← Chapters

အခန်း (၉၂၈-၉၂၉)

Vol. 53 Ch. 928-929

အခန်း (၉၂၈-၉၂၉)

Vol. 53 Ch. 928-929

Chapter 928

သွေးဆောင်ဖြားယောင်းဆေးရည် ၂

ဝုန်း ဝုန်း ဝုန်း

မီးခိုးနှင့် ဖုန်မှုန့်များ လိပ်တက်လာပြီး မီတာ ဆယ်ဂဏန်းခန့် ကျယ်သော ရိုက်ခတ်မှုလှိုင်းများ ဖြစ်ပေါ်လာကာ ထိုထူးဆန်းသည့် သတ္တဝါနှစ်ကောင်နှင့်အတူ စွန့်ပစ်ကားများ၊ အမှိုက်သရိုက်များကိုပါ လွင့်စင်သွားစေသည်။

ဤအတောအတွင်း ထိုနှစ်ယောက်သည် နေ့ခင်းကြောင်တောင် ပေါ်ထွက်လာသော ထူးဆန်းသည့် သတ္တဝါများကို တိုက်ခိုက်နေကြစဉ် အဝေးမှ အထပ်မြင့်အဆောက်အအုံပေါ်၌ သူတို့ကို စောင့်ကြည့်နေသော အဖွဲ့တစ်ခု ရှိနေသည်ကို သတိမပြုမိကြပေ။

“နေ့ခင်းဘက်ကြီးကို ဒီလိုထူးဆန်းတဲ့ သတ္တဝါတွေ ပေါ်လာတာပဲ၊၊ သူတို့က ဖုတ်ကောင်တွေ ဒါမှမဟုတ် ထိတ်လန့်ဖွယ် လူသားတွေနဲ့လည်း မတူဘူး၊၊ ထူးဆန်းတဲ့ သတ္တဝါတွေက ဒီလောက်အထိ တိုးတက်ပြောင်းလဲသွားကြတာလား’’

နန်ကျင်းသည် အီလက်ထရွန်နစ်မှန်ပြောင်းကို ကိုင်ကာ ကွင်းပြင်အတွင်းရှိ တိုက်ပွဲကို ကြည့်ရင်း လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်၊၊

“ဒါ့အပြင် အဲဒီသတ္တဝါတွေက အတော်လေး ဒုက္ခပေးနိုင်တဲ့ ပုံပဲ’’

“သူတို့က သာမန်သတ္တဝါတွေ မဟုတ်လောက်ဘူး၊၊ အဲဒီနှစ်ယောက်က အနည်းဆုံးတော့ ဖျက်ဆီးခြင်းအဆင့် ခွန်အား ၅၀၀၀ ကျော် ရှိကြတယ်’’

ရှောင်ချင်းသည် သေနတ်ဓားကို တင်းကျပ်စွာဆုပ်ကိုင်ရင်း အဆောက်အအုံ အစွန်းတွင် ရပ်ကာ အဝေးက တိုက်ပွဲကို စိုက်ကြည့်နေသည်၊၊

“သူတို့ရဲ့ တိုက်ခိုက်မှုတွေထဲမှာ ဖီးနစ်ရဲ့ မျိုးဗီဇပြောင်းလဲမှုဆိုင်ရာ အထူးတုန်ခါမှုတွေ ပါဝင်နေတယ်’’

“အထူးတုန်ခါမှု ဟုတ်လား’’

လုရှင်းချန်က လက်ပိုက်ထားရင်း တည်ကြည်သော မျက်နှာဖြင့် မေးလိုက်သည်၊၊

“ဒါက စွမ်းရည်အသစ်လား’’

ရှောင်ချင်းက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ ပြန်မပြောပေ။

ဘေးရှိ နန်ကျင်းက ပြန်ဖြေလိုက်သည်၊၊

“ဖျက်ဆီးခြင်းအဆင့် စိတ်ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုးကို ရောက်ပြီးတဲ့နောက်မှာ မျိုးဗီဇပြောင်းလဲသူ အများစုက သူတို့ခန္ဓာကိုယ်ဟာ ဇီဝစွမ်းအင်စက်ကွင်းတစ်မျိုးကို ထိန်းချုပ်နိုင်တယ်ဆိုတာ သိလာကြတယ်၊၊ ညလမ်းလျှောက်သူအဖွဲ့အစည်းရဲ့ သုတေသနအရ ဒါဟာ ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ဇီဝစွမ်းအင်နယ်ပယ်နဲ့ ဆင်တူတယ်လို့ ဆိုတယ်၊၊ ဒီစွမ်းအားကို ကျွမ်းကျင်လာရင် မျိုးဗီဇပြောင်းလဲသူတွေဟာ သူတို့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်နိုင်သလို ဖျက်ဆီးနိုင်စွမ်းကလည်း လူသားတစ်ယောက်ရဲ့ ကန့်သတ်ချက်ထက် အများကြီး ပိုသာသွားတယ်၊၊ ဒါကြောင့်လည်း ဖျက်ဆီးခြင်းအဆင့်လို့ ခေါ်တာပေါ့’’

ထိုစကားကို ကြားသောအခါ လုရှင်းချန်သည် သဘောပေါက်သွားသည့် ပုံစံရှိသည်၊၊ သူသည် ယခင်က ထိုအချက်ကို သတိမထားမိခဲ့ပေ၊၊ ထို့နောက် ဘေးနားရှိ အားဖေးကို လှမ်းကြည့်လိုက်သည်။

“စွမ်းအားရှင်တွေမှာကော အဲဒါ မရှိဘူးလား’’

အားဖေးက သူ့ကို ရှုပ်ထွေးသော ပုံစံဖြင့် ပြန်ကြည့်လိုက်သည်၊၊

“ကျွန်... ကျွန်တော် မသိဘူး’’

“နင်က အိန်ဂျယ်အဆင့် ရောက်နေပြီလေ၊၊ ဘာတွေ ပြောင်းလဲသွားလဲဆိုတာ မသိဘူးလား’’

ရှောင်ချင်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။

“ဒါတွေကို နောက်မှ ဆွေးနွေးကြတာပေါ့’’

နန်ကျင်းက စကားကို ဖြတ်ပြောလိုက်ပြီး ကွင်းပြင်ဘက်သို့သာ အာရုံစိုက်ထားသည်၊၊

“သတင်းအချက်အလက်တွေကို ကပ္ပတိန်လင်းနဲ့ တခြားအဖွဲ့တွေဆီ ပေးပို့ထားပြီးပြီ၊၊ ဒီကျွန်းမှာ တခြားအသက်ရှင်ကျန်ရစ်သူတွေ ရှိနေရုံတင်မကဘူး… နေ့ခင်းဘက်မှာပါ ထူးဆန်းတဲ့ သတ္တဝါတွေ ပေါ်ထွက်လာနေတယ်၊၊ ငါတို့ အထူးသတိထားရမယ်’’

“အဟမ်း...’’

လုရှင်းချန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး အဝေးမှ တိုက်ပွဲကို ကြည့်ကာ နန်ကျင်းကို မေးလိုက်သည်၊၊

“ငါတို့ ဝင်ကူဖို့ လိုမလား’’

“လောလောဆယ်တော့ သူတို့ဘာသာသူတို့ ဖြေရှင်းနိုင်ပုံပဲ၊၊ နေဝင်ချိန်နီးနေတဲ့အပြင် သူတို့က ရန်သူလား၊ မိတ်ဆွေလားဆိုတာလည်း မသေချာသေးဘူး၊၊ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်တာ အကောင်းဆုံးပဲ’’

နန်ကျင်းက တည်ငြိမ်စွာ ပြောသည်၊၊

“ကပ္ပတိန်လင်းလည်း မကြာခင် ရောက်လာတော့မှာပါ၊၊ အဲဒီမတိုင်ခင်အထိတော့ ဘာမှ မလုပ်ကြသေးနဲ့’’

လုရှင်းချန်က ခေါင်းငြိမ့်လိုက်သည်၊၊

“ဒါလည်း ဟုတ်တာပဲ’’

ထို့နောက် သူက အောက်ဘက်မှ ပြင်းထန်သော တိုက်ပွဲကို ငုံ့ကြည့်ကာ လက်ပိုက်ရင်း လေးနက်စွာ ပြောလိုက်သည်၊၊

“ဒီမိစ္ဆာတွေ နေ့ခင်းကြောင်တောင် သောင်းကျန်းနေတာကို တွေ့ရတော့ ညစ်ညမ်းမှုတွေကို သုတ်သင်ရှင်းလင်းရမယ့် ငါ့တာဝန်အရ သူတို့ကို မီးလောင်တိုက်သွင်းလိုက်ရင် သင့်တော်မှာဖြစ်ပေမယ့် ကပ္ပတိန်နန်ရဲ့ အတွေးက စေ့စပ်သေချာတာကြောင့် ငါတို့ စောင့်ကြည့်ကြတာပေါ့’’

ရှောင်ချင်းသည် ထိုစကားကို ကြားသောအခါ နှုတ်ခမ်းကိုသာ မဲ့လိုက်မိတော့သည်။

ထိုခဏ၌ တိတ်ဆိတ်နေသော အားဖေးက ရုတ်တရက် ခေါင်းမော့ကာ ရင်ပြင်၏ အခြားတစ်ဖက်ကို ကြည့်ရင်း ပြောလိုက်သည်၊၊

“ဟိုမှာ လူတွေ ရှိနေတယ်’’

ထိုစကား ဆုံးသည်နှင့် လေးယောက်သား တစ်ပြိုင်နက် ခေါင်းမော့ကြည့်လိုက်ရာ အဝေးမှ ကုန်တိုက်တစ်ခု၏ ခေါင်မိုးပေါ်တွင် ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေသော လူရိပ်အချို့ကို တွေ့လိုက်ရသည်။ နန်ကျင်းက အီလက်ထရွန်နစ် မှန်ပြောင်းဖြင့် ကြည့်လိုက်ရာ အနက်ရောင် စွမ်းအားဝတ်စုံများ ဝတ်ဆင်ထားပြီး တူညီသောတံဆိပ်များပါရှိသည့် လူသုံးယောက်ကို တွေ့ရသည်၊၊ တစ်ယောက်က စနိုက်ပါရိုင်ဖယ်ကို ပြင်ဆင်နေပြီး နောက်တစ်ယောက်က မှန်ပြောင်းဖြင့် စောင့်ကြည့်နေကာ နောက်ဆုံးတစ်ယောက်ကတော့ စက်တစ်ခုပေါ်တွင် တစ်ခုခုကို လုပ်ဆောင်နေသည်။

“သူတို့ရဲ့ အဖော်တွေလား’’

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လုရှင်းချန်က ချက်ချင်း မေးလိုက်သည်။

“မဟုတ်လောက်ဘူး’’

ရှောင်ချင်းက မျက်မှောင်ကြုတ်ကာ အကြည့်က လေးနက်နေသည်၊၊

“သေနတ်ကို အသင့်ပြင်ထားပြီးပြီ၊၊ ပြီးတော့ အဲဒီလူက ချိန်ထားတာက... ထူးဆန်းတဲ့ သတ္တဝါကို မဟုတ်ဘူး’’

ဘန်းးး

သူမ ပြောနေစဥ် ကုန်တိုက်ခေါင်မိုးပေါ်ရှိ စနိုက်ပါသမားက ရုတ်တရက် ပစ်ခတ်လိုက်ရာ အောက်ဘက်ကွင်းပြင်တွင် တိုက်ခိုက်နေသော လူမည်းအမျိုးသမီးသည် ပြင်းထန်သော အရှိန်အဟုန်တစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်။ သူမသည် တစ်ခုခုကို ကြိုတင်သတိပြုမိသည့်အလား လေပေါ်၌ ကိုယ်ကို လှည့်လိုက်သော်လည်း သံချပ်ကာဖောက် ကျည်ဆန်သည် သူမ၏ ပုခုံးအနီးတွင် ပွတ်သွားကာ မီးပွင့်များ ထွက်သွားစေသည်။ တစ်ချိန်တည်းမှာပင် ထူးဆန်းသည့် အနီရောင်သတ္တဝါ၏ တိုက်ခိုက်မှုက ရောက်ရှိလာပြီး သူမကို ရှေ့မှ တိုက်ခိုက်လိုက်ရာ ဂေဒီသည် အပျက်အစီးများကြားသို့ လွင့်စင်သွားတော့သည်။

“ဂေဒီ’’

ဗန်နက်ဆာသည် သူမ၏ ယန္တရားဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး ရိုက်ခတ်မှုလှိုင်းတစ်ခု ထုတ်လွှတ်လိုက်ရာ သူမ ပိုင်းဖြတ်ထားသော အမြီးသုံးခွသတ္တဝါ၏ ဇီဝစွမ်းအင်နယ်ပယ်ကို ပိုင်းဖြတ်သွားသည်။ သူမသည် ထိုသတ္တဝါကို နှစ်ပိုင်းပိုင်းပစ်လိုက်ပြီး စွန့်ပစ်ထားသော ကားပေါ်သို့ လွင့်စင်သွားစေ၏။ သွေးများ ပန်းထွက်လာပြီး ထိုကားမှာလည်း အံ့သြစရာကောင်းလောက်အောင် လျင်မြန်သော အရှိန်ဖြင့် အငွေ့ပျံကာ အခွံသာကျန်တော့သည်။

သူမ၏အဖော် တိုက်ခိုက်ခံရသည်ကို မြင်သောအခါ သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ ဓားကိုမြှောက်၍ ခုခံရန် ဖြစ်သည်။

ကလန်

သံချပ်ကာဖောက် ကျည်ဆန်သည် သူမ မျက်နှာရှေ့ရှိ ဓားသွားပေါ်တွင် ပေါက်ကွဲသွားသည်၊၊ ထိုခဏ၌ပင် မိန်းကလေးသည် ခုန်တက်လိုက်သည်။ သူမ၏ ဆိုင်ကယ်မှ မစ်ဆိုင်းဒုံးကျည်ငယ်ခြောက်စင်းသည် စနိုက်ပါသမားရှိရာသို့ တဝီဝီမြည်သံနှင့်အတူ ပျံသန်းသွားသည်၊၊ တစ်ချိန်တည်းမှာပင် အပျက်အစီးများကြားမှ ဖုန်မှုန့်များ လွင့်တက်လာပြီး ဂေဒီသည် လျင်မြန်စွာ ထွက်လာကာ သူမ၏ ချိတ်ကြိုးကို ကုန်တိုက်မျက်နှာစာဆီသို့ ပစ်လွှတ်၍ ထိုလူသုံးယောက်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

“ဖာ့ခ်... သေစမ်း”

ဘန်း ဘန်း

စနိုက်ပါသမားက ထပ်မံပစ်ခတ်သော်လည်း လွဲချော်သွားသည်။ ဗန်နက်ဆာ၏ ဒုံးကျည်များသည် ကုန်တိုက်ခေါင်မိုးပေါ်တွင် ပေါက်ကွဲသွားပြီး မီးခိုးလုံးကြီးများ ထွက်ပေါ်လာကာ စနိုက်ပါသမားကို လွင့်ထွက်သွားစေသည်။ အနက်ရောင် စွမ်းအားဝတ်စုံ ဝတ်ဆင်ထားသော ကျန်နှစ်ယောက်မှာလည်း ချက်ချင်း ပြန်လည်တိုက်ခိုက်ကြသည်၊၊ တစ်ယောက်က ကြိမ်နှုန်းမြင့် တုန်ခါလှိုင်းဓားကို ထုတ်ယူလိုက်ပြီး နောက်တစ်ယောက်၏ လက်မောင်းချပ်ကာသည် အရှိန်မြင့် စက်အမြောက်အဖြစ် ပြောင်းလဲသွားကာ ကျည်ဆန်များ မိုးရွာသကဲ့သို့ ပစ်ခတ်လိုက်သည်။

ဂေဒီ၏ ချိတ်ကြိုးမှာ နံရံတွင် စိုက်ဝင်နေပြီ ဖြစ်သည်။ သူမသည် ၎င်းကို အရှိန်ယူရန် အသုံးချပြီး စက်အမြောက်သမား၏ စွမ်းအားအရင်းအမြစ်ကို သူမ၏ သေနတ်ဖြင့် တိကျစွာ သုံးချက် ပစ်ခတ်လိုက်သည်။ ကြိမ်နှုန်းမြင့်တုန်ခါဓားကို ကိုင်ဆောင်ထားသော အခြားတစ်ယောက်က သူမထံ လျင်မြန်စွာ ပြေးဝင်လာသည်။ လေပေါ်၌ ဂေဒီ၏ ယန္တရားအစိတ်အပိုင်းများက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ကိုယ်ကို ၃၆၀ ဒီဂရီ နောက်ပြန်လှန်လိုက်ကာ ထိုလူ၏ စွမ်းအားဝတ်စုံ မျက်နှာဖုံးကို လှမ်းဆွဲ၍ မြေပြင်ပေါ်သို့ ဆောင့်ချလိုက်သည်။

“အား’’

ထိုလူက အော်ဟစ်ရင်း ပြန်လည် ခုခံရန် ကြိုးစားသော်လည်း ဂေဒီက ထိုသူ၏ ဓားကို ကိုင်ထားသော လက်ကို ဖမ်းဆွဲလိုက်သည်။ သူမ၏ ပြင်းထန်သော ယန္တရားခွန်အားသည် ထိုလူ၏ တစ္ဆေဝံပုလွေအဆင့် ဟိုက်ဒရောလစ်အစိတ်အပိုင်းများကို ဖျက်ဆီးသွားသည်။ ထို့နောက် အခြေအနေကို ပြောင်းပြန်လှန်ကာ ဓားဖြင့် ထိုလူ၏ မျက်နှာဖုံးကို ထိုးဖောက်လိုက်လေသည်။

Chapter 929

သွေးဆောင်ဖြားယောင်းဆေးရည် ၃

သူမ၏ လှုပ်ရှားမှုများမှာ တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိဖြင့် ချောမွေ့ကာ တိကျလှသည်။

ဂေဒီသည် ဆောင့်ကြောင့်ထိုင် အနေအထားဖြင့် ထိုလူ၏ စွမ်းအားဝတ်စုံပေါ်ရှိ တံဆိပ်ကို ကြည့်လိုက်ပြီး အောက်ဘက်တွင် ထူးဆန်းသည့် သတ္တဝါနှင့် တိုက်ခိုက်နေဆဲဖြစ်သော ဗန်နက်ဆာကို လှမ်းခေါ်လိုက်သည်။

“ဗေလန်ရဲ့ လူတွေပဲ’’

“သူတို့က သွေးဆောင်ဖြားယောင်းဆေးရည်ကို သုံးသွားတယ်’’

ဗန်နက်ဆာက ပြန်ပြောလိုက်သည်။

ဂေဒီက အပေါ်သို့ မော့ကြည့်လိုက်ရာ စက်သေနတ်သမား၏ ဘေးနားတွင် လင်းလက်နေဆဲဖြစ်သော လက်ကိုင်စက်တစ်ခုကို မြင်လိုက်ရပြီး တစ်ခုခုမှားနေပြီဆိုသည်ကို ချက်ချင်း သိလိုက်သည်။

“သောက်ကျိုးနည်း... မျိုးမစစ်ကောင်”

ဂျိန်း

သူမ စကားမဆုံးမီမှာပင် အောက်ဘက်မှ သတ္တုချင်း ပွတ်တိုက်သံကြီး တစ်ခု ထွက်ပေါ်လာသည်၊ ရေဆိုးမြောင်းအဖုံးသည် ကြီးမားသော ခွန်အားဖြင့် အပေါ်သို့ ကန်တင်ခံလိုက်ရပြီး ထူးဆန်းသည့် အနီရောင်သတ္တဝါနှစ်ကောင်သည် မြေအောက်မှ ဝုန်းခနဲ ပေါ်ထွက်လာသည်။ ၎င်းတို့၏ ဇီဝစွမ်းအင်နယ်ပယ်သည် ပုပ်ဟောင်သော လေပြင်းများကို ဖြစ်ပေါ်စေပြီး ကတ္တရာလမ်းကို လောင်ကျွမ်းသွားစေသည်။ ဗန်နက်ဆာသည် သူမ၏ တုန်ခါလှိုင်း ကာကွယ်ရေးစနစ်ကို ပြန်လည်အသုံးပြုသော်လည်း မီတာ ဆယ်ဂဏန်းခန့် လွင့်ထွက်သွားသည်။

အရပ်မျက်နှာ အသီးသီးမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်၊၊ သူမ အပျက်အစီးများကြားမှ အမြန်ထရပ်ကာ ယန္တရားဓားကို ဆုပ်ကိုင်လိုက်သည်။ သူမသည် ကောင်းကင်ကို မော့ကြည့်လိုက်ရာ မိုးကုတ်စက်ဝိုင်းမှာ သိသိသာသာ မှောင်လာနေပြီ ဖြစ်သည်။

“ငါတို့ကို အမဲလိုက်ခံရအောင် သူတို့ တမင်လုပ်တာပဲ’’ ဂေဒီသည် ကုန်တိုက်ပေါ်မှ ပြေးဆင်းလာသည်၊၊

“ငါတို့ အခု ချက်ချင်း ဆုတ်မှ ဖြစ်မယ်’’

“ပြေးလို့ မလွတ်ဘူး၊၊ ဒီကောင်တွေက အရမ်းမြန်လွန်းတယ်၊၊ သူတို့ကို အရင်ဖြေရှင်းမှ ဖြစ်မယ်’’

ဝူး

လူသားပုံစံ ထူးဆန်းသည့် အနီရောင်သတ္တဝါသုံးကောင်သည် ဗန်နက်ဆာထံသို့ ဝိုင်းလာကြရာ သူမသည် အပေါ်သို့ ခုန်တက်လိုက်ပြီး သူမ၏ တွန်းကန်အားကိရိယာကို အသုံးပြု၍ ရန်သူများ၏ အပေါ်သို့ လျင်မြန်စွာ ရောက်သွားသည်။ သူမ၏ ယန္တရားဓားရှည်မှ အသံလှိုင်းများ ထွက်ပေါ်လာပြီး အလွန်အကျွံအားထုတ်သည့်စနစ်ကို စတင်လိုက်ရာ ဓားသွားမှ တောက်ပသော အပြာရောင် အလင်းများ ထွက်ပေါ်လာသည်။ သူမသည် ဓားကို ရုတ်တရက် ပစ်လွှတ်လိုက်ရာ မလှမ်းမကမ်းရှိ အမြီးသုံးခွသတ္တဝါ၏ ဦးခေါင်းကို အရှိန်ပြင်းစွာ ထိုးဖောက်သွားသည်။ ထိုသတ္တဝါသည် အပျက်အစီးနံရံတွင် ကပ်သွားပြီး ၎င်း၏ ခြေထောက် ခြောက်ချောင်းဖြင့် ကွန်ကရစ်များကို ရိုက်ခွဲနေစဉ် ဂေဒီက မာန်သွင်းသံနှင့်အတူ ဆင်းသက်လာကာ သူမ၏ ယန္တရားလက်သီးဖြင့် ဓားရိုးကို ထုချလိုက်ရာ အမြီးသုံးခွသတ္တဝါ၏ ဦးခေါင်းသည် နှစ်ခြမ်းကွဲသွားပြီး ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။

သူမသည် ယန္တရားဓားရှည်ကို လျင်မြန်စွာ ဆွဲနှုတ်လိုက်ပြီး ဗန်နက်ဆာထံသို့ ပြန်ပစ်ပေးလိုက်သည်၊၊ တစ်ချိန်တည်းမှာပင် သူမ၏ သံလိုက်ချိတ်ကြိုးကို လွှတ်လိုက်သည်။ ဗန်နက်ဆာက ဓားကို ဖမ်းယူလိုက်ပြီး နှစ်ယောက်သား ကျောချင်းကပ်ကာ တိုက်ပွဲဝင်အနေအထား ပြောင်းလဲလိုက်ကြသည်။

ထိုအချိန်တွင် ထူးဆန်းသည့် အနီရောင်သတ္တဝါ သုံးကောင်နှင့် အမြီးသုံးခွသတ္တဝါ တစ်ကောင်တို့က သူတို့ကို ဝိုင်းထားကြသည်။

သူတို့နှစ်ယောက်သည် အာရုံကို အပြည့်အဝ စုစည်းထားကြသည်၊၊ ပုံမှန်အခြေအနေတွင်မူ ထိုမွန်းစတားများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ချက်ရှိသော်လည်း ညအချိန် ရောက်ခါနီးပြီဖြစ်၍ သတ္တဝါများ၏ စွမ်းအားမှာ သိသိသာသာမြင့်တက်လာမည် ဖြစ်ပြီး သူတို့သည်လည်း အမှောင်အမှတ်အသား၏ ပစ်မှတ်ထားခြင်းကို ခံရမည် ဖြစ်သည်။ ပင်လယ်ကျောက်ဆောင်ကျွန်း၏ ဆိတ်သုဉ်းနေသော နယ်မြေတွင် သူတို့သည် သမုဒ္ဒရာကြမ်းပြင်အောက်တွင် ပုန်းအောင်းနေသော အဆုံးမဲ့မိစ္ဆာကောင်များ၏ သားကောင်များ ဖြစ်သွားပေလိမ့်မည်။

အာဝူးးးး

လူသားပုံစံ ထူးဆန်းသည့် အနီရောင်သတ္တဝါများသည် ထူးဆန်းသော အသံများ ထွက်ပေါ်စေပြီး သူတို့ထံသို့ လျင်မြန်စွာ တွန့်လိမ်ဝင်ရောက်လာကြသည်။

“လေးကောင် ကျန်သေးတယ်၊၊ ခုနက ငါသတိထားမိတာ ကုန်တိုက်အောက်မှာ ဘဏ်တစ်ခုရှိတယ်၊၊ ဒီကောင်တွေကို ဖြေရှင်းပြီးတာနဲ့ အဲဒီက ငွေတိုက်ခန်းကို ညအတွက် ယာယီခိုလှုံနေရာအဖြစ် သုံးလို့ရနိုင်တယ်’’

အခြေအနေက အလွန်စိုးရိမ်ရသဖြင့် ဗန်နက်ဆာက အေးစက်သော မျက်လုံးများဖြင့် ပြောလိုက်သည်။

“ဒါက ငါတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာပဲ’’

ဂေဒီသည် လျှပ်စစ်လက်သီးကို တင်းကျပ်စွာ ဆုပ်ကာ အော်ဟစ်ရင်း တိုက်ခိုက်ရန် ပြင်လိုက်သည်။

ရုတ်တရက်ဆိုသလို ဟိန်းဟောက်သံနှင့်အတူ မီးတံတိုင်းကြီးတစ်ခု ပေါ်ထွက်လာပြီး ရှေ့တွင်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်ကာ ထူးဆန်းသည့် အနီရောင်သတ္တဝါနှစ်ကောင်ကို ဝါးမြိုသွားသည်။ ထို့နောက်တွင် ချိတ်ကြိုးတစ်ခု ဝှေ့ယမ်းဝင်ရောက်လာသည်။ စွမ်းအားဝတ်စုံသစ်ကို ဝတ်ဆင်ထားသော ရှောင်ချင်းသည် အနက်ရောင် လျှပ်စီးတန်းတစ်ခုအလား လေပေါ်တွင် ဖျတ်ခနဲ ပေါ်လာပြီး သူမ၏ သေနတ်ဓားက တုန်ခါသွားကာ ဗန်နက်ဆာရှေ့ရှိ ထူးဆန်းသည့် အနီရောင်သတ္တဝါ၏ ဦးခေါင်းကို ဖြတ်ချလိုက်သည်။ ဦးခေါင်းက အပေါ်သို့ လွင့်တက်သွားစဉ် လေဆာတန်းတစ်ခု၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။

အခြားတစ်ဖက်တွင် နောက်ဆုံးကျန်ရှိသော အမြီးသုံးခွသတ္တဝါက အော်ဟစ်ကာ ပြေးဝင်လာစဉ် [Executor X1] ဝတ်စုံကို ဝတ်ဆင်ထားသည့် နန်ကျင်းသည် ကောင်းကင်ယံမှ ဆင်းသက်လာသည်။ သူမသည် မည်သည့်လက်နက်ကိုမျှ မသုံးဘဲ ထိုသတ္တဝါ၏ အမြီးဆူးချွန်များကို လျစ်လျူရှုကာ ၎င်း၏ဦးခေါင်းကို တိုက်ရိုက်ထိုးနှက်လိုက်သည်။ ထိုသတ္တဝါ၏ ဇီဝစွမ်းအင်နယ်ပယ်တစ်ခုလုံး ထွက်ပေါ်လာသော်လည်း တစ်စက္ကန့်အတွင်းမှာပင် ထိုလက်သီးချက်ကြောင့် ပြင်းထန်သော အသံလှိုင်းပေါက်ကွဲမှု ဖြစ်ပေါ်ကာ ၎င်း၏ဦးခေါင်းကို ပွင့်ထွက်သွားစေသည်။ ရိုက်ခတ်မှုကြောင့် ၎င်း၏ကိုယ်တစ်ပိုင်းနှင့် မြေပြင်မှာ အက်ကြောင်းများဖြစ်ကာ ပြိုကျသွားလေသည်။

ဝုန်း

တစ်ခဏအတွင်းမှာပင် ဖုန်မှုန့်များ ပေါက်ကွဲထွက်လာသည်။

ဤရုတ်တရက် မြင်ကွင်းကြောင့် ဗန်နက်ဆာနှင့် ဂေဒီတို့ အံ့အားသင့်သွားကြသည်။

“နင်တို့က ဘယ်သူတွေလဲ’’

“ငါတို့က နင်တို့ရဲ့ ရန်သူတွေ မဟုတ်ပါဘူး’’

ထိုစဉ် မီးတောက်များ ဝန်းရံနေသော လူငယ်တစ်ယောက်သည် လက်ပိုက်လျက် တည်ကြည်သော မျက်နှာဖြင့် ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

“ဒါတော့ ငါလည်း မြင်တာပေါ့’’

ဂေဒီသည် သူမရှေ့ရှိ ထူးဆန်းသည့် သတ္တဝါအချို့ကို မျက်စိတစ်မှိတ်အတွင်း ဖြေရှင်းလိုက်သည့် ဤမမျှော်လင့်ဘဲ ရောက်လာသော ဧည့်သည်များကို ကြည့်ကာ ချက်ချင်း တုံ့ပြန်လိုက်သည်၊၊

“နင်တို့က ပြည်မကြီးက လာတာလား’’

“ဟုတ်တယ်’’

နန်ကျင်းက သူမ၏ အဖွဲ့ဝင်များနှင့်အတူ လျှောက်လာသည်၊၊

“မှောင်တော့မယ်၊၊ ငါတို့က ဒီနားက ဖြတ်သွားရင်း ကူညီပေးတာပါ၊ နင်တို့ရဲ့ ခိုလှုံနေရာက ဘယ်မှာလဲ… ဒါမှမဟုတ် ငါတို့ လှိုင်းနှုန်းချင်း ဖလှယ်ထားပြီး မနက်ကျမှ ဆက်သွယ်ကြမလား’’

ဗန်နက်ဆာက ခေါင်းခါလိုက်သည်၊၊

“မကြာခင် မှောင်တော့မယ်၊၊ ညဘက်ကျရင် ဒီကျွန်းပေါ်ကို ထူးဆန်းတဲ့ သတ္တဝါတွေ အများကြီး ရုတ်တရက် ရောက်လာလိမ့်မယ်၊၊ အမှောင်ထု ကျရောက်ပြီးတာနဲ့ မြို့တစ်ခုလုံးက ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ အမဲလိုက်ကွင်းဖြစ်သွားလိမ့်မယ်၊၊ အမှောင်အမှတ်အသား မရှိရင်တောင် အလွယ်တကူရှာတွေ့ခံရနိုင်တယ်၊၊ ဒါကြောင့် နယ်မြေကို ထိန်းညှိဖို့ သွေးဆောင်ဖြားယောင်းဆေးရည် လိုအပ်တယ်’’

“သွေးဆောင်ဖြားယောင်းဆေးရည် ဟုတ်လား’’

“မမေးနဲ့တော့ အစ်မနန်... သူတို့ကို ခေါ်ခဲ့လိုက်’’ လင်းရှန်၏ အသံသည် နားကြပ်မှတစ်ဆင့် ထွက်ပေါ်လာသည်၊၊

“မိုနီကာနဲ့ ချီလီတို့လည်း ပြန်ရောက်နေပြီ၊၊ အမှောင်ထုကျဖို့ ၅ မိနစ်ပဲ လိုတော့တယ်၊၊ အမြန်ပြန်ခဲ့ကြ’’

“နားလည်ပြီ’’

နန်ကျင်းက ချက်ချင်း ပြန်ဖြေလိုက်ပြီး ထိုနှစ်ယောက်ကို ပြောလိုက်သည်၊၊

“နင်တို့ ဆန္ဒရှိရင် ငါတို့နဲ့အတူ ခိုလှုံနေရာကို လိုက်ခဲ့လို့ ရတယ်’’

ဂေဒီနှင့် ဗန်နက်ဆာတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်၊၊

“ကောင်းပြီ... ခဏလေး”

ထို့နောက် သူမသည် ရုတ်တရက် ခုန်ထွက်သွားကာ ခုနက ကုန်တိုက်ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်သည်၊၊ သူမ၏ တံတောင်ဆစ်ရှိ ယန္တရားအစိတ်အပိုင်းမှ ကြက်သွေးရောင် ဆေးရည်ပြွန်တစ်ခုကို ထုတ်ယူလိုက်ပြီးနောက် စက်ပစ္စည်းငယ်တစ်ခုကို တပ်ဆင်ကာ ဒုံးကျည်ကြောင့် လွင့်ထွက်သွားသော စနိုက်ပါသမားအနားတွင် ထားခဲ့လိုက်ပြီးမှ ပြန်လှည့်လာခဲ့သည်။

“ဝေးလား… ငါတို့ ပျံသွားမယ်လေ’’

“ရတယ်’’

ခဏချင်းမှာပင် အဖွဲ့သားများအားလုံး စွမ်းအားဝတ်စုံရှိ တွန်းကန်အားပေးစက်များကို ဖွင့်ကာ ပျံတက်လိုက်ကြပြီး အနောက်ဘက်ကမ်းခြေ ပတ်လမ်းဘူတာရှိရာသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။ လေပေါ်တွင် ကြာရှည်မနေနိုင်သော ဗန်နက်ဆာနှင့် ဂေဒီတို့ကိုတော့ ရှောင်ချင်းနှင့် အားဖေးတို့က ကူညီ၍ ပျံသန်းပေးကြသည်။ သူတို့ ဘူတာရုံနားသို့ ရောက်လာသောအခါ ထိုနှစ်ယောက်၏ မျက်နှာတွင် အံ့သြရိပ်များ ယှက်သန်းသွားသည်။ ဘူတာရုံ၏ အပေါ်ဘက်မှ ဆင်းကြည့်လိုက်ရာ သံချပ်ကာအပြည့် တပ်ဆင်ထားသော ရထားကြီးတစ်စင်းက တိတ်ဆိတ်စွာ ရပ်နားထားသည်ကို တွေ့ရ၏။ နယ်မြေတစ်ခုလုံးတွင် ဒရုန်းများစွာ ပျံသန်းနေကြသည်။

All Chapters