← Chapters

အခန်း (၉၂၆-၉၂၇)

Vol. 53 Ch. 926-927

အခန်း (၉၂၆-၉၂၇)

Vol. 53 Ch. 926-927

Chapter 926

နေ့ဘက် လှည့်လည်ခြင်း ၂

ယခုအခါ အနန္တရထားသည် ဆက်သွယ်ရေးသံလမ်းအတိုင်း ဖြည်းညှင်းစွာ မောင်းနှင်ဝင်ရောက်လာရာ ကမ်းခြေရေပြင်တွင် အမှိုက်သရိုက်များ မျောပါနေပြီး ကမ်းခြေတစ်လျှောက်တွင်လည်း အလောင်းအစိတ်အပိုင်းများ ပြန့်ကျဲနေသည်။ မြို့တစ်မြို့လုံး ပျက်စီးယိုယွင်းနေပုံက ရင်ထဲတွင် အထီးကျန်ဆွေးမြည့်မှုကို ဖြစ်ပေါ်စေသည်။

“အာရုဏ်ဦးမြို့တော်သာမရှိရင် ဒီကမ္ဘာပေါ်မှာ လူတွေသိပ်မကျန်တော့ဘူးဆိုတာ ငါတို့ မေ့တောင်မေ့သွားကြမှာပဲ”

လင်းရှန်က ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် ချန်ဆီရွှမ်ကို ပြောလိုက်သည်။

“အပြာရောင်ဂြိုလ်က အရမ်းကျယ်တာကိုး။ လူသန်းပေါင်းများစွာဆိုတာ ဒီလောက်ကျယ်ပြန့်တဲ့နေရာမှာ ဘာမှမဟုတ်တော့ဘူး။ မြို့တွေအများကြီးကလည်း လူသူကင်းမဲ့ပြီး အကုန်လုံး ဒီလိုပုံစံတွေချည်းပဲ ဖြစ်နေတာလေ”

ချန်ဆီရွှမ်က အနန္တရထား၏ ထိန်းချုပ်ခန်းထဲတွင် ရပ်နေရင်း ပြန်ပြောသည်။

လင်းရှန်က သက်ပြင်းချလိုက်သည်၊၊

“တစ်နှစ်တောင်မပြည့်သေးဘူး။ ပါမောက္ခဂျင်က ပထဝီသင်ခန်းစာမှာ သင်ဖူးတာ ငါမှတ်မိသေးတယ်။ အကယ်၍ လူသားတွေ မျိုးတုံးသွားခဲ့ရင် နှစ်ပေါင်း ၂၀၀ အတွင်းမှာ မိုးမျှော်တိုက်ကြီးတွေ အကုန်ပြိုကျသွားမယ်။ နှစ်ပေါင်း ၁၀၀၀ အတွင်းမှာ အုတ်နဲ့ ကွန်ကရစ် အဆောက်အအုံတွေဟာ အပျက်အစီးပုံတွေ ဖြစ်သွားမယ်။ နှစ်ပေါင်း ၁၀၀၀၀ ကြာရင်တော့ ကျောက်သားနဲ့လုပ်ထားတဲ့ အထင်ကရ အဆောက်အအုံတွေတောင် ပုံရိပ်လောက်ပဲ ကျန်တော့မယ်။ ပလတ်စတစ်နဲ့ ဖန်ထည်တွေလို ဖျက်ဆီးဖို့ခက်တဲ့ အရာတွေတောင် နှစ်ပေါင်းတစ်သန်းလောက်ဆိုရင် ပျောက်ကွယ်သွားလိမ့်မယ်။ နှစ်သန်းပေါင်းတစ်ရာလောက် ကြာသွားရင်တော့ အာကာသအမှိုက်တွေနဲ့ နျူကလီးယားစွန့်ပစ်ပစ္စည်းတွေတောင် ရှိတော့မှာမဟုတ်ဘူး...”

“ဒါပေမဲ့ နှစ်သန်းတစ်ရာဆိုတာ အပြာရောင်ဂြိုလ်အတွက်ဖြစ်ဖြစ်… စကြဝဠာ အတိုင်းအတာနဲ့ကြည့်ရင်ဖြစ်ဖြစ် ခဏတာပါပဲ”

ကီကီက ဝင်ပြောလိုက်သည်။

“လာပြန်ပြီ။ ကျွန်မတို့က ခဏလောက် ငှားရမ်းနေထိုင်နေရတဲ့ သက်တမ်းမှာ တစ်ရက်ပိုနေရတာတောင် အမြတ်ပဲ မဟုတ်ဘူးလား။ နှစ်သန်းတစ်ရာဆိုတာ ကျွန်မတို့ စိုးရိမ်နေရမယ့်အရာလား”

ချန်ဆီရွှမ်ကလည်း ထပ်ပြောသည်၊၊

“ကျွန်မပိုပြီး စိတ်ပူနေတာက ဒီည မှောင်သွားပြီးရင် ဒီမှာ အခြေအနေတွေ အဆင်ပြေပါ့မလားဆိုတာပဲ။ ဒါက ကျွန်မတို့ ပင်လယ်ထဲကို ထွက်လာပြီးနောက်ပိုင်း ပထမဆုံးညလေ။ အန္တရာယ်ကို ကြိုတင်သတိထားဖို့က အရေးကြီးတယ်”

“ဟုတ်တယ်… မင်းပြောတာ မှန်ပါတယ်”

လင်းရှန်က အနည်းငယ်ပြုံးလိုက်သည်။ ထိုစဉ် ဒရုန်းအုပ်စုက ဆက်သွယ်ရေးဆိပ်ကမ်းရှိ သံလမ်းဘူတာအတွင်းသို့ ပျံသန်းဝင်ရောက်သွားပြီး သံသယဖြစ်ဖွယ် ပစ်မှတ်များကို စတင်ရှာဖွေနေကြသည်။ မကြာမီမှာပင် လင်းရှန်နှင့် ကီကီတို့ လမ်းရှင်းပေးထားမှုကြောင့် အနက်ရောင် ကမ္ဘာပျက်ကပ်ရထားကြီးက သံလမ်းဘူတာအတွင်းသို့ တိုက်ရိုက်မောင်းနှင်ဝင်ရောက်လာသည်။

ဤလုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် သူ၏ ဒရုန်းအုပ်စုသည် သံလမ်းဘူတာအတွင်း အပြင်ရှိ နေရာအနှံ့အပြား၊ ပလက်ဖောင်း၊ ခန်းမနှင့် လမ်းကြောင်းတိုင်းကို မလွတ်တမ်း စကင်ဖတ်စစ်ဆေးခဲ့သည်။ အရင်က လင်းရှန် နေရာသစ်တစ်ခုသို့ ပထမဆုံးရောက်စဉ်က လူအများအပြားကို အလှည့်ကျ ကင်းစောင့်ခိုင်းခဲ့ရသော်လည်း ယခုအခါတွင်မူ သူ၏ စောင့်ကြည့်ရေးစနစ်က ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားနိုင်သဖြင့် လုံခြုံရေးမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

ပင်လယ်ကျောက်ဆောင်ကျွန်း သံလမ်းဘူတာသည် တစ်ချိန်က နိုင်ငံတကာအဆင့်မီ သံလမ်းဘူတာကြီးတစ်ခု ဖြစ်ခဲ့သည်။ ဂြိုဟ်ပတ်ရထားလမ်း ပင်လယ်ပိုင်းနှင့် ချိတ်ဆက်ပြီးနောက်တွင် ခရီးသည်နှင့် ကုန်စည်စီးဆင်းမှုမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် မြင့်မားခဲ့ပြီး ပင်လယ်ကျောက်ဆောင်ကျွန်း အနောက်ဘက်ဆိပ်ကမ်းကို အလွန်စည်ကားစေခဲ့သည်။ ယခုမူ ပလက်ဖောင်းလမ်းကြောင်း ဒါဇင်ပေါင်းများစွာမှာ လူသူကင်းမဲ့နေပြီး နေဝင်ချိန်အလင်းတန်းများသည် ဘူတာရုံ၏ မှန်နံရံကြီးများမှတစ်ဆင့် ပလက်ဖောင်းပေါ်သို့ အပိုင်းအစများအဖြစ် ဖြာကျနေသည်။ အဆောက်အအုံ အပေါ်ပိုင်းရှိ ပျက်စီးနေသော အပေါက်အပြဲများမှာ တိုက်ခိုက်မှုများစွာ ခံခဲ့ရသည်ကို ပြသနေပြီး သံလမ်းပေါ်တွင်လည်း ဖန်ကွဲစများ ပြန့်ကျဲနေသည်။

အနန္တရထား ရပ်တန့်သွားပြီးနောက် လင်းရှန်သည် သံမဏိဒိုင်းကာ ဒရုန်းတစ်ခုပေါ်သို့ တက်လိုက်ပြီး ၎င်းကိုစီးလျက် အပေါ်သို့ တက်သွားသည်။ သံလမ်းဘူတာအပေါ်ပိုင်းရှိ ပျက်စီးနေသောအပေါက်မှတစ်ဆင့် အပြာရောင်မှန်နံရံ၏ အထိပ်သို့ ရောက်ရှိသွားသည်။ ထို့နောက် သံမဏိယက်မများရှိသော နေရာကို ရှာဖွေကာ လက်ကိုမြှောက်လျက် အနန္တရထား၏ အချက်ပြစနစ် လွှမ်းခြုံမှုဧရိယာ ပိုမိုကျယ်ပြန့်စေရန် အချက်ပြတာဝါတိုင်ငယ်တစ်ခုကို စတင်တည်ဆောက်လိုက်သည်။ ဗိုင်အိုလာ ပြန်ရောက်လာသည်နှင့် ဒရုန်းများ၏ အလိုအလျောက် ကင်းလှည့်နိုင်မှုမှာ နှစ်ကီလိုမီတာကျော်အထိ ကျယ်ပြန့်သွားမည်ဖြစ်ရာ ၎င်းမှာ လင်းရှန်ကို ပို၍ စိတ်အေးစေသည်။

တီ...

အနက်ရောင် အချက်ပြတာဝါတိုင်ကို လင်းရှန်က တည်ဆောက်ပြီးနောက် အနောက်တောင်ဘက်သို့ မော့ကြည့်လိုက်သည်။ နေဝင်ချိန်အလင်းတန်းများအောက်ရှိ ပင်လယ်ပြင်တွင် မုန်တိုင်းလာတော့မည့်အလား မည်းမှောင်နေသော တိမ်တိုက်ကြီးများ ရှိနေသည်။

သူ နာရီကို ကြည့်လိုက်ရာ ၁၈:၀၁ နာရီ ရှိနေပြီဖြစ်သည်။

မှောင်လာတော့မည်။

ဤအမှောင်ထုမှာ နံပတ် ၈ တွင်းနက်မှ လာသော အမှောင်ဒီရေများဖြစ်ပေလိမ့်မည်။

လင်းရှန်သည် မြို့ပြမြင်ကွင်းရှိရာ အရှေ့ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ထိုဘက်တွင် ပင်လယ်ကျောက်ဆောင်ကျွန်း၏ အမြင့်ဆုံး ယုကွမ်းတောင်က ပိတ်ဆို့နေသည်။ ထိုအရပ်သည် ရေမိုင်ထောင်ပေါင်းများစွာ ဝေးကွာသော နံပါတ် ၁၃ တွင်းနက် တည်ရှိရာနေရာလည်း ဖြစ်သည်။ ကျောက်ဆောင်ကျွန်းမှ ထွက်ခွာလျှင် အခက်အခဲမရှိပါက အရှိန်ဖြင့် ခုတ်မောင်းလျှင် နှစ်ရက်ခန့်အတွင်း ရီပက်ဘလစ်ကန်ကျွန်းစုများသို့ ရောက်ရှိမည်ဟု သူတို့ ခန့်မှန်းထားသည်။ လင်းရှန်သည် အချက်ပြအင်တာနာကို မြှင့်တင်လိုက်ပြီး ဖီးနစ်၏ ‌နောဧမြို့တော်မှ ကမ္ဘာလုံးဆိုင်ရာ အချက်ပြမှုများကို လက်ခံရရှိရန် ကြိုးစားနေသည်။ နောဧမြို့တော်သည် ယခုအခါ နံပါတ် ၁၃ တွင်းနက်၏ အစွန်းတွင် ရှိနေသဖြင့် ယနေ့ရက်များတွင် ပြဿနာများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

ရထားရပ်နားပြီးနောက် ချန်ဆီရွှမ်၊ မြောင်လုနှင့် တခြားသူများသည် ယနေ့ညအတွက် ညစာအတွက် စတင်ပြင်ဆင်နေကြသည်။ အဖွဲ့သုံးဖွဲ့ ပြန်ရောက်လာလျှင် အားလုံး အတူတူစားနိုင်မည်ဖြစ်သည်။ ယခုအခါ လူသိပ်မများသလို ရိက္ခာများမှာလည်း အလွန်ပေါများသည်။ ယုံကျန်းဆိပ်ကမ်းတွင် ချန်ဆီရွှမ်သည် အနည်းဆုံး ရက်ပေါင်း ၃၀ စာ ရိက္ခာများကို ရထားပေါ်တွင် ပြင်ဆင်လာခဲ့ပြီး တစ်ပတ်အတွင်း ယုရှူးယာသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသဖြင့် ရိက္ခာနှင့် သောက်သုံးရေအတွက် ဖိအားမရှိပေ။ ပင်လယ်ကို အနည်းငယ် ကြောက်ရွံ့နေသည်မှလွဲ၍ ချန်ဆီရွှမ်သည် ထူးထူးခြားခြား စိတ်ဖိစီးမှု မရှိလှပေ။

ပင်လယ်ကျောက်ဆောင်မြို့၊ ယန်ရှီးခရိုင်၊၊

ဤနေရာသည် တစ်ချိန်က ပင်လယ်ကျောက်ဆောင်မြို့၏ လူဦးရေ အထူထပ်ဆုံးခရိုင်များထဲမှ တစ်ခုဖြစ်ခဲ့ပြီး မိုးမျှော်တိုက်များနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများဖြင့် ပြည့်နှက်နေခဲ့သည်။ ယခုမူ အရာအားလုံးမှာ ဟောင်းနွမ်းပျက်စီးနေပြီး လမ်းများပေါ်တွင် အပျက်အစီးများဖြင့် ပြည့်နှက်နေသည်။ စွန့်ပစ်ထားသော ကားများမှာ ပင်လယ်လေကြောင့် သံချေးတက်နေပြီး လမ်းများပေါ်တွင်လည်း မြက်ရိုင်းများနှင့် သစ်ရွက်ခြောက်များသာ ပြန့်ကျဲနေသည်။

ဗရူးး ဝူးးး~

ငြိမ်သက်နေသော ရေပြင်ကို ခဲဖြင့်ပေါက်လိုက်သကဲ့သို့ ဆိုင်ကယ်အင်ဂျင်သံနှစ်ခုက အဝေးမှ တဖြည်းဖြည်း နီးကပ်လာသည်။ အဝေးမှ လမ်းမကြီးတစ်ခုပေါ်တွင် မွမ်းမံထားသော Suzuki Fuma 2066 ဆိုင်ကယ်နှစ်စီးမှာ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာပြီး လမ်းမပေါ်ရှိ စွန့်ပစ်ကားများကြားတွင် ဘယ်ညာဝေ့ဝိုက်လျက် လျှပ်စစ်သေနတ်သံများလည်း လမ်းတစ်လျှောက် ထွက်ပေါ်နေသည်။

ရှေ့မှ အနီရောင်ဆိုင်ကယ်ကို လေကာဝတ်စုံရှည်ဝတ်ထားသော ဆံပင်တိုနှင့် မိန်းကလေးတစ်ဦးက မောင်းနှင်နေပြီး နောက်မှ ငွေရောင်ဆိုင်ကယ်ကိုတော့ တစ်ကိုယ်လုံးနီးပါး ယန္တရားများတပ်ဆင်ထားသည့် လူမည်းအမျိုးသမီးတစ်ဦးက မောင်းနှင်နေသည်။ သူမသည် လက်တစ်ဖက်ဖြင့် မောင်းနှင်ရင်း နောက်မှ လိုက်ပါလာသည့်အရာများကို လျှပ်စစ်သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်။

သူတို့နောက်တွင်မူ ဟိန်း‌ဟောက်သံများနှင့်အတူ လူနှင့် တူသော ခွေးလို တွားသွားသတ္တဝါ ၃ ကောင်က လျင်မြန်စွာ လိုက်ပါလာကြသည်။ ထိုထူးဆန်းသည့် သတ္တဝါများသည် ခြေခြောက်ချောင်းဖြင့် အလွန်လျင်မြန်စွာ လှုပ်ရှားနိုင်ပြီး သူတို့၏ နောက်ဘက်တွင် မီတာအနည်းငယ် ရှည်လျားသော ဆူးချွန်သုံးခုပါသည့် အမြီးများ ရှိကြသည်။ သူတို့၏ ကိုယ်ထည်မှာ ကားငယ်တစ်စီးခန့်ရှိပြီး ဆူးချွန်အမြီးများကို ဆက်တိုက်လှည့်ယမ်းလျက် လမ်းပေါ်ရှိ စွန့်ပစ်ကားများကို အတင်းတိုးကြိတ်ကာ ဆိုင်ကယ်များနောက်သို့ လိုက်နေကြသည်။

လူမည်းအမျိုးသမီးသည် ကလပ်ကိုညှစ်၍ ဆိုင်ကယ်ဂီယာကို ကျွမ်းကျင်စွာ ပြောင်းလဲလိုက်ပြီးနောက် ပျက်စီးနေသော ကားဟောင်းပုံများကြားမှ လျင်မြန်စွာ ထိုးထွက်လာခဲ့သည်။ သူမသည် ခေါင်းကိုလှည့်ကြည့်ကာ လျှပ်စစ်သေနတ်ကို အသုံးပြု၍ ထိုမွန်းစတားသုံးကောင်၏ ဦးခေါင်းများကို တိကျစွာ ပစ်ခတ်လိုက်သော်လည်း လျှပ်စစ်အလင်းတန်း ထိမှန်သွားသည့် ခဏ၌ပင် ထိုမွန်းစတားများ၏ အရေပြားမျက်နှာပြင်မှ စင်တီမီတာအနည်းငယ်အကွာတွင် ကာကွယ်ရေးအလွှာတစ်ခု ပေါ်ပေါက်လာသည်။ ထိုးဖောက်ဖျက်ဆီးနိုင်စွမ်းရှိသော လျှပ်စစ်အလင်းတန်းသည် ထိုအလွှာကို မဖောက်ထွင်းနိုင်သကဲ့သို့ မွန်းစတားများ၏ အရှိန်ကိုလည်း မတားဆီးနိုင်ခဲ့ပေ။ မွန်းစတားများသည် ပိုမို၍ပင် ရူးသွပ်လာကြသည်။

“ဂေဒီ... ဒီမိစ္ဆာကောင်တွေမှာ ဇီဝစွမ်းအားနယ်ပယ်ရှိတယ်၊၊ စွမ်းအင်သုံးလက်နက်တွေနဲ့ ထိုးဖောက်လို့မရဘူး”

ရှေ့မှ ဆံပင်တိုနှင့် မိန်းကလေးသည် ဆိုင်ကယ်ဘေး၌ ပျံသန်းလိုက်ပါရန် ကင်းထောက်ဒရုန်းငယ်တစ်ခုကို လွှတ်တင်လိုက်ပြီး နောက်ဘက်မှ အခြေအနေကို ကင်းထောက်လိုက်သည်၊၊

“မှောင်တော့မယ်၊၊ ညမရောက်ခင် သူတို့ကို အပြတ်ရှင်းရမယ်။ ရှေ့မှာ ကွင်းပြင်ပတ်လမ်းတစ်ခုရှိတယ်၊၊ အဲဒီမှာပဲ ရှင်းပစ်ကြရအောင်”

“ကောင်းပြီ”

Chapter 927

သွေးဆောင်ဖြားယောင်းဆေးရည် ၁

ဂေဒီဟု ခေါ်သော အမျိုးသမီးသည် အသက် ၃၀ ကျော်အရွယ်ခန့် ရှိပုံရပြီး မျက်နှာတစ်ခြမ်း၌ ယန္တရားအစိတ်အပိုင်းများ တပ်ဆင်ထားသည်။ သူမသည် ပြတ်သားစွာပင် ဆိုင်ကယ်ပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ ဆိုင်ကယ်နောက်ဘက်မှ လျှပ်စစ်စွမ်းအင်သုံး ပေါက်ကွဲစေတတ်သော ကိရိယာငယ်များ ထွက်ပေါ်လာပြီး နောက်မှ ခုန်အုပ်တော့မည့် သတ္တဝါနှစ်ကောင်ထံသို့ လျင်မြန်စွာ ကပ်ပါသွားသည်။ ချက်ချင်းပင် စူးရှသော လျှပ်စစ်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး တိုက်ခိုက်မှုကို အောင်မြင်စွာ တားဆီးလိုက်နိုင်သည်။ တစ်ချိန်တည်းမှာပင် သူမသည် ကိုယ်ကိုကိုင်းကာ ဘယ်ဘက်ခြေထောက်ဖြင့် နင်း၍ ဆိုင်ကယ်၏ အရှိန်မြှင့်စက်ကို အသက်သွင်းလိုက်သည်။ ထို့နောက် တိမ်းမှောက်နေသော ထရပ်ကားတစ်စီးပေါ်မှတစ်ဆင့် လမ်းဘေးရှိ အဆောက်အအုံနံရံပေါ်သို့ တိုက်ရိုက်မောင်းတက်ကာ လူကူးကုန်းကျော်တံတားပေါ်မှ အရှိန်ဖြင့် ပျံသန်းကျော်တက်သွားလေသည်။

ထိုစဉ် ဆံပင်တိုနှင့် မိန်းကလေးသည် နောက်ကြည့်မှန်မှတစ်ဆင့် သူမကို ခုန်အုပ်ပြီး ကိုက်ခဲရန် ပြင်ဆင်နေသော သတ္တဝါကို ကြည့်လိုက်သည်။ သူမသည် ဆိုင်ကယ်အရှိန်ကို ရုတ်တရက် မြှင့်တင်လိုက်ပြီး ကွင်းပြင်ပတ်လမ်းထဲသို့ ရောက်ရှိသောအခါ ဘယ်ဘက်သို့ အမြန်ကွေ့ကာ ဆိုင်ကယ်ပေါ်မှ ဖျတ်ခနဲ ခုန်ဆင်းလိုက်သည်။ ထိုသတ္တဝါက ဆိုင်ကယ်ဆီသို့ အလိုလျောက် ခုန်အုပ်လိုက်ချိန်တွင် သူမသည် ကျောနောက်မှ ယန္တရားဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။ ဓားသွားသည် ဘေးနှစ်ဖက်သို့ ပြန့်ထွက်လာပြီးနောက် အလယ်မှ တစ်လက်တည်းအဖြစ် ပေါင်းစည်းသွားသည်။ ထိုမိန်းကလေးသည် တုံ့ဆိုင်းခြင်းမရှိပဲ ၁.၅ မီတာခန့် ရှည်လျားသော ယန္တရားဓားကြီးဖြင့် ထိုသတ္တဝါ၏ မျက်နှာကို တိုက်ရိုက်ခုတ်ချလိုက်လေသည်။

ကလန်…

ဓားမှ တုန်ခါစွမ်းအားလှိုင်းများ ထွက်ပေါ်လာပြီး မွန်းစတား၏ မျက်နှာပြင်ရှိ ဇီဝစွမ်းအားနယ်ပယ်ကို ထိုးဖောက်ကာ မာကျောသော အရေပြားအတွင်းသို့ နက်ရှိုင်းစွာ ဖြတ်တောက်သွားသဖြင့် သွေးများ အဆက်မပြတ် ပန်းထွက်လာသည်။

မိန်းကလေး၏ တစ်ချက်တည်းသော ခုတ်ချက်ကြောင့် မွန်းစတားသည် လွင့်ထွက်သွားပြီး မျက်နှာ၌ ကြီးမားသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်ကာ အပျက်အစီးပုံများကြားတွင် ပြုတ်ကျသွားသည်။ မိန်းကလေးသည် လျင်မြန်သွက်လက်စွာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ဓားကို အလျားလိုက် ဝှေ့ယမ်းကာ သူမ၏ ခြေထောက်များမှ ပြင်းထန်သော ခွန်အားများ ထွက်ပေါ်လာရင်း အဆုံးသတ်ရန် ပြင်ဆင်လိုက်လေသည်။

ထိုအချိန်တွင် ကျန်ရှိနေသော မွန်းစတားနှစ်ကောင်သည် ဟိန်းဟောက်၍ လျင်မြန်စွာ ပြေးဝင်လာကြသည်။ မိန်းကလေးသည် စွန့်ပစ်ထားသော ကားတစ်စီး၏ ဘေးဘက်သို့ ချက်ချင်းခုန်တက်ကာ လေထဲသို့ ပျံတက်လိုက်ပြီး ပြင်းထန်သော ဓားချက်နှစ်ချက်ဖြင့် ထိုမွန်းစတားကြီးနှစ်ကောင်ကို အားကုန် ပြန်တိုက်ခိုက်လိုက်သည်။ ဓားသွားမှ မီးပွင့်များ ထွက်ပေါ်လာပြီး သေးသွယ်သော မိန်းကလေး၏ လက်ထဲတွင် ထိုကြီးမားလှသော ယန္တရားဓားကြီးမှာ ပေါ့ပါးသွက်လက်နေသည်မှာ အံ့ဩဖွယ်ရာပင် ဖြစ်သည်။

“ဗန်နက်ဆာ... သတိထား”

ဆိုင်ကယ်အင်ဂျင်သံ တစ်ခုထွက်လာပြီး လူရိပ်တစ်ခု လျင်မြန်စွာ ဖြတ်သန်းသွားသည်။ ဂေဒီဟု ခေါ်သော လူမည်းအမျိုးသမီးသည် ဆိုင်ကယ်ကို စီးလျက် လေထဲတွင် နောက်ပြန်ကျွမ်းထိုးကာ ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် ခါးမှ ပေါက်ကွဲအားမြင့် သေနတ်နှစ်လက်ကို ဆွဲထုတ်ကာ မိလ္လာပိုက်ထဲမှ ထွက်ပေါ်လာသော ထူးဆန်းသည့် သွေးရောင်အရိပ်တစ်ခုကို ပစ်ခတ်လိုက်သည်။

ဘန်းးး

ပြင်းထန်သော ပေါက်ကွဲအားမြင့် ကျည်ဆန်နှစ်တောင့်သည် ဗန်နက်ဆာ၏ နောက်ဘက် မိလ္လာပိုက်ထဲမှ ထွက်လာသော ထူးဆန်းသည့် သတ္တဝါကို တိုက်ရိုက်ထိမှန်သွားသည်။ ထိုသတ္တဝါသည် အရိုးအကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး သွေးကဲ့သို့ နီရဲနေကာ အရပ် ၃ မီတာကျော် မြင့်မားလေသည်။

ပေါက်ကွဲမှုကြောင့် ထိုသတ္တဝါသည် လွင့်ထွက်သွားသည်။ ဂေဒီသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ဗန်နက်ဆာနှင့် ကျောချင်းကပ်လျက် သတိအပြည့်ဖြင့် ရပ်လိုက်ကြသည်၊၊ ၎င်းတို့နှစ်ဦးကြားတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။

“ဒီမိစ္ဆာတွေက အဆင့်မြင့်တယ်၊၊ မှောင်သွားရင် သတ်ရတာ ပိုခက်လိမ့်မယ်။ ငါတို့ မြန်မြန်လုပ်ရမယ်”

ဂေဒီ၏ အသံသည် ကျယ်လောင်လှပြီး သူမ၏ တိုက်ပွဲဝင်ဝတ်စုံနှင့် အကြီးအကျယ် ပြုပြင်ထားသော ယန္တရားအစိတ်အပိုင်းများသည် အစွမ်းထက်ပုံရကာ မျက်နှာမှာလည်း အေးစက်နေသည်။

ဗန်နက်ဆာသည် ၄၀ ကီလိုဂရမ်ခန့် လေးလံသော ယန္တရားဓားကြီးကို လက်တစ်ဖက်တည်းဖြင့် ပေါ့ပါးစွာ ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ၏ ဟဲလ်မက်ကို ဖယ်လိုက်သည်။ သူမ၏ မျက်နှာမှာ မက္ကဆီကန်နှင့် လက်တီနို ကပြားဖြစ်ပြီး အသက် ၁၉၊ ၂၀ ခန့်သာ ရှိပုံရသော်လည်း အလွန်တည်ငြိမ်လျက် ရှိသည်။ သူမသည် ရှေ့တွင် ဝိုင်းထားသော အမြီးသုံးခွ မွန်းစတားသုံးကောင်ကို သတိအပြည့်ဖြင့်ကြည့်လိုက်ပြီး နေဝင်ချိန်ဘက်သို့ တစ်ချက်လှည့်ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်သည်။

“အချိန်သိပ်မရှိတော့ဘူး၊ စွမ်းအင်သုံးလက်နက်တွေ သုံးလို့မရဘူး။ ၁၀ မိနစ်အတွင်း အပြတ်ရှင်းရမယ်၊၊ မဟုတ်ရင် ခိုလှုံစခန်းကို ပြန်ဖို့ အချိန်မီမှာ မဟုတ်ဘူး”

“နင်ပြောတာ မှန်တယ်၊ ဒါပေမဲ့ အရင်ဆုံး တခြားဟာတွေ ရောက်မလာအောင် သေချာလုပ်ရမယ်”

ဂေဒီသည် လူသူကင်းမဲ့နေသော မိလ္လာပိုက်ဘက်ကို ခက်ထန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဝှစ် ဝှစ်

“သူတို့ လာနေပြီ”

ခဏချင်းမှာပင် အမြီးသုံးခွ မွန်းစတားသုံးကောင်နှင့် ထူးဆန်းသည့် အနီရောင်သတ္တဝါတို့သည် စတင်တိုက်ခိုက်လာကြသည်။ ဗန်နက်ဆာနှင့် ဂေဒီတို့သည်လည်း ချက်ချင်းပင် တန်ပြန်တိုက်ခိုက်လိုက်ကြရာ ၎င်းတို့၏ ကိုယ်ထဲမှ အားကောင်းသော ဝိညာဉ်တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာပြီး တိုက်ပွဲသည် ချက်ချင်းပင် ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်၊၊

….

နေဝင်ဆည်းဆာရောင်သည် စွန့်ပစ်ခံကွင်းပြင်တစ်ခုလုံးကို သွေးရောင်လွှမ်းနေစေသည်၊၊ ဗန်နက်ဆာ၏ ယန္တရားဓားရှည်ကြီးသည် လေထုကို ပိုင်းဖြတ်လိုက်ရာ အသံလှိုင်းနှုန်းမြင့် တုန်ခါသံများ ထွက်ပေါ်လာ၏။ သူမသည် တိုက်ခိုက်လာသော အမြီးသုံးခွသတ္တဝါနှစ်ကောင်ကို ရင်ဆိုင်ရန် ကိုယ်ကိုနှိမ့်လိုက်ပြီး ခြေထောက်အောက်ခြေမှ ကတ္တရာလမ်းပေါ်တွင် မီးပွင့်များထွက်သည်အထိ အရှိန်ယူကာ သုံးမီတာခန့် မြင့်တက်သွားသည်။ ယန္တရားဓားသွားသည် ဒုတိယအဆင့်အထိ ဆန့်ထွက်သွားပြီး နှစ်မီတာရှည်သော အလင်းဓားအဖြစ် ပြောင်းလဲသွားကာ ရှေ့ဆုံးမှ အမြီးသုံးခွသတ္တဝါထံသို့ တောင်ပြိုသကဲ့သို့ အရှိန်အဟုန်ဖြင့် ပိုင်းချလိုက်သည်၊၊ သို့သော် ထိုသတ္တဝါသည် အန္တရာယ်ကို ကြိုတင်သိရှိပြီး ထိပ်တိုက်မရင်ဆိုင်ဘဲ ဆူးချွန်များပါသော အမြီးသုံးချောင်းကို မြှောက်၍ ခုခံလိုက်ရာ ၎င်း၏ ဇီဝစွမ်းအင်နယ်ပယ်နှင့် ရိုက်ခတ်မှုလှိုင်းတို့ ထိတွေ့မိပြီး ခရမ်းပြာရောင် လျှပ်စစ်တန်းများ ပွင့်ထွက်သွားကာ ပတ်ဝန်းကျင်ရှိ စွန့်ပစ်ထားသော ကားများကို လွင့်စင်သွားစေသည်။

တစ်ဖက်တွင်လည်း ဂေဒီ၏ ယန္တရားမျက်လုံးသည် နောက်မှ ထူးဆန်းသည့် အနီရောင်သတ္တဝါကြီးထံသို့ ပစ်မှတ်ကို အသေအချာ သတ်မှတ်ထားပြီး ၎င်းကို နောက်ဆုတ်သွားစေရန် အဆက်မပြတ် ပစ်ခတ်နေသည်။ ထိုသတ္တဝါသည် ခဏတာ ရပ်တန့်သွားသယောင်ရှိသော်လည်း ထူးဆန်းစွာ တွန့်လိမ်လှုပ်ရှားကာ ဂေဒီ၏ ကျည်ဆန်များကို ရှောင်တိမ်းသွားသည်၊၊ ထို့နောက် ကားအချို့ထံမှ သတ္တုချင်းပွတ်တိုက်သံများ ထွက်ပေါ်လာပြီး ထိုသတ္တဝါသည် သူမရှေ့သို့ ရုတ်တရက် တက်လာကာ ၎င်း၏ အနီရောင်မြူများ ထွက်နေသော လက်မောင်းကြီးဖြင့် ဂေဒီကို ရိုက်ချလိုက်သည်။

ထိုခဏ၌ပင် ဂေဒီ၏ ယန္တရားအစိတ်အပိုင်းများက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး နောက်သို့ လှန်ချလိုက်သည်၊၊ တစ်ချိန်တည်းမှာပင် ခါး၌ပါသော ချိတ်ကြိုးကို ပစ်ထုတ်ကာ ဓာတ်တိုင်တစ်ခုကို ရစ်ပတ်လိုက်ပြီး အင်ဂျင်ကို နှိုး၍ တစ်နေရာတည်းမှာပင် ၁၈၀ ဒီဂရီ လှည့်ကာ လေပေါ်၌ပင် ကျည်ပြန်ဖြည့်ကာပစ်ခတ်လိုက်သည်၊၊

ဘန်းခနဲ အသံနှင့်အတူ အားပြင်းသော ဗုံးကျည်ဆန်နှစ်လုံးသည် ထူးဆန်းသည့် အနီရောင်သတ္တဝါကို တိုက်ရိုက် ထိမှန်သွားသည်၊၊ ထို့နောက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်စဉ် လက်တစ်ဖက်က လှုပ်ရှားလိုက်ရာ အနီးရှိ ဆိုင်ကယ်ခေါင်းပိုင်းမှ ပလာစမာချိတ်နှစ်ခု ထွက်ပေါ်လာပြီး ဘေးဘက်မှ တိုက်ခိုက်လာသော အမြီးသုံးခွသတ္တဝါ၏ နံရိုးကြားသို့ စိုက်ဝင်သွားကာ လျှပ်စစ်ကွန်ရက်ဖြင့် ထိုသတ္တဝါကို နောက်သို့ ဆွဲခေါ်သွားတော့သည်။

တတိယမြောက် အမြီးသုံးခွမွန်းစတားသည် အခွင့်ကောင်းယူကာ ဗန်နက်ဆာကို ခုန်အုပ်လိုက်သော်လည်း ထိုမိန်းကလေးက ကြိုသိနေသလို နောက်သို့ ကွေးညွတ်လိုက်ပြီး မြေကြီးထဲ စိုက်ထားသော ယန္တရားဓားရှည်ကို အားပြုကာ လေပေါ်၌ ဝှေ့ယမ်းပြီး အလွိုင်းတိုက်ပွဲဝင်ခြေထောက်ဖြင့် သတ္တဝါ၏ မေးရိုးကို အားပြင်းစွာ ကန်ထုတ်လိုက်သည်၊၊ တုံ့ပြန်မှုအားကို အသုံးချကာ ဓားကို ဆွဲနှုတ်လိုက်ရာ ဓားသွား၏ မြင့်မားသော တုန်ခါမှုနှုန်းသည် စွမ်းအားစက်ကွင်းကို ဖျက်ဆီးပြီး ထိုမွန်းစတား၏ ပေါင်ခြံမှ ညှပ်ရိုးအထိ အပေါက်ကြီးတစ်ခု ဖြစ်သွားစေကာ အနီရောင်သွေးများ ပန်းထွက်လာသည်။ မြေပြင်ပေါ် ဆင်းသက်ပြီးနောက် ဗန်နက်ဆာ၏ မျက်လုံးများတွင် စွမ်းအင်အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာပြီး ပန်းထွက်လာသော သွေးများကို မမြင်နိုင်သော စွမ်းအားဖြင့် ချက်ချင်း ခွဲထုတ်လိုက်ကာ အခြားသတ္တဝါတစ်ကောင်ထံသို့ ပြင်းထန်သော လှိုင်းအဖြစ် ပြောင်းလဲကာ ရိုက်ခတ်လိုက်သည်။

All Chapters