← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

🌻 Chapter 3

ယင်ကျန်းသည် မြေပြင်ပေါ်၌ ဒူးထောက်ကာ အရိုအသေပေးနေကြဆဲဖြစ်သော လူအုပ်စုကိုကြည့်ကာ အေးစက်စွာပြောလိုက်သည်။

"ထကြတော့"

ထို့နောက် သူသည် အိမ်ထဲသို့ ခပ်မြန်မြန်ဝင်သွားသည်။

ကမ်းကော်ကော်လည်း ဒဏ္ဍာရီလာ ယုံကျိန်းဧကရာဇ်ကြီးကို ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဖြစ်ရာ သူမသည် စိတ်အလွန်လှုပ်ရှားနေမိသဖြင့် စကားများများစားစား မပြောရဲသော်လည်း မတ်တပ်ရပ်ပြီးပဲလည်း မနေနိုင်ချေ။

သူမသည် ရေနွေးကြမ်းတစ်ခွက်ကို ရိုသေစွာ ကမ်းပေးကာ "စတုတ္ထမင်းသား... သုံးဆောင်တော်မူပါ"

ယင်ကျန်းက လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်လိုက်စဉ် သူယခင်ကကြားခဲ့ရသော ထူးဆန်းသည့်အသံကို ထပ်ကြားလိုက်ရပြန်သည်

[ဒီယုံကျိန်းရဲ့ ရုပ်ကဆိုးတော့မဆိုးဘူးပဲ

ကိုယ်လုံးကိုယ်ပေါက်လည်း တောင့်တယ်၊ ဒါပေမဲ့ အသက် ၂၅ နှစ်ပဲ ရှိသေးတာကို မုတ်ဆိတ်မွေးကြီးနဲ့ဆိုတော့ ကြည့်ရတာ တစ်မျိုးကြီးပဲ...]

"ဖူး!"

ကမ်းကော်ကော်သည် လက်ဖက်ရည်များ သူမမျက်နှာပေါ် ပန်းထွက်လာသဖြင့် ကြောင်သွားမိသည်။ ဒီလူဘာဖြစ်နေတာလဲ?

ယင်ကျန်းသည် ထိုမျှအထိ ရိုင်းစိုင်းသော အပြုအမူမျိုး မလုပ်ဖြစ်ခဲ့သည်မှာ ကြာပြီဟု ခံစားလိုက်ရသည်။ သို့သော် ယခုလေးတင် သူ ထပ်ကြားမှားခဲ့ပြန်ရာ သူ မအံ့သြဘဲ မနေနိုင်တော့ချေ။

ဘယ်သူက ယုံကျိန်းလဲ ? အသက်၂၅နှစ်ဆိုပဲ၊ ငါ့အကြောင်းကို ပြောနေတာလား?

ကမ်းကော်ကော်သည် ပဝါဖြင့် မျက်နှာကို သုတ်လိုက်ကာ

"အရှင့်သား... လက်ဖက်ရည်မှာ တစ်ခုခုပြဿနာရှိလို့လား"

၎င်းတို့နှစ်ယောက်နောက်ရှိ ယွမ်ကျွမ်းနှင့် ယွမ်ရှုတို့မှာလည်း ထိတ်လန့်သွားကာ မျက်နှာလေးများပင် ဖြူဖျော့နေကြသည်။

ယင်ကျန်းလည်း အခန်းထဲရှိ လူအားလုံးကို ကြည့်လိုက်ရာ လေးယောက်သာရှိသည်ကို တွေ့သောအခါ ယွမ်ကျွမ်းနှင့် ယွမ်ရှုတို့အား အမိန့်ပေးလိုက်သည်။

"မင်းတို့ အပြင်ထွက်နေကြ"

"ဟုတ်ကဲ့"

ယွမ်ရှုက ခေါင်းငုံ့ပြီး ကျားလိုက်နေသည့်ပမာ မြန်မြန်ထွက်သွားသော်လည်း ယွမ်ကျွမ်းကတော့ တံခါးမပိတ်ခင် ကမ်းကော်ကော်ကို စိုးရိမ်တကြီး တစ်ချက် လှည့်ကြည့်လိုက်သည်။

၎င်းတို့နှစ်ယောက် ထွက်သွားသောအခါကမ်းကော်ကော်ပင် နေမထိထိုင်မသာဖြစ်လာသည်။ ထို့အပြင် ယင်ကျန်း၏ ပုံမှန်လူများထက် ပိုမိုနက်မှောင်သော မျက်ဝန်းများမှာ သူမကို စူးစိုက်စိုက်ကြည့်လာသည်။

[ယွမ်ကျွမ်းတို့နှစ်ယောက်ကို အပြင်ထွက်ခိုင်းပြီး သူက ဘာလုပ်ချင်နေတာလဲ၊ နေ့ခင်းကြောင်တောင်ကြီးကိုတောင် အဲ့တာလုပ်မလို့ ကြံနေတာများလား? နေပါဦး... ခဏနေရင် ညစာစားရမယ့်အချိန် ရောက်တော့မှာဆိုတော့ ငါ သူနဲ့အတူတူ စားရရင် ဟင်းနှစ်ခွက်လောက် ပိုစားရမလားမသိဘူး]

သူ မျက်ခုံးကို ဖိနှိပ်လိုက်ပြီး သူကြားနေရသောအသံများမှာ ကမ်းကော်ကော် စိတ်ထဲက အသံမှန်းသေချာသွားသည်။

ဘာလို့ သူ သူမရဲ့ အတွေးတွေကို ကြားနေရသလဲဆိုတာ နားမလည်ပေမယ့် သူ သိတာတော့ ဒီမိန်းမက အရမ်းကိုဆူလွန်းတယ်။

နေ့ခင်းကြောင်တောင်ကြီးကို အဲ့တာလုပ်ရမယ်တဲ့လား? ဟက်... တကယ်ကို တွေးရဲတာပဲ၊ သူမရဲ့ကလေးလို ခန္ဓာကိုယ်လေးကို သူလုံး၀ စိတ်မဝင်စားဘူး။

ပြီးတော့ ဘာလို့ သူမက သူ့ကို ယုံကျိန်းလို့ ခေါ်နေတာလဲ?

ယင်ကျန်းသည် အမြော်အမြင်ရှိသူ တစ်ဦးဖြစ်ရာ ကမ်းကော်ကော်၏ စိတ်ကို ကြားနေရသည်အား မည့်သူ့ကိုမှ မပြောရန် ဆုံးဖြတ်လိုက်ပြီး ဘာမှမသိသလို ဟန်ဆောင်ကာ စမ်းသပ်မေးလိုက်သည်။

"ကမ်း... မင်း အရင်က ဗုဒ္ဓဘာသာ ဒါမှမဟုတ် တာအိုဘာသာတွေနဲ့ ထိတွေ့ဖူးလား"

"မထိတွေ့ဖူးပါဘူး"

ကမ်းကော်ကော်သည် ယုံကျိန်းမှာ ဗုဒ္ဓဘာသာကို နှစ်သက်မှန်း သတိရသွားသဖြင့် ထပ်ဖြည့်ပြောလိုက်သည်။

"ဒါပေမဲ့ ဗုဒ္ဓဘာသာက အရမ်းသိမ်မွေ့နက်နဲတယ်လို့ ကြားဖူးပါတယ်၊ ကျွန်မ အမြဲတမ်း လေ့လာချင်နေခဲ့တာပါ"

ယင်ကျန်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ဒီမိန်းမက မိစ္ဆာတစ်ကောင်တော့ မဟုတ်လောက်တာ သေချာသွားပြီ။ ထို့ကြောင့် သူဆက်မေးလိုက်သည်။

"မင်း ဗုဒ္ဓဘာသာကို ကြိုက်တယ်ဆိုမှတော့၊ မနက်ဖြန်ကျရင် ငါ မင်းဆီကို ကျမ်းစာတွေ ပို့ပေးလိုက်မယ်၊ မင်းလည်း သေချာလေ့ကျင့်လို့ရတာပေါ့"

[ဘယ်လို? ငါလေး နားကြားမှားသွားတာများလား၊ ယုံကျိန်းက ဘာပို့ပေးမယ်ပြောလိုက်တာလဲ၊ ကျမ်းစာအုပ်တွေတဲ့လား၊ ဒါပေမဲ့ ငါလေး အခုခေတ်ကစာတွေ မရေးတတ်ဘူးလို့။ အရှင့်သားက တကယ်ကို ကပ်စေးနှဲတာပဲ၊ ဘာလို့ ငါ့ကို ရွှေတွေ ငွေတွေ လက်ဝတ်ရတနာတွေ မပေးရတာလဲ။]

"ဘာဖြစ်လို့လဲ၊ သဘောမတွေ့လို့လား"

"ဟင့်အင်း မဟုတ်ပါဘူး၊ ကျေးဇူးအထူးတင်ပါတယ် စတုတ္ထမင်းသား"

ကမ်းကော်ကော်သည် ယင်ကျန်းမျက်နှာ အေးစက်သွားသည်ကို သတိပြုမိသောကြောင့် စိတ်ထဲတုန်လှုပ်သွားကာ ဘာမှထပ်မပြောရဲတော့ပေ။

ယင်ကျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဝတ်ရုံကိုခါကာ တံခါးဆီသို့ လျှောက်သွားသည်။ ထို့နောက် ရုတ်ခြည်းရပ်လိုက်ပြီး သူမရှေ့သို့ အမြန်ပြန်လျှောက်လာသည်။

ကမ်းကော်ကော် ကြောင်သွားမိသည်။

"အရှင့်သား... ဘာများပြောစရာရှိသေးလို့လဲ"

ယင်ကျန်းက အံ့ကိုကြိတ်လျက်

"မင်း တစ်နေ့ကို ကျမ်းစာတစ်တွဲနှုန်း ကူးရေးပြီး ငါ့ဆီ ပို့ပေးရမယ်"

ကမ်းကော်ကော် ဆွံ့အသွားသည်။

"......"

ယင်ကျန်း ကမ်းကော်ကော်၏အဆောင်မှ ထွက်လာသော် လည်း ဒေါသမပြေသေးဘဲ ချန်ကော်ကော်ဆီကို ထပ်သွားလေသည်။

ဤတစ်ကြိမ် သူ ဝူထိုင်တောင်က ပြန်လာကတည်းက စိတ်မကြည်မလင် ဖြစ်နေရသည်။ အဘယ့်ကြောင့်ဆို သူ့ ခမည်းတော် ဧကရာဇ်မင်းမြတ်သည် နောင်တွင် ဝူထိုင်တောင်သို့ သွားရောက်ခြင်းမပြုရန် အမိန့်ထုတ်ခဲ့သောကြောင့်ဖြစ်သည်။ ထို့အပြင်သူပြန်ရောက်ချိန် ဤကမ်းမျိုးနွယ် မိန်းကလေးမှာလည်း ထူးထူးဆန်းဆန်းဖြစ်နေသည်။

သူသည် စိတ်မကြည်တိုင်း ချန်ကော်ကော် ဆီကို သွားလေ့ရှိသည်။

သူမလေး၏ လှပသော ကကွက်များနှင့် သာယာသော တေးသံများ၊ လွင့်ပျံနေသော အဖြူရောင် လက်အင်္ကျီရှည်များအပြင် မြှောက်ပင့် ကခုန်တက်သော ခြေထောက်သွယ်သွယ်လေးများမှာ အလွန်လှပလှသည်။ ထိုအမျိုးသမီးမှာ ခရမ်းနုရောင် ဝတ်စုံကို အမြဲဝတ်ဆင်တက်သဖြင့် ကိုးကောင်းကင်မှ နတ်သမီးလေးတစ်ပါးအလား လှပလွန်းသည်။

သို့သော်လည်း သူမ ဝတ်ဆင်ထားသောဝတ်စုံမှာ ပါးလွှလွန်းလှပြီး သူမ၏ဖြူဖွေးသောအသားအရေများကို ဖော်ပြနေကာ မယိုးမယွဖြစ်စေသည်။

အမျိုးသမီးနဖူးပေါ်ရှိ မှည့်နီလေးမှာလည်း တောက်ပနေပြီး သူမ၏ ညို့ဓာတ်ပြည့်နေသော မျက်ဝန်းလေးများရှိ ရှက်ကိုးရှက်ကန်းအကြည့်လေးမှာ ဆွဲဆောင်မှုအရှိဆုံးပင်။ သူမ၏ ကိုယ်လုံးလေးမှာလည်း ဆက်တိုက်ဆိုသလို ကခုန်လှုပ်ရှားနေပြီး နဖူးပြင်မှတစ်ဆင့်စီးကျလာသော ချွေးစက်များသည်လည်း တစ်စက်ချင်း ရေတွက်ချင်စရာကောင်းလွန်းလှသည်။

သို့သော်ငြား ထိုနေရာတွင်ထိုင်ပြီး ကကွက်အား ကြည့်နေသောသူမှာမူ မျက်လွှာများကိုသာ တိတ်တဆိတ်ချထားမိသည်။ သူ့ရှေ့က အမျိုးသမီးမှာ သူ့မှတ်ဉာဏ်ထဲက နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးနှင့် ထပ်တူကျနေသလိုပင်။

နန်းတွင်းရှိစည်းကမ်းအရ မိခင်ဖြစ်သူက ကလေးကို ကိုယ်တိုင် ပြုစုစောင့်ရှောက်ခွင့် မရှိပေ။ သူ့ မွေးမိခင်မှာ ထိုစဉ်က အဆင့်အတန်းနိမ့်ပါးသဖြင့် ထိုစည်းမျဉ်းကိုမတွန်း လှန်နိုင်ခဲ့ရာ သူသည် ထုန်မျိုးနွယ်ဝင်မိခင်ကြီး၏ လက်ထဲတွင် ကြီးပြင်းခဲ့ရသည်။

ဧကရီရှောက်ယီရန် (ထုန်မျိုးနွယ် မိခင်ကြီး) ၏ သမီးအရင်းမှာ စောစီးစွာ ကွယ်လွန်သွားခဲ့သဖြင့် သူမသည် သူမမေတ္တာအားလုံးကို ယင်ကျန်းအပေါ် ပုံအောပေးခဲ့သည်။

သို့သော် ဘုရားသခင်မှယ ရက်စက်လွန်းလှသည်။ သူမ၏ အသက်ကို ရောဂါဆိုးကြီးမှ အဝေးသို့ယူသွားခဲ့ရာ သူ့ကိုတစ်ယောက်တည်းနေခဲ့စေသည်။ ထိုစဉ် ယင်ကျန်းလေး၏ မျက်ရည်များသည် အဝတ်အစားများကိုပင် စိုစွတ်စေခဲ့ပြီး သူ့မျက်ဝန်းထဲတွင်အချိန်တိုင်း ဝမ်းနည်းမှုများပြည့်လျှံနေတက်သည်။

ပြုံးလျက်ကနေသော ချန်ကော်ကော်သည်လည်း မျက်မှောင် ကြုတ်လိုက်ပြီး ကကွက်၏စည်းချက်ကို နှေးလိုက်သည်။

သူမသည် သူမစိတ်ခံစားချက်ကို ထိန်းပြောင်းလဲလိုက်ပြီး နောက်ဆုံးအကွက်တွင် သူမမျက်နှာကို လက်ဖြင့်အုပ်လိုက်ချိန်တွင် မျက်ဝန်းထဲတွင်စိုစွတ်နေသော မျက်ရည်များမှာ သူမအား သနားစဖွယ်ယုန်သူငယ်လေးပမာ အထင်မှားစေနိုင်သည်။

အမှန်ပင် သူမပြောင်းလိုက်သောပုံစံက ယင်ကျန်းကို ကျေနပ်သွားစေသည်။ ယင်ကျန်းသည် လျှောက်လာပြီး သူမလက်ကို ကိုင်ကာ မေးလိုက်သည်။

"မင်း ဘာလို့ ငိုနေတာလဲ"

ချန်ကော်ကော်က အမြန်ပင် ကြောက်ရွံ့နေသည့်ပုံစံ ဖမ်းလိုက်ပြီး ဒူးထောက်တောင်းပန်ရန် ပြင်လိုက်သည်။

"ဝမ်အာက အရမ်းစိတ်လှုပ်ရှားသွားလို့ အသိစိတ်လွတ်သွားမိတာပါ၊ စတုတ္ထမင်းသား ခွင့်လွှတ်ပေးတော်မူပ့"

ယင်ကျန်းသည် သူမ၏ကိုယ်လေး မြေပြင်ပေါ်သို့ မလဲကျခင်မှာပင် ထိန်းပေးလိုက်ပြီး ပြုံးလျက်ပြေယသည်။

"မင်းက ကကွက်ပေါ်မှာ အာရုံစိုက်လွန်းတာကိုး၊ ဒါက ရှားပါးတဲ့ အရည်အချင်းတစ်ခုပဲ၊ ငါက ဘာလို့ အပြစ်တင်ရမှာလဲ"

စိတ်ထဲမှာ ဝမ်းနည်းနေမှတော့ ဘာလို့ အတင်းပြုံးနေဖို့ ကြိုးစားနေရမှာလဲကွာ...

ချန်ကော်ကော်က နှုတ်ခမ်းလေးကို တွန့်ကာ ပြုံးလိုက်ပြီး ပြောသည်။

"အရှင့်သား ... ညစာအတူတူ သုံးဆောင်ကြရအောင်နော်"

ညစာစားပွဲတွင် ယင်ကျန်းက ရုတ်တရက် "ငါ့ရဲ့ ဒီမုတ်ဆိတ်မွေးက ကြည့်မကောင်းဘူးလား"

ချန်ကော်ကော် ခဏတာ မှင်သက်သွားပြီးနောက် ပြုံးလိုက်သည်။

"မင်းသားကတော့ နောက်နေပြန်ပြီ၊ ဝမ်အာကတော့ အရှင့်ရဲ့ မုတ်ဆိတ်မွေးက တကယ်ကို ယောကျာ်းပီသတယ်လို့ထင်တယ်"

ယင်ကျန်း မျက်ခုံးပင့်လိုက်မိသည်။

၎င်းတို့နှစ်ယောက်မှာ အိပ်စက်ချိန်တွင် မီးလင်းဖိုခုတင်၏ ဘေးတစ်ဖက်စီတွင် ခြားပြီး အိပ်ကြသည်။

ညနက်ပိုင်းတွင် သူမသည် တိတ်တဆိတ် ထလိုက်ပြီး ယင်ကျန်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

🌻 Chapter 4

ကမ်းကော်ကော်တစ်ယောက် ရုတ်တရက် အလုပ်များစွာ ပိသွားသဖြင့် ဝမ်းနည်းနေသော်ငြား ညစာအတွက် အသားဟင်းလေးခွက် အပိုပါလာသည်ကို မြင်လိုက်ရချိန် ထခုန်မတတ် ၀မ်းသာသွားရသည်။

သူမတစ်ယောက်တည်း ထိုမျှလောက်အများကြီး မစားနိုင်သောကြောင့် သူမဘေးနားရှိ အစေခံမလေး လေးယောက်အတွက် တစ်ဝက်ဖယ်ပေးလိုက်သည်။ သူတို့ကို သူမနောက်ကို လိုက်ရလို့ ဒုက္ခတွေခံနေကြရတာ မဟုတ်လား...

ယုံကျိန်းရဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ဒီလိုသူဌေးမျိုးနဲ့ တွေ့ရတာ တကယ့်ကို ကံကောင်းတာပဲလို့ပဲ ကမ်းကော်ကော် ခံစားလိုက်ရသည်။

နောက်တစ်နေ့ ဖုကျင်းအဆောင်တွင်တော့ ကမ်းကော်ကော် သည် လူတိုင်း၏ အာရုံစိုက်ရာ ပြန်ဖြစ်လာခဲ့သည်။

လီစဲဖူသည် စတုတ္ထမင်းသားမှာ မနေ့က ခရီးမှပြန်ရောက်ပြီးနောက် သူမဆီသို့ လာမတွေ့ဘဲ ဖုကျင်းဆီ သွားပြီးနောက် လူသစ်နှစ်ယောက်ဆီသို့သာ သွားခဲ့သဖြင့် စိတ်အလိုမကျဖြစ်နေသည်။

ထို့ကြောင့် သူမသည် ဆိုးထားခါစ လက်သည်းနီများကို ဟိုဒီကြည့်ကာ ဂရုမထားသလို ပြောလိုက်သည်။

"မနေ့က ညီမလေးကမ်းရဲ့အဆောင်ကနေ မင်းသား ဒေါသတကြီးနဲ့ ထွက်လာတယ်လို့ ကြားတယ်၊ ငါ မင်းသားအနားမှာ ဒီလောက်အကြာကြာ ခစားလာတာတောင် သူ အဲ့ဒီလောက် ဒေါသထွက်တာကို မမြင်ဖူးဘူး"

ကမ်းကော်ကော် စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်မိသည်။ ယုံကျိန်းရဲ့ မြည်းလို ခေါင်းမာပြီး စိတ်တိုတတ်တဲ့ အကျင့်နဲ့များ၊ သူ ဒေါသထွက်တာ မမြင်ဖူးဘူးဆိုတာရော ဟုတ်ရဲ့ လား?

အမှန်တွင် သူမ မနေ့ညကတည်းက အကြိမ်ကြိမ် ပြန်တွေးကြည့်ပြီးဖြစ်ကာ သူမ ဘာအမှားမှ မလုပ်ခဲ့တာသေချာသည်။ ဖြစ်နိုင်တာက မနေ့က ယုံကျိန်း စိတ်မကြည်လို့ သူမကို သက်သက် မဲသွားတာပဲနေမှာ။

သို့သော် ဤစကားကို လူ ရှေသူရှေ့တွင် သူမမပြောရဲသဖြင့် ထိတ်လန့်သွားပြီး စိတ်မကောင်းဖြစ်သွားဟန်ဆောင်ကာ

"ဘယ်လို၊ မင်းသား ဒေါသထွက်သွားလို့လား"

လီစဲဖူက မျက်လုံးသာလှန်လိုက်မိပြီး ပိုအထင်သေးလှောင် ပြောင်သည့် လေသံဖြင့် "နင် ဒါကိုတောင် မရိပ်မိဘူးလား"

ဝူကော်ကော်ကလည်း ဝင်ထောက်ခံပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောသည်။

"နင် အရှင့်ကို ဘယ်လိုများ ဒေါသထွက်အောင် လုပ်လိုက်တာလဲ၊ မင်းသားက တကယ်စိတ်ထားကောင်းပါတယ်၊ ငါ သူ့ကို စတွေ့တုန်းကဆို ငါ့မြင်းက သောင်းကျန်းပြီး သူ့ကိုနင်းမိမလိုကို ဖြစ်သွားတာ အဲ့တာတောင် ဒေါသမထွက်တဲ့အပြင် မြင်းကိုတောင် ယဉ်ပါးအောင် သင်ပေးခဲ့သေးတာ"

စုန့်ကော်ကော်က သက်ပြင်းချပြီး "တကယ်တော့ ငါလည်း ကမ်းကမ်းအရွယ်တုန်းက ဘာကိုပြောရမယ် မပြောရဘူးဆိုတာကို မသိခဲ့ဘူး"

ဝူကော်ကော် မျက်နှာပျက်သွားပြီး စုန့်ကော်ကော်ကို စူးရဲစွာ ကြည့်ကာ "ဒါကြောင့်လည်း အစ်မတော်ရဲ့ ကျန်းမာရေးက သိပ်မကောင်းတာ နေမှာ၊ ကြည့်ရတာ အတွေးလွန်လွန်းလို့ ဖြစ်ရတဲ့ ရောဂါထင်ပါရဲ့၊ အစ်မတော်တောင် ကျန်းမာရေးကောင်းရင် စတုတ္ထမင်းသားကို ကပြဖျော်ဖြေပြီး မျက်နှာသာယူလို့ ရတာပေါ့"

ချန်ကော်ကော်မှာ သူနှင့်မဆိုင်သလို ထိုင်နေသော်လည်း ထိုစကားကို ကြားသောအခါ သူမ အကြည့်များက ဝူကော်ကော်ဆီသို့ ရောက်သွားသည်။

ကမ်းကော်ကော်က စုန့်ကော်ကော်သည် သူမအား ကာကွယ်ပြောပေးနေသည်ဟု ထင်သဖြင့် သူမကလည်း စုန့်ကော်ကော်ဘက်မှ ပြန်ပြောပေးရမည်ဟု အတွေး၀င်သွားသည်။

"အစ်မတော်စုန့်က ကဗျာစာပေတွေမှာ ထူးချွန်သူပါ၊ သူမက ကတက်၊ မကတက်လည်း အရမ်းဆွဲဆောင်မှု‌ရှိပြီးသား"

ထိုစကားကို ကြားသောအခါ ချန်ကော်ကော်က ကမ်းကော်ကော်ကို မယုံနိုင်စွာကြည့်လာသည်။

အပြင်သို့ ထွက်စပြုလာသော နံနက်ခင်းနေရောင်ခြည်မှာ နှင်းမြေပြင်ပေါ်သို့ ဖြာကျနေသည်။ ချန်ကော်ကော်နှင့် ကမ်းကော်ကော်တို့ လမ်းတစ်လျှောက် အတူလျှောက်လာကြစဉ် ကျောက်ဆောင်တုတစ်ခုအနီးအရောက်တွင် သူမက ရုတ်တရက်ရပ်လိုက်ပြီး မေးလိုက်သည်။

"ညီမလေးက ငါ့အပေါ်မှာ အမြင်မကြည်တာများ ရှိလို့လား"

ကမ်းကော်ကော်မှာ ကြောင်အမ်းအမ်းဖြင့် ခေါင်းခါပြကာ "မရှိပါဘူး"

သို့သော် သူမ ပြန်စဉ်းစားကြည့်လိုက်သောအခါ မနက်ခင်းတွေ့ဆုံပွဲတွင် ဖြစ်ပျက်ခဲ့သည်များကို သတိရသွားသည်။

ငါ စကားပြောမှားသွားလို့များလား?

ချန်ကော်ကော်က သက်ပြင်းချကာ စမ်းသပ်သည့်လေသံဖြင့်

"မနေ့ညက အရှင့်သားက ညီမလေးရဲ့ အဆောင်ကနေ ထွက်လာပြီး အစ်မတော်ဆီမှာ လာအိပ်သွားတာဆိုတော့ ညီမလေး စိတ်မကောင်းဖြစ်နေမှာပေါ့နော် ဒါပေမဲ့ ညီမလေးဆီကနေ မင်းသားရဲ့ မျက်နှာသာပေးမှုကို လုယူဖို့ အစ်မမှာ တကယ် ရည်ရွယ်ချက် မရှိခဲ့ပါဘူး"

ကမ်းကော်ကော်မှာ သူမ အထင်လွဲသွားမည်ကို စိုးရိမ်သဖြင့် လျင်မြန်စွာပင် လေးနက်စွာ ပြောလိုက်သည်။

"တကယ် မရှိပါဘူး အစ်မတော်ရယ်၊ မနေ့က မင်းသား ကျွန်မဆီကို ပထမဆုံးလာတာဖြစ်တော့ ကျွန်မလည်း သူ့ကို ကောင်းကောင်း ပြုစုချင်ခဲ့တာပဲ၊ ဒါပေမဲ့ ကျွန်မက မင်းသားကို ဒေါသထွက်စေခဲ့မိလို့ အစ်မတော်ဆီသွားတာလေ၊ ဘာပဲဖြစ်ဖြစ် ကျွန်မတို့တွေက မင်းသားကို ဦးစားပေးရမှာပဲ၊ မင်းသား ပျော်ရွှင်နေသရွေ့အဆင်ပြေပါတယ်၊ ပြောရမယ်ဆို ကျွန်မက အစ်မတော်ကိုတောင် ကျေးဇူးတင်ရ‌ဦးမှာ"

[အား... သူ ဒီမှာ အိပ်အိပ်၊ မအိပ်အိပ် ဘယ်သူက ဂရုစိုက်နေလို့လဲ၊ ကံကောင်းလို့... ငါလေး အကင်းပါးပြီး စကားကို လှလှပပလေး ပြောလိုက်နိုင်တာ၊ ငါ အရင်က ဖတ်ခဲ့ဖူးတဲ့ အနောက်ဆောင် ဇာတ်လမ်းတွေက အလကားတော့ မဟုတ်ဘူးပဲ။]

ကမ်းကော်ကော်မှာ စိတ်ထဲတွင် တိတ်တဆိတ် ဂုဏ်ယူနေမိသည်။ သို့သော် ကျောက်ဆောင်တုနောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

"တကယ်လား"

ထို့နောက် ချက်ချင်းပင် ယင်ကျန်းနှင့် ခပ်ဝဝ မိန်းမစိုးတစ်ဦး ထွက်လာခဲ့သည်။ ချန်ကော်ကော်နှင့် ကမ်းကော်ကော်တို့လည်း အလျင်အမြန် ဂါရဝပြုလိုက်ကြသည်။

ယင်ကျန်းက သူမတို့ကို ထခွင့်မပေးဘဲ သူ၏ မျက်ဝန်းနက်ကြီးများဖြင့် ကမ်းကော်ကော်ခေါင်းလေးကို အေးစက်စွာ ကြည့်ကာ မေးလိုက်သည်။

"ကျမ်းစာတွေ ကူးရေးလို့ ပြီးပြီလား"

ကမ်းကော်ကော်မှာ မျက်မှောင်ကြုတ်သွားပြီး သနားစဖွယ်လေသံလေးဖြင့် "စတုတ္ထမင်းသား... ကျွန်တော်မျိုးမ အခုပြန်ပြီး ကူးရေးမလို့ စီစဉ်နေတာပါ"

သူမက သနားစရာကောင်းအောင် ဟန်ဆောင်ပြီး ယင်ကျန်း ၏ ကိုယ်ချင်းစာစိတ်ကို ရယူရန် ကြိုးစားသော်လည်း သူမ စိတ်ထဲကအသံကတော့ သူမ၏ မကျေနပ်ချက်များကို ပွင်းပွင်းကြီးပြနေလေသည်။

[သူက ဘာတွေ လာလောနေတာလဲ၊ အမလေး... မနက်စောစောထရတာ ငါလေးအတွက် လွယ်တယ်မှတ်နေလား၊ ငါက ခန္ဓာကိုယ် ဖွံ့ဖြိုးရမယ့်အရွယ်ရောက်နေပြီဟဲ့၊ နိုင်ငံတော်ရဲ့ အနာဂတ်ပန်းပွင့်လေးဖြစ်တဲ့ ငါသာ ပင်ပန်းပြီး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ]

ယင်ကျန်း နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ရုတ်တ ရက် ရှေ့သို့ တစ်လှမ်းတိုးကာ သူမ မေးစေ့လေးကို လက်ဖြင့် ကိုင်ကာ ညှစ်လိုက်သည်။

ကမ်းကော်ကော် လန့်ဖြန့်သွားသည် !!

[သူ... သူ ဘာလုပ်တာလဲ၊ ရုပ်လေးကြည့်တော့ ခန့်ခန့်ညားညားနဲ့ကို ဘာလို့ ကြာပန်းဖြူလေးကို အနိုင်လိုက်ကျင့်တဲ့ စီအီးအိုဒီဇိုင်းကြီးဖြစ်သွားရတာလဲ၊ အား... နာလိုက်တာ... လွှတ်ပါတော့။]

ယင်ကျန်း မျက်လုံးကိုမှေးစင်းကာ ပြောလိုက်သည်။

"အရေကတော့ အတော်ထူတာပဲ!"

ထို့နောက် သူသည် ဝ၀တုတ်တုတ် မိန်းမစိုးနှင့်အတူ ထွက်သွားလေသည်။

ကြေးမုံပြင်ထဲတွင် သူမ မေးစေ့ပေါ်ရှိ လက်ချောင်းရာများမှာ အလွန်သိသာထင်ရှားနေပြီး ယွမ်ကျွမ်း၏မျက်လုံးလေးများမှာ ထပ်မံနီရဲလာပြန်သည်။

"ကော်ကော်... မင်းသားရဲ့ လက်က အရမ်း ကြမ်းတမ်းတာပဲ"

"ရှူး... နင် မင်းသားအကြောင်းကို ဘယ်လိုလို့ပြောရဲတာလဲ၊ သေချင်နေပြီလား"

ဟွာယုက အချိန်မီ ကြိမ်းမောင်းလိုက်သည်။

ယွမ်ကျွမ်းက တံခါးဘက်သို့ အမြန်လှမ်းကြည့်လိုက်ပြီး မည်သူမျှမရှိသည်ကို တွေ့ကာမှ ကြောက်ရွံ့စွာ လျှာလေးထုတ်လျက် "ငါက ကော်ကော်အတွက် စိတ်ပူလို့ပါဟဲ့"

ကမ်းကော်ကော် သက်ပြင်းချလိုက်ပြီး ယင်ကျန်း မနေ့က ပို့ပေးထားသော ဗုဒ္ဓဘာသာကျမ်းစာများကို ထုတ်ယူကာ "မင်သွေးပေးပါဦး"

ငါလေး အစက ဖူကျင်းဆီက မျက်နှာသာရအောင် ကြိုးစားမလို့ စဉ်းစားထားတာကို အခုတော့ ကောင်းရော၊ ငါ့မှာ အချိန်တောင် မရှိတော့ဘူး။

ဖူးကျင်းဘက်တွင်လည်း ဗုဒ္ဓဘာသာကျမ်းစာများကို ကူးရေးနေသည်။ သို့သော် သူမသည် တစ်နှစ်ပတ်လုံး ကျမ်းစာများကို ကူးရေးလာခဲ့သဖြင့် အသားကျနေပြီဖြစ်ရာ စာရေးနေစဉ် မားမားချွေးနှင့် စကားပင် ပြောနိုင်သည်။

မားမားချွေးက "မနေ့က ဖူကျင်း သခင်ကြီးကို ကမ်းကော်ကော်ဆီ သွားကြည့်ဖို့ တောင်းဆိုခဲ့တာက ကမ်းကော်ကော်ကို အလေးထားလို့လားရှင်"

သူမအား ကြည့်ရသည်မှာ သနားစရာကောင်းပြီး လိမ္မာရေး ခြားရှိပုံရကာ အကြံအစည်ဆိုးလည်း မရှိသဖြင့် သူမအား သူတို့ဘက်ပါလာရန် စည်းရုံးချင်မိခဲ့ခြင်းဖြစ်သည်။

ဖူကျင်း သက်ပြင်းချကာ "နှမြောစရာကောင်းတာက သူမက အသုံးမကျတာပဲထ အရည်အချင်းမရှိတဲ့ အမှိုက်တွေက ငါတို့ကို ဆွဲပဲချမှာ"

မားမားချွေး "စောစောက ကျွန်မ မနက်ခင်းတွေ့ဆုံပွဲမှာ ဖြစ်သွားတဲ့ ကိစ္စကို ကြားလိုက်ရတယ်၊ စတုတ္ထမင်းသားက ကမ်းကော်ကော်ကို ထပ်ပြီး ဒေါသထွက်သွားပြန်ပြီတဲ့"

ဖူကျင်း ခဏတန်းသွားပြီး မျက်ခုံးပင့်လိုက်သည်။

"အိုး၊ အသေးစိတ် ပြောပြစမ်းပါဦး"

ဖူကျင်းသည် ဖြစ်စဉ်တစ်ခုလုံးကို နားထောင်ပြီးနောက် တိတ် ဆိတ်သွားသည်။ သူမက စုတ်တံကို ချလိုက်ပြီး "သူမက ဗုဒ္ဓဘာသာကို အရမ်းကိုင်းရှိုင်းလွန်းလို့ အဆူခံရတာကို၊ အဲ့တာတောင် အခြားသူတွေဆီကို လာပုံချနေတယ်၊ မင်းသားရဲ့စိတ်ကတော့ ဖြေလို့ကိုရတော့မှာမဟုတ်ဘူး"

ထိုသို့တွေးကာ ဖူကျင်းသည် ယင်ကျန်းအဆောင်သို့ သွားသည်။

ထိုနေ့ မွန်းတည့်ချိန်တွင် ယင်ကျန်း အဆောင်မှ မိန်းမစိုးလေး ကော်ရှီးလဲ့ ထပ်ရောက်လာပြီး ပြောလာသည်။

"စတုတ္ထမင်းသားရဲ့ အမိန့်တော်အတိုင်း ကမ်းကော်ကော်က ဗုဒ္ဓဘာသာကျမ်းစာတွေ ကူးရေးစရာ မလိုတော့ပါဘူး၊ အဲ့အစား အမျိုးသမီးများလိုက်နာရမည့် ကျင့်ဝတ်များ ကိုပဲ တစ်ခေါက် ကူးရေးရပါမယ်၊ မင်းသားက မနက်ဖြန် မွန်းတည့်ချိန်ကျရင် လာယူပါ့မယ်တဲ့"

ကမ်းကော်ကော်မှာ တစ်နာရီလောက် ကြိုးကြိုးစားစား ကူးရေးနေခဲ့ရသဖြင့် ဒေါသထွက်သွားသည်။ ဒီခွေးကောင်မှာ ရောဂါများရှိနေတာလား?

ဟူး... သူများ အမိုးအောက်ရောက်နေရင် ခေါင်းငုံ့ရတယ်ဆိုတဲ့ စကားရှိတောင်ရှိသေးတာပဲလေ ထားပါတော့...

ကမ်းကော်ကော်သည် အားတင်း ပြုံးလျက် "အမိန့်တော်အတိုင်းပါပဲ"

သူမ ထမင်းစားပြီးနောက် တစ်ရေးတစ်မော အိပ်လိုက်သည်။ ထို့နောက် အင်္ကျီလက်ကို ခေါက်တင်၍ စတင် ကူးရေးတော့သည်။

စာကူးရေးရုံလေးပဲ မဟုတ်လား၊ ငါလေး အရင်ဘ၀ကဆို ၉ နှစ်တောင် ကျောင်းတက်လာခဲ့ရတာပါပဲ။

All Chapters