← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

🌻 Chapter 5

စတုတ္ထမင်းသား၏ စာကြည့်ဆောင်တွင်၊ ကမ်းချန်အန်းက မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး ထိတ်လန့်နေသော မျက်နှာဖြင့် "စတုတ္ထမင်းသားကို တင်ပြပါတယ်၊ လန်အာက အိမ်မှာနေတုန်းကတော့ အနည်းငယ် ထိုင်းမှိုင်းပေမဲ့ ဝီရိယရှိပြီး လိမ္မာရေးခြားရှိပါတယ်၊ ဘာမှ ထူးခြားတာမျိုးမရှိလို့ ကျွန်တော်မျိုးက မင်းသားကို ဆက်သခဲ့တာပါ"

လိမ္မာတယ်? ဟက်... အပြင်ပန်းတော့ ဟုတ်သား၊ တကယ်ကျ သူမက အရမ်းစည်းမဲ့ကမ်းမဲ့နိုင်တာ။

ယင်ကျန်း စဉ်းစားကြည့်လိုက်သည်။ ဖြစ်နိုင်သည်မှာ သူတစ်ယောက်တည်းသာ သူမစိတ်ထဲကအသံကို ကြားနိုင်ခြင်းဖြစ်မည်။ အဘယ့်ကြောင့်ဆို ထိုအချိန်က ချန်ကော်ကော်နှင့် အခြားအစေခံများ ရှိနေခဲ့သော်လည်း ၎င်းတို့ မျက်နှာပေါ်တွင် မည်သည့်အရာမှပြောင်းလဲသွားခြင်း မရှိသောကြောင့် ဖြစ်သည်။

မူလတွင်သူသည် အိမ်တော်သို့ ဆရာတစ်ဦးပင့်ကာ အစီအရင်တစ်ချို့လုပ်ရန် စဉ်းစားခဲ့သေးသည်။ သို့သော် ခမည်းတော် ဧကရာဇ်မင်းမြတ်မှာ ဗုဒ္ဓဘာသာကိစ္စနှင့် ပတ်သက်၍ သူ့အား အပြစ်တင်ထားခါစဖြစ်သောကြောင့် သူ့ကိုယ်သူသာ ထိန်းချုပ်လိုက်ပြီး ခမည်းတော်ကို ထပ်မံ၍ ဒေါသထွက်အောင်မလုပ်သင့်ပေ။

တကယ်တမ်းကျ ဘိုးတော်ဧကရာဇ်မင်းမြတ်လည်း လောကကြီးကိုစိတ်ကုန်သွားလို့ ဘုန်းကြီးဝတ်သွားခဲ့တာပဲမလား။

သူကိုယ်တိုင်လည်း ဗုဒ္ဓဘာသာအား အလွန်စိတ်ဝင်စားသော် လည်း တိုင်းပြည်အတွက် အကျိုးပြုပြီးပြည်သူများကို အကျိုးဆောင်ပေးမည့် အခွင့်အရေးကို စွန့်လွှတ်ကာ မည်သို့တရားကျင့်လို့ ရမည်နည်း။

"ထပါ၊ မင်းက အိမ်မှာ ဘာမှ လုပ်စရာမရှိဘူးလို့ ကြားတယ်၊ ငါ့စံအိမ်တော်မှာ မီးသွေးရောင်း၀ယ်ရေးက ကြီးကြပ်ရေး တာဝန်တစ်ခု လစ်လပ်နေတယ်၊ မင်း လုပ်ချင်လား"

"ဟုတ်ကဲ့၊ သေချာပေါက် လုပ်ချင်ပါတယ်ခင်ဗျာ"

ကမ်းချန်အန်း ဝမ်းသာသွားသည်။ သူသည် အစတွင် ထိုမိန်းမယုတ်လေး သူ့အတွက် ပြဿနာရှာထားသည်ဟု ထင်ကာ ကြောက်ရွံ့စွာဖြင့် အဆူခံရန်ရောက်လာခြင်းဖြစ်သည်။

သို့သော် အခြေအနေများမှာ ရုတ်တရက် ပြောင်းသွားပြီး စတုတ္ထမင်းသားက သူ့ကို မျက်နှာသာပေးလာလိမ့်မည်ဟု မထင်ခဲ့ချေ။

ယင်ကျန်းက လက်ယမ်းပြကာ ကျန်းတာ့နျန်အား သူ့ကို ခေါ်သွားပြီး စီစဉ်ပေးရန် အမိန့်ပေးလိုက်သည်။

ကမ်းချန်အန်းက ပြုံးလျက် "မိန်းမစိုးခေါင်းဆောင်ကြီး... ကျွန်တော့်သမီးက အိမ်တော်မှာ စကားမနားထောင်ဘူးလားဗျ၊ သူမ စကားမနားထောင်ရင် အလိုမလိုက်ပါနဲ့၊ သေချာသာ ရိုက်နှက်ဆုံးမပါ"

ကျန်းတာ့နျန်သည် လှောင်ပြောသည့်အလား နှုတ်ခမ်းတစ်ဖက် ကွေးလိုက်ကာ "ရိုက်နှက်ဆုံးမရမယ် ဟုတ်လား၊ ကမ်းကော်ကော်ရဲ့ ခန္ဓာကိုယ်လေးက အဲ့ဒီလောက် ပိန်လှီနေတာကို၊ မင်းက ဖခင်တစ်ယောက်အနေနဲ့ နည်းနည်းလေးတောင် ဂရုမစိုက်ဘူးလား"

ကမ်းချန်အန်း အနည်းငယ် ရှက်သွားကာ "ဂရုစိုက်တာပေါ့၊ သေချာပေါက် ဂရုစိုက်တာပေါ့ဗျာ ဟားဟား"

ကျန်းတာ့နျန် "မင်းလည်း နောက်ဆိုရင် စံအိမ်တော်ထဲ အဝင်အထွက် ရှိလာတော့မှာဆိုတော့ ငါ မင်းကို စကားနည်း နည်းလောက် ပြောထားမယ်၊ ကမ်းကော်ကော်က မင်းအိမ်မှာဆို မင်းရဲ့သမီးပေမဲ့ စတုတ္ထမင်းသားရဲ့ အိမ်တော်ထဲ ရောက်လာရင်တော့ သူမက မင်းရဲ့သခင်တစ်ယောက်ပဲ၊ ငါတို့က အစေခံတွေဆိုတော့ သူမကို ရိုသေရမယ်၊ နားလည်လား"

ကမ်းချန်အန်း "မိန်းမစိုးမင်း ပြောတာ မှန်ပါတယ် ကျွန်တော် ရိုသေရမှာပေါ့"

သူက လက်လှမ်းကာ ရင်ခွင်ထဲမှ ငွေစအနည်းငယ် ထုတ်ပြီး ကျန်းတာ့နျန်ကို ကမ်းပေးလိုက်သည်။

"ကျွန်တော့်ရဲ့ ဒီစေတနာနည်းနည်းကို ပ လက်ခံပေးပါဦးဗျာ"

ကျန်းတာ့နျန်က သူ့လက်ကို တွန်းဖယ်လိုက်ပြီး "မင်း ဘာလုပ်တာလဲ၊ ငါတို့ စတုတ္ထမင်းသားက ဒီလိုလက်ဆောင်ကိစ္စတွေကို လုံးဝလက်မခံဘူးဆိုတာ ဘယ်သူမသိဘဲ နေမှာလဲ၊ မင်း ငါ့ကို သေတွင်းပို့နေတာလား"

ကမ်းချန်အန်းက ပခုံးတွန့်ကာ မျက်မှောင်ကြုတ်လျက် "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ၊ ကျွန်တော်က မိန်းမစိုးကို လေးစားလွန်းလို့ ဂါရဝပြုချင်ရုံ သက်သက်ပါ"

ကျန်းတာ့နျန် "ကောင်းပြီ မင်းရဲ့ စေတနာကို ငါ သိတယ်၊ မင်း ငါ့ကို ဂါရဝပြုချင်တယ်ဆိုရင် နောက်ဆို အခွင့်အရေးတွေ ရှိလာမှာပဲ၊ လောလောဆယ်တော့ မင်းရဲ့ အဲ့ပိုက်ဆံနည်းနည်းလေးကို ငါ ဂရုမစိုက်ဘူး"

ယင်ကျန်းသည် ကမ်းကော်ကော်အပေါ် အနည်းငယ်တင်း ကျပ်ပုံရသော်လည်း ကျန်းတာ့နျန်သည် ယင်ကျန်းနှင့်အတူ ငယ်စဉ်ကတည်းက ကြီးပြင်းလာသူဖြစ်ရာ ယင်ကျန်း၏ စိတ်ကို ကောင်းကောင်းနားလည်သည်။

ပုံမှန်အားဖြင့် စတုတ္ထမင်းသားသည် အမျိုးသမီးတစ်ဦးကို သဘောကျပါက သူမအား အမြဲတမ်းပေါ်တင်ပဲ အလိုလိုက် မျက်နှာသာပေးတတ်သည်။ ဥပမာ လီစဲဖူ ကဲ့သို့ပင်။

ထိုသူသည် သူဂရုမစိုက်ပဲမုန်းတီးသော သူဆိုလျှင် စတုတ္ထမင်းသားသည် သူမအား ဘေးဖယ်ထားခြင်း သို့မဟုတ် ဖယ်ရှားခြင်းမျိုး လုပ်လာမည်ဖြစ်သည်။ သို့သော် ယခုအခါ ကမ်းကော်ကော်ကိုတော့ စာကူးရေးခိုင်းပြီး အာဟာရပြည့်အောင် ဟင်းတွေ တမင်ပိုပေးနေရမည်နည်း။

ထို့ကြောင့် ကမ်းကော်ကော်အပေါ် စတုတ္ထမင်းသား၏ သဘောထားမှာ ရှုပ်ထွေးလှသည်။

ကျန်းတာ့နျန် ခေါင်းယမ်းလိုက်သည်။ သူသည် အစေခံအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့ပြီး စတုတ္ထမင်းသား၏ အနားတွင် ယခုထိတိုင်နေနိုင်ခဲ့သူဖြစ်သည်။

သူထင်သည့်အတိုင်းပင် ထိုနေ့ညနေခင်းတွင် ယင်ကျန်းမှာ စိပ်ပုတီးတစ်ကုံးကို ကိုင်လျက် ထရပ်လိုက်ပြီး "ကမ်းရဲ့ အဆောင်ကို သွားကြမယ်"

----

ကမ်းကော်ကော်သည် ဂါရဝပြုပြီးနောက် ယင်ကျန်းလက်ထဲမှ စိပ်ပုတီးကို မြင်လိုက်ရသောအခါ သူမ မျက်ဝန်းထဲတွင် ရုတ်တရက် အလင်းရောင်များ တောက်ပသွားသည်။

[သူက တကယ့် ဘုရားဖြစ်မယ့် အုတ်နီခဲကြီးပဲ၊ ယုံကျိန်း နင့်ရဲ့ စရိုက်က ဒီလိုဖြစ်နေတာကို... ငါ သိသွားပြီ၊ အား ဘယ်လိုတောင် ဒီဟန်ဆောင်နေတဲ့ ပုံစံလေးက မိမိုက်နေတယ်လို့ ထင်ရတာလဲ]

ယင်ကျန်းသည် သူမ စကားများကို ကြားသောအခါ အမှတ် တမဲ့ နှုတ်ခမ်းစွန်းလေးများတွန့်ကွေးသွားသည်။ သူမ၏ စကားလုံးများကို သူ အကုန်နားမလည်သော်လည်း သူ့ကိုချီးကျူးနေမှန်း သူ ကောင်းကောင်း သိလေသည်။

ယင်ကျန်းက လက်ကို နောက်သို့လှမ်းလိုက်ရာ ကျန်းတာ့နျန်က လက်ကောက်တစ်စုံကို ကမ်းပေးလိုက်သည်။ ယင်ကျန်းက ထိုလက်ကောက်ကို ကမ်းကော်ကော်ထံသို့ ပေးလိုက်ပြီး

"မင်းကို ဆုချတာ"

ကမ်းကော်ကော် မျက်နှာလေး ၀င်းလက်သွားပြီး ချက်ချင်းပင် လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။ သူမသည် ယင်ကျန်းက သူမကို မနှစ်သက်ဟု အမြဲထင်မိခဲ့သည်။

[ငါ့ကို ပေးတာတဲ့လား၊ ဒီမက်မွန်သစ်သား လက်ကောက်က ငါ့တစ်ယောက်တည်းအတွက် သီးသန့်လား၊ ဒါမှမဟုတ် စံအိမ်တော်ထဲက အစ်မတွေတိုင်းဆီမှာ ရှိနေတာများလား]

ယင်ကျန်း ချက်ချင်းပြန်ဖြေလိုက်သည်။

"လူတိုင်းဆီမှာ ရှိတယ်"

အမှန်တွင် သူသည် ကြင်ယာတော်တိုင်းအား မက်မွန်သစ်သားလက်ကောက်များ ပေးခဲ့သော်လည်း ကမ်းကော်ကော်ကို ပေးလိုက်သော လက်ကောက်သည်တော့ ဇင်ဆရာတော် ဝမ်ကျွဲ့ကိုယ်တိုင် အစီအရင်လုပ်ပြီး မကောင်း ဆိုးဝါးများကို နှင်ထုတ်နိုင်စွမ်းရှိသော လက်ကောက်ဖြစ် သည်။

အခြားသူများတွင်ရှိသော လက်ကောက်များမှာ ဟန်ပြသက် သက်သာဖြစ်ပြီး ကမ်းကော်ကော် လက်ကောက်မှ အစစ် အမှန်ရတနာဖြစ်သည်။

သို့သော်လည်း သူမ မျက်နှာအမူအရာမှာ အလွန်တည်ငြိမ်နေသဖြင့် မိစ္ဆာတစ်ကောင် မဟုတ်လောက်ပေ။ သူမသည် သာမန် မိန်းကလေးငယ်တစ်ဦးသာ ဖြစ်လောက်ပြီး သူ ထင်ယောင်ထင်မှား ဖြစ်နေခြင်းသာ ဖြစ်နိုင်သည်။

ကမ်းကော်ကော်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ စိတ်ထဲတွင်သာတွေးနေပြီး အပြင်ထုတ်မပြောခဲ့‌တာ သေချာသောကြောင့် နားမလည်ဟန်ဖြင့် "မင်းသား ဘာပြောလိုက်တာလဲ"

ယင်ကျန်းလည်း သူ စကားမှားသွားကြောင်း သတိထားမိလိုက်သည်။ သို့သော် သူသည် မင်းသားတစ်ဦးဖြစ်ရာ ရှင်းပြနေစရာ မလိုသဖြင့် စကားလွှဲလိုက်သည်။

"ငါ့ကို မင်းကူးရေးထားတဲ့ အမျိုးသမီးများ လိုက်နာရမည့် ကျင့်ဝတ်များ စာအုပ်ကို ယူခဲ့စမ်း၊ ကြည့်ရအောင်"

ကမ်းကော်ကော်သည် စားပွဲပေါ်ရှိ မှင်အိုးအောက်တွင် ဖိထားသော စာရွက်အထပ်ကို ယူကာ လက်နှစ်ဖက်ဖြင့် ကမ်းပေး လိုက်သည်။

ယင်ကျန်းသည် စာရွက်အထပ်ကို ကိုင်ပြီး တစ်ရွက်ချင်းစီ လှန်လှောကြည့်နေသည်။

ကမ်းကော်ကော်သည် ယင်ကျန်း မျက်နှာအမူအရာကို ဘေးမှနေ၍ စောင့်ကြည့်နေပြီး သူမ၏ စိုးရိမ်ပူပန်နေသော ပုံစံမှာ အလယ်တန်းကျောင်းတုန်းက မြန်မာစာဆရာမ စာစစ်နေ သည်ကို စောင့်ကြည့်နေရသကဲ့သို့ပင်။

အရေးအကြီးဆုံးအချက်မှာ သူမသည် စာရေးရာတွင် မကျွမ်းကျင်လှပေ။ သူမသည် ခေတ်သစ်မှလူသာဖြစ်ပြီး လက်ရေးလှ လေ့ကျင့်ခဲ့ဖူးခြင်းလည်း မရှိချေ။ သို့ဖြစ်ရာ သူမရေးထားသည်များကို စာလုံးလို့ သတ်မှတ်လို့ရရင်ကိုပဲ တော်လှပြီဖြစ်သည်။

သို့သော် ကမ်းကော်ကော်သည် သူမကိုယ်သူမ အလွန်ယုံကြည်အလွန်ရှိနေသောကြောင့် ယုံကျိန်း မည်မျှစည်းကမ်း ကြီးသည်ကို မေ့သွားခဲ့ပုံရသည်။

ယခုအခါ အခြေအနေမှာ တင်းမာလာပြီး လေထုမှာလည်း ငြိမ်သက်လို့သွားသည်။ ယင်ကျန်း၏ မျက်မှောင်များမှာ မှောင်ကုတ်လာပြီး သူ့မျက်နှာမှာလည်း ပိုမိုမည်းမှောင်လာကာ စာရွက်များကို လှန်နေရာမှ တစ်ရွက်ပြီးတစ်ရွက် ဆုတ်ဖြဲပစ်လိုက်လေသည်။

ကမ်းကော်ကော်မှာ ထိုအချိန်မှ ကြောက်ရွံ့ရမှန်းသိသွားပြီး သူမ၏ ကျောပင်ချမ်းလာကာ တုန်တုန်ရီရီပင်ဖြစ်လာသည်။

သွားပြီ... သွားပြီ၊ ငါလေးဘ၀တော့ ပြီးပြီပဲ၊ မကြည့်ပါနဲ့တော့၊ ဆက်မကြည့်ပါနဲ့တော့၊ ဘဝမှာ မျှော်လင့်ချက်တွေဆိုတာလည်း ဘာလုပ်ဖို့ထားဦးမှာလဲ၊ ငါ့ကို ဘာလုပ်ချင်လဲသာ ပြောလိုက်ပါတော့၊ ရိုက်တော့မရိုက်ပါစေနဲ့၊ မျက်နှာကိုတော့ မရိုက်ပါနဲ့လို့ ဝူးးဝူးး...

သူမသည် ဝိညာဉ်လွင့်ထွက်သွားသူကမာ စိတ်ထဲတွင် ကပေါက်တိကပေါက်ချာ စတင်တွေးနေတော့သည်။

ယင်ကျန်းသည် အစက အလွန်ဒေါသထွက်နေခဲ့သည်။ သူသည် သူ့ကိုယ်သူနှင့် သူ့လူများအပေါ် အလွန်မျှော်လင့်ချက်ကြီးမားသူဖြစ်ကာ ကမ်းကော်ကော်၏ အလွန်ညံ့ဖျင်းသော လက်ရေးများက သူ့ကို အံ့သြသွားစေခဲ့သည်။

သို့သော်ငြား ကမ်းကော်ကော်၏ စိတ်ထဲက ကပေါက်တိက ပေါက်ချာ အတွေးများက သူ့ကို ရယ်ချင်အောင် လုပ်နေ သည်။

သူ၏ အေးစက်စက် ပုံရိပ်ကို ထိန်းသိမ်းရန် နှုတ်ခမ်းထောင့်ကို အတင်းဖိထားကာ အေးစက်သော မျက်နှာထားဖြင့် လေးနက်စွာ မေးလိုက်သည်။

"မင်း အိမ်မှာနေတုန်းက လက်ရေးလှ မလေ့ကျင့်ခဲ့ဘူးလား"

ကမ်းကော်ကော်က ခေါင်းခါလိုက်ပြီး သူမ လက်ချောင်းများဖြင့် မက်မွန်သစ်သားလက်ကောက်ကို အမှတ်တမဲ့ ညှစ်ထားမိသည်။

ယင်ကျန်း "လက်ရေးတွေက ခွေးခြေရာတွေလို ရှုပ်ပွနေတာ မဆန်းပါဘူး"

[ဟေး... ရှင်က လူကြီးလူကောင်းတစ်ယောက်လေ၊ စကားကို အဲ့လိုရိုင်းရိုင်းစိုင်းစိုင်း ပြောရလား]

ယင်ကျန်းက သူမကို အထက်စီးမှနေ၍ စိုက်ကြည့်ကာ "ဘာလဲ၊ မကျေနပ်ဘူးလား"

ကမ်းကော်ကော်က ခပ်တိုးတိုးလေး ဖြေလိုက်သည်။

"မဟုတ်ပါဘူး၊ ကျွန်မ အမှားပါ"

ယင်ကျန်းက အမှိုက်ပုံးကို ကြည့်လျက် "စာရွက်တွေ... ငါ ဆုတ်ဖြဲလိုက်ပြီ"

[အိုး... ခွေးလက်သည်းနဲ့ ကုတ်ခံလိုက်ရပြီ]

ရုတ်တရက်ဆိုသလို သူမ ပတ်ဝန်းကျင်ရှိ လေထုအပူချိန်သည် သုံးဒီဂရီခန့် ကျဆင်းသွားသည်ဟုပင် ခံစားလိုက်ရကာ အသက်ရှူဖို့ပင် ခက်ခဲလာသည်။

သူမ မော့ကြည့်လိုက်သောအခါ ယင်ကျန်း၏ပါးလွှာသော နှုတ်ခမ်းများမှာ မျဉ်းဖြောင့်တစ်ကြောင်းလို စေ့ပိတ်နေပြီး သူ့နက်မှောင်သော မျက်လုံးအိမ်ထဲတွင် အန္တရာယ်ရှိသော အရိပ်အငွေ့များ စုပြုံနေသည်ကို မြင်လိုက်ရသည်။

🌻Chapter 6

[အာ... ဒါက လက်ရေးမလှရုံလေးပဲ မဟုတ်ဘူးလား၊ ငါလေးက ဒီမှာ ကိုယ်လုပ်တော်လာလုပ်တာလေ၊ ပထမအဆင့် စာမေးပွဲ လာဖြေမှာမှ မဟုတ်တာ၊ စတုတ္ထမင်းသားရယ်... ရှင် အဲ့ဒီလောက်ကြီးတော့ မတင်းကြပ်ပါနဲ့၊ တော်သင့်ပြီ]

ယင်ကျန်းသည် အသက်ပြင်းပြင်းရှူကာ ထိုကလေးမလေးကို ဒေါသမထွက်မိစေရန် သူ့ကိုယ်ကို သတိပေးနေသော်လည်း သူ၏လေသံထဲတွင် ဒေါသသံပါနေဆဲပင်။

"ဒါကို ဆယ်ခေါက် ပြန်ရေး"

ကမ်းကော်ကော် ကြောင်သွားသည်။

"မင်းသား..."

[မဟုတ်သေးဘူး၊ သူ ရောဂါများရှိနေတာလား]

ယင်ကျန်းက : "အကြိမ် နှစ်ဆယ်"

ထိုသို့ပြောပြီးနောက် သူသည် ကမ်းကော်ကော်ကို တစ်ချက်မျှပင် ထပ်မကြည့်တော့ဘဲ နောက်ပြန်လှည့်ကာ လက်နောက်ပစ်လျက် အမြန်ထွက်သွားလေသည်။

အကယ်၍ သူသာ သူမအနားမှာ ဆက်နေမိလျှင် သူ့ကိုယ်သူ မထိန်းနိုင်ပဲ သူမကို ရိုက်မိပေလိမ့်မည်။

ယင်ကျန်း "ဒီလောက် ရိုင်းစိုင်းတဲ့ မိန်းမမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး"

ထိုဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့သော ကျန်းတာ့နျန်မှာမူ စိတ်ထဲမှသာ တိတ်တဆိတ်ရေရွတ်နေမိသည်။

ကျွန်တော် ကြည့်ရသလောက်တော့ ကမ်းကော်ကော်က အတော်လေး ယဉ်ကျေးပြီးလိမ္မာပါတယ်၊ သူမက မင်းသားကို စကားတစ်ခွန်းမှတောင် ပြန်မပြောခဲ့ဘူးလေ၊ မင်းသားကပဲ ကလေးမလေးကို တမင်ပြဿနာလာရှာနေသလိုပဲ၊ ပြီးတော့ အကြောင်းပြချက်မရှိဘဲ ဒေါသတွေ ထွက်နေသေးတယ်...

သို့သော် ဤစကားများကို သူ ထုတ်မပြောရဲသဖြင့်

"မင်းသား... ကမ်းကော်ကော်က ငယ်ရွယ်သေးတော့ စကားမတက်တာမျိုး ရှိနိုင်ပါတယ်၊ ဒါက မင်းသားကို ဒေါသထွက်စေမှန်းသိပေမယ့် အပြစ်တော့မယူပါနဲ့"

ယင်ကျန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "မင်း သူမဘက်က ကာကွယ်ပြောပေးစရာ မလိုဘူး၊ ငါ သူမကို သေချာဆုံးမမယ်"

---

"လီစဲဖူ ဟင်းတွေ အေးကုန်ပြီ၊ စတုတ္ထမင်းသားက ကမ်းကော်ကော်ဆီမှာ ညစာစားနေလောက်ပြီမို့ အရင်စားနှင့်ပါ၊ ဗိုက်ဆာခံမနေပါနဲ့"

"ငါကဘယ်လိုလုပ် တစ်ယောက်တည်းစားနိုင်မှာလဲ၊ ဒီညစာစားပွဲပေါ်မှာ သခင်ကြီး အကြိုက်ဆုံးဟင်းလျာတွေ အပြည့်ပဲကို၊ သူ ဒီနေ့မလာဘူးဆိုတာ ငါ မယုံဘူး"

ယင်ကျန်းသည် အဆောင်တံခါးဝသို့ ရောက်သည်နှင့် လီစဲဖူ၏ စကားများကို ကြားလိုက်ရရာ သူ့ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ့ကိုမြင်ချိန် အဆောင်ထဲရှိ အစေခံများလည်း အလျင်အမြန် ဒူးထောက်ကာ ဂါရဝပြုကြသည်။

လီစဲဖူလည်း အလောကြီးစွာ မတ်တတ်ရပ်ကာ ဝမ်းသာပျော်ရွှင်သော မျက်နှာထားဖြင့် သူမ စကတ်စကိုကိုင်ကာ အပြေးလေးလာသည်မှာ ယင်ကျန်း ရင်ခွင်ထဲသို့ ဝင်တိုက်မိမတတ်ပင်။

ယင်ကျန်းက သူမ ပခုံးကို အမြန်ဖမ်းကိုင်ကာ အပြစ်တင်သည့်လေသံဖြင့် "အရူးမလေး ဘာလို့ ဒီလောက်မြန်မြန် ပြေးလာရတာလဲ"

လီစဲဖူရင်ဘတ်ပေါ်မှ ကျောက်စိမ်းပြားမှာ သူမပြေးလာမှုကြောင့် တုန်ခါနေဆဲပင်။ သူမက အားငယ်သလို ဝမ်းသာသလိုဖြင့် နှာခေါင်းရှုံ့ကာ ယင်ကျန်းလက်ကိုကိုင်ပြီး အထဲသို့ ဦးဆောင်လျှောက်လာပြီး ပြောလိုက်သည်။

"မင်းသား ပြန်ရောက်နေတာ ဒီလောက်ကြာပြီကို ဖူအာဆီကို မလာလို့ ဖူအာကို စိတ်ဆိုးနေပြီလို့ ထင်နေတာ"

ယင်ကျန်း သူမ၏ နူးညံ့သော လက်ဝါးလေးကို အသာညှစ်ကာ မေးလိုက်သည်။

"မင်းကို စိတ်ဆိုးရမယ်လား၊ ပြောစမ်းပါဦး ဘာအမှားတွေ လုပ်ထားပြန်ပြီလဲ"

လီစဲဖူ မျက်နှာလေးမှာ ညနေခင်း ကောင်းကင်ယံက တိမ်တိုက်များပမာ နီမြန်းသွားပြီး သူမခါးလေးကိုလိမ်ဖယ်လျက် အမြန်ပင် ငြင်းဆန်လိုက်သည်။

"ဘာမှမလုပ်ထားပါဘူး‌နော်"

ထိုအချိန်တွင် ၎င်းတို့နှစ်ဦးမှာ အခန်းထဲသို့ ရောက်ရှိနေပြီဖြစ်ရာ ယင်ကျန်းက ရုတ်တရက် ကိုယ်ကိုကိုင်းပြီး သူမနားကပ်ကာ ခပ်တိုးတိုးလေး ပြောလိုက်သည်။

"စောင့်နေ... ခဏနေရင် ဒီမင်းသားက မင်းလေးကို သေချာလေး အ.ပြစ်.ပေး.မယ်"

ထိုသို့ပြောပြီးနောက် သူသည် နောက်ဆုတ်ကာ ထွက်သွားပြီး ထိပ်ဆုံးနေရာတွင် ထိုင်လျက် တည်ကြည်ခန့်ညားသော အမူအရာဖြင့် စတင် စားသောက်လေသည်။ အစောက သူပြောခဲ့သော ညစ်ညမ်းသည့် စကားများကို ပြောခဲ့သူမှာ သူမဟုတ်သည့်အလားပင်။

အပြစ်ပေးမယ်တဲ့လား

လီစဲဖူသည် ယခင်က သာယာမှုများကို အမှတ်ရသွားပုံရကာ သူမရင်ဘတ်ထဲတွင် နွေးထွေးသော လှိုင်းလုံးများ ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။ သူမ ထိုင်ခုံတွင် ထိုင်လိုက်ချိန် ဒူးနှစ်ဖက်ကိုစေ့ကာ လက်များကိုပင် တင်းတင်းဆုပ်ထားမိပြီး တူကိုပင် သေချာမကိုင်နိုင်တော့ပေ။

ယင်ကျန်းသည် သူမ၏ ထိုအဖြစ်ကို မြင်သောအခါ စိတ်ထဲမှ ရယ်ချင်စိတ်ကို ထိန်းထားပြီး သူမအား အသားဟင်းတစ်ဖတ် ခပ်ထည့်ပေးလိုက်သည်။

---

စားပွဲတွင် ထိုင်နေသော ကမ်းကော်ကော်သည် သူမ၏ ဝမ်းနည်းမှုများကို အစာစားချင်စိတ်အဖြစ် ပြောင်းပစ်လိုက်သည်။ သူမ စားပြီးနောက် လေချဥ်တက်လိုက်ပြီး ဟင်းလေးခွက်နှင့် စွပ်ပြုတ်တစ်ခွက် စားနိုင်ခြင်းက ချင်မင်းဆက်မှာ သူမခံစားရနိုင်သော အကြီးမားဆုံးသော ကောင်းချီးတစ်ခုဟု ရုတ်တရက် သဘောပေါက်သွားသည်။

သူမ အစာစားပြီးနောက် ခွန်အားများ ပြည့်လာသောအခါ စာကြည့်စားပွဲသို့ ပြန်သွားပြီး လက်ကောက်ဝတ်အား ပွတ်သပ်ပြီး ယုံကျိန်း၏ဒေါသအိုး အကျင့်ဆိုးကို ထပ်မံ၍ မကျေမနပ် ရေရွတ်လိုက်ပြန်သည်။

ဟွန့်...

နောက်တစ်ကြိမ် အချိန်ခရီးသွားဖို့ အခွင့်အရေး ရခဲ့ရင် သဘောကောင်းတဲ့ ဧကရာဇ်ဆီကိုပဲ ရောက်ပါရစေလို့ ဆုတောင်းတယ်

ညည်းညူတာတော့ ဟုတ်ပေမယ့် အလုပ်ကတော့ လုပ်ရဦးမယ်။

ကမ်းကော်ကော်သည် အရည်အချင်း သိပ်မရှိသော်လည်း ဇွဲလုံ့လံတော့ရှိသည်။

သူမ နောက်ထပ် တစ်နာရီခန့် ကြိုးကြိုးစားစား လေ့ကျင့်ပြီးနောက် မီးလင်းဖိုခုတင်ပေါ်တွင် ပက်လက်လှန်ချလိုက်ပြီး ဝမ်းသာအားရဖြင့် တွေးလိုက်သည်။ ဒီတစ်ခါ ငါရေးထားတဲ့ စာလုံးတွေက အတော်လေး ပုံကျသွားပြီပဲ

နောက်တစ်နေ့ နံနက်စောစောတွင် ကော်ရှီးလဲ့သည် လက် ရေးလှစာရွက်တစ်ထပ်ကို ယူလာပြီး ပြောသည်။

"ဒါက မင်းသား ကိုယ်တိုင် ရေးထားတာပါ၊ ကော်ကော်ကို ကူးရေးဖို့ ပေးလိုက်ပါတယ်"

ကမ်းကော်ကော်က ကျေးဇူးတင်သော မျက်နှာဖြင့် လှမ်းယူလိုက်သည်။ သူမ အစေခံကို ဆုချရန် တွေးလိုက်မိသော် လည်း သူမအဆောင်တွင် ပိုက်ဆံမရှိသည်ကို သတိရသွားသည်။

အင်း... ထားလိုက်ပါတော့၊ ဆင်းရဲသားဆိုတာ ဒီလိုပဲပေါ့၊ အစေခံတွေကို ဆုချဖို့တောင် ပိုက်ဆံမရှိဘူး

ကံကောင်းသည်မှာ စတုတ္ထမင်းသား စံအိမ်တော်တစ်ခုလုံးသည် သူမ ဆင်းရဲမှန်း သိကြသည်။ သူမက ဆောင်းတွင်းဝတ်ရုံလေးတောင် မဝယ်နိုင်ဘဲ ပိုက်ဆံရဖို့အတွက် အိမ်တော်က ထုတ်ပေးထားသော ဆောင်းတွင်းအဝတ်အစားများကိုပင် ပေါင်နှံထားရမှန်း လူတိုင်းသိကြသည်။

ယွမ်ကျွမ်းက ဝမ်းသာအားရဖြင့် "မနေ့ညက မင်းသား ရုတ်တရက် ဒေါသထွက်သွားတုန်းကဆို ကျွန်တော်မျိုးမ အရမ်းလန့်သွားတာ၊ ကော်ကော်အတွက် စိတ်ပူလွန်းလို့ တစ်ညလုံးတောင် အိပ်မပျော်ဘူး"

ကမ်းကော်ကော် စိတ်ထဲမှ နှုတ်ခေါင်းရှုံ့လိုက်သည်။

ဟွန့် သူ့ကို ကျေးဇူးတော့တင်ပေမယ့် ဒါကဘာကြီးတုန်း၊ ငါ့ကို ယဉ်ပါးအောင် သွန်သင်ချင်နေတာလား၊ သူ တကယ်သာ ဂရုစိုက်တယ်ဆိုရင် စာရွက်တွေလာပေးမယ့်အစား ပိုက်ဆံပိုပေးသင့်တာပေါ့၊ မဟုတ်မှ ငါလေး တကယ်ပဲ ပထမအဆင့်စာမေးပွဲ သွားဖြေရတော့မှာလား

အမှန်တွင် စာကူးရေးရသည်ပဲဖြစ်စေ တခြားအရာများဖြစ်စေ သူမကို ဗဟုသုတ ပိုရစေသော်လည်း ခေါင်းကတော့ အကုန်ကိုက်စရာများပင်။

---

ဖူကျင်း၏ အဆောင်တွင် စုန့်ကော်ကော်နှင့် ဖူကျင်းတို့သည် စစ်တုရင် ကစားနေကြသည်။

ကစားနေသည်မှာ တစ်ဝက်လောက်အရောက်တွင် စုန့်ကော်ကော်က ရုတ်တရက် သက်ပြင်းချလိုက်သည်။

ဖူကျင်းက ကစားနေသည်ကို ရပ်လိုက်ပြီး သူမမျက်နှာကို ကြည့်ကာ မေးလိုက်သည်။

"ညီမလေး ရင်ထဲမှာ တစ်ခုခုများ ရှိနေလို့လား"

စုန့်ကော်ကော်၏ ခန္ဓာကိုယ်မှာ ပိန်လှီနေပြီးသားဖြစ်ရာ ယနေ့တွင် ပိုလို့ပင် နွမ်းနယ်နေပုံရပြီး သူမ မျက်လုံးအောက်ရှိ အညိုအမည်းများကို မိတ်ကပ်ထူထူ လိမ်းထားသော်လည်း ဖုံးကွယ်၍ မရနိုင်ပေ။

စုန့်ကော်ကော်က အားတင်းပြုံးလိုက်ပြီး "အစ်မတော် ဆက်ကစားကြရ‌အောင်၊ ညီမလေးမှာ ဘာပြဿနာရှိနိုင်မှာလဲ၊ တစ်နာရီလောက် ကြာတာတောင် အစ်မတော်ကို မနိုင်နိုင်လို့ သက်ပြင်းချမိတာပါ၊ အစ်မတော်က အရမ်းစိတ်ပူလွန်းနေပြီ"

ပဏာမကြင်ယာတော်က ခေါင်းခါလိုက်ပြီး သူမ၏ အဖြူရောင်စစ်တုရင်ကို ချလိုက်ကာ သက်ပြင်းချဘိုက်ပြီး "ညီမလေးက ဘာလို့ ကိုယ့်ကိုယ်ကိုယ် အဲ့ဒီလောက် အောက်ကျခံရတာလဲ၊ ညီမလေးရဲ့ စစ်တုရင်ကစားတဲ့ စွမ်းရည်နဲ့ဆိုရင် သေချာလေးသာ အာရုံစိုက်ကစားရင် ငါ့ကို နှစ်ပွဲသုံးပွဲလောက် နိုင်နေလောက်ပြီ၊ ကြည့်ရတာ ညီမလေးကမှ တကယ့်ကို တွေးလွန်နေတာပဲ၊ ဒါပေမဲ့ တွေးနေတဲ့ အကြောင်း အရာက အစ်မတော်အကြောင်း မဟုတ်ဘဲ တခြားလူအကြောင်းမလား"

စုန့်ကော်ကော်က သူမပေါ်သွားကြောင်း သိလိုက်ရသဖြင့် သူမ ရင်ထဲတွင်လည်း မွန်းကျပ်နေသည်ဖြစ်ရာ ဖုံးကွယ်မထားတော့ဘဲ

"ကျွန်မတို့ အိမ်တော်ကို စရောက်ခါစကဆိုရင် စစ်တုရင်တွေ၊ ကဗျာတွေအကြောင်း ပြောရင်း အချိန်ကောင်းတွေ အတူဖြတ်သန်းခဲ့ရတယ်၊ ဒါပေမဲ့ လီစဲဖူ အိမ်တော်ထဲ ရောက်လာချိန်ကစပြီး အရာအားလုံး ပြောင်းလဲသွားခဲ့ရတယ်"

အိုး... လောကမှာရှိတဲ့ ယောကျာ်းအများစုက တကယ်ကို နှလုံးသား မရှိကြဘူး

ဤနေရာတွင် သူတို့နှစ်ဦးနှင့် သူတို့ယုံကြည်ရသော အစေခံများသာ ရှိသဖြင့် ကောလာဟလများကို ကြောက်စရာမလိုသဖြင့် ဖူကျင်းက နှစ်သိမ့်ပေးလိုက်သည်။

"ညီမလေး အစ်မတော်ကို ရင်ဖွင့်လို့ရတယ်၊ ဒါပေမဲ့ မင်းသားရှေ့မှာတော့ အဲ့လို စကားမျိုး မပြောမိစေနဲ့နော်၊ ဒီအိမ်တော်က မျက်နှာသာပေးမှုတွေ အားလုံးက လီစဲဖူ တစ်ယောက်တည်းအတွက် ဖြစ်နေတာတော့ အမှန်ပါပဲ၊ စတုတ္ထမင်းသားက အနောက်ဆောင်ကို ဆယ်ခါလာရင် ခြောက်ခါက သူမဆီကိုပဲ သွားတာလေ"

"ဒါပေမဲ့ ညီမလေးရယ်၊ ညီမလေးကလည်း စတုတ္ထမင်းသားရဲ့ ရင်ထဲမှာ အရေးပါတဲ့သူပါ၊ ညီမလေးက ကဗျာစာပေတွေကို ကျွမ်းကျင်ပြီး ယဉ်ကျေးမှု၊ တရားမျှတမှု၊ ရိုးသားမှုနဲ့ အရှက်တရားရှိသူပါ၊ ဒါကြောင့် သူမနဲ့ ပြိုင်ရတာကို ညီမလေးကမကြိုက်သလို သူမရဲ့ နည်းလမ်းတွေကိုလည်း မသုံးတတ်ဘူးလေ ဟုတ်တယ်မလား"

စုန့်ကော်ကော် ရင်ထဲမှ မွန်းကျပ်မှုများ အတော်လေးသက် သာသွားခဲ့သည်။ ထိုအစေခံများကို သူမ ရင်ဖွင့်ပြရင်လည်း သူတို့က နားလည်ပေးနိုင်မည် မဟုတ်ချေ။ ဖူကျင်းကဲ့သို့သော သူမျိုးကသာ သူမကို နားလည်နိုင်စွမ်း ရှိသည်။

စုန့်ကော်ကော်က ပြောသည်။

"တချို့အချိန်တွေမှာ ကျွန်မ အစ်မတော်ကို တကယ်အားကျမိတယ်၊ အစ်မတော်ရဲ့နှလုံးသားက ရေပြင်လို တည်ငြိမ်နေပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်"

ဖူကျငိး၏ မျက်တောင်များ တုန်ခါသွားပြီး သူမ၏ မျက်ဝန်းထဲရှိ မှောင်မိုက်မှုကို ဖုံးကွယ်လိုက်ကာ "ငါက ဘာတွေကိုများ ရှင်းရှင်းလင်းလင်း မြင်နိုင်လို့လဲ၊ ဖူကျင်း တစ်ယောက်အနေနဲ့ ဖူကျင်းတစ်ယောက်ရဲ့ စိတ်ထားမျိုးတော့ရှိရမှာပေါ့"

လီစဲဖူက ဘယ်လောက်ပဲ မျက်နှာသာပေးခံရပါစေ ယင်ကျန်းဆီကနေ သူမရဲ့ နေရာကို တောင်းယူလို့မှ မရနိုင်တာ။

ယင်ကျန်းက သူမကို မချစ်ဘူးဆိုရင်တောင် လုံလောက်တဲ့ လေးစားမှုတော့ပေးပြီး အပြင်လူတွေရှေ့မှာဆို ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးထားတာပဲလေ။

သူ့ရဲ့ရင်ထဲမှာ တခြားတစ်ယောက် ရှိနေပေမယ့်ပေါ့...

မနေ့ညက သူမမက်ခဲ့သော အိပ်မက်ထဲတွင် သူမသည် နံနက်ခင်း နေရောင်ခြည်အောက်တွင် ရပ်နေကာ သူမနှင့် မလှမ်းမကမ်းတွင်တော့ အခြေခံကဗျာစာအုပ်ကို ကိုင်ကာ ရွတ်ဆိုနေသော စာပေသမားလေးစန်းလန်ကို ပြန်မြင်ယောင်သလို ခံစားရသည်။

"မြစ်လယ်ထက်က ကျွန်းငယ်မှာ ငိုနေပြန်တဲ့ သိမ်းငှက်ငယ်~"

ထိုအသံလေးက တောအုပ်ကို ဖြတ်တိုက်သွားသော နွေဦးလေညင်းလေးပမာ သူမ၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး သူမ တစ်သက်မေ့မရနိုင်စွာ ရေးထွင်းသွားခဲ့သည်။

သို့သော် ထိုအမျိုးသား လှည့်ကြည့်လာသောအခါ သူ့မျက်နှာမှာ ယင်ကျန်းမျက်နှာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအကြောင်းကို တွေးမိသောအခါ သူမ မျက်ခုံးများကြားရှိ မကျေနပ်ချက်များ ပိုမိုပြင်းထန်လာသည်။

ယင်ကျန်း... ရှင် ကျွန်မကို မချစ်ဘူးဆိုရင် ဘာလို့များ ဇွတ်အတင်းယူပြီး ကျွန်မရဲ့သာယာပျော်ဖွယ်ကောင်းမယ့် အိမ်ထောင်ရေးကို ဖျက်ဆီးပစ်ခဲ့ရတာလဲ။

All Chapters