← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

Chapter 9

ကျန်းတာ့နျန်က ယင်ကျန်း အသက်ရှူမှန်သွားစေရန် ကျောပြင်ကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ ယင်ကျန်း အဆင် ပြေသွားသည်နှင့် တစ်ပြိုင်နက် "ရောင့်တက်လှချည်လား"

ကမ်းကော်ကော်မှာ ကြက်သေသေသွားသည်။

[ဒီလူ ဘယ်လိုဖြစ်ရပြန်တာလဲ၊ သူ့ဘာသာ ရေသီးတာကိုများ ငါ့လာမဲနေသေးတယ်၊ ကျစ်... ငါလေးက တကယ့်ကို အငြိုးမထားတတ်ပါဘူးဆို]

သို့သော် အကင်းပါးသော ကျန်းတာ့နျန်က အခြေအနေမဟန်သည်ကို ရိပ်မိသဖြင့် သူမအား အဓိပ္ပာယ်ပါပါ မျက်ရိပ်ပြလိုက်သည်။ ထိုအခါမှ သူမလည်း အလျင်အမြန် ဒူးထောက်ချလိုက်ကာ အရိုအသေပေးရင်း တောင်းပန်လိုက်ရသည်။

"အရှင်မင်းသား... အမျက်တော်မထွက်ပါနဲ့၊ အားလုံး ကျွန်တော်မျိုးမရဲ့ အပြစ်တွေပါ၊ အရှင်မင်းသား ပြောတာအကုန် မှန်ပါတယ်၊ နောက်နောင် စည်းကမ်းတွေကို သေချာလိုက်နာပြီး အပြောအဆို အနေအထိုင်ဆင်ခြင်ပါ့မယ်၊ လက် အောက်ငယ်သားတွေကိုလည်း သေချာ ကြပ်မတ်ပါ့မယ်"

ယင်ကျန်းသည် သူမ၏ ဟန်ဆောင်ပန်ဆောင် နာခံမှုကို စိတ်အနှောင့်အယှက် ဖြစ်သွားကာ သူမအား ဘေးသို့ ခပ်ကြမ်းကြမ်း တွန်းဖယ်လိုက်ပြီး အဆောင်ထဲမှ ခပ်သုတ်သုတ် ထွက်ခွာသွားလေသည်။

ထိုသို့ ရုတ်တရက် တွန်းဖယ်ခံလိုက်ရမှုကြောင့် အစက တည်းက ခြေမခိုင်ဖြစ်နေသော ကမ်းကော်ကော်မှာ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ ခွေယိုင်ကျသွားပြီး သူမ၏ပခုံးမှာ ယင်ကျန်း ခြေဖျားနှင့် အရှိန်ပြင်းပြင်း တိုက်မိသွားလေသည်။ ဤမြင်ကွင်းကို အပြင်မှကြည့်လျှင် သူက သူမအား တမင်သက်သက် ကန်ကျောက်လိုက်သကဲ့သို့ပင်။

ယင်ကျန်းသည် ခြေလှမ်းကို စက္ကန့်အနည်းငယ်မျှ ရပ်တန့်လိုက်ပြီးနောက် သူမကို ကွေ့ပတ်ကာ တံခါးပေါက်ဆီသို့ ဆက်လျှောက်သွားသည်။ သို့ရာတွင် တံခါးဝသို့ ရောက်သည်နှင့် မြေပြင်ပေါ်တွင် လဲကျနေသော အမျိုးသမီးထံမှ ကျိန်ဆဲနေသံများကို သူ ရှင်းလင်းစွာ ကြားလိုက်ရလေသည်။

[အား... နာလိုက်တာ သေပါပြီ၊ သူ ခွေးရူးများ ပြန်နေတာလား၊ မဟုတ်ဘူး... တမင်သက်သက် လုပ်တာပဲဖြစ်ရမယ်၊ ဒီသောက်ကောင် စိတ်ကျန်းမာရေးဆေးရုံကနေ အခုလေးတင် ထွက်ပြေးလာတာနေမှာ]

ဤအမျိုးသမီးသည် အမှန်ပင် ရိုင်းစိုင်းလှပေသည်။

သို့သော် ယင်ကျန်းတွင် ဤကိစ္စကို ဆွေးနွေးယူရန် အချိန်မရှိချေ။ သူ ကမ်းကော်ကော်အဆောင်မှ ထွက်လာသည်နှင့် တင်းမာအေးစက်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"ဒီတလော စံအိမ်တော်ထဲမှာ မဖွယ်မရာ ကိစ္စတစ်ခုခုဖြစ်ထားသေးလား"

ဤအမေးစကားက ကျန်းတာ့နျန်၏ စိုးရိမ်ပူပန်မှုများကို ရိုက်ခတ်သွားလေသည်။ သူသည် ဤကိစ္စကို အစောလေး တင်မှ သိထားရခြင်းဖြစ်ပြီး အရှင်မင်းသားကို မည်သို့မည်ပုံ လျှောက်တင်ရမည်ကို စဉ်းစားနေဆဲတွင် အမေးခံလိုက်ရခြင်း ဖြစ်သည်။

ပုံမှန်ဆိုလျှင် ဖူကျင်းကအတွင်းဆောင်များကို ဖြေရှင်းလေ့ရှိသော်လည်း ယခုကိစ္စမှာ သေးမွှားသော ကိစ္စမဟုတ်ပေ။ ထို့ပြင် ယခုအချိန်တွင် ဖူကျင်းသည် အိမ်တော်တွင်ရှိမနေပဲ မိဖုရားသဲ့နှင့် စကားစမြည်ပြောဆိုရန် နန်းတော်သို့သွားချေသည်။

ကျန်းတာ့နျန်သည် ထိုနေရာတွင်ပင် ချက်ချင်း ဒူးထောက်လိုက်ပြီး သူ့အကျှလက်ကြားထဲမှ ပစ္စည်းတစ်ခုကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် ဆက်သရင်း လျှောက်တင်လေသည်။

"အရှင်မင်းသား... လွန်ခဲ့တဲ့ နာရီဝက်လောက်က ကိုယ်လုပ်တော်ဝူရဲ့ အဆောင်က ရှောင်ကျန့်ကျစ်ဆိုတဲ့သူက ကျောက် ဆောင်တု နောက်ကွယ်မှာ ဒါကိုတွေ့ခဲ့တာပါ"

ယင်ကျန်း ကြည့်လိုက်ရာ ထူးဆန်းကျက်သီးထဖွယ် ကိုယ်ဟန်အနေအထားဖြင့် ပွေ့ဖက်နေကြသည့် ရုပ်သေးသေးလေး နှစ်ခုကို မြင်လိုက်ရသဖြင့် သူ့မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်သွားသည်။

"ဒီကိစ္စကို ဘာလို့ စောစောကတည်းက မလျှောက်တင်တာလဲ"

ကျန်းတာ့နျန်၏ နဖူးပေါ်တွင် ချွေးအေးများ စို့တက်လာသည်။

"ကျွန်တော်မျိုး..."

ယင်ကျန်းသည် ထိုပစ္စည်းကို ကျန်းတာ့နျန်ဆီသို့ ပြန်ပစ်ပေါက်လိုက်ပြီး အေးစက်စွာ ပြောလေသည်။

"ကောင်းပြီ၊ သတင်းမပေါက်ကြားအောင် ချက်ချင်းပိတ်ထားလိုက်၊ ဘယ်သူမှ ဒီအကြောင်း မပြောလိုက်ဖို့ သတိပေးထား၊ မင်းကဒီကိစ္စရဲ့ ဇာစ်မြစ်ကို တိတ်တဆိတ် စုံစမ်းချေ"

အမှန်တွင် လူအများအပြားကို စစ်ဆေးမေးမြန်း၍ မရနိုင်သောကြောင့် တိတ်တဆိတ် စုံစမ်းရခြင်းက ပေါ်ပေါ်ထင်ထင် စုံစမ်းရသည်ထက်များစွာ ပိုမိုခက်ခဲလှပေသည်။

ကျန်းတာ့နျန်သည် သူ၏လက်ထဲရှိအရာပား မီးခဲပူပူကြီးအလား ကြည့်ကာ အရိုအသေပေး ဦးညွှတ်ရင်း ပြောလိုက်သည်။

"အမိန့်တော်အတိုင်းပါ အရှင်မင်းသား"

------

ကမ်းကော်‌ကော်သည် အပူပေးကုတင်ပေါ်တွင် လှဲလျောင်းနေကာ ယွမ်ကျွမ်းမှာ သူမလက်ကောက်ဝတ်ကို ဆေးလိမ်းပေးနေသည်။

ဒီလူက ဘယ်လိုလုပ် ဒီလောက်တောင် ကြမ်းတမ်းရတာလဲ၊ သူမရဲ့ လက်ကောက်ဝတ်တောင် ရောင်သွာပြီ...

ယွမ်ကျွမ်းက သူမအား နှစ်သိမ့်ပေးလေသည်။

"စတုတ္ထမင်းသားက တခြားကိစ္စတွေကို တွေးပူနေလို့ သခင် မလေးကို မတော်တဆ တိုက်မိသွားတာ နေမှာပါ၊ ဆေးလူးဖို့ ကော်ရှီလဲ့ကိုတောင် လွှတ်လိုက်သေးတာပဲ၊ ဒါကိုကြည့်ရင် သခင်မလေးကို ဂရုစိုက်သေးတယ်ဆိုတာ သေချာပါတယ်"

ကမ်းကော်ကော်ကတော့ ဒေါသထွက်နေဆဲပင်။

[သူ စိတ်မကြည်တာကို ဘာလို့ ငါ့လာမဲနေရတာလဲ၊ ပါးတစ်ချက်ရိုက်လိုက်၊ မုန့်တစ်ခု ကျွေးလိုက် လုပ်ပြီး သူလုပ်တာများ မှန်တယ် ထင်နေတာလား၊ ငါ့လို နုနုနယ်နယ်လေးကိုတောင် ဒီလိုလုပ်ရက်တယ်]

သို့ရာတွင် ဤခေတ်ဤအခါ၌ သူမကဲ့သို့ အဆင့်အတန်းရှိသူတစ်ယောက်အနေဖြင့် ဒေါသထွက်ခွင့် မရှိကြောင်း သူမ သိထားသဖြင့် အတွေးများကို မြိုသိပ်ကာ နှုတ်ဆိတ်နေလိုက်ရသည်။

ထိုစဉ် ဟွာယုက ရေဇလုံတစ်လုံး သယ်လာပြီး ဝင်ပြောလေသည်။

"သခင်မလေးကို ဟာသတစ်ခု ပြောပြမယ်၊ သခင်မလေး သေချာပေါက် စိတ်ကြည်သွားမှာ"

ကမ်းကော်ကော် စိတ်ဝင်စားသွားသည်။

"ပြောပြလေ"

မည်သို့ပင်ဆိုစေ၊ သူမသည် ရယ်ရသည်ကို သဘောကျသူ ဖြစ်သည်။ ဟွာယု၏ မျက်ဝန်းများ အရောင်လဲ့သွားသည်။

"မနေ့က စံအိမ်တော်ထဲမှာ ချည်ထိုးထားတဲ့ အမွှေးနံ့သာအိတ်တစ်လုံး တွေ့တယ်ဆိုတာလေ၊ ဒီမနက်ဖူကျင်းက အဲဒါ ဘယ်ကလာသလဲဆိုတာ စုံစမ်းလို့ သိသွားပြီ၊ ဘယ်အဆောင်က လာတာလဲဆိုတာ သခင်မလေး ခန့်မှန်းကြည့်ပါလား"

[ဒါက ဘာကိုဟာသလဲ၊ လူတောင် သေစေနိုင်လောက်တဲ့ သရဲပုံပြင်ကြီးဟာကို]

ကမ်းကော်ကော် မျက်မှောင်ကြုတ်သွားပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"ငါတို့အဆောင်က လူမဟုတ်ရင် တော်သေးတာပေါ့"

ဟွာယွီက ပြုံးလျက် ပြောသည်။

"သခင်မလေးကလည်း ဘာတွေပြောနေတာလဲ၊ ကျွန်မတို့အဆောင်က လူသာဆိုရင် ဖူကျင်းက လာဖမ်းသွားတာ ကြာလှပေါ့"

ယွမ်ကျွမ်းက ဝင်ပြောသည်။

"ကိုယ်လုပ်တော်လီရဲ့ အဆောင်က လူများဖြစ်နေမလား"

ယွမ်ကျွမ်း ထိုသို့ ထင်မြင်မိသည်မှာလည်း မဆန်းပေ။ အဘယ့်ကြောင့်ဆို စတုတ္ထမင်းသား၏ စံအိမ်တော်တစ်ခုလုံးတွင် ကိုယ်လုပ်တော်လီ၏ အဆောင်မှလူများက အပြင်သို့ အထွက်ဆုံး ဖြစ်သောကြောင့်တည်း။ ဥပမာအားဖြင့် အစား အသောက်၊ အဝတ်အစားနှင့် အခြားလိုအပ်သည်များကို ဝယ်ယူရန် မိန်းမစိုးများကို စံအိမ်တော်အပြင်ဘက်သို့ မကြာခဏ စေလွှတ်လေ့ရှိသည်။

ဟွာယု ခေါင်းခါလိုက်သည်။

"ထပ်ခန့်မှန်းကြည့်ဦး"

ယွမ်ကျွမ်က "အစ်မဟွာယုရယ်၊ ကျွန်မလည်း မခန့်မှန်းတတ်တော့ပါဘူး၊ မြန်မြန်သာ ပြောပြပါတော့"

ဟွာယုသည် သူမအားဆက်၍ မရှုပ်ထွေးစေတော့ဘဲ ပြောပြလေသည်။

"ကတတ်တဲ့ တစ်ယောက်ဆိုတာလေ"

"သူလား"

ကမ်းကော်ကော် ယခင်က ကျောက်ဆောင်တုနားမှ ဖြတ်သွားစဉ်က ကိုယ်လုပ်တော်ချန်သည် စတုတ္ထမင်းသားကိုမြင်ပြီးနောက် သူမအား တမင်သက်သက် ခြေထိုးခံခဲ့သည်ကို သတိရသွားရာ ထိုအမျိုးသမီးအပေါ် အမြင်မကြည်လင်ခဲ့ပေ။

ယွမ်ကျွမ်းမှာ အနည်းငယ် သံသယဝင်သွားသည်။

"တကယ်ကြီးလား၊ သူက အဖြူစင်ဆုံးနဲ့ အပြစ်ကင်းဆုံး မဟုတ်ဘူးလား"

ဟွာယုက နှာခေါင်းရှုံ့လိုက်သည်။

"သခင့်ရဲ့ စရိုက်က အစေခံရဲ့ စရိုက်နဲ့ ဘာဆိုင်လို့လဲ ပြီးတော့ လူတစ်ယောက်ရဲ့မျက်နှာကို သိနိုင်ပေမယ့် စိတ်ကိုတော့ မသိနိုင်ဘူးလေ၊ သူမရဲ့ အပြုအမူတွေကို ကြည့်ရတာ အမြဲတမ်း ဟန်ဆောင်နေသလိုပဲ ခံစားရတယ်"

ကမ်းကော်ကော် အလျင်အမြန်ပင် ၀င်ဟန့်လိုက်သည်။

"ကဲ တော်တော့၊ ခုလေးတင်မှ စတုတ္ထမင်းသားက ငါတို့အဆောင်မှာ စည်းကမ်းမရှိဘူးဆိုပြီး ဆူသွားတာ၊ နောက် နောင် ငါတို့အဆောင်မှာတောင် တခြားသူတွေအကြောင်း ကွယ်ရာမှာ ပြောချင်ရင် ဆင်ဆင်ခြင်ခြင်ပြောကြ"

ဟွာယု မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။

"သခင်မလေး ပြောတာ မှန်ပါတယ်၊ ကျွန်မက မစဉ်းစားဘဲ လွှတ်ခနဲ ပြောလိုက်မိတာပါ"

ကမ်းကော်ကော်သည် ပုံမှန်အားဖြင့် ဤအစေခံများနှင့် အတော်လေး ပေါ့ပေါ့ပါးပါး နေလေ့ရှိပြီး သူတို့ကို သူမ၏ သူငယ်ချင်းများကဲ့သို့ မသိမသာ ဆက်ဆံတတ်သည်။ ဤသည်မှာ သူမက တစ်စုံတစ်ယောက်အား ပထမဆုံးအကြိမ် ပြင်းပြင်းထန်ထန် ဆူပူလိုက်ခြင်းပင်။

သို့သော် ဟွာယုကို ဆူပူပြီးနောက် သူမ စိတ်မသက်မသာ ဖြစ်သွားရပြန်သည်။ သူမ အတင်းအဖျင်းစကားကို တစ်ဝက်သာ ကြားရသေးသဖြင့် နောက်ဆက်တွဲကို သိချင်စိတ်များ ယားယံလာကာ မေးလိုက်သည်။

"နေပါဦး၊ ဖူကျင်းက သူမအကြောင်း ဘယ်လိုလုပ် သိသွားတာလဲ"

ဟွာယုက မျက်စိတစ်ဖက်မှိတ်ပြကာ အပြင်ဘက်သို့ သတိထား၍ တစ်ချက်ကြည့်လိုက်ပြီး ပြောလေသည်။

"အမှန်တရားဆိုတာ တစ်နေ့ ပေါ်လာတာပါပဲ၊ ဒါပေမဲ့ ထူးဆန်းတာက ဖူကျင်းက ဆဋ္ဌမအာရုံ ရနေသလိုပဲ၊ သူမ လူတွေကို ယွဲ့ယင်းဆိုတဲ့ အစေခံမရဲ့အခန်းထဲ တိုက်ရိုက်ခေါ်သွားပြီး ယောက်ျားလေးသုံး လက်ကိုင်ပဝါ တစ်ထည်ကို ရှာတွေ့သွားတာတဲ့"

ကမ်းကော်ကော် မျက်မှောင်ကြုတ်သွားသည်။

"အဲဒီအစေခံက ဒီလိုပဲ အလွယ်တကူဝန်ခံလိုက်တာလား"

ဟွာယု : "သက်သေက ခိုင်လုံနေပြီလေ၊ သူ ဘာမှ ဆက်မပြောတော့ဘဲ ကိုယ်လုပ်တော်ချန်ကို ကန်တော့တောင်းပန်ပြီး ကိုယ်လုပ်တော်ကိုဆက်ပြီး အလုပ်အကျွေး မပြုနိုင်တော့ပါဘူးလို့ ပြောသွားသတဲ့"

ကမ်းကော်ကော် တစ်ခုခုလွဲမှားနေသည်ဟု ခံစားလိုက်ရသည်။

[တကယ်လို့ အဲဒီအစေခံမလေး ကျပျောက်ခဲ့တာဆိုရင် ဒီကိစ္စက သူမအတွက် ဒုက္ခရောက်စေမယ်ဆိုတာ သိလျက်နဲ့ ဘာဖြစ်လို့ လက်ကိုင်ပဝါကို မြန်မြန် ဖျောက်ဖျက်မပစ်ခဲ့ရတာလဲ]

ကမ်းကော်ကော် : "နောက်ဘာဖြစ်သွားလဲ"

ဟွာယု : "စတုတ္ထမင်းသားက ဒီကိစ္စကို သိသွားပြီဆိုတော့ သူမ သေချာပေါက် နှင်ထုတ်ခံရမှာပေါ့၊ သူမက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အငတ်ဘေးကြုံတုန်းက စံအိမ်တော်ကို အဝယ်ခံခဲ့ရတာ၊ သူမမှာ သန့်ရှင်းရေးလုပ်တဲ့ မောင်လေးတစ်ယောက်ရှိတယ်၊ အခု အိမ်ပြန်ပို့ခံရပြီဆိုတော့ အသက်ရှင်ခွင့်ရဖို့အတွက် ချက်ချင်းအိမ်ထောင်ပြုရဖို့များတယ်”

🌻 Chapter 10

ကမ်းကော်ကော် တွေးမိသည်မှာ သူမသာ ထိုအခြေအနေမျိုးနှင့် ကြုံရပါက ထိုအစေခံကို သူမလည်း ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူမသည် အဆောင်ရှိ အစေခံလေးယောက်နှင့် မိန်းမစိုးနှစ်ယောက်ကို စံအိမ်တော်၏ စည်းကမ်းချက်များကို ဂရုစိုက်ရန် ထပ်မံသတိပေးလိုက်သည်။

သို့သော် နောက်ထပ်ရောက်လာသော သတင်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။ ယွဲ့ယင်း အိမ်ပြန်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ကြိုးဆွဲချ သေဆုံးသွားခဲ့သည်။

ဟွာယုသည် လျှို့ဝှက်ချက်များကို မြိုသိပ်မထားနိုင်သူ ဖြစ်သည်။ သူမ အပင်ပန်းခံ စုဆောင်းထားသော အတင်း အဖျင်းများကို ပြန်ပြောပြခွင့်မရလျှင် သူမအတွက် ထမင်းမစားရသည်ထက်ပင် ဆိုးရွားပေလိမ့်မည်။ သို့သော် သူမသည် လိမ္မာပါးနပ်သူလည်းဖြစ်ရာ အခြားအဆောင်များမှ လူများကို ပြောပြခြင်းက ပြဿနာများကို လွယ်လွယ်ကူကူ ဖိတ်ခေါ်နိုင်ကြောင်း သိထားသဖြင့် ကိုယ့်အဆောင်ရောက်မှသာ ပြောပြလေ့ရှိသည်။

ဟွာယုသည် အတင်းမည်သို့ပြောရမှန်း‌ ကောင်းစွာသိသဖြင့် သူမလည်ပင်းကို လက်ဖြင့် လှီးဖြတ်ဟန်ပြုလုပ်ပြကာ နီရဲသော လျှာကို ထုတ်ပြလိုက်ပြီး "ဘာဖြစ်သွားလဲ သိလား? ယွဲ့ယင်းက မနေ့က အိမ်မှာ ကြိုးဆွဲချသေသွားပြီ"

ယွမ်ကျွမ်းမှာ လန့်သွားပြီး နောက်သို့ ဆုတ်သွားကာ သူမထုံးနေသော ကြိုးထုံးလေးပင် လက်မှ လွတ်ကျလုနီးပါး ဖြစ်သွားသည်။

"နင်... နင် ဘာပြောလိုက်တယ်"

အတင်းအဖျင်းပြောခြင်းသည် လူအချင်းချင်းကြား ကွာဟမှုကို ပေါင်းကူးပေးရန် အလွယ်ကူဆုံးနည်းလမ်း ဖြစ်သော် လည်း ဤအကြောင်းအရာကမူ သိသာစွာပင် အလွန်တုန် လှုပ်ဖွယ် ကောင်းနေသည်။

ယွမ်ကျွမ်းမှာ အသက်၁၄နှစ်သာ ရှိသေးပြီး ပြင်ပလူများနှင့် သိပ်ပြီး အဆက်အဆံမရှိလှသဖြင့် သူမ အလွန်အံ့အားသင့်သွားသည်။ ယွမ်ကျွမ်းထံမှ ကြိုးထုံးလုပ်နည်းကို အစောလေးတင်မှ သင်ယူနေသော ကမ်းကော်ကော်မှာလည်း ရင်ဘတ်ထဲတွင် လေးလံသွားသလို ခံစားလိုက်ရသည်။

ဟွာယု : "အဲ့ဒီလက်ကိုင်ပဝါက ပိုင်ရှင်ရှိတယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ အဲ့ဒီယောက်ျားက စတုတ္ထမင်းသား စံအိမ်တော်က အချစ်တော် ကိုယ်လုပ်တော်တစ်ယောက်ရဲ့ အစေခံဆိုတဲ့ ယွဲ့ယင်းရဲ့ ဂုဏ်ပုဒ်ကို မက်မောပြီး အဆက်အသွယ်ရှာဖို့လာပြီး စံအိမ်တော်မှာ ဘဏ္ဍာစိုးဖြစ်လာဖို့ ရည်ရွယ်ခဲ့တာတဲ့၊ ဒါပေမယ့် အဲ့ဒါက အလုပ်မဖြစ်တဲ့အပြင် ယွဲ့ယင်းပါ နှင်ထုတ်ခံလိုက်ရတော့ သူမကို သူက မလိုချင်တော့ဘူးလေ၊ ဒါပေမဲ့ ယွဲ့ယင်းက ဒီကိစ္စကို လက်မခံနိုင်ဘဲ အခုလို..."

ယွမ်ကျွမ် မျက်မှောင်ကြုတ်ကာ ရှုံ့ချလိုက်သည်။

"အဲဒီယောက်ျား တကယ့်ကိုလူမဆန်တာပဲ၊ ယွဲ့ယင်းလေး သနားစရာကောင်းလိုက်တာ"

သူမ၏ ပုံမှန် နူးညံ့သိမ်မွေ့သော အမူအရာမှ ထိုသို့ရုတ်တ ရက် ပြောင်းလဲသွားမှုကြောင့် ဟွာယုရယ်လိုက်မိသည်။

"ငါ့အထင်ပြောရရင် ယွဲ့ယင်း လုပ်ပုံကလည်း မကောင်းပါဘူး"

ယွမ်ကျွမ်း : "သူမ လုပ်တာ ဘာမကောင်းလို့လဲ၊ ယောက်ျားတစ်ယောက်ရဲ့ လှည့်စားတာ ခံလိုက်ရတာ သူမအပြစ် ဖြစ်သွားလို့လား"

ဟွာယု ခေါင်းကို နောက်သို့မော့လိုက်ရာ သူမ၏ ရွှေနားကပ်များမှာ ဟိုဒီယိမ်းခါသွားပြီး သူမမျက်ဝန်းထဲတွင် ရွံရှာဖွယ် လှောင်ပြောင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"သခင်တွေရဲ့ အိမ်တော်ကနေ စည်းကမ်းဖောက်ပြီး အဲ့ဒီလိုပစ္စည်းမျိုး သယ်လာတာက သခင်တွေရဲ့ ဂုဏ်သိက္ခာကို ညစ်နွမ်းစေတာပဲ၊ ဒါ သစ္စာမရှိတာ‌ အသိသာကြီးလေ၊ ကြိုးဆွဲချသေတဲ့ ကိစ္စနဲ့ပတ်သက်လို့ကျတော့လည်း အဲ့ယောက်ျားက သူမကို လှည့်စားသွားတာပဲ၊ ကလဲ့စားချေဖို့ မစဉ်းစားဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ရွေးချယ်လိုက်တာက သူမဘာသာ အညံ့ခံလိုက်တာပဲ၊ ငါသာ သူမနေရာမှာဆိုရင် ငါ မသေခင် အဲ့ဒီယောက်ျားကိုပါ အတူတူခေါ်သွားမှာ၊ ငါ ဘယ်လောက်စွမ်းလဲဆိုတာ သူ့ကို ပြလိုက်မှ ကျေနပ်မှာ"

ကမ်းကော်ကော် သူမကို မဆုံးမဘဲ မနေနိုင်တော့ချေ။

"လူတိုင်းမှာ ကိုယ်ပိုင် စရိုက်သဘာဝတွေ ရှိကြတာပဲ၊ သူမမှာ ငါတို့ တွေးမကြည့်နိုင်တဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ရှိခဲ့တာလည်း ဖြစ်နိုင်တာပဲလေ၊ သူမက ဘာအယုတ်တမာအလုပ်မှ လုပ်ခဲ့တာ မဟုတ်ဘူး၊ ဒါကြောင့် သူများကို အဲဒီလို ဝေဖန်ဖို့မလိုဘူး၊ ဟွာယု... နင့်အမြင်တွေက အရမ်း အစွန်းရောက်လွန်းနေပြီ"

ဟွာယုသည် အင်အားကြီးသော မိန်းမတစ်ဦး၏အရှိန်အဝါမျိုးရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသူဖြစ်သည်။ ၎င်းသည် အမြဲတမ်း အပြစ်ဆိုစရာမရှိအောင် ဝတ်စားဆင်ယင်လေ့ရှိပြီး လှပသေသပ်သော လက်ဝတ်ရတနာများကို မက်မောကာ အကောင်းဆုံးပစ္စည်းများဝယ်ယူရန် ငွေစုလေ့ရှိသည်။ သူမ ယခု၀တ်ထားသော ရွှေနားကပ်များမှာလည်း အစောကတင် ဝယ်ထားခြင်းဖြစ်သည်။ ၎င်းမှာ အထက်တန်းကျသော ခံစားမှုမျိုးကိုပေးသဖြင့် သူမ နှစ်သက်သည်။

ကံမကောင်းစွာဖြင့် သူမသည် ခေတ်မှားကာ မွေးဖွားလာခဲ့ရသည်။ သူမ၏ အမြင်များမှာ ကန့်သတ်ခံထားရပြီး သူတို့ကို ဖိနှိပ်ထားသော သခင်များအပေါ် သစ္စာရှိရန်ကိုသာ စဉ်းစားနိုင်ကာ အောက်ခြေလူတန်းစားမှာ သူမကဲ့သို့အတွေးမျိုးရှိရန်မှာ ခဲယဉ်းလှသည်။

"ဟုတ်ကဲ့၊ သခင်မလေး ပြောတာမှန်ပါတယ်"

ဟွာယု ခေါင်းညိတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလေသည်။

"ဒါပေမဲ့ ထူးဆန်းတာက အဲဒီယောက်ျားကလည်း အချစ်အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်တဲ့"

ယွမ်ကျွမ်း "သူ အပြစ်မကင်းသလို ခံစားရလို့နေမှာပေါ့၊ တကယ်တော့ သူက အချစ်ကြီးတဲ့သူဖြစ်နေပြီး သူတို့နှစ်ယောက်ကြားမှာ နားလည်မှုလွဲတာတွေရှိခဲ့လို့ ယွဲ့ယင်းက ကြိုးဆွဲချသွားတာများလား"

ဟွာယုက လှောင်ပြောင်လိုက်သည်။

"သူသာ တကယ်အပြစ်မကင်းဘူး ခံစားရရင် ဘာလို့ စောစောကတည်းက မလုပ်ခဲ့တာလဲ၊ လူသေသွားမှ နောင်တရနေတာ၊ ဘယ်လိုလူစားမျိုးလဲ"

ကမ်းကော်ကော်က ခပ်တည်တည် မျက်နှာထားဖြင့် အဆုံး သတ်လိုက်သည်။

"ကဲ တော်ပြီ၊ ကိုယ်လုပ်စရာရှိတာ သွားလုပ်ကြတော့"

နှစ်သစ်ကူးနေ့ နီးကပ်လာသည်နှင့်အမျှ စတုတ္ထမင်းသားနှင့် ဖူကျင်းတို့ နှစ်ဦးစလုံး အလုပ်များနေကြသည်။ ယင်ကျန်းသည် တစ်လအတွင်း အတွင်းဆောင်သို့ သုံးကြိမ်သာ လာနိုင်ခဲ့သည်။ တစ်ကြိမ်မှာ ဖူကျင်း၏အဆောင်သို့ သွားသော် လည်း ညမအိပ်ဘဲ ကိုယ်လုပ်တော်စုန့်အဆောင်သို့ ပြောင်းသွားခဲ့သည်။ အခြားနှစ်ကြိမ်မှာမူ ကိုယ်လုပ်တော်ငယ်များ၏ အဆောင်သို့ သွားခဲ့သည်။

သူသည် ကိုယ်လုပ်တော်ချန် ကပြသည်ကို သွားကြည့်သင့်သော်လည်း ကိုယ်လုပ်တော်ချန်၏အစေခံမှာ အရှက်ရဖွယ်ကိစ္စတစ်ခုကို လုပ်ဆောင်ခဲ့သဖြင့် ကိုယ်လုပ်တော်ချန်အား လစာ ခြောက်လစာ ဖြတ်တောက်၍ အပြစ်ပေးခဲ့ပြီး သူမအား လျစ်လျူရှုထားခဲ့သည်။

ကမ်းကော်ကော်သည် အစောလေးတင်မှ ထုတ်ပေးလိုက်သော ငွေနှစ်တုံးကို ကြည့်ကာ မပူပန်ဘဲ မနေနိုင်တော့ချေ။ အကယ်၍ သူမနှင့် သူမလက်အောက်ငယ်သားများသာ အမှားတစ်ခုခု လုပ်မိပါက သူမလည်း လစာမရှိဘဲ လပေါင်းများစွာ ငတ်ပြတ်နေရပေလိမ့်မည်။

ဇာတ်လမ်းတွေထဲကလို ခေတ်ကူးပြောင်းလာတဲ့ တခြားအမျိုးသမီးတွေကျတော့ ပိုက်ဆံရှာဖို့ နည်းလမ်းတွေ အမျိုးမျိုး ရှာတွေ့နိုင်ကြပေမယ့် သူမကရော ဘာလုပ်နိုင်မှာလဲ?

ဪ ဟုတ်သား... သူမ လုပ်နိုင်တာဆိုလို့ ပန်ဒါတွေကို ပြုစုပျိုးဖို့ပဲရှိတာ၊ ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်ကတောင် ပန်းထိုးပြီး ပိုက်ဆံနည်းနည်းပါးပါး ရှာနိုင်သေးတယ်၊ သူမက အဲဒီလောက်တောင် မစွမ်းဘူး...

ကိုယ်လုပ်တော်လီက မကြာသေးမီက ကြီးမားသော ကြောင်ဖြူကြီးတစ်ကောင် ရထားသည်ဟု ဟွာယုပြောသည်။ စတုတ္ထမင်းသားက သူမအတွက် အပြင်မှ အထူးတလည် ယူလာပေးကာ ရှားပါးအမျိုးအစား ဖြစ်သည်။

ထိုကြောင်မှာ အလွန်လှပသည်ဟု ပြောကြသည်။ နှင်းကဲ့သို့ ဖြူဖွေးကာ မျက်လုံးတစ်ဖက်က အပြာရောင်နှင့် တစ်ဖက်က ရွှေရောင်ဖြစ်ပြီး မြေပြင်ပေါ်အထိ ရှည်လျားသော အမြီးတစ်ချောင်းရှိသည်။

ကိုယ်လုပ်တော်လီက တစ်နေ့လုံး ထိုကြောင်ကို ပွေ့ချီထားပြီး နှင်းလုံးလေး ဟုခေါ်တက်ကာ အချစ်ပိုနေတတ်သည်။

ကမ်းကော်ကော် နှုတ်ခမ်းများ တွန့်ချိုးသွားကာ မနာလိုအားကျမှုကြောင့် မျက်ရည်ပင် လည်ချင်သွားသည်။ သူမလည်း ကြောင်တစ်ကောင် မွေးချင်လှသော်လည်း သူမကိုသူမတောင် သေချာစောင့်ရှောက်နိုင်ပါ့မလား မသေချာသည့် အခြေအနေသို့ရောက်နေသဖြင့် မဖြစ်နိုင်ချေ။

All Chapters