← Chapters

အခန်း (၉၁၆-၉၁၇)

Vol. 53 Ch. 916-917

အခန်း (၉၁၆-၉၁၇)

Vol. 53 Ch. 916-917

Chapter 916

နတ်ဘုရားဖန်တီးမှု ၁

လှိုင်းတံပိုးများကို ဖြတ်ကျော်ပြီးနောက် အနန္တရထားသည် ဂြိုဟ်ပတ်ရထားလမ်း၏ သမုဒ္ဒရာတစ်လျှောက် ပင်လယ်နက်ပိုင်းသို့ ရှေ့သို့ခရီးနှင်လာခဲ့သည်။ ယနေ့ ရာသီဥတုမှာ သာယာကြည်လင်နေပြီး သမုဒ္ဒရာပြင်ကြီးမှာ အပြာရောင်အရည်များ ဖုံးလွှမ်းထားသည့် လွင်ပြင်ကျယ်ကြီးနှင့် တူနေသည်။ နေရောင်ခြည်သည် ရွှေရည်များ လောင်းချထားသကဲ့သို့ ရေပြင်ပေါ်သို့ ဖြာကျနေပြီး လမ်းကြောင်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ ကြီးမားသော ပင်လယ်အခြေစိုက် ပတ်လမ်းတစ်လျှောက်တွင် အလင်းစက်လေးများမှာ စိန်ပွင့်များ စီခြယ်ထားသည့် ကြယ်စင်မြစ်ထက်တွင် ပြေးဆွဲနေသည့် ရထားတစ်စင်းအလား လွင့်မျောနေကြသည်။ ရံဖန်ရံခါတွင် ငါးပျံလေးများက ရေပြင်ပေါ်သို့ ခုန်တက်လာကြပြီး ငွေရောင်ကိုယ်ထည်လေးများက လေထုထဲတွင် ကွေးညွတ်သော ပုံရိပ်များ ဖော်ဆောင်ကာ နက်မှောင်လှသော အပြာရောင်ပင်လယ်ထဲသို့ ပြန်လည်ငုပ်လျှိုးသွားကြသည်။

လင်းရှန်နှင့် ချန်ဆီရွှမ်တို့က ထိန်းချုပ်အတွင်း ထိုင်နေကြသည်။ ဆွဲငင်ကိရိယာမပါရှိဘဲ ရထားမှာ ရေဒါနှင့် လမ်းကြောင်းပြစနစ်ကို အသုံးပြု၍ လမ်းကြောင်း၏ အခြေအနေကို စစ်ဆေးကာ အလိုအလျောက် မောင်းနှင်စနစ်ဖြင့်သာ သွားနေခြင်းဖြစ်သည်။

တိုက်ကြီးများ၏ ကမ်းလွန်ရေတိမ်ပိုင်းမှ ထွက်ခွာ၍ ပင်လယ်နက်ပိုင်းသို့ ရောက်ရှိလာသောအခါ ပင်လယ်ပြင်မှာ ပိုမိုနက်မှောင်သော အပြာရောင်သို့ ပြောင်းလဲသွားသည်။ လင်းရှန်သည် လမ်းကြောင်း၏ ညာဘက်အဝေးဆီသို့ လှမ်းကြည့်လိုက်ရာ မိုးသက်မုန်တိုင်းကဲ့သို့ အနက်ရောင် ကန့်လန့်ကာကြီးတစ်ခုက မိုးကုတ်စက်ဝိုင်းနှင့် ပင်လယ်ရေပြင်ကို ဖုံးကွယ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုနေရာမှာ (၈) ခုမြောက် တွင်းနက် အမှတ် ၈ ၏ အစွန်းပိုင်းဖြစ်သကဲ့သို့ ပင်လယ်ရေအောက် တောင်တန်းကြီး၏ အက်ကြောင်းဇုန်လည်း ဖြစ်ကြောင်း သူသိရှိထားသည်။

လင်းရှန် အသက်ကို ပြင်းပြင်းရှူလိုက်မိသော်လည်း ရင်ထဲတွင် အနည်းငယ် တင်းမာနေဆဲဖြစ်သည်။ ကြီးမားလှသော ဤရထားလမ်းကြောင်းကြီးမှာ ရုတ်တရက် ကျိုးပြတ်သွားပြီး တန်ပေါင်းထောင်ချီ လေးလံသော သံမဏိရထားကြီး လေထုထဲမှ ပင်လယ်နက်ထဲသို့ တိုက်ရိုက်ပြုတ်ကျသွားမည်ကို သူစိုးရိမ်မိသည်။

သူသည် အနန္တရထား၏ အတွဲတိုင်းကို ပင်လယ်နက်ချိန်ဘာခန်းများနှင့် ရေအောက်တွန်းကန်စနစ်များဖြင့် အဆင့်မြှင့်တင်ထားသော်လည်း မလိုအပ်ပဲ ပင်လယ်နက်ထဲတွင် ရေငုပ်သင်္ဘော မောင်းနှင်ရသည်ကို သူ အားမသန်ပေ။

ဝှစ် ဝှစ်

အနန္တရထားသည် သမုဒ္ဒရာလမ်းကြောင်းပေါ်တွင် သံမဏိနဂါးတစ်ကောင်ကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးလွှားနေပြီး အရာအားလုံးမှာ တည်ငြိမ်အေးချမ်းနေသည်။ နာရီအနည်းငယ် ကြာပြီးနောက်တွင် အထက်တွင် မိုးကောင်းကင်နှင့် အောက်တွင် နက်မှောင်သော အပြာရောင်ရေပြင်တို့သာ ရှိတော့ပြီး အဆုံးမရှိသကဲ့သို့ ခံစားနေရသည်။

အနားယူရန် ခေါ်ယူထားခြင်းကြောင့် မီးတောက်သည် အနန္တရထား၏ အပေါ်တွင် အနားယူသည့် ထိုင်ခုံတစ်ခုကို ချထားပြီး နေကာမျက်မှန် တပ်လျက် ပတ်ဝန်းကျင်ရှိ သမုဒ္ဒရာပြင်ကို စိတ်အေးလက်အေးကြည့်နေသည်။ ရူဂျီကတော့ ရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ အာရုံစိုက်နေသည်။

သူတို့နှစ်ဦးလုံးမှာ ပျံသန်းနိုင်သည့် စွမ်းရည်ရှိကြသဖြင့် အရေးပေါ်အခြေအနေတွင် လျင်မြန်စွာ လှုပ်ရှားနိုင်ရန် လင်းရှန်က သူတို့ကို လေကောင်းလေသန့်ရအောင် အပြင်သို့ ခေါ်ထုတ်ထားခြင်း ဖြစ်သည်။

မကြာမီမှာပင် ထိန်းချုပ်ခန်းအတွင်းရှိ ချန်ဆီရွှမ်သည် ပင်လယ်ရေပြင်ပေါ်တွင် မြူခိုးများ တဖြည်းဖြည်း စုဖွဲ့လာသည်ကို သတိပြုမိပြီး ရာသီဥတုမှာလည်း မှိုင်းညို့လာသည်။ အစပိုင်းတွင် မုန်တိုင်းလာတော့မည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း အနန္တရထား၏ ရာသီဥတု စောင့်ကြည့်ရေးစနစ်တွင် မုန်တိုင်းအရိပ်အယောင်ကို မတွေ့ရပေ။ ထိုမြူခိုးများမှာ ဒေသအလိုက် ပျံ့နှံ့နေခြင်းသာ ဖြစ်ပုံရသည်။

မြူခိုးများက လျင်မြန်စွာ ထူထပ်လာပြီး ပတ်ဝန်းကျင် အလင်းရောင်မှာလည်း မှောင်မှိုင်းညစ်ထေးသွားသည်။ လုရှင်းချန်သည် ရထားအမိုးပေါ်မှ ဖြည်းညှင်းစွာ ထလိုက်ပြီး နေကာမျက်မှန်ကို ချွတ်ကာ လေးနက်သော မျက်နှာအမူယာဖြစ်သွားသည်။

“အစ်ကိုလင်း… ရာသီဥတုက ထူးထူးဆန်းဆန်း ပြောင်းလာတယ်။ ဒီလောက် ထူထပ်တဲ့ မြူတွေကြောင့် နေ့ခင်းကြောင်တောင်မှာတောင် မွန်းစတားတွေ ပေါ်လာနိုင်တယ်”

“ငါ အရှိန်လျှော့ထားတယ်”

လင်းရှန်က ဆက်သွယ်ရေးစက်ဖြင့် ပြန်ဖြေလိုက်သည်။

ရထားအပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ရူဂျီသည် သူ၏စွမ်းအားကို အသုံးပြု၍ သဲမှုန်လေးပေါင်းများစွာကို အနန္တရထား၏ ပတ်လည် မီတာရာဂဏန်းအထိ ပျံ့နှံ့စေလိုက်သည်။ ထိုသဲမှုန်လေးများမှာ သူ၏ အာရုံခံရေဒါကဲ့သို့ လုပ်ဆောင်ပေးသဖြင့် တစ်ခုခုချဉ်းကပ်လာပါက သူ ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။

“ဒီမြူတွေက ထူးထူးဆန်းဆန်း ပေါ်လာတာပဲ”

ထိန်းချူပ်အတွင်းမှ ချန်ဆီရွှမ်က လင်းရှန်ကို ပြောလိုက်သည်။

“ဒါက ပိုင်ဝမ်မြို့က မြူခိုးပင့်ကူကိုတောင် သတိရသွားတယ်”

လင်းရှန်က ခေါင်းငြိမ့်ကာ “ငါလည်း အဲဒီလိုပဲ ခံစားရတယ်”

ဗိုင်အိုလာသည် သတင်းအချက်အလက် ကွင်းဆက်စနစ်ဖြင့် ရှေ့ပြေးကင်းထောက်ရန် ပျံသန်းရေးဒရုန်း ရာပေါင်းများစွာကို ထိန်းချုပ်နေသည်။ ထိုအချိန်တွင် လင်းရှန်ထံသို့ တုံ့ပြန်မှုတစ်ခု ရောက်ရှိလာသည်။

[လမ်းကြောင်းရှေ့တွင် ထူးခြားမှု မရှိပါ။ တာ့ကူ ရေနက်ဆိပ်ကမ်းသို့ ချဉ်းကပ်နေသည်။ လောလောဆယ်တွင် သက်ရှိသတ္တဝါ မတွေ့ရှိပါ]

[သတ္တုစမ်းသပ်ချက်အရ ရေနက်ဆိပ်ကမ်း၏ တည်ဆောက်ပုံများတွင် ပြင်းထန်စွာ သံချေးတက်နေသည်ကို တွေ့ရသည်။]

“ငါတို့ ရေနက်ဆိပ်ကမ်းကို ရောက်ပြီ”

လင်းရှန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ မကြာမီမှာပင် ရှေ့ရှိ မြူနှင်းများမှာ ပင်လယ်ရေပြင်ပေါ်မှ လွှမ်းခြုံထားသော အဝတ်စတစ်ခုကဲ့သို့ ဖယ်ခွာသွားပြီး ကြီးမားလှသော သံမဏိပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။

ခဲရောင်ပင်လယ်ပြင်ထဲတွင် ရေနံတူးစင်လေးခုက ထောင်မတ်နေပြီး အလယ်တွင် စတုရန်းကီလိုမီတာ နှစ်ခုကျော် ကျယ်ဝန်းသော သံမဏိရေနက်ဆိပ်ကမ်းတစ်ခု ရှိနေသည်။ မူလက ဂြိုဟ်ပတ်ရထားလမ်း၏ ကုန်စည်ကူးသန်းရာ ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ သံမဏိသုသာန်တစ်ခုနှင့် တူနေသည်။ အနန္တရထားသည် အရှိန်လျှော့၍ ဝင်ရောက်လာစဉ် အဝေးမှ လှိုင်းကလေးများအောက်တွင် သံချေးတက်နေသော သံမဏိများ၏ တဂျိဂျိမြည်သံကို ကြားနေရသကဲ့သို့ရှိသည်။

လမ်းကြောင်း၏ ကျောရိုးသဖွယ် ချိတ်ဆက်ထားသော ဆိုင်းငံ့စင်္ကြံများတွင် ပင့်ကူအိမ်ကဲ့သို့ ရှုပ်ထွေးနေသော ကေဘယ်ကြိုးများ ရှိနေပြီး ကြီးမားသော ကရိန်းများမှာလည်း အချိန်မရွေး တွင်းနက်ထဲသို့ ပြုတ်ကျတော့မည့်အလား ချောက်ချားဖွယ်ရာ တွဲလောင်းကျနေကြသည်။

ဆိပ်ကမ်းထဲသို့ မဝင်မီတွင် လင်းရှန်နှင့် ချန်ဆီရွှမ်တို့သည် ပလက်ဖောင်းပေါ်တွင် ပျက်စီးနေသော စက်ရုပ်များ၊ တိုက်လေယာဉ်များ၊ စွန့်ပစ်ထားသော ရထားများနှင့် မရေမတွက်နိုင်သော လူသေအလောင်းများကို တွေ့လိုက်ရသည်။ ထိုအလောင်းများမှာ ခြောက်သွေ့ကာ မံမီရုပ်ကြွင်းများကဲ့သို့ ဖြစ်နေကြသည်။ စွမ်းအားဝတ်စုံ မျက်နှာဖုံးများအတွင်းတွင် ခြောက်ကပ်နေသော မျက်နှာများသာ ကျန်ရှိတော့သည်။ ထို့အပြင် ပလက်ဖောင်းများနှင့် ဆိပ်ကမ်းများပေါ်တွင် ကြာမြင့်စွာကတည်းက ခြောက်သွေ့နေပြီဖြစ်သော သန္ဓေပြောင်းမွန်းစတားများ၏ ပုပ်သိုးနေသည့် အသားစများကိုလည်း တွေ့ရသည်။ ဤနေရာတွင် ပြင်းထန်သော စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံရပြီး ယခုအခါတွင်မူ တိတ်ဆိတ်ခြင်းကသာ လွှမ်းမိုးထားသည်။

[ဆိပ်ကမ်းကို ဖြတ်သန်းသွားတဲ့ လမ်းကြောင်းပေါ်မှာ ပိတ်ဆို့မှုတွေ တွေ့ရပါတယ်။ လမ်းကြောင်းမှာတော့ ကြီးကြီးမားမား ပျက်စီးတာမျိုး မရှိပါဘူး။]

ထိုအချိန်တွင် ဗိုင်အိုလာ၏ အသံထွက်ပေါ်လာသည်။ လင်းရှန်က ချက်ချင်းပင် ဗိုင်အိုလာကို ညွှန်ကြားလိုက်သည်၊၊

“အတားအဆီးတွေကို ရှင်းလင်းဖို့ ဒရုန်းတွေကို စေလွှတ်လိုက်… လမ်းကြောင်းကိုလည်း တစ်ခါတည်း စစ်ဆေးပြီး ရေနက်ပလက်ဖောင်း တစ်ခုလုံးကိုပါ ကွင်းဆင်းလေ့လာလိုက်”

[ဗိုင်အိုလာ လက်ခံရရှိပါပြီ]

ဝူး

ခဏအတွင်းမှာပင် ဒရုန်းပေါင်း ထောင်နှင့်ချီ၍ ပျံသန်းထွက်ခွာသွားသည်။ တိုက်ခိုက်ရေးဒရုန်းများသည် ရေနံတူးစင်များနှင့် ကုန်တင်ဆိပ်ကမ်း၏ နေရာအသီးသီးသို့ သွားရောက်စစ်ဆေးကြပြီး အင်ဂျင်နီယာဒရုန်းများကမူ လမ်းကြောင်းပေါ်တွင် စုပုံနေသော အမှိုက်သရိုက်များကို စတင်ရှင်းလင်းလိုက်ကြသည်။

“လင်းရှန်”

ထိုအခိုက်အတန့်တွင် ကီကီ၏ အသံ ထွက်ပေါ်လာသည်။

“ဆိုနာစနစ်က ဆိပ်ကမ်းအောက်ခြေမှာ တစ်ခုခုကို တွေ့ထားတယ်”

“အားဖေးနဲ့ ရှီဇီလည်း ခံစားမိနေတယ်”

နန်ကျင်း၏ အသံကလည်း ကြားဖြတ်ဝင်လာသည်။

“စစ်ဆေးကြည့်လိုက်ပါ… အမှောင်အမှတ်အသား ရှိ၊မရှိ သတိထားဦး” လင်းရှန်က ညွှန်ကြားလိုက်သည်။

“နားလည်ပြီ”

နန်ကျင်းသည် ရှုချင်း၊ လုချန်နှင့် အခြားသူများနှင့်အတူ ချက်ချင်းပင် ရှာဖွေရေး စတင်လိုက်သည်။

မြူများ ဖုံးလွှမ်းနေသဖြင့် ရေနက်ဆိပ်ကမ်းတစ်ခုလုံးမှာ ပင်လယ်ပြင်ပေါ်တွင် မျောပါနေသည့် သံမဏိသင်္ဘောအိုကြီးတစ်စင်းအလား ချောက်ချားဖွယ်ရာ တိတ်ဆိတ်နေသည်။ ပလက်ဖောင်းများကြားတွင် ပင်လယ်ရေမှာ ဆီကွက်များဖြင့် ဖြည်းညှင်းစွာ စီးဆင်းနေပြီး ရံဖန်ရံခါတွင် လှိုင်းတံပိုးများမှာ သံချေးတက်နေသော တိုင်လုံးကြီးများကို ရိုက်ခတ်ကာ ပဲ့တင်သံအဖြစ် ပျံ့လွင့်နေတော့သည်။

“အောက်ခြေမှာ တစ်ခုခုရှိနေတာ သေချာတယ်”

ချန်ဆီရွှမ်က ရေဒါမျက်နှာပြင်ကို ကြည့်ရင်း လေသံနှိမ့်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ အဲဒါက သက်ရှိလား ဒါမှမဟုတ် တခြားအရာလားဆိုတာတော့ ခွဲခြားရခက်နေတုန်းပဲ”

လင်းရှန်က ထိန်းချုပ်ခန်း၏ ပြတင်းပေါက်မှတစ်ဆင့် ပြင်ပရှိ ထူထပ်လှသော မြူများကို ကြည့်လိုက်သည်။ အနန္တရထားသည် ဆိပ်ကမ်း၏ ဗဟိုချက်ဆီသို့ ဖြည်းညှင်းစွာ တိုးဝင်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ သံမဏိအဆောက်အအုံများက ပိုမိုကြီးမားထင်ရှားလာသည်။

Chapter 917

နတ်ဘုရားဖန်တီးမှု ၂

“ဗိုင်အိုလာ ရေအောက်ကင်မရာတွေကို ဖွင့်လိုက်”

လင်းရှန်က အမိန့်ပေးလိုက်သည်။

စက္ကန့်အနည်းငယ်အကြာတွင် ပင်လယ်ရေအောက်ရှိ ပုံရိပ်များမှာ မျက်နှာပြင်ပေါ်တွင် ဝေဝါးစွာ ပေါ်ထွက်လာသည်။ သံချေးတက်နေသော တိုင်လုံးကြီးများမှာ ရေနက်ပိုင်းအထိ နစ်ဝင်သွားကြပြီး ထိုတိုင်လုံးများကြားတွင် ထူးဆန်းသော အရာဝတ္ထုအချို့ ကပ်ညှိနေသည်ကို တွေ့ရသည်။

လင်းရှန်သည် ထိန်းချုပ်ခန်းကို ဖွင့်လိုက်ပြီး ချန်ဆီရွှမ်နှင့်အတူ စွမ်းအားဝတ်စုံများကိုယ်စီ ဝတ်ဆင်လျက် ရေနက်ဆိပ်ကမ်းပေါ်သို့ လှမ်းတက်လိုက်ကြသည်။ မြူခိုးများအောက်တွင် မြင်နိုင်စွမ်းကို အလွန်အမင်း ကန့်သတ်ခံထားရပြီး မီတာအနည်းငယ်အကွာအဝေးကိုပင် သဲသဲကွဲကွဲမမြင်ရပေ။

စွမ်းအားဝတ်စုံ၏ ရေဒါနှင့် လျှပ်စစ်အလင်းစကင်ဖတ်မှုများအောက်တွင် မြူခိုးများကြားရှိ အရာဝတ္ထုအမျိုးမျိုး၏ ပုံရိပ်လွှာများ ပေါ်ထွက်လာသည်။ ဆိပ်ကမ်းပလက်ဖောင်းတစ်ခုလုံးမှာ ခြောက်ကပ်နေပြီး ခြောက်သွေ့ပုပ်သိုးနေသော အလောင်းများမှာ ဟိုတစ်စ၊ ဒီတစ်စ ပြန့်ကျဲနေသည်။

လင်းရှန် သတိထားမိသည်မှာ ရိက္ခာရထားများနှင့် လေယာဥ်များအပါအဝင် လက်နက်ခဲယမ်းအားလုံးမှာ မည်သူမျှ မထိရသေးဘဲ အကောင်းတိုင်း ကျန်ရှိနေခြင်းပင်။ တိမ်းမှောက်နေသော ရထားတွဲများအတွင်းတွင်လည်း ရိက္ခာအမြောက်အမြား ကျန်ရှိနေသေးသည်။

“ဒီဆိပ်ကမ်းကို ဘယ်သူမှ မလာကြတာလား… ကြည့်ရတာ အနည်းဆုံး နှစ်လလောက် ရှိနေပြီပဲ”

လင်းရှန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ကျွန်မ ကျန်းယွမ်ကို မေးကြည့်တော့ တွင်းနက် လှုပ်ရှားမှုတွေ စတင်ကတည်းက ကမ္ဘာပျက်ကပ်ရထားအတော်များများဟာ သမုဒ္ဒရာလမ်းကြောင်းတွေကို အသုံးမပြုတော့ဘူးလို့ သိရတယ်။ အာရုဏ်ဦးမြို့တော် တိုက်ပွဲပြီးနောက်မှာတော့ အများစုက အာရုဏ်ဦးဗဟိုချက်ဆီကိုပဲ ဦးတည်နေကြတယ်။ ဖီးနစ်ကလည်း ဒီလမ်းကြောင်းကို မသုံးတော့တဲ့အတွက် ပင်လယ်လမ်းကြောင်းကို ပြုပြင်ထိန်းသိမ်းမှု မရှိတော့ဘူး… ဒါကြောင့် တခြားအဖွဲ့တွေလည်း ပင်လယ်ထဲ ထွက်ဖို့ မရဲကြတော့တာ ဖြစ်မယ်”

ချန်ဆီရွှမ်က ပြောသည်။

လင်းရှန်က ခေါင်းငြိမ့်လိုက်သည်။ မှန်ပေသည်… သာမန် ကမ္ဘာပျက်ကပ်ရထားအုပ်စုများအနေဖြင့် ပိုမိုဘေးကင်းသော ကုန်းလမ်းကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။ အကယ်၍ လင်းရှန်၏ လက်ထဲတွင် ကောင်းကင်အမိုးခုံးရထားသာ မရှိခဲ့ပါက သူသည်လည်း ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ အလွယ်တကူ စွန့်စားဝင်ရောက်မည်မဟုတ်ပေ။

ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် လင်းရှန်နှင့် ချန်ဆီရွှမ်တို့သည် ကုန်တင်ပလက်ဖောင်း၏ ရိက္ခာဂိုဒေါင်ဆီသို့ ဦးတည်လိုက်ကြသည်။ နားကြပ်အတွင်းမှတစ်ဆင့် အထက်ကောင်းကင်ယံရှိ ကီကီ၏ အသံ ထွက်ပေါ်လာသည်။

“လင်းရှန် ကျွန်မ အပေါ်ကနေ ကြည့်တာတော့ ဒီနေရာတစ်ခုလုံးက ပင်လယ်မြူတွေ ဖုံးလွှမ်းနေပြီး စွန့်ပစ်ထားတာ ကြာပြီလို့ ထင်ရတယ်။ အခြေအနေအရတော့ ထူးဆန်းတဲ့ သတ္တဝါတွေ ဒီမှာ ရှိနေခဲ့တာ သေချာတယ်”

“သတိထားကြ”

လင်းရှန်က ရိက္ခာဂိုဒေါင် တစ်ဝက်ခန့်ကို ပိမိထားသည့် ကြီးမားလှသော မိုးပျံ သတ္တဝါကြီး၏ အလောင်းကို ကြည့်ရင်း သတိပေးလိုက်သည်။

“ရှီဇီကို ကာကွယ်ပြီး ကောင်းကင်ကိုလည်း စောင့်ကြည့်ထားပါ”

“နားလည်ပါပြီ”

အနန္တရထား၏ အမှတ် ၃ ရထားတွဲအတွင်းတွင် သုတေသနလုပ်နေသော တင်းကျန်းရီသည် သွေးနွယ်ပင်၏ အမြစ်များမှာ အနည်းငယ် တွန့်လိမ်နေပြီး ဆူးတစ်ခုချင်းစီမှ အနီရောင်အလင်းများ ထွက်ပေါ်နေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။ သူမသည် ချက်ချင်းပင် အနားသို့သွားကာ သူမ၏ စွမ်းရည်ကို အသုံးပြု၍ အပြောင်းအလဲများကို အာရုံခံကြည့်လိုက်သည်။

တင်းကျန်းရီ မျက်မှောင်များ ကြုတ်သွားပြီး ရှောင်ယွမ်ကို အမြန်ခေါ်လိုက်သည်။

“ရှောင်ယွမ် ဒီမှာကြည့်ဦး”

ရှောင်ယွမ် အနားသို့ ရောက်လာသောအခါ သွေးနွယ်ပင်၏ နွယ်များမှာ သိသိသာသာပင် တစ်ဖက်သို့ တွန့်လိမ်နေပြီး မှန်ခန်း၏ အစွန်းဘက်သို့ လျင်မြန်စွာ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

“ဒါရိုက်တာတင်း ဒီကပ်ဘေးအပင်က တစ်ခုခုကို စမ်းသပ်ရှာဖွေနေသလိုပဲ”

“ငါလည်း အဲဒီလိုပဲ မြင်တယ်”

တင်းကျန်းရီက ပြန်ပြောကာ သွေးနွယ်ပင်ထည့်ထားသည် မှန်ခန်းကို မကာ ပြတင်းပေါက်ဘက်သို့ လှည့်လိုက်သည်။ သူမ လှည့်လိုက်သည့်အတိုင်း သွေးနွယ်ပင်မှာလည်း အညွန့်သစ်များကို လမ်းကြောင်းအသစ်ဘက်သို့ ဖြည်းညှင်းစွာ ပြောင်းလဲလိုက်ပြီး အကြည်ရောင် စိုက်ပျိုးခန်းအစွန်းတွင် ထပ်မံကပ်ညှိသွားပြန်သည်။ ထို့နောက် အညွန့်များမှာ တဂျိဂျိမြည်သံနှင့်အတူ လျင်မြန်စွာ ကြီးထွားလာသည်။

“တောင်ဘက်မှ တစ်ခုခု ရှိနေနိုင်တယ်...”

“အား”

တင်းကျန်းရီ စကားမဆုံးမီမှာပင် ရှောင်ယွမ်ထံမှ အော်သံထွက်ပေါ်လာသည်။ တင်းကျန်းရီ လှည့်ကြည့်လိုက်သောအခါ ရှောင်ယွမ်မှာ ပါးစပ်ကို လက်ဖြင့်အုပ်လျက် တုန်လှုပ်ခြောက်ခြားစွာဖြင့် ရထားပြတင်းပေါက် အပြင်ဘက်ရှိ ပလက်ဖောင်းဆီသို့ လက်ညှိုးထိုးပြနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူတို့နှစ်ဦးလုံး၏ မျက်နှာတွင် တုန်လှုပ်မှုများ ထင်ဟပ်လာသည်။

အနန္တရထားဆိုက်ကပ်ထားသည့် ပလက်ဖောင်း၏ ထူထပ်သော မြူနှင်းများကြားတွင် ပုံရိပ်တစ်ခုမှာ မည်သည့်အချိန်ကတည်းက ရောက်နေသည်မသိဘဲ တိတ်ဆိတ်စွာ ရပ်နေသည်။ ထိုပုံရိပ်မှာ လူနှင့်တူသော်လည်း အလွန်ရှည်လျားကာ အနည်းဆုံး သုံးမီတာခန့် မြင့်မားသည်။ ၎င်း၏ ခြေထောက်များမှာ နောက်ပြန်ကွေးနေသော ခွာများကဲ့သို့ဖြစ်ပြီး လက်မောင်းများမှာလည်း ရှည်လျားကာ တွဲလောင်းကျနေသည်။ အခြောက်ခြားဆုံးအချက်မှာ ၎င်း၏ ဦးခေါင်းမှာ တြိဂံပုံစံ ပွင့်အာနေပြီး ပွင့်ချပ်ကဲ့သို့ အပင်တစ်ပင်နှင့် ဆင်တူနေကာ အတွင်းပိုင်းမှာ သွေးကဲ့သို့ နီရဲနေခြင်းပင်။ ထိုတြိဂံပုံစံ ဦးခေါင်းမှာ တင်းကျန်းရီရှိရာဘက်သို့ လှုပ်ရှားမှုမရှိဘဲ စိုက်ကြည့်နေသဖြင့် ကြက်သီးထဖွယ် ကောင်းလှသည်။

ဝူး

ခဏအတွင်းမှာပင် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ အမှတ် ၅ ရထားတွဲ တံခါးမှာ ပွင့်သွားပြီး တာလို့၊ လော့ယန်နှင့် အခြားသူများမှာ ရှောင်ယွမ်၏ အသံကြောင့် တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ ပြေးထွက်လာကြသည်။ ချီလီသည် အမြန်နှုန်းကို အသုံးပြုကာ ပထမဆုံး ရောက်ရှိလာပြီး ထိုချောက်ချားဖွယ် လူသားပုံစံ သတ္တဝါကို မြင်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော ကန်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။

သို့သော် သူ၏ ပြင်းထန်သော ကန်ချက်က လေထဲတွင် ဝေ့ဝဲသွားပြီး ထိုမွန်းစတားသည် တစ်စက္ကန့်အတွင်း ကျုံ့ဝင်သွားကာ ထူးဆန်းသော ပုံရိပ်ယောင်တစ်ခုကိုသာ ချန်ရစ်လျက် မြူခိုးများအတွင်းသို့ လျင်မြန်စွာ ငုပ်လျှိုးပျောက်ကွယ်သွားသည်။

“ဘယ်ကို ပြေးတာလဲ”

ချီလီ ထူးဆန်းသွားသည်။ ထိုအရာမှာ အရှိန်မမြန်သကဲ့သို့ ထင်ရသော်လည်း သူ၏ ကန်ချက်မှာ လုံးဝလွဲချော်သွားသည်။ ထွက်ပြေးသွားသော ပုံရိပ်ယောင်ကို မြင်လိုက်ရသဖြင့် သူသည် ချက်ချင်းပင် နောက်မှ လိုက်သွားတော့သည်။

“တာလို့၊ လော့ယန် ရထားကို စောင့်ကြည့်ထားကြ။ ငါတို့ သွားကြည့်လိုက်ဦးမယ်”

ထိုအချိန်တွင် လင်းရှန်နှင့် ချန်ဆီရွှမ်တို့လည်း လျင်မြန်စွာ ရောက်ရှိလာကြသည်။ စွမ်းအားဝတ်စုံ၏ လှုပ်ရှားမှုစနစ်ကို အသက်သွင်းလိုက်သဖြင့် ဆိပ်ကမ်းပျက်များကြားတွင် လျင်မြန်စွာ သွားလာနိုင်ကြသည်။ တစ်ပြိုင်နက်တည်းမှာပင် အထက်ကောင်းကင်မှ ကီကီနှင့် ရှီဇီတို့လည်း အောက်သို့ ထိုးဆင်းလာကြသည်။

“လင်းရှန်… အဲဒီအရာဆီက ဝိညာဉ်တုန်ခါမှု လှိုင်းအတက်အကျကို မခံစားရဘူးလို့ ရှီဇီက ပြောနေတယ်”

“ဒါ ဘာလဲဆိုတာ ငါတို့ သိအောင်လုပ်ရမယ်”

လင်းရှန်က အရှိန်မြှင့်လိုက်သည်။ ထူးဆန်းသည့် သတ္တဝါများနှင့် ကြာမြင့်စွာ တိုက်ခိုက်ခဲ့ဖူးသဖြင့် မည်သည့် ထူးခြားသော လှုပ်ရှားမှုကိုမဆို လျှော့မတွက်ရန် သူ ကောင်းကောင်းသိထားသည်။ ထိုအရာများကို အပြီးသတ် မရှင်းလင်းနိုင်ပါက နောက်ပိုင်းတွင် ကြီးမားသော ဒုက္ခများ ဖြစ်လာနိုင်သောကြောင့်ပင်။

ရှေ့တွင် ရွှေရောင်အလင်းတန်းမှာ လျင်မြန်စွာ ဖြတ်သန်းသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ချီလီသည် ရေနံတူးစင်၏ ရေနက်ဆိပ်ကမ်း လက်တံပေါ်တွင် ဝေခွဲမရဟန်ဖြင့် ရပ်တန့်နေသည်ကို တွေ့ရသည်။

လင်းရှန်နှင့် အခြားသူများ ရောက်လာပြီး ချီလီဘက်သို့ လှည့်ကာ မေးလိုက်သည်၊၊

“ဘာဖြစ်တာလဲ”

“ထူးဆန်းတယ်… အဲဒီအရာက သိသိသာသာ အရှိန်မမြန်ဘူး…. ဒါပေမဲ့ ငါ လုံးဝ လိုက်မမှီဘူး...”

ချီလီက ကိုယ်ကိုကိုင်းလျက် စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်သည်။

“ဗိုင်အိုလာ”

[ရှိပါတယ်]

“ပစ်မှတ်ရဲ့ တည်နေရာကို ဖမ်းမိထားလား”

ဗိုင်အိုလာက အပေါ်မှ ခုန်ဆင်းလာပြီး လင်းရှန်၏ ဘေးတွင် ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။ သူမသည် ဆိပ်ကမ်း ဧရိယာတစ်ခုလုံးကို စကန်ဖတ်ကာ အမြန်စစ်ဆေးလိုက်သည်၊၊

[တည်နေရာ ဖမ်းယူလို့မရပါဘူး၊၊ သက်ရှိလက္ခဏာလည်း မတွေ့ရပါဘူး]

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ငါတို့အားလုံး အဲဒီအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်လေ”

ချန်ဆီရွှမ်က မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို လိုက်လံရှာဖွေလိုက်သော်လည်း ပစ်မှတ်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။

ကီကီသည် ရှီဇီနှင့်အတူ ကောင်းကင်မှ ဆင်းသက်လာပြီး ဝိညာဉ်လှိုင်းတန်ဖိုး တိုင်းတာကိရိယာကို ထုတ်ကာ ပြောလိုက်သည်။

“အမှောင်အမှတ်အသားတွေ မတွေ့ရသလို ကျွန်မတို့ ပတ်ပတ်လည်မှာလည်း ဘာလှုပ်ရှားမှုမှ မရှိဘူး။ အဖြူရောင်မြို့တော်ရဲ့ ဥမင်ထဲမှာ ကြုံခဲ့ရတဲ့ အခြေအနေမျိုးပဲ လင်းရှန်… ရှင်မှတ်မိလား”

All Chapters