွှီနယ်မြေက တံခါးဝမှာတင် တားမြစ်ချက်ရှိတာ မဟုတ်ဘဲ တစ်နယ်မြေလုံးက တတိယအဆင့် ယန်ဝိညာဉ်တွေကို ဝင်ခွင့်မပြုတာပဲ"
လီယန်ချူး၏ ရင်ထဲတွင် လေးလံသွားသည်။ သူ၏ စိတ်ကူးများမှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေတော့သည်။
သူသည် သန္ဓေပြောင်းလဲခြင်းအတတ်ကို လှုံ့ဆော်ကာ သာမန်လူငယ်တစ်ဦးအဖြစ် ပြောင်းလဲလိုက်သည်။ ထို့အပြင် သူ၏ ကျင့်စဉ်အဆင့်ကိုလည်း ဒုတိယအဆင့်အထိ နှိမ်ချလိုက်သည်။ ထိုအခါမှသာ သူ့အပေါ် ကျရောက်နေသော ပြင်းထန်လှသော တွန်းကန်အားမှာ ပျောက်ကွယ်သွားတော့သည်။
"တကယ် ဖြစ်နိုင်တာပဲ"
လီယန်ချူး သက်ပြင်းချလိုက်နိုင်သည်။
ခုနက လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသော အချိန်အတွင်းမှာပင် သူသည် အခြားတစ်ဦး၏ ပုံသဏ္ဌာန်သို့ ပြောင်းလဲကာ ကျင့်စဉ်အဆင့်ကို အတင်းအကျပ် နှိမ်ချလိုက်ခြင်း ဖြစ်သည်။ ထင်ထားသည့်အတိုင်းပင် လင်ရွှီနယ်မြေက သူ့ကို မောင်းထုတ်ခြင်း မပြုတော့ပေ။
သူသည် အနည်းငယ် စဉ်းစားလိုက်ရာ ထိုကိစ္စ၏ အဓိကသော့ချက်ကို နားလည်သွားသည်။
"သန္ဓေပြောင်းလဲခြင်းအတတ်က တကယ်ကို ချီးကျူးဖို့ ကောင်းတာပဲ၊ ဘေးဒုက္ခ အန္တရာယ်တွေကို ရှောင်ရှားနိုင်ရုံတင်မကဘဲ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကိုတောင် လှည့်စားနိုင်တာပဲ"
ဟု လီယန်ချူး စိတ်ထဲမှ တွေးလိုက်သည်။
ထိုသန္ဓေပြောင်းလဲခြင်းအတတ်မှာ မြေပြင်နတ်ဘုရား အဆင့်အထိ ကျင့်ကြံနိုင်သော အစွမ်းထက် နတ်စွမ်းအားတစ်ခု ဖြစ်သည်။ ဤအတတ်သည် ပုံသဏ္ဌာန်ပြောင်းလဲခြင်း အတတ်တစ်ခုတည်း မဟုတ်ဘဲ အနောက်သို့ ခရီးသွားခြင်း ဝတ္ထုထဲမှ ၇၂ ပါးသော ပြောင်းလဲခြင်းအတတ်ကဲ့သို့ ဘေးဒုက္ခများကို ရှောင်ကွင်းနိုင်သော နတ်စွမ်းအားကြီး ဖြစ်ပေသည်။
ထို့ကြောင့်ပင် လီယန်ချူးသည် ပုံစံအသစ် ပြောင်းလိုက်ပြီးနောက် ဤလင်ရွှီနယ်မြေကို ခေတ္တမျှ လှည့်စားနိုင်ခဲ့ခြင်း ဖြစ်သည်။ ကျင့်စဉ်အဆင့်ကို နှိမ်ချရုံသက်သက်ဆိုပါက အလုပ်ဖြစ်မည် မဟုတ်ပေ။
မူလ လီယန်ချူးမှာ အရပ်ရှည်ပြီး ကိုယ်ဟန်ရှိကာ မျက်နှာပေါက်မှာ ထင်ရှားပြတ်သားပြီး ထူးကဲသော အငွေ့အသက် ရှိသူဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သူသည် လူအုပ်ကြားထဲတွင် ထင်ထင်ရှားရှား မရှိဘဲ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိရန် ခက်ခဲသော သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
သူ လင်ရွှီနယ်မြေအတွင်း ဝင်လာခြင်းမှာ ထိုအလှပဂေးနောက်သို့ ခြေရာခံရန်ဖြစ်ပြီး ပုံစံပြောင်းလိုက်ခြင်းမှာလည်း သူတစ်ပါး၏ အာရုံစိုက်မှုကို မရလို၍ပင် ဖြစ်သည်။ သူသည် ခါးကြားမှ ကျန့်ကျောင်းဓား ကို ငုံ့ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားကာ ၎င်းကို သိုလှောင်အိတ် အတွင်းသို့ ထည့်လိုက်သည်။
သိုလှောင်အိတ်အတွင်း၌ သူ၏ လက်နက်များစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် ရှန်းကျွင်း ၏ ကျားခေါင်းရွှေလှံ ၊ တောင်ပင်လယ် လျှို့ဝှက်နယ်မြေမှ ရရှိခဲ့သော ကျင်းယဲ့နတ်လှံ နှင့် ယခင်က ရရှိထားသော ရှေးဟောင်းဓားအချို့ ရှိသည်။
သူသည် အနည်းငယ် စဉ်းစားလိုက်ပြီး အားကောင်းမောင်းသန် ပုံစံရှိသော လှံများကို မထုတ်ယူဘဲ ရှေးဟောင်းဓားတစ်စင်းကိုသာ ထုတ်ယူ၍ ခါးတွင် ချိတ်လိုက်သည်။ ထိုဓားမှာ ၃ ပေခန့် ရှည်လျားပြီး ဓားသွားမှာ ရေပြင်ကဲ့သို့ ကြည်လင်ကာ အေးစက်သော ဓားစွမ်းအင်များ ပါရှိပြီး ရှေးကျသော ပုံစံရှိသည်။
ဤသို့ဖြင့် လီယန်ချူးသည် ခန့်ညားထည်ဝါသော တာအိုဆရာလေးအဖြစ်မှ သာမန်ကာလျှံကာ ဓားကျင့်ကြံသူ တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူသည် သူ၏ ခြေရာခံအတတ်ဖြင့် သတ်မှတ်ထားသော အငွေ့အသက်ကို အာရုံခံကြည့်လိုက်သည်။ လင်ရွှီအတွင်းသို့ ရောက်ပြီးနောက် ထိုအငွေ့အသက်မှာ အလွန်ပင် အားနည်းသွားပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။ ၎င်းမှာ ဤကမ္ဘာ၏ တားမြစ်ချက်များကြောင့်ပင် ဖြစ်၏။
သူသည် ဝေးရာသို့ လှမ်းကြည့်လိုက်ရာ လင်ရွှီနယ်မြေအတွင်း၌ မြင့်မားသော တောင်ကြီးတစ်လုံး ရှိနေသည်ကို မြင်တွေ့ရသည်။ ထိုတောင်၏ အထက်ပိုင်းမှာ တိမ်မြူများအတွင်း ဖုံးလွှမ်းနေသဖြင့် သေချာစွာ မမြင်ရပေ။ တောင်ကြီး၏ ပတ်ပတ်လည်တွင် တောင်တန်းများစွာ ရှိနေပြီး တောအုပ်များမှာ ထူထပ်လှသည်။
သူသည် ခြေရာခံအတတ်ကို အသုံးပြုကာ ထိုအငွေ့အသက်မှာ တောင်တန်းများဆီသို့ ဦးတည်သွားသည်ကို ဝေဝါးစွာ အာရုံခံမိသည်။ သူသည် ဤနေရာတွင် တိမ်စီးခြင်းအတတ်ကို အသုံးပြုရန် ကြိုးစားကြည့်သော်လည်း ပျံသန်း၍ မရနိုင်ပေ။ ဤနေရာ၌ ပြင်းထန်လှသော ပျံသန်းခြင်းဆိုင်ရာ တားမြစ်ချက် ရှိနေသည်။
ယခင်က နတ်ဘုရားနယ်မြေများမှာ မိစ္ဆာများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသဖြင့် တားမြစ်ချက်များ ပျက်စီးခဲ့သော်လည်း ထိုနေရာမှာမူ မိစ္ဆာများ၏ ကျူးကျော်ခြင်းကို မခံခဲ့ရသကဲ့သို့ပင်။
ထို့ကြောင့် တားမြစ်ချက်များမှာ ပြည့်စုံနေသဖြင့် ပျံသန်းခြင်း ပြု၍ မရပေ။ ၎င်းပြင် ဓာတ်ကြီးငါးပါး မြေလျှိုးအတတ်နှင့်မှော်လွန်းပျံ တို့လည်း အသုံးပြု၍ မရနိုင်ပေ။
"ခရမ်းစိမ်း ရတနာဓားတွေက အဲဒီမိစ္ဆာမလက်ထဲမှာ... မင်ဟော် ဘယ်လိုနေမလဲ မသိဘူး၊ ဒီလူကို အမြန်ဆုံး ရှာတွေ့မှ ဖြစ်မယ်"
လီယန်ချူးက မျက်မှောင်ကြုတ်ကာ စဉ်းစားနေတော့သည်။