← Chapters

အခန်း (၉၂၂-၉၂၃)

Vol. 53 Ch. 922-923

အခန်း (၉၂၂-၉၂၃)

Vol. 53 Ch. 922-923

Chapter 922

အဖွဲ့တစ်ခုလုံး ယန္တရားအဆင့်မြှင့်တင်ခြင်း ၁

“ကျွန်းပေါ်က အခြေအနေကတော့ သိပ်ကြည့်ကောင်းပုံမရဘူး’’

အနန္တရထားသည် ရပ်တန့်သွားပြီး အဖွဲ့ဝင်အားလုံး ယာဉ်ပေါ်မှ ဆင်းလာကြသည်၊၊ သူတို့သည် လူစုခွဲကာ နေရာအသီးသီး၌ ရပ်နေရင်း ကျွန်းအတွင်းသို့ သွယ်တန်းနေသည့် ဂြိုဟ်ပတ်ရထားလမ်းတံတားဘက်သို့ လှမ်းကြည့်လိုက်ကြသည်၊၊

“ဒီလူတွေက ပြည်မကြီးဘက်ကို ပြေးဖို့ ကြံနေကြတာလား’’

ရှုချင်းသည် ကားခေါင်မိုးပေါ်တွင် ရပ်နေရင်း စီတန်းနေသော ရုပ်အလောင်းများကို ကြည့်ကာ မပြောဘဲမနေနိုင် ဖြစ်သွားသည်၊၊

“သူတို့ အာရုဏ်ဦးမြို့တော်ဘက်ကို ပြေးဖို့ ကြိုးစားနေတာ ဖြစ်ရမယ်’’

ချန်ဆီရွှမ်က ဆက်ပြောသည်။

“ဒီဘက်ကို ဦးတည်လာမယ်ဆိုရင် တစ်ရက်အတွင်း ယုံကျန်းဆိပ်ကမ်းကို ရောက်နိုင်တယ်၊၊ အရှေ့ဘက်ကို သွားမယ်ဆိုရင်တော့ လမ်းမှာ ပင်လယ်အခြေစိုက်စခန်းတွေနဲ့ ရီပက်ဘလစ်ကန်ကျွန်းစုတွေ ရှိပေမဲ့ ပစိဖိတ်သမုဒ္ဒရာကို မိုင်ထောင်ချီ ဖြတ်ကျော်ရမှာဆိုတော့ အန္တရာယ်ပိုများနိုင်တယ်’’

“ဒါပေမဲ့ ဒီရထားတွေအားလုံးက ယုံကျန်းဆိပ်ကမ်းကနေလာတာ သိသာနေတာပဲ”

ကီကီက စိတ်ရှုပ်သွားသည်၊၊

“လမ်းကြောင်းပိတ်နေတာလား ဒါမှမဟုတ် သမုဒ္ဒရာလမ်းမှာ တစ်ခုခုချို့ယွင်းနေတာလား”

“ဖြစ်နိုင်ခြေ အများကြီးရှိတယ်’’

လုရှင်းချန်သည် မီးနတ်ဘုရားတစ်ပါးကဲ့သို့ ဆင်းသက်လာပြီး တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်၊၊

“ငါ ပတ်ဝန်းကျင် ဝေဟင်ကို ကင်းထောက်ကြည့်ပြီးပြီ၊၊ သက်ရှိအရိပ်အယောင် လုံးဝမရှိဘူး၊၊ ဒီနေရာက သေဆုံးနေတဲ့ မြို့ကြီးအတိုင်းပဲ”

ထို့နောက် သူက လင်းရှန်ကို ကြည့်လိုက်သည်၊၊

“အစ်ကိုလင်း၊၊ ကျွန်းကနေ ထွက်မယ့် ရထားလမ်းတွေကို ကြိုပြီး စစ်ဆေးထားရင် ပိုကောင်းမယ်ထင်တယ်”

လင်းရှန်က ခေါင်းညိတ်သည်၊၊

“ငါလည်း အဲဒီလိုပဲ စဉ်းစားထားတယ်”

“ပင်လယ်ကျောက်ဆောင်ကျွန်းဘက်ကို ရထားယာဉ်တန်း အတော်များများထွက်သွားပြီလို့ အရင်က ကြားဖူးတယ်၊၊ ဒီမှာက ရိက္ခာတွေ အများကြီးရှိသလို ပင်လယ်က ခြားနေတော့ ကုန်းလမ်းယာဉ်တန်းတွေလည်း မလာနိုင်ဘူး၊၊ ဒါကြောင့် ဒေသခံတွေနဲ့ ဂြိုဟ်ပတ်ရထားယာဉ်တန်းက လူတွေကလွဲရင် အသက်ရှင်ကျန်ရစ်သူ သိပ်မရှိနိုင်ဘူး”

ချီလီက ကားခေါင်မိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ရှေ့ရှိ ပိတ်ဆို့နေသော ရထားများကို ကြည့်ရင်း ပြောသည်၊၊

“ရထားတွေက ခိုင်ခံ့ပြီး ကျယ်ဝန်းပေမဲ့ ကန့်သတ်ချက်တွေလည်း အများကြီးရှိတယ်၊၊ မင်းတို့လို စိတ်စွမ်းအင်နဲ့ ယန္တရားစွမ်းအားရှင်တွေသာ မရှိရင် တကယ်ကို ခေါင်းခဲစရာပဲ”

“ကြည့်လိုက်လေ၊၊ ဒီရထားတွေက အဲဒီရဲ့ အကျိုးဆက်ပဲ”

ဝှစ်၊၊

ချိတ်ကြိုးတစ်ခု ပစ်လွင့်လာပြီး ရှောင်ချင်းနှင့် အားဖေးတို့သည် စွန့်ပစ်ထားသော ရထားခေါင်မိုးများပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ပြန်ပြေးလွှားလာကြသည်၊၊

“စစ်ဆေးကြည့်ရသလောက်တော့ သေဆုံးရတဲ့ အကြောင်းရင်းက သန္ဓေပြောင်းလို့ပဲ၊၊ အရင်ကလို ထူးဆန်းတဲ့ သတ္တဝါတွေတိုက်ခိုက်တာမျိုး မဟုတ်ဘူး၊၊ ဒါပေမဲ့ ဒါဟာ ထူးဆန်းတဲ့လူသားတစ်ယောက်ကြောင့်လား ဒါမှမဟုတ် စွမ်းအားရှင် ဓားပြတွေကြောင့်လားဆိုတာတော့ မသေချာဘူး”

အားဖေးက ခေါင်းညိတ်ပြီး ဆက်ပြောသည်၊၊

“ဒီပတ်ဝန်းကျင်နဲ့ ပင်လယ်ထဲမှာပါ ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုး အတက်အကျ ဒါမှမဟုတ် မိစ္ဆာအငွေ့အသက်မျိုး ကျွန်တော်မတွေ့မိဘူး”

“ကောင်းပြီ”

လင်းရှန်က ဗိုင်အိုလာကို ချက်ချင်း အမိန့်ပေးလိုက်သည်၊၊

“ဗိုင်အိုလာ၊၊ ဒရုန်းတွေကို ဦးဆောင်ပြီး အရှေ့ဘက်ကမ်းခြေထွက်ပေါက်အထိ ကင်းထောက်ပါ၊၊ ကိုယ်ပျောက်စနစ်သုံးပြီး လမ်းတစ်လျှောက်မှာ သတင်းအချက်အလက် ထုတ်လွှင့်စက်တွေ တပ်ဆင်ခဲ့ပါ”

[ဗိုင်အိုလာ နားလည်ပါပြီ]

လှပသော ဘဲလေးကချေသည် စက်ရုပ်တစ်ရုပ်သည် ပြဇာတ်ရုံမှ တစ္ဆေတစ်ကောင်ကဲ့သို့ ခုန်တက်သွားပြီး အလွန်ဖျတ်လတ်သော လှုပ်ရှားမှုများဖြင့် ဝေးကွာသော ရထားလမ်းဆီသို့ လျင်မြန်စွာ ပြေးထွက်သွားသည်၊၊ တစ်ချိန်တည်းမှာပင် ဗိုင်အိုလာ၏ ထိန်းချုပ်မှုအောက်ရှိ ရာနှင့်ချီသော ဒရုန်းများသည်လည်း အစီအစဉ်အတိုင်း ပျံသန်းသွားကြသည်၊၊

လင်းရှန် အချိန်ကို ကြည့်လိုက်သည်၊၊

၁၇:၂၀ နာရီ၊၊

ထို့နောက် ရှေ့ရှိ ပိတ်ဆို့နေသော တံတားကို ကြည့်လိုက်သည်၊၊

“မကြာခင် မှောင်တော့မယ်၊၊ ဒီညတော့ ပင်လယ်ကျောက်ဆောင်မြို့မှာပဲ နားကြမယ်၊၊ ပြီးမှ ဗိုင်အိုလာ၏ ကင်းထောက်မှုပေါ် မူတည်ပြီး နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာ စီစဉ်ကြတာပေါ့”

“ကပ္ပတိန်လင်း”

“နန်ကျင်းက ရှေ့သို့ တက်လာသည်။

“ကျွန်မတို့ ကင်းထောက်ဖို့ လူခွဲသင့်လား၊၊ အန္တရာယ်ရှိနိုင်မယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားလို့ရတာပေါ့”

လင်းရှန်က လေးနက်သောအမူယာဖြင့်ရှိနေသည်၊၊

“ငါလည်း အဲဒီလိုပဲ စီစဉ်ထားတယ်”

ထို့နောက် သူက အားလုံးဘက်သို့ လှည့်ကာ ပြောလိုက်သည်၊၊

“ငါတို့က အထူးအဖွဲ့ဖြစ်တဲ့အတွက် အလုပ်ခွဲလုပ်ကြမယ်၊၊ အဖွဲ့တစ်ဖွဲ့မှာ သုံးယောက်ကနေ လေးယောက်အထိ ပါမယ်၊၊ ကင်းထောက်ဖို့ဖြစ်ဖြစ် တိုက်ခိုက်ဖို့ဖြစ်ဖြစ် ပိုပြီး အချိတ်အဆက်မိမယ်”

“အကြံကောင်းပဲ’’

ချီလီက သဘောကျစွာ ရယ်မောလိုက်သည်၊၊

“ဒါဆို ကပ္ပတိန်လင်းပဲ စီစဉ်ပေးပါ”

လင်းရှန်က ခေါင်းညိတ်ပြီး နန်ကျင်းကို ကြည့်လိုက်သည်၊၊

“အစ်မနန်ဘက်မှာတော့ အားဖေးနဲ့ ရှောင်ချင်းတို့ပဲ အရင်လိုပဲ တွဲပေးမယ်၊၊ အားဖေးက တိုက်စစ်အားသန်တယ်၊၊ ရှောင်ချင်းက လျင်မြန်တယ်၊၊ အစ်မနန်ကိုယ်တိုင် ကြီးကြပ်ပေးမယ်ဆိုတော့ ငါ စိတ်ချပါတယ်’’

“အင်း’’ နန်ကျင်းက ခေါင်းညိတ်သည်၊၊

“ပထမအဖွဲ့က နန်ကျင်း၊ အားဖေးနဲ့ ရှောင်ချင်း၊၊ နန်ကျင်းက အဖွဲ့ခေါင်းဆောင်’’

“ဒုတိယအဖွဲ့က ချီလီ၊ လုချန်၊ ရှုချင်းနဲ့ လော့ယန်၊၊ မင်းတို့အားလုံးက လှုပ်ရှားမှု မြန်ပေမဲ့ အဝေးတိုက်စစ် အားနည်းတယ်၊၊ လော့ယန်က အဲဒီဟာကွက်ကို ဖြည့်ပေးလိမ့်မယ်’’

“တတိယအဖွဲ့ကိုတော့ မိုနီကာကို ဦးဆောင်စေချင်တယ်၊၊ ဒါ့အပြင် တာလို့၊ ရှားရှားနဲ့ ရူဂျီတို့ ပါမယ်၊၊ မိုနီကာက ကင်းထောက်တာ တော်သလို စွမ်းအားလွှမ်းမိုးမှုလည်း ကျယ်ပြန့်တယ်၊၊ တာလို့က ရှေ့တန်းကနေ ရင်ဆိုင်မယ်၊၊ ရှားရှားက ပစ်အားကူပေးပြီး ရူဂျီက ကောင်းကင်ကို စောင့်ကြည့်ကာကွယ်ပါ”

“အနန္တရထားအဖွဲ့ကတော့ ဆရာမချန်၊ မြောင်လုနဲ့ ရှောင်ယွမ်တို့ပဲ ဖြစ်မယ်၊၊ အနန္တရထားရဲ့ ပစ်အားကို သုံးပြီး ယာဉ်ကို စောင့်ကြပ်ပေးကြပါ၊၊ ဒါရိုက်တာတင်းနဲ့ ရှောင်ထန်းတို့လည်း ပါမယ်၊၊ သူတို့က အပြင်ထွက်ဖို့ မလိုတော့ မင်းတို့ရဲ့ အကာအကွယ်ကိုပဲ အားကိုးရမှာပဲ’’

ထိုစကားကို ကြားသောအခါ ချန်ဆီရွှမ်က ခေါင်းညိတ်လိုက်သည်၊၊

“နားလည်ပြီ၊၊ စိတ်ချပါ’’

“ဟေး ခဏလေး၊၊ ကျွန်မကရော’’ ကီကီက ဝင်ပြောသည်၊၊

လင်းရှန်က ဆက်ပြောသည်၊၊

“မင်းရယ်၊ ရှီဇီရယ်၊ ငါရယ်က တစ်ဖွဲ့ပဲ၊၊ ရှီဇီက ကင်းထောက်နိုင်တယ်၊၊ ငါတို့နှစ်ယောက်နဲ့ဆိုရင် ပြဿနာတော်တော်များများကို ဖြေရှင်းနိုင်လိမ့်မယ်”

“အစ်ကိုလင်း’’

လုရှင်းချန်သည် ကောင်းကင်မှ ဆင်းသက်လာပြီး စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်၊၊

“အစ်ကိုလင်း၊၊ ငါ့ကို မေ့နေတာလား”

“မင်းလည်း အဖွဲ့ထဲ ဝင်ချင်လို့လား”

လင်းရှန်က ပြန်မေးသည်၊၊

“ဒါပေါ့’’

လုရှင်းချန်က အားလုံးကို ဝေ့ကြည့်လိုက်ရာ လူတိုင်းက သူ့ကို ကြည့်နေကြသည်ကို တွေ့သောအခါ ချက်ချင်းပင် ပြောလိုက်သည်၊၊

“ငါက နေပူစာလှုံရတာ ကြိုက်ပေမဲ့ လူသားမျိုးနွယ် ပျက်သုဉ်းမယ့်အန္တရာယ်က လူတိုင်းရဲ့ တာဝန်ပဲလေ၊၊ ငါက မီးနတ်ဘုရားရဲ့ ပုံရိပ်ဖြစ်တဲ့အတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ရမှာပေါ့”

“မှန်တာပေါ့’’

မာရှောင်ထန်းက တံခါးကြားမှ ခေါင်းပြူထွက်လာသည်၊၊

“ဆရာ၊၊ ကျွန်တော်လည်း လိုက်မယ်လေ”

“သွားစမ်းပါ’’

လုရှင်းချန်က တစ်ချက်စိုက်ကြည့်လိုက်သဖြင့် မာရှောင်ထန်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဝင်သွားရသည်၊၊

“ကောင်းပြီ’’

လင်းရှန်က လုရှင်းချန်ကို ကြည့်ကာ ပြုံးလိုက်သည်၊၊

“မင်း ဘယ်အဖွဲ့ထဲ ဝင်ချင်လဲ’’

လုရှင်းချန်က လူတိုင်းကို တစ်ချက်ဝေ့ကြည့်ပြီး လင်းရှန်ကို ရဲရဲဝံ့ဝံ့ မေးလိုက်သည်၊၊

“အစ်ကိုလင်း၊၊ ဘယ်အဖွဲ့က အန္တရာယ်အများဆုံးလဲ’’

“ကျွတ် ကျွတ်’’

လုရှင်းချန်၏ စကားကို ကြားသောအခါ နန်ကျင်းဘေးရှိ ရှောင်ချင်းက မျက်စောင်းထိုးလိုက်မိသည်၊၊

“ကောင်းပြီ၊၊ ဒါဆို ငါ ပထမအဖွဲ့ထဲ ဝင်မယ်’’

ရှောင်ချင်း၏ လှောင်ပြောင်သော အသံကို ကြားလိုက်ရသော်လည်း လုရှင်းချန်က ချက်ချင်းပင် ပြတ်သားစွာ တုံ့ပြန်လိုက်သည်၊၊

ထိုအချိန်တွင် ရှောင်ချင်းက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သော်လည်း လုရှင်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ မြင့်မြတ်သော ဟန်ပန်ဖြင့် သူမ၏ အကြည့်ကို ရှောင်ဖယ်လိုက်သည်၊၊ သူက သူမကို တမင်သက်သက် ရန်စနေပုံရသည်၊၊

လင်းရှန်က ပြုံးလိုက်သည်၊၊

“ကောင်းပြီ၊၊ ဒါဆို အစ်မနန်ရဲ့ အဖွဲ့ထဲ ဝင်လိုက်ပေါ့”

“ဒါနဲ့’’ လင်းရှန်က အားလုံးကို ဝေ့ကြည့်လိုက်သည်၊၊

“ငါတို့က အထူးအဖွဲ့ဖြစ်တဲ့အတွက် ယန္တရားစွမ်းအားရှင်တစ်ယောက်အနေနဲ့ ငါ့အဖွဲ့အတွက် ကိရိယာတချို့ ပြင်ဆင်ထားပေးတယ်”

ထိုသို့ပြောပြီးနောက် သူသည် လက်ကို မြှောက်လိုက်ရာ ကောင်းကင်၌ ကြီးမားသော ယန္တရားတံခါးကြီးတစ်ခု ဖြည်းညှင်းစွာ ပွင့်လာသည်၊၊ ထူးခြားသော ပုံစံကိုယ်စီနှင့် အားကောင်းသည့် စွမ်းအင်များ ထွက်ပေါ်နေသော စူပါတိုက်ပွဲဝင် ဝတ်စုံများသည် ပျံသန်းထွက်ပေါ်လာပြီး လူတိုင်း၏ရှေ့တွင် တိုက်ရိုက်ဆင်းသက်လာကြသည်၊၊

Chapter 923

အဖွဲ့တစ်ခုလုံး ယန္တရားအဆင့်မြှင့်တင်ခြင်း ၂

၎င်းတို့ကို မြင်သောအခါ လူတိုင်း၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားကြသည်၊၊ အကြောင်းမှာ ထိုချပ်ဝတ်တန်ဆာများအားလုံးသည် တန်ဖိုးကြီးမားသော ကြယ်တာရာအဆင့် ချပ်ဝတ်တန်ဆာများဖြစ်ကြပြီး လက်ရှိလူသားတို့၏ စွမ်းအားဝတ်စုံ နည်းပညာတွင် အမြင့်ဆုံးအဆင့်ဟု ဆိုနိုင်သောကြောင့်ဖြစ်သည်၊၊ တစ်စုံချင်းစီတွင် အဏုမြူအေးခဲနျူကလီးယားစွမ်းအင်သုံး အင်ဂျင်များ တပ်ဆင်ထားပြီး အလုံပိတ် အသက်ကယ်စနစ်နှင့် ပျံသန်းမှု တွန်းကန်စနစ်များလည်း ပါဝင်သည်၊၊ ထို့အပြင် ကာကွယ်ရေး ပစ္စည်းများမှာလည်း ထိပ်တန်းအဆင့်ဖြစ်ပြီး ပေါက်ကွဲဒဏ်ခံ ကျည်ကာစနစ်နှင့် ဖိအားဒဏ်ခံနိုင်ရည် စွမ်းအားများပါရှိသည်၊၊

“ဝိုး၊၊ ရှင် အများကြီး လုပ်ထားတာပဲ’’

ကီကီက ၎င်းတို့ကို ကြည့်ကာ အံ့အားသင့်နေသည်၊၊

“ဒါတွေက ကျွန်မတို့ တစ်ယောက်ချင်းစီအတွက် သီးသန့်လုပ်ထားတာလား”

“အဲဒီလိုပဲ ပြောရမှာပေါ့’’

လင်းရှန်က ပြန်ဖြေသည်၊၊

“အဖွဲ့ဝင် တစ်ယောက်ချင်းစီရဲ့ အခြေအနေနဲ့ စွမ်းအားတွေကို ထည့်သွင်းစဉ်းစားပြီး ပြုပြင်မွမ်းမံထားတယ်၊၊ အာရုဏ်ဦးမြို့တော်ကနေ ထွက်လာကတည်းက ဒါတွေကို ငါ ပြင်ဆင်နေခဲ့တာပဲ”

“တကယ့်ကို ကြီးမားတဲ့ အရင်းအမြစ်သုံးစွဲမှုပဲ’’

နန်ကျင်းက အံ့ဩမဆုံး ဖြစ်နေသည်၊၊

“ယန္တရားစွမ်းအားရှင်ဆိုတော့လည်း ထုံးစံအတိုင်းပဲပေါ့’’ ချီလီကလည်း ဝင်ပြောသည်၊၊

“ငါ အကျဉ်းချုပ် မိတ်ဆက်ပေးပါရစေ’’

“အားဖေး၊၊ မင်းက ဒီဝတ်စုံကို ဝတ်ပါ’’

လင်းရှန်သည် အထူးပြုပြင်ထားသော အနက်ရောင် စွမ်းအားဝတ်စုံကို အားဖေးဘေးတွင် ချပေးလိုက်သည်၊၊

“ဒီဝတ်စုံက မင်းရဲ့ လေဆာမျက်လုံးအတွက် အထူးဒီဇိုင်းထုတ်ထားတာဆိုတော့ ဒါကို ဝတ်ထားရင်းနဲ့ပဲ မင်းရဲ့စွမ်းအားကို သုံးလို့ရမယ်၊၊ ကာကွယ်ရေးနဲ့ လှုပ်ရှားမှုက F-အဆင့်အထိ ရှိနိုင်သလို မင်းရဲ့ အာရုံခံစားမှုကိုလည်း မြှင့်တင်ပေးနိုင်တယ်၊၊ မင်း ဒါကို ကျင့်သားရသွားရင် နောင်မှာ တစ်ယောက်တည်း သီးသန့်လှုပ်ရှားနိုင်တဲ့အခြေအနေအထိ ဖြစ်လာလိမ့်မယ်’’

“အာ’’

အားဖေးသည် သူ့ရှေ့ရှိ အထူးစွမ်းအားဝတ်စုံကို ကြည့်ကာ အံ့အားသင့်သွားပြီး လင်းရှန်၏ စကားကို ကြားသောအခါမှ အလျင်အမြန် နားလည်သွားသည်၊၊ သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာပြီး ခေါင်းကို အမြန်ငြိမ့်ကာ ပြောသည်၊၊

“ကောင်းပါပြီ၊၊ တကယ်ကို ကောင်းပါတယ်၊၊ ဟုတ်ကဲ့... ကျွန်တော်...’’

သူသည် အားလုံးကို အနည်းငယ် တုန်လှုပ်စွာ ကြည့်လိုက်ပြီး စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်၊၊

“ကျွန်တော် အများကြီး ကူညီပေးနိုင်မှာပါ”

“မင်းက အခုလည်း အများကြီး ကူညီပေးနေတာပဲလေ’’ လင်းရှန်က ညင်သာစွာပြုံးလိုက်သည်၊၊

“ဒါကို ပေးတာက မင်း ပိုပြီး ဘေးကင်းအောင်လို့ပါ”

အားဖေးက ထပ်ကာတလဲလဲ ခေါင်းညိတ်ပြီး သူ့မျက်မှန်ကို ဖြည်းဖြည်းချင်း ချွတ်ကာ ဖြူဖျော့သော မျက်လုံးများဖြင့် စွမ်းအားဝတ်စုံကို ကြည့်နေရင်း အသက်ရှူသံများ ပြင်းထန်လာသည်၊၊

“ရှောင်ချင်း၊၊ မင်းကတော့ ဒီ Phantom 01 ကို ယူလိုက်၊၊ သူ့ရဲ့ ကာကွယ်ရေးက ပုံမှန်ပဲဆိုပေမဲ့ လှုပ်ရှားမှုကတော့ အလွန်အားကောင်းတယ်၊၊ အားကောင်းတဲ့ တွန်းကန်အား ကိရိယာ ၄ခု ထပ်ဖြည့်ပေးထားလို့ မင်းနဲ့ အဆင်ပြေမှာပါ’’

“ကျေးဇူးပဲ၊၊ ကျွန်မကလည်း လေးလံတဲ့ အနှောင်အဖွဲ့တွေကို သိပ်မလိုချင်ဘူး’’

ရှောင်ချင်းက လင်းရှန်ကို ကြည့်လိုက်ပြီး သူမ၏ အေးစက်သော မျက်နှာထက်တွင် ကျေးဇူးတင်သည့် အရိပ်အယောင်တချို့ ပေါ်လာသည်၊၊ သူမသည် တုံ့ဆိုင်းနေဘဲ လုရှင်းချန်ကို ကျော်ဖြတ်ကာ စတိုင်ကျသော စွမ်းအားဝတ်စုံကို လက်ခံလိုက်သည်၊၊

ထို့နောက် လင်းရှန်က နန်ကျင်းကို ပြောသည်၊၊

“အစ်မနန်အတွက်ကတော့ Executor X1 ပေါ့၊၊ ဒါက Executor X0 ကို အခြေခံပြီး ပြုပြင်ထားတာ၊၊ အစ်မနန်ရဲ့ ခွန်အားက ကြီးမားတာကြောင့် လက်မောင်းချပ်ကာနဲ့ တုန်ခါမှုဒဏ်ခံစနစ်တွေကို အများကြီးပြောင်းလဲထားပေးတယ်’’

နန်ကျင်း၏ မျက်လုံးများ တောက်ပသွားသည်၊၊ သူမ ချက်ချင်း ခေါင်းညိတ်လိုက်သည်၊၊

“အရမ်းကောင်းတယ်… ငါအကြိုက်ဆုံး ပုံစံပဲ”

“အို... လင်းရှန်၊၊ မင်းက ငါတို့အားလုံးကို တပ်ဆင်ပေးဖို့ စီစဉ်ထားတာလား’’

ချီလီက ကားခေါင်မိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်ရင်း စပ်စုလိုက်သည်၊၊

“ငါ့အတွက်ရော ရှိလား’’

“ရှိတာပေါ့’’

လင်းရှန်က ခေါင်းညိတ်ပြသည်၊၊

“ရူဂျီကလွဲရင် လူတိုင်းအတွက် ငါ တစ်စုံစီ လုပ်ပေးထားတယ်’’

သူသည် လူအုပ်နောက်နားရှိ ရူဂျီကို လှည့်ကြည့်ကာ ပြုံးပြလိုက်သည်၊၊

“မင်း ဝတ်ထားတာက ရှင်းဂျီက မင်းအတွက် သီးသန့်လုပ်ပေးထားတာဆိုတော့ ငါ ထပ်မပြင်ဆင်ပေးတော့ဘူး၊၊ ဒါပေမဲ့ တစ်ခုခုပျက်စီးတာပဲဖြစ်ဖြစ် အဆင့်မြှင့်ချင်တာပဲဖြစ်ဖြစ် ရှိရင် ငါ လုပ်ပေးနိုင်ပါတယ်’’

ရူဂျီက ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်ပြသည်၊၊

“ချီလီ၊၊ ခဗျားက နောက်မှ ရှုချင်း၊ လုချန်တို့နဲ့ တစ်ဖွဲ့တည်း တွဲရမယ်’’

လင်းရှန်က ချီလီကို ပြောသည်၊၊

“ခဗျားရဲ့ အရှိန်က အရမ်းမြန်တော့ နာနိုမီတာ Starry Sky T1 ကိုပဲ သုံးလို့ရမယ်၊၊ သူ့ရဲ့ အားသာချက်က လိုက်လျောညီထွေရှိမှု မြင့်မားတာပဲ၊၊ စွမ်းအင်အဆင့်က နည်းနည်းနိမ့်ပေမဲ့ ကုန်း၊ ရေ၊ လေ သုံးနိုင်လို့ ပြဿနာမရှိပါဘူး’’

ထိုသို့ပြောရင်း သူသည် ချီလီနှင့် လုချန်တို့ရှေ့တွင် ဝတ်စုံ နှစ်စုံကို ချပေးလိုက်သည်၊၊

“လုချန်၊၊ မင်းနဲ့ ချီလီရယ်၊ ငါရယ်က ဒီ Starry Sky T1 ကိုပဲ သုံးကြမယ်၊၊ ဒါက အလွန်ဉာဏ်ရည်မြင့်တယ်၊၊ မင်းရဲ့ လက်နက်ကိုလည်း ပလာစမာ စုစည်းမှုကိရိယာအဖြစ် အဆင့်မြှင့်ပေးထားတယ်၊၊ စွမ်းအားအရမ်းကြီးလို့ သတိထားသုံးပါ”

“သောက်ရမ်းမိုက်တယ်”

လုချန်၏ မျက်လုံးများ တောက်ပသွားသည်၊၊

“ကျေးဇူးပဲ… ကပ္ပတိန်လင်း”

ချီလီသည် သူ့ရှေ့ရှိ စွမ်းအားဝတ်စုံကို ကြည့်ကာ ပြုံးစိစိဖြင့် လင်းရှန်ကို မေးသည်၊၊

“အဲဒီထဲမှာ အဲကွန်းနဲ့ ရေမွှေးစနစ်ကော ပါလား’’

“ပါတာပေါ့’’

“မိုက်တယ်”

ချီလီက ကျေနပ်စွာဖြင့် လက်ခံလိုက်သည်၊၊

“ရှုချင်း၊ ဆရာမချန်၊ မြောင်လု၊ ရှောင်ယွမ်နဲ့ ကီကီတို့အတွက်တော့ Executor X0 စံနှုန်းအတိုင်း ပြင်ဆင်ထားပေးတယ်၊၊ ကီကီရဲ့ ဝတ်စုံကလွဲရင် ကျန်တဲ့သူတွေအားလုံးကတော့ မင်းတို့ရဲ့ ဆင့်ကဲပြောင်းလဲမှု လက္ခဏာတွေနဲ့ စွမ်းအားတွေအပေါ် မူတည်ပြီး အဆင့်မြှင့်ထားတယ်၊၊ ရှုချင်းရဲ့ ဝတ်စုံမှာ လှုပ်ရှားမှုနဲ့ ကာကွယ်ရေးကို မြှင့်တင်ထားသလို ဘက်စုံပစ်အားစနစ်လည်း ထည့်ပေးထားတယ်၊၊ ဆရာမချန်နဲ့ မြောင်လုတို့ကျတော့ ရန်သူကို အာရုံခံနိုင်စွမ်းကို အဓိကမြှင့်တင်ထားတယ်၊၊ ရှောင်ယွမ်ရဲ့ ဝတ်စုံမှာတော့ အနန္တရထားရဲ့ အဝေးထိန်း ပစ်ခတ်စနစ်ကို ထည့်သွင်းပေးထားတယ်၊၊ ဘာလို့လဲဆိုတော့ မင်းရယ်၊ မြောင်လုရယ်၊ ဆရာမချန်ရယ်က အနန္တရထားကို ဗဟိုပြုပြီး လှုပ်ရှားရမှာဖြစ်သလို ဒါရိုက်တာတင်းကို ကာကွယ်ပေးဖို့ တာဝန်ရှိလို့ပဲ၊၊ ဒါကြောင့် အနန္တရထားရဲ့ တိုက်ခိုက်ရေးကို မင်းနဲ့ ရှားရှားက တာဝန်ယူရမှာဖြစ်ပြီး ဆရာမချန်နဲ့ မြောင်လုတို့ကတော့ စနိုက်ပါပစ်ဖို့ တာဝန်ယူရမယ်၊၊ ပုံမှန်အခြေအနေမှာတော့ မင်းတို့ ကင်းထောက်ဖို့ အပြင်ထွက်စရာ မလိုဘူး’’

“ကီကီ၊၊ မင်းအတွက်ကျတော့ Executor X0 ကို အခြေခံပြီး နာနိုမီတာ နည်းပညာတွေ ထပ်ပေါင်းထည့်ထားတယ်၊၊ ဒါက မင်းရဲ့ ကျွမ်းကျင်မှုတွေနဲ့ ပေါင်းစပ်လိုက်ရင် ပြုပြင်ထိန်းသိမ်းရေးမှာရော၊ တိုက်ခိုက်ရေးမှာရော အများကြီး အထောက်အကူပြုလိမ့်မယ်’’

ချန်ဆီရွှမ်က ခေါင်းညိတ်လိုက်သည်၊၊

“ရှင်က တကယ်ကို အစအဆုံး စဉ်းစားထားတာပဲ”

“ဆရာမချန်၊၊ မင်းရဲ့ Meteor-3 ကိုလည်း လဲသင့်ပြီ”

လင်းရှန်က သူမကို ကြည့်ကာ ပြုံးလျက် လက်ဖျစ်တစ်ချက် တီးလိုက်သည်၊၊ ရုတ်တရက် ဒရုန်းနှစ်စင်းသည် ငွေရောင်စနိုက်ပါရိုင်ဖယ်တစ်လက်ကို သယ်ဆောင်လာပြီး ချန်ဆီရွှမ်ရှေ့၌ ဖြည်းညှင်းစွာ ဆင်းသက်လာသည်၊၊

“ဒါကို ညမုဆိုးလို့ ခေါ်တယ်၊၊ ရှင်းဂျီက အသံတိတ်မုဆိုးလေကြောင်းရန်ကာကွယ်ရေး လက်နက်နဲ့ ပလာစမာ ထိန်းချုပ်ကိရိယာကို ပေါင်းစပ်ပြီး လုပ်ထားတာကို ငါ ထပ်ပြီး ပြုပြင်ထားတာပဲ၊၊ ဒီလက်နက်က လေဆာထက် ပိုစွမ်းအားကြီးပြီး လက်ကိုင် လျှပ်စစ်အမြောက်လို့တောင် သတ်မှတ်လို့ရတယ်၊၊ ဒါပေမဲ့ ဒါက စွမ်းအင်လက်နက်ဖြစ်တဲ့အတွက်ကြောင့် နောက်ကန်အားတော့ မရှိဘူး’’

“ဒါပေမဲ့...’’

ချန်ဆီရွှမ်သည် သူမရှေ့ရှိ ကြီးမားလှသော စနိုက်ပါရိုင်ဖယ်ကို ကြည့်ကာ အံ့အားသင့်နေသည်၊၊ ၎င်း၏ အလျားမှာ နှစ်မီတာနီးပါးရှိရာ သေနတ်ဟုပင် ခေါ်ရန် ခက်ခဲလှသည်၊၊

၎င်းမှာ စစ်သင်္ဘောပေါ်ရှိ အမြောက်တစ်လက်နှင့် ပိုတူနေသည်၊၊

“ဒါက သေနတ်လား’’

“အဲဒီလိုပဲ ပြောရမှာပေါ့’’

All Chapters