အခန်း (၇-၈)
Vol. 1 Ch. 7-8
🌻 Chapter 7
ဖူကျင်းသည် တွေဝေငေးမောနေပြီး သူမပတ်ဝန်းကျင်၌ လွမ်းဆွေးရိပ်တို့မှာ ခပ်ဖျော့ဖျော့ လွှမ်းခြုံထားလေသည်။
ကိုယ်လုပ်တော်စုန့်သည်တော့ ဖူကျင်း ဤမျှတည်ငြိမ်နေနိုင်ခြင်းမှာ သူမ၏ မြင့်မြတ်သော အဆင့်အတန်းကြောင့်သာမက အခိုင်အမာဆုံးသော ကျောထောက်နောက်ခံဖြစ်သည့် သားတော်ဖြစ်သူ ဟုန်ဟွေ့ ရှိနေသောကြောင့်ဆိုသည်ကို သိပေသည်။ အတိတ်တွင် ကိုယ်လုပ်တော်စုန့်သည်လည်း သမီးတော်တစ်ပါး ဖွားမြင်ခဲ့ဖူးသော်ငြား ထိုကလေးငယ်မှာ အရွယ်မတိုင်မီ ကွယ်လွန်သွားခဲ့ရှာသည်။ ထိုကိစ္စနှင့်ပတ်သက်၍ လီစဲ့ဖူ၏အမြဲလိုလို အပြစ်တင် ကဲ့ရဲ့ခြင်းကိုလည်း သူမ ခံခဲ့ရဖူးသည်။
သမီးတော်လေး တစ်လမပြည့်မီ ကွယ်လွန်သွားရခြင်းမှာ ကိုယ်လုပ်တော်စုန့်၏ အားနည်းလှသော ခန္ဓာကိုယ်နှင့် ကံဆိုးမှုတို့ကြောင့်ဟု လီစဲ့ဖူကယုံကြည်ထားသည်။ စံအိမ်တော် အတွင်းအပြင်ရှိ လူအများကလည်း ထိုအတိုင်းပင် ယူဆခဲ့ကြသည်။
ထိုအချိန်မှစ၍ တွက်လျှင် ကိုးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း နက်ရှိုင်းလှသော ပူဆွေးသောကများမှာ ကိုယ်လုပ်တော်စုန့်၏ မှတ်ဉာဏ်ထဲ၌ အချိန်နှင့်အမျှ လွင့်ပါး မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။ ဤနှစ်များတစ်လျှောက် စတုတ္ထမင်းသားသည် သူမ၏ အဆောင်တော်သို့ ရံဖန်ရံခါ ဝင်ထွက်သွားလာလေ့ ရှိသော်ငြား ဝမ်းနည်းဖွယ်ကောင်းစွာပင် သားသမီးရတနာထွန်းကားမည့် ကံကြမ္မာကား ပေါ်လာခဲ့ခြင်း မရှိချေ။
ထို့ကြောင့်ပင် သူမသည် ဟုန်ဟွေ့လေးအား သူမ၏ သားအရင်းပမာ သဘောထားကာ သံယောဇဉ်တွယ်နေခဲ့သည်။ ယခုလည်း စိုးရိမ်တကြီးဖြင့် မေးလိုက်မိပြန်သည်။
"ဒါနဲ့ နေပါဦး၊ ဟုန်ဟွေ့လေး ဒီတလော ဘယ်လိုနေသေးလဲ"
ဖူကျင်းသည် သားဖြစ်သူ၏ နာမည်ကို ကြားလိုက်ရသည်နှင့် မျက်မှောင်များက စိုးရိမ်ပူပန်မှုကြောင့် တွန့်ချိုးသွားကာ လေသံထဲတွင်လည်း ညည်းညူသံတို့ ရောယှက်ဘာသည်။
"ကလေးက ငယ်သေးတာကို မင်းသားက သင်ကြားဖို့အရမ်းလောနေတာလေ၊ ပြီးခဲ့တဲ့ရက်ကပဲ ဟုန်ဟွေ့လေး ဖျားသွားလို့ စာမသင်ချင်ဘူးလို့ ယောင်ပြပြီးငိုနေရှာတာ၊ နိုးလာတော့လည်း မင်းသားရဲ့ ဆူပူကြိမ်းမောင်းတာကို ခံရသေးတယ်"
ဟုန်ဟွေ့ကို အိမ်တော်အရှေ့ဆောင်၌ ထားရှိကာ ယင်ကျိန်းကိုယ်တိုင် ကြပ်မတ်သင်ကြားပေးနေပြီး စည်းကမ်းအလွန်တင်းကျပ်လှသည်။ ဖူကျင်းအနေဖြင့် သားဖြစ်သူကို လွမ်းဆွတ်မိသော်လည်း တစ်နေ့လျှင် လက်ဖက်ရည်တစ်ခွက်စာ သောက်ချိန်မျှသာ တွေ့ဆုံခွင့် ရလေသည်။
ကိုယ်လုပ်တော်စုန့်က "တကယ်ပါပဲ၊ အရှင်မင်းသားက ကလေးတွေရဲ့ ပညာရေးကို အလေးထားတယ်ဆိုပေမယ့် သူတို့ရဲ့ ကျန်းမာရေးကိုလည်း ထည့်စဉ်းစားပေးသင့်တာပေါ"
ဖူကျင်းက သက်ပြင်းချကာ ပြောသည်။
"အရှင်မင်းသားက အမြဲတမ်း ဒီလိုပဲလေ၊ ပညာသင်တယ်ဆိုတာ ပါရမီအပေါ်မှာလည်း မူတည်သေးတာပဲ၊ ဘယ်လိုလုပ် အတင်းအကျပ် တွန်းအားပေးလို့ ရပါ့မလဲ၊ ဟုန်ဟွေ့က နည်းနည်း ညံ့နေခဲ့ရင်တောင် နောင်တစ်ချိန်ကျ စည်းစိမ်ချမ်းသာတွေကို ခံစားပြီး ဘွဲ့ထူးဂုဏ်ထူးတွေ ဆက်ခံရမယ့်သူပဲဟာ၊ အရှင်မင်းသားက ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရလဲမသိဘူး၊ သေချာတာကတော့ အရှင်မင်းသားက ဟုန်ဟွေ့ကိုပဲ အဲ့လိုဆက်ဆံတာ မဟုတ်ဘူး၊ ဟုန်ယွင်လည်း နောက်နှစ်ဆို သုံးနှစ်ပြည့်ပြီဆိုတော့ သူ့ကိုလည်း အရှေ့ဆောင်ခေါ်သွားပြီး အခြေခံပညာတွေ စသင်ပေးဖို့ စီစဉ်နေတယ်လို့ ကြားတယ်"
ကိုယ်လုပ်တော်စုန့်က နှုတ်ခမ်းကို ပဝါနှင့်ကာလျက် ရယ်မောလိုက်သည်။
"လီစဲ့ဖူကရော သဘောတူပါ့မလား"
ဖူကျင်းသည်လည်း ရယ်ချင်စိတ်ကို ထိန်းကာ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး "ဒီတစ်ခါ အရှင်မင်းသား လက်လျှော့သွားအောင် သူမရဲ့ ဟန်ဆောင်မသိနားမလည်မှုတွေနဲ့ မိန်းမမာယာတွေကို သုံးနိုင်မလားဆိုတာ စောင့်ကြည့်ရသေးတာပေါ့"
ကိုယ်လုပ်တော်စုန့်က နှုတ်ခမ်းဆူလိုက်ပြန်သည်။
"ဟွန့်... ကျမတို့ အရှင်မင်းသားကတော့ သူမရဲ့ အကွက်တွေထဲ ထပ်ဝင်သွားမှာပဲ"
ဖူကျင်းမှာ အနည်းငယ် လက်မြှောက်အရှုံးပေးလိုက်ရဟန်ဖြင့် "နင့်ကို ကြည့်ရတာ သဝန်တိုနေပြန်ပြီ"
ကိုယ်လုပ်တော်စုန့်မှာ တစ်ခုခုကို သက်သေပြချင်ဟန်ဖြင့် အသံကိုနှိမ့်ကာ ပြောလာသည်။
"သ၀န်တိုစရာ ဘာရှိလို့လဲ၊ ညီမတော်က ဒီထက် ပိုစိတ်ဝင် စားစရာကောင်းတဲ့ သတင်းလေးတစ်ခု ပြောပြချင်ရုံပဲ၊ ကိုယ်လုပ်တော်ကမ်းက ဟုန်ဟွေ့ထက် ခြောက်နှစ်ကြီးတယ်၊ မင်းသားက သူ့ကို စာအုပ်တွေကူးရေးဖို့ အလုပ်တွေ အများကြီး ပေးထားတယ်လို့ကြားတယ်၊ ညီမတော် ထင်တာတော့ စာကူးပြီးရင် အလွတ်ကျက်ခိုင်းပြီး စာမေးပွဲစစ်ဦးမလားပဲ"
ထိုသို့ပြောနေစဉ် သူမ မျက်ဝန်းများမှာ နူးညံ့သွားပြီး စားပွဲတစ်လုံးတည်းတွင် အတူတူ ကဗျာတွေစပ်ဆိုခဲ့ကြသည့် သူတို့၏ငယ်ဘဝနေ့ရက်များကို အမှတ်ရသွားမိသည်။ ထိုစဉ်က သူမသည် ရှက်တက်ကာ ပြိုင်ဆိုင်မှုလည်း ပြင်းထန်သဖြင့် ထိုစဉ်က အလွန်ရင်ခုန်ခဲ့ရဖူးသည်။
သူမ အာရုံလွင့်နေခိုက်ကို အခွင့်ကောင်းယူ၍ ဖူကျင်းက အနက်ရောင် ဝေချီ ကျောက်ပြားနှစ်ပြားကို ခပ်မြန်မြန် ခိုးယူကာ ဖွက်ထားလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် ပြောလာသည်။
"နင့်အလှည့်"
ကိုယ်လုပ်တော်စုန့်မှာ စိတ်လွင့်နေဆဲဖြစ်ရာ သူမ၏ ကျောက် ပြားများကို ဆက်ချနေမိသည်။ သူမ အကွက်အနည်းငယ် ရွှေ့ပြီးနောက် ကစားခုံကို သေချာလေ့လာကြည့်ရာ ကြည့်လေကြည့်လေ တစ်ခုခု လွဲမှားနေသလို ခံစားလာရသည်။
"ဒါ မဟုတ်သေးဘူး၊ စောစောက ဒီလိုပုံစံ မဟုတ်ပါဘူး"
ဖူကျင်း : "ဘာဖြစ်လို့လဲ၊ နင် ရှုံးတော့မှာမို့လို့ လိမ်ဖို့ ကြိုးစားနေတာလား"
လူသားတိုင်းတွင် သူတို့မသိသော လောကကို စူးစမ်းလေ့လာလိုသည့် ဆန္ဒအပြည့်ရှိကြသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာကို လေးနက်စွာ ယုံကြည်သက်ဝင်ပြီး ပန်းပန်သစ်ပင်တိုင်း၌ ဝိညာဉ်နှင့် အသိဉာဏ်ရှိသည်ဟု ယုံကြည်ထားသော ယင်ကျိန်းကဲ့သို့သော သူများအတွက် ထိုအချက်က ပို၍ပင် မှန်ကန်ပေသည်။ သူသည် အမှန်တရားကို ဖော်ထုတ်နိုင်ရန် လူများ၏ စိတ်နှလုံးကို အကဲခတ်လေ့လာရသည်ကို အလွန်နှစ်သက်သည်။
ထို့ကြောင့်ပင် အားလပ်ချိန်ရတိုင်း သူ ကမ်းကော်ကော်၏ အဆောင်တော်သို့ လာရောက်တက်ကာ ချက်ချင်းမဝင်သေးဘဲ အပြင်ဘက်၌ အတန်ကြာ ရပ်နေတတ်သည်။ ထိုသို့လုပ်နေခြင်းမှာ သူမ အတွေးသံများကို ကြားနိုင်ရန် မည်မျှအထိ နီးကပ်စွာ နေရမည်ကို တိတ်တဆိတ်စမ်းသပ်နေခြင်းဖြစ် သည်။
ကမ်းကော်ကော်၏ မနေ့က အပြုအမူများမှာ သူ့စမ်းသပ်မှုကို အောင်မြင်စွာ အတည်ပြုပေးခဲ့ပြီး ဖြစ်သည်။ အကယ်၍ ကမ်းကော်ကော်သည် ရုပ်ပြောင်းရုပ်လွှဲ မိစ္ဆာတစ်ကောင် မဟုတ်ဘဲ သူမ၏ အတွေးများကို သူ အမှန်တကယ် ကြားနေရခြင်းသာဆိုလျှင် ဤသည်မှာ သူ ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ကာလကြာရှည် ကျင့်ကြံခဲ့သဖြင့် ထူးခြားသော ဉာဏ်အမြင်ကို ရရှိလာခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ဤဆန်းကြယ်လှသော မေးခွန်းအတွက် သူနှင့် ရင်းနှီးသော ဆရာတော်ကြီးများထံသို့ပင် သွားရောက်မေးမြန်းရန်မှာ မဖြစ်နိုင်ပေ။ သူကိုယ်တိုင်သာ လျှို့ဝှက်စွာ အဖြေရှာရမည်။
ယခုလည်း ကမ်းကော်ကော်သည် ဖြူဖွေးနူးညံ့ပြီး ချိုမြိန်သော ကွေ့ဟွာပန်းမုန့်ကို အရသာခံစားသုံးရင်း စိတ်ထဲမှ မြူးထူးစွာ တွေးနေလေသည်။
【မင်းသားစံအိမ်တော်ရဲ့ မုန့်လုပ်တဲ့သူက တကယ် တော်တာပဲ၊ မနေ့ကမှာလိုက်တဲ့ ကြာပန်းမုန့်လည်း ကောင်းတယ်၊ ဒီနေ့ ကွေ့ဟွာပန်းမုန့်လည်း အရသာရှိတယ် မနက်ဖြန်ကျရင်တော့ တရုတ်ဆီးသီးပုံစံ မုန့်တွေ မှာရမယ်】
【ဟီးဟီး... ငါလေး အစားကြီးတယ်လို့ အတင်းအဖျင်းပြောခံရမှာကိုသာ မကြောက်ရင် ဒီမုန့်တွေအားလုံးကို တစ်ရက်တည်းနဲ့ အကုန်စားပစ်လိုက်ချင်တာ】
【ဝါး... အရမ်းစားလို့ကောင်းတာပဲ】
သူမ နှုတ်ခမ်းလေး လှုပ်ရုံရေရွတ်လိုက်သည်။
"နန်းတော်ထဲက မုန့်တွေကရော ဒီထက်ပို အရသာရှိမလား မသိဘူး၊ နေဦး..."
ထိုစဉ် တံခါးဝတွင် ရပ်နေသော အေးစက်ခက်ထန်လှသည့် နတ်ဘုရားကြီးကို သူမ ရုတ်တရက် လှမ်းမြင်လိုက်ရသည်။ သူမတွင် အံ့အားသင့်မှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုတို့က တစ်ပြိုင်နက်တည်း ဝင်ရောက်လာရာ လည်ချောင်းထဲတွင် မုန့်ပင် နင်သွားပြီး အသက်ရှူ ကြပ်သွားတော့သည်။
"အဟွတ်... အဟွတ်"
ကမ်းကော်ကော်၏အသက်ရှူသံများ ပြင်းထန်လာပြီး မျက်နှာတစ်ခုလုံး နီရဲလာကာ ရင်ဘတ်ထဲမှကင် အောင့်တက်လာသည်။ ယင်ကျိန်းကို အရိုအသေပေးရန် ကြောက်လန့်
တကြား ဒူးထောက်နေကြသော အစေခံမိန်းကလေးများမှာလည်း ကမ်းကော်ကော်၏ အခြေအနေကြောင့် ယောက်ယက် ခက်သွားကြသည်။
"သခင်မလေး၊ သခင်မလေး! ဘာဖြစ်တာလဲ"
ယွမ်းကျွမ် လက်ဖက်ရည်ကို ကပျာကယာ သွားယူပြီး ယွမ်ရှူက သူမ၏ ကျောကို ညင်သာစွာ ပုတ်ပေးနေသည်။
ယင်ကျိန်းသည် လက်ကို နောက်ပစ်ကာ ထိုအဖြစ်အပျက်ကို အေးစက်သော အကြည့်များဖြင့်သာ ရပ်ကြည့်နေသည်။ သူမသည် တုံးအအနိုင်လွန်းတဲ့အတွက် မိစ္ဆာ မဖြစ်နိုင်ကြောင်း သူပိုယုံကြည်သွားသည်။
ကမ်းကော်ကော် အတော်ကြာ ရုန်းကန်ပြီးနောက်မှ အသက်ရှူမှန်သွားသည်။ သးမ မျက်ဝန်းတွင် ပြည့်အိုင်နေသော မျက် ရည်များကိုအလျင်အမြန် သုတ်ဖယ်လိုက်ပြီး ယင်ကျိန်းအား လေးစားကြောက်ရွံ့စွာဖြင့် အရိုအသေပေးလိုက်သည်။
"အခုလေးတင် ကျွန်တော်မျိုးမ အလုပ်ရှုပ်နေလို့ အရှင်မင်းသား ရှေ့တော်မှာ အရှက်ကွဲရပြီး အနှောင့်အယှက် ဖြစ်သွားစေပါတယ်၊ တကယ်ကို တောင်းပန်ပါတယ်ရှင်"
ယင်ကျိန်းက မျက်မှောင်ကြုတ်ကာ သူမကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ နှုတ်ခမ်းထောင့်တွင် ကပ်နေသော မုန့်အစအနများကို သူ၏ လက်ညှိုးဖြင့် ပေါ့ပေါ့ပါးပါး ဖယ်ရှားပေးလိုက်ပြီ ရှရှအသင့်ဖြင့် ပြောလိုက်သည်။
"ထပါ၊ မင်းကို ကိုယ်တော် အပြစ်မတင်ပါဘူး"
ကမ်းကော်ကော် ထရပ်လိုက်စဉ် သူ့ စကားများဖြင့် စိတ်ထဲမှ လှောင်ပြောင်နေမိသည်။
【မင်းကို ကိုယ်တော် အပြစ်မတင်ပါဘူး တဲ့လား၊ အမယ်လေး... မသိတဲ့သူတွေဆိုရင် သူက ငါ့ကို ကျေးဇူးကြီး တစ်ခုခုပြုလိုက်တယ်လို့ ထင်သွားဦးမယ်၊ ဟွန်း... သူ ရုတ်တရက်ကြီး ပေါ်လာပြီး လန့်သွားအောင်လုပ်လို့ ငါ သီးသွားတာ အသိသာကြီးကို၊ ငါလေးကပဲ သဘောထားကြီးလို့ သူ့ကို အပြစ်မတင်တာပါနော်】
ရုတ်တရက်ဆိုသလို ကမ်းကော်ကော်သည် ယင်ကျိန်းထံမှ ကျောချမ်းဖွယ်ရာ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာပြီး သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် အပြစ်ရှိသလို ခံစားရကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။
🌻 Chapter 8
ထို့နောက် သူမ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အရှင်မင်းသား... ကျွန်တော်မျိုးမ စာတစ်ခေါက် ကူးရေးပြီးပါပြီ၊ ဒီတစ်ခါတော့ လက်ရေးက အများကြီး ပိုကောင်းလာပါတယ်၊ ရလဒ်လေးကို တစ်ချက်လောက် ကြည့်ပေးပါဦး၊ အကယ်၍ အရှင်မင်းသား သဘောမကျသေးဘူးဆိုရင်တော့... ကျွန်တော်မျိုးမရဲ့ အပြစ်ပါပဲရှင်"
ယင်ကျိန်းမျက်ခုံးများ အလိုအလျောက် တွန့်ချိုးသွားသည်။ ဒီမိန်းမရဲ့ အပြင်ပန်း အမူအရာက ဘယ်လိုလုပ် သူမရဲ့ စိတ်ထဲက အတွေးတွေနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေရတာလဲ?
ထိုအကြောင်းကို တွေးမိချထန် သူမသည် အခြားသူများနှင့်မတူဘဲ သူမအကျင့်စရိုက်မှာ အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု သူ မခံစားဘဲ မနေနိုင်တော့ပေ။ သို့သော် သူမကို အပြစ်ပေးရန် သူ မလုပ်သေးပဲ လက်ရေးကိုသာ ယူ၍ သေချာစွာ စစ်ဆေးပြီးနောက် ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"ဒါ မင်းရဲ့ လက်ရေးလား"
"ဟုတ်ပါတယ်"
【မဟုတ်ရင်ရော၊ ခွေးခြေရာတွေ လျှောက်ခြစ်ထားတာပါလို့ ပြောကြည့်ရမလား၊ ငါသာ အဲ့လိုပြောလိုက်ရင် ဘာဖြစ်သွားမှာပါလိမ့်】
ယင်ကျိန်း : "ဒီတစ်ခါတော့ လူရေးထားတဲ့စာနဲ့ နည်းနည်း တူသွားပြီ၊ ဒါပေမဲ့ မင်းရဲ့ လက်ရေးက မလှသေးဘူး"
ကမ်းကော်ကော်က နှိမ့်ချစွာ ပြန်ဖြေသည်။
"ကျွန်တော်မျိုးမရဲ့ အခြေခံကအားနည်းပါတယ်၊ ပြီးတော့ လက်ရေးကျင့်တယ်ဆိုတာ တစ်ညတည်းနဲ့ အောင်မြင်နိုင်တဲ့ ကိစ္စမှ မဟုတ်တာ၊ ဒီမနက် လက်ရေးကျင့်စာအုပ် ပို့ပေးခဲ့တဲ့အတွက် အရှင်မင်းသားကို ကျေးဇူးတင်ပါတယ်၊ နေ့တိုင်း လေ့ကျင့်သွားရင် နောင်တစ်ချိန်မှာ လှပတဲ့ စာလုံးလေးတွေ ရေးနိုင်လာမယ်လို့ ယုံကြည်ပါတယ်"
【အင်း... ပွင့်ပွင့်လင်းလင်း ပြောရရင် သူ့လက်ရေးကတော့ တကယ့်ကို အနုပညာမြောက် လှပလွန်းတာပါပဲ】
ယင်ကျိန်းက သူမကို တစ်ချက်စိုက်ကြည့်လိုက်ပြီး စားပွဲဆီသို့ လျှောက်သွားကာ အမိန့်ပေးလိုက်သည်။
"ကိုယ်တော့်ရှေ့မှာ ရေးပြစမ်း"
ကမ်းကော်ကော်သည် နားမလည်နိုင်စွာဖြင့် စုတ်တံကို ကောက်ကိုင်လိုက်ပြီး စတင်ရေးသားတော့သည်။
"မင်းက အားကို သုံးရမယ့်နေရာမှာ မသုံးဘူး"
ယင်ကျိန်း ရှေ့သို့ တစ်လှမ်းတိုးလာသည်။ ထို့နောက် သူမလက်ကောက်ဝတ်ကို သူ့လက်တစ်ဖက်ဖြင့် ညင်သာစွာ ဖိချလိုက်ကာ သူ့လက်မနှင့် လက်ညှိုးကို သုံး၍ စုတ်တံကိုင်သည့် ပုံစံကို သေချာပြင်ပေးလိုက်သည်။
"အိုး..."
သူ့ ရုတ်တရက် နီးကပ်မှုနှင့် သူ့ကိုယ်မှ ထွက်ပေါ်လာသော အေးမြသည့် ထင်းရှူးရနံ့တို့ကြောင့် ကမ်းကော်ကော် အသက်ပင်အောင့်မိသွားသည်။ သို့သော် သူမသည် ခဏတာမျှသာ အာရုံလွင့်သွားခဲ့ပြီးနောက် သူမတည်ငြိမ်မှုကို အမြန်ပြန် လည်ထိန်းသိမ်းကာ စုတ်တံပေါ်သို့သာ အပြည့်အဝ အာရုံ စိုက်လိုက်သည်။
ဟုန်ဟွေ့နှင့် ယှဉ်လျှင် ကမ်းကော်ကော်သည် အရာရာကို အတော်လေး မြန်မြန်ဆန်ဆန် သင်ယူနိုင်စွမ်းရှိသဖြင့် ယင်ကျိန်းသည် သူမအား လက်ဖက်ရည်တစ်ခွက် သောက်ချိန်စာမျှသာ သင်ပေးပြီးနောက် သူမဘာသာ ဆက်လက်လေ့ကျင့်စေသည်။
ထိုစဉ် ယင်ကျိန်းသည် ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံ သောက်လိုက်သည်။ ထို့နောက် သူမ အခန်းတွင်းရှိ အပြင်အဆင်များကို စူးစမ်းသလို လှည့်ပတ် ကြည့်ရှုနေလေသည်။
ကမ်းကော်ကော်သည် ထိုသို့အကြည့်ခံရသည်ကို မနှစ်သက်လှသဖြင့် ဂနာမငြိမ်ဖြစ်လာကာ စာအနည်းငယ်ရေးပြီးနောက် ယင်ကျိန်းကို ခိုးကြည့်လိုက်သည်။ အံ့သြစရာကောင်းစွာပင် သူမ အကြည့်တို့သည် သူ့ နက်မှောင်သော မျက်ဝန်းများနှင့် တည့်တည့်ဆုံမိသွားတော့သည်။ ကမ်းကော်ကော် လန့်ဖျပ်သွားပြီး သူ့အား ချိုသာသော အပြုံးတစ်ခုကို အတင်း ပြုံးပြလိုက်သည်။
ထိုအပြုံးကို သူမ မှန်ရှေ့တွင် အကြိမ်ကြိမ်လေ့ကျင့်ထားခဲ့ခြင်း ဖြစ်သည်။ ဤအပြုံးသည် အမြင်ကတ်စရာ မကောင်းနိုင်သည့်အပြင် သူမ နှုတ်ခမ်းထောင့်ရှိ ပါးချိုင့်များကပင် သူမကို နူးညံ့ပြီး အန္တရာယ်မရှိသူအဖြစ် ထင်မြင်စေကာ သနားကရုဏာသက်ဖွယ် ဖြစ်အောင် ဖန်တီးပေးထားသည်။
သို့သော် ယင်ကျိန်းကမူ တင်းမာသောမျက်နှာထားကို မလျှော့ဘဲ ဆုံးမသည့် လေသံဖြင့် ပြတ်သားစွာ ပြောလာသည်။
"ကိုယ့်အစေခံတွေကို ကိုယ် မအုပ်ချုပ်နိုင်ရင် ဒါက မင်းရဲ့ အရည်အချင်းက ပြဿနာပဲ၊ ဒါပေမဲ့ မင်း ဒါကို သတိမထားမိဘူးဆိုရင်တော့ ဒါ မင်းစိတ်က ပြဿနာပဲ"
ကမ်းကော်ကော် ခေါင်းလေးစောင်းကာ နားမလည်နိုင်ဖြစ်သွားသည်။
【ငါက ဘယ်လိုလုပ် အစေခံတွေကို မအုပ်ချုပ်နိုင်ရမှာလဲ】
ထိုအခါမှ အစောက သူမ သီးသွားချိန်တွင် အခန်းထဲရှိ အစေခံနှစ်ယောက်မှာ အလွန်အမင်း ပျာယာခတ်နေခဲ့ပြီး ယွမ်းကျွမ်ဆိုလျှင် လက်ဖက်ရည်ခွက်ကိုင်ထားသော လက်များပင် တုန်ယင်နေခဲ့သည်ကို သူမ သတိရသွားသည်။
အပြင်ဘက်ရှိ အစေခံနှစ်ယောက်မှာ အထဲသို့ ပြေးဝင်လာချင်သော်လည်း စတုတ္ထမင်းသားသည် တံခါးဝတွင် ပိတ်ရပ်နေသဖြင့် မဝင်ရဲကြပေ။ ထို့ကြောင့် မြင်ရသူအဖို့ ကမောက်ကမ ဖြစ်နေခြင်းဟုထင်စေသည်။
သူမ သက်ပြင်းချလိုက်မိသည်။ သူမကိုယ်တိုင်လည်း ဤကိစ္စနှင့်ပတ်သက်၍ အတော်လေး ခေါင်းခဲနေရပါသည်။ ပုံမှန်အားဖြင့် အစေခံလေးယောက်ထဲတွင် အမြဲတမ်း အားကိုးရသူ တစ်ယောက်ကိုတော့ ရွေးချယ်နိုင်စမြဲဖြစ်သည်။
စေ့စပ်သေချာပြီး၊ အရည်အချင်းရှိကာ၊ အခြေအနေအရပ်ရပ်ကို သုံးသပ်နိုင်စွမ်းရှိသူကို သခင်မလေးက ယုံကြည်ရသော လူယုံတော် ခေါင်းဆောင်အစေခံအဖြစ် သတ်မှတ်လေ့ရှိသည်။ ဉာဏ်ရည်သွက်လက်ပြီး၊ ဒေါသထွက်လွယ်သော် လည်း အလိုက်သိတတ်သူ တစ်ယောက်ရှိလျှင် ဒုတိယ အစေခံ ဖြစ်လာမည်။
နန်းဆောင်ကို ပုံမှန်အားဖြင့် ခေါင်းဆောင်အစေခံက ကြီးကြပ်လေ့ရှိသော်လည်း တစ်စုံတစ်ယောက်က ပြဿနာရှာလျှင် သို့မဟုတ် အပြင်တွင် တစ်ယောက်ယောက်နှင့် အငြင်းပွားမှုဖြစ်လျှင် ကျန်အစေခံနှစ်ယောက်က ကူညီဖြေရှင်းပေးမည် ဖြစ်သည်။
သို့သော် သူမပိုင်ဆိုင်သော အဆောင်ရှိ အစေခံလေးယောက်ထဲတွင် အရည်အချင်းပြည့်ဝသော ခေါင်းဆောင်အစေခံတစ်ယောက်ဟုထင်ရသူ တစ်ဦးတစ်ယောက်ကိုမျှ သူမ ရှာမတွေ့နိုင်ခဲ့ပေ။
ယွမ်ကျွမ်းက သူမကို အတော်လေး ဂရုတတ်သော်လည်း ၎င်း၏တွေးခေါ်ပုံက ရိုးရှင်းလွန်းလှသည်။
ယွမ်ရှူမှာ အနည်းငယ် ပျင်းရိသောသူ ဖြစ်ပြီး သူမနှင့် မသက် ဆိုင်လျှင် ဘာကိုမျှ ဂရုမစိုက်တတ်ဘဲ သက်ဆိုင်လာလျှင်မူ တာဝန်ကျေသည်။ ယခုအခြေအနေအထိတော့ ၎င်းသည် အတော်လေး ချီးကျူးစရာ ကောင်းနေသေးသည်
ဟွာစန်းမှာ ခွန်အားကြီးမားသော မိန်းကလေးဖြစ်သည်။ ထိုနေ့က သစ်ကြားသီးများကို လက်ဗလာဖြင့် ခွဲပြခဲ့သဖြင့် သူမ စွမ်းရည်မှာ အံ့အားသင့်စေခဲ့သော်လည်း သူမ၏ ဉာဏ်ရည်မှာ ပျမ်းမျှအောက် အနည်းငယ်လျော့နည်းနေသည်ကတော့ သေချာသည်။ သူမ ပြဿနာမရှာလျှင်ပင် သူ ကျေးဇူးတင်ရမလို ဖြစ်နေသည်။
အခြားအစေခံများသည်တော့ ကျန်လူများမလိုချင်၍သာ သူမဆီသို့ ရောက်လာခြင်းဖြစ်မည်ဟု ကမ်းကော်ကော် သံသယဝင်မိသည်။
ဟွာယုသည် စကားပြောဆိုရာတွင် ကျွမ်းကျင်ပြီး ကြိုတင်တွေးတောတတ်သော်လည်း ၎င်းတွင် ကိုယ်ပိုင်အကြံအစည်လေးများရှိကာ အပြင်ဘက်သို့ မကြာခဏ ထွက်လည်တတ်သည်။
ကမ်းကော်ကော်အနေဖြင့် ဟွာယု သူမအပေါ် မည်မျှ သစ္စာရှိသည်ကို မသိသည့်အပြင် ဟွာယုက သူမအား အရည်အချင်းမရှိဟု ထင်မြင်ကာ အခြားသခင်အသစ်တစ်ယောက်ကို သွားရှာချင်နေသည်ဟုပင် သံသယရှိမိသည်။
သို့သော် ဟွာယုအကြောင်း တွေးမိရင်းဖြင့် အခြားအရာတစ်ခုကို ရုတ်တရက် သတိရသွားကာ သူမစိတ်ထဲတွင် မကျေမနပ် ညည်းညူမိလိုက်သည်။
【ဟုတ်ကဲ့ ဟုတ်ဟုတ်၊ အရှင်မင်းသားရဲ့ စီမံခန့်ခွဲမှုစွမ်းရည်က အရမ်းကောင်းလွန်းလို့ ကျွန်မတို့ စံအိမ်တော်က ကျောက် ဆောင်နောက်မှာ ချစ်ရည်လူးတဲ့အခါသုံးတဲ့ အမွှေးနံ့သာအိတ်တစ်လုံး ဘယ်လိုလုပ်ကျနေရတာလဲ】
【အရှင်မင်းသားရဲ့ မျက်နှာကိုထောက်လို့သာ မပြောတာနော်၊ စဉ်းစားသာကြည့်စမ်းပါ... ကျွန်မတို့ စံအိမ်တော်မှာ အဲ့ဒီလို ရှက်စရာကိစ္စမျိုး ရှိနေတယ်ဆိုတာ အပြင်လူတွေသိသွားရင် စတုတ္ထမင်းသားရဲ့အနာဂတ် ဘာဖြစ်သွားမလဲ၊ မင်းသားရဲ့ ဧကရာဇ်ခမည်းတော်ကရော ဘယ်လိုထင်မလဲ၊ မင်းသားရဲ့ကျန်တဲ့ ညီအစ်ကိုတွေလည်း ကွယ်ရာမှာ လှောင်ရယ်ကြမှာပေါ့၊ နောင်လာမယ့် သမိုင်းစာအုပ်တွေထဲမှာဆိုရင်...】
လက်ဖက်ရည်သောက်နေသော ယင်ကျိန်းသည် သူမ၏ ရိုင်းစိုင်းလှသော အတွေးများကို အတိုင်းသားကြားလိုက်ရသဖြင့် ပြင်းထန်စွာ ချောင်းဆိုးလိုက်မိသည်။ သူ့ မျက်နှာမှာ ရဲရဲနီသွားကာ ပါးစပ်ထဲမှ လက်ဖက်ရည်များပင် ပန်းထွက်လုနီးပါး ဖြစ်သွားရသည်။
ကမ်းကော်ကော် အမြန်ပင် စုတ်တံကိုချထားလိုက်ပြီး သူ့ဘေးသို့ အပြေးသွားကာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"စတုတ္ထမင်းသား၊ ဘာဖြစ်လို့လဲဟင်..."
【ဒါ ဝဋ်လည်တာဟဲ့】
🌻 Chapter 9
ကျန်းတာ့နျန်က ယင်ကျန်း အသက်ရှူမှန်သွားစေရန် ကျောပြင်ကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ ယင်ကျန်း အဆင် ပြေသွားသည်နှင့် တစ်ပြိုင်နက် "ရောင့်တက်လှချည်လား"
ကမ်းကော်ကော်မှာ ကြက်သေသေသွားသည်။
[ဒီလူ ဘယ်လိုဖြစ်ရပြန်တာလဲ၊ သူ့ဘာသာ ရေသီးတာကိုများ ငါ့လာမဲနေသေးတယ်၊ ကျစ်... ငါလေးက တကယ့်ကို အငြိုးမထားတတ်ပါဘူးဆို]
သို့သော် အကင်းပါးသော ကျန်းတာ့နျန်က အခြေအနေမဟန်သည်ကို ရိပ်မိသဖြင့် သူမအား အဓိပ္ပာယ်ပါပါ မျက်ရိပ်ပြလိုက်သည်။ ထိုအခါမှ သူမလည်း အလျင်အမြန် ဒူးထောက်ချလိုက်ကာ အရိုအသေပေးရင်း တောင်းပန်လိုက်ရသည်။
"အရှင်မင်းသား... အမျက်တော်မထွက်ပါနဲ့၊ အားလုံး ကျွန်တော်မျိုးမရဲ့ အပြစ်တွေပါ၊ အရှင်မင်းသား ပြောတာအကုန် မှန်ပါတယ်၊ နောက်နောင် စည်းကမ်းတွေကို သေချာလိုက်နာပြီး အပြောအဆို အနေအထိုင်ဆင်ခြင်ပါ့မယ်၊ လက် အောက်ငယ်သားတွေကိုလည်း သေချာ ကြပ်မတ်ပါ့မယ်"
ယင်ကျန်းသည် သူမ၏ ဟန်ဆောင်ပန်ဆောင် နာခံမှုကို စိတ်အနှောင့်အယှက် ဖြစ်သွားကာ သူမအား ဘေးသို့ ခပ်ကြမ်းကြမ်း တွန်းဖယ်လိုက်ပြီး အဆောင်ထဲမှ ခပ်သုတ်သုတ် ထွက်ခွာသွားလေသည်။
ထိုသို့ ရုတ်တရက် တွန်းဖယ်ခံလိုက်ရမှုကြောင့် အစက တည်းက ခြေမခိုင်ဖြစ်နေသော ကမ်းကော်ကော်မှာ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ ခွေယိုင်ကျသွားပြီး သူမ၏ပခုံးမှာ ယင်ကျန်း ခြေဖျားနှင့် အရှိန်ပြင်းပြင်း တိုက်မိသွားလေသည်။ ဤမြင်ကွင်းကို အပြင်မှကြည့်လျှင် သူက သူမအား တမင်သက်သက် ကန်ကျောက်လိုက်သကဲ့သို့ပင်။
ယင်ကျန်းသည် ခြေလှမ်းကို စက္ကန့်အနည်းငယ်မျှ ရပ်တန့်လိုက်ပြီးနောက် သူမကို ကွေ့ပတ်ကာ တံခါးပေါက်ဆီသို့ ဆက်လျှောက်သွားသည်။ သို့ရာတွင် တံခါးဝသို့ ရောက်သည်နှင့် မြေပြင်ပေါ်တွင် လဲကျနေသော အမျိုးသမီးထံမှ ကျိန်ဆဲနေသံများကို သူ ရှင်းလင်းစွာ ကြားလိုက်ရလေသည်။
[အား... နာလိုက်တာ သေပါပြီ၊ သူ ခွေးရူးများ ပြန်နေတာလား၊ မဟုတ်ဘူး... တမင်သက်သက် လုပ်တာပဲဖြစ်ရမယ်၊ ဒီသောက်ကောင် စိတ်ကျန်းမာရေးဆေးရုံကနေ အခုလေးတင် ထွက်ပြေးလာတာနေမှာ]
ဤအမျိုးသမီးသည် အမှန်ပင် ရိုင်းစိုင်းလှပေသည်။
သို့သော် ယင်ကျန်းတွင် ဤကိစ္စကို ဆွေးနွေးယူရန် အချိန်မရှိချေ။ သူ ကမ်းကော်ကော်အဆောင်မှ ထွက်လာသည်နှင့် တင်းမာအေးစက်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"ဒီတလော စံအိမ်တော်ထဲမှာ မဖွယ်မရာ ကိစ္စတစ်ခုခုဖြစ်ထားသေးလား"
ဤအမေးစကားက ကျန်းတာ့နျန်၏ စိုးရိမ်ပူပန်မှုများကို ရိုက်ခတ်သွားလေသည်။ သူသည် ဤကိစ္စကို အစောလေး တင်မှ သိထားရခြင်းဖြစ်ပြီး အရှင်မင်းသားကို မည်သို့မည်ပုံ လျှောက်တင်ရမည်ကို စဉ်းစားနေဆဲတွင် အမေးခံလိုက်ရခြင်း ဖြစ်သည်။
ပုံမှန်ဆိုလျှင် ဖူကျင်းကအတွင်းဆောင်များကို ဖြေရှင်းလေ့ရှိသော်လည်း ယခုကိစ္စမှာ သေးမွှားသော ကိစ္စမဟုတ်ပေ။ ထို့ပြင် ယခုအချိန်တွင် ဖူကျင်းသည် အိမ်တော်တွင်ရှိမနေပဲ မိဖုရားသဲ့နှင့် စကားစမြည်ပြောဆိုရန် နန်းတော်သို့သွားချေသည်။
ကျန်းတာ့နျန်သည် ထိုနေရာတွင်ပင် ချက်ချင်း ဒူးထောက်လိုက်ပြီး သူ့အကျှလက်ကြားထဲမှ ပစ္စည်းတစ်ခုကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် ဆက်သရင်း လျှောက်တင်လေသည်။
"အရှင်မင်းသား... လွန်ခဲ့တဲ့ နာရီဝက်လောက်က ကိုယ်လုပ်တော်ဝူရဲ့ အဆောင်က ရှောင်ကျန့်ကျစ်ဆိုတဲ့သူက ကျောက် ဆောင်တု နောက်ကွယ်မှာ ဒါကိုတွေ့ခဲ့တာပါ"
ယင်ကျန်း ကြည့်လိုက်ရာ ထူးဆန်းကျက်သီးထဖွယ် ကိုယ်ဟန်အနေအထားဖြင့် ပွေ့ဖက်နေကြသည့် ရုပ်သေးသေးလေး နှစ်ခုကို မြင်လိုက်ရသဖြင့် သူ့မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်သွားသည်။
"ဒီကိစ္စကို ဘာလို့ စောစောကတည်းက မလျှောက်တင်တာလဲ"
ကျန်းတာ့နျန်၏ နဖူးပေါ်တွင် ချွေးအေးများ စို့တက်လာသည်။
"ကျွန်တော်မျိုး..."
ယင်ကျန်းသည် ထိုပစ္စည်းကို ကျန်းတာ့နျန်ဆီသို့ ပြန်ပစ်ပေါက်လိုက်ပြီး အေးစက်စွာ ပြောလေသည်။
"ကောင်းပြီ၊ သတင်းမပေါက်ကြားအောင် ချက်ချင်းပိတ်ထားလိုက်၊ ဘယ်သူမှ ဒီအကြောင်း မပြောလိုက်ဖို့ သတိပေးထား၊ မင်းကဒီကိစ္စရဲ့ ဇာစ်မြစ်ကို တိတ်တဆိတ် စုံစမ်းချေ"
အမှန်တွင် လူအများအပြားကို စစ်ဆေးမေးမြန်း၍ မရနိုင်သောကြောင့် တိတ်တဆိတ် စုံစမ်းရခြင်းက ပေါ်ပေါ်ထင်ထင် စုံစမ်းရသည်ထက်များစွာ ပိုမိုခက်ခဲလှပေသည်။
ကျန်းတာ့နျန်သည် သူ၏လက်ထဲရှိအရာပား မီးခဲပူပူကြီးအလား ကြည့်ကာ အရိုအသေပေး ဦးညွှတ်ရင်း ပြောလိုက်သည်။
"အမိန့်တော်အတိုင်းပါ အရှင်မင်းသား"
------
ကမ်းကော်ကော်သည် အပူပေးကုတင်ပေါ်တွင် လှဲလျောင်းနေကာ ယွမ်ကျွမ်းမှာ သူမလက်ကောက်ဝတ်ကို ဆေးလိမ်းပေးနေသည်။
ဒီလူက ဘယ်လိုလုပ် ဒီလောက်တောင် ကြမ်းတမ်းရတာလဲ၊ သူမရဲ့ လက်ကောက်ဝတ်တောင် ရောင်သွာပြီ...
ယွမ်ကျွမ်းက သူမအား နှစ်သိမ့်ပေးလေသည်။
"စတုတ္ထမင်းသားက တခြားကိစ္စတွေကို တွေးပူနေလို့ သခင် မလေးကို မတော်တဆ တိုက်မိသွားတာ နေမှာပါ၊ ဆေးလူးဖို့ ကော်ရှီလဲ့ကိုတောင် လွှတ်လိုက်သေးတာပဲ၊ ဒါကိုကြည့်ရင် သခင်မလေးကို ဂရုစိုက်သေးတယ်ဆိုတာ သေချာပါတယ်"
ကမ်းကော်ကော်ကတော့ ဒေါသထွက်နေဆဲပင်။
[သူ စိတ်မကြည်တာကို ဘာလို့ ငါ့လာမဲနေရတာလဲ၊ ပါးတစ်ချက်ရိုက်လိုက်၊ မုန့်တစ်ခု ကျွေးလိုက် လုပ်ပြီး သူလုပ်တာများ မှန်တယ် ထင်နေတာလား၊ ငါ့လို နုနုနယ်နယ်လေးကိုတောင် ဒီလိုလုပ်ရက်တယ်]
သို့ရာတွင် ဤခေတ်ဤအခါ၌ သူမကဲ့သို့ အဆင့်အတန်းရှိသူတစ်ယောက်အနေဖြင့် ဒေါသထွက်ခွင့် မရှိကြောင်း သူမ သိထားသဖြင့် အတွေးများကို မြိုသိပ်ကာ နှုတ်ဆိတ်နေလိုက်ရသည်။
ထိုစဉ် ဟွာယုက ရေဇလုံတစ်လုံး သယ်လာပြီး ဝင်ပြောလေသည်။
"သခင်မလေးကို ဟာသတစ်ခု ပြောပြမယ်၊ သခင်မလေး သေချာပေါက် စိတ်ကြည်သွားမှာ"
ကမ်းကော်ကော် စိတ်ဝင်စားသွားသည်။
"ပြောပြလေ"
မည်သို့ပင်ဆိုစေ၊ သူမသည် ရယ်ရသည်ကို သဘောကျသူ ဖြစ်သည်။ ဟွာယု၏ မျက်ဝန်းများ အရောင်လဲ့သွားသည်။
"မနေ့က စံအိမ်တော်ထဲမှာ ချည်ထိုးထားတဲ့ အမွှေးနံ့သာအိတ်တစ်လုံး တွေ့တယ်ဆိုတာလေ၊ ဒီမနက်ဖူကျင်းက အဲဒါ ဘယ်ကလာသလဲဆိုတာ စုံစမ်းလို့ သိသွားပြီ၊ ဘယ်အဆောင်က လာတာလဲဆိုတာ သခင်မလေး ခန့်မှန်းကြည့်ပါလား"
[ဒါက ဘာကိုဟာသလဲ၊ လူတောင် သေစေနိုင်လောက်တဲ့ သရဲပုံပြင်ကြီးဟာကို]
ကမ်းကော်ကော် မျက်မှောင်ကြုတ်သွားပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"ငါတို့အဆောင်က လူမဟုတ်ရင် တော်သေးတာပေါ့"
ဟွာယွီက ပြုံးလျက် ပြောသည်။
"သခင်မလေးကလည်း ဘာတွေပြောနေတာလဲ၊ ကျွန်မတို့အဆောင်က လူသာဆိုရင် ဖူကျင်းက လာဖမ်းသွားတာ ကြာလှပေါ့"
ယွမ်ကျွမ်းက ဝင်ပြောသည်။
"ကိုယ်လုပ်တော်လီရဲ့ အဆောင်က လူများဖြစ်နေမလား"
ယွမ်ကျွမ်း ထိုသို့ ထင်မြင်မိသည်မှာလည်း မဆန်းပေ။ အဘယ့်ကြောင့်ဆို စတုတ္ထမင်းသား၏ စံအိမ်တော်တစ်ခုလုံးတွင် ကိုယ်လုပ်တော်လီ၏ အဆောင်မှလူများက အပြင်သို့ အထွက်ဆုံး ဖြစ်သောကြောင့်တည်း။ ဥပမာအားဖြင့် အစား အသောက်၊ အဝတ်အစားနှင့် အခြားလိုအပ်သည်များကို ဝယ်ယူရန် မိန်းမစိုးများကို စံအိမ်တော်အပြင်ဘက်သို့ မကြာခဏ စေလွှတ်လေ့ရှိသည်။
ဟွာယု ခေါင်းခါလိုက်သည်။
"ထပ်ခန့်မှန်းကြည့်ဦး"
ယွမ်ကျွမ်က "အစ်မဟွာယုရယ်၊ ကျွန်မလည်း မခန့်မှန်းတတ်တော့ပါဘူး၊ မြန်မြန်သာ ပြောပြပါတော့"
ဟွာယုသည် သူမအားဆက်၍ မရှုပ်ထွေးစေတော့ဘဲ ပြောပြလေသည်။
"ကတတ်တဲ့ တစ်ယောက်ဆိုတာလေ"
"သူလား"
ကမ်းကော်ကော် ယခင်က ကျောက်ဆောင်တုနားမှ ဖြတ်သွားစဉ်က ကိုယ်လုပ်တော်ချန်သည် စတုတ္ထမင်းသားကိုမြင်ပြီးနောက် သူမအား တမင်သက်သက် ခြေထိုးခံခဲ့သည်ကို သတိရသွားရာ ထိုအမျိုးသမီးအပေါ် အမြင်မကြည်လင်ခဲ့ပေ။
ယွမ်ကျွမ်းမှာ အနည်းငယ် သံသယဝင်သွားသည်။
"တကယ်ကြီးလား၊ သူက အဖြူစင်ဆုံးနဲ့ အပြစ်ကင်းဆုံး မဟုတ်ဘူးလား"
ဟွာယုက နှာခေါင်းရှုံ့လိုက်သည်။
"သခင့်ရဲ့ စရိုက်က အစေခံရဲ့ စရိုက်နဲ့ ဘာဆိုင်လို့လဲ ပြီးတော့ လူတစ်ယောက်ရဲ့မျက်နှာကို သိနိုင်ပေမယ့် စိတ်ကိုတော့ မသိနိုင်ဘူးလေ၊ သူမရဲ့ အပြုအမူတွေကို ကြည့်ရတာ အမြဲတမ်း ဟန်ဆောင်နေသလိုပဲ ခံစားရတယ်"
ကမ်းကော်ကော် အလျင်အမြန်ပင် ၀င်ဟန့်လိုက်သည်။
"ကဲ တော်တော့၊ ခုလေးတင်မှ စတုတ္ထမင်းသားက ငါတို့အဆောင်မှာ စည်းကမ်းမရှိဘူးဆိုပြီး ဆူသွားတာ၊ နောက် နောင် ငါတို့အဆောင်မှာတောင် တခြားသူတွေအကြောင်း ကွယ်ရာမှာ ပြောချင်ရင် ဆင်ဆင်ခြင်ခြင်ပြောကြ"
ဟွာယု မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။
"သခင်မလေး ပြောတာ မှန်ပါတယ်၊ ကျွန်မက မစဉ်းစားဘဲ လွှတ်ခနဲ ပြောလိုက်မိတာပါ"
ကမ်းကော်ကော်သည် ပုံမှန်အားဖြင့် ဤအစေခံများနှင့် အတော်လေး ပေါ့ပေါ့ပါးပါး နေလေ့ရှိပြီး သူတို့ကို သူမ၏ သူငယ်ချင်းများကဲ့သို့ မသိမသာ ဆက်ဆံတတ်သည်။ ဤသည်မှာ သူမက တစ်စုံတစ်ယောက်အား ပထမဆုံးအကြိမ် ပြင်းပြင်းထန်ထန် ဆူပူလိုက်ခြင်းပင်။
သို့သော် ဟွာယုကို ဆူပူပြီးနောက် သူမ စိတ်မသက်မသာ ဖြစ်သွားရပြန်သည်။ သူမ အတင်းအဖျင်းစကားကို တစ်ဝက်သာ ကြားရသေးသဖြင့် နောက်ဆက်တွဲကို သိချင်စိတ်များ ယားယံလာကာ မေးလိုက်သည်။
"နေပါဦး၊ ဖူကျင်းက သူမအကြောင်း ဘယ်လိုလုပ် သိသွားတာလဲ"
ဟွာယုက မျက်စိတစ်ဖက်မှိတ်ပြကာ အပြင်ဘက်သို့ သတိထား၍ တစ်ချက်ကြည့်လိုက်ပြီး ပြောလေသည်။
"အမှန်တရားဆိုတာ တစ်နေ့ ပေါ်လာတာပါပဲ၊ ဒါပေမဲ့ ထူးဆန်းတာက ဖူကျင်းက ဆဋ္ဌမအာရုံ ရနေသလိုပဲ၊ သူမ လူတွေကို ယွဲ့ယင်းဆိုတဲ့ အစေခံမရဲ့အခန်းထဲ တိုက်ရိုက်ခေါ်သွားပြီး ယောက်ျားလေးသုံး လက်ကိုင်ပဝါ တစ်ထည်ကို ရှာတွေ့သွားတာတဲ့"
ကမ်းကော်ကော် မျက်မှောင်ကြုတ်သွားသည်။
"အဲဒီအစေခံက ဒီလိုပဲ အလွယ်တကူဝန်ခံလိုက်တာလား"
ဟွာယု : "သက်သေက ခိုင်လုံနေပြီလေ၊ သူ ဘာမှ ဆက်မပြောတော့ဘဲ ကိုယ်လုပ်တော်ချန်ကို ကန်တော့တောင်းပန်ပြီး ကိုယ်လုပ်တော်ကိုဆက်ပြီး အလုပ်အကျွေး မပြုနိုင်တော့ပါဘူးလို့ ပြောသွားသတဲ့"
ကမ်းကော်ကော် တစ်ခုခုလွဲမှားနေသည်ဟု ခံစားလိုက်ရသည်။
[တကယ်လို့ အဲဒီအစေခံမလေး ကျပျောက်ခဲ့တာဆိုရင် ဒီကိစ္စက သူမအတွက် ဒုက္ခရောက်စေမယ်ဆိုတာ သိလျက်နဲ့ ဘာဖြစ်လို့ လက်ကိုင်ပဝါကို မြန်မြန် ဖျောက်ဖျက်မပစ်ခဲ့ရတာလဲ]
ကမ်းကော်ကော် : "နောက်ဘာဖြစ်သွားလဲ"
ဟွာယု : "စတုတ္ထမင်းသားက ဒီကိစ္စကို သိသွားပြီဆိုတော့ သူမ သေချာပေါက် နှင်ထုတ်ခံရမှာပေါ့၊ သူမက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အငတ်ဘေးကြုံတုန်းက စံအိမ်တော်ကို အဝယ်ခံခဲ့ရတာ၊ သူမမှာ သန့်ရှင်းရေးလုပ်တဲ့ မောင်လေးတစ်ယောက်ရှိတယ်၊ အခု အိမ်ပြန်ပို့ခံရပြီဆိုတော့ အသက်ရှင်ခွင့်ရဖို့အတွက် ချက်ချင်းအိမ်ထောင်ပြုရဖို့များတယ်”