အခန်း (၉၃၀-၉၃၁)
Vol. 53 Ch. 930-931
Chapter 930
နတ်ဆိုးမိစ္ဆာ ၁
“ရထားပေါ်တက်… ပြတင်းပေါက်တွေကို ပိတ်… အနံ့ပျောက်ဆေး ဖြန်းကြ’’
လင်းရှန်က တံခါးဝတွင် ရပ်နေသည်၊၊ ဗန်နက်ဆာ ပြောခဲ့သော စကားများနှင့် ချီလီတို့ အဖွဲ့နှစ်ဖွဲ့ မြို့ထဲတွင် တွေ့ရှိခဲ့သည့် ထူးဆန်းသော အခြေအနေများကို ကြားသိပြီးနောက် သူသည် အခြေအနေ၏ လေးနက်မှုကို သဘောပေါက်သွားသည်။ ထို့နောက် ဗိုင်အိုလာကို အမှောင်ထုအတွက် အပြည့်အဝ ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။
သူသည် လူတိုင်းကို ရထားပေါ် တက်ခိုင်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ဒရုန်းများကို ပြန်လည် သိမ်းဆည်းလိုက်သည်။ ရထားတံခါးကို ပိတ်လိုက်ရုံရှိသေး၊ မှိန်ပျပျ ကောင်းကင်ယံထက်တွင် ထူးဆန်းသော အမှောင်ဒီရေတစ်ခု ဖျတ်ခနဲ လွှမ်းမိုးသွားသည်။ လေထုက ရုတ်တရက် အေးစက်သွားပြီး အလွန်ပြင်းထန်သော အမှောင်စွမ်းအားသည် ပင်လယ်ရေမျက်နှာပြင်မှ ဆူနာမီလှိုင်းကြီးကဲ့သို့ တက်လာကာ ပင်လယ်ကျောက်ဆောင်ကျွန်းအပါအဝင် ပင်လယ်ပြင်တစ်ခုလုံးကို တစ်ခဏချင်း ဝါးမြိုသွားတော့သည်။
၁၈:၃၅ နာရီ။
အမှောင်ထု ကျရောက်လာပြီ။
ထိုခဏ၌ မူလက လူသူကင်းမဲ့နေသော ကမ်းရိုးတန်းတစ်လျှောက်တွင် ရေအောက်တွင်းနက်ကြီးထဲမှ ပေါ်ထွက်လာသည့်အလား မရေမတွက်နိုင်သော ထူးဆန်းသည့် အရိပ်မည်းကြီးများ ရုတ်တရက် ပေါ်လာကြသည်၊၊ ပင်လယ်ရေစက်များ တဖျောက်ဖျောက် ကျသံများနှင့်အတူ ထိုသတ္တဝါများသည် မြို့ထဲသို့ ဖြည်းညှင်းစွာ လှည့်လည်ဝင်ရောက်လာကြတော့သည်။
၁၈:၃၅ နာရီ။
ကောင်းကင်တစ်ခုလုံး မှောင်အတိကျသွားလေပြီ။
မူလက သုသာန်တစ်ခုကဲ့သို့ တိတ်ဆိတ်နေသော ပင်လယ်ကျောက်ဆောင်ကျွန်းသည် နက်ရှိုင်းသော ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားသယောင် ရှိနေသည်။ လေထုထဲတွင် ပင်လယ်ရေ၏ ဆားငန်နံ့များ၊ သံချေးနံ့နှင့် ပုပ်ဟောင်သော အနံ့အသက်ဆိုးများ ရောနှောနေပြီး ရှေးဟောင်းသတ္တဝါကြီးတစ်ကောင်၏ အသက်ရှူနေကဲ့သို့ နေရာအနှံ့သို့ ဖြည်းညှင်းစွာ ပျံ့နှံ့လာသည်။
ဤမျှော်လင့်ချက်မဲ့သော လေထုမှာ ကုန်းမြေပေါ်ထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းနေပြီး ကျွန်းတစ်ခုလုံးသည် အောက်ခြေမရှိသော ပင်လယ်နက်ကြီးထဲသို့ ရုတ်တရက် ထိုးဆင်းသွားကာ ကြောက်ရွံ့မှုနှင့် အသက်ရှူကျပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ပတ်လမ်းဘူတာ၏ အပြင်ဘက် လူသူကင်းမဲ့နေသော လမ်းမများပေါ်တွင် တရှဲရှဲမြည်သံများ ရုတ်တရက် ထွက်ပေါ်လာပြီး ထူးဆန်းသော တီးတိုးသံများ ပဲ့တင်ထပ်နေသည်၊၊ စိုစွတ်သော အရာများစွာ ကတ္တရာလမ်းပေါ်တွင် တရွတ်တိုက်ဆွဲသွားသည့်အသံ သို့မဟုတ် စေးကပ်သော အရည်တစ်မျိုး ရေဆိုးမြောင်းများထဲမှ ဖြည်းညှင်းစွာ စိမ့်ထွက်လာသည့်အသံနှင့် တူလှသည်။
ဖောက်…
အနက်ရောင်အရည်တစ်စက်သည် ဘူတာရုံခေါင်မိုးပေါ်မှ ရထားလမ်းပေါ်သို့ ကျဆင်းသွားရာ ချက်ချင်းပင် မီးခိုးစိမ်းများ ထွက်ပေါ်ကာ တိုက်စားသွားသည်။
ထို့နောက် ဒုတိယတစ်စက်၊ တတိယတစ်စက်...
မြို့တစ်မြို့လုံးသည် အမည်မသိ ဖြစ်တည်မှုတစ်ခုခုကြောင့် နိုးထလာသယောင် ရှိနေသည်။
ဝေးကွာသော ပင်လယ်ပြင်မှ အမှောင်ထုသည် ဒီရေကဲ့သို့ တက်လာပြီး နောက်ဆုံးကျန်ရှိနေသော နေ့အလင်းရောင်ကို ဝါးမြိုသွားတော့သည်။ ရေမျက်နှာပြင်အောက်တွင် တွန့်လိမ်နေသော အနက်ရောင်အရိပ်များစွာ ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။ ၎င်းတို့တွင် အတည်တကျသဏ္ဌာန်မရှိဘဲ တစ်ခါတစ်ရံ လူသားနှင့်တူကာ၊ တစ်ခါတစ်ရံတွင် အရိုးစုသတ္တဝါများနှင့် တူနေပြီး၊ တစ်ခါတစ်ရံတွင်မူ လှုပ်ရှားနေသော အနက်ရောင် အသားစိုင်ကြီးများနှင့် တူနေသည်၊၊ ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် စေးကပ်သော အရည်များ ဖုံးလွှမ်းနေပြီး လရောင်အောက်တွင် ထူးဆန်းသော အဆီပြန်သည့် အရောင်များ တောက်ပနေသည်။
ကလောက်... ကလောက်...
အရိုးချင်း ပွတ်တိုက်သံကဲ့သို့ နက်ရှိုင်းသော အသံများ အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသည်။
ပတ်လမ်းဘူတာ အပြင်ဘက်ရှိ လမ်းမီးတိုင်များသည် ခဏတာ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီးနောက် ငြိမ်းသွားတော့သည်၊၊ အမှောင်ထုထဲတွင် တစ်ခုခုသည် နံရံပေါ်သို့ တွားတက်နေပြီး ၎င်း၏ ထက်ရှသော လက်သည်းများက သတ္တုမျက်နှာပြင်ပေါ်တွင် စူးရှသော အသံများ ထွက်ပေါ်စေသည်။
အနန္တရထားကြီး၏ အင်ဂျင်ကို ပိတ်ထားပြီး မည်သည့်မီးကိုမျှ မဖွင့်ထားပေ၊၊ ပြတင်းပေါက် လိုက်ကာများအားလုံးကိုလည်း ချထားသည်။
“သူတို့ ရောက်လာပြီ’’
ဗန်နက်ဆာ၏ အသံမှာ တိုးညှင်းပြီး တင်းမာနေသည်၊၊ သူမသည် ပြတင်းပေါက်လိုက်ကာကြားမှနေ၍ ဘူတာရုံ၏ ပလက်ဖောင်းကို လှမ်းကြည့်လိုက်သည်။ တိတ်ဆိတ်နေသော ပတ်လမ်းဘူတာအတွင်းတွင် အသံပေါင်းစုံ ပဲ့တင်ထပ်လာပြီး ရှေ့ဘက်ပလက်ဖောင်းပေါ်တွင် လူတစ်ယောက် ဖြည်းညှင်းစွာ မတ်တတ်ရပ်လာသည်၊၊ အကယ်၍ ၎င်းကို လူဟု ခေါ်နိုင်သေးလျှင်ပေါ့၊၊ ၎င်း၏ ခြေလက်များမှာ အချိုးအစားမကျဘဲ တွန့်လိမ်နေပြီး ခေါင်းမှာ ငိုက်စိုက်ကျနေကာ လည်ပင်းမှာ ကျိုးနေသည့်အလား နောက်သို့ လန်နေသဖြင့် မျက်နှာမပါသော ခေါင်းကြီးမှာ ပေါ်ထွက်နေသည်။
နောက်တစ်စက္ကန့်တွင် ၎င်းသည် ခေါင်းကို ရုတ်တရက် မော့လိုက်ရာ ဟောင်းလောင်းပေါက်ဖြစ်နေသော မျက်နှာသည် ရထားဆီသို့ တိုက်ရိုက်စိုက်ကြည့်လာသည်။
အေးစိမ့်သော ခံစားချက်တစ်ခု ချက်ချင်း တိုးဝင်လာပြီး အနန္တရထားကြီး၏ ကျည်ကာမှန်များပေါ်တွင် နှင်းခဲများ ရုတ်တရက် စတင် ဖြစ်ပေါ်လာသည်၊၊ လက်တစ်ဖက်က ဗန်နက်ဆာ၏ ပုခုံးကို ဖိထားပြီး သူမကို ပြတင်းပေါက်မှ ဆွဲထုတ်လိုက်သည်။
နံပါတ် ၅ တွင်းနက်ထဲမှ ထွက်လာပြီးနောက်ပိုင်း လင်းရှန်သည် ညအမှောင်ကျရောက်ခြင်းအပေါ် ဤမျှ ကြောက်ရွံ့မှုကို မခံစားရသည်မှာ ကြာပြီဖြစ်သည်၊၊ ယခုတစ်ကြိမ်တွင်လည်း သူသည် မျက်နှာအမူအရာကို လေးလံသွားစေသည့် ထူးဆန်းသော ခံစားချက်ကို ရရှိနေသည်။
“နောက်ဆုတ်ကြ’’
ရထားတွဲအတွင်းရှိ အဖွဲ့ဝင်များအားလုံး၏ မျက်နှာများမှာ လေးလံနေပြီး အသက်ရှူသံများကိုပင် ထိန်းထားကြရသည်၊၊ ချန်ဆီရွှမ်သည် အေးစိမ့်မှုကို ခံစားရသဖြင့် တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
“ဒါက တစ္ဆေ ၁၀၀ ညလှည့်လည်ပွဲကျနေတာပဲ၊၊ ဘယ်လိုလုပ် ဒီလောက်တောင် များနေရတာလဲ၊၊ ပြီးတော့... သူတို့က ခရီးတစ်ခုခုသွားနေကြတာနဲ့ တူတယ်နော်’’
ဂျိန်း
ချန်ဆီရွှမ်၏ စကားဆုံးသည်နှင့် အနန္တရထားကြီး၏ ရထားတွဲတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်၊၊ အပြင်ဘက်တွင် တစ်ခုခုတွားတက်လာသယောင်ရှိပြီး ထိုင်းမှိုင်းသော အသံများ ထွက်ပေါ်လာကာ ရထားတွဲအတွင်းပိုင်းကို တုန်ခါသွားစေသည်။
ရထားတွဲအတွင်းရှိ လူတိုင်း အသက်ရှူရပ်မတတ် တင်းမာသွားကြသည်၊၊ လင်းရှန်သည် မျက်မှောင်ကြုတ်လျက် လူတိုင်းကို ငြိမ်သက်စွာ နေရန်နှင့် အချိန်မရွေး ပြန်လည်တိုက်ခိုက်ရန် အသင့်ပြင်ထားဖို့ လက်ဟန်ဖြင့် အချက်ပြလိုက်သည်။
ဤခဏ၌ လင်းရှန်မှာ အလွန်ပင် စိုးရိမ်နေမိသည်၊၊ ဗိုင်အိုလာ၏ အရှေ့ဆိပ်ကမ်းရှိ ရှင်းလင်းရေးအလုပ်များကို မပြီးသေးဘဲ ညဘက်တွင် ရထားထွက်ခွာခြင်းမှာ အလွန်အန္တရာယ်များလှသည်။ မလိုအပ်ဘဲ အနန္တရထားဖြင့် ညသန်းခေါင်ယံ ထွက်ပြေးခြင်းမျိုးကို သူ မလုပ်လိုပေ။ အပြင်မှ တစ္ဆေ ၁၀၀ ညလှည့်လည်ပွဲ မြင်ကွင်းကို ကြည့်ခြင်းအားဖြင့် သူတို့ အလွယ်တကူဆုတ်ခွာနိုင်မည်မဟုတ်ကြောင်း သူ စိုးရိမ်နေမိသည်။
ကလောက်... ကလောက်...
ဤခဏ၌ ကြီးမားသော ပတ်လမ်းဘူတာကြီးမှာ လူပင်လယ်ကြီးနှင့် စည်ကားနေသည့် မြင်ကွင်းသို့ ပြန်ရောက်သွားသယောင် ရှိနေသည်။ ပလက်ဖောင်းနှင့် လမ်းကြောင်းတိုင်းမှ ထူးဆန်းသော အသံများ ထွက်ပေါ်နေသည်။ အနန္တရထား၏ ဘေးဘက်ရှိ ကပ်လျက်ပလက်ဖောင်းပေါ်တွင် ပိုမိုများပြားသော အရိပ်မည်းကြီးများ ဖြတ်သန်းသွားကြသည်၊၊ ရထားတွဲ၏ သံချပ်ကာပြားများပေါ်တွင် ပွတ်တိုက်သွားသော စူးရှသည့် အသံများမှာ ကျောချမ်းစရာကောင်းလှသည်။
ရထားတွဲပြင်ပမှ ဆူညံသံများမှာ ပိုမိုကျယ်လောင်လာပြီး အနန္တရထားပေါ်သို့ သတ္တဝါများ ပို၍တွားတက်လာပုံ ရသည်၊၊ မျက်လုံးတန်းကြီးတစ်ခုမှာ ရထားတွဲ၏ သံချပ်ကာပြားများပေါ်တွင် ဖြတ်သန်းသွားသည်၊၊ လူတိုင်း အသက်ရှူရန်ပင် မေ့နေကြစဉ် ကယ်ဆယ်လာသော မက္ကဆီကန် မိန်းကလေးက လင်းရှန်ကို တည်ငြိမ်နေရန် လက်ဟန်ပြလိုက်သည်၊၊ လူမည်းအမျိုးသမီးကလည်း ထိုနည်းတူပင် လူတိုင်းကို တည်တည်ငြိမ်ငြိမ်နေရန် အချက်ပြနေသည်။
ထို့နောက် သူမသည် သူမ၏ လက်ကောက်ဝတ်ရှိ countdown ပြနေသော မျက်နှာပြင်ငယ်လေးကို ညွှန်ပြလိုက်သည်။
၅၊ ၄၊ ၃၊ ၂၊ ၁
ဂေဒီ၏ လက်ကောက်ဝတ်ရှိ countdown ဆုံးသည်နှင့် ပတ်လမ်းဘူတာအတွင်းရှိ ထူးဆန်းသည့် သတ္တဝါများကြားတွင် ရုတ်ရုတ်သဲသဲဖြစ်သွားပုံရပြီး ထူးဆန်းသော အော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်လာကာ ဆူညံသံများမှာ လားရာတစ်ခုဆီသို့ ဦးတည်ကာ ပို၍ကျယ်လောင်လာသည်။
အမှောင်ထုထဲတွင် အနန္တရထားအတွင်းရှိ လူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်၊၊ အပြင်မှ ထူထပ်သော ဆူညံသံများကို နားထောင်ရင်း မည်သူမျှ အသံကျယ်ကျယ် မရှူရဲကြပေ၊၊ ကီကီ၏ ဘေးတွင် ရပ်နေသော ရှားရှားသည် နှာခေါင်းကို ပိတ်ထားပြီး သူမဘေးရှိ မာရှောင်ထန်းသည်လည်း အသက်ပြင်းပြင်း မရှူရဲပေ။
လင်းရှန်သည် ဤထူးခြားမှုကို သတိပြုမိလိုက်ပြီး တိုက်ခိုက်ရန် ပြင်ထားသော လက်ကို ဖြည်းဖြည်းချင်း ချလိုက်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။
အမှန်တကယ်ပင် ပြင်ပတွင် ပြင်းထန်သော ဆူညံသံများ ဆက်တိုက်ထွက်ပေါ်ပြီးနောက် လျင်မြန်စွာပင် ပြန်လည်တိတ်ဆိတ်သွားသည်၊၊ အချို့သော အမှောင်ထောင့်များတွင် ထူးဆန်းသော အသံများ ကျန်ရှိနေသေးသော်လည်း ယခင်ကကဲ့သို့ ပြင်းထန်သော အမဲလိုက်သည့် လေထုမျိုး လုံးဝမရှိတော့ပေ။
Chapter 931
နတ်ဆိုးမိစ္ဆာ ၂
ပတ်ဝန်းကျင် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လင်းရှန်၏ မျက်လုံးများ လင်းလက်သွားပြီး လူမည်းအမျိုးသမီးကို ကြည့်ကာ မေးလိုက်သည်။
“မင်း ဘာလုပ်လိုက်တာလဲ’’
“သွေးဆောင်ဖြားယောင်းဆေးရည်’’
လူမည်းအမျိုးသမီးက မိတ်ဆက်လိုက်သည်၊၊
“ငါက ဂေဒီပါ၊၊ သူက ဗန်နက်ဆာ၊၊ ငါတို့ကို နင်တို့ရဲ့ ခိုလှုံနေရာထဲ ပေးဝင်တဲ့အတွက် ကျေးဇူးတင်ပါတယ်’’
“လင်းရှန်ပါ’’
လင်းရှန်က လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်ရာ ထိုအမည်ကို ကြားသည်နှင့် ဂေဒီ၏ အမူယာ ရုတ်တရက် ပြောင်းလဲသွားပြီး လင်းရှန်၏ လက်ကို အားရပါးရဆုပ်ကိုင်လိုက်သည်၊၊
“လင်းရှန်... အနန္တရထားလား’’
“ဟုတ်တယ်၊၊ ငါ့ကို သိလို့လား’’
“နင်က တကယ်ပဲ လင်းရှန်လား’’
ဗန်နက်ဆာဟု အမည်ရသော မိန်းကလေးသည် ရှေ့သို့တိုးလာပြီး သူမ၏ ဦးထုပ်ကို ဖြည်းညှင်းစွာ ချွတ်လိုက်ကာ လင်းရှန်ကို အသေအချာ အကဲခတ်ကြည့်နေသည်။
“ငါပဲလေ၊၊ ဘာဖြစ်လို့လဲ’’
လင်းရှန်က ပြန်မေးလိုက်သည်။
ဗန်နက်ဆာနှင့် ဂေဒီတို့ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီးနောက် မယုံကြည်နိုင်လောက်သော အပြုံးတစ်ခုကို ဖော်ပြလိုက်ကြသည်။
“ဘုရားရေ... ငါတို့ တကယ်ပဲ ဓားကိုင်ဆောင်သူနဲ့ ဆုံတာပဲ’’
ထိုစကားကို ကြားသောအခါ ဖီးနစ်၏ ကမ္ဘာလုံးဆိုင်ရာထုတ်လွှင့်မှုကြောင့် သူ၏အထောက်အထားမှာ လျှို့ဝှက်ချက်မဟုတ်တော့ကြောင်း လင်းရှန် ချက်ချင်းနားလည်လိုက်သည်။ သူသည် ယင်းကို ကျင့်သားရနေပြီဖြစ်သော်လည်း ယခု ပင်လယ်ပြင်ခရီးစဉ်သို့ ရောက်ရှိလာချိန်တွင်မူ ပို၍သတိထားရန် လိုအပ်မည်ဟု စတင်တွေးမိသည်။ အကြောင်းမှာ အနီရောင်ကမ္ဘာမှ အမှောင်အဖွဲ့အစည်းကို အမြစ်ပြတ်မရှင်းလင်းရသေးဘဲ မည်သူက သူ့ကို ပစ်မှတ်ထားနေမည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။
“အရင်ဆုံး အခြေအနေကို ပြောပြပါဦး’’
လင်းရှန်က အသံကိုနှိမ့်ကာ မေးလိုက်သည်၊၊
“ညဘက်ကျရင် ဘာလို့ ဒီလောက်တောင် ထူးဆန်းတဲ့ သတ္တဝါတွေ များနေရတာလဲ၊၊ ပြီးတော့ မင်းတို့ကရော ဘာတွေဖြစ်နေတာလဲ’’
“အများကြီးဟုတ်လား၊၊ ဒါက ပုံမှန်ပါပဲ’’
ဂေဒီက တည်ငြိမ်စွာ ရှင်းပြသည်၊၊
“ဒီထူးဆန်းတဲ့ သတ္တဝါတွေက သမုဒ္ဒရာကြမ်းပြင်ကနေ လမ်းလျှောက်လာကြတာပဲ၊၊ မမှောင်ခင် အချိန်မှာတောင် သူတို့က ရေအောက်မှာ လှုပ်ရှားနိုင်ကြတယ်၊၊ ညဘက်ရောက်ပြီဆိုရင်တော့ ကျွန်းပေါ်ကို စုပြုံတက်လာကြတာဆိုတော့ အရေအတွက်က အရမ်းများတယ်၊၊ ဒါက ခရီးရှည်ချီတက်ပွဲဖြစ်သလို အမဲလိုက်ပွဲလည်း ဖြစ်တယ်’’
“ဒါကြောင့်ကိုး...’’
လင်းရှန်က လေးနက်သော အသံဖြင့် ဆိုလိုက်သည်။ တာ့ကူရေနက်ဆိပ်ကမ်း ရေအောက်တွင် မြင်တွေ့ခဲ့ရသော အမည်မသိ ထူးဆန်းသော သတ္တဝါများကို သူ ပြန်လည်အမှတ်ရသွားသည်။ ပင်လယ်ရေမျက်နှာပြင်အောက်တွင် နှင်းမုန်တိုင်းထဲက နှင်းပွင့်များကဲ့သို့ ထိုသတ္တဝါများစွာ ပုန်းအောင်းနေကြပုံရသည်။ ညရောက်သည်နှင့် ပင်လယ်ကျောက်ဆောင်ကျွန်းသည် ထိုသတ္တဝါလှိုင်းလုံးကြီးများ၏ ဝိုင်းရံမှုကို ခံရတော့သည်။
“မွန်းစတားတွေက ပစ်မှတ်တစ်ခုခုကို တွေ့သွားတာလား’’
အပြင်ဘက်မှ ဆူညံသံများမှာ လားရာတစ်ခုတည်းသို့ စုပြုံသွားသည်ကို မိုနီကာ၏ ထက်မြက်သော အာရုံခံစားမှုက သိရှိသွားသဖြင့် သူမက တိုးညှင်းစွာ ပြောလိုက်သည်။
“ဒါ ခုနက နင်တို့ပြောတဲ့ သွေးဆောင်ဖြားယောင်းဆေးရည်ရဲ့ အစွမ်းလား’’
“ဟုတ်တယ်’’
ဗန်နက်ဆာက ပြန်ဖြေသည်၊၊
“ပင်လယ်ပြင်မှာ ညဘက်ဆိုရင် ထူးဆန်းတဲ့ သတ္တဝါတွေက သိပ်သည်းလွန်းလို့ အမှောင်အမှတ်အသားမရှိရင်တောင် အလွယ်တကူ ဖော်ထုတ်ခံရနိုင်တယ်၊၊ ဒါကြောင့် ငါတို့အားလုံးက အေးခဲ-အမှောင်ဆေးရည်နဲ့ ဇီဝအင်ဇိုင်းတွေ ပေါင်းစပ်ထားတဲ့ သွေးဆောင်ဖြားယောင်းဆေးရည်ကို သုံးကြတယ်၊၊ အတိုင်းအတာတစ်ခုအထိတော့ ဒါက အမှတ်အသားမရှိသူတွေထက် ပိုမြင့်မားတဲ့ စွမ်းအင်လှိုင်းတွေကို ထုတ်လွှတ်ပေးနိုင်တာမို့ နည်းနည်းလေး သုံးလိုက်ရုံနဲ့ မွန်းစတားတွေကို အဝေးကြီးအထိ ဆွဲခေါ်သွားနိုင်တယ်’’
“နင်ပြောချင်တာက အမှောင်အမှတ်အသားပါတဲ့ ငါးစာပေါ့ ဟုတ်လား’’
ချန်ဆီရွှမ်က ဟန်ရှန်းတောင်ကြား ဘူတာရုံတွင် တွေ့ခဲ့ရသော ထူးဆန်းသည့် ကွန်တိန်နာကို ပြန်လည်အမှတ်ရသွားသည်။
“အာ့လိုသဘောပါပဲ… အခု ပင်လယ်ပြင်မှာ အသက်ရှင်ကျန်ရစ်သူတွေကတော့ ဒီနည်းလမ်းကိုပဲ သုံးပြီး ပြေးကြရတာပဲ’’
ဂေဒီက ပြန်ပြောသည်၊၊
“ပင်လယ်က အရမ်းကျယ်လွန်းတယ်၊၊ ငါတို့မှာ ပြေးစရာ တခြားနည်းလမ်း မရှိဘူး’’
“ဒီမွန်းစတားတွေရဲ့ စိတ်ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုးတွေက အတော်လေး မြင့်တာပဲ’’
နံပါတ် ၂ ရထားတွဲအတွင်းရှိ သတင်းအချက်အလက်စင်တာမှ မော်နီတာမျက်နှာပြင်ကို ကြည့်ရင်း ရှားရှားက အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်၊၊
“ကြောက်စရာကြီး’’
ကီကီက လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ဒရုန်းတွေအကုန်ပြန်သိမ်းလိုက်တာ ကောင်းတယ်၊၊ လှုပ်ရှားမှု အနည်းငယ်ရှိရုံနဲ့တင် သူတို့ သိသွားနိုင်တယ်လို့ ကျွန်မခံစားနေရတယ်’’
လင်းရှန်က အချိန်ကို စစ်ဆေးပြီး ထိုနှစ်ယောက်ကို မေးလိုက်သည်။
“မင်းတို့က ဘယ်အဖွဲ့အစည်းကလဲ၊၊ ဘာလို့ ဒီကိုရောက်နေတာလဲ’’
“ပင်လယ်လင်းယုန်အုပ်စု’’ ဗန်နက်ဆာက ဖြေသည်။
ဂေဒီက ဆက်ပြောသည်၊၊
“ငါတို့က အခုထိ စီးနင်းသူတွေအဖြစ်ပဲ ရှိပါသေးတယ်’’
“ပင်လယ်စီးနင်းသူတွေလား’’
ချီလီ မျက်မှောင်ကြုတ်လိုက်သည်၊၊
“မင်းတို့က သင်္ဘောတွေကိုပဲ ခိုလှုံနေရာအဖြစ် သုံးတဲ့ အသက်ရှင်ကျန်ရစ်သူတွေလား’’
“ဟုတ်ပါတယ်’’
ဗန်နက်ဆာက ရှင်းပြသည်၊၊
“ငါတို့အားလုံး အရုဏ်ဦးမြို့တော်ကနေ သတင်းတွေ ရထားတယ်၊၊ အစကတော့ ရထားအဖွဲ့တစ်ခုခုက ပင်လယ်ပြင်ခရီးစဉ်ကို ပြန်စလိမ့်မယ်လို့ ထင်ထားတာ… ဒါပေမဲ့ ပထမဆုံး ဆုံရတဲ့ ရထားအဖွဲ့က နင်တို့ရဲ့ အနန္တရထားဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊၊ ကြိုပြောထားရမှာက ပစိဖိတ် G3 ကနေ G9 အထိရှိတဲ့ ရေနက်အခြေစိုက်စခန်း အတော်များများက အခုတော့ မဟာမိတ်အချို့ရဲ့ ခိုလှုံနေရာတွေ ဖြစ်နေပြီ၊၊ အဲဒီထဲက အတော်များများက အရင်က ရထားအဖွဲ့ဟောင်းတွေပဲ၊၊ အဲဒီကိုဖြတ်ကျော်ဖို့က မလွယ်ဘူးနော်’’
“လုယက်မှာလား’’ လင်းရှန်က မေးလိုက်သည်။
“အာ့လိုဖြစ်ဖို့များတယ်၊၊ ဂြိုလ်ပတ်လမ်းကြောင်းက ကန့်သတ်ချက် အရမ်းများလွန်းတယ်၊၊ ပင်လယ်ပြင်က အခြေအနေတွေက ကုန်းပေါ်ထက် ပိုပြီး အမျိုးမျိုးကွဲပြားတယ်၊၊ နင်တို့ရဲ့ ရထားအဖွဲ့က ကုန်းပေါ်မှာလောက်တော့ လုံခြုံမှာ မဟုတ်ဘူး’’
လင်းရှန် နားလည်သွားသည်။ ယခုအခါ ဂြိုလ်ပတ်လမ်းကြောင်းပေါ်တွင် ပြေးဆွဲနေသည့် ရထားနည်းပါးလာသဖြင့် အရင်းအမြစ်များကို အခြေစိုက်စခန်းများ၊ ကျွန်းများနှင့် သင်္ဘောများတွင်သာ စုစည်းထားကြပြီး ရထားတစ်စင်းဖြတ်သန်းလာပါက အာရုံစိုက်ခြင်း ခံရမည်မှာ သေချာသည်။
ဒါက ပြဿနာအချို့ရှိနိုင်သော်လည်း လင်းရှန်က လက်ရှိရင်ဆိုင်နေရသော ထူးခြားသည့် အခြေအနေကို ပို၍ စိတ်ဝင်စားသည်။
“ပင်လယ်ပြင်... အဲဒီထူးဆန်းတဲ့ သတ္တဝါတွေက ဘာလို့ နေ့ခင်းဘက်ကြီးမှာ ပေါ်လာရတာလဲ’’
လင်းရှန်က မေးလိုက်သည်။
“ထူးဆန်းလို့လား’’
ဗန်နက်ဆာက လူတိုင်းကို ဝေ့ကြည့်လိုက်သည်၊၊
“နင်တို့ရဲ့ စွမ်းအားရှင်အဖွဲ့က အတော်လေး သန်မာတာပဲ၊၊ နင်တို့ နေ့ခင်းဘက်မှာ လှုပ်ရှားတဲ့ နတ်ဆိုးမိစ္ဆာတွေကို မတွေ့ဖူးကြဘူးလား’’
“မတွေ့ဖူးဘူး’’
“ငါတို့ တကယ်ပဲ နေ့ခင်းဘက်မှာ လှုပ်ရှားတဲ့ သတ္တဝါတွေကို မတွေ့ဖူးဘူး၊၊ ဟုတ်ပါတယ်... ထိတ်လန့်ဖွယ်လူသား၊ ဖုတ်ကောင် ဒါမှမဟုတ် အနီရောင်သတ္တဝါတွေကိုတော့ ထည့်မတွက်ဘူးပေါ့၊၊ ခုနက နင်တို့ ရင်ဆိုင်ခဲ့ရတာက ထူးဆန်းတဲ့ သတ္တဝါ အမျိုးအစားတစ်ခုခုပဲ မဟုတ်လား’’
နန်ကျင်းက ကြားဝင်ပြောလိုက်သည်။
ဗန်နက်ဆာနှင့် ဂေဒီတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်၊၊
“ငါတို့ကတော့ သူတို့ကို နတ်ဆိုးမိစ္ဆာလို့ ခေါ်တယ်၊၊ နေ့ခင်းဘက်မှာ ပေါ်လာနိုင်ပြီး ပုံသဏ္ဌာန်အမျိုးမျိုးရှိတယ်၊၊ အတွေ့ရအများဆုံးကတော့ အမြီးသုံးခွသတ္တဝါနဲ့ အနီရောင်အရိုးစုတွေပဲ၊၊ ဒါပေမဲ့ သူတို့က အစကတည်းက ဒီလိုဖြစ်နေတာ မဟုတ်ဘူး၊၊ ငါတို့ လေ့လာကြည့်ရသလောက် ဒီသက်ရှိတွေက အမြဲတမ်း တိုးတက်ပြောင်းလဲနေကြတယ်၊၊ အစပိုင်းမှာတော့ မုန်တိုင်းထန်တဲ့နေ့ ဒါမှမဟုတ် တိမ်ဖုံးတဲ့နေ့တွေမှာပဲ ပေါ်လာတတ်တယ်၊၊ ဒါမှမဟုတ် အဆောက်အအုံတွေနဲ့ ရေဆိုးမြောင်းတွေထဲမှာ ခဏတဖြုတ် ရှိနေတတ်တယ်၊၊ ဒါပေမဲ့ မကြာသေးခင် လပိုင်းအတွင်းမှာ ဒီနတ်ဆိုးမိစ္ဆာတွေက ပိုပြီးတော့ လိုက်လျောညီထွေဖြစ်လာကြတယ်၊၊ နေ့ခင်းဘက်မှာ ရှင်သန်နိုင်ရုံတင်မကဘူး၊၊ တိုးတက်ပြောင်းလဲမှုကလည်း ဆက်ဖြစ်နေတယ်၊၊ သူတို့ရဲ့ အန္တရာယ်အဆင့်က တစ်နေ့ထက်တစ်နေ့ ပိုမြင့်လာပြီး သာမန်လက်နက်တွေက ထိရောက်မှု မရှိတော့ဘူး’’
“ဒါပေမဲ့ သူတို့အားလုံးမှာ ထူးခြားချက်တစ်ခုရှိတယ်၊၊ သူတို့ရဲ့ သက်တမ်းက အရမ်းတိုတယ်၊၊ ပုံမှန်အားဖြင့် နှစ်ရက် ဒါမှမဟုတ် သုံးရက်ပဲ ခံတယ်’’
ဂေဒီက လက်ပိုက်ရင်း တည်ငြိမ်စွာ ပြောသည်၊၊ “ကြည့်ရတာ အမှောင်ဒီရေရဲ့ ရှေ့ပြေးတပ်ဖွဲ့တွေနဲ့ တူတယ်’’
ထိုစဉ် နန်ကျင်းက လင်းရှန်ကို ပြောလိုက်သည်၊၊
“ကပ္ပတိန်လင်း... ကျွန်မတို့ တိုက်ခိုက်တုန်းက တွေ့တာက ဒီနတ်ဆိုးမိစ္ဆာတွေက သာမန် C အဆင့်နဲ့ D အဆင့် ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ မတူဘဲ သူတို့ရဲ့ ဇီဝစွမ်းအင်နယ်ပယ်နဲ့ အခြေခံစွမ်းအင်လက်နက်တွေကို ခုခံနိုင်စွမ်းရှိအောင် ပြောင်းလဲလာကြတာပဲ’’
“ဘာ... ဇီဝစွမ်းအင်နယ်ပယ်ပါတယ် ဟုတ်လား’’
ကီကီက အံ့သြသွားပြီး ဆုံလည်ကုလားထိုင်ပေါ်မှ ထလိုက်ကာ လက်ပိုက်ပြီး မေးလိုက်သည်၊၊
“ဒါဆို သူတို့ကို ကိုင်တွယ်ရတာ ပိုမခက်သွားဘူးလား’’